Friday, November 15, 2013

"မဖြစ်ပါရစေနဲ့တော့….."

Posted by drmyochit Friday, November 15, 2013, under | No comments


ပုထုဇဉ်တွေဟာ အမြဲလိုချင်နေတတ်၊ ရချင်နေတတ်၊ ဖြစ်ချင်နေတတ်ပါတယ်။ ဒါကြောင့်လည်း ဘာလေးပဲလုပ်လုပ် လိုချင်ဖြစ်ချင်ရချင်တဲ့ စိတ်ဆန္ဒတွေနဲ့ တောင့်တကြပါတယ်။
ဒီစိတ်ကြောင့်ပဲ ဘာကုသိုလ်လေးပဲ လုပ်လုပ် ဖြစ်ပါရစေ၊ ရပါရစေ စသဖြင့် ဆုတောင်းလေ့ရှိကြပါတယ်။

ဖြစ်ချင်တာတွေက များတဲ့အတွက် ကုသိုလ်လေးကနဲနဲတောင်းတာတွေက အများကြီး ဖြစ်နေကြပါတယ်။ 
ဘုရားရှေ့သွားပြီး လှူတာက ရေတစ်ခွက်၊ ပန်းတစ်စည်း တောင်းတဲ့ဆုတွေက “ဤကုသိုလ်ကောင်း မှုကြောင့် လူ့စည်းစိမ် ၊နတ်စည်းစိမ်အပြည့်နဲ့ ဘာဖြစ်ရပါလို၏၊ ညာဖြစ်ရပါလို၏“ စတဲ့ ဆုတောင်း သံတွေကလည်း မကြားချင် အဆုံးဖြစ်နေပါတယ်။ ကုသိုလ်ကောင်းမှုလုပ်တဲ့သူ အတော်များများရဲ့ အသံတွေ နားထောင်လိုက်ရင် သူတို့ပြုတဲ့ ကုသိုလ်အပေါ် ဖြစ်ချင်တဲ့ဆန္ဒတွေနဲ့ တောင်းနေကြတာကို ကြားနေရမှာပါ။

တောင်းတာတွေကို နားထောင်ကြည့်တဲ့အခါ များသောအားဖြင့် ဖြစ်ပါစေလို့ပဲ ဆုတောင်းနေတာကို တွေ့မြင်ကြားသိနေရပါတယ်။ မဖြစ်ပါရစေနဲ့လို့ ဆုတောင်းပြီး ကုသိုလ်လုပ်သူ အတော်ရှားလှပါတယ်။ အမှန်တော့ မဖြစ်မနေ တောင်းချင်တယ်ဆိုရင်လည်း ဖြစ်ပါရစေလို့ တောင့်တနေမယ့်အစား မဖြစ်ပါရစေနဲ့လို့ တောင်းတာက ပိုပြီးအဓိပ္ပါယ်ပြည့်ဝကာ အနှစ်သာရ ရှိပါတယ်။★

မှန်ပါတယ်။ ဖြစ်ချင်လို့ ရချင်လို့ တောင့်တပြီး ကုသိုလ်လုပ်ကာ ဖြစ်ပါရစေ၊ ရပါရစေလို့ ဆုတောင်းတဲ့အတွက် မိမိတို့ လုပ်တဲ့ကံစွမ်းအလျောက် ဖြစ်လာရလာမှာပါ။ 
ဒါပေမယ့် ဒီလိုဖြစ်လာ ရလာတော့လည်း အလိုပြည့်လား ဆိုပြန်တော့ အလိုမပြည့် ပြန်ပါဘူး။

♦ ဒါကြောင့် ထပ်လုပ်၊ ထပ်လိုချင်၊ ထပ်ပြီး ဖြစ်ပါရစေ ဆိုတာတွေ တောင့်တလာပြန်ပါတယ်။ ဒီလိုနဲ့ 
ဘ၀သံသရာ လွတ်မြောက်မှုက ဝေးဝေးနေကုန်ပါတော့တယ်။ အများစုကတော့ ဖြစ်ပါရစေဆိုတဲ့ စိတ်ဆန္ဒတွေနဲ့ တောင့်တပြုလုပ်လေ့ရှိပါတယ်။ ဒါပေမယ့် ထူးထူးခြားခြားမဖြစ်ပါရစေနဲ့လို့ တောင့်တတဲ့ သူတစ်ယောက်အကြောင်း စာပေမှာ ဖတ်မှတ်လိုက်ရပါတယ်။ 
ဖတ်ပြီး ကြည်ညိုစိတ်ပါ ဖြစ်ခဲ့ရပါတယ်။ 
အဲဒီသူကတော့ အခြားသူမဟုတ်ပါဘူး။
ဘုန်းဘုန်းတို့ရဲ့ “ဂေါတမဘုရားရှင်” ပါပဲ။

♦ ဘုရားရှင်ဟာ ပါရမီဖြည့်စဉ် အတိတ်ဘ၀ တစ်ခုမှာ“ကဏ”ှဆိုတဲ့ ရသေ့တစ်ပါး ဖြစ်ခဲ့ပါတယ်။ ကဏှရသေ့အဖြစ်နဲ့ ပါရမီတွေဖြည့်ကာ ကုသိုလ်ကောင်းမှုတွေ ကြိုးစားအားထုတ်ခဲ့ပါတယ်။ အသားအလွန် အမတန် မည်းလွန်းလှတဲ့အတွက် ကဏှလို့ အမည်တွင်ပါတယ်။ 
ကဏှရသေ့ဟာ အကျင့်တရားတွေ အပြင်းအထန် အားထုတ်တဲ့အတွက် သိကြားမင်းရဲ့ ကျောက်ဖြာက 
ပူလာပါတယ်။ ကျောက်ဖြာပူတော့ သိကြားမင်း မနေနိုင်တော့ပါဘူး။ သူ့ရာထူးကို ယူမယ့်သူ ပေါ်လာပြီဆိုတာ သတိပေးသလို ဖြစ်တဲ့အတွက် လူ့ပြည့်ကို ကြည့်လိုက်တော့ ကုသိုလ်ကောင်းမှုတွေ ကျင့်ကြံအားထုတ်မှုတွေ ကြိုးစားအားထုတ်နေတဲ့ ကဏှရသေ့ကို တွေ့လိုက်ရပါတယ်။ 

ဒါကြောင့် သိကြားမင်းဟာ လူ့ပြည့်ဆင်းပြီး စုံးစမ်းပါတယ်။ 
ဒီရသေ့ ဘာလိုချင်လို့ ဒီလောက်တောင် ကုသိုလ်ကောင်းမှုတွေ အပြင်းအထန် အားထုတ်နေရတယ် ဆိုတာကို သိကြားမင်း သိချင်နေပုံရပါတယ်။ ဒါကြောင့်လည်း လူ့ပြည်သွားပြီး 
စုံစမ်းမေးမြန်းခြင်း ဖြစ်ပါတယ်။ သိကြားမင်းဟာ ကဏှာရသေ့ရှေ့မှောက်ရောက်ပြီး သူသိချင်တာတွေ မေးမြန်းစုံးစမ်းပါတော့တယ်။

♦ “အရှင်ရသေ့… ဘာကြောင့် ဒီလောက်တောင် ကုသိုလ်ကောင်းမှုတွေ ကျင့်ကြံအားထုတ်မှုတွေ အပြင်းအထန် လုပ်နေတာလဲ…၊ အရှင်ရသေ့ ဘာကိုလိုချင်လို့လဲ…၊ ဘာတွေဖြစ်ချင်ပြီး ဘာဆုတွေ လိုချင်လို့လဲ… ဘာဆုတွေများ တောင်းပါသလဲ…“ လို့ သိကြားမင်း စတင်မေးမြန်း စုံစမ်းပါတယ်။ ဒီတော့ ဘုရားလောင်း ကဏှရသေ့က…

♦“သိကြားမင်း… င့ါမှာဖြစ်ပါရစေလို့ တစ်ခြားဆုတောင်းတာ 
မရှိပါဘူး…၊ ဒါပေမယ့် မဖြစ်ပါရစေနဲ့လို့ ဆုတောင်းတာတော့
ရှိပါတယ်“လို့ ဘုရားလောင်း ရသေ့က ဖြေကြားပါတယ်။ 
ဒီအခါ သိကြားမင်းက…

“အရှင်ရသေ့… ဘယ်လိုမဖြစ်ပါရစေနဲ့“လို့ ဆုတောင်းပါသလဲ 
ဆိုတာကို ထပ်မေးလို့ ဘုရားလောင်းရသေ့က
“သိကြားမင်း… ငါတောင့်တတာက ဖြစ်လေရာ ဘ၀တိုင်း ဘ၀တိုင်းမှာ ဘယ်တော့မှ
♦ ကောဓဆိုတဲ့ အမျက်ထွက်မှု၊
♦ ဒေါသဆိုတဲ့ စိတ်ဆိုးစိတ်တိုမှု၊
♦ လောဘဆိုတဲ့ လိုချင်ရချင်မှု၊
♦ သမုဒယလို့ခေါ်တဲ့ ကပ်ငြိတွယ်တာမှု 
တဏှာ မဖြစ်ပါရစေနဲ့လို့ပဲ တောင့်တပါတယ်” လို့ 
အဖြေပေးလိုက်ရော သူများတွေ ဖြစ်ပါရစေလို့ 
ဆုတောင်းနေတဲ့အချိန်မှာ ဒီလိုမဖြစ်ပါရစေနဲ့လို့ ဆုတောင်းတဲ့ 
ကဏှရသေ့ရဲ့ ဆုတောင်းကို နားထောင်ပြီး သူ့နေရာအတွက် 
စိတ်ချသွားရတဲ့ သိကြားမင်း နတ်ပြည်ပြန်တက် သွားပါတော့တယ်။

