Sunday, November 17, 2013
လူတို့၏ ခန္ဒာကိုယ်သည်
Posted by drmyochit
Sunday, November 17, 2013, under ဆောင်းပါး | No comments
လူတို့၏ ခန္ဒာကိုယ်သည် အံ့ဖွယ် စွမ်းရည်များဖြင့် ဖွဲ့စည်း တည်ဆောက် ထားပါသည်။ ထိုစွမ်းရည်များ ထဲမှ တစ်ခုသည် နာမကျန်း ဖြစ်နေပြီဆိုပါက ထိုအကြောင်းကို ခန္ဓာကိုယ်၏ အစိတ်ပိုင်း တစ်ခုခု ကပြ သနေတတ်ခြင်းပင်ဖြစ်သည်။
နံနက်ခင်း မျက်နှာ သစ်ပြီးစ အချိန်တွင် လူသားတိုင်း တစ်ကြိမ်တော့ မှန်ကြည့် မိတတ် ကြပါသည်။ ထိုအချိန်မျိုးတွင် အချိန် အနည်းငယ် မျှ ပေး၍ ကြေးမုံပြင်တွင် ထင်ဟပ်နေသော မိမိတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်း ပုံရိပ်များကို ကြည့်ရှု စစ်ဆေး ပေးခြင်းဖြင့် ကျန်းမာရေး ယိုယွင်းလာမှု၏ အစောပိုင်း လက္ခဏာများကို သိမြင် လာနိုင်သည်ဟု ကျန်းမာရေး ဆိုင်ရာ ပညာရှင်တို့ ဆိုကြပါသည်။ ထိုအချိန်မျိုးတွင် မိမိခန္ဓာကိုယ်မှ- (၁)လက်သည်း (၂)ချိုင်း (၃)မျက်ခွံ၊ ဒူးခေါင်းနှင့် တံတောင်ဆစ် (၄)ဦးရေပြား (၅)ဝမ်းဗိုက် (၆)လျှာ (၇)မျက်စိ တို့ကိုကြည့်ရှု စစ်ဆေး သင့်ကြောင်း ပညာရှင်တို့ အကြံပြု ထားပါသည်။
(၁)လက်သည်း လူသားတို့၏ အရေပြားတွင် ခုံးထနေသော မှဲ့များ တွေ့ရ တတ်ပါသည်။ ထိုမှဲ့များသည် အရေပြား ကင်ဆာ၏ ရှေးဦး သင်္ကေ တ ဖြစ်နိုင်ပါသည်။ မှဲ့ကင်ဆာသည် လက်သည်း၏ အောက်ဖက် တွင် လည်း ဖြစ်ပွားနိုင်ပါသည်။ လက်သည်းပေါ်မှ အဝါရောင်၊ အညိုရောင်၊ အမည်းရောင် အစင်းများသည် အရေပြားကင်ဆာ၏ ရှေးဦးပုံရိပ်ဖြစ် နေ တတ် ပါသည်။ အဘယ်ကြောင့် ဆိုသော် ထိုအစင်းများသည် မှဲ့ကင် ဆာကြောင့် ဆဲလ်များ ထိခိုက် ပျက်စီးရာမှ ဖြစ်ပေါ်လာ တတ် သောကြောင့်ဖြစ်သည်။ မှဲ့ကင်ဆာသည် အရေပြား ကင်ဆာများ ထဲတွင် အသေအပျောက် အများဆုံးသော ရောဂါ ဖြစ်သည်ဟု နယူးယောက် စီးတီးမှ အရေပြား အထူးကု ဒေါက်တာ အေရီအော့စတိက ဆိုပါသည်။ သို့ရာတွင် စောစီးစွာ သိရှိကုသ နိုင်ပါက ၉၅ရာခိုင်နှုန်းမှာ ပျောက်ကင်း နိုင်ပါသည်။
ထို့ကြောင့် လက်သည်းများကို ကြည့်ရှု စစ်ဆေး ပေးခြင်းဖြင့် အထက်ပါ အချက်များကို စောစီးစွာ သိနိုင်မည် ဖြစ်သည်။ လက်သည်းပေါ်တွင် အဖြူအစင်းများ ရှိနေပြီး ပင်ပန်း နွမ်းနယ်မှု ဒဏ်ကို ခန္ဓာကိုယ်က ခံစားနေရပြီ ဆိုပါက သတိထား သင့်ပါသည်။ အဘယ်ကြောင့် ဆိုသော် ထိုအချက်သည် ကျောက်ကပ်များ လုပ်ဆောင်မှု အားနည်းရာမှ ဖြစ်ပေါ် လာတတ်သော သင်္ကေတ ဖြစ်နိုင်သောကြောင့် ဖြစ်သည်။ ထိုအဖြူစင်း များသည် ဆီးတွင် ပါသွားသော အသားဓာတ်များကို ကျောက်ကပ် က ပြန်လည် စုပ်ယူမထား နိုင်ခြင်း သင်္ကေတ ဖြစ်သည်ဟု ဒေါက်တာ အော့ စတိက ဆိုပါသည်။ ဆိုလိုသည်မှာ ခန္ဓာကိုယ်သည် အသားဓာတ် ထိန်းသိမ်း ထားနိုင်မှုထက် ဆုံးရှုံးမှုက ပိုများနေကြောင်း၊ ကျောက်ကပ်များ လုပ်ဆောင်မှု အားနည်း နေကြောင်းကို ညွှန်ပြခြင်း ဖြစ်သည်။ ထို့ကြောင့် ဆရာဝန်နှင့် ပြသကာ ဆီးစစ်ရန် လိုအပ်ကြောင်း ညွှန်ပြနေသော အမှတ်အသားဟု ဆိုရမည် ဖြစ်သည်။
(၂)ချိုင်း တစ်ခါတရံ ချိုင်းတွင် ကြမ်းတမ်းသော အမည်းကွက် များ မြင်တွေ့ရလေ့ ရှိပါသည်။ နေရောင်ဒဏ်ခံ အဆီ သုတ်လိမ်း ထားခြင်း ကြောင့်မဟုတ်ပါက ထိုသင်္ကေတသည် ဆီးချို၊ သွေး ချို ရောဂါရှိနေခြင်း သင်္ကေတဖြစ်နိုင်သည်ဟု Web MD’s Chief Editor ဒေါက်တာ မိုက်ကယ်စမစ်က ဆိုပါသည်။ သွေးထဲတွင် အင်
ဆူလင် အမြောက်အများ ရှိနေခြင်းသည် အရေပြားဆဲလ် များကို လျင်မြန်စွာကွဲပြားစေပြီး တစ်ရှုးနှင့်မယ်လနင် ဓာတ်ဖြစ်ပေါ်နှုန်း မြင့် မား စေပါသည်။ ထိုအခါ အရေပြားသည် ကြမ်းတမ်းပြီး ပိုမည်းလာပါသည်။ အများအားဖြင့် ချိုင်းကြား၊ လည်ပင်း၊ ပေါင်ခြံများတွင်အမည်းကွက်များ တွေ့ ရတတ်သည်ဟု ဒေါက်တာ မိုက်ကယ် စမစ်က ဆိုပါသည်။ ထို့ကြောင့် ချိုင်းတွင် ကြမ်းတမ်းသော အမည်းကွက်များ တွေ့ရပါက ဆီးချို၊ သွေး ချိုရောဂါ ရှိမရှိကို စစ်ဆေးသင့်ကြောင်း အကြံပြုပါသည်။
ဆီးချို၊ သွေးချိုရောဂါသည် ရောဂါဖြစ်ပွား နေကြောင်းကို အများအားဖြင့် မသိရှိကြသော ရောဂါဖြစ်သည်။(၃)မျက်ခွံ၊ ဒူးခေါင်းနှင့် တံတောင် ဆစ် မျက်ခွံ၊ ဒူးခေါင်းနှင့် တံတောင်ဆစ် တို့တွင် သေးငယ် ပျော့ပြောင်းသော အဖြူရောင်(သို့မဟုတ်) ဝါကျင်ကျင် အလုံးလေးများ တွေ့ရလျှင် သတိထား သင့်သည်ဟု ဒေါက်တာ စမစ်က ဆိုပါသည်။ ထိုအလုံး ကလေး မျာကိုလည်း တွေ့ရ၊ တစ်ချိန်တည်း မှာပင် ခန္ဓာကိုယ်တွင် ကိုလက်စထရော ပမာဏလည်း မြင့်တက်နေပါက အသက် အန္တရာယ်ရှိနိုင်သော နှလုံးရော ဂါ၏ လက္ခဏာ ဖြစ်သည်။ ထိုလက္ခဏာကို သိရှိ မြင်တွေ့ရပါက ကျွမ်း ကျင်သူ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေး သင့်သည်ဟုလည်း ဒေါက်တာ စမစ်က ဆိုထား ပါသည်။
