Monday, September 03, 2012

ပြန်လာတဲ့ မြန်မာနိုင်ငံရေး အင်အားစု ခေါင်းဆောင်တွေနဲ့ သမ္မတရုံး ဝန်ကြီးများ တွေ့ဆုံ

Posted by drmyochit Monday, September 03, 2012, under | No comments


From:HlaMaungShwe

သမ္မတရုံးဝန်ကြီးတွေ ဖြစ်ကြတဲ့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်း၊ ဦးအောင်မင်းနဲ့ ဒုတိယဝန်ကြီး ဦးအောင်သိမ်း တို့ဟာ ပြည်ပက ပြန်လာတဲ့ မြန်မာနိုင်ငံရေး အင်အားစုခေါင်းဆောင်တွေနဲ့ ရန်ကုန်မြို့ ရွှေလီလမ်း၊ ဗဟန်း မြို့နယ်မှာရှိတဲ့ Myanmar Peace Centre မှာ ဒီကနေ့တွေ့ဆုံ ခဲ့တယ်လို့ သိရပါတယ်။ဒီကနေ့ တွေ့ဆုံပွဲမှာ စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ နိုင်ငံတည်ဆောက်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စတဲ့ အကြောင်းအရာတွေကို အဓိကဆွေးနွေးဖြစ်ခဲ့ကြတယ်လို့ ဆွေးနွေးပွဲ တက်ရောက် ခဲ့တဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေ က RFA ကို ပြောပါတယ်။"အဓိက ဆွေးနွေးတဲ့ အကြောင်းရင်းတွေကတော့ နိုင်ငံမှာ ဒီ peace process, ကျန်းမာရေးတို့ ပညာရေးတို့၊ လူသား အရင်းအမြစ် ဖွံ့ဖြိုးရေးတို့၊ ပူးပေါင်းဆောင်ရွက်နိုင်မှုတို့ အဲဒါတွေ အဓိက ဆွေးနွေးဖြစ်တယ်။
တော်တော်လေး နွေးနွေးထွေးထွေးနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖြစ်တယ်။ ယုံကြည်မှု ပိုရလာတယ်။ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေလည်း ပိုရလာတယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်တယ်။ သူတို့အနေနဲ့လည်း နယ်စပ်မှာ အကြာကြီးနေခဲ့တော့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ထိုက်သင့်သလောက် ယုံကြည်မှုတွေ ရှိမှာပါ။ ဒါကြောင့် ဒီ peace process မှာတော့ သူတို့လည်း တတပ်တအားအနေနဲ့ ပါဝင်ပေးကြပါတယ်။"

နှစ်နာရီနီးပါး ကြာမြင့်တဲ့ အဲဒီတွေ့ဆုံပွဲကို FDB ခေါ် မြန်မာနိုင်ငံ ဒီမိုကရေစီ အင်အားစုအဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါက်တာနိုင်အောင်၊ NCGUB ပြည်ထောင်စု မြန်မာနိုင်ငံ အဝေးရောက် အမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့ ကုလသမဂ္ဂဆိုင်ရာ တာဝန်ခံဟောင်း ဒေါက်တာသောင်းထွန်း၊ NLD(LA) ရဲ့ပြန်ကြားရေး တာဝန်ခံဟောင်း ဦးညိုအုန်းမြင့်၊ ABSDFကျောင်းသားတပ်မတော် ဥက္ကဋ္ဌဟောင်းတွေ ဖြစ်တဲ့ ဦးမိုးသီးဇွန်၊ ဦးထွန်းအောင်ကျော်တို့ အပါအဝင် ကျောင်းသားတပ်မတော်ခေါင်းဆောင်ဟောင်း တစ်ချို့လည်း တက်ရောက်ခဲ့ကြပါတယ်။

 

၂၀၁၅ တွင် ASEAN+6 နိုင်ငံများ အတွင်း လွတ်လပ်စွာ ကုန်သွယ်နိုင်ရန် လုပ်ဆောင်မည်

Posted by drmyochit Monday, September 03, 2012, under | No comments


From : mrtv4
အာရှနှင့်ပစိဖိတ် ဒေသမှ စီးပွားရေး ဝန်ကြီးများမှာ လာမည့် ၂၀၁၅ ခုနှစ်တွင် လွတ်လပ်စွာ ကုန်သွယ်မှု ပြုနိုင်ရေး အတွက် သဘောတူညီချက်များကို အပြီးသတ်နိုင်ရန် ကြိုးစားမှုများ ပြုလုပ်လိုက်ပြီ ဖြစ်သည်။
အာဆီယံ အဖွဲ့ဝင် နိုင်ငံ ဆယ်ခုနှင့် အခြားသော နိုင်ငံခြောက်ခု ဖြစ်သော ဂျပန် ၊ တောင်ကိုရီးယား ၊ အိန္ဒိယ ၊ သြစတြေးလျနှင့်နယူးဇီလန် တို့မှာ ကြာသပတေးနေ့က ကမ္ဘောဒီးယား နိုင်ငံ Siem Reap မြို့တွင် ကျင်းပသည့် ပွဲအတွင်းတွင် ယခုလို ကြိုးစားမည် ဖြစ်ကြောင်း ကတိပြုခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့ အနေဖြင့် အကောက်ခွန်များ လျော့ချရန်နှင့် ပယ်ဖျက်နိုင်ရန် လုပ်ဆောင်မည် ဖြစ်ကာ စိုက်ပျိုးရေး လုပ်ငန်းများနှင့် အခြားသော ထိရှလွယ်သည့် ထုတ်ကုန်များကိုလည်း အထူး စဉ်းစားပေးသွားမည် ဖြစ်ကြောင်း ပြောခဲ့သည်။ ယခုလို လွတ်လပ်စွာ ကုန်သွယ်မှု ဇုံနှင့် ပတ်သက်ပြီး အပြီးသတ် သဘောတူညီချက်ကို လာမည့် နိုဝင်ဘာတွင် ဖနောင်ပင် မြို့၌ ကျင်းပမည့် ဆွေးနွေးပွဲ အတွင်း ဆုံးဖြတ်ချက် ချမည်ဖြစ်သည်။ အလားတူပင် လွတ်လပ်စွာ ကုန်သွယ်ရေးဇုံကိုလည်း လာမည့်နှစ် အစောပိုင်းတွင် စတင်မည် ဖြစ်သည်။
 

KIA အဖွဲ့ မိုင်းထောင်ရာမှ ကိုယ့်မိုင်းနှင့်ကိုယ် မိုင်းပေါက်ကွဲ၍သေဆုံး

Posted by drmyochit Monday, September 03, 2012, under | No comments

ပြီးခဲ့တဲ့ သြဂုတ်လ(၃၀)ရက်နေ့က KIA တပ်မဟာ(၂)လက်အောက်ခံ တပ်ရင်း(၅)မှ KIA တပ်ဖွဲ့ဝင် များသည် မိုးညှင်းမြို့အရှေ့ဘက် လခြမ်းတောင်ရွာအနီးတွင် မိုင်းထောင်ခြင်းများ ပြုလုပ်ရာမှ အခန့်မသင့်၍ မတော် တဆ မိုင်းပေါက်ကွဲကာ KIA တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။
မြန်မာအစိုးရစစ်တပ်တွေ မိုးညှင်းမြို့ ပတ်ဝန်းကျင်မှာ လှုပ်ရှားသွားလာနေကြောင်းနဲ့ ရွာတွေမှာ KIA အမာခံ အဖွဲ့ဝင်များရှိ/မရှိ ၀င်ရောက်စစ်ဆေးနေမှုအား သတင်းရရှိ၍ လာရောက်မိုင်းထောင်တာဖြစ်တယ် လို့ လခြမ်း တောင်ရွာခံတစ်ဦးထံမှ သိရှိရပါတယ်။
KIA တပ်ဖွဲ့တွေအနေနဲ့ နည်းလမ်းမျိုးစုံအသုံးပြုကာ လူသစ်စုဆောင်းလျက်ရှိပြီး စုဆောင်း ရရှိတဲ့ ဒေသ ခံတွေ ကို အခြေခံစစ်သင်တန်းနှင့် မိုင်းသင်တန်းတွေ သင်ကြားပေးတယ်ဆိုပေမဲ့ တကယ့်လက်တွေ့ မှာတော့ သေနတ်ပစ်တတ်ရုံနဲ့ မိုင်းတွေ့ဘူးရုံလောက်သာ သင်ကြားပေးခဲ့တာကြောင့် ယခုလို ဖြစ်စဉ် များနှင့် ကြုံတွေ့ နေရတာဘဲ ဖြစ်ပါတယ်။
  
