Thursday, August 27, 2015

တက္ကသိုလ်ဝင်ခွင့်လျှောက်ထားမည့်သူများအနေဖြင့် ဦးစားပေးတက္ကသိုလ်ကို ရွေးချယ်ရာတွင် ပထမဦးစားပေးနှင့်အတူ ဒုတိယဦးစားပေးတက္ကသိုလ်ကိုလည်း ရွေးချယ်လျှောက်ထားရန်လိုအပ်

Posted by drmyochit Thursday, August 27, 2015, under | No comments

တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာပုံစံဖြည့်သွင်းနေ သည့် ကျောင်းသား များအား တွေ့ရစဉ်။

ရန်ကုန်၊ ဩဂုတ် ၂၆-တက္ကသိုလ်ဝင် ခွင့်လျှောက်ထားရာတွင် ကျောင်း သား၊ ကျောင်းသူများအနေဖြင့် ပထမ ဦးစားပေးတက္ကသိုလ်ကို ရွေး ချယ် လျှောက်ထားခြင်းအပြင် ဒုတိယ ဦးစားပေးတက္ကသိုလ်ကိုလည်း ရွေး ချယ်လျှောက်ထားရန် လိုအပ်ကြောင်း သိရသည်။

ယင်းကဲ့သို့လိုအပ်ရခြင်းမှာ အ ချို့ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့ရရှိခဲ့သော ရမှတ်များနှင့် ဝင် ခွင့်ရနိုင်မည့်တက္ကသိုလ်နှင့် ဒုတိယ ဦးစား၊ တတိယဦးစားပေး စသည် တို့ဖြင့် တက္ကသိုလ်ဝင်ခွင့်လျှောက် လွှာတွင် ရေးသားဖြည့်စွက်ကြသော်လည်း အချို့ကျောင်းသား၊ ကျောင်း သူများမှာ ဦးစားပေးတက္ကသိုလ်ကို သာ ရေးသားဖြည့်စွက်မှုများရှိသည့် အတွက် ယင်းတို့သည် အသက်မွေး ဝမ်းကျောင်းတက္ကသိုလ်ဝင်ခွင့်ရရှိနိုင် သည့်အမှတ်ဖြစ်နေသော်လည်း ဒုတိ ယဦးစားပေးမပါဝင်သည့်အတွက် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များသို့ ရောက်ရှိသွားနိုင်သည့်အတွက်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။

''ဖြည့်ရမယ့်အကွက်မှာ ၁၀ ကွက်တောင်ပေးထားပါတယ်။ ဒါ ကြောင့် ၁၀ ကွက်လုံးဖြည့်စေချင် တယ်။ ကိုယ်လျှောက်တာမရဘူးဆို ရင် ဒုတိယဦးစားပေးတက္ကသိုလ်ကို ရောက်မယ့်အခွင့်အလမ်းရှိတယ်။ ဒါ မှမဟုတ်ဘဲ တစ်ခုတည်းဖြည့်လိုက်မယ်ဆိုရင် သူရထားတဲ့အမှတ် က ဆေးတက္ကသိုလ်၊ နည်းပညာတက္က သိုလ်တွေကို ဝင်ခွင့်ရနိုင်လောက်တဲ့ အမှတ်မျိုးတွေဆိုရင် အရမ်းနစ်နာ ပါတယ်။ ဝင်ခွင့်ရွေးချယ်ရေးအဖွဲ့က ဒုတိယဦးစားပေးမပါရင် အမှတ်ဘယ် လောက်ကောင်းကောင်း သင့်တော် ရာတက္ကသိုလ်ကို ချပေးမှာဖြစ်ပါ တယ်''ဟု အဆင့်မြင့်ပညာဦးစီးဌာ နမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၁၅-၂၀၁၆ ပညာသင်နှစ် အတွက် တက္ကသိုလ်ဝင်ခွင့်လျှောက် လွှာများကို ယခုလ ၁၉ ရက်မှစတင် ပြီး ကမာရွတ်မြို့နယ်၊ ရန်ကုန်ပညာ ရေးတက္ကသိုလ် အားကစားခန်းမတွင် ရုံးခန်းဖွင့်လှစ်ပြီး စက်တင်ဘာ ၅ ရက်အထိ လက်ခံပေးနေပြီဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများအနေ ဖြင့် သတ်မှတ်ရက်ထက်နောက်မကျ ဘဲ လျှောက်ထားသွားရမည်ဖြစ် ကြောင်း သိရသည်။

''သတ်မှတ်ရက် ၅ ရက်နေ့ထက် နောက်မကျဘဲ လာရောက်လျှောက် လွှာတင်သွင်းကြပါ။ သွားလာရေးအ ခက်အခဲကြောင့် နောက်ကျသွားရင် အသနားခံစာတင်ရမှာပါ''ဟု ယင်း က ဆက်လက်ပြောသည်။

ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သော ဒေသများရှိ တက္ကသိုလ်ဝင်ခွင့်လျှောက် ထားရန် နောက်ကျသူများအား ယင်း တို့လျှောက်ထားမည့်တက္ကသိုလ်၏ ဝင်ခွင့်သတ်မှတ်ရက်အထိ လက်ခံ ပေးသွားမည်ဖြစ်ကြောင်း ဝင်ခွင့်သတ် မှတ်ချက်များနှင့်ကိုက်ညီသူများ တက် ရောက်ခွင့်ရရှိစေရန် စိစစ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာနမှသိရသည်။

ATK
‪‎Democracytoday‬
Photo: မင်းမင်း။

ရေဘေးထောက်ပံ့မှု အခြေအနေ အစိုးရအဖွဲ့ထုတ်ပြန်

Posted by drmyochit Thursday, August 27, 2015, under | No comments


ပြီးခဲ့သည့် ရေဘေးတွင် အိမ်ထောင်စု ၄၁၉၂၆၆ စုမှ လူဦးရေ ၁၆၂၉၂၅၄ဦး ရေဘေးသင့်ခဲ့ပြီး ၁၂၀ သေဆုံးခဲ့ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ဆန်ရိက္ခာတန်ဖိုးငွေကျပ် ၁၀၅၆၈၃၁၅၀၊ အရေးပေါ်အစားအစာ တန်ဖိုးငွေကျပ် ၁၅၂၄၄၂၃၀၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် ၂၂၁၁၉၀၀၀၀၊ ကယ်ဆယ်ရေး ပစ္စည်းတန်ဖိုးငွေကျပ် ၃၃၃၁၁၇၂၉၀နှင့် သေဆုံးမှုထောက်
ပံ့ကြေးငွေကျပ် ၁၀၆၀၀၀၀၀ စုစုပေါင်းတန်ဖိုးငွေကျပ် ၆၈၅၈၃၄၆၇၀ကို ပံ့ပိုးထောက်ပံ့ခဲ့ကြောင်း အစိုးရက ယနေ့ သတင်းထုတ်ပြန်သည်။ြ မန်မာနိုင်ငံတ၀န်း ဇွန် ၂၄ ရက်မှ ၂၈ ရက်အထိ တိုင်းဒေသကြီးသုံးခုနှင့်  ပြည်နယ်နှစ်ခုတွင် လည်းကောင်း၊ ဇူလိုင် ၁၆ ရက်မှ သြဂုတ်၂၆ ရက်အထိ တိုင်းဒေသကြီးခြောက်ခုနှင့် ပြည်နယ်ခြောက်ခုတို့တွင်လည်းကောင်း သဘာဝဘေး အန္တရာယ်များဖြစ်ပွားခဲ့ရာ စစ်ကိုင်းတိုင်း၊  မကွေးတိုင်း ဒေသကြီး၊ ချင်းနှင့် ရခိုင်ပြည်နယ်တို့သည် သဘာဝဘေးအန္တ ရာယ်အဆိုးရွားဆုံးခံစားရသည့် ဒေသများဖြစ်သည်ဟု အစိုးရက ထုတ်ပြန်ထား သည်။

ဧရာဝတီ

Monday, June 01, 2015

ဘယ်သူသေသေ ငတေမာရင်ပြီးရော သန်းထွဋ်အောင်

Posted by Unknown Monday, June 01, 2015, under | No comments



မီဒီယာလောကတွင် မီဒီယာသမားချင်းလည်းဗိုလ်ကျလွှမ်းမိုး၊ ဌာနဆိုင်ရာဆိုလည်း အမြင်ဆိုးနဲ့ဘဲကြည့်၊ သွားဆက်ဆံ မိသူ မည်သူနှင့်မဆို အဆင်မပြေမှုများလွန်းသဖြင့် ဆူးလှည်းကြီး ဟုသတင်းကြီးသော Media ကို ပြပါ ဆိုလျှင် Eleven Media Group ကို လက်ညှိုးထိုး ပြရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ နံပါတ် (၁) မီဒီယာ ဟု ၄င်းတို့ဘာသာ အဆင့်ပေးထားပြီး  ကိုယ့်ဂျာနယ် တိုက်မှလူကို အောက်ထပ်မှ အပေါ်ထပ်သို့ တက်မေးကာ သတင်းစာ၊ ဂျာနယ်များတွင် တခမ်းတနား ဖော်ပြသော ပုဂ္ဂိုလ်တို့စုဝေးရာ ဖြစ်သည်။ ၄င်းတို့အား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက် ဖြစ်စေ ရေးသား ဖော်ပြသော ဂျာနယ်များနှင့် မီဒီယာသမားများအား တရားစွဲဆိုရာတွင် နာမည် ကြီးသလို ငါပြောချင်ရာပြောမယ်၊ ရေးချင်ရာရေးမယ်၊ ငါ့ကိုတော့ လာမထိနဲ့၊ မဝေဖန်နဲ့ဆိုသည့် သန်းထွဋ်အောင် ဦးဆောင်သော Eleven Media Group အပြောနှင့် အလုပ်ညီခဲ့ပါသလား။ မီဒီယာကျင့်ဝတ်ကို ဘယ်လိုကိုင်တွယ်ခဲ့သလဲ၊ သူရေးခဲ့သော သမိုင်းကိုကြည့်ကြရအောင်ပါ။

 ၂၀၁၁ ခုဇန်န၀ါရီလ (၁၃) ရက်နေ့မှာဖွဲ့စည်းခဲ့တဲ့ CPC ကစပြီး ပြောရပါမယ်။ CPC ဆိုတာကတော့ Committee for Professional Conduct ဖြစ်ပြီး   မြန်မာဘာသာအားဖြင့် ဂျာနယ် ကိုယ်စားပြု ကော်မတီလို့ ခေါ်ပါတယ်။ CPC ကိုစတင်ဖွဲ့စည်းမယ်လုပ်တော့ သတင်းစာ လောကက ၀ါရင့်စာနယ်ဇင်းသမားတွေ၊ တတ်သိပညာရှင်တွေပါပါတယ်။    ပြည်တွင်းဂျာနယ် ၁၆၆ စောင်ကို ကိုယ်စားပြုမည့် ကိုယ်စားလှယ် ၁၅ ဦးကို မဲပေးရွေးချယ်ခဲ့ကြတာပါ။ ဒီနေရာမှာ ဘာဖြစ်လာလဲဆိုတော့ ကိုယ်စားလှယ်တွေရွေးကောက်ပြီး နောက်တစ်နေ့မှာပဲ  Eleven Media Group က CPC ကို အချက် (၆) ချက်တင်ပြတောင်းဆိုပြီး ကော်မတီဝင်တွေဟာ ဒီ စံနှုန်းတွေနဲ့ မကိုက်ညီဘူးလို့ အကြောင်းပြပြီး အဖွဲ့ကနေနှုတ်ထွက်သွားးပါတယ် ။ Eleven ကတောင်းဆိုတဲ့ အချက် (၆) ချက်ပါတဲ့-
အဖွဲ့ဝင်တိုင်းဟာ..
၁။       စာနယ်ဇင်းကျင့်ဝတ်ကို နားလည်ပြီး ၎င်းကျင့်ဝတ်ကို အမှန်တကယ် လိုက်နာကျင့်သုံးခဲ့သော
သမိုင်းကြောင်းရှိသူ ဖြစ်ရမည်။
၂။       ဂုဏ်သိက္ခာပိုင်းဆိုင်ရာ နာမည်ပျက်မရှိသူ၊ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ဂုဏ်သတင်း ရှိသူ ဖြစ်ရမည်။ ငွေကြေး အရှုပ်အရှင်း ကင်းသူဖြစ်ရမည်။
၃။       မိမိအလုပ်ပေါ် မိမိ မြတ်နိုးမှုရှိပြီး မိမိတို့ စာနယ်ဇင်း လောကသားများအပေါ် ကာကွယ်လိုစိတ် ရှိရမည်။
၎။       ညှိနှိုင်းမှုများ လုပ်ဆောင်ရာတွင် သဘောထား ပျော့ပျောင်းမှုများ ရှိသူဖြစ်ပြီး စာနယ်ဇင်းတို့၏ ရပိုင်ခွင့်၊ ကျင့်ဝတ် (Principle)ပေါ်၌ နားလည်ကာ အခိုင်အမာ ရပ်တည်နိုင်သူ ဖြစ်ရမည်။
၅။       ပုဂ္ဂိုလ်ရေးကို ရှေ့တန်းတင်၍ အုပ်စုဖွဲ့၊ ဂိုဏ်းဂဏဖွဲ့သူ မဖြစ်စေရ။
၆။       အစိုးရ၊ နိုင်ငံရေးပါတီများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ သံရုံး၊ NGOs မှ အမှီအခိုကင်းပြီး Sponsor အထောက်အပံ့ကို သွယ်ဝိုက် (သို့) တိုက်ရိုက်ရယူသူ မဖြစ်ရ… ဆိုတဲ့အချက်တွေ ဖြစ်ပါတယ်။
ဒါဟာ လွန်ခဲ့တဲ့လေးနှစ်ကျော်က Eleven Media Group က ပြောခဲ့တဲ့ အချက်တွေပါ။ လေးနှစ် ကျော်ကြာပြီးနောက် သန်းထွဋ်အောင် အပြောနှင့်အလုပ်ညီခဲ့သလား  ကြည့်ကြရအောင်။

စာနယ်ဇင်းလောကသားများအပေါ် ကာကွယ်လိုစိတ် ရှိရမည်လို့ ကြွေးကြော်ပြီး စာနယ်ဇင်းသမားများစွာကို တရားစွဲခဲ့တယ်။ လက်ရှိမှာလည်း ဆရာပိုက်တင်အပါ အခြား သတင်းသမားများစွာကို တရားစွဲထား တုန်းပဲ။ သတင်းသမားတွေရဲ့ အကျင့်သိက္ခာ ထိပါးစေမယ့် စကားလုံးတွေသုံးပြီး ၄င်းတို့ ဂျာနယ်မှာ ဖော်ပြခဲ့တယ်။

