Friday, April 05, 2013

လက်ဟန်ဘာသာစကားနှင့် ဘာသာပြန်များ

Posted by drmyochit Friday, April 05, 2013, under | No comments

ကျနော် တို့ နေထိုင်ရာ လူအဖွဲ့ အစည်းတွင် အကြားနှင့် သောတ အာရုံ သန်စွမ်း သူများမှာ အများစု ဖြစ်ကာ စကားပြောဘာသာစကားကို အဓိကထား သုံးစွဲနေ ကြပြီး၊ အကြားနှင့် သောတအာရုံ မသန်စွမ်းသူများမှာ လူနည်းစု ဖြစ်ကာ လက်ဟန် ဘာသာစကား (Sign Language) ကို အများစုမှ သိရှိသူ နည်းပါး လှသည်။ Body Language အဖြစ် ထင်မှတ်ထားကြသည်ကို တွေ့မြင်ရသည်မှာ ဒုနှင့်ဒေးပင် ဖြစ် သည်။ ထို့သို့သော် အကြောင်းရင်းကြောင့် လက်ဟန်ဘာသာစကား အကြောင်းကို ရှင်းလင်း တင်ပြလိုပါသည်။

ကမ္ဘာ့ပေါ်တွင် စကားပြော ဘာသာ စကား အမျိုးပေါင်း ထောင်ကျော် ရှိသော်လည်း လက်ဟန် ဘာသာ စကားသည် ၁၂၀ ကျော်ခန့် ရှိသည်။ အသုံး အများဆုံးမှာ အမေရိကန် လက်ဟန် ဘာသာ စကားနှင့် ဗြိတိသျှ လက်ဟန် ဘာသာ စကားပင် ဖြစ်သည်။ အမေ ရိကန် လက်ဟန် ဘာသာ စကားသည် အမေရိကန် အက္ခရာ ကို လက် တဖက်ဖြင့် အသုံး ပြုသည်။ ဗြိတိသျှ လက်ဟန် ဘာသာ စကားသည် ဗြိတိသျှ အက္ခရာ ကို လက်နှစ် ဘက်ဖြင့် အသုံးပြု သည်။ အင်္ဂလိပ်နှင့် အမေရိကန် တို့သည် စကားပြော ဘာသာ စကားတွင် များစွာ တူညီ သော်လည်း လက်ဟန် ဘာသာ စကားတွင် လုံးဝ တူညီမှု မရှိ ကွဲပြားခြား နားလေသည်။ လက်ဟန် ဘာသာ စကား၏ တန်ဖိုးနှင့် ဂုဏ်သိ က္ခာပင် ဖြစ်သည်။
 
ဗြိတိသျှ လက်ဟန်ဘာသာစကားကို ဗြိတိသျှ ဓနသဟာယနိုင်ငံများတွင် များစွာ အသုံးပြုသုံးစွဲပြီး အမေရိ ကန် လက်ဟန် ဘာသာ စကားကို ကိုယ်ပိုင် လက် ဟန် ဘာသာ စကားမရှိသောနိုင်ငံများတွင် အထူး အသုံးပြု ပြောဆို ဆက်သွယ်ကြသည်။ လက်ဟန်ဘာသာစကားသည် အကြားနှင့် သောတအာရုံ မသန်စွမ်း သူများ အဓိက သုံးစွဲနေကြသောလည်း တနိုင်ငံနှင့် တနိုင်ငံ မတူညီကြချေ။ ဥပမာအားဖြင့် မြန်မာနှင့် ထိုင်းသည် အိမ်နီးချင်း နိုင်ငံဖြစ် သော်လည်း စကားပြောဘာသာစကားတွင် မတူညီ ကွဲပြားသလို လက်ဟန်ဘာ သာစကား သည်ပင်လျှင် အတူတူပင် ဖြစ်သည်။ နိုင်ငံတကာ ကွန်ဖရင့်များ၊ အလုပ်ရုံ ဆွေးနွေး ပွဲ များတွင် ဗြိတိသျှ လက်ဟန်နှင့် အမေရိကန် လက်ဟန်ကို အသုံးမပြုချေ။ အင်တာနေရှင်နယ် လက်ဟန် ကို သာ အထူးပြု သုံးစွဲ ဆက်သွယ် ဆွေးနွေးကြပါသည်။