အလားတူ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ(၁၈)ရက်နေ့တွင် မိုးကောင်းမြို့နယ် ထိုးပူနှင့် ဆားမှော်အကြား မိုင်တိုင်အမှတ် ၆၇၈/၁၁ နှင့် ၁၂ အကြားရှိ ရထားလမ်းအား မိုင်းထောင်ဖောက်ခွဲစဉ် KIA တပ်ဖွဲ့ဝင်နှစ်ဦး မိုင်းပေါက်ကွဲကာ သေဆုံးခဲ့ရပါတယ်။ KIA အဖွဲ့မှ မြန်မာအစိုးရ စစ်တပ် ဘက်မှ ဖောက်ခွဲ ဖျက်ဆီးခြင်းဖြစ်သည်ဟု သတင်းအမှား များထုတ်လွှင့်ကာ ပြောဆိုခဲ့သော်လည်း ရထားလမ်းဘေး တွင် သေဆုံးနေသော KIA ယူနီဖောင်းဝတ် စစ်သား နှစ်ဦးမှာ KIA အဖွဲ့၏ လုပ်ရပ် များဖြစ်ကြောင်း ဒေသခံကချင်လူမျိုးများ မြင်တွေ့နိုင်စေရန် ထာဝရဘုရား သခင်မှ ဒဏ်ခတ် ခဲ့ခြင်းဖြစ်ပါသည်။
From: KDN
  

နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ လှုပ်ရှားမှုများ

Posted by drmyochit Monday, September 03, 2012, under | No comments


●NEDအတွက်ဦးကျော်သူ၏ပြည်ပခရီး
National Endowment for Democracy (NED) ဖောင်ဒေးရှင်းသည် ၁၉၈၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ ဒီမိုကရေ စီအရေးနှင့် လူမှုအဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လှုပ်ရှားဆောင်ရွက်နေသည့် အမေရိကန်ပြည်ထောင်စု အခြေစိုက်အဖွဲ့အစည်း တစ်ခုဖြစ်သည်။

National Endowment for Democracy (NED) ဖောင်ဒေးရှင်းမှ ၂ဝ၁၂ ခုနှစ်အတွက် မြန်မာနိုင်ငံတွင် ဒီမိုက ရေစီအရေးနှင့် လူမှုအဖွဲ့ အစည်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လှုပ်ရှားဆောင်ရွက်နေသူ (၅) ဦးအား ရွေးချယ်ခဲ့ရာတွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ ပါဝင်ခဲ့သည်။ ထို့ကြောင့် ၂၉.၈.၂ဝ၁၂ ရက်နေ့ ည (၇း၄၅) နာရီ လေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွာခဲ့ သည်။ အမေရိကန်နိုင်ငံရှိ သုဿန်များ အားလေ့လာ ရန်အတွက် ကြိုတင်သွားရောက်ခဲ့ခြင်းဖြစ်ပြီး ၂ဝ.၉.၂ဝ၁၂ (ကြာသပတေး) နေ့တွင် အမေရိကန်နိုင်ငံ၌ ကျင်းပပြုလုပ်မည့် NED အခမ်းအနား သို့ တက်ရောက်မည်ဖြစ်သည်။

●လူမှုရေးနှင့်မီဒီယာ
သတင်းအချက်အလက်များကို တစ်နေရာမှာတစ်နေရာ၊ လူတစ်ဦးမှ အခြားလူတစ်ဦးထံသို့ရောက်ရှိအောင် ဆောင်ရွက်ပေးသည့် ဆက် သွယ်ရေးနည်းလမ်းများကို မီဒီယာဟူ၍ ခေါ်ဝေါ်ကြသည်။ သတင်းအချက်အလက် နည်းပညာထွန်းကားလာသည့် ယနေ့ခေတ်တွင် မီဒီယာ သည် လူထုဆက်သွယ်ရေး အဓိပ္ပါယ်ဆောင်လာတော့သည်။ ထိုကြောင့် နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် မိမိတို့၏ လုပ်ဆောင်မှု များ၊ ပေးဆပ်မှုများ၊ ကူညီဖေးမှုများသည် အများပြည်သူတို့အား အချိန်နှင့်တပြေးညီ ဖော်ပြနိုင်ရန်ရည်ရွယ်၍ လူမှုရေးရုပ်/သံကျွမ်းကျင် မှုဆိုင်ရာ ရိုက်ကူးခြင်းသင်တန်း (၁/၁၂) ဖွင့်လှစ်ပို့ချရန် တက်ရောက်ကြမည့် နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသား/သူများ၊ ဝန် ထမ်းများတို့အား ၂၇.၈. ၂ဝ၁၂ ရက်နေ့ နံနက် (၉းဝဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ ဦးသက်မွန် (TVသက်မွန်)၊ ကိုမျိုး (မြန်မာစာ)၊ ဦးမြတ်ဆွေ (ဒါရိုက်တာ-မိုးခြိမ်းညံ)၊ ဦးလုံး (Cameraman) တို့မှ လူတွေ့စစ်ဆေး အင်တာဗျူးပြုလုပ်ခဲ့ ပြီး၂၈.၈.၂ဝ၁၂ ရက်နေ့ နံနက် (၁ဝးဝဝ) နာရီမှ ညနေ (၄းဝဝ) နာရီအထိ အပါတ်စဉ် (အင်္ဂါနေ့၊ ကြာသပတေးနေ့) အဖြစ် သင်တန်းကာလ (၁၅) ရက်ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်သည်။
  
 
 

 လူမှုရေးရုပ်/သံ ကျွမ်းကျင်မှုဆိုင်ရာ ရိုက်ကူးခြင်းသင်တန်း (၁/၁၂) ၌ နာရေးကူညီမှုအသင်း (ရန်ကုန်) ဒုဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊ ဦး သက်မွန် (TVသက်မွန်)၊ ဦးမြတ်ဆွေ (ဇာတ်ညွှန်း/ဒါရိုက်တာ)၊ ကိုမျိုး – မြန်မာစာ (ပေါ်ပြူလာအယ်ဒီတာချုပ်)၊ ဦးလုံး (Cameraman)၊ အ ကြည်တော် (စာရေးဆရာ)၊ ကိုဝင်းမော် (ရွှေသံစဉ်) အစရှိသည့် ပညာရှင်များတို့မှ စာတွေ့/လက်တွေ့အား စနစ်တကျသင်ကြားပို့ချ မည် ဖြစ်သည်။ 