(၄) ဦးရေပြား ဦးရေပြား အရေခွံများ ကျွတ်နေသည်ကို တွေ့ရပါက ထိုလက္ခဏာသည် စိတ်ဖိစီးမှု၏ လက္ခဏာ ဖြစ်သည်ဟု ဒေါက်တာစမစ်က ဆိုပါသည်။ ပြင်းထန်သော စိတ်ဖိစီးမှုသည် ခန္ဓာကိုယ်မှ ကော်တီ ဆုန်း ဟော်မုန်းကို အများအပြား ထွက်စေသည်။ ကော်တီဆုန်း ဟော် မုန်းသည် ကိုယ်ခန္ဓာခု ခံအားနှင် ဇီဝ လုပ်ဆောင်မှုတို့ကို ပျက်ပြားစေသည့် အပြင် ဦးရေပြားကိုလည်း သွေ့ခြောက်စေ သည်။ ဦးရေပြား သွေ့ခြောက်ပြီး အရေခွံများ ကျွတ်ခြင်းသည် ဗောက်ပျောက်စေသော ခေါင်းလျှော်ရည်များ သုံးစွဲခြင်းဖြင့် ခေတ္တ ပျောက်ကင်း စေနိုင်သော်လည်း လုံးဝ ပျောက်ကင်း သက်သာစေရန်မူ ဝလင်စွာ အိပ်စက်ခြင်း၊ အသက် ပြင်းပြင်းရှုရှိုက်ခြင်း၊ အလုပ်မှ ခေတ္တအနားယူခြင်း တို့ပြုလုပ်ရန် လိုအပ် ပါသည်။
(၅)ဝမ်းဗိုက် အမျိုးသမီးများတွင် ဆီးခုံ အောက်ဖက်ပိုင်း၌ အမွေးနု များ ပေါက်လေ့ရှိသည်မှာ သဘာဝပင် ဖြစ်သည်။ သို့ရာတွင် အမွေးနုများ မဟုတ်ဘဲ အမွေးကြမ်းများ ဆီးခုံ တစ်လျှောက်တွင် မကဘဲ ဝမ်းဗိုက် အပေါ်ထိပါ ပေါက်လာပါက မျိုးဥအိမ်တွင် အရည်အိတ် များစွာ ဖြစ်ပေါ် ခြင်းကြောင့်ဖြစ်သော ရောဂါ လက္ခဏာစုထဲမှ တစ်ခုဖြစ်နိုင်ကြောင်း တက္ကဆက် ဆေးတက္ကသိုလ် သားဖွားနှင့် မီးယပ်ဌာန ဒေါက်တာ ပါမာ လဘီရင်က ဆိုပါသည်။ ကျားဟော်မုန်း အများအပြား ထုတ်လုပ်မှုကြောင့် သွေးဆင်း များခြင်း၊ ကိုယ်အလေးချိန် တိုးခြင်း၊ ဝက်ခြံပေါက်ခြင်း၊ ဝမ်းဗိုက်၊ မျက်နှာ၊ ရင်ဘတ်နှင့် နောက်ကျော များတွင် အမွေးကြမ်းများ ပေါက်ခြင်း တို့ဖြစ်ပေါ် တတ်ပါသည်။ ထိုရောဂါ လက္ခဏာများ ဖြစ်ပေါ်နေသော အမျိုး သမီး(၁ဝ)ဦးတွင် (၅)ဦးသည် မျိုးမပွား နိုင်ခြင်းနှင့် နှလုံးရောဂါ ကဲ့သို့သော ရောဂါ အန္တရာယ်များ ကြုံတွေ့ ရတတ်ပါသည်။ ထိုလက္ခဏာများ ဖြစ်ပေါ်ပါက သားဖွားနှင့် မီးယပ်ဆရာဝန်နှင့် ပြသသင့်ပြီး ဟော်မုန်း ပမာဏ ထိန်းညှိရန် လိုအပ်ပါသည်။
(၆)လျှာ လျှာသည် ပုံမှန်အရောင် အဆင်းမဟုတ်ဘဲ အဖြူရောင် ဆေး သုတ်ထား သကဲ့သို့ ဖြူဆွတ်ဆွတ် ဖြစ်နေပါက အိပ်မောကျနေစဉ် အတွင်း အစာအိမ်မှအစာများ နောက်ပြန် ဖိတ်စင်မှုကြောင့် ဖြစ်နိုင်သည် ဟု ဒေါက် တာဖရိုင် ဟိုမာက ဆိုသည်။ ပုံမှန်အားဖြင့် အစာမျိုပြွန် အောက်ခြေရှိ တစ်ဖက်ပွင့် အဆို့ရှင် သည် အစာအိမ် အတွင်းသို့ ရောက်ပြီးသော အစာများကို နောက်ပြန် မဖိတ်စင်အောင် ပြုလုပ်ပေး သည်။ ထိုအဆို့ရှင် မလုံသောအခါ အစာခြေ အက်ဆစ်များ ခံတွင်း ဘက်သို့နောက်ပြန် ဖိတ်စင်သောကြောင့် လည်ချောင်းကွဲပြီး လျှာမှာ လည်း အက်ဆစ်များဖြင့် ဖုံးအုပ်နေကာ အဖြူရောင်ဖြစ်၍ ခံတွင်းနံ့ လည်း ဆိုးရွားနေ ပါလိမ့်မည်။ ထိုရောဂါ လက္ခဏာကို ပျောက်ကင်းစေရန် အက်ဆစ် ပြေဆေး သောက် သုံးခြင်း၊ (သို့မဟုတ်)အက်ဆစ်များသော အစား အစာ၊ ပူစပ်သော အစားအစာတို့ကို ရှောင်ကြဉ်ခြင်းဖြင့် ကုသနိုင် ပါသည်။ မသက်သာပါက ဆရာဝန်နှင့် ပြသရန် လိုအပ်ပြီး ခန္ဓာကိုယ် အတွင်းမှ အက်ဆစ် ထုတ်လုပ်မှု လျှော့ချရန် ဆေးဝါးများ သောက်သုံး သင့်ပါသည်။
(၇)မျက်စိ တစ်ခါတစ်ရံတွင် ရုတ်တရက် မျက်ကွင်း ညိုလာတတ်ပါ သည်။ မျက်ကွင်း ညိုရခြင်းတွင် အကြောင်းအရင်း များစွာ ရှိတတ်ပါသည်။ ညဥ့်နက် သန်းခေါင် တိုင်အောင် အလုပ်လုပ်ရသော အခါတွင် လည်း မျက်ကွင်း ညို တတ် ပါသည်။ ထိုသို့မဟုတ်ပါလျှင် ရုတ်တရက် မျက်ကွင်း ညိုလာမှုသည် ဓာတ်မထည့်မှုကြောင့် ဖြစ်နိုင်ပါသည်။ လူ့ ခန္ဓာကိုယ်သည် ဓာတ်မတည့် ပစ္စည်းနှင့် တွေ့ဆုံပါက ဟစ္စတမင်း ဟူသည့် ဓာတုပစ္စည်း တစ်မျိုး ထွက်ရှိပါ သည်။ ထိုဓာတုပစ္စည်းသည် သွေးကြောများကို သွေးနှင့် အခြား အရည် များဖြင့် ဖောရောင်စေပြီး အရေပြား၏ အပါးလွှာ ဆုံးနေရာတွင် အမည်းကွက် များ ဖြစ်ပေါ်စေပါသည်။ ထိုသို့ မျက်ကွင်းညို လာပါက အရေပြားဆိုင်ရာ စစ်ဆေးမှု ပြုလုပ်ခြင်းဖြင့် မျက်ကွင်းညိုခြင်း ဖြစ်စေသော ဓာတ်မတည့်သည့် ပစ္စည်းကို သိရှိ ကုသနိုင်ပါသည်။ တစ်ခါတစ်ရံတွင် မျက်သားအဖြူပေါ်၌ အနည်းငယ်ကြွတက် နေသော အဖုလေး တွေ့ရ တတ်ပါသည်။
သာမန်အားဖြင့် အန္တရာယ်မရှိသော မျက်သား တက်ခြင်း ဖြစ်နိုင်ပါ သည်။ နေရောင်၊ လေ၊ ဖုန်မှုန့်များကြောင့် ဆက်သွယ်တစ်ရှုးများ အလွန်အမင်း ကြီးထွား လာခြင်းဖြစ် သည်ဟု မျက်စိ အထူးကု ဒေါက်တာ ထရေစီဂိုး စတိန်းက ဆိုပါသည်။ ထိုအဖုလေး ဆက်လက် ကြီးထွား မလာစေရန် မျက်စိစိုစွတ် နေစေမည့် မျက်စဉ်းကို အသုံးပြုရမည်ဖြစ်ပြီး အပြင်ထွက်လျှင် နေကာ မျက်မှန်တပ်ရန် လိုအပ်ပါသည်။ နံနက်ခင်း မျက်နှာသစ်ပြီး ချိန်တိုင်းတွင် မျက်ခုံးမွေးနှုတ်ရုံ၊ ဝက်ခြံညှစ်ရုံ သာမပြုလုပ်ဘဲ မိမိခန္ဓာကိုယ် အစိတ်အပိုင်းများကို ကြည့်ရှု စစ်ဆေး ပေးခြင်းဖြင့် အရေး ကြီးသော ကျန်းမာရေး ဆိုင်ရာ သတင်း အချက်အလက်များကို ရှာဖွေ ကြည့်နိုင် ကြပါစေ။
ရေးသားသူ — ဇော်လင်းမြင့် (ဆေး/မန်း)
၁၁.၁၂.၁၃နေ့ ရက် မဝေးတော့လို့ ရင်တောင်ခုန်မိရပါရဲ့ 
Posted by drmyochit
Sunday, November 17, 2013, under တစ်ဆင့်ပြန်လည်ဖော်ပြ | No comments
၂၇ကြိမ်မြောက်ဆီးဂိမ်းအားကစားပွဲတော်ကြီးဖွင့်ပွဲအတွက်ကြိုတင်ပြင်ဆင်မူပုံရိပ်တွေကို ဒါရိုက်တာစင်ရော်မောင်မောင်ရဲ့ ဖေ့ဘုတ်မှာရင်ခုန်ဖွယ်တွေ့ ရပုံ။
ပဲပိစပ် ထုတ်ကုန်က အူမကြီး ကင်ဆာကို ကာကွယ်နိုင်
Posted by drmyochit
Sunday, November 17, 2013, under ကျန်းမာရေး | No comments
