Tuesday, November 19, 2013

စာမဖတ်လျှင် အနာဂတ် ဆုံးရှုံးမည်

Posted by drmyochit Tuesday, November 19, 2013, under | No comments


ကျွန်တော် ငယ်ငယ်က ကုန်းကောက်စရာ မရှိအောင် ဆင်းရဲတယ်။ လမ်းဘေးမှာ တဲနဲ့ နေရတယ်။ ၁၉၇၀ ပြည့်နှစ်တွေတုန်းက ကျွန်တော့် မွေးရပ်မြေ ဧရာဝတီတိုင်း ရေကြည်မြို့လေးမှာ ငွေနှစ်ရာ ရှိရင် ကိုယ်ပိုင်အိမ်နဲ့ ခြံနဲ့ နေလို့ရတယ်။ တစ်မြို့လုံးမှာ လမ်းဘေး ကျူးကျော်တဲ ဆိုတာ ကျွန်တော်တို့ မိသားစုနေတဲ့ တဲအိမ်ကလေး တစ်လုံးပဲ ရှိတယ်။ ကျွန်တော် ဘယ်လောက် ဆင်းရဲခဲ့သလဲ မှန်းကြည့်လို့ ရလောက်ပြီ။
နောက်ပြီး သိပ်ဆင်းရဲတော့ မိဘကလည်း ကျွန်တော့်ကို ဂရုတစိုက် ပြုစုပျိုးထောင်ဖို့ အချိန် မပေးနိုင်ခဲ့ဘူး။ စားဝတ်နေရေးက ခက်လွန်းတော့ ထမင်းနှစ်နပ် စားဖို့ အသေအကျေ ရုန်းကန်နေရတာကိုး။ ပညာလည်း မတတ်တော့ သားသမီး ပြုစုပျိုးထောင်တာကို ဘယ်စနစ်တကျ နားလည်မလဲ။ ကျွန်တော်ကိုယ်တိုင်က လူမှန်း သိကတည်းက အလုပ်လုပ်ရတယ်။ ခင်ဗျားကြိုက်တဲ့ အလုပ်ကြမ်းတစ်ခု စဉ်းစားလိုက်၊ အဲဒီအလုပ်ကို ကျွန်တော်ငယ်ငယ်က လုပ်ခဲ့ဖူးတယ်။ ရေခဲချောင်း ရောင်းတော့ လေးတန်း။ ဆိုက်ကားနင်းတော့ ခုနစ်တန်း။ အိမ်မှာ ဝက်တွေ မွေးတော့ ကိုးတန်း။ မြေပဲစိုက်ခင်းတွေထဲ မြေပဲခြွေတဲ့ အလုပ်လုပ်တော့ ဆယ်တန်းရောက်ပြီ။ အဲဒီအချိန်က တစ်နေကုန်လုပ်မှ ငါးကျပ်။ ငွေလည်း တန်ဖိုးရှိတယ်။ လုပ်အားလည်း တန်ဖိုးရှိတယ်။ ကျွန်တော်က ကျောင်းအားတာနဲ့ ငွေရှာရတယ်။ စာကျက်ဖို့ အချိန်တောင် ကောင်းကောင်း မပေးနိုင်ဘူး။ အဲဒီခေတ်က ကျွန်တော်တို့ ဆရာ ဆရာမတွေရဲ့ ကျေးဇူးကြီးတယ်။ သူတို့က စာသင်ခန်းထဲမှာတင် တတ်မြောက်အောင် သင်ကြားပေးခဲ့ကြတယ်။

သိပ်ဆင်းရဲလွန်းတော့ ကျွန်တော့်ဘဝကို ရှေ့ကနေ လမ်းကြောင်း ပြပေးမယ့်သူ မရှိဘူး။ သွန်သင် ဆုံးမမယ့်သူ တစ်ယောက်မှ မရှိဘူး။ တစ်ယောက်ယောက်က ဆုံးမပဲ့ပြင်တာ ရှိခဲ့ရင်တောင်မှ နာခံဖို့လည်း အချိန် မရှိခဲ့တာ။ ဘဝဆိုတာကို ကလေးဘဝကတည်းက အကျေအလည် နားလည်အောင် ကိုယ့်ဘာသာ သင်ယူတတ်မြောက်ခဲ့ရတာ။ ဒါပေမဲ့ ကျွန်တော် အခုအချိန်ထိ မကောင်းတဲ့အလုပ် မလုပ်ဖူးဘူး။ ဘဝကို သိပ်တန်ဖိုးထားတယ်။ တတ်စွမ်းသလောက် တိုင်းကျိုးပြည်ကျိုး လုပ်တယ်။ ရန်ကုန်မြို့မှာ ကိုယ်ပိုင် အိမ်ကလေး ပိုင်နေပြီ။ စီးပွားကိုသာ ဖိဖိစီးစီးရှာရင်လည်း အတိုင်းအတာ တစ်ခုအထိ ကြွယ်ဝချမ်းသာနိုင်တယ်။ အသက်ရလာတဲ့ အခုအချိန်မှာ ကျွန်တော်က ချမ်းသာဖို့ အလုပ်ကို စွန့်လွှတ်ပြီး လူ့ဘောင်အဖွဲ့အစည်း အကျိုးကိုပဲ ဦးစားပေးပြီး တတ်စွမ်းသလောက်လုပ်ဖို့ ရွေးချယ်လိုက်လို့သာ။