သင်တန်းဖွင့်ပွဲ၌ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ သင်တန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီး ဥက္ကဋ္ဌ ဦးကျော်သူ The Art of Freedom Film Festiveal အတွက် ဖန်တီးရိုက်ကူးခဲ့သည့် “FREEDOM” အမည် Shot Story မှတ်တမ်းအား သင်တန်းသား/ သူများအား ပြသခဲ့သည်။ ယင်းနောက် လူမှုရေးရုပ်/သံကျွမ်းကျင်မှုဆိုင်ရာ ရိုက်ကူးခြင်းသင်တန်း ပို့ချမည့် ဆရာများတို့မှ ဘာသာရပ်နှင့် အကြောင်း အရာအ ကျဉ်းအား မိတ်ဆက်ပြောကြားခဲ့ရာ -
●စာရေးဆရာ(အကြည်တော်)
“သတင်းသမားသည် စာရေးနည်းကိုသိရမည်ဖြစ်ပြီး သတင်းသည် လူထုကိုကိုယ်စားပြုရမည်ဖြစ်ပြီး ခေတ်စနစ်အား ထင်ဟပ်ရမည်ဖြစ် ကြောင်း” သင်တန်းသား/သူများအား မိတ်ဆက်သွားခဲ့သည်။
●ကိုမျိုး(မြန်မာစာ)
သတင်းသည် မီဒီယာထဲမှတစ်ခုဖြစ်ပြီး သင်တန်းသား/သူများသည် နာရေးကူညီမှုအသင်း (ရန်ကုန်)အတွက် သတင်းမှတ်တမ်းတင်ရမည်ဖြစ်သောကြောင့် ဈာပန (နာရေး) လမ်းကြောင်း တစ်ခု လိုက်ပါ၍ သတင်းယူလျှင် မည်သို့သေခဲ့ရခြင်း အစရှိသည်အား လိုတိုရှင်းမေးမြန်း သိရှိနိုင်ရန် အခြေ အနေပေါ် မူတည်၍ ချဉ်းကပ်မေးမြန်းပုံ မေးမြန်းနည်းအား အကျဉ်းပြောကြားသွားခဲ့သည်။
●နာရေးကူညီမှုအသင်း(ရန်ကုန်)ဒုဥက္ကဌဒေါ်သန်းမြင့်အောင်
သတင်းရေးသားရာတွင် လိုတိုရှင်းနှင့် စာဖတ်ပရိတ်သတ် နားလည်လွယ်ကူအောင်ရေးရမည်ဖြစ်ပြီး ဓါတ်ပုံရိုက် ရာတွင် လည်း တိကျပြတ် သားပြီး စာလုံးတစ်သောင်း ပုံကောင်းတစ်ခုရစေရန် ရိုက်ကူးမှတ်တမ်းတင်ရမည်ကို အကျဉ်းပြော ကြားသွားခဲ့သည်။
●ဦးဝင်းမော်(ရွှေသံစဉ်)
သတင်းအမှန်များကိုသာ ပြည်သူလူထုဆီ အချိန်နဲ့တပြေးညီရေးသားတင်ပြပေးနိုင်ရန် စသဖြင့် မိတ်ဆက် ပြောကြားသွားခဲ့သည်။
●ဦးမြတ်ဆွေ(ဒါရိုက်တာမိုးခြိမ်းညံ)
မိမိတို့သည် နာရေးကူညီမှုလမ်းကြောင်း (သို့) အရေးပေါ်ကယ်ဆယ်ရေး (သို့) လူနာတင်ယာဉ် အစရှိ သည့်ကိစ္စရပ်များအား လိုက်ပါကူညီ သည့်အခါတွင် မိမိတို့လိုက်ပါကူညီခဲ့သည့် မြင်ကွင်းအပေါ်အား မိမိကိုယ်တိုင် သတင်းရေးသား၍ အသင်းသို့တင်ပြနိုင်ခြင်းနှင့် မှတ်စု၊ အသံများအားရယူ၍ အများပြည်သူ စိတ်ဝင်စား မည့်ဇာတ် လမ်းများအား ရေးသားတင်ပြနိုင်ကြောင်း ပြောကြားသွားခဲ့သည်။
●ဦးလုံး(Cameraman)
ဗီဒီယိုကင်မရာ၏ ရှုဒေါင့်နှင့် ရိုက်ကွင်းရိုက်ကွက်များ၊ လျှပ်တပြတ်ရိုက်ကွက်များအား မည်သို့လျင်မြန်စွာ ရိုက်ကူးရခြင်းနှင့်ပတ်သက်၍ ရိုက် ကူးခဲ့သည့် မှတ်တမ်းများအား အချိန်ရပါက ပြသပေးမည်ဖြစ်ကြောင်း ပြောကြား သွားခဲ့သည်။
●ဦးသက်မွန်(TVသက်မွန်)
နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ နာရေးကူညီမှုလမ်းကြောင်း လုပ်ဆောင်ချက်များနှင့် သုခဆေးခန်းသို့ လာရောက် ဆေးကုသသည့် လူနာများ၏ လိုအပ်ချက်များကို Interview မေးမြန်းအဖြစ်စေရန် သင်ကြားပေးမည်ဖြစ်ကြောင်းနှင့် ဗွီဒီယိုကင်မရာအား စည်းစနစ်ကျနစွာ ရိုက်ကူးတတ်စေရန် သင်ကြား ပေးမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။
လူမှုအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်နေသည့် နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် အမှန်တကယ် လိုအပ်သည့်အတွက် မီဒီယာ လောက မီဒီယာအကျိုးနှင့်အတူ လူမှုရေးအဖွဲ့အစည်းများ ဒွန်တွဲလျှက်ရှိပြီး လူမှု အဖွဲ့အစည်းနှင့် မီဒီယာသည် မဖြစ်မနေယှဉ်တွဲပြီး လိုအပ် လာသည့်အတွက်ကြောင့် နာရေးကူညီမှုအသင်း (ရန်ကုန်) ၌ လူမှုရေးရုပ်/သံ ကျွမ်းကျင်မှုသင်တန်း (၁/၁၂) အဖြစ် သြဂုတ်လ (၂၈) ရက် နေ့မှ အောက်တိုဘာလ (၁၆) ရက်နေ့အထိ သင်တန်းကာလ (၁၅) ရက်ကြာ ဖွင့်လှစ်၍ သင်ကြားပို့ချခြင်းဖြစ်ပေသည်။ 

ဒေါ်စုကြည်ရဲ့ သားသမီးတွေ မီဒီယာအားကိုး နဲ့ ပြည်သူ့ ၀န်ထမ်းတွေအား မိုက်ရိုင်း စော်ကားမှုဖြစ်ပွား

Posted by drmyochit Monday, September 03, 2012, under | No comments


From : http://viewsofmyanmar.blogspot.com/2012/08/blog-post_30.html
ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ ဒေါ်စုကြည် အားကိုးနဲ့ အမေ့ ဘေးနားမှာ နေတဲ့ ကောင် ငါ့ကို ဘာမှတ်လဲ မင်းတို့ကို အလုပ်ဖြုတ်ပစ်လို့ ရတယ် ဟုဆိုတာ တာဝန်ကျ ၀န်ထမ်းများကို ချိန်းခြောက်မှု ဖြစ်ပွားခဲ့တယ် လို့ သိရှိရပါတယ်... အဲဒီလို ခြိမ်းခြောက်မှုတွေ ကြောင့် တာဝန်ကျ ဆေးရုံအုပ်ကြီးနှင့် တကွ သက်ဆိုင်ရာ ဌာနမှ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒီမိုကရေစီအဖွဲ့ ချုပ်ထံ သို့ စာရေးပြီး တိုင်တန်းထားသော်လည်း အရေးယူဆောင်ရွက်မှု တစ်စုံတစ်ရာ မရှိသေး ( အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်၍ အရေးယူဆောင်ရွက်ပေးမှု တစ်စုံတစ်ရာ ထုတ်ပြန် ကြေငြာထားခြင်း မရှိသေးကြောင်း သိရှိရပါတယ်...)၄င်းစာကို အောက်တွင် ဖတ်ရူ့ နိုင်ပါသည်...