ပုဂ္ဂိုလ်ရေးကို ရှေ့တန်းတင်၍ အုပ်စုဖွဲ့၊ ဂိုဏ်းဂဏဖွဲ့သူ မဖြစ်စေရဆိုပြီး ၄င်းတို့မထင်လျှင်မထင်သလို ထိုးနှက်တိုက်ခိုက်ခဲ့တယ်၊ ခြိမ်းခြောက်ခဲ့တယ်၊ စီးပွားရေးလုပ်ငန်းတွေမှာ ၀င်ရောက်လုပ်ကိုင်ပြီး ၄င်းတို့လိုချင်တဲ့ မူဝါဒတွေရရှိအောင် ပြည်သူနဲ့လှည့်တိုက်ပေးပြီး ကိုယ်ကျိုးစီးပွားရှာခဲ့တယ်။ တပ်မတော်နဲ့ လက်နက်ကိုင်သောင်းကျန်းသူတွေကြား ဖြစ်ခဲ့တဲ့ စစ်ပွဲတွေမှာလည်း အများပြည်သူ ထင်ယောင် ထင်မှား  ဖြစ်အောင် ပုံဖော်ရေးသားခဲ့တယ်။

တခါ လုပ်ပိုင်ခွင့်တွေနဲ့ပါတ်သက်ပြီးတော့လည်း  မလိုရင်မလိုသလို အမျိုးမျိုးရေးသား တိုက်ခိုက် တယ်၊ ဥပမာ- ရွှေသံလွင်၊  ရွှေသံလွင်ကို သန်းထွဋ်အောင် တိုက်ခိုက်ရခြင်းကတော့ တီဗွီ သတင်းလုပ်ပိုင်ခွင့်နဲ့ စီးပွားရှာဖို့ အစိုးရကိုချဉ်းကပ်ရာမှာ ရွှေသံလွှင်ဦးကျော်ဝင်းရဲ့ Sky Net ကို ကျော်မရလို့ တိုက်ခိုက် ရန်ပြု ရေးသားထားတာတွေပါ။ အဲဒီမှာ ရွှေသံလွင်နဲ့ ဆက်စပ်ပြီး NLD ပါတီနဲ့ ၈၈ မျိုးဆက်ကိုပါ တိုက်ခိုက်ရေးသားခဲ့တယ်။ 

အဲဒီလို NLD၊ ရှစ်ပူး စတဲ့ ဒီမိုကရေစီအင်အားစုတွေကို တိုက်ခိုက်ရေးသားတဲ့ တစ်ပူးဟာ စာနယ်ဇင်း လောကမှာ အထူးအခွင့်အရေးယူပြီး သြဇာထူထောင်ကာ စာနယ်ဇင်းကို စီးပွားရေးနယ်ပယ်မှာ စစ်လက်နက်ပစ္စည်းသဖွယ် အသုံးပြု လုပ်ဆောင်လာတာလို့ ပြောရပါလိမ့်မယ်။
ထောက်လှမ်းရေး ခရိုနီကြီး သန်းထွဋ်အောင်ဟာ ဘောလုံးလောင်းကစားနဲ့ အဓိက စီးပွားရှာသူဖြစ်ပြီး စာနယ်ဇင်းလောကမှာ မြစ်ဆုံလိုကိစ္စတွေကို တင်ပြပြီး သြဇာထူထောင်ခဲ့တာတွေ လုပ်ခဲ့ပါ တယ်။ နောက်ပြီး Eleven ဂျာနယ်တိုက်ရဲ့ နှစ်ပါတ်လည်နေ့တွေမှာ သူ့ကိုယ်သူ သမ္မတလိုလို ဘာလိုလို ဂိုက်ဖမ်းပြီး ကြီးကြီးကျယ်ကျယ် မိန့်ခွန်းတွေပြော၊ ၄င်းတို့ဂျာနယ်မှာ အခန်းဆက်အနေနဲ့ စာမျက်နှာပြည့် ဖော်ပြပြီး ဆရာကြီးအထာနဲ့လုပ်၊ သမ္မတပုံစံဖမ်းပြီး လုပ်နေလို့ သူ့နောက်မှာ နောက်လိုက်တွေ ရှိလားဆိုတော့လည်း မရှိ၊ ကိုယ့်တိုက်က ဂျာနယ်လစ်ကို အင်တာဗျူးခိုင်းပြီး ကိုယ့်ဂျာနယ်မှာကိုယ် Eleven Media Group ၏ CEO ကပြောတယ်ဆိုပြီး ပြန်ထည့်တဲ့အတွက် ကမ္ဘာမှာ ဘယ်မှာမှ မရှိ သေးသော ဂျာနယ်ဆိုပြီး စာနယ်ဇင်းသမားများရဲ့ မေးငေါ့လှောင်ပြောင်ခြင်း ကိုလည်း ခံရတဲ့ ဂျာနယ် ပါတဲ့ဗျာ။

တကယ်တော့ တစ်ပူး ( အလဲဗင်း ဂျာနယ်နဲ့ သတင်းစာ) ဆိုတာ လေတပ်ထောက်လှမ်းရေး ခရိုနီ စာနယ်ဇင်းလို့ ပြောရမှာပါ။ တစ်ပူးရဲ့ အရှင်သခင်ကြီးအဖြစ် လုပ်နေတဲ့ သန်းထွဋ်အောင် ဆိုသူ၊ သူ့ဘဝနောက်ကြောင်းကို နည်းနည်း ဖောက်သည်ချပြရပါတော့မယ်။ သန်းထွဋ်အောင် ဆိုတာ ရှစ်လေးလုံးကာလမှာ မန္တလေးဘက်မှာ ပါဝင်ခဲ့သူဖြစ်ပြီး နောက်ပိုင်း NLD ပါတီဝင်ဖြစ်ခဲ့သူပါ။
NLD တွေအတွက် ခေတ်မကောင်းတော့တဲ့ကာလ၊ အန္တရာယ်ရှိကာလတွေကို ရောက်တော့ တချိန်က လေတပ်ထောက်လှမ်းရေးတွေနဲ့ပေါင်းပြီး ထောက်လှမ်းရေးခရိုနီ အလဲဗင်းကို စတင် တည်ထောင် ခဲ့ပါတော့တယ်။

အလဲဗင်းစတင်တည်ထောင်ချိန်မှာ စာပေကင်ပေတိုင်က စူပါဗိုလ်မှူးလေးကို ကား၊ အိမ်တွေ လာဘ်ထိုး စပွန်ဆာပေးပြီး သူများစာနယ်ဇင်းတွေထက် အခွင့်အရေးပိုယူကာ စာနယ်ဇင်း အခွင့်ထူးခံ လုပ်ဆောင်ခဲ့ကြတာပါ။
နောက်ထပ်ပြောရရင် အလဲဗင်း စာနယ်ဇင်းကို စတင်တည်ထောင်ခဲ့သူ တစ်ဦးဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဇော်သက်ထွေးကို ထောင်ချခဲ့တာလည်း သန်းထွဋ်အောင်ပဲဆိုတာ အတွင်းသိတွေက သိနေပြီးသားပါ။ ကွယ်လွန်သူ သတင်းစာဆရာ မောင်ဝံသဟာ တပါးသူကို အပြစ်ပြောတာ၊ ပြင်းထန်တဲ့ မှတ်ချက်ပေးတာမျိုး မလုပ်ခဲ့ဘူးပါဘူး။ ဒါပေမယ့် သန်းထွဋ်အောင် နဲ့ပတ်သက်ပြီး ပြောဆိုဘူးတာကတော့ သူ့ကို ခေတ်သစ် ဂဠုန်ဦးစော လို့တောင် မှတ်ချက်ပေး ပြောဆိုခဲ့ဖူးပါတယ်။
 အခုနောက်ဆုံးမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ကြည့် ရမယ်လို့ ပြောကြားခဲ့တဲ့ သန်းထွဋ်အောင်ရဲ့ ပြောဆိုချက်တွေ လူမှုကွန်ယက် စာမျက်နှာမှာ ထွက်ပေါ် လာခဲ့တဲ့အတွက် သူ လက်သပ် မွေးထားတဲ့ နေထွန်းနိုင်တို့ fb acc တွေကနေ ၈၈ တွေကို Personal Attack တွေ လုပ်ခိုင်းခဲ့တယ်။ 

မီဒီယာဟာ ပြည်သူ့အတွက်၊ ပြည်သူကိုသတင်းမှန်ပေးရမည်ဆိုပြီး လက်ရှိမှာတော့ အာဏာရှင် မီဒီယာပုံစံဖြစ်နေပြီး CPC ဖွဲ့စဉ်က ၄င်းတို့တောင်းဆိုသော အချက် ၆ ချက်နဲ့ မညီဟုဆိုကာ CPC ကနေ နှုတ်ထွက်ခဲ့တဲ့ သန်းထွဋ်အောင်ရဲ့ Eleven Media Groupဟာ အပြောနှင့်အလုပ်ညီခဲ့ ပါသလား ဆိုတာကတော့ အထူးတလည် မေးစရာကိုမလိုတော့ပါဘူး။ 

တကယ်တော့ နိုင်ငံကြီးပွားခြင်းရဲ့ အစိတ်အပိုင်းကြီး သုံးခုဖြစ်တဲ့ နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှု (Political Development)၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု (Economic Development)၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု (Social Development) ဆိုတဲ့ အစိတ်အပိုင်းကြီးသုံးခုလုံး မြင့်မားရေးဟာ သတင်းအချက်အလက် စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးနှင့် တိုက်ရိုက်ဆက်နွယ်နေတဲ့အတွက် ဂျာနယ်တိုက်များအနေဖြင့် Eleven Media Group ကဲ့သို့ အပြောနှင့်အလုပ်မညီတဲ့ လုပ်ဆောင်မှုများ၊ ပုဂ္ဂိုလ်ရေးထိုးနှက် တိုက်ခိုက်မှုများကို ရှောင်ရှားမှသာ ၄င်းတို့တဖွဖွပြောဆိုနေသည့် ဒီမိုကရေစီစနစ်အား အောင်မြင်စွာ ကျင့်သုံးသွားနိုင်မှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ 

ဆက်လက်ပြီး အမေစု ဦးဆောင်တဲ့ NLD ပါတီရဲ့ အကွဲအပြဲတွေ၊ ပါတီတွင်းကိစ္စရပ်တွေကို သန်းထွဋ်အောင် ဘယ်လိုစုံစမ်းခိုင်းခဲ့သလဲ၊ ၈၈ ငြိမ်းပွင့်က ကိုကိုကြီးတို့ ဂျင်မီတို့ရဲ့ ငွေကြေးသုံးစွဲမှု တွေ၊ ဦးရွှေမန်းနဲ့ပါတ်သက်မှုတွေကို ဘယ်လိုစုံစမ်းခိုင်းခဲ့သလဲ၊ ကားလောက ဈေးနှုန်းများ အတက် အကျဖြစ်ပေါ်ပြီး ၄င်း၏ဇနီး ဖွင့်လှစ်ထားသော ကား Show Room များ အမြတ်များများ ကျန်စေရန် အတွက် မည်သို့မည်ပုံလုပ်ဆောင်ခဲ့သလဲဆိုတာတွေကိုအပိုင်း(၂)မှာရေးသား ဖော်ပြသွားပါမယ်။
 စောင့်မျှော်ဖတ်ရှုကြပါကုန်။

 

Friday, March 13, 2015

၇ ပတ် သားအရွယ်ကလေးက တကယ်ပဲ "ဟဲလို" လို့ ပြောခဲ့လေသလား

Posted by drmyochit Friday, March 13, 2015, under | No comments


ကလေးတွေဟာ သာမန်အားဖြင့် သူတို့ရဲ့ ပထမမွေးနေ့ပွဲ ကျင်းပတဲ့အချိန်ထိ စကားမပြောတတ်ကြပါဘူး။ ဒါပေမဲ့ မြောက်အိုင်ယာလန်ပြည်နယ် မိခင်တစ်ဦးမှ ၇ ပတ် အရွယ်ရှိ သူမရဲ့သားလေး စကားပြောပုံကို ဗွီဒီယို ရိုက်ကူးထားခဲ့ ပါတယ်။ ကျမရဲ့ ၇ ပတ်အရွယ်သားလေး "ဟဲလို" ပြောဆိုသံလေးကို မျှဝေလိုက်ပါတယ်လို့ မိခင်ဖြစ်သူ Toni McCann မှ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဂုဏ်ယူဝင့်ကြွားစွာ ရေးသားဖော်ပြခဲ့ပါတယ်။
Cillian အမည်ရှိ ကလေးငယ် လေးရဲ့ ဗွီဒီယိုကို မိခင်ဖြစ်သူ-သူမက တင်ခဲ့ပြီး ၄င်းသတင်းစကားဟာ ဗိုင်းရပ်စ်လို ချက်ချင်းပျံနှံသွားခဲ့ပါတယ်။ တစ်ချက်နှိပ်လိုက်ရုံနဲ့ သူမမှ "ဟဲလို" ပြောလိုက်တိုင်း Cillian မှ ထပ်ကာတလဲလဲ တုန့်ပြန်ပြောဆိုသံသည် တကယ့်ကြည်လင်ပြတ်သားသော နှတ်ခွန်းဆက်သခြင်းလို သင်ကြားနိုင်မှာပါ။
ဖေ့ဘွတ်ခ်ပေါ်မှ ဝေဖန်ပြောဆိုသံ တွေမှာ "ဘုရားရေ" "အံ့သြစရာ" "ဒီဗွီဒီယိုလေးကြည့်ရတာ ရပ်တန့်မရဘူး" "အရမ်းရှင်းလင်းပြတ်သားတယ်" "မယုံနိုင်စရာ" စသည် စသည်ဖြင့် ဗြောင်းဆန်နေပါတယ်။ တုန့်ပြန်ပြောဆိုမှုကြောင့် သူမသည်းထိတ်လွမ်းမိုးခံခဲ့ရ တယ်လို့ မိခင်ဖြစ်သူ McCann မှ ပြောကြားခဲ့ပါတယ်။ "ရူးသွပ်တာ" လို့ လူတိုင်းဆီမှ ကျမကြားခဲ့ရတယ်လို့ The Belfast Telegraph ကို သူမက ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဒီအခိုက်အတန့်လေးကို ဗွီဒီယိုရိုက်ကတည်းက ချစ်စရာသားလေး Cillian အဲဒီစကားကို ထပ်မပြောတော့ပါဘူး။
သူကြိုးစားပြောခဲ့သည်ဟု ပြောလိုက်ကတည်းက ဘာဆိုဘာမှ မပြောတော့ဘူးဟု McCann က သတင်းမှာ ပြောကြားခဲ့ပါတယ်။ ကလေးဟာ သူရဲ့လျှာလေးကို လုပ်ရှားလိုက်တဲ့အချိန်မှာ သူတစ်ခုခုကို ပြောချင်နေတယ် ဆိုတာကို သိရမှာပါ။ ကလေးတွေဟာ သူတို့ရဲ့ပါးစပ်၊ လျှာတွေနဲ့ အသံပေါင်းများစွာ ထွက်ဆိုတတ်ကြပြီး ဒါဟာ တကယ့်ဘာသာစကားကို ပြောဆိုဖို့ ပထမခြေလှမ်းဖြစ်တယ်လို့ ဆိုကြပါတယ်။
ဗွီဒီယိုပါ Cillian ထက် တစ်လကြီးတဲ့ ၃ လသားအရွယ် ကလေးအကြောင်းကို WebMD မှာ ရှင်းပြထားပြီး ကလေးအများစုဟာ သီချင်းဆိုသံလို အသံမျိုးကိုပြုလုပ်နိုင်ကာ သူတို့ရဲ့မိခင်အသံကိုလည်း မကြာမကြာ တုန့်ပြန်တတ်ကြတယ်။ ၆ လသားအရွယ်မှာ "ဒါ-ဒါ" လို အသံမျိုးကို ရေရွတ်တတ်သော်လည်း အဲဒီအသက်အရွယ်မှာ သူတို့ ဘာကို ရေရွတ်နေတယ်ဆိုတာကို သူတို့မသိကြပါဟု ကျွှမ်းကျင်သူတွေက ဆိုကြပါတယ်။ နောက်ဆုံး ကလေးတွေဟာ ၁၂ လ သားအရွယ်ရောက်မှသာလျှင် အမေ၊အဖေကို ခေါ်သောစကား "မားမား" "ဒါဒါ" စသဖြင့် သူတို့ရဲ့ပထမစကား အစစ်ကို ပြောတတ်ကြပါတယ်။
ချစ်စရာကလေး Cillian တကယ်ပဲ "ဟဲလို" လို့ပြောခဲ့သလား။ ဗွီဒီယို ကြည့်ပြီး ကိုယ်တိုင်အကဲဖြတ်ကြည့်ပါ။


