Friday, October 18, 2013

လိုက်ပါသူအားလုံး သေဆုံးဖွယ်ရှိသည့် လာအိုလေယာဉ်ပျက်ကျမှုမှ အလောင်း ၁၁လောင်းရှာတွေ့

Posted by drmyochit Friday, October 18, 2013, under | No comments


အောက်တိုဘာ ၁၈။

မဲခေါင်မြစ်အတွင်း ပျက်ကျသွားခဲ့သော လာအိုလေကြာင်းလိုင်း လေယာဉ်အမှတ် QV301 မှ အလောင်း ၁၁လောင်း တွေ့ရပြီ ဖြစ်ကြောင်း ပြည်တွင်း လေကြောင်းမှ ညွှန်ကြားရေးမှူးချုပ် Yakao Lopangkao က အောက်တိုဘာ ၁၇ရက်က တရားဝင် သတင်း ထုတ်ပြန်ခဲ့သည်။

အောက်တိုဘာ ၁၆ရက် ပျက်ကျခဲ့သော လေယာဉ်သည် မဲခေါင်မြစ်ထဲ မကျမီ Done Kho ဆိပ်ကမ်းနှင့် ရိုက်မိခဲ့ပြီး အသက်ရှင်လွတ်မြောက်သူ မတွေ့ရသေးပေ။ မဲခေါင်မြစ်မှာ မူကလကတည်းက ရေစီးအလွန် သန်သည့်အပြင် မိုးသည်းထန်စွာ ရွာသွန်းထားသဖြင့် ရေအလွန်တက်လျက်ရှိရာ ကျိုးပြတ်သွားသော လေယာဉ်အစိတ်အပိုင်းများ အလွယ်တကူ မျောပါသွားခဲ့ကြောင်း Lopangkao က ဆိုသည်။ လေယာဉ်ကိုယ်ထည်ကိုလည်း ရှာမတွေ့သေးကြောင်း၊ တွေ့လျှင်ချက်ချင်း ဆည်ယူနိုင်ရန် ၀န်ချီစက်များ ဆိပ်ကမ်းတွင် အသင့်ပြင်ထားသည်ဟုလည်း ဆိုသည်။

လာအိုနှင့် ထိုင်း ကယ်ဆယ်ရေးအဖွဲ့များ ပူပေါင်းကာ လေယာဉ်ကိုယ်ထည်ပိုင်းကို ရှာသော်လည်း မတွေ့သေးပေ။

ယင်းနေ့ အောက်တိုဘာ ၁၆ရက် ဒေသစံတော်ချိန် ၂နာရီ၄၅မိနစ်တွင် Vientiane မှထွက်ခွာခဲ့သော လေယာဉ်သည် Pakse နိုင်ငံတကာလေဆိပ်သို့ ၃နာရီ၅၅တွင် ဆိုက်ရောက်ရမည်ဖြစ်သည်။ သို့သော် ရာသီဥတုမျာ ဆိုးရွားနေပြီး ဗီယက်နမ်တွင်လည်း အင်အားပြင်းတိုက်ဖွန်းမုန်တိုင်း တိုက်ခိုက်နေသည့် ထိုအခိုက် ဒေသစံတော်ချိန် ၄နာရီ တွင် လေဆိပ်နှင့် ကီလိုမီတာအနည်းငယ် အကွာတွင် လေယာဉ်ပျက်ကျသွားခဲ့သည်။

လေယာဉ်တွင် အမှုထမ်း ငါးဦးနှင့် ခရီးသည် ၄၄ ဦးတို့ လိုက်ပါခဲ့ပြီး အားလုံး အဖိတ်အဆင် ဖြစ်မည်ဟု ယုံကြည် ထားကြသည်။

လေယာဉ်မှူးမှာ ကမ္ဘောဒီးယားမှ ကျွမ်းကျင်သူ တစ်ဦးဖြစ်သလို အချက်အလက် အားလုံးမှာလည်း လေယာဉ်မှူးအမှား နှင့် စက်ချို့ယွင်းမှု တို့ထက် ဆိုးရွားသည့် ရာသီဥတု ဘက်ကိုသာ ယိမ်းလျက်ရှိသည်။ ယခုနှစ် ဆန်ပိုင်းက ပြင်သစ်မှ ၀ယ်ယူခဲ့သော ယင်းလေယာဉ် ပျံသန်းမှု ၇၅၈ နာရီကြာပြီးသည့် မတ်လကပင် စက်ပိုင်းဆိုင်ရာ ပြုပြင်ထိန်းသမ်းမှု လုပ်ခဲ့ သေးသည်။

လာအို လေကြောင်းလိုင်းသည် အရည်အချင်းရှိ လေယာဉ်မှူးကောင်းများ၊ ၀ါရင့် နည်းပညာရှင်များကို ငှားရမ်းလုပ်ကိုင်ခဲ့ သဖြင့် ဘေးကင်းလုံခြုံသော လိုင်းအဖြစ် ကျော်ကြားသည်။ နောက်ဆုံးလေယာဉ်ပျက်မှုမှာ လွန်ခဲ့သော ၁၄နှစ် ၀န်းကျင် ၁၉၉၉ ခုနှစ်က ဖြစ်သည်။

 Ref: AFP, Xinhua
The Myanma Age

ပါကစ္စတန်တွင် ၀န်ကြီးအိမ်ထဲအထိ အသေခံဗုံးဝင်ခွဲ၊ ၀န်ကြီးအပါအ၀င် ရှစ်ဦးသေဆုံး

Posted by drmyochit Friday, October 18, 2013, under | No comments


အောက်တိုဘာ ၁၈။

အောက်တိုဘာ ၁၆ ရက် အိစ်ဒ်နေ့က ပါကစ္စတန် အနောက်ပိုင်းတွင် အသေခံဗုံးပေါက်ကွဲမှုကြောင့် ပြည်နယ်ဝန်ကြီး တစ်ဦးအပါအ၀င် အနည်းဆုံး ရှစ်ဦးသေဆုံးခဲ့သည်။ ထိုနေ့က ပေါက်ကွဲမှုကြောင့် လူပေါင်း ၃၀ ကျော် ဒဏ်ရာရှိခဲ့ကြောင်း ရဲအရာရှိ တစ်ဦးဖြစ်သူ မဟာမက်ဂျန်က ထုတ်ဖော် ပြောကြားခဲ့သည်။

အသေခံဗုံး တိုက်ခိုက်မှုမှာ Khyber Pakhtunkhwa ပြည်နယ် ဒီရာအစ္စမေးခန်းမြို့အနီး ပြည်နယ်ဝန်ကြီး၏ အိမ်ထဲ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အသေခံ ဗုံးခွဲသမားက ပထမဦးစွာ အစောင့်ကို တိုက်ခိုက်ခဲ့ပြီးနောက် အိမ်ထဲသို့ ပြေးဝင်သွားပြီး ဧည့်ခန်း အရောက်ကိုတွင် ဖောက်ခွဲလိုက်ခြင်းဖြစ်သည်။ ထိုအချိန်သည် ၀န်ကြီးသည် ဧည်သည်များနှင့် တွေ့ဆုံ နေချိန်ဖြစ်၍ ရှစ်ဦးအထိ သေဆုံးခြင်းဖြစ်သည်။

ဝန်ကြီးကို ဆေးရုံသို့ အရေးပေါ် တင်ပို့ရန် စီစဉ်ခဲ့သော်လည်း လမ်းခုလတ်၌ပင် ကွယ်လွန်သွားခဲ့သည်။

Ref; AP
The Myanma Age

ဗုံးထောင် သံသယရှိသူ(၈)ဦး ဖမ်းမိသော်လည်း စေခိုင်းသူ လွတ်မြောက်နေဆဲ

Posted by drmyochit Friday, October 18, 2013, under | No comments


ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တောင်ငူနှင့်ဖြူးမြို့များ၌ ဗုံးထောင်ခဲ့သူဟု သံသယရှိသူ(၈)ဦး ဖမ်းဆီးရမိထားပြီး ဗုံးခွဲရန်ခိုင်းစေသူ၊ နှင့် ကိုယ်တိုင်ဗုံးထောင်သူဟု CCTV (စောင့်ကြည့်ကင်မရာ)မှ ရှာဖွေနိုင်ခဲ့သည့် နေတိုး(ခ)စောရွှေထူးသည် တိမ်းရှောင်နေဆဲ ဖြစ်သည်ဟု  မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ရဲချုပ်ဇော်ဝင်းထံမှ သိရသည်။

နေတိုး(ခ) စောရွှေထူး (ဘ) ဦးပန်းအောင် ၃/ ဖပန(နိုင်) ၀၂၄၈၅၈ သည် ဖမ်းမိထားသူ(၈)ဦးအနက်တစ်ဦးဖြစ်သည့် စောင့်မြင့် လွင်ကို ရန်ကုန်မြို့တွင်ဗုံးခွဲရန် ပိုက်ဆံငါးသိန်းပေးထားကြောင်း ဗုံးခွဲပြီးပါက ရွှေလုပ်ကွက်ပေးမည်ဟုပြောကြောင်း စောမြင့်လွင် က ထွက်ဆိုထားသည်ဟု ရဲချုပ်ဇော်ဝင်း၏ ပြောကြားချက်အရ သိရသည်။

အောက်တိုဘာ(၁၈)ရက်၊ ညနေသုံးနာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝင်းအတွင်း၌ ပြုလုပ်သောမီဒီယာများနှင့် တွေ့ဆုံပွဲတွင် ရဲချုပ်မှထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင် ဗုံးထောင်ခဲ့သူ ထွက်ပြေးတိမ်းရှောင်နေသူ နေတိုး(ခ)စောရွှေထူးသည် KNU ၏ စီးပွားရေးအဖွဲ့ဝင် ဖြစ်ပြီး၊ ဖမ်းမိထားသူ စောမြင့်လွင်မှာ ယခင်က KNU၌ ငါးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း သိရသည်။

ထိုအချက်များကြောင့် KNU သည် ဗုံးကွဲသည့်ကိစ္စများနှင့် သက်ဆိုင်သည်ဟု မယူဆစေလိုကြောင်းနှင့် KNU အား တာဝန်ယူ ဖြေရှင်းခိုင်းနေခြင်းလည်း မဟုတ်ကြောင်းကိုလည်း နားလည်မှုလွဲမှားစွာဖြင့် မရေးသားကြရန် ပြန်ကြာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးရဲထွဋ်က မေတ္တာရပ်ခံခဲ့သည်။

စောမြင့်လွင်အား ဘီးလင်းမြို့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး၊ နေတိုး(ခ)စောရွှေထူးမှ ထိုကဲ့သို့ဗုံးခွဲနေခြင်းများသည် မိမိတို့နိုင်ငံ ပွင့်လင်းလာသည်နှင့်အမျှ နိုင်ငံခြားသားများ ၀င်ရောက်လာကာ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နေခြင်းကြောင့် ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံမှုများ မ၀င်ရောက်စေရန် ရည်ရွယ်ဗုံးခွဲခြင်းဖြစ်ကြောင်း စောမြင့်လွင်က ထွက်ဆိုခဲ့သည်ဟု သိရသည်။

ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တောင်ငူနှင့် ဖြူးမြို့များတွင် ဗုံးပေါက်ကွဲမှု(၆)ကြိမ်၊ ဗုံးတွေ့ရှိမှု ဖြစ်စဉ်(၄)ကြိမ်ဖစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်များကြောင့် သေဆုံးသူ(၂)ဦးနှင့် ဒဏ်ရာရသူများလည်းရှိခဲ့သည်ဟု သိရသည်။

ထိုကိစ္စများအပြင် အောက်တိုဘာ(၁၆)ရက်နေ့ညဘက်နှင့် အောက်တိုဘာ (၁၇)ရက်နေ့ မနက်ကလည်း နမ့်ခမ်းမြို့ ဗုံးကွဲမှုဖြစ်စဉ် (၃)ကြိမ်ဖြစ်ပွားခဲ့ပြီး လူတစ်ဦး သေဆုံးကာ ဒဏ်ရာရသူများလည်း ရှိခဲ့သည်။ ထိုကိစ္စသည် နေတိုး(ခ)စောရွှေထူးတို့ ဖောက်ခွဲနေသည့် ဗုံးများနှင့် သက်ဆိုင်ခြင်း ရှိမရှိကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်း ရဲချုပ်က ဆိုသည်။

BY ကောင်းမြတ်ဖြိုး၊ မင်းဟိန်းထက် ( မြစ်မခ )

အမြန်လမ်းတွင် အမျိုးသမီးအလောင်း တစ်လောင်းတွေ့ရှိ

Posted by drmyochit Friday, October 18, 2013, under | No comments


ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင်အမှတ် (၁၁၉)မိုင်၊၄/၅ဖာလုံတွင် (၁၈.၁၀.၂၀၁၃)နေ့ နံနက်(၆း၃၀)အချိန်ခန့်က အမျိုးသမီး လူသေအလောင်း တစ်လောင်းကို ဦးခင်မောင်မြင့်(၄၂)နှစ်၊(ဘ)ဦးပုစိန်၊ ကျွန်းစိုက်ခင်း အလုပ်သမား  ဖြူးမြို့ နယ် ပြောင်သေကျေးရွာ၊ နေသူက တွေ့ ရှိခဲ့ပါသည်။

ဦးခင်မောင်မြင့်မှ နံနက်(၇း၀၀)အချိန်တွင် ဖြူးအမြန်လမ်း ရဲစခန်းသို့အကြောင်း ကြားခဲ့ရာ စခန်းမှ စခန်းမှူးဝင်းထွဋ်အောင်၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သူရစိုးနှင့်အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ရာ အသက်(၃၀)ခန့် ရှိ အမျိုးသမီးတစ်ဦး ဖြစ်နေသည်ကို တွေ့ ရှိရသည်။

အဆိုပါ သေဆုံးနေသူ အမျိုးသမီးသည် မြို့သူပုံစံဝတ်စားထားပြီး၊ ရင်ညွှန့်ထိုးသွင်း ဒဏ်ရာတစ်ချက်၊၀ဲလက်မောင်း ထိုးသွင်းဒဏ်ရာ တစ်ချက်နှင့် ပုတ်ပွနေသည်ကို တွေ့ရှိခဲ့ရာ ဖြူးမြို့နယ် ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ဖြူးအမြန်လမ်း ရဲစခန်းမှ (ပ)၃၄/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂အရ အမှုဖွင့်အရေးယူထားပြီး တရားခံအား စုံစမ်းဖော်ထုတ်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

ကိုသန့် ဇင်

by Thit Htoo Lwin

ဖူးခက် SuperCheap ဈေးရုံကြီး မီးလောင်မှု အသေအပျောက်စာရင်း အတည်မပြုနိုင်သေး

Posted by drmyochit Friday, October 18, 2013, under | No comments

ဖူးခက် SuperCheap ဈေးရုံကြီး မီးလောင်နေစဉ် (ဓာတ်ပုံ – phuketwan.com)
မြန်မာနိုင်ငံသား အများစု အလုပ်လုပ်ကိုင်နေကြတဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့က SuperCheap ဈေးရုံကြီး မီးလောင်ရာမှာ သေဆုံးသူတွေ ရှိတယ်လို့ သတင်းတွေ ထွက်နေပေမယ့် အသေအပျောက် စာရင်းကို ယနေ့ ညနေအထိ အတည်ပြုနိုင်ခြင်း မရှိသေး ဘူးလို့ သိရပါတယ်။

အဲဒီဈေးရုံကြီးမှာ အလုပ်သမား ၃၀၀၀ ဝန်းကျင်ရှိရာ အများဆုံးက မြန်မာနိုင်ငံသားတွေဖြစ်ပြီး ထိုင်း၊ လာအိုနဲ့ ကမ္ဘောဒီးယား နိုင်ငံ သားတွေလည်း ပါဝင်ကြောင်း ထိုင်းသတင်းတွေက ဖော်ပြကြပါတယ်။

ဗုဒ္ဓဟူးနေ့ ည ၉ နာရီခွဲလောက်ကနေ လောင်တဲ့ မီးဟာ ကြာသာပတေးနေ့ မနက် ၃ နာရီလောက်မှ မီးညွှန့်ကျိုးသွားတာလို့ မျက်မြင် အလုပ်သမားတွေက ပြောပါတယ်။

SuperCheap ဈေးရုံကြီး မီးလောင်မှုမှာ မြန်မာအလုပ်သမားတွေ ဘယ်လောက် ပါမပါ ဆိုတာကတော့ ရှင်းလင်းနေဆဲ အချိန်မှာပဲ ရှိနေသေးတာကြောင့် ထိုင်းအာဏာပိုင်တွေဘက်က အတည်ပြုပြောဆိုတာ မတွေ့ရသေးသလို၊ မြန်မာအလုပ်သမားတွေ အတွက် အကူအညီပေးဖို့ သွားရောက်စုံစမ်းနေတဲ့ ထိုင်းတောင်ပိုင်း ဖန်ငခရိုင်အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့ကလည်း သေဆုံးသူ ရှိမရှိ အတည်မပြုနိုင်သေးကြောင်း ပြောပါတယ်။

“သေတဲ့လူတွေ ရှိတယ်လို့တော့ သတင်းကြားပေမယ့်၊ အာဏာပိုင်တွေဘက်က အတည်ပြုထားတာ မရှိသေးပါဘူး၊ ဆေးရုံတွေကို လည်း ကျနော်တို့ သွားလေ့လာတယ်၊ မီးလောင်တဲ့ဈေးက အလုပ်သမားတွေနဲ့လည်း တွေ့ထားတယ်၊ အခုထိတော့ ကျနော်တို့ နိုင်ငံ သား သေတဲ့လူစာရင်း မရှိသေးဘူး၊ ဆက်သွယ်လို့မရဘဲ ပျောက်ဆုံးနေတဲ့ လူတွေတော့ရှိတယ်”လို့ FED အဖွဲ့ တာဝန်ခံ ဦးအောင်ကြည် က ဧရာဝတီကို ပြောပါတယ်။

ထိုင်းနိုင်ငံထုတ် The Nation သတင်းစာရဲ့ ဖော်ပြချက်အရတော့ မီးလောင်မှုကြောင့် ခန့်မှန်းခြေ အနည်းဆုံး ဘတ် သန်း ၅၀၀ တန်ဖိုး ပျက်စီးဆုံးရှုံးတယ်လို့ သိရပါတယ်။

မီးလောင်သေဆုံးမှုထဲမှာ မြန်မာနိုင်ငံသားတွေ ပါတယ်လို့ မိတ်ဆွေတွေဆီကနေ သတင်းကြားရပေမယ့် မီးလောင်နေစဉ်မှာတော့ ကိုယ်လွတ်ရုန်းနေရတဲ့ အတွက် လှည့်ကြည့်ဖို့ပင် အချိန်မရဘူးလို့ SuperCheap ဈေးရုံကြီးမှာ ခေါက်ဆွဲရောင်းတဲ့ မြန်မာနိုင်ငံသား ကိုအောင်ဇော်ဦး က ဧရာဝတီကို ပြောပါတယ်။

“တချို့သူငယ်ချင်းတွေကတော့ ဆက်သွယ်လို့မရဘူး၊ တချို့ကတော့ မြန်မာပြည်သားတွေ သေတာရှိတယ်လို့ ပြောတယ်၊ ကျနော် ကတော့ မီးလောင်ကတည်းက အလွတ်ထွက်ပြေးခဲ့ရတာ ဆိုတော့ လှည့်မကြည့်နိုင်ဘူး”လို့ သူက ပြောပြပါတယ်။

SuperCheap ဈေးရုံကြီးဟာ မနက် ၅ နာရီကနေ ည ၁၁ နာရီအထိ ဖွင့်လှစ်ပြီး အဝတ်အထည်၊ စားသောက်ကုန်၊ အလှကုန်၊ အီလက်ထရွန်နစ် ပစ္စည်းမျိုးစုံနဲ့ စက်ပစ္စည်း မျိုးစုံ စတာတွေအပါအဝင် ကုန်ပစ္စည်းမျိုးစုံရောင်းချကြောင်း အလုပ်သမားတွေက ပြော ပါတယ်။

ဈေးထဲမှာ အဝတ်အထည်ရောင်းနေတဲ့ ကိုစည်သူ ကလည်း “ကျနော်တို့ သူငယ်ချင်း အချို့ ဖုန်းဆက်လို့မရသေးဘူးဗျ၊ သေသ လား၊ ရှင်သလားလည်း မသိဘူး၊ ဒါမှမဟုတ် ပြေးရင်းနဲ့ ဖုန်း ကျကျန်ခဲ့လို့လားတော့ မသိဘူး၊ လူတွေသေတာတော့ ရှိတယ်”လို့ ဧရာဝတီကို ပြောပါတယ်။

မီးလောင်ထားတဲ့ ဈေးရုံကြီးရှေ့မှာ ထိုင်းအာဏာပိုင်တွေက ကယ်ဆယ်ရေးစခန်းတခု ပြုလုပ်ပေးထားပြီး မြန်မာနိုင်ငံသားတွေ အပါ အဝင် မီးလောင်၊ ဒဏ်ရာရ၊ သေဆုံးသူတွေ တွေ့ရှိရင် သတင်းလာပေးဖို့ အကြောင်းကြားထားတဲ့အတွက် သူတို့အနေနဲ့ အလုပ် သမားတွေအကြား သေဆုံးမှုတွေရှိမရှိ လိုက်လံစုံစမ်းမှုတွေ ပြုလုပ်ပေးနေတယ်လို့ ဦးအောင်ကြည် က ပြောဆိုပါတယ်။

ကျော်ခ| ဧရာဝတီ

စင်ကာပူတွင် ရေပန်း စားနေသော မြန်မာအိမ်ဖော် သုံးသောင်းခန့် မည်သို့ ရောက်လာကြ မြန်မာအစိုးရ အလုပ်သမားဌာနက အိမ်ဖော် အဖြစ် တရားဝင် ခွင့်ပြုထားခြင်း မရှိဟုဆို

Posted by drmyochit Friday, October 18, 2013, under | No comments

စင်ကာပူတွင်ဒုက္ခရောက်နေသော နိုင်ငံခြားသား အိမ်ဖော်တစ်ဦး။ ဓာတ်ပုံ-အေအက်ဖ်ပီ
ရန်ကုန် ၊ အောက်တိုဘာ ၁၇

တရားဝင်အိမ်အကူလုပ်ငန်းလုပ် ကိုင်ခွင့်ကို အစိုးရမှတရားဝင်သွား ရောက်ခွင့်မပြုသည့်အတွက် မြန်မာနိုင်ငံမှ အိမ်အကူလုပ်ကိုင်လိုသူ များသည် စင်ကာပူသို့ တရားမ ဝင်သွားရောက်လုပ်ကိုင်မှု ပိုမို များပြား လာကြောင်း အေဂျင်စီ အချို့၏ပြောကြားချက်အရ သိ ရသည်။ ယခုအခါ ဖိလစ်ပိုင်နိုင်ငံ မှ အိမ်အကူစေလွှတ်မှုကို စတင် ပိတ်လိုက်ပြီးနောက် ကျန်ရှိသော နိုင်ငံများထဲတွင် မြန်မာနိုင်ငံ သည် အလုပ်အကြိုးစားနိုင်ဆုံးနှင့် အလုပ်ရှင် စိတ် ကျေနပ် မှုကို ပေး နိုင်သည့်အတွက် စင်ကာပူနိုင်ငံ က  ယင်းကဲ့သို့စိတ်ဝင်တစား ခေါ် ယူလိုမှုများလာခြင်းဖြစ်ကြောင်း သိရသည်။

စင်ကာပူတွင် မြန်မာအိမ်အ ကူလုပ်သား ၂၇ဝဝဝကျော်ခန့် လုပ်ကိုင်နေကြောင်း သိရသည်။ ယခုအခါ အဆိုပါအိမ်အ ကူလုပ်ကိုင်ခွင့်ကိုရရှိရန်အတွက် လိုအပ်သည့်ခွင့်ပြုချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနထံ တင် ပြထားသည့်အခါတွင် ခွင့်ပြုချက် ကျရန် အလွန်ကြန့်ကြာမှုများနှင့် ရင်ဆိုင်ရသဖြင့် ယင်းကဲ့သို့တရား မဝင်သွားရောက်မှုမြင့်တက်လာ ရခြင်းဖြစ်သည်ဟု သိရသည်။ ယင်းနှင့်ပတ်သက်ပြီး လင်း ဟိုက်ပါဝါ ပြည်ပအလုပ်အကိုင်ရှာ ဖွေရေးအေဂျင်စီမှ ဒေါ်ပေါ်လင်း က ''သွားလုပ်မယ့်သူတွေက ချက် ချင်းသွားချင်ကြတယ်။