လက်ဟန်ဘာသာစကားသည် အသံထွက် ဘာသာစကားမဟုတ်၊ အသံမဲ့ ဘာသာစကားပင် ဖြစ်သည်။ ဖွဲ့စည်း တည်ဆောက်ပုံ အရ သဒါ၊ ၀ါကျ၊ စကားလုံး ဝေါဟောရ ကြွယ်ဝစွာ ရှိသည်ကို မြန်မာပြည်နှင့် Undevelopment Country နိုင်ငံများတွင် သိရှိသူနည်းပါးလှသည်။ အစိုးရပိုင်းမှာ စိတ်ဝင်စား အားပေးမှု နည်းပါ ခြင်း၊ လူအဖွဲ့အစည်းအတွင်း ရှေးဆန်သောအမြင်၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံအရ ဆုံးဖြတ်သော ဘာသာရေးအမြင်၊ မသန်စွမ်းသူများအပေါ် ထားရှိသောအမြင်တို့ကြောင့်ပင်ဖြစ်သည်။

တိုးတက် ဖွံ့ဖြိုးသော နိုင်ငံ များတွင် မသန်စွမ်း သူများ အတွက် ရရှိ သင့်သော အခွင့် အရေး များကို ပြဌာန်း ပေးခြင်း၊ မသန်စွမ်းသူများအတွက် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အတားအဆီးများကို ဖယ်ရှား ရန် အားလုံး ပူးပေါင်းကူညီဆောင်ရွက်သောကြောင့် တိုးတက် အောင်မြင်လျက် ရှိလေသည်။ စကား မပြော တတ် နားမကြား သူများ၏ မိခင်ဘာသာစကား ဖြစ်သော Sign Language ဘာသာ စကားကို သုတေသနပြုခြင်း၊ ခွဲခြားစိတ်ဖြာ လေ့လာခြင်း၊ ဘာသာဗေဒ မှတ်တမ်းပြုစုခြင်းကို အစိုးရမှာ အားပေး ထောက်ခံပြီး နောက်ကွယ်မှာ ကူညီပံ့ပိုးပေးသည်အပြင် အများပြည်သူ့ နားလည် သဘော ပေါက်အောင် ပညာပေးသင်တန်းပေးခြင်းနဲ့ Inclusive Theory အရ လက်ဟန်ဘာသာပြန်များ မွေးထုတ် ပေးလျက် ရှိသည်။

ဘာသာပြန်ဟူသည်မှာ ကြားခံ ဘာသာစကား ဆက်သွယ်ပေးသောသူ ဟု အဓိပ္ပာယ်ရလေသည်။ ရှေး ခေတ်က တနိုင်ငံနှင့် တနိုင်ငံ သံတမန်ဆက်ဆံရေး၊ ကုန်သွယ်မှု၊ တဘက်နှင့် တဘက် အငြင်းပွားမှု ကိစရပ် များတွင် ဘာသာပြန်များသည် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်သည်။ ထို့ကြောင့် ဘာသာ ပြန်များသည် မရှိမဖြစ် လိုအပ်သောအရာများ ဖြစ်သလို အကြားအာရုံ သန်စွမ်းသူများနှင့် အကြားနှင့် သောတ အာရုံ မသန်စွမ်းသူများ ဆက်သွယ် ပြောဆိုနိုင်ရန် Sign Language Interpreter များလည်း လိုအပ် ပေသည်။
Sign Language ဘာသာပြန်များ ပေါ်ထွက်လာရန် လုပ်ဆောင် ရမည် အဆင့်ဆင့် များ ရှိနေပါသည်။ ပထမဆုံး အနေဖြင့် အကြားနှင့် သောတအာရုံ မသန်စွမ်း သူများ၏ ဘ၀နှင့် သူတို့၏ ယဉ်ကျေးမှု (Deaf Culture)ကို နားလည်သဘောပေါက်ဖို့ လိုအပ်ပေ သည်။ Hearing Culture are different to Deaf Culture ဆိုသည် စကားအတိုင်း ခြားနားချက်ကို ဘာသာ ပြန်များ၏ အသိတွင် ထည့်သွင်းပေးရမည်။ ထို့မှသာ ဘာသာပြန်အတတ်ကို သင်ယူတတ် မြောက်နိုင် ပေသည်။ လက်ဟန်ဘာသာစကား အခြေ ခံ မှ စကာ ကျွမ်းကျင်သူအဆင့်ထိ အဆုံး သင်ယူလျင် အနည်းဆုံး ၂ နှစ်မှ အများဆုံး ၄ နှစ်ထိ သင်ယူကြ ရသည်။ တိုးတက်ဖွံ့ဖြိုးသော နိုင်ငံများတွင် လက်ဟန်ဘာသာပြန်အမြောက်အမြား မွေးထုတ်ပေး လျက်ရှိသည်။

