Friday, March 13, 2015

၇ ပတ် သားအရွယ်ကလေးက တကယ်ပဲ "ဟဲလို" လို့ ပြောခဲ့လေသလား

Posted by drmyochit Friday, March 13, 2015, under | No comments


ကလေးတွေဟာ သာမန်အားဖြင့် သူတို့ရဲ့ ပထမမွေးနေ့ပွဲ ကျင်းပတဲ့အချိန်ထိ စကားမပြောတတ်ကြပါဘူး။ ဒါပေမဲ့ မြောက်အိုင်ယာလန်ပြည်နယ် မိခင်တစ်ဦးမှ ၇ ပတ် အရွယ်ရှိ သူမရဲ့သားလေး စကားပြောပုံကို ဗွီဒီယို ရိုက်ကူးထားခဲ့ ပါတယ်။ ကျမရဲ့ ၇ ပတ်အရွယ်သားလေး "ဟဲလို" ပြောဆိုသံလေးကို မျှဝေလိုက်ပါတယ်လို့ မိခင်ဖြစ်သူ Toni McCann မှ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဂုဏ်ယူဝင့်ကြွားစွာ ရေးသားဖော်ပြခဲ့ပါတယ်။
Cillian အမည်ရှိ ကလေးငယ် လေးရဲ့ ဗွီဒီယိုကို မိခင်ဖြစ်သူ-သူမက တင်ခဲ့ပြီး ၄င်းသတင်းစကားဟာ ဗိုင်းရပ်စ်လို ချက်ချင်းပျံနှံသွားခဲ့ပါတယ်။ တစ်ချက်နှိပ်လိုက်ရုံနဲ့ သူမမှ "ဟဲလို" ပြောလိုက်တိုင်း Cillian မှ ထပ်ကာတလဲလဲ တုန့်ပြန်ပြောဆိုသံသည် တကယ့်ကြည်လင်ပြတ်သားသော နှတ်ခွန်းဆက်သခြင်းလို သင်ကြားနိုင်မှာပါ။
ဖေ့ဘွတ်ခ်ပေါ်မှ ဝေဖန်ပြောဆိုသံ တွေမှာ "ဘုရားရေ" "အံ့သြစရာ" "ဒီဗွီဒီယိုလေးကြည့်ရတာ ရပ်တန့်မရဘူး" "အရမ်းရှင်းလင်းပြတ်သားတယ်" "မယုံနိုင်စရာ" စသည် စသည်ဖြင့် ဗြောင်းဆန်နေပါတယ်။ တုန့်ပြန်ပြောဆိုမှုကြောင့် သူမသည်းထိတ်လွမ်းမိုးခံခဲ့ရ တယ်လို့ မိခင်ဖြစ်သူ McCann မှ ပြောကြားခဲ့ပါတယ်။ "ရူးသွပ်တာ" လို့ လူတိုင်းဆီမှ ကျမကြားခဲ့ရတယ်လို့ The Belfast Telegraph ကို သူမက ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဒီအခိုက်အတန့်လေးကို ဗွီဒီယိုရိုက်ကတည်းက ချစ်စရာသားလေး Cillian အဲဒီစကားကို ထပ်မပြောတော့ပါဘူး။
သူကြိုးစားပြောခဲ့သည်ဟု ပြောလိုက်ကတည်းက ဘာဆိုဘာမှ မပြောတော့ဘူးဟု McCann က သတင်းမှာ ပြောကြားခဲ့ပါတယ်။ ကလေးဟာ သူရဲ့လျှာလေးကို လုပ်ရှားလိုက်တဲ့အချိန်မှာ သူတစ်ခုခုကို ပြောချင်နေတယ် ဆိုတာကို သိရမှာပါ။ ကလေးတွေဟာ သူတို့ရဲ့ပါးစပ်၊ လျှာတွေနဲ့ အသံပေါင်းများစွာ ထွက်ဆိုတတ်ကြပြီး ဒါဟာ တကယ့်ဘာသာစကားကို ပြောဆိုဖို့ ပထမခြေလှမ်းဖြစ်တယ်လို့ ဆိုကြပါတယ်။
ဗွီဒီယိုပါ Cillian ထက် တစ်လကြီးတဲ့ ၃ လသားအရွယ် ကလေးအကြောင်းကို WebMD မှာ ရှင်းပြထားပြီး ကလေးအများစုဟာ သီချင်းဆိုသံလို အသံမျိုးကိုပြုလုပ်နိုင်ကာ သူတို့ရဲ့မိခင်အသံကိုလည်း မကြာမကြာ တုန့်ပြန်တတ်ကြတယ်။ ၆ လသားအရွယ်မှာ "ဒါ-ဒါ" လို အသံမျိုးကို ရေရွတ်တတ်သော်လည်း အဲဒီအသက်အရွယ်မှာ သူတို့ ဘာကို ရေရွတ်နေတယ်ဆိုတာကို သူတို့မသိကြပါဟု ကျွှမ်းကျင်သူတွေက ဆိုကြပါတယ်။ နောက်ဆုံး ကလေးတွေဟာ ၁၂ လ သားအရွယ်ရောက်မှသာလျှင် အမေ၊အဖေကို ခေါ်သောစကား "မားမား" "ဒါဒါ" စသဖြင့် သူတို့ရဲ့ပထမစကား အစစ်ကို ပြောတတ်ကြပါတယ်။
ချစ်စရာကလေး Cillian တကယ်ပဲ "ဟဲလို" လို့ပြောခဲ့သလား။ ဗွီဒီယို ကြည့်ပြီး ကိုယ်တိုင်အကဲဖြတ်ကြည့်ပါ။


Trend Myanmar

ကင်ဆာရောဂါ ရှာဖွေဖော်ထုတ်နိုင်တဲ့ ခွေး

Posted by drmyochit Friday, March 13, 2015, under | No comments

Frankie လို့ အမည်ပေးထားတဲ့ ခွေးတစ်ကောင်ဟာ ရောဂါအမျိုးအမည်ကို ရှာဖွေမဖော်ထုတ်ရသေးတဲ့ လူမှာရှိတဲ့ သိုင်းရွိုက်အကျိတ်ကင်ဆာရောဂါကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ယင်းဂျာမန်ခွေးကို ကျင်ငယ်ရည်နမူနာနဲ့ သိုင်းရွိုက်ရောဂါ အနံ့ခံတတ်အောင် လေ့ကျင့်ပေးထားပြီး ဘာရောဂါမှ မရှိပါက လှည့်ထွက်သွားစေခဲ့ပါတယ်။

Arkansas တက္ကသိုလ်မှာ လူနာ ၃၄ ဦးစမ်းသပ်ရာမှာ အမှားအယွင်းနှစ်ခုသာရှိပြီး ၈၈% ကို တိကျမှန်ကန်အောင် လေ့ကျင့် သင်ကြားပေးနိုင်ခဲ့ပါတယ်။ တခြားဟာတွေနဲ့ နှိုင်းယှဉ်ရင် သိုင်းရွိုက်အကျိတ်ကင်ဆာက ရှားပါတယ်။ အခုဆိုရင် ရောဂါစစ်ဆေးရတာ ခက်ခဲပြီး သွေးနာမူနာနဲ့ ဟော်မုန်း ဓာတ်ပမာဏ စစ်ဆေးမှု လိုအပ်လေ့ရှိပါတယ်။

လူတွေထက် ၁၀ဆ အနံ့ခံပိုကောင်တဲ့ ခွေးတွေကို သိုင်းရွိုက်အကျိတ်ကင်ဆာနဲ့ အခြားရောဂါ အမျိုးအစားများကို ကုန်ကျစရိတ်သက်စေပြီး မလိုအပ်တဲ့ ခွဲစိတ်ကုသမှုတွေ ရှောင်ရှားကာ စမ်းသပ်ဖော်ထုတ်ဖို့ အသုံးပြုနိုင်မယ်လို့ သုတေတီတွေက မျှော်လင့်လျက်ရှိပါတယ်။


Ref: Metro
Trend Myanmar

Wednesday, January 07, 2015

Air Asia QZ8501 လေယာဉ် ပျက်ကျမှုအတွက် ဆူရာဘာရာလေဆိပ်မှ အရာရှိလေးဦးကို ရာထူးမှထုတ်ပယ်

Posted by drmyochit Wednesday, January 07, 2015, under | No comments

 အင်ဒိုနီးရှား အာဏာပိုင်များသည် Air Asia QZ8501 လေယာဉ်ပျက်မှုအတွက် ဆူရာဘာရာ နိုင်ငံ တ ကာ လေဆိပ်၊ လေကြောင်း ထိန်းချုပ်ရေးမှ အရာရှိလေးဦးကို ရာထူးမှ ထုတ်ပယ်လိုက်သည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။


ယင်းအရာရှိ လေးဦးသည် ၎င်းတို့၏ ရာထူးတာဝန်များအရ Air Asia QZ8501 လေကြောင်း ပျံသန်းမှု ခရီးစဉ်အတွက် အဓိက တာဝန်ရှိသူများ ဖြစ်သည်ဟု ဇန်နဝါရီလ၊ ၆ ရက်နေ့တွင် အင်ဒိုနီးရှား အာဏာပိုင်များက ပြောကြားသည်။

AirNav ၏ ဘေးကင်းလုံခြုံရေးနှင့် စံချိန်စံညွှန်းဆိုင်ရာ ဒါရိုက်တာ မစ္စတာဝီနုဒါဂျိုနို၏ ပြောကြားချက် အရဆိုလျှင် ရာထူးမှ ထုတ်ပယ်ခံရသည့် လေးဦးထဲတွင် ဗ AirNav ၏ အထွေထွေ မန်နေဂျာ ပါဝင်သည်ဟု သိရသည်။

ရာထူးမှ ထုတ်ပယ်ခံလိုက်ရသော အရာရှိလေးဦးသည် အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့တို့တွင် ဆူရာဘာရာမှ စင်ကာပူသို့ ပျံသန်းသည့် Air Asia လေကြောင်းလိုင်းအတွက် ဆောင်းရာသီ လေကြောင်းခရီးစဉ် ဇယားကို စစ်ဆေးရန် ပျက်ကွက်ခဲ့သည်ဟု မစ္စတာဝီနုက ပြောကြားသည်။

ထိုအရာရှိလေးဦးသည် ဆောင်းရာသီ လေကြောင်းခရီးစဉ် ဇယားအစား တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနှင့် တနင်္ဂနွေနေ့တို့တွင် ဆူရာဘာရာမှ ထွက်ခွာခွင့်ပြုသည့် နွေရာသီ လေကြောင်း ခရီးစဉ်ဇယားကို အသုံးပြုခဲ့သည်ဟုလည်း မစ္စတာဝီနုက ထပ်လောင်း ပြောကြားသည်။

သို့ရာတွင် စစ်ဆေးသုံးသပ်မှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့သည့်တိုင် ဆူရာဘာရာမှ ပျံသန်းသည့် အခြားလေကြောင်း ခရီးစဉ်များတွင်မူ ကွဲပြားခြားနားမှုများ မတွေ့ရကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ပြီးခဲ့သော ရက်များအတွင်း ဂျာဗားပင်လယ် အတွင်း၌ ရာသီဥတု ဆိုးရွားလျက် ရှိသဖြင့် ခရီးသည်များ၏ အလောင်းများ ရှာဖွေရေးနှင့် လေယာဉ် အစိတ်အပိုင်း များရှာဖွေရေး လုပ်ငန်းများမှာ အခက်အခဲများနှင့် ရင်ဆိုင်ရလျက် ရှိသည်။

လက်ရှိအချိန်တွင် လေယာဉ်၏ ကြီးမားသော အစိတ်အပိုင်းများကို ရှာဖွေ တွေ့ရှိထားပြီ ဖြစ်သော်လည်း လေယာဉ်၏ Black Box ကို မတွေ့ရှိသေးသလို ရှာဖွေဆယ်ယူရန် ရုပ်အလောင်းလည်းများစွာ ကျန်ရှိနေဆဲ ဖြစ်သည်။