ငွေ မချမ်းသာပေမယ့် စိတ်ချမ်းသာတယ်။ ဘဝဟာ နေပျော်တယ်။ ကျွန်တော့်ကို ချစ်ခင် လေးစားသူတွေလည်း ရှိတယ်။ ကျွန်တော့်ဘဝက ပြည့်စုံတယ်။ ကျေနပ်စရာလည်း ကောင်းတယ်။ နောက်ဆုံး ထွက်သက်မှာ ကျေနပ်စိတ် အပြည့်ရှိနေဖို့ဟာ ဘဝကို ကောင်းမွန်စွာ နေထိုင်ပြီး အဆုံးသတ်နိုင်ရေး ရည်မှန်းချက် ဖြစ်ရမယ် ဆိုတာ နားလည်တယ်။ အဲဒီတော့ ငယ်ငယ်က ဒီလောက် မွဲတေစုတ်ပြတ်ခဲ့တဲ့၊ ဆုံးမပဲ့ပြင်မယ့်သူ တစ်ယောက်မှ မရှိခဲ့တဲ့ လူတစ်ယောက်ဟာ ပျက်စီးမသွားတဲ့အပြင် အောင်မြင်တဲ့ ဘဝကိုလည်း ပိုင်ဆိုင်နိုင်ခဲ့တာ၊ ကိုယ့်အကျိုးရော အများအကျိုးရော ထမ်းဆောင် သယ်ပိုးနိုင်တာ အံ့သြစရာလို့ မထင်ဘူးလား။ ဒီလို နိမ့်ကျလွန်းတဲ့ ဘဝက လူတစ်ယောက်ကို ဘယ်အရာကများ လမ်းလွဲမသွားအောင် ထိန်းကျောင်းပြီး လမ်းမှန်ပေါ်မှာ ရှိနေစေခဲ့သလဲ ဆိုတာ စိတ်ဝင်စားကြမှာပဲ။ လူတစ်ယောက်ဟာ ဆင်းရဲသည် ဖြစ်စေ၊ ချမ်းသာသည် ဖြစ်စေ၊ ဆုံးမပဲ့ပြင်မယ့်သူ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘဝကို ခိုင်မာအောင် တည်ဆောက်နိုင်စေတဲ့ အရာကို တန်ဖိုးလည်း ထားကြမှာပါ။

ကျွန်တော် အခုလို ကိုယ့်ဘဝကို ကိုယ်ကျေနပ်နေအောင်၊ စိတ်ချမ်းသာပြီး ကိုယ်ကျန်းမာနေအောင် လိုချင်တယ်ဆိုရင် ရအောင် စွမ်းဆောင်နိုင်တဲ့ အနေအထား ရောက်အောင် ထိန်းကျောင်း တွန်းတင်ပေးခဲ့တဲ့ တစ်ခုတည်းသော အခြေခံ အကြောင်းတရားကတော့ စာဖတ်ခြင်းပါ။ ကျွန်တော်တို့ ငယ်ငယ် ကလေးဘဝက ရွှေသွေး၊ တေဇခေတ်ပါ။ ရွှေခေါင်းပြောင် စံရွှေမြင့် ခေတ်။ ကျွန်တော် ရှာလို့ရတဲ့ ပိုက်ဆံကို အမေ့ကို အားလုံး ပြန်ပေးပါတယ်။ အမေက မုန့်ဖိုးပြန်ပေးတဲ့ ဆယ်ပြားကို ကျစ်နေအောင် စုပါတယ်။ တစ်လ သုံးကျပ် ရပါတယ်။ တစ်ကျပ်ဖိုးထက် ပိုပြီး မုန့်မစားပါဘူး။ တစ်လကို နှစ်ကျပ်ဖိုးလောက် စာအုပ် စာစောင်ပဲ ဝယ်ပါတယ်။ ထင်းရှူးသေတ္တာ ပုံးလေးတွေနဲ့ စာအုပ်လေးတွေကို စုဆောင်းတယ်၊ ဖတ်ရှုတယ်။ စာဖတ်တဲ့ အလုပ်လောက် ဘာကိုမှ မက်မောတာ မရှိခဲ့ဘူး။ ခုနစ်တန်း ရှစ်တန်း အရွယ်မှာ မိုးဝေ၊ ရှုမဝ ဝယ်ဖတ်ပြီ။ စာပေအဆင့်အတန်း အရမ်းမြင့်တဲ့ မဂ္ဂဇင်းတွေ။ လုံးချင်းဝတ္ထုတွေ ဖတ်ပြီ။ ဆရာဇဝနရဲ့ ကောလိပ်ကျောင်းသားလို စာအုပ်တွေ၊ ဆရာကြီးရွှေဥဒေါင်းတို့ ရေးတဲ့ စာအုပ်တွေ။ ဆယ်တန်းဖြေပြီး ရန်ကုန်ရောက်တော့ စာဖတ်ဖို့ အခွင့်အလမ်းတွေ ပိုပွင့်သွားတော့တာပေါ့။ လမ်းဘေးမှာ ပုံရောင်းတဲ့ စာအုပ်မျိုးစုံကို မွှေနှောက် ဝယ်လို့ရတယ်။
နောက်ဆုံး နိုင်ငံရေးလုပ်လို့ ထောင်ထဲ ရောက်တော့လည်း ထောင်ထဲမှာ စာခိုးဖတ်တယ်။ ကျွန်တော်တို့ ထောင်ထဲ နေခဲ့တုန်းက စာဖတ်ခွင့် မရှိသေးဘူး။ ပြောရရင် ထောင်တွင်း စာဖတ်ခွင့်ကို ရုန်းကန်ရယူပေးခဲ့တဲ့ အထဲမှာလည်း ကျွန်တော် ပါခဲ့တယ်။ ကျွန်တော့်ကို မြစ်ကြီးနားထောင် ပို့ထားတာ။ အမှောင်ခန်းထဲ တစ်ယောက်တည်း တစ်နေကုန်။ ရေချိုးဖို့ကလွဲလို့ အပြင်ထွက်ခွင့် မရှိပါဘူး။ တစ်နေကုန် တစ်ခုခုမလုပ်ဘဲ နှစ်ပေါင်းများစွာ အခန်းထဲ ပိတ်ထားတာခံရရင် ဘယ်ဖြစ်မလဲ ခင်ဗျား စဉ်းစားကြည့်။ ထောင်ထဲမှာ တရားမထိုင်တဲ့၊ စာမဖတ်တဲ့၊ ကျန်းမာရေး လေ့ကျင့်ခန်း မလုပ်တဲ့ နိုင်ငံရေးသမားဟာ ဘယ်တော့မှ ထောင်ကနေ အကောင်းပကတိ မထွက်နိုင်ဘူး။တစ်ခုခုဖြစ်ဖြစ် အားလုံးဖြစ်ဖြစ် လုပ်ရတယ်။ ကျွန်တော်က မိရိုးဖလာ ဗုဒ္ဓဘာသာ။ တရားထိုင်လို့ ဉာဏ်ရတာ စိတ်တန်ဖိုးတက်တာ ထောင်မကျခင်အထိ ယုံတယ်လည်းမဟုတ် မယုံဘူးလည်းမဟုတ်။ ဘုရားသွား ကျောင်းတက်လည်း လုပ်ခဲတယ်။ ဒါပေမဲ့ ထောင်ထဲရောက်တော့ ဆရာတော် ဦးဇောတိကရေးတဲ့ စာအုပ်လေး တစ်အုပ် ဖတ်ရတယ်။ ထောင်ထဲမှာ ဘာသာရေး စာအုပ်တစ်မျိုးပဲ တရားဝင် ဖတ်လို့ရတဲ့ခေတ်။ အရှုပ်ထဲမှာ ရှင်းအောင်နေ ဆိုတဲ့ စာအုပ်လေး။ ဒီစာအုပ်လေးကြောင့် ကျွန်တော့် ထောင်တွင်းဘဝ ပြောင်းသွားတယ်။