တရားဝင်သွားရောက်လုပ်ကိုင် ဖို့အတွက် ခွင့်ပြုမိန့်စောင့်ရမယ် ဆိုတော့ အမြန်ရောက်မယ့်နည်း လမ်းဖြစ်တဲ့ တရားမဝင်သွားဖို့ ကိုပဲ ရွေးချယ်လာကြတယ်။ ဒီလို တရားမဝင်သွားရောက်တာ ကြာ လာရင် လူကုန်ကူးမှုလမ်းကြောင်း ကို ရောက် သွား နိုင်တယ်''ဟု ပြော သည်။ယင်းကဲ့သို့ တရားမဝင်သွား လာသည့်အတွက် လုပ်သားများ အတွက် လုံခြုံစိတ်ချမှုများအပါ အဝင်၊ အလုပ်သမားအခွင့်အ ရေးတန်းတူမရရှိနိုင်ကြောင်း၊ သွားရောက်လုပ်ကိုင်ခွင့်ကို မြန် ဆန်စွာလုပ် ကိုင်ခွင့် ပေး မည်ဆိုပါ က နိုင်ငံတော်အနေဖြင့် နိုင်ငံခြား ငွေဝင်ရနိုင်ကြောင်း ပြောသည်။

ပြည်တွင်းအေဂျင်စီတစ် ခုမှ တာဝန်ရှိသူတစ်ဦးက ''အစိုးရ ခွင့်ပြုချက်နဲ့သွားလို့ရရင် အလုပ် သမားအတွက်လည်း ထိုက်တန် တဲ့လုပ်ခလစာရမယ်။ နောက် တရားဝင်လွှတ်ရင် သေချာစစစ် လွှတ်နိုင်တယ်။ ဘာသာစကား သင်တန်းနဲ့ လုပ်ငန်း ခွင်သင်တန်း တွေပေးပြီးလွှတ်ရင် အလုပ်ရှင် နဲ့ ပြဿနာဖြစ်မှုတွေ ကြိုတင် ကာကွယ်နိုင်မှာဖြစ်ပါတယ်''ဟု ပြောသည်။

စင်ကာပူနိုင်ငံတွင် မြန်မာအိမ် အကူလုပ်သားများအရေအတွက် မှာ စင်ကာပူနိုင်ငံအေဂျင်စီအသင်း ချုပ်၏စစ်တမ်းအရ ယင်းကဲ့သို့ ၂ရဝဝဝခန့်ရှိနေကြောင်း၊ ယင်း ထဲမှလုပ်သားအချို့မှာ သတ်မှတ် ထားသည့်အသက် ၂၁နှစ်အောက် လျော့နည်း သူများ ပါဝင်လာ ကြောင်းနှင့် တစ်လလျှင် စင်ကာ ပူဒေါ်လာ ၃၅ဝနှင့် ၄၅ဝကြား ရရှိကြောင်း စင်ကာပူနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားကူညီရေး အသင်း(HOME) မှ ဒေါက်တာ သိန်းသန်းဝင်းက ပြောသည်။

ယင်းက ''တရားမဝင်လာ ရောက်လုပ်ကိုင်ပြီး အလုပ်ရှင်နဲ့ အဆင်မပြေလို့ ကျွန်တော်တို့ဆီ ရောက်လာလို့ စစ်လိုက်ရင် မြန် မာနိုင်ငံအနှံ့အပြားက နယ်စွန် နယ်ဖျားက ရောက်လာတာတွေ့ ရတယ်။ ဒီလိုတရားမဝင်လာ ရောက်မှု တွေများ လာတာ ဟာ မကောင်းဘူး။ အလုပ်သမားတွေ အတွက်လဲ အခွင့်အရေးဆုံးရှုံး တယ်''ဟုပြောသည်။ မြန်မာနိုင်ငံ ပြည်ပအလုပ် အကိုင်ရှာဖွေရေး အေဂျင်စီအ သင်းချုပ်ဥက္ကဋ္ဌ ဦးမင်းလှိုင်က ''နိုင်ငံတော်က မလေးမှာဖြစ်ပေါ် နေတဲ့ကိစ္စ တွေကြောင့် အမျိုးသမီး လုပ်သားတွေလွှတ်တဲ့အခါ ထိန်း ထိန်းသိမ်းသိမ်း လွှတ်နေရတယ်။ အိမ်အကူစေလွှတ်တာက အဆင့် နိမ့်တဲ့အတွက် မလွှတ်တာလဲဖြစ် တယ်။ စက်ရုံအလုပ်ရုံပိုင်းလွှတ် တာတောင် သေချာစိစစ်ပြီးလွှတ် နေရ တယ်''ဟု ပြောသည်။

စိုင်းဟန်
Yangon Media Group

ဗုံးပေါက်ကွဲမှုများ KNU နှင့် မပတ်သက်ဟု ဦးရဲထွဋ်ပြောပြီ

Posted by drmyochit Friday, October 18, 2013, under | No comments

ဗုံးပေါက်ကွဲမှုများမှာ KNU နှင့် မပတ်သက်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ယနေ့ ပြောကြားနေသည့် ဦးရဲထွဋ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

မြန်မာနိုင်ငံအနှံ့တွင် ဖြစ်ပေါ်ခဲ့သည့် ဗုံးပေါက်ကွဲမှုများမှာ ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် မသက်ဆိုင်ကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်က ယနေ့ညနေ ၃ နာရီခန့်တွင် ရန်ကုန်တိုင်း ဒေသကြီးရုံး၌ ကျင်းပခဲ့သည့် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောကြား လိုက်သည်။

“ဒီကိစ္စက KNUနဲ့ ပတ်သက်ခြင်းတော့ မရှိဘူးလို့ သေချာပြောပါရစေ။ KNUက ကျနော်တို့အစိုးရနဲ့ အစောဆုံး လက်မှတ်ထိုး ခဲ့တဲ့ အဖွဲ့လည်း ဖြစ်သလို၊ လက်ရှိချိန်မှာလည်း သမ္မတကြီးနဲ့ ၃ ကြိမ်၊ ကာချုပ်နဲ့ ၃ ကြိမ် တွေ့ဆုံခဲ့တဲ့အဖွဲ့ပါ။ သူတို့ အနေနဲ့လည်း အခုချိန်မှာ ဖမ်းဆီးရမိတဲ့သူကို လာရောက်တွေ့ဆုံ မေးမြန်းမှုတွေ လုပ်နေပါတယ်။သံသယ ရှိသူတွေရဲ့ လုပ်ဆောင်ချက်ဟာ လူတချို့ရဲ့ လုပ်ဆောင်ချက်တခုပဲ ဖြစ်ပါတယ်” ဟု ဦးရဲထွဋ်က ပြောသည်။

ဗုံးဖောက်ခွဲမှုနှင့် ပတ်သက်၍ သံသယရှိသူများကို ဖမ်းဆီးရမိနိုင်ရေး အတွက် KNU ဘက်မှ ကူညီပေးခဲ့မှုများ ရှိကြောင်း၊ သံသယ ရှိသူများကို KNU ဘက်မှ တာဝန်ရှိသူက လာရောက် တွေ့ဆုံ မေးမြန်းခဲ့ကြောင်း ဦးရဲထွဋ်က ပြောကြားခဲ့ပြီး မည်သူက လာရောက်တွေ့ဆုံသည်ကိုမူ အတိအကျ ပြောကြားခဲ့ခြင်း မရှိပေ။

“ဒီကိစ္စကို ပြောဖို့ခက်ပါတယ်။ ကျနော် လာတွေ့တာလည်း မဟုတ်ပါဘူး။ ဘာမှ မပြောလိုသေးပါဘူး” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒို မန်းငြိမ်းမောင်က ဧရာဝတီက မေးမြန်းမှုကို ဖြေကြားခဲ့သည်။

ဖောက်ခွဲမှုများမှာ KNUအဖွဲ့၏ စီးပွားရေးအဖွဲ့တခုမှ လူတဦးက လုပ်ကိုင်ရန် ခိုင်းစေခဲ့ခြင်း ဖြစ်ကြောင်း၊ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု များပြားလာကာ တိုင်းရင်းသားများ၏ စီးပွားရေး လုပ်ငန်း လုပ်ကိုင်ရာတွင် အနှောင့်အယှက် ဖြစ်စေရန် ရည်ရွယ် ချက်ဖြင့် လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း ရဲချုပ် ဇော်ဝင်းက ပြောကြားသော်လည်း မည်သည့် အဖွဲ့အစည်းဖြစ်သည်၊ မည်သည့် စီးပွားရေးကို ထိခိုက်စေမည် ဆိုသည့် ထင်မြင်ချက်နှင့် ထိုသို့ လုပ်ဆောင်ခဲ့သည်ကို စစ်ဆေးမေးမြန်း၍ ရမရကို ဧရာဝတီမှ မေးမြန်းရာ မသိရှိရသေးကြောင်းသာ ၎င်းက ပြန်လည်ပြောဆိုသည်။

“ခရီးသွား လုပ်ငန်း တိုးတက်တာကို အဟန့်အတား ဖြစ်စေချင်တယ်။ အဲဒီလောက် ရည်ရွယ်ချက် ဖြစ်ခဲ့တာကိုပဲ စစ်ဆေး တွေ့ရှိ ခဲ့ပါတယ်။ အဲဒီလောက်ကိုပဲ ဖြေကြားလိုပါတယ်” ဟု ရဲချုပ်ဇော်ဝင်းက ဆိုသည်။

သို့ရာတွင် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း၌ ဗုံးပေါက်ကွဲမှုမှာ တခြားသော ဗုံးပေါက်ကွဲမှုများနှင့် ဆက်စပ်မှုရှိ၊ မရှိကို အတည် မပြုနိုင်သေးကြောင်း၊ သို့အတွက် ပေါက်ကွဲမှုများတွင် တောင်ငူ၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း မြို့များတွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု များသာ ဆက်စပ်မှု များရှိနေကြောင်း၊ သံသယ ရှိခံရမှုဖြင့် လွတ်မြောက် နေသူများကိုလည်း ခြေရာခံ လျှက်ရှိကြောင်း သူက ဆက်လက် ပြောကြားသည်။

“ဖြစ်ပွားခဲ့တဲ့ အကြောင်းတွေကို သတင်းထုတ်ပြန် နေပါတယ်။ အခု ကိစ္စက စုံစမ်းနေဆဲဖြစ်ပြီး အတိအကျ မသိနိုင်သေးလို့ ထုတ်ပြန်ခြင်း မပြုသေးတာပါ” ဟု ၎င်းက ဆိုသည်။

ဆက်လက်ပြီး လတ်တလော လုံခြုံရေး ဆောင်ရွက်မှုနှင့် SEA GAMEအတွက် ဆောင်ရွက်နေသည့် လုံခြုံရေး အပိုင်းကို မေးမြန်းရာ ရဲချုပ်က “ပေါက်ကွဲမှုများကို ကြိုတင်သိရှိခဲ့တာ မရှိခဲ့ပါဘူး။ အခုအချိန်မှာ နောက်ထပ် ဖြစ်ပွားမှု မရှိအောင် ကာကွယ်နိုင်တယ်လို့ ပြောနိုင်ပါတယ်။ စီးပွားရေး လုပ်ငန်းတွေနဲ့ SEA GAMEအတွက် ကျနော်တို့ အနေနဲ့ နိုင်ငံ ကာကွယ်မှု တခု အနေနဲ့ ဆက်လက် ကာကွယ်သွားနိုင်မှာပါ” ဟု ရဲချုပ်က ဖြေကြားခဲ့သည်။

ထို့အပြင် လာမည့်နှစ်တွင် လုံခြုံရေးအတွက် အမေရိကန်ဒေါ်လာ ၆ ဘီလီယံခန့် သုံးစွဲကာ နိုင်ငံတော် လုံခြုံရေးကို ကာကွယ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အောက်တိုဘာလ အတွင်းတွင် ပေါက်ကွဲခဲ့မှု ၆ ကြိမ်၊ ပေါက်ကွဲမှုမဖြစ်စေရန် ဖယ်ရှားနိုင်ခဲ့မှု ၄ ကြိမ် စုစုပေါင်း ဗုံးလန့်မှု ၁၀ ကြိမ် ဖြစ်ပွားခဲ့ပြီး အပြစ်မဲ့ ပြည်သူ ၂ ဦး သေဆုံးခဲ့ကာ ၃ ဦး ဒဏ်ရာရခဲ့ကြောင်း ရဲချုပ်၏ ပြောကြားချက်အရ သိရသည်။

မေခ| ဧရာဝတီ

Victoria's Secret၏ ရတနာစီခြယ် ဘရာစီယာကို ကန်ဒိုက်စ် ဝတ်ဆင်ခွင့်ရ

Posted by drmyochit Friday, October 18, 2013, under | No comments


သက်တော်စောင့် နှစ်ဦးရှိမှ ဝတ်ဆင်နိုင်မည့် ဘရာစီယာဟု တင်စားထားသည့် ယင်းရတနာစီခြယ် အနုပညာ လက်ရာသည် ဒေါ်လာ (၁၀)သန်းမျှ တန်ဖိုးရှိနေကြောင်း သိရသည်။

Victoria's Secret၏ နှစ်စဉ်ကျင်းပလေ့ရှိသည့် အထူးဖက်ရှင်ပွဲ၏ အထူးစီမံ ဖန်တီးမှု တစ်ခုဖြစ်သည့် ရတနာစီခြယ် အတွင်းခံ အဝတ်အထည်ကို ယခုနှစ်အတွက် ဝတ်ဆင်ခွင့်ရသူအဖြစ် ကန်ဒိုက်စ် ဆွန်နီပိုဝယ်လ်ကို ရွေးချယ်လိုက်ပြီ ဖြစ်သည်။ သက်တော်စောင့် နှစ်ဦးရှိမှ ဝတ်ဆင်နိုင်မည့် ဘရာစီယာဟု တင်စားထားသည့် ယင်းရတနာစီခြယ် အနုပညာ လက်ရာသည် ဒေါ်လာ (၁၀)သန်းမျှ တန်ဖိုးရှိနေကြောင်း သိရသည်။ အသက်(၂၃)နှစ်ရှိ တောင်အာဖရိက အလှမယ် ကန်ဒိုက်စ်သည် နယူးယော့ခ်တွင် ယခုနှစ်ကုန်ပိုင်း၌ ပြုလုပ်မည့် Victoria's Secret အထူးပွဲစဉ်တွင် အဆိုပါ အနီရောင် အတွင်းခံဖြင့် ကိုယ်ဟန်ပြမည် ဖြစ်သည်။ ယင်းအတွင်းခံ ဘရာစီယာကို Royal Fantasy Braဟု အမည်ပေးထားပြီး ကမ္ဘာကျော် ကျောက်မျက်ရတနာ လုပ်ငန်းစု Mouawadက တာဝန်ယူ ဖန်တီးခဲ့သည်။ Royal Fantasy Braကို တောက်လျှောက် အစောင့်အကြပ် တင်းကျပ်စွာဖြင့် ထိန်းသိမ်းထားကြောင်းလည်း သိရသည်။

အတွင်းခံ ဘရာစီယာကို (၁၈)ကာရက် ရွှေသားစစ်စစ်ဖြင့် ရက်လုပ်ထားပြီး လိုက်ဖက်သော ခါးပတ်တစ်ခုလည်း ပါရှိမည် ဖြစ်သည်။ ယင်းအတွင်းခံ အဝတ်အစားတွင် အဖိုးထိုက်တန်လှသည့် ကျောက်မျက်ရတနာ (၄၂၀၀)ကျော် ထည့်သွင်း စီခြယ်ထားသည်။ အလယ်တည့်တည့်တွင် ရွှေသားကွပ်ထားသည့် (၅၂)ကာရက် ပတ္တမြားကြီး တစ်လုံးကိုလည်း ထည့်သွင်းတပ်ဆင်ထားသေးသည်။ ဘရာစီယာတွင် ပတ္တမြား၊ စိန်နှင့် နီလာ အဝါရောင် ကျောက်မျက်များဖြင့် အလှဆင်ထားသည်။ "ဒီနှစ်ရဲ့ စိတ်ကူးယဉ်စရာ ဘရာစီယာကို Victoria's Secretအတွက် ဝတ်ခွင့်ရတဲ့အတွက် အရမ်းစိတ်လှုပ်ရှားနေမိတယ်"ဟု ကန်ဒိုက်စ်က Twitterတွင် ရေးသားခဲ့သလို ယင်းအတွင်းခံကို အစမ်းဝတ်ဆင်ထားသည့် ဓာတ်ပုံကိုလည်း လွှင့်တင်ခဲ့သည်။

Victoria's Secretသည် နှစ်စဉ်နှစ်တိုင်း အဖိုးထိုက်တန်သည့် ရတနာစီခြယ် ဘရာစီယာများကို ဖန်တီးကာ နာမည်ကျော် မော်ဒယ်လ်များကို ဝတ်ဆင်စေခဲ့ဖူးသည်။ ယခင်က အဆိုပါ အမျိုးသမီး အတွင်းခံ ဖက်ရှင် ကုမ္ပဏီကြီး၏ ရတနာစီခြယ် ဘရာစီယာများကို မီရန်ဒါကားရ်၊ တိုင်ရာဘန့်ခ်၊ ဂီဆီလီဘန်ချန်၊ ဟေဒီကလမ်၊ အလက်ဇန္ဒရို အမ်ဘရိုစီယို၊ အေဒရီယန်လီမာနှင့် ကလော်ဒီယာ ရှက်ဖားတို့က ဝတ်ဆင်ပြီး ကိုယ်ဟန်ပြခဲ့ဖူးသည်။ ယင်းတို့အနက် အဖိုးအတန်ဆုံးသည် (၂၀၀၀)ပြည့်နှစ်က ဂီဆီလီ ဝတ်ဆင်ခဲ့သော ဘရာစီယာဖြစ်ပြီး ဒေါ်လာ (၁၅)သန်းထိ တန်ဖိုးရှိခဲ့ကြောင်း သိရှိရသည်။

From: Planet Myanmar Network

အိပ်စက်ခြင်းပုံစံများနှင့် ကျန်းမာရေး

Posted by drmyochit Friday, October 18, 2013, under | No comments

အိပ်စက်ခြင်းပုံစံများနှင့် ကျန်းမာရေး

(၁)ခြေပစ်လက်ပစ်ခုန်ချခြင်း (the freefall))
မှောက်လျက်အနေအထားဖြင့် လက်နှစ်ဖက်မြှောက်ကာ ခေါင်းအုံး ပေါ်တင်ထားပြီး အိပ်သည့်ပုံစံ ဖြစ် သည်။
မှောက်လျက်အိပ်သည့်အနေအထား သည် အစာကြေလွယ်စေသည်။

(၂) သန္ဓေသား (the Fetus)
ဘေးတစ်ဖက်စောင်း၍ ကွေး အိပ်သည့်ပုံစံဖြစ်ပြီး လူအများစုတွင် တွေ့ရသည်။ လက်ဝဲဘက်စောင်း အိပ်သည့်အခါ နှလုံး၊အဆုတ်စသည့် အင်္ဂါများကို ဖိအားသက်ရောက်စေ သည့်အတွက် လက်ယာဘက်ကိုသာ စောင်းအိပ်သင့်သည်။

(၃) သစ်တုံး (the log)
ဘေးတစ်ဘက်စောင်း၍ ခြေ လက်များဆန့်တန်းလျက်အိပ်သည့် ပုံစံဖြစ်သည်။ ဤပုံစံသည် ကျောရိုး ဆစ်ကို ဖြောင့်တန်းစေသောကြောင့် ခါးနာဝေဒနာရှိသူများအတွက် အသင့် တော်ဆုံးပုံစံဖြစ်သည်။

(၄)တမ်းတသူ (the yearner)
ဘေးတစ်ဘက်စောင်း၍ လက် နှစ်ဖက်စလုံးဘေးသို့ ဆန့်ထုတ်ထား သည့်ပုံစံဖြစ်သည်။ အစာခြေရည် ပျို့သောကြောင့် ရင်ပူတတ်သူများ၊ ဟောက်တက်သူများအတွက် သင့် တော်သည့်ပုံစံဖြစ်သည်။

(၅)စစ်သား (the soldier)
လက်နှစ်ဖက်ဘေးချလျက် ပက်လက်အိပ်သည့်အနေအထားဖြစ် သည်။ ပက်လက်အိပ်ခြင်းကြောင့် လျာအနောက်ဘက်သို့ ခွေဝင်ကာ အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့ စေသဖြင့်ဟောက်သံကျယ်တတ်သည်

(၆)ကြယ်ငါး (the starfish)
လက်နှစ်ဖက်မြှောက် လျက် ပက်လက်အိပ်သည်ပုံစံဖြစ်သည်။
ယင်းသို့ အိပ်တတ်သူများသည် သူတစ်ပါးပြောစကားကို တလေး တစားနားထောင်တတ်သူများဖြစ် သည်ဟု သုတေသီများက ဆိုသည်။ သို့သော် ပက်လက်အိပ်တတ်သူတို့ ထုံးစံအတိုင်း ဟောက်သံကျယ်တတ် သည်။

Source: MensHealth
Health Updates Journal

ရွှေမြန်မာများအတွက် သီတင်းကျွတ်အခါသမယအကြောင်း သိကောင်းစရာ

Posted by drmyochit Friday, October 18, 2013, under | No comments


သီတင်းကျွတ်လ သည် မြန်မာတို့ ၏ ၁၂ လရာသီတွင် သတ္တမ မြောက်လဖြစ်ပြီး ၀ါတွင်းကာလ၏ နောက်ဆုံးလဖြစ်ပါသည်။ ရာသီခွင်မှာ တူရာသီ ဖြစ်ပြီး အဿဝတီကြယ် နှင့် လမင်း တို့ စန်းယှဉ်ကာ မွန်းတည့်ကြသည်။ ဤရာသီ၏ ပန်းမှာ ကြာဖြူပန်း (Nymphaea Lotus) ဖြစ်ပါသည်။ ယင်းတို့ကိုပင် မနုဿဗေဒ (Athropology) သဘောအရလူ့ယဉ်ကျေးမှုသမိုင်း ကြောင်းတစ်ခု အဖြစ် မြင်နိုင်ကြပါသည်။ သီတင်းကျွတ်လကို ရှေးမြန်မာကျောက်စာများ၌ `သန္တူလ´ ဟုရေးထိုး ကြသည်။ ချိန်ခွင်ပုံ ကြယ်တာရာ နက္ခတ်တို့  စုဝေးသောမိုးကာလဟုလည်းကောင်း၊ တောင်သူလယ်သမား တို့ စိုက်ပျိုးထားသောစပါးပင်များ သန်စွမ်းစွာထောင်မတ်သောလဟုလည်းကောင်း ပညာရှိများ ဖွင့်ဆိုကြပါသည်။ မြန်မာတို့သည် စိတ်ရင်းရိုးသားတည်ကြည်ကြသူများ ဖြစ်သည်နှင့်အညီ စစ်မှန်သော ဗုဒ္ဓသာသနာတော်ကို လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် သိက္ခာကာမ၊ ဂန္ထကာရက၊ ပရိယတ္တိဝိသာရဒ၊ လဇ္ဇီပေသလ စသည့်တစ်ဖြာ ဂုဏ်ဝေဖြာသည့် သာသနာပြု ရဟန်းတော်များနှင့် တိုင်းချစ် ပြည်ချစ် မင်းတရားစစ်တို့ကြောင့် သက်ဝင်ယုံကြည်ဆည်းကပ်ကိုးကွယ်ခွင့် ရကြပြန်သော အခါ ဗုဒ္ဓမြတ်စွာ၏ အဆုံးအမတရားတော်များနှင့်လိုက်လျောညီထွေစွာ အေးချမ်းပျော်ရွှင်ဖွယ် ကောင်းသော လူနေမှု ဘ၀များဖြင့် လောကဓံတရားများကို ရင်ဆိုင်ကျော်လွှားနိုင်သော၊ ရောင့်ရဲ တင်းတိမ်တတ်သော စိတ်နှလုံးကို ခေတ်အဆက်ဆက် ပိုင်ဆိုင်ခဲ့ကြသူများဖြစ်ကြသည်။

