Wednesday, January 07, 2015

ဗုံးပေါက်ကွဲမှုနဲ့ တရားစွဲဆိုခံထားရတဲ့ စောထွန်းထွန်းကို ကြိုးပေးသေဒဏ်ချမှတ်

Posted by drmyochit Wednesday, January 07, 2015, under | No comments

၂၀၁၃ခုနှစ် အောက်တိုဘာ(၁၁)ရက်နေ့ ညပိုင်းက တောင်ငူမြို့ ချမ်းမြေ့ဧည့်ဂေဟာ ဗုံးပေါက်ကွဲမှုနဲ့ တရားစွဲဆိုခံထားရတဲ့ တရားခံ စောထွန်းထွန်းကို ဒီနေ့ ဇန်န၀ါရီ (၇)ရက်နေ့က တောင်ငူခရိုင် တရားရုံးမှာ ပြစ်မှု ဥပဒေ ပုဒ်မ-၃၀၂(၁)(ခ)အရ မသေမချင်း လည်ပင်းကြိုးကွင်းစွပ် သတ်စေရန်၊ ဥပဒေပုဒ်မ-၃၂၆ အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ်(၅)နှစ်ကျခံစေရန်၊ ပုဒ်မ-၃၂၄ အရ ထောင်ဒဏ်(၂)နှစ်ကျ ခံစေရန် တောင်ငူခရိုင်ဒုတိယခရိုင်တရားသူကြီး(၂)က အမိန့်ချမှတ်ခဲ့ကြောင်း ခရိုင်တရားရုံှး တရားသူကြီးတဦးက DVBကို ပြောကြားပါတယ်။

သေဒဏ်အမိန့်ကို အတည်ပြုနိုင်ဖို့အတွက် ပြည်ထောင်စု တရား လွှတ်တော်ချုပ်ကို (၇)ရက်အတွင်း အတည်ပြုမိန့် တောင်းခံရန် တင်ပြသွားဖို့ ရှိပြီး သေဒဏ်အမိန့်ချမှတ်ခံရသူ စောထွန်းထွန်းအနေနဲ့ လည်း (၇)ရက်အတွင်း အယူခံနိုင်ကြောင်း သိရှိရပါတယ်။
 
စောထွန်းထွန်းကို ၂၀၁၄ခုနှစ် ဇူလိုင်လ(၄)ရက်နေ့ကလည်း ဒုခရိုင် တရားရုံး (၂)ကနေ ၁၉၈၀ခုနှစ် ပေါက်ကွဲစေတတ်သောအက်ဥပဒေပုဒ်မ (၃)နဲ့ ထောင်ဒဏ် (၁၀)နှစ် ချမှတ်ထားခဲ့ပါသေးတယ်။
သတင်းဓာတ်ပုံ - သားကြီး(တောင်ငူ)
DVB TV News

Air Asia QZ8501 လေယာဉ် ပျက်ကျမှုအတွက် ဆူရာဘာရာလေဆိပ်မှ အရာရှိလေးဦးကို ရာထူးမှထုတ်ပယ်

Posted by drmyochit Wednesday, January 07, 2015, under | No comments

 အင်ဒိုနီးရှား အာဏာပိုင်များသည် Air Asia QZ8501 လေယာဉ်ပျက်မှုအတွက် ဆူရာဘာရာ နိုင်ငံ တ ကာ လေဆိပ်၊ လေကြောင်း ထိန်းချုပ်ရေးမှ အရာရှိလေးဦးကို ရာထူးမှ ထုတ်ပယ်လိုက်သည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။


ယင်းအရာရှိ လေးဦးသည် ၎င်းတို့၏ ရာထူးတာဝန်များအရ Air Asia QZ8501 လေကြောင်း ပျံသန်းမှု ခရီးစဉ်အတွက် အဓိက တာဝန်ရှိသူများ ဖြစ်သည်ဟု ဇန်နဝါရီလ၊ ၆ ရက်နေ့တွင် အင်ဒိုနီးရှား အာဏာပိုင်များက ပြောကြားသည်။

AirNav ၏ ဘေးကင်းလုံခြုံရေးနှင့် စံချိန်စံညွှန်းဆိုင်ရာ ဒါရိုက်တာ မစ္စတာဝီနုဒါဂျိုနို၏ ပြောကြားချက် အရဆိုလျှင် ရာထူးမှ ထုတ်ပယ်ခံရသည့် လေးဦးထဲတွင် ဗ AirNav ၏ အထွေထွေ မန်နေဂျာ ပါဝင်သည်ဟု သိရသည်။

ရာထူးမှ ထုတ်ပယ်ခံလိုက်ရသော အရာရှိလေးဦးသည် အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့တို့တွင် ဆူရာဘာရာမှ စင်ကာပူသို့ ပျံသန်းသည့် Air Asia လေကြောင်းလိုင်းအတွက် ဆောင်းရာသီ လေကြောင်းခရီးစဉ် ဇယားကို စစ်ဆေးရန် ပျက်ကွက်ခဲ့သည်ဟု မစ္စတာဝီနုက ပြောကြားသည်။

ထိုအရာရှိလေးဦးသည် ဆောင်းရာသီ လေကြောင်းခရီးစဉ် ဇယားအစား တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနှင့် တနင်္ဂနွေနေ့တို့တွင် ဆူရာဘာရာမှ ထွက်ခွာခွင့်ပြုသည့် နွေရာသီ လေကြောင်း ခရီးစဉ်ဇယားကို အသုံးပြုခဲ့သည်ဟုလည်း မစ္စတာဝီနုက ထပ်လောင်း ပြောကြားသည်။

သို့ရာတွင် စစ်ဆေးသုံးသပ်မှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့သည့်တိုင် ဆူရာဘာရာမှ ပျံသန်းသည့် အခြားလေကြောင်း ခရီးစဉ်များတွင်မူ ကွဲပြားခြားနားမှုများ မတွေ့ရကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ပြီးခဲ့သော ရက်များအတွင်း ဂျာဗားပင်လယ် အတွင်း၌ ရာသီဥတု ဆိုးရွားလျက် ရှိသဖြင့် ခရီးသည်များ၏ အလောင်းများ ရှာဖွေရေးနှင့် လေယာဉ် အစိတ်အပိုင်း များရှာဖွေရေး လုပ်ငန်းများမှာ အခက်အခဲများနှင့် ရင်ဆိုင်ရလျက် ရှိသည်။

လက်ရှိအချိန်တွင် လေယာဉ်၏ ကြီးမားသော အစိတ်အပိုင်းများကို ရှာဖွေ တွေ့ရှိထားပြီ ဖြစ်သော်လည်း လေယာဉ်၏ Black Box ကို မတွေ့ရှိသေးသလို ရှာဖွေဆယ်ယူရန် ရုပ်အလောင်းလည်းများစွာ ကျန်ရှိနေဆဲ ဖြစ်သည်။

Air Asia QZ8501 လေယာဉ်သည် ဒီဇင်ဘာလ ၂၈ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာရာ လေဆိပ်မှ စင်ကာပူသို့ ပျံသန်းစဉ် ပျက်ကျသွားခဲ့ခြင်း ဖြစ်ပြီး အင်ဒိုနီးရှား မိုးလေဝသဌာနကမူ လေယာဉ်ပျက်ကျရသည့် ကနဦး အကြောင်းအရင်းမှာ ရာသီဥတု ဆိုးရွားမှုကြောင့် ဖြစ်နိုင်သည်ဟု ပြောကြားထားသည်။

The Voice Weekly

ကလေးသူငယ် လိင်စပ်ယှက်မှု ရုပ်ပြကာတွန်းနှင့် ဇာတ်ကားများ ကြီးထွားနေသော ဂျပန်

Posted by drmyochit Wednesday, January 07, 2015, under | No comments


ဂျန်ပန်နိုင်ငံမှ မန်ဂါနှင့် အန်နီမီဟု ခေါ်သည့် ကာတွန်းဇာတ်ဆောင်များက ကမ္ဘာ့ ယဉ်ကျေးမှုတရပ်သဖွယ်ဖြစ်လာပြီး ကျော်ကြားလာသည်။ သို့သော် အချို့သော ညစ်ညမ်းကာတွန်းရုပ်ပြမဂ္ဂဇင်းနှင့် ဇာတ်ကားများက ကလေးကာတွန်းများပါဝင်သည့် ပြကွက်တို့အား တစ်တစ်ခွခွကြီး ရေးဆွဲပြသလာသည်။ ထို့ကြောင့် ဂျပန်နိုင်ငံအနေဖြင့် အဘယ်ကြောင့် ထိုဇာတ်ကားများအား မတားမြစ်သနည်းဟု မေးစရာ ဖြစ်လာသည်။
 
တနင်္ဂနွေ နေ့လည်ခင်းတခုဖြစ်သည်။ တိုကျိုမြို့ရှိ အရောင်းပြပွဲတခု၌ Sunshine Creation ၏ ပြခန်းသို့ မန်ဂါပရိသတ် ထောင်နှင့်ချီ (အမျိုးသားအများစု) စုပြုံတိုးဝှေ့နေသည်။ ရောင်းချရန် ခင်းကျင်းပြသထားသည့် မန်ဂါ ရုပ်ပြကာတွန်းများကို စူးစိုက်ကြည့်နေကြသည်။ 
 
သမင်မျက်လုံးနှင့် မှော်ဆန်သော ရုပ်အဆင်းရှိသည့် ကာတွန်း သူရဲကောင်းမလေးများ၏ ပိုစတာများလည်း ရှိနေသည်။
"ဒီနေရာကတော့ လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေရေး တီထွင်ဖန်တီးမှုတွေကို အဓိက ပြသထားတယ်" ဟု ပွဲစီစဉ်သူ တယောက်က ရှင်းပြသည်။
ဘရာစီယာ ၀တ်မထားသော မိန်းကလေးနှစ်ဦးအသွင်ကို ပုံဖော်ထားသည့် ကာတွန်းပုံများ ရှိသော စားပွဲတခုသို့ အရောက် စာရေးသူ ရပ်တန့်လိုက်မိသည်။ ၎င်းတို့၏ ပုံမှာ အသက် ဆယ့်လေးငါးနှစ် ၀န်းကျင်အရွယ် မိန်းကလေးများအတိုင်းပင် ဖြစ်ပြီး ဇာတ်လမ်းများကမူ အဆိုပါ ကာတွန်းများ၏ လိင်ဆက်ဆံနေသော ပြကွက်များကို တစ်တစ်ခွခွ ပြသထားသည်။ 
 