ဒီနေရာမှာ ပြောချင်တာက ကဏှရသေ့ရဲ့ တောင့်တမှု၊ ဆုတောင်းမှု၊ ကြိုးစားကျင့်ကြံ အားထုတ်မှုတွေပါ။ ကဏှရသေ့က
“ကောဓ မဖြစ်ပါရစေနဲ့၊ ဒေါသ မဖြစ်ပါရစေနဲ့၊
လောဘမဖြစ်ပါရစေနဲ့၊ ကပ်ငြိတွယ်တာမှု မဖြစ်ပါရစေနဲ့“တဲ့။
သိပ်ကောင်းတဲ့ တောင့်တချက်လေးတွေပါ။ ဟုတ်ပါတယ်။

◆ ကောဓဆိုတာ အမျက်ကို ပြောတာပါ။ တစ်စုံတစ်ဦးအပေါ်မှာ တစ်စုံတစ်ခု အပေါ်မှာ အမြင်မကြည့်မှု၊ အခဲမကြေမှု၊ မျက်နေမှုတွေဟာ ကောဓပါပဲ။ ဒီလို ကောဓဆိုတဲ့ အမျက်လေးတွေ တဖြည်းဖြည်း များလာမယ်ဆိုရင်တော့ ပေါက်ကွဲမှုတွေ ဖြစ်ကုန်တတ်ပါတယ်။ အမျက်ကြီးလာရင် အခဲမကြေမှုတွေလည်း ဖြစ်လာတတ်ပါတယ်။ ဒီကောဓတွေ ဖြစ်နေသမျှ ဘ၀မှာ အဆင်မပြေမှုတွေ ကိုယ်စိတ်ပင်ပန်းမှုတွေ ဖြစ်နေတတ်ပါတယ်။ ဒါကိုသိလို့ ဘုရားလောင်း ရသေ့က ဖြစ်လေရာဘ၀တိုင်းမှာ ကောဓမဖြစ်ဖို့ တောင့်တခြင်းဖြစ်ပါတယ်။

◆ပြီးတော့ ကဏှရသေ့က “ဒေါသဘယ်တော့မှ မဖြစ်ပါရစေနဲ့“တဲ့။ မှန်ပါတယ်။ ဒေါသဟာ အလွန်ကြောက်စရာ ကောင်းတဲ့ အကုသိုလ်ပါ။ ဒေါသရှိနေရင် စိတ်ဆိုးစိတ်တိုမှုတွေ ခဏခဏ ဖြစ်နေတတ်ပါတယ်။ အဲဒီစိတ်ဆိုးစိတ်တိုမှုတွေ အားကောင်းလာရင် ပေါက်ကွဲတတ်ပြီး အဆင်အခြင်မဲ့ လုပ်တတ်ကြပါတယ်။ “ဒေါသော အတ္ထံ န ဇာနာတိ“ဆိုတဲ့ စကားအတိုင်း ဒေါသဖြစ်လာရင် အဆိုးအကောင်း၊ အကျိုးအကြောင်းကို မသိတော့ပါဘူး။ စိတ်လိုက်မာန်ပါ လုပ်ကုန်တော့တာပါပဲ။ အဲဒီအခါ ဒီဒေါသရဲ့ နောက်ဆက်တွဲက နောင်တတရားဖြစ်လာတတ်ပြီး နောင်တရဲ့ နောက်ကွယ်မှာတော့ သောကဆိုတဲ့ စိုးရိမ်မှု၊ ပရိဒေ၀ဆိုတဲ့ ငိုကြွေးမှု စတာတွေ ထပ်ပေါ်လာတော့တာပါပဲ။ ဒါကြောင့် ဘုရားလောင်းရသေ့က ဒီလိုအန္တရာယ်ကြီးတဲ့ ဒေါသ မဖြစ်ပါရစေနဲ့လို့ တောင့်တခြင်းဖြစ်ပါတယ်။

◆နောက်တစ်ခု “ဖြစ်လေရာ ဘ၀မှာ လောဘ ဘယ်တော့မှ မဖြစ်ပါရစေနဲ့“ ဆိုတဲ့ ကဏှရသေ့ရဲ့ တောင့်တမှုဟာလည်း လောဘရဲ့ ဆိုးကြိုးကို မလိုချင်ဘူးဆိုတာ ထင်ရှားလှပါတယ်။ သိတဲ့အတိုင်း လောဘကလည်း ရလေလိုချင်လေဖြစ်နေတာပါ။ အလိုကို မပြည့်နိုင်ဖြစ်နေတော့တာပါ။ အရဟတ္တမဂ်ကို မရသေးသမျှ လောဘကို အကြွင်းမဲ့ ပယ်သတ်နိုင်မှာ မဟုတ်ပါဘူး။ အကြွင်းမဲ့ မပယ်နိုင်သေးဘူးဆိုပြီး လောဘနောက် လိုက်နေလို့ကလည်း မဖြစ်ပြန်ပါဘူး။ လိုချင်တပ်မက်တတ်တဲ့ လောဘဆိုတာဟာ ဆားငန်ရေ သောက်သလိုပဲ သောက်လေသောက်လေ ငတ်မပြေ ဖြစ်နေတာပါ။ ရပြီးရင်း ရချင်ဖြစ်နေတာပါ။ ဒီလို လိုချင်ရချင်နေတဲ့ အတွက်လည်း တရားသည်မတရားသည် မသိ၊ မှားသည်မှန်သည် မသိ လောဘရဲ့ ခိုင်းစေမှုနောက်ကို လိုက်လုပ်နေမိ ပြန်ပါတယ်။ လောဘရဲ့ သားကောင်တွေ ဖြစ်နေကြရပါတယ်။ အကြွင်းမဲ့ မပယ်နိုင်သေးပေမယ့် တစ်ဖြည်းဖြည်း အပိုင်းအကန့်လေးတွေ လုပ်ပေးနိုင်ပါမှ လောဘရဲ့ ကျွန်မဖြစ်မှာပါ။ ဒီလိုမှ မလုပ်ပေးရင် လိုချင်တပ်မက်တတ်တဲ့ လောဘဟာ အဆုံးသတ်နိုင်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် ကဏှရသေ့က လောဘမဖြစ်ချင်တာပါ။

◆ဘုရားလောင်းကဏှရသေ့ရဲ့ နောက်ထပ်တောင့်တချက် တစ်ခုက “ဖြစ်လေရာ ဘ၀တိုင်းမှာ ကပ်ငြိတွယ်တာမှု တဏှာ ဘယ်တော့မှ မဖြစ်ပါရစေနဲ့“ ဆိုတဲ့ အချက်ပါ။ ဒီတဏှာကတော့ သတ္တ၀ါတွေရဲ့ အဆိုးဆုံး ရန်သူပဲ ဖြစ်ပါတယ်။ ကပ်ငြိတွယ်တာမှု ဆိုတဲ့ တဏှာရဲ့ အဖွင့်အတိုင်းပဲ ဒီတဏှာဟာ ကပ်ငြိစေ၊ တွယ်တာစေပါတယ်။

အရာဝတ္တု တစ်ခုခုကိုပဲ ဖြစ်ဖြစ်၊ ပုဂ္ဂိုလ်သတ္တ၀ါ တစ်ဦးဦးကိုပဲ ဖြစ်ဖြစ် တွယ်တာမိပြီဆိုရင်တော့ နောက်ဆက်တွဲကတော့ ဒုက္ခတွေချည်းပါပဲ။ တွယ်တာမှု သံယောဇဉ်ကြောင့် ချစ်ခြင်းမုန်းခြင်းတွေအထိ ဖြစ်ပေါ်စေပြီး ဒီချစ်ခြင်းမုန်းခြင်းကြောင့်ပဲ မနာလိုမှု ၀န်တိုမှုတွေ ဖြစ်စေကုန်ပါတယ်။ မနာလိုမှုတွေ ၀န်တိုမှုတွေ ဖြစ်လာရင် ငြိမ်းချင်းမှုဆိုတာ မရှိတော့ပါဘူး။ ပူလောင်မှု၊ ပင်ပန်းမှုတွေပဲ ဖြစ်စေပါတယ်။ ဒါတွေဟာ တဏှာဆိုတဲ့ ကပ်ငြိတွယ်တာမှုကြောင့် ဖြစ်ရတာပါ။ ဒါကြောင့်လည်း ဒီတဏှာကို သံသရာ ချဲ့ထွင်တတ်တဲ့ ပပဉ္စတရားထဲမှာ ထည့်သွင်းပြီး တဏှာ မာန ဒိဋ္ဌိတို့ရဲ့ အပေါင်းအပါအဖြစ် ဘုရားရှင် ဟောတော်မူခြင်း ဖြစ်ပါတယ်။ တဏှာရဲ့ ဒီလိုဆိုးကြိုးတွေကို သိတော်မူတဲ့အတွက် ဘုရားလောင်းကဏှ ရသေ့ဟာ ဒီတဏှာ မဖြစ်ဖို့ တောင့်တခြင်း ဖြစ်ပါတယ်။

◆အများက ဖြစ်ပါရစေလို့ တောင့်တနေကြ၊ ဆုတောင်းနေကြတာတွေနဲ့ ဆန့်ကျင်ပြီး မဖြစ်ပါရစေနဲ့လို့ တောင့်တပြီး ကျင့်ကြံအားထုတ်တော်မူခဲ့တဲ့ ဘုရားရှင်ရဲ့ ကဏှရသေ့ဘ၀ ဖြစ်စဉ်လေးဟာ အလွန်အတုယူ လိုက်နာစရာ ဖြစ်ပါတယ်။ ဖြစ်ပါရစေလို့ပဲ ဆုတောင်းဆုတောင်း မဖြစ်ပါရစေနဲ့လို့ပဲ တောင့်တတောင့်တ အမှန်တော့ နှစ်ခုလုံး တောင့်တတာတွေပါ။ ◆

◆ဒါပေမယ့် ဖြစ်ပါစေလို့ တောင့်တမှုကတော့ သံသရာရှည်မှုကို ဖြစ်စေတတ်ပြီး မဖြစ်ပါရစေနဲ့လို့ တောင့်တမှုကတော့ လွတ်မြောက်မှုကို ဦးတည်စေပါတယ်။ ◆

