နိုင်ငံ၏ အဓိက လိုအပ်ချက်ဖြစ်သည့်
ကျန်းမာရေးကဏ္ဍအတွက် သုံးစွဲရန် ဘတ်ဂျက်ကို အစိုးရသစ် လက်ထက်တွင် ယခင်ထက်
လေးဆတိုးခွင့် ပြုခဲ့သော်လည်း လက်ရှိ ပြည်သူ့ဆေးရုံများ၌ တက်ရောက်
ကုသသူများအတွက်မူ ပြောင်းလဲမှု မရှိသေးကြောင်း ဆေးရုံတက်ရောက်
ကုသမှုခံယူနေသော ပြည်သူအချို့က သုံးသပ်ပြောကြားသည်။ ပြည်သူသို့ ပထမဆုံး အသိပေးခဲ့သည့် ၂၀၁၂-၂၀၁၃ ဘတ်ဂျက်တွင် ယခင်
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်
အသုံးပြုခဲ့သည့် ကျန်းမာရေးဘတ်ဂျက်ထက် လေးဆကျော် တိုးမြှင့်သုံးစွဲရန်
သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ပြည်သူ့ဆေးရုံများတွင် ၀န်ထမ်းအချို့၏ စိတ်မရှည်စွာ ငေါက်ငမ်းမှုများ၊
ဆေးကုသမှုအတွက် လိုအပ်သည့် စက်ပစ္စည်းများ မရှိသည့်အတွက် လနှင့်ချီ
စောင့်ဆိုင်းနေရမှုများ၊ ဆရာဝန်နှင့်လူနာ မမျှတမှုများကြောင့်
ဆေးကုသမှုရရှိရန် အချိန်ရှည်ကြာ စောင့်ဆိုင်းရမှုများ၊ ဆေးရုံများတွင်
နေရာနှင့်လူနာ မမျှတမှုများမှအစ အရာရာသည် ဆိုးရွားနေသည့်
အခြေအနေတွင်ရှိကြောင်း ပညာရှင်များ၊ ပြည်သူများက မှတ်ချက်ပြု ပြောကြားသည်။
“ကိုယ်က အသည်းအသန်နဲ့ ဆေးရုံကို အားကိုးတကြီး ရောက်သွားတယ်။ ဘယ်သူမှ
လာကြည့်မယ့်သူမရှိဘူး။ တစ်ခါသွားခေါ်တယ်။ ခဏနေ လာကြည့်မယ်လို့ပဲ ပြောတယ်
မလာဘူး။ နောက်တစ်ခါ သွားခေါ်ရင် လာမှာပေါ့ ပြောထားတယ်၊ ခဏနေပါဦးဆိုပြီး
အော်ထုတ်တယ်။ အဲဒီတော့ တော်ရုံတန်ရုံသူက နောက်ထပ် သွားမခေါ်ရဲတော့ဘူး။
လူနာအတွက် ဘယ်လောက်ပဲ စိုးရိမ်နေပါစေ သူတို့လာတဲ့အချိန်ကိုပဲ
စောင့်ရတော့တယ်”ဟု မိခင်ဖြစ်သူကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့
တက်ရောက်ကုသခဲ့ရသည့် လူနာရှင် အမျိုးသမီးတစ်ဦးက ပြောသည်။ ထိုကဲ့သို့
ဖြစ်စဉ်များ ဆေးရုံတိုင်းတွင် ရှိနေခြင်းမှာ ဆရာဝန်နှင့်လူနာကြား
ဆက်သွယ်ကူညီ စောင့်ရှောက်ပေးနိုင်သည့် ၀န်ထမ်းနည်းပါးခြင်း၊ လူနာဘက်မှ
မျှော်လင့်ချက် အားကိုးမှုများဖြင့် ရောက်လာသော်လည်း ကျန်းမာရေးဝန်ဆောင်မှု
ပေးသူများဘက်မှ အကျိုးအကြောင်း နားလည်သဘောပေါက်စေရန် အချိန်ပေးရှင်းပြမှု
အားနည်းခြင်းတို့ကြောင့်ဖြစ်ပြီး တစ်ဖက်နှင့်တစ်ဖက် နားလည်မှု လွဲမှားခြင်း
ပြဿနာမှာလည်း ပိုမိုကြီးမားလာကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံသစ်ကြီးမှ
ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ကျော်ကပြောသည်။
ဆရာဝန်အစား ရောဂါအကြောင်း၊ ဆေးဝါးအကြောင်း ရှင်းလင်းပေးခြင်းများ၊
စမ်းသပ်မှုများအတွက် လမ်းညွှန်ပေးခြင်းများ၊ ရောဂါအခြေအနေအား
ရှင်းလင်းပြောပြနိုင်သည့် လူနာနှင့် ဆရာဝန်ကြား ဆက်သွယ်ကူညီပေးနိုင်သည့်
ဝန်ထမ်းများ မရှိမဖြစ်လိုအပ်ပြီး ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းအချို့တွင်မူ
အဆိုပါ ၀န်ဆောင်မှု ပေးနိုင်သော ၀န်ထမ်းများ ခန့်အပ်ထားရှိသည်။
နိုင်ငံတကာရှိ ဆေးရုံ၊ ဆေးခန်းများမှာလည်း ထိုကဲ့သို့သော ဆရာဝန်များ
မဖြစ်မနေထားပြီး ပြည်တွင်းတွင် ဗဟိုနှင့် ပြည်နယ်အဆင့် ဆေးရုံများတွင်သာ
နှစ်ဦး၊ သုံးဦးခန့်သာ ခန့်ထားနိုင်သည်။ လူနာဦးရေနှင့် မမျှတခြင်း၊
ဆေးရုံအများစုတွင် အဆိုပါ ၀န်ထမ်းများကိုယ်တိုင် ထိုကဲ့သို့ ၀န်ဆောင်မှုများ
ပေးရမည်ကို မသိရှိကြခြင်း စသည့်အားနည်းချက်များရှိကြောင်း သိရသည်။
“လူနာတွေဘက်မှာလည်း ထိန်းသိမ်းတာဝန်ယူမှုနဲ့ ခံစားခွင့် အခွင့်အရေးတွေ
ဆိုတာရှိတယ်။ တချို့လူနာကျတော့လည်း အခွင့်အရေးယူတာမျိုး ရှိကြတယ်။
စောင့်ရှောက်ပေးတဲ့သူတွေ ဘက်ကလည်း အားနည်းချက်တွေ ရှိတဲ့အခါ
အဲဒီ့နှစ်ဖက်တွေ့တော့ အခုနောက်ပိုင်း ပြဿနာတွေလည်း ပိုပိုကြီးလာတယ်”ဟု
ဆေးရုံအုပ်ကြီးက ဆက်လက်ပြောသည်။
ဆေးရုံရှိ တာဝန်ကျဝန်ထမ်းများ၏ ဆက်ဆံရေး မပြေပြစ်မှု ပြဿနာသည်
ရှေးယခင်ကတည်းက အမြစ်တွယ်လာသည့် အလေ့အကျင့်တစ်ခုအဖြစ် ယခုထက်တိုင်လည်း
ဆက်လက်တည်ရှိနေမြဲဖြစ်သည်။ ဆရာဝန်များနှင့် လူနာများအကြား နားလည်မှုများ
လွဲမှားလာခြင်းများ၊ ကင်ဆာရောဂါ ကဲ့သို့သော ရောဂါများ ကုသမှုအတွက် မဖြစ်မနေ
လိုအပ်သော စက်ပစ္စည်းများ လုံလောက်စွာ မတပ်ဆင်နိုင်သေးသည့်အတွက် လူနာများ
ဓာတ်ရောင်ခြည် ကုသမှုခံယူရန် ရက်ရှည်စောင့်ဆိုင်းနေရသည့် ပြဿနာသည်လည်း
တစ်နေ့ထက်တစ်နေ့ လူပြောများလာသည့် ကြီးမားသော ပြဿနာများ ဖြစ်လာသည်။
တစ်နိုင်ငံလုံးတွင် ကင်ဆာရောဂါဝေဒနာ ခံစားနေရသူများအတွက် ဓာတ်ကင်ကုသရန်
ဓာတ်ကင်ပေးနိုင်သည့်စက် သုံးလုံးသာရှိပြီး
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်ရှိသည့် ဓာတ်ကင်စက်သည် အလုပ်မလုပ်တော့သဖြင့်
တောင်ကြီးဆေးရုံသို့ သွားရောက်ကုသနိုင်ပါက သွားရောက်နိုင်ပြီး
ကျန်သူများမှာ ဓာတ်ကင်ရန် လနှင့်ချီ စောင့်ဆိုင်းနေကြရကြောင်း
