စုန္ဒသည် ရာဇဂြိုလ်မြို့ ကြီးသား ဖြစ်၏။
သူ၏ အိမ်သည် မြတ်စွာဘုရားရှင် သီတင်းသုံးတော်မူရာ
ဝေဠုဝန်ကျောင်းတော်နှင့် သိပ်မဝေးလှ။ သို့ ရာတွင်
စုန္ဒသည် မြတ်စွာဘုရား ကျောင်းတော်သို့  တစ်ခါမျှ မသွား၊
မြတ်စွာဘုရား၏ တပည့်သား ရဟန်းသံဃာတော်များသည်
သူ၏ အိမ်သို့  မကြာခဏ ဖြတ်သန်းသွားလေ့ ရှိကြပါ၏။
ထိုသို့ ရဟန်းတော်များ မကြာခဏ ဖြတ်သန်းသွားကြသည်ကို
စုန္ဒသည် တွေ့ ပါ၏။ သို့ ရာတွင် စုန္ဒသည် ထိုရဟန်း
သံဃာတော်များကို နှုတ်ခွန်းဆက်ခြင်းပင် မပြု၊ လှူဒါန်းရမည်ကို
စိုးရိမ်၍ နှုတ်ခွန်းမဆက်ခြင်းလည်း ဖြစ်နိုင်၏။ အမြင်ကတ်၍
နှုတ်ခွန်းမဆက်ခြင်းလည်း ဖြစ်နိုင်၏။
မြတ်စွာဘုရား ကျောင်းတော်ကိုသာ မသွားသည် မဟုတ်၊
အခြားသော တိတ္ထိများ အရံသို့ လည်း စုန္ဒသည် မသွား၊
ပရိဗိုဇ်များနှင့်လည်း အကျွမ်းတ၀င် မဆက်ဆံ၊
အမှန်အားဖြင့် စုန္ဒသည် အလှူခံပုဂ္ဂိုလ်မှန်လျှင် မည်သည့်
အလှူခံ ပုဂ္ဂိုလ်ဖြစ်စေ မသိကျိုးကျွန်ပြု နေ၏။ စုန္ဒသည်
သူ၏ ဘ၀သက်တမ်း တစ်လျှောက်လုံး ပန်းတစ်ပွင့် ရေတစ်ခွက်
မျှကိုပင် မည်သည့် အလှူခံပုဂ္ဂိုလ်အားမဆို လှူဒါန်းဖူးသည်ဟူ၍
မရှိ၊ သီလ ဆောက်တည်ခြင်း၊ တရားဘာဝနာ ပွားများခြင်းကား
ဝေးလေစွ။
မင်းနှင့်တကွ မှူးမတ်များ၊ တိုင်းသူပြည်သားများသည်
မြတ်စွာဘုရား၏ သာသနာတော်၌ သက်ဝင်ယုံကြည်ကြ၏။
နေ့ တိုင်းပင် ပန်းနံ့ သာ လက်စွဲလျက် ဝေဠုဝန်ကျောင်းတော်သို့ 
တရားနာ သွားကြ၏။ စုန္ဒလည်း မြင်၏။ သို့ ရာတွင် သူသည်
လောက၏ အမှန်တရား ရှာဖွေရေးကိစ္စနှင့် ပက်သက်၍
သူနှင့် ဆိုင်သည်ဟု ခံယူချက် လုံးဝမရှိ။
ထို့ ကြောင့် စုန္ဒသည် မည်သည့်ဘာသာရေးဂိုဏ်း၏
ဝါဒ၌မျှ သက်ဝင် ယုံကြည်ခြင်း မရှိသဖြင့် သူ့ ကို ဘာသာမဲ့
ဟု ဆိုရ၏။ ထိုခေတ်၌ စုန္ဒလို ဘာသာမဲ့ပေါင်း များစွာ ရှိနိုင်ပါ၏။
သို့ ရာတွင် ပိဋကတ်စာပေ၌ စုန္ဒလို မှတ်တမ်းတင်ခံရလောက်အောင်
မိုက်မဲ၍ ရက်စက်ကြမ်းကြုတ်သူ ရှား၏။
စုန္ဒ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းသည် ၀က်သားပေါ်၍