ဤစိတ်ဓာတ်များ အရင်းခံဖြင့် ၁၂ လရာသီရှိသည့် အနက် လပြည့်လကွယ် နေ့တိုင်းတွင် ရတနာ သုံးပါးအား ရည်စူး၍ အလှူအတန်းများ၊ ကောင်းမှုကုသိုလ်များ ပြုလုပ်လေ့ရှိကြသည်။ သီတင်းကျွတ် မီးထွန်းပွဲတော်သည် မြန်မာတို့၏ ၁၂ ရာသီ ပွဲတော်များတွင် ထင်ရှားသောပွဲတော် တစ်ခုဖြစ်ပြီး ပွဲတော်စတင်ကျင်းပခဲ့သည် အစဉ်အလာမှာ ဘုရားရှင် သက်တော်ထင်ရှား ရှိခဲ့စဉ် အခါကပင် ဖြစ်ပါသည်ဟု ပြောဆိုနိုင်ကောင်းပါသည်။ အဘယ်ကြောင့်ဆိုသော် ယခုကျင်းပသည့် သီတင်းကျွတ်လ မီးထွန်းပွဲတော်အစဉ်အလာများသည် ယင်းမှတစ်ဆင့် ကူးစပ်ဆင့်ပွားလာခြင်း ကြောင့် ဖြစ်ပါသည်။ ယင်းခေတ်အခါနှင့် ယခုခေတ်အခါတို့မတူသော်ငြားလည်း ရည်ရွယ်ချက်များ တူညီနိုင် ကြမည်ပင်။

ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာဝတိံသာ နတ်ပြည်၌ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿီတ နတ်သားအား အမှုးပြု၍ စကြ၀ဠာနေရာ အနှံ့ မှ နတ်ဗြဟ္မာ အပေါင်းတို့ အား အဘိဓမ္မာ တရားတော်မြတ်ကို ဟောကြားတော်မူသည်။ သီတင်းကျွတ် လပြည့်ေ န့  ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာ အပေါင်းခြံရံကာ ရွှေစောင်း တန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းများဖြင့် စီချယ်အပ်သော ရတနာစောင်းတန်းဖြင့် လူ့ ပြည်ဖြစ်သော သင်္ကဿ နဂိုရ်ပြည်သို့ ပြန်လည်ဆင်းသက်ကြွမြန်းတော်မူသည်ဟု ဗုဒ္ဓဘာသာစာပေ အဋ္ဌကထာများက ဆိုကြပါသည်။

ထိုအခါ သမယတွင် ပြည်သူပြည်သားအပေါင်းတို့က မီးရှူး မီးတိုင်များ၊ မီးပန်းများ၊ ဆီမီးများ၊ ဆွမ်းပန်းရေချမ်းများဖြင့် ကပ်လှူပူဇော်ကြသည်။ တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိ စေတီတော် ကိုလည်း ပူဇော်သည့် အထိမ်းအမှတ်ဖြင့် မီးပုံးများပြုလုပ်၍ ကောင်းကင်သို့ လွှတ်တင် ပူဇော်ကြ သည်။ ထိုကဲ့သို့ ပူဇော်ကြသည်ကို အကြောင်းပြုကာ ယနေ့ ခေတ်အခါတိုင်အောင် မြန်မာတစ်နိုင်ငံ လုံး၌ နှစ်စဉ်ကျင်းပပြုလုပ်မြဲ ဖြစ်သည်ဟု မှတ်သားရပါသည်။

ဗုဒ္ဓ၏ အဆုံးအမ၌ တည်ကြသော မြန်မာတို့ သည်အသက်ဂုဏ်ဝါကြီးသူ၊ မြင့်မြတ်သူတို့ အပေါ်တွင် ငယ်သူ၊ နိမ့်ကျ သူတို့ က ရိုသေလေးစား၍ ပူဇော် ကန်တော့လေ့ရှိကြသည့်အတိုင်း ၀ါကျွတ်သော အချိန် ဤထူးမြတ်သော အခါသမယတွင် တတ်နိုင်သမျှ ပူဇော် သက္ကာရတို့ ဖြင့် သက်ကြီးဝါကြီးများ၊ မိဘဆရာများကို ပူဇော်ကန်တော့ကြသည့် ဓလေ့များကိုလည်း တွေ့မြင်ကြရပါသည်။

ထို့အပြင် ဤအချိန်ကာလသည် မြန်မာတို့ ၏ တစ်ဦးကိုတစ်ဦး ရိုသေလေးစားတတ်သောသဘော၊ မာန်မာနကို နှိမ့်ချတတ်သောသဘော၊ အပြန်အလှန် မေတ္တာစေတနာထားတတ်သောသဘော စသည့် အမျိုးကောင်း သားသမီးတို့၏ ယဉ်ကျေးသိမ်မွေ့သော စိတ်နေစရိုက်ကိုဖော်ကျူးပြသနေသော အမျိုးဂုဏ်ကို မြှင့်တင်ပေးနေသည့် ရိုးရာအစဉ်အလာ အချိန်အခါ ဖြစ်သည်နှင့်အညီ အစ်ကို၊ အစ်မများ ညီငယ်ညီမငယ်များအားလုံးတို့သည်လည်း လောကသာရ ရခိုင်သူမြတ် ရေးသည့် ဆုံးမစာအတိုင်း `ကောင်းသောအကြံ၊ မှန်သောအကျင့်၊ သင့်သောအယူ၊ ဖြူသောနှလုံး´ တို့ ဖြင့် သီတင်းကျွတ်လ မီထွန်းပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွဲ နိုင်ကြပါစေဟု ဤစာ၏ နိဒါန်းအချီ အနေဖြင့် ဆုတောင်း ဆန္ဒပြုလိုက်ပါသည်။

မြတ်စွာဘုရားရှင် အလောင်းတော်ကို မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့ တွင် မိခင်မာယာဒေ၀ီ မှ ဖွားမြင်တော်မူခဲ့ပါသည်။ ဖွားမြင်တော်မူပြီးသည့်နောက် (၁၆)နှစ် အရွယ်မှာ ယသော်ဓရာ နှင့် ထိမ်းမြား လက်ထပ်တော်မူခဲ့ပါသည်။ အသက် (၂၉)နှစ်မှာ သားတော် ရာဟုလာ ကို ဖွားမြင်သော ညမှာပင် ကာမဂုဏ်၏ အပြစ်တို့ကိုတွေ့ပြီး ငြီးငွေ့တော်မူသဖြင့် နန်းစည်စိမ် နှင့်တကွ အားလုံးကို စွန့်လွှတ်ပြီး ဥရုဝေလတော ကို ၀င်ခဲ့ပါသည်။ ဥရုဝေလမှာ ပင်ပန်းဆင်းရဲသော ဒုက္ကရစရိယ အကျင့်ကို ၆နှစ် ကာလပတ်လုံး ကျင့်ခဲ့ပါသည်။ ဘုရားအလောင်းတော်သည် မဂ်ဉာဏ်ဖိုလ်ဉာဏ်နှင့် သဗ္ဗညုတဉာဏ်တော် အတွက် မည်သို့မျှ အထောက်အကူ မပြုသော ထိုအကျင့်များကို စွန့်လွှတ်ပြီး မဇ္ဈိမပဋိပဒါ ဆိုတဲ့ မဂ္ဂင်ရှစ်ပါး အကျင့်ကို ကိုယ်တော် တိုင် ကျင့်သုံးတော်မူခဲ့ပါသည်။ ထိုမဂ္ဂင်ရှစ်ပါး အကျင့်ဖြင့် ဂေါတမ ဘုရားရှင်သည် မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့ မှာ သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်ကို ရောက်ရှိတော်မူခဲ့ပါသည်။ ဘုရားဖြစ်ပြီးနောက်-

(၁) ပလ္လင်္ကသတ္တာဟ။ ။ဘုရားဖြစ်သော ဗောဓိပင်ရင်းနေရာ (ပလ္လင်)ထက်တွင် ကဆုန်လပြည့်ကျော် (၁) ရက်နေ့မှ (၇) ရက်နေ့အထိ ၀ိမုတ္တိသုခ (သံသရာမှ လွတ်မြောက်ခြင်းချမ်းသာ) ကို ခံစားလျှက် သီတင်းသုံးတော်မူခဲ့ပါသည်။

(၂) အနိမိသ သတ္တာဟ။ ။ဗောဓိပင်၏အနီး အရှေ့မြောက်အရပ် တည့်တည့် (၁၄)လံအကွာ နေရာမှာ ကဆုန်လပြည့် ကျော် (၈)ရက်နေ့မှ (၁၄) ရက်နေ့အထိ (၇)ရက် ထပ်မံ သီတင်းသုံးတော်မူခဲ့ပါသည်။ ငါသည် ပါရမီများ ဖြည့်ခဲ့သောကြောင့် ဤပလ္လင်ထက်မှာ မာရ်(၅)ပါးကိုအောင်မြင်ပြီး ဘုရားဖြစ်ခဲ့ပြီ ဟုဆင်ခြင်ကာ ဖြောင့်ဖြောင့်မတ်မတ် ရပ်နေတော်မူကာ အပရာဇိတပလ္လင်ကို မမှိတ်သော မျက်စိဖြင့် (၇)ရက်လုံး ကြည့်ရှု ၀မ်းမြောက်နေတော်မူခဲ့ပါသည်။ (အ= မ။ နိမိသ= မျက်စိမှိတ်သည်။ အနိမိသ= မျက်စိမမှိတ်ပဲ)

(၃) စင်္ကမ သတ္တာဟ။ ။ကဆုန်လကွယ်နေ့မှ နယုန်လဆန်း (၆)ရက်နေ့အထိ (၇)ရက်တွင် ဗောဓိပင်ပလ္လင်နဲ့ အနိမိသ သတ္တာဟ အကြား စင်္ကြံလျှောက်တော်မူကာ (၇)ရက် ထပ်မံသီတင်းသုံးတော်မူခဲ့ပါသည်။ ယင်းနေရာမှာ နတ်တို့က “ရှင်ဂေါတမသည် ဗောဓိပလ္လင်၌ တပ်မက်နေသေးသည်၊ ဘုရားစင်စစ်မဖြစ်သေး”ဟု ယုံမှားသံသယဖြစ်ကြသည်။ ထိုယုံမှားပျောက်စေရန် ရေအစုံ၊ မီးအစုံ ယမကပြာဋိဟာ ပြတော်မူခဲ့ပါသည်။ စင်္ကြံ ကြွရင်း တရားဆင်ခြင်၊ ဖလသမပတ် ၀င်စားသောကြောင့် စင်္ကမ သတ္တာဟ ဟုခေါ်ပါသည်။

(၄) ရတနာဃရ သတ္တာဟ။ ။ဗောဓိပင်၏ အနောက်မြောက် (၁၀)လံ အကွာတွင် နတ်များဖန်ဆင်းပူဇော်သော ရတနာ ရွှေအိမ်ထက်၌ နယုန်လဆန်း (၇) ရက်နေ့မှ (၁၃)ရက်အထိ အဘိဓမ္မာတရားတော်ကို ဆင်ခြင်တော်မူပါသည်။ အဘိဓမ္မာ ရှေးဦး (၆)ကျမ်းကို ဆင်ခြင်ရာတွင် ရောင်ခြည်တော် ကွန့်မြူးခြင်း မရှိသေးပါ။ နောက်ဆုံး ပဋ္ဌာန်းဒေသနာ တော်ကြီးကို ဆင်ခြင်သုံးသပ်တော်မူသော အခါမှသာ ရောင်ခြည်တော် (၆)သွယ် ကွန့်မြူး ထွက်ပေါ်လာခဲ့ပါသည်။

(၅) အဇပါလသတ္တာဟ။ ။ဒီနေရာကို ဆိတ်ကျောင်းသမားတွေ နေတဲ့ ညောင်ပင်လို့ ဆိုပါတယ်။ ဗောဓိပင်ရဲ. အရှေ.ဘက် (၃၂)လံ အကွာမှာ နယုန်လဆန်း (၁၄)ရက်နေ့မှ နယုန်လပြည့်ကျော် (၅)ရက်အထိ (၇)ရက် သီတင်းသုံးတော် မူပါတယ်။ ဒီနေရာမှာပဲ မာရ်နတ်ရဲ. သမီး (၃) ယောက် ဖြစ်တဲ့ (တဏှာ၊ အရတီ၊ ရာဂါ) တို့က ဘုရားရှင်ကို မိန်းမမာယာဖြင့် ဖြားယောင်းဖို့ ကြိုးစားခဲ့ကြပါတယ်။ သို့ပေးမယ့် ဘုရားရှင်က တုန်လှုပ်ခြင်း မရှိခဲ့ပါဘူး။

(၆) မုစလိန္ဒ သတ္တာဟ။ ။ဗောဓိပင်၏ အရှေ.တောင်ဘက် (၁၅)လံ အကွာ၊ မုစလိန္ဒာအိုင် အနီး ကျဉ်းပင်အောက်မှာ နယုန်လပြည့်ကျော် (၆)ရက်နေ့မှ နယုန်လပြည့်ကျော် (၁၂)ရက်နေ့ထိ (၇)ရက် သီတင်းသုံးတော် မူခဲ့ပါသည်။ ထိုနေရာကို သီတင်းသုံးစဉ်မှာ အခါမဲ့ မိုးရွာခဲ့သောကြောင့် မုစလိန္ဒာအိုင် နဂါးမင်းသည် တန်ခိုးနဲ့ လိုတာကို ဖန်ဆင်းနိုင်သော်လည်း သူ၏ပကတိ ကိုယ်တော်နှင့်သာ ပါးပြင်းမိုးပြီး ရာသီဥတုဒဏ်ကနေ ကာကွယ်ပူဇော်ခဲ့ပါသည်။

(၇) ရာဇာယတန သတ္တာဟ။ ။ဗောဓိပင်၏ တောင်ဘက် (၄၀)လံ အကွာ လင်းလွန်းပင်ရင်းမှာ နယုန်လပြည့်ကျော် (၁၃)ရက်မှ ၀ါဆိုလဆန်း (၄)ရက်နေ့ အထိ (၇)ရက် ပတ်လုံး ဖလသမာပတ် ၀င်စားပါတယ်။(၇) ရက်ပြည့်တဲ့နေ့ ဘုရားရှင် အစာအာဟာရမှီဝဲရန် လိုအပ်နေချိန်မှာ ရာမညတိုင်း၊ ဥက္ကလာဇနပုဒ်၊ ပေါက္ကရ၀တ္တီဇနပုဒ်မှ ကုန်သည်ညီနောင် တဖုဿ၊ ဘလ္လိက တို့က ဘုရားရှင်ကို မုန့်ကျစ်ဆုပ် ဆပ်ကပ်ခဲ့ပါသည်။ ယင်းကုန်သည်ညီနောင်ကို သံဃာမရှိသေးသည့်ကာလဖြစ်သည့် အတွက် ဒွေဝါစိက သရဏဂုံ (၂)ပါးကိုသာချီးမြှောက်ခဲ့ပါသည်။ ဆံတော် (၈)ဆူ စွန့်တော်မူပါတယ်။ ယင်းဆံတော်တို့ကို သူတို့၏အရပ်ပြန်ရောက်သောအခါ စေတီထဲမှာ ဌာပနာပြုခဲ့ကြောင်း မှတ်သား ရပါသည်။

ဗုဒ္ဓစာပေများအရ မြတ်စွာဘုရားသည် ပထမ၀ါကို မိဂဒါဝုန် မှာ ၀ါကပ်တော်မူပြီး ဒုတိယ၀ါ၊ တတိယ၀ါ၊ စတုတ္ထ၀ါ တို့ကို ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၊ ပဉ္စမ၀ါ ကို ဝေသာလီပြည်၊ ဆဋ္ဌမ၀ါ ကို မကုဠတောင် စသော နေရာဌာနများမှာ ၀ါကပ်တော်မူခဲ့ပါသည်။ သတ္တမ၀ါကို တာဝတိံသာနတ်ပြည်မှာ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတ နတ်သား ကို အမှူးထားကာ တာဝတိံတာ နတ်ပြည်ရှိ ပင်လယ်ကသစ်ပင်ရင်း ပဏ္ဍုကမ္ဗလာ မြကျောက်ဖြာထက်တွင် အဘိဓမ္မာ ဒေသနာတော် ကို ၀ါတွင်းသုံးလပတ်လုံး အသံမစဲ ဟောတော်မူခဲ့ပါသည်။ မယ်တော်မိနတ်၊ ကျေးဇူးဆပ်၊ ဟောလတ်ဘိဓမ္မာ ဟုလည်း ရှေးလူကြီးသူမများ ပြောဆိုရေးသားခဲ့ကြပါသည်။

ဝါဆိုလပြည့်ကျော် (၁) ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့ အထိ ရက်ပေါင်း (၉၀)၊ ၀ါတွင်း (၃) လ - မှာ

၁။ ဓမ္မသင်္ဂဏီကျမ်း ကို (၁၂) ရက်

၂။ ၀ိဘင်းကျမ်းကို (၁၂) ရက်

၃။ ဓာတုကထာကျမ်းကို (၆) ရက်

၎။ ပုဂ္ဂလပညတ်ကျမ်းကို (၇) ရက်

၅။ ကထာဝတ္ထုကျမ်းကို (၈) ရက်

၆။ ယမိုက်ကျမ်းကို (၂၀) ရက်

၇။ ပဋ္ဌာန်းကျမ်းကို (၂၅) ရက်

ဟောတော်မူခဲ့ပါတယ်။

အဘိဓမ္မာတရား ဒေသနာတော်ကို နည်း (၃) နည်း ဖြင့် ဟောကြားခဲ့ပါသည်။

(၁) အတိဝိတ္ထာရ ဒေသနာ (အကျယ်နည်း)

ဗုဒ္ဓမြတ်စွာသည် မယ်တော်ကို ကျေးဇူးဆပ်လိုခြင်း၊ မိဘကျေးဇူးကို သတ္တ၀ါတို့နားလည်စေလိုခြင်း၊ အဘိဓမ္မာတရားကို အစအဆုံး တထိုင်တည်း ဟောကြားလိုခြင်း၊ အစ အဆုံး တထိုင်တည်းဟောမှ နာကြားရသော တရားနာသူတို့ အကျိုးထူး ရနိုင်ခြင်း၊ အဘိဓမ္မာဒေသနာတော်၏ ကျယ်ဝန်းနက်နဲမှုကို သိစေလိုခြင်း၊ လူတို့သက်တမ်းနှင့် သုံးလလောက်ဟောမှ ကုန်နိုင်မည့် တရားဖြစ်သည့်အတွက် လူတို့ ဣရိယာပုထ်ဖြင့် ဟောသူရော နာသူပါ မနေနိုင်ခြင်း တို့ကြောင့် အဘိဓမ္မာ အကျယ်နည်းကို တာဝတိံ သာနတ်ပြည်၌ ဟောရခြင်းဖြစ်ပါသည်။

(၂) အတိသင်္ခေပဒေသနာ (အကျဉ်းနည်း)

မြတ်စွာဘုရားသည် လူသားဖြစ်တော်မူသည့်အတွက် ဆွမ်းခံခြင်း ဆွမ်းစားခြင်း ရေချိုးသန့်စင်ခြင်း စသည် ပြုလုပ်ရန် နိမ္မိတရုပ်ပွားတော်ကို အဓိဋ္ဌာန်ဖြင့် ဖန်ဆင်းပြီး လူ့ပြည်သို့ ကြွတော်မူရာတွင် ဟိမ၀န္တာစန္ဒကူးတော၌ နေ့သန့်စင် (အနားယူ) တော်မူပါတယ်။ ထို စန္ဒကူးတောတွင် အရှင်သာရိပုတ္တရာ မထေရ်သည် မြတ်စွာဘုရားအား ၀တ်ကြီးဝတ်ငယ် ပြုစုခစားခိုက် မြတ်စွာဘုရားက ရှင်သာရိပုတ္တရာအား အဘိဓမ္မာ တရားကို အကျဉ်းချုပ်နည်းဖြင့် ဟောတော်မူပါသည်။

(၃) နာတိ ၀ိတ္ထာရ နာတိသင်္ခေပ ဒေသနာ (မကျဉ်းမကျယ်နည်း)

အရှင်သာရိပုတ္တရာက မြတ်စွာဘုရား ဟောခဲ့သည့် အကျဉ်းနည်းကို တပည့် ရဟန်းငါးရာတို့အား မကျဉ်းမကျယ်နည်းဖြင့် ပြန်လည် ဟောတော်မူပါသည်။ နောက်တနေ့တွင် အရှင်သာရိပုတ္တရာက တပည့်ရဟန်း ငါးရာကို ဟောကြားသောအဘိဓမ္မာ ဒေသနာတော်အား မြတ်စွာဘုရား ထံမှောက်၌ ပြန်လည်တင်ပြ အစစ်ဆေးခံရာ မြတ်စွာဘုရားက နားထောင်၍ လက်ခံအတည်ပြု တော်မူခဲ့ ပါသည်။

ဤသို့ဖြင့် အဘိဓမ္မာ ဒေသနာတော်ကြီးသည် ခုနစ်ဝါမြောက်ဖြစ်သော မဟာသက္ကရာဇ် ၁၀၉ ခု ၀ါဆိုလပြည့်ကျော် (၁)ရက် မှ သီတင်းကျွတ်လပြည့်နေ့အထိ (၃)လအတွင်း နည်း(၃)နည်းဖြင့် လူ့ပြည်၊ နတ်ပြည် တပြိုင်တည်း ပေါ်ထွန်းခဲ့ပါသည်။

ဗုဒ္ဓမြတ်စွာဘုရားရှင်သည် အဘိဓမ္မာဒေသနာတော်ကို ဟောကြားပြီး တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ သီတင်းကျွတ်လပြည့်နေ့တွင် ဆင်းသက်တော်မူခဲ့သဖြင့် ထူးမြတ်သောနေ့ အဖြစ်သတ်မှတ်ကြပါသည်။ ဘုရားရှင် ဆင်းသက်ကြွမြန်းလာသည်ကို ရည်စူးပြီး ဘုရားရှင်အား ပူဇော်သောအားဖြင့် ဆီမီးထွန်းကာ မီးထွန်းပွဲကျင်းပသော အစဉ်အလာသည် ရှေးဘိုးဘေးဘီဘင်များ လက်ထက်ကပင် ရှိခဲ့ပါသည်။ ထို့အပြင်ဘုရားရှင်သည် မယ်တော်ဖြစ်ခဲ့ဖူးသော နတ်သားကို တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာခုနှစ်ကျမ်းကို ဟောကြားတော်မူပြီးနောက် သီတင်းကျွတ် လပြည့်နေ့တွင် လူပြည်သို့ သက်ဆင်းတော်မူသည်ကို အကြောင်းပြုလျှက် ဤနေ့ကို “အဘိဓမ္မာအခါတော်နေ့” ဟု သမုတ်ကာ အဘိဓမ္မာ ရွတ်ဖတ်ပူဇော်ပွဲများလည်း ကျင်းပကြပါသည်။

တစ်နည်းဆိုလျှင် သီတင်းကျွတ်လပြည့်နေ့ကို “ဘုရားဆုပန်နေ့” ဟူ၍လည်း ခေါ်ဆိုနိုင်ပါတယ်။ ဘုရားရှင် တာဝတိံသာမှ ဆင်းသက်တော်မူသောအခါ လကျာင်္ဘက်ရွှေစောင်းတန်းက နတ်ဒေ၀တာများ၊ လက်ဝဲဘက် ငွေစောင်းတန်းက ဗြဟ္မာများခြံရံလိုက်ပါကာ ကိုယ်တော်တိုင် အလယ်က ပတ္တမြားစောင်း တန်းဖြင့် ဆင်းသက်တော်မူပါသည်။ ထိုသို့ နတ်ဗြဟ္မာများခြံရံလိုက်ပါ၍ ဆင်းသက်တော်မူလာသည့် ဘုရားရှင်၏ တုနှိုင်းဖွယ်မရှိ တင့်တယ်ပြည့်စုံသော အသရေ တော်ကို ဖူးမြင်ကြရသောအခါ (၃၆)ယူဇနာ အတွင်းရှိသော ပရိသတ်အားလုံး ဘုရားကိုအားကျ၊ ဘုရားဖြစ်ချင် စိတ်တွေ ပေါ်လာကာ ဘုရားဆုကို တောင်းကြပါသည်။ ထို့အတွက်ကြောင့် “ဘုရားဆုပန်နေ့” ဟုခေါ်ဆိုထိုက်ပါသည်။