လူနာရှင်တစ်ဦးက သူ၏အခက်အခဲအား နိုင်ငံပိုင် သတင်းစာထဲတွင် ရေးသားထားသည်။
အချိန်တိုင်း၊ စက္ကန့် မိနစ်တိုင်း တိုးပွားလာသည့် ကင်ဆာဆဲလ်များကို
တိုက်ဖျက်ရန်အတွက် ကုထုံးအဆင့်တွင် ဓာတ်ကင်ကုသခြင်းသည်
နည်းလမ်းတစ်ခုဖြစ်သည်။ ဓာတ်ကင်စက် မရှိသောကြောင့် အခြားသို့လည်း
သွားရောက်ကုသရန် မတတ်နိုင်သူများအတွက် ထိုင်စောင့်ရန် နည်းလမ်းအပြင်
မရှိတော့ပေ။
လွှတ်တော်အတွင်း ဆွေးနွေးမှုများတွင်လည်း နေရာဒေသ အများအပြား၌
ဆေးရုံမရှိခြင်း၊ ဆရာဝန်မရှိခြင်း စသည့်အခက်အခဲအမျိုးမျိုး ဖြည့်စွက်ပေးရန်
အစီအစဉ် ရှိ၊ မရှိ မေးမြန်းမှုများမှာလည်း အများဆုံးဖြစ်နေသည်။
နိုင်ငံတော်မှ ကျန်းမာရေး အသုံးစရိတ်အတွက် ချပေးသော ဘတ်ဂျက်သည်
ဆေးကုသမှုအတွက် အတိုင်းအတာတစ်ခုအထိ ၀င်ရောက်ကာမိခြင်း မရှိသေးဘဲ ဆေးရုံများ
ဆောက်လုပ်ခြင်း၊ ၀န်ထမ်းများ ခန့်ထားခြင်းနှင့် လိုအပ်သည့် စက်ပစ္စည်းများ
ဝယ်ယူရန်အတွက်သာ အသုံးပြုနိုင်သေးသည်။
ဆေးရုံများတွင် အလှူရှင်များနှင့် နိုင်ငံတော်မှ ၀ယ်ယူပေးထားသည့်
ရောဂါရှာဖွေရေး စက်ကိရိယာများအား စရိတ်မျှပေး ကျန်းမာရေးစနစ်ဖြင့်
အပြင်ဓာတ်ခွဲခန်းများထက် သက်သာသောဈေးဖြင့် လူနာများ ကုသနိုင်သည်။
ငွေကြေးမတတ်နိုင်သည့် လူနာများအတွက် ဆေးရုံအလိုက် အခမဲ့ကုသမှုများလည်း
ဆောင်ရွက်ပေးကြကြောင်း ဒေါက်တာကျော်ကျော်ကပြောသည်။
“မတတ်နိုင်ဘူးလို့ ပြောလာတဲ့သူကိုတော့ တတ်နိုင်သလောက်
အခမဲ့လုပ်ပေးရတာပါပဲ။ လုပ်ပေးတယ်ဆိုတာသာ ပြန်မပြောကြတာပါ။
စာရင်းတွေအရဆိုရင် မနှစ်က ဆေးရုံတက်တဲ့ လူနာအားလုံးရဲ့ ၃၀ ရာခိုင်နှုန်းကို
အခမဲ့စစ်ဆေး ကုသမှုတွေ လုပ်ပေးခဲ့တယ်။ တချို့ကျတော့ ကိုယ်တတ်နိုင်သလောက်
စရိတ်မျှပေးခြင်းက မရှိတဲ့သူတွေအတွက် သက်သာစေတယ်လို့ မတွေးဘူး။ အခွင့်အရေး
တစ်ရပ်အနေနဲ့ကို သဘောထားပြီး မရရင် မကောင်းပြောတော့တာပဲ”ဟု
ဒေါက်တာကျော်ကျော်ကပြောသည်။
“တစ်ခါက ဆေးရုံကို လူမမာသွားမေးရင်းနဲ့ ဓာတ်လှေကားထဲမှာ
အမျိုးသမီးတစ်ယောက်က နောက်တစ်ယောက်ကို လည်ပင်းက ဆွဲကြိုးကိုချွတ်ထား၊
ဆရာဝန်တွေက တတ်နိုင်လားမေးရင် မတတ်နိုင်ဘူးလို့ပဲ ဖြေနော်ဆိုပြီး
ပြောနေတာမျိုး ကြုံဖူးတယ်”ဟု အသက် ၂၅ နှစ်အရွယ် ဆေးကုမ္ပဏီ ၀န်ထမ်းတစ်ဦးက
ပြောသည်။
ဆေးရုံတိုင်းတွင် ဓာတ်ခွဲခန်းများမှ စရိတ်မျှပေးစနစ်ဖြင့် လူနာများထံမှ
