ဂျေလိုသည် သူမ၏ ဘဝနှင့် အချစ်ရေးတို့ကို ဖွင့်ဟထားသည့် Ture Love အမည်ရှိ ကိုယ်ရေးအထုပ္ပတ္တိ စာအုပ်ကို ရေးသားထားသည်
သူမ၏ ဘဝတွင် ပထမဆုံး ရေးသားထုတ်ဝေသည့် စာအုပ်နှင့် ပတ်သက်၍ စိတ်လှုပ်ရှားနေမိကြောင်း ဂျနီဖာလိုပက်ဇ်က ဖွင့်ဟဝန်ခံခဲ့သည်။ ဂျနီဖာသည် သူမ၏ ဘဝနှင့် အချစ်ရေးတို့ကို ဖွင့်ဟထားသည့် Ture Love အမည်ရှိ ကိုယ်ရေးအထုပ္ပတ္တိ စာအုပ်ကို ရေးသားထားသည်။ အဆိုပါ စာအုပ်ကို အောက်တိုဘာလတွင် ဖြန့်ချီသွားမည်ဖြစ်ရာ သူမဘဝ၏ အတွင်းကျကျ အချစ်ရေး ခံစားချက်များကို လူအများ သိရှိအောင် ဖြန့်ဝေလိုက်သည့် အခြေအနေအတွက် မတင်မကျ ခံစားချက်များ ဖြစ်ပေါ်မိကြောင်း ဂျနီဖာက ပြောကြားခဲ့သည်။
“ရယ်စရာတော့ကောင်းတယ်။ တကယ်တမ်းကျတော့ ကျွန်မအနေနဲ့ ကိုယ့်အကြောင်းတွေကို ပုံနှိပ်ထုတ်ဝေဖြစ်ဖို့ ခုလိုစာရေးဖြစ်ခဲ့တာ မဟုတ်ဘူးလေ”ဟု ဂျနီဖာက Peopleသို့ ဆိုသည်။ သူမက “ကျွန်မက နှစ်တိုင်းနှစ်တိုင်း ဒိုင်ယာရီ ရေးဖြစ်တယ်။ အထူးသဖြင့် ကမ္ဘာလှည့် ဖျော်ဖြေပွဲတွေ ရှိနေချိန်တွေမှာပေါ့။ လမ်းပေါ်မှာ ခရီးသွားဖြစ်နေတဲ့ အခါမျိုးမှာ တစ်ခုခု လုပ်ချင်နေတယ်လေ။ နောက်တော့ ကျွန်မ သတိပြုမိလာတယ်။ ဘုရားရေ။ ငါဟာ စာအုပ်တစ်အုပ် ရေးဖြစ်နေပါလား ဆိုတာကိုပေါ့”ဟုလည်း ရှင်းပြခဲ့သည်။
သူမက “တစ်ခါမှာတော့ စဉ်းစားမိလာတယ်။ ဒီအကြောင်းအရာတွေကို စာအုပ်ထုတ်သင့်သလား ဆိုတာကိုပေါ့။ ကျွန်မဘဝမှာ ထပ်တူကျ သင့်တော်သူ တစ်ယောက်ကို လိုက်ရှာမိတာ၊ ဆုတောင်းခဲ့ဖူးတာတွေ ရှိတယ်။ ကျွန်မရဲ့ ခံစားချက်တိုင်းကိုတော့ ဖြန့်ဝေပြတာမျိုး မဖြစ်ချင်ခဲ့ဘူး။ ဒါပေမဲ့လည်း အမှားတစ်ခုကို ကျွန်မလုပ်ခဲ့ဖူးရင် ဒါမျိုးကို တခြားသူတွေ မကြုံစေချင်ဘူးလေ။ ဒါကြောင့်လည်း ကျွန်မ တတ်နိုင်သလောက် လူတွေကို ဝေမျှပေးဖို့ စဉ်းစားမိခဲ့တာပါ”ဟု ရှင်းပြခဲ့သည်။ On The Floorစတား အဆိုတော်သည် တနင်္ဂနွေနေ့က ကျင်းပသည့် Billboard ဂီတဆုပေးပွဲတွင် Icon Award ဂုဏ်ပြုဆုကို ချီးမြှင့်ခံရသည့် ပထမဆုံး အမျိုးသမီး အနုပညာရှင် ဖြစ်လာခဲ့ကြောင်းလည်း သိရှိရသည်။
From: Planet Myanmar Network

Time in Rangoon