Trend Myanmar

ကင်ဆာရောဂါ ရှာဖွေဖော်ထုတ်နိုင်တဲ့ ခွေး

Posted by drmyochit Friday, March 13, 2015, under | No comments

Frankie လို့ အမည်ပေးထားတဲ့ ခွေးတစ်ကောင်ဟာ ရောဂါအမျိုးအမည်ကို ရှာဖွေမဖော်ထုတ်ရသေးတဲ့ လူမှာရှိတဲ့ သိုင်းရွိုက်အကျိတ်ကင်ဆာရောဂါကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ယင်းဂျာမန်ခွေးကို ကျင်ငယ်ရည်နမူနာနဲ့ သိုင်းရွိုက်ရောဂါ အနံ့ခံတတ်အောင် လေ့ကျင့်ပေးထားပြီး ဘာရောဂါမှ မရှိပါက လှည့်ထွက်သွားစေခဲ့ပါတယ်။

Arkansas တက္ကသိုလ်မှာ လူနာ ၃၄ ဦးစမ်းသပ်ရာမှာ အမှားအယွင်းနှစ်ခုသာရှိပြီး ၈၈% ကို တိကျမှန်ကန်အောင် လေ့ကျင့် သင်ကြားပေးနိုင်ခဲ့ပါတယ်။ တခြားဟာတွေနဲ့ နှိုင်းယှဉ်ရင် သိုင်းရွိုက်အကျိတ်ကင်ဆာက ရှားပါတယ်။ အခုဆိုရင် ရောဂါစစ်ဆေးရတာ ခက်ခဲပြီး သွေးနာမူနာနဲ့ ဟော်မုန်း ဓာတ်ပမာဏ စစ်ဆေးမှု လိုအပ်လေ့ရှိပါတယ်။

လူတွေထက် ၁၀ဆ အနံ့ခံပိုကောင်တဲ့ ခွေးတွေကို သိုင်းရွိုက်အကျိတ်ကင်ဆာနဲ့ အခြားရောဂါ အမျိုးအစားများကို ကုန်ကျစရိတ်သက်စေပြီး မလိုအပ်တဲ့ ခွဲစိတ်ကုသမှုတွေ ရှောင်ရှားကာ စမ်းသပ်ဖော်ထုတ်ဖို့ အသုံးပြုနိုင်မယ်လို့ သုတေတီတွေက မျှော်လင့်လျက်ရှိပါတယ်။


Ref: Metro
Trend Myanmar

ဆေးဖက်ဝင် ရှောက်သီးနှင့် ရှောက်မြစ် အကြောင်း

Posted by drmyochit Friday, March 13, 2015, under | No comments

၁)အုန်းနို့ ခေါက်ဆွဲ၊ ဒံပေါက်၊ မုန့်ဟင်းခါး အ၀ စားမိသည့် အခါတွင် ရှောက်ဖျော် ရည်ကို သောက်ပေးခြင်းဖြင့် သွေး တိုး၊ သွေးတက်၊ အစာမကြေ ခြင်းမှ ပြေပျောက် စေသည်။

(၂)အစာအဟာရ များကို မမှီဝဲချင်ဘဲ လေခံနေခြင်း။ လေများ မကြာခဏ ပျို့အန်ခြင်းနှင့် အစာမကြေခြင်းများ ဖြစ်နေ ပါက ရှောက်သီး တစ်စိတ်ကို နုပ်နုပ်စဉ်းကာ ထန်းလျက် တစ်ဆယ်သား ခန့်ဖြင့် ကျကျကျိုပြီး မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့် သောက်ပေး ရသည်။ ပြီးမနက် တစ်ကြိမ်၊ ညတစ်ကြိမ် လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့် သောက်ပေး ရသည်။ ရင်မရှင်း မလင်း ခြင်းများ၊ အစာမကြေ၊ လေအန် လေဆန် နေခြင်းများ သက်သာ သွားမည်။

(၃)ခန္ဓာကိုယ်ရှိ အကြောများ အခံမရပ် နိုင်အောင် တက်ခြင်း။ အကျိတ်အဖု များထွက်ခြင်း၊ ပြင်းထန်စွာ ထိခိုက်လျက် အတွင်းကြေ ဒဏ်ရာ ရရှိခြင်းများ ဖြစ်ခဲ့လျှင် ရှောက်ရည် တစ်ဆ၊ နနွင်းမှုန့် တစ်ဆ၊ ထုံးတစ်ဆတို့ကို ရောလျက် မနက် ညတစ်ကြိမ်စီ လိမ်းပေးဖြင့် သက်သာ ပျောက်ကင်းသည်။

(၄)မီးယပ် အဆင်းများလျှင် မှူးဝေတက်သည်။ ရှောက်သီးနှင့် ထန်းလျက် ရောကာ ကျွေးပေး ရသည်။

(၅)သွေးတိုး ရောဂါ၇ှင် များအတွက် ရှောက်သီး အလုံးကြီး တစ်လုံး၏ အတွင်းသားများ၊ ထန်းလျက် စိတ်သား ဆားခါး တစ်ဆယ်သား၊ ကွမ်း၇ွက် သတ္တုရည် တစ်ဆယ်သား တို့ကိုစုရော ထောင်းပြီး နေ့တစ်နေ့ လှန်းပေးရသည်။ မနက် ဟင်းစား ဇွန်းတစ်ဇွန်း၊ ညဟင်းစား တစ်ဇွန်း မှန်မှန် သောက်ခြင်းဖြင့် သွေးတိုးရောဂါမှ ပျောက်ကင်း စေပါသည်။

(၆)ရှောက်ခွံများကို ပါးပါးလှီးကာ အခြောက်လှန်း ရသည်။ ခြောက်သွေ့သွားလျှင် မီးတောက် အရက်နှင့် ခုနှစ်ရက်စိမ်ထားရသည်။ လေငန်းကြောင့် ပါး၇ွဲ့၊ ပါးစပ်ရွဲ့၊ လက်ကပ်၊ လက်မြှောက် မရ၊ ခြေတစ်ဖက်ဆွဲ များကို နေ့စဉ် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လိမ်းပေးခြင်းဖြင့် သက်သာ ပျောက်ကင်းသည်။

(၇)သနပ်ခါးကို ပျစ်ပျစ်သွေးပြီး ရှောက်ရည် မပြစ်မကျဲ ညှစ်ထည့်ပါ။ ထိုသနပ်ခါးကို နေ့စဉ်မှန်မှန် လိမ်းပေးခြင်းဖြင့် အသားအရေ ချောမွေ့ပြီး ၀က်ခြံ၊ တင်းတိတ်၊ မှဲ့ခြောက်များ ပျောက်ကင်း စေသည်။

ဆေးဖက်ဝင် ရှောက်မြစ်

(၁)အနာ ပေါက်လာလျှင် ရှောက်ပင်မှ အမြစ်ကို တူးကာ ရေစင်အောင် ဆေးပြီး မကြာခဏ လိမ်းပါ။ နုလျှင်ပိန် ရင့်လျှင်ပေါက် အမြန်ပျောက်သည်။

(၂)အကြာခဏအန်လျှင်ေ၇ှာက်မြစ်သွေး၇ည်နှင့် ပျား၇ည် ရောစပ်ကာ ဟင်းစားဇွန်း တစ်ဇွန်း တိုက်ပေးခြင်းဖြင့် အအန် ရပ်သွားမည်။

(၃) ကလေးများ မကြာခဏ နို့အန်ရောဂါ ဖြစ်နေလျှင် ရှောက်မြစ်ကို သွေးပြီး ၆လသားအတွင်း တစ်ပဲသားအထိ ကော်ဖီဇွန်းဖြင့် တိုက်ကျွေးပါ။

(၄)နှလုံးရောင်၊ လေထိုးလေပွ၊ လက်ပြင် ငုတ်ခြင်းနှင့် နာကျင် ကိုက်ခဲခြင်း တို့အတွက် ရှောက်မြစ် သွေးရည်၊ ပျားရည် ဆတူစပ်၍ ကာဟင်းစားဇွန်း တစ်ဇွန်းစာကို မနက်၊ ညတစ်ကြိမ်စီ သောက်ပါ။

Ref>>မွေးနေ့ဆုမွန်(lapyaelynn)

