“အူး….အီး…..အား…အ…အ….အား…အား..အား..အား…အူး…ဝူး…ဝူး….အုအု….အား…”
“ဟားဟားဟားဟား…”
“ဟီးဟီးဟီး…”
တစ်ကိုယ်လုံး တဆတ်ဆတ်တုန်လုမတတ် နာကျင်မှုနေပေမဲ့ အငြိုးတကြီး နှိပ်စက် ထားတဲ့ ဒဏ်ကြောင့် စူးစူးဝါးဝါးအော်လိုက်တဲ့ အသံက လည်ချောင်းထဲကနေ အပြင်ထွက်လာသလား၊ မထွက်လာဘူးလေားဆိုတာကိုတောင် ခန့်မှန်းလို့မရတော့။ နာလှချည် ရဲ့ မေမေ…။
“ဟေ့ကောင် ဗမာစစ်ဗိုလ်…၊ ပြောလေကွာ။ မင်းတို့တပ်တွေ ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ..။ ဒီကောင် တော်တော်ခေါင်းမာတဲ့ ကောင်ပဲကွ…”
ငါဟာ တပ်မတော်သား၊ ငါဟာ တပ်မတော်အရာရှိတစ်ယောက်၊ DSA Never Surrender ကွ…၊ သတ်ပစ်လိုက် ဘယ်တော့မှ မပြောဘူး ဆိုတဲ့စကားတွေ က နုတ်ခမ်းဖျားကထွက်ကျမလာနိုင်ပေမဲ့ နောက်ဆုံးအချိန်ကို စောင့်နေတဲ့ မျက်လုံးတွေထဲမှာ သစ္စာ တရားနဲ့ ခံစားချက်တွေကို တရိပ်ရိပ်ဖေါ်ပြနေလေရဲ့…။
“ညီလေး…ခေါင်းမမာပါနဲ့ကွာ။ လူ့ဘဝဆိုတာ ရခဲတယ်နော်…။ မင်း ငါတို့မေးနေ တာကို အေးအေးဆေးဆေးဖြေပြီး ငါတို့နဲ့ ပူး ပေါင်းလိုက်စမ်းပါ။ မင်းအသက်ရှင်ဖို့ ငါတို့ လုံးဝတာဝန်ယူတယ်။ မင်းကို ငါတို့ဆီမှာ အရာရှိ ပြန်ခန့်မယ် ကွာ။ ကဲ… ခေါင်း မမာနဲ့တော့နော်။ မင်းကိုလည်း ဘယ်သူမှ လာကယ်နိုင်တော့မှာ မဟုတ်ဘူး။ ပြော… ညီလေး…ပြော။”
ခံစားချက်မဲ့ မျက်လုံးကြီးတွေနဲ့ ပြန်ကြည့်လိုက်တဲ့ ငါ့ရဲ့ အကြည့်တွေက သူတို့ဒေါသကို ပိုပြီးဆူလောင်ပေါက်ကွဲစေမယ်ဆိုတာ ငါသိတာပေါ့။ ဒါပေမဲ့ ငါ… တစ်ခါပဲ အသေခံတော့မယ်…။
“ဒီလောက်တောင်ခေါင်းမာတဲ့ကောင် လှီးစမ်းကွာ ပေါင်သားတွေကို၊ အေး… ဗမာစစ်ဗိုလ်သားကို အရက်နဲ့မြည်းကြတာပေါ့ကွာ”
တစ်ကိုယ်လုံး အကြားအလပ်မရှိ လူမဆန်တဲ့နည်းတွေနဲ့ စိတ်ကြိုက်နှိပ်စက်လို့ အားမ ရနိုင်သေးတဲ့ လူစိတ်ပျောက်နေတဲ့ ရန်သူ ရဲ့ ဓားချက်တွေက ငါ့ရဲ့ ခြေသလုံး၊ ပေါင်၊ ဝမ်းဗိုက်တွေအပေါ်ကို ငါးခူဆားလှမ်းခါနီးဓားနဲ့မွှန်းသလို ဟက်ခနဲ ပက်ခနဲ၊ တစ်ခါ မွှန်းလိုက်တိုင်း ရဲခနဲ၊ ပွက်ခနဲ ပွင့်အန်ထွက်ကျလာတဲ့သွေးတွေနဲ့အတူ တစ်ဝက် တစ်ပျက်လွင့်မျောနေတဲ့ ဝိဉာဉ်က သစ္စာလေး ချက်ကို ပီပီသသ ရွတ်ဆိုနေလေရဲ့။
“ငါတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိ ရိုသေပါမည်၊
ငါတို့သည် ကျဆုံးလေပြီးသော တပ်မတော်သားတို့၏ သစ္စာကို စောင့်သိ ရိုသေပါမည်၊
င့ါအား အထက်မှပေးအပ်သော အမိန့်နှင့်တာဝန်ကို ကြေပွန်စွာ ထမ်းဆောင်ပါမည်၊
ငါ့နိုင်ငံတော် ငါ့နိုင်ငံသား ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏…။”
“အား….အ..အ…အား….အူး………..အီး….”
အငြိုးကြီးလှတဲ့ ဓားချက်တွေ၊ ဘယ်နှချက်မှန်း မမှတ်မိတော့။ သိမ်ငယ်စိတ်၊ ရန်လိုမုန်း တီးမှု၊ အမုန်းတရားနဲ့ ပိတ်လှောင်ခံထားရ တဲ့ နှလုံးသားတွေမှာ စာနာမှုဆိုတာ နတ္ထိ။
“ပြောလေကွာ၊ ဟေ့ကောင် ဗမာစစ်ဗိုလ်၊ ဘာတဲ့…DSA Never Surrender… ဟုတ်လား၊ ဟားဟားဟား…”
အမုန်းတရားနဲ့ လည်နေတဲ့မျက်လုံးတွေက ဆေးကြောင်နေတဲ့မျက်လုံးတွေလို၊ စိတ္တဇလူသတ်သမားတစ်ယောက်လို…။
“ဟာ…လှီးပါဆို ဘယ်လိုလှီးနေတာလဲ၊ မင်းအမေလင်မဟုတ်ဘူးကွ၊ ဖယ်စမ်း… ဒီဗမာ စစ်ခွေးကို ဒီလိုလှီးရတယ်.. တွေ့လား …အော်လေကွာ၊ မင်းတို့ စစ်တပ်က သင်ပေး ထားတဲ့အတိုင်း အော်လိုက်စမ်းပါဦး…၊ ဟားဟားဟား …ဟားဟားဟား..ဟားဟား ဟားဟား…ဟားဟားဟားဟားဟား…..”
