Friday, October 18, 2013

မုံရွာမြို့တွင် အများသုံး သောက်ရေအိုးစင်ရှိ ရေများအတွင်း အဆိပ်ခပ်ထားသည်ဟု မသင်္ကာဖွယ်ရာ အခြေအနေများကြုံ

Posted by drmyochit Friday, October 18, 2013, under | No comments


မုံရွာမြို့ပေါ်ရှိ အများသုံး လမ်းဘေး သောက်ရေချမ်းစင်တချို့တွင် အဆိပ်ခပ်ထားသည်ဟု မသင်္ကာဖွယ်ရာ အခြေအနေများ အား အောက်တိုဘာ ၁၆ ရက် မနက် ၅ နာရီအချိန်ခန့်က တွေ့ရှိရသည်ဟု မုံရွာမြို့ နတ်လူထိပ္ပန်ရပ်ကွက်နေ နေ့စဉ် သောက်ရေကုသိုလ်ရှင် ကိုဆွေမြင့် ဆိုသူမှ ပြောကြားလိုက်သည်။
ထိုသို့ပြောကြားရခြင်းမှာ ယမန်နေ့မနက် ၅ နာရီအချိန်ခန့်က ထိုသူသည် မုံရွာမြို့ နတ်လူထိပ္ပန်ရပ်ကွက်၊ မုံရွာ - အမြင့် ကားလမ်း၊ ဘီးခွန်ကောက်ခံရေး စခန်းအနီးရှိ အများသုံး သောက်ရေချမ်းစင်မှ သောက်ရေ အိုး (၇)အိုးရှိ ရေများအသစ် လဲလှယ်ရန် သွားရောက်စဉ် သောက်ရေအိုးအတွင်းရှိ သောက်ရေများသည် ဇီးရောင်ဖျော့ဖျော့ အရောင်နှင့် ပုတ်အံ့အံ့ အနံ့များထွက်ပေါ်နေသည့် အတွက်ကြောင့်ဟု ဆိုသည်။

အများသုံးသောက်ချမ်းစင်ရှိ သောက်ရေအိုးများအတွင်း အဆိပ်ခပ်ထားသည်ဟု သံသယဖြစ်ဖွယ်ရာ အခြေအနေများကြောင့် နေ့စဉ်သောက်ရေကုသိုလ်ရှင် ကိုဆွေမြင့် ဆိုသူမှ နတ်လူထိပ္ပန်ရပ်ကွက် အုပ်ချု့် ရေးမှူး ဦးအောင်ဆန်းဦးထံသို့ အကြောင်း ကြားခဲ့ခြင်းဖြစ်သည်။

ထို့နောက် အဆိုပါ သောက်ရေချမ်းစင်ရှိရာအရပ်သို့ မုံရွာမြို့နယ် ကျန်းမာရေးမှူး ဦးမြင့်ဆွေ၊ ဒေါက်တာ ဒေါ်မြသန်းထိုက်၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ ဦးဇော်လွင်၊ မြို့မရဲစခန်းမှ ရဲအုပ် ခင်ဇော်လတ်နှင့် အဖွဲ့သည် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဦး အတူ အဆိပ်ခပ်ထားသည်ဟု မသင်္ကာဖွယ်ရာ သောက်ရေအိုးများအား သွားရောက်စစ်ဆေးခဲ့ကြသည်။

အဆိုပါ စစ်ဆေးရေးအဖွဲ့သည် အများသုံး လမ်းဘေးသောက်ရေချမ်းစင်ရှိ သောက်ရေအိုးများအတွင်းမှ အဆိပ်ခပ်ထားသည် ဟု မသင်္ကာဖွယ်ရာ သောက်ရေများကို ရေသန့်ဗူး(၄)ဗူးဖြင့် ထည့်ယူခဲ့ကြသည်။ ထို သို့ ယူဆောင်ခဲ့ခြင်းမှာ ဓာတ်ခွဲခန်း၌ ဓာတ်ခွဲစမ်းသပ် စစ်ဆေးနိုင်ရန်အတွက်ဖြစ်ကြောင်း ကျန်းမာရေးမှူး မှ ဆိုသည်။

လက်ရှိအခြေအနေများအရ အဆိုပါ သောက်ရေများတွင် အမြင်အားဖြင့် အဆိပ်ခပ်ထားသည်ဟု အဖြေ ပေး ပြောကြား၍ မရ နိုင်သည့်အတွက် ရေနမူနာများအား ဓာတ်ခွဲခန်းသို့ပို့ဆောင် စမ်းသပ်ပြီးမှ အဖြေမှန် အား သိရှိနိုင်မည်ဟုလည်း ထိုသူမှ ဆက်လက်၍ ပြောကြားခဲ့သည်။

မုံရွာ - အမြင့် ကားလမ်းမကြီးတလျောက်ရှိရာ ဒေသသည် မြေနုကျွန်းများဖြစ်၍ ဒေသခံ အများစုသည် ဥယျာဉ်ခြံလုပ်ငန်း များနှင့် ရာသီပေါ် စိုက်ပျိုးရေး လုပ်ငန်းများလုပ်ကိုင်ရာ ဒေသတစ်ခုဖြစ်သည်။ ထိုဒေသ တွင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိသော ဖရဲ၊ သခွားမွှေး စိုက်ခင်းများသည် စိုက်ပျိုးရေးသုံး ဓာတုဗေဒ ပိုးသတ် ဆေးများအား အလွန်အကျွံသုံးစွဲတတ်ကြောင်း တရုတ် ဖရဲ၊ သခွား စိုက်ခင်း၌ အငှားလုပ်ကိုင်ခဲ့သူ စိုက်ပျိုး ရေး လုပ်သားကြီးတစ်ဦး၏ ပြောပြချက်များအရ သိရှိရသည်။

ကိုတိုး ချင်းတွင်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်