သီတင်းကျွတ်လပြည့်နေ့တွင် ၀ါတွင်းသုံးလကုန်ဆုံး ကျွတ်လွတ်သောနေ့ဖြစ်သဖြင့် ၀ါဆိုတော် မူကြကုန်သော သံဃာတော် အရှင်မြတ်တို့ လွတ်လွတ်ကျွတ်ကျွတ်သွားလာ သီတင်းသုံးနိုင်သည့် အခွင့်အရေးကို ရရှိကြပါသည်။ ထိုနေ့အထိဝါဆိုကြသည့် သံဃာများသည် အလွန်အကျိုးထူးသော ကထိန်အလှူကို ခံယူထိုက်သော အခွင့်အရေး လည်းရရှိကြပါသည်။

အချုပ်အားဖြင့်ဆိုရသော်သီတင်းကျွတ်လပြည့်နေ့သည် ရဟန်းတော်များ ၀ါကျွတ်သောနေ့၊ အပြစ်ရှိက ပြောကြားပါရန် အချင်းချင်း ဖိတ်ပန်အမှုပြုကြသော ပ၀ါရဏာနေ့၊ ဘုရားရှင် တာဝတိံ သာနတ်ပြည်၌ အဘိဓမ္မာတရားတော်ကို ဟောကြားပြီးမြောက် အောင်မြင်တော်မူသော အဘိဓမ္မာ အခါတော်နေ့၊ နတ်ဗြဟ္မာအပေါင်းခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုလ်ပြည်သို့ ဆင်းသက်တော် မူသောနေ့၊ ထိုသို့ဘုရားရှင် ဆင်းသက် တော်မူသည်ကို ရည်စူးပူဇော်သောအားဖြင့် ဆီးမီးစသည့် ထွန်းညှိပူဇော်သောနေ့၊ ဗြဟ္မာနတ် လူ သုံးဘုံသူတို့ ဘုရားရှင်အား အတူတကွ ကြည်ဖြူပူဇော်သောနေ့၊ နတ်လူအများ ဘုရားဆု ပန်သောနေ့ စသော ဂုဏ်ထူးဝိသေသအဖုံဖုံနှင့် ပြည့်စုံသော နေ့ထူးနေ့ မြတ် ပင် ဖြစ်ပါသည်။

ဤကဲ့သို့နေ့ထူး၊ နေ့မြတ်မှာ ဓမ္မမိတ်ဆွေ သူတော်ကောင်းများအားလုံး သတိပဋ္ဌာန်တရားတော်များကို နာယူကျင့်ကြံ အားထုတ်နိုင်ကြသဖြင့် ဒုက္ခခပ်သိမ်းကင်းငြိမ်းရာ အမြိုက်နိဗ္ဗာန်ကို ရနိုင်ကြပါစေဟု ဆုတောင်းပြီး ဤဆောင်းပါးကို နိဂုံးချုပ်လိုက်ရပါသည်။

အသျှင်ဉာဏုတ္တရ (သီရိလင်္ကာ)

Woman of the Year ဆုပိုင်ရှင် ဝါရစ်ဒိုင်ရီ

Posted by drmyochit Friday, October 18, 2013, under | 1 comment

Woman of the Year ဆုပိုင်ရှင် ဝါရစ်ဒိုင်ရီ

"ဝါရစ်ဒိုင်ရီဟာ ဒီဆုအတွက် အထိုက်တန်ဆုံးသူ တစ်ယောက်ပါ။ သူဟာ မိန်းကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပေါ် ကြောက်စရာ ရာဇဝတ်မှုကြီးတွေ ကျူးလွန်နေတဲ့အပေါ် တစ်ကမ္ဘာလုံး အာရုံစိုက်လာအောင် သတ္တိရှိရှိ၊ စူးစူးစိုက်စိုက် ကြိုးစားခဲ့သူ ဖြစ်ပါတယ်"ဟု Woman of the Yearဆုကို ဆိုမာလီယာဖွား မော်ဒယ်လ်၏ လက်ထဲသို့ ဂုဏ်ယူစွာ လွှဲအပ်ပေးပြီးနောက် ဆုရွေးချယ်ရေး အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ဗြိတိန်သူ ဟယ်လန်နာ ကနေဒီက ချီးကျူးစကား ပြောကြားခဲ့သည်။


ဝါရစ်သည် လူအများ အာရုံမပြုမိသည့် အမှောင်မိုက်ဆုံး ဘဝများကို မီးမောင်းထိုးပြခဲ့သူ ဖြစ်သည်။ သူမသည် Chanelနှင့် Revlonတို့၏ ကိုယ်စားပြု မော်ဒယ်လ်တစ်ဦး၊ အရောင်းအတွင်ကျယ်ဆုံး စာရေးဆရာမတစ်ဦး၊ James Bond ဇာတ်ကားများတွင် ပါဝင် သရုပ်ဆောင်ခဲ့ဖူးသူ တစ်ဦးအဖြစ် တောက်ပသော ဘဝများကို ပိုင်ဆိုင်ခဲ့ဖူးသည်။ သို့သော်လည်း အဆိုးယုတ်ဆုံး လောကငရဲကို ကိုယ်တိုင် ဖြတ်သန်းခဲ့ရဖူးသူ တစ်ဦးလည်း ဖြစ်နေပြန်သည်။ ကလေးဘဝတွင် အမျိုးသမီး လိင်အင်္ဂါကို ခွဲစိတ်ဖြတ်တောက် ပြုပြင်သည့် (FGM)ခေါ် အခြေအနေဆိုး တစ်ရပ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးကြောင်း ကမ္ဘာသိ ထုတ်ဖော် ပြောဆိုကာ အာဖရိကရှိ မိန်းကလေးများ၏ နိမ့်ပါးဆိုးရွားသော ဘဝကို တစ်ကမ္ဘာလုံး သိရှိအောင် လှစ်ဟပြခဲ့သည်။


FGM ဆိုသည်မှာ အမျိုးသမီး အင်္ဂါကို ဘရိတ်ဓားကဲ့သို့ ချွန်မြသော ပစ္စည်းများဖြင့် ဖြတ်တောက်ကာ ဆီးသွားရန်နှင့် သဘာဝ ရာသီသွေးအတွက် လိုအပ်ချက်မျှသာ ချန်လှပ်လှီးထုတ်သည့် လုပ်ရပ်မျိုး ဖြစ်သည်။ အာဖရိကတိုက်တွင် ယင်းအလေ့အထသည် ယနေ့တိုင် တွင်တွင်ကျယ်ကျယ် ဖြစ်ပေါ်နေဆဲရှိပြီး ကုလသမဂ္ဂက အစွမ်းကုန် တိုက်ဖျက်ရန် ကြိုးစားနေသည်။ ယခုအခါ အသက်(၄၆)နှစ် ရှိနေပြီဖြစ်သည့် ဝါရစ်သည် သူမအသက် (၅)နှစ် အရွယ်တွင် အဆိုပါ ခါးသီးရက်စက်မှုကြီးကို ကိုယ်တိုင်ကိုယ်ကျ ရင်ဆိုင်ခဲ့ရသည်။ ထို့နောက် အသက်(၁၃)နှစ် အရွယ်တွင် အသက်(၆၀)အရွယ် အမျိုးသားကြီး တစ်ဦးနှင့် ပေးစားခံရမည့် အရေးမျိုး ကြုံလာသည့်နောက် ဆိုမာလီယာကို စွန့်ခွာ ထွက်ပြေးခဲ့သည်။ မိုဂါဒစ်ရှ်မှတစ်ဆင့် လန်ဒန်သို့ ရောက်လာပြီးနောက် McDoanld စားသောက်ဆိုင် တစ်ခုတွင် အလုပ်လုပ်ရင်း အသက်မွေးခဲ့သော ဝါရစ်၏ ဘဝသည် လန်ဒန်တွင် အလှည့်အပြောင်းများစွာ ကြုံလာခဲ့သည်။


(၁၉၉၀)ပြည့်လွန် နှစ်များက သူမ၏ ဖုံးကွယ်နေသော ပါရမီ တစ်ရပ်ကို ဓာတ်ပုံဆရာ တစ်ဦးက အမှတ်မထင် သတိပြုမိသွားရမှာ ဝါရစ်၏ အောင်မြင်မှု လမ်းစ ပွင့်သွားသည်။ ထို့နောက် စူပါမော်ဒယ်လ် တစ်ဦးအဖြစ် ရပ်တည်လာနိုင်ခဲ့ပြီး James Bond ဇာတ်ကား တစ်ခုဖြစ်သည့် The Living Daylightsတွင်လည်း ပါဝင် သရုပ်ဆောင်ခွင့် ရခဲ့သည်။ ထိုကဲ့သို့ ကမ္ဘာသိ အနုပညာ ပုံရိပ်တစ်ခုကို ထူထောင်နိုင်ခဲ့ပြီး (၁၉၉၇)ခုနှစ်တွင် သူမ၏ ဆိုမာလီယာမှ အိပ်မက်ဆိုးကို ဝါရစ်က ထုတ်ဖော် ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ယနေ့တွင်တော့ သူမသည် သားသမီး(၄)ဦးနှင့်အတူ သာယာပျော်ရွှင်သော အိမ်ထောင်တစ်ခုကို ထူထောင်ပြီး ပိုလန်တွင် အခြေချ နေထိုင်လျှက် ရှိသည်။


ဝါရစ်သည် သူမ၏ ဘဝတွင် ကြုံခဲ့ရသော ခါးသီးရက်စက်မှုများကို တိုက်ဖျက်ရန် အစွမ်းကုန် လုပ်ဆောင်နေသူလည်း ဖြစ်သည်။ သူမသည် ကုလသမဂ္ဂ၏ နှလုံးလှ သံတမန် တစ်ဦးဖြစ်သလို FGMကို တိုက်ဖျက်ရန် ရည်ရွယ်သည့် ကိုယ်ပိုင် ဖောင်ဒေးရှင်း တစ်ရပ်ကိုလည်း ထူထောင်ထားသည်။ FGMအကြောင်း သူမရေးသားဖူးသည့် စာအုပ်များသည် အရောင်းအတွင်ကျယ်ဆုံး စံချိန်တင်ရှိခဲ့ဖူးသည်။ ဝါရစ်အနေဖြင့် သူမ၏ ခိုင်မာသော ရပ်တည်ချက်ဖြင့် ကြိုးပမ်း လုပ်ဆောင်မှုများကြောင့် ဂုဏ်ပြုဆုများ ရရှိဖူးသလို ရန်ပြု တိုက်ခိုက်မှုမျိုးလည်း ကြုံခဲ့ရဖူးသည်။ မည်သို့ပင်ဖြစ်စေ၊ ဝါရစ်သည် သူမ၏ ရပ်တည်ချက်ကို လုံးဝ မပြောင်းလဲခဲ့။ ထို့ကြောင့်လည်း အမျိုးသမီး အခွင့်အရေးအတွက် စွမ်းစွမ်းတမံ ကြိုးစားနေသည့် သူမအား ယခုသီတင်းပတ်တွင် လန်ဒန်မြို့၊ ကွန်တီနင်တယ်လ် ဟိုတယ်တွင် ကျင်းပသည့် ဆုပေးပွဲ၌ Woman of the Year ဂုဏ်ပြုဆု ပေးအပ်ခဲ့ခြင်း ဖြစ်သည်။


FMG ပြဿနာသည် ဆိုမာလီယာ၊ ကင်ညာ၊ ယူဂန္ဓာ အစရှိသည့် နိုင်ငံများတွင် ကြီးမားကျယ်ပြန့်နေဆဲ ဖြစ်သည်။ ထိုခွဲစိတ် ဖြတ်တောက်မှုများတွင် မသန့်ရှင်းသည့် ပစ္စည်း ကိရိယာများကို အသုံးပြုခြင်းကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများကိုပါ မချိမဆန့် ခံစားရသည့် မိန်းကလေး အများအပြား ရှိခဲ့ကြောင်း ကုလသမဂ္ဂ မှတ်တမ်းများက ဖော်ပြခဲ့သည်။ ဝါရစ်အနေဖြင့် သူမမုန်းတီး စက်ဆုပ်သည့် ယင်းလုပ်ရပ်ကို ကမ္ဘာမြေပေါ်မှ အပြီးပျောက်ကွယ်သွားအောင် မတွန်းလှန်နိုင်သေးသော်လည်း တစ်ကမ္ဘာလုံး အာရုံစိုက်မိလာအောင် ကြိုးစား ဆွဲဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။ Woman of the Year ဆုချီးမြှင့်ရေး ကော်မတီက ဝါရစ်၏ FMG တိုက်ဖျက်ရေးအတွက် အားထုတ် နှိုးဆော်မှုများကို အသိအမှတ် မပြုဘဲ ရှောင်လွှဲနေရန် မည်သို့မျှ မဖြစ်နိုင်ဟု ချီးကျူးခဲ့သည်။


ဝါရစ်သည် ဆုကို လက်ခံယူပြီးနောက် ဂုဏ်ယူမိကြောင်း ဆိုသည်။ သူမက "ကျွန်မ ဘယ်တော့မှ နောက်ပြန်လှည့်မှာ မဟုတ်ပါဘူး။ ခုချိန်မှာ ကျွန်မရည်မှန်းထားတဲ့ ပန်းတိုင်နဲ့ နီးနေပြီလို့ ခံယူပါတယ်။ တစ်နေ့နေ့ပေါ့။ ဒီကိစ္စတွေ ဆုံးခန်းတိုင်သွားမယ့် တစ်နေ့နေ့ ရောက်မလာခင် ကိုယ်လျှောက်မယ့်လမ်းကို ဆက်သွားနေဖို့ လိုအပ်ပါတယ်"ဟုလည်း ပြောကြားခဲ့သည်။ FGM ပြဿနာသည် အာဖရိကတွင်သာ တွင်ကျယ်နေသည် မဟုတ်ဘဲ ကနေဒါနှင့် ဗြိတိန်တို့ကဲ့သို့ ဖွံ့ဖြိုးပြီး နိုင်ငံကြီးများကိုပါ ရိုက်ခတ်လျှက် ရှိသည်။ ပြင်သစ်တွင် ယင်းကိစ္စအတွက် တရားစွဲဆိုမှု အချို့ကို ပြုလုပ်ခဲ့ဖူးပြီး ဗြိတိန်တွင် (၂၀၀၇)ခုနှစ် စစ်တမ်းအရ အင်္ဂလန်နှင့် ဝေလတို့ရှိ မိန်းကလေးငယ် (၁၀၀၀၀၀)မျှသည် FGM အခြေအနေမျိုး ကြုံတွေ့ရန် စိုးရိမ်ရလောက်သော အခြေအနေရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ဖူးသည်။

အမျိုးသမီးများကို စွမ်းအား တိုးစေမည့် အစားအစာ ၁၀ မျိုး

Posted by drmyochit Friday, October 18, 2013, under | No comments


၁။ ငှက်ပျောသီး
ငှက်ပျောသီးကို စွမ်းအား တိုးစေတဲ့ အကောင်းဆုံး အစားအစာလို့ ဆိုလိုက်ရင် မှားမယ် မထင်ပါဘူး။ ငှက်ပျောသီးမှာ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ဗီတာမင်ဘီ အုပ်စု၊ ဘရိုမီလင် အင်ဇိုင်းတွေ ပါဝင်တာကြောင့် စွမ်းအားတွေ တိုးပွားစေ ပါတယ်။


၂။ ထောပတ်သီး
ထောပတ်သီးရဲ့ ပုံသဏ္ဌာန်က သူ့ထဲမှာ ပါဝင်တဲ့ အာနိသင်ကို ဖော်ပြ နေပါတယ်။ ဗီတာမင်ဘီစစ်နဲ့ ပိုတက်စီယမ်တွေ ကြွယ်ဝတဲ့ ထောပတ်သီးကို စားသုံးပေးပါက သင့်ကို စွမ်းအင်တွေ တိုးပွားစေပြီး နိုးကြား တက်ကြွ စေပါတယ်။

၃။ ငရုတ်သီး
ငရုတ်သီးရဲ့ ပူစပ်တဲ့ ဓာတ်သဘာဝက သင့်ခန္ဓာကိုယ်တွင်းမှာ အင်န်ဒေါ်ဖင် ဟော်မုန်းဓာတ်ကို ထွက်စေပြီး စွမ်းအားတွေ တိုးပွားစေပါတယ်။

၎။ ကြက်ဥ
ကြက်ဥမှာ မယုံနိုင်လောက်အောင် အစွမ်းတွေ ရှိနေပါတယ်။ ကြက်ဥက မျိုးအောင်စေနိုင်တယ်ဆိုတဲ့ သင်္ကေတ တစ်ခုသာမကဘဲ ဟော်မုန်းဓာတ်ကို ထိန်းညှိပေးပြီး စိတ်ဖိစီးမှုတွေကိုပါ လျှော့ချပေးတဲ့ ဗီတာမင် B5၊ ဗီတာမင် B6 ဓာတ်တွေ ပေါများစွာ ပါဝင်ပါတယ်။

၅။ ကန်စွန်းဥ
ကန်စွန်းဥက သင့်ကျန်းမာရေး အတွက် စားသုံးဖို့ အသင့်တော်ဆုံး အစား အစာ တစ်ခု ဖြစ်သလို အကောင်းဆုံး စွမ်းအင်တွေကိုလည်း ပေးစွမ်းနိုင် ပါတယ်။ ကန်စွမ်းဥမှာ ကြွယ်ဝစွာ ပါဝင်တဲ့ ဘီတာကယ်ရိုတင်း ဓာတ်တွေက ခန္ဓာကိုယ်ထဲရောက်တဲ့အခါ ဗီတာမင်အေအဖြစ် ပြောင်းလဲသွားပြီး ယောနိ လမ်းကြောင်းနဲ့ သားအိမ်ကို ပုံစံတကျ ထိန်းသိမ်းပေးပါတယ်။ ဒါ့အပြင် ဟော်မုန်း ထုတ်လုပ်မှုကိုလည်း အားပေးပါတယ်။

၆။ ချောကလက်
ချောကလက်ရဲ့ အရသာက သင့်ကို ပျော်ရွှင်ကြည်နူးစေပါတယ်။ ဒီလို ခံစားမှုမျိုး မရရင်တော့ သင်စားတဲ့ ချောကလက်က ဓာတုပစ္စည်းတွေနဲ့ ပြုလုပ်ထားတာ ဖြစ်နိုင်ပါတယ်။ ချောကလက်ထဲမှာ ကက်ဖင်းနဲ့တူတဲ့ စိတ်ဓာတ်တက်ကြွအောင် လှုံ့ဆော်ပေးတဲ့ သီရိုဘရိုမင်း ပါဝင်ပြီး စိတ်ခံစားမှု ကောင်းကို ဖြစ်ပေါ်စေတဲ့ စီရိုတိုနင် ဟော်မုန်းကို ခန္ဓာကိုယ်ကနေ ထုတ်လုပ် စေပါတယ်။

၇။ ဝိုင်နီ
သုတေသီတွေက အသက် ၁၈ နှစ် မှ ၅၀ နှစ်ကြား အမျိုးသမီးတွေကို လေ့လာခဲ့ရာ တစ်နေ့ကို ဝိုင်နီနှစ်ခွက် သောက်တဲ့ အမျိုးသမီးတွေက အရက်သောက်တဲ့ အမျိုးသမီးတွေထက် အိမ်ထောင်ရေး စွမ်းရည်ကို ပိုမိုပေးစွမ်းနိုင်တယ်လို့ ဆိုပါတယ်။

၈။ နေကြာစေ့
ဖရုံစေ့၊ နေကြာစေ့၊ အုတ်ဂျုံတွေမှာ တူညီတဲ့ အာနိသင်တွေ ရှိနေပါတယ်။ သူတို့မှာ ခန္ဓာကိုယ်အတွက် ကောင်းမွန်သင့်တော်တဲ့ အဆီတွေ ပါဝင်တာ ကြောင့် ဟော်မုန်းပမာဏကို မြင့်မားစေပြီး စွမ်းဆောင်ရည်တွေ တိုးပွား စေပါတယ်။

၉။ ငါး
အဆီများတဲ့ ငါးတွေ စားသုံးတာက သင့်ကို စွမ်းဆောင်နိုင်တဲ့ အရည်အချင်း တွေ တိုးပွားစေပါတယ်။ မက်ကရယ်၊ ဟာရင်း၊ ဆာဒင်း၊ တူနာ၊ ထရောက် ရေချိုငါးတွေမှာ အိုမီဂါ-၃ အဆီတွေ ပါဝင်ပါတယ်။ အမျိုးသမီးတွေမှာ လိုအပ်တဲ့ အဆီပမာဏ ရှိနေပါမှ သားသမီးရဖို့ အခွင့်အလမ်းများမှာ ဖြစ်ပါ တယ်။

၁ဝ။ နွားနို့
စွမ်းဆောင်ရည် ရှိတဲ့ မိန်းမ တစ်ယောက်အဖြစ် အောင်မြင် ပျော်ရွှင်တဲ့ ဘဝ တစ်ခုကို ထိန်းသိမ်း ထားနိုင်အောင် နို့သောက်ပေးပါ။ နွားနို့မှာ ပါဝင်တဲ့ အဆီဓာတ်တွေက သဘာဝပြည့်ဝ ဆီအမျိုးအစားဖြစ်ပြီး အီစထရိုဂျင် ဟော်မုန်း ထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ အဆီဓာတ် ဖြစ်ပါတယ်။

အလင်း(ဆေးဝါး)
မြ၀တီ

မြန်မာတွင် လူလေးသိန်းခန့် ခေတ်သစ်ကျေးကျွန်ဘဝ ရောက်နေဟု Walk Free ဆို

Posted by drmyochit Friday, October 18, 2013, under | No comments



ရန်ကုန်၊ အောက်တိုဘာ ၁၇

မြန်မာနိုင်ငံတွင် လူပေါင်းသုံးသိန်း ခြောက်သောင်းကျော် မှာ ခေတ်သစ်ကျေးကျွန် ဘဝကို ရောက် ရှိနေကြောင်း သြစတြေးလျနိုင်ငံ အခြေစိုက် Walk Free Foundation ၏ ၂၀၁၃ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ကျေးကျွန် ညွှန်းကိန်း တွင် ဖော်ပြလိုက်သည်။

ခေတ်သစ်ကျေးကျွန် ပြုရာတွင် အတင်းအကျပ် ခိုင်းစေမှု (forced labour) နှင့် လူကုန်ကူးမှု (human trafficking)၊ လိင်ကျွန်၊ အကြွေးကြောင့် သိမ်းယူမှု၊ ကလေးများကို ရောင်းမှုနှင့် မတရား ခိုင်စေမှုတို့ ပါဝင်ပြီး မြန်မာနိုင်ငံတွင် ခေတ်သစ်ကျေးကျွန်အဖြစ် ကျွန်ပြုခံရသူ ၃ ဒသမ ၅ သိန်းမှ ၄ သိန်းအထိ ရှိနေကြောင်း အောက်တိုဘာလ ၁၇ ရက်နေ့က ထုတ်ပြန်သည့် ယင်းအစီရင်ခံစာတွင် ဖော်ပြသည်။

မြန်မာနိုင်ငံတွင် အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ ဥပဒေပြဋ္ဌာန်း ထားသော်လည်း လက်တွေ့ကျင့်သုံးမှု အားနည်းနေကြောင်း အဆိုပါ အစီရင်ခံစာတွင် ဆက်လက်ဖော်ပြသည်။

အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းနှင့် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့ကို အောက်တိုဘာလ ၁၇ ရက်နေ့ ည ၈ နာရီကျော်တွင် ဆက်သွယ်ခဲ့ရာ အဆက်အသွယ် မရရှိခဲ့ပေ။

ကမ္ဘာ့နိုင်ငံပေါင်း ၁၂၆ နိုင်ငံ၏ စာရင်းများကို ထည့်သွင်းကာ တွက်ချက်ထားသည့် ယင်းအစီရင်ခံစာ၌ ကမ္ဘာ တစ်ဝန်းလုံးတွင် ခေတ်သစ်ကျေးကျွန်အဖြစ် ခိုင်းစေခံနေရသူ ၂၉ ဒသမ ၈ သန်းကျော်ရှိပြီး ခေတ်သစ် ကျွန်ပြုမှု အဆိုးဆုံး စာရင်းတွင် မော်ရီတေးနီယား၊ ဟေတီ၊ ပါကစ္စတန်၊ အိန္ဒိယ၊ နီပေါတို့ ရပ်တည်နေပြီး မြန်မာနိုင်ငံက အဆင့် ၄၂ တွင် ရှိသည်။

The Voice Weekly

ပြင်ဦးလွင်ပေတဒါန (ကြာတော့ ကြာခဲ့ပါပြီ) .. ဗဟုသုတ အလို့ငှာ ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်.... ကြောက်လန့်တက်သူများ မဖတ်ရ....