နာကျင်လွန်းလို့ ငြီးတွားလိုက်တဲ့ အသံက ရယ်သံတွေအောက်မှာ ပျောက်သွားတယ်။ သတ်လိုက်ပါတော့ကွာ…။
“ဟားဟား…ဗမာကောင်၊ မင်းကို သတ်စေချင်နေပြီ မဟုတ်လား၊ အေး သတ်မှာပါကွာ၊ စိတ်ချ သတ်ပေးမယ်၊ ဒါပေမဲ့ အခုတော့ မဟုတ်ဘူး။ မင်းကို စိတ်တိုင်းကျ နှိပ်စက်ပြီးမှ သတ်မယ်…ဟီးဟီးဟီး..ဟုတ်ပြီလား၊ ငါတို့တော်လှန်ရေးတပ်တွေရဲ့ စွမ်းရည်ကို မင်းလို ဗမာ စစ်ခွေးတစ်ယောက် မသေခင် အဝမြည်းစမ်း သွားနိုင်အောင် နှိပ် စက်ပေးရ ဦးမယ်လေကွာ…၊ ဟီးဟီးဟီး… ဟားဟား ဟား ဟား ဟား … ဟေ့ကောင်၊ ဗမာစစ်ခွေး ကြောက်နေပြီလားကွ…။”
ရန်သူ့ကျော့ကွင်းထဲဝင်တိုးမိသွားတဲ့ ငါ့တပ်စု၊ ရန်သူ့လက်ယှက်ထိုး ပစ်ခတ်မှုအောက်မှာ ငါ့စစ်သည်တွေ ငါ့ရှေ့မှာ တစ်ယောက် ချင်းကျ…၊ ရင်ထဲကို ဓားဦးချွန်နဲ့ တမျှင်းမျှင်းထိုး ဆွလိုက်သလို နာကျင်လှချည်ရဲ့…။ ခွင့်လွှတ်ပါရဲဘော်တို့…။ အရပ် မျက်နှာစုံက ပလူပျံလွင့်ထွက်လာတဲ့ ရန်သူ့ကျည်တွေထဲက တစ်တောင့် ငါ့ညာဘက်ပခုံး ကို ဖေါက်ထွက်သွားခဲ့တဲ့အချိန်၊ တဖြည်းဖြည်း သွေး ထွက်များလာ၊ နီးစပ်ရာလျှိုထဲကို လှိမ့်ချ။
သွေးကမတိတ်၊ သွေးနံ့ရလို့ တဖြုတ်ဖြုတ် ပြုတ်ကျလာတဲ့ ဒက်တွေက ဒဏ်ရာပေါ် မှာ ခွေးဘုရားပွဲတွေ့သလို ပွဲတော်တည်နေကြ လေရဲ့။
ဒီအတိုင်းဆို သွေးထွက်လွန်ပြီး တောထဲမှာ အချည်းနှီးသေတော့မယ် …… မဖြစ်ဘူး။ တိုက်ပွဲဖြစ်တဲ့နားက ရွာကလေးကို ပြန်သွားမှ..။ အဲဒီမှာ အနူးတို့ရှိတယ်လေ။ ငါ့ကို ဆေးရုံလိုက်ပို့ကြမှာပါ။ မာရ်နတ်တောင် ဆေးချယ်ထားသလောက် အရုပ်ဆိုး တာမှ မဟုတ်ဘဲ လူတိုင်း အမုန်းတရားနဲ့ ပိတ်လှောင်နေတဲ့သူတွေချည်း မဟုတ်ပါဘူး။ ငါဒီရွာလေးကို သံယောဇဉ်ရှိသလို ဒီရွာ လေးကလည်း ငါကို သံယောဇဉ်ရှိမှာပါ။
မျှော်လင့်ချက်တွေ တစ်ပွေ့တစ်ပိုက်ကြီး ထွေးပိုက်ရင်း ရွာကလေးကို တောလမ်းလေး အတိုင်း ခြုံတွေကြားထဲက တိုးပြီး ချည်း ကပ်လာမိတယ်။ ပြုတ်ထွက်လုမတတ် နာကျင် လှတဲ့ ညာဘက်လက်ကဒဏ်ရာကို သည်းခံရင်း ကျိုးစားတက်ခဲ့တယ်။ ကမ္ဘာကြီး တစ်ခုလုံး ချာချာလည်နေသလား ထင်မှတ်ရလောက်အောင် မူးဝေနေမိတယ်။
ရွာစပ်ကိုရောက်တော့ ကံကောင်းထောက်မစွာ အနူးသားလေးကို မြင်လိုက်ရတယ်။ အနူးသားက ငါ့ကိုမြင်တော့ အံ့သြထိတ် လန့်စွာနဲ့ လှမ်းကြည့်တယ်။ ပြီးတော့ မကြာပါဘူး ငါ့ကိုယောက်ကျားကြီး နှစ်ယောက် လာတွဲခေါ်ကြတယ်။
အနူးအိမ်အရောက် မှာ သူတို့ ငါ့ကို ဘယ်လိုပို့ကြမလဲဆိုတာ တိုင်ပင်နေကြတယ်။
ဒါပေမဲ့၊ ဒါပေမဲ့… ကံကြမ္မာက သူတို့ထင်သလောက်၊ သူတို့မျှော်လင့်ထားသလောက် မျက်နှာသာမပေးခဲ့ပါဘူး။ ငါ့ကို အနူးသား နှစ်ယောက်တွဲလာတဲ့အချိန်မှာပဲ ငါတို့ကိုမြင် သွားတဲ့ ရွာထဲက လူငယ်တစ်ယောက်ဟာ ရွာအစွန်ဘက်ကို ခပ်သုတ်သုတ် အပြေး ကလေးထွက်သွားတယ်။ ပြီးတော့ အိတ်ထဲမှာ အသင့်ပါလာတဲ့ Mobile Phone ကို ထုတ်ပြီး ရန်သူ့ဆီဖုန်းဆက်လိုက်တယ်။
အမုန်းတရားတွေနဲ့ နီမြန်းနေတဲ့မျက်နှာတွေ၊ စကားတစ်ချက်မှားတာနဲ့ အချိန်မရွေး လူတစ်ယောက်ရဲ့ အသက်ကို ဇိဝိန်ချွေချ ပစ်လိုက်နိုင်တဲ့ သေနတ်ပြောင်းတွေကြားမှာ အနူးတို့မိသားစုရဲ့ မေတ္တာတရားဟာ ဆက်လက်ရှင်သန်ခွင့်မရတော့ပါဘူး။