လူပဲ ထောင်ကျတော့တယ်။ စိတ်က လွတ်လပ်သွားပြီ။ တရားထိုင်နည်းကို အလွယ်ဆုံး အရှင်းဆုံး သင်ပေးတဲ့ စာအုပ်လေးပါ။ ဆရာတော်ရဲ့ ကျေးဇူးကို တိုင်းတာပြလို့တောင် မရဘူး။ ကျွန်တော် ထောင်ကျနေလို့ စိတ်မဆင်းရဲတော့တဲ့အပြင် ကိုယ်ကိုးကွယ် ယုံကြည်တဲ့ ဘာသာတရားရဲ့ အနှစ်သာရကိုပါ ရခဲ့တယ်။ သိခဲ့တယ်။ တခြား ကျွန်တော် ထောင်ထဲမှာ ဖတ်ခဲ့တဲ့ စာအုပ်တွေ အကြောင်းတော့ ပြောပြမနေတော့ဘူး။ အများကြီးပဲ။ တိုင်းမဂ္ဂဇင်းကနေစပြီး ဟောင်ကောင်ကို နောက်ဆုံး အုပ်ချုပ်သွားတဲ့ British Governer က ဟောင်ကောင်အကြောင်း ရေးထားတဲ့ စာအုပ် အထူကြီးအဆုံး အများကြီး။

နောက်ဆုံး စာဖတ်ဝါသနာက ကျွန်တော့်ဘဝကို အကြီးမားဆုံး ထောက်ပံ့ခဲ့တယ် ဆိုတာ အသေအချာ သိခဲ့တယ်။ အခုလူငယ်တွေ စာကောင်းဖတ်ခွင့် ဆုံးရှုံးနေပြီ။ ဆုံးရှုံးနေပြီ ဆိုတာက သူတို့ကို တခြားအာရုံတွေက ဖြားယောင်းတာ ခံနေရပြီး စာကောင်းပေမွန်လည်း ရှားပါးသလောက် ဖြစ်လာနေပြီ။ ဒါဟာ လူငယ်တွေ အတွက်ရော လူ့အဖွဲ့အစည်း အတွက်ရော အကြီးမားဆုံး အန္တရာယ်ပါ။ ပေါ့ပေါ့ မဟုတ်ဘူး။ ကျွန်တော်တို့ နည်းလမ်းတွေ ရှာသင့်ပြီ။ ဖြေရှင်းသင့်ပြီ။ ရသစာပေလည်း ရှားလာသလို တကယ်တမ်း ခေတ်စနစ်အသစ် ထူထောင်ကြတော့ လူငယ်တွေ မဖြစ်မနေဖတ်ဖို့ သုတစာပေလည်း မရှိသလောက် ရှားနေပြီ။ ကျွန်တော်တို့ ထူထောင်နေတဲ့ လူ့ဘောင်သစ် (ဒီမိုကရေစီစနစ်) ဟာ အနာဂတ်မှာ လူငယ်တွေ လက်ထဲရောက်မှာ။ ကျွန်တော်တို့သေရင် သူတို့ လူကြီး လုပ်ကြမယ်။ စာပေ လေ့လာဖတ်ရှုတဲ့ဓလေ့ ဆိတ်သုဉ်းစ ခေတ်မှာ ကြီးပြင်းတဲ့ လူငယ်တွေရဲ့ အနာဂတ် ဘယ်လောက် ခိုင်မာမလဲ။ ကျွန်တော်တော့ မတွေးရဲဘူး။ အခု လူငယ်တွေဟာ စာဖတ်ခွင့်တွင် ဆုံးရှုံးတာ မဟုတ်ဘူး။

သူတို့ အချိန်တွေလည်း တန်ဖိုး ပျောက်ဆုံးနေပြီ။ အင်တာနက်နဲ့ ဂိမ်းဆိုင်မှာ အချိန်ကုန်တာ ရှိတယ်။ မိဘတွေ လောဘကြီးလို့ ကျောင်းစာနဲ့ပဲ လုံးထွေးနေကြရတော့ အပြင်စာဖတ်ခွင့် ဆုံးရှုံးကုန်တာ ရှိတယ်။ မိဘတွေကလည်း သားသမီးတွေရဲ့ ဘဝကို ဆယ်တန်းနဲ့ ညီမျှခြင်း ချတယ်။ ဆယ်တန်းမှ အမှတ်ကောင်းကောင်းနဲ့ မအောင်ရင် ဘဝဆုံးတော့မယ့် အတိုင်းပဲ။ လွဲနေပြီ။ သားသမီးတွေကို စာကျက်ဖို့က လွဲလို့ တခြားအချိန်၊ အခွင့်အရေး လုံးဝ မပေးကြတော့ဘူး။