Posted by drmyochit Friday, October 18, 2013, under | No comments

ပြင်ဦးလွင်(၈)မိုင် သုဿာန်ထဲက ပေတဒါန အလှူပွဲဓါတ်ပုံတွေပါ။
https://www.facebook.com/blackdream21 (၂၈.၅.၂၀၁၁) တွင် ရိုက်ကူးသောဓါတ်ပုံများဖြစ်ပါတယ်။
သာမန်ရိုးရိုး တမလွန်ဘုံသားများ စားသောက်ရန် ပြင်ဆင်တည်ခင်းရာ နေရာ
မန္တလေး ဗြဟ္မစိုရ် နာရေးကူညီမှုအသင်းရဲ့ နာယကဆရာတော် က တရားဟောကြားတော်မူပါတယ်။



VIP ပုဂ္ဂိုလ်များအတွက်
ဘယ်ဘက်ဖက်ရွက်ပေါ်က ထမင်းခဲ တစ်ဝက်မရှိတော့ပါ…

သေသေချာချာကြည့်ရင် ငါးပေါ်မှာ ကိုက်ရာအချို့ကို တွေ့နိုင်ပါတယ်
သံဃာတော်များနှင့် သီလရှင်များလည်း ကြွရောက်ချီးမြှင့်တော်မူကြပါတယ်။
တမင်လုပ်ကြံဖန်တီးတဲ့ ခြေရာတွေမဟုတ်ပါဘူး။
ဒါဆိုရင် ဘာဖြစ်နိုင်မယ်ဆိုတာ.........





ခြံနဲ့ကျွေးထားတဲ့ (သဲခင်းထားတဲ့နေရာမှာတော့) ခြေရာတွေပါ ကျန်ခဲ့ပါ တယ်..။ အရွယ်စုံ ဆိုဒ်အဆုံပါပဲ..။ (ပြိတ္တာတွေ ဖိနပ်မစီးဘူးဆိုတာ ခြေရာတွေအရသိရပါတယ်..။ အတည်ပါ..။ မနောက်ပါဘူး) 
သဲပုံစေတီ..။ ကိုစံမှဲ့ ၊ မဖဲဝါ..။ သချိုင်းစောင့်တို့ရဲ့ သဲတွေပေါ်မှာ ခြေရာတွေ အသီးသီးပေါ်နေပါတယ်။ (လုံးဝလုပ်ကြံဖန်တီးမှု မပါဝင်ပါ။)

တမလွန်လောကမှ ပုဂ္ဂိုလ်များ ကုသိုလ်ယူဖူးမြော်နိုင်ကြစေဖို့ရာ သဲပုံစေတီတော်တဆူကိုလည်း တည်ထားပေးပါတယ်။

ကိုစံမှဲ့ ၊ မဖဲဝါ မောင်နှမအတွက်ပါ..။ ဘယ်ဘက်က သက်သက်လွတ်… ညာဘက်က ငါးအစိမ်း..။
ဆွေတော်မျိုးတော်များကို စတင်ဖိတ်ကြားပါပြီ။

လာရောက်တဲ့ လူပရိသတ်အင်အားက သုဿာန်ဇရပ်အပြည့်ပါ။



ဘဝတပါးမှ ဆွေတော်မျိုးတော်များ သီးသန့် ရေစက်ချ သာဓု အနုမောဓနာ ပြုနိုင်ပါရန် လူများဝင်ရောက်ခြင်း မပြုရ။


မြေစောင့်နတ်၊ မြေစောင့်ဘီလူး၊ သုဿာန်စောင့်နဲ့ နာမည်ကျော် မဖဲဝါတို့မောင်နှမ အတွက်ကို ခုလို VIP Special Room များမှာ တည်ခင်းဧည့်ခံပြီး ဒါနပြုပါတယ်။
ပေတ အာဟာရဒါန ပြုလုပ်ရန် နီးကပ်လာချိန်မှာ ည (၁၁း၄၅)နာရီခန့်မှာတော့ မီးများအားလုံးကိုအခုလို ခေတ္တခဏ ငြှိမ်းသတ်ထားလိုက်ပါတယ်။မိနစ်(၂၀)ခန့် မီးငြှိမ်းသတ်ထား ချိန်အတွင်း မီးမှိတ်ပြီး အစာကျွေးနေတဲ့အချိန်မှာ ဘုရားဂုဏ်တော်တွေ၊ ဂါထာတွေ၊ ဘုရားစာတွေကို မရွတ်ဖို့လည်း သတိပေးထားပါတယ်။


လူတွေအထဲမ၀င်အောင် ဒီလို ကာပေးထားပါတယ် (မီးပိတ်ပြီးတဲ့အချိန်မှာ ဒီ့ထက် ပိုနောက်ဆုတ်ခိုင်းပါတယ်..။)

အထူးခြားဆုံးကတော့ မြေဖုတ်ဘီလူးနေရာပဲ ဖြစ်ပါတယ်..။ မျက်စိရှေ့မှာတင် သေသေချာချာ မြေမြှုပ်ပြီးကျွေးထားခဲ့တဲ့ ဖက်ရွက်တွေဟာ အကုန် မြေကြီးအပေါ် ပြန်ရောက်နေပါတယ်….။ အပုပ်နံ့ပေးတာတွေ၊ အမွှေးနံ့ပေးတာတွေ၊ ၀င်ပူးတာ စီးတာတွေတော့ အခု ပြင်ဦးလွင်ပွဲမှာ မတွေ့ခဲ့ရပါဘူး..။သန္တိသုခမှ အသင်းသား အချို့နဲ့ မေတ္တာရှင် ပေတဒါနအဖွဲ့မှ အဖွဲ့ဝင်အချို့ သုဿန်မှာ အိပ်ဖို့ ကျန်ခဲ့ပါတယ်…။ လူတွေ များလို့ လာမစားရဲလို့ မစားခဲ့ရဖူးဆိုရင် အခုလူတွေ ရှင်းသွားတဲ့အချိန်မှာ လာရောက်စားသောက်နိုင်ပါကြောင်းနဲ့..။ မ၀သေးရင် မိမိတို့ ဒီမှာ အိပ်မည်ဖြစ်သဖြင့် လာရောက်တောင်းခံနိုင်ပါကြောင်း ပြောကြားနေသည့် အသံများကိုလည်း ကြားလိုက်ရပါတယ်….။
ရေဘူးတော့ တိုက်ခဲ့တယ်..။ လက်နှစ်စစ်လောက် လျော့သွားပါတယ်..။ သူတို့ ဆက်သောက်လို့ ရအောင် အဲ့ဒီ့ဘူးကို သုဿန်မှာပဲ ထားခဲ့ပါတယ်…။


လွန်ခဲ့သော ခြောက်နှစ် ခုနစ်နှစ်ခန့်က ဖြစ်သည်။
          ဖိတ်စာနှင့် ဖိတ်စာပေးသူကို ကြည့်ပြီး“ဘယ်လိုပါလိမ့်”ဟု တွေးမိလိုက်သည်။ ဤလို ဖိတ်စာမျိုးကို တစ်ခါမှ မမြင်ဖူး၊ မရဖူးဘူးသဖြင့် အံ့သြသလိုလည်း ဖြစ်သွားမိသည်။
          ဖိတ်စာပေးသူကလည်း နိကာယ်သာသနာတော် ထွန်းကားရေးအသင်း၏ ဥက္ကဋ္ဌ၊ ဝဋံသကာ (ဘီအေ) သာသနာရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ်(ငြိမ်း) ဦးသောင်းလွင် (ရှင်သုမန)။
          သူက ပြောသည်မှာ -
          “ကျွန်တော် ခု အသက်ခုနစ်ဆယ် ရှိပြီ၊ ခုမှ လုပ်ရကောင်းမှန်း သိလို့ ဉာတိပေတ ဥဒ္ဒိဿဒါန အလှူလုပ်မလို့”
ဟုဆိုသည်။
         သူပြောသည်ကို ကျွန်တော်သဘောပေါက်၏။ ဉာတိပေတ ဥဒ္ဒိဿ အလှူဆိုသည် မှာ သံသရာ ဘဝ အဆက်ဆက်က ဆွေမျိုးတော်စပ်ခဲ့သော မကျွတ်မလွတ်ကြသူ ပေတ(ပြိတ္တာ)များကို ရည်စူး၍ သီးသန့် အလှူလုပ်မည် ဖြစ်သည်။ သို့သော် ဤလိုပွဲမျိုးကို သီးသန့် မိမိအိမ်၌ လုပ်သူဟူ၍ စာရေးသူ တစ်ခါမှ မကြုံဖူး၊ မတွေ့ဖူးပေ။
          သူက ထိုပွဲသို့ ဗန်းမော်ဆရာတော်ကြီးကိုလည်း ပင့်ထားသည်ဟု ပြော၏။ ဗန်း မော် ဆရာတော်ကြီး ဆိုသည်မှာ ကျွန်တော်တို့ နိကာယ် သာသနာထွန်းကားရေး အသင်း၏ သြဝါဒါစရိယ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် သိရောမဏိဝဋံသကာ ဒေါက်တာ အရှင်ကုမာရ ဆရာတော်ဘုရား ကြီးကို ဆိုလိုခြင်း ဖြစ်သည်။
          ဗန်းမော် ဆရာတော်ကြီးဆီသို့ စာရေးသူသည် တစ်နှစ်လျှင် အနည်းဆုံး သုံး လေးခေါက်တော့ မရောက် မဖြစ် ရောက်ရ၏။ ရောက်ရသော အကြောင်းမှာ နိကာယ် သာသနာတော်ထွန်းကားရေးအသင်းက နှစ်စဉ်ကျင်းပနေသော နိကာယ်စာမေးပွဲ အတွက် ပုစ္ဆက သွားလျှောက်ရခြင်း၊ ပုစ္ဆာသွားယူးရခြင်း၊ စာဖြေသံဃာများ၏ အဖြေ လွှာများကို စိစစ် အမှတ်ပေးရန် ပို့ပေးခြင်း၊ ဆရာတော်ကြီး စိစစ်အမှတ်ပေးထားသော စာဖြေလွှာများကို ပြန်ယူရခြင်းတို့ကြောင့် ဖြစ်သည်။
          ဉာတိပေတ ဥဒ္ဒိဿအလှူဒါနနှင့် ပတ်သက်၍ လျှောက်ထားကြည့်ရာ ဆရာတော် ကြီးက အလွန်လုပ် သင့်သော အလှူဒါနတစ်ခုဖြစ်ကြောင်း မိန့်ကြားလေသည်။
          ဆရာတော်ကြီး၏ မိန့်ကြားပြောပြချက်အရာ သံသရာ အဆက်ဆက်က တော်စပ် ခဲ့ကြသော ဆွေမျိုး ပြိတ္တာများအတွက် ဘုရားရှင်လက်ထက်တော်က ဗိမ္ဗိသာရမင်းကြီး အလှူပေးခြင်း၊ ဆွေမျိုးပြိတ္တာများအား အမျှဝေခြင်းတို့ကို ဆရာတော်က အကျယ်တဝင့် မိန့်ကြားလေသည်။
          ထို့ပြင် ဆွေမျိုးပြိတ္တာများကိုသာမဟုတ် ပြိတ္တာများအားလုံးကို ရည်ရွယ်၍ တိပိဋက မင်းကွန်းဆရာ တော်ဘုရားကြီးသည် ကြံတောသုသာန်တွင် မကျွတ်မလွတ်ဘဲ ရှိကြကုန်သော ပေတ(ပြိတ္တာ)များအတွက် ပေတဥဒ္ဒိဿဒါန (အကျွတ်အလွတ်ပွဲ)ကို ၁၉၈၃ ခုနှစ်မှ ၁၉၈၇ ခုနှစ်အထိ ပြုလုပ်သွားကြောင်းကိုလည်း ဆရာတော်ကြီးက မိန့်ကြားပြန်သည်။
          (ထိုစဉ်က ကြံတောသုသာန်ကို ရွှေတကော၊ ထိန်ပင်သို့ မပြောင်းမရွှေ့သေး ပေ။)
          မင်းကွန်း တိပိဋက ဆရာတော်ကြီး ဦးဆောင်ကျင်းပသော ပြိတ္တာတို့၏ အကျွတ် အလွတ်ပွဲ (ပေတ ဥဒ္ဒိဿဒါန)ကို ဗန်းမော်ဆရာတော်ကြီးကိုယ်တိုင် ပါဝင်ဖူးသည်။ ထို့ အပြင် ယခု ပျံလွန်တော်မူသွားကြပြီဖြစ်သော တိပိဋက ဆရာတော်များနှင့် ဆရာ တော်ကြီး အတော်များများ ကြွရောက် ချီးမြှင့်ကြကြောင်းလည်း မိန့်ကြားသည်။
          အကျွတ်အလွတ်ပွဲပြုလုပ်သော ကာလမှာ သီတင်းကျွတ် လပြည့်ကျော်တစ်ရက်၊ နံနက် ခုနစ်နာရီတွင် နှစ်စဉ် အချိန်မပြောင်းဘဲ တိတိကျကျ ပြုလုပ်သည်။ ထိုအကျွတ် အလွတ်ပွဲကို ဦးဆောင်ကြသော လူပုဂ္ဂိုလ်များမှာ သံမဏိ ဦးမောင်မောင်နှင့် နိုင်ငံ့ဂုဏ် ရည် ဦးသူတို့က ဦးဆောင်ကြသည်။ ကြံတောသုသာန်၌ပင် ပေတဥဒ္ဒိဿဒါန(တစ္ဆေစာ)ကို အိုးကြီးအိုးငယ်တွေနှင့် ချက်ပြုတ်ကြသည်။
          ဦးမောင်မောင်မှာ အင်္ဂလိပ်တို့ အုပ်ချုပ်ရေး ခေတ်ကာလ တစ်လျှောက် ကျောင်း သားအရွယ်ကပင် အင်္ဂလိပ်အစိုးရကို တော်လှန်လာသူ၊ သံမဏိဘွဲ့ရလာသူ ဖြစ်သည်။ ထို့နောက်တွင် မင်းကွန်းဆရာတော်ကြီးနှင့်တွေ့ကာ ဆရာတော်၏ အဆုံးအမ၌ တည် လာသူ ဖြစ်သည်။
          မင်းကွန်း တိပိဋက ဆရာတော်က ကြံတောသုသာန်၌ အကျွတ်အလွတ်ပွဲ ပြုလုပ် ခြင်းမှာ ရန်ကုန်မြို့၏ အဓိက သုသာန်ကြီးဖြစ်သဖြင့် မကျွတ်မလွတ်သူများလည်း အများ အပြားပင် ရှိနေကြ၍ ဖြစ်ပေမည်။
          စာရေးသူမှာ ကမာရွတ်မြို့နယ် လှည်းတန်း၌နေသူဖြစ်ရာ နာနတ်တော၊ ခြောက် ပင်ခံ၊ ကွမ်းခြံမှသည် စာရေးသူတို့ နေသော စပယ်ခြံရှိ ကြံတောသုသာန်နှင့် နီးသော အရပ်များက လူကြီးသူမများသည် ယခုအထိ ကြံတောသုသာန်က တစ္ဆေ၊ သရဲ၊ မှင်စာ၊ ကျတ်၊ ပေတများအကြောင်းကို အခွင့်အခါသင်လျှင် ပြောကြားတတ် ကြမြဲ ဖြစ်သည်။
          ကြံတောသုသာန်ကို သက်ဆိုင်ရာက ရေဝေး၊ရွှေတကောနှင့် ထိန်ပင်ကို ပြောင်းရာ၌လည်း သရဲ တစ္ဆေကို ကားအစီးပေါင်း မည်ရွေ့မည်မျှ တိုက်ယူရသည်။ သရဲ တစ္ဆေတွေ များလွန်း၍ ကားမထွက်နိုင် ဖြစ်ကာ ပြန်ဆင်းခိုင်းရကြောင်း၊ နောက်ကားနှင့် ပို့မည်ဖြစ် ကြောင်း ပြောရသလို အလည်လွန်နေ၍ သူများတွေ ပြောင်းသွားကြသည်ကို မသိလိုက် သဖြင့် ကြံတော၌ပင် တစ္ဆေတစ်ကောင် ကျန်နေခဲရာ ညညကျလျှင် ထိုတစ္ဆေ မည်သို့ ငိုနေပုံ၊ မည်သို့ ခြောက်လှန့်ပုံတို့ကိုလည်း ရယ်စရာအဖြစ် ပြောကြားနေကြသည်ကို ကြားခဲ့ရသည်။
          ဤသို့ သုသာန်ပြောင်းသည့်ကိစ္စနှင့် ပတ်သက်၍ သီတဂူဆရာတော်ကလည်း “သီတဂူ၏ ဘဝပုံရိပ် တစ်စိတ်တစ်ဒေသ”စာအုပ်တွင် ယခု သီတဂူ အာယုဒါန ဆေးရုံ ဆောက်လုပ်ရန် ကိစ္စနှင့် ပတ်သက်၍ အောက်ပါအတိုင်း ရေးသားထားသည်။
          “ဆွမ်းဦးပုညရှင် အနောက်ဘက် ဆူးချုံတောတွေနဲ့ မြေရိုင်းကြီးကို ရှင်းလင်းတဲ့ အခါ နာနတ်တော သုသာန်ကလေးကို ထုလိုက်၊ ဖြိုလိုက်၊ ဖျက်လိုက် လုပ်ရပါတယ်။ ရုပ် အလောင်း မြှုပ်နှံထားတဲ့ အုပ်ဂူပေါင်း (၃၇)ဂူက အရိုးတွေကို တူးပြီး မီးရှို့ပစ်လိုက်ရပါ တယ်။
            အချို့အုတ်ဂူတွေထဲမှာ ပုပ်သိုးနေတဲ့ ရုပ်အလောင်းကောင်များကို တွေ့ရတယ်။ ရှင်းလင်းနေဆဲ မြေလွတ်ကြီးမှာ တဲထိုးလို့ နေကြရတယ်။ အလုပ်သမားတွေ၊ အင်ဂျင် နီယာတွေနဲ့ ဘုန်းကြီးတို့ တစ်တွေဟာ ညကျရင် အလှည့်နဲ့ အိပ်ပြီးတော့ သတိထား နေကြရတယ်။ တချို့အလုပ်သမားတွေကို ခေါင်းလာမ,တယ်။ တချို့ အလုပ်သမား တွေကို ခြေထောက်ကနေ အိပ်ရာပေါ်က ဆွဲချတယ်။ တစ်ခါ တစ်ခါ တဲအမိုးပေါ်ခဲတွေ ကျလာတယ်။
            သြဝါဒါစရိယ ပထမဂန္ဓာရုံဆရာတော်က သံဃာဆွမ်းကပ်၊ ပရိက္ခရာရှစ်ပါးလှူ၊ အမျှဝေ၊ ပရိတ် ရွတ်၊ အမိန့်တော်ပြန် လုပ်ရမယ်လို့ သြဝါဒပေးတဲ့အတွက် ထိုသြဝါဒ အတိုင်း အားလုံးလိုက်လုပ်ကြတယ်။ အမျှဝေ အမိန့်တော်ပြန်ပြီးတဲ့ ညနေခင်းမှာ တီအီး အလဲဗင်း အမိုးဖွင့်ကားကြီးကို အဆင်သင့်ပြင် ထားပြီး“လာကြဟေ့၊ တက်ကြဟေ့၊ မင်းတို့ကို အိမ်ပြောင်းပေးမယ်”လို့ ဖိတ်ခေါ်ပြီး အသစ်လုပ်ထားပြီး ဖြစ်တဲ့ သုသာန်ဇရပ်နဲ့ သုသာန်အသစ်ဆီသို့ မောင်းသွားပြီး အားလုံးကို ပို့လိုက်တယ်။
            တက်ပြီးလိုက်ပါလာကြတာ တစ်ယောက်ကိုမျှ မမြင်ရပေမယ့် မော်တော်ကား ကြီးရဲ့ တာယာကတော့ ပြားနေတာပဲ။ အဲဒီညရဲ့ နောက်ပိုင်းမှာတော့ ဆေးရုံမြေ ကွက်ကြီးထဲ အားလုံး အေးချမ်းစွာ အိပ်ကြရတယ်။”
ဟု ရေးသားဖော်ပြထားလေ၏။   

ဤသို့ သီတဂူဆရာတော်ကြီး၏ ကိုယ်တွေ့ဖြစ်ရပ်ကို ဖတ်ရှုရခြင်းအားဖြင့် ပေတ(ပြိတ္တာ)တို့သည် သုသာန်၌ အနေများကြသည်မှာ ထင်ရှားလေ၏။ ထို့ကြောင့် ဘဝနတ် ထံ ပျံလွန်တော်မူပြီဖြစ်သော တိပိဋက ဆရာတော်ကလည်း ပေတဥဒ္ဒိဿဒါန (အကျွတ်အလွတ်ပွဲ)ကို ရန်ကုန်မြို့ရှိ ကြံတောသုသာန်၌ ၁၉၈၃ ခုနှစ်မှ ၁၉၈၇ ခုနှစ်ထိ နှစ်စဉ် နှစ်တိုင်း လုပ်ခဲ့ခြင်း ဖြစ်သည်။

ပေတ(ပြိတ္တာ)ဆိုသည်မှာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဟူသော အပါယ်လေးဘုံ၌ ပါဝင်သည်။ လူတို့ ပြောနေကြသော သရဲ၊ တစ္ဆေ၊ မှင်စာ၊ သဘက်၊ ဖုတ်၊ ကျတ်၊ ဥစ္စာစောင့်၊ ရုက္ခစိုး၊ စုန်း၊ ဘီလူး စသည်တို့မှာ အားလုံး ပေတခေါ် ပြိတ္တာ များ ဖြစ်ကြသည်။

ပြိတ္တာတို့၏ဘုံသည် ငရဲကြီးရှစ်ထပ်တို့အထက် လူ့ပတ်ဝန်းကျင်၌ ရှိ၏။ ယင်းတို့နေရာဘုံမှာ တော၊ တောင်၊ မြစ်၊ ချောင်း၊ သုသာန်၊ သစ်ပင်၊ လိုဏ်ခေါင်း၊ ကျောင်းပျက် အိမ်အို၊ ဥယျာဉ် စသည်တို့၌ နေထိုင်ကြသည်။
လူတို့သည် သေလွန်ပြီးနောက် ပြိတ္တာ ဖြစ်ကြရခြင်းအကြောင်းမှာ လူ့ဘဝ လူ့ လောက၌ အကြင်သူတို့ သည် -
  • ·         ဥစ္စာစွဲ၊ သားမယားစွဲတို့ဖြင့် သေလွန်သူများ။
  • ·         ငြူစူခြင်း၊ ဝန်တို မစ္ဆရိယနှင့် သေလွန်သူမျာ။၊
  • ·         မိမိကိုယ်တိုင် ပေးကမ်းလှူဒါန်းခြင်း မရှိသူများ။
  • ·         သူတစ်ပါးတို့ ပေးကမ်းလှူဒါန်းသည်ကို တားမြစ်အန္တရာယ်ပြုသူများ။
ထိုသူတို့သည် ပြိတ္တာဘုံ၌ ဖြစ်ကြရလေသည်။

ပြိတ္တာဘုံသို့ ကျရောက်သွားသူတို့မှ အမြဲမပြတ် အစာရေစာငတ်ပြတ်၍ နေနေကြ ရသည်။ သူတို့၏ အကုသိုလ် ဂရုံကံ၊ လဟုကံကို လိုက်၍ အနှစ်တစ်ရာ၊ အနှစ်တစ် ထောင်၊ အနှစ်တစ်သောင်း၊ အနှစ်တစ်သိန်းတို့ ကာလပတ်လုံးလည်းကောင်း၊ ဘုရားတစ် ဆူနှင့် တစ်ဆူကြား၊ ဘုရားတစ်ဆူ၊ နှစ်ဆူ၊ သုံးဆူကြား၊ လေးဆူကြား စသည်ဖြင့် အကုသိုလ်ကံ၏ အလေးအပေါ့ပေါ်တွင် ဝဋ်ခံကြရသည်။
ပြိတ္တာဘုံတို့သည် အမျိုးအစားအားဖြင့် များစွာ ရှိကုန်ကြသည်။