Air Asia QZ8501 လေယာဉ်သည် ဒီဇင်ဘာလ ၂၈ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာရာ လေဆိပ်မှ စင်ကာပူသို့ ပျံသန်းစဉ် ပျက်ကျသွားခဲ့ခြင်း ဖြစ်ပြီး အင်ဒိုနီးရှား မိုးလေဝသဌာနကမူ လေယာဉ်ပျက်ကျရသည့် ကနဦး အကြောင်းအရင်းမှာ ရာသီဥတု ဆိုးရွားမှုကြောင့် ဖြစ်နိုင်သည်ဟု ပြောကြားထားသည်။

The Voice Weekly

ကလေးသူငယ် လိင်စပ်ယှက်မှု ရုပ်ပြကာတွန်းနှင့် ဇာတ်ကားများ ကြီးထွားနေသော ဂျပန်

Posted by drmyochit Wednesday, January 07, 2015, under | No comments


ဂျန်ပန်နိုင်ငံမှ မန်ဂါနှင့် အန်နီမီဟု ခေါ်သည့် ကာတွန်းဇာတ်ဆောင်များက ကမ္ဘာ့ ယဉ်ကျေးမှုတရပ်သဖွယ်ဖြစ်လာပြီး ကျော်ကြားလာသည်။ သို့သော် အချို့သော ညစ်ညမ်းကာတွန်းရုပ်ပြမဂ္ဂဇင်းနှင့် ဇာတ်ကားများက ကလေးကာတွန်းများပါဝင်သည့် ပြကွက်တို့အား တစ်တစ်ခွခွကြီး ရေးဆွဲပြသလာသည်။ ထို့ကြောင့် ဂျပန်နိုင်ငံအနေဖြင့် အဘယ်ကြောင့် ထိုဇာတ်ကားများအား မတားမြစ်သနည်းဟု မေးစရာ ဖြစ်လာသည်။
 
တနင်္ဂနွေ နေ့လည်ခင်းတခုဖြစ်သည်။ တိုကျိုမြို့ရှိ အရောင်းပြပွဲတခု၌ Sunshine Creation ၏ ပြခန်းသို့ မန်ဂါပရိသတ် ထောင်နှင့်ချီ (အမျိုးသားအများစု) စုပြုံတိုးဝှေ့နေသည်။ ရောင်းချရန် ခင်းကျင်းပြသထားသည့် မန်ဂါ ရုပ်ပြကာတွန်းများကို စူးစိုက်ကြည့်နေကြသည်။ 
 
သမင်မျက်လုံးနှင့် မှော်ဆန်သော ရုပ်အဆင်းရှိသည့် ကာတွန်း သူရဲကောင်းမလေးများ၏ ပိုစတာများလည်း ရှိနေသည်။
"ဒီနေရာကတော့ လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေရေး တီထွင်ဖန်တီးမှုတွေကို အဓိက ပြသထားတယ်" ဟု ပွဲစီစဉ်သူ တယောက်က ရှင်းပြသည်။
ဘရာစီယာ ၀တ်မထားသော မိန်းကလေးနှစ်ဦးအသွင်ကို ပုံဖော်ထားသည့် ကာတွန်းပုံများ ရှိသော စားပွဲတခုသို့ အရောက် စာရေးသူ ရပ်တန့်လိုက်မိသည်။ ၎င်းတို့၏ ပုံမှာ အသက် ဆယ့်လေးငါးနှစ် ၀န်းကျင်အရွယ် မိန်းကလေးများအတိုင်းပင် ဖြစ်ပြီး ဇာတ်လမ်းများကမူ အဆိုပါ ကာတွန်းများ၏ လိင်ဆက်ဆံနေသော ပြကွက်များကို တစ်တစ်ခွခွ ပြသထားသည်။ 
 
အခြား စင်တင်ရောင်းချနေသည့် ပစ္စည်းများမှာလည်း အလားတူချည်းသာ ဖြစ်သည်။ ၎င်းတို့ကို ဗြိတိန်၊ သြစတြေးလျနှင့် ကနေဒါ၊ ထိုပြင် အခြားနိုင်ငံ အများအပြားတွင် တင်သွင်း ဖြန့်ချိမှု မပြုရန် ဥပဒေအရ တင်းကြပ်စွာ ကန့်သတ်ခံထားရသကဲ့သို့ အချို့နိုင်ငံများတွင်မူ အငြင်းပွားနေဆဲ အနေအထား ဖြစ်သည်။
"ကလေးတွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားတာ မကောင်းမှန်း လူတိုင်းသိတယ်၊ ဒါပေမယ့် ဒီလို စိတ်ခံစားချက်မျိုးကိုတော့ လွတ်လပ်စွာ ခံစားနိုင်ခွင့်ရှိပါတယ်" ဟု အထက်ပါ ပွဲစီစဉ်သူက ဆိုသည်။
သူ၏ ပွင့်လင်းသော ဖွင့်ဟချက်ကို အတော် အံ့အား သင့်သွားရသည်။ ထို့နောက် သူက "Lolicon" ဟူသော စကားလုံးကို မိတ်ဆက်ပေးသည်။ Lolita Complex ၏ အတိုကောက် ဖြစ်သည်။ သွေးရင်းလိင်စပ်ယှက်မှု၊ မုဒိမ်းကျင့်မှုနှင့် အခြား လိင်မှုဆိုင်ရာ မကြားဝံမနာသာ အကြောင်းရပ် အဖုံဖုံကို ပြသသော ဇာတ်ကားများ၊ မဂ္ဂဇင်းများ၏ မန်ဂါဇာတ်ရုပ်များအနက်မှ ဇာတ်ရုပ်မလေး တကောင်ကို ဆိုလိုသည်။ 
 
"ကျွန်တော်က မိန်းမငယ်လေးတွေကို ဇာတ်ကောင်ထားတဲ့ ဖန်တီးမှုတွေ ကြိုက်တဲ့၊ Lolicon က ကျွန်တော့် အကြိုက်တွေထဲက တစ်ယောက်ပေါ့" ဟု သူက ဆိုသည်။
 
ထိုသို့ ပြောကြားစဉ် သူ၏ ဇနီးသည်က သူ့အနားမှာပင် ရှိနေသည်။ ထို့ကြောင့် ၎င်း၏ နှစ်ခြိုက်မှုအပေါ် ဇနီးသည်က မည်သို့ မြင်သနည်းဟု မေးရာ "ပြဿနာမရှိပါဘူး၊ သူလည်း ကောင်လေး ငယ်ငယ်လေးတွေကို ဇာတ်ကောင်းထားတဲ့ လိင်ဖျော်ဖြေရေး ဇာတ်ကားတွေ ကြိုက်တာပဲလေ" ဟု ပြန်ဖြေသည်။
ဂျပန်နိုင်ငံ၏ ကြီးမားလှသော မန်ဂါဈေးကွက်ကြောင့် ၀င်ငွေ နှစ်စဉ် ကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံအထိ ၀င်ငွေရှိသည်။ သို့သော်လည်း အငြင်းပွားမှုများကတော့ ရှိနေသည်။
 
ယမန်နှစ် ဇွန်လက ဂျပန်လွှတ်တော်တွင် ကလေးသူငယ်များ၏ လိင်စပ်ယှက်မှု ရုပ်ပုံများ ကန့်သတ်ပိတ်ပင် တားမြစ်ရန် မဲခွဲဆုံးဖြတ်ခဲ့ကြသည်။ ကမ္ဘာ့စီးပွား ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (OECD) သည် ယင်းရုပ်ပုံများ ထုတ်လုပ်ဖြန့်ချိသည့် လုပ်ငန်းများကို ၁၉၉၉ ခုနှစ်ကတည်းက ပိတ်ပင်တားမြစ်ခဲ့ခြင်း ဖြစ်သော်လည်း ဂျပန်သည် ယမန်နှစ်ကမှ နောက်ဆုံးအဖွဲ့ဝင်နိုင်ငံ ဖြစ်လာသည်။
အသက် ၁၈ နှစ်အောက် အရွယ် ကလေးများ၏ လိင်အသားပေးနှင့် စပ်ယှက်သည့် ပုံများကို လူအစစ်၏ ပုံရိပ်ဖြစ်စေ၊ ပန်းချီ၊ ကာတွန်းပုံရိပ်များ ဖြစ်စေ ဥပဒေအရ ပိတ်ပင်တားမြစ်ရန် OECD က တောင်းဆိုထားခြင်း ဖြစ်သည်။ သို့သော်လည်း ယမန်နှစ်က အချေအတင် ဖြစ်လာပြီးနောက် လွှတ်တော်က ပယ်ချရန် ဆုံးဖြတ်လိုက်သည်။ ထိုသို့ ဆုံးဖြတ်ခဲ့၍ ကလေးသူငယ်ဆိုင်ရာ ကာကွယ် စောင့်ရှောက်သူများနှင့် NGO အသီးအသီး (အထူးသဖြင့် ပြည်ပမှ) က ပြစ်တင် ရှုတ်ချလိုက်ကြသည်။ 
 
တိုကျိုမြို့ရှိ အာကီဟာဘာရာ ခရိုင်သည် မန်ဂါလောက၏ အချက်အခြာဖြစ်သည်။ မန်ဂါ စာအုပ်၊ မဂ္ဂဇင်းနှင့် DVD အစုံအပြင် ကလေးများဖြင့် အမှန်စင်စစ် ရိုက်ကူးထားသည့် ညစ်ညမ်းဇာတ်ကားအစုံကို ရနိုင်သည်။
"ကလေးတွေအတွက် စိတ်မကောင်းဘူး" ဟု ကလေးသူငယ်ဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေး လှုပ်ရှားဆောင်ရွက်သူ ကနာဂီရီက ပြောသည်။ 
 
"ဒီလိုလုပ်ရပ်တွေအတွက် ထိုက်သင့်တဲ့ အပြစ်ဒဏ် ချမှတ်ရမယ်၊ ဥပဒေအရ ပီပီပြင်ပြင်တားမြစ်ရမယ်၊ ဒါပေမဲ့ ရဲတပ်ဖွဲ့ကတော့ ဒါတွေ တခုမှု ဆောင်ရွက်မပေးဘူး" ဟု သူမက ဆက်ပြောသည်။
သို့ရာတွင် ကလေးသူငယ် လိင်စပ်ယှက်မှ ကာတွန်းနှင့် ညစ်ညမ်းခွေများ ပပျောက်ရေးကို မဆုတ်မနစ် ဆက်လက်ကြိုးပမ်းသွားမည်ဟု သူမက ဆိုသည်။
 
"ကျွန်မ ဒါတွေကို ပျောက်ကွယ်သွားစေချင်တယ်၊ ၂၀၂၀ မှာ ဂျပန်ဟာ အိုလံပစ်အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပချိန်အမီ ဂျပန်ကို ယဉ်ကျေးတဲ့ နိုင်ငံအဖြစ် ပြန်ပြောင်းဖော်ဆောင်သွားရမယ်" ဟု သူမက ရင်ဖွင့်သည်။ 
 
မန်ဂါပရိသတ်များဘက်ကမူ ပြင်းပြင်းထန်ထန် ဆန့်ကျင်မှုများ ရှိခဲ့သည်။ သို့ရာတွင် အိုလံပစ်လည်း နီးလာပြီ ဖြစ်၍ နိုင်ငံတကာက ဂျပန်ကို စောင့်ကြည့်လာသည်။ မန်ဂါနှင့် အန်နီမီတို့ကို ပြည့်ပြည့်၀၀ ဖိအားပေးလာစေရန်လည်း လှုပ်ရှားလာနေကြသည်။
 
ကျော်လင်းထွန်း
Ref: Why hasn't Japan banned child-porn comics? by James Fletcher (BBC)
News Watch(စောင့်ကြည့်သတင်းဂျာနယ်) 