 

ကာတွန်းများ

Posted by drmyochit Monday, September 03, 2012, under | No comments




ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်အတွက် သရုပ်ဆောင်တစ်ဦး ထပ်မံရွေးချယ်မည်

Posted by drmyochit Monday, September 03, 2012, under | No comments




 

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားအတွက် ဗိုလ်ချုပ်နေရာမှာ သရုပ်ဆောင်ဖို့ သရုပ်ဆောင်တစ်ဦး ထပ်မံရွေးချယ်ရေး ကိစ္စကို ဒီလဆန်းပိုင်းမှာ အပြီးသတ် ဆောင်ရွက်မယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း ဇာတ်ရုပ်အတွက် မူလက ဆန်ခါတင် ရွေးချယ်ခံခဲ့ရသူ နှစ်ဦးထဲက တစ်ဦး နှုတ်ထွက်သွားခဲ့ပါတယ်။
နှုတ်ထွက်သွားသူ မောင်ကျောက်ခဲရဲ့ နေရာအတွက် သရုပ်ဆောင် နောက်တစ်ဦးကို အခုလ (၈) ရက်နေ့မှာ အပြီးသတ် ရွေးချယ်ဖို့ ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်းမှာ မနေ့က ကျင်းပတဲ့ အစည်းအဝေးကနေ အတည်ပြု ဆုံးဖြတ်လိုက်တယ်လို့ အဲဒီအဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံ ဦးဇော်သက်ထွေးက RFA ကို ပြောပါတယ်။
"နှုတ်ထွက်သွားတဲ့ ဗိုလ်ချုပ်အောင်ဆန်း သရုပ်ဆောင်နေရာက မောင်ကျောက်ခဲနေရာမှာ အစားထိုး ရွေးချယ်ဖို့ကိစ္စ ဆွေးနွေးခဲ့တာပါ။ အဲဒီလို ဆွေးနွေးတဲ့ အခါမှာတော့ ပဏာမ ရွေးထားတဲ့ ခုနှစ်ယောက်ထဲက ၅ ဦး ကျန်သေးတယ်။ အဲဒီ ၅ ဦးကို စက်တင်ဘာက ၈ ရက်နေ့ မနက် ၉ နာရီမှာ ဗိုလ်ချုပ် အောင်ဆန်းရုံးခန်းကို ဖိတ်ကြားပြီးတော့မှ သရုပ်ဆောင် ရွေးချယ်ရေး အဖွဲ့ ကနေပြီးတော့ အဲဒီထဲက အကောင်းဆုံး နောက်ထပ် reserve တစ်ယောက်ကိုထပ် ရွေးသွားမှာ ဖြစ်ပါတယ်"
ဗိုလ်ချုပ်အောင်ဆန်း နေရာအတွက် သရုပ်ဆောင် (၂) ဦး၊ ဒေါ်ခင်ကြည် နေရာအတွက် သရုပ်ဆောင် (၂) ဦးတို့ကို အပြီးသတ် ရွေးချယ်ပြီးတဲ့အခါ သူတို့ (၄) ဦးနဲ့ ရုပ်ရှင်ရိုက်ကူးရေး ချုပ်ဆိုမယ့် စာချုပ်ကိုလည်း အစည်းအဝေးကနေ အပြီးသတ် အတည်ပြုခဲ့ပြီး သရုပ်ဆောင် (၄) ဦးလုံးကို ပြင်သစ် ရုပ်ရှင်ပညာရှင်တွေနဲ့ လေ့ကျင့်ပေးသွားရေး ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
မနေ့က အစည်းအဝေးကို ဦးမိုးသူ၊ ဦးဇာဂနာ၊ ဦးမျိုးမင်း၊ ဦးအရိုင်း၊ ဦးလူမင်း၊ ဦးဇော်သက်ထွေး၊ ဦးဝိုင်း၊ ဒေါ်အိအိခိုင်၊ ဒေါ်ထွန်းအိန္ဒြာဗို စတဲ့ ရုပ်ရှင်ဇာတ်ကား ဖြစ်မြောက်ရေး ကော်မတီဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