ဘယ်လိုပဲ ဖြစ်ဖြစ် ဆုတောင်းနေ့ဖို့ထက် လက်တွေ့ကျင့်ကြံဖို့က အရေးကြီးပါတယ်။ ဒီလို ကျင့်ကြံတဲ့အခါမှာသာ ဦးတည်ချက် မှန်ဖို့လိုပါတယ်။ တစ်ချို့ ကုသိုလ်တွေ အမျိုးမျိုး လုပ်ကြပါတယ်။ ဒီလိုလုပ်နေကြပေမယ့် ဦးတည်ချက်ကတော့ လူ့စည်းစိမ် နတ်စည်းစိမ် စတာတွေကို ရစေဖို့ဖြစ်နေပါတယ်။ တစ်ချို့ကြတော့ ဒီစည်းစိမ်တွေကို မရည်ရွယ်ပါဘူး။

လောဘကင်းမှု၊ ဒေါသကင်းမှု၊ မောဟကင်းမှု၊ နိဗ္ဗာန်မျက်မှောက်ပြုမှုတွေကို ဦးတည်ပါတယ်။ ဒီဦးတည်ချက်နဲ့ပဲ ဖြစ်ပါရစေဆိုတာတွေနဲ့ ဆန့်ကျင်ပြီး မဖြစ်ပါရစေနဲ့ ဆိုတာကို ရည်ရွယ်ကြပါတယ်။ ဒီလို မဖြစ်ပါရစေနဲ့လို့ ရည်ရွယ်မှုကတော့ လွတ်မြောက်မှုအတွက် ဦးတည်ချက်ကောင်း ဖြစ်စေပါတယ်။

ဒါကြောင့် တောင့်တမှု၊ ဆုတောင်းမှုဟာ မတောင့်တတတ်၊ မဆုတောင်းတတ်ရင် တဏှာရဲ့ ချယ်လှယ်မှုကြောင့် ဘ၀သံသရာ ရှည်ကြာမှုကိုသာ ဖြစ်စေတတ်တဲ့အတွက် ဖြစ်ပါရစေလို့ ဆုတောင်းမှုဖြင့် ဒုက္ခတိုးမှုကို မဖြစ်စေကြဘဲ ဘုရားလောင်း ကဏှရသေ့ ရည်ရွယ်တောင့်တ ကျင့်ကြံသလို မဖြစ်ပါရစေနဲ့ ဆိုတဲ့ ရည်ရွယ်တောင့်တမှုဖြင့်သာ လွတ်မြောက်ရာအမှန်လမ်းကို အမြန်လှမ်းနိုင်ဖို့ ကြိုးစားသင့်လှပါကြောင်း…

[ စာရေးသူ = မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး) ]

နာဂစ်တစ္ဆေ အခြောက်ခံနေရသူများ

Posted by drmyochit Friday, November 15, 2013, under | No comments


“မိုးဦးကျလာတာနဲ့ ရွာတိုင်းက ထိတ်လန့်နေကြတယ်။ လေနည်းနည်းတိုက်လာတာနဲ့ ဟိုပြေးရမလို ဒီပြေးရမလို ဖြစ်နေကြပြီ” လို့ ပြောလာသူက ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် ကျုံဒါတ်အုပ်စု တော်ကနိညောင်လိန်ကုန်းကျေးရွာက ဦးခင်ဝင်းဖြစ်ပါတယ်။

သူက မြန်မာနိုင်ငံမှာ လူအသေအပျောက်နဲ့ အပျက်အစီးအများဆုံးဖြစ်ခဲ့တဲ့ ၂၀၀၈ နာဂစ်မုန်တိုင်းမှာ အသက်မသေဘဲ ကျန်ရစ်ခဲ့သူ နာဂစ်ဒုက္ခသည်တဦးပါ။ မြစ်ဝကျွန်းပေါ်ဒေသတောင်ဘက်ဆုံးပိုင်း သံဒိပ်မြစ်ဝအနီးက ကပ္ပလီပင်လယ်နဲ့ဆို ၁ မိုင်လောက်ပဲ ဝေးတဲ့ မြေပြန့်တစ်နေရာမှာ ကျေးရွာလေးတစ်ရွာ တည်ရှိပါတယ်။ နာဂစ်မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုအများဆုံးရွာတွေထဲမှာ ဦးခင်ဝင်းတို့ရဲ့ညောင်လိန်ကုန်းကျေးရွာလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

နာဂစ်မုန်တိုင်းတိုက်တာ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့ ဖြစ်တဲ့အတွက် အခုဆိုရင် အချိန် ၅ နှစ်ကျော်ကြာခဲ့ပါပြီ။ ဒါပေမယ့် နာဂစ်မုန်တိုင်းကိုဦးခင်ဝင်းမမေ့သလို “နာဂစ်လိုများ တကျော့ပြန်ဖြစ်ခဲ့ရင်”ဆိုတဲ့ “နာဂစ်တစ္ဆေ ခြောက်လှန့်မှုကလည်း ယနေ့တိုင်ရှိနေဆဲပါ။

“နာဂစ်တစ္ဆေ အခြောက်ခံရတာက ဦးခင်ဝင်းတစ်ယောက်ထဲ မဟုတ်ပါဘူး။ ဒေးဒရဲမြို့နယ် တောင်ဘက်ပိုင်းက ကျုံဒါတ်၊ မရမ်း၊ လိပ်ကျွန်း၊ ဆူးကလပ်၊ ရှမ်းကန်စတဲ့ ကျေးရွာအုပ်စုတွေအပါအ၀င် ရွာပေါင်း ၄၆ ရွာက အရေအတွက်အားဖြင့် ၄၀,၀၀၀ ကျော်ရှိတဲ့ နာဂစ်ဒုက္ခသည် အားလုံး ဖြစ်ပါတယ်။

ပင်လယ်ကမ်းစပ်ဖြစ်တဲ့ ဦးခင်ဝင်းတို့ ဒေသမှာ ပင်လယ်ဒီရေတက်လာရင်၊ ဆူနာမီလှိုင်းတက်လာရင်၊ မုန်တိုင်းတိုက်ခတ်လာရင် အကာ အကွယ်ပေးနိုင်တဲ့ သဘာဝအတားအဆီးဖြစ်တဲ့ ပင်လယ်ဒီရေကာတောတွေ မရှိတဲ့အတွက် ဒေသခံတွေက နောက်တစ်ခါဖြစ်လာမှာကို စိုးထိတ်နေခြင်းပဲဖြစ်ပါတယ်။

ပင်လယ်ဒီရေကာတောမရှိလို့ နာဂစ်တုန်းက အသေအပျောက်၊ အပျက်အစီးများခဲ့ပုံကို ညောင်လိန်ကုန်းကျေးရွာက ဒေါ်ခင်ဌေးက မျက်ရည်တွေဝဲပြီး အခုလိုပြန်ပြောပြပါတယ်။

“နာဂစ်တုန်းက ပင်လယ်ကရေလှိုင်းတွေက အတားအဆီးမရှိဘဲ ရွာကိုဝေါခနဲတက်လာတာ။ ဘယ်ကိုပြေးလို့ ပြေးရမှန်းမသိ။ ရေတွေ ကလည်း ချက်ခြင်းတက်မြုပ်တာ။ လေကလည်းတိုက်။ လှိုင်းတွေကလည်း တလုံးပြီး တလုံးဝင်လာတော့ အိမ်တွေက တိုင်ကနေ ကျွတ်ထွက် ပြီးမျောတော့ အိမ်ထဲမှာရှိနေတဲ့ အဘိုးကြီးအဘွားကြီးတွေ ကလေးတွေပါ ရေစီးနဲ့အတူ မျောသွားတော့တာ။ အလောင်းတောင် ပြန်မရ ကြဘူး” လို့ သူမက ပြောပါတယ်။

နာဂစ်ကပေးတဲ့ ဒဏ်ရာတွေကြောင့် ဘယ်လောက် နာကျင်ခံစားနေကြရဆဲဆိုတာ ဖော်ပြတဲ့အနေနဲ့ သူမစကားအဆုံးမှာ ၀ဲနေတဲ့မျက်ရည်တွေဟာ ပါးပြင်ပေါ်ကို တလိမ့်ချင်းလိမ့်ဆင်းလာပါတယ်။

နောက်တကြိမ် နာဂစ်လို၊ ဆူနာမီရေလှိုင်းလို သဘာဝ ဘေးဆိုးတစ်ခုခုများပေါ်ပေါက်ခဲ့ရင် သူတို့မိသားစုဘ၀တွေ၊ အသက်အိုးအိမ် စည်းစိမ်တွေ နောက်တကြိမ် ပျက်စီးဆုံးရှုံးရဦးမယ်ဆိုတာ နာဂစ်ကပေးတဲ့ ဘ၀ပေးသင်္ခန်းစာအရ သူတို့ကောင်းကောင်း နားလည် သဘောပေါက်နေကြပါပြီ။

“ဒီရေကာတောမရှိတော့ အခုချိန်များ ဘေးဆိုးတခုခုရုတ်တရက်ကျလာရင် ကျွန်တော်တို့အရပ်က မြေပြန့်ဆိုတော့ ကုန်းမြင့်တက် ပြေးစရာလည်း မရှိဘူး။ ချောင်းမြောင်းထဲက ထွက်ပြေးဖို့လည်း မလွယ်ဘူး။ ငုတ်တုတ်အသေခံဖို့ပဲရှိတယ်”လို့ ဦးခင်ဝင်းက သူ့ခံစားချက်ကိုရင်ဖွင့်ပါတယ်။

ဦးခင်ဝင်းတို့ဒေသမှာ အင်္ဂလိပ်အစိုးရလက်ထက်က ၀ိတိုရိယဘုရင်မကြီးနာမည်နဲ့ ကျောက်တိုင်စိုက်လှူဒါန်း ခဲ့တဲ့ ဒီရေကာတောစားကျက်မြေ ၂၀၈၄ ဧက ရှိတယ်လို့ ဒေသခံတွေရဲ့အဆိုအရ သိရပါတယ်။