မြောက်ကိုရီးယားတွင် ဆိုင်ဘာစစ်သား အင်အား ၆၀၀၀ရှိ

Posted by drmyochit Wednesday, January 07, 2015, under | No comments

ပြုံယမ်း 
 တောင်ကို ရီးယားနိုင်ငံ၏ စစ်တပ်နှင့် အဓိက အစိုးရ ဌာနများ၏ ကွန်ပြူတာ စနစ်များကို ထိုးဖောက် ဝင်ရောက်ကာ ဆိုင်ဘာ တိုက်ခိုက် မှုများ လုပ်ဆောင်သည့် ဆိုင်ဘာတပ်ဖွဲ့ ဝင် ၆၀၀၀ကို မြောက်ကို ရီးယားက စစ်တပ် အတွင်းမြုပ်နှံ ထားကြောင်းတောင် ကိုရီးယားနိုင်ငံက အခိုင် အမာပြောသည်။
မြောက်ကိုရီးယား တပ်မတော်ရှိ ဆိုင်ဘာစစ်သားများသည် တောင်ကိုရီးယားနိုင်ငံကို စိတ်ရော ရုပ်ရော ချည့်နဲ့ သွားအောင် ဆိုင်ဘာတိုက်ခိုက်မှုများကို တပ်ဖွဲ့  ဝင်အင်အား ၆၀၀၀ကို အသုံးပြုကာ လုပ်ဆောင် လျက် ရှိနေကြောင်း တောင်ကိုရီးယား ဝန်ကြီးဌာနက ဇန်နဝါရီ ၅ရက်က အစီရင်ခံစာထုတ်ပြန်ခဲ့သည်။
သို့သော်လည်း ယခု အတည်ပြု ချက်သည် မည်သည့် အချက် အလက် များပေါ် အခြေခံ၍ ထုတ်ဖော်ပြောခြင်း ဖြစ်သည်ကိုမူ ယင်းဝန်ကြီး ဌာနက အစီရင်ခံစာ တွင်ဖော်ပြ မထားပေ။
ယခု ထုတ်ပြန်လိုက်သည့် အစီရင်ခံစာအရ မြောက်ကိုရီးယား၏ ဆိုင်ဘာ တပ်ဖွဲ့ ဝင် အင်အားသည် ၂၀၁၃ခုနှစ်အတွင်းက တောင်ကို ရီးယား ကာကွယ်ရေးဝန် ကြီးဟောင်း ကမ်ကောင်းဂျင်က ထုတ်ဖော်ပြောခဲ့သည့် အင်အားထက် နှစ်ဆရှိနေခြင်း ဖြစ်သည်။ ကာကွယ်ရေးဝန်ကြီးဟောင်း ကမ်ကောင်းဂျင် ကမြောက်ကို ရီးယားနိုင်ငံ သည်ဆိုင်ဘာ တပ်သား ၃၀၀၀ဖြင့် ဆိုင်ဘာစစ်ပွဲများကို ဆင်နွှဲနေသည်ဟု ပြောခဲ့ခြင်းဖြစ်သည်။
မြောက်ကို ရီးယားတို့ က ၂၀၀၇ခုနှစ်မှ စတင်ကာ ထပ်တန်း ဆိုင်ဘာ တိုက်ခိုက်မှု အနည်းဆုံး ခြောက်ကြိမ်မျှ ဆင်နွှဲ ခဲ့သည်ဟု တောင်ကိုရီးယားက စွပ်စွဲထား သည်။ တောင်ကို ရီးယား စီးပွားရေး လုပ်ငန်း များနှင့် အစိုးရ ဌာနများမှ ကွန်ပျူတာ စနစ်များသို့ ထိုးဖောက် ဝင်ရောက် ခဲ့ကြောင်း၊ သို့ သော်လည်း တိုက်ခိုက် ထိုးဖောက်မှု အကြိမ်တော်တော် များများက အရေးရှုံးနိမ့်ကြောင်း တောင်ကိုရီးယားနိုင်ငံဖက် ကပြောသည်။
တောင်နှင့် မြောက် ကိုရီးယားနှစ်နိုင်ငံသည် ယာယီအပစ်ရပ်စာချုပ်ဖြင့် ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲ အဆုံးသတ်သွားခြင်းဖြစ်ရာ ငြိမ်းချမ်းရေး သဘော တူညီမှု စာချုပ် ချုပ်ဆိုထားနိုင်ခြင်း မရှိသေးသောကြောင့်  စစ်ရိပ်စစ်ငွေ့ မကင်းသေးသော စစ်ပွဲအတွင်းမှာပင် ရှိနေသေးသည့် နှစ်နိုင်ငံဖြစ်သည်။
လတ်တလောကာလတွင်လည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကို လုပ်ကြံသည့် ရုပ်ရှင်ကား ရိုက်ကူးထုတ်လုပ်ခဲ့သည့် ဆိုနီကုမ္ပဏီ ဆိုင်ဘာ တိုက် ခိုက်ခံရမှုနှင့် ပတ်သက်ပြီး အမေရိကန်နိုင်ငံက မြောက်ကိုရီးယားအပေါ် အပြစ်ပုံထားသည်။
အဆိုပါ ဆိုင်ဘာတိုက်ခိုက်မှုဖြစ်ပွားသွားပြီးနောက်တွင် မြောက်ကိုရီးယားအရာရှိများနှင့် စစ်တပ်နှင့် ပတ်သက်မှုရှိသည့် အဖွဲ့အစည်းများကို  ဒဏ်ခတ်ပိတ်ဆို့  မှုအသစ်များ ဇန်နဝါရီ ၂ရက်တွင် အမေရိကန်က ချမှတ်လိုက်သည်။
အမေရိကန်၏ ယခုကဲ့သို့ စွပ်စွဲပြောဆိုမှုကို မြောက်ကိုရီးယားနိုင်ငံက ငြင်းဆန်ထားသလို ဆိုနီကုမ္ပဏီ ဆိုင်ဘာတိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေး   ရေး ကို အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်သွားလိုသည်ဟု ကမ်းလှမ်းထားခဲ့သည်။
Ref: PRESS TV
မဇ္ဈိမ 

ဂျာမနီတွင် အစ္စလာမ်ဆန့်ကျင်ရေးခံစာချက်များမြင့်တတ်လာနေပြီး သီးခြားဆန်သည့် လူ့အဖွဲ့အစည်းများရှိနေဟု ပြည်ထဲရေးဝန်ကြီးပြော

Posted by drmyochit Wednesday, January 07, 2015, under | No comments

ဂျာမနီနိုင်ငံတွင် အစ္စလာမ်ဆန့်ကျင်ရေးလှုပ်ရှားမှုများ နိုးထလာနေချိန် ပြည်ထဲရေးဝန်ကြီးက ယင်းလှုပ်ရှားမှုများကို တိုက်ဖျက်ရန် ကတိသစ္စာပြုသော်လည်း ၎င်းတို့အနေနှင့် ထိတွေ့ဆက်ဆံရန် ခက်ခဲသည့် လူ့အဖွဲ့အစည်းများ ရှိနေကြောင်း ၀န်ခံပြောကြားလိုက်သည်။
 
“ကျွန်တော်တို့ရော၊ အခြားသူတွေရော မီဒီယာတွေအနေနဲ့ရော ကျွန်တော်တို့ ဂျာမနီနိုင်ငံ လူ့အဖွဲ့အစည်းထဲက အချို့လူစုတွေနဲ့ ကူးလူးဆက်ဆံဖို့ အခက်အခဲ ရှိနေတယ်၊ ကျွန်တော်ထင်တာ တခြားဒီမိုကရေစီနိုင်ငံတွေမှာလည်း ဒါမျိုးတွေ ရှိနေပါတယ်”ဟု သောမက်စ်ဒီမိုင်ဇီယာ က CNN မှ ခရစ္စတီယန်အန်မန်ပေါ ကို ပြောသည်။
 
ဂျာမနီ၌ “အနောက်ကမ္ဘာတွင် အစ္စလာမ်လွှမ်းမိုးလာမှု ဆန့်ကျင်သည့် မျိုးချစ်ဥရောပသားများအဖွဲ့”( Patriotic Europeans against the Islamization of the West - PEGIDA) က ဦးဆောင်၍ အစ္စလာမ်ဆန့်ကျင်ရေးဆန္ဒပြမှုများ အပတ်စဉ်ပြုလုပ်လျက်ရှိရာ လက်ယာအမျိုးသားရေးဝါဒ ပြန်လည်ဦးမော့လာမည့်အရေး စိုးရိမ်မှုများ ရှိနေသည်။
 
“ဘယ်စည်း ဘယ်ဘောင်ကို မကျော်ရဘူးဆိုတာကို PEGIDA အဖွဲ့က သိပါတယ်။ ဒါဟာ စိတ်ဝင်စားစရာပါ။ ဂျာမနီမှာ ဘယ်လိုကိစ္စမျိုးကို လုံးဝတာမြစ်ထားတယ်ဆိုတာ သူတို့သိတယ်။ နာဇီပါတီဂျာမနီလို ပါတီမျိုးတွေ ပေါ်ပေါက်လာစရာ မမြင်ပါဘူး၊ အခြားဥရောပနိုင်ငံတွေထက်စာရင် ကျွန်တော်တို့ဆီမှာ တော်သေးတယ် ပြောရမယ်။ ဒီကိစ္စရပ်တွေကို ကျွန်တော်တို့ ကောင်းစွာသတိပြုမိပါတယ်။ အဲဒီလို စိတ်ခံစားချက်တွေကို တိုက်ဖျက်သွားမှာပါ”ဟု ဂျာမနီပြည်ထဲရေးဝန်ကြီး သောမက်စ်ဒီမိုင်ဇီယာ က ပြောသည်။
 
ဥရောပတွင် အစ္စလာမ်လွှမ်းမိုးရန်ကြိုးပမ်းလာသည်ဟု မြင်သဖြင့် လမ်းပေါ်ထွက်သူများ တနေ့တခြား များပြားလာရာ ဂျာမန်အဓိပတိ အန်ဂယ်လာမာကဲလ် က ၎င်း၏ နှစ်သစ်ကူးမိန့်ခွန်းတွင် အဆိုပါလုပ်ရပ်များအား ရှုတ်ချပြောဆိုသွားခဲ့သည်။
 
သောမက်စ်ဒီမိုင်ဇီယာ က အန်ဂယ်လာမာကဲလ်၏ ပြောဆိုချက်ကို သဘောတူသည်ဟုဆိုသော်လည်း “ဒုက္ခသည်ခိုလှုံခွင့်ပေးတာတွေ အဆုံးသတ်မှာလား၊ အစ္စလာမ်ဟာ ကျွန်တော်တို့လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ဘယ်လောက်ရှိသလဲ” စသည့် အရေးတကြီးဖြေဆိုရမည့်မေးခွန်းများ လမ်းပေါ်ထွက်လာသူများထံတွင် ရှိနေကြောင်း ပြောသည်။
 
“အဲဒီမေးခွန်တွေကို ရင်ဆိုင်ရမှာပါ၊ အဖြေရှာရမှာပဲ။ သို့သော် အဖြေရှာတယ်ဆိုတဲ့နေရာမှာ PEGIDA အတွက်မဟုတ်ပါဘူး၊ ကျွန်တော်တို့အတွက် အဖြေရှာရမယ့် မေးခွန်းတွေဖြစ်နေလို့ပါ။ ကျွန်တော်တို့ အဲဒီမေးခွန်းတွေရဲ့ အဖြေကို လိုချင်ပါတယ်” ဟု ယင်းက ပြောသည်။
ဂျာမနီနိုင်ငံသည် တစတစ ပိုမိုအစ္စလာမ်ဆန်လာသည်ဟု ဂျာမန်လူမျိုး ၃၄% က ရှုမြင်ကြောင်း Der Speigel သတင်းစာ၏ စစ်တမ်းအရ သိရသည်။ ဂျာမန်ပြည်သူများအကြားဖြစ်ပေါ်လာသော အဆိုပါစိတ်ခံစားချက်များနှင့် ပတ်သက်၍ စိုးရိမ်မိကြောင်း ဂျာမနီပြည်ထဲရေးဝန်ကြီး က အန်မန်ပေါကို ပြောသည်။ အစ္စလာမ်ဆန့်ကျင်ရေးဆန္ဒပြမှုများ ၎င်းနေထိုင်ရာမြို့တွင် ဖြစ်ပွားနေသော်လည်း ဒေသဆိုင်ရာပြဿနာအဖြစ် ချဲ့ကားရှုမြင်ခြင်းမပြူရန်လည်း ၎င်းက ပြောသည်။
 