လက်ဟန်ဘာသာပြန်မွေးထုတ်ခြင်းသည် လူအဖွဲ့အစည်းပေါ်တွင် များစွာ အကျိုးသက်ရောက်မှု ရှိသည် အပြင် စကားမပြောတတ်၊ နားမကြားသူများ၏ အသံနှင့် ရင်တွင်းကလာသော စကားများ၊ အခက် အခဲများနှင့် လိုအပ်ချက်များကို အကြားအာရုံ သန်စွမ်းသူ လူများစုထံသို့ ရင်ဖွင့်နိုင်သလို သတင်းစကား ပြောကြား နိုင် သောကြောင့် ဖြစ်လေသည်။ နောက်ပြီး ဆေးရုံ၊ ဆေးခန်း၊ အလုပ်ခွင်အတွင်း၊ ပညာသင် ယူမူနှင့် တရားရုံးအမှုအခင်း ကိစရပ်များတွင် နားမကြားသူများအတွက် လက်ဟန်ဘာသာ ပြန်သည် လိုအပ်ပေ သည်။ နိုင်ငံတကာတွင်လည်း ထိပ်သီး အစည်းအဝေးများ၊ အဆင့်မြင့် တကသိုလ် ပညာသင် ယူမှုတွင် လက်ဟန်ဘာသာပြန်များကို ထားရှိလေသည်။ ရုပ်သံ သတင်းများတွင် နားမကြားသူများနှင့် ပူးတွဲကာ သတင်းများကို နားမကြားသူများထံ သတင်းပေးပို့သည်။

ယနေ့ ထိုင်းနိုင်ငံသည် မြန်မာတို့ထက် များစွာ ဖွံ့ဖြိုးတိုးတက်ကာ ရှေ့သို့ ရောက်ခဲ့သည်အပြင် ထိုင်းနိုင်ငံ တ၀ှမ်းတွင် နားမကြားကျောင်း ၂၀ ကျော် ရှိပြီး၊ နယ်စပ်ဒေသတလျှောက်မှာ မြန်မာ နားမကြား ကလေး ငယ်များသည် ထိုင်း နားမကြားကျောင်းတွင် ပညာသင်ယူနေသည်ကို တွေ့မြင်ခဲ့ရသည်။ နားမကြား အသင်းအဖွဲ့ များစွာလည်း ရှိပြီး ဘန်ကောက်မြို့ မဟီဒိုးလ်တကသိုလ်လက်အောက်ရှိ ရာချစူဒါ ကောလိပ် တွင် လက်ဟန်ဘာသာစကား သုတေသန ပြုသည်အပြင် ဘာသာပြန်များကို သင်တန်းပေး လေ့ကျင့်ကာ မွေးထုတ် လျက်ရှိ သည်မှာ ထိုင်းအစိုးရ၊ နားမကြားကျောင်း၊ အသင်းအဖွဲ့များနှင့် နားမကြားမိသားစုများ၏ ကြိုးစားမှုရ လဒ်ပင်ဖြစ်သည်။

မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံထက် နယ်မြေအနေအထား ကျယ်ဝန်းသော်လည်း နားမကြားကျောင်း ၂ ကျောင်း သာ ရှိပြီး ရန်ကုန်နှင့် မန်းလေးတွင် ဖွင့်လှစ်ထားသည်။ ရန်ကုန်ကျောင်းမှာ မေရီချပ်မင်ဆိုသည် အင်္ဂလိပ် အမျိုး သမီးက ၁၉၂၀ ခန့်တွင် ဖွင့်လှစ် ခဲ့ပြီး ၁၉၆၂ နောက်ပိုင်းတွင် ခရစ်ယာန်သာသနာပြု ဘာသာရေး အဖွဲ့က လွှဲပြောင်းလက်ခံ သင်ကြားပို့ချသည်။ မန်းလေးကျောင်းမှာ လူမှုဝန် ထမ်းဦး စီးဌာနလက်အောက်တွင် ရှိပြီး ၁၉၈၀ ကျော်ခန့်က ဖွင့်လှစ် သင်ကြားသည်။ နားမကြားသူ သိန်းဂ ဏန်းကျော် ရှိသော်လည်း ကျောင်း ၂ ကျောင်း ဖြင့် ဘယ်လိုမှ ဖြစ်နိုင်မည်မဟုတ်ပါ။ ပညာသင်ယူခွင့် ဆုံးရှုံး နေသာ နားမကြား ကလေးငယ်များ ရှိသည်ကို အားလုံးသိရှိ နားလည်ပေးစေလိုပါသည်။ မြန်မာနိုင်ငံ တွင် အသင်းအဖွဲ့များကို တရားဝင် ဖွဲ့စည်းခွင့် မရှိခဲ့ပါ။ ယာယီမှတ်ပုံတင်ဖြင့်သာ စခန်းသွား နေရသည် အပြင် လက်ဟန်ဘာသာပြန် သင်တန်းကျောင်း မရှိပါ။ အခုမှ စတင် ကြိုးစားနေကြောင့် သိရှိရပါသည်။


အားလုံး ကျန်းမာ ရွှင်လန်းကြပါစေ။

မောင်လူငယ်
From: မောက္ခပညာရေးမဂ္ဂဇင်း 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်