Wednesday, May 21, 2014

ကုမ္ပဏီ အလုပ်သမားများအား မောင်းထုတ်ကာ ကြက်ပေါင်စေး စိုက်ခင်းအတွင်း ၀င်ရောက်နေထိုင်သော SSPP/ SSA အဖွဲ့နှင့် နယ်မြေခံ အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွား


မေလ ၂၁ရက် ၂၀၁၄ ခုနှစ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊နောင်ကွမ်းကျေးရွာအုပ်စု၊ အေးသာယာကျေးရွာရှိ “ အောင်ပေါ် ကုမ္ပဏီ” ကြက်ပေါင်းစေးနှင့် ပီလောပီနံစိုက်ခင်း အလုပ်သမားများအား မေ(၁၃)ရက်နေ့တွင် SSPP/SSA အဖွဲ့မှ မောင်းထုတ်ပြီး ၀င်ရောက်နေထိုင်ခဲ့ရာ မေ(၁၉)ရက်နံနက်(၇)နာရီခန့်တွင် နယ်မြေခံ အစိုးရတပ်နှင့်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းယင်း ဒေသခံများထံမှ သိရသည်။
“စိုက်ခင်းထဲကို သေနတ်တွေကိုင်ပြီး ရှမ်းစစ်သားတွေ ၀င်လာတယ်၊ ပြီးတော့ ကျွန်တော်တို့အလုပ်သမား အားလုံးကို မောင်းထုတ်တယ်၊ ကျန်းမာရေးမှူးလည်း မောင်းထုတ်ခံရတယ်၊ မထွက်ရင်သေနတ်နဲ့ ပစ်မယ်ပြောလို့ ပြန်လာခဲ့ရတာ” ဟု ကုမ္ပဏီအလုပ်သမား မိတ္တီလာနယ်မှ ကိုအောင်ဦးကပြောသည်။

အဆိုပါစိုက်ခင်းကို တာဝန်ခံမန်နေဂျာ ဦးထင်ကျော်မှဦးစီးပြီး ကုမ္ပဏီအလုပ်သမား (၃၀)ဦးခန့်ရှိကြောင်း၊ ကြက်ပေါင်စေး နှင့်ပီလောပီနံစိုက်ခင်းကို SSPP/SSA အဖွဲ့မှ ၀င်ရောက်နေထိုင်မှုကြောင့် အလုပ်သမားများလည်း မ၀င်ရဲသလိုတာဝန်ခံ ဦးထင်ကျော်လည်း ကုမ္ပဏီထံဖြစ်စဉ်အမှန်ကို တင်ပြထားပြီး အေးသာယာရွာထဲ၌ပင် အလုပ်သမားအချို့နှင့်နေထိုင် ရကြောင်းသိရသည်။
ကျေးရွာအနီးစိုက်ခင်းတွင် SSPP/SSA အဖွဲ့မှ အခြေချနေထိုင်ပြီး အတင်းအဓမ္မသိမ်းယူထားမှုအပေါ် ကုမ္ပဏီအလုပ် သမားများက လာရောက်သတင်းပို့သဖြင့် နယ်မြေခံအစိုးရတပ်မှ စည်းရုံးရေးနယ်မြေများသို့ လာရောက်စဉ် နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“မနေ့ကမနက် (၇)နာရီလောက် သေနတ်သံတွေကြားတယ်၊ တိုက်ပွဲဖြစ်ကြတယ်နဲ့တူပါတယ်၊ ကြက်ပေါင်စေးစိုက်ခင်း ထဲမှာ ရောက်နေတဲ့ ရှမ်းပြည်မြောက်ပိုင်း တပ်ကစစ်သားတွေ့နဲ့ အစိုးရတပ်တို့ ပစ်ကြခတ်ကြတာ နာရီဝက်လောက်တော့ ကြာမယ်ထင်တယ်” ဟု အေးသာယာရွာသားတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်တွင် အစိုးရတပ်ဘက်မှ စစ်သည်(၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထွက်ပေါ်မှုနှင့် ပတ်သက်၍ နယ်မြေခံ တပ်အား ဆက်သွယ်မေးမြန်းကြည့်ရာ အရာရှိတစ်ဦးက “ ကျွန်တော်တို့ဘက်ကနှစ်ယောက် ဒဏ်ရာ ရတာမှန်ပါတယ်၊ ကြက်ပေါင်စေ့နဲ့ ပီလောပီနံ စိုက်ခင်းထဲကို SSPP/SSA အဖွဲ့က အတင်းကျူးကျော် ၀င်ရောက်ပြီး အလုပ်သမားတွေနဲ့ ကျန်းမာရေးမှူးကို မောင်းထုတ်တယ်လို့ လာတိုင်ပါတယ်၊ ဒါကြောင့် ကျွန်တော်တို့တပ်က သွားရှင်းပေးရင်း အခုလို တိုက်ပွဲဖြစ်ပြီး စစ်သည်(၂)ဦး ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်” ဟု ပြောကြားသွား ခဲ့သည်။

Credit To:စိုင်းအောင်ခမ်း
Kachin Daily News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်