ရလာသည့် ငွေကြေး၏ ထက်ဝက်အား နိုင်ငံတော်၏ ကျန်းမာရေး ဘတ်ဂျက်အတွင်း
အပတ်စဉ်ဖြစ်စေ၊ လစဉ်ဖြစ်စေ ပြန်လည်သွင်းရပြီး ထိုငွေကြေးသည်
နိုင်ငံတော်မှ ဆေးရုံအဆောက်အအုံများ ဆောက်လုပ်ခြင်း၊
ဝန်ထမ်းခန့်အပ်ခြင်းများနှင့် စက်ပစ္စည်းများ ၀ယ်ယူရန်အတွက် အသုံးပြုကြသည်။
ကျန်ထက်ဝက်အား ဓာတ်ခွဲခန်း ပြုပြင်ထိန်းသိမ်းရန်နှင့် ဓာတ်ခွဲခန်းတွင်
လိုအပ်သည့်ဆေးဝါးများ ပြန်လည်ဝယ်ယူနိုင်ရန်အတွက် ဆေးရုံများတွင်
သုံးစွဲပြီး နိုင်ငံတော်မှ စက်ပစ္စည်းများ လိုအပ်သလို ဖြည့်ဆည်းပေးသော်လည်း
လုံလောက်မှု မရှိသည့်အခါ လိုအပ်သည့် စက်ပစ္စည်းများ ၀ယ်ယူနိုင်ရန်နှင့်
ပျက်စီးမှုများအတွက် အလှူရှင်များနှင့် ထိုစုဆောင်း ငွေကြေးများကိုသာ
အဓိကမှီခိုနေရကြောင်း ဆေးရုံများရှိ တာဝန်ရှိသူများကပြောသည်။
“ကျောက်ခြေစက်ဆိုရင် အပြင်မှာ သွားကုသရင် သုံးသိန်းလောက် ကုန်တယ်။
ဆေးရုံမှာ ကိုးသောင်းနဲ့ ရအောင် ကုသပေးတယ်။ အဲဒီလိုစက်တွေမှာ ကွိုင်တစ်ခုခု
သက်တမ်းလွန်သွားလို့ သုံးလို့မရတော့လို့ရှိရင် ဒေါ်လာသောင်းချီ ကုန်တယ်။
ဒါဆို နိုင်ငံတော်က မတတ်နိုင်တော့ဘူး။ အဲဒီ့အတွက် အလှူရှင်တွေရှာပြီး
အလှူခံလို့ရတာနဲ့ ပြုပြင်စရိတ်ဆိုပြီး စုဆောင်းထားတဲ့ ငွေတွေနဲ့ လဲရတယ်။
အဲဒါကလည်း ဖြစ်မှဝယ်ရင် လနဲ့ချီကြာတဲ့အတွက် ကြိုဝယ်ထားရတယ်။ မဟုတ်ရင်
လူနာတွေ ပြုံပြီးစောင့်ရတယ်”ဟု ဒေါက်တာကျော်ကျော်ကပြောသည်။
လူနာဆောင်များတွင် နိုင်ငံတော်မှ အဆောက်အအုံ၊ ခုတင်နှင့် ၀န်ထမ်းများသာ
ထားရှိပေးနိုင်ပြီး စက်ပစ္စည်းများမှာလည်း လူနာအရေအတွက်နှင့် လုံလောက်မှု
မရှိကြသည့်အခါ အလှူရှင်များ ရှာဖွေခြင်းဖြင့်လည်းကောင်း၊
ဓာတ်ခွဲခန်းများတွင် လူနာများ ထည့်ဝင်ထားသည့် ငွေကြေးများဖြင့်လည်းကောင်း
ဝယ်ယူတပ်ဆင်ပြီး ကုသပေးခြင်းဖြင့်သာ လည်ပတ်နေရကြောင်း
သင်္ဃန်းကျွန်းစံပြဆေးရုံကြီးမှ ပါမောက္ခဌာနမှူးတစ်ဦးက ပြောသည်။
ရန်ကုန်ပြည်သူ့ဆေးရုံသစ်ကြီးတွင် ၂၀၁၁ ခုနှစ် တတိယလေးလပတ်အတွင်း
ဓာတ်မှန်၊ ဓာတ်ခွဲခန်းနှင့် အခန်းခတို့မှ ရရှိငွေ၏ ထက်ဝက် ၁၃၂ သိန်း
နိုင်ငံတော်သို့ ပြန်လည်သွင်းခဲ့ပြီး ငွေကြေးမတတ်နိုင်သဖြင့် အခမဲ့စမ်းသပ်၊
ဓာတ်ခွဲ၊ ဓာတ်မှန်နှင့် ဆေးလှူဒါန်းမှု စုစုပေါင်း ၁၈၄ သိန်းတွင်
နိုင်ငံတော်မှ ပါဝင်လှူဒါန်းပွဲ ကျပ်တစ်သိန်းခွဲခန့် ပါဝင်ကြောင်း သိရသည်။