၁။ စန္တတ ပြိတ္တာ = သူတစ်ပါးစွန့်ထားသော တံတွေး၊ နှပ်၊ အန်ဖတ်တို့ကို စားရ သော ပြိတ္တာမျိုး။
၂။ ကုဏပါသ ပြိတ္တာ = မြွေ၊ ခွေး၊ လူသေ စသော အကောင်ပုပ်များကို စားရသော ပြိတ္တာမျိုး။
၃။ ဂုတခါဒက ပြိတ္တာ = လူ့မစင် စားရသော ပြိတ္တာမျိုး။
၎။ အဂ္ဂိဇာလမုခ ပြိတ္တာ = အစားမစားရဘဲ ပါးစပ်မှ မီးလျှံထွက်နေသော ပြိတ္တာ မျိုး။
၅။ သုစိမုခ ပြိတ္တာ = ခန္ဓာကိုယ်ကြီးပြီး ပါးစပ်က အပ်နဖားပေါက်မျှရှိကာ အစား အစာများကို ပါးစပ်က မသွင်းနိုင်၊ နားပေါက်၊ နှာခေါင်းပေါက်က သွင်း၍ စားရသော ပြိတ္တာ မျိုး။
၆။ တဏှာဋိက ပြိတ္တ = ရေမသောက်ရသော ပြိတ္တာမျိုး။ ရေတွေ့သော်လည်း ရေများမရှိတော့ဘဲ ရေများက သွေး၊ ပြည်၊ ကျင်ကြီးတွေ ဖြစ်သွားရသည့် ပြိတ္တာမျိုး။
၇။  သုနိဇ္ဈာမက ပြိတ္တာ = မီးလောင်ထားသော သစ်ငုတ်နှင့်တူပြီး ကြုံလှီပိန်ကပ် ကာ အရိုးပြိုင်းပြိုင်းနှင့် အဝတ်မရှိ ကိုယ်တုံးလုံးနေရသည်။ အနံ့အသက် အလွန်ဆိုး သည့်အပြင် ခြေခွင် လက်ခွင်နှင့် မျက်လုံးအစုံက အပြင်သို့ ပြူးထွက်နေသည်။ ထမင်းဆာခြင်း၊ ရေငတ်ခြင်းဒဏ်ကို အပြင်း အထန် ခံစားနေရသော ပြိတ္တာမျိုး။
၈။ သတ္တင်္ဂ ပြိတ္တာ = လက်သည်း ခြေသည်းတို့က ဓားလှံလို ချွန်ထက်နေပြီး မိမိ ၏ အသားကို ဖဲ့စားနေရသော ပြိတ္တာမျိုး။
၉။  ပဗ္ဗတင်္ဂ ပြိတ္တာ = ကိုယ်ခန္ဓာမှာ တောင်လောက်ရှိပြီး ဇီးကွက်မျက်နှာနှင့် ကိုယ်ခန္ဓာမှ အခိုးအလျှံတွေ အမြဲထွက်ကာ တစ်ကိုယ်လုံး မီးလောင်ကျွမ်းခံ နေရသော ပြိတ္တာမျိုး။
၁၀။  အဇဂရ ပြိတ္တာ = စပါးကြီးမြွေနှင့်တူသော ခန္ဓာရှိပြီး ညအခါ တပြောင် ပြောင် တောက်လောင်နေသော ကိုယ်ခန္ဓာနှင့် သွားလာလှည့်ပတ်နေပြီး နေ့အခါ ဆင်းရဲအမျိုးမျိုး ခံစားနေရသော ပြိတ္တာမျိုး။
၁၁။ ခုပ္ပိပါသိက ပြိတ္တာ = ထမင်းငတ် ရေငတ် အမြဲခံနေရသော ပြိတ္တာမျိုး။
၁၂။ နိဇ္ဈာမတဏှိက ပြိတ္တာ = ပါးစပ်မှ မီးလျှံတပြောင်ပြောင် ထွက်နေပြီး ရေဆာ ထမင်းဆာ ဒုက္ခကို အမြဲခံနေရသော ပြိတ္တာမျိုး။
၁၃။ ပရဒတ္တူပ ပြိတ္တာ = မိမိအစွမ်းအစနဲ့ ဘာမှ မစားရဘဲ လူ့ပြည်က ဆွေမျိုး တွေ ကုသိုလ်ပေး အမျှအတန်းဝေမှ စားရသောက်ရ အသက်ရှည်ရသော ပြိတ္တာမျိုး။
၁၄။ ကာလကဉ္စိက ပြိတ္တာ = ကိုယ်ခန္ဓာ သုံးဂါဝုတ်ရှိပြီး အသားအသွေးနည်း ကာ သစ်ရွက်ခြောက်လို အရိုးကျဲခြင်း၊ အပ်နဖားပေါက်လောက်သာ ပါးစပ်ပေါက်ရှိခြင်း၊ စားသောက်ရသောအခါ စောက်ထိုးမိုးမျှော်ပြုပြီးမှ စားသောက်ရသော ပြိတ္တာမျိုး။
၁၅။ ဝေမာနိက ပြိတ္တာ= နေ့ခံ ညစံ ပြိတ္တာမျိုး။ နေ့အခါ ငရဲထိန်း အလုပ်လုပ်ရပြီး ငရဲခွေးတို့ ကိုက်ခြင်းကို ခံရခြင်း၊ ဓားလှံလှီးဖြတ်တာ ခံရခြင်း၊ ညအခါကျမှ နတ်ကဲ့သို့ စည်းစိမ်ခံစားရသော ပြိတ္တာမျိုး။
၁၆။ မဟိန္ဓိက ပြိတ္တာ = ဝေမာနိက ပြိတ္တာမျိုးတွင် ပါဝင်၍ ငရဲပြည်မှာ ယမမင်း သွားလုပ်ရသည်။ အဆင်းလှသည်။ စည်းစိမ်ကြီးသည်၊ သို့သော် စားသောက်ချင်တိုင်း မစားရ။ တစ်ခါတစ်ရံမှ စားသောက်ရသည်။ တောင့်တမှု အာသာ ဆန္ဒပြင်းပြသော ပြိတ္တာမျိုး။

စသည်ဖြင့် မိမိပြုခဲ့သော အကုသိုလ်ကံအလိုက် ခံစားနေသော ပြိတ္တာတို့သည် များပြားစွာ ရှိကြကုန် သည်။
အပ်သွားလို အမွေးရှိသော ပြိတ္တာ၊ 
မိကျောင်းရေလို ကိုယ်ရေရှိသော ပြိတ္တာ၊ 
လက်သည်းခြေသည်း ရှည်သော ပြိတ္တာ၊ 
ခြေတစ်ချောင်းသာရှိသော ပြိတ္တာ၊ 
မျက်စိတစ်လုံးသာ ရှိသော ပြိတ္တာ၊ 
မျက်စိများစွာရှိသော ပြိတ္တာ၊ 
ပါးစပ်၊ မျက်စိ၊ နှာခေါင်းတို့သည် ရင်ဘတ်၌သာ တည်ရှိသော ပြိတ္တာ -
စသည်ဖြင့်လည်း ရှိသေးသည်။ 

ထိုသို့ ပြိတ္တာအမျိုးမျိုး ရှိကြရာတွင် မိမိတို့ အစာအာဟာရအလို့ငှာ လူတစ်ဦး တစ်ယောက်ကို ပူးဝင်ကာ တောင်းဆို စားသောက်ရသော ပြိတ္တာမျိုးတို့လည်း ရှိသေးသည်။
အနံ့ခံရုံနှင့် အာဟာရ ပြည့်ဝသွားသော ပြိတ္တာမျိုး၊ ချက်ကြော်ပြီးသော အာဟာရ ကိုမှ ကြိုက်တတ်သော ပြိတ္တာမျိုး၊ အစိမ်းလိုက် စားရမှ တင်းတိမ်သော ပြိတ္တာမျိုး၊ အရှင်လတ်လတ်ကိုမှ ကျွတ်ကျွတ်မြည်အောင် ဝါးစား တတ်သော ပြိတ္တာမျိုး။

ပေတ(ပြိတ္တာ)တို့ ဖြစ်ကြကုန်သော တစ္ဆေ၊ သူရဲ၊ မှင်စာ၊ သဘက်၊ ဘီလူး၊ ရုက္ခစိုး၊ ကျတ် စသည့် ပြိတ္တာတို့က လူတို့အား ခြောက်လှန့်တတ်သော အခြင်းအရာတို့မှာလည်း အမျိုးမျိုး ရှိလေသည်။ 
အခြောက်ခံရသူ ကံနိမ့်နေ၍ အခြောက်ခံရခြင်း၊ 
နောက်ပြောင် ကျီစယ်လို၍ ခြောက်ခြင်း၊ 
ချစ်ခင်၍ ခြောက်ခြင်း၊ အမျှအတန်းပေးဝေမှုကို ရလို၍ ခြောက်ခြင်း၊ 
စားသောက်လို၍ ခြောက်ခြင်း၊ ဥစ္စာပေးလို၍ ခြောက်ခြင်း၊ 
မှာထားလို၍ ခြောက်ခြင်း၊ နှုတ်ဆက်လို၍ ခြောက်ခြင်း၊ 
သားမယားတို့ကို စွဲလမ်းခင်မင်၍ ခြောက်ခြင်း၊ 
ဘုရားသံ တရားသံကို ကြားနေရ၍ ရွတ်ဖတ်သရဇ္ဈာယ်သည်ကို မလိုလား မနှစ်ခြိုက်ခြင်း -
စသည်တို့ကြောင့် ခြောက်လှန့်ခြင်းတို့လည်း ရှိသည်။
အမှန်မှာမူ ပြိတ္တာတို့က ခြောက်သည်မဟုတ်၊ သူတို့ဆန္ဒကို လူတို့အား ပြောပြလို ၍၊ အကူအညီ တောင်းလို၍ ကိုယ်ထင်ပြရာ သူတို့၏ အကုသိုလ်ကံကြောင့် သူတို့၏ အတ္တဘော ကိုယ်ခန္ဓာသည် ကြောက်လန့်ဖွယ် ရွံရှာဖွယ် ရှိနေသည်။ ထိုသို့သော သူတို့၏ အတ္တဘောကို လူတို့က ရုတ်တရက် မြင်ကြရသောအခါ လန့်ဖျပ်ကြောက်ရွံ့ ကုန်ကြသည်။ ဤသည်ကိုပင် တစ္ဆေခြောက်သည်ဟု လူတို့ ပြောကြသည်။ 
အခြောက်ခံရသူ အချို့က ပြောပြကြသည်မှာ ခေါင်းက ပုတ်လောက်၊ မျက်လုံး ကြီး နှစ်လုံးက လင်းကွင်းလောက် တစ်ကိုယ်လုံးတွင် အမွေးစုတ်ဖွား အရှည်ကြီးနှင့် စသည်ဖြင့် သူတို့ မြင်ရာကို သူတို့ ပြောကြသည်။ သူတို့မြင်သလိုပင် ထိုထိုသို့သော ရုပ်ဆင်းသဏ္ဌာန်ရှိကြသည့် ပေတများကား အများအပြားပင်။ 
အမှန်က လူတို့ တွေ့မြင်ရသော ထိုအတ္တဘော ကိုယ်ခန္ဓာသည် သူတို့၏ အကုသိုလ်ကံကြောင့် အမှန်တကယ်ဖြစ်နေ၊ ခံစားနေရသော ကိုယ်ခန္ဓာပင် ဖြစ်သည်။ လူတို့ကြောက်အောင် တမင်လုပ်ကြံ၍ ပြခြင်း မဟုတ်ပေ။ ပြိတ္တာတို့မှာ အမှန်တကယ် အလွန်သနားစရာကောင်းသော သတ္တဝါများ ဖြစ်ကြပေသည်။
ဗုဒ္ဓရှင်တော်မြတ်ဘုရား ဟောကြားတော်မူအပ်သော ပေတဝတ္ထုကား များစွာ ရှိပေသည်။ ဗုဒ္ဓဘုရားရှင် လက်ထက်တော်အခါက ရဟန်းတော်များသည်လည်း ပေတများစွာကို ကိုယ်တိုင်မြင်တွေ့ကြရကြောင်း ပေတ ဝတ္ထုတော်မျာ၌ုပါရှိလေသည်။
ဥပမာအားဖြင့် ဂဏပေတ ဝတ္ထု၌ ဘုရားရှင် ဇေတဝန်ကျောင်းတော်၌ သီတင်း သုံးနေတော်မူစဉ် အရှင်မောဂ္ဂလာန် မထေရ်မြတ်သည် သာဝတ္ထိပြည်သို့ ဆွမ်းခံကြွ တော်မူလေရာ အဝတ်မပါ ဗလာကိုယ်ချည်းနှင့် ရုပ်ရည်မလှ ပိန်ချုံးကျကာ အကြော ပြိုင်းပြိုင်းထနေသော ပြိတ္တာများကို တွေ့၍ သူတို့၏ အကုသိုလ်ကံများကို မေးမြန်ကာ ဘုရားရှင်အား လျှောက်ထားသဖြင့် ဘုရားရှင်က တရားနာ ပရိသတ်တို့အား ဟောကြား တော်မူလေ သည်။
တစ်ခါကလည်း ကာလကဉ္စိက ပြိတ္တာကြီးသည် ရေငတ်လွန်း၍ အနက် တစ်ယူဇနာရှိသော မဟာဂင်္ဂါ မြစ်ကြီးထဲသို့ ရေသောက်ဆင်းသွားသည်။ ပြိတ္တာကြီး ရောက်သော် ဂင်္ဂါမြစ်ရေသည် ခန်းခြောက်ကုန်၏။ အခိုးအလျှံတွေထွက်ပြီး မြစ်ကြီး၏ အောက် ကျောက်ပြားကြီးသာ တွေ့ရသည်။ ပြိတ္တာကြီးကား ရေစီးသံကို ကြားနေရ၏။ သို့အတွက် ရေကို ဆက်လက်ရှာဖွေသည်။
ဤသို့နှင့် နံနက်အရုဏ်ကျင်းလာသည်။ ရေကိုကား ရှာမတွေ့သေး။ ထိုအချိန် မှာပင် နံနက်၌ သံဃာ အပါးသုံးဆယ်တို့သည် အရုဏ်ဆွမ်းအလို့ငှာ ထွက်ကြွလာသည်။ ထိုအခါ ရေလိုက်ရှာနေသော ပြိတ္တာကြီးနှင့် ဆုံမိကြ၏။
ရဟန်းများက ပြိတ္တာကြီးကို မေး၏။
“ပြိတ္တာကြီး၊ မဟာဂင်္ဂါမြစ်ကြီးထဲမှာ ဘယ်အရာကို လိုက်ရှာနေသနည်း”
“အရှင်ဘုရားတို့၊ တပည့်တော် ရေငတ်လွန်း၍ ရေလိုက်ရှာနေပါသည်ဘုရား။”
ထိုအခါ ရဟန်းတို့က -
“ပြိတ္တာကြီး၊ သင့်ရှေ့မှာ မဟာဂင်္ဂါမြစ်ကြီးပဲ၊ ရေတွေ တသွင်သွင် စီးနေသည် မဟုတ်လော။”
“တပည့်တော် နားထဲမှာ ရေစီးသံကိုမူ ကြားနေရပါသည်ဘုရား။ သို့သော် ရေကို ကား မမြင် မတွေ့ရပါလားဘုရား။”
ထိုအခါ ရဟန်းတော်များသည် ပြိတ္တာကြီး၏ အကုသိုလ်ကံကို သဘော ပေါက် သွားကြ၏။ ပြိတ္တာကြီးကိုလည်း အလွန်သနားသွားကြသည်။ ထို့ကြောင့် ရဟန်းတို့က-
“ပြိတ္တာကြီး၊ ဒီလောက်တောင် သင် ရေသောက်ချင်နေရင် မဟာဂင်္ဂါမြစ်ပြင်မှာ လှဲအိပ်လိုက်ပါ။ ငါတို့ သင့်အား ရေတိုက်ပေးကြပါမည်။”
ပြိတ္တာကြီးသည် ရဟန်းများ မိန့်ကြားသည့်အတိုင်း လှဲအိပ်လိုက်သည်။
ရဟန်းအပါး သုံးဆယ်တို့သည် သပိတ်အလုံးသုံးဆယ်တို့နှင့် ဂင်္ဂါမြစ်ထဲက ရေကို ခပ်ပြီး ပြိတ္တာကြီး၏ ပါးစပ်ထဲသို့ လောင်းထည့်ကြသည်။
တစ်မနက်လုံး သပိတ်အလုံးသုံးဆယ်နှင့် ရဟန်းအပါး သုံးဆယ်တို့ လောင်း ထည့်ကြသော ရေသည် ပြိတ္တာကြီး၏ ပါးစပ်ထဲသို့ တစ်လက်ဆွန်းမျှသာ ဝင်သည်။ ပြိတ္တာ ကြီးကား ရေငတ်နေသော အာသာ မပြေချေ။
ဤကဲ့သို့ ရေငတ်နေသော ပြိတ္တာ၊ အစာငတ်နေသော ပြိတ္တာတို့သည် ဒုနှင့်ဒေး ရှိကြပေသည်။ ဤသို့သော ပြိတ္တာမျိုးတို့ကို ပေတဥဒ္ဒိဿဒါန ပြုရခြင်းသည် ပြိတ္တာ တို့အတွက် အလွန်အကျိုးများပေသည်။
ထို့ကြောင့်လည်း တိပိဋက မင်းကွန်းဆရာတော်ကြီးနှင့်တကွ ဆရာတော်ကြီးများ၊ ပုဂ္ဂိုလ်များသည်လည်း ပေတဥဒ္ဒိဿဒါန (အကျွတ်အလွတ်ပွဲ)လုပ်ကြသည်မှာ သနားစရာ ကောင်းသော ပြိတ္တာများအတွက် အကျိုးတရား ကြီးမားလှပေသည်။ 
ထို့ကြောင့်လည်း စာရေးသူသည် တစ်ကြိမ်တစ်ခါမျှ မတွေ့ဖူး မကြုံဖူးဘူးသေး သော ဦးသောင်းလွင်၏ ဉာတိပေတ ဥဒ္ဒိဿဒါနအလှူပွဲသို့ ရောက်ဖြစ်အောင် အရောက် သွားခဲ့ခြင်း ဖြစ်၏။
ဦးသောင်းလွင်၏ ဆွေမျိုးပြိတ္တာများအား ဖိတ်ကြားသော ဖိတ်စာ နမူနာ တစ်ရွက် ကိုလည်းတောင်း ယူခဲ့သည်။ ထိုဖိတ်စာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ 

ဉာတိပေတ ဥဒ္ဒိဿဒါန
ဆွေမျိုးပြိတ္တာများအတွက် ရည်စူးအလှူမင်္ဂလာပွဲသို့ ဆွေမျိုးပြိတ္တာများအား 
ဖိတ်ကြားလွှာ
ရန်ကုန်မြို့ တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက် (…)လမ်း၊ အမှတ် (…)နေ့ ဦး/ဒေါ် (…)က ယခုဘဝ/ရှေးအတိတ်သံသရာ တစ်ခုသော ဘဝ/ဘဝအဆက်ဆက်တို့က ဆွေမျိုးတော်စပ်ခဲ့ကြဖူးပြီး ယနေ့ တိုင် ပေတဘဝ၌ မကျွတ်မလွတ် ရှိနေကြသည့် မိဘ ဘိုးဘွား ညီအစ်ကို မောင်နှမ စသော ဆွေမျိုးပြိတ္တာတို့အား ရည်စူး၍ ၂၀၀၂ ခုနှစ် အောက်တိုဘာလ(၁၃)ရက်၊ ၁၃၆၄ ခု၊ သီတင်းကျွတ် လဆန်း (၇)ရက်၊ တနင်္ဂနွေနေ့ (ယနေ့မှနောက် (၇)ရက်မြောက်သောနေ့ နံနက်(၁၀)နာရီတွင် ရန်ကုန်မြို့ တာမွေမြို့နယ် ကျားကွက်သစ် ရပ်ကွက်၊ ကျိုက္ကဆံလမ်း၊ အမှတ် (၂၂၈)နေအိမ်တွင် ဘုရား အမှူးရှိသော သံဃာတော် (၆)ပါးတို့အား နေ့လယ် ဆွမ်း ဆက်ကပ်၍ သင်္ကန်း(၆)စုံ၊ ထီး(၆)လက်၊ ဖိနပ်(၆)ရံနှင့် အခြားလှူဒါန်းဖွယ်တို့ကို စေတနာသုံးတန် ထက်သန်စွာဖြင့် လှူဒါန်းကြပါ မည်။ ထိုဉာတိပေတ ဥဒ္ဒိဿဒါန ဆွေမျိုးပြိတ္တာ ရည်စူးအလှူမင်္ဂလာပွဲသို့ သင်ဆွေမျိုး ပြိတ္တာ လူကြီးမင်း ကိုယ်တိုင် ကြွရောက်ပြီး သာဓုအနုမောဒနာ ခေါ်ဆို၍ သင်တို့အတွက် ရည်စူး၍ပြုသော ကုသိုလ်ဝေစု ကို ရယူပါရန် လေးမြတ်စွာ ဖိတ်ကြားအပ်ပါသည်။
မေတ္တာရပ်ခံချက်
ကျွန်ုပ်တို့၏ မိဘ ဘိုးဘွား ညီအစ်ကို မောင်နှမ စသော ဆွေမျိုးပြိတ္တာတို့သည် တစ်စုံတစ်ခု သော အကြောင်းကြောင့် ကျွန်ုပ်တို့၏ ဖိတ်ကြားခြင်းကို မသိရှိနိုင်ခဲ့ပါလျှင် ကမ္မဇိဒ္ဓိ တန်ခိုးရှိကြသည့် ရွာစောင့်နတ်၊ မြို့စောင့်နတ်၊ နယ်စောင့်နတ်၊ ကွင်းပိုင် နယ်ပိုင် ဘိုးဘိုးကြီး စသော သာသနာစောင့်နတ် သူတော်ကောင်းတို့က မိမိတို့ ပိုင်နက် နယ်ပယ် အတွင်းရှိ ကျွန်ုပ်တို့၏ ဆွေမျိုး ပြိတ္တာများအား တစ်ဆင့် ဖိတ်ကြားပေးပါရန် လေးစားစွာ မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။
အထက်ပါ စာသားအတိုင်း ခုနှစ် ရက်ကပင် ဆွေမျိုး ပြိတ္တာများအား ကြိုတင် ဖိတ်ကြားထားပါကြောင်း သိရပေသည်။ 
                                                               ကိုကြီးကောင်း
မှတ်ချက်။            ။သူရဇ္ဇမဂ္ဂဇင်း (အတွဲ(ဂ) အမှတ်(၁)၊ ၂၀၀ဂ ခုနှစ်၊ ဇန်နဝါရီလ၊ စာမျက်နှာ ၁၂၈ မှ ၁၃၁ ထိ)မှ ကူးယူ ဖော်ပြပါသည်။
(အက်ဒမင် - ရွာတော်ရှင်)

သရဲအကြောင်းပြောကြမယ် (ပေတလောကကိုစိတ်ဝင်စားသူများ)

နိုင်ငံ့ဂုဏ်ဆောင် အလှမယ်တွေ အခေါင်းသယ်ရခြင်း အကြောင်းရင်း

Posted by drmyochit Friday, October 18, 2013, under | 1 comment

အောက်တိုဘာ ၇ ရက်နေ့က နာရေးကူညီမှုအသင်းတွင် ဝင်ရောက် ကူညီပေးနေသည့် နန်းခင်ဇေယျာနှင့် ခင်ဝင့်ဝါတို့ကို တွေ့ရစဉ် (ဓာတ်ပုံ – Miss Supranational Myanmar facebook မှ)


နိုင်ငံ့ဂုဏ်ဆောင် အလှမယ်တွေ အနေနဲ့ နာရေးကူညီမှုအသင်းမှာ ဝင်ရောက်ပြီး ပရဟိတ လုပ်ငန်းတွေ လုပ်ကိုင်နေကြတဲ့ နန်းခင်ဇေယျာနဲ့ ခင်ဝင့်ဝါတို့ကို သာဓုခေါ်သူတွေ ရှိသလို တချို့ကလည်း ပေါ်ပြူလာဖြစ်ချင်လို့လား ဆိုတဲ့ မေးခွန်း ထုတ်နေ သံတွေ ကြားနေရပါတယ်။

