Wednesday, January 07, 2015

Air Asia QZ8501 လေယာဉ် ပျက်ကျမှုအတွက် ဆူရာဘာရာလေဆိပ်မှ အရာရှိလေးဦးကို ရာထူးမှထုတ်ပယ်

Posted by drmyochit Wednesday, January 07, 2015, under | No comments

 အင်ဒိုနီးရှား အာဏာပိုင်များသည် Air Asia QZ8501 လေယာဉ်ပျက်မှုအတွက် ဆူရာဘာရာ နိုင်ငံ တ ကာ လေဆိပ်၊ လေကြောင်း ထိန်းချုပ်ရေးမှ အရာရှိလေးဦးကို ရာထူးမှ ထုတ်ပယ်လိုက်သည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။


ယင်းအရာရှိ လေးဦးသည် ၎င်းတို့၏ ရာထူးတာဝန်များအရ Air Asia QZ8501 လေကြောင်း ပျံသန်းမှု ခရီးစဉ်အတွက် အဓိက တာဝန်ရှိသူများ ဖြစ်သည်ဟု ဇန်နဝါရီလ၊ ၆ ရက်နေ့တွင် အင်ဒိုနီးရှား အာဏာပိုင်များက ပြောကြားသည်။

AirNav ၏ ဘေးကင်းလုံခြုံရေးနှင့် စံချိန်စံညွှန်းဆိုင်ရာ ဒါရိုက်တာ မစ္စတာဝီနုဒါဂျိုနို၏ ပြောကြားချက် အရဆိုလျှင် ရာထူးမှ ထုတ်ပယ်ခံရသည့် လေးဦးထဲတွင် ဗ AirNav ၏ အထွေထွေ မန်နေဂျာ ပါဝင်သည်ဟု သိရသည်။

ရာထူးမှ ထုတ်ပယ်ခံလိုက်ရသော အရာရှိလေးဦးသည် အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့တို့တွင် ဆူရာဘာရာမှ စင်ကာပူသို့ ပျံသန်းသည့် Air Asia လေကြောင်းလိုင်းအတွက် ဆောင်းရာသီ လေကြောင်းခရီးစဉ် ဇယားကို စစ်ဆေးရန် ပျက်ကွက်ခဲ့သည်ဟု မစ္စတာဝီနုက ပြောကြားသည်။

ထိုအရာရှိလေးဦးသည် ဆောင်းရာသီ လေကြောင်းခရီးစဉ် ဇယားအစား တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနှင့် တနင်္ဂနွေနေ့တို့တွင် ဆူရာဘာရာမှ ထွက်ခွာခွင့်ပြုသည့် နွေရာသီ လေကြောင်း ခရီးစဉ်ဇယားကို အသုံးပြုခဲ့သည်ဟုလည်း မစ္စတာဝီနုက ထပ်လောင်း ပြောကြားသည်။

သို့ရာတွင် စစ်ဆေးသုံးသပ်မှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့သည့်တိုင် ဆူရာဘာရာမှ ပျံသန်းသည့် အခြားလေကြောင်း ခရီးစဉ်များတွင်မူ ကွဲပြားခြားနားမှုများ မတွေ့ရကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ပြီးခဲ့သော ရက်များအတွင်း ဂျာဗားပင်လယ် အတွင်း၌ ရာသီဥတု ဆိုးရွားလျက် ရှိသဖြင့် ခရီးသည်များ၏ အလောင်းများ ရှာဖွေရေးနှင့် လေယာဉ် အစိတ်အပိုင်း များရှာဖွေရေး လုပ်ငန်းများမှာ အခက်အခဲများနှင့် ရင်ဆိုင်ရလျက် ရှိသည်။

လက်ရှိအချိန်တွင် လေယာဉ်၏ ကြီးမားသော အစိတ်အပိုင်းများကို ရှာဖွေ တွေ့ရှိထားပြီ ဖြစ်သော်လည်း လေယာဉ်၏ Black Box ကို မတွေ့ရှိသေးသလို ရှာဖွေဆယ်ယူရန် ရုပ်အလောင်းလည်းများစွာ ကျန်ရှိနေဆဲ ဖြစ်သည်။

Air Asia QZ8501 လေယာဉ်သည် ဒီဇင်ဘာလ ၂၈ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာရာ လေဆိပ်မှ စင်ကာပူသို့ ပျံသန်းစဉ် ပျက်ကျသွားခဲ့ခြင်း ဖြစ်ပြီး အင်ဒိုနီးရှား မိုးလေဝသဌာနကမူ လေယာဉ်ပျက်ကျရသည့် ကနဦး အကြောင်းအရင်းမှာ ရာသီဥတု ဆိုးရွားမှုကြောင့် ဖြစ်နိုင်သည်ဟု ပြောကြားထားသည်။

The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်