ဒီတော့ လူငယ်တွေရဲ့ ကိုယ်ပိုင်အနာဂတ်ရော တိုင်းပြည်ရဲ့ အနာဂတ်ပါ အန္တရာယ် ရှိနေပြီ။ စာမဖတ်ရင် ဘဝရဲ့အဓိပ္ပာယ်၊ လောကရဲ့ အဓိပ္ပာယ်ကို မသိနိုင်ဘူး။ ဘယ်သူမှ အောင်မြင်မှု အစစ်မရနိုင်ဘူး။ ငွေနဲ့ ဘဝအောင်မြင်မှု ညီမျှခြင်း ချလို့မရဘူး။ လူ့အဖွဲ့အစည်းမှာ စာဖတ်ခွင့် ဆုံးရှုံးရင်၊ သုတ၊ ရသစာပေတွေ ပျောက်ဆုံးရင် သေချာပေါက် အဲဒီလူ့ဘောင်နဲ့ မှီခိုနေတဲ့ လူတွေရဲ့ အနာဂတ် ပျောက်ဆုံးတယ်။ ကျွန်တော်တို့ Action ယူသင့်ပြီ။ လုပ်နိုင်တာ လုပ်ကြရတော့မယ်။ ရေစုံမျှောထားလို့ မရတော့ဘူး။ စာဖတ်ရင် စိတ်ချမ်းသာနည်း သိမယ်။ ဘဝရဲ့ အဓိပ္ပာယ်ကို ခံစားနိုင်မယ်။ ကိုယ်ကျင့်တရား တန်ဖိုးတွေ မြင့်လာမယ်။ စိတ်ကောင်း ရှိချင်တဲ့လူတွေ တိုးလာမယ်။ စိတ်ယုတ်မာတဲ့ သူတွေ နည်းလာမယ်။ စာမဖတ်ရင်၊ စာဖတ်ခွင့် မရရင်တော့ အဲဒါတွေနဲ့ ပြောင်းပြန်ဖြစ်မှာပဲ။ ဘဝတွေ ဆုံးရှုံးမယ်။ အနာဂတ်တွေလည်း ပျောက်ဆုံးမှာ ဖြစ်ပါကြောင်း။

The Voice Weekly

Tuesday, October 15, 2013

ကွန်ဒုံးသုံးကြပါဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ရင်နင့်ဖွယ်အမှာစကား(မိန်းကလေးများအထူးဖတ်သင့်သည်)

Posted by drmyochit Tuesday, October 15, 2013, under | No comments


မိန်းမသားတို့၏
သဘာဝမှာ ဟိုစပ်စပ် သည်စပ်စပ်နှင့် လူရာဝင်တတ်သော၊ စကားကြွယ်သော၊ ဖော်ရွေသောေ ယာက်ျားသူငါများကို ခံတွင်းတွေ့ တတ်ကြပါသည်။ ထို့ကြောင့် အရောတ၀င် ကြည်ဖြူတတ်ကြပါသည်။ ထိုအခါ ယောက်ျားများအကြိုက်ကို တစ်ခါတစ်ရံ အလိုက်ပေး ပေါင်းသင်း တတ်ကြရာက မှားသင့်သည်များ မှားယွင်း သွားတတ်ကြပါသည်။ အခွင့်အရေးသည် နေရာတကာ မပေးကောင်းပေ။
အခွင့်အရေး ယူတတ်သူများနှင့် ကြုံလျှင်သာ ဆိုးတတ်ပါသည်။

အောက်ဖော်ပြပါ
ဖြစ်ရပ်ကလေးတစ်ခုကို ဖတ်ကြည့်စေချင်ပါသည်။ ထိုင်းနိုင်ငံ မြောက်ပိုင်း လက်လုပ်လက်စား မိန်းမ တစ်ဦး၏ ကိုယ်တွေ့ ရင်ဖွင့် ပြောပြချက်ဖြစ်ပါသည်။
ဒုက္ခသည်များ ကို စောင့်ရှောက်ရင်း သူတို့ ရင်ဖွင့် စကားများ ရေးသော စာတိုကလေးများကို စုဆောင်း၍ Japan International Cooperation Agency မှ ဓမ္မဒါနအဖြစ်ဘာသာပြန်ဆို ပေးထားပါသည်။

ကျွန်မမှာ ခုလဆို ဖောက်သည်ချခွင့်ရတဲ့အတွက် (စာအုပ်စီစဉ်သူများကို) အထူးပဲ ကျေးဇူးတင် ၀မ်းမြောက်ရပါတယ်ရှင်။ ကျွန်မဟာကုရာနတ္တိ ရောဂါ အေ့ဒ်(စ်) ကြောင့် ကြေကွဲ ၀မ်းနည်းမှုတွေ ဘ၀မှာ ဖြစ်လာရတယ်ဆိုတာပြောပြချင်ပါတယ်။

ကျွန်မအသက် (၂၃) နှစ်ပါ။ ကျွန်မမှာညီမငယ် တစ်ယောက်နဲ့ ကျပ်မပြည့်တဲ့ မောင် တစ်ယောက် ရှိပါတယ်။ ညီမကတော့ အိမ်ထောင်ကျသွားပါပြီ။ကျွန်မက မောင်လေးကို ပြုစုရင်း ကျပန်းအလုပ် လုပ်ကိုင် စားသောက်နေသူပါ။ မိဘတွေကတော့ကျွန်မ အသက် နှစ်ဆယ့်နှစ်နှစ်မှာ ဆုံးပါးကုန်ကြပါပြီ။