လူနာဆောင် အရေအတွက် များပြားသည့် ဆေးရုံကြီးများတွင် နိုင်ငံတော်သို့
နှစ်စဉ်ပြန်သွင်းရငွေ ကျပ်သိန်းထောင်ချီရှိကြောင်း သိရသည်။
နိုင်ငံတော် ကျန်းမာရေးဘတ်ဂျက် လေးဆတိုးမြှင့် လိုက်သည့်အတွက်
လိုအပ်သည့် စက်ပစ္စည်းများ ၀ယ်ယူရန် ရည်ရွယ်ခဲ့သော်လည်း လက်တွေ့တွင် ယခင်က
နိုင်ငံခြားငွေလဲလှယ်နှုန်း တရားဝင် သတ်မှတ်ငွေ တစ်ဒေါ်လာလျှင်
ခြောက်ကျပ်ဖြင့် လဲလှယ်နိုင်သော်လည်း ယခု ကျပ်ရှစ်ရာကျော်
ဖြစ်သွားသည့်အတွက် အဆ ၁၃၀ ခန့် မြင့်မားသွားခြင်းကို လေးဆကျော်
တိုးမြှင့်လိုက်သည့် ဘတ်ဂျက်က အနောက်ကမလိုက်နိုင်တော့ပေ။
“အဲဒီတော့ ပိုက်ဆံတိုးပေးပေမယ့် သိသာထင်ရှားတဲ့ ပစ္စည်းကိရိယာတွေတော့
မရောက်လာသေးဘူး။ ဒါပေမဲ့ ၀န်ထမ်းတွေ တိုးခန့်လို့ ရနိုင်မယ့်
အလားအလာတွေတော့ ရှိတယ်။ အခုလည်း ဆရာဝန်တွေ အသစ်ခန့်ထားဖို့ စီစဉ်နေပါပြီ”ဟု
ဒေါက်တာကျော်ကျော်ကပြောသည်။
အခြားနိုင်ငံ အသီးသီးတို့တွင် ကျန်းမာရေးဆိုင်ရာ အခမဲ့ကုသခြင်းမျိုး
မရှိသော်လည်း ချမ်းသာသည့် နိုင်ငံအလျောက် ဘတ်ဂျက်ခွဲဝေမှု များပြားခြင်း၊
လစဉ် ကျန်းမာရေးအတွက် စုဆောင်းငွေများ ထားရှိခြင်း၊ အာမခံစနစ်များ
ထားရှိခြင်း စသည်ဖြင့် နိုင်ငံအလိုက် သင့်တော်မည့် နည်းလမ်းများဖြင့်
ပြည်သူများ ကျန်းမာရေးကုသမှု ၀န်ထုပ်ဝန်ပိုး မဖြစ်စေရန် ဆောင်ရွက်ကြသည်။
ပြည်တွင်းတွင်မူ ကျန်းမာရေးအတွက် နိုင်ငံတော်က ငွေကြေးပါဝင်မှု
နည်းပါးခြင်း၊ တစ်ဦးချင်းစီ ၀င်ငွေနှင့် စီးပွားရေးနိမ့်ပါးခြင်း၊
စရိတ်မျှပေးဖြင့် ကုသနိုင်သည့် စက်ပစ္စည်းကိရိယာများ မလုံလောက်ခြင်း
စသည်တို့က ဆေးကုသမှုများအတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်လာသည်။ နီးစပ်ရာ
ဆေးမြီးတိုများဖြင့်သာ ကုသခြင်းတို့ကြောင့် မလိုအပ်သည့်
နောက်ဆက်တွဲရောဂါများ ဖြစ်လာခြင်း၊ မဖြစ်မနေ ဆေးကုသရမည့် အခြေအနေကျမှ
ဆေးရုံရောက်လာကြသည့်အတွက် ကုသချိန် နောက်ကျပြီး မလိုအပ်ဘဲ
အသက်သေဆုံးခြင်းများကို ပြည်သူတို့ ခံစားနေကြရကြောင်း ပညာရှင်များက
သုံးသပ်ပြောကြားသည်။
အလိုအပ်ဆုံး အရာသည်ကား ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသူများနှင့်
ခံယူနေကြသူများပါ အပြုအမူများ၊ အပြောအဆိုနှင့် စိတ်သဘောထားများအား
ပြုပြင်ပြောင်းလဲရန်ဖြစ်ကြောင်း ဒေါက်တာကျော်ကျော်က ဖြည့်စွက်ပြောကြားသည်။