အခြား စင်တင်ရောင်းချနေသည့် ပစ္စည်းများမှာလည်း အလားတူချည်းသာ ဖြစ်သည်။ ၎င်းတို့ကို ဗြိတိန်၊ သြစတြေးလျနှင့် ကနေဒါ၊ ထိုပြင် အခြားနိုင်ငံ အများအပြားတွင် တင်သွင်း ဖြန့်ချိမှု မပြုရန် ဥပဒေအရ တင်းကြပ်စွာ ကန့်သတ်ခံထားရသကဲ့သို့ အချို့နိုင်ငံများတွင်မူ အငြင်းပွားနေဆဲ အနေအထား ဖြစ်သည်။
"ကလေးတွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားတာ မကောင်းမှန်း လူတိုင်းသိတယ်၊ ဒါပေမယ့် ဒီလို စိတ်ခံစားချက်မျိုးကိုတော့ လွတ်လပ်စွာ ခံစားနိုင်ခွင့်ရှိပါတယ်" ဟု အထက်ပါ ပွဲစီစဉ်သူက ဆိုသည်။
သူ၏ ပွင့်လင်းသော ဖွင့်ဟချက်ကို အတော် အံ့အား သင့်သွားရသည်။ ထို့နောက် သူက "Lolicon" ဟူသော စကားလုံးကို မိတ်ဆက်ပေးသည်။ Lolita Complex ၏ အတိုကောက် ဖြစ်သည်။ သွေးရင်းလိင်စပ်ယှက်မှု၊ မုဒိမ်းကျင့်မှုနှင့် အခြား လိင်မှုဆိုင်ရာ မကြားဝံမနာသာ အကြောင်းရပ် အဖုံဖုံကို ပြသသော ဇာတ်ကားများ၊ မဂ္ဂဇင်းများ၏ မန်ဂါဇာတ်ရုပ်များအနက်မှ ဇာတ်ရုပ်မလေး တကောင်ကို ဆိုလိုသည်။ 
 
"ကျွန်တော်က မိန်းမငယ်လေးတွေကို ဇာတ်ကောင်ထားတဲ့ ဖန်တီးမှုတွေ ကြိုက်တဲ့၊ Lolicon က ကျွန်တော့် အကြိုက်တွေထဲက တစ်ယောက်ပေါ့" ဟု သူက ဆိုသည်။
 
ထိုသို့ ပြောကြားစဉ် သူ၏ ဇနီးသည်က သူ့အနားမှာပင် ရှိနေသည်။ ထို့ကြောင့် ၎င်း၏ နှစ်ခြိုက်မှုအပေါ် ဇနီးသည်က မည်သို့ မြင်သနည်းဟု မေးရာ "ပြဿနာမရှိပါဘူး၊ သူလည်း ကောင်လေး ငယ်ငယ်လေးတွေကို ဇာတ်ကောင်းထားတဲ့ လိင်ဖျော်ဖြေရေး ဇာတ်ကားတွေ ကြိုက်တာပဲလေ" ဟု ပြန်ဖြေသည်။
ဂျပန်နိုင်ငံ၏ ကြီးမားလှသော မန်ဂါဈေးကွက်ကြောင့် ၀င်ငွေ နှစ်စဉ် ကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံအထိ ၀င်ငွေရှိသည်။ သို့သော်လည်း အငြင်းပွားမှုများကတော့ ရှိနေသည်။
 
ယမန်နှစ် ဇွန်လက ဂျပန်လွှတ်တော်တွင် ကလေးသူငယ်များ၏ လိင်စပ်ယှက်မှု ရုပ်ပုံများ ကန့်သတ်ပိတ်ပင် တားမြစ်ရန် မဲခွဲဆုံးဖြတ်ခဲ့ကြသည်။ ကမ္ဘာ့စီးပွား ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (OECD) သည် ယင်းရုပ်ပုံများ ထုတ်လုပ်ဖြန့်ချိသည့် လုပ်ငန်းများကို ၁၉၉၉ ခုနှစ်ကတည်းက ပိတ်ပင်တားမြစ်ခဲ့ခြင်း ဖြစ်သော်လည်း ဂျပန်သည် ယမန်နှစ်ကမှ နောက်ဆုံးအဖွဲ့ဝင်နိုင်ငံ ဖြစ်လာသည်။
အသက် ၁၈ နှစ်အောက် အရွယ် ကလေးများ၏ လိင်အသားပေးနှင့် စပ်ယှက်သည့် ပုံများကို လူအစစ်၏ ပုံရိပ်ဖြစ်စေ၊ ပန်းချီ၊ ကာတွန်းပုံရိပ်များ ဖြစ်စေ ဥပဒေအရ ပိတ်ပင်တားမြစ်ရန် OECD က တောင်းဆိုထားခြင်း ဖြစ်သည်။ သို့သော်လည်း ယမန်နှစ်က အချေအတင် ဖြစ်လာပြီးနောက် လွှတ်တော်က ပယ်ချရန် ဆုံးဖြတ်လိုက်သည်။ ထိုသို့ ဆုံးဖြတ်ခဲ့၍ ကလေးသူငယ်ဆိုင်ရာ ကာကွယ် စောင့်ရှောက်သူများနှင့် NGO အသီးအသီး (အထူးသဖြင့် ပြည်ပမှ) က ပြစ်တင် ရှုတ်ချလိုက်ကြသည်။ 
 
တိုကျိုမြို့ရှိ အာကီဟာဘာရာ ခရိုင်သည် မန်ဂါလောက၏ အချက်အခြာဖြစ်သည်။ မန်ဂါ စာအုပ်၊ မဂ္ဂဇင်းနှင့် DVD အစုံအပြင် ကလေးများဖြင့် အမှန်စင်စစ် ရိုက်ကူးထားသည့် ညစ်ညမ်းဇာတ်ကားအစုံကို ရနိုင်သည်။
"ကလေးတွေအတွက် စိတ်မကောင်းဘူး" ဟု ကလေးသူငယ်ဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေး လှုပ်ရှားဆောင်ရွက်သူ ကနာဂီရီက ပြောသည်။ 
 
"ဒီလိုလုပ်ရပ်တွေအတွက် ထိုက်သင့်တဲ့ အပြစ်ဒဏ် ချမှတ်ရမယ်၊ ဥပဒေအရ ပီပီပြင်ပြင်တားမြစ်ရမယ်၊ ဒါပေမဲ့ ရဲတပ်ဖွဲ့ကတော့ ဒါတွေ တခုမှု ဆောင်ရွက်မပေးဘူး" ဟု သူမက ဆက်ပြောသည်။
သို့ရာတွင် ကလေးသူငယ် လိင်စပ်ယှက်မှ ကာတွန်းနှင့် ညစ်ညမ်းခွေများ ပပျောက်ရေးကို မဆုတ်မနစ် ဆက်လက်ကြိုးပမ်းသွားမည်ဟု သူမက ဆိုသည်။
 
"ကျွန်မ ဒါတွေကို ပျောက်ကွယ်သွားစေချင်တယ်၊ ၂၀၂၀ မှာ ဂျပန်ဟာ အိုလံပစ်အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပချိန်အမီ ဂျပန်ကို ယဉ်ကျေးတဲ့ နိုင်ငံအဖြစ် ပြန်ပြောင်းဖော်ဆောင်သွားရမယ်" ဟု သူမက ရင်ဖွင့်သည်။ 
 
မန်ဂါပရိသတ်များဘက်ကမူ ပြင်းပြင်းထန်ထန် ဆန့်ကျင်မှုများ ရှိခဲ့သည်။ သို့ရာတွင် အိုလံပစ်လည်း နီးလာပြီ ဖြစ်၍ နိုင်ငံတကာက ဂျပန်ကို စောင့်ကြည့်လာသည်။ မန်ဂါနှင့် အန်နီမီတို့ကို ပြည့်ပြည့်၀၀ ဖိအားပေးလာစေရန်လည်း လှုပ်ရှားလာနေကြသည်။
 
ကျော်လင်းထွန်း
Ref: Why hasn't Japan banned child-porn comics? by James Fletcher (BBC)
News Watch(စောင့်ကြည့်သတင်းဂျာနယ်) 