ဧက ၂၀၀၀ ကျော်တဲ့ ဒီရေကာတောကြီးရှိခဲ့စဉ်အခါက ဒေးဒရဲမြို့နယ်တောင်ပိုင်းဒေသဟာ သဘာဝဘေးအန္တရာယ် ခံစားခဲ့ရတာမရှိဘဲဒီရေကာတောနဲ့အတူတည်ရှိနေတဲ့ ကျွဲနွားစားကျက်မြေအတွင်းမှာ ကျွဲ၊ နွားတွေ မွေးမြူပြီး လယ်ယာစိုက်ပျိုးရေး အဆင်ပြေခဲ့သလို တစ်နိုင်တစ်ပိုင် မွေးမြူရေးစီးပွားလည်း ဖြစ်ထွန်းခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာ တည်ရှိလာခဲ့တဲ့၊ ဒေသကိုအကျိုးပြုပြီး အကာအကွယ်ပေးခဲ့တဲ့ ဒီရေကာတောစားကျက်မြေတွေကို ၁၉၉၆ ခုနှစ်မှာကျေးရွာအုပ်ချုပ်ရေးအာဏာပိုင်တွေက ရောင်းစားခဲ့တယ်လို့ ကျုံဒါတ်အုပ်စု ချောင်းသစ်ပေါက်ကျေးရွာက ဦးခင်ရွှေက ပြောပါတယ်။

“ဒီရေကာတောစားကျက်မြေတွေကို အဲဒီအချိန်က ကျေးရွာ ရ၀တ (ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့) ဥက္ကဋ္ဌ ဦးမြတ်စိုးက ၁ ဧက ၄၅၀၀ ကျပ်နှုန်းနဲ့ ဆိုင်းဘုတ်ထောင်ပြီး ရောင်းစားပစ်တယ်။ အဲဒီအချိန်မှာ ဧက ရာနဲ့ချီပြီးရောင်းခဲ့တယ်။ ရွာက လူတချို့နဲ့ တခြားဒေသကစီးပွားရေးသမားတွေက၀ယ်ပြီး လယ်တွေ လုပ်ခဲ့ကြတယ်။ နောက်ပိုင်းတော့ တဖြည်းဖြည်းတိုးချဲ့ယူပြီးလုပ်လိုက်တာ ပင်လယ်ဒီရေကာတော လည်းကုန်၊ စားကျက်လည်း အကုန်လုံးလယ်တွေဖြစ်ကုန်တာပါပဲ”လို့ သူက ပြောပါတယ်။

ဒီရေကာတောအဖြစ်ပေါက်နေတဲ့ ကနစို၊ လမု၊ မိုးမခစတဲ့ သစ်ပင်ကြီးတွေကို ခုတ်ထွင်ရှင်းလင်း၊ မီးရှို့တာတွေလုပ်ပြီး လယ်အဖြစ် ထွန်ယက်စိုက်ပျိုးခဲ့တဲ့အတွက် ဒီရေကာတောတွေ ပျက်စီးပြုန်းတီးကုန်တယ်လို့ သူကဆိုပါတယ်။

ဒီရေကာတောမရှိတဲ့နောက်ပိုင်း ပင်လယ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုတွေ ပိုမိုဆိုးဝါးစွာ ဖြစ်ပေါ်လာပြီး ၁၉၉၆ ကနေ ၂၀၁၃ခုနှစ်အထိ ၁၆ နှစ်ကျော်ကာလအတွင်းမှာ ဒီရေကာတော စားကျက်မြေဧက ၉၀၀ ခန့် ပင်လယ်ထဲပါသွားခဲ့ကြောင်း တော်ကနိ ညောင်လိန်ကုန်းကျေးရွာ သာသနာရာမကျောင်းတိုက်ဆရာတော် ဦးဝေပုလ္လက မိန့်ကြားပါတယ်။

“ပယ်လယ်ရေတိုက်စားလို့ သံဒိတ်မြစ်နားက နဂါးကျောင်းတိုက်နဲ့ ရွာဦးကျောင်းတိုက်ဆိုတဲ့ ဘုန်းကြီးကျောင်း ၂ ကျောင်းလည်းပင်လယ်ထဲကျသွားပြီ။ တော်ပေါင်စိန်ဘုရားလည်း ပင်လယ်ထဲက ဟိုးအဝေးကြီးမှာ ကျန်ခဲ့ပြီ။ ချောင်းသစ်ပေါက်ရွာဆိုလည်း ရွာနံဘေးအထိပင်လယ်ကတဖြည်းဖြည်းတိုက်စားလာလို့ အိမ်တချို့တောင် နေရာတွေရွှေ့နေရတယ်။ အဓိကက အပင်တွေမရှိတော့ မြေကို မကုပ်နိုင် ဘူးလေ။ လှိုင်းရိုက်တော့ မြေသားတွေပဲ့။ ကမ်းပါးတွေ ပဲ့ကျကုန်တာပေါ့။ အခုဆို စားကျက်မြေ ဧက ၉၀၀ လောက်တော့ ရေတိုက်စား သွားပြီ”လို့ ဆရာတော်က မိန့်ပါတယ်။

ဒီရေကာတော ဧက ၂၀၀၀ ကျော်ရှိတဲ့အနက်မှာ ဧက ၉၀၀ လောက်က ရေတိုက်စားသွားပြီးဖြစ်တဲ့အတွက် လယ်စိုက်ထားတဲ့ဧက ၁၀၀၀ လောက်ကို ဒေသရဲ့အသက်အိုးအိမ်စည်းစိမ် အကာအကွယ်ပေးမယ့် ဒီရေကာတောစိုက်ပျိုးဖို့ ဒေသခံတွေက ဒေးဒရဲမြို့နယ်၊ဖျာပုံ ခရိုင်နဲ့ ဧရာဝတီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဌာနတွေဆီ အဆင့်ဆင့်တင်ပြ တောင်းခံပေမယ့် အာဏာပိုင်တွေက ဒီရေကာတော စားကျက်မြေအဖြစ် ပြန်လည်သတ်မှတ်ပေးဖို့ ငြင်းဆန်ခဲ့တာ သိရပါတယ်။

“ မြို့နယ်၊ ခရိုင်၊ တိုင်း အကုန်တင်ပြပြီးပြီ။ သူတို့က ဘာကိုအကြောင်းပြလဲဆိုတော့ စားကျက်မြေဖြစ်တာ မှန်ပေမယ့် အခုကလယ်တွေ စိုက်ထားတယ်ဆိုတော့ လူစားဖို့နဲ့ ကျွဲစားဖို့ ဘယ်ဟာအရေးကြီး သလဲလို့ပြောတယ်။ အဲတော့ ကျွန်တော်ကလည်းမေးချင်တယ်။ လူစားဖို့နဲ့ အသက်ရှင်ဖို့ ဘာကပိုအရေးကြီးသလဲလို့ပဲ ပြန်မေးချင်တယ်”လို့ လယ်သမားအရေး ကူညီပေးနေတဲ့ လူ့အခွင့်အရေး စောင့်ကြည့်ကာကွယ်ရေးကွန်ရက် (HRWDN) က ကိုထွန်းထွန်းဦးက ပြောပါတယ်။

သူတို့ HRWDN အဖွဲ့တွေ ဒေးဒရဲမြို့နယ် ကျုံဒါတ်ကျေးရွာအုပ်စုကို ကွင်းဆင်းလေ့လာခဲ့ရာမှာ ပင်လယ်ရေတိုက်စားမှုအခြေအနေက ဆိုးဝါးနေပြီး ပင်လယ်ရေဟာ စပါးပင်တွေစိုက်ထားတဲ့ စားကျက်မြေတွေနဲ့ ၁ ဖာလုံလောက် ဝေးတဲ့နေရာအထိ ရောက်ရှိနေပြီလို့လည်း သူက ပြောပါတယ်။

“အဲဒီဒေသကို ကျနော်တို့ ကွင်းဆင်းကြည့်တော့ ပင်လယ်ရေတိုက်စားမှုက အတော့်ကို အခြေအနေဆိုးနေပြီ။ လယ်တွေစိုက်ထားတဲ့ စားကျက်မြေနဲ့ ပင်လယ်ရေက ၁ ဖာလုံလောက်ပဲ ဝေးတော့တယ်။ အဲတော့ ရေငန်ဝင်လာရင် ပထမဆုံး ဒီရေကာတောစားကျက်မြေမှာ စိုက်ထားတဲ့လယ်တွေ ပျက်မယ်။ မကြာခင်မှာပဲ တဆက်တည်းဖြစ်နေတဲ့ နိုင်ငံတော်မှာ မှတ်ပုံတင်ထားတဲ့ဂရန်လယ်တွေပါ ဆက်ပြီး ပျက်စီးမယ်။ ရေချိုတွင်းတွေ ချောင်းတွေမြောင်းတွေပါ ရေငန်တွေဖြစ်ကုန်မယ်။ အဲဒီအချိန်ကျတော့ အဲဒီဒေသတခုလုံး လူနေလို့မရဘဲ ပြောင်းပြေးရတဲ့အဆင့်အထိပါ ရောက်သွားလိမ့်မယ်။ ကျနော်ပြောတာမယုံရင် နောင် ၅ နှစ်လောက်ပဲစောင့်ကြည့်လိုက်ပါ”လို့ ကိုထွန်းထွန်းဦးက ပြောပါတယ်။

ဒေးဒရဲမြို့နယ်တောင်ဘက်ပိုင်းက ရွာပေါင်း ၄၆ ရွာမှာ မုန်တိုင်းဒဏ်ခံအဆောက်အဦး ၂ လုံးရှိကြောင်းလည်း သိရပါတယ်။ ရွာတွေမှာအန်ဂျီအိုတွေအကူအညီနဲ့ သဘာဝဘေးအန္တရာယ် ဖြစ်လာခဲ့ရင် စနစ်တကျဘယ်လိုလုပ်ကိုင်ရမယ်ဆိုတာ သင်တန်းတွေပေးထားပေမယ့် တကယ့်လက်တွေ့ ဘေးကျချိန်မှာ ဘယ်လောက်အထိ ဒီနည်းစနစ်တွေကို ကျင့်သုံးနိုင်မလဲ၊ ထိရောက်နိုင်မလဲဆိုတာက မခန့်မှန်းနိုင်တဲ့ အနေအထားတစ်ခုမှာ ရှိပါသေးတယ်။