“တခြားမြို့တွေမှာလည်း အလားတူဆန္ဒထုတ်ဖော်တာတွေလုပ်ဖို့ ကြိုးစားနေကြပေမယ့် မအောင်မြင်ပါဘူး၊ ဒီအဖွဲ့တွေက လက်ယာအစွန်းရောက်တွေပါ”ဟု ၎င်းက ပြောသည်။ အိမ်ဖောက်ထွင်းမှု၊ မူးယစ်သောက်စားပြီး ယာဉ်မောင်းနှင်မှု၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု စသည့်ရာဇ၀တ်မှုများ ကျုးလွန်ခဲ့သူ PEGIDA ခေါင်းဆောင် လုဇ်ဘာ့ခ်မန်းအား အဘယ်ကြောင့် အဆိုပါဆန္ဒပြပွဲများအား ဦးဆောင်ခွင့်ပြုထားသနည်းဟု အာမန်ပေါ က ဂျာမနီပြည်ထဲရေးဝန်ကြီးအား မေးခဲ့သည်။
“ဒါဟာ မေခွန်းကောင်းပါ၊ ကျွန်တော်လည်း မသိဘူး။ သူ့ရဲ့လက်ထောက်က လုံခြုံရေးကုမ္ဗဏီတခုကို လုပ်ကိုင်နေတော့ သူတို့က ပွဲတွေလုပ်ဖို့ လူစုနိုင်တယ်၊ အဲဒီအဖွဲ့တွေထဲမှာမှ သူတို့ဟာ လက်ယာစွန်းအရောက်ဆုံးသူတွေ ဖြစ်တယ်၊ အဲဒီတော့ သူတို့ဟာ ဖွဲ့စည်းမှုအင်မတန်အားကောင်းပါတယ်၊ ဒါပေမယ့် လုဇ်ဘာ့ခ်မန်း၊ အဲဒီလူဟာ အခုလှုပ်ရှားမှုတွေရဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ ခေါင်းဆောင်မဟုတ်ဘူး၊ နောက်တယောက် ရှိပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။
“လွတ်လပ်တဲ့မည်သူမဆို ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်နိုင်ပါတယ်၊ ဆန္ဒပြပွဲတွေဆိုတာ ကျွန်တော်တို့ရဲ့ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတခုပါ” ဟု ဂျာမနီပြည်ထဲရေးဝန်ကြီး သောမက်စ်ဒီမိုင်ဇီယာ က ပြောသည်။
 
လက်ရှိတွင် ဂျာမနီနိုင်ငံသည် စက်မှုဖွံ့ဖြိုးပြီး နိုင်ငံများအကြား ဒုက္ခသည် လက်ခံမှု အများဆုံးနိုင်ငံ တခုဖြစ်သည်ဟု UNHCR ၏ သတင်းအချက်အလက်အရ သိရသည်။
 
“ဒါဟာ ကျွန်တော်တို့အားလုံးအတွက် ကြီးမားတဲ့စိန်ခေါ်မှုတခုဖြစ်ပါတယ်၊ တဆင့်ခံ ဖြတ်သန်းတဲ့ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ရမယ်၊ ဒီရာဇ၀တ်ကောင်တွေကို ရှင်းပစ်ရမယ်၊ ခင်ဗျား မြင်ဖူးပါလိမ့်မယ် ရာဇ၀တ်ဂိုဏ်းတွေရဲ့ သင်္ဘောကြီးတွေကို၊ အဲဒီသင်္ဘောကြီးတွေပေါ်မှာ ဒုက္ခသည် ၇၀၀ လောက် တင်လာတယ်၊ သူတို့က သင်္ဘောတစီးကို ဒေါ်လာ ၅သန်းလောက် ၀င်ငွေရနေတာ”
“မနှစ်က အဲဒီရာဇ၀တ်ဂိုဏ်းတွေရဲ့ ၀င်ငွေက ၅-၆ ဘီလီယံလောက် ရှိတယ်လို့ကြားတယ်၊ သူတို့ကို တိုက်ဖျက်ဖို့လိုတယ်၊ မဟုတ်ရင် ဒီဒုက္ခသည် ၀င်ရောက်မှုအခြေအနေကို ကျွန်တော်တို့ နိုင်နင်းစွာ ကိုင်တွယ်နိုင်မယ် မဟုတ်ဘူး၊ ဒုက္ခသည်စစ်စစ်တွေကို ကြိုဆိုလက်ခံလာအောင် ကျွန်တော်တို့ ပြည်သူတွေကို ပြင်ဆင်ပေးရမှာဖြစ်ပြီး လူကုန်ကူးရာဇ၀တ်ဂိုဏ်းတွေကိုတော့ တိုက်ဖျက်ရမှာ ဖြစ်ပါတယ်” ဟု သောမက်စ်ဒီမိုင်ဇီယာ က ပြောသည်။
Ref;Amanpour blog
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ပြင်သစ် မဂ္ဂဇင်းတိုက်ထဲ သေနတ်နဲ့ဝင်ပစ်၊ ၁၂ဦးသေဆုံး

Posted by drmyochit Wednesday, January 07, 2015, under | No comments


ဇန်န၀ါရီ ၇။ ။ ပြင်သစ် သရော်စာမဂ္ဂဇင်းဖြစ်တဲ့ ချာလီဟက်ဘ်ဒို ရဲ့ ပဲရစ် ရုံးခန်းထဲကို မျက်နှာဖုံးစွပ် သေနတ်သမား နှစ်ယောက်ထက်မနည်းက ဝင်ရောက်တိုက်ခိုက်လို့ ၁၂ဦးသေဆုံးပြီး ၇ဦးဒဏ်ရာရခဲ့တယ် လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

ယင်းသေနတ်သမားတွေဟာ မဂ္ဂဇင်းတိုက်ထဲကို မောင်းပြန်ရိုင်ဖယ်သေနတ်တွေနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ကြပြီး အပြင်ဘက်လမ်းမပေါ်မှာလည်း ရဲတွေနဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ကြကာ ကားနဲ့ထွက်ပြေးလွတ်မြောက်သွား တယ်လို့လည်း သိရပါတယ်။
ပစ်ခတ်နေစဉ်အတွင်း သေနတ်သမားတွေဟာ “ တမန်တော် အတွက် လက်စားချေတာ ” လို့ အော်ဟစ်ခဲ့ကြတယ်လို့လည်း မျက်မြင်သက်သေတွေက ဆိုပါတယ်။
ပြင်သစ် သမ္မတ ဖရန်ဆွာအော်လန်းက အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဆိုတာ သံသယရှိစရာမလိုဘူးလို့ ပြောပါတယ်။

ယင်းမဂ္ဂဇင်းရဲ့ တွစ်တာအကောင့် နောက်ဆုံးပို့စ်က အစ္စလာမ္မစ်စတိတ်အဖွဲ့ ခေါင်းဆောင် အဘူဘေကာ အယ်လ်ဘက်ဒါဒီ ရဲ့ ရုပ်ပြောင်ကာတွန်းပုံ တစ်ပုံဖြစ်ပါတယ်။ အဆိုပါ အပတ်စဉ်ထုတ် သရော်စာ မဂ္ဂဇင်း ဟာ အရင်ကလည်း အငြင်းပွားဖွယ်ရာအကြောင်းအရာတွေကို ဖော်ပြခဲ့ဖူးတဲ့ အစဉ်အလာရှိပါတယ်။ ၂၀၁၁ ခုနှစ် နိုဝင်ဘာလကလည်း တမန်တော် မိုဟာမက် ရဲ့ ကယ်ရီကေးချား ရုပ်ပုံကို ဖော်ပြခဲ့ပြီး တစ်ရက်အကြာ မှာ မဂ္ဂဇင်းတိုက်ကို မီးလောင်ဗုံးနဲ့ အပစ်ခံရခဲ့ပါတယ်။

ပြင်သစ်ရဲတပ်ဖွဲ့ကတော့ မီဒီယာတွေကို သတိအနေအထားနေကြဖို့ တပ်လှန့်ထားပြီး လုံခြုံရေးတွေ အာရုံစိုက် လုပ်ဆောင်နေပါတယ်။ ပြင်သစ် ကက်ဘိနက်ဝန်ကြီးတွေကိုလည်း သမ္မတက အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ မဂ္ဂဇင်းတိုက်က စာနယ်ဇင်းသမားတွေ ပါဝင်တယ်လို့သိရပြီး ရဲတပ်ဖွဲ့ဝင်တချို့လည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။


Ref: BBC. Jan 7 2015
Kumudra

Tuesday, January 06, 2015

ဘော်စတွန်မာရသွန်ဗုံးကွဲမှု တရားခွင် စစ်ဆေးရေး စတင်

Posted by drmyochit Tuesday, January 06, 2015, under | No comments

အမေရိကန်နို်င်ငံက ဘော်စတွန်မာရသွန်ဗုံးကွဲမှု လက်သည်တရားခံလို့ စွပ်စွဲခံထားရတဲ့ ချေချင်းညာလူမျိုး အမေရိကန်နိုင်ငံသား ဂျိုခါ ဇာနေ့ဗ်ကို လက်ရွေးစင်တရားသူကြီးတွေက တရားခွင်မှာ စစ်ဆေးမှုကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၅ ရက်နေ့က စတင်လိုက်ပါတယ်။

၂၀၁၃ ခုနှစ် ဧပြီ ၁၅ ရက်နေ့က မာရသွန်ပြိုင်ပွဲ ပန်းဝင်စည်းအနားမှာ ထောင်နဲ့ ချီတဲ့ လူအုပ်ထဲ အိမ်လုပ် ဗုံးဖောက်ခွဲမှုမှာ  လူ ၃ ဦး သေဆုံးပြီး  အယောက် ၂၆၀ ကျော် ဒဏ်ရာရခဲ့တာပါ။

ဒီအတွက် ပြစ်မှုထင်ရှားရင် အသက် ၂၁ နှစ်အရွယ် ဇာနေ့ဗ်ဟာ သေဒဏ်ကို ရင်ဆိုင်ရ နိုင်ပါတယ်။

ဗုံးခွဲအပြီး ၄ ရက်အကြာမှာ သူကို ဖမ်းမိတာပါ။ ရှေ့နေတွေကတော့ သူနဲ့ အသက် ၂၆ နှစ်အရွယ် သူအကိုတို့ဟာ တက္ကသို်လ်ရဲအရာရှိတယောက်ကိုလဲ ပစ်သတ်ခဲ့သေးတယ်လို့ ပြောပါတယ်။ သူ့အကိုကတော့ ရဲတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုအတွင်း သေဆုံးခဲ့တာပါ။

ဇာနေ့ဗ်ကတော့ သူအပေါ် စွဲဆိုထားတဲ့ စုစုပေါင်းစွဲချက် ၃၀ ကို အပြစ်မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။

သူအမှုကို စစ်ဖို့ တရားသူကြီး ရွေးချယ်ရာမှာလဲ ဘာမှ မပြောခဲ့ပါဘူး။ အမေရိကန်ကို ပြောင်းရွှေ့ အခြေချတဲ့ သူတို့ညီအကိုဟာ မွတ်စလင်တွေပါ။ ရှေ့နေတွေရဲ့ အဆိုအရ ဇာနေ့ဗ်ဟာ သူတို့ပုန်းအောင်းနေခဲ့တဲ့ လှေထဲမှာ စာတစောင် ရေးထားခဲ့တယ်လို့ ဆိုပါတယ်။

စာထဲမှာတော့ အမေရိကန်အစိုးရက ကျနော်တို့ရဲ့ အပြစ်မဲ့အရပ်သားတွေကို သတ်နေတယ် ဒီမကောင်းဆိုးဝါးတွေ အပြစ်ပေးမခံရဘဲ ဖြစ်နေတာကို ကြည့်မနေနိုင်ဘူးလို့ ရေးထားတယ်လို့ တရားရုံး စာရွက်စာတမ်းတွေက ဆိုပါတယ်။

