Friday, October 18, 2013

Woman of the Year ဆုပိုင်ရှင် ဝါရစ်ဒိုင်ရီ

Posted by drmyochit Friday, October 18, 2013, under | 1 comment

Woman of the Year ဆုပိုင်ရှင် ဝါရစ်ဒိုင်ရီ

"ဝါရစ်ဒိုင်ရီဟာ ဒီဆုအတွက် အထိုက်တန်ဆုံးသူ တစ်ယောက်ပါ။ သူဟာ မိန်းကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပေါ် ကြောက်စရာ ရာဇဝတ်မှုကြီးတွေ ကျူးလွန်နေတဲ့အပေါ် တစ်ကမ္ဘာလုံး အာရုံစိုက်လာအောင် သတ္တိရှိရှိ၊ စူးစူးစိုက်စိုက် ကြိုးစားခဲ့သူ ဖြစ်ပါတယ်"ဟု Woman of the Yearဆုကို ဆိုမာလီယာဖွား မော်ဒယ်လ်၏ လက်ထဲသို့ ဂုဏ်ယူစွာ လွှဲအပ်ပေးပြီးနောက် ဆုရွေးချယ်ရေး အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ဗြိတိန်သူ ဟယ်လန်နာ ကနေဒီက ချီးကျူးစကား ပြောကြားခဲ့သည်။


ဝါရစ်သည် လူအများ အာရုံမပြုမိသည့် အမှောင်မိုက်ဆုံး ဘဝများကို မီးမောင်းထိုးပြခဲ့သူ ဖြစ်သည်။ သူမသည် Chanelနှင့် Revlonတို့၏ ကိုယ်စားပြု မော်ဒယ်လ်တစ်ဦး၊ အရောင်းအတွင်ကျယ်ဆုံး စာရေးဆရာမတစ်ဦး၊ James Bond ဇာတ်ကားများတွင် ပါဝင် သရုပ်ဆောင်ခဲ့ဖူးသူ တစ်ဦးအဖြစ် တောက်ပသော ဘဝများကို ပိုင်ဆိုင်ခဲ့ဖူးသည်။ သို့သော်လည်း အဆိုးယုတ်ဆုံး လောကငရဲကို ကိုယ်တိုင် ဖြတ်သန်းခဲ့ရဖူးသူ တစ်ဦးလည်း ဖြစ်နေပြန်သည်။ ကလေးဘဝတွင် အမျိုးသမီး လိင်အင်္ဂါကို ခွဲစိတ်ဖြတ်တောက် ပြုပြင်သည့် (FGM)ခေါ် အခြေအနေဆိုး တစ်ရပ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးကြောင်း ကမ္ဘာသိ ထုတ်ဖော် ပြောဆိုကာ အာဖရိကရှိ မိန်းကလေးများ၏ နိမ့်ပါးဆိုးရွားသော ဘဝကို တစ်ကမ္ဘာလုံး သိရှိအောင် လှစ်ဟပြခဲ့သည်။


FGM ဆိုသည်မှာ အမျိုးသမီး အင်္ဂါကို ဘရိတ်ဓားကဲ့သို့ ချွန်မြသော ပစ္စည်းများဖြင့် ဖြတ်တောက်ကာ ဆီးသွားရန်နှင့် သဘာဝ ရာသီသွေးအတွက် လိုအပ်ချက်မျှသာ ချန်လှပ်လှီးထုတ်သည့် လုပ်ရပ်မျိုး ဖြစ်သည်။ အာဖရိကတိုက်တွင် ယင်းအလေ့အထသည် ယနေ့တိုင် တွင်တွင်ကျယ်ကျယ် ဖြစ်ပေါ်နေဆဲရှိပြီး ကုလသမဂ္ဂက အစွမ်းကုန် တိုက်ဖျက်ရန် ကြိုးစားနေသည်။ ယခုအခါ အသက်(၄၆)နှစ် ရှိနေပြီဖြစ်သည့် ဝါရစ်သည် သူမအသက် (၅)နှစ် အရွယ်တွင် အဆိုပါ ခါးသီးရက်စက်မှုကြီးကို ကိုယ်တိုင်ကိုယ်ကျ ရင်ဆိုင်ခဲ့ရသည်။ ထို့နောက် အသက်(၁၃)နှစ် အရွယ်တွင် အသက်(၆၀)အရွယ် အမျိုးသားကြီး တစ်ဦးနှင့် ပေးစားခံရမည့် အရေးမျိုး ကြုံလာသည့်နောက် ဆိုမာလီယာကို စွန့်ခွာ ထွက်ပြေးခဲ့သည်။ မိုဂါဒစ်ရှ်မှတစ်ဆင့် လန်ဒန်သို့ ရောက်လာပြီးနောက် McDoanld စားသောက်ဆိုင် တစ်ခုတွင် အလုပ်လုပ်ရင်း အသက်မွေးခဲ့သော ဝါရစ်၏ ဘဝသည် လန်ဒန်တွင် အလှည့်အပြောင်းများစွာ ကြုံလာခဲ့သည်။