မြောက်ကိုရီးယားတွင် ဆိုင်ဘာစစ်သား အင်အား ၆၀၀၀ရှိ

Posted by drmyochit Wednesday, January 07, 2015, under | No comments

ပြုံယမ်း 
 တောင်ကို ရီးယားနိုင်ငံ၏ စစ်တပ်နှင့် အဓိက အစိုးရ ဌာနများ၏ ကွန်ပြူတာ စနစ်များကို ထိုးဖောက် ဝင်ရောက်ကာ ဆိုင်ဘာ တိုက်ခိုက် မှုများ လုပ်ဆောင်သည့် ဆိုင်ဘာတပ်ဖွဲ့ ဝင် ၆၀၀၀ကို မြောက်ကို ရီးယားက စစ်တပ် အတွင်းမြုပ်နှံ ထားကြောင်းတောင် ကိုရီးယားနိုင်ငံက အခိုင် အမာပြောသည်။
မြောက်ကိုရီးယား တပ်မတော်ရှိ ဆိုင်ဘာစစ်သားများသည် တောင်ကိုရီးယားနိုင်ငံကို စိတ်ရော ရုပ်ရော ချည့်နဲ့ သွားအောင် ဆိုင်ဘာတိုက်ခိုက်မှုများကို တပ်ဖွဲ့  ဝင်အင်အား ၆၀၀၀ကို အသုံးပြုကာ လုပ်ဆောင် လျက် ရှိနေကြောင်း တောင်ကိုရီးယား ဝန်ကြီးဌာနက ဇန်နဝါရီ ၅ရက်က အစီရင်ခံစာထုတ်ပြန်ခဲ့သည်။
သို့သော်လည်း ယခု အတည်ပြု ချက်သည် မည်သည့် အချက် အလက် များပေါ် အခြေခံ၍ ထုတ်ဖော်ပြောခြင်း ဖြစ်သည်ကိုမူ ယင်းဝန်ကြီး ဌာနက အစီရင်ခံစာ တွင်ဖော်ပြ မထားပေ။
ယခု ထုတ်ပြန်လိုက်သည့် အစီရင်ခံစာအရ မြောက်ကိုရီးယား၏ ဆိုင်ဘာ တပ်ဖွဲ့ ဝင် အင်အားသည် ၂၀၁၃ခုနှစ်အတွင်းက တောင်ကို ရီးယား ကာကွယ်ရေးဝန် ကြီးဟောင်း ကမ်ကောင်းဂျင်က ထုတ်ဖော်ပြောခဲ့သည့် အင်အားထက် နှစ်ဆရှိနေခြင်း ဖြစ်သည်။ ကာကွယ်ရေးဝန်ကြီးဟောင်း ကမ်ကောင်းဂျင် ကမြောက်ကို ရီးယားနိုင်ငံ သည်ဆိုင်ဘာ တပ်သား ၃၀၀၀ဖြင့် ဆိုင်ဘာစစ်ပွဲများကို ဆင်နွှဲနေသည်ဟု ပြောခဲ့ခြင်းဖြစ်သည်။
မြောက်ကို ရီးယားတို့ က ၂၀၀၇ခုနှစ်မှ စတင်ကာ ထပ်တန်း ဆိုင်ဘာ တိုက်ခိုက်မှု အနည်းဆုံး ခြောက်ကြိမ်မျှ ဆင်နွှဲ ခဲ့သည်ဟု တောင်ကိုရီးယားက စွပ်စွဲထား သည်။ တောင်ကို ရီးယား စီးပွားရေး လုပ်ငန်း များနှင့် အစိုးရ ဌာနများမှ ကွန်ပျူတာ စနစ်များသို့ ထိုးဖောက် ဝင်ရောက် ခဲ့ကြောင်း၊ သို့ သော်လည်း တိုက်ခိုက် ထိုးဖောက်မှု အကြိမ်တော်တော် များများက အရေးရှုံးနိမ့်ကြောင်း တောင်ကိုရီးယားနိုင်ငံဖက် ကပြောသည်။
တောင်နှင့် မြောက် ကိုရီးယားနှစ်နိုင်ငံသည် ယာယီအပစ်ရပ်စာချုပ်ဖြင့် ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲ အဆုံးသတ်သွားခြင်းဖြစ်ရာ ငြိမ်းချမ်းရေး သဘော တူညီမှု စာချုပ် ချုပ်ဆိုထားနိုင်ခြင်း မရှိသေးသောကြောင့်  စစ်ရိပ်စစ်ငွေ့ မကင်းသေးသော စစ်ပွဲအတွင်းမှာပင် ရှိနေသေးသည့် နှစ်နိုင်ငံဖြစ်သည်။
လတ်တလောကာလတွင်လည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကို လုပ်ကြံသည့် ရုပ်ရှင်ကား ရိုက်ကူးထုတ်လုပ်ခဲ့သည့် ဆိုနီကုမ္ပဏီ ဆိုင်ဘာ တိုက် ခိုက်ခံရမှုနှင့် ပတ်သက်ပြီး အမေရိကန်နိုင်ငံက မြောက်ကိုရီးယားအပေါ် အပြစ်ပုံထားသည်။
အဆိုပါ ဆိုင်ဘာတိုက်ခိုက်မှုဖြစ်ပွားသွားပြီးနောက်တွင် မြောက်ကိုရီးယားအရာရှိများနှင့် စစ်တပ်နှင့် ပတ်သက်မှုရှိသည့် အဖွဲ့အစည်းများကို  ဒဏ်ခတ်ပိတ်ဆို့  မှုအသစ်များ ဇန်နဝါရီ ၂ရက်တွင် အမေရိကန်က ချမှတ်လိုက်သည်။
အမေရိကန်၏ ယခုကဲ့သို့ စွပ်စွဲပြောဆိုမှုကို မြောက်ကိုရီးယားနိုင်ငံက ငြင်းဆန်ထားသလို ဆိုနီကုမ္ပဏီ ဆိုင်ဘာတိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေး   ရေး ကို အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်သွားလိုသည်ဟု ကမ်းလှမ်းထားခဲ့သည်။
Ref: PRESS TV
မဇ္ဈိမ 

ဂျာမနီတွင် အစ္စလာမ်ဆန့်ကျင်ရေးခံစာချက်များမြင့်တတ်လာနေပြီး သီးခြားဆန်သည့် လူ့အဖွဲ့အစည်းများရှိနေဟု ပြည်ထဲရေးဝန်ကြီးပြော

Posted by drmyochit Wednesday, January 07, 2015, under | No comments

ဂျာမနီနိုင်ငံတွင် အစ္စလာမ်ဆန့်ကျင်ရေးလှုပ်ရှားမှုများ နိုးထလာနေချိန် ပြည်ထဲရေးဝန်ကြီးက ယင်းလှုပ်ရှားမှုများကို တိုက်ဖျက်ရန် ကတိသစ္စာပြုသော်လည်း ၎င်းတို့အနေနှင့် ထိတွေ့ဆက်ဆံရန် ခက်ခဲသည့် လူ့အဖွဲ့အစည်းများ ရှိနေကြောင်း ၀န်ခံပြောကြားလိုက်သည်။
 
“ကျွန်တော်တို့ရော၊ အခြားသူတွေရော မီဒီယာတွေအနေနဲ့ရော ကျွန်တော်တို့ ဂျာမနီနိုင်ငံ လူ့အဖွဲ့အစည်းထဲက အချို့လူစုတွေနဲ့ ကူးလူးဆက်ဆံဖို့ အခက်အခဲ ရှိနေတယ်၊ ကျွန်တော်ထင်တာ တခြားဒီမိုကရေစီနိုင်ငံတွေမှာလည်း ဒါမျိုးတွေ ရှိနေပါတယ်”ဟု သောမက်စ်ဒီမိုင်ဇီယာ က CNN မှ ခရစ္စတီယန်အန်မန်ပေါ ကို ပြောသည်။
 
ဂျာမနီ၌ “အနောက်ကမ္ဘာတွင် အစ္စလာမ်လွှမ်းမိုးလာမှု ဆန့်ကျင်သည့် မျိုးချစ်ဥရောပသားများအဖွဲ့”( Patriotic Europeans against the Islamization of the West - PEGIDA) က ဦးဆောင်၍ အစ္စလာမ်ဆန့်ကျင်ရေးဆန္ဒပြမှုများ အပတ်စဉ်ပြုလုပ်လျက်ရှိရာ လက်ယာအမျိုးသားရေးဝါဒ ပြန်လည်ဦးမော့လာမည့်အရေး စိုးရိမ်မှုများ ရှိနေသည်။
 
“ဘယ်စည်း ဘယ်ဘောင်ကို မကျော်ရဘူးဆိုတာကို PEGIDA အဖွဲ့က သိပါတယ်။ ဒါဟာ စိတ်ဝင်စားစရာပါ။ ဂျာမနီမှာ ဘယ်လိုကိစ္စမျိုးကို လုံးဝတာမြစ်ထားတယ်ဆိုတာ သူတို့သိတယ်။ နာဇီပါတီဂျာမနီလို ပါတီမျိုးတွေ ပေါ်ပေါက်လာစရာ မမြင်ပါဘူး၊ အခြားဥရောပနိုင်ငံတွေထက်စာရင် ကျွန်တော်တို့ဆီမှာ တော်သေးတယ် ပြောရမယ်။ ဒီကိစ္စရပ်တွေကို ကျွန်တော်တို့ ကောင်းစွာသတိပြုမိပါတယ်။ အဲဒီလို စိတ်ခံစားချက်တွေကို တိုက်ဖျက်သွားမှာပါ”ဟု ဂျာမနီပြည်ထဲရေးဝန်ကြီး သောမက်စ်ဒီမိုင်ဇီယာ က ပြောသည်။
 
ဥရောပတွင် အစ္စလာမ်လွှမ်းမိုးရန်ကြိုးပမ်းလာသည်ဟု မြင်သဖြင့် လမ်းပေါ်ထွက်သူများ တနေ့တခြား များပြားလာရာ ဂျာမန်အဓိပတိ အန်ဂယ်လာမာကဲလ် က ၎င်း၏ နှစ်သစ်ကူးမိန့်ခွန်းတွင် အဆိုပါလုပ်ရပ်များအား ရှုတ်ချပြောဆိုသွားခဲ့သည်။
 
သောမက်စ်ဒီမိုင်ဇီယာ က အန်ဂယ်လာမာကဲလ်၏ ပြောဆိုချက်ကို သဘောတူသည်ဟုဆိုသော်လည်း “ဒုက္ခသည်ခိုလှုံခွင့်ပေးတာတွေ အဆုံးသတ်မှာလား၊ အစ္စလာမ်ဟာ ကျွန်တော်တို့လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ဘယ်လောက်ရှိသလဲ” စသည့် အရေးတကြီးဖြေဆိုရမည့်မေးခွန်းများ လမ်းပေါ်ထွက်လာသူများထံတွင် ရှိနေကြောင်း ပြောသည်။
 