ပဲပိစပ် အစားအစာ တွေမှာ ပါဝင်တတ်တဲ့ ဒြပ်ပေါင်း Genistin ကို ဘဝ တစ်သက်တာ ထိတွေ့မှုရှိ နေရင် အူမကြီးကင် ဆာကို ကာကွယ်နိုင် တယ်လို့ အလီနိုးစစ် တက္ကသိုလ်မှ သိပ္ပံပညာ ရှင်တွေက ဖော်ထုတ်ထား ပါတယ်။ ဆဲလ်၊ Polyp အသားသီးနဲ့ ကင်ဆာဆဲလ်ကြီး ထားမှုဖြစ်ဖို့ အချက်ပြမှုကို တားမြစ် ထားနိုင်တာ ကြောင့်လို့ ဆိုပါတယ်။ သုတေသီ တွေက အရေးကြီး အချက်ပြ လမ်းကြောင်းကို ထိန်းချုပ်ထားတဲ့ မျိုးရိုးဗီဇဂျင်း သုံးခု ပြောင်းလဲမှု ပေါ်မှာ လေ့လာ ထားတယ်လို့ ဆိုပါတယ်။
လူ့အူအမြှေးပါး အတွင်း မှ ဆဲလ်တွေဟာ အမြဲတမ်း ပြောင်းလဲနေပြီး အပတ်စဉ်ပြောင်းလဲ နေပါတယ်။ အူမကြီးကင်ဆာရှိသူတွေ ၉ဝ ရာခိုင်နှုန်းမှာ ကြီး ထွားမှုဖြစ်စဉ်ကို မြ§င့်တင်ပေးတဲ့ အချက်ပြလမ်းကြောင်းဟာ အမြဲတမ်း ပွင့်နေတဲ့ အတွက် ဆဲလ်ကြီးထွားမှုကို မထိန်းချုပ်နိုင်ဘဲ ကင်ဆာ ဖြစ်ရတယ်လို့ ဆိုပါတယ်။ ပဲပိစပ်မှာ ပါဝင်တတ်တဲ့ ဒြပ်ပေါင်း Genistin ဟာ ဒီအချက်ပြမှုတွေကို ပြန်လည်ဖိနှိပ် ထားနိုင်တယ်လို့ ဆိုပါတယ်။
Genistin ပါဝင်တဲ့ ပဲပိစပ် ထုတ်ကုန်တွေကို အမြဲတမ်း စားသုံးနေရင် အူမကြီးအတွင်း ကင်ဆာ အကြိုဒဏ်ရာတွေ လျော့နိုင်တယ်လို့ သိရပါတယ်။ အူမကြီး ကင်ဆာဟာ Epigenetic ရောဂါလို့ သတ်မှတ် ထားပါတယ်။ ဆိုလိုတဲ့ အဓိပ္ပာယ်က အစား အသောက်နဲ့ ပတ်ဝန်းကျင် ဆိုင်ရာ အချက်အလက် တွေက မျိုးရိုး ဗီဇဂျင်းတွေ ဖွင့်တာ ဒါမှမဟုတ် ပိတ်တာပေါ်မှာ လွှမ်းမိုးမှုရှိ တယ်လို့ ဆိုပါတယ်။ သင့်မိဘကနေ ရောဂါအမွေ ရရှိတာကြောင့် တစ်မျိုးတည်းကြောင့် အူမကြီး ကင်ဆာဖြစ်တာ မဟုတ်ပါဘူး။ သင်ရဲ့ စားသောက်တဲ့ ပုံစံ၊ ပတ်ဝန်းကျင်မှ အဆိပ်အတောက် တွေနဲ့ ထိတွေ့မှု၊ စိတ်ဖိစီးမှု အဆင့်တွေဟာ အဲဒီမျိုးရိုး ဗီဇဂျင်း ပေါ်မှာ ပြောင်းလဲမှု ဖြစ်ပေါ်နိုင် တယ်လို့ ဆိုပါတယ်။
ရိုးရာလေး
လူငယ်များအကြား အုပ်စုဖွဲ့ ပြစ်မှုကျူးလွန်ခြင်းများ အတင့်ရဲလာ၊ ကြိုတင်ကာကွယ်နိုင်မှု အားနည်း
Posted by drmyochit
Sunday, November 17, 2013, under ဆောင်းပါး | No comments
လူငယ်များအကြားတွင် ပေါ်ပေါ်ထင်ထင် ဒုစရိုက်ကျူးလွန်မှုများ၊ အမှုအခင်းကြီးများကို အုပ်စုဖွဲ့၍ သော်လည်းကောင်း ဂိုဏ်းစတား ဆန်ဆန်ပုံစံများဖြင့်သော်လည်းကောင်း ကျူးလွန်မှုများ ဖြစ်ပွားလာမှုကို ပိုမိုတွေ့ရှိလာရသည်။
သို့သော် ဖြစ်စဉ်များမှာ လူငယ်များ၏ အတတ်ပညာနှင့် စိတ်ပိုင်းဆိုင်ရာ သွန်သင်ဆုံးမမှုများတွင် အားနည်းချက်များ ရှိလာနေရသည့်အပြင် ပြည်သူ့လုံခြုံမှုကို စောင့်ရှောက်ရသော ရဲတပ်ဖွဲ့တွင်လည်း အင်အားတောင့်တင်းခိုင်မာမှု လိုအပ်ချက် ရှိနေခြင်းကြောင့်ဟူသည်ကို အောက်ပါ အတိုင်း ထောက်ပြကြသည်။
“တစ်ပါတီအာဏာရှင်စနစ်ကနေ ဒီမိုကရေစီကို အသွင်ကူးပြောင်းတဲ့အခါမှာ ဒီလို အုပ်စုဖွဲ့တာတွေ၊ ပြန်ပေးဆွဲတာတွေ၊ လမ်းသူရဲဂိုဏ်းတွေ ပေါ်လာနိုင်တယ်။ ဒါကို အစိုးရအနေနဲ့ ကြိုတင်စီမံချက်ချပြီး ဆောင်ရွက်ထားသင့်တယ် ရဲတွေကိုလည်း အင်အားတောင့်တင်းအောင် လုပ်ဆောင်ထားသင့်တယ်” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြောပြသည်။
ရန်ကုန်မြို့တွင် ဆိုင်ကယ် ကယ်ရီသမားများက အုပ်စုဖွဲ့ပြီး ရဲကင်းများနှင့် ရဲဝန်ထမ်းများကို ဝင်ရောက်ရိုက်နှက်ဖျက်စီးမှု လှိုင်သာယာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်တို့တွင် ဖြစ်ပွားထားသည်။
နိုဝင်ဘာလ ၁၃ ရက် ည ၁၁ နာရီခန့်ကလည်း အင်းစိန်မြို့နယ်နှင့် အောင်ဇေယျကြိုးတားပေါ်တွင် လူငယ် သုံးဦးနှင့် ခြောက်ဦးအဖွဲ့တို့ ခိုက်ရန်ဖြစ်ပွားခဲ့ရာ ပုလင်းကွဲဖြင့် လည်ပင်းအား အထိုးခံရသဖြင့် လူငယ်တစ်ဦး သေဆုံးခဲ့ရသည်။
ပဲခူးမြို့ရှိ မွန်စံပြ ရပ်ကွက်တွင်လည်း ပဒေသာပင်ပွဲတော်ပြုလုပ်နေသော လမ်းအတွင်သို့ လူငယ် ၁၅ ဦးတို့က အိတ်ဇောဖြုတ်ထားသော ဆိုင်ကယ်များအား မြွေလိမ်မြွေကောက်စီးပြီး ပဒေသာပင်များရှိ ပစ္စည်းများ၊ ပိုက်ဆံများအား ဆွဲဖြုတ်ယူမှုတစ်ခု သီတင်းကျွတ် လပြည့်ညက ဖြစ်ပွားခဲ့သည်။
ထို့နောက် ထွက်ပြေးစဉ် ကျန်ရှိခဲ့သော ဆိုင်ကယ်အား ပြန်လည်ယူဆောင်ရာတွင်လည်း တုတ်ကိုယ်စီကိုင်ဆောင်ထားသော လူငယ် ၃၀ ဦးခန့်ဖြင့် လမ်းအတွင်းသို့ လာရောက်ခဲ့ပြီး ပွဲတော်စည်းကမ်းထိန်းသိမ်းရေးခေါင်းဆောင်တစ်ဦးအား အများရှေ့မှာပင် တုတ်ဖြင့်ရိုက်ပြီး ဓားဖင့် ထိုးခဲ့မှု ဖြစ်ပွားခဲ့သည်။
ထို့ပြင် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းကလည်း အင်းလျားကန်ဘောင်သို့ တုတ်ဓားလက်နက်များ ကိုင်ဆောင်ထားသော လူငယ် ၂၀ ဦးခန့်က ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ကန်ဘောင်ပေါ်ရှိ တွေ့သမျှလူများအား တုတ်ဓားများဖြင့် ထိုးခုတ်မှုတစ်ခု ဖြစ်ပွားခဲ့ဖူးသည်။
မြောက်ဥက္ကလာပမြို့နယ်တွင်လည်း ဓားကိုယ်စီဖြင့် မျက်နှာဖုံးစွပ်ထားသော ကြေးစားလူသတ်သမားများက အများမြင်ကွင်းရှေ့မှာပင် လူတစ်ဦးကို ဝိုင်းဝန်း သတ်ဖြတ်ခဲ့ကြသည်။