ကျွန်မ ဗန်ကောက်မြို့ကြီးပေါ်မှာအိမ်ဖော် အလုပ်လုပ်ပါတယ်။ ဂုဏ်ကြီးရှင်တွေရဲ့ အိမ်မှာပဲ ပေါ့လေ။ အဲဒီမှာ ကိုးလပဲ အလုပ်လုပ်ပြီးကျွန်မ အလုပ်က ထွက်လိုက်ပါတယ်။ အကြောင်းကတော့ ကျွန်မရဲ့ အိမ်ကြီးရှင် အမျိုးသားရဲ့အမူအရာတွေကို မကြိုက်လို့ပါ။ သူ့အပြုအမူတွေက ထူးခြားပါတယ်။ ကျွန်မကိုယ် ကျွန်မမလုံလဲဘူးပေါ့။ ဒါနဲ့ တခြားအိမ်တစ်အိမ်မှာ ကလေးထိန်းအဖြစ် ပြောင်းလုပ်ပါတယ်။ တစ်လဘတ် (၃၀၀၀) ရတော့ အိမ်ကိုလည်း ပြန်ပို့ နိုင်တာပေါ့လေ။

ကျွန်မတို့ အိမ်နားမှာဆောက်လုပ်ရေး လုပ်ငန်းကြီးတစ်ခု ရှိပါသည်။ ကျွန်မဟာ ညနေတိုင်းဆိုရင် အိမ်ရှင်ရဲ့ကလေးနဲ့အတူ လမ်းလျှောက် ထွက်ရပါတယ်။ အဲဒီမှာတင် လူတစ်ယောက်နဲ့ တွေ့ဆုံတော့ တာပါပဲ။ သူက ပန်းရံ အလုပ်သမား ဆိုပါတော့။ ရင်းနှီး ခင်မင် သွားကြတော့လည်း သူ့ရဲ့ အပြောအဆို သူ့ရဲ့ လူရည်လည်မှုတွေ အပေါ် သဘောကျမိတာ ၀န်ခံပါတယ်။

တစ်နေ့ အလုပ်အားလပ်ရက် ရတာနဲ့ (သူလည်း အလုပ်အားတာမို့) ကျွန်မတို့ အလည်ခရီး ထွက်ဖြစ် သွားကြပါတယ်။ အဲဒီနေ့မှာပဲပေါ့။ ကျွန်မရဲ့ မဆင်မခြင်မှုကြောင့် ပါပဲလေ။ ကျွန်မဟာ သူ့ရင်ခွင်ထဲရောက် သွားမိပါတယ်။ သူ့ကို ယုံမိတာကိုး။ သူက လည်လည်ဝယ်ဝယ် ရှိတယ် မဟုတ်လား။
ဒီတော့လည်း အကာအကွယ်တွေ ဘာတွေ မယူခဲ့မိဘူးပေါ့။ ဒီနောက်ပိုင်း ကျတော့လည်း ကျွန်မဟာ
သူ့ကို ရှောင်နေမိ ပြန်ပါတယ်။ သူကလည်း ကျွန်မနဲ့ ခပ်ဝေးဝေး ရှောင်နေလေ့ ရှိပါရဲ့။
သူ့မှာက ကျွန်မကို လှည့်ဖျားစရာတွေ အများသားလေ။ ကျွန်မကလည်း တော်တော်ရူးရူးမိုက်မိုက် လုပ်ခဲ့မိတာကိုး။ ကျွန်မမှာ ကိုယ်ဝန် နှစ်လ ရပြီဆိုတော့မှ နေရပ်ပြန်ပြေး ရတော့တာပါပဲ။
အဲဒီအချိန်မှာတော့ ကျွန်မဟာ သူ့ကို အရမ်း မုန်းနေပါပြီ။ သတ်ပစ်ချင်လောက်အောင် ကိုပါပဲရှင်။
သူနဲ့ ဆုံပါသေးတယ်။ သူကတော့ ကျွန်မကိုယ်ဝန်ဟာ သူနဲ့ရတာ မဟုတ်ဘူးလို့ ဇွတ်ငြင်း နေတော့တာပါပဲ။

ကိုယ်ဝန် ကိုးလရတော့ ကျွန်မ ဆရာဝန်နဲ့ပြကြည့်ပါတယ်။ ဆရာဝန်က ကျွန်မကို ပြောတယ်။ ကျွန်မရဲ့ သွေးစစ်ချက်မှာ ပြဿနာ ရှိနေတယ်တဲ့။
ပြီးတော့ သားသမီး ရလာရင်လည်း ကလေးကို မိခင်နို့ မတိုက်ရဘူးတဲ့။ ဘာကြောင့်လဲဆိုတော့
ကျွန်မမှာ ....ကျွန်မမှာလေ... အေအိုင်ဒီအက်(စ်) ရောဂါ စွဲကပ်နေလို့ ပါပဲတဲ့ရှင်။
ကျွန်မကမ္ဘာလေး ပျက်စီးသွားပါပြီ။ မျှော်လင့်ချက်တွေ ပျောက်ကုန်ပါပြီ။
တုန်လှုပ်ချောက်ချားမှု၊ ၀မ်းနည်းကြေကွဲမှု တွေသာ အထပ်ထပ် ရစ်ပတ်နေပါတော့တယ်။

ဒီဘ၀ ရောက်မှတော့ ကျွန်မအနေနဲ့မိန်းမသားတွေ အပေါ်မှာ ကျေးဇူးပြုနိုင်တာ တစ်ခုပဲ ရှိပါတယ်။

“ ကျွန်မလို စိတ်အလို မလိုက်မိ ကြပါစေနဲ့”

“ ကျွန်မလို မစူးစမ်း မဆင်ခြင်မိ ကြပါစေနဲ့”

