Saturday, March 08, 2014

ခွေးရူးပြန်ရောဂါ သတိထား

Posted by drmyochit Saturday, March 08, 2014, under | No comments

(ခွေးလေခွေးလွင့် မိသားစုတစ်ခုအား တွေ့ရစဉ်။ (ဓာတ်ပုံ-ကြည်နိုင်))
ကောင်းကင်ကြမ်းပြင်ပေါ်မှာ ‘လ’ ကြီးက အဆုတ်နာရောဂါသည်တစ်ယောက် စည်းမဲ့ကမ်းမဲ့ ထွေးချသွားတဲ့ သလိပ်ဖတ်ကြီးလို ၀ါဝါပျစ်ပျစ်ကြီး သာနေတယ်။ ဒီအချိန်မှာ ကိုယ့်အရိပ်ကိုယ် ပြန်လန့်သွားတဲ့ ခွေးတစ်ကောင်က စူးစူးဝါးဝါး ထိုးဟောင်လိုက်တယ်။ အဲဒီခွေးရဲ့ ဟောင်သံက တီးဝိုင်းတစ်ဝိုင်းစဖို့ အချက်ပေးသံ ဖြစ်နေတဲ့အလား ခွေးကြီးခွေးငယ် ခွေးအသွယ်သွယ်တို့ လိုက်ဟောင်ကြလေရဲ့။ ဒီလိုနဲ့ မကြာမီအချိန် အတောအတွင်းမှာပဲ တစ်ရပ်ကွက်လုံးကခွေးတွေ ဟောင်ပြီးသား ဖြစ်နေပြီ။

ဘယ်အရပ် ဘယ်ဒေသက ပြန်လာမှန်းမသိ၊ ဒါမှမဟုတ် ဘယ်အရပ်ဒေသက ရောက်လာမှန်းမသိတဲ့ Overseas ခွေးတစ်ကောင်က Rabies Virus လို့ခေါ်တဲ့ ခွေးရူးပြန်ရောဂါပိုးကို သယ်ဆောင်လာခဲ့တယ်။ အဲဒီရောဂါပိုးဟာ ခွေးထီးကနေတစ်ဆင့် ခွေးမဆီကို လိင်ဆက်ဆံမှုကနေတစ်ဆင့် ကူးစက်ပြီး ခွေးထီးအချင်းချင်းကျတော့ ရန်ဖြစ်ပြီး ကိုက်ကြရာက တံတွေးကနေတစ်ဆင့် ကူးစက်တယ်။

ဒါကြောင့် Rabies Virus ဆိုတာ လိင်တူချင်းဆိုရင် ရန်လိုတဲ့ပုံစံနဲ့ ကူးစက်ပြီး လိင်ကွဲဆိုရင် ချစ်ကြည်ရေးပုံစံနဲ့ ကူးစက်တယ်လို့ အကြမ်းဖျင်းဆိုနိုင်တယ်။ အိမ်မွေးတိရစ္ဆာန်တွေထဲက ကြောင်ကိုပါ ကူးစက်နိုင်တဲ့အတွက် တိရစ္ဆာန်ချစ်သူတွေ ကိုယ်ထိလက်ရောက် မချစ်မိကြဖို့တော့ လိုလိမ့်မယ်။

ကံအကြောင်းမလှလို့ ခွေးရူးကိုက်ခံရပြီ ဆိုပါတော့။ ဘာမှန်းမသိရတဲ့ ‘ကံ’ ဆိုတာကြီးက တော်တော်ဆိုးတာပဲ။ ဒါကြောင့်မို့လို့ ‘ဒါဝင်’ ရဲ့ ‘သဘာဝရဲ့ ရွေးချယ်မှု’ (Natural Selection) ဆိုတဲ့ Survival for the fittest ကို ဆန့်ကျင်ပြီး ဂျပန်ပညာရှင် ‘ခိမုရ’ က Survival for the Luckiest ဆိုတဲ့ Neutral Selection ဆိုတာကြီးကို ချပြခဲ့တာပေါ့။ သြော် ... ‘ကံကောင်းသူများသာ အသက်ရှင်ကြသည်’ ဆိုပါလား။ ဒါပေမဲ့ ခွေးရူးအကိုက်ခံရရုံ သက်သက်နဲ့တော့ ကံဆိုးတယ်လို့ မခေါ်နိုင်သေးပါဘူး။ ခွေးရူးအကိုက်ခံရရင် ခွေးရူးပြန် ကာကွယ်ဆေး ထိုးလိုက်ရုံပဲပေါ့။