အနောက်ဘက်က တိမ်တိုက်တွေ တလိမ့်လိမ့်တက်လာတယ်။ ညို့နေတဲ့မိုးက တဖွဲဖွဲကျ လာတယ်။ ဘာမှ စောဒက မတက်ရဲ တော့တဲ့ အနူးမျက်ဝန်းမှာ မျက်ရည်စတွေနဲ့…။ ဝင်းလက်တောက်ပတဲ့ လျှပ်တစ်ပြက်မှာ ဂျိမ်းခနဲ မိုးခြိမ်းသံကျယ်ကျယ် လောင် လောင် တစ်ချက်ကြားလိုက်ရတယ်။
သားရေ….အနူးတို့ကို အထင်လွဲသွားလေမလား၊ အနူးတို့က သာမန်ပြည်သူတွေ ပါကွယ်၊ နီးရာဓား ကြောက်နေရတဲ့သူတွေပါ ကွယ်။ အနူးတို့ မေတ္တာတရားကိုတောင် ငါ့သား ခံစားခွင့်မရတော့ဘူးလား၊ ဒါဟာ မေတ္တာတရားပါ၊ ဒါဟာ ခွင့်လွှတ်ခြင်းပါ။ အငြိုး အဃာတ မိုးစက်တွေက အနူးတို့ မေတ္တာတရားကို ဆက်ပြီး ရှင်သန်ခွင့်မပေးတော့ဘူး လား။ သားရေ ကောင်းကင်ဘုံမှာ ဒါမှ မဟုတ် ငါ့သားယုံကြည်တဲ့ ဘုံဘဝတစ်ခုခုမှာ အနူးတို့မေတ္တာကို ငါ့သားဆက်လက် ခံစားနိုင်ပါစေ သားရေ၊ ဒါဟာ မေတ္တာစစ်ပါ ကွဲ့။ ဒါဟာ ယုဒရဲ့အနမ်းမဟုတ်ပါဘူးကွဲ့၊ အို…အဖ ကယ်တင်တော်မူပါ….။
“ကိုယ်တော် သူတို့ကို ခွင့်လွှတ်ပါ။ ချစ်ခြင်းမေတ္တာ အကြောင်းကို သင်ကြားပေးပါ။ ချစ်ခြင်းမေတ္တာအကြောင်း သူတို့ကို သင် ကြားပေးဖို့ သားသမီးတို့ကို ခွန်အားပေး သနားတော်မူပါ။ ကိုယ်တော် အသက်သွေးနဲ့ဆေးကြောကယ်တင်ပေးခဲ့တဲ့ အပြစ်သား တွေကို ကိုယ်တော့်ခွင့်လွှတ်ခြင်းမေတ္တာ ထင်ရှားစေခြင်းငှာ ကိုယ်တော်ဘုန်းကျက်သရေနဲ့ မေတ္တာပြပါ။ အာမင်……….”
တစ်ချက်တစ်ချက် သစ်ပင်တွေက ရိပ်ခနဲ ရိပ်ခနဲ၊ တိရိစ္ဆာန်တစ်ကောင်လို တရွတ်တိုက် ဆွဲလာတဲ့နောက်မှာ တစ်ကိုယ်လုံး ကိုက်ခဲနာကျင်နေပေမဲ့ မကြာခင်မှာ အဆိုးရွားဆုံး လူမဆန်မှုတွေနဲ့ ကြုံတွေ့ရတော့မယ်ဆိုတာ ငါရိပ်မိနေခဲ့တယ်။
သေခြင်းတရားဆိုတာ ဘာဆန်းလို့လဲကွယ်၊ စစ်သားတစ်ယောက်ဖြစ်လာပြီးမှ စစ်တိုက် ရင်းသေရတာ ဘာဆန်းလို့လဲ။ ဒါပေမဲ့ ရန်သူကို ရင်ဆိုင်တိုက်ခိုက်ရင်း သာ သေလိုက် ချင်ပါရဲ့..။ ငါ အခု ရန်သူ့ညှင်းပန်းနှိပ်စက်မှုခံရပြီးမှ သေရတော့မယ်။ တပ်မတော် သားတစ်ယောက် သစ္စာ၊ တပ်မတော်အရာရှိတစ်ယောက်ရဲ့ ကျင့်ဝတ်သိက္ခာတွေကို ငါ့ရဲ့နောက်ဆုံးအချိန်အထိ မကျိုးမပေါက် အောင် ငါထိန်းသိမ်းစောင့်ရှောက်ရမယ်။
ငါဟာ လူတစ်ယောက်ပါ၊ လူတစ်ယောက်လိုချစ်တတ်တယ်၊ လူတစ်ယောက်လို တွယ်တာတတ်တယ်၊ ငါ့မိဘကို ချစ်တယ်၊ ငါ့ ချစ်သူကို ချစ်တယ်၊ ငါ့အသားကိုထိရင် နာတတ်တယ်၊ ငါမသေချင်သေးဘူး၊ ငါ့ကိုချစ်တဲ့ သူတွေနဲ့ နေချင်သေးတယ်၊ ငါ့မိဘ နဲ့ တွေ့ချင်တယ်၊ ငါ့ချစ်သူနဲ့ လက်ထပ်ချင်တယ်၊ ချစ်သောသူတို့နဲ့ အတိုင်းအတာ တစ်ခု အထိနေခွင့်ရပြီးမှ ငါသေချင်တယ်၊ ဒါပေမဲ့ ငါနေခွင့်မရတော့ဘူး။ ငါတစ်ယောက်တည်း ဒီအဖြစ်မျိုးကြုံရတာမဟုတ်ဘူး။ ငါ စစ်သား၊ ငါ စစ်ဗိုလ်၊ ငါဟာ တပ်မတော်သား ဗိုလ်ဇော်မျိုးထက်…ဟေ့းးးးးးးးးးးးးးးးးးးးး DSA Never Surrender ကွ။
“ဟေ့ကောင်… ပြောလေကွာ ဗမာစစ်ခွေး၊ မင်းတို့တပ်တွေ ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိ လဲဆိုတာ…”
“တော်တော် ခေါင်းမာတဲ့အကောင်ပါလားကွ၊ လူကလေးက ကြည့်တော့ အခုမှ လူဖြစ် မယ်ကြံခါရှိသေးတယ်၊ ကဲ တစ်ချက် နှစ်ချက်လောက် ကျွေးလိုက်ပါဦးကွာ…”
“အ…အ…အား……အား……အား… အီး….”