မျက်နှာကြောလေး တင်းနေရအောင်

Posted by drmyochit Friday, March 13, 2015, under | No comments


အထူးကုတွေက အရေပြား စိုပြေနေစေတဲ့ Moisturizer တွေ အသုံးပြုတာကို ထောက်ခံကြပါတယ် 

ကိုယ့်မျက်နှာကိုယ် မှန်ထဲ သိပ်မကြည့်ဖြစ် ပေမယ့် ကြည့်ဖြစ်တဲ့ အခါတွေမှာ ပါးရေတွန့်တာက တခါထက် တခါ ပိုပိုလာသလို ခံစားရတယ်။ ဘာကြောင့်များ ပါလိမ့်။ သြော် လူဆိုတာကလည်း ကိုယ့်အသက်အရွယ်ကို မေ့နေတတ် တာကလား။ ဒါမှမဟုတ် မေ့အောင် ကြိုးစားနေတာလည်း ပါမှာပေါ့။
ကိုယ်က အသက်အစိတ်လောက်ပဲ ကိုယ့်ဖာသာ ယူဆထားပြီး အဲဒီ အရွယ်တွေနဲ့ပေါင်း၊ ဟေးလားဝါးလား လုပ်ပေနေပေမယ့် သူတို့က ဦးလေး၊ ဘဘ၊ ဒယ်ဒီ ခေါ်ပြီး အတူ ပျော်ကြတော့မှ အခြေအနေ မကောင်းဘူး လို့  ကိုယ့်စိတ်က ကိုယ့်ကိုယ်ကို ဆုံးမရပေသကိုး။
ဒါပေမယ့် မျက်နှာပေါ်က တွန့်ခေါက်တောင်တန်းတွေက အသက်အရွယ် တခုတည်းကြောင့် မဟုတ်သလို မရင့်ရော်အောင် ထိန်းလို့ ရတဲ့ နည်းနာလေးတွေလည်း ရှိနေပါကလား ဆိုတာ ကိုယ်လို ဇရာစိတ်ကျတွေ အတွက် ပြောပြချင်လာပြန်ပါရော။
အရေပြားစိုပြေနေပါစေ
အရေပြား အထူးကုတွေကတော့ အရေပြား စိုပြေနေစေတဲ့ Moisturizer တွေ အသုံးပြုတာကို အထူး ထောက်ခံကြ ပါတယ်။ အသားအရေ နုပျိုစေတဲ့ နည်းလမ်းလို့ ဆိုကြပါတယ်။ အရေပြား သွေ့ခြောက်မှု နည်းလေ အရေးအကြောင်း တွေ ဖြစ်တာ နည်းလေမို့ ပါ။ ပါးရေတွန့်တာတွေ မဖြစ်ဖို့ အာမခံတဲ့ ပစ္စည်း အားလုံးမှာ အဓိက ပါဝင်နေတာကလည်း အဲဒီ moisturizer တွေ ပါပဲ။
နေထိလေ ပါးရေတွန့်လေ
အရေပြားတွေ တွန့်စေတဲ့၊ အရေးအကြောင်းတွေ ဖြစ်စေတဲ့ အကြောင်းရင်းကို ရှာဖွေတော့ နေရောင်ခြည် တိုက်ရိုက် ထိတွေ့တာက တရားခံ ဖြစ်နေပါတယ်။ နေရောင် အချိန်ကြာ တိုက်ရိုက်ထိတွေ့တာက ခရမ်းလွန် ရောင်ခြည်တွေ သင့်ပြီး အလင်းကြောင့် အိုစာတဲ့ photo-aging ဖြစ်စေပါ သတဲ့။
အဲဒီကနေ ပါးရေတွန့်တာ သာမက တခြား အရေပြား အတွက် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်စေပါတယ်။ နေရောင်ခြည် တိုက်ရိုက်မထိအောင် ကာကွယ်တာ တွေက ပါးရေတွန့်တာ၊ အရေးအကြောင်း ဖြစ်တာ တွေ ကို ကာကွယ်တာပါပဲ။ sunscreen တွေ လိမ်းတာကလည်း ခရမ်းလွန် ရောင်ခြည် အတွက် ထိရောက်တဲ့ ကာကွယ်ဆေးပါပဲ။ SPF 30 ကျော်တာတွေဆို ပိုကောင်းပါတယ်။ လက်လှမ်း မမီရင်လည်း မြန်မာပီပီ သနပ် ခါးပဲ လိမ်းကြတာပေါ့။
နေရောင်ခြည် ကာကွယ်တာက ရင့်ရော်မှုရော အရေပြား ကင်ဆာကိုပါ ကာကွယ်ရာ ရောက်လို့ ပါ။ နေရောင်ခြည် နည်းနည်းလေး ထိတာကကိုပဲ အရေပြားကို ရင့်ရော်စေ၊ ကင်ဆာဖြစ်နိုင်ခြေကို ပိုစေပါတယ်။
ကားမောင်းနေချိန် လိုမျိုးနဲ့၊ အိမ်ထဲမှာ ပြတင်းပေါက်နား နေချိန်မျိုး အထိ ခရမ်းလွန်ရောင်ခြည်က သာမန်မှန် တွေကို ထွင်းဖောက်သက်ရောက်စေတတ်တာမျိုးပါ။ အဲဒါကြောင့် နေ့ဘက်တွေမှာ အသားအရေကို နေ ရောင် ကာကွယ်တာ တခုခု စီမံထားတာ အကောင်းဆုံးပါ။
ပြုံးရခက်ခက်
တက်ကျမ်းတွေ၊ စိတ်ပြေလျော့နည်းတွေမှာ အပြုံးက ထိပ်ဆုံးက ပါ။ ဒါပေမယ့် လောကသဘာဝ အကောင်း အဆိုး ဒွန်တွဲနေလေတော့ မျက်မှောင်ကြုံ့တာလို၊ မဲ့ရွဲ့တာလို မျက်နှာအမူအရာ ပြတဲ့ လှုပ်ရှားမှုတွေနဲ့ ထပ် တူ အရေးအစင်း တွေ ဖြစ်ပေါ်ပြီး ပါးရေတွန့်တာတွေ ဖြစ်လာစေပါတယ်။ အသက်ကလေး ရလာလို့ အရေပြားရဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်း တွေ လျော့ကျလာလေ အရေးအကြောင်းတွေက ထင်ရှားလာလေပေါ့။
တစ်ခုတော့ အဖြေရှိပါတယ်။ မျက်နှာ ကြွက် သားတွေ ကြံ့ခိုင်အောင်လုပ်တဲ့ လေ့ကျင့်ခန်းလေးတွေ လုပ်ပေး ရင်တော့ အဲဒီ ပါးရေတွန့်တာကို ပြေလျော့စေတယ် လို့ ဆိုပါတယ်။
အရေပြားနုပျိုအောင်
မျက်နှာနုနု ပါးရေ မတွန့်အောင် လုပ်ပေးနိုင်တာ လေးတွေများ ရှိလေမလား ဆိုရင်တော့ ရှိပါတယ်။ ဗီတာမင်အေ ကနေ ရတဲ့ retinoid လို အက်ဆစ်တွေက အသားအရေ ရင့်ရော်မှုကို ကာကွယ်ပေးနိုင် ပါ တယ်။ Azelaic acid , Alpha-hydroxy acid တွေလို သဘာဝ သစ်သီးဝလံတွေမှာ ပါတာတွေကလည်း အသားအရေ အရောင်ပြောင်းတာ၊ မှေးမှိန်တာတွေ မဖြစ်အောင် ကာကွယ်ပေးပြီး နုနယ်စေပါ သတဲ့။
ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေက အဲဒီလို ဓာတ်တွေ ကြွယ်ဝတာမို့ မျက်နှာနုနု အရေ မတွန့်ရအောင် ဗီတာမင်အေ ကြွယ်ဝတဲ့ အဝါရောင် သီးနှံတွေ စားသောက်ကြတာ ပေါ့။
အသက်ကြီးလို့ ပေါ်လာတဲ့  အစက်အပြောက်တွေ
မျက်နှာမှာ အရေတွန့်တာ သာမက အသက်ရလာသူ တွေမှာ အစက်အပြောက်တွေ ပေါ်လာတတ်တာ သတိပြုမိကြ မှာပါ။ ဒါတွေက အသက်အရွယ်ကြောင့် ဖြစ်လာတာပဲ ရယ်လို့ လစ်လျူ မရှုစေချင်ပါ။
အဲဒီ အသက်အရွယ် ရလာလို့ ပေါ်လာတဲ့ အစက်တွေကနေ အရေပြားကင်ဆာ တမျိုးဆီ ကူးပြောင်းသွား တတ်လို့ ပါပဲ။ ဒါကြောင့် မျက်နှာမှာ အရေးအစင်း သာမက တခြား ထူးခြားတဲ့ အစက်အပျောက်တွေ ပေါ်လာရင်၊ ပုံမှန် မဟုတ်သလို ထင်ရင် အရေပြား ဆရာဝန်နဲ့ တိုင်ပင်ပြသဖို့ အကြံပြုချင်ပါရဲ့။ တချို့တွေကို လိုအပ်ရင် ဖယ်ရှား ပြုပြင်လို့လည်း ရတာပေါ့။
ဆေးလိပ်သမား ပါးရေတွန့်ချိန်
တကယ်တော့ အသက်အတော်ကြီးမှ ပါးရေတွန့်လာတာ မဟုတ်ပါဘူး။ ဆေးလိပ်သောက်တာက ရုပ်ရင့် စေတယ် ဆိုတာ ကတော့ ဘယ်သူမှ ငြင်းမရတဲ့ အမှန်တရားပါ။ သုတေသန ပြုချက်တွေ အရ ဆေးလိပ် သောက်သူတွေ ဆိုရင် အသက် ၂၀ က စပြီး ပါးရေတွန့်တယ် လို့ ဆိုပါတယ်။ ဆေးလိပ်သောက်သက် များလေ အရေးအကြောင်းတွေက ပိုပြီး ထင်ရှားလေပါပဲ။
ထပ်ပြီး သုတေသန ပြုကြည့်တော့ ဆေးလိပ် ဖြတ်လိုက်သူတွေမှာ မျက်နှာ အရေးအစင်းတွေ၊ တွန့်နေတာ တွေ နည်းပါးသွားတာ၊ မျက်နှာကြွက်သားတွေ ပြန်ပြီး တင်းရင်းလာတာ တွေ့ရပါသတဲ့။ ဆေးလိပ်ဖြတ်တာလည်း ပါးရေတွန့် သက်သာဖို့ နည်းပါပဲ။
အမျိုးသမီးတွေ အတွက်
အမျိုးသမီးတွေက အမျိုးသားတွေနဲ့ ယှဉ်ရင် နှုတ်ခမ်းပတ်လည် အရေးအစင်း အတွန့်တွေ ပိုပြီး ဖြစ်တာ တွေ့ ရတယ် လို့ နယ်သာလန်နိုင်ငံက သုတေသနတခုက အတည်ပြုပါတယ်။ ယောက်ျားတွေမှာက ပါးစပ်တဝိုက် မှာ သွေးလှည့် ပတ်မှု ပိုကောင်းပြီး ချွေးဂလင်းတွေ ပိုများလို့ အရေပြားတွန့် သက်သာတယ် လို့ ဆိုပါတယ်။
တခု ဖြေသာစရာ ရှိတာက အဲဒီလို ဖြစ်နေတဲ့ အမျိုးသမီးတွေ အနေနဲ့ ကင်မရာမှာ လှချင်ရင် အနီရောင် ဝတ်စုံဝတ်လို့ နှုတ်ခမ်းနီ အနီလေးနဲ့ဆို အဆင်ပြေတယ် လို့ ပြောပါတယ်။ အရေပြား တွန့်နေတာတွေကို အရောင်နဲ့ လှည့်စားပြီး တဒင်္ဂ လှပနိုင်တဲ့ သဘောပေါ့။
လက်စနဲ့ လက်ဆောင်တခု ပေးပါရစေ။ မျက်နှာတဝိုက်က မိတ်ကပ်တွေ ဖျက်လိုက်ရင် အရေးအစင်းတွေ ပိုထင်လာ သလိုပဲ လို့ တချို့က ထင်တတ်ကြပါတယ်။ တကယ်တော့ ညင်ညင်သာသာ မဖျက်တဲ့ အခါ အရေပြားက ခေတ္တ ထိခိုက် သလိုဖြစ်ပြီး တွန့်နေသလို ဖြစ်တာပါ။ အိုင်းရှဲဒိုးတွေ၊ မိတ်ကပ်တွေကို ဖျက် ချင်ရင် ဂွမ်းစလေး ရေဆွတ်ပြီး ညင်ညင်သာသာ ပွတ်ပြီး ဖယ်ရှားလို့ ရပါတယ်။
ငယ်ငယ်ကတည်းက ဂရုစိုက်
မျက်နှာကို ရင့်ရော်မှု မရှိအောင် ကာကွယ်ရာမှာ အကောင်းဆုံးကတော့ sunscreen လို့ ဆိုပါတယ်။ အဲဒီ sunscreen ကို အသက် ၂၀ လောက် ကတည်းက မျက်နှာ မရင့်အောင် စတင်လုပ်သင့်တယ် လို့ ဆိုပါတယ်။ retinoid ပါတဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေနဲ့လည်း လိမ်းချယ်နိုင်ပါ သတဲ့။ နုပျိုကျန်းမာတဲ့ မျက်နှာ ဖြစ်ဖို့ အရွယ်ငယ်ငယ် ကတည်းက အန္တရာယ်မဖြစ်စေတဲ့ နည်းလမ်းတွေ သုံးပြီး ကာကွယ်နိုင်တယ်လို့ ဆိုချင်တာပါ။
မိတ်ကပ်က ပါးရေ မတွန့်အောင် ကာကွယ်လား
မိတ်ကပ် လိမ်းတာက တစိတ်တပိုင်း ကာကွယ်ရာ ရောက်သလို တစိတ်တပိုင်းလည်း အဆင်မပြေပါဘူး။ ချွေးပေါက် လေးတွေ ပိတ်နေ စေတာမို့ အရေပြား ထိခိုက်စေ ပြန်ပါတယ်။ အထူးသဖြင့် သတိထားရမှာက အချိန်ရှည်ကြာ မိတ်ကပ် လူးထားတာက မကောင်းလှဘူး ဆိုတာပါ။
ညအိပ်ရာဝင်ချိန်မျိုးမှာ ပင်ပန်းချင်လည်း ပင်ပန်းပါစေ၊ မိတ်ကပ် တွေ ဖယ်ပစ်ဖို့ အချိန်ပေးစေချင်ပါတယ်။ ဒီလောက် ဆိုရင်ဖြင့် အကြောင်း အမျိုးမျိုးကြောင့် ပါးရေတွန့်နေတဲ့ ကိုယ့်ရုပ်ရည် ကိုယ် ကြည့်ပြီး စိတ်ဓာတ် မကျ၊ တရားသံဝေတွေ ရပြီး မနေရလေအောင် ဘာတွေဆောင်မလဲ၊ ဘာတွေ ရှောင်မလဲ ဆိုတာ ဆင်ခြင်လို့ လုပ်စရာရှိတာ လုပ်ပြီး မျက်နှာကြော တင်းတင်းလေး ဖြစ်အောင် နေထိုင်ကြပါစို့။ ။
ဧရာဝတီ

Wednesday, January 07, 2015

ဗုံးပေါက်ကွဲမှုနဲ့ တရားစွဲဆိုခံထားရတဲ့ စောထွန်းထွန်းကို ကြိုးပေးသေဒဏ်ချမှတ်

Posted by drmyochit Wednesday, January 07, 2015, under | No comments

၂၀၁၃ခုနှစ် အောက်တိုဘာ(၁၁)ရက်နေ့ ညပိုင်းက တောင်ငူမြို့ ချမ်းမြေ့ဧည့်ဂေဟာ ဗုံးပေါက်ကွဲမှုနဲ့ တရားစွဲဆိုခံထားရတဲ့ တရားခံ စောထွန်းထွန်းကို ဒီနေ့ ဇန်န၀ါရီ (၇)ရက်နေ့က တောင်ငူခရိုင် တရားရုံးမှာ ပြစ်မှု ဥပဒေ ပုဒ်မ-၃၀၂(၁)(ခ)အရ မသေမချင်း လည်ပင်းကြိုးကွင်းစွပ် သတ်စေရန်၊ ဥပဒေပုဒ်မ-၃၂၆ အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ်(၅)နှစ်ကျခံစေရန်၊ ပုဒ်မ-၃၂၄ အရ ထောင်ဒဏ်(၂)နှစ်ကျ ခံစေရန် တောင်ငူခရိုင်ဒုတိယခရိုင်တရားသူကြီး(၂)က အမိန့်ချမှတ်ခဲ့ကြောင်း ခရိုင်တရားရုံှး တရားသူကြီးတဦးက DVBကို ပြောကြားပါတယ်။

သေဒဏ်အမိန့်ကို အတည်ပြုနိုင်ဖို့အတွက် ပြည်ထောင်စု တရား လွှတ်တော်ချုပ်ကို (၇)ရက်အတွင်း အတည်ပြုမိန့် တောင်းခံရန် တင်ပြသွားဖို့ ရှိပြီး သေဒဏ်အမိန့်ချမှတ်ခံရသူ စောထွန်းထွန်းအနေနဲ့ လည်း (၇)ရက်အတွင်း အယူခံနိုင်ကြောင်း သိရှိရပါတယ်။
 
စောထွန်းထွန်းကို ၂၀၁၄ခုနှစ် ဇူလိုင်လ(၄)ရက်နေ့ကလည်း ဒုခရိုင် တရားရုံး (၂)ကနေ ၁၉၈၀ခုနှစ် ပေါက်ကွဲစေတတ်သောအက်ဥပဒေပုဒ်မ (၃)နဲ့ ထောင်ဒဏ် (၁၀)နှစ် ချမှတ်ထားခဲ့ပါသေးတယ်။
သတင်းဓာတ်ပုံ - သားကြီး(တောင်ငူ)
DVB TV News

Air Asia QZ8501 လေယာဉ် ပျက်ကျမှုအတွက် ဆူရာဘာရာလေဆိပ်မှ အရာရှိလေးဦးကို ရာထူးမှထုတ်ပယ်

Posted by drmyochit Wednesday, January 07, 2015, under | No comments

 အင်ဒိုနီးရှား အာဏာပိုင်များသည် Air Asia QZ8501 လေယာဉ်ပျက်မှုအတွက် ဆူရာဘာရာ နိုင်ငံ တ ကာ လေဆိပ်၊ လေကြောင်း ထိန်းချုပ်ရေးမှ အရာရှိလေးဦးကို ရာထူးမှ ထုတ်ပယ်လိုက်သည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။