“အို ယောက်ျားတွေရဲ့ စကားတွေ၊သူတို့ရဲ့ .... လူရည်လည်မှုတွေကို အထင်မကြီး မိကြပါစေနဲ့”

တကယ်လို့ စိတ်အလိုလိုက်မိမယ်
ဆိုရင်လည်း ကြိုတင်ကာကွယ်ကြပါ။

ကွန်ဒုံးသုံးကြပါ။ ကျွန်မတို့ မိန်းမသားတွေဟာ ရိုးသားတယ်။ ယုံလွယ်တယ် ဆိုတော့ ကွန်ဒုံးသုံးလေ့ မရှိကြဘူးမဟုတ်လား။

By သုမောင်- ကျေးဇူးပဲAIDS

Thursday, April 18, 2013

မြန်မာနိုင်ငံ၏ အောင်စာရင်း ဒီလို တကယ်ထွက်တာလား

Posted by drmyochit Thursday, April 18, 2013, under | No comments


" 2013 ပညာရေး "

ကြောက်ခမန်းလီလီ အံ့သြဖွယ် ကောင်းလှသော ပညာရေး စနစ်ကို ကျွန်တော် အလန့် တကြားတွေ့လိုက် ရတယ်။ နေပူပူမှာ ခေါင်းတုံးနဲ့ဒီနေ့ ကလေးတွေ အောင်စာရင်းကို သွားကြည့်တယ် ။

အောင်စာရင်း လူနာမည်တွေရဲ့ဘေးမှာ P 1 က အစပြုလို့ P 4 အထိရှိနေတာကို တွေ့လိုက်ရတယ် 

ဘာပါလိမ့်လို့ စဉ်းစားရင်း ဘေးက အသံကိုတစ်ချက် နားစွန့် လိုက်တော့ 

" အိုး အိုး .... က 4 ဘာသာတောင်ကျတယ် P 4 တဲ့ "

ဘုရားရေ

အဲမှာသိလိုက်တာက P 1 က တစ်ဘာသာကျ။ P 2 က နှစ်ဘာသာကျ ။ဒါဆိုရင် P 4 က လေးဘာသာကျ

အော် အံ့သြဖွယ်ပါလားနော် ဘယ် နှစ်ဘာသာ ကျဆိုတာ မှတ်ချက်ထဲထည့်ပြီးအောင်စာရင်းထဲ ထည့် အအောင်ပေးသပေါ့လေ

5 ဘာသာနဲ့ ဘာသာစုံကျတာတော့ ကံဆိုးသူဖြစ်လေသတည်းပေါ့




From:opposite eyes

Friday, April 05, 2013

လက်ဟန်ဘာသာစကားနှင့် ဘာသာပြန်များ

Posted by drmyochit Friday, April 05, 2013, under | No comments

ကျနော် တို့ နေထိုင်ရာ လူအဖွဲ့ အစည်းတွင် အကြားနှင့် သောတ အာရုံ သန်စွမ်း သူများမှာ အများစု ဖြစ်ကာ စကားပြောဘာသာစကားကို အဓိကထား သုံးစွဲနေ ကြပြီး၊ အကြားနှင့် သောတအာရုံ မသန်စွမ်းသူများမှာ လူနည်းစု ဖြစ်ကာ လက်ဟန် ဘာသာစကား (Sign Language) ကို အများစုမှ သိရှိသူ နည်းပါး လှသည်။ Body Language အဖြစ် ထင်မှတ်ထားကြသည်ကို တွေ့မြင်ရသည်မှာ ဒုနှင့်ဒေးပင် ဖြစ် သည်။ ထို့သို့သော် အကြောင်းရင်းကြောင့် လက်ဟန်ဘာသာစကား အကြောင်းကို ရှင်းလင်း တင်ပြလိုပါသည်။

ကမ္ဘာ့ပေါ်တွင် စကားပြော ဘာသာ စကား အမျိုးပေါင်း ထောင်ကျော် ရှိသော်လည်း လက်ဟန် ဘာသာ စကားသည် ၁၂၀ ကျော်ခန့် ရှိသည်။ အသုံး အများဆုံးမှာ အမေရိကန် လက်ဟန် ဘာသာ စကားနှင့် ဗြိတိသျှ လက်ဟန် ဘာသာ စကားပင် ဖြစ်သည်။ အမေ ရိကန် လက်ဟန် ဘာသာ စကားသည် အမေရိကန် အက္ခရာ ကို လက် တဖက်ဖြင့် အသုံး ပြုသည်။ ဗြိတိသျှ လက်ဟန် ဘာသာ စကားသည် ဗြိတိသျှ အက္ခရာ ကို လက်နှစ် ဘက်ဖြင့် အသုံးပြု သည်။ အင်္ဂလိပ်နှင့် အမေရိကန် တို့သည် စကားပြော ဘာသာ စကားတွင် များစွာ တူညီ သော်လည်း လက်ဟန် ဘာသာ စကားတွင် လုံးဝ တူညီမှု မရှိ ကွဲပြားခြား နားလေသည်။ လက်ဟန် ဘာသာ စကား၏ တန်ဖိုးနှင့် ဂုဏ်သိ က္ခာပင် ဖြစ်သည်။
 