ရောင်းဝယ်သော လုပ်ငန်းဖြစ်၏။ စုန္ဒသည် ၀က်ပေါက်စများကို
ဝယ်၍ သူ့ အိမ်၏ နောက်ဖေးဘက်၌ ၀က်ခြံကြီးတစ်ခုကို
ဆောက်၍ မွေးမြူထား၏။ ၀က်ပေါက်စများကို ၀ယ်သည်
ဆိုသော်လည်း ငွေဖြင့် ၀ယ်သည်မဟုတ်၊ စပါးဖြင့်
ဝယ်သည်ဆိုသော်လည်း တန်ရာတန်ကြေးပေး၍
ဝယ်သည်မဟုတ်၊ များစွာ ဈေးနှိမ်၍ ၀ယ်ခြင်း ဖြစ်၏။
စုန္ဒသည် ၀က်ကုန်သည်လောက၌ သူ့ နည်းသူ့ ဟန်အရ
ကျွမ်းကျင်သူ ဖြစ်၏။
စပါးများပေါ်ချိန်တွင် စပါးများကို ၀ယ်ယူစုဆောင်း၏။
စပါးရှားချိန်သို့ ရောက်သောအခါ စုန္ဒသည် တစ်ရွာဝင်
တစ်ရွာထွက်ဖြင့် ၀က်ပေါက်စများကို ငွေသားမပေးဘဲ
စပါးပေးကာ ၀ယ်ယူ၏။ ထိုထိုဒေသရှိ ၀က်မွေးမြူရေး
သမားများကလည်း စုန္ဒပေးသည့် ဈေးအတိုင်းပင်
ရောင်းလိုက်ရ၏။ စုန္ဒသည် ၀က်မွေးမြူရေးသမားများ၏
အခြေအနေကို သိ၏။ မရောင်းလျှင် မဖြစ်နိုင်သော
အခြေအနေသို့ ရောက်နေသော ၀က်မွေးမြူရေးသမားများ
ထံမှသာ ၀က်ပေါက်စများကို သူပေးချင်သည့် ဈေးအတိုင်း
ပေး၍ ၀ယ်ယူ၏။ နောက် သူကပင် ကရုဏာရှေ့ ထား၍
ဝယ်လိုက်သည့် သဏ္ဍာန်ကို ဆောင်လိုက်သေး၏။
ဝက်မွေးမြူရေးသမားများက စုန္ဒကိုပင် ကျေးဇူးတင်လိုက်ရသေး၏။
ထို့ ကြောင့် ၀က်ကုန်သည်လောက၌ စုန္ဒကို အရောင်းအ၀ယ်
ကျွမ်းကျင်သူအဖြစ် အသိအမှတ်ပြုခြင်း ဖြစ်၏။ ၀က်ရောင်းဝယ်ရေး
လုပ်ငန်း၌ အလွန်တော်သော စုန္ဒ။
စုန္ဒသည် ဘ၀ကို အတ္တရှုထောင့်မှ ကြည့်သူ ဖြစ်၏။
အတ္တရှုထောင့်မှ ကြည့်လေသောအခါ သူ၏ဘ၀အတွက်
အရာရာတိုင်း၌ အသာစံ ခြင်း သဘောကိုသာ တွေ့ ရ၏။
သူ့ ၌ တရားသည် မတရားသည်ဟူ၍ ပုံသေ သတ်မှတ်ချက်
မရှိ။ သူ့ ဘ၀အတွက် ရလျှင် တရား၏၊ မရလျှင် မတရား၊
လုယူ၍ပဲ ရရ၊ လိမ်ယူ၍ပဲ ရရ၊ ရလျှင် တရားသည်သာ ဖြစ်၏။
ထို့ ကြောင့် သူသည် ကုသိုလ်၌လည်း မယုံကြည်၊
အကုသိုလ်၌လည်း မယုံကြည်၊ စုန္ဒသည် အတ္တရှုထောင့်မှသာ
ဘ၀ကို ကြည့်သူ ဖြစ်သောကြောင့် သူ့ ကိုယ်ကိုသာ သူယုံ၏။
အခြား မည်သူ့ ကိုမျှ သူမယုံကြည်။ ဘာသာတရားများ၏
သွန်သင်ချက်၌လည်း သူ မယုံ၊ ပတ်ဝန်းကျင်၌လည်း သူမယုံ၊
စုန္ဒသည် သူ၏ဘ၀အတွက် အရာရာတိုင်းကို သာယာဖွယ်အဖြစ်သာ