ယင်းအရာရှိ လေးဦးသည် ၎င်းတို့၏ ရာထူးတာဝန်များအရ Air Asia QZ8501 လေကြောင်း ပျံသန်းမှု ခရီးစဉ်အတွက် အဓိက တာဝန်ရှိသူများ ဖြစ်သည်ဟု ဇန်နဝါရီလ၊ ၆ ရက်နေ့တွင် အင်ဒိုနီးရှား အာဏာပိုင်များက ပြောကြားသည်။

AirNav ၏ ဘေးကင်းလုံခြုံရေးနှင့် စံချိန်စံညွှန်းဆိုင်ရာ ဒါရိုက်တာ မစ္စတာဝီနုဒါဂျိုနို၏ ပြောကြားချက် အရဆိုလျှင် ရာထူးမှ ထုတ်ပယ်ခံရသည့် လေးဦးထဲတွင် ဗ AirNav ၏ အထွေထွေ မန်နေဂျာ ပါဝင်သည်ဟု သိရသည်။

ရာထူးမှ ထုတ်ပယ်ခံလိုက်ရသော အရာရှိလေးဦးသည် အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့တို့တွင် ဆူရာဘာရာမှ စင်ကာပူသို့ ပျံသန်းသည့် Air Asia လေကြောင်းလိုင်းအတွက် ဆောင်းရာသီ လေကြောင်းခရီးစဉ် ဇယားကို စစ်ဆေးရန် ပျက်ကွက်ခဲ့သည်ဟု မစ္စတာဝီနုက ပြောကြားသည်။

ထိုအရာရှိလေးဦးသည် ဆောင်းရာသီ လေကြောင်းခရီးစဉ် ဇယားအစား တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနှင့် တနင်္ဂနွေနေ့တို့တွင် ဆူရာဘာရာမှ ထွက်ခွာခွင့်ပြုသည့် နွေရာသီ လေကြောင်း ခရီးစဉ်ဇယားကို အသုံးပြုခဲ့သည်ဟုလည်း မစ္စတာဝီနုက ထပ်လောင်း ပြောကြားသည်။

သို့ရာတွင် စစ်ဆေးသုံးသပ်မှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့သည့်တိုင် ဆူရာဘာရာမှ ပျံသန်းသည့် အခြားလေကြောင်း ခရီးစဉ်များတွင်မူ ကွဲပြားခြားနားမှုများ မတွေ့ရကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ပြီးခဲ့သော ရက်များအတွင်း ဂျာဗားပင်လယ် အတွင်း၌ ရာသီဥတု ဆိုးရွားလျက် ရှိသဖြင့် ခရီးသည်များ၏ အလောင်းများ ရှာဖွေရေးနှင့် လေယာဉ် အစိတ်အပိုင်း များရှာဖွေရေး လုပ်ငန်းများမှာ အခက်အခဲများနှင့် ရင်ဆိုင်ရလျက် ရှိသည်။

လက်ရှိအချိန်တွင် လေယာဉ်၏ ကြီးမားသော အစိတ်အပိုင်းများကို ရှာဖွေ တွေ့ရှိထားပြီ ဖြစ်သော်လည်း လေယာဉ်၏ Black Box ကို မတွေ့ရှိသေးသလို ရှာဖွေဆယ်ယူရန် ရုပ်အလောင်းလည်းများစွာ ကျန်ရှိနေဆဲ ဖြစ်သည်။

Air Asia QZ8501 လေယာဉ်သည် ဒီဇင်ဘာလ ၂၈ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာရာ လေဆိပ်မှ စင်ကာပူသို့ ပျံသန်းစဉ် ပျက်ကျသွားခဲ့ခြင်း ဖြစ်ပြီး အင်ဒိုနီးရှား မိုးလေဝသဌာနကမူ လေယာဉ်ပျက်ကျရသည့် ကနဦး အကြောင်းအရင်းမှာ ရာသီဥတု ဆိုးရွားမှုကြောင့် ဖြစ်နိုင်သည်ဟု ပြောကြားထားသည်။

The Voice Weekly

ကလေးသူငယ် လိင်စပ်ယှက်မှု ရုပ်ပြကာတွန်းနှင့် ဇာတ်ကားများ ကြီးထွားနေသော ဂျပန်

Posted by drmyochit Wednesday, January 07, 2015, under | No comments


ဂျန်ပန်နိုင်ငံမှ မန်ဂါနှင့် အန်နီမီဟု ခေါ်သည့် ကာတွန်းဇာတ်ဆောင်များက ကမ္ဘာ့ ယဉ်ကျေးမှုတရပ်သဖွယ်ဖြစ်လာပြီး ကျော်ကြားလာသည်။ သို့သော် အချို့သော ညစ်ညမ်းကာတွန်းရုပ်ပြမဂ္ဂဇင်းနှင့် ဇာတ်ကားများက ကလေးကာတွန်းများပါဝင်သည့် ပြကွက်တို့အား တစ်တစ်ခွခွကြီး ရေးဆွဲပြသလာသည်။ ထို့ကြောင့် ဂျပန်နိုင်ငံအနေဖြင့် အဘယ်ကြောင့် ထိုဇာတ်ကားများအား မတားမြစ်သနည်းဟု မေးစရာ ဖြစ်လာသည်။
 
တနင်္ဂနွေ နေ့လည်ခင်းတခုဖြစ်သည်။ တိုကျိုမြို့ရှိ အရောင်းပြပွဲတခု၌ Sunshine Creation ၏ ပြခန်းသို့ မန်ဂါပရိသတ် ထောင်နှင့်ချီ (အမျိုးသားအများစု) စုပြုံတိုးဝှေ့နေသည်။ ရောင်းချရန် ခင်းကျင်းပြသထားသည့် မန်ဂါ ရုပ်ပြကာတွန်းများကို စူးစိုက်ကြည့်နေကြသည်။ 
 
သမင်မျက်လုံးနှင့် မှော်ဆန်သော ရုပ်အဆင်းရှိသည့် ကာတွန်း သူရဲကောင်းမလေးများ၏ ပိုစတာများလည်း ရှိနေသည်။
"ဒီနေရာကတော့ လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေရေး တီထွင်ဖန်တီးမှုတွေကို အဓိက ပြသထားတယ်" ဟု ပွဲစီစဉ်သူ တယောက်က ရှင်းပြသည်။
ဘရာစီယာ ၀တ်မထားသော မိန်းကလေးနှစ်ဦးအသွင်ကို ပုံဖော်ထားသည့် ကာတွန်းပုံများ ရှိသော စားပွဲတခုသို့ အရောက် စာရေးသူ ရပ်တန့်လိုက်မိသည်။ ၎င်းတို့၏ ပုံမှာ အသက် ဆယ့်လေးငါးနှစ် ၀န်းကျင်အရွယ် မိန်းကလေးများအတိုင်းပင် ဖြစ်ပြီး ဇာတ်လမ်းများကမူ အဆိုပါ ကာတွန်းများ၏ လိင်ဆက်ဆံနေသော ပြကွက်များကို တစ်တစ်ခွခွ ပြသထားသည်။ 
 
အခြား စင်တင်ရောင်းချနေသည့် ပစ္စည်းများမှာလည်း အလားတူချည်းသာ ဖြစ်သည်။ ၎င်းတို့ကို ဗြိတိန်၊ သြစတြေးလျနှင့် ကနေဒါ၊ ထိုပြင် အခြားနိုင်ငံ အများအပြားတွင် တင်သွင်း ဖြန့်ချိမှု မပြုရန် ဥပဒေအရ တင်းကြပ်စွာ ကန့်သတ်ခံထားရသကဲ့သို့ အချို့နိုင်ငံများတွင်မူ အငြင်းပွားနေဆဲ အနေအထား ဖြစ်သည်။
"ကလေးတွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားတာ မကောင်းမှန်း လူတိုင်းသိတယ်၊ ဒါပေမယ့် ဒီလို စိတ်ခံစားချက်မျိုးကိုတော့ လွတ်လပ်စွာ ခံစားနိုင်ခွင့်ရှိပါတယ်" ဟု အထက်ပါ ပွဲစီစဉ်သူက ဆိုသည်။
သူ၏ ပွင့်လင်းသော ဖွင့်ဟချက်ကို အတော် အံ့အား သင့်သွားရသည်။ ထို့နောက် သူက "Lolicon" ဟူသော စကားလုံးကို မိတ်ဆက်ပေးသည်။ Lolita Complex ၏ အတိုကောက် ဖြစ်သည်။ သွေးရင်းလိင်စပ်ယှက်မှု၊ မုဒိမ်းကျင့်မှုနှင့် အခြား လိင်မှုဆိုင်ရာ မကြားဝံမနာသာ အကြောင်းရပ် အဖုံဖုံကို ပြသသော ဇာတ်ကားများ၊ မဂ္ဂဇင်းများ၏ မန်ဂါဇာတ်ရုပ်များအနက်မှ ဇာတ်ရုပ်မလေး တကောင်ကို ဆိုလိုသည်။ 
 
"ကျွန်တော်က မိန်းမငယ်လေးတွေကို ဇာတ်ကောင်ထားတဲ့ ဖန်တီးမှုတွေ ကြိုက်တဲ့၊ Lolicon က ကျွန်တော့် အကြိုက်တွေထဲက တစ်ယောက်ပေါ့" ဟု သူက ဆိုသည်။
 
ထိုသို့ ပြောကြားစဉ် သူ၏ ဇနီးသည်က သူ့အနားမှာပင် ရှိနေသည်။ ထို့ကြောင့် ၎င်း၏ နှစ်ခြိုက်မှုအပေါ် ဇနီးသည်က မည်သို့ မြင်သနည်းဟု မေးရာ "ပြဿနာမရှိပါဘူး၊ သူလည်း ကောင်လေး ငယ်ငယ်လေးတွေကို ဇာတ်ကောင်းထားတဲ့ လိင်ဖျော်ဖြေရေး ဇာတ်ကားတွေ ကြိုက်တာပဲလေ" ဟု ပြန်ဖြေသည်။
ဂျပန်နိုင်ငံ၏ ကြီးမားလှသော မန်ဂါဈေးကွက်ကြောင့် ၀င်ငွေ နှစ်စဉ် ကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံအထိ ၀င်ငွေရှိသည်။ သို့သော်လည်း အငြင်းပွားမှုများကတော့ ရှိနေသည်။
 
ယမန်နှစ် ဇွန်လက ဂျပန်လွှတ်တော်တွင် ကလေးသူငယ်များ၏ လိင်စပ်ယှက်မှု ရုပ်ပုံများ ကန့်သတ်ပိတ်ပင် တားမြစ်ရန် မဲခွဲဆုံးဖြတ်ခဲ့ကြသည်။ ကမ္ဘာ့စီးပွား ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (OECD) သည် ယင်းရုပ်ပုံများ ထုတ်လုပ်ဖြန့်ချိသည့် လုပ်ငန်းများကို ၁၉၉၉ ခုနှစ်ကတည်းက ပိတ်ပင်တားမြစ်ခဲ့ခြင်း ဖြစ်သော်လည်း ဂျပန်သည် ယမန်နှစ်ကမှ နောက်ဆုံးအဖွဲ့ဝင်နိုင်ငံ ဖြစ်လာသည်။
အသက် ၁၈ နှစ်အောက် အရွယ် ကလေးများ၏ လိင်အသားပေးနှင့် စပ်ယှက်သည့် ပုံများကို လူအစစ်၏ ပုံရိပ်ဖြစ်စေ၊ ပန်းချီ၊ ကာတွန်းပုံရိပ်များ ဖြစ်စေ ဥပဒေအရ ပိတ်ပင်တားမြစ်ရန် OECD က တောင်းဆိုထားခြင်း ဖြစ်သည်။ သို့သော်လည်း ယမန်နှစ်က အချေအတင် ဖြစ်လာပြီးနောက် လွှတ်တော်က ပယ်ချရန် ဆုံးဖြတ်လိုက်သည်။ ထိုသို့ ဆုံးဖြတ်ခဲ့၍ ကလေးသူငယ်ဆိုင်ရာ ကာကွယ် စောင့်ရှောက်သူများနှင့် NGO အသီးအသီး (အထူးသဖြင့် ပြည်ပမှ) က ပြစ်တင် ရှုတ်ချလိုက်ကြသည်။ 
 
တိုကျိုမြို့ရှိ အာကီဟာဘာရာ ခရိုင်သည် မန်ဂါလောက၏ အချက်အခြာဖြစ်သည်။ မန်ဂါ စာအုပ်၊ မဂ္ဂဇင်းနှင့် DVD အစုံအပြင် ကလေးများဖြင့် အမှန်စင်စစ် ရိုက်ကူးထားသည့် ညစ်ညမ်းဇာတ်ကားအစုံကို ရနိုင်သည်။
"ကလေးတွေအတွက် စိတ်မကောင်းဘူး" ဟု ကလေးသူငယ်ဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေး လှုပ်ရှားဆောင်ရွက်သူ ကနာဂီရီက ပြောသည်။ 
 
"ဒီလိုလုပ်ရပ်တွေအတွက် ထိုက်သင့်တဲ့ အပြစ်ဒဏ် ချမှတ်ရမယ်၊ ဥပဒေအရ ပီပီပြင်ပြင်တားမြစ်ရမယ်၊ ဒါပေမဲ့ ရဲတပ်ဖွဲ့ကတော့ ဒါတွေ တခုမှု ဆောင်ရွက်မပေးဘူး" ဟု သူမက ဆက်ပြောသည်။
သို့ရာတွင် ကလေးသူငယ် လိင်စပ်ယှက်မှ ကာတွန်းနှင့် ညစ်ညမ်းခွေများ ပပျောက်ရေးကို မဆုတ်မနစ် ဆက်လက်ကြိုးပမ်းသွားမည်ဟု သူမက ဆိုသည်။
 
"ကျွန်မ ဒါတွေကို ပျောက်ကွယ်သွားစေချင်တယ်၊ ၂၀၂၀ မှာ ဂျပန်ဟာ အိုလံပစ်အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပချိန်အမီ ဂျပန်ကို ယဉ်ကျေးတဲ့ နိုင်ငံအဖြစ် ပြန်ပြောင်းဖော်ဆောင်သွားရမယ်" ဟု သူမက ရင်ဖွင့်သည်။ 
 