လူငယ်များအကြား အုပ်စုဖွဲ့ခြင်းနှင့် ပါတ်သက်၍ ဆင်းခြေဖုန်းမြို့နယ်တစ်ခုမှ ကိုမောင်ကျော် က “ကျွန်တော်တို့ ဖွဲ့ထားတာတော့ သူများကို ရမ်းကားဖို့မဟုတ်ပါဘူး၊ ကိုယ်တွေ အရေးကြုံလာရင် အကူအညီတောင်းလို့ရအောင်ပါ။ ကိုယ်ဘက်ကတော့ ဘယ်တော့မှ စပြီး အမှားမလုပ်ပါဘူး။ အကုန်လုံးကတော့ ပြဿနာဖြစ်လာရင် ဆိုးအတူ ကောင်းအတူ မျှခံရဲတဲ့သူတွေပါ။ ဂိုဏ်းစတားလိုတော့မဟုတ်ပါဘူး ကိုယ်တွေ သူငယ်ချင်းတွေနဲ့ဖွဲ့ထားတာပါ” ဟု ပြောပြသည်။
လက်ရှိဖြစ်ပေါ်နေသော လူငယ်များအကြား အုပ်စုဖွဲ့ပြစ်မှုကျူးလွန်ခြင်းများမှာ လူငယ်တို့၏ ကြီးပြင်းရာ ပတ်ဝန်းကျင်နှင့် အသိပညာ အတတ်ပညာပေးမှုအပိုင်းတွင် အများကြီး သက်ရောက်မှုရှိနေသည်ဟု အငြိမ်းစား ဒု-ရဲမှူးတစ်ဦးဖြစ်သူ ဦးညွှန့်လှိုင်က ထောက်ပြသည်။
“ရေတိုအနေနဲ့ကတော့ ပြစ်မှုကျူးလွန်သူလူငယ်တွေကို ဥပဒေအရ အပြစ်ပေးအရေးယူရမှာပေါ့။ ဒါပေမယ့် ရေရှည်စီမံကိန်းလုပ်ဖို့လိုတယ်” ဟု ၄င်းက ဆိုသည်။
ယင်းသို့သော အုပ်စုဖွဲ့ရိုက်နှက်မှုများ ဖြစ်ပွားရာတွင် ရဲတပ်ဖွဲ့ဝင်များက အချိန်မီ ဝင်ရောက်ဟန့်တားနိုင်မှုမရှိ သည့်အပြင် အချိန်ကြန့်ကြာနေမှုများကြောင့် လွတ်မြောက်နေသည့် ပြစ်မှုကျူးလွန်သူ အများအပြားရှိနေသည်။
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဝင်ဖြစ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေ က “ပြစ်မှုကျူးလွန်မှု ဖြစ်စဉ်တွေမှာ တရားလိုက ချက်ချင်းတိုင်တန်းဖို့လိုသလို မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်း ချက်ချင်း လာရောက်ပြီး အရေးယူဆောင်ရွက်ပေးဖိုလိုပါတယ်။ ခုဟာက ပြစ်မှုဖြစ်ပြီး နောက်တစ်နေ့မှ ရောက်လာပြီး လိုက်ဖမ်းတော့ လွတ်မြောက်နေသူတွေလည်း ရှိနေတယ်။ ပြစ်မှုကျူးလွန်သူကို ဥပေဒအရ အမြန်ဆုံးအရေးယူဖို့လိုသလို မဖြစ်ခင်ကလည်း ကြိုတင်ကာကွယ်တားဆီးပေးနိုင်ဖို့ လိုပါတယ်” ဟု သူမက ဆိုခဲ့သည်။
နိုဝင်ဘာလ ၁၄ ရက်နေ့ည က ပွဲတော်လုံခြုံရေးနှင့် နယ်မြေလုံခြုံရေးအတွက် လှည့်ကင်းဆောင်ရွက်နေသည့် ရဲအရာရှိတစ်ဦးပါ လှည့်ကင်းရဲတပ်ဖွဲ့အား လူငယ်အဖွဲ့တစ်ခုက လမ်းခုလတ်တွင် ပိတ်ဆို့ပြီး ဝိုင်းဝန်းရိုက်နှက်မှုတစ်ခု စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့တွင် ဖြစ်ပွားခဲ့သေးသည်။
“အချိုးချမယ်ဆိုရင် လူပေါင်း လေးငါးထောင်မှ ရဲတစ်ယောက်ပဲ ရှိတာဆိုတော့ လုံခြုံရေးက လိုအပ်ချက် ရှိနေတာပေါ့၊ ဒီလိုမျိုးအမှုအခင်းတွေ ရှိရင် ဘယ်လိုမျိုး ထိန်းသိမ်းရမလဲဆိုတဲ့ နည်းလမ်းတွေ ရှိရပါမယ်။ ဒါမျိုးကို ထိန်းနိုင်မယ့် ရဲအင်အား ရှိဖို့လိုပါတယ်။ သူတို့မှာလည်း လိုအပ်တဲ့ ပစ္စည်ကိရိယာ အပြည့်အစုံရှိဖို့လိုပါတယ်။ ဒါမျိုးတွေ လုပ်အပ်နေသေးတာပေါ့” ဟု ဦးညွှန့်လှိုင်က ဆိုသည်။
ဖြစ်ပွားခဲ့သော အုပ်စုဖွဲ့ကျူးလွန်သည့် မှုခင်းများနှင့် အများပြည်သူ ရှေ့မှောက်တွင်ပင် ပေါ်ပေါ်ထင်ထင်ကျူးလွန်သော မှုခင်များတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အချိန်မီ လာရောက်ဟန့်တားနိုင်မှု မရှိခဲ့ပေ။
ထို့ပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အင်အားနှင့် ပြည်သူအချိုးညီမျှမှုမှာ များစွာခြားနားနေသဖြင့် အင်အားတောင့်တင်းသော ရဲတပ်ဖွဲ့တစ်ခုဖြစ်ရန် လိုအပ်နေကြောင်း အငြိမ်းစားဒု-ရဲမှူးတစ်ဦးဖြစ်သူ ဦးညွှန့်လှိုင်က ဆိုသည်။
ယခုဖြစ်ပွားလျက်ရှိသည့် အုပ်စုဖွဲ့မှုခင်းများကို မဖြစ်ပွားခင်က ကြိုတင်ကာကွယ်နိုင်ရန်နှင့် ဖြစ်ပွားလာပါက အချိန်မီ ဝင်ရောက်ဟန့်တားမှုပြုနိုင်သော ရဲတပ်ဖွဲ့တစ်ခု ရှိလာရန် လိုအပ်နေပေသေးသည်။
ဗီယက်နမ်ရေဘေး လူ ၂၆ ယောက်ထက်မနည်း သေဆုံး
Posted by drmyochit
Sunday, November 17, 2013, under နိုင်ငံတကာသတင်းများ | No comments
ဗီယက်နမ်နိုင်ငံအလယ်ပိုင်းမှာ ရက်ပေါင်းအတော်ကြာအောင် မိုးပြင်းပြင်းထန်းရွာသွန်းတဲ့အတွက် ရေကြီး၊ မြေပြိုမှုတွေဖြစ်ပွားပြီး လူ ၂၆ ယောက်ထက်မနည်း အသက်ဆုံးရှုံးခဲ့ပါတယ်။
သည်းထန်တဲ့မိုးကြောင့် ရေတက်လာတဲ့အတွက် ဒေသခံ ၇,၀၀၀ လောက်ကို နေအိမ်တွေကနေ ပြောင်းရွှေ့ကယ်ဆယ်ခဲ့ရတယ်လို့ အစိုးရတာဝန်ရှိသူတွေက စနေနေ့က ပြောပါတယ်။ ရေအတက်မြန်တဲ့အတွက် သူတို့ရဲ့နေအိမ်တွေကနေ ထွက်ပြေးဖို့ အချိန်လုံလုံလောက်လောက် မရခဲ့ဘူးလို့လည်း ဒုက္ခသည်တချို့က ပြောပါတယ်။ နာရီပိုင်းအတွင်းမှာကို အိမ်တွေ၊ ဈေးဆိုင်တွေနဲ့ စီးပွားရေး လုပ်ငန်းတွေမှာ ရေမြုပ်ပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့တယ်လို့ ဆိုပါတယ်။
တချို့ရပ်ကွက်တွေမျာ လုံခြုံရေးတပ်ဖွဲ့တွေက လှေတွေသုံးပြီး ဒေသခံတွေရဲ့ လုံခြုံရေးအတွက် ကယ်ထုတ်ခဲ့ကြရပါတယ်။ ရေအားအသုံးပြုဖို့ တည်ဆောက်ထားတဲ့ ဆည်ကြီးတွေရဲ့ဂိတ်တံခါးတချို့ကိုဖွင့်ပြီး ရေထုတ်ခဲ့ တာကြောင့် ရေပိုကြီးခဲ့ရတယ်လို့ အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်တချို့က ပြောဆိုပါတယ်။
တူနီးရှားနှင့်ပွဲတွင် အီတူးကို ဘောလုံးမပေးရန် အသင်းဖော်များ လျှို့ဝှက်ကြံစည်ခဲ့
Posted by drmyochit
Sunday, November 17, 2013, under အားကစားသတင်း | No comments