DVB

ပျက်ကျ AirAsia ၏ လေယာဉ်အမြီးပိုင်းဟု ယူဆရသည့် အစိတ်ပိုင်း တွေ့ရှိ

Posted by drmyochit Tuesday, January 06, 2015, under | No comments

၂၀၁၄ ဒီဇင်ဘာ ၂၉ ရက်နေ့က အင်ဒိုနီးရှားရေတပ်၏ လေယာဉ်တစီးမှ လေယာဉ်မှူးများ ပျက်ကျ AirAsia ရှာဖွေရေး ပြုလုပ်နေစဉ် (ဓာတ်ပုံ – Reuters / Antara)

ပျောက်ဆုံးနေသည့် AirAsia Flight QZ8501 လေယာဉ်မှ အမြီးပိုင်းဟု ယူဆရသည့် အရာတခုကို အင်ဒိုနီးရှား ရေတပ်ကင်းလှည့် သင်္ဘောတစီးက ဇန်န၀ါရီလ ၅ ရက်နေ့တွင် တွေ့ရှိခဲ့သည်ဟု အဆိုပါ သင်္ဘော၏ ကပ္ပတိန်က ပြောသည်။ လေယာဉ်ပျက်ကျရခြင်း အကြောင်းရင်းကို စုံစမ်းဖော်ထုတ်ရာတွင် အရေးကြီးသည့် Black Box နှင့် ပျံသန်းရေး အချက်အလက်များ မှတ်သားသည့် ကိရိယာတို့ကို လေယာဉ်အမြီးပိုင်းတွင် တပ်ဆင်ထားလေ့ရှိသည်ဟု သိရသည်။
 
“လေယာဉ်ရဲ့အမြီးပိုင်း ဖြစ်နိုင်ခြေ အလွန်များတဲ့ အရာတခုကို ကျနော်တို့ တွေ့ခဲ့ပါတယ်” ဟု ကင်းလှည့်သင်္ဘော၏ ကပ္ပတိန် Yayan Sofyan က သတင်းထောက်များကို ပြောကြားခဲ့သည်။ သို့သော်လည်း အင်ဒိုနီးရှား ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အေဂျင်စီက ယင်းတွေ့ရှိမှုကို အတည်ပြုပေးခြင်း မရှိသေးပါ။ ဇန်န၀ါရီလ ၅ ရက်နေ့က လှိုင်းလေငြိမ်သက် နေသည့်အချိန်တွင် အင်ဒိုနီးရှားရေတပ်မှ ရေငုပ်သမားများက ပျောက်ဆုံးလေယာဉ်၏ အပျက်အစီးများဟု ယူဆရသည့် အရာဝတ္ထုများကို ခွဲခြားနိုင်ရန် လုပ်ဆောင်ရင်း ထိုသို့ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ပျောက်ဆုံးလေယာဉ်၏ Black Box မှ သင်္ကေတ ထုတ်လွှင့် အချက်ပြမှုကိုမူ ရရှိခဲ့ခြင်း မရှိကြောင်းလည်း သိရသည်။
 
ဇန်န၀ါရီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် အလောင်း ၃ လောင်းကို ထပ်မံဆယ်ယူနိုင်ခဲ့သဖြင့် ယခုအချိန်အထိ လေယာဉ်ပေါ်တွင် လိုက်ပါသွားသူ ၁၆၂ ဦးထဲမှ ၃၇ လောင်းကို ပြန်လည်ရရှိခဲ့ပြီး ဖြစ်သည်။ အလောင်းများနှင့် အပျက်အစီးများကို ရှာဖွေနေသည့် လေယာဉ်နှင့် သင်္ဘောများကလည်း ၎င်းတို့၏ ရှာဖွေရေး ဧရိယာကို ပိုမိုတိုးချဲ့ ရှာဖွေခဲ့ကြသည်။
 
အင်ဒိုနီးရှားနိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့ဖြစ်သည့် Surabaya မှ စင်ကာပူသို့ ပျံသန်းထွက်ခွာသွားသည့် AirAsia လေကြောင်းလိုင်းမှ ခရီးစဉ် အမှတ် QZ8501 လေယာဉ်ပျောက်ဆုံးသွားခဲ့သည်မှာ ၁၀ ရက်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည့် ယခုအချိန်တွင် ရှာဖွေရေး ဧရိယာကို ပိုမိုတိုးချဲ့လာခဲ့သည်။ ကမ်းရိုးတန်း ဒေသများတွင်လည်း ရဟတ်ယာဉ်များဖြင့် ရှာဖွေနေကြသည်။
 
ဒီဇင်ဘာလ ၂၈ ရက်နေ့က အဆိုပါလေယာဉ် ပျက်ကျခဲ့ရခြင်းသည် ရာသီအလိုက် ဖြစ်ပေါ်နေသည့် အပူပိုင်း မုန်တိုင်းများကြောင့်လည်း ဖြစ်နိုင်သည်ဟု အင်ဒိုနီးရှား မိုးလေ၀သဌာနက ပြောသည်။ ပြင်းထန်သော ရာသီဥတုကြောင့် ခရီးသည်တို့၏ အလောင်းများကို ရှာဖွေဆယ်ယူရန်နှင့် မည်သည့်အတွက်ကြောင့် လေယာဉ်ပင်လယ်ပြင်တွင်းသို့ ပျက်ကျခဲ့ရသည်ကို ဖော်ပြပေးနိုင်မည့် Black Box နှင့် ပျံသန်းရေး မှတ်တမ်းများကို ရှာဖွေရန် အခက်အခဲ ဖြစ်နေသည်ဟု သိရသည်။
 
အဓိက ဦးစားပေး ရှာဖွေသည့်နေရာသည် ဘော်နီယိုကျွန်း ကမ်းရိုးတန်းမှ ရေမိုင် ၉၀ အကွာတွင် ဖြစ်ပြီး အဆိုပါနေရာတွင် လေယာဉ် အပျက်အစီးများဟု ယူဆရသည့် ကြီးမားသော အရာဝတ္ထု ၅ ခုကို တွေ့ရှိခဲ့ရသည်။ အကြီးဆုံး အရာဝတ္ထုမှာ ၅၉ ပေခန့် ရှည်လျားသည်။ 
 
၎င်းတို့ကို ရေယာဉ်များက ရေတိမ်ပိုင်းတွင် ဆိုနာကိရိယာကို အသုံးပြု၍ ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အရာဝတ္ထုများထဲမှ တခုသည် နစ်မြုပ်နေသော သင်္ဘောတစီး ဖြစ်သည်ဟုလည်း ဇန်န၀ါရီလ ၅ ရက်နေ့တွင် သတင်းများ ထွက်ပေါ်ခဲ့သည်။ ပျံသန်းရေးမှတ်တမ်းတင် ကိရိယာများအားလုံးသည် Airbus အမျိုးအစား လေယာဉ်၏ အမြီးပိုင်းတွင် ရှိနေသော်လည်း ရေ ရေအောက်ကြမ်းပြင်တွင် တွေ့ရှိရသော အပျက်အစီးများထဲတွင် အမြီးပိုင်း ပါဝင်နေခြင်းရှိ မရှိကလည်း မသေချာသေးကြောင်း သိရသည်။  ရှာဖွေရေးတွင် နိုင်ငံအများအပြားမှ ပူးပေါင်းပါဝင်ခဲ့ရာတွင် အမေရိကန်နှင့် ရုရှားနိုင်ငံတို့လည်း အပါအ၀င်ဖြစ်သည်။
 
အင်ဒိုနီးရှား မိုးလေ၀သဌာန၏ ၀က်ဘ်ဆိုက်ဖြစ်သည့် BMKG ၌ ကနဦးဖော်ပြခဲ့သည့် အစီရင်ခံစာတခုတွင် လေယာဉ်က မုန်တိုင်းတိမ်တိုက်များ အတွင်းသို့ တိုးဝင်ပျံသန်းခဲ့ပြီးနောက် ရာသီဥတု အခြေအနေကြောင့် အောက်သို့ ပြုတ်ကျခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဖော်ပြခဲ့သည်။
 
“လေယာဉ်နဲ့ နောက်ဆုံး အဆက်အသွယ် ရရှိခဲ့တဲ့ နေရာနဲ့ပတ်သက်လို့ ရရှိနိုင်သမျှ အချက်အလက်တွေကို အခြေခံပြီး ပြောရမယ်ဆိုရင် ပျက်ကျရခြင်း အကြောင်းတခု ဖြစ်ပါတယ်။ ရာသီဥတုအရ အဖြစ်နိုင်ဆုံး သဘာဝဖြစ်စဉ် အရဆိုရင် လေယာဉ်ရဲ့ ကိုယ်ထည်ပေါ်မှာ စိုထိုင်းအေးခဲမှုကြောင့် အင်ဂျင်ကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါက ရရှိထားတဲ့ မိုးလေ၀သ သတင်းအချက်အလက်တွေကို အခြေခံပြီးတော့ ဆန်းစစ်ထားတဲ့ ဖြစ်နိုင်ချေတွေထဲက တခုပဲဖြစ်ပါတယ်” ဟု အဆိုပါ အစီရင်ခံစာက ဆိုသည်။
ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အေဂျင်စီ အကြီးအကဲ Bambang Soelistyo က ရေငုပ်အဖွဲ့ကို စေလွှတ်ရန်စီစဉ်ထား သော်လည်း ရေအောက်ကြမ်းပြင်တွင် လုံးဝ မှောင်မဲနေသည်ဟု ဇန်န၀ါရီလ ၄ ရက်နေ့တွင် ပြောကြားခဲ့သည်။ ရေစီးကြောင်းကြောင့် အပျက်အစီးများ မျောပါသွားနိုင်သည့်အတွက် ဘော်နီယိုကျွန်းပေါ်မှ မြို့တမြို့ဖြစ်သည့် Pangkalan Bun ၏ အနောက်တောင်ဘက် ပင်လယ်ပြင်တွင် အဓိကထား၍ ရှာဖွေနေခြင်းကို အရှေ့ဘက်သို့ တိုးချဲ့ခဲ့ကြောင်းလည်း သူက ပြောသည်။
 
ရှာဖွေရေးလုပ်ငန်းသည် လေယာဉ်ပေါ်တွင် လိုက်ပါသွားသူများ၏ အလောင်းများကို ပြန်လည် တွေ့ရှိနိုင်ရေးကို ဦးစားပေး ဆောင်ရွက်ခဲ့သည်။ လေယာဉ်ပေါ်တွင် အင်ဒိုနီးရှားနိုင်ငံသား ၁၅၅ ဦး၊ တောင်ကိုရီးယားနိုင်ငံသား ၃ ဦး၊ စင်ကာပူ နိုင်ငံသား ၁ ဦး၊ ဗြိတိန် နိုင်ငံသား ၁ ဦးနှင့် တွဲဖက်လေယာဉ်မှူး ပြင်သစ်နိုင်ငံသား Remi Plesel တို့ လိုက်ပါသွားကြသည်။
လေကြောင်းမှ ရှာဖွေရေးတွင် ပါဝင်ဆောင်ရွက်နေသည့် အင်ဒိုနီးရှား လေယာဉ်မှူး Setiawan က ပင်လယ်တွင်းတွင် မျောပါနေသည့် အလောင်း ၃ လောင်းကို ဇန်န၀ါရီလ ၄ ရက်နေ့ မနက်ပိုင်းက လေယာဉ်ပေါ်မှ မြင်တွေ့ခဲ့ရသည်ဟု အင်ဒိုနီးရှား ရုပ်သံလိုင်းသို့ ပြောဆိုသည်။
 