ဒီရေကာတောမရှိတဲ့ အဲဒီဒေသမှာ ဆူနာမီလို နာရီပိုင်းအတွင်းကျရောက်နိုင်တဲ့ သဘာဝဘေးအန္တရာယ်မျိုး ဖြစ်ပေါ်လာခဲ့ရင် ဒေသခံတွေကြုံတွေ့ရမယ့်အခြေအနေဟာ မတွေးဝံ့စရာဖြစ်ကြောင်း ဒေးဒရဲမြို့နယ်ကို ကွင်းဆင်းလေ့လာခဲ့သူ HRWDNအဖွဲ့ဝင် ဦးထွန်းရွှေက ပြောပါတယ်။

“သူတို့အခြေအနေက သေမင်းခံတွင်းဝ ရောက်နေသလိုဖြစ်နေတယ်။ အချိန်မရွေး ဘေးအန္တရာယ်ကျရောက်နိုင်တဲ့အခြေအနေ ဖြစ်နေတယ်။ ဒါတွေကို တိုင်းအဆင့်က ၀န်ကြီးတွေ၊ တာဝန်ရှိသူတွေတင်ပြတော့ လယ်စိုက်ထားတာ ဧက ၁ ထောင်လောက်ပဲ ရှိတာ။ ကျန်တဲ့မြေမှာ ဒီရေကာတောစိုက်ပေါ့လို့ ပြောတယ်။ ကျန်တဲ့မြေဆိုတာကို မရှိတော့ဘူး။ အကုန်လုံးပင်လယ်ထဲကျကုန်ပြီ။ အဲတော့ မြေပြင်အခြေအနေ မသိဘဲ မြေပုံစာရွက်ပေါ်မှာ အလုပ်လုပ်တာက အဆင်မပြေပါဘူး။ သူတို့ကိုယ်တိုင် အဲဒီဒေသကိုကွင်းဆင်းပြီး ပြည်သူတွေရဲ့အသံကိုနားထောင်ကြည့်စေချင်ပါတယ်”လို့ သူကပြောပါတယ်။

လူသားချင်းအတူတူ ပင်လယ်နံဘေးမှာနေရတဲ့ ဒေးဒရဲမြို့နယ်တောင်ဘက်ခြမ်းကလူတွေမှာ သဘာဝဘေးအတွက် အမြဲတမ်းစိုးရိမ်နေရပြီး ဒီအခြေအနေကို အစိုးရပိုင်းက တာဝန်ယူမှုမရှိဘဲ ရှောင်လွှဲနေတဲ့ကိစ္စဟာလည်း လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းတမျိုးပဲလို့HRWDN အဖွဲ့က ဆိုပါတယ်။

ဒီရေကာတောတွေဟာ ပင်လယ်ကမ်းစပ်ဒေသတွေအတွက် အသက်တမျှအရေးကြီးတဲ့ အရာတွေ ဖြစ်နေတဲ့အတွက် နိုင်ငံတော်အစိုးရအနေနဲ့ အစီအမံတရပ်အဖြစ် ချမှတ်ဆောင်ရွက်သင့်တယ်လို့ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးပညာရှင် ဦးစည်သူလွင်က အကြံပြုပြောကြား ပါတယ်။

“ဒီရေကာတောတွေဟာ ပင်လယ်ရေကို မြေအောက်ကလည်းမတိုးနိုင်အောင် မြေပေါ်ကလည်း မတိုးနိုင်အောင် ဟန့်တားပေးပါတယ်။ ဒီရေကာတောမရှိရင် မုန်တိုင်းဖြစ်ရင်၊ ဒီရေတက်ရင် အကာအကွယ်မဲ့မယ်။ မုန်တိုင်းမဖြစ်လည်း မြေအောက်ကနေ ရေငန်တိုးပြီး ရေချို ချောင်းမြောင်းတွေ ရေတွင်းတွေ ရေငန်ဖြစ်ကုန်နိုင်တယ်။ အချိန်ကြာလာတာနဲ့အမျှ လူတွေရှင်သန်ရပ်တည်ရေးကို ထိခိုက်လာနိုင်တဲ့ အရာတွေဖြစ်တယ်။ ဒါကြောင့် မြစ်ဝကျွန်းပေါ်ဒေသတွေမှာ ဒီရေကာတော စားကျက်မြေဆိုတာ နိုင်ငံတော်ကတောင် စနစ်တကျနဲ့စိုက်ပျိုးပေးရမယ့်ကိစ္စပါ”လို့ သူက ပြောပါတယ်။

ကျုံဒါတ်ဒီရေကာတောစားကျက်မြေကို မူလအတိုင်း စားကျက်မြေအဖြစ်ပြန်လည် သတ်မှတ်ပေးဖို့ ညောင်လိန်ကုန်းကျေးရွာက ဒေသခံတွေဟာ ဒေးဒရဲမြို့ပေါ်မှာ ဆန္ဒပြဖို့ ကြိုးစားခဲ့တာတွေရှိသလို အစိုးရရုံးစိုက်ရာ နေပြည်တော်က နိုင်ငံတော် သမ္မတရုံးအထိ သွားရောက်တင်ပြခဲ့တာတွေမျိုးတွေအထိ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါပေမယ့် ဒီကနေ့အထိတော့ ဒီရေကာတောစားကျက်မြေအဖြစ် အစိုးရကပြန်လည် သတ်မှတ်ပေးခြင်းမရှိသေးဘဲ စီးပွားရေးသမားတွေကပဲ စားကျက်မြေပေါ်မှာ လယ်ယာမြေတွေ ကျူးကျော်လုပ်ကိုင်နေဆဲပါ။

နိုင်ငံတော်အနေနဲ့ ဧက ၁၀၀၀ ခန့် ကျန်ရှိနေသေးတဲ့ ကျုံဒါတ်ဒီရေကာတောစားကျက်မြေကို ဒေသခံတွေထံ ပြန်ပေးခဲ့မယ်ဆိုရင်ဒီရေကာတော အမြန်ဆုံးဖြစ်အောင် ပြန်လည်စိုက်ပျိုးမယ်လို့ ကျုံဒါတ်ကျေးရွာအုပ်စုက နာဂစ်ဒုက္ခသည်တွေက ပြောပါတယ်။

“နိုင်ငံတော်အစိုးရက ဒီစားကျက်မြေကိုပြန်ပေးမယ်ဆိုရင် ဒီရေကာတောအမြန်ဆုံးဖြစ်အောင် စိုက်ဖို့ ကျွန်တော်တို့ စီစဉ်ထားပါတယ်။

ကျွန်တော်တို့ ဒေသခံအများစုကလည်း ဒီစားကျက်မြေကို ဒီရေကာတောအဖြစ်ပဲ လိုချင်နေကြတာပါ။ ဒီရေကာတောရှိမှ ကျွန်တော်တို့ဘ၀လည်း အေးချမ်းမယ်။ ကျွန်တော်တို့ နောင်မျိုးဆက်တွေဘ၀လည်း အေးချမ်းမှာပါ။ ခုချိန်အထိကတော့နေ့သေမလား၊ ညသေမလား စိုးရိမ်နေရတဲ့ဘ၀ ဖြစ်နေတုန်းပါပဲ”လို့ မရမ်းကျေးရွာက နာဂစ်ဒုက္ခသည် ဦးချိုလွင်က ပြောပါတယ်။

၂၀၀၈ခုနှစ် မေလအတွင်းက တိုက်ခတ်ခဲ့တဲ့ အဖျက်စွမ်းအားကြီးမားတဲ့ ဆိုင်ကလုန်းနာဂစ် မုန်တိုင်းကြောင့် ဧရာဝတီတိုင်းဟာ သေကြေ ပျက်စီးမှု အများဆုံးဖြစ်ပြီး လူပေါင်း ၁ သိန်းခွဲ ကျော်သေဆုံးခဲ့သလို လူပေါင်းသန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ နာဂစ်မုန်တိုင်းဒဏ်သင့် ဒေသကို ပြည်သူတွေ၊ နိုင်ငံတကာက ပြည်သူ တွေရဲ့ အကူအညီနဲ့ လူမှုရေးအဖွဲ့အစည်းတွေကနေ ရုပ်ပိုင်းဆိုင်ရာ ထောက်ပံ့ကူညီပေးနေကြ ပေမယ့် သူတို့ခံစားနေကြရတဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေကိုတော့ ကုသဖို့အချိန် လုံလောက်ဦးမှာ မဟုတ်ပါဘူး။

ဒီလိုကြောက်မက်ဖွယ်ရာ နာဂစ်လိုဘေးဆိုးကြီး နောက်တကြိမ်ပြန်ဖြစ်လာမှာကို ဒေးဒရဲမြို့နယ်က နာဂစ်ဒုက္ခသည်တွေ ကြောက်လန့်နေဆဲ၊ တနည်းအားဖြင့် နာဂစ်ဒုက္ခသည်တွေကို “နာဂစ်တစ္ဆေ” ခြောက်လှန့်နေဆဲပါ၊

ဒဏ်ရာရသူကို ဝင်ကူဖို့ တွန့်ဆုတ်နေရခြင်း အကြောင်းရင်း

Posted by drmyochit Friday, November 15, 2013, under | 1 comment



ကမာရွတ် လှည်းတန်းရှိ အင်းစိန်လမ်းမပေါ်တွင် အမျိုးသမီးတဦး ပက်လက်အနေအထားဖြင့် လဲကျနေသည်။ သူ၏ ဦးခေါင်းမှ သွေးများသည် ကတ္တရာလမ်းမ၏ နိမ့်ရာဘက်သို့ စီးကျနေ၏။