တူနီးရှားနှင့် ဂိုးမရှိသရေကျခဲ့သည့် ပထမအကျော့ပွဲစဉ်တွင် အသင်းဖော်များက ၎င်းအား ဘောလုံးမပေးရန်လျှို့ဝှက်ကြံစည်ခဲ့ကြသည်ဟု ကင်မရွန်း တိုက်စစ်မှူး အီတူးက ထုတ်ဖော်လိုက်သည်။ အီတူးမှာ နိုင်ငံလက်ရွေးစင်အဖြစ်မှ အနားယူမည်ဟု ပြီးခဲ့သည့် စက်တင်ဘာလကတည်းက ဆုံးဖြတ်ခဲ့သော်လည်း လက်ရှိအချိန်ထိ ကင်မရွန်းအတွက် ဆက်ကစားနေဆဲဖြစ်ပြီး အသင်းဖော်များအနေဖြင့် ၎င်းတို့၏ လုပ်ရပ်အတွက် နောင်တရနေလိမ့်မည်ဟုလည်း ၎င်းက ပြောသည်။
အီတူးက “အဲဒီပွဲကို ကြည့်ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော် ကွင်းလယ်အထိ ဘောလုံးဆင်း ကစားခဲ့တာ တွေ့ရမှာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ကို ဘောလုံးမပေးဖို့ သူတို့ ကြိုတင်တိုင်ပင်ထားတာကို ကျွန်တော် သိနေလို့ပါပဲ။ အဲဒါက အမှန်ဖြစ်ပြီး နာင်တရစရာ ကောင်းတဲ့ကိစ္စပါ။ တကယ်တော့ ဘောလုံးကစားနည်းဟာ ပေါင်းစည်းညီညွတ်မှုနဲ့ ကစားရတဲ့ ကစားနည်းတစ်မျိုးဖြစ်ပြီး ရန်သူဖြစ်နေရင်တောင် အကောင်းဆုံး နေရာယူထားဆိုရင်တော့ ဘောလုံးပေးရမှာပါပဲ။ ဒါပေမဲ့ လောလောဆယ်မှာတော့ အဲဒီကိစ္စတွေကို မေ့ထားပြီး လာမယ့်ပွဲအတွက် အာရုံစိုက်ရပါမယ်”ဟု ဖွင့်ဟသွားသည်။
သို့သော် ကင်မရွန်းနည်းပြ ဖင်ကီကမူ ၎င်းအနေဖြင့် အဆိုပါပွဲစဉ် ဗီဒီယိုခွေအား (၆)ကြိမ်၊ (၇)ကြိမ် ပြန်လည်ကြည့်ရှုခဲ့ပြီး အီတူးပြောသကဲ့သို့ ဖြစ်ပွားခဲ့သည်ဟု မထင်ကြောင်း တုံ့ပြန်သွားသည်။ ထို့အပြင် အီတူးမှာ မူကြိုအရွယ် ကလေးများ ပြောသကဲ့သို့ ပြောနေခြင်းသာ ဖြစ်လိမ့်မည်ဟုလည်း မှတ်ချက်ပေးသွားခဲ့သည်။
"အိမ်တွင်းသာသနာပြုလုပ်ငန်း"
Posted by drmyochit
Sunday, November 17, 2013, under ဆောင်းပါး | No comments
သာသနာတော် တည်တံ့ပြန့်ပွားရေး ဆောင်ရွက်ခြင်းအတွက် နည်းလမ်းပေါင်းများစွာ ရှိသည့်အနက် အိမ်တွင်းသာသနာပြုလုပ်ငန်းသည်လည်း အရေးပါလှသော လုပ်ငန်းတာဝန်ကြီး တစ်ရပ်ဖြစ်သည်။
အိမ်ထောင်စုတစ်ခုတွင် အမိအဘ၊ သားသမီးများ ရှိကြသည်။ အိမ်ထောင်စု၏ဦးစီးမှာ မိဘများပင်ဖြစ်၍ ထိုအိမ်ထောင်စု တစ်ခု၏ သာယာတိုးတက်ရေးအတွက် အိမ်ထောင်ဦးစီးအပေါ် တည်ရှိသည်၊
အိမ်တွင်း သာသနာပြုလုပ်ငန်း အောင်မြင်ရေးအတွက်လည်း အိမ်ထောင်ဦးစီး မိဘများအပေါ် မူတည်သည်။ ထို့ကြောင့် “သားသမီးမကောင်း၊ မိဘခေါင်း”ဟူ၍လည်းကောင်း၊ “လက်ဦးဆရာ၊ ဗြဟ္မာမိဘ”ဟူ၍လည်းကောင်း ပြောစမှတ်ပြုကြသည်။ မြတ်စွာဘုရားရှင်ကလည်း သိင်္ဂါလောဝါဒသုတ်တော်၌ အိမ်ထောင်ဦးစီးများအတွက် - “မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေ နှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ၀တ်ငါးအင်၊ ဖခင်မယ်တို့တာ” ဟူ၍ မိဘတို့ ၀တ္တရားငါးပါးကို ဟောကြား လမ်းညွှန်တော်မူခဲ့သည်။
♦ မိဘတို့သည် မိမိတို့ဝမ်းဝယ် သားသမီးငယ် သန္ဓေတည်လာချိန်မှစ၍ သားသမီး ကောင်းကျိုးအတွက် ကြိုတင်ပြင်ဆင်ကြသည်။ မိမိတို့မှာ ဗုဒ္ဓဘာသာ ဥပါသကာများဖြစ်ကြသဖြင့် မွေးဖွားလာမည့် မိမိတို့၏ သားသမီးလေးများ ဘေးမသီ ရန်မခစေရန် ဗုဒ္ဓဘာသာ
ဒေသနာတော်များကို နေ့စဉ်ရွတ်ပွားလေ့ရှိကြသည်။ မိမိတို့ သားသမီးလေးများအတွက် ရည်စူး၍ မြတ်စွာဘုရားထံတော်ပါးတွင် သရဏဂုံဆောက်တည်လေ့ရှိကြသည်။ ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်အခါကပင် ဤဓလေ့သည် ထွန်းကားခဲ့ပါသည်။
♦ ဓောဓိမင်းသား၏ မယ်တော်သည် မြတ်စွာဘုရားထံ သရဏဂုံသီလ ဆောက်တည်သောအခါ မိမိအတွက်မျှသာမက မိမိဝမ်း၌ လွယ်ထားရသော ဗောဓိမင်းသားအတွက်ပါ ရည်ရွယ်၍ သရဏဂုံ ဆောက်တည်ခဲ့သည်၊ ဗောဓိမင်းသားလေးမှာ မိခင်ကျေးဇူးကြောင့် ၀မ်း၌ ရှိနေစဉ်ကပင်
ဗုဒ္ဓဘာသာ ဥပါသကာဖြစ်ခဲ့၏။
ဤသည်မှာ ကောင်းသောအစဉ်အလာတစ်ခု ဖြစ်သည်။
မိမိတို့၏ သားသမီးများကို မမွေးဖွားမီကပင် ဗုဒ္ဓဘာသာဝင်
အဖြစ် သွတ်သွင်းချီးမြှင့်ခြင်းသည် အိမ်တွင်းသာသနာပြု
လုပ်ငန်း၏ အစပင်ဖြစ်ပါသည်။
♦ သားသမီးလေးများ မွေးဖွားသောအခါ၌လည်း အခက်အခဲမရှိ ပင်ပန်းဆင်းရဲမှု မရှိစေရန် အဂုင်္လိမာလသုတ်တော်ကို
ရွတ်ဖတ်လေ့ရှိသည်၊ ဘုရား, တရား သံဃာဂုဏ် အာရုံပြု ရွတ်ဖတ်နာကြားရသဖြင့် မိခင်ကိုယ်တိုင် ဝေဒနာမှ
သက်သာသကဲ့သို့ပင် မွေးဖွားမည့် သားငယ် သမီးငယ်
အတွက်လည်း ဗုဒ္ဓဒေသနာတော်တန်ခိုးကြောင့်
ကောင်းကျိုးခံစားရပေသည်။
မီးရှုးသန့်စင် ဖွားမြင်ပြီးနောက် နာမည်မှည့်သောအခါ
သံဃာတော်တို့ကို ပင့်ဖိတ် ဆွမ်းကျွေး၊ အလှူဒါန ပြုလုပ်သည်။ အန္တရာယ်ကင်းစေရန် ပရိတ်ဒေသနာတော်များ ကြားနာပြီး
ကလေးငယ်ကို ရည်ရွယ်၍ သရဏဂုံ ဆောက်တည်ပေးကြသည်။ မွေးစအရွယ် ငယ်စဉ်ကပင် ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူကြသည်၊
ရက်သားမှ လသား၊ လသားမှ စကားပြောတတ်စ အရွယ်တွင်
“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” စသော သရဏဂုံများကို သင်ကြားပေးကြသည်၊ ကလေးငယ်များ၊ မပီကလာ ပီကလာနှင့် လိုက်ဆိုသည်ကို ကြည်နူးဝမ်းသာကြရသည်။ ဗုဒ္ဓဘာသာအမွေကို ခံယူစေကြသည်။
♦ကလေးငယ်သည် အတော်အတန် သိနားလည်သောအခါ
မိမိရင်ခွင်၌ထား၍ ဘုရား, တရား, သံဃာတော်များအား
ရှိခိုးဦးချ ကန့်တော့သည် အလေ့အထကို စတင် သင်ပေးသည်။