Sunday, September 02, 2012

ဖြစ်လာမှာတွေကို ကြိုမြင်နေလေတော့ မနေနိုင်လွန်းလို့ ပြောပါရစေတော့

Posted by drmyochit Sunday, September 02, 2012, under | No comments



ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ။

ဘုရားရှိခိုးတွေဘာတွေနဲ့ စရေးတယ်ဆိုတော့ ကျွန်တော်ကိုဉာဏ်တော့ ဘာသာရေးဆောင်းပါး ရေးတော့မလားလို့ မထင်လိုက်ကြပါနဲ့ခင်ဗျား။ ကျွန်တော့်မှာ ဘာသာရေးစာပေတွေကို ရေးနိုင်လောက်တဲ့ ၀မ်းစာ မရှိပါဘူး။ မိရိုးဖလာဗုဒ္ဓဘာသာအဆင့်ကနေ အနည်းငယ်မျှသာ ကျော်လွန်နိုင်သေးတဲ့ ပုထုဇဉ်လူသားတစ်ဦးသာ ဖြစ်ပါသေးတယ်။ အခုလို အစချီလိုက်ရတာက အကြောင်းရှိပါတယ်။ မကြာသေးခင် အချိန်ပိုင်းအတွင်းက ဖတ်ရှုရတဲ့ သတင်းတွေကြောင့် စိတ်တွေညစ်ငြူးရလွန်းလို့ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို တ,လိုက်မိတဲ့ သဘောပါ။
စာဖတ်သူများ သိရှိပြီးဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ သို့သော် သတင်းအကျဉ်းကို ထပ်ပြောပါရစေ။ ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ပတ်သက်ပြီး သမ္မတကြီးကို ထောက်ခံပြီး ကုလသမဂ္ဂကိုယ်စားလှယ် ကွင်တားနားကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်တဲ့ အနေနဲ့ မန္တလေးမြို့ခံတွေနဲ့ သံဃာတော်အများအပြား ပါဝင်တဲ့ ဆန္ဒဖော်ထုတ်ပွဲတစ်ခု ပြုလုပ်ခဲ့တဲ့သတင်း ဖြစ်ပါတယ်။ ပြည်တွင်းက နာမည်ကြီး ဂျာနယ်များရဲ့ အင်တာနက်စာမျက်နှာများမှာ ဓာတ်ပုံတွေနဲ့တကွ သတင်းဖော်ပြပေးထားတာ တွေ့ရပါတယ်။
ဒီနေရာမှာ ကျွန်တော်ကိုဉာဏ် အရေးအကြီးဆုံးတစ်ခုကို သတိပေးပါရစေ။ ယခု မန္တလေးမြို့မှာ ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်တဲ့သတင်းသည် နိုင်ငံရေးသတင်းသာ ဖြစ်ပါတယ်။ ဘာသာရေးသတင်း မဟုတ်ပါ။ နိုင်ငံရေးလှုပ်ရှားမှုကို ဘာသာရေးပုဂ္ဂိုလ်များဖြစ်သည့် သံဃာတော်များ ပါဝင်ဆောင်ရွက်ခြင်း ဖြစ်သည်ကို မမေ့ကြစေလိုပါ။ ထိုသို့ နားမလည်နိုင်ပါလျှင်၊ ထိုသို့ မခံယူနိုင်ပါလျှင် ကျွန်တော်ရေးမည့် စာများကို ဆက်လက်ဖတ်ရှုရန် မသင့်ကြောင်း ကြိုတင်မေတ္တာရပ်ခံလိုပါသည်။
မိဘဟူသည် အနန္တောအနန္တဂိုဏ်းဝင် ကျေးဇူးရှင်များ ဖြစ်ကြသည်ကို အားလုံးသိကြပြီး ဖြစ်ပါသည်။ ထိုသို့ဆိုလျှင် အရက်သောက်သော ဖခင်တစ်ဦး၏ သားဖြစ်သူသည် သူ့အဖေ အရက်သောက်သည်ကို တားမြစ်ခြင်း ပြုနိုင်ပါသလား။ လောင်းကစားဝါသနာပါသော မိခင်ဖြစ်သူကိုရော တားမြစ်ခြင်း ပြုနိုင်ပါသလား။ အကယ်၍များ သားဖြစ်သူက ဥပဒေဘက်တော်သားတစ်ဦး ဖြစ်ခဲ့သည်ဆိုပါစို့၊ ဖခင်ဖြစ်သူက ဥပဒေတစ်ခုကို ကျူးလွန်ခဲ့ပါလျှင် ဥပဒေအတိုင်း အရေးယူမည်လား၊ သို့တည်းမဟုတ် ငါ့အဖေပဲဆိုပြီး လွှတ်ပေးမည်လား။ စာဖတ်သူများအနေဖြင့် ကျွန်တော်ကိုဉာဏ်အား ၀ိုင်းဝန်းကူညီကာ စဉ်းစားပေးကြစေလိုပါသည်။ မိဘကျေးဇူးသည် ဆပ်မကုန်သည်မှာ အမှန်ဖြစ်ပါသည်။ မိခင်ဘခင် ကျေးဇူးရှင်ကို ဘုရားတစ်ဆူ ဂူတစ်လုံးသွင် ရိုကျိုးကြရမည်မှာလည်း အမှန်ပဲဖြစ်ပါသည်။ သို့သော် မိဘဟူသည့် သံယောဇဉ်တရား၊ မေတ္တာတရား၊ ကျေးဇူးတရားတို့နှင့် အမှန်တရားကို ရောထွေးခြင်းငှာ မအပ်စပ်ဟု ကျွန်တော်ကတော့ မြင်မိပါသည်။ မိဘသည်လည်း လူသားတွေပင် ဖြစ်သည့်အတွက် အမှားကင်းချင်မှ ကင်းကြပါလိမ့်မည်။ မိဘများ လမ်းမှားရောက်နေ၍ သားသမီးများက လမ်းမှန်ပြခြင်းသည် ကျေးဇူးဆပ်ခြင်း တစ်မျိုးဟုပင် ကျွန်တော်ခံယူပါသည်။ မိဘလုပ်သမျှ အကုန်မှန်သည်၊ မိဘကို ဘာတစ်ခွန်းမှ ပြန်မပြောသင့်ဟူသည့် အယူအဆကို လက်ကိုင်ထားသူများအတွက် ကျွန်တော့်စာများသည် အဆင်ပြေလိမ့်မည် မဟုတ်ပါချေ။ ကျွန်တော်တို့အားလုံး လေးစားချစ်ခင်သည့် ဗိုလ်ချုပ်အောင်ဆန်း ငယ်စဉ်က သူ့မိခင်အား ဧည့်သည်များရှေ့တွင် ပြောခဲ့သည့် စကားတစ်ခွန်းကို စာဖတ်သူများ ပြန်လည်ဆင်ခြင် ဝေဖန်ကြစေလိုပါသည်။
မြင်းက မြင်းအလုပ် လုပ်ရတယ်၊ ခွေးက ခွေးအလုပ် လုပ်ရတယ်။ အားလုံးကြားဖူးသည့် ပုံပြင်တစ်ပုဒ် ဖြစ်ပါလိမ့်မည်။ သူ့အလုပ်ကို သူလုပ်မှ အဆင်ပြေပါလိမ့်မည်။ လောကသဘာဝကြီးသည် သူ့နေရာနှင့်သူ အံဝင်ခွင်ကျဖြစ်စေရန် ဖန်တီးထားပြီးသား ဖြစ်ပါသည်။ မြင်းက အိမ်ပေါက်မှာထိုင်ပြီး တဟီးဟီးအော်ကာ ကင်းစောင့်နေလို့လည်း အဆင်ပြေမည်မဟုတ်ပါ။ ထို့အတူ ခွေးကလည်း အိမ်ထဲမှာ ကြွက်ခုပ်နေလျှင် အလုပ်ဖြစ်မည် မဟုတ်ပါချေ။ သူ့နေရာနှင့်သူ၊ သူ့အလုပ်နှင့်သူ အံဝင်ခွင်ကျဖြစ်ပါမှ လောကကြီးသည် အဆင်ပြေပါလိမ့်မည်။ ထို့အတွက် ယခုကဲ့သို့ မန္တလေးမြို့တွင် သံဃာတော်များ ဆန္ဒဖော်ထုတ်ကာ စီတန်းလှည့်လည်ကြသည်ကို ကျွန်တော်ကိုဉာဏ် လုံးဝ(လုံးဝ) ကန့်ကွက်ပါသည်။ သံဃာတော်များ၏ အလုပ်သည် စီတန်းလှည့်လည်ရန်၊ ဆန္ဒဖော်ထုတ်ရန် မဟုတ်ပါခင်ဗျား။ ဒါယကာ၊ ဒါယိကာမများက ပစ္စည်းလေးပါးဖြင့် ထောက်ပံ့လှူဒါန်းထားခြင်း၏ ရည်ရွယ်ချက်သည် အဘယ်နည်းဆိုသည်ကို ဆရာတော်အရှင်သူမြတ်တို့ ဆင်ခြင်နှလုံးသွင်းကြ စေလိုပါသည်ဘုရား။ ကျွန်တော်သည် ဗုဒ္ဓဘာသာဝင် မြန်မာတစ်ယောက်အနေဖြင့် အရှင်သူမြတ်တို့၏ ဆန္ဒဖော်ထုတ်မှုကို ဂုဏ်ယူခြင်းမဖြစ်ဘဲ ၀မ်းနည်းပက်လက်ဖြင့် စိတ်နှလုံးမသာမယာ ဖြစ်ရပါသည် သံဃာတော် အရှင်သူမြတ်တို့ဘုရား။