အဲဒါနဲ့ ပတ်သက်လို့ နန်းခင်ဇေယျာကတော့ သူတို့ကို ပေါ်ပြူလာ ဖြစ်ချင်လို့ လုပ်တာလားလို့ မေးတဲ့သူတွေကို သူတို့ ဘယ်လို လုပ်နေသလဲဆိုတာ မြင်စေချင်တယ်လို့ ပြောပါတယ်။ နန်းခင်ဇေယျာက အလှမယ်အဖြစ် တနိုင်ငံလုံးက အသိအမှတ်ပြုပြီး နောက်ပိုင်း နာရေးကူညီမှု အသင်းမှာ တလကို နှစ်ကြိမ် လုပ်အားပေးဖို့ စာရင်းပေးထားတယ်လို့ သိရပါတယ်။

ခင်ဝင့်ဝါကလည်း ဒီအလုပ်ကို သူ ၈ တန်းနှစ် ကတည်းက လုပ်ချင်ခဲ့ပေမယ့် အသက်ငယ်လို့ လုပ်ခွင့်မရခဲ့ဘူး၊ အခု ငွေသွား လှူဒါန်းရင်းနဲ့ အလောင်း တသောင်းပြည့် အစီအစဉ်နဲ့ ကြုံကြိုက်လို့ ဝင်ရောက် လုပ်ကိုင်ခွင့် ရခဲ့တယ်လို့ ဧရာဝတီကို ပြောပါတယ်။

နာရေးကူညီမှု အသင်းရဲ့ ဦးဆောင်သူ ဦးကျော်သူကတော့ “ဒီလိုပရဟိတ အလုပ်ကိုလုပ်ဖို့ ကျနော်မတိုက်တွန်းပါဘူး၊ သူတို့အသိစိတ်နဲ့ သူတို့ လုပ်ဖို့ လာကမ်းလှမ်းတာပါ။ သူတို့ အလှူငွေလာလှူရင်း ဒီလို ပရဟိတ အလုပ်ကို သူတို့ လုပ်ချင်တယ်ဆိုပြီး လုပ်တာပါ။ နန်းခင်ဇေယျာကတော့ တလကို နှစ်ကြိမ်လာပြီး လုပ်အားပေးပါတယ်။ ခင်ဝင့်ဝါက သူငွေလာလှူပြီး နောက်နေ့မှာ တသောင်းပြည့် အစီအစဉ်ရှိတယ်၊ အဲဒါ လာစေချင်တယ် လာမလား ဆိုတော့ သမီး စာမေးပွဲပြီးတာနဲ့ လာခဲ့မယ်ဆိုပြီး ရောက်လာပြီး သူလာလုပ်ပေးတာ” လို့ ဆိုပါတယ်။

ဦးကျော်သူက သူကိုယ်တိုင်လည်း အနုပညာသမားဘဝကနေ ပရဟိတ အလုပ်ကို ပြောင်းလုပ်ခဲ့သလို၊ ဘယ်သူပဲ ဖြစ်ဖြစ် ပရဟိတ အလုပ်လုပ်တာ ကောင်းတာလုပ်တာ ဖြစ်တဲ့အတွက် နိုင်ငံ့ဂုဏ်ဆောင် အလှမယ်တွေ အနေနဲ့လည်း ဒီလိုပဲ ဖြစ်ရမှာပဲလို့ ဆက်ပြောပါတယ်။

“ဒီလို နာမည်ရှိတဲ့သူ တယောက်က ပရဟိတ အလုပ်ကို လုပ်တယ်ဆိုတော့ ကိုယ့်ရဲ့ ပရဟိတ လုပ်ငန်း လည်း ပို အောင်မြင် တာပေါ့။ အများအတွက်လည်း ပိုအကျိုးရှိတာပေါ့။ သူတို့ကို ပေါ်ပျူလာဖြစ်ချင်လို့ လုပ်တယ် လို့ ဝေဖန်တဲ့သူတွေကို ကျနော် ဟြေပြချင်တာက ကျနော်လုပ်တုန်းက ကျတော့ ဘာဖြစ်လို့ မဝေဖန်ကြ တာလဲလို့ မေးချင်တယ်။ ကျနော် မင်းသားဘ၀ကနေ နာရေးကူညီမှု လုပ်တော့ ကျော်သူ ပေါ်ပျူ လာဖြစ်ချင်လို့ လုပ်တာလားလို့ ဘာလို့မဝေဖန်ကြတာလဲ။ သူတို့ အသက်အရွယ် တုန်းက ကျော် သူတို့ အဲဒီလောက် ပရဟိတ မလုပ်နိုင်ခဲ့ဘူး။ သူတို့ အသက်အရွယ်လေးနဲ့ ပရဟိတစိတ် မွေးလာတယ် ဆိုတော့ ကျနော်တို့က လက်ကမ်းကြိုရမှာပဲ၊ ဟြေသမျှကို လိုက်နားထောင် နေရင်တော့ ကိုယ်လုပ်သမျှ ခြေလှမ်းတွေ ရှေ့ရောက်မှာ မဟုတ်ဘူး” လို့ ဦးကျော်သူက ဆိုပါတယ်။

နန်းခင်ဇေယျာနဲ့ ခင်ဝင့်ဝါတို့ အနေနဲ့လည်း ဘေးက ဘာဟြေဟြေ ကိုယ့်လုပ်ရပ် မှန်ကန်ဖို့၊ ကိုယ့်သီလ လုံဖို့ပဲ လိုတယ်၊ ကိုယ်လုပ်စရာ ရှိတာ ဆက်လုပ်ဖို့ပဲ အရေးကြီးတယ်၊ ဘေးစကား နားထောင်နေရင်တော့ ကိုယ့်ခြေ လှမ်းတွေ နှေးသွားမယ်၊ ရပ်သွားမယ်၊ သူ့အနေနဲ့ မလုပ်တဲ့အရွယ်မှာ နိုင်ငံ့ဂုဏ်ဆောင် အလှမယ်တွေ က လုပ်နိုင်တဲ့အတွက် ဂုဏ်ယူတယ်၊ ချီးကျူးတယ်လို့ ဦးကျော်သူက ပြောပါတယ်။

အခု အချိန်မှာ နာရေးကူညီမှုအသင်းမှာ ဝိုင်းဝန်းကူညီတဲ့အထဲ နန်းခင်ဇေယျာတို့၊ ခင်ဝင့်ဝါတို့အပြင် ဆီးဂိမ်း သီချင်းရေးတဲ့ တေးရေး လူငယ်တွေပါ ပါလာပြီလို့ သိရပါတယ်။

“ကျနော်တို့ ပရဟိတ လောက အတွက်တော့ ဂုဏ်ယူစရာပါပဲ။ ဒီလို ပရဟိတ အလုပ်က တခါလုပ်ပြီးရင်ကို စွဲလမ်း သွားတတ်တယ်။ ကာယကံရှင်တွေရဲ့ အပူမီးကို ငြိမ်းအေးစေနိုင်တယ် ဆိုတော့ ဒီအလုပ်ကို သူတို့ ဆက်လုပ်မယ် လို့လည်း ယုံကြည်တယ်။ သူတို့တင်မကဘူး၊ ကိုလူချောအဖွဲ့၊ စာပေ လောကက ဆရာ၊ ဆရာမတွေပါ ကျနော်တို့နဲ့ လက်တွဲပြီး လာလုပ် ပေးဖူးတယ်။ ဒီကလေးတွေ ဒီလိုလုပ်နိုင်တဲ့ အတွက်လည်း ကျနော် ပီတိဖြစ်မိပါတယ်။ နာရေး ဆိုတာ အနိမ့်ကျဆုံး အလုပ်လို့ သတ်မှတ်ထားတာကို သူတို့ သတ္တိရှိရှိနဲ့ ရဲရဲဝံ့ဝံ့ လာပြီး အခေါင်းသယ်တာတွေ လုပ်တာ တော်ရုံသတ္တိနဲ့ မရဘူး၊ ပရဟိတ အလုပ်ဆိုတာ လူသား တိုင်းလုပ် ရမယ့် အလုပ်ပဲ၊ ကိုယ်တိုင် ပရဟိတ စိတ်ဓာတ် မွေးဖို့လည်း လိုသလို၊ အသင်းအဖွဲ့နဲ့ လုပ်တတ် တဲ့ ပရဟိတစိတ် ရှိဖို့လည်းလိုတယ်။ Miss တွေမှ မဟုတ်ဘူး၊ ဘယ်သူမဆို၊ ဒီဇိုင်နာတွေပဲ ဖြစ်ဖြစ်၊ ကာယဗ လမောင် တွေပဲဖြစ်ဖြစ် ကျနော်က လက်ခံရမှာပဲ။ ဒါက ပရဟိတစိတ်နဲ့ လုပ်ရတဲ့ အလုပ်ဖြစ်တဲ့ အတွက် ဘယ်သူ့ကို မဆို ကျနော်လက်ခံမှာပါ” လို့ ဦးကျော်သူက ရှင်းပြပါတယ်။

နန်းခင်ဇေယျာကတော့ နာရေးကူညီမှု အသင်းမှာ အသင်းဝင်ထားတာ ၆ လလောက် ရှိပါပြီ။ သူ့အနေနဲ့ အစပိုင်းမှာ ဦးကျော်သူနောက်ကို ဒီအတိုင်းပဲ လိုက်လေ့လာတာ၊ အလှူငွေပဲ ထည့်တာမျိုးလုပ်ခဲ့ပေမယ့် ဦးကျော်သူက တဆင့်ချင်း ရှင်းပြတဲ့အချိန်မှာ ကိုယ်တိုင် ပါဝင် လုပ်ဆောင်ချင်တဲ့စိတ် ဖြစ်လာတာနဲ့ တလ ကို နှစ်ခေါက်လုပ်မယ် ဆိုပြီး ပါဝင်ဖြစ်ခဲ့တာလို့ သိရပါတယ်။

“အခုတော့ အသင်းဝင်အဖြစ် လုပ်နေပါပြီ။ ဒီအလုပ်ကို လုပ်တာ ညီမက အယူသီးတာတွေလည်း ပျောက်စေ ချင်တယ်၊ သူများတွေက ဒီအလုပ်ကို အနိမ့်ကျဆုံး အလုပ်လို့ ထင်ထားတာလေ။ ဒါပေမယ့် လူဆိုတာ နောက်ဆုံးတော့ သေရမှာပဲလေ။ လူတယောက်ရဲ့ နောက်ဆုံးခရီးကို ပို့ပေးရတာလည်း အရမ်း မြင့်မြတ်ပါတယ်။ အဲဒါကြောင့်လည်း ညီမ လုပ်ဖြစ်သွားတာပါ။ ညီမ ကိုယ်တိုင် အခေါင်းသယ်ပေးတဲ့ အတွက် သူတို့ရဲ့ အပူကို တ၀က်လျော့ကျသွားအောင် လုပ်ပေးနိုင်တယ်လို့ထင်တယ်၊ ညီမ ကိုယ်တိုင် လာသယ်ပေးတဲ့အတွက် နာရေးရှင်ရဲ့ မိသားစုတွေကလည်း ၀မ်းသာကြတယ်၊ ညီမလည်း ဒီလို လုပ်ပေးရတဲ့ အတွက် အရမ်းကို ပီတိဖြစ်ရပါတယ်၊ ဒီပီတိက ပိုက်ဆံနဲ့လည်း ၀ယ်ယူလို့မရတဲ့ ပီတိပါ” လို့ နန်းခင်ဇေယျာက ဆိုပါတယ်။

ချမ်းသာတဲ့ သူဖြစ်ဖြစ်၊ ဆင်းရဲတဲ့ သူဖြစ်ဖြစ် ဘယ်သူမဆို ဒီလမ်းကို သွားရမှာပဲ ဆိုတာကို နန်းခင်ဇေယျာအနေနဲ့ သံဝေဂ ရခဲ့တယ်၊ အရင်က ဒီလို အသင်းတွေ မရှိခဲ့ဘဲ၊ အခုနောက်ပိုင်းမှ ရှိလာကြတာ ဖြစ်တဲ့အတွက် လုပ်ခွင့်ရချိန်မှာ ဒီအလုပ်ကို တလ နှစ်ကြိမ် လုပ်ပါမယ်ဆိုပြီး ဦးကျော်သူကို ခွင့်တောင်းတော့ ခွင့်ပြုတယ်လို့ နန်းခင်ဇေယျာက ရှင်းပြပါတယ်။

“ညီမ အသက်ရှင်နေသရွေ့ ဒီ ပရဟိတအလုပ်ကို လုပ်သွားမှာပါ။ ညီမကို ပေါ်ပျူလာ ဖြစ်ချင်လို့ လုပ်တာလို့ ဟြေတဲ့ သူတွေကိုလည်း ညီမ လက်တွေ့မြင်ချင်တယ်။ လူတယောက်က ပေါ်ပျူလာ ဖြစ်ချင်တယ်ဆိုရင် ခဏပဲ လုပ်ပြီး ပျောက်သွားမှာပါပဲ။ ပရဟိတ လုပ်နေတဲ့သူတွေရဲ့ စိတ်ထား၊ အလုပ်နဲ့ လုပ်ကိုင် ဆောင်ရွက်မှုတွေကို ပရဟိတ လုပ်တဲ့သူတွေပဲ သိပါတယ်” လို့ သူက ဆိုပါတယ်။

ဒီလိုအလုပ်ကို လုပ်ခွင့်ရတဲ့အတွက် အရမ်း ၀မ်းသာဂုဏ်ယူမိကြောင်း၊ ဦးကျော်သူက သူ့ကို ဒီလို ယုံယုံကြည်ကြည်နဲ့ အခေါင်းသယ်ခွင့် ပေးတဲ့အတွက် အရမ်းလည်း ကျေးဇူးတင်သလို ဂုဏ်ယူမိကြောင်း၊ သူ့အနေနဲ့ နာရေးကူညီမှု အသင်းတွင်မကဘဲ အနာကြီး ရောဂါသည် စောင့်ရှောက်ရေး၊ HIV/ AIDS ဝေဒနာရှင် ကလေးငယ်တွေ၊ အဖိုးအဖွားတွေ စောင့်ရှောက်ရေး၊ ကင်ဆာ ကလေးငယ်တွေ၊ နယ်မှာရှိတဲ့ ကလေးတွေရဲ့ပညာရေးနဲ့ လမ်းမှားရောက်နေတဲ့ ကလေးတွေကို နှစ်သိမ့်ဆွေးနွေး ပညာပေးတာ အစရှိတဲ့ ပရဟိတ လုပ်ငန်းတွေမှာလည်း ကူညီ လုပ်ကိုင်ပေးတယ်လို့ နန်းခင်ဇေယျာက ဆက်ပြောပါတယ်။

“ညီမက ပြန်ကြားရတဲ့ Comment တွေကို မကြည့်ဘူး။ ညီမလုပ်နေတဲ့ အလုပ်တွေကိုပဲ အာရုံစိုက်ပါတယ်။ ပရဟိတ အလုပ်က ဘာအလုပ်ပဲ ဖြစ်ဖြစ် မွန်မြတ်တော့ တခေါက်လုပ်လိုက်ရင်ကို ခဏခဏ လုပ်ချင်တဲ့ စိတ်တွေ ဖြစ်လာပါတယ်။ ဒီလို အနိမ့်ကျဆုံးလို့ လူတွေ သတ်မှတ်ထားတဲ့ အလုပ်ကို လုပ်တဲ့အခါမှာ ရွံတာတွေ၊ မသတီတာတွေ မဖြစ်ပါဘူး။ ညီမ အတွက်တော့ လူအားလုံးက နံပါတ်တစ်ပါပဲ” လို့ သူက ဆက်ပြောပါတယ်။

ခင်ဝင့်ဝါကတော့ နန်းခင်ဇေယျာရဲ့ ပရဟိတ လုပ်နိုင်မှုတွေနဲ့ စိတ်ဓာတ်ကို လေးစား အားကျတယ်လို့ ဆိုပါတယ်။

“မနန်းခင်က လူမှုရေး လုပ်ငန်းတွေလည်း အရမ်းလုပ်နိုင်တယ်၊ အရမ်းလည်း စိတ်သဘောထား ကောင်းတော့ သူ့ကိုလည်း အားကျမိတာလည်း ပါတယ်၊ မနန်းခင်နဲ့ တွေ့မယ်လို့လည်း ထင်မထားမိဘူး၊ သူနဲ့အတူတူ ဒီလို ပရဟိတ အလုပ် လုပ်ခွင့်ရတဲ့အတွက် ၀မ်းသာမိပါတယ်။ Miss ဆိုတာကလည်း လူသားတယောက်ပါပဲ၊ နာမ်စား တခု သတ်မှတ် ပေးလိုက်တဲ့ အတွက်ကြောင့်သာ ဒီလို Miss ဆိုတာ ဖြစ်လာရတာပါ။ အကုန်လုံးက လူသားတွေပါပဲ၊ ဘယ်သူမှ လူမှုရေးလုပ်ငန်း၊ ပရဟိတလုပ်ငန်း လုပ်ရမယ်လို့ မဟုတ်ပါဘူး၊ ဘယ်သူမဆို ဒီလိုပရဟိတ အလုပ်တွေကို လုပ်သင့်ပါတယ်” လို့ ခင်ဝင့်ဝါက ပြောပြပါတယ်။

လူသားချင်း စာနာတတ်တဲ့စိတ်၊ ကူညီတတ်တဲ့စိတ် ရှိရင် ဘယ်သူမဆို ဒီအလုပ်ကို လုပ်လို့ရတယ် ဆိုတဲ့ အကြောင်း၊ Miss တယောက် ဆိုပြီး ဒါမျိုးမလုပ်နိုင်ဘူး ဆိုတဲ့စိတ်မျိုး မရှိကြောင်း၊ ပရဟိတ အလုပ် ဘယ်အလုပ်မဆို လုပ်သွားမှာ ဖြစ်တဲ့ အကြောင်း၊ တလကို တရက်တော့ ဒီ ပရဟိတ အလုပ်ကိုလုပ်မယ် ဆိုတဲ့အကြောင်း ခင်ဝင့်ဝါက ရှင်းပြပါတယ်။

“သူများရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင် ကူညီရတာ အရမ်းမွန်မြတ်ပါတယ်။ မသာတခေါက် ကျောင်းဆယ်ခေါက် ဆိုတဲ့ စကားပုံလည်း ရှိတာပဲလေ၊ သံဝေဂရစရာပါပဲ။ ဒီအလုပ်ကိုလုပ်တဲ့ ဦးကျော်သူကိုလည်း လေးစားတယ်၊ ကိုယ့်ကို လုပ်ဖို့ အခွင့်အရေး ပေးလာတဲ့အတွက် မသတီတာတွေ၊ ရွံတာတွေလည်း မရှိပါဘူး။ ညီမတို့ကို တချို့တွေက ဟြေကြတယ်၊ Miss ဖြစ်မှ ပေါ်ပျူလာ ဖြစ်ချင်လို့ လုပ်ကြတာလား ပေါ့နော်၊ အမှန်အတိုင်း ဟြေရရင် ညီမတို့ Miss မဖြစ်ခင် ဒီလို အလုပ်လုပ်လည်း ဘယ်သူမှ သတိထားမိမှာ မဟုတ်ဘူးလေ။ လူသတိထားမိတဲ့သူ တယောက် ဖြစ်တော့မှ ဒီအလုပ်ကိုလုပ်တော့ လူသတိထား မိမှာလေ၊ ပေါ်ပျူလာ ဖြစ်ချင်လို့ လုပ်တာမဟုတ်ပါဘူး၊ တကယ် ၀ါသနာပါလို့ရယ်၊ ပရိသတ်တွေ ပီတိဖြစ်အောင် မျှဝေတဲ့ သဘောနဲ့ပါ လုပ်တာပါ။ ဒီနေရာကို တနေ့ ကိုယ်လည်းရောက်ပြီး သေရမှာဆိုတော့ စာနာတဲ့စိတ်နဲ့ လုပ်တာလည်း ပါပါတယ်” လို့ ခင်ဝင့်ဝါက ဆိုပါတယ်။

ခင်ဝင့်ဝါ အနေနဲ့ နန်းခင်ဇေယျာလိုပဲ တခြား ပရဟိတ အလုပ်တွေလည်း လုပ်မှာ ဖြစ်တဲ့အကြောင်း၊ ဦးကျော်သူ လို အနုပညာ အလုပ်မှာရော၊ ပရဟိတ လုပ်ငန်းမှာပါ အောင်မြင်အောင် လုပ်နိုင်တဲ့ သူ တယောက်၊ သူ လေးစား အားကျရတဲ့ သူတယောက်နဲ့ အခုလို ပရဟိတ အလုပ်ကို အတူတွဲ လုပ်ခွင့်ရ တဲ့အတွက် ၀မ်းသာမိကြောင်း ဧရာဝတီကို ပြောပါတယ်။

မြတ်သူအောင်| ဧရာဝတီ

ရထားပေါ်မှာအိပ်ပျော်သွားတဲ့ကလေးတစ်ယောက် (၂၆) နှစ်ကြာမှ Gogle Earth ကိုအသုံးပြုပြီး အိမ်ပြန်ရှာတွေ့ 

Posted by drmyochit Friday, October 18, 2013, under | No comments


Saroo Munshi Khan ဆို တဲ့ ငါးနှစ်သားအရွယ် India ကလေး တစ်ယောက်ဟာ India နိုင်ငံ Berhanpur ဒေသက ရထားပေါ်မှာအိပ်ပျော်သွားရာကနေ အိမ်ပြန်ဖို့လမ်းပျောက်သွားခဲ့ပြီး (၂၆) နှစ်ကြာမှ Google Earth ကိုအသုံးပြုပြီးအိမ်ပြန်ဖို့ လမ်းကိုတွေ့ရှိသွားတယ်ဆို တဲ့အကြောင်း Google ကပြောပြခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ လွန်ခဲ့တဲ့ (၁၂) နှစ်အကြာ 1986 ခုနှစ်ကဖြစ်ပြီး Google Company မတည်ထောင်ရသေးပါဘူး။

Saroo က သူ့ရဲ့ (၁၄) နှစ်သားအရွယ်ရှိတဲ့ အစ်ကို ဖြစ်သူ Guddu နဲ့ အတူ မိသားစုအတွက်ပိုက်ဆံရှာထွက်ခဲ့တာပါ။ Guddu က Saroo ကိုရထားပေါ်မှာထားခဲ့ပြီး ပိုက်ဆံရှာထွက်သွားခဲ့ပါတယ်။ Saroo ကသူ့အစ်ကို ကို စောင့်ရင်းနဲ့ အိပ်ပျော်သွားခဲ့ပြီးနာရီအနည်းငယ်အကြာမှအိပ်ရာ ကနိုးလာခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ သူ့အိမ်နဲ့ 1500 kilometers အကွာအဝေး ရှိတဲ့ Calcutta ကိုရောက်နေပြီဖြစ်ပါတယ်။ (၂၆) နှစ်အကြာမှာတော့ Google Earth ရဲ့အကူအညီနဲ့ သူ့အိမ်ကိုပြန်ရှာတွေ့ခဲ့ပါပြီ။


Saroo က လမ်းပေါ်မှာ ရက်သတ္တပတ်ပေါင်းများစွာ အသက်ရှင်ဖို့ ရုန်းကန် ခဲ့ရပါတယ်။နောက်တော့ မိဘမဲ့ဂေဟာ ကိုရောက်သွားပြီးနောက်မှာ Australian မိသားစု က မွေးစားခဲ့ပါတယ်။ အဲဒီနောက်မှာ မိသားစုနဲ့အတူ Tasmania က Hobart ကိုပြောင်းသွားခဲ့ပါတယ်။ Saroo က သူ့ဘ၀အကြောင်းကို A Long Way Home ဆို ပြီးစာအုပ်တစ်အုပ် ရေးသားခဲ့ပါတယ်။ ဒီလို အဖြစ်အပျက်မျိုးအရင်ကလည်း ဖြစ်ခဲ့ဖူးပြီး တရုတ်ကလေးငယ်တစ်ယောက်ပြန်ပေးဆွဲခံရအပြီး (၂၃) နှစ်ကြာမှ Google Maps ကိုအသုံးပြုပြီးအိမ်ပြန်ရှာတွေ့ခဲ့တာပါ။

Ref : http://thenextweb.com/google/2013/10/15/falling-asleep-train-boy-indian-man-finds-way-home-26-years-later-google-earth/