(၁၉၉၀)ပြည့်လွန် နှစ်များက သူမ၏ ဖုံးကွယ်နေသော ပါရမီ တစ်ရပ်ကို ဓာတ်ပုံဆရာ တစ်ဦးက အမှတ်မထင် သတိပြုမိသွားရမှာ ဝါရစ်၏ အောင်မြင်မှု လမ်းစ ပွင့်သွားသည်။ ထို့နောက် စူပါမော်ဒယ်လ် တစ်ဦးအဖြစ် ရပ်တည်လာနိုင်ခဲ့ပြီး James Bond ဇာတ်ကား တစ်ခုဖြစ်သည့် The Living Daylightsတွင်လည်း ပါဝင် သရုပ်ဆောင်ခွင့် ရခဲ့သည်။ ထိုကဲ့သို့ ကမ္ဘာသိ အနုပညာ ပုံရိပ်တစ်ခုကို ထူထောင်နိုင်ခဲ့ပြီး (၁၉၉၇)ခုနှစ်တွင် သူမ၏ ဆိုမာလီယာမှ အိပ်မက်ဆိုးကို ဝါရစ်က ထုတ်ဖော် ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ယနေ့တွင်တော့ သူမသည် သားသမီး(၄)ဦးနှင့်အတူ သာယာပျော်ရွှင်သော အိမ်ထောင်တစ်ခုကို ထူထောင်ပြီး ပိုလန်တွင် အခြေချ နေထိုင်လျှက် ရှိသည်။


ဝါရစ်သည် သူမ၏ ဘဝတွင် ကြုံခဲ့ရသော ခါးသီးရက်စက်မှုများကို တိုက်ဖျက်ရန် အစွမ်းကုန် လုပ်ဆောင်နေသူလည်း ဖြစ်သည်။ သူမသည် ကုလသမဂ္ဂ၏ နှလုံးလှ သံတမန် တစ်ဦးဖြစ်သလို FGMကို တိုက်ဖျက်ရန် ရည်ရွယ်သည့် ကိုယ်ပိုင် ဖောင်ဒေးရှင်း တစ်ရပ်ကိုလည်း ထူထောင်ထားသည်။ FGMအကြောင်း သူမရေးသားဖူးသည့် စာအုပ်များသည် အရောင်းအတွင်ကျယ်ဆုံး စံချိန်တင်ရှိခဲ့ဖူးသည်။ ဝါရစ်အနေဖြင့် သူမ၏ ခိုင်မာသော ရပ်တည်ချက်ဖြင့် ကြိုးပမ်း လုပ်ဆောင်မှုများကြောင့် ဂုဏ်ပြုဆုများ ရရှိဖူးသလို ရန်ပြု တိုက်ခိုက်မှုမျိုးလည်း ကြုံခဲ့ရဖူးသည်။ မည်သို့ပင်ဖြစ်စေ၊ ဝါရစ်သည် သူမ၏ ရပ်တည်ချက်ကို လုံးဝ မပြောင်းလဲခဲ့။ ထို့ကြောင့်လည်း အမျိုးသမီး အခွင့်အရေးအတွက် စွမ်းစွမ်းတမံ ကြိုးစားနေသည့် သူမအား ယခုသီတင်းပတ်တွင် လန်ဒန်မြို့၊ ကွန်တီနင်တယ်လ် ဟိုတယ်တွင် ကျင်းပသည့် ဆုပေးပွဲ၌ Woman of the Year ဂုဏ်ပြုဆု ပေးအပ်ခဲ့ခြင်း ဖြစ်သည်။