ဟိုးအထက်တွင် ကျွန်တော်တင်ပြခဲ့သည့် ထုတ်ပြလိုသည့် ဥပမာ ဟူသည့် စာပိုဒ်ကို နားလည်လက်ခံကြပါလျှင် ယခု ကျွန်တော်ပေးထားသည့် ခေါင်းစဉ်ကို ရှင်းပြစရာမလိုအောင် နားလည်ကြလိမ့်မည် ဖြစ်ပါသည်။ သံဃာဟူသည်မှာ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များအတွက် အလေးအမြတ်ထားရာ ဘုရားသားတော်များ ဖြစ်ကြပါသည်။ မြတ်စွာဘုရားရှင်၏ တရားတော်များကို ဆူးပူးသင်ယူ လေ့လာပွားများကာ ဒါယကာ၊ ဒါယိကာမများအား အမြိုက်ရေအေး တိုက်ကျွေးနေကြသည့် ကျေးဇူးရှင်များ ဖြစ်ကြပါသည်။ လူသာမန်တို့ မဆောင်ရွက်နိုင်သည့် ဘုရားရှင်၏ တရားတော်များကို လေ့လာခြင်း၊ သင်ယူခြင်း၊ ကျက်မှတ်ခြင်း၊ ပွားများခြင်း၊ အာဂုံဆောင်ခြင်း၊ ဒါယကာ ဒါယိကာမများ နားလည်သိရှိအောင် ပြန်လည်ရှင်းပြခြင်း၊ ဟောပြောခြင်း၊ လမ်းညွှန်ခြင်း စသည့်အမှုများကို ပြုလုပ်နေခြင်းကြောင့် ကျွန်တော်တို့ လူသားများက ပစ္စည်းလေးပါးဖြင့် ထောက်ပံ့လှူဒါန်းနေကြခြင်း ဖြစ်ပါသည်။ ငါတို့ကိုးကွယ်တဲ့ ဆရာတော်တွေဟာ လိုအပ်တဲ့အချိန်မှာ ငါတို့ကိုယ်စား ဆန္ဒပြပေးကြမှာပဲ၊ ငါတို့ကိုယ်စား စီတန်းလှည့်လည်ကြမှာပဲ၊ ငါတို့ကိုယ်စား တိုက်ပွဲဝင်ကြမှာပဲ ဟူသောစိတ်ဖြင့် သံဃာတော်များအား ကိုးကွယ်ဆည်းကပ်သည့် ဒါယကာ ဒါယိကာမများ ရှိလိမ့်မည်မဟုတ်ဟု ကျွန်တော်ကိုဉာဏ်က ကိုယ့်စိတ်နှင့်ကိုယ်နှိုင်းကာ ယုံကြည်မိပါသည်။ ကျွန်တော့်အမြင်ကတော့ သံဃာတော်များအနေဖြင့် များပြားကျယ်ဝန်းလှသည့်၊ လေ့လာ၍ မကုန်သည့် သာသနာ့တာဝန်များကိုသာ ဆောင်ရွက်ကြစေလိုပါသည်။ ဒေါသများလှသည့်၊ မောဟများလှသည့်၊ လောဘများလှသည့် ကျွန်တော်တို့လို လူသားအမိုက်အမဲများကို တရားရေအေး အမြိုက်ဆေးများကိုသာ တိုက်ကျွေးကြစေလိုပါသည်။ မိဘဘာလုပ်လုပ် မှန်သည်ဆိုသည့် မျက်ကန်းသားသမီးများကဲ့သို့ သံဃာတွေ ဘာလုပ်လုပ် ငါတို့က ထောက်ခံမှာပဲဟူသည့် မျက်ကန်းဒါယကာ ဒါယိကာမများ မဖြစ်ရအောင် ကျွန်တော်တို့တွေ သတ္တိရှိကြဖို့ လိုပါပြီ။
မီဒီယာများအနေဖြင့် ယခုကဲ့သို့ စီတန်းလှည့်လည်မှုများကို သတင်းတစ်ခုအဖြစ် ဖော်ပြသည်ကို ဘာမျှ မပြောလိုပါ။ သတင်းတစ်ခုကို စာဖတ်ပရိသတ်ထံ ပို့ဆောင်ခြင်းအဖြစ် နားလည်လက်ခံပါသည်။ သို့သော် ထိုသို့မဟုတ်ဘဲ သတင်းထက်ပိုသည့် ရည်ရွယ်ချက်များ၊ ဆန္ဒများပါလျှင်တော့ ကိုယ့်သမိုင်းကို ကိုယ်ရေးခြင်းဟုသာ ပြောလိုပါသည်။ ကျွန်တော့်အမြင်ကဖြင့် မီဒီယာများအနေဖြင့် ယခုကဲ့သို့ ကိစ္စများကို မည်သည့်သတင်းမျှ ဖော်ပြခြင်းမပြုဘဲ နေသင့်ကြသည်ဟု ထင်မိပါသည်။ ထိုသို့မဟုတ်ဘဲ သံဃာတော်များကို သတင်းလူသားများအဖြစ် ပျော်ပျော်ပါးပါး ဖော်ပြပေးနေကြ၊ မြှောက်ပေးနေကြလျှင်ဖြင့် မုန့်လုံးကို စက္ကူကပ်သလို ဖြစ်နေပါလိမ့်ဦးမည်။ တစ်ခုခုဆိုတိုင်း သံဃာတော်များ လမ်းပေါ်ထွက်လာပါလိမ့်မည်။ ထိုသို့ ဖြစ်ခြင်းသည် ကောင်း၏၊ မကောင်း၏၊ သင့်၏၊ မသင့်၏ ဆိုသည်ကို အလေးအနက်ထား စဉ်းစားကြစေလိုပါသည်။ စတုတ္ထမဏ္ဍိုင်ဟု ခံယူပါလျှင် စတုတ္ထမဏ္ဍိုင် ပီသအောင် ရပ်တည်ကြဖို့ လိုပါသည်။ ဆန္ဒစွဲတွေ၊ ဂတိစွဲတွေ၊ အတ္တစွဲတွေ မပါအောင် ထိန်းသိမ်းရေးသားကြစေလိုပါသည်။
အများသိ၊ နိုင်ငံကျော် စာရေးဆရာများ၊ သတင်းစာဆရာကြီးများအနေဖြင့် ယခုကဲ့သို့ ကိစ္စများကို နှာစေးနေခြင်း မပြုလုပ်ကြပါရန် မေတ္တာရပ်ခံ တောင်းပန်လိုပါသည်။ အမှန်ကို အမှန်အတိုင်း ထောက်ပြဝေဖန် ပြောဆိုကြစေလိုပါသည်။ အကယ်၍ သံဃာတော်များ ယခုကဲ့သို့ ပြုလုပ်ခြင်းသည် မှန်ကန်သည်၊ ဖြစ်သင့်သည်ဟု ယုံကြည်လျှင်လည်း မိမိယုံကြည်သည့်အတိုင်း ရဲရဲဝံ့ဝံ့ ရေးကြစေလိုပါသည်။ သို့မဟုတ်ဘဲ ဟိုလိုလို ဒီလိုလို လုပ်နေကြလျှင်ဖြင့် စာဖတ်ပရိသတ်များ အပေါ်တွင်သာမက၊ နိုင်ငံအပေါ်တွင်လည်း တာဝန်မကျေဘူးဟု ကျွန်တော်မှတ်ယူပါသည်။ ယခုကဲ့သို့ ကိစ္စများကို သာမန်ပေါ့ပေါ့တန်တန် သဘောမထားကြစေလိုပါ။ ဂတိတရားကင်းကင်းဖြင့် စဉ်းစားဆင်ခြင် ဝေဖန်သုံးသပ်ကာ ကျွန်တော်တို့တွေ ဆောင်ရွက်သင့်နေကြပြီ ဖြစ်ပါသည်။ သမိုင်းတစ်လျှောက်လုံး မည်သည့်အမှားအယွင်းမျှ မရှိခဲ့ဘဲ သန့်ရှင်းစင်ကြယ်စွာ ရပ်တည်လာခဲ့သည့် ထေရ၀ါဒ ဗုဒ္ဓဘာသာကို ညစ်နွမ်းအောင် မလုပ်သင့်ကြဟု မြင်မိပါသည်။ အားလုံးက ဘာမျှမပြောဘဲ ဟိုလိုလို ဒီလိုလိုဖြင့် နှာစေးနေကြပါလျှင်၊ တဖြည်းဖြည်း အပျက်အပျက်ဖြင့် နှာခေါင်းသွေးထွက်ကာ နောင်တစ်ချိန်တွင် အီရန်ကဲ့သို့ ဘာသာရေးခေါင်းဆောင်များက နိုင်ငံရေးကို လွှမ်းမိုးသည့် အခြေအနေမျိုးကို ရောက်လာပါလိမ့်မည်။ ထိုကဲ့သို့ အခြေအနေမျိုးကို ကျွန်တော်တို့တွေ ရောက်လိုပါသလားဟု ကိုယ့်ဘာသာကိုယ် မေးကြည့်ကြစေလိုပါသည်။