ဗြိတိသျှ လက်ဟန်ဘာသာစကားကို ဗြိတိသျှ ဓနသဟာယနိုင်ငံများတွင် များစွာ အသုံးပြုသုံးစွဲပြီး အမေရိ ကန် လက်ဟန် ဘာသာ စကားကို ကိုယ်ပိုင် လက် ဟန် ဘာသာ စကားမရှိသောနိုင်ငံများတွင် အထူး အသုံးပြု ပြောဆို ဆက်သွယ်ကြသည်။ လက်ဟန်ဘာသာစကားသည် အကြားနှင့် သောတအာရုံ မသန်စွမ်း သူများ အဓိက သုံးစွဲနေကြသောလည်း တနိုင်ငံနှင့် တနိုင်ငံ မတူညီကြချေ။ ဥပမာအားဖြင့် မြန်မာနှင့် ထိုင်းသည် အိမ်နီးချင်း နိုင်ငံဖြစ် သော်လည်း စကားပြောဘာသာစကားတွင် မတူညီ ကွဲပြားသလို လက်ဟန်ဘာ သာစကား သည်ပင်လျှင် အတူတူပင် ဖြစ်သည်။ နိုင်ငံတကာ ကွန်ဖရင့်များ၊ အလုပ်ရုံ ဆွေးနွေး ပွဲ များတွင် ဗြိတိသျှ လက်ဟန်နှင့် အမေရိကန် လက်ဟန်ကို အသုံးမပြုချေ။ အင်တာနေရှင်နယ် လက်ဟန် ကို သာ အထူးပြု သုံးစွဲ ဆက်သွယ် ဆွေးနွေးကြပါသည်။

လက်ဟန်ဘာသာစကားသည် အသံထွက် ဘာသာစကားမဟုတ်၊ အသံမဲ့ ဘာသာစကားပင် ဖြစ်သည်။ ဖွဲ့စည်း တည်ဆောက်ပုံ အရ သဒါ၊ ၀ါကျ၊ စကားလုံး ဝေါဟောရ ကြွယ်ဝစွာ ရှိသည်ကို မြန်မာပြည်နှင့် Undevelopment Country နိုင်ငံများတွင် သိရှိသူနည်းပါးလှသည်။ အစိုးရပိုင်းမှာ စိတ်ဝင်စား အားပေးမှု နည်းပါ ခြင်း၊ လူအဖွဲ့အစည်းအတွင်း ရှေးဆန်သောအမြင်၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံအရ ဆုံးဖြတ်သော ဘာသာရေးအမြင်၊ မသန်စွမ်းသူများအပေါ် ထားရှိသောအမြင်တို့ကြောင့်ပင်ဖြစ်သည်။

တိုးတက် ဖွံ့ဖြိုးသော နိုင်ငံ များတွင် မသန်စွမ်း သူများ အတွက် ရရှိ သင့်သော အခွင့် အရေး များကို ပြဌာန်း ပေးခြင်း၊ မသန်စွမ်းသူများအတွက် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အတားအဆီးများကို ဖယ်ရှား ရန် အားလုံး ပူးပေါင်းကူညီဆောင်ရွက်သောကြောင့် တိုးတက် အောင်မြင်လျက် ရှိလေသည်။ စကား မပြော တတ် နားမကြား သူများ၏ မိခင်ဘာသာစကား ဖြစ်သော Sign Language ဘာသာ စကားကို သုတေသနပြုခြင်း၊ ခွဲခြားစိတ်ဖြာ လေ့လာခြင်း၊ ဘာသာဗေဒ မှတ်တမ်းပြုစုခြင်းကို အစိုးရမှာ အားပေး ထောက်ခံပြီး နောက်ကွယ်မှာ ကူညီပံ့ပိုးပေးသည်အပြင် အများပြည်သူ့ နားလည် သဘော ပေါက်အောင် ပညာပေးသင်တန်းပေးခြင်းနဲ့ Inclusive Theory အရ လက်ဟန်ဘာသာပြန်များ မွေးထုတ် ပေးလျက် ရှိသည်။

ဘာသာပြန်ဟူသည်မှာ ကြားခံ ဘာသာစကား ဆက်သွယ်ပေးသောသူ ဟု အဓိပ္ပာယ်ရလေသည်။ ရှေး ခေတ်က တနိုင်ငံနှင့် တနိုင်ငံ သံတမန်ဆက်ဆံရေး၊ ကုန်သွယ်မှု၊ တဘက်နှင့် တဘက် အငြင်းပွားမှု ကိစရပ် များတွင် ဘာသာပြန်များသည် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်သည်။ ထို့ကြောင့် ဘာသာ ပြန်များသည် မရှိမဖြစ် လိုအပ်သောအရာများ ဖြစ်သလို အကြားအာရုံ သန်စွမ်းသူများနှင့် အကြားနှင့် သောတ အာရုံ မသန်စွမ်းသူများ ဆက်သွယ် ပြောဆိုနိုင်ရန် Sign Language Interpreter များလည်း လိုအပ် ပေသည်။
Sign Language ဘာသာပြန်များ ပေါ်ထွက်လာရန် လုပ်ဆောင် ရမည် အဆင့်ဆင့် များ ရှိနေပါသည်။ ပထမဆုံး အနေဖြင့် အကြားနှင့် သောတအာရုံ မသန်စွမ်း သူများ၏ ဘ၀နှင့် သူတို့၏ ယဉ်ကျေးမှု (Deaf Culture)ကို နားလည်သဘောပေါက်ဖို့ လိုအပ်ပေ သည်။ Hearing Culture are different to Deaf Culture ဆိုသည် စကားအတိုင်း ခြားနားချက်ကို ဘာသာ ပြန်များ၏ အသိတွင် ထည့်သွင်းပေးရမည်။ ထို့မှသာ ဘာသာပြန်အတတ်ကို သင်ယူတတ် မြောက်နိုင် ပေသည်။ လက်ဟန်ဘာသာစကား အခြေ ခံ မှ စကာ ကျွမ်းကျင်သူအဆင့်ထိ အဆုံး သင်ယူလျင် အနည်းဆုံး ၂ နှစ်မှ အများဆုံး ၄ နှစ်ထိ သင်ယူကြ ရသည်။ တိုးတက်ဖွံ့ဖြိုးသော နိုင်ငံများတွင် လက်ဟန်ဘာသာပြန်အမြောက်အမြား မွေးထုတ်ပေး လျက်ရှိသည်။