မြင်၏။ အကယ်၍ သူ၏ ဘ၀အတွက် မသာယာဖွယ်ဖြစ်သော
အဟန့် အတားတစ်ခုခုကို တွေ့ ရပါက ယင်းအဟန့် အတားမှ
ထွက်မြောက်ရာကိုသာ အကြမ်းနည်းဖြင့် ဖြစ်စေ၊ အနုနည်းဖြင့်
ဖြစ်စေ ဖြစ်သည့်နည်းဖြင့် ထိုမသာယာဖွယ်ဖြစ်သော
အဟန့် အတားကို ဖယ်ရှားပြီး ထွက်မြောက်ရာကို
ရအောင်ယူမည် ဖြစ်၏။
စုန္ဒသည် သူ့ ဘ၀အတွက် သာယာဖွယ်ကို ရှာရာ၌လည်းကောင်း
မသာယာဖွယ် အဟန့် အတားကို ဖယ်ရှားရာ၌လည်းကောင်း၊
ထွက်မြောက်ရာကို ရအောင်ယူရာ၌လည်းကောင်း ဓမ္မနှင့်
အဓမ္မ၊ ကုသိုလ်နှင့် အကုသိုလ်တို့ နှင့် ပက်သက်၍ ပုံသေ
သတ်မှတ်ချက် မရှိ၊ အသာရလျှင် ပြီးရောဟူသော
ခံယူချက်ဖြင့် လုပ်ငန်းများကို ဆောင်ရွက်သူ ဖြစ်၏။
ဘ၀ကို အနတ္တရှုထောင့်မှ ကြည့်လျှင်မူ တစ်မျိုးမြင်၏။
အနုဋီကာဆရာ၏ သြ၀ါဒအရ (၁) မြင့်မြတ်သော
စိတ်နေစိတ်ထားရှိခြင်း၊(၂) စဉ်းစဉ်းစားစားလုပ်တတ်ခြင်း၊
(၃) လုပ်နည်းလုပ်ဟန် မှန်ကန်ခြင်း ဟူသော အင်္ဂါသုံးရပ်နှင့်
ပြည့်စုံသော လုပ်ငန်းမှ ပေါ်ထွက်လာသော အကျိုးတရား
သည်သာလျှင် သာယာဖွယ် ဖြစ်၏။
အရိယသစ္စာအမြင်ဖြင့် ဘ၀ကို မမြင်နိုင်သေးသရွေ့ 
ကာလပတ်လုံး ပုထုဇဉ်တို့ ၏ အမြင်သည် ဆင်ကိုစမ်းသော
မျက်မမြင်ပုဏ္ဏား ခြောက်ယောက်တို့ ၏ အမြင်များကဲ့သို့ 
မပြည့်စုံသော အမြင်၊ သို့ မဟုတ် မှားယွင်းသော အမြင်ချည်း
ဖြစ်၏။ ယင်းအမြင်မျိုးကို ၀ိပ္ပလ္လာသဟု ခေါ်၏။
ထို့ ကြောင့် ပုထုဇဉ်ဟူသမျှသည် မည်မျှပင် ပညာရှိသည်ဖြစ်စေ
သူ၏ အမြင်၌ တစ်နည်းတစ်ဖုံအားဖြင့် မသာယာဖွယ်ပါမည်သာ
ဖြစ်၏။ ထိုမသာယာဖွယ်ကိုလည်း အနုဋီကာဆရာ၏ သြ၀ါဒ
အတိုင်း ဖယ်ရှား၍ ယင်းမှ ထွက်မြောက်ရာကို ရအောင်ယူရ၏။
ယင်း၏ အဖြေ၊ ယင်းမှ ထွက်ပေါက်ကို ရှာ၍ ထွက်ရ၏။
မသာယာဖွယ် သို့ မဟုတ် အဟန့် အတားကို ဖယ်ရှားရာ၌
ပထမ အခြေခံအနေဖြင့် မြင့်မြတ်သော စိတ်ထားရှိဖို့ 
လို၏။ ထို့ နောက် ဖြစ်ပေါ်လာသော အဟန့် အတားကို
အဘက်ဘက်မှ စူးစမ်းဆင်ခြင်နိုင်ဖို့ လို၏။ နောက်ဆုံး
အချက်အနေဖြင့် ဖယ်ရှားနည်း ဖယ်ရှားဟန် မှန်ဖို့ လို၏။