အဲ ... “ရုံပဲပေါ့” လို့ ပြောလိုက်တာကတော့ လွယ်တယ်။ ဒါပေမဲ့ ကာယကံရှင် အဖို့မှာတော့ ‘ကံကောင်းခြင်း’ ဆိုတာကြီးကို ငွေနဲ့ဝယ်ရတာဆိုတော့ သိပ်တော့မလွယ်ဘူးပေါ့။ Vero-rab လို့ခေါ်တဲ့ ခွေးရူးပြန်ကာကွယ်ဆေးက အစွမ်းထက်လှပေမယ့် ဈေးကြီးလှတယ်။ ဈေးသက်သာတဲ့ MPF ကာကွယ်ဆေးကလည်း ချက်ပတ်လည်ကို ၁၄ လုံးကြီးများတောင် ထိုးရတာဆိုတော့။ (ကျွန်တော်တို့တောင် အလုပ်သင်ဆရာဝန် ဘ၀က ဘုမသိဘမသိနဲ့ ခွေးရူးပြန်ရောဂါ ရနေတဲ့လူနာကို သွားကိုင်မိလို့ Vero-rab ထိုးလိုက်ရတာ လခခြောက်လစာလောက် ပြုတ်သွားဖူးတယ်) ဒီတော့လည်း ‘အုန်းသီးမန်း’ ကလေးနဲ့ တချို့လည်း ပြီးလိုက်ကြရတော့တာပေါ့။ ဒါပေမဲ့ ခက်တာက virus ပိုးဆိုတာ မန်းလိုက်ရုံနဲ့ ပြေးသွားတဲ့ မကောင်းဆိုးဝါး ငကြောက်ကြီး မဟုတ်ဘူး။

ခွေးရူးပြန်ရောဂါ ဆိုတာမျိုးက ကိုက်ပြီးချက်ချင်း ထဖြစ်တတ်တာမျိုး မဟုတ်ဘူး။ လနဲ့နှစ်နဲ့ ချီကြာပြီးမှ ဖြစ်တတ်တာ။ ရောဂါပျိုးချိန် ကြာတယ်။ တချို့ကိုယ့်ကို ကိုက်သွားတဲ့ခွေးကို အရူးမှန်း၊ အကောင်းမှန်း မသိလို့ “ဒီခွေးဘယ်အချိန် ရူးမလဲ” ဆိုပြီး (ဆေးကလည်း မထိုးချင်တော့) လနဲ့ချီပြီး စောင့်ကြည့်ရတာ အမော။ ‘ယဉ်ယဉ်လေးနဲ့ရူး’၊ အဲလေ ရောဂါနုနေချိန်မှာ အရူးလား၊ အကောင်းလားဆိုတာ ခွဲရအခက်သား။

ခွေးရူးပြန်ရောဂါ ဖြစ်ပြီဆိုမှတော့ အသက်ရှင်ဖို့လမ်းက သိပ်မရှိဘူး။ ဒီတော့ ဘာပဲဖြစ်ဖြစ် ငွေဘယ်လောက်ပဲကုန်ကုန် ခွေးရူးပြန် ကာကွယ်ဆေးကတော့ ထိုးရမှာပဲ။ ‘လူမသေ ငွေမရှား‘ ဆိုတဲ့ စကားပုံကလည်း အရှိသား။

ခွေးရူးပြန်ရောဂါရဲ့ ထင်ရှားတဲ့ လက္ခဏာရပ်ကတော့ Hydrophobia လို့ခေါ်တဲ့ ‘ရေကို အလွန်ကြောက်ခြင်း’ ပါပဲ။ ဒီတော့ မုန့်ဟင်းခါးသည်တွေနဲ့ လက်သုပ်သည်တွေက ‘၀မ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပါစေနဲ့’ လို့ ဆုတောင်းကြသလိုမျိုး ရေသန့်ဘူးရောင်းစားတဲ့ သူတွေနဲ့ ရေခဲရေရောင်းတဲ့ သူတွေကလည်း ‘ခွေးရူးပြန်ရောဂါ မဖြစ်ပါစေနဲ့’ လို့ ဆုတောင်းသင့်တယ်ဆိုပြီး ကြံကြံဖန်ဖန် တွေးကြည့်နိုင်တယ်။

Rabies Virus သယ်ဆောင်ဖြန့်ဖြူးရေး လုပ်ငန်းမှာ အဓိကက ‘ခွေး’ ဖြစ်နေတယ်။ အဲဒီခွေးထဲမှာတောင် အများစုနဲ့ ရောနှောပြီး နေထိုင်ဆက်ဆံရတဲ့ (အဲ ...အပေါင်းအသင်းဆံ့တဲ့) ခွေးလေခွေးလွင့်တွေက အဓိက ဖြစ်နေတယ်ဆိုတာ တွေ့ရှိသွားကြတယ်။ ဒါကြောင့် ခွေးရူးပြန်ရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ခွေးလေခွေးလွင့်တွေခမျာ ပိုင်ရှင်မဲ့တဲ့ပုဒ်မနဲ့ သေဒဏ်ပေးခံ ရတော့တာပါပဲ။ ဒါကြောင့်မို့လို့ ယန်းပေါဆတ်ဆိုတဲ့ တွေးခေါ်ရှင်က ‘လွတ်လပ်မှုဆိုတာ အန္တရာယ်ကြီးတယ်’ လို့ ပြောခဲ့တာကိုး။ Tom and Jerry (ကြောင်နဲ့ကြွက်ကာတွန်းကား) ထဲမှာလည်း ခွေးတွေအတွက် လည်ပတ်ရဲ့ အရေးပါပုံကို ဖော်ပြထားတယ်။