ယခုကဲ့သို့ ဖြစ်ရပ်များကို ဘယ်သူတွေ အားပေးပေး ကျွန်တော်အားမပေးနိုင်ပါ။ တစ်ရွာလုံးနှင့်တစ်ယောက် သို့တည်းမဟုတ် တစ်ကမ္ဘာလုံးနှင့်တစ်ယောက် ဖြစ်နေပါစေ၊ ကျွန်တော့်ခံယူချက်ကို မပြောင်းလဲနိုင်ပါ။ ထိုကဲသို့ မဖြစ်နိုင်ဟုလည်း ယုံကြည်ပါသည်။ ထင်ရှားသော ဆရာတော်ကြီးများ၊ ပိဋကတ်သုံးပုံကို အာဂုံဆောင်ထားသော သာသနာ့အာဇာနည်များ၊ သီလသိက္ခာသမာဓိနှင့် ပြည့်စုံသည့် သံဃာတော်များ ယခုကဲ့သို့ အဖြစ်အပျက်များတွင် ပါဝင်ခြင်း မရှိသည်ကိုကြည့်၍ အားတက်မိပါသည်။ သံဃနာယက ဆရာတော်ကြီးများအနေဖြင့်လည်း ယခုကဲ့သို့ ကိစ္စများကို ဆုံးမကြမည်၊ ဟန့်တားကြမည်ဟု ယုံကြည်မိပါသည်။ သံဃာတော်များကလည်း ဆရာတော်ကြီးများ၏ ဆုံးမစကားကို အရေးတယူ နားထောင်လိုက်နာကြလိမ့်မည်ဟု ယုံကြည်မိပါသည်။ ဓမ္မစက်ဖြင့် အရေးကိစ္စများ ပြီးဆုံးသွားမည်ကိုသာ လိုလားပါသည်။ နောက်ဆက်တွဲများကို ကျွန်တော် မမြင်လို၊ မကြားလိုပါ။ နိုင်ငံရေးလုပ်လိုလျှင် အရပ်ဝတ်လဲပါ၊ လွှတ်တော်နိုင်ငံရေးပဲလုပ်လုပ်၊ လွှတ်တော်ပြင်ပနိုင်ငံရေးပဲလုပ်လုပ်၊ လုပ်၍ရပါသည်။ မြင့်မြတ်သည့် သင်္ကန်းတော်ကိုခြုံ၍ သာသနာတော်အရေးကို ဆောင်ရွက်ခြင်းမပြုဘဲ လူ့အရေးအရာများကို ဆောင်ရွက်နေပါလျှင် အမြင်မတော်၊ အရိုသေတန်ပါလိမ့်မည်။ ဘယ်သူတွေ လက်ခုပ်တီးတီး ကျွန်တော်ကိုဉာဏ်ကတော့ လက်ခုပ်မတီးနိုင်ပါ၊ လေမချွန်နိုင်ပါခင်ဗျား။
ကျွန်တော်ကပဲ အရင်ဆုံး ဖြေပေးလိုပါသည်။ ကျွန်တော့်အမြင်ကတော့ ဘာအကျိုးမှ မရှိပါ။ သံဃာတော်များ ထိုကဲ့သို့ ဆန္ဒဖော်ထုတ်ခြင်းဖြင့် ရခိုင်ဒေသသည် ငြိမ်းချမ်းမသွားပါ၊ ရခိုင်ဒေသမှ ဒုက္ခသည်များ မူလအခြေအနေသို့ ပြန်ရောက်မသွားပါ။ ယနေ့ လုပ်နေသမျှ ကိစ္စရပ်များသည် အနာနှင့်ဆေး တလွဲတွေချည်းပဲ ဖြစ်နေသည်ကို ကျွန်တော်ကိုဉာဏ် မြင်တွေ့သိရှိနေရပါသည်။ တကယ်လိုအပ်နေတာကို မလုပ်ကြဘဲ ခါးတောင်းကျိုက်တခြား ဖင်တခြားချည်းသာ ဖြစ်နေကြပါသည်။ စစ်တွေမြို့တွင် တာဝန်ထမ်းဆောင်နေသော၊ ဒုက္ခသည်စခန်းများကို လိုက်လံလေ့လာနေသော၊ ဘုန်းတော်ကြီးကျောင်းများသို့သွားကာ ဆရာတော်ကြီးများကို လျှောက်ထားမေးမြန်းနေသော၊ လုံခြုံရေးတာဝန်ယူထားသည့် ၀န်ထမ်းများနှင့် ထိတွေ့ဆက်ဆံနေသော၊ စစ်တွေမြို့၏ လတ်တလော အခြေအနေများကို အမြဲမပြတ် သိရှိနေရသော  ကျွန်တော့်အနေဖြင့် ရခိုင်ဒေသ၏ အခြေအနေများ၊ လိုအပ်ချက်များ၊ ဟာကွက်များ၊ ချို့ယွင်းချက်များကို သိတန်သလောက် သိနေသည်ဟု ကိုယ့်ဘာသာကိုယ် ယုံကြည်ပါသည်။ (ထိုအကြောင်းအရာများကို သီးခြားရေးသားတင်ပြရန် အစီအစဉ်ရှိပါသည်။ ယခုတော့ လေ့လာမှုများ မပြည့်စုံသေးဟု ယူဆသည့်အတွက် မရေးသားလိုသေးပါ။) စာဖတ်သူများအနေဖြင့် မန္တလေးမြို့တွင် ယခုကဲ့သို့ ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ခြင်းဖြင့် မည်သည့်အကျိုးကျေးဇူးများ ရရှိသည်ဟု ထင်ပါသနည်းဟု ကျွန်တော်ကိုဉာဏ်က လေးစားစွာမေးမြန်းလိုပါသည်။ စာဖတ်သူများ၏ အတွေးအမြင်များကိုလည်း သိလိုလှပါသည်။
ယခင် ရက်များကတည်းက ယနေ့ပြုလုပ်မည့် ဆန္ဒဖော်ထုတ်ပွဲအတွက် ကြိုတင်ပြင်ဆင်နေကြသည်များကို သတင်းများ ဖတ်ရှုခဲ့ရပါသည်။ ဆန္ဒဖော်ထုတ်ပွဲအတွက် လျှောက်လွှာတင်သည့်သူက အရှင်ဝီရသူဟု သိရပါသည်။ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေသည် ရဟန်းသံဃာများအတွက် အပ်စပ်၏၊ မအပ်စပ်၏ကို စဉ်းစားကြစေလိုပါသည်။ လျှောက်ထားသည်ဆိုသည်က ခွင့်ပြုမိန့် တောင်းခံခြင်း ဖြစ်ပါသည်။ ဒါယကာ ဒါယိကာမများ၏ ရှိခိုးမှု၊ ပူဇော်မှုကို ခံယူကြရမည့် သံဃာတော်များက ဒါယကာ ဒါယိကာမများထံတွင် စီတန်းလှည့်လည်ဖို့ ခွင့်ပြုပါလို့ ခွင့်တောင်းခြင်းသည် သင့်လျော်၏ မသင့်လျော်၏ စဉ်းစားကြစေလိုပါသည်။ ကျွန်တော့်အမြင်ကတော့ သံဃာတော်များသည် လူ့စည်းအတွင်းသို့ သူတို့ဘာသာ ၀င်လာကြခြင်း ဖြစ်ပါသည်။ ဤသည်ကိုပင် သံဃာတော်တွေက တရားဥပဒေနဲ့အညီ လုပ်တယ်ဆိုပြီး ဂုဏ်ယူကြသူများ ရှိလျှင်လည်း ကျွန်တော်ကိုဉာဏ် ဘာမျှမပြောလိုပါ။ ထားတော့၊ ဆက်ပြောပါမည်။ ခွင့်ပြုမိန့်တွင် စီတန်းလှည့်လည်ရန် ခွင့်ပြုလူဦးရေ ၁၀၀ ဦးဟု သိရပါသည်။ အရှင်ဝီရသူက ဦးဆောင်ပြီး လူတွေပဲ စီတန်းလှည့်လည်မှာဟု ထင်ခဲ့မိပါသည်။ ယခုတော့ သံဃာတော်များ လမ်းပေါ်သို့ ထွက်လာကြသည်။ သံဃာတော် အပါး ၁၀၀၀ ကျော်ရှိသည်ဟု သတင်းဌာနများက ဖော်ပြထားသည်ကို ဖတ်ရှုရပါသည်။ စာဖတ်သူခင်ဗျား၊ စာဖတ်သူနှင့် သူငယ်ချင်း ၃ ယောက် မြို့ပတ်ရထား စီးကြသည် ဆိုကြပါစို့။ လက်မှတ် ၃ စောင်သာ ၀ယ်ထားသည်ဆိုလျှင် လက်မှတ်စစ်လာသောအခါ ကျန်သည့်တစ်ယောက်သည် လက်မှတ်မပါဘဲ ခိုးစီး (စီးခွင့်မရှိဘဲစီး)  သူ ဖြစ်ပါသည်။ ထို့အတွက် ဒဏ်ရိုက်တာတွေဘာတွေ လုပ်ပါလိမ့်မည်။ ယခုလည်း ထို့အတူ ဖြစ်ပါသည်။ ခွင့်ပြုမိန့်က လူ ၁၀၀၊ စီတန်းလှည့်လည်တော့ လူ ၁၀၀၀ ကျန်သည့် ၉၀၀ သည် ခွင့်ပြုမိန့်မရရှိသူများ ဖြစ်ကြပါသည်။ ထိုသူများကို ဥပဒေနှင့်အညီ ဆောင်ရွက်မည် ဆိုပါလျှင် မည်သို့ဆက်ဖြစ်လာနိုင်သည်ကို စာဖတ်သူများအနေဖြင့် ဉာဏ်ရှေ့ပန်း၍ စဉ်းစားကြစေလိုပါသည်။ ခွင့်ပြုမိန့်တောင်းစဉ်က လူပုဂ္ဂိုလ်တစ်ဦးကဲ့သို့ တောင်းခံခဲ့သော်လည်း ဥပဒေအရ အရေးယူဆောင်ရွက်ချိန်တွင်တော့ မြန်မာအစိုးရသည် သံဃာတော်များကို ဘာဖြစ်နေပါသည်၊ ညာဖြစ်နေသည်ပါသည်ဟု သတင်းများ လှိုင်းထသွားမည်မှာ ဗေဒင်မေးစရာမလိုပါ၊ နက္ခတ်ကြည့်စရာမလိုပါ၊ သင်္ချာတွက်စရာမလိုပါ။ ဤမျှဆိုလျှင် ကျွန်တော့်ဆိုရင်းကို နားလည်သည်ဟု ယုံကြည်မိသည်။