“ဦးတော်ပါ ဘုရား”ဟု ကလေးငယ်၏ လက်နှစ်ဘက်ကို
ယှက်ပေးကာ ကန့်တော့စေခဲ့ကြသည်။ ၀စီကံ ဗုဒ္ဓဘာသာဘ၀မှ ကာယကံမြောက် ဗုဒ္ဓဘာသာဝင် ဖြစ်စေခဲ့ကြသည်။
မိဘတို့ကား လက်ဦးဆရာများဖြစ်ကြသည်။ မိဘတို့၏ သင်ပြမှုသည် သားသမီးတို့အတွက် တစ်သက်တာလုံး ခိုင်မြဲလှသည့် ခံယူချက်ဖြစ်သည်။ မိကောင်းဖခင်တို့၏ သင်ပြမှုကြောင့် ယဉ်ကျေးလိမ္မာသည့် သားကောင်း သမီးကောင်းများ ပေါ်ထွန်းလာကြသည်။ မိရိုးဖလာဟူသော စကားအတိုင်းပင် မိခင်ဖခင်တို့၏ မျိုးရိုး အကျင့်စရိုက်ကောင်းများနှင့် ဘာသာယဉ်ကျေးမှု အစဉ်အလာတို့သည် ကလေးငယ်တို့အတွက် လေးနက်လှသည့် အမွေကောင်းများ ဖြစ်လာသည်။
♦ ဒုဋ္ဌဂါမဏိမင်း၏ ခမည်းတော် ကာက၀ဏ္ဏတိဿမင်းကြီးသည် သားတော်နှစ်ဦး (ဂါမဏိနှင့် တိဿ)အား ပထမဆုံး ထမင်းခွံ့မင်္ဂလာပြုလုပ်ပေးသည့် အရွယ်မှ စ၍ ထမင်းကို သစ္စာဆို၍ စားစေခဲ့သည်။ ဘုရား, တရား, သံဃာ ရတနာသုံးပါးတို့အား အဦးအဖျား မလှူဒါန်းဘဲ မည်သည့်အခါမှ မစားသောက်ရန် သင်ကြားပေးခဲ့သည်။ ဤသို့ဖြင့် ကလေးငယ်တို့၏ သန္တာန်ဝယ် ဗုဒ္ဓသာသနာတော် အမြစ်တွယ်စေခဲ့သည်။ ကလေးငယ်တို့ နှလုံးသားဝယ် မြတ်စွာဘုရား ကိန်းဝပ်စေတော်မူခဲ့သည်။ မိကောင်းဖခင်တို့သည် နုနယ်ငယ်သွေး ကလေးဘ၀ကပင် သားသမီးတို့အား ဘာသာသွေးကို ထိုးသွင်းပေးခဲ့ကြသည်။
♦သားသမီးများ အသက်အရွယ် အတော်အတန် ကြီးလာသောအခါ နံနက်အိပ်ရာထ တစ်ကြိမ်၊ ညအိပ်ရာဝင် တစ်ကြိမ် အနည်းဆုံးနှစ်ကြိမ် ဘုရားရှိခိုးခိုင်းကြသည်။
♦ဘုရားရှိခိုးများကိုလည်း သင်ကြားပေးကြသည်။
♦အိပ်ရာဝင် အိပ်ရာထ “အနန္တော အနန္တ ငါးပါး”ရှိခိုးဝပ်ချသင်ပေးကြသည်။ ♦ညအိပ်ရာဝင်ချိန်ဝယ် ကလေးအရွယ်နှင့် သင့်လျော်သော ဗုဒ္ဓဘာသာယဉ်ကျေးမှု အစဉ်အလာ ဇာတ်နိပါတ် ဗုဒ္ဓ၀င်များကို ပြောပြပေးကြသည်။
♦ကလေးတို့ သိလိုသဖြင့် မေးလာသော အမေးစကားများကို
နှလုံးထဲ စွဲသွားအောင် ဖြေဆိုပြကြသည်။
♦နံနက်ချိန်ခါ ဆွမ်းခံကြွလာသော သံဃာတော်များကို ဆွမ်းလောင်းလှူပုံနည်းများကို သင်ကြားပေးကြသည်။
ဤသို့ဖြင့် အိမ်တွင်း သာသနာပြု လုပ်ငန်းသည်
အခြေခံကောင်းတို့ဖြင့် တိုးတက်လာခဲ့သည်။ အသက်အရွယ်
အတော်အတန် ကြီးပြင်းလာသောအခါ မကောင်းမှုများ မပြုလုပ်ရန် သင်ကြားပေးကြသည်။ မကောင်းမှုများ၏ အကျိုးအပြစ်များကို ပြောပြကြသည်။ ကောင်းရာများကို ညွှန်ကြားကြသည်။
ကောင်းသော အမှုကိစ္စများ၏ အကျိုးများကို ပြောပြကြသည်။
အရွယ်ရောက်လာသောအခါ မိမိတို့ ရွာဦးရွာထိပ် ကိုးကွယ်ထားသော ဆရာတော်ထံ အခြေခံ စာပေများဖြစ်သော သင်ပုန်းကြီး၊ မင်္ဂလသုတ် သိင်္ဂါလောဝါဒသုတ် လောကနီတိ ဆုံးမစာများကို သင်ကြားကြရသည်။ ဤသို့ဖြင့် မိကောင်းဖခင်တို့၏ ဗုဒ္ဓဘာသာ ပီသမှု၊ ဗုဒ္ဓဘာသာအပေါ် သက်ဝင်ယုံကြည်မှု နည်းလမ်းပြသ ဆုံးမမှုတို့ကြောင့် အိမ်တွင်း သာသနာပြု လုပ်ငန်းသည် အောင်မြင်မှုရလာသည်။
မြန်မာတို့၏ ဘိုးဘေးဖြစ်သော ရှေးက ပျူလူမျိုးတို့သည်
သားသမီးများ ခုနစ်နှစ်သားအရွယ်ရောက်လျှင် ယောက်ျားကလေးရော၊ မိန်းကလေးများပါ ခေါင်းရိတ်၍ ဘုန်းတော်ကြီးကျောင်းသို့ ပို့ရသည်။ အသက်နှစ်ဆယ်ထိ ဘုန်းတော်ကြီးကျောင်းပညာရေးကို သင်ယူကြရ၏။ ပျူခေတ်မှ စတင်၍ ပုဂံခေတ်တွင် အချောကိုင်ပေးခဲ့သော ထို ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အစဉ်အလာသည် ယနေ့ထက်တိုင် ခိုင်မြဲ စည်ပင်၍
အမျိုးသားယဉ်ကျေးမှု အဆင့်သို့ ရောက်ရှိလာခဲ့သည်။
ဗုဒ္ဓဘာသာနှင့်မြန်မာသည် ခွဲခြားမရ၊ ထာဝရ ယှဉ်တွဲနေခဲ့သည်။ ဗုဒ္ဓဘာသာ အဆုံးအမများသည် မြန်မာ့ယဉ်ကျေးမှု
အစဉ်အလာကောင်းများ ဖြစ်လာခဲ့ကြပြီး နှစ်ပေါင်းထောင်
နှင့်ချီ၍ အမျိုးသားယဉ်ကျေးမှု
ခိုင်မြဲသော နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်ခဲ့ကြသည်။
အမျိုး ဘာသာ သာသနာကို ကာကွယ်နိုင်ခဲ့ကြသည်။
♦ အိမ်တွင်းသာသနာပြုလုပ်ငန်း အောင်မြင်မှု
အရှိန်အဟုန် ကောင်းလေလေ သာသနာတော် တည်တံ့ ပြန်ပွား ထွန်းကားလေလေ ဖြစ်သဖြင့် အခြခံကျလှသည့် အိမ်တွင်းသာသနာပြုလုပ်ငန်း အောင်မြင်စေရန် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုင်း ကြိုးပမ်းကြရပေမည်။
(ဗုဒ္ဓဘာသာတရားတော် အခြေခံအဆင့် မှ -)
Photo Credit : Original uploader
Dhamma Danã Source ►
သစ်မွှေးဈေးကွက် အမှန်တကယ် ဖြစ်လာတော့မည်လော
Posted by drmyochit
Sunday, November 17, 2013, under ပြည်တွင်းသတင်းများ | No comments
မြန်မာနိုင်ငံတွင် သစ်မွှေးဟုခေါ် သော အပင်မျိုးကို သဘာဝအတိုင်း မဟုတ်ဘဲ နည်းပညာများဖြင့် ဖော်စပ် စိုက်ပျိုးလျက် ရှိကြကာ ယင်းအပင်မျိုးကို အမြတ်အစွန်းကြီးစွာ ရောင်းချရသည် ဟူသော သတင်းသည် လွန်ခဲ့သည့်နှစ် အနည်းငယ်အတွင်း ပျံ့နှံ့လာသည်။
သစ်မွှေးကို တောတောင်များတွင် ရှာဖွေသူများ ရှိသကဲ့သို့ စမ်းသပ် စိုက်ပျိုးသူများ ရှိကြသော်လည်း အောင်မြင် ဖြစ်ထွန်းကာ သစ်မွှေး ရောင်းချ၍ အမြတ်အစွန်း ရသူကိုမူ မတွေ့ရှိရသေးပေ။