မန်ဂါပရိသတ်များဘက်ကမူ ပြင်းပြင်းထန်ထန် ဆန့်ကျင်မှုများ ရှိခဲ့သည်။ သို့ရာတွင် အိုလံပစ်လည်း နီးလာပြီ ဖြစ်၍ နိုင်ငံတကာက ဂျပန်ကို စောင့်ကြည့်လာသည်။ မန်ဂါနှင့် အန်နီမီတို့ကို ပြည့်ပြည့်၀၀ ဖိအားပေးလာစေရန်လည်း လှုပ်ရှားလာနေကြသည်။
 
ကျော်လင်းထွန်း
Ref: Why hasn't Japan banned child-porn comics? by James Fletcher (BBC)
News Watch(စောင့်ကြည့်သတင်းဂျာနယ်) 

မြောက်ကိုရီးယားတွင် ဆိုင်ဘာစစ်သား အင်အား ၆၀၀၀ရှိ

Posted by drmyochit Wednesday, January 07, 2015, under | No comments

ပြုံယမ်း 
 တောင်ကို ရီးယားနိုင်ငံ၏ စစ်တပ်နှင့် အဓိက အစိုးရ ဌာနများ၏ ကွန်ပြူတာ စနစ်များကို ထိုးဖောက် ဝင်ရောက်ကာ ဆိုင်ဘာ တိုက်ခိုက် မှုများ လုပ်ဆောင်သည့် ဆိုင်ဘာတပ်ဖွဲ့ ဝင် ၆၀၀၀ကို မြောက်ကို ရီးယားက စစ်တပ် အတွင်းမြုပ်နှံ ထားကြောင်းတောင် ကိုရီးယားနိုင်ငံက အခိုင် အမာပြောသည်။
မြောက်ကိုရီးယား တပ်မတော်ရှိ ဆိုင်ဘာစစ်သားများသည် တောင်ကိုရီးယားနိုင်ငံကို စိတ်ရော ရုပ်ရော ချည့်နဲ့ သွားအောင် ဆိုင်ဘာတိုက်ခိုက်မှုများကို တပ်ဖွဲ့  ဝင်အင်အား ၆၀၀၀ကို အသုံးပြုကာ လုပ်ဆောင် လျက် ရှိနေကြောင်း တောင်ကိုရီးယား ဝန်ကြီးဌာနက ဇန်နဝါရီ ၅ရက်က အစီရင်ခံစာထုတ်ပြန်ခဲ့သည်။
သို့သော်လည်း ယခု အတည်ပြု ချက်သည် မည်သည့် အချက် အလက် များပေါ် အခြေခံ၍ ထုတ်ဖော်ပြောခြင်း ဖြစ်သည်ကိုမူ ယင်းဝန်ကြီး ဌာနက အစီရင်ခံစာ တွင်ဖော်ပြ မထားပေ။
ယခု ထုတ်ပြန်လိုက်သည့် အစီရင်ခံစာအရ မြောက်ကိုရီးယား၏ ဆိုင်ဘာ တပ်ဖွဲ့ ဝင် အင်အားသည် ၂၀၁၃ခုနှစ်အတွင်းက တောင်ကို ရီးယား ကာကွယ်ရေးဝန် ကြီးဟောင်း ကမ်ကောင်းဂျင်က ထုတ်ဖော်ပြောခဲ့သည့် အင်အားထက် နှစ်ဆရှိနေခြင်း ဖြစ်သည်။ ကာကွယ်ရေးဝန်ကြီးဟောင်း ကမ်ကောင်းဂျင် ကမြောက်ကို ရီးယားနိုင်ငံ သည်ဆိုင်ဘာ တပ်သား ၃၀၀၀ဖြင့် ဆိုင်ဘာစစ်ပွဲများကို ဆင်နွှဲနေသည်ဟု ပြောခဲ့ခြင်းဖြစ်သည်။
မြောက်ကို ရီးယားတို့ က ၂၀၀၇ခုနှစ်မှ စတင်ကာ ထပ်တန်း ဆိုင်ဘာ တိုက်ခိုက်မှု အနည်းဆုံး ခြောက်ကြိမ်မျှ ဆင်နွှဲ ခဲ့သည်ဟု တောင်ကိုရီးယားက စွပ်စွဲထား သည်။ တောင်ကို ရီးယား စီးပွားရေး လုပ်ငန်း များနှင့် အစိုးရ ဌာနများမှ ကွန်ပျူတာ စနစ်များသို့ ထိုးဖောက် ဝင်ရောက် ခဲ့ကြောင်း၊ သို့ သော်လည်း တိုက်ခိုက် ထိုးဖောက်မှု အကြိမ်တော်တော် များများက အရေးရှုံးနိမ့်ကြောင်း တောင်ကိုရီးယားနိုင်ငံဖက် ကပြောသည်။
တောင်နှင့် မြောက် ကိုရီးယားနှစ်နိုင်ငံသည် ယာယီအပစ်ရပ်စာချုပ်ဖြင့် ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲ အဆုံးသတ်သွားခြင်းဖြစ်ရာ ငြိမ်းချမ်းရေး သဘော တူညီမှု စာချုပ် ချုပ်ဆိုထားနိုင်ခြင်း မရှိသေးသောကြောင့်  စစ်ရိပ်စစ်ငွေ့ မကင်းသေးသော စစ်ပွဲအတွင်းမှာပင် ရှိနေသေးသည့် နှစ်နိုင်ငံဖြစ်သည်။
လတ်တလောကာလတွင်လည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကို လုပ်ကြံသည့် ရုပ်ရှင်ကား ရိုက်ကူးထုတ်လုပ်ခဲ့သည့် ဆိုနီကုမ္ပဏီ ဆိုင်ဘာ တိုက် ခိုက်ခံရမှုနှင့် ပတ်သက်ပြီး အမေရိကန်နိုင်ငံက မြောက်ကိုရီးယားအပေါ် အပြစ်ပုံထားသည်။
အဆိုပါ ဆိုင်ဘာတိုက်ခိုက်မှုဖြစ်ပွားသွားပြီးနောက်တွင် မြောက်ကိုရီးယားအရာရှိများနှင့် စစ်တပ်နှင့် ပတ်သက်မှုရှိသည့် အဖွဲ့အစည်းများကို  ဒဏ်ခတ်ပိတ်ဆို့  မှုအသစ်များ ဇန်နဝါရီ ၂ရက်တွင် အမေရိကန်က ချမှတ်လိုက်သည်။
အမေရိကန်၏ ယခုကဲ့သို့ စွပ်စွဲပြောဆိုမှုကို မြောက်ကိုရီးယားနိုင်ငံက ငြင်းဆန်ထားသလို ဆိုနီကုမ္ပဏီ ဆိုင်ဘာတိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေး   ရေး ကို အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်သွားလိုသည်ဟု ကမ်းလှမ်းထားခဲ့သည်။
Ref: PRESS TV
မဇ္ဈိမ 

ဂျာမနီတွင် အစ္စလာမ်ဆန့်ကျင်ရေးခံစာချက်များမြင့်တတ်လာနေပြီး သီးခြားဆန်သည့် လူ့အဖွဲ့အစည်းများရှိနေဟု ပြည်ထဲရေးဝန်ကြီးပြော

Posted by drmyochit Wednesday, January 07, 2015, under | No comments

ဂျာမနီနိုင်ငံတွင် အစ္စလာမ်ဆန့်ကျင်ရေးလှုပ်ရှားမှုများ နိုးထလာနေချိန် ပြည်ထဲရေးဝန်ကြီးက ယင်းလှုပ်ရှားမှုများကို တိုက်ဖျက်ရန် ကတိသစ္စာပြုသော်လည်း ၎င်းတို့အနေနှင့် ထိတွေ့ဆက်ဆံရန် ခက်ခဲသည့် လူ့အဖွဲ့အစည်းများ ရှိနေကြောင်း ၀န်ခံပြောကြားလိုက်သည်။
 
“ကျွန်တော်တို့ရော၊ အခြားသူတွေရော မီဒီယာတွေအနေနဲ့ရော ကျွန်တော်တို့ ဂျာမနီနိုင်ငံ လူ့အဖွဲ့အစည်းထဲက အချို့လူစုတွေနဲ့ ကူးလူးဆက်ဆံဖို့ အခက်အခဲ ရှိနေတယ်၊ ကျွန်တော်ထင်တာ တခြားဒီမိုကရေစီနိုင်ငံတွေမှာလည်း ဒါမျိုးတွေ ရှိနေပါတယ်”ဟု သောမက်စ်ဒီမိုင်ဇီယာ က CNN မှ ခရစ္စတီယန်အန်မန်ပေါ ကို ပြောသည်။
 
ဂျာမနီ၌ “အနောက်ကမ္ဘာတွင် အစ္စလာမ်လွှမ်းမိုးလာမှု ဆန့်ကျင်သည့် မျိုးချစ်ဥရောပသားများအဖွဲ့”( Patriotic Europeans against the Islamization of the West - PEGIDA) က ဦးဆောင်၍ အစ္စလာမ်ဆန့်ကျင်ရေးဆန္ဒပြမှုများ အပတ်စဉ်ပြုလုပ်လျက်ရှိရာ လက်ယာအမျိုးသားရေးဝါဒ ပြန်လည်ဦးမော့လာမည့်အရေး စိုးရိမ်မှုများ ရှိနေသည်။
 
“ဘယ်စည်း ဘယ်ဘောင်ကို မကျော်ရဘူးဆိုတာကို PEGIDA အဖွဲ့က သိပါတယ်။ ဒါဟာ စိတ်ဝင်စားစရာပါ။ ဂျာမနီမှာ ဘယ်လိုကိစ္စမျိုးကို လုံးဝတာမြစ်ထားတယ်ဆိုတာ သူတို့သိတယ်။ နာဇီပါတီဂျာမနီလို ပါတီမျိုးတွေ ပေါ်ပေါက်လာစရာ မမြင်ပါဘူး၊ အခြားဥရောပနိုင်ငံတွေထက်စာရင် ကျွန်တော်တို့ဆီမှာ တော်သေးတယ် ပြောရမယ်။ ဒီကိစ္စရပ်တွေကို ကျွန်တော်တို့ ကောင်းစွာသတိပြုမိပါတယ်။ အဲဒီလို စိတ်ခံစားချက်တွေကို တိုက်ဖျက်သွားမှာပါ”ဟု ဂျာမနီပြည်ထဲရေးဝန်ကြီး သောမက်စ်ဒီမိုင်ဇီယာ က ပြောသည်။
 
ဥရောပတွင် အစ္စလာမ်လွှမ်းမိုးရန်ကြိုးပမ်းလာသည်ဟု မြင်သဖြင့် လမ်းပေါ်ထွက်သူများ တနေ့တခြား များပြားလာရာ ဂျာမန်အဓိပတိ အန်ဂယ်လာမာကဲလ် က ၎င်း၏ နှစ်သစ်ကူးမိန့်ခွန်းတွင် အဆိုပါလုပ်ရပ်များအား ရှုတ်ချပြောဆိုသွားခဲ့သည်။
 
သောမက်စ်ဒီမိုင်ဇီယာ က အန်ဂယ်လာမာကဲလ်၏ ပြောဆိုချက်ကို သဘောတူသည်ဟုဆိုသော်လည်း “ဒုက္ခသည်ခိုလှုံခွင့်ပေးတာတွေ အဆုံးသတ်မှာလား၊ အစ္စလာမ်ဟာ ကျွန်တော်တို့လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ဘယ်လောက်ရှိသလဲ” စသည့် အရေးတကြီးဖြေဆိုရမည့်မေးခွန်းများ လမ်းပေါ်ထွက်လာသူများထံတွင် ရှိနေကြောင်း ပြောသည်။
 
“အဲဒီမေးခွန်တွေကို ရင်ဆိုင်ရမှာပါ၊ အဖြေရှာရမှာပဲ။ သို့သော် အဖြေရှာတယ်ဆိုတဲ့နေရာမှာ PEGIDA အတွက်မဟုတ်ပါဘူး၊ ကျွန်တော်တို့အတွက် အဖြေရှာရမယ့် မေးခွန်းတွေဖြစ်နေလို့ပါ။ ကျွန်တော်တို့ အဲဒီမေးခွန်းတွေရဲ့ အဖြေကို လိုချင်ပါတယ်” ဟု ယင်းက ပြောသည်။
ဂျာမနီနိုင်ငံသည် တစတစ ပိုမိုအစ္စလာမ်ဆန်လာသည်ဟု ဂျာမန်လူမျိုး ၃၄% က ရှုမြင်ကြောင်း Der Speigel သတင်းစာ၏ စစ်တမ်းအရ သိရသည်။ ဂျာမန်ပြည်သူများအကြားဖြစ်ပေါ်လာသော အဆိုပါစိတ်ခံစားချက်များနှင့် ပတ်သက်၍ စိုးရိမ်မိကြောင်း ဂျာမနီပြည်ထဲရေးဝန်ကြီး က အန်မန်ပေါကို ပြောသည်။ အစ္စလာမ်ဆန့်ကျင်ရေးဆန္ဒပြမှုများ ၎င်းနေထိုင်ရာမြို့တွင် ဖြစ်ပွားနေသော်လည်း ဒေသဆိုင်ရာပြဿနာအဖြစ် ချဲ့ကားရှုမြင်ခြင်းမပြူရန်လည်း ၎င်းက ပြောသည်။
 
“တခြားမြို့တွေမှာလည်း အလားတူဆန္ဒထုတ်ဖော်တာတွေလုပ်ဖို့ ကြိုးစားနေကြပေမယ့် မအောင်မြင်ပါဘူး၊ ဒီအဖွဲ့တွေက လက်ယာအစွန်းရောက်တွေပါ”ဟု ၎င်းက ပြောသည်။ အိမ်ဖောက်ထွင်းမှု၊ မူးယစ်သောက်စားပြီး ယာဉ်မောင်းနှင်မှု၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု စသည့်ရာဇ၀တ်မှုများ ကျုးလွန်ခဲ့သူ PEGIDA ခေါင်းဆောင် လုဇ်ဘာ့ခ်မန်းအား အဘယ်ကြောင့် အဆိုပါဆန္ဒပြပွဲများအား ဦးဆောင်ခွင့်ပြုထားသနည်းဟု အာမန်ပေါ က ဂျာမနီပြည်ထဲရေးဝန်ကြီးအား မေးခဲ့သည်။
“ဒါဟာ မေခွန်းကောင်းပါ၊ ကျွန်တော်လည်း မသိဘူး။ သူ့ရဲ့လက်ထောက်က လုံခြုံရေးကုမ္ဗဏီတခုကို လုပ်ကိုင်နေတော့ သူတို့က ပွဲတွေလုပ်ဖို့ လူစုနိုင်တယ်၊ အဲဒီအဖွဲ့တွေထဲမှာမှ သူတို့ဟာ လက်ယာစွန်းအရောက်ဆုံးသူတွေ ဖြစ်တယ်၊ အဲဒီတော့ သူတို့ဟာ ဖွဲ့စည်းမှုအင်မတန်အားကောင်းပါတယ်၊ ဒါပေမယ့် လုဇ်ဘာ့ခ်မန်း၊ အဲဒီလူဟာ အခုလှုပ်ရှားမှုတွေရဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ ခေါင်းဆောင်မဟုတ်ဘူး၊ နောက်တယောက် ရှိပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။
“လွတ်လပ်တဲ့မည်သူမဆို ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်နိုင်ပါတယ်၊ ဆန္ဒပြပွဲတွေဆိုတာ ကျွန်တော်တို့ရဲ့ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတခုပါ” ဟု ဂျာမနီပြည်ထဲရေးဝန်ကြီး သောမက်စ်ဒီမိုင်ဇီယာ က ပြောသည်။
 