“အဲဒီမေးခွန်တွေကို ရင်ဆိုင်ရမှာပါ၊ အဖြေရှာရမှာပဲ။ သို့သော် အဖြေရှာတယ်ဆိုတဲ့နေရာမှာ PEGIDA အတွက်မဟုတ်ပါဘူး၊ ကျွန်တော်တို့အတွက် အဖြေရှာရမယ့် မေးခွန်းတွေဖြစ်နေလို့ပါ။ ကျွန်တော်တို့ အဲဒီမေးခွန်းတွေရဲ့ အဖြေကို လိုချင်ပါတယ်” ဟု ယင်းက ပြောသည်။
ဂျာမနီနိုင်ငံသည် တစတစ ပိုမိုအစ္စလာမ်ဆန်လာသည်ဟု ဂျာမန်လူမျိုး ၃၄% က ရှုမြင်ကြောင်း Der Speigel သတင်းစာ၏ စစ်တမ်းအရ သိရသည်။ ဂျာမန်ပြည်သူများအကြားဖြစ်ပေါ်လာသော အဆိုပါစိတ်ခံစားချက်များနှင့် ပတ်သက်၍ စိုးရိမ်မိကြောင်း ဂျာမနီပြည်ထဲရေးဝန်ကြီး က အန်မန်ပေါကို ပြောသည်။ အစ္စလာမ်ဆန့်ကျင်ရေးဆန္ဒပြမှုများ ၎င်းနေထိုင်ရာမြို့တွင် ဖြစ်ပွားနေသော်လည်း ဒေသဆိုင်ရာပြဿနာအဖြစ် ချဲ့ကားရှုမြင်ခြင်းမပြူရန်လည်း ၎င်းက ပြောသည်။
 
“တခြားမြို့တွေမှာလည်း အလားတူဆန္ဒထုတ်ဖော်တာတွေလုပ်ဖို့ ကြိုးစားနေကြပေမယ့် မအောင်မြင်ပါဘူး၊ ဒီအဖွဲ့တွေက လက်ယာအစွန်းရောက်တွေပါ”ဟု ၎င်းက ပြောသည်။ အိမ်ဖောက်ထွင်းမှု၊ မူးယစ်သောက်စားပြီး ယာဉ်မောင်းနှင်မှု၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု စသည့်ရာဇ၀တ်မှုများ ကျုးလွန်ခဲ့သူ PEGIDA ခေါင်းဆောင် လုဇ်ဘာ့ခ်မန်းအား အဘယ်ကြောင့် အဆိုပါဆန္ဒပြပွဲများအား ဦးဆောင်ခွင့်ပြုထားသနည်းဟု အာမန်ပေါ က ဂျာမနီပြည်ထဲရေးဝန်ကြီးအား မေးခဲ့သည်။
“ဒါဟာ မေခွန်းကောင်းပါ၊ ကျွန်တော်လည်း မသိဘူး။ သူ့ရဲ့လက်ထောက်က လုံခြုံရေးကုမ္ဗဏီတခုကို လုပ်ကိုင်နေတော့ သူတို့က ပွဲတွေလုပ်ဖို့ လူစုနိုင်တယ်၊ အဲဒီအဖွဲ့တွေထဲမှာမှ သူတို့ဟာ လက်ယာစွန်းအရောက်ဆုံးသူတွေ ဖြစ်တယ်၊ အဲဒီတော့ သူတို့ဟာ ဖွဲ့စည်းမှုအင်မတန်အားကောင်းပါတယ်၊ ဒါပေမယ့် လုဇ်ဘာ့ခ်မန်း၊ အဲဒီလူဟာ အခုလှုပ်ရှားမှုတွေရဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ ခေါင်းဆောင်မဟုတ်ဘူး၊ နောက်တယောက် ရှိပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။
“လွတ်လပ်တဲ့မည်သူမဆို ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်နိုင်ပါတယ်၊ ဆန္ဒပြပွဲတွေဆိုတာ ကျွန်တော်တို့ရဲ့ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတခုပါ” ဟု ဂျာမနီပြည်ထဲရေးဝန်ကြီး သောမက်စ်ဒီမိုင်ဇီယာ က ပြောသည်။
 
လက်ရှိတွင် ဂျာမနီနိုင်ငံသည် စက်မှုဖွံ့ဖြိုးပြီး နိုင်ငံများအကြား ဒုက္ခသည် လက်ခံမှု အများဆုံးနိုင်ငံ တခုဖြစ်သည်ဟု UNHCR ၏ သတင်းအချက်အလက်အရ သိရသည်။
 
“ဒါဟာ ကျွန်တော်တို့အားလုံးအတွက် ကြီးမားတဲ့စိန်ခေါ်မှုတခုဖြစ်ပါတယ်၊ တဆင့်ခံ ဖြတ်သန်းတဲ့ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ရမယ်၊ ဒီရာဇ၀တ်ကောင်တွေကို ရှင်းပစ်ရမယ်၊ ခင်ဗျား မြင်ဖူးပါလိမ့်မယ် ရာဇ၀တ်ဂိုဏ်းတွေရဲ့ သင်္ဘောကြီးတွေကို၊ အဲဒီသင်္ဘောကြီးတွေပေါ်မှာ ဒုက္ခသည် ၇၀၀ လောက် တင်လာတယ်၊ သူတို့က သင်္ဘောတစီးကို ဒေါ်လာ ၅သန်းလောက် ၀င်ငွေရနေတာ”
“မနှစ်က အဲဒီရာဇ၀တ်ဂိုဏ်းတွေရဲ့ ၀င်ငွေက ၅-၆ ဘီလီယံလောက် ရှိတယ်လို့ကြားတယ်၊ သူတို့ကို တိုက်ဖျက်ဖို့လိုတယ်၊ မဟုတ်ရင် ဒီဒုက္ခသည် ၀င်ရောက်မှုအခြေအနေကို ကျွန်တော်တို့ နိုင်နင်းစွာ ကိုင်တွယ်နိုင်မယ် မဟုတ်ဘူး၊ ဒုက္ခသည်စစ်စစ်တွေကို ကြိုဆိုလက်ခံလာအောင် ကျွန်တော်တို့ ပြည်သူတွေကို ပြင်ဆင်ပေးရမှာဖြစ်ပြီး လူကုန်ကူးရာဇ၀တ်ဂိုဏ်းတွေကိုတော့ တိုက်ဖျက်ရမှာ ဖြစ်ပါတယ်” ဟု သောမက်စ်ဒီမိုင်ဇီယာ က ပြောသည်။
Ref;Amanpour blog
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ပြင်သစ် မဂ္ဂဇင်းတိုက်ထဲ သေနတ်နဲ့ဝင်ပစ်၊ ၁၂ဦးသေဆုံး

Posted by drmyochit Wednesday, January 07, 2015, under | No comments


ဇန်န၀ါရီ ၇။ ။ ပြင်သစ် သရော်စာမဂ္ဂဇင်းဖြစ်တဲ့ ချာလီဟက်ဘ်ဒို ရဲ့ ပဲရစ် ရုံးခန်းထဲကို မျက်နှာဖုံးစွပ် သေနတ်သမား နှစ်ယောက်ထက်မနည်းက ဝင်ရောက်တိုက်ခိုက်လို့ ၁၂ဦးသေဆုံးပြီး ၇ဦးဒဏ်ရာရခဲ့တယ် လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

ယင်းသေနတ်သမားတွေဟာ မဂ္ဂဇင်းတိုက်ထဲကို မောင်းပြန်ရိုင်ဖယ်သေနတ်တွေနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ကြပြီး အပြင်ဘက်လမ်းမပေါ်မှာလည်း ရဲတွေနဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ကြကာ ကားနဲ့ထွက်ပြေးလွတ်မြောက်သွား တယ်လို့လည်း သိရပါတယ်။
ပစ်ခတ်နေစဉ်အတွင်း သေနတ်သမားတွေဟာ “ တမန်တော် အတွက် လက်စားချေတာ ” လို့ အော်ဟစ်ခဲ့ကြတယ်လို့လည်း မျက်မြင်သက်သေတွေက ဆိုပါတယ်။
ပြင်သစ် သမ္မတ ဖရန်ဆွာအော်လန်းက အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဆိုတာ သံသယရှိစရာမလိုဘူးလို့ ပြောပါတယ်။

ယင်းမဂ္ဂဇင်းရဲ့ တွစ်တာအကောင့် နောက်ဆုံးပို့စ်က အစ္စလာမ္မစ်စတိတ်အဖွဲ့ ခေါင်းဆောင် အဘူဘေကာ အယ်လ်ဘက်ဒါဒီ ရဲ့ ရုပ်ပြောင်ကာတွန်းပုံ တစ်ပုံဖြစ်ပါတယ်။ အဆိုပါ အပတ်စဉ်ထုတ် သရော်စာ မဂ္ဂဇင်း ဟာ အရင်ကလည်း အငြင်းပွားဖွယ်ရာအကြောင်းအရာတွေကို ဖော်ပြခဲ့ဖူးတဲ့ အစဉ်အလာရှိပါတယ်။ ၂၀၁၁ ခုနှစ် နိုဝင်ဘာလကလည်း တမန်တော် မိုဟာမက် ရဲ့ ကယ်ရီကေးချား ရုပ်ပုံကို ဖော်ပြခဲ့ပြီး တစ်ရက်အကြာ မှာ မဂ္ဂဇင်းတိုက်ကို မီးလောင်ဗုံးနဲ့ အပစ်ခံရခဲ့ပါတယ်။

ပြင်သစ်ရဲတပ်ဖွဲ့ကတော့ မီဒီယာတွေကို သတိအနေအထားနေကြဖို့ တပ်လှန့်ထားပြီး လုံခြုံရေးတွေ အာရုံစိုက် လုပ်ဆောင်နေပါတယ်။ ပြင်သစ် ကက်ဘိနက်ဝန်ကြီးတွေကိုလည်း သမ္မတက အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ မဂ္ဂဇင်းတိုက်က စာနယ်ဇင်းသမားတွေ ပါဝင်တယ်လို့သိရပြီး ရဲတပ်ဖွဲ့ဝင်တချို့လည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။


Ref: BBC. Jan 7 2015
Kumudra

ဖားကန့်တွင် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင် မြေပြို၊ လူ ၁၀ဝခန့် ပျောက်ဆုံး

Posted by drmyochit Wednesday, January 07, 2015, under | No comments

ဖားကန့်မြို့ မြောက်ဘက် မှော်မောင်းကုန်းမှော်အနီး ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင်တစ်ခုတွင် ဇန်နဝါရီလ ၆ ရက်နေ့ ညနေ ၆နာရီ ၁၅ မိနစ်ဝန်းကျင်က မြေပြိုမှု ဖြစ်ပွားခဲ့ပြီး လူ ၁၀ဝခန့် ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ယင်းဒေသခံများနှင့် မြေပြိုမှုဖြစ်စဉ်မှ လွတ်မြောက်လာသူ တို့က ပြောကြားသည်။