သို့ မှသာ မသာယာဖွယ် တည်းဟူသော အဟန့် အတားမှ
ထွက်မြောက်ရာကို ကျေကျေနပ်နပ် ရရှိနိုင်မည် ဖြစ်ပါ၏။
သို့ မဟုတ်ပါက နောက်ကြောင်းမအေးဘဲ စိတ်တထင့်ထင့်
ဝေဒနာကို ခံစားနေရပေလိမ့်မည်။
စုန္ဒကား ထိုနည်းကို မသုံး၊ ဘာပဲဖြစ်ဖြစ် သူ့ ဘက်မှ
အသာရသော နည်းကိုသာ သုံး၏။ အနာခံရသော နည်းကို
မသုံး၊ သူ အသာစီးရသော သဘောတရားကိုသာ သုံး၏။
စုန္ဒသည် သူ့ ဘ၀အတွက် အမြဲတမ်း သာယာဖွယ်ကိုချည်း
ရှာသူ ဖြစ်၏။
စုန္ဒသည် မတန်တဆဈေးဖြင့် အနယ်နယ်အရပ်ရပ်မှ ၀ယ်ယူ
လာသော ၀က်ပေါက်စများကို သူ့ အိမ်နောက်ဘက်ရှိ ၀က်ခြံကြီး
ထဲ၌ လှောင်ထား၏။ သတ်ဖြတ်လောက်သော အရွယ်သို့ 
မရောက်မချင်း စုန္ဒသည် ၀က်များကို ကောင်းမွန်စွာ ကျွေးမွေး၏။
ဝက်များ ၀ဖြိုး အသားတိုးမှ အရောင်းအ၀ယ်လုပ်ရာ၌
အမြတ်များများရသည်ကို စုန္ဒသိ၏။ ထို့ ကြောင့် စုန္ဒသည် ၀က်များကို
အစာကျွေးရာ၌ ဖွယ်ဖွယ်ရာရာဖြစ်အောင် ပြုလုပ်၍ ကျွေးပါ၏။
စုန္ဒသည် ၀က်မွေးမြုရေးလုပ်ငန်းဖြင့် အသက်မွေးသော်လည်း
စုန္ဒတစ်အိမ်တည်း လွင်တီးခေါင် နေသည်မဟုတ်၊
ရွာထဲရပ်ထဲ၌ပင် နေ၏။ ရွာထဲ ရပ်ထဲ၌ နေသည်ဆိုကတည်းက
စုန္ဒသည် လူ့ အဖွဲ့ အစည်းတွင်ရှိသော လူမှုရေး၊ နိုင်ငံရေး၊
စီးပွားရေး၊ အုပ်ချုပ်ရေး၊ သာသာရေး စသော ရေးရာအဖြာဖြာ
တို့ နှင့် မလွဲမသွေ ကြုံကြုံက်ရ၏။
ထိုသို့ ကြုံကြိုက်ရာတွင် လူမှုရေးအရလည်း လူသားအချင်းချင်း
ဆက်ဆံရ၏။ နိုင်ငံရေးအရလည်း နိုင်ငံသားအချင်းချင်း ဆက်ဆံရ၏။
စီးပွားရေးအရလည်း ရောင်းသူနှင့် ၀ယ်သူအချင်းချင်း ဆက်ဆံရ၏။
ဘာသရေး၌ကား ထိုကဲ့သို့ မဟုတ်၊ တစ်ဦးတည်း တစ်ယောက်တည်း
လုပ်ရ၏။ တစ်ဦးတည်း တစ်ယောက်တည်း လုပ်မှလည်း ဆိတ်ငြိမ်ရာကို
ရ၏။ ဆိတ်ငြိမ်ရာကို ရမှလည်း ပို၍ ထိရောက်၏။
ဘာသာရေးသည် အခြားတစ်ဘက်ကို မငဲ့သော၊ ဆက်ဆံရေးနှင့်
မပက်သက်သော ပုဂ္ဂလိက လုပ်ငန်းသဘောမျိုး သက်ရောက်သဖြင့်
အခြားသော နိုင်ငံရေး၊ စီးပွားရေး စသော ရေးရာများလောက်
အရေးမကြီးဟု ထင်မှားတတ်ကြ၏။ အမှန်အားဖြင့် ဘာသာရေးသည်
လူတစ်ဦးချင်းစီ၏ ကိုယ်ကျင့်တရားကို တည်ဆောက်ရာ၌ ပဓာနကျ၏။