အင်ဒိုနီးရှား အစိုးရက AirAsia လေကြောင်းလိုင်း၏ ပျံသန်းရေး စည်းကမ်းချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရန် ကတိပြုခဲ့သည်။ ခရီးစဉ် အမှတ် QZ8501 သည် ပျက်ကျခဲ့သည့်အချိန်တွင် ခွင့်ပြုချက်မရှိသည့် အစီအစဉ်ဖြင့် ပျံသန်းနေခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။ ယခုအချိန်တွင် Surabaya-Singapore ခရီးစဉ်ကို ပျံသန်းခြင်းမပြုရန် လေကြောင်းလိုင်းကို တားမြစ်ထားပြီး ဖြစ်သည်ဟု သိရသည်။
သို့သော်လည်း စင်ကာပူ အရပ်ဘက်လေကြောင်း အုပ်ချုပ်ရေး အဖွဲ့ကမူ လေကြောင်းလိုင်း၏ ဇန်န၀ါရီလ ၄ ရက်နေ့ ခရီးစဉ်ကို ၎င်းတို့ဘက်မှ ခွင့်ပြုချက်ပေးခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။ မလေးရှား အခြေစိုက် AirAsia လေကြောင်းလိုင်း အနေဖြင့် စတင်ပျံသန်းရမည့်နေရာမှ ခွင့်ပြုချက်မရှိဘဲ မည်ကဲ့သို့ ပျံသန်းလိမ့်မည် ဆိုသည်မှာ ရှင်းလင်းခြင်း မရှိသေးပါ။
 
ပျံသန်းထွက်ခွာခြင်း မပြုမီ QZ8501 ၏ လေယာဉ်မှူးက မုန်တိုင်းကို ရှောင်ရှားနိုင်ရေးအတွက် သတ်မှတ်အမြင့်ပေ၏ အထက်တွင် ပျံသန်းခွင့်ပြုရန် ခွင့်ပြုချက် တောင်းခံခဲ့သော်လည်း ၎င်း၏ အထက်တွင် တခြားလေယာဉ်များ ရှိနေသဖြင့် ပျံသန်းရန် ခွင့်ပြုချက် မရရှိခဲ့ဟု အင်ဒိုနီးရှား လေကြောင်းထိန်းသိမ်းရေး ဌာန (AirNav) ၏ အဆိုအရသိရသည်။
 
အဆက်အသွယ် ပြတ်တောက်မသွားမီ လေယာဉ်မှူး Iriyanto က မုန်တိုင်း အန္တရယ်ကို ရှောင်နိုင်ရန် လမ်းကြောင်းပြောင်းလဲ ပျံသန်းလိုသည်ဟု ထိန်းချုပ်ရေး မျှော်စင်သို့ ပြောကြားခဲ့သည်။ ထို့နောက် ကွင်းမှ ထွက်ခွာသွားပြီး မိနစ် ၄၀ ကြာသည့် အချိန်တွင် အဆက်အသွယ်အားလုံး ပြတ်တောက်သွားခဲ့သည်။ လေယာဉ်မှူး Iriyanto သည် အတွေ့အကြုံ ရင့်ကျက်သော စစ်ဘက်လေယာဉ်မှူးဟောင်းတယောက် ဖြစ်ကြောင်းလည်း သိရသည်။
 
ကိုးကား – Reuters, Guardian, Daily Telegraph
ဧရာဝတီ

အ၀တ်ဗလာ နဲ့ အပန်းဖြေရတဲ့ ကမ်းခြေမှာ အမျိုးသမီးတွေကို တိတ်တခိုး ဗီဒီယို ရိုက်ယူနေတဲ့ အမျိုးသား

Posted by drmyochit Tuesday, January 06, 2015, under | No comments


အ၀တ်ဗလာ နဲ့ အပန်းဖြေရတဲ့ ကမ်းခြေမှာ စုံတွဲတွေနဲ့ အမျိုးသမီးတွေကို တိတ်တခိုး ဗီဒီယို ရိုက်ယူနေတဲ့ အမျိုးသားတစ်ဦးကို လူတစ်စုက သတိထားမိခဲ့ပြီး ရဲကို အကြောင်းကြား ဖမ်းဆီးစေခဲ့ပါတယ်။

သြစတြေးလျ နိုင်ငံ ၊ Adelaide’s Maslin ကမ်းခြေမှာ မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရ မီးခိုးရောင် ဆံပင်ရှိပြီး တက်တူးတွေရှိတဲ့ အမျိုးသားတစ်ဦးဟာ သူကိုယ်တိုင်လည်း အ၀တ်ဗလာနဲ့ လာရောက် အပန်းဖြေနေပြီး ရေခဲပုံးတစ်ပုံးကို ကိုင်ဆောင်ထားပါတယ်။

ထိုရေခဲပုံးထဲမှာတော့ ကင်မရာတစ်လုံးကို လျှို့ဝှက်စွာ ထည့်ထားပြီး စုံတွဲတွေနဲ့ အမျိုးသမီးတွေကို ဗီဒီယို ခိုးရိုက်နေခဲ့ရာ ဒါကို ဖြတ်သန်းသွားတဲ့ အမျိုးသမီးတစ်ယောက်က တွေ့ရှိသွားပြီး သူမရဲ့ သူငယ်ချင်းတွေကို သတင်းပေးခဲ့တာဖြစ်ပါတယ်။

ထို သြစတြေးလျနိုင်ငံ Adeleaide’s Maslin ကမ်းခြေဟာ ၁၉၇၅ ခုနှစ်ကတည်းက သြစတြေးလျ ရဲ့ ပထမဆုံး အ၀တ်ဗလာနဲ့ အပန်းဖြေရတဲ့ ကမ်းခြေ အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

Ref:mirror.co.uk
Trend Myanmar

နာမည်ကြီး Cadbury ချောကလက်ထဲ၌ ပိုးဖလံ တွေ့ရှိ

Posted by drmyochit Tuesday, January 06, 2015, under | No comments


(လန်ဒန်၊ ဒီဇင်ဘာ ၂၉)
 
 အင်္ဂလန်နိုင်ငံ မြောက်ပိုင်း ယောက်ခ်ရှိုင်းယားနေ ခရေ့(ခ်ျ) ဘရောင်း ဆိုသူသည် စတိုးဆိုင်မှ Cadbury ချောကလက်နှစ်တောင့် ဝယ်ယူခဲ့ရာ ချောကလက်ထဲ၌ ပိုး ဖလံအသေကောင် ပါဝင်လာသည် ကို အံ့အားသင့်စွာ တွေ့ရှိခဲ့ရသည်။
 
 အသက် ၂၁ နှစ်အရွယ် ဘ ရောင်းသည် ၄င်းချစ်သူ၏ကလေး နှစ်ယောက်အတွက် ချောကလက် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး Cadbury ကုမ္ပဏီသို့ ဆက်သွယ်အကြောင်း မကြာခင် ဓာတ်ပုံရိုက်ယူထားခဲ့ သည်။
”ကျွန်တော် ဒီချောကလက် ကို စတိုးဆိုင်က ဝယ်လာတာပါ။ ကံကောင်းစွာပဲ ကလေးတွေကို မကျွေးခင် ကျွန်တော် ဖောက်လိုက် တော့ အထဲမှာ ပိုးဖလံ အသေ ကောင် ပါနေတာကို တွေ့ရတယ်။ အစက ချောကလက် ထဲက အဆာ ထင်နေ တာ။ သေချာကြည့် မှ ပိုးဖလံကောင်ဖြစ် နေတယ်”ဟု ၄င်းက ဆိုသည်။
 
ယင်းကိစ္စနှင့်ပတ်သက် ၍ Cadbury ကုမ္ပဏီမှ တာဝန်ရှိသူ က ”မစ္စတာဘရောင်း တော်တော် စိတ်ပျက် သွားမှာပဲ။ ဒီအထုပ်ကို ကျွန်တော် တို့ဆီ ပြန်ပို့ပေး လို့ ရပါ တယ်။ ဒါမှ ဘာ့ ကြောင့်ဖြစ်ရတယ် ဆိုတာ စုံစမ်းနိုင်မှာပါဟု ပြောကြား ခဲ့သည်။
 
TW
Ref: mirror.co.uk
Popular Myanmar

ရုရှားစစ်တပ်တွင် အမှုထမ်းရန် နိုင်ငံခြားသားများကို ငှားရမ်းသွားမည်

Posted by drmyochit Tuesday, January 06, 2015, under | No comments


စစ်သားများအဖြစ် ရုရှားစစ်တပ်တွင် အနည်းဆုံးငါးနှစ် တာဝန်ထမ်းဆောင်ရန် ရုရှားစကားပြော တတ် သည့် နိုင်ငံခြားသားများအား ငှားရမ်းခေါ်ယူနိုင်သည့် အမိန့်ဒီကရီတစ်ရပ်ကို ရုရှားသမ္မတ ဗလာဒီမာပူတင် က ဇန်နဝါရီလ ၅ ရက်တွင် ထုတ်ပြန်လိုက် သည်။ နိုင်ငံခြားသား စစ်သားသစ်များမှာ ဆိုဗီယက် အုပ်စုဝင်ဟောင်း ဗဟိုအာရှသမ္မတနိုင်ငံများမှ ဖြစ်မည်ဟု မျှော်လင့်ရသည်။
ရုရှား အပါအဝင် နိုင်ငံခြားတပ်ဖွဲ့ များသည် ယူကရိန်းတွင် တိုက်ပွဲဝင်နေကြသည်ဟု သတင်းများ ထွက်ပေါ်နေသော် လည်း ရုရှားနိုင်ငံက ၎င်း၏ တပ်ဖွဲ့ဝင်များကို ယူကရိန်းသို့ ပို့ဆောင်ခြင်းမရှိဟု ငြင်းဆိုထားသည်။
ရုရှားနိုင်ငံက အရှေ့ ယူကရိန်းဒေသ ခွဲထွက်ရေးသူပုန်များ သို့ လက်နက်ကြီး များနှင့် ကောင်းစွာ လေ့ကျင့် ထားသည့် တပ်ဖွဲ့ဝင် များ ပေးပို့နေသည်ဟု ယူကရိန်းနှင့် အနောက်အုပ်စုတို့ က စွပ်စွဲထားသည်။
ပူတင်၏ ယခုအမိန့် ထုတ်ပြန်ချက်သည် ရုရှားစစ်တပ် စွမ်းရည်မြှင့်တင်ရေးအတွက် လုပ်ဆောင်ချက် တစ်ရပ် ဖြစ်သော်လည်း ဆိုဗီယက်အုပ်စုဝင် နိုင်ငံဟောင်းများနှင့် ရုရှားတို့ ၏ ဆက်ဆံရေးမှာ သံတမန်အရှုပ်အထွေးများ ရှိနေကြောင်း ဘီဘီစီ စစ်ရေးလေ့လာသူ ဂျွန်နသန်မားကတ်စ်က ပြောသည်။
ယင်းအမိန့် ထုတ်လိုက်ခြင်းဖြင့် ရုရှားနယ်စပ်များတွင် တပ်ဖြန့် ချထားသည့် တပ်မများအတွက် တပ်သား သစ်စုဆောင်းရေးကို တရားဝင် လွယ်ကူစွာ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ရုရှားစစ်ရေးပညာရှင်ပါဗေးနှင့် အလက်ဇန္ဒြားဂေါ့ဖ်တို့ နှစ်ဦးစလုံးက ဘီဘီစီသို့ ပြောသည်။
"အရင်က စစ်မှုထမ်းချင်ကြတယ်ဆိုရင် ရုရှားနိုင်ငံသားဖြစ်ရမယ်။ ဒါမှမဟုတ် နိုင်ငံသားဖြစ်ကြောင်း စာရွက်စာတမ်းတွေရှိမှ စစ်မှုထမ်းခွင့် ရမယ်။ အခုအမိန့် အရတော့ နိုင်ငံသားမဖြစ်လည်း စစ်တပ်တွင်းမှာ တရားဝင် စစ်မှုထမ်းခွင့်ရပါပြီ။"ဟု ပါဗေးကပြောခဲ့သည်။
စီးပွားရေးကျပ်တည်းနေသည့် ယခုကာလအချိန်အတွင်း နိုင်ငံခြားသား စစ်သားများအနေဖြင့် ရုရှား တပ်မတော် အတွင်း ဝင်ရောက် စစ်မှုထမ်းပါက လစာ ရူပီး ၃၀၀၀၀(အမေရိကန်ဒေါ်လာ ၅၀၀) ရရှိမည်ဖြစ်ပြီး နိုင်ငံသားဖြစ်ခွင့်လည်း မျှော်လင့်၍ ရကြောင်း အလက်ဇန္ဒြားဂေါ့ဗ်က ဖြည့်စွက်ပြောခဲ့သည်။
Ref: BBC
Mizzima