စိန်သီရိ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီက လုပ်ငန်းခွင်စွန့်ပစ် မြေစာများ စုပုံသည့် မြေစာပုံ ပြိုကျခြင်းဖြစ်ကာ ကုမ္ပဏီ၏ မြေတင်ယာဉ်သုံးစီး၊ မြေတူးစက်သုံးစီး အပါအဝင် ကျောက်စိမ်းရေမဆေး ရှာဖွေသူ ၈၀ ခန့်နှင့် ဈေးဆိုင် ၂၃ ဆိုင်မှ လူအချို့ မြေပြိုမှုတွင် ပါဝင်သွားပြီး ငါးယောက်သာလွတ်မြောက် ကြောင်းဒေသခံများထံမှ သိရသည်။

လွတ်မြောက်ခဲ့သူ ငါးယောက်ထဲမှ တစ်ဦးဖြစ်သူ ဦးမိုးဝင်းက “မြေစာပုံ တစ်ဆင့်ချင်း ပြတ်ကျကုန်တယ်။ ရေလှိုင်းတွေအတိုင်းပဲ ဝုန်းကနဲ့ မြေတွေ ပြတ်ကျကုန်တယ်။ ကျွန်တော်တို့က တောင်ခြေနားပဲ ရောက်နေလို့ ပြေးလို့လွတ်သွားတာ။ ဆိုင်ကယ်တော့ မြေမြုပ်သွားပြီ” ဟုပြောဆိုသည်။
မြေပြိုသည့်အချိန်တွင် ရေမဆေးကျောက်စိမ်း ရှာဖွေသူ ၈၀ခန့် ရှိပြီးဈေးဆိုင် ၂၃ ဆိုင်တွင်လည်း ကျောက်ရှာသူများနှင့် ဈေးရောင်းသူများလည်း ရှိနေကာ မြေပြိုမှုထဲတွင် ပါဝင်သွားသည်ဟု သူကဆိုသည်။

လက်ရှိတွင် ယင်းမြေပြိုမှု ဖြစ်ပွားသည့်နေရာတွင် စိန်သီရိ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီက ကယ်ဆယ်ရေးလုပ်ငန်းများကို မြေတူးစက်ငါးစီးဖြင့် လုပ်ကိုင်နေပြီး ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် သေဆုံးသူတစ်ဦးနှင့် ဆိုင်ကယ်ငါးစီးခန့်သာ တွေ့ရှိသေးကြောင်း အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေသည့် မော်ပေါင်လျန်းမှော်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

“ကယ်ဆယ်ရေးလုပ်တဲ့ လူတွေကို လက်ညိုးလောက်ပဲ မြင်နေရတယ်။ တောင်ကအမြင့်ကြီး ဆိုတော့ အလောင်းပြန်တွေ့ဖို့ တော်တော်လေး ရှာရလိမ့်မယ်” ဟုသူမြင်နေရသည့် အနေအထားကို ပြောကြားသည်။

ဇန်နဝါရီလ ၅ ရက်နေ့က မိုးရွာသွန်ထားခြင်းကြောင့် မြေပြိုမှု ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုကြသည်။

The Voice Weekly

Tuesday, January 06, 2015

ဘော်စတွန်မာရသွန်ဗုံးကွဲမှု တရားခွင် စစ်ဆေးရေး စတင်

Posted by drmyochit Tuesday, January 06, 2015, under | No comments

အမေရိကန်နို်င်ငံက ဘော်စတွန်မာရသွန်ဗုံးကွဲမှု လက်သည်တရားခံလို့ စွပ်စွဲခံထားရတဲ့ ချေချင်းညာလူမျိုး အမေရိကန်နိုင်ငံသား ဂျိုခါ ဇာနေ့ဗ်ကို လက်ရွေးစင်တရားသူကြီးတွေက တရားခွင်မှာ စစ်ဆေးမှုကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၅ ရက်နေ့က စတင်လိုက်ပါတယ်။

၂၀၁၃ ခုနှစ် ဧပြီ ၁၅ ရက်နေ့က မာရသွန်ပြိုင်ပွဲ ပန်းဝင်စည်းအနားမှာ ထောင်နဲ့ ချီတဲ့ လူအုပ်ထဲ အိမ်လုပ် ဗုံးဖောက်ခွဲမှုမှာ  လူ ၃ ဦး သေဆုံးပြီး  အယောက် ၂၆၀ ကျော် ဒဏ်ရာရခဲ့တာပါ။

ဒီအတွက် ပြစ်မှုထင်ရှားရင် အသက် ၂၁ နှစ်အရွယ် ဇာနေ့ဗ်ဟာ သေဒဏ်ကို ရင်ဆိုင်ရ နိုင်ပါတယ်။

ဗုံးခွဲအပြီး ၄ ရက်အကြာမှာ သူကို ဖမ်းမိတာပါ။ ရှေ့နေတွေကတော့ သူနဲ့ အသက် ၂၆ နှစ်အရွယ် သူအကိုတို့ဟာ တက္ကသို်လ်ရဲအရာရှိတယောက်ကိုလဲ ပစ်သတ်ခဲ့သေးတယ်လို့ ပြောပါတယ်။ သူ့အကိုကတော့ ရဲတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုအတွင်း သေဆုံးခဲ့တာပါ။

ဇာနေ့ဗ်ကတော့ သူအပေါ် စွဲဆိုထားတဲ့ စုစုပေါင်းစွဲချက် ၃၀ ကို အပြစ်မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။

သူအမှုကို စစ်ဖို့ တရားသူကြီး ရွေးချယ်ရာမှာလဲ ဘာမှ မပြောခဲ့ပါဘူး။ အမေရိကန်ကို ပြောင်းရွှေ့ အခြေချတဲ့ သူတို့ညီအကိုဟာ မွတ်စလင်တွေပါ။ ရှေ့နေတွေရဲ့ အဆိုအရ ဇာနေ့ဗ်ဟာ သူတို့ပုန်းအောင်းနေခဲ့တဲ့ လှေထဲမှာ စာတစောင် ရေးထားခဲ့တယ်လို့ ဆိုပါတယ်။

စာထဲမှာတော့ အမေရိကန်အစိုးရက ကျနော်တို့ရဲ့ အပြစ်မဲ့အရပ်သားတွေကို သတ်နေတယ် ဒီမကောင်းဆိုးဝါးတွေ အပြစ်ပေးမခံရဘဲ ဖြစ်နေတာကို ကြည့်မနေနိုင်ဘူးလို့ ရေးထားတယ်လို့ တရားရုံး စာရွက်စာတမ်းတွေက ဆိုပါတယ်။

DVB

ပျက်ကျ AirAsia ၏ လေယာဉ်အမြီးပိုင်းဟု ယူဆရသည့် အစိတ်ပိုင်း တွေ့ရှိ

Posted by drmyochit Tuesday, January 06, 2015, under | No comments

၂၀၁၄ ဒီဇင်ဘာ ၂၉ ရက်နေ့က အင်ဒိုနီးရှားရေတပ်၏ လေယာဉ်တစီးမှ လေယာဉ်မှူးများ ပျက်ကျ AirAsia ရှာဖွေရေး ပြုလုပ်နေစဉ် (ဓာတ်ပုံ – Reuters / Antara)

ပျောက်ဆုံးနေသည့် AirAsia Flight QZ8501 လေယာဉ်မှ အမြီးပိုင်းဟု ယူဆရသည့် အရာတခုကို အင်ဒိုနီးရှား ရေတပ်ကင်းလှည့် သင်္ဘောတစီးက ဇန်န၀ါရီလ ၅ ရက်နေ့တွင် တွေ့ရှိခဲ့သည်ဟု အဆိုပါ သင်္ဘော၏ ကပ္ပတိန်က ပြောသည်။ လေယာဉ်ပျက်ကျရခြင်း အကြောင်းရင်းကို စုံစမ်းဖော်ထုတ်ရာတွင် အရေးကြီးသည့် Black Box နှင့် ပျံသန်းရေး အချက်အလက်များ မှတ်သားသည့် ကိရိယာတို့ကို လေယာဉ်အမြီးပိုင်းတွင် တပ်ဆင်ထားလေ့ရှိသည်ဟု သိရသည်။
 
“လေယာဉ်ရဲ့အမြီးပိုင်း ဖြစ်နိုင်ခြေ အလွန်များတဲ့ အရာတခုကို ကျနော်တို့ တွေ့ခဲ့ပါတယ်” ဟု ကင်းလှည့်သင်္ဘော၏ ကပ္ပတိန် Yayan Sofyan က သတင်းထောက်များကို ပြောကြားခဲ့သည်။ သို့သော်လည်း အင်ဒိုနီးရှား ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အေဂျင်စီက ယင်းတွေ့ရှိမှုကို အတည်ပြုပေးခြင်း မရှိသေးပါ။ ဇန်န၀ါရီလ ၅ ရက်နေ့က လှိုင်းလေငြိမ်သက် နေသည့်အချိန်တွင် အင်ဒိုနီးရှားရေတပ်မှ ရေငုပ်သမားများက ပျောက်ဆုံးလေယာဉ်၏ အပျက်အစီးများဟု ယူဆရသည့် အရာဝတ္ထုများကို ခွဲခြားနိုင်ရန် လုပ်ဆောင်ရင်း ထိုသို့ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ပျောက်ဆုံးလေယာဉ်၏ Black Box မှ သင်္ကေတ ထုတ်လွှင့် အချက်ပြမှုကိုမူ ရရှိခဲ့ခြင်း မရှိကြောင်းလည်း သိရသည်။
 
ဇန်န၀ါရီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် အလောင်း ၃ လောင်းကို ထပ်မံဆယ်ယူနိုင်ခဲ့သဖြင့် ယခုအချိန်အထိ လေယာဉ်ပေါ်တွင် လိုက်ပါသွားသူ ၁၆၂ ဦးထဲမှ ၃၇ လောင်းကို ပြန်လည်ရရှိခဲ့ပြီး ဖြစ်သည်။ အလောင်းများနှင့် အပျက်အစီးများကို ရှာဖွေနေသည့် လေယာဉ်နှင့် သင်္ဘောများကလည်း ၎င်းတို့၏ ရှာဖွေရေး ဧရိယာကို ပိုမိုတိုးချဲ့ ရှာဖွေခဲ့ကြသည်။
 
အင်ဒိုနီးရှားနိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့ဖြစ်သည့် Surabaya မှ စင်ကာပူသို့ ပျံသန်းထွက်ခွာသွားသည့် AirAsia လေကြောင်းလိုင်းမှ ခရီးစဉ် အမှတ် QZ8501 လေယာဉ်ပျောက်ဆုံးသွားခဲ့သည်မှာ ၁၀ ရက်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည့် ယခုအချိန်တွင် ရှာဖွေရေး ဧရိယာကို ပိုမိုတိုးချဲ့လာခဲ့သည်။ ကမ်းရိုးတန်း ဒေသများတွင်လည်း ရဟတ်ယာဉ်များဖြင့် ရှာဖွေနေကြသည်။
 
ဒီဇင်ဘာလ ၂၈ ရက်နေ့က အဆိုပါလေယာဉ် ပျက်ကျခဲ့ရခြင်းသည် ရာသီအလိုက် ဖြစ်ပေါ်နေသည့် အပူပိုင်း မုန်တိုင်းများကြောင့်လည်း ဖြစ်နိုင်သည်ဟု အင်ဒိုနီးရှား မိုးလေ၀သဌာနက ပြောသည်။ ပြင်းထန်သော ရာသီဥတုကြောင့် ခရီးသည်တို့၏ အလောင်းများကို ရှာဖွေဆယ်ယူရန်နှင့် မည်သည့်အတွက်ကြောင့် လေယာဉ်ပင်လယ်ပြင်တွင်းသို့ ပျက်ကျခဲ့ရသည်ကို ဖော်ပြပေးနိုင်မည့် Black Box နှင့် ပျံသန်းရေး မှတ်တမ်းများကို ရှာဖွေရန် အခက်အခဲ ဖြစ်နေသည်ဟု သိရသည်။
 
အဓိက ဦးစားပေး ရှာဖွေသည့်နေရာသည် ဘော်နီယိုကျွန်း ကမ်းရိုးတန်းမှ ရေမိုင် ၉၀ အကွာတွင် ဖြစ်ပြီး အဆိုပါနေရာတွင် လေယာဉ် အပျက်အစီးများဟု ယူဆရသည့် ကြီးမားသော အရာဝတ္ထု ၅ ခုကို တွေ့ရှိခဲ့ရသည်။ အကြီးဆုံး အရာဝတ္ထုမှာ ၅၉ ပေခန့် ရှည်လျားသည်။ 
 
၎င်းတို့ကို ရေယာဉ်များက ရေတိမ်ပိုင်းတွင် ဆိုနာကိရိယာကို အသုံးပြု၍ ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အရာဝတ္ထုများထဲမှ တခုသည် နစ်မြုပ်နေသော သင်္ဘောတစီး ဖြစ်သည်ဟုလည်း ဇန်န၀ါရီလ ၅ ရက်နေ့တွင် သတင်းများ ထွက်ပေါ်ခဲ့သည်။ ပျံသန်းရေးမှတ်တမ်းတင် ကိရိယာများအားလုံးသည် Airbus အမျိုးအစား လေယာဉ်၏ အမြီးပိုင်းတွင် ရှိနေသော်လည်း ရေ ရေအောက်ကြမ်းပြင်တွင် တွေ့ရှိရသော အပျက်အစီးများထဲတွင် အမြီးပိုင်း ပါဝင်နေခြင်းရှိ မရှိကလည်း မသေချာသေးကြောင်း သိရသည်။  ရှာဖွေရေးတွင် နိုင်ငံအများအပြားမှ ပူးပေါင်းပါဝင်ခဲ့ရာတွင် အမေရိကန်နှင့် ရုရှားနိုင်ငံတို့လည်း အပါအ၀င်ဖြစ်သည်။
 
အင်ဒိုနီးရှား မိုးလေ၀သဌာန၏ ၀က်ဘ်ဆိုက်ဖြစ်သည့် BMKG ၌ ကနဦးဖော်ပြခဲ့သည့် အစီရင်ခံစာတခုတွင် လေယာဉ်က မုန်တိုင်းတိမ်တိုက်များ အတွင်းသို့ တိုးဝင်ပျံသန်းခဲ့ပြီးနောက် ရာသီဥတု အခြေအနေကြောင့် အောက်သို့ ပြုတ်ကျခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဖော်ပြခဲ့သည်။
 
“လေယာဉ်နဲ့ နောက်ဆုံး အဆက်အသွယ် ရရှိခဲ့တဲ့ နေရာနဲ့ပတ်သက်လို့ ရရှိနိုင်သမျှ အချက်အလက်တွေကို အခြေခံပြီး ပြောရမယ်ဆိုရင် ပျက်ကျရခြင်း အကြောင်းတခု ဖြစ်ပါတယ်။ ရာသီဥတုအရ အဖြစ်နိုင်ဆုံး သဘာဝဖြစ်စဉ် အရဆိုရင် လေယာဉ်ရဲ့ ကိုယ်ထည်ပေါ်မှာ စိုထိုင်းအေးခဲမှုကြောင့် အင်ဂျင်ကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါက ရရှိထားတဲ့ မိုးလေ၀သ သတင်းအချက်အလက်တွေကို အခြေခံပြီးတော့ ဆန်းစစ်ထားတဲ့ ဖြစ်နိုင်ချေတွေထဲက တခုပဲဖြစ်ပါတယ်” ဟု အဆိုပါ အစီရင်ခံစာက ဆိုသည်။
ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အေဂျင်စီ အကြီးအကဲ Bambang Soelistyo က ရေငုပ်အဖွဲ့ကို စေလွှတ်ရန်စီစဉ်ထား သော်လည်း ရေအောက်ကြမ်းပြင်တွင် လုံးဝ မှောင်မဲနေသည်ဟု ဇန်န၀ါရီလ ၄ ရက်နေ့တွင် ပြောကြားခဲ့သည်။ ရေစီးကြောင်းကြောင့် အပျက်အစီးများ မျောပါသွားနိုင်သည့်အတွက် ဘော်နီယိုကျွန်းပေါ်မှ မြို့တမြို့ဖြစ်သည့် Pangkalan Bun ၏ အနောက်တောင်ဘက် ပင်လယ်ပြင်တွင် အဓိကထား၍ ရှာဖွေနေခြင်းကို အရှေ့ဘက်သို့ တိုးချဲ့ခဲ့ကြောင်းလည်း သူက ပြောသည်။
 
ရှာဖွေရေးလုပ်ငန်းသည် လေယာဉ်ပေါ်တွင် လိုက်ပါသွားသူများ၏ အလောင်းများကို ပြန်လည် တွေ့ရှိနိုင်ရေးကို ဦးစားပေး ဆောင်ရွက်ခဲ့သည်။ လေယာဉ်ပေါ်တွင် အင်ဒိုနီးရှားနိုင်ငံသား ၁၅၅ ဦး၊ တောင်ကိုရီးယားနိုင်ငံသား ၃ ဦး၊ စင်ကာပူ နိုင်ငံသား ၁ ဦး၊ ဗြိတိန် နိုင်ငံသား ၁ ဦးနှင့် တွဲဖက်လေယာဉ်မှူး ပြင်သစ်နိုင်ငံသား Remi Plesel တို့ လိုက်ပါသွားကြသည်။
လေကြောင်းမှ ရှာဖွေရေးတွင် ပါဝင်ဆောင်ရွက်နေသည့် အင်ဒိုနီးရှား လေယာဉ်မှူး Setiawan က ပင်လယ်တွင်းတွင် မျောပါနေသည့် အလောင်း ၃ လောင်းကို ဇန်န၀ါရီလ ၄ ရက်နေ့ မနက်ပိုင်းက လေယာဉ်ပေါ်မှ မြင်တွေ့ခဲ့ရသည်ဟု အင်ဒိုနီးရှား ရုပ်သံလိုင်းသို့ ပြောဆိုသည်။
 
အင်ဒိုနီးရှား အစိုးရက AirAsia လေကြောင်းလိုင်း၏ ပျံသန်းရေး စည်းကမ်းချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရန် ကတိပြုခဲ့သည်။ ခရီးစဉ် အမှတ် QZ8501 သည် ပျက်ကျခဲ့သည့်အချိန်တွင် ခွင့်ပြုချက်မရှိသည့် အစီအစဉ်ဖြင့် ပျံသန်းနေခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။ ယခုအချိန်တွင် Surabaya-Singapore ခရီးစဉ်ကို ပျံသန်းခြင်းမပြုရန် လေကြောင်းလိုင်းကို တားမြစ်ထားပြီး ဖြစ်သည်ဟု သိရသည်။
သို့သော်လည်း စင်ကာပူ အရပ်ဘက်လေကြောင်း အုပ်ချုပ်ရေး အဖွဲ့ကမူ လေကြောင်းလိုင်း၏ ဇန်န၀ါရီလ ၄ ရက်နေ့ ခရီးစဉ်ကို ၎င်းတို့ဘက်မှ ခွင့်ပြုချက်ပေးခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။ မလေးရှား အခြေစိုက် AirAsia လေကြောင်းလိုင်း အနေဖြင့် စတင်ပျံသန်းရမည့်နေရာမှ ခွင့်ပြုချက်မရှိဘဲ မည်ကဲ့သို့ ပျံသန်းလိမ့်မည် ဆိုသည်မှာ ရှင်းလင်းခြင်း မရှိသေးပါ။
 
ပျံသန်းထွက်ခွာခြင်း မပြုမီ QZ8501 ၏ လေယာဉ်မှူးက မုန်တိုင်းကို ရှောင်ရှားနိုင်ရေးအတွက် သတ်မှတ်အမြင့်ပေ၏ အထက်တွင် ပျံသန်းခွင့်ပြုရန် ခွင့်ပြုချက် တောင်းခံခဲ့သော်လည်း ၎င်း၏ အထက်တွင် တခြားလေယာဉ်များ ရှိနေသဖြင့် ပျံသန်းရန် ခွင့်ပြုချက် မရရှိခဲ့ဟု အင်ဒိုနီးရှား လေကြောင်းထိန်းသိမ်းရေး ဌာန (AirNav) ၏ အဆိုအရသိရသည်။
 