ကဲ..မင်းတို့လက်ခုပ်ထဲက ရေပဲကွာ၊ မင်းတို့သွန်ချင်သလိုသွန်၊ မှောက်ချင်သလိုမှောက်၊ နာကျင်လွန်းတော့ အသံက အပြင် မထွက်တော့ဘူး။ တစ်ကိုယ်လုံး ထုံကျင်ကိုက်ခဲ …ဝေဒနာနဲ့ တဏှာလည်း မခွဲခြားနိုင်တော့ပါဘူး မေမေ၊ တစ်ကယ်ဆို သား တစ်ကိုယ် လုံး မခံမရပ်နိုင်အောင်နာကျင်နေပါပြီ၊ ခံနိုင်ရည်မရှိနိုင်တော့လောက်အောင် သားနာ ကျင်နေပါပြီ။ မေ့မေ့ရင်ခွင်ထဲမှာ မှေးစက်ပြီး တဒင်္ဂလောက်ဖြစ်ဖြစ် သားအနားယူချင် လိုက်တာ၊ သားစိတ်တွေကို လျှော့ချပစ်ချင်လိုက်တာ။
ဒါပေမဲ့ မေ့မေ့သား ဟာ ဆယ်တန်းကျောင်းသားလေး ဇော်မျိုးထက် မဟုတ်တော့ ဘူးမေမေ။ သားစိတ်တွေ လျှော့ချပစ်လို့မရဘူးလေ၊ အသည်းခိုက် အောင် နာကျင်လှပေ မဲ့ တပ်မတော်သားတစ်ယောက်ရဲ့ သစ္စာတရားကို သားစောင့်ထိန်းရမယ်၊ မေမေရယ် ဒီအဖြစ်ဆိုးမျိုးဟာ မေ့မေ့သားတစ်ယောက်တည်းကြုံရတာမဟုတ်ပါဘူး။ မေမေတို့ သားတို့ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တွေကစလို့ ခေတ်အဆက်ဆက် တပ်မတော်သားတွေ ကြုံခဲ့ကြရတာလေ။ မေမေ့ရင်ခွင်မှာ နားခိုခွင့်မရတော့လောက်အောင် ခေါင်းမာခဲ့တဲ့ သားကို ခွင့်လွှတ်ပါ မေမေ၊ သား မေမေ့ကိုချစ်တယ်…..။
တစ်ကိုယ်လုံးကို ဓားနဲ့မွှမ်းထားမှတော့ ငါ ဘယ်နားကနာရမှန်းမသိတော့ဘူး။ တစ်ချက် တစ်ချက် နံကြားကိုဆောင့်ဝင်လာတဲ့ ကန်ချက်တွေ၊ အားရအောင်နှိပ်စက် ထားတဲ့ မျက်နှာကို လွှဲရိုက်လိုက်တဲ့ ရိုက်ချက်တွေ၊ တတိတိ မျှင်းပြီး လှီးနေတဲ့ ဓားချက်တွေက ငါ့မာနနဲ့ သစ္စာတရားကို မချိုးဖျက်နိုင်ခဲ့ပါဘူး။
စကြဝဠာကြီးခိုက်အောင် နာလှချည်ရဲ့ မေမေ၊ ဒါပေမဲ့ မေမေ့သားဟာ စစ်သား တစ်ယောက်ပီသစွာ ကျဆုံးသွားခဲ့ရတယ်ဆိုတာ မေမေ ဂုဏ်ယူလိုက်ပါ…။
သွေးစတွေနဲ့ ဝေဝေါးနေတဲ့ ငါ့မြင်ကွင်းမှာ ခရမ်းဖျော့ရောင်အမျှင်တန်းတွေ လွင့်ပျံ့နေ တယ်။ ဟော…တိမ်တိုက်တွေ တရွေ့ရွေ့ နောက်က ကြည်ပြာရောင် ကောင်းကင်ကြီး မှာ ငှက်ကလေးနှစ်ကောင်၊ စမ်းရေစီးသံက သိင်္ဂါရ ဂီတပေါ့ကွယ်။ ငါ ကြိုးစားပြီး အသံ ထွက်ကြည့်တယ်…. ငါ……ငါ…… ငါ့အသံ……တွေ အော်လို့မရတော့ဘူး ချစ်သူ၊ ငါ့ အမြင်တွေလည်း မှုန်ဝါး၊ မြင်ကွင်းက မသဲကွဲ၊ အိုး အရှင်လတ်လတ်ငရဲကျတယ်ဆိုတာ ဒါလား၊ “လာဟေ့… နိဗ္ဗာန်ဖြစ်ဖြစ်၊ ငရဲဖြစ်ဖြစ် ဒို့နှစ်ယောက် ခုန်ချကြမယ်…” ကဗျာတစ်ပိုင်း တစ်စကလေးတောင်မှ ကျိုးအက်ကွဲကြေ……။
အာစေးထည့်ထားသလို ဆွံ့အနေတဲ့ ငါ့နုတ်ခမ်းတွေ၊ ချစ်သူရေ……… အတွေးထဲမှာ နင်ရယ်၊ ငါရယ်၊ ပြီးတော့ စိတ်ကူးထဲက သားသား မီးမီးလေးရယ်၊ ငါက သားလေး ကို မွှေ့ချီမြှောက်ကစား၊ ငါ့မျက်နှာသားလေး ရှုရှုပန်းချတော့ နင်ကတဟားဟား။ လော ကီ ထုပ္ပတ် လူတို့ဇာတ်ဆိုတာ ပန်းတွေနဲ့ဆောက်ထားတဲ့ နန်းတော်ကြီးမှ မဟုတ်တာ ချစ်သူရယ်။