အရှေ့တောင်အာရှ နိုင်ငံများဖြစ်သော ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်းစသည့် နိုင်ငံများတွင် သစ်မွှေးပင်ကို အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့ပြီး အရှေ့အလယ်ပိုင်း နိုင်ငံများသို့ တင်ပို့ ရောင်းချနိုင်ခြင်းက မြန်မာနိုင်ငံရှိ သစ်မွှေး စိုက်ပျိုးသူများအတွက် မက်လုံးအဖြစ် ဆွဲဆောင်နေသည်။
သစ်မွှေးသည် အမှန်တကယ်မှာ သစ်ပင်တွင် သဘာဝအလျောက် သစ်မွှေးအနှစ်များ စုစည်းသော်လည်း သစ်ပင်တိုင်းတွင်တော့ သစ်မွှေးအနှစ်များ ရှိခြင်းမဟုတ်။ သစ်မွှေးအနှစ် လိုက်ရှာကြသော မုဆိုးများက သစ်မွှေးပင်တိုင်းကို ခုတ်ယူ ရှာဖွေခဲ့သောကြောင့် ကမ္ဘာပေါ်တွင် မျိုးတုံးမှု အန္တရာယ် ကျရောက်နေသော အပင်အမျိုးအစားလည်း ဖြစ်သည်။
သစ်မွှေးသည် အစေးပါဝင်သော အပင်ဖြစ်ပြီး Aquilaria မျိုးစုဝင်ဖြစ်ကာ ရေမွှေး၊ အမွှေးတိုင်နှင့် ဆေးများ ဖော်စပ်ရာတွင် အသုံးပြုရန် ဈေးကောင်းပေးဝယ်လျက် ရှိသည်။
ထိုအတွက် ပညာရှင်များက သဘာဝသစ်ပင်များ မျိုးမတုံးစေရန်နှင့် သစ်မွှေးပင်များ စိုက်ပျိုးနိုင်ရန် သုတေသန ပြုလုပ်ကာ အဆင့်မြင့် နည်းပညာများဖြင့် စိုက်ပျိုးနိုင်ရန် တီထွင်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင်လည်း ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရန်ကုန်တိုင်း ဒေသကြီးတို့တွင် သစ်မွှေးပင်ကို စမ်းသပ် စိုက်ပျိုးနေကြသော်လည်း အောင်မြင်ခြင်း မရှိသေးဘဲ စမ်းသပ်ဆဲသာ ဖြစ်ကြောင်း သစ်မွှေး စိုက်ပျိုးသူများက တူညီစွာ ပြောဆိုကြသည်။
ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းကလည်း နိုင်ငံတကာ သစ်မွှေးလောကတွင် နာမည်ကျော် ပါမောက္ခများဖြစ်သော အမေရိကန် ပြည်ထောင်စု မင်နီဆိုးတား တက္ကသိုလ်မှ Professor Robert A.Blanchtte နှင့် Professor Henry P.Heuveling တို့က သစ်မွှေး နည်းပညာ အကြောင်းကို ရန်ကုန် မြို့နှင့် မြစ်ကြီးနားမြို့တို့တွင် လာရောက် ဟောပြောခဲ့သည်။
ထိုပညာရှင်များသည် မြန်မာ့သစ်မွှေး စိုက်ပျိုးသူများအတွက် CA Kit နည်းပညာဖြင့် ပြည်ပပို့ကုန် အမည်သစ် ထွက်ရှိရေးအတွက် လာရောက် ဟောပြောခြင်းလည်း ဖြစ်သည်။
CA Kit နည်းပညာကို မြန်မာနိုင်ငံတွင် တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် ရရှိထားသူ CA Myanmar မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးစစ်မိုးက “သစ်မွှေးပင် ဆေးထိုးရင် အရင်က တစ်နှစ်လောက် အချိန် ပေးရပေမယ့် အခုနည်းပညာက လေးလတည်းနဲ့ သစ်မွှေးအဆီ ခဲပါပြီ” ဟု ဆိုသည်။
သစ်မွှေးပင်တစ်ပင် ဆေးထိုးပါက ငွေရှစ်သောင်း ဝန်းကျင် ကုန်ကျပြီး သစ်မွှေးအဆီ ထုတ်နိုင်ပါက သစ်မွှေးအဆီပေါ် မူတည်၍ ငွေကျပ် သုံးသိန်းဝန်းကျင် ရရှိနိုင်ကာ အရည်အသွေး ကောင်းမွန်ပါက ထိုထက်မက ရနိုင်ကြောင်း ၎င်းကရှင်းပြသည်။
သစ်မွှေးပင် ၅၀၀ ခန့် စိုက်ပျိုးပါက ပေါင်းသင် ရှင်းလင်းစရိတ်နှင့် ရေပေးဝေမှု စရိတ်တို့ တွက်ချက်ပါက ငွေကျပ် သိန်း ၆၀ ကုန်ကျကြောင်း ထန်တပင် ကျေးရွာတွင် သစ်မွှေးပင် စိုက်ပျိုးထားသူ တစ်ဦးက ပြောပြသည်။
“သစ်မွှေးပျိုးပင် တစ်ပင်ကို ၈၀၀ (ကျပ်) ပေးရတယ်။ တော်တော်လေးတော့ ပြုစုရတယ်” ဟု ၎င်းကဆိုသည်။
ယခင်က သစ်မွှေးတစ်ပင် ဖြစ်ရန် ခက်ခဲသော်လည်း လက်ရှိ အနေအထားတွင် သစ်မွှေးအဆီ ဖြစ်စေရန် မှိုဆေးများ၊ ပိုးများ၊ ဂျယ်လီများ၊ အင်ဇိုင်းများဖြင့် ထုတ်လုပ်သည့် နည်းပညာများ ပေါ်ထွက်လာသည့် အတွက် စိုက်ပျိုးသူ များလာခြင်း ဖြစ်ကြောင်း သစ်မွှေးပင် စိုက်ပျိုးသူတို့က ပြောကြားသည်။
အရည်အသွေးကောင်း သစ်မွှေးဆီ ၁ကီလိုဂရမ် (၆၀ ကျပ်သား) လျှင် နိုင်ငံတကာ ပေါက်ဈေးအရ အမေရိကန်ဒေါ်လာ ၂၅,၀၀၀ ခန့် ရရှိနိုင်သဖြင့် ငါးနှစ်ဝန်းကျင်တွင် သစ်မွှေး တစ်ပင်လျှင် မြန်မာငွေ သိန်းတစ်ရာခန့် ရရှိမည်ဟု မက်လုံးပေးကာ သစ်မွှေးပျိုးပင် ရောင်းချမှု များကြသည်။
တနင်္သာရီတိုင်းဒေသကြီး ဘက်တွင် စိုက်ပျိုးထားသော သစ်မွှေးပင်များသည် မည်သည့် အချိန်တွင် ပိုက်ဆံရမည်ကို မသိရှိနိုင်သဖြင့် သစ်မွှေးပင်ကို ခုတ်ပစ်ကာ ရော်ဘာပင်များ ပြန်လည် စိုက်ပျိုးလာကြကြောင်း ယင်းဒေခံ များ၏ အဆိုအရ သိရသည်။
လက်ရှိ စိုက်ပျိုးနေသော သစ်မွှေးပင်များကို မှိုဆေး သွင်းခြင်းဖြင့် သစ်မွှေးဆီ အချိန်တိုအတွင်း ရရှိနည်းကို အများဆုံး လုပ်ဆောင်ကြကြောင်း သစ်မွှေး စိုက်ပျိုးသူက ဆိုသည်။
CA Myanmar မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးစစ်မိုးက “သစ်မွှေးပင် အပင်တိုင်း အဆီမဖြစ်ဘူး။ သစ်ပင်ရဲ့ ကြံ့ခိုင်မှု၊ မြေသြဇာ ကျွေးနိုင်မှု အပေါ်မှာလည်း မူတည်တယ်။ ငါးပင် ဆေးထည့်လို့ တစ်ပင်ဖြစ်ချင်မှ ဖြစ်တာ” ဟု ရှင်းပြသည်။
သို့သော် သစ်မွှေးကို စိုက်ပျိုးရာမှ အဆီစုအား ကောင်းသော သစ်မွှေး မျိုးစိတ်များ စိုက်ပျိုး၍ အာမခံချက်ရှိသော စိုက်ပျိုးနည်း အသုံးပြုခြင်းဖြင့် ပြည်ပပို့ကုန် အမည်သစ်များ ရရှိနိုင်သည့်အပြင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်းအားဖြင့် ကျေးရွာနေ ပြည်သူများ ဝင်ငွေတိုးစေပြီး ဂေဟစနစ်များအတွက် အထောက်အကူ ပြုစေကာ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုး သစ်မွှေး ကုန်သည်များနှင့်လည်း တိုက်ရိုက် ချိတ်ဆက် ရောင်းချနိုင်မည့် အခွင့်အလမ်းကောင်းများ ရှိကြောင်း ၎င်းက ရှင်းပြသည်။