  • သံဃာတော်များနှင့် မသက်ဆိုင်သည့် နိုင်ငံရေးအလုပ်တစ်ခုကို လုပ်ကြခြင်းဟု မြင်မိပါသည်။ 
  • သံဃာတော်များကို နိုင်ငံရေးအတွက် အသုံးချနေသူများ၏ အမြတ်ထုတ်မှုတစ်ခုဟု မြင်မိပါသည်။
  • ဘုရားသားတော် ဟူသည့်စိတ်မရှိဘဲ နိုင်ငံရေးတက်ကြွသူအဖြစ် ထင်ပေါ်လိုသည့် သင်္ကန်းဝတ်များ၏ သွေးတိုးစမ်းမှုဟု မြင်မိသည်။
  • အစိုးရနှင့် ဒေသဆိုင်ရာ အာဏာပိုင်များကို တစ်ဖက်လှည့်ဖြင့် သွေးတိုးစမ်းခြင်း၊ ခြိမ်းခြောက်ခြင်းဟု မြင်မိသည်။
  • သမ္မတကြီးကို ထောက်ခံသည်ဟု အမည်တပ်ပြီး နိုင်ငံရေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခြင်းဟုသာ မြင်မိသည်။
  • နောင်လုပ်လိုသည့် သံဃာလှုပ်ရှားမှုများအတွက် ထောက်ခံအားပေးမှု မည်မျှရှိသည်ကို စမ်းသပ်ခြင်းဟု မြင်မိသည်။ (ယခုလသည် စက်တင်ဘာလ ဖြစ်သည်ကို မမေ့စေသင့်ပါ။)
တပည့်တော်တို့ လူသားများအနေဖြင့် လောဘ၊ ဒေါသ၊ မောဟများဖြင့် နေ့စဉ်နှင့်အမျှ ပူလောင်လွန်းလှပါသည်။ ထိုကဲ့သို့ ပူလောင်လှသည့် တပည့်တော်တို့အား အရှင်ဘုရားတို့လို သံဃာတော်များက လောဘကင်းအောင်၊ ဒေါသကင်းအောင်၊ မောဟကင်းအောင် အမြိုက်ရေအေး တိုက်ကျွေးကြရမည် ဖြစ်ပါသည်ဘုရား။ ယခုမူ ဆရာတော်ဘုရားတို့ကိုယ်တိုင် တပည့်တော်တို့ လူသားများ၏ လုပ်ငန်းဆောင်တာများကို ပါဝင်လုပ်ကိုင် ဆောင်ရွက်နေကြသည်ကို မြင်ရသည့်အတွက် တပည့်တော်တို့အနေဖြင့် ဆရာတော်ဘုရားများအတွက်ပါ ပိုမိုပူလောင်ရပါသည် အရှင်ဘုရား။ ကုလသမဂ္ဂကိုယ်စားလှယ် ပုဂ္ဂိုလ်တစ်ဦး၏ မှတ်ချက်ထက် မြတ်စွာဘုရား၏ သာသနာတော်များ တည်တံ့ပြန့်ပွားရေးက ပိုမိုအရေးကြီးပါသည်ဘုရား။ သမ္မတကြီးကို ထောက်ခံသည်ထက် မြတ်စွာဘုရား၏ အဆုံးအမ တရားတော်များကို လိုက်နာကျင့်ကြံ နေထိုင်သည်က သာလွန်မြင့်မြတ်ပါသည်ဘုရား၊ လူသားများနှင့် အတူတွဲ၍ စီတန်းလှည့်လည်သည်ထက် သစ်တစ်ပင် ၀ါးတစ်ပင်အောက်တွင် ဆိတ်ငြိမ်စွာဖြင့် တရားကမ္မဋ္ဌာန်းစီးဖြန်းခြင်းက ပိုမို အကျိုးရှိစေပါသည်ဘုရား။ ကြွေးကြော်သံများ ကြွေးကြော်ခြင်းထက် မြတ်စွာဗုဒ္ဓ၏ ၄၅ ၀ါပတ်လုံး ဟောကြားခဲ့သည့် တရားဓမ္မများကို နှုတ်တက်အာဂုံဆောင်နေခြင်း၊ ကျက်မှတ်နေခြင်းက ပိုမိုအကျိုးများပါသည်ဘုရား၊ သံသရာလည်စေမည့် ကိစ္စရပ်များကို တပည့်တော်တို့ လူသားများနှင့်အတူ ယှဉ်တွဲလုပ်ဆောင်ခြင်း မပြုကြဘဲ ဆရာတော်တို့လည်း သံသရာပြတ်၊ တပည့်တော်တို့လည်း သံသရာပြတ်အောင် လမ်းပြဆောင်ပေးကြစေလိုပါသည် ဆရာတော် အရှင်သူမြတ်တို့ဘုရား။ ဆရာတော်အရှင်သူမြတ်တို့ အနေဖြင့် သမ္မတကြီး ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ကြသည် မှန်သော်လည်း အရှင်ဘုရားတို့၏ လုပ်ရပ်အတွက် သမ္မတကြီးဦးဆောင် အစိုးရအဖွဲ့အတွက် ၀မ်းသာဂုဏ်ယူမှု ဖြစ်မဖြစ်၊ ရွှင်လန်းအားရမှု ဖြစ်မဖြစ်ဆိုသည်ကို အရှင်ဘုရားတို့ စဉ်းစားနိုင်ကြလိမ့်မည်ဟု တပည့်တော် ယုံကြည်ပါသည်ဘုရား။ တပည့်တော်၏ အရေးအသားများတွင် သံဃာတော်များအပေါ် အဂါရ၀ဖြစ်စေမည့် အမှားများပါရှိခဲ့ပါလျှင် လက်အုပ်ချီမိုး၍ ရှိခိုးတောင်းပန်အပ်ပါသည်ဘုရား။
စာဖတ်သူ မြန်မာ့သွေးမိတ်ဆွေများခင်ဗျား၊ ကျွန်တော်ကိုဉာဏ်အနေဖြင့် အသေမနာလိုသည့်အတွက် အသာမနေနိုင်သည်ကတစ်ကြောင်း၊ ရင်ထဲမှာ ပြောစရာများရှိနေပါလျက် မမြိုသိပ်နိုင်သည်ကတစ်ကြောင်း၊ မိမိယုံကြည်ချက်နှင့် ကွဲလွဲနေလျှင် သွေးဆူလွယ်သည်ကတစ်ကြောင်း၊ စသည့်စသည့် အကြောင်းများကြောင့် မနေနိုင်လွန်း၍ ဤစာများကို ရေးသားလိုက်ရပါသည်။ မိမိကိုယ်မိမိ ဟုတ်လှပြီ၊ မှန်လှပြီ၊ သိလှပြီ၊ တတ်လှပြီဟု မခံယူပါ။ မှားယွင်းနေမှုများ၊ ချွတ်ချော်နေမှုများ ရှိနေပါလျှင်လည်း ကျွန်တော်ကိုဉာဏ် အမိုက်အမဲလေးအား သနားငဲ့ညှာသောအားဖြင့် ဝေဖန်ထောက်ပြ သွန်သင်ဆုံးမကြပါရန် စာဖတ်သူများလက်သို့ အပ်ပါသည်ခင်ဗျား။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်၊ တနင်္ဂနွေနေ့။
မွန်းလွဲ ၁ နာရီ ၂၀ မိနစ်တွင် စတင်ရေးသား၍ ညနေ ၆ နာရီ ၁၁ မိနစ်တွင်ပြီး၏။

http://myanmarthway.blogspot.com/2012_09_01_archive.html 

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်