ကိုယ်ကျင့်တရားကောင်းသော လူတစ်ဦးချင်းစီ ပါဝင်ဖွဲ့ စည်းထားသော
လူ့ အဖွဲ့ အစည်းသာ လူ့ လောက အေးချမ်းသာယာရေးအတွက်
ဆောင်ရွက်နိုင်မည် ဖြစ်၏။
စုန္ဒသည် ကိုယ်ကျင့်တရား တည်ဆောက်ရေးအတွက် ဘာသာရေး
ဟူသမျှ၌ စိတ်ဝင်စားဖြင်း မရှိသဖြင့် သူ့ ၌ ကောင်းသော ကိုယ်ကျင့်တရား
မရှိ၊ ထို့ ကြောင့် စုန္ဒသည် ရပ်ထဲရွာထဲ၌ နေသော်လည်း သူ၏
အိမ်နားပတ်ဝန်းကျင်အပေါ် ငဲ့ညှာထောက်ထားရမှန်း မသိ၊ အားနာရမှန်းမသိ၊
သူလုပ်ချင်သည့် လုပ်ငန်းကို ဇွတ်တရွတ် လုပ်၏။ အမှန်အားဖြင့်
စုန္ဒသည် လူမဟုတ်သော လူဖြစ်၏။
စုန္ဒသည် သတ်ဖြတ်သင့်သော အခြေအနေသို့ ရောက်သော ၀က်များကို
သတ်ဖြတ်၍ ရောင်း၏။ သို့ ရာတွင် စုန္ဒ ၀က်သတ်နည်းကား
ယခုခေတ် ၀က်သတ်နည်းနှင့်မတူ၊ စုန္ဒသည် ၀က်များကို တိုင်၌
ချည်နှောင်၏။ မရုန်းနိုင်အောင် လုပ်၏။ ထို့ နောက် တင်းပုတ်နှင့်
ထု၏။ အသားများ ဖူးဖူးရောင်လာအောင် ပြုလုပ်ခြင်း ဖြစ်၏။
ထိုအခါ ၀က်များသည် အလွန်ဝလာဟန် ရှိ၏။ ထို့ နောက် စုန္ဒသည်
ဝက်များ၏ အာခေါင်ကို တုတ်နှင့်ထောက်ထား၏။
ဝက်များ၏ ပါးစပ်သည် ပွင့်ဟ၍ နေ၏။
စုန္ဒသည် ၀က်များ၏ ပါးစပ်ထဲသို့  ကျိုက်ကျိုက်ဆူနေသော
ရေနွေးကို လောင်းထည့်၏။ ၀က်များ၏ ခန္ဓာတွင်းမှ မစင်များကို
အရည်ပျော်၍ ထွက်သွားအောင် လုပ်၏။ ဤသို့ ရေနွေး
ကျိုက်ကျိုက်ဆူကို အကြိမ်များစွာ လောင်းထည့်၏။
ဝက်များ၏ အူအတွင်းမှ ကျဆင်းလာသော အရည်သည်
ဖြူလာသောအခါမှ ရေနွေးလောင်းထည့်ခြင်းကို ရပ်၏။
စုန္ဒ၏ ၀က်သတ်နည်းသည် တွေးကြည့်လျှင်
ကြက်သီးမွေးညင်း ထဖွယ်ကောင်းလောက်အောင်
ရက်စက်လှသည်။ စုန္ဒ၏ အိမ်နီးနားချင်းနေ လူများ
အဖို့ တော့ မည်သို့ ခံစားရမည် မသိ။
စုန္ဒသည် မည်သူ့ ကိုမျှ အရေးထားသည် မဟုတ်။
သူလုပ်ချင်သည့်အတိုင်း လုပ်သူဖြစ်၏။ စုန္ဒ၏
အိမ်နားတွင် မနေလိုပါက ပြောင်းရွှေ့ သွားရုံသာရှိ၏။
မမြင်လိုပါက မျက်စိကို ပိတ်ထားရုံသာ ရှိ၏။
မကြားလိုပါကလည်း နားကို ပိတ်ထားရုံသာ ရှိ၏။
စုန္ဒကတော့ မည်သူ့ ကိုမျှ အလေးထား၍