FMG ပြဿနာသည် ဆိုမာလီယာ၊ ကင်ညာ၊ ယူဂန္ဓာ အစရှိသည့် နိုင်ငံများတွင် ကြီးမားကျယ်ပြန့်နေဆဲ ဖြစ်သည်။ ထိုခွဲစိတ် ဖြတ်တောက်မှုများတွင် မသန့်ရှင်းသည့် ပစ္စည်း ကိရိယာများကို အသုံးပြုခြင်းကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများကိုပါ မချိမဆန့် ခံစားရသည့် မိန်းကလေး အများအပြား ရှိခဲ့ကြောင်း ကုလသမဂ္ဂ မှတ်တမ်းများက ဖော်ပြခဲ့သည်။ ဝါရစ်အနေဖြင့် သူမမုန်းတီး စက်ဆုပ်သည့် ယင်းလုပ်ရပ်ကို ကမ္ဘာမြေပေါ်မှ အပြီးပျောက်ကွယ်သွားအောင် မတွန်းလှန်နိုင်သေးသော်လည်း တစ်ကမ္ဘာလုံး အာရုံစိုက်မိလာအောင် ကြိုးစား ဆွဲဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။ Woman of the Year ဆုချီးမြှင့်ရေး ကော်မတီက ဝါရစ်၏ FMG တိုက်ဖျက်ရေးအတွက် အားထုတ် နှိုးဆော်မှုများကို အသိအမှတ် မပြုဘဲ ရှောင်လွှဲနေရန် မည်သို့မျှ မဖြစ်နိုင်ဟု ချီးကျူးခဲ့သည်။


ဝါရစ်သည် ဆုကို လက်ခံယူပြီးနောက် ဂုဏ်ယူမိကြောင်း ဆိုသည်။ သူမက "ကျွန်မ ဘယ်တော့မှ နောက်ပြန်လှည့်မှာ မဟုတ်ပါဘူး။ ခုချိန်မှာ ကျွန်မရည်မှန်းထားတဲ့ ပန်းတိုင်နဲ့ နီးနေပြီလို့ ခံယူပါတယ်။ တစ်နေ့နေ့ပေါ့။ ဒီကိစ္စတွေ ဆုံးခန်းတိုင်သွားမယ့် တစ်နေ့နေ့ ရောက်မလာခင် ကိုယ်လျှောက်မယ့်လမ်းကို ဆက်သွားနေဖို့ လိုအပ်ပါတယ်"ဟုလည်း ပြောကြားခဲ့သည်။ FGM ပြဿနာသည် အာဖရိကတွင်သာ တွင်ကျယ်နေသည် မဟုတ်ဘဲ ကနေဒါနှင့် ဗြိတိန်တို့ကဲ့သို့ ဖွံ့ဖြိုးပြီး နိုင်ငံကြီးများကိုပါ ရိုက်ခတ်လျှက် ရှိသည်။ ပြင်သစ်တွင် ယင်းကိစ္စအတွက် တရားစွဲဆိုမှု အချို့ကို ပြုလုပ်ခဲ့ဖူးပြီး ဗြိတိန်တွင် (၂၀၀၇)ခုနှစ် စစ်တမ်းအရ အင်္ဂလန်နှင့် ဝေလတို့ရှိ မိန်းကလေးငယ် (၁၀၀၀၀၀)မျှသည် FGM အခြေအနေမျိုး ကြုံတွေ့ရန် စိုးရိမ်ရလောက်သော အခြေအနေရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ဖူးသည်။

1 comments:

This is a common religious practice of Islam for women like circumcise for men. Annually number of girls die due to the result of girl circumcise. That makes the women loss the sexual desire and allow men to marry four ladies and multiply their muslim population. This is the theory of dominance and jihad of muslim society. The westeners then take the duty to feed the hunger by forming various international foundations or INGO.

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်