လက်ရှိတွင် ဂျာမနီနိုင်ငံသည် စက်မှုဖွံ့ဖြိုးပြီး နိုင်ငံများအကြား ဒုက္ခသည် လက်ခံမှု အများဆုံးနိုင်ငံ တခုဖြစ်သည်ဟု UNHCR ၏ သတင်းအချက်အလက်အရ သိရသည်။
 
“ဒါဟာ ကျွန်တော်တို့အားလုံးအတွက် ကြီးမားတဲ့စိန်ခေါ်မှုတခုဖြစ်ပါတယ်၊ တဆင့်ခံ ဖြတ်သန်းတဲ့ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ရမယ်၊ ဒီရာဇ၀တ်ကောင်တွေကို ရှင်းပစ်ရမယ်၊ ခင်ဗျား မြင်ဖူးပါလိမ့်မယ် ရာဇ၀တ်ဂိုဏ်းတွေရဲ့ သင်္ဘောကြီးတွေကို၊ အဲဒီသင်္ဘောကြီးတွေပေါ်မှာ ဒုက္ခသည် ၇၀၀ လောက် တင်လာတယ်၊ သူတို့က သင်္ဘောတစီးကို ဒေါ်လာ ၅သန်းလောက် ၀င်ငွေရနေတာ”
“မနှစ်က အဲဒီရာဇ၀တ်ဂိုဏ်းတွေရဲ့ ၀င်ငွေက ၅-၆ ဘီလီယံလောက် ရှိတယ်လို့ကြားတယ်၊ သူတို့ကို တိုက်ဖျက်ဖို့လိုတယ်၊ မဟုတ်ရင် ဒီဒုက္ခသည် ၀င်ရောက်မှုအခြေအနေကို ကျွန်တော်တို့ နိုင်နင်းစွာ ကိုင်တွယ်နိုင်မယ် မဟုတ်ဘူး၊ ဒုက္ခသည်စစ်စစ်တွေကို ကြိုဆိုလက်ခံလာအောင် ကျွန်တော်တို့ ပြည်သူတွေကို ပြင်ဆင်ပေးရမှာဖြစ်ပြီး လူကုန်ကူးရာဇ၀တ်ဂိုဏ်းတွေကိုတော့ တိုက်ဖျက်ရမှာ ဖြစ်ပါတယ်” ဟု သောမက်စ်ဒီမိုင်ဇီယာ က ပြောသည်။
Ref;Amanpour blog
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ပြင်သစ် မဂ္ဂဇင်းတိုက်ထဲ သေနတ်နဲ့ဝင်ပစ်၊ ၁၂ဦးသေဆုံး

Posted by drmyochit Wednesday, January 07, 2015, under | No comments


ဇန်န၀ါရီ ၇။ ။ ပြင်သစ် သရော်စာမဂ္ဂဇင်းဖြစ်တဲ့ ချာလီဟက်ဘ်ဒို ရဲ့ ပဲရစ် ရုံးခန်းထဲကို မျက်နှာဖုံးစွပ် သေနတ်သမား နှစ်ယောက်ထက်မနည်းက ဝင်ရောက်တိုက်ခိုက်လို့ ၁၂ဦးသေဆုံးပြီး ၇ဦးဒဏ်ရာရခဲ့တယ် လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

ယင်းသေနတ်သမားတွေဟာ မဂ္ဂဇင်းတိုက်ထဲကို မောင်းပြန်ရိုင်ဖယ်သေနတ်တွေနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ကြပြီး အပြင်ဘက်လမ်းမပေါ်မှာလည်း ရဲတွေနဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ကြကာ ကားနဲ့ထွက်ပြေးလွတ်မြောက်သွား တယ်လို့လည်း သိရပါတယ်။
ပစ်ခတ်နေစဉ်အတွင်း သေနတ်သမားတွေဟာ “ တမန်တော် အတွက် လက်စားချေတာ ” လို့ အော်ဟစ်ခဲ့ကြတယ်လို့လည်း မျက်မြင်သက်သေတွေက ဆိုပါတယ်။
ပြင်သစ် သမ္မတ ဖရန်ဆွာအော်လန်းက အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဆိုတာ သံသယရှိစရာမလိုဘူးလို့ ပြောပါတယ်။

ယင်းမဂ္ဂဇင်းရဲ့ တွစ်တာအကောင့် နောက်ဆုံးပို့စ်က အစ္စလာမ္မစ်စတိတ်အဖွဲ့ ခေါင်းဆောင် အဘူဘေကာ အယ်လ်ဘက်ဒါဒီ ရဲ့ ရုပ်ပြောင်ကာတွန်းပုံ တစ်ပုံဖြစ်ပါတယ်။ အဆိုပါ အပတ်စဉ်ထုတ် သရော်စာ မဂ္ဂဇင်း ဟာ အရင်ကလည်း အငြင်းပွားဖွယ်ရာအကြောင်းအရာတွေကို ဖော်ပြခဲ့ဖူးတဲ့ အစဉ်အလာရှိပါတယ်။ ၂၀၁၁ ခုနှစ် နိုဝင်ဘာလကလည်း တမန်တော် မိုဟာမက် ရဲ့ ကယ်ရီကေးချား ရုပ်ပုံကို ဖော်ပြခဲ့ပြီး တစ်ရက်အကြာ မှာ မဂ္ဂဇင်းတိုက်ကို မီးလောင်ဗုံးနဲ့ အပစ်ခံရခဲ့ပါတယ်။

ပြင်သစ်ရဲတပ်ဖွဲ့ကတော့ မီဒီယာတွေကို သတိအနေအထားနေကြဖို့ တပ်လှန့်ထားပြီး လုံခြုံရေးတွေ အာရုံစိုက် လုပ်ဆောင်နေပါတယ်။ ပြင်သစ် ကက်ဘိနက်ဝန်ကြီးတွေကိုလည်း သမ္မတက အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ မဂ္ဂဇင်းတိုက်က စာနယ်ဇင်းသမားတွေ ပါဝင်တယ်လို့သိရပြီး ရဲတပ်ဖွဲ့ဝင်တချို့လည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။


Ref: BBC. Jan 7 2015
Kumudra

ဖားကန့်တွင် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင် မြေပြို၊ လူ ၁၀ဝခန့် ပျောက်ဆုံး

Posted by drmyochit Wednesday, January 07, 2015, under | No comments

ဖားကန့်မြို့ မြောက်ဘက် မှော်မောင်းကုန်းမှော်အနီး ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင်တစ်ခုတွင် ဇန်နဝါရီလ ၆ ရက်နေ့ ညနေ ၆နာရီ ၁၅ မိနစ်ဝန်းကျင်က မြေပြိုမှု ဖြစ်ပွားခဲ့ပြီး လူ ၁၀ဝခန့် ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ယင်းဒေသခံများနှင့် မြေပြိုမှုဖြစ်စဉ်မှ လွတ်မြောက်လာသူ တို့က ပြောကြားသည်။

စိန်သီရိ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီက လုပ်ငန်းခွင်စွန့်ပစ် မြေစာများ စုပုံသည့် မြေစာပုံ ပြိုကျခြင်းဖြစ်ကာ ကုမ္ပဏီ၏ မြေတင်ယာဉ်သုံးစီး၊ မြေတူးစက်သုံးစီး အပါအဝင် ကျောက်စိမ်းရေမဆေး ရှာဖွေသူ ၈၀ ခန့်နှင့် ဈေးဆိုင် ၂၃ ဆိုင်မှ လူအချို့ မြေပြိုမှုတွင် ပါဝင်သွားပြီး ငါးယောက်သာလွတ်မြောက် ကြောင်းဒေသခံများထံမှ သိရသည်။

လွတ်မြောက်ခဲ့သူ ငါးယောက်ထဲမှ တစ်ဦးဖြစ်သူ ဦးမိုးဝင်းက “မြေစာပုံ တစ်ဆင့်ချင်း ပြတ်ကျကုန်တယ်။ ရေလှိုင်းတွေအတိုင်းပဲ ဝုန်းကနဲ့ မြေတွေ ပြတ်ကျကုန်တယ်။ ကျွန်တော်တို့က တောင်ခြေနားပဲ ရောက်နေလို့ ပြေးလို့လွတ်သွားတာ။ ဆိုင်ကယ်တော့ မြေမြုပ်သွားပြီ” ဟုပြောဆိုသည်။
မြေပြိုသည့်အချိန်တွင် ရေမဆေးကျောက်စိမ်း ရှာဖွေသူ ၈၀ခန့် ရှိပြီးဈေးဆိုင် ၂၃ ဆိုင်တွင်လည်း ကျောက်ရှာသူများနှင့် ဈေးရောင်းသူများလည်း ရှိနေကာ မြေပြိုမှုထဲတွင် ပါဝင်သွားသည်ဟု သူကဆိုသည်။

လက်ရှိတွင် ယင်းမြေပြိုမှု ဖြစ်ပွားသည့်နေရာတွင် စိန်သီရိ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီက ကယ်ဆယ်ရေးလုပ်ငန်းများကို မြေတူးစက်ငါးစီးဖြင့် လုပ်ကိုင်နေပြီး ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် သေဆုံးသူတစ်ဦးနှင့် ဆိုင်ကယ်ငါးစီးခန့်သာ တွေ့ရှိသေးကြောင်း အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေသည့် မော်ပေါင်လျန်းမှော်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

“ကယ်ဆယ်ရေးလုပ်တဲ့ လူတွေကို လက်ညိုးလောက်ပဲ မြင်နေရတယ်။ တောင်ကအမြင့်ကြီး ဆိုတော့ အလောင်းပြန်တွေ့ဖို့ တော်တော်လေး ရှာရလိမ့်မယ်” ဟုသူမြင်နေရသည့် အနေအထားကို ပြောကြားသည်။

ဇန်နဝါရီလ ၅ ရက်နေ့က မိုးရွာသွန်ထားခြင်းကြောင့် မြေပြိုမှု ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုကြသည်။

The Voice Weekly

Tuesday, January 06, 2015

ဘော်စတွန်မာရသွန်ဗုံးကွဲမှု တရားခွင် စစ်ဆေးရေး စတင်

Posted by drmyochit Tuesday, January 06, 2015, under | No comments

အမေရိကန်နို်င်ငံက ဘော်စတွန်မာရသွန်ဗုံးကွဲမှု လက်သည်တရားခံလို့ စွပ်စွဲခံထားရတဲ့ ချေချင်းညာလူမျိုး အမေရိကန်နိုင်ငံသား ဂျိုခါ ဇာနေ့ဗ်ကို လက်ရွေးစင်တရားသူကြီးတွေက တရားခွင်မှာ စစ်ဆေးမှုကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၅ ရက်နေ့က စတင်လိုက်ပါတယ်။

၂၀၁၃ ခုနှစ် ဧပြီ ၁၅ ရက်နေ့က မာရသွန်ပြိုင်ပွဲ ပန်းဝင်စည်းအနားမှာ ထောင်နဲ့ ချီတဲ့ လူအုပ်ထဲ အိမ်လုပ် ဗုံးဖောက်ခွဲမှုမှာ  လူ ၃ ဦး သေဆုံးပြီး  အယောက် ၂၆၀ ကျော် ဒဏ်ရာရခဲ့တာပါ။

ဒီအတွက် ပြစ်မှုထင်ရှားရင် အသက် ၂၁ နှစ်အရွယ် ဇာနေ့ဗ်ဟာ သေဒဏ်ကို ရင်ဆိုင်ရ နိုင်ပါတယ်။

ဗုံးခွဲအပြီး ၄ ရက်အကြာမှာ သူကို ဖမ်းမိတာပါ။ ရှေ့နေတွေကတော့ သူနဲ့ အသက် ၂၆ နှစ်အရွယ် သူအကိုတို့ဟာ တက္ကသို်လ်ရဲအရာရှိတယောက်ကိုလဲ ပစ်သတ်ခဲ့သေးတယ်လို့ ပြောပါတယ်။ သူ့အကိုကတော့ ရဲတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုအတွင်း သေဆုံးခဲ့တာပါ။

ဇာနေ့ဗ်ကတော့ သူအပေါ် စွဲဆိုထားတဲ့ စုစုပေါင်းစွဲချက် ၃၀ ကို အပြစ်မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။

သူအမှုကို စစ်ဖို့ တရားသူကြီး ရွေးချယ်ရာမှာလဲ ဘာမှ မပြောခဲ့ပါဘူး။ အမေရိကန်ကို ပြောင်းရွှေ့ အခြေချတဲ့ သူတို့ညီအကိုဟာ မွတ်စလင်တွေပါ။ ရှေ့နေတွေရဲ့ အဆိုအရ ဇာနေ့ဗ်ဟာ သူတို့ပုန်းအောင်းနေခဲ့တဲ့ လှေထဲမှာ စာတစောင် ရေးထားခဲ့တယ်လို့ ဆိုပါတယ်။

စာထဲမှာတော့ အမေရိကန်အစိုးရက ကျနော်တို့ရဲ့ အပြစ်မဲ့အရပ်သားတွေကို သတ်နေတယ် ဒီမကောင်းဆိုးဝါးတွေ အပြစ်ပေးမခံရဘဲ ဖြစ်နေတာကို ကြည့်မနေနိုင်ဘူးလို့ ရေးထားတယ်လို့ တရားရုံး စာရွက်စာတမ်းတွေက ဆိုပါတယ်။