သေဒဏ်ပေးခါနီး အကျဉ်းသားကို လိုရာတစ်ခု တောင်းဆိုခွင့်ပေးတယ် ဆိုတာမျိုး ကြားဖူးတယ်။ ဥပမာ စားချင်တာ စားခွင့်ပြုတယ် ဆိုတာမျိုး။ ဒါကြောင့် ခွေးတွေကို သေဒဏ်ပေးခါနီးမှာ သူတို့အကြိုက်ဆုံးဖြစ်တဲ့ အမဲသားကျွေးတာကတော့ မဆိုးပါဘူး။ ဒါပေမဲ့ ဆိုးတာကတော့ တစ်ခါတစ်လေမှာ ခွေးထက်ငတ်တဲ့ လူတချို့ကြောင့် ခွေးတွေခမျာ သူတို့ဝေစုကို ပြည့်ပြည့်၀၀ မရလိုက်ရှာတာပါပဲ။

ကျွန်တော်တို့ရပ်ကွက်ထဲမှာ ခွေးရူးရှိနေသတဲ့။ ဒီတော့ ကလေးတွေ အပြင်မထွက်ရဲကြဘူး။ ကလေးတွေ မပြောပါနဲ့။ လူကြီးတွေတောင် အပြင်ထွက်ရင် ကျောမလုံဘူး။ ဘယ်အချိန်များ နောက်ကနေ ခွေးရူးက ဘွားခနဲပေါ်လာပြီး ၀င်ဆွဲမလဲရယ်လို့ ရင်သိမ့်တုန်နေရတယ်။ လျှို့ဝှက်သည်းဖိုဝတ္ထု ဖတ်ရသလိုလို၊ သရဲကား ကြည့်နေရသလိုလို။ (မြန်မာသရဲကားတွေကတော့ ကြောက်စရာမကောင်းဘဲ ရယ်ရတယ်)။ အင်း ... သရဲရထားစီးရတာ အရသာရှိတယ်ဆိုရင် ခွေးရူးရှိတာကပဲ အခမဲ့သရဲရထား စီးရသလို နေမှာပဲပေါ့။ ဒါပေမဲ့ ဒီသရဲရထားက တကယ့်အန္တရာယ် ရှိတယ်။

ဒါကြောင့် ခွေးတွေကို အမဲသား ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံဖို့ စီစဉ်ရတော့တာပေါ့။ ညတစ်ည လသာသာမှာ အဆိပ်လူးမြား (အဲလေ ... အဆိပ်လူး အမဲသား) တွေ လိုက်ပစ်ရတော့တာပေါ့။

ဒီလိုနဲ့ Good Morning။ သာယာလှပတဲ့ နံနက်ခင်းလေးတစ်ခုမှာ အမဲသားညစာ သုံးဆောင်ပြီး ကွယ်လွန်အနိစ္စ ရောက်သွားရှာတဲ့ ခွေးရုပ်ကလာပ်တွေကို လိုက်ကောက်ကြရတော့တာပေါ့။ အဲ့ဒီလို လိုက်ကောက်တဲ့အခါ ခွေးအများစုက ပိုင်ရှင်မဲ့ ခွေးလေခွေးလွင့်တွေ မဟုတ်ဘဲ လည်ပတ်အပျံစားတွေနဲ့ ခွေးကြီးခွေးကောင်း သူဌေးခွေးတွေ ဖြစ်နေတာ တွေ့လိုက်ရတယ်။ ခွေးလေခွေးလွင့်တွေခမျာ တစ်နေကုန် မောကြီးပန်းကြီး ရှာဖွေစားသောက်ပြီး ညဥ့်နက်ချိန် အိပ်ပျော်နေကြချိန်မှာ ခြံဝင်းကျယ်ကြီးတွေထဲ တစ်နေကုန် အညောင်းမိနေတဲ့ သူဌေးခွေးတွေက ညဘက်ကျမှ ထွက်ကဲရတာကိုး။
ဒါကိုပဲ ကွန်မြူနစ်ဝါဒ သူငယ်နာမစင်တဲ့ ကျွန်တော့်မိတ်ဆွေကြီး တစ်ယောက်က “စားရတဲ့ခွေး ပိုငတ်တယ်ဆိုတာ ဒါမျိုးပေါ့” လို့ ပျစ်ပျစ်နှစ်နှစ် ဝေဖန်လေရဲ့။


Written by: နရီမင်း
Eleven Media

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်