လက်ဟန်ဘာသာပြန်မွေးထုတ်ခြင်းသည် လူအဖွဲ့အစည်းပေါ်တွင် များစွာ အကျိုးသက်ရောက်မှု ရှိသည် အပြင် စကားမပြောတတ်၊ နားမကြားသူများ၏ အသံနှင့် ရင်တွင်းကလာသော စကားများ၊ အခက် အခဲများနှင့် လိုအပ်ချက်များကို အကြားအာရုံ သန်စွမ်းသူ လူများစုထံသို့ ရင်ဖွင့်နိုင်သလို သတင်းစကား ပြောကြား နိုင် သောကြောင့် ဖြစ်လေသည်။ နောက်ပြီး ဆေးရုံ၊ ဆေးခန်း၊ အလုပ်ခွင်အတွင်း၊ ပညာသင် ယူမူနှင့် တရားရုံးအမှုအခင်း ကိစရပ်များတွင် နားမကြားသူများအတွက် လက်ဟန်ဘာသာ ပြန်သည် လိုအပ်ပေ သည်။ နိုင်ငံတကာတွင်လည်း ထိပ်သီး အစည်းအဝေးများ၊ အဆင့်မြင့် တကသိုလ် ပညာသင် ယူမှုတွင် လက်ဟန်ဘာသာပြန်များကို ထားရှိလေသည်။ ရုပ်သံ သတင်းများတွင် နားမကြားသူများနှင့် ပူးတွဲကာ သတင်းများကို နားမကြားသူများထံ သတင်းပေးပို့သည်။

ယနေ့ ထိုင်းနိုင်ငံသည် မြန်မာတို့ထက် များစွာ ဖွံ့ဖြိုးတိုးတက်ကာ ရှေ့သို့ ရောက်ခဲ့သည်အပြင် ထိုင်းနိုင်ငံ တ၀ှမ်းတွင် နားမကြားကျောင်း ၂၀ ကျော် ရှိပြီး၊ နယ်စပ်ဒေသတလျှောက်မှာ မြန်မာ နားမကြား ကလေး ငယ်များသည် ထိုင်း နားမကြားကျောင်းတွင် ပညာသင်ယူနေသည်ကို တွေ့မြင်ခဲ့ရသည်။ နားမကြား အသင်းအဖွဲ့ များစွာလည်း ရှိပြီး ဘန်ကောက်မြို့ မဟီဒိုးလ်တကသိုလ်လက်အောက်ရှိ ရာချစူဒါ ကောလိပ် တွင် လက်ဟန်ဘာသာစကား သုတေသန ပြုသည်အပြင် ဘာသာပြန်များကို သင်တန်းပေး လေ့ကျင့်ကာ မွေးထုတ် လျက်ရှိ သည်မှာ ထိုင်းအစိုးရ၊ နားမကြားကျောင်း၊ အသင်းအဖွဲ့များနှင့် နားမကြားမိသားစုများ၏ ကြိုးစားမှုရ လဒ်ပင်ဖြစ်သည်။

မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံထက် နယ်မြေအနေအထား ကျယ်ဝန်းသော်လည်း နားမကြားကျောင်း ၂ ကျောင်း သာ ရှိပြီး ရန်ကုန်နှင့် မန်းလေးတွင် ဖွင့်လှစ်ထားသည်။ ရန်ကုန်ကျောင်းမှာ မေရီချပ်မင်ဆိုသည် အင်္ဂလိပ် အမျိုး သမီးက ၁၉၂၀ ခန့်တွင် ဖွင့်လှစ် ခဲ့ပြီး ၁၉၆၂ နောက်ပိုင်းတွင် ခရစ်ယာန်သာသနာပြု ဘာသာရေး အဖွဲ့က လွှဲပြောင်းလက်ခံ သင်ကြားပို့ချသည်။ မန်းလေးကျောင်းမှာ လူမှုဝန် ထမ်းဦး စီးဌာနလက်အောက်တွင် ရှိပြီး ၁၉၈၀ ကျော်ခန့်က ဖွင့်လှစ် သင်ကြားသည်။ နားမကြားသူ သိန်းဂ ဏန်းကျော် ရှိသော်လည်း ကျောင်း ၂ ကျောင်း ဖြင့် ဘယ်လိုမှ ဖြစ်နိုင်မည်မဟုတ်ပါ။ ပညာသင်ယူခွင့် ဆုံးရှုံး နေသာ နားမကြား ကလေးငယ်များ ရှိသည်ကို အားလုံးသိရှိ နားလည်ပေးစေလိုပါသည်။ မြန်မာနိုင်ငံ တွင် အသင်းအဖွဲ့များကို တရားဝင် ဖွဲ့စည်းခွင့် မရှိခဲ့ပါ။ ယာယီမှတ်ပုံတင်ဖြင့်သာ စခန်းသွား နေရသည် အပြင် လက်ဟန်ဘာသာပြန် သင်တန်းကျောင်း မရှိပါ။ အခုမှ စတင် ကြိုးစားနေကြောင့် သိရှိရပါသည်။


အားလုံး ကျန်းမာ ရွှင်လန်းကြပါစေ။

မောင်လူငယ်
From: မောက္ခပညာရေးမဂ္ဂဇင်း 

Friday, March 15, 2013

ကလေးတွေကို ကောင်းမွေ ပေးပါ

Posted by drmyochit Friday, March 15, 2013, under | No comments

ကြီးကြီး ကျယ်ကျယ်ပြော ရမယ် ဆိုရင် လော က ကောင်း ဖို့ အတွက် ကလေးတွေရဲ့ အနာ ဂတ်ဟာ အလွန် အရေးပါ ပါတယ်။ ကလေးတွေကို အတတ် ပညာ၊ ဆင်ခြင်တုံတရား၊ ကရုဏာ၊ စဉ်း စားမြော်မြင် နိုင်မှု၊ ပရဟိ တစိတ် စတာတွေပေးနိုင် ရင် လောကရဲ့ အနာဂတ်ဟာ ကောင်းမွန်မှာပဲ။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်