သူ၏ ဘေးလွယ်အိတ်နှင့် ဖိနပ်တို့က တနေရာစီ ပြန့်ကျဲနေသည်။ သူ့ ဘေးပတ်လည်တွင် ၀ိုင်းအုံကြည့်နေသူများ ထဲမှ စာနာသနားမှုဖြင့် စုပ်တသပ်သပ် ဖြစ်နေသည့် အမျိုးသမီးတချို့ကို တွေ့ရသည်။ ကားများက ၀ိုင်းအုံကြည့်နေသော လူအုပ်ကြီးကို ကွေ့ရှောင် မောင်းနှင် သွားကြသည်။ အမျိုးသမီးငယ်တချို့က မကြည့်ရဲ၊ မမြင်ရဲသဖြင့် မျက်နှာလွှဲကာ ထိုနေရာမှ ခပ်သုတ်သုတ် ထွက်ခွာသွားကြသည်။

သူ အချိန်မည်မျှကြာအောင် လဲကျနေသည်ကို ခဲစပြုနေသည့် သွေးစီးကြောင်းများက သက်သေပြနေသလို ရှိနေသည်။ အသက်ရှင်လျှက် ရှိနေသလား၊ သေဆုံးသွားပြီလား မည်သူမျှ မသိနိုင်ဘဲ ဘေးမှသာ ၀ိုင်းအုံကြည့်ရှု နေကြလေသည်။

“နေပူနေတယ်။ သူ့ကို လမ်းဘေးအရိပ်ထဲ ၀ိုင်းရွှေ့ကြရင် မကောင်းဘူးလားဟင်” ဆိုသည့် အမျိုးသမီးတဦး၏ အသံကို ကြားရသည်။

တဆက်တည်းမှာ “ရဲမလာသေးဘူး။ သွားမကိုင်နဲ့။ အမှုပတ်နေမယ်။ လူနာတင်ကား ခေါ်ထားတယ်” ဆိုသည့် အမျိုးသား တဦး၏ အသံကိုလည်း ကြားရသည်။

မီးပွိုင့်အမီဖြတ်ရရေး အတွက် အပြေးမောင်းနှင်လာသည့် ယာဉ်တစီးက လှည်းတန်းရှိ ဦးထွန်းလင်း ခြံလမ်းထိပ်မှ တဘက်သို့ ဖြတ်ကူးရန် ကြိုးစားသည့် သူနာပြုဆရာမလေး တဦးအား တိုက်မိခဲ့ခြင်း ဖြစ်သည်။ လူနာများအား ပြုစု ကုသပေးရသည့် သူနာပြု ဆရာမလေး၏ ပြုစုသူမဲ့ လဲကျနေဟန်ကို လွန်ခဲ့သော နှစ် အနည်းငယ်က မြင်တွေ့ခဲ့ရဖူးသည်။

လူနာတင်ယာဉ် ရောက်လာပြီးနောက် ရန်ကုန်ပြည်သူ့ဆေးရုံသို့ သယ်ဆောင် ရောက်ရှိချိန်တွင် ထိုသူနာပြု ဆရာမလေးမှာ အသက်ရှင်လျှက် ရှိသေးသော်လည်း အချိန်နောက်ကျမှုကြောင့် သွေးထွက်လွန်ကာ အသက် ဆုံးရှူံးခဲ့ရကြောင်း ပြန်လည် သိရှိရသည်။

“ဝင်မကယ်ရဲဘူး။ မတော်လို့ အမှုပတ်ရင် ရုံးရောက်ဂတ်ရောက် မဖြစ်နိုင်ဘူးဗျ။ တရက် အလုပ်ပျက်ရင် တရက်ဝင်ငွေက လျော့ပြီလေ” ဟု အငှားယာဉ်မောင်း တဦးက သူ့သဘောထားနှင့် စိုးရိမ်မှုကို ပြောပြသည်။

လူနာကို ကိုင်တွယ်သဖြင့် အမှုပတ်မည်ကို စိုးရိမ်ခြင်း၊ မျက်မြင် သက်သေအဖြစ် ထွက်ဆိုရမည်ဆိုပါက မိမိစရိတ်ဖြင့် တရားရုံးသို့ ရုံးချိန်းများ သွားရောက်ရမည်ကို စိုးရိမ်ခြင်း၊ ဒဏ်ရာရနေသော လူနာအား ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာန သို့ ပို့ဆောင်ပါက လူနာရှင်အဖြစ် ဆေးဖိုးဝါးခ စရိတ်များ ကုန်ကျခံရမည်ကို စိုးရိမ်ခြင်း စသည်တို့သည် မတော်တဆ မှုများကြောင့် ဒဏ်ရာရသူကို ကူညီရန် လူအများစု စိုးရိမ်သည့် အချက်တချို့ ဖြစ်လေသည်။

လူအများ ယူဆထားသည့် အမှုပတ်မည်ဆိုသည့် အချက်သည် မှားယွင်းနေပြီး မတော်တဆမှုကြောင့် ဒဏ်ရာရထား သူများအား မည်သူမဆို ၀ိုင်းဝန်းကူညီနိုင်ကြောင်း ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်မှ မြို့နယ်ရဲမှူး ဇော်ဝင်းက ဧရာဝတီသို့ ပြောသည်။

“အမှုပတ်တာမျိုး မဖြစ်နိုင်ပါဘူး။ မတော်တဆမှု ဖြစ်လို့ မြင်မကောင်းအောင် လဲကျနေပြီ၊ ယာဉ်ထိန်းကလည်း မလာသေး ဘူး၊ ရဲကလည်း မလာသေးဘူးဆိုရင် အနီးနားမှာရှိတဲ့ ပြည်သူတွေက အခင်းဖြစ်ရပ်ကို မှတ်တမ်းဓာတ်ပုံ ရိုက်တာတို့၊ ဖြစ်ပွားတဲ့ ယာဉ်ကို ထွက်မပြေးအောင် တားမြစ်တာတို့၊ ယာဉ်နံပတ်ကို မှတ်သားတာတို့၊ ရဲစခန်းကို အကြောင်းကြားပြီး လူနာကို ရွှေ့ထားပြောင်းထားတာတို့၊ အမှတ်အသားတွေ လုပ်ထားတာတို့၊ ဆေးရုံကို ၀ိုင်းကူပို့ပေးတာတို့ အားလုံးကို လုပ်လို့ရတယ်” ဟု အထက်ပါရဲမှူးက ရှင်းပြသည်။

အလားတူ ယာဉ်ထိန်းရဲတပ်ဖွဲ့၏ အရေးပေါ် ကယ်ဆယ်ရေးဌာနမှ တာဝန်ရှိသူ တဦးဖြစ်သည့် တပ်ကြပ်ကြီး ထွန်းထွန်းလွင် ကလည်း “တချို့က မတော်တဆမှု ဖြစ်ရင် ဒါက မှုခင်းကိစ္စဆိုပြီး ဒဏ်ရာရသူကို မကိုင်ရဲဘူး။ ဒါဟာ မှုခင်းနဲ့ မဆိုင်ပါဘူး။ ကူညီပေးလို့ ရပါတယ်။ လူနာတင် ယာဉ်မရောက်ခင် ပြုစုပေးပြီး ကူညီထားလို့ရပါတယ်။ ယာဉ်တိုက်မှုကြောင့် ဆိုရင် ဆေးရုံကြီးကို တန်းပို့ပြီး အရေးပေါ်မှာ တာဝန်ကျနေတဲ့ ယာဉ်မှုစစ်အဖွဲ့ဆီမှာ အပ်ပေးထားခဲ့လို့ ရပါတယ်” ဟု ပြောသည်။

ယာဉ်တိုက်မှုကြောင့် ရောက်လာသည့် လူနာများကို လက်ခံဆောင်ရွက်ပေးမည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ကို ဆေးရုံကြီးတွင် တာဝန် ချထားပေးသဖြင့် ကူညီသူများအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်ရန် စိတ်ပူစရာမရှိကြောင်း သူက ရှင်းပြသည်။

“တက္ကစီသမားက လိုက်ပို့ပေးတယ် ဆိုရင်တော့ ယာဉ်မောင်းကို သံသယ မဖြစ်အောင် သက်သေ တယောက်လောက် အတူပါသွားရင် ပိုကောင်းပါတယ်” ဟု သူက ပြောသည်။

မကြာသေးမီ နှစ်ပိုင်းက တရုတ်ပြည်တွင် ဖြစ်ပွားခဲ့သည့် မတော်တဆ ကားတိုက်မှုတခုကို အင်တာနက် သတင်းများမှ တဆင့် ကြည့်ခဲ့၊ ဖတ်ခဲ့ကြရသည်။ ထိုသတင်းသည် တရုတ်နိုင်ငံ အတွက်ရော၊ သတင်းကြည့် ပရိသတ်များအတွက်ပါ လူ့စံနှုန်း၊ လူ့ကျင့်ဝတ် အရည်အသွေး နိမ့်ကျလာမှု၊ တာဝန်ယူစိတ် လျော့နည်းလာမှုကို အချက်ပေး ခေါင်းလောင်း ထိုးလိုက် သကဲ့သို့ ဖြစ်ပွားခဲ့သည်။

မြို့လယ်ခေါင် လမ်းမပေါ်တွင် ကလေးငယ်တဦး ကားတိုက် ခံရသည်ကို ပတ်ဝန်းကျင်ရှိ လူအများက လျစ်လျူရှုထားခဲ့ ရာမှ ကားအဆင့်ဆင့် ထပ်မံ အတိုက်ခံခဲ့ရသည့် သတင်းတပုဒ် ဖြစ်သည်။

မြန်မာနိုင်ငံတွင်၊ အထူးသဖြင့် တဦးနှင့်တဦး မသိနိုင်သည့် လူနေထူထပ်လှသော မြို့ကြီးပြကြီးများတွင် ယာဉ် မတော်တဆ ဖြစ်ခြင်း၊ အထပ်မြင့် တိုက်ပေါ်မှ ပြုတ်ကျခြင်း၊ ကျန်းမာရေးကြောင့် မူးမေ့လဲကျကာ တဦးတည်း ကူညီရာ မဲ့နေခြင်းများ မကြာခဏ ဖြစ်ပွားသည်ကို မြင်တွေ့ကြရသည်။