“ခွေးမသား စစ်ခွေး…ကဲကွာ၊ ကဲကွာ…” ဆိုပြီး သုံးလေးချက်လောက် ဆောင့်ကန်ပြီး တာနဲ့ မျက်နှာပေါ်ကို နံစော်နေတဲ့ အရည် တချို့ကျလာတယ် ငါသိလိုက်တယ်။ ဒါဟာ သားလေးရဲ့ ရှုရှုးတွေ မဟုတ်ဘူးလေ။ ညစ်ပတ် စုတ်ပြတ်လွန်းတဲ့ တိရိစ္ဆာန်သာသာ လူရိုင်းတွေရဲ့ ယုတ်မာမှုတစ်ခုပေါ့။ ဒါဟာ မင်းတို့ရဲ့အောင်ပွဲလို့ ထင်နေတဲ့ မင်းတို့ရဲ့ ယဉ်ကျေးမှုကို ထင်ဟပ်ဖေါ်ပြလိုက်တဲ့ ရိုင်းစိုင်းမှုဆိုတာ မင်းတို့ကိုယ်တိုင်သိနိုင်လောက် တဲ့ အသိဥာဏ်မရှိတာ သနားလိုက်တာကွာ။
ငါက သေလူပါ။ ငါ ဘာမှ ထပ်မ ဖြစ်တော့ ဘူး။ မင်းတို့လုပ်ရပ်အတွက်၊ မင်းတို့ရိုင်းစိုင်း မှုအတွက် လောကက ဒဏ်ခတ်တာကို ခံနိုင်အောင်သာ ကြိုးစားပါ။
သံသရာက အရှည်ကြီးပါ ချစ်သူ၊ နင့်ကို ငါချစ်တယ်၊ နင်ကလွဲလို့ ဘယ်မိန်းကလေးကိုမှ ငါမချစ်ခဲ့ပါဘူးဟာ..။ ဒီလိုပဲ နင်ငါ့ကို ချစ်တယ်ဆိုတာလည်း ငါအကြွင်းမဲ့ ယုံပါတယ်။ ငါနဲ့ လက်ထပ်ပြီး တပ်မှာလိုက်နေရင် နင်ပင်ပန်းမှာနော်၊ စစ်တပ်ဆိုတာ စည်း ကမ်းတင်း ကြပ်တယ်ဟ လို့ ငါကနင့်ကိုပြောတော့ နင်ငါ့ကို “မောင်ရှေ့ကို တည့်တည့်လျှောက် ရင်…မေလည်းမောင့်လိုပဲ လျှောက်မယ်မောင်ရေ…” ဆိုတဲ့ သီချင်းလေး ညဉ်းပြ တယ်နော်။
အရမ်းချစ်တယ် ချစ်သူရယ်၊ ငါ့ကို နင်ခွင့်လွှတ်နားလည်ပေးပါ။ နင် တပ်မတော်သား တစ်ယောက်ကို ချစ်တယ်ဆို၊ ငို…ငို… ငိုလိုက်လေ…၊ အောင့်မထားနဲ့ နင်ငိုချလိုက်ပါ။ နင် ငိုမချလိုက်ဘဲ တစ်ခုခုဖြစ်သွားမှာ ငါရန်သူအသတ်ခံရတာထက် ကြောက်ပါ တယ် ဟာ…။
နင့်ကိုငါ စကားပြောဖို့ ကျိုးစားပေမဲ့ အသံမထွက်တော့တာကို ခွင့်လွှတ်ပါ ချစ်သူ၊ “မျက်ဝန်းများနဲ့ ပြောပါ… ဒါအလှ ဆုံး စကားထက် ပိုပြီး သန့်စင်တယ်…” တဲ့။ ငါ နင့်ကို မျက်ဝန်းတွေနဲ့တောင် ပြောနိုင်ခွင့်မရှိတော့ပါဘူး ချစ်သူ၊ ငါ့စိတ်… ငါ့နှလုံး သား… ဖမ်း ယူပွေ့ဖက်… နောက်ဆုံးအနမ်းတစ်ချက်…၊ ပြီးတော့ နင်… နင့်အပေါ် ကြင်နာနိုင်မယ့် သူ၊ နင့်ကို ချစ်တဲ့သူနဲ့ ဘဝခရီး ကို ဆက်လျှောက်ပါ…။ မငိုနဲ့တော့နော်…၊ နင်ဟာ စစ်သားတစ်ယောက်ရဲ့ ချစ်သူလေ…။ နင် ငါ့ကို ချစ်တယ်ဆို…။ ငါ့ကို ချစ်ရင် ငါ့စကားနားထောင်ပါဟာ…။ ဘဝကို အဓိပ္ပာယ်ရှိရှိ ဆက်လျှောက်ပါ…။ နင့်ကို ငါချစ်တယ်…….။
“ငယ်က ကြင်မြတ်၊ မိသက်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ။” (မင်းသုဝဏ်)
သွေးတွေ၊ အညစ်အကြေးတွေ၊ ဖုန်မှုန့်တွေ အလိမ်းလိမ်းကြားက ငါ အားယူပြီး ကြည့် လိုက်တယ်။ အိုး…ငါ သိပ်ကြိုက်တဲ့ Brave Heart ဇာတ်ကားထဲက မင်းသားဝီလျှံရဲ့ ချစ်သူ လူအုပ်ကြားထဲမှာ ပေါ်လာသလိုမျိုး… ချစ်သူမျက်နှာကို ခပ်ရေးရေး မြင်လိုက်ရ တယ်။ ငါ့လည်ပင်းပေါ်ကို ကျလာတဲ့ဓားချက်က ရုပ်ရှင်ထဲကလို ဝီလျှံ့လည်ပင်းပေါ် ရိပ်ခနဲမြောက်တက်သွားတဲ့ ပုဆိန်ချက်လို မဟုတ်ဘူး။