Tuesday, September 23, 2014

အမေရိကန်လေကြောင်းတိုက်ခိုက်မှုကြောင့် အိုင်အက်စ်တပ်များ အခြေစိုက်စခန်းများပျက်စီး

Posted by drmyochit Tuesday, September 23, 2014, under | No comments


အမေရိကန်ဦးဆောင်သောလေကြောင်းတိုက်ပွဲသည် မြောက်ပိုင်းရှိဆီးရီးယားတပ်များကို ကောင်းစွာဖျက် ဆီးတိုက်ခိုက်နိုင် ခဲ့ကြောင်း သတင်းများအရသိရသည်။ ညပိုင်းတိုက်ခိုက်မှုသည် အီရတ်က ဆီးရီးယား ဘက်သို့ အမေရိကန်၏လေကြောင်းတိုက်ပွဲတိုးချဲ့လိုက်ကြောင်း ပြသလိုက်သလို တိုက်ပွဲအခြေအနေ ပြင်းထန်လာနေသည်ဆိုသည်ကိုလည်း ပြသလိုက်ခြင်းဖြစ်သည်။

လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများမှာ ဆီးရီးယားမြောက်ပိုင်းတစ်လျှောက်တွင်ဖြစ်ပြီး တူရကီ အနောက်မြောက်ဘက် အလက်ပိုအနီးကစ၍ အီရတ်နယ်စပ်အထိတောင်ပိုင်းကို မိုင်ပေါင်း ၂၂၀ အထိရှိကြောင်း အမေရိကန်ဗဟိုထိန်းချုပ်ရေးဌာနနှင့် မြေပြင်မျက်မြင်သက်သေများကဆိုသည်။

အဓိကပစ်မှတ်က IS (Islamic State) အဖွဲ့ဖြစ်ပြီး ISIS (သို့မဟုတ်) Islamis State of Iraq and Syria ဟုလည်းသိကြသည်။ အိုင်အက်စ်အဖွဲ့များခြေကုတ်ယူထားသည့်
မြို့ လေးမြို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်အာဏာပိုင်များကပြောကြားသည်။

အမေရိကန်လေကြောင်းတိုက်ခိုက်မှုတွင် ပူးပေါင်းပါဝင်သည့် နိုင်ငံများမှာ ဘာရိန်း၊ ဂျော်ဒန်၊ ဆော်ဒီအာရေးဗီးယား၊ ကာတာနှင့် ယူအေအီးအာရပ်စော်ဘွားများနိုင်ငံတို့ဖြစ်သည်။ ဂျော်ဒန်အစိုးရက၄င်း၏ လေတပ်မှ အကြမ်းဖက်သမားပစ်မှတ်ကိုဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုသည်။

တိုက်ပွဲထဲမှာဂျက်တိုက်လေယာဉ်တွေ၊ ဗုံးကြဲလေယာဉ်၊ လက်နက်တပ်ဆင်ထားသည့် မောင်းသူမဲ့လေယာဉ်၊ ပါရှန်ပင်လယ်ရှိ အမေရိကန်သင်္ဘောမှပစ်လွှတ်သော တိုမာဟော့ခ် ဒုံးကျည်များအသုံးချခဲ့ကြောင်း ပင်တာဂွန်ကထုတ်ပြန်ခဲ့သည်။

 ဖျက်ဆီးနိုင်ခဲ့သည့် ပစ်မှတ်များတွင် အိုင်အက်စ်တပ်သားများ၊ လေ့ကျင့်ရေးစခန်းများ၊ ဌာနချုပ်များနှင့် ဗဟိုထိန်းချုပ်ရေးဌာနများ၊ သိုလှောင်ရုံများ၊ ငွေကြေးထောက်ပံ့ရေးဌာန၊ ထောက်ပံ့ရေးနှင့် စစ်လက်နက်တပ်ဆင်ထားသည့်  ယာဉ်များပါဝင်ကြောင်း ပင်တာဂွန်က ထုတ်ပြန်သည်။

တစ်ချိန်တည်းမှာပင်အမေရိကန်က အလက်ပို၏ မြောက်ဘက်ရှိ ကိုရာဆန်အုပ်စုဟု သိကြသည့် အယ်ကိုင်ဒါးလူဟောင်းများ၏ ကွန်ယက်အဖွဲ့ကိုလေကြောင်းမှ
 ၈ ကြိမ်တိုက်ခိုက်ခဲ့သည်။ ၎င်းတို့သည်အမေရိကန်နှင့် အနောက်နိုင်ငံများကိုအကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်နေကြောင်း ပင်တာဂွန်ကဆိုသော်လည်းအသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

အလက်ပိုအနီးအမေရိကန်ကျောထောက်နောက်ခံပေးထားသည့် သူပုန်များကိုတိုက်ခိုက်နေသော အယ်ကိုင်ဒါးကွန်ယက်အဖွဲ့ကို အမေရိကန်က တိုက်ခိုက်ခဲ့ရာမှာ ယင်းကွန်ရက်အဖွဲ့ဝင် ခုနစ်ဦးနှင့် အရပ်သား ရှစ်ဦးသေဆုံးခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့များနှင့် အတိုက်အခံအဖွဲ့များကပြောသည်။

7 Day

ခန္ဓာကိုယ်လှပမှု ဆိုင်ရာ ပုံသဏ္ဍာန် ပြောင်းလဲသည့် ၀န်ဆောင်မှုကို လိုင်လာခမ်း သင်ကြားပေးနေ

Posted by drmyochit Tuesday, September 23, 2014, under , | 3 comments


ရန်ကုန်၊ စက်တင်ဘာ ၂၂

မြန်မာပြည်ဖွား ဘောလိဝုဒ် မင်းသမီး လိုင်လာခမ်းသည် စက်တင်ဘာ ၈ရက်မှ စတင်ကာ "ခန္ဓာကိုယ်လှပမှု ဆိုင်ရာ ပုံသဏ္ဍာန် ပြောင်း လဲသည့် ၀န်ဆောင်မှု"ကို လက်ခံ သင်ကြား ပေးလျက်ရှိသည်ဟု မဇ္စျိမကို ပြောသည်။

"ဒီဝန်ဆောင်မှုက မြန်မာနိုင်ငံ အတွင်းက မြန်မာ အမျိုးသမီးတွေ အနေနဲ့ စတိုင်ကျကျ နေထိုင်တတ်တဲ့ အပြင် ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်အ၀ နဲ့ လျှောက်လှမ်း နိုင်အောင်ပါ။ လာရောက်တဲ့ သူတွေဟာ သူတို့ရှိရင်းစွဲ အလှထက် ပြောင်းလဲနိုင်အောင်လို့ ကူညီပေးတဲ့ သဘောပါ။ ဆံဖျားကနေခြေဖျား အထိ လှပနေ ရအောင်လို့အကြံဥာဏ် ပေးသွား မှာပါ။ နောက်ပြီး မျက်နှာပဲ ဖြစ်ဖြစ်ခန္ဓာကိုယ်လှပမှု ဆိုင်ရာတွေ ခွဲစိတ်ချင်တာပဲ ဖြစ်ဖြစ် အကြံဥာဏ် ပေး ပြီးသိကျွမ်းတဲ့ ဆရာဝန် တွေဆီကို ညွန်ပြပေး မှာပါ။ ခန္ဓာကိုယ်တစ်ခုလုံး လှပစေပြီး အ၀တ်အစားတွေ ၀တ်ရင်လည်း စတိုင်ကျကျနဲ့ ဖြစ်အောင်လို့ ပါပဲ။ နောက် အသားအရေ ထိန်းသိမ်းမှုတွေ၊ ဆံပင်ပိုင်းဆိုင်ရာတွေက အစ ပါမှာပါ။ ဆံပင်ဆိုရင်လည်း သူနဲ့ လိုက်ဖက်မယ့်စတိုင်ကို အကြံဥာဏ် ပေးပြီး ဆံကေသာ ပညာရှင်ဆီကို သွားရောက်ဖို့ညွန်ကြား ပေးပါတယ်"ဟု လိုင်လာခမ်းက ၎င်းပြုလုပ်ပေး နေသည့် ၀န်ဆောင်မှုနှင့် ပတ်သက်၍ ပြောသည်။

ယင်းဝန်ဆောင်မှုကို လက်ရှိတွင် သင်တန်းသား သုံးယောက် တက်ရောက်ပြီး ဆွေးနွေးလျက်ရှိကာ ခန္ဓာကိုယ်၊ဆံပင်၊မိတ်ကပ်၊ ၀တ်စားဆင်ယင်မှု၊ အသားအရေ ထိန်းသိမ်း မှုများ၊ ပြောဟန်ဆိုဟန်များကို တစ်ပတ် နှစ်ရက်ဖြင့် သုံးပတ်စာ အပြတ် ဆွေးနွေးမှုကို တစ်ဦးလျှင် ဒေါ်လာ ငါးရာဖြင့်နံပါတ် ၁၂၀၁၊ သံသုမာလမ်း၊ တာမွေ၊ ချမ်းသာဂုဏ်ရောင်ကွန်ဒို၌ လက်ခံ ဆွေးနွေးလျက်ရှိသည်ဟု ၎င်းကပြောသည်။

"ကျွန်မဒီလို ထိန်းသိမ်းမှုတွေက ကျွန်မအိန္ဒိယကို စရောက်ကတည်းက အနုပညာ အလုပ်တွေ စလုပ်တဲ့ အချိန်ကတည်းက ယနေ့ အချိန်ထိ ဆယ်စုနှစ်ကျော် ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံ တွေနဲ့ ပြင်သစ်၊ ဂျာမနီတို့ကို သွားရောက်စဉ်က သင်ခဲ့ရတဲ့ သင်တန်းတွေ ကနေပြီး ပြန်လည်မျှဝေ တာပါ။ မြန်မာနိုင်ငံက မိန်းကလေးတွေက လှပတယ်။ စတိုင်တွေ ရှိတယ်။ အဲဒီစတိုင်တွေ ကနေပိုပြီး ပြည့်စုံသွား အောင်လို့ လိုအပ် မယ်ထင်လို့ ဖွင့်လှစ်ခဲ့တာပါ။ အခု ကျွန်မဆီမှာ လာတက်နေတဲ့သူတွေက စတိုင်ရှိတယ်။လှတယ်။ ဒါပေမဲ့ သူတို့ကိုယ်သူတို့ယုံကြည်မှုတွေ အပြင်လိုအပ်ချက် လေးတွေကို လိုချင်တဲ့ အတွက်လာရောက်ကြ တာပါ"ဟု ၎င်းကပြောသည်။ ယင်းသည် အိန္ဒိယနိုင်ငံ၌ ၂၀၁၃ခုနှစ်တွင် "ခန္ဓာကိုယ်လှပမှုဆိုင်ရာပုံသဏ္ဍာန်ပြောင်းလဲသည့်ဝန်ဆောင်မှု"ကိုစတင် လုပ်ဆောင်ခဲ့သည်ဟုပြောသည်။

လိုင်လာခမ်းသည် ယင်းဝန်ဆောင်မှုများ အပြင် မြန်မာနိုင်ငံ အတွင်း၌ အနုပညာ အလုပ်များ လုပ်ကိုင်ရန် လက်ခံထားသည်များ ရှိသည်ဟု ပြောသည့်အပြင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံနှစ်နိုင်ငံရှိ အနုပညာ အလုပ်များကို မျှတစွာ လုပ်ကိုင်လျက်ရှိသည်ဟု ပြောသည်။ လိုင်လာခမ်းသည် ဒါရိုက်တာ Nee Raj Pathaak ရိုက်ကူးသည့်Bhayaji Superhit ဇာတ်ကားတွင် ဘောလိဝုဒ် မင်းသားSunny  Deon နှင့်တွဲဖက်ပြီး ရိုက်ကူး လျက်ရှိသည်ဟု ပြောသည်။