စဉ်းစားမည် မဟုတ်။ စုန္ဒ၏ အိမ်နားမှ ပြောင်းရွှေ့ မသွားနိုင်
ကြသူများသည် စုန္ဒကို လျစ်လျူရှုရုံမှတစ်ပါး
အခြားနည်းလမ်းများ မရှိတော့။
ဤနည်းအတိုင်း စုန္ဒသည် ၅၅ နှစ်တိုင်တိုင် ၀က်လုပ်ငန်းဖြင့်
အသက်မွေးမြူ၏။ ထိုကာလအတွင်း စုန္ဒသည် ၀က်များကို
သတ်ရာ၌ အလွန်ပျော်၏။ ၀က်များကို တင်းပုတ်ဖြင့် ထုသောအခါ
ဝက်များအော်ဟစ်ကြသည်ကို ကြားရလျှင်လည်း စောင်းသံကို
ကြားရသည်နှယ် အလွန်ပီတိဖြစ်၏။ ကျိုက်ကျိုက်ဆူနေသော
ရေနွေးများကို ၀က်များ၏ ပါးစပ်ထဲသို့ လောင်းချလိုက်သောအခါ
ဝက်များ စူးစူးဝါးဝါး အော်ဟစ်ကြသည်ကို ကြားရသောအခါလည်း
စုန္ဒသည် အလွန်နားထောင်ကောင်းသည်ဟု ထင်၏။
တစ်နေ့ တွင် စုန္ဒသည် မမာမကျန်းဖြစ်၏။ လောကအေပါ်
အနိုင်ယူခဲ့သမျှ ခုတော့ စုန္ဒသည် ဓမ္မ၏ ဒဏ်ခတ်ခြင်းကို ခံရလေပြီ။
၅၅ နှစ်လုံးလုံး ၀က်များအပေါ် စုန္ဒပြုမူခဲ့သည့်အတိုင်း အ၀ီစိ
ငရဲမီးလျှံသည် စုန္ဒဆီသို့  ရောက်လာ၏။ စုန္ဒသည်
ပူလောင်ခြင်း ဝေဒနာကို ပြင်းပြစွာ ခံစားရ၏။
ဝက်များသွားသည့်အတိုင်း လေးဘက်ထောက်၍ သွားရ၏။
ဝက်များ အော်ဟစ်သည့်အတိုင်း ဆူညံစွာ ၀က်သံဖြင့်
အော်ဟစ်ရ၏။
အကုသိုလ်ဟူသည် ဓမ္မနိယာမအတိုင်း တူသော အကျိုးကို
ပေး၏။ ကုသိုလ်သည်လည်း ထိုနည်းအတူပင် တူသောအကျိုးကို ပေး၏။
ဤနေရာ၌ကား စုန္ဒသည် သူ့ ဘ၀သက်တမ်းတစ်လျှောက်လုံး
ကုသိုလ်ကောင်းမှုဟူ၍ ဘာမျှ မပြုလုပ်ခဲ့သည့်အတွက် ကုသိုလ်နှင့်
ပက်သက်၍ တူသော အကျိုးပေးစရာ ဘာမျှ မရှိ၊ အကုသိုလ်ကသာ
တူသော အကျိုးပေးစရာ ရှိလေသည်။
စုန္ဒ၏ ကိုယ်၌ အနာတို့ သည် ဖူးဖူးရောင်ထကြကုန်၏။
အ၀ီစိ ငရဲမီးလျှံသည် စုန္ဒကိုယ်ပေါ်လွှမ်းခြုံထား၏။
စုန္ဒသည် သတိလွတ်ကင်း၍ အိမ်၏ အတွင်း၌ ဟိုမှသည်မှ
လှည့်လည်ပြေးသွား၏။ အိမ်သူအိမ်သားတို့ ကလည်း
စုန္ဒ အဝေးသို့ ထွက်မပြေးနိုင်စိမ့်သောငှာ အိမ်တံခါးကို
လုံခြုံစွာ ပိတ်ထားကြ၏။ လုံခြုံစွာ ပိတ်၍ထားသော
အိမ်အတွင်း၌ စုန္ဒသည် ၀က်ခြံတွင်း၌ အသတ်ခံရမည့် ၀က်များ
ထွက်ပေါက်ကို ရှာသကဲ့သို့  လှည့်လည်၍ ထွက်ပေါက်ရှာ၏။