အငြိုးအတေးနဲ့ ဓားချက်တွေ …. ဓားချက်တွေ… တစ်ချက်တည်းနဲ့ ပြတ်မသွားအောင် ရည်ရွယ်ချက်ရှိရှိနဲ့ တတိတိလှီးဖြတ်နေတဲ့ ဓားချက်တွေ….အချက်ပေါင်းများစွာ လူးလာ ဆန်ခတ်…ခေါက်ပြန်ပြေးလွှား၊ အမုန်းတရားတွေ၊ အာဃာတတွေ၊ အစွန်းရောက် ရိုင်းစိုင်းကြမ်းကြုပ်မှုတွေ…… နာကျင်မှုထက် နာကျည်းမှုကို လက်ယပ်ခေါ်နေတဲ့ ဓား ချက်တွေ…၊ ငါ့ရဲ့ မချိမဆန့်အော်ဟစ်ငြီး တွားမှုတွေ မထွက်ထွက်လာအောင် အစွမ်း ကုန် ရက်စက်ပြီး ငါ့အော်သံနဲ့ ပွဲတော်ညကျင်းပနေကြတဲ့ တဟီးဟီး တဟားဟား ရယ်သံတွေ၊ ငေါက်ခနဲ ငေါက်ခနဲ ပန်းထွက်လာတဲ့ သွေးတွေ၊ ဆတ်ခနဲ ဆတ်ခနဲ အကြောဆွဲတုန်ခါသွားတဲ့ လည်ပင်းကြောကြီး တွေ၊ လက်ဆစ်ရိုးတွေ ကျိုးကြေမတတ် ကျစ်နေအောင်ဆုပ်ထားတဲ့ ငါ့လက်သီးတွေ၊ အပေါ်အောက်သွားတွေ ကြေမွသွား မတတ် အံကြိတ်ထားတဲ့ ငါ့မျက်နှာ၊ ပြီးတော့ တဆတ်ဆတ်တုန်ပြီး တဖြည်းဖြည်း ငြိမ်သက်သွားတဲ့ အသက်မဲ့ပေမဲ့ သစ္စာတရား မမဲ့တဲ့ ငါ့ခန္ဓာကိုယ်…။
အဲဒီခန္ဓာကိုယ်ကို ရပ်ကြည့်နေမိတဲ့ငါ့ကို တစ်စုံတစ်ယောက်က ပခုံးလာဖက်ရင်း လက်ထဲကို MA တစ်လက်၊ ငါ့ ပစ္စတိုအိတ်ထဲကို ပစ္စတိုတစ်လက် ထိုးထည့်ပေး လိုက်တယ်။ “သွားရအောင် ညီလေး…” တဲ့။ ငါ့ နောင်တော်ကြီးအစ်ကိုကြီး ကျော်စွာ…။
ခေါင်းတစ်ချက် ဆတ်ခနဲငြိမ့်ပြလိုက်တယ်။ ဟို အဝေးကို လမ်းကြည့်လိုက်မိတယ်။ တိမ်တွေလွင့်နေတယ်။ အလင်းတန်းတွေက ပြေးကစားနေကြတယ်။ ခရမ်းရောင်၊ ကြည်ပြာရောင်၊ ပန်းနုရောင်၊ ပြီးတော့ အနီရဲရဲ နောက်ခံနဲ့ ကောင်းကင် ကွင်းပြင်ကြီး…။
မောက်တို၊ မောက်ရူတွေနဲ့ ရှေးမြန်မာ့ စစ် သည်တော်တွေ၊ အမြောက်၊ မြတပူ၊ စိန်ပြောင်းတွေ၊ တိုက်ဆင်တွေ၊ မြင်းတွေ၊ စည် တွေ၊ မောင်းတွေ၊ သေနတ်တွေ၊ ဓား၊ လှံ၊ လေး၊ မြားတွေ၊ ဓားမတွေ၊ ပုဆိန်တွေ၊ တူတွေ၊ သံချွန်တွေ၊ လွှတွေ၊ မိုးကာတွေ၊ ကြေး အိုးတွေ….။
တိုက်ပွဲဝင်မယ့်ဆင်တွေက နှာမောင်းတွေ မြှောက်မြှေက်ပြီး စစ်ဟန်ရေးပြလို့၊ လည်ဆံ ဖွား စစ်မြင်းတွေ၊ ကြေးနီရောင် အသားနဲ့ မြန်မာရဲမက်တွေ။
အကြည့်ကို ရွှေ့လိုက်တယ်။ အင်္ဂလိပ်ရိုင်ဖယ်တွေ၊ ဘရင်းဂန်းတွေ၊ စတင်းဂန်းတွေနဲ့ စစ်သည်တွေပါလား။ သူတို့နဲ့ယှဉ်လျက် စစ်သည်တွေကို ကြည့်လိုက်တော့ စုတ်ပြဲနေတဲ့ ယူနီဖေါင်းတွေနဲ့ G3/ G4 ကိုင်ထားတဲ့စစ်သည်တွေ၊ ဘေးမှာ စက်လတ်တွေ၊ ၃. ၅ လောင်ချာတွေ၊ ၃ လက်မ စိန်ပြောင်းတွေချလို့၊ သူတို့ဘေးမှာက စစ်သည်တချို့၊ G3/ G4 တွေနဲ့ပါပဲ၊ ဘေးမှာ ၆၀ မမ တွေ၊ ၈၁ မမတွေ၊ ၈၄ မမ တွေ အစီအရီ၊ လူအုပ်ထဲ ကို သေသေချာချာ ထပ်ကြည့်လိုက်တယ်။ MA စီးရီးကိုင်ထားတဲ့ စစ်သည်တွေ၊ တချို့စုတ်စုတ်ပြတ်ပြတ်၊ တချို့ ကျည်ကာ အင်္ကျီတွေနဲ့….၊ အားလုံးရဲ့ မျက်နှာတွေက မာရေကြောရေ…။