Mizzima

သြစတြေးလျနိုင်ငံသား စစ်သွေးကြွများ သြစတြေးလျသို့ ပြန်လာမည် ဆိုပါက ထောင်နှစ်ရှည်ကျခံရမည်ဟု ဝန်ကြီးချုပ်ပြော

Posted by drmyochit Tuesday, September 23, 2014, under | No comments


အရှေ့အလယ်ပိုင်းဒေသတွင် စစ်သွေးကြွများနှင့်အတူ ပါဝင်တိုက်ခိုက်နေကြသော သြစတြေးလျနိုင်ငံသားများ သြစတြေးလျသို့ ပြန်လာမည် ဆို ပါက ထောင်ဒဏ်နှစ်ရှည်ကျခံရလိမ့်မည် ဖြစ်ကြောင်းသြစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘော့ထ်က  သတိပေးခဲ့သည်ဟု စက်တင်ဘာ ၂၂ရက် က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

 သြစတြေးလျတွင် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ဥပဒေများကို အစိုးရက ပိုမိုတင်းကျပ်လာနေသည်။

“အကြမ်းဖက်အဖွဲ့တွေနဲ့အတူ ပါဝင်တိုက်ခိုက်နေကြတဲ့ သြစတြေးလျတွေအားလုံးကို ကျွန်တော်ပြတ်ပြတ်သားသားပြောချင်တာကတော့ ခင်ဗျား တို့ အဖမ်းခံရလိမ့်မယ်၊ တရားစွဲခံရလိမ့်မယ်၊ ပြီးတော့ အလွန်ရှည်လျားတဲ့ ထောင်ဒဏ်ကို ကျခံရလိမ့်မယ် ဆိုတာပါပဲ” ဟု အက်ဘော့ ထ်က နိုင်ငံတော်လုံခြုံရေး နှင့် ပတ်သက်သော ကြေညာချက် တစ်စောင်ထဲတွင် ပြောကြားခဲ့သည်။

သြစတြေးလျသည် နိုင်ငံအတွင်းရှိ အစွန်းရောက်ဝါဒီများကို ပစ်မှတ်ထားလျက် ရှိသလို ဆီးရီးယားနှင့် အီရတ်တို့တွင် အကြမ်းဖက် စစ်သွေးကြွ အဖွဲ့များနှင့် ပူးပေါင်း တိုက်ခိုက်လျက်ရှိသော သြစတြေးလျနိုင်ငံသားများ နိုင်ငံအတွင်းသို့ ပြန်လာကြမည့် ကိစ္စနှင့် ပတ်သက်၍လည်း စိုးရိမ် ပူပန်နေသည်။

“ကျွန်တော်တို့ရဲ့ လမ်းမတွေ ပေါ်မှာ အကြမ်းဖက်သမားတွေ မရှိအောင် လုပ်ဆောင်တဲ့ နေရာမှာ ပိုပြီးလွယ်ကူအောင်လို့ ကျွန်တော်တို့ရဲ့ ဥ ပဒေတွေကိုလည်း ပြောင်းလဲနေပါတယ်” ဟု အက်ဘော့ထ်က ဆိုခဲ့သည်။ ပြီးခဲ့သည့် ကြာသပတေးနေ့က သြစတြေးလျတွင် ရဲအရာရှိ ၈၀၀ ကျော်သည် အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်မှု တစ်ရပ်အဖြစ် အိမ်ပေါင်း ၃၀ ခန့်ကို ဝင်ရောက်စီးနင်းခဲ့ကြရာ သြစတြေးလျ သမိုင်း တစ်လျှောက်တွင် အကြီးမားဆုံးသော လုံခြုံရေးဆိုင်ရာ စစ်ဆင်မှု တစ်ရပ်ပင် ဖြစ်သည်။ အကြမ်းဖက်မှုလုပ်ရန် စီစဉ်မှုဖြင့် အသက် ၂၂ နှစ် အရွယ် အမျိုးသား တစ်ဦးကိုလည်း စွဲချက်တင်ထားခဲ့သည်။

သြစတြေးလျ နိုင်ငံအတွင်း စစ်သွေးကြွများက လူများကို ကြုံရာကျပန်းရွေးချယ်ကာ သရုပ်ပြ သတ်ဖြတ်ကွပ်မျက်မှုများ ပြုလုပ်မည်ဆိုသည့် IS စစ်သွေးကြွများ၏ အစီအစဉ်တစ်ရပ်ကိုလည်း သြစတြေးလျ အစိုးရက ဟန့်တားနိုင်ခဲ့ကြောင်း သြစတြေးလျ အစိုးရက ဆိုခဲ့သည်။ “သြ စတြေးလျ IS အဖွဲ့သား တစ်ယောက်ဟာ လမ်းပေါ်က လူတွေကို ကြုံသလို ရွေးချယ်ဆွဲထုတ်ပြီး သူတို့အနေနဲ့ ဘာသာရေး မယုံကြည်သူတွေကို သတ်ဖြတ်နိုင်ကြောင်း သရုပ်ပြဖို့ ညွန်ကြားခဲ့ပါတယ်” ဟုလည်း အက်ဘော့ထ်က  ပြောခဲ့သည်။

အီရတ် နှင့် ဆီးရီးယားတို့တွင် သြစတြေးလျ ၆၀ ခန့် တိုက်ခိုက်လျက် ရှိပြီး ၊၂၀ ကျော်မှာ သြစတြေးလျသို့ ပြန်လာခဲ့ပြီးဖြစ်ကာ ဂျီဟတ်ဝါဒီများကို တက်တက်ကြွကြွ ထောက်ခံသူ နောက်ထပ် အနည်းဆုံး အယောက် ၁၀၀ ခန့် ရှိနေကြောင်း အက်ဘော့ထ်က ဆိုခဲ့သည်။

သြစတြေးလျ၏ လက်ရှိ ဥပဒေများမှာ IS အဖွဲ့ ကဲ့သို့သော အကြမ်းဖက်အဖွဲ့များ၏ အန္တရာယ်ကို တိုက်ဖျက်ရန် မလုံလောက်ဟု သြစတြေးလျ အစိုးရက ယူဆနေပြီး ယခုသီတင်းပတ်တွင် ဥပဒေကြမ်းနှစ်ရပ်အား လွှတ်တော်သို့ တင်သွင်းလျက် ရှိသည်။

Mizzima

Monday, September 08, 2014

ရုရှကို အင်အားပြရန် နေတိုးအဖွဲ့ စစ်ရေးလေ့ကျင့်

Posted by drmyochit Monday, September 08, 2014, under | No comments

ရီဂါ၊ စက်တင်ဘာ ၇။ အင်အား၊ အာဏာပြင်းထန်သော ရုရှကို ရင်ဆိုင်နေရသည့် နေတိုးအဖွဲ့ဝင် ဘော်လ်တစ်နိုင်ငံများကို ကာ ကွယ်ရန် နေတိုးခေါင်းဆောင် များ ၏ ကတိက၀တ်ကို လက်တွေ့ အကောင်အထည်ပြ သိသာစေခြင်းအနေ ဖြင့် လပ်ဗီးယားတွင် စက်တင်ဘာလ ၇ ရက်က အထူးစစ်ရေးလေ့ကျင့်မှု ကို နေတိုးက ပြုလုပ်ခဲ့သည်ဟု ရိုက်တာသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

ဝေလနယ်တွင် ပြုလုပ်သော စက်တင်ဘာလ ၆ ရက် နေတိုးအစည်းအဝေးတွင် တန်ပြန်တပ်ဖွဲ့ ဖွဲ့စည်း ရေးနှင့် ယူကရိန်းရှိ ရုရှ၏အပြုအမှုကို တုံ့ပြန်သည့် အနေဖြင့် အရှေ့ဥရောပတွင် စစ်ရေးလေ့ကျင့်မှုပြုလုပ် ရန် သဘောတူခဲ့ကြသည်။

ရုရှသမ္မတ ဗလာဒီမာပူတင်၏ ကရိုင်းမီးယားကို ၀င်သိမ်းခဲ့ချိန်တွင် ရုရှားဘာသာစကား ပြောဆိုကြသူများ ကို အားယူသွားခဲ့သည့် အတွက်ကြောင့် ဘောလ် တစ်ဒေသရှိ စကားအနည်းငယ် အသုံးပြုသော နိုင်ငံများ ကို လည်း တိုက်ခိုက်မှု ပြုလာမည်ကို ဘောတစ် မဟာမိတ်များက စိုးရိမ်နေသည်။ ပဋိပက္ခ အခြေနေ ကြုံတွေ့နေ သည့် အခြားတစ်နိုင်ငံသို့ နေတိုးစစ်သားနှင့် စစ်လက်နက်ပစ္စည်းများ ဖြန့် ကြက်ပုံစံမျိုးဖြင့် Steadfast Javelin စစ်ရေးလေ့ကျင့်မှုကို လပ်ဗီးယားတွင် ပြုလုပ်မည်ဖြစ်ပြီး မြို့တော်ရီဂါ မှ ၃၅ မိုင်ကွာရှိ လီအေဗာဒီ လေဆိပ်သို့ စက်တင်ဘာလ ၆ ရက်ညက လေထီး စစ်သား ၅၀၀ ခန့် စတင် ဆင်းသက်ခဲ့သည်။

နိုင်ငံပေါင်း ကိုးနိုင်ငံမှ စစ်သား စုစုပေါင်း ၂,၀၀၀ က ဂျာမနီ၊ အက်စတိုနီးယား၊ လက်ဗီးယား လစ်သူရေး နီးယားနှင့် ပိုလန် နိုင်ငံတစ်လျောက် စစ်ရေးလေ့ ကျင့်မှုကို စက်တင်ဘာ ၂ ရက်မှ ၈ ရက်အထိ လုပ်ဆောင် နေကြခြင်း ဖြစ်သည်။“ကျွန်တော်တို့က အကာအကွယ်ပေး နိုင်တယ် လို့ ပြည်သူတွေရဲ့ စိတ်ထဲ ယုံကြည်မှု ရစေချင်လို့ပါ” ဟု နယ်သာလန်နိုင်ငံ ဘရန်ဆန်းရှိ နေတိုးစစ်ဌာနရုံးမှ တပ်မှူး ဗိုလ်ချုပ်လော့သာဒွမ်ရို့စ်က ပြောသည်။

“နေတိုးကို ထိပါး ခြိမ်းခြောက် ချင်သူတွေ သေချာသိသွားစေချင်တယ်။ နေတိုး က ပြည်သူတွေကို အမြဲတမ်း အကာအကွယ် ပေးသွားမယ်ဆိုတာ” ဟူ၍လည်း ရီဂါတွင် သတင်းထောက်များကို ဒွမ်ရို့စ်က ပြောခဲ့သည်။

Ref: Reuters

Sunday, September 07, 2014

တောင်အာရှ ရေလွှမ်းမိုးမှုဘေးဒုက္ခ

မုတ်သုန်မိုးနဲ့ နောက်ဆက်တွဲ ရေကျော်၊ ရေလွှမ်းမိုးမှုတွေက ပါကစ္စတန်မြောက်ပိုင်းနဲ့ အိန္ဒိယနိုင်ငံအတွင်း ဒေသအတော်များများမှာ ရင်ဆိုင်နေရပြီး လတ်တလောအချိန်အထိ ဒီ ရေဘေးဒုက္ခအတွင်း လူပေါင်း ၃၀၀ ကျော် သေဆုံးပြီးဖြစ်သလို ရာနဲ့ချီပြီးတော့ ဒဏ်ရာအနာတရဖြစ်မှုတွေနဲ့ ထောင်ချီပြီး အိုးအိမ်မဲ့သူတွေ လည်းရှိလာနေပါတယ်။














VOA Burmese

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်