ထို့အတူ မြန်မာနိုင်ငံတွင် အများပြည်သူ မတော်တဆ မှုများကို အချိန်နှင့် တပြေးညီ လျှင်မြန်စွာ ဝန်ဆောင်မှု ပေးနိုင်သည့် စနစ်မှာလည်း အားနည်းနေဆဲ ဖြစ်သည်။ အခင်းဖြစ်ပွားချိန်နှင့် အရေးပေါ် လူနာတင်ယာဉ် ရောက်ရှိလာ နိုင်သည့် အချိန်သည် ကွာဟနေဆဲ ဖြစ်သည်။

“လူအများစုက မတော်တဆမှု ဖြစ်ရင် ဒဏ်ရာရတဲ့သူကို မထိရဲ မကိုင်ရဲ ဖြစ်တယ်။ အမှုပတ်မှာ စိုးတယ်။ ရုံးချိန်းလိုက်ရ တာတွေ၊ ရဲသက်သေလုပ်ရမှာတွေ စိုးရိမ်ကြတယ်” ဟု ကမာရွတ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့၏ ဒုတပ်ရင်းမှူး ဦးခင်မောင် ထွန်းက ပြောသည်။

ထို့အပြင် သူ၏ အတွေ့အကြုံ တခုကိုလည်း ယခုကဲ့သို့ ပြန်လည်ပြောပြသည်။

“သူငယ်ချင်း တယောက်ရဲ့ မင်္ဂလာဆောင်သွားဖို့ အိမ်ကထွက်လာတော့ လမ်းဘေးမှာ လဲနေတဲ့ ရောဂါသည် တယောက် ကို အရေးပေါ်ကို ပို့ဖူးတယ်။ အဲဒီလို လူနာတွေအတွက် အရေးပေါ် ဘတ်ဂျက်မရှိဘူး။ ပို့တဲ့လူက တာဝန်ယူရတယ်။ လက်ဖွဲ့ဖို့ ယူလာတဲ့ငွေကို ဆေးဖိုးပေး၊ အ၀တ်အစားလဲဖို့ လိုနေတဲ့လူနာကို ကိုယ်ပေါ်က အ၀တ်တွေ ချွတ်ပေးခဲ့ပြီး စွပ်ကျယ်၊ ဘောင်းဘီတိုနဲ့ အိမ်ပြန်လာခဲ့ရ ဖူးတယ်” ဟု ဦးခင်မောင်ထွန်းက ရယ်လျက်ပြောသည်။

ယခင် အစိုးရလက်ထက် ရန်ကုန်ဆေးရုံကြီး၏ အရေးပေါ်ဌာနတွင် ရောက်လာသည့် ပိုင်ရှင်မဲ့ လူနာများအတွက် ၀န်ဆောင် ပေးခဲ့သည့် အခြေအနေကို သူက ထောက်ပြသည်။

လူမှုဝန်ထမ်းစိတ်ဖြင့် ဝင်ရောက် ကူညီလိုသူများအတွက် ထိုသို့သောအချက်က အဟန့်အတား တခုသဖွယ် ဖြစ်ခဲ့ကြောင်း သူကဆိုသည်။

သို့သော် ယခုအစိုးရသစ် တက်လာပြီးနောက်ပိုင်းတွင် ယင်းသို့ ရောက်လာသည့် လူနာများအတွက် ဆေးရုံ အသုံး စရိတ်ဖြင့် ကုသပေးလာသဖြင့် ပြောင်းလဲမှုရှိလာကြောင်း သိရသည်။

“အရင်တုန်းကလို သူနာပြုတွေက ဆေးဖိုးဘယ်သူပေးမှာလဲလို့ မမေးတော့ဘူး။ လူနာရောက်လာတာနဲ့ ဆေးသွင်းတာ၊ ဆေးထိုးပေးတာတွေ လုပ်တယ်” ဟု ယခုနှစ် အောက်တိုဘာလ အတွင်းက ၄ ထပ်အမြင့် တိုက်ပေါ်မှာ မတော်တဆ ပြုတ်ကျခဲ့သူ တဦးအား ကူညီပေးခဲ့ဖူးသည့် ဦးခင်မောင်ထွန်းက ပြောသည်။

ထို့အပြင် ၎င်းကူညီလိုက်ပြီးနောက် နောက်ဆက်တွဲ ရဲသက်သေအနေဖြင့် တရားခွင်၌ သက်သေထွက်ဆို ပေးရခြင်း ကလည်း လူအများစုအတွက် အခက်အခဲများစွာ ရှိနေကြောင်း ရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)၊ တရားရုံးချုပ် ရှေ့နေ ဦးအောင်သန်းစိုး၏ အဆိုအရ သိရသည်။

“သက်သေ မလိုက်ပေးချင်ရတဲ့ အကြောင်း အရာတွေမှာ အဓိကတော့ တရားခံဆီမှာ ရန်ငြိုးပြုခံရမှာစိုးတာ၊ တရားရုံးက ရုံးချိန်းတွေက ကြာလွန်းပြီး အကြိမ်ကြိမ်သွားရတာ၊ ကိုယ့်ငွေ ကိုယ်စိုက်ပြီး တရားရုံးကို အလုပ်ပျက် အကိုင်ပျက် သက်သေ လာထွက်ပေးရတာ တွေကြောင့်ပဲ။ တော်တော်များများက သက်သေ မထွက်ရဲကြဘူး” ဟု သူက ရှင်းပြသည်။

ထို့အပြင် သက်သေ ထွက်ဆိုရာတွင် ရဲစခန်းများနှင့် ဆက်ဆံရေးကလည်း လူအများအတွက် စိတ်အနှောင့်အယှက် ဖြစ်စရာများ ရှိခဲ့ကြောင်း ဦးခင်မောင်ထွန်းက ပြောသည်။

“ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ သူတို့ကို လာကူညီပေးနေတယ်လို့ ယူဆပြီး ဆက်ဆံကြရင် ကောင်းမယ်။ ရဲစခန်းထဲ ရောက်လာရင်ပဲ တရားခံလို၊ သူတို့လုပ်သမျှ ခံရမယ့်လူတွေလို လေးစားမှုမရှိဘူး။ ပြည်သူတွေအပေါ်မှာ မထီမဲ့မြင် လုပ်တာတွေ များခဲ့တော့ လူတွေကလည်း ရဲစခန်းနဲ့ မဆက်ဆံချင် တော့ဘူး” ဟု ထောက်ပြသည်။

သို့ဆိုလျင် ထိုသို့သော အဟန့်အတား များကြောင့် လူတို့၏ စာနာစိတ်၊ ကိုယ်ချင်းစာစိတ်နှင့် လူမှုဝန်ထမ်း စိတ်များကို တစထက်တစ လျော့ပါးလာမည်ဆိုပါက လူ့အဖွဲ့အစည်းအတွက် ဖြစ်ပေါ်လာမည့် အကျိုးသက်ရောက်မှုကို ခန့်မှန်း၍ ရနိုင်သည်။

အမှန်တကယ်မှာမူ တရားရုံးသို့ သွားရောက်ကာ သက်သေ ထွက်ဆိုရသူများ အတွက် တရားရုံးက ထုတ်ပေးရန် သတ်မှတ်ထားသည့် သက်သေစရိတ်များ ရှိကြောင်း ကမာရွတ်မြို့နယ် မြို့နယ် ရဲမှူး ဇော်ဝင်း၏ အဆိုအရ သိရသည်။

“သက်သေလိုက် စရိတ်တွေရှိတာ အရင်ကတည်းကပဲ။ သက်သေ တယောက် လာရတဲ့ ခရီး အနီးအဝေးအပေါ် မူတည် ပြီး တရားရုံးမှာ သက်သေစရိတ် ထုတ်ပေးပါလို့ တင်ပြရင် ထုတ်ပေးတယ်။ အရင်ကတည်းက ရှိတယ်။ လူတွေက ထုတ်ရကောင်းမှန်းလည်း မသိဘူး” ဟု သူက ရှင်းပြသည်။

သို့ရာတွင် ထိုသို့ သက်သေစရိတ်ထုတ်ရန် အချိန် ကြန့်ကြာလှကြောင်း၊ စောင့်ဆိုင်းရကြောင်း သူက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် တရားရုံးတော်၌ သက်သေ ထွက်ဆိုသူသည် သက်ဆိုင်ရာ တရားရုံးရှိ ဘီလစ် စာရေးများထံတွင် စရိတ် ထုတ်ယူ တောင်းခံနိုင်သော်လည်း ယင်းအချက်ကို အများပြည်သူ သိရှိအောင် ထုတ်ပြန်ပြောဆိုမှု အားနည်းကြောင်း တရားရုံးချုပ် ရှေ့နေ ဦးအောင်သန်းစိုးက ဆိုသည်။

ထို့အပြင် တရားရုံးများက ထုတ်ပေးနေသည့် သက်သေစရိတ်များသည် ခေတ်နှင့် မလျှော်ညီသည့် နှုန်းထားများ ဖြစ်နေပြီး လွန်ခဲ့သည့် ၁ နှစ်တာ ကာလအထိ သက်သေစရိတ်မှာ ၁၅ ကျပ်သာ ရှိကြောင်း၊ မကြာသေးမီက လွှတ်တော်တွင် ပြင်ဆင်ခဲ့သည့် စရိတ်မှာလည်း ကျပ်ငွေ ထောင်ဂဏန်းမျှသာ ရှိကြောင်း သိရသည်။

ဦးအောင်သန်းစိုးက “သက်သေစရိတ် ထုတ်ပေးတယ် ဆိုတာကို တရားရုံးတွေကလည်း ပြောပြသင့်တယ်။ တရားစီရင်ရေးမှာ မျက်မြင်သက်သေ ဆိုတာ အရေးအကြီးဆုံးပဲ။ သက်သေ ထွက်တဲ့သူ များများပေါ်လာစေချင်ရင် သက်သေ စရိတ်တွေကို နိုင်ငံတော်က လုံလုံလောက်လောက် ပေးသင့်တယ်။ လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန် ပေးသင့်တယ်။ ကိုယ့်စရိတ် ကိုယ်စားပြီး ကြီးဒေါ်နွားကျောင်းတာ ဘယ်သူမှ မလုပ်ချင်ဘူး” ဟု ပြောသည်။