“လာ… ညီလေး…” ဆိုပြီး ကိုကျော်စွာက ငါ့ကို တန်းစီနေတဲ့ လူအုပ်ကြီးထဲခေါ် သွားတယ်။
ခေတ်အဆက်ဆက်က စစ်သည်တွေ…. တမျှော်တခေါ်…။ စင်မြင့်ထက်ကို လူတစ်ယောက် တက်လာတယ်။ မင်းကြီး မဟာ ဗန္ဓုလ…၊ အို… ငါ အလိုလို ဦးညွတ်မိပေါ့..။
“ရဲဘော်တို့/ ရဲမက်စစ်သည်အပေါင်းတို့… ငါတို့ဟာ ခေတ်အဆက်ဆက် တိုင်းပြည် အတွက် အသက်စွန့်ခဲ့ကြတဲ့ မြန်မာ့စစ်သည် တော်တွေရဲ့ ဝိဉာဉ်တွေဖြစ်တယ်။ ဒီကနေ့ ဗိုလ်ရှုသဘင်ခေါ် စစ်ရေးပြ အခမ်းအနားမှာ ခေတ်အဆက်ဆက်က စစ်သည်တော် တွေ ကို ပြောလိုတာက ငါတို့ရဲ့ ခန္ဓာကိုယ်တွေကြွေပျက်သေဆုံးခဲ့ကြပေမဲ့ ငါတို့ရဲ့ဝိဉာဉ်တွေ ဆက်လက်ရှင်သန်နေတယ်ဆိုတာ အခု ရဲဘော်တို့ ကိုယ်တွေ့ပဲ ဖြစ်တယ်။ ဒီနေရာဟာ ရဲရင့်တဲ့ စစ်သည်တော်အချင်းချင်းသာ တွေ့ဆုံခွင့်ရတဲ့ သူရဲကောင်းတွေရဲ့ ဘူမိနက် သန် နေရာမှန်တစ်ခုဖြစ်တယ်။ ငါ့ရဲ့ညီတော်တောင် ဒီနေရာကို လာခွင့်မရှိဘူး။ သူရဲဘောကြောင်တဲ့သူတွေအတွက် ဒို့ သူရဲကောင်းဝိဉာဉ်စစ်သည်တော်လော က မှာ နေရာမရှိဘူး။ ရှင်းလား ရဲဘော်တို့…”
“ရှင်းပါတယ်။”
ဝိဉာဉ်တန်မဲ့ ငါ ကျက်သီးတွေ တဖြန်းဖြန်းထလာတယ်။ မင်းကြီး မဟာဗန္ဓုလ ဟာ ခေတ် အဆက်ဆက် ဝိဉာဉ်စစ်သည်တော်တွေ နားလည်အောင် ခေတ်သုံးဘာသာ စကား နဲ့ ပြောဆိုနေတာပါ။ ငါတို့ ဝိဉာဉ်ဆိုတာ ထိုက်သင့်တဲ့ တန်ခိုးပြာဋိဟာရှိပြီးသား မဟုတ် လား။ မင်းကြီး မိန့်ခွန်းပြောပြီးတော့ “သစ္စာဆို” လို့ တိုင်ပေးလိုက်တယ်။
ဟိန်းထွက်လာတဲ့ ဘဝဂ်ညံ သံပြိုင်ဆိုလိုက်တဲ့ သစ္စာ လေးချက်ထဲမှာ ငါ့နားထဲ အဟိန်းဆုံးနဲ့ အကျယ်လောင်ဆုံး ဝင်ရောက်လာတဲ့ အသံကတော့ ဒုတိယသစ္စာနဲ့ စတုတ္ထသစ္စာ တွေပဲပေါ့…။
“ငါတို့သည် ကျဆုံးလေပြီးသော တပ်မတော်သားတို့၏ သစ္စာကို စောင့်သိ ရိုသေပါမည်။”
“ငါ့နိုင်ငံတော် ငါ့နိုင်ငံသား ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏။”
ဒီမြေ ဒီရေ အတွက် ခေတ်အဆက်ဆက် အသက်စွန့်ခဲ့တဲ့ သူရဲကောင်းဝိဉာဉ်တွေပါ။ ကွမ်းလုံတိုက်ပွဲမှာ ကျဆုံးသွားတဲ့ သူရဲ ကောင်းစစ်သည်တွေနဲ့ သူတို့ကို ကူတိုက်ပေး ခဲ့တဲ့ ရှေးခေတ် မြန်မာ့စစ်သည်တော်တွေ စကားလက်ဆုံကျနေကြတယ်။ ရယ် ရယ်မောမော ပြုံးပြုံးရွှင်ရွှင်။
ရှေးခေတ် စစ်သည် ၅၀ ကို အုပ်ချုပ်ရတဲ့ သွေးသောက်ကြီး တစ်ယောက်က ဒီဘက်ခေတ် ရဲဘော်လေးတွေ ထိုင်နေတဲ့ဘက် ကူး လာပြီး ဘေးနားက စက်လတ်တွေ၊ ၈၄ မမ နောက်ပွင့်ရိုင်ဖယ်တွေကို တသသ ကိုင်ကြည့်ရင်း “မင်းတို့ကွာ၊ ဒီလောက် ကောင်း တဲ့ လက်နက်ကြီးတွေ ရှိရဲ့သားနဲ့…။” လို့ အားမလို အားမရသံနဲ့ပြောလိုက်တယ်။