အဆက်အသွယ် ပြတ်တောက်မသွားမီ လေယာဉ်မှူး Iriyanto က မုန်တိုင်း အန္တရယ်ကို ရှောင်နိုင်ရန် လမ်းကြောင်းပြောင်းလဲ ပျံသန်းလိုသည်ဟု ထိန်းချုပ်ရေး မျှော်စင်သို့ ပြောကြားခဲ့သည်။ ထို့နောက် ကွင်းမှ ထွက်ခွာသွားပြီး မိနစ် ၄၀ ကြာသည့် အချိန်တွင် အဆက်အသွယ်အားလုံး ပြတ်တောက်သွားခဲ့သည်။ လေယာဉ်မှူး Iriyanto သည် အတွေ့အကြုံ ရင့်ကျက်သော စစ်ဘက်လေယာဉ်မှူးဟောင်းတယောက် ဖြစ်ကြောင်းလည်း သိရသည်။
 
ကိုးကား – Reuters, Guardian, Daily Telegraph
ဧရာဝတီ

အ၀တ်ဗလာ နဲ့ အပန်းဖြေရတဲ့ ကမ်းခြေမှာ အမျိုးသမီးတွေကို တိတ်တခိုး ဗီဒီယို ရိုက်ယူနေတဲ့ အမျိုးသား

Posted by drmyochit Tuesday, January 06, 2015, under | No comments


အ၀တ်ဗလာ နဲ့ အပန်းဖြေရတဲ့ ကမ်းခြေမှာ စုံတွဲတွေနဲ့ အမျိုးသမီးတွေကို တိတ်တခိုး ဗီဒီယို ရိုက်ယူနေတဲ့ အမျိုးသားတစ်ဦးကို လူတစ်စုက သတိထားမိခဲ့ပြီး ရဲကို အကြောင်းကြား ဖမ်းဆီးစေခဲ့ပါတယ်။

သြစတြေးလျ နိုင်ငံ ၊ Adelaide’s Maslin ကမ်းခြေမှာ မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရ မီးခိုးရောင် ဆံပင်ရှိပြီး တက်တူးတွေရှိတဲ့ အမျိုးသားတစ်ဦးဟာ သူကိုယ်တိုင်လည်း အ၀တ်ဗလာနဲ့ လာရောက် အပန်းဖြေနေပြီး ရေခဲပုံးတစ်ပုံးကို ကိုင်ဆောင်ထားပါတယ်။

ထိုရေခဲပုံးထဲမှာတော့ ကင်မရာတစ်လုံးကို လျှို့ဝှက်စွာ ထည့်ထားပြီး စုံတွဲတွေနဲ့ အမျိုးသမီးတွေကို ဗီဒီယို ခိုးရိုက်နေခဲ့ရာ ဒါကို ဖြတ်သန်းသွားတဲ့ အမျိုးသမီးတစ်ယောက်က တွေ့ရှိသွားပြီး သူမရဲ့ သူငယ်ချင်းတွေကို သတင်းပေးခဲ့တာဖြစ်ပါတယ်။

ထို သြစတြေးလျနိုင်ငံ Adeleaide’s Maslin ကမ်းခြေဟာ ၁၉၇၅ ခုနှစ်ကတည်းက သြစတြေးလျ ရဲ့ ပထမဆုံး အ၀တ်ဗလာနဲ့ အပန်းဖြေရတဲ့ ကမ်းခြေ အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

Ref:mirror.co.uk
Trend Myanmar

နာမည်ကြီး Cadbury ချောကလက်ထဲ၌ ပိုးဖလံ တွေ့ရှိ

Posted by drmyochit Tuesday, January 06, 2015, under | No comments


(လန်ဒန်၊ ဒီဇင်ဘာ ၂၉)
 
 အင်္ဂလန်နိုင်ငံ မြောက်ပိုင်း ယောက်ခ်ရှိုင်းယားနေ ခရေ့(ခ်ျ) ဘရောင်း ဆိုသူသည် စတိုးဆိုင်မှ Cadbury ချောကလက်နှစ်တောင့် ဝယ်ယူခဲ့ရာ ချောကလက်ထဲ၌ ပိုး ဖလံအသေကောင် ပါဝင်လာသည် ကို အံ့အားသင့်စွာ တွေ့ရှိခဲ့ရသည်။
 
 အသက် ၂၁ နှစ်အရွယ် ဘ ရောင်းသည် ၄င်းချစ်သူ၏ကလေး နှစ်ယောက်အတွက် ချောကလက် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး Cadbury ကုမ္ပဏီသို့ ဆက်သွယ်အကြောင်း မကြာခင် ဓာတ်ပုံရိုက်ယူထားခဲ့ သည်။
”ကျွန်တော် ဒီချောကလက် ကို စတိုးဆိုင်က ဝယ်လာတာပါ။ ကံကောင်းစွာပဲ ကလေးတွေကို မကျွေးခင် ကျွန်တော် ဖောက်လိုက် တော့ အထဲမှာ ပိုးဖလံ အသေ ကောင် ပါနေတာကို တွေ့ရတယ်။ အစက ချောကလက် ထဲက အဆာ ထင်နေ တာ။ သေချာကြည့် မှ ပိုးဖလံကောင်ဖြစ် နေတယ်”ဟု ၄င်းက ဆိုသည်။
 
ယင်းကိစ္စနှင့်ပတ်သက် ၍ Cadbury ကုမ္ပဏီမှ တာဝန်ရှိသူ က ”မစ္စတာဘရောင်း တော်တော် စိတ်ပျက် သွားမှာပဲ။ ဒီအထုပ်ကို ကျွန်တော် တို့ဆီ ပြန်ပို့ပေး လို့ ရပါ တယ်။ ဒါမှ ဘာ့ ကြောင့်ဖြစ်ရတယ် ဆိုတာ စုံစမ်းနိုင်မှာပါဟု ပြောကြား ခဲ့သည်။
 
TW
Ref: mirror.co.uk
Popular Myanmar

ရုရှားစစ်တပ်တွင် အမှုထမ်းရန် နိုင်ငံခြားသားများကို ငှားရမ်းသွားမည်

Posted by drmyochit Tuesday, January 06, 2015, under | No comments


စစ်သားများအဖြစ် ရုရှားစစ်တပ်တွင် အနည်းဆုံးငါးနှစ် တာဝန်ထမ်းဆောင်ရန် ရုရှားစကားပြော တတ် သည့် နိုင်ငံခြားသားများအား ငှားရမ်းခေါ်ယူနိုင်သည့် အမိန့်ဒီကရီတစ်ရပ်ကို ရုရှားသမ္မတ ဗလာဒီမာပူတင် က ဇန်နဝါရီလ ၅ ရက်တွင် ထုတ်ပြန်လိုက် သည်။ နိုင်ငံခြားသား စစ်သားသစ်များမှာ ဆိုဗီယက် အုပ်စုဝင်ဟောင်း ဗဟိုအာရှသမ္မတနိုင်ငံများမှ ဖြစ်မည်ဟု မျှော်လင့်ရသည်။
ရုရှား အပါအဝင် နိုင်ငံခြားတပ်ဖွဲ့ များသည် ယူကရိန်းတွင် တိုက်ပွဲဝင်နေကြသည်ဟု သတင်းများ ထွက်ပေါ်နေသော် လည်း ရုရှားနိုင်ငံက ၎င်း၏ တပ်ဖွဲ့ဝင်များကို ယူကရိန်းသို့ ပို့ဆောင်ခြင်းမရှိဟု ငြင်းဆိုထားသည်။
ရုရှားနိုင်ငံက အရှေ့ ယူကရိန်းဒေသ ခွဲထွက်ရေးသူပုန်များ သို့ လက်နက်ကြီး များနှင့် ကောင်းစွာ လေ့ကျင့် ထားသည့် တပ်ဖွဲ့ဝင် များ ပေးပို့နေသည်ဟု ယူကရိန်းနှင့် အနောက်အုပ်စုတို့ က စွပ်စွဲထားသည်။
ပူတင်၏ ယခုအမိန့် ထုတ်ပြန်ချက်သည် ရုရှားစစ်တပ် စွမ်းရည်မြှင့်တင်ရေးအတွက် လုပ်ဆောင်ချက် တစ်ရပ် ဖြစ်သော်လည်း ဆိုဗီယက်အုပ်စုဝင် နိုင်ငံဟောင်းများနှင့် ရုရှားတို့ ၏ ဆက်ဆံရေးမှာ သံတမန်အရှုပ်အထွေးများ ရှိနေကြောင်း ဘီဘီစီ စစ်ရေးလေ့လာသူ ဂျွန်နသန်မားကတ်စ်က ပြောသည်။
ယင်းအမိန့် ထုတ်လိုက်ခြင်းဖြင့် ရုရှားနယ်စပ်များတွင် တပ်ဖြန့် ချထားသည့် တပ်မများအတွက် တပ်သား သစ်စုဆောင်းရေးကို တရားဝင် လွယ်ကူစွာ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ရုရှားစစ်ရေးပညာရှင်ပါဗေးနှင့် အလက်ဇန္ဒြားဂေါ့ဖ်တို့ နှစ်ဦးစလုံးက ဘီဘီစီသို့ ပြောသည်။
"အရင်က စစ်မှုထမ်းချင်ကြတယ်ဆိုရင် ရုရှားနိုင်ငံသားဖြစ်ရမယ်။ ဒါမှမဟုတ် နိုင်ငံသားဖြစ်ကြောင်း စာရွက်စာတမ်းတွေရှိမှ စစ်မှုထမ်းခွင့် ရမယ်။ အခုအမိန့် အရတော့ နိုင်ငံသားမဖြစ်လည်း စစ်တပ်တွင်းမှာ တရားဝင် စစ်မှုထမ်းခွင့်ရပါပြီ။"ဟု ပါဗေးကပြောခဲ့သည်။
စီးပွားရေးကျပ်တည်းနေသည့် ယခုကာလအချိန်အတွင်း နိုင်ငံခြားသား စစ်သားများအနေဖြင့် ရုရှား တပ်မတော် အတွင်း ဝင်ရောက် စစ်မှုထမ်းပါက လစာ ရူပီး ၃၀၀၀၀(အမေရိကန်ဒေါ်လာ ၅၀၀) ရရှိမည်ဖြစ်ပြီး နိုင်ငံသားဖြစ်ခွင့်လည်း မျှော်လင့်၍ ရကြောင်း အလက်ဇန္ဒြားဂေါ့ဗ်က ဖြည့်စွက်ပြောခဲ့သည်။
Ref: BBC
Mizzima