From: Myanmar ICT

3G ကွန်ရက်စနစ် MPT နှင့် MEC ကို နိုင်ငံတကာ ဆက်သွယ်ရေး လုပ်ငန်းစုများ အပြိုင်အဆိုင် ကမ်းလှမ်းနေပြီ

Posted by drmyochit Friday, October 18, 2013, under | No comments


မြန်မာနိုင်ငံက မကြာခင် ပေးအပ်မည့် 3G ကွန်ရက်စနစ် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ကိုင်ခွင့်အတွက် Chun-glasa Telecom နှင့် နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီများက မြန်မာမှ MPT နှင့် MEC တို့ကို ပူးပေါင်းလုပ်ဆောင်ရန် ဆွေးနွေးနေကြောင်း ၂၇-၉-၂၀၁၃ ရက်က သတင်းရရှိသည်။ ဆက်သွယ်ရေး ဝန်ဆောင်မှုကဏ္ဍတွင် 3G စနစ်ကို အကောင်အထည် ဖော်ရန် ကြိုးစားနေသည့် မြန်မာအစိုးရအနေဖြင့် ဆက်သွယ်ရေး တင်ဒါလိုင်စင် အောင်မြင်ထားသော နော်ဝေ Telenor နှင့် ကာတာ Ooredoo တို့ကိုလည်း တရားဝင် လိုင်စင်လက်မှတ် ရေးထိုးပေးထားခြင်း မရှိသေးကြောင်း သိရသည်။

“မြန်မာအစိုးရ အနေနဲ့ ၂၀၁၃ အောက်တိုဘာလလောက်မှာ Telenor နဲ့ Ooredoo ကို အသေးစိတ် လက်မှတ်ရေးထိုး ပေးလိမ့်မယ်လို့ ယူဆရပါတယ်” ဟု Changlasa Telecom ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိပြီး ယင်းကဲ့သို့ မြန်မာအစိုးရက လိုင်စင်လက်မှတ် ရေးထိုးပြီးသည်နှင့် 3G ကွန်ရက်အတွက် နောဝေ၊ ကာတာနှင့် မြန်မာကုမ္ပဏီနှစ်ခုတို့က အပြိုင်အဆိုင် လုပ်ငန်းစတင်ကြတော့မည် ဖြစ်သည့်အတွက် Changlasa Telecom က MPT နှင့် MEC ကို ပူးပေါင်းရန် ကမ်းလှမ်းခြင်းဖြစ်သည်ဟု သိရသည်။ Changlasa နည်းတူပင် မြန်မာနိုင်ငံသား ဖြစ်ခဲ့သူ ဦးဝင်းသိန်း၏ HTC ပြင်သစ်အခြေစိုက် Orange၊ ဂျပန်အခြေစိုက် Marabeni တို့ကလည်း မြန်မာနိုင်ငမှ MPT နှင့် MEC ကို ချိတ်ဆက်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရကာ မြန်မာနိုင်ငံတွင် ထဲထဲဝင်ဝင် မစတင်နိုင်သေးသည့် 3G ကွန်ရက်အတွက် ရင်းနှီးမြှုပ်နှံလိုနေကြသည်ဟု သိရသည်။

အေဝိုင်အီး

ပြည်မြန်မာဂျာနယ်

မုံရွာမြို့တွင် အများသုံး သောက်ရေအိုးစင်ရှိ ရေများအတွင်း အဆိပ်ခပ်ထားသည်ဟု မသင်္ကာဖွယ်ရာ အခြေအနေများကြုံ

Posted by drmyochit Friday, October 18, 2013, under | No comments


မုံရွာမြို့ပေါ်ရှိ အများသုံး လမ်းဘေး သောက်ရေချမ်းစင်တချို့တွင် အဆိပ်ခပ်ထားသည်ဟု မသင်္ကာဖွယ်ရာ အခြေအနေများ အား အောက်တိုဘာ ၁၆ ရက် မနက် ၅ နာရီအချိန်ခန့်က တွေ့ရှိရသည်ဟု မုံရွာမြို့ နတ်လူထိပ္ပန်ရပ်ကွက်နေ နေ့စဉ် သောက်ရေကုသိုလ်ရှင် ကိုဆွေမြင့် ဆိုသူမှ ပြောကြားလိုက်သည်။
ထိုသို့ပြောကြားရခြင်းမှာ ယမန်နေ့မနက် ၅ နာရီအချိန်ခန့်က ထိုသူသည် မုံရွာမြို့ နတ်လူထိပ္ပန်ရပ်ကွက်၊ မုံရွာ - အမြင့် ကားလမ်း၊ ဘီးခွန်ကောက်ခံရေး စခန်းအနီးရှိ အများသုံး သောက်ရေချမ်းစင်မှ သောက်ရေ အိုး (၇)အိုးရှိ ရေများအသစ် လဲလှယ်ရန် သွားရောက်စဉ် သောက်ရေအိုးအတွင်းရှိ သောက်ရေများသည် ဇီးရောင်ဖျော့ဖျော့ အရောင်နှင့် ပုတ်အံ့အံ့ အနံ့များထွက်ပေါ်နေသည့် အတွက်ကြောင့်ဟု ဆိုသည်။

အများသုံးသောက်ချမ်းစင်ရှိ သောက်ရေအိုးများအတွင်း အဆိပ်ခပ်ထားသည်ဟု သံသယဖြစ်ဖွယ်ရာ အခြေအနေများကြောင့် နေ့စဉ်သောက်ရေကုသိုလ်ရှင် ကိုဆွေမြင့် ဆိုသူမှ နတ်လူထိပ္ပန်ရပ်ကွက် အုပ်ချု့် ရေးမှူး ဦးအောင်ဆန်းဦးထံသို့ အကြောင်း ကြားခဲ့ခြင်းဖြစ်သည်။

ထို့နောက် အဆိုပါ သောက်ရေချမ်းစင်ရှိရာအရပ်သို့ မုံရွာမြို့နယ် ကျန်းမာရေးမှူး ဦးမြင့်ဆွေ၊ ဒေါက်တာ ဒေါ်မြသန်းထိုက်၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ ဦးဇော်လွင်၊ မြို့မရဲစခန်းမှ ရဲအုပ် ခင်ဇော်လတ်နှင့် အဖွဲ့သည် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဦး အတူ အဆိပ်ခပ်ထားသည်ဟု မသင်္ကာဖွယ်ရာ သောက်ရေအိုးများအား သွားရောက်စစ်ဆေးခဲ့ကြသည်။

အဆိုပါ စစ်ဆေးရေးအဖွဲ့သည် အများသုံး လမ်းဘေးသောက်ရေချမ်းစင်ရှိ သောက်ရေအိုးများအတွင်းမှ အဆိပ်ခပ်ထားသည် ဟု မသင်္ကာဖွယ်ရာ သောက်ရေများကို ရေသန့်ဗူး(၄)ဗူးဖြင့် ထည့်ယူခဲ့ကြသည်။ ထို သို့ ယူဆောင်ခဲ့ခြင်းမှာ ဓာတ်ခွဲခန်း၌ ဓာတ်ခွဲစမ်းသပ် စစ်ဆေးနိုင်ရန်အတွက်ဖြစ်ကြောင်း ကျန်းမာရေးမှူး မှ ဆိုသည်။

လက်ရှိအခြေအနေများအရ အဆိုပါ သောက်ရေများတွင် အမြင်အားဖြင့် အဆိပ်ခပ်ထားသည်ဟု အဖြေ ပေး ပြောကြား၍ မရ နိုင်သည့်အတွက် ရေနမူနာများအား ဓာတ်ခွဲခန်းသို့ပို့ဆောင် စမ်းသပ်ပြီးမှ အဖြေမှန် အား သိရှိနိုင်မည်ဟုလည်း ထိုသူမှ ဆက်လက်၍ ပြောကြားခဲ့သည်။

မုံရွာ - အမြင့် ကားလမ်းမကြီးတလျောက်ရှိရာ ဒေသသည် မြေနုကျွန်းများဖြစ်၍ ဒေသခံ အများစုသည် ဥယျာဉ်ခြံလုပ်ငန်း များနှင့် ရာသီပေါ် စိုက်ပျိုးရေး လုပ်ငန်းများလုပ်ကိုင်ရာ ဒေသတစ်ခုဖြစ်သည်။ ထိုဒေသ တွင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိသော ဖရဲ၊ သခွားမွှေး စိုက်ခင်းများသည် စိုက်ပျိုးရေးသုံး ဓာတုဗေဒ ပိုးသတ် ဆေးများအား အလွန်အကျွံသုံးစွဲတတ်ကြောင်း တရုတ် ဖရဲ၊ သခွား စိုက်ခင်း၌ အငှားလုပ်ကိုင်ခဲ့သူ စိုက်ပျိုး ရေး လုပ်သားကြီးတစ်ဦး၏ ပြောပြချက်များအရ သိရှိရသည်။

ကိုတိုး ချင်းတွင်း

ဖိုးလပြည့်က သူ့ဘ၀အကြောင်းတွေကို ထုတ်ပြော

Posted by drmyochit Friday, October 18, 2013, under | 3 comments


ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေးတော်သူ ဖိုးလပြည့် ခေါ် နေရွှေသွေးအောင်က တက္ကသိုလ် များ ချံပီယံလိဂ် ဥက္ကဋ္ဌ တဦးအနေနဲ့ အဆိုပါ UCL ဖေ့စ်ဘုတ် စာမျက်နှာကတဆင့် ကျောင်းသား/ ကျောင်းသူေ တွကိုမေတ္တာရပ်ခံစာ တစောင် ပေးပို့ ဖြန့်ဝေစေခဲ့ပါတယ်။

အောက်တိုဘာလ ၁၇ ရက်နေ့ ညပိုင်းက နေရွှေသွေးအောင်ရဲ့ စာမှာ အများက ဖေ့စ်ဘွတ်အပါအ၀င် အွန်လိုင်းစာမျက်နှာတွေပေါ်မှာ သူနဲ့ပတ်သက်ပြီး မဟုတ်မမှန် ရေးသားဖော်ပြနေမှုတွေကိုလည်း တုံ့ပြန် ဖြေရှင်းထားပြီး ပုဂ္ဂိုလ်ရေး စွပ်စွဲချက်တွေဖြစ်တဲ့ ၀တ်မှုံရွှေရည် ကိုလည်း ခိုးမပြေးခဲ့ဘူးကြောင်း၊ မိုးယုစံကိုလည်း လက်ထပ်ထားတယ်
ဆိုတာ မဟုတ်ကြောင်းတွေလည်း ပါဝင်ပါတယ်။

ဒီအပြင်စစ်ရဟတ်ယာဉ်နဲ့ လည်း ဘဲကင်ဝယ်တယ်ဆိုတာ မဟုတ်သလို၊ စင်္ကာပူကိုလည်း နေ့ချင်းပြန် ကျောင်းမတက်ဘူးပါတဲ့။ ဒီအပြင် မန်ချက်စတာ ယူနိုက်တက်ဘောလုံးအသင်းကိုလည်း မ၀ယ်နိုင် ပါကြောင်း ရေးသားထားပါတယ်။

UCL မှာ ဖော်ပြထားတဲ့ နေရွှေသွေးအောင်ရဲ့ စာအပြည့်အစုံကို အောက်မှာ
ဖော်ပြပေးလိုက်ပါတယ်။

"UCL ဥက္ကဌ ကိုနေရွှေသွေးအောင်မှ ကျောင်းသား၊ ကျောင်းသူများထံသို့
မေတ္တာရပ်ခံလွှာ" ၊

၎င်း၏ စာ အပြည့်အစုံမှာအောက်ပါအတိုင်းဖြစ်ပါသည် -

" ချစ်ခင်လေးစားရပါသော တက္ကသိုလ်ကျောင်းသား၊ကျောင်းသူ
အပေါင်းတို့ခင်ဗျာ... -

ယခုအခါ UCL ပြိုင်ပွဲကြီးသည် ပြိုင်ပွဲဝင် ကျောင်းသား၊ကျောင်းသူတို့၏
စိတ်အားတက်ကြွစွာပါဝင်မှု၊ ကစားသမားများ၏ အစွမ်းကုန်ကြိုးပမ်း
အားထုတ်ယှဉ်ပြိုင်မှုတို့ကြောင့် တက္ကသိုလ်များအကြားအထူး
ရေပန်းစား၊ လူကြိုက်များလျှက် အုပ်စုပွဲများသည်ပင်လျှင်အောင်မြင်စွာ ယှဉ်ပြိုင်ပြီးဆုံးခဲ့ပြီးဖြစ်ပါသည်။

မိမိအနေဖြင့် ယခုလက်ရှိပြိုင်ပွဲ၏အခြေအနေနှင့် ပရိသတ်များသိရှိလို
သည်ဟု ယူဆသည့်ကိစ္စများကို ဤစာတွင် ရှင်းလင်းဖော်ပြအပ်ပါသည်။

- နံပါတ်(၁)အနေဖြင့် ဤပြိုင်ပွဲကြီးကို 'မည်သည်က ရရှိသည့် ပိုက်ဆံဖြင့်ပြုလုပ်လဲ' ဟူသောမေးခွန်းကိုဖြေကြားလိုပါသည်။

ဤပြိုင်ပွဲ၏ကုန်ကျ စရိတ်စုစုပေါင်းမှာ သိန်း(၃၀၀) နီးပါးရှိ၍ ကုန်ကျစရိတ်အများစုမှာ ဆုကြေးငွေနှင့်နေ့စဉ် Video ရိုက်ကူးခ
တို့ဖြစ်ကြပါသည်။

ဘောလုံးကွင်း၊ ဒိုင် နှင့် နယ်မှကစားသမားများနေထိုင်ရေးကို MFF၊ အားကစားဝန်ကြီးဌာန နှင့် ရန်ကုန် ယူနိုက်တက်ဘောလုံးကလပ်တို့မှ အခမဲ့ကူညီပါသည်။

ကျန်ကုန်ကျစရိတ်များကို မိမိနှင့်ဘောလုံးအားကစားကိုဝါသနာပါသော မိမိမိတ်ဆွေ စီးပွားရေး လုပ်ငန်းရှင်ကြီးများက အချိုးကျပါဝင်လှူဒါန်းပါသည်။

ထို့အပြင် ပြိုင်ပွဲဝင်တက္ကသိုလ်မှကျောင်းသူ၊ကျောင်းသားများကုသိုလ်ရစေနိုင်ရန်ပါ ရည်ရွယ်၍ပြိုင်ပွဲ ဝင်ကြေး ကိုပင် ကုန်ကျစရိတ်တွင်မသုံးစေဘဲ လူမှုရေး၊ဘာသာရေးအသင်းအဖွဲ့များ သို့လှူဒါန်းစေခဲ့ပြီးဖြစ်ပါသည်။

- နံပါတ်(၂)အနေဖြင့် ဤပြိုင်ပွဲမှဒိုင်လူကြီးများအကြောင်းရှင်းလင်းတင်ပြ
လိုပါသည်။ ယင်းဒိုင်လူကြီးများ အားလုံးသည် မြန်မာနိုင်ငံဘောလုံး
အဖွဲ့ချုပ်မှ တရားဝင် အသိအမှတ်ပြု ထားပြီး နိုင်ငံတကာ ဒိုင်လူကြီး လိုင်စင်ရရှိထားကြသူများဖြစ်ကြကာ MFF ကတရားဝင်စေလွှတ်၍
စေတနာဖြင့် လာရောက် ကူညီပေးနေသူများဖြစ်ကြပါသည်။

ဒိုင်များအနေဖြင့်မည်သည့်အသင်း၊ မည်သည့်ကစားသမား ကိုမျှသိရှိခြင်း
လည်းမရှိသကဲ့သို့ ဘက်လိုက်ဆောင်ရွက်ခြင်းမျိုးလည်းလုံးဝပြုလုပ်
မည်မဟုတ်ပါ။

ထို့ကြောင့် ပရိသတ်များအနေဖြင့် ကိစ္စတစ်စုံတရာပေါ်ပေါက်တိုင်း ဒိုင်အဖွဲ့ကိုအပြစ်တင်မစောကြရန်နှင့် ဒိုင်လူကြီး၏အဆုံးအဖြတ်ကို
နိုင်ငံကြီးသားပီသစွာလေးစား၊လိုက်နာပေးကြပါရန် မေတ္တာရပ်ခံ
အပ်ပါသည်။

- နံပါတ်(၃)အနေဖြင့် မိမိ၏စာရိတ္တပိုင်းဆိုင်ရာအပေါ်မေးခွန်းထုတ်မှုများကို
ရှင်းလင်းတင်ပြလိုပါသည်။ မိမိဘာမှမပြောခင် ပရိသတ်ကြီးကိုတစ်ခု
စဉ်းစားစေလိုပါသည်။

မိမိသာ Internet ပေါ်တွင်ပုံဖော်နေသကဲ့ အပြင်လောကတွင် အမှန်တကယ် မိုက်ရိုင်း၊ ဆိုးသွမ်းနေသူဖြစ်ပါက မည်သည့် ဝန်ကြီး၊ ဒုဝန်ကြီးက မိမိနှင့်
လက်ခံတွေ့ဆုံဆွေးနွေးမည်နည်း??

မည်သည့်ပါမောက္ခချုပ်က မိမိနှင့်အတူအစည်းအဝေးထိုင်မည်နည်း??

မည်သည့်ကျောင်းသား၊ ကျောင်းသူ များနှင့်မိဘများက မိမိနှင့်ပူးပေါင်း
ဆောင်ရွက်မည်နည်း??

မည်သည့် မီဒီယာက မိမိဘက်မှ ရပ်တည်ဖြေရှင်းပေးမည်နည်း??

မိမိအနေဖြင့် ကောလဟလများပြန့်နေသလို စင်ကာပူသို့နေ့ချင်းပြန်
လည်း ကျောင်းမတက်ဘူးပါ၊ ဆယ်တန်းဖြေတုန်းကလည်း The whole burma မရပါ (မိမိကျောင်းမှ ထိုနှစ်က အဆင့် ၆ သာချိတ် ပါသည်)၊

မည်သည့်မူးယစ်ဆေးဝါးမှလည်းမသုံးဘူးပါ (သင်္ကြန်နှင့်မွေးနေ့များတွင်ပင် မိမိအရက်သေစာသောက် စားခြင်းမပြုပါ)၊

ဝတ်မှုန်ရွှေရည်ကိုလည်းခိုးမပြေးဘူးပါ၊ မိုးယုစံနှင့်လည်း လက်မထပ်ရပါ၊ စစ်ရဟတ်ယာဉ်ဖြင့်မိမိကို ဘဲကင် ဝယ်ပေးရသည်ဆိုမှာလည်း လုံးဝမမှန်ပါ၊

မန်ချက်စတာယူနိုက်တက်ကိုလည်း မိမိဤဘဝတစ်သက်လုံးငွေစုလျှင်ပင် မဝယ်နိုင်ပါ၊ မည်သည့် ယာဉ်ထိန်းရဲကိုမှလည်း ထိုးကြိတ်အနိုင်ကျင့်ခြင်း
မရှိရပါ (ယင်းယာဉ်ထိန်းသည် ဘာဒဏ်ရာမှလည်း မရှိ၊ဘာသက်သေ
အထောက်အထားမှလည်းမရှိဘဲ မိမိကိုအမြင်စောင်းနေသော ၎င်း၏အထက်အရာရှိ၊ မီဒီယာအချို့နှင့်ပူးပေါင်းကာ မိမိကိုနိုင်ငံရေးအရ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကို နိုင်ငံတော်သမ္မတ အပါအဝင် အစိုးရ
အဖွဲ့တစ်ခုလုံးသို့စာပေးပို့၍ရှင်းပြခဲ့ပြီးဖြစ်ပါသည်၊ လူကြီးများကလည်း ဤအဖြစ် အပျက် ကိုနားလည်သဘောပေါက်ပါသည်)။

မီဒီယာအချို့အနေဖြင့် မိမိကိုစွပ်စွဲမှုများ မမှန်ကန်ကြောင်းသိရှိသောအခါမည်သည့်ဖြေရှင်းချက်မျှ လည်း မပေး၊ ၎င်းတို့၏သတင်းမှားကိုလည်း တာဝန်ယူပြန်လည်ဖြေရှင်းပေးခြင်းမျိုးလည်းမပြုဘဲ မိမိကသာ တစ်ဘက်သတ် ပြည်သူလူထု၏အထင်မြင်လွဲမှားမှုကိုခံခဲ့ရခြင်းဖြစ်ပါသည်။

ယခု ပရိသတ် ၂၀၀၀ကျော်နှင့် တက္ကသိုလ်ပေါင်းစုံမှတာဝန်ရှိသူများ တက်ရောက်သော ဘောလုံးပွဲ ဖွင့်ပွဲ တွင် ပင်လျှင် မိမိနှင့် မိုးစက်ဝိုင်ပြိုင်ကားနှင့်အတူလာသည်၊ မိမိက ကားတံခါးနားသို့ဆင်းကြို
သည် စသဖြင့် မဟုတ်မမှန် ရေးသားသူ အများအပြားရှိကြောင်း အားလုံး
အသိပင်ဖြစ်ပါသည်။ -

မိမိကိုယ်တိုင်ဘောလုံးဝါသနာပါလွန်း၍သော်လည်းကောင်း၊ ကျန်လူငယ်
လူရွယ်များဘောလုံးအားကစားကို ကစားစေချင်လွန်း၍သော်လည်းကောင်း၊ (မိမိအားအကြောင်းမသိ၍ အမြင်စောင်းနေသူ အချို့လဲရှိနိုင် သည့်)
ကျောင်းသားထုကြီးအပေါ် 'ရန်မဖြစ်ပါ၊ ပြဿနာလည်းမဖြစ်စေရပါ'ဟု သက်ဆိုင်ရာ လူကြီးမင်းများ ကို အာမဘန္တေခံ၍ဤပြိုင်ပွဲကြီးကိုကျင်း
ပခြင်းဖြစ်ပါသည်။

မိမိတစ်ယောက်တည်းအားနှင့် ဤပြိုင်ပွဲကြီးကိုအောင်မြင်အောင်
မစွမ်းဆောင်နိုင်ပါ။ သက်ဆိုင်ရာ တက္ကသိုလ် မှကျောင်းသား၊
ကျောင်းသူများ နှင့် ဆရာ၊ဆရာမတို့ကဝိုင်းဝန်းကူညီဖေးမမှသာလျှင် ဤပြိုင်ပွဲကြီးအဓွန့်ရှည်တည်တံ့မည်ဖြစ်ပါသည်။

မိမိအနေဖြင့် နိုင်ငံတော်၏အားကစားအခန်းကဏ္ဏကို အစွမ်းကုန်မြှင့်
တင်ပေးသွားရန် စိတ်ဆုံးဖြတ်ထားပြီဖြစ် ၍ မိမိနှင့် ရည်ရွယ်ချက်ချင်း
တူသည့် မည်သူ့ကိုမဆို (သူ့ဟာသူ NLD မကလို့ ABC ဖြစ်ဖြစ် XYZ ဖြစ် ဖြစ်) လက်တွဲခေါ်ဆောင်သွားရန်လည်း စိတ်ဆန္ဒအပြည့်အဝ
ရှိပါသည်။

- သို့ဖြစ်ပါ၍ ပြိုင်ပွဲဝင်တက္ကသိုလ်မှ ညီအကို၊မောင်နှမ၊ကျောင်းသား၊
ကျောင်းသူများအနေဖြင့် ကိစ္စ တစ်စုံ တခုပေါ်ပေါက်တိုင်း Facebook စာမျက်နှာများပေါ်တွင် အချင်းချင်း ဝေဖန်တိုက်ခိုက်ခြင်းမျိုး မပြုဘဲ အားကစား စိတ်ဓာတ်အပြည့်ဖြင့် အားပေးကူညီကြပါ၊

နိုင်ငံတော်အဆင့် တာဝန်ရှိသူ လူကြီးများကို မိမိတို့တက္ကသိုလ်ကျောင်း
သားများ၏ စည်းလုံး၊ ညီညွတ်မှု စွမ်းရည်ကို ထုတ်ဖော်ပြသကြပါဟု တိုက်တွန်းမေတ္တာရပ်ခံလိုက်ရပါသည်။ " ဟူ၍ဖော်ပြပါရှိပါသည်။

ဖိုးလပြည့်ရဲ့ စာပါအကြောင်းအရာတွေကို ပြန်လည် ကူးယူဖော်ပြပေး
လိုက်ပါတယ်။

ဧရာဝတီblog

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်