ထို့အပြင် ရဲဝန်ထမ်းတို့၏ အများပြည်သူ အပေါ် ဆက်ဆံရေးပိုင်း အားနည်းချက်ကလည်း ဖြစ်ပေါ်လာသည့် အမှုများတွင် သာမန်လူများ ပါဝင်ပတ်သက်မှု မရှိလိုခြင်း၊ သက်သေ မလိုက်လိုခြင်းနှင့် ဆက်ဆိုင်နေသည်။ ထိုသို့ အားနည်းချက်များ ရှိခဲ့သဖြင့် ပြန်လည် ပြုပြင်နေကြောင်း ရဲမှူးဇော်ဝင်းက ဆိုသည်။

“ရဲဘော်တွေက ပြည်သူတွေထဲက ၀င်လာတာပဲ။ တချို့က ပညာအရည်အချင်း မပြည့်မီ ပေမယ့် လိုအပ်ချက်အရ ခန့်ရတာတွေ ရှိတယ်။ တခါတလေမှာ ယူနီဖောင်းဝတ်ပြီး ရဲတပ်ဖွဲ့ရဲ့ လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံးစား လုပ်တာတွေ ရှိခဲ့ဖူးတယ်” ဟု အထက်ပါ ရဲမှူးက ပြောသည်။

သူက ဆက်လက်၍ “ဒါပေမယ့် နောက်ပိုင်းမှာ အဆင့်ဆင့် တိုက်စီး သင်တန်းတွေ ပေးပြီးတော့မှ တပ်ဖွဲ့က ပြည်သူကို ဘယ်လို ဆက်ဆံရမယ်၊ ဟိုးတုန်းက ကျနော်တို့မှာ တင်နေတဲ့ ပုလိပ်ဆိုတဲ့ အကြွေးတွေ၊ ပြည်သူတွေက ရဲဝန်ထမ်း တွေကို ရွံ့မုန်းတဲ့ အကြွေးတွေကို ဆပ်ရမယ်ဆိုတဲ့ အသိအမြင်ကို ဖော်ထုတ်တယ်။ တပ်ဖွဲ့ဝင်တွေက ပြည်သူလူထုကို ဆက်ဆံနည်း၊ မီဒီယာဆိုရင်လည်း မီဒီယာအလိုက် ဆက်ဆံနည်းတွေ သင်ပြပေးတဲ့အခါမှာ အောင်မြင်မှုတွေ ရလာပါတယ်” ဟု ရှင်းပြသည်။

အလားတူ ကမာရွတ်မြို့နယ်မှ စခန်းမှူး ဒုရဲမှူး မောင်မောင်ဦးကလည်း “ကျနော်တို့ ဘက်ကလည်း ရဲစခန်းကိုလာတဲ့ သူတွေကို တရားခံကြည့် ကြည့်တာ၊ တရားခံစစ် စစ်တာမျိုး လုပ်တယ်ဆိုတဲ့ လူတွေရဲ့အမြင်ကို ပြောင်းဖို့ ပြုပြင်နေပါပြီ။ လူတွေက မလာချင်တဲ့ နေရာ သုံးခုရှိတယ်။ ရဲစခန်း၊ ဆေးရုံနဲ့ သင်္ချိုင်းကုန်းပေါ့။ ရဲစခန်းကိုလာရင်ပဲ ချက်ချင်း ဖမ်းချုပ်ခံရ တော့မလို။ ဒါကတော့ ခေတ်စနစ်ဟောင်းက တွေ့ကြုံခဲ့ရတာတွေ ကြောင့်လည်း ဖြစ်ချင် ဖြစ်မှာပေါ့နော်။ အခုတော့ ကျနော်တို့ ပြောင်းလဲနေပါပြီ” ဟု ၎င်းတို့၏ ပြုပြင်ပြောင်းလဲ နေမှုများနှင့် ပတ်သက်၍ ပြောသည်။

ရန်ကုန်မြို့တွင် လစဉ် ယာဉ်တိုက်မှုပေါင်း ပျမ်းမျှ အကြိမ်ရေ ၃၀ ဝန်းကျင်ဖြစ်ပွားလေ့ရှိကြောင်း ၂၀၀၆ ခုနှစ်မှ စတင်ကာ အရေးပေါ်ဝန်ဆောင်မှု ပေးခဲ့သည့် ယာဉ်ထိန်းရဲ တပ်ဖွဲ့၏ စာရင်းအရသိရသည်။ တချို့လများတွင် အထပ်မြင့်တိုက်များ ပေါ်မှ ပြုတ်ကျသည့် အမှုများ၊ ရထားကြိတ်သည့် အမှုများ၊ တိုက်ပြိုကျသည့် အမှုများ စသည့် မတော်တဆမှုများလည်း ပါဝင်သည်။

ထိုသို့ဖြစ်ပွားသည့် မတော်တဆမှုများတွင် အနီးဝန်းကျင်ရှိ လူအများက ဝိုင်းဝန်း ကယ်တင်ပေးသည့် အမှုများ ရှိသကဲ့သို့ လူနာတင်ယာဉ် ရောက်သည်အထိ စောင့်ဆိုင်းနေသည့် အမှုများလည်း ကြုံခဲ့ရကြောင်း ယင်းတပ်ဖွဲ့မှ တပ်ကြပ်ကြီး ထွန်းထွန်းလွင်က ဧရာဝတီသို့ ရှင်းပြသည်။

“မတော်တဆမှု ဖြစ်တယ်ဆိုတာ လှမ်းအကြောင်းကြားလို့ ကျနော်တို့ သွားတဲ့အခါ တခါတလေမှာ လူနာကို မမီ လိုက်တာ ရှိတယ်။ ဘေးလူတွေဝိုင်းပို့လို့ ဆေးရုံ ရောက်သွားတာမျိုးလည်း ရှိတယ်။ အဲဒီလို အချိန်ကျရင် ပြည်သူတွေ ဆီမှာ ကျနော်တို့ နောက်ကျလို့ဆိုပြီး အပြစ်တင် ခံရတာရှိတယ်” ဟု သူက ပြောသည်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်ပေါင်း ၃၀ ကျော်အတွက် ရန်ကုန်တိုင်း အစိုးရက စီစဉ်ပေးထားသည့် လူနာတင်ယာဉ် ၂ စီး၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့၏ အရေးပေါ် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် လူအင်အား ၉ ဦးတို့ဖြင့်သာ လုပ်ငန်း လည်ပတ်နေရ ကြောင်း ယင်းတပ်ဖွဲ့မှ သိရသည်။

“ခရိုင်တခုမှာ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့ တဖွဲ့စီလောက်တော့ ရှိသင့်တယ်လို့ ထင်ပါတယ်။ ယာဉ်ကြော ပိတ်တတ်တဲ့ မြို့ထဲလို နေရာမျိုးတွေနဲ့ အင်းစိန်ဘက်မှာ ရှိသင့်တယ်။ ဥပမာ – အရှေ့ပိုင်းခရိုင် ဘက်မှာ ဖြစ်ရင် ကျနော်တို့ ဒီကနေ သွားဖို့ မလွယ်ဘူး” ဟု ဟံသာဝတီ အ၀ိုင်းတွင် ရုံးဖွင့်ထားသည့် အဆိုပါ အရေးပေါ် ကယ်ဆယ်ရေးတပ်ဖွဲ့မှ တပ်ကြပ်ကြီး ထွန်းထွန်းလွင်က အကြံပြုပြောကြားသည်။

ယာဉ်ထိန်းသာ မကဘဲ တခြားသော အရေးပေါ် ကယ်ဆယ်ရေး စေတနာ့ဝန်ထမ်း အဖွဲ့ငယ်များလည်း ရှိသင့်ကြောင်း သူက ပြောသည်။

“လူ့အသက်က မိနစ်နဲ့အမျှ အရေးကြီးပါတယ်။ သွေးထွက်ဒဏ်ရာ များတဲ့သူဟာ အချိန်မီ ဆေးရုံ မရောက်ရင် သေနိုင် တယ်။ ပတ်ဝန်းကျင်က ဝိုင်းမကယ်နိုင်ရင် သေမယ်” ဟု ကမာရွတ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ ဒုတပ်ရင်းမှူး ဦးခင်မောင် ထွန်းက ဆိုသည်။

ယာဉ်ကြော ပိတ်ဆို့မှု ပိုမိုဆိုးရွားလာသည့် ရန်ကုန်မြို့တွင် အရေးပေါ် အခြေအနေ ကြုံရလျှင် လူနာတင်ယာဉ် မရောက် လာမီ ဝိုင်းဝန်းကူညီမည့် ပတ်ဝန်းကျင်ကောင်း မရှိပါက လူစည်ကားရာ လှည်းတန်း – အင်းစိန်လမ်းမပေါ်တွင် လဲကျသွား ခဲ့သည့် သူနာပြု ဆရာမလေးကဲ့သို့ ကူညီသူမဲ့ အခြေအနေမျိုး မည်သူမဆို ကြုံတွေ့ကြရနိုင်သည်။

လမ်းပေါ်တွင် မတော်တဆမှုကြောင့် ဒဏ်ရာရသူများကို မျက်နှာလွှဲသွား ခြင်းများသည် စိတ်ဓာတ်အခံ ကောင်းခြင်း ဆိုးခြင်းတို့နှင့် မသက်ဆိုင်ဘဲ၊ နောက်ဆက်တွဲ ဖြစ်ပေါ် လာနိုင်သည့် အခြေအနေများကို ရင်ဆိုင် ရမည့်အပေါ် ကြောက်ရွံ့ထိတ်လန့် နေခြင်းကြောင့် ပေလားဟု မေးခွန်းထုတ်ရ ပေလိမ့်မည်

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်