Monday, September 01, 2014

ရိုးရာကြိမ် လုပ်ငန်း ပျောက်ကွယ်တော့မည်ကို ဒေသခံများစိုးရိမ်

Posted by Unknown Monday, September 01, 2014, under | No comments




ပုသိမ်

မျိုးမင်းပိုင်

ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချလျက်ရှိသော အိမ်တွင်း အသေးစား လက်မှု လုပ်ငန်းတစ်ခု ဖြစ်သည့် ရိုးရာကြိမ် လုပ်ငန်း ပျောက်ကွယ် တော့မည်ကို ဒေသခံများနှင့် လုပ်ငန်းရှင်များ စိုးရိမ်နေကြသည်။လုပ်သားရှားပါးမှု ပြဿနာ၊ ခေတ်နှင့် လျော်ညီသော လုပ်အားခ သတ်မှတ်မပေး နိုင်ခြင်း၊ နိုင်ငံတော်မှ အရင်းအနှီး ဈေးကွက် နည်းပညာပိုင်း ဆိုင်ရာ ထောက်ပံ့မှု မရှိခြင်းကြောင့် ရိုးရာ လက်မှုကြိမ်လုပ်ငန်း ပျောက်ကွယ်မည်ကို ဒေသခံများနှင့် လုပ်ငန်းရှင်များ စိုးရိမ်နေခြင်းလည်း ဖြစ်သည်။ လုပ်ငန်းတစ်ခု တိုးတက်အောင်၊ ဆန်းသစ်အောင် ပြည်ပကို ထပ်ပြီး ဈေးကွက် ချဲ့ထွင်နိုင်အောင် ဘယ်လို လုပ်ရင် အောင်မြင်မယ်၊ ရိုးရာ လုပ်ငန်း ထိန်းသိမ်းထား နိုင်မယ်ဆိုတာ ကျွန်တော်တို့ သိတယ်။ ဒါကို တီထွင် ကြံဆဖို့ သုတေသန ပညာရှင်၊ ငွေကြေး ဈေးကွက်၊ လုပ်သား ရှားပါးမှုတွေ ရှိတယ်။ ဒါကြောင့် ရေရှည် ရပ်တည်ဖို့ မလွယ်ဘူး ဟု ရေကြည်မြို့နယ် ကြိမ်လုပ်ငန်းရှင် အသင်း ဥက္ကဋ္ဌ ကိုစိုးနိုင်က The Messenger Media သို့ ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့တွင် ကြိမ်လုပ်ငန်းကို ဘိုးဘွား အစဉ်အဆက် လုပ်ကိုင်ခဲ့ပြီး အမေရိကန်၊ ထိုင်ဝမ်၊ ဂျပန်၊ ဥရောပနှင့် အခြား ပြည်ပနိုင်ငံ များသို့ တင်ပို့ ရောင်းချလျက် ရှိသည်။ ဘိုးဘွား စဉ်ဆက်လုပ်ခဲ့တာ။ စလုပ်လုပ်ချင်း ပြည်တွင်း သုံးဆွဲခြင်း၊ လက်ဆွဲခြင်း လေးတွေ လုပ်တာ။ ပြည်ပကို တင်ပို့တာ နှစ် (၂၀) လောက်ရှိပြီ။ အခု ကတော့ ပြည်ပနိုင်ငံတွေမှာပဲ သုံးတော့တယ်။ ဒီလုပ်ငန်း ကနေ ကျွန်မတို့ နိုင်ငံ အတွက် နိုင်ငံခြားဝင်ငွေလည်း ရှာဖွေပေး နေတာပါ။ ဒါပေမဲ့ နိုင်ငံတော်က အသေးစား ရိုးရာအိမ်တွင်း လက်မှု လုပ်ငန်းတွေကို ထောက်ပံမှုတွေ မရှိတဲ့အခါကျ တော့ ရိုးရာလုပ်ငန်း ပျောက်ကွယ်မှာ စိုးရိမ်မိတယ် ဟု ကြိမ် လုပ်ငန်းရှင် မစိုးစိုး ကပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့ နယ်တွင် ယခင်က ကြိမ်လုပ်ငန်းရှင်ပေါင်း (၂၀၀)ကျော်၊ လုပ်သား တစ်သောင်းခန့်ရှိရာ ယခု လက်ရှိ တွင် ကြိမ် လုပ်ငန်းရှင် (၃၀)ခန့် နှင့် လုပ်သား (၃၀၀၀) ခန့်သာ ရှိတော့သည်။ ကြိမ်လုပ်ငန်းဟာ ကျွန်တော်တို့ ဒေသဆီက ဘိုးဘွားစဉ် ဆက်လက်မှု လုပ်ငန်း တစ်ရပ်ပါ။ နောက်ပိုင်းတော့ လုပ်သား ရှားပါးတာတွေ၊ ကုန်ကြမ်းရှားတာ တွေနဲ့ အရင်လို သိပ်မလုပ်ကြတော့ဘူး။ ကိုယ့်နိုင်ငံ အတွက် ဒီလုပ်ငန်း က ဂုဏ်ယူစရာတစ်ခု ဖြစ်ပါတယ်။ အမွေအနှစ်တွေ ပျေက်မှာ ကိုတော့ စိုးရိမ်မိတယ် ဟု ရေကြည်ဒေသခံ အသက်(၈၂) နှစ်ရှိ ဦးကြည်က ဆိုသည်။ ကြိမ်လုပ်သားများ အနေဖြင့် မနက် (၆) နာရီမှ ညနေ(၆)နာရီအထိ လုပ်ကိုင်ရပြီး ပျမ်းမျှ တစ်နေ့ဝင်ငွေ (၁၂၀၀) သာ ရကြသည်။

တစ်နေ့ (၁၂၀၀) ပဲရတာ။ ဘယ်အဆင်ပြေမလဲ။ ဒါ့ကြောင့်လည်း မြို့ပေါ်တက် အလုပ်ရှာ၊ ဒါမှမဟုတ် အထည်ချုပ် စက်ရုံတွေ ပြောင်းပြီး လုပ်ကြတဲ့ ညီမ သူငယ်ချင်း တွေအများကြီးပဲ။ ညီမ ကတော့ မြန်မာ့ရိုးရာ လက်မှုလုပ်ငန်း အလုပ်ကို မြတ်နိုးတယ်။ နိုင်ငံခြားသာ မရောက်ဖူးပေမယ့် ညီမတို့ လက်ရာတွေ နိုင်ငံခြားတွေ ရောက်တယ်။ TV တွေမှာ ကြည့်လိုက်ရရင် ဂုဏ်ယူလို့ မဆုံးဘူးဟု ကြိမ်လုပ်သား အလုပ်သမ မစံပယ် ကပြောသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် အသေးစား ရိုးရာလက်မှုလုပ်ငန်းများ ဖြစ်သည့် ပုသိမ်ထီး လုပ်ငန်း၊ အိုးလုပ်ငန်း၊ ကြိမ် လုပ်ငန်း၊ သင်ဖျူးဖျာ လုပ်ငန်း၊ နှီးဦးထုပ် လုပ်ငန်း၊ ၀ါးဖက်ခမောက် လုပ်ငန်းတို့သည် ပြည်တွင်း ပြည်ပ ဈေးကွက်များသို့ တင်ပို့ ရောင်းချလျက်ရှိသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်