DVB

ပျက်ကျ AirAsia ၏ လေယာဉ်အမြီးပိုင်းဟု ယူဆရသည့် အစိတ်ပိုင်း တွေ့ရှိ

Posted by drmyochit Tuesday, January 06, 2015, under | No comments

၂၀၁၄ ဒီဇင်ဘာ ၂၉ ရက်နေ့က အင်ဒိုနီးရှားရေတပ်၏ လေယာဉ်တစီးမှ လေယာဉ်မှူးများ ပျက်ကျ AirAsia ရှာဖွေရေး ပြုလုပ်နေစဉ် (ဓာတ်ပုံ – Reuters / Antara)

ပျောက်ဆုံးနေသည့် AirAsia Flight QZ8501 လေယာဉ်မှ အမြီးပိုင်းဟု ယူဆရသည့် အရာတခုကို အင်ဒိုနီးရှား ရေတပ်ကင်းလှည့် သင်္ဘောတစီးက ဇန်န၀ါရီလ ၅ ရက်နေ့တွင် တွေ့ရှိခဲ့သည်ဟု အဆိုပါ သင်္ဘော၏ ကပ္ပတိန်က ပြောသည်။ လေယာဉ်ပျက်ကျရခြင်း အကြောင်းရင်းကို စုံစမ်းဖော်ထုတ်ရာတွင် အရေးကြီးသည့် Black Box နှင့် ပျံသန်းရေး အချက်အလက်များ မှတ်သားသည့် ကိရိယာတို့ကို လေယာဉ်အမြီးပိုင်းတွင် တပ်ဆင်ထားလေ့ရှိသည်ဟု သိရသည်။
 
“လေယာဉ်ရဲ့အမြီးပိုင်း ဖြစ်နိုင်ခြေ အလွန်များတဲ့ အရာတခုကို ကျနော်တို့ တွေ့ခဲ့ပါတယ်” ဟု ကင်းလှည့်သင်္ဘော၏ ကပ္ပတိန် Yayan Sofyan က သတင်းထောက်များကို ပြောကြားခဲ့သည်။ သို့သော်လည်း အင်ဒိုနီးရှား ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အေဂျင်စီက ယင်းတွေ့ရှိမှုကို အတည်ပြုပေးခြင်း မရှိသေးပါ။ ဇန်န၀ါရီလ ၅ ရက်နေ့က လှိုင်းလေငြိမ်သက် နေသည့်အချိန်တွင် အင်ဒိုနီးရှားရေတပ်မှ ရေငုပ်သမားများက ပျောက်ဆုံးလေယာဉ်၏ အပျက်အစီးများဟု ယူဆရသည့် အရာဝတ္ထုများကို ခွဲခြားနိုင်ရန် လုပ်ဆောင်ရင်း ထိုသို့ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ပျောက်ဆုံးလေယာဉ်၏ Black Box မှ သင်္ကေတ ထုတ်လွှင့် အချက်ပြမှုကိုမူ ရရှိခဲ့ခြင်း မရှိကြောင်းလည်း သိရသည်။
 
ဇန်န၀ါရီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် အလောင်း ၃ လောင်းကို ထပ်မံဆယ်ယူနိုင်ခဲ့သဖြင့် ယခုအချိန်အထိ လေယာဉ်ပေါ်တွင် လိုက်ပါသွားသူ ၁၆၂ ဦးထဲမှ ၃၇ လောင်းကို ပြန်လည်ရရှိခဲ့ပြီး ဖြစ်သည်။ အလောင်းများနှင့် အပျက်အစီးများကို ရှာဖွေနေသည့် လေယာဉ်နှင့် သင်္ဘောများကလည်း ၎င်းတို့၏ ရှာဖွေရေး ဧရိယာကို ပိုမိုတိုးချဲ့ ရှာဖွေခဲ့ကြသည်။
 
အင်ဒိုနီးရှားနိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့ဖြစ်သည့် Surabaya မှ စင်ကာပူသို့ ပျံသန်းထွက်ခွာသွားသည့် AirAsia လေကြောင်းလိုင်းမှ ခရီးစဉ် အမှတ် QZ8501 လေယာဉ်ပျောက်ဆုံးသွားခဲ့သည်မှာ ၁၀ ရက်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည့် ယခုအချိန်တွင် ရှာဖွေရေး ဧရိယာကို ပိုမိုတိုးချဲ့လာခဲ့သည်။ ကမ်းရိုးတန်း ဒေသများတွင်လည်း ရဟတ်ယာဉ်များဖြင့် ရှာဖွေနေကြသည်။
 
ဒီဇင်ဘာလ ၂၈ ရက်နေ့က အဆိုပါလေယာဉ် ပျက်ကျခဲ့ရခြင်းသည် ရာသီအလိုက် ဖြစ်ပေါ်နေသည့် အပူပိုင်း မုန်တိုင်းများကြောင့်လည်း ဖြစ်နိုင်သည်ဟု အင်ဒိုနီးရှား မိုးလေ၀သဌာနက ပြောသည်။ ပြင်းထန်သော ရာသီဥတုကြောင့် ခရီးသည်တို့၏ အလောင်းများကို ရှာဖွေဆယ်ယူရန်နှင့် မည်သည့်အတွက်ကြောင့် လေယာဉ်ပင်လယ်ပြင်တွင်းသို့ ပျက်ကျခဲ့ရသည်ကို ဖော်ပြပေးနိုင်မည့် Black Box နှင့် ပျံသန်းရေး မှတ်တမ်းများကို ရှာဖွေရန် အခက်အခဲ ဖြစ်နေသည်ဟု သိရသည်။
 
အဓိက ဦးစားပေး ရှာဖွေသည့်နေရာသည် ဘော်နီယိုကျွန်း ကမ်းရိုးတန်းမှ ရေမိုင် ၉၀ အကွာတွင် ဖြစ်ပြီး အဆိုပါနေရာတွင် လေယာဉ် အပျက်အစီးများဟု ယူဆရသည့် ကြီးမားသော အရာဝတ္ထု ၅ ခုကို တွေ့ရှိခဲ့ရသည်။ အကြီးဆုံး အရာဝတ္ထုမှာ ၅၉ ပေခန့် ရှည်လျားသည်။ 
 
၎င်းတို့ကို ရေယာဉ်များက ရေတိမ်ပိုင်းတွင် ဆိုနာကိရိယာကို အသုံးပြု၍ ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အရာဝတ္ထုများထဲမှ တခုသည် နစ်မြုပ်နေသော သင်္ဘောတစီး ဖြစ်သည်ဟုလည်း ဇန်န၀ါရီလ ၅ ရက်နေ့တွင် သတင်းများ ထွက်ပေါ်ခဲ့သည်။ ပျံသန်းရေးမှတ်တမ်းတင် ကိရိယာများအားလုံးသည် Airbus အမျိုးအစား လေယာဉ်၏ အမြီးပိုင်းတွင် ရှိနေသော်လည်း ရေ ရေအောက်ကြမ်းပြင်တွင် တွေ့ရှိရသော အပျက်အစီးများထဲတွင် အမြီးပိုင်း ပါဝင်နေခြင်းရှိ မရှိကလည်း မသေချာသေးကြောင်း သိရသည်။  ရှာဖွေရေးတွင် နိုင်ငံအများအပြားမှ ပူးပေါင်းပါဝင်ခဲ့ရာတွင် အမေရိကန်နှင့် ရုရှားနိုင်ငံတို့လည်း အပါအ၀င်ဖြစ်သည်။
 
အင်ဒိုနီးရှား မိုးလေ၀သဌာန၏ ၀က်ဘ်ဆိုက်ဖြစ်သည့် BMKG ၌ ကနဦးဖော်ပြခဲ့သည့် အစီရင်ခံစာတခုတွင် လေယာဉ်က မုန်တိုင်းတိမ်တိုက်များ အတွင်းသို့ တိုးဝင်ပျံသန်းခဲ့ပြီးနောက် ရာသီဥတု အခြေအနေကြောင့် အောက်သို့ ပြုတ်ကျခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဖော်ပြခဲ့သည်။
 
“လေယာဉ်နဲ့ နောက်ဆုံး အဆက်အသွယ် ရရှိခဲ့တဲ့ နေရာနဲ့ပတ်သက်လို့ ရရှိနိုင်သမျှ အချက်အလက်တွေကို အခြေခံပြီး ပြောရမယ်ဆိုရင် ပျက်ကျရခြင်း အကြောင်းတခု ဖြစ်ပါတယ်။ ရာသီဥတုအရ အဖြစ်နိုင်ဆုံး သဘာဝဖြစ်စဉ် အရဆိုရင် လေယာဉ်ရဲ့ ကိုယ်ထည်ပေါ်မှာ စိုထိုင်းအေးခဲမှုကြောင့် အင်ဂျင်ကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါက ရရှိထားတဲ့ မိုးလေ၀သ သတင်းအချက်အလက်တွေကို အခြေခံပြီးတော့ ဆန်းစစ်ထားတဲ့ ဖြစ်နိုင်ချေတွေထဲက တခုပဲဖြစ်ပါတယ်” ဟု အဆိုပါ အစီရင်ခံစာက ဆိုသည်။
ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အေဂျင်စီ အကြီးအကဲ Bambang Soelistyo က ရေငုပ်အဖွဲ့ကို စေလွှတ်ရန်စီစဉ်ထား သော်လည်း ရေအောက်ကြမ်းပြင်တွင် လုံးဝ မှောင်မဲနေသည်ဟု ဇန်န၀ါရီလ ၄ ရက်နေ့တွင် ပြောကြားခဲ့သည်။ ရေစီးကြောင်းကြောင့် အပျက်အစီးများ မျောပါသွားနိုင်သည့်အတွက် ဘော်နီယိုကျွန်းပေါ်မှ မြို့တမြို့ဖြစ်သည့် Pangkalan Bun ၏ အနောက်တောင်ဘက် ပင်လယ်ပြင်တွင် အဓိကထား၍ ရှာဖွေနေခြင်းကို အရှေ့ဘက်သို့ တိုးချဲ့ခဲ့ကြောင်းလည်း သူက ပြောသည်။
 
ရှာဖွေရေးလုပ်ငန်းသည် လေယာဉ်ပေါ်တွင် လိုက်ပါသွားသူများ၏ အလောင်းများကို ပြန်လည် တွေ့ရှိနိုင်ရေးကို ဦးစားပေး ဆောင်ရွက်ခဲ့သည်။ လေယာဉ်ပေါ်တွင် အင်ဒိုနီးရှားနိုင်ငံသား ၁၅၅ ဦး၊ တောင်ကိုရီးယားနိုင်ငံသား ၃ ဦး၊ စင်ကာပူ နိုင်ငံသား ၁ ဦး၊ ဗြိတိန် နိုင်ငံသား ၁ ဦးနှင့် တွဲဖက်လေယာဉ်မှူး ပြင်သစ်နိုင်ငံသား Remi Plesel တို့ လိုက်ပါသွားကြသည်။
လေကြောင်းမှ ရှာဖွေရေးတွင် ပါဝင်ဆောင်ရွက်နေသည့် အင်ဒိုနီးရှား လေယာဉ်မှူး Setiawan က ပင်လယ်တွင်းတွင် မျောပါနေသည့် အလောင်း ၃ လောင်းကို ဇန်န၀ါရီလ ၄ ရက်နေ့ မနက်ပိုင်းက လေယာဉ်ပေါ်မှ မြင်တွေ့ခဲ့ရသည်ဟု အင်ဒိုနီးရှား ရုပ်သံလိုင်းသို့ ပြောဆိုသည်။
 
အင်ဒိုနီးရှား အစိုးရက AirAsia လေကြောင်းလိုင်း၏ ပျံသန်းရေး စည်းကမ်းချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရန် ကတိပြုခဲ့သည်။ ခရီးစဉ် အမှတ် QZ8501 သည် ပျက်ကျခဲ့သည့်အချိန်တွင် ခွင့်ပြုချက်မရှိသည့် အစီအစဉ်ဖြင့် ပျံသန်းနေခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။ ယခုအချိန်တွင် Surabaya-Singapore ခရီးစဉ်ကို ပျံသန်းခြင်းမပြုရန် လေကြောင်းလိုင်းကို တားမြစ်ထားပြီး ဖြစ်သည်ဟု သိရသည်။
သို့သော်လည်း စင်ကာပူ အရပ်ဘက်လေကြောင်း အုပ်ချုပ်ရေး အဖွဲ့ကမူ လေကြောင်းလိုင်း၏ ဇန်န၀ါရီလ ၄ ရက်နေ့ ခရီးစဉ်ကို ၎င်းတို့ဘက်မှ ခွင့်ပြုချက်ပေးခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။ မလေးရှား အခြေစိုက် AirAsia လေကြောင်းလိုင်း အနေဖြင့် စတင်ပျံသန်းရမည့်နေရာမှ ခွင့်ပြုချက်မရှိဘဲ မည်ကဲ့သို့ ပျံသန်းလိမ့်မည် ဆိုသည်မှာ ရှင်းလင်းခြင်း မရှိသေးပါ။
 
ပျံသန်းထွက်ခွာခြင်း မပြုမီ QZ8501 ၏ လေယာဉ်မှူးက မုန်တိုင်းကို ရှောင်ရှားနိုင်ရေးအတွက် သတ်မှတ်အမြင့်ပေ၏ အထက်တွင် ပျံသန်းခွင့်ပြုရန် ခွင့်ပြုချက် တောင်းခံခဲ့သော်လည်း ၎င်း၏ အထက်တွင် တခြားလေယာဉ်များ ရှိနေသဖြင့် ပျံသန်းရန် ခွင့်ပြုချက် မရရှိခဲ့ဟု အင်ဒိုနီးရှား လေကြောင်းထိန်းသိမ်းရေး ဌာန (AirNav) ၏ အဆိုအရသိရသည်။
 
အဆက်အသွယ် ပြတ်တောက်မသွားမီ လေယာဉ်မှူး Iriyanto က မုန်တိုင်း အန္တရယ်ကို ရှောင်နိုင်ရန် လမ်းကြောင်းပြောင်းလဲ ပျံသန်းလိုသည်ဟု ထိန်းချုပ်ရေး မျှော်စင်သို့ ပြောကြားခဲ့သည်။ ထို့နောက် ကွင်းမှ ထွက်ခွာသွားပြီး မိနစ် ၄၀ ကြာသည့် အချိန်တွင် အဆက်အသွယ်အားလုံး ပြတ်တောက်သွားခဲ့သည်။ လေယာဉ်မှူး Iriyanto သည် အတွေ့အကြုံ ရင့်ကျက်သော စစ်ဘက်လေယာဉ်မှူးဟောင်းတယောက် ဖြစ်ကြောင်းလည်း သိရသည်။
 
ကိုးကား – Reuters, Guardian, Daily Telegraph
ဧရာဝတီ

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်