ငါ့ဘေးက အရာရှိတစ်ယောက်က “သွေးသောက်ကြီးရေ၊ ရန်သူက သွေးသောက်ကြီး တို့ ခေတ်ကလို ဓား၊ လှံ၊ လေး၊ မြား တွေနဲ့ မဟုတ် တော့ဘူးခင်ဗျ။” လို့ ပြန်ပြော လိုက်တယ်။
မေးကြောကြီးတွေ တင်းသွားတဲ့ သွေးသောက်ကြီးက အဲဒီအရာရှိမျက်နှာကို တစ်ချက် ခပ်စိမ်းစိမ်းကြည့်လိုက်တယ်။ ပြီးတော့ သူ့လက်ထဲမှာရှိနေတဲ့ ဓားအိမ်ထဲက ဓားကို ရွှမ်းခနဲမြည်အောင်ဆွဲထုတ်လိုက်တယ်။ တိမ်မျှင်တွေကြားထဲက ဝင်လာ တဲ့နေရောင် အောက်မှာ သွေးသောက်ကြီးရဲ့ဓားဟာ တလက်လက်ထနေတယ်။
“ဒီမယ်……… မောင်ရင်၊ စစ်ဆိုတာ လူအင်အား လက်နက်အင်အား အနည်းအများပေါ် မှာသာ လုံးဝ တည်မှီနေတာ မဟုတ်ဘူး။ အင်အားကြီးတိုင်းသာ အရှုံးပေးရကြေး ဆိုရင် မောင်ရင်တို့အခုနေတဲ့ တိုင်းပြည်ရှိတော့မှာလည်း မဟုတ်ဘူး။ အေး ဒီမှာကြည့် .. မှတ်ထား… ဒီဓားနဲ့ ငါတို့ နိုင်ငံတစ်ခုမွေးဖွားပေးခဲ့တယ်။”လို့ ပြောပြီး သွေးသောက် ကြီးက သူ့ဓားကိုဓားအိမ်ထဲပြန်ထည့်လိုက် တယ်။ ကိုကျော်စွာနဲ့ ငါ တစ်ပြိုင်တည်း သွေးသောက်ကြီးကို ပြိုင်တူအလေးပြုလိုက်မိတယ်။
နေရောင်ထဲမှာ တဒင်္ဂမြင်လိုက်ရတဲ့ သွေးသောက်ကြီးဓားရဲ့ ဝင်းလက်နေတဲ့ အရောင် က ငါတို့အားလုံးရင်ထဲကို စိမ့်ဝင်ပျံ့နှံ့သွား တယ်။ နိုင်ငံတစ်ခုဆိုတာ သူရဲကောင်း အဆက်ဆက်ရဲ့သွေး၊ အသက်၊ ဝိဉာဉ်တွေနဲ့ တည်ဆောက်ထားတာပါ….။
"ဟိမဝန္တာ၊ တောင်မျက်နှာဝယ်၊ ဖလ်ဝါဒေါင်းထွန်း၊ သည်မြေကျွန်းသည်၊ တို့ဦးစွန်းလော၊ ဦးစွန်း ဦးစွန်း…။
…………………………. ……………………………………………. …………………………………… ……………………..
ဆင်ရေး မြင်းချင်း၊ ရေရှင်ကင်းနှင့်၊ တပ်ခင်းဗိုလ်ပါ၊ ပျူဗဟ္မာလော၊ ပျူဗဟ္မာ ပျူဗဟ္မာ။ ။
…………………………………………………………………………………………………………
ဓားလှံဝင့်ဝင့်၊ တံခွန်လွှင့်၊ ဟိန်းလွင့်တိုက်မောင်းစည်သံ၊ မောင်းစည်သံ။ ။
တိုက်ဆင်ဖွေးဖွေး၊ စစ်မြင်းပြေး၊ ရဲသွေးဇာတိမာန် ဇာတိမာန်။ ။
တကောင်း ဘိုး မြေး၊ ခေတ္တရာသွေး၊ စွေးစွေး နီရင့်မှန် နီရင့်မှန်။ ။
……………………………………………………………………………………………………………
အရိမဒ္ဒန၊ ပုဂါမသည်၊ အာရှနေတစ်စင်းလော၊ နေတစ်စင်း နေတစ်စင်း….။"(ဆရာဘုန်းတင့်ကျော်)
(သီရိလင်္ကာခေါ် သီဟိုကျွန်းကို ကျေးကုလားတွေ ကျူးကျော်တိုက်ခိုက်လာတော့ အနော်ရထာမင်းကြီးက စစ်ကူ ခြောက်သောင်း လွှတ်ပေးခဲ့တယ်ဆိုတာ ဒီကနေ့ သီရီလင်္ကာနိုင်ငံရဲ့ သမိုင်းထဲမှာ ရှိနေပါသတဲ့။ လွန်ခဲ့တဲ့ ၁၅ နှစ်ကျော် ဝန်းကျင်လောက် က ဒီ အကြောင်းဆောင်းပါးတစ်ပုဒ်မှာ ဖတ်ခဲ့ဖူးပါတယ်။ ဒါ့ကြောင့် သီရိလင်္ကာသားတွေ က မြန်မာကို ကျေးဇူးရှိတယ်လို့ သတ်မှတ် ခံယူထားပါသတဲ့။ ကျွန်တော်တို့ မြန်မာ့ သမိုင်းထဲမှာ ဒီဖြစ်ရပ်ကို မှတ်တမ်းတင်ထားတာ မတွေ့ရတာ ထူးဆန်မနေဘူးလား။)
ရဲကျော်သူရ
0 comments:
Post a Comment