စုန္ဒသည် ၀က်၏အော်သံဖြင့် ဆူညံစွာ အော်ဟစ်လျက် နေ၏။
စုန္ဒသည် အရှင်လတ်လတ် ပူပြင်းလှသော အ၀ီစိငရဲမီးဒဏ်ကို
ပြင်းထန်စွာ ခံစားရ၏။ အိမ်နီးပါးချင်းတို့ သည် စုန္ဒ၏ အော်သံကြောင့်
အိပ်၍မရဘဲ ရှိကြ၏။ စုန္ဒသည် ၇ ရက်ပတ်လုံး ၀က်များကို သူသတ်စဉ်က
ဝက်များခံစားရသည့်အတိုင်း ခံစားရ၏။ ၀က်များ ပြေးပေါက်ရှာသည့်အတိုင်း
သူလည်း ပြေးပေါက်ကို ရှာရ၏။ ၀က်များ နာကျင်စွာ ခံစားရသော
ဝေဒနာကြောင့် အော်ဟစ်ရသကဲ့သို့  စုန္ဒသည် အော်ဟစ်ရ၏။
ရ ရက်တိုင်တိုင် စုန္ဒသည် အရှင်လတ်လတ် လူ၏ ခန္ဓာဖြင့်
အ၀ီစိငရဲ၏ ဒဏ်ကို ခံစားရပြီးနောက် သေဆုံး၍ အ၀ီစိငရဲ၌
ကျရောက်လေ၏။ စုန္ဒ၏ အိမ်နီးပါးချင်းတို့ သည်
များစွာ ထိတ်လန့် ကြ၏။
စုန္ဒ၏ အိမ်အနီးမှ ဖြတ်၍သွားကြသော ရဟန်းတို့ က
မြတ်စွာဘုရားအား လျှောက်ထားကြ၏။ စုန္ဒ၏ အိမ်၌ ၇ ရက်
ပတ်လုံး ၀က်များ သတ်နေသည့် အသံကို ကြားရပါသည်။
စုန္ဒသည် အလွန် ရက်စက်ကြမ်းကြုတ်သူ ဖြစ်ပါသည်။
ဤမျှလောက် ရက်စက်ကြမ်းကြုတ်သောသူ တစ်စုံတစ်ယောက်ကိုမျှ
တပည့်တော်တို့  မတွေ့ ရဘူးပါဟု လျှောက်ထားကြ၏။
ထိုအခါ မြတ်စွာဘုရားက ချစ်သားရဟန်းတို့ ၊ စုန္ဒသည်
၇ ရက်ပတ်လုံး ၀က်တို့ ကို သတ်နေသည်မဟုတ်၊ ၅၅ နှစ်တို့ 
ကာလပတ်လုံး သူပြုခဲ့သော မကောင်းမှု အကုသိုလ်ကံသည်
ဤပစ္စုပ္ပန်ဘ၀၌ပင် စုန္ဒအား တူသောအကျိုးကို ပေးခြင်းဖြစ်၏။
ယနေ့ တွင်မှ စုန္ဒသည် ကွယ်လွန်၍ အ၀ီစိငရဲသို့ ကျသွားခြင်း
ဖြစ်သည်ဟု မိန့် တော်မူကာ အောက်ပါဂါထာကို ဟောတော်မူ၏။
- မကောင်းမှုကို ပြုသူသည်
ဤပစ္စုပ္ပန်ဘ၀၌လည်း စိုးရိမ်ပူပန်ရ၏။
- နောင်တမလွန်ဘ၀၌လည်း စိုးရိမ်ပူပန်ရ၏။
ပစ္စုပ္ပန် တမလွန် နှစ်ဘ၀လုံး၌ စိုးရိမ်ပူပန်ရ၏။
- ထိုသူသည် မိမိ၏ ညစ်ညမ်းသော အကုသိုလ် ကံကြမ္မာကို
မြင်၍ စိုးရိမ်ပူပန်ရ၏။ စိုးရိမ်ပူပန်ရသည်နှင့်အမျှ ပင်ပန်းရ၏။
(ဆရာကြီး ဦးရွှေအောင် ရေးသားသော
ဓမ္မပဒ - စုန္ဒ၀က်ကုန်သည် ၀တ္ထု မှ)
မေတ္တာဖြင့် စီကုံးပူဇော်သူ
အနှိုင်းမဲ့စာတိုပေစများ
0 comments:
Post a Comment