“ကျွန်တော်တို့ကို နည်းပညာပိုင်း ဝန်ဆောင်မှု ငှားရမ်းပြီး ထွက်လာတဲ့ သစ်မွှေးကို မရောင်းတတ်ရင် ကျွန်တော်တို့က ဝယ်မယ့် ကုန်သည်တွေနဲ့လည်း ချိတ်ဆက်ပေးမယ်” ဟု ၎င်းက အာမခံချက် ပေးသည်။
မြန်မာနိုင်ငံတွင် သစ်မွှေး စိုက်ပျိုးခြင်းမှာ နှစ်အနည်းငယ်သာ ရှိသေးသော်လည်း ကချင်ပြည်နယ်တွင်မူ တရုတ် သစ်မွှေး ကုန်သည်များ စတင်ခြေချင်း လိမ်လာပြီ ဖြစ်သည်။
ဝိုင်းမော်မြို့နယ် အတွင်းရှိ သစ်မွှေး စိုက်ပျိုးသူတစ်ဦးက “တစ်ခုခုတ်ပြီး တရုတ် ကုန်သည်တွေကို ရောင်းလိုက်တာ နှစ်သိန်းရတယ်” ဟု ဆိုသည်။
သစ်မွှေးပင်တွင် အဆီတည်ပါက သစ်မွှေးအချပ်၊ အမှုန့်၊ သစ်မွှေး၏ အာနိသင် ဝင်နေသော သစ်သားများကို ရောင်းချ နိုင်သော်လည်း မြန်မာနိုင်ငံတွင် စမ်းသပ်ရရှိသော လက်ရှိ သစ်မွှေးများမှာ အရည်အသွေး နိမ့်နေဆဲ ဖြစ်ကြောင်း သစ်မွှေး လေ့လာနေသူတို့၏ အဆိုအရ သိရသည်။
သစ်မွှေး၏ အဓိက ဝယ်လက်မှာ ဆော်ဒီအာရေးဘီးယား နိုင်ငံက အဓိက ဝယ်ယူခြင်း ဖြစ်ပြီး အချို့သော အစ္စလာမ် ဘာသာဝင်တို့သည် ဂျီဟတ် ခရီးစဉ်တွင် ဆပ်ပြာဘူးများ၌ ဆပ်ပြာများကို ထုတ်၍ သစ်မွှေးအဆီများ ထည့်ကာ ရောင်းဝယ်မှုများ လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်က ပြုလုပ်ခဲ့ကြောင်း ဗီယက်နမ် သစ်မွှေး ကုန်သည်တစ်ဦး၏ ပြောဆိုချက်ကို ကိုးကားကာ မြန်မာ့သစ်မွှေး စိုက်ပျိုးသူတစ်ဦးက ပြောပြသည်။
မြန်မာနိုင်ငံတွင် သစ်တော ဥပဒေအရ ကုန်သွယ်ခွင့် မရှိသော အမျိုးအစားတွင် သစ်မွှေးလည်း အပါအဝင် ဖြစ်သည်။ ထိုသစ်မွှေးသည် သဘာဝအလျောက် ဖြစ်တည်သော သစ်မွှေး ဖြစ်ပြီး လက်ရှိ စိုက်ပျိုးနေသော သစ်မွှေးသည် ရှားပါးသည့် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်း (Non Timber Forest Produce-NTFB) ဖြစ်သည့်အတွက် တရားဝင် ရောင်းဝယ်ခွင့် ပြုသင့်ကြောင်း သစ်မွှေး စိုက်ပျိုးသူတို့က တူညီစွာ ပြောဆိုကြသည်။
လက်ရှိ မြန်မာနိုင်ငံတွင် သစ်မွှေး စိုက်ဧက သုံးသောင်းနှင့် အထက် ရှိသော်လည်း နိုင်ငံတစ်ကာ စံချိန်စံညွှန်း သတ်မှတ်ချက်နှင့် ကိုက်ညီသည့် အရည်အသွေးမျိုးတော့ ထွက်ရှိလာခြင်း မရှိပေ။ ထို့အတွက် မြန်မာ့သစ်မွှေး စိုက်ပျိုးသူများ၏ တစ်ကီလို ဒေါ်လာ ၂၅၀၀၀ အိပ်မက်သည် လွယ်လွယ် နှင့် ဖြစ်လာဦးမည် မဟုတ်။
နိုင်ငံတကာ သတ်မှတ်ချက်နှင့် ကိုက်ညီသည့် နည်းပညာကို မြန်မာ့ သစ်မွှေးစိုက်သူတို့ အမိအရ ယူနိုင်မှသာ ဗီယက်နမ်၊ ထိုင်းတို့နှင့် ဈေးတူရနိုင်မည် ဖြစ်သည်။ မြန်မာ့ ထွက်ကုန်များသည် အခြားနိုင်ငံ ထွက်ကုန်များနှင့် ယှဉ်လျှင် နောက်ကျ ကျန်နေဆဲ ဖြစ်သည်။
သစ်မွှေးပင် စိုက်ပျိုးကာ သစ်မွှေး ထုတ်ရောင်းမည့် စီးပွားရေး လုပ်ငန်းသည် မြန်မာနိုင်ငံတွင် ကနဦးအစသာ ဖြစ်နေသေးသောကြောင့် နိုင်ငံတကာ အရည်အသွေးအတိုင်း ထုတ်လုပ်ရန် အခွင့်အလမ်းများ ရှိနေဆဲ ဖြစ်သည်။
မိုးညှင်းမြို့မှ သစ်မွှေး စိုက်ပျိုးသူ တစ်ဦးကမူ အောက်ပါအတိုင်း ပြောကြားသည်။
“သူများတွေ သစ်မွှေး ဈေးကောင်းတယ် ပြောလို့ စိုက်ထားတာ။ ဘယ်လို ရောင်းကြမှန်းတော့ မသိဘူး”။
မင်းထက်စံ
အင်းလေးကန် ထိန်းသိမ်းဖို့ အစိုးရက ၁ နှစ် ကျပ် သန်း ၁၀၀ သုံးဟု ဆို
Posted by drmyochit
Sunday, November 17, 2013, under ပြည်တွင်းသတင်းများ | No comments
အင်းလေးကန် ထိန်းသိမ်းဖို့အတွက် နိုင်ငံတော်အစိုးရက ၁ နှစ် ကျပ်သန်း ၁၀၀ သုံးတယ်လို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောပါတယ်။
နိုဝင်ဘာ ၁၆ ရက်နေ့ ဒုတိယသမ္မတရဲ့ အင်းလေးကန်ခရီးစဉ်အတွင်း အခုလို ပြောခဲ့တာလို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။
“အင်းလေးကန် ရေရှည်တည်တံ့ခိုင်မြဲရေးနဲ့ သန့်ရှင်းလှပဖို့၊ လူထု ဗဟိုပြုနည်းနဲ့လည်း ဆောင်ရွက်ကြဖို့၊ အင်းသူ အင်းသား မျိုးဆက်သစ်လူငယ်တွေလည်း ပါဝင်ကြဖို့ အဲဒါတွေလည်း သူက လမ်းညွှန်သွားတယ်။ အင်းလေးကန် ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ၁ နှစ် သန်း ၁၀၀ ကို ဆည်မြောင်းတို့၊ သစ်တောတို့နဲ့ စိုက်ပျိုးရေးတို့ကို အချိုးကျ ခွဲဝေပေးပါတယ်။ ဆည်းမြောင်းဌာနကတော့ အများဆုံးရရှိတယ်ပေါ့။”
အင်းလေးကန် ရေပြင် ကျဉ်းလာတဲ့အကြောင်း ဒုတိယသမ္မတက ပြောသွားတယ်လို့လည်း ဆိုပါတယ်။
အင်းလေးကန်ကို ကမ္ဘာ့လှည့်ခရီးသည် လာရောက် လည်ပတ်တာ များလာနေပြီး အခုအချိန်ထိ ၉ သောင်းကျော် လာရောက်ခဲ့ပြီး ယခုနှစ် အကုန်မှာ ၁ သိန်းခွဲလောက် ၀င်ရောက်လာဖို့ မျှော်မှန်းထားပါတယ်။
အင်းလေးကန်ဟာ ရေပြင်ဧရိယာအနေနဲ့ အရင်က ၁၀၄ စတုရန်းမိုင်ရှိရာက အခု ၃၄ စတု၇န်းမိုင်၊ တောင်မြောက်အလျား အရင် ၃၆ မိုင်က အခု ၁၁ မိုင်၊ အရှေ့အနောက် အရင်က ၈မိုင်၊ အခု ၄မိုင်၊ ရေအနက်ဆုံး အရင်က ပေ၂၀၊ အခု ၁၂ပေ၊ ရေအတိမ်ဆုံး အရင်က ၁၂ပေ၊ အခု ၆ ပေပဲ ရှိတော့တာမို့ အင်းလေးကန် ရေရှည်တည်တံ့ဖို့ အရေးကြီးဆုံးဖြစ်နေတယ်လို့ သိရပါတယ်။
DVB