Sony က ၁၂ ဒသမ ၉ လက်မ အရွယ်အစားရှိ Tablet ထုတ်မည်

Posted by drmyochit Tuesday, January 06, 2015, under | No comments


၂၀၁၅ နှစ်ဆန်းပိုင်းတွင် Sony က ၁၂ ဒသမ ၉ လက်မ မျက်နှာပြင်အရွယ်အစားရှိ Xperia Ultra တက်ဘလတ်များ ထုတ်လုပ်ရောင်းချမည် ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ Sony က စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတစ်လုံး ထုတ်လုပ်ရောင်းချမည်ဟု ဒီဇင်ဘာလအတွင်း ထုတ်ပြန်ကြေညာခဲ့သော်လည်း အခက်အခဲများကြောင့် ထုတ်လုပ်ရောင်းချနိုင်ခြင်း မရှိခဲ့ပေ။
လက်ရှိအချိန်တွင် Sony က Tablet Ultra ကို ရောင်းချမည်ဟု သတင်းများထွက်ပေါ်လာပြီး ယင်း Tablet သည် ယခင်ထုတ်လုပ်ခဲ့သည့် အမျိုးအစားများထက် ပိုမိုပါးလွှာပြီး စွမ်းဆောင်ရည် ပိုမိုကောင်းမွန်မည်ဟု နည်းပညာသတင်းများ ဖော်ပြနေသည့် T3 သတင်းဌာနက ဆိုသည်။
Sony Xperia Ultra Tablet ကို ၂၀၁၅ ခုနှစ် အစောပိုင်းကာလများတွင် ထုတ်လုပ်ရောင်းချနိုင်ဖွယ်ရှိပြီး အရွယ်အစားကြီးမားသည့် အလျှောက် တန်ဖိုးကြီးမားနိုင်သည်ဟု T3 က ခန့်မှန်းဖော်ပြထားသည်။
မျက်နှာပြင် ပုံရိပ်အရည်အသွေး 3840x2400 pixels ရှိမည်ဖြစ်ပြီး ကြီးမားသည့် မျက်နှာပြင်ပေါ်တွင် အံဝင်အောင် ဖန်တီးထားသည်ဟု T3 က ဆိုသည်။
ကင်မရာအရည်အသွေး 8MP ရှိမည်ဖြစ်ပြီး 64 bit Qualcomm Chipset ကို ထည့်သွင်းထားခြင်းကြောင့် Android ၏ နောက်ဆုံးဗားရှင်းများ ထည့်သွင်းအသုံးပြုနိုင်မည့် Tablet တစ်လုံးဖြစ်သည်ဟု T3 က သုံးသပ်သည်။ Tablet သည် အထူ ၈ ဒသမ ၆ မီလီမီတာ ရှိမည် ဖြစ်သည်ဟု T3 က ဖော်ပြထားသည်။
Sony က Sony Xperia Ultra Tablet ကို  Pegatron Technology ကုမ္ပဏီနှင့် ပူးပေါင်း ထုတ်လုပ်မည်ဖြစ်ပြီး ယင်းကုမ္ပဏီသည် Microsoft နှင့် Apple တို့၏ Tablet များကို လည်း ပူးပေါင်းထုတ်လုပ်ခဲ့သည့် ကုမ္ပဏီ ဖြစ်သည်။
လက်ရှိအချိန်တွင် Samsung နဲ့ Apple တို့က ဈေးကွက်အတွင်း အပြိုင်ထိုးဖောက်နေသော်လည်း Sony ၏ Tablet သစ်သည်  ဈေးကွက်ကို စိန်ခေါ်နိုင်လိမ့်မည်ဟု Sony ၏ တာဝန်ရှိသူတစ်ဦးကဆိုသည်။ Apple အနေဖြင့်လည်း  ဧပြီ နှင့် ဇွန်လ အတွင်း  iPad Pro ကိုထုတ်လုပ်မည်ဟု သတင်းများ ထွက်ပေါ်နေသည်။ Sony က ၎င်းတို့၏ Tablet သစ်ကို လာမည့် ရက်သတ္တပတ် အတွင်းကျင်းပမည့် CES 2015 နည်းပညာ ပြပွဲတွင် ထုတ်ဖော် ကြေငြာမည်ဟု ခန့်မှန်းချက်များရှိနေသည်။
Sony Tablet သစ်၏ တန်ဖိုးကို အမေရိကန် ဒေါ်လာ ၁၀၀၀ ဝန်းကျင်ခန့် ရှိမည်ဟု T3 က ခန့်မှန်းထားသည်။
Ref: T3
Mizzima

ဦးခေါင်းခွံ အရင်းပိုင်း အကျိတ်ကြောင့် မျက်လုံးပြူး ထွက်လာသည့် အမျိုးသမီးငယ် ရန်ကုန်ဆေးရုံကြီးတွင် အခမဲ့ ခွဲစိတ်ကုသမှု ရတော့မည်

Posted by drmyochit Tuesday, January 06, 2015, under | No comments




လွန်ခဲ့သည့် (၄) နှစ်ခန့်ကပင် ဦးခေါင်းခွံ အရင်းပိုင်း အကျိတ်ကြောင့် မျက်လုံးပြူးထွက်လာသည့် အမျိုးသမီးငယ်မှာ ရန်ကုန်ဆေးရုံကြီးတွင် အခမဲ့ ခွဲစိတ်ကုသမှု ရတော့မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးငယ်မှာ ၂၁ နှစ် အရွယ် မခိုင်ယဉ်မွန်ဖြစ်ပြီး ဟင်္သာတမြို့နယ်၊ ကံကြီးတောင်ကျေးရွာကဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ်ကပင် မျက်လုံးပြူးလာသည့်အတွက် ကျန်းမာရေးစစ်ဆေးရာ ဦးနှောက်အစပ်နှင့် မျက်လုံးအပေါ် ကြားတွင် အကျိတ်ဖြစ်နေကြောင်း သိရကြောင်း၊ သို့သော်လည်း ငွေကြေးမတတ်နိုင်သည့်အတွက် မကုသခဲ့ကြောင်း သိရသည်။

လွန်ခဲ့တဲ့ ရက်ပိုင်းက ဟင်္သာတမြို့နယ်အတွင်း နယ်လှည့်ဆေးကုသပေးသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နယ်လှည့်ဆေးကုသအဖွဲ့က တွေ့ရှိရာမှ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကိုရောက်ရှိကြောင်း၊ ယင်းမှတစ်ဆင့် ပြင်ပလူနာဌာနကိုရောက်ရှိရာ စမ်းသပ်စစ်ဆေးပြီး လာမည့် တပတ်အတွင်း ဦးနှောက်နှင့်အာရုံကြော အထူးခွဲစိတ်ကုသဆောင်တွင် ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"သမီးမျိုးရိုးမှာလည်း ဒီလိုဖြစ်တာမရှိဘူး။ဖြစ်ဖြစ်ချင်း ဘယ်လိုမှမခံစားရဘူး။နောက်ပိုင်းတော့ မျက်စိမှုန်လာတယ်။ ၀ါးလာတယ်။ အခုဆိုရင် သိပ်မမြင်တော့ဘူး။ အခုလို ကုသပေးမယ့်သူပေါ်လာတယ်။ကုသဖို့အခွင့်အရေးရတယ်ဆိုတော့ပျော်ပါတယ်"ဟု မခိုင်ယဉ်မွန်က ပြောသည်။

ရန်ကုန်ဆေးရုံကြီးတွင် အဆင့်မြင့်စက်ကိရိယာများ တပ်ဆင်ပေးထားကာ မြန်မာနိုင်ငံ၏ တခုတည်းသော စီတီစကင် (CT Scan) ဖြင့် ဦးခေါင်းအတွင်းပိုင်းကဲ့သို့နေရာများကို တိတိကျကျ ပြတ်ပြတ်သားသား ရိုက်ကူး၍ ရောဂါရှာဖွေပေးလျက်ရှိကြောင်း၊ မခိုင်ယဉ်မွန်ကိုလည်း စီတီစကင် (CT Scan) ထပ်မံရိုက်ကူးကာ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"အရိုးခွံပေါ်မှာ ဖြစ်တဲ့အကျိတ်ပါ။ မျက်လုံးရဲ့အပေါ်အရိုးပေါ်မှာ ဖြစ်တာပါ။ဦးခေါင်းခွံရဲ့ အရင်း မျက်လုံးရဲ့ အပေါ်မှာ ကင်ဆာမဟုတ်ဘဲ ရိုးရိုးအကျိတ်ဖြစ်ဖို့ များပါတယ်။ တကယ်က ၂၀၁၁ ကပဲ တွေ့ထားတာပါ။ ချို့တဲ့တော့ မခွဲဖြစ်ဘူး။ကွန်ပျူတာလည်း ထပ်ရိုက်ထားတယ်။ နေဖို့ထိုင်ဖို့၊ စားဖို့သောက်ဖို့ ကူညီသူရှိတော့ ကောင်းသွားတာပေါ့၊ ခွဲပစ်ရင်တော့ကောင်းသွားမှာပါ။အောင်မြင်ဖို့ များပါတယ်။ ဦးနှောက်ခွဲစိတ်အဖွဲ့၊မျက်စိနားနှာခေါင်းအဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်သွားမှာပါ"ဟု ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ဌာန၊ ပါမောက္ခ ဌာနမှုး ဒေါက်တာမြတ်သူက ပြောသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်