မောင်စိုးမောင် (ပညာရေး)
မေလနောက်ဆုံးပတ်နှင့် ဇွန်လ ပထမပတ်ကို ရောက်ပြီဆိုမှဖြင့် ကျွန်တော်တို့ မြန်မာ့မြေတွင် မုတ်သုံမိုးနှင့် အပြိုင် ဝန်းကျင်တစ်ခွင် စိမ်းစိုလွင်နေပေပြီ။ အပူရှိန်များလည်း လျော့ကျစပြုပါပြီ။ ဤအချိန်အခါမျိုးတွင် ပညာသင်နှစ်၏ အစ၊ ကျောင်းဖွင့်ချိန်အဖြစ် နှစ်ပေါင်းများစွာကတည်းက သတ်မှတ်ပေးခဲ့သော အကြီးအကဲ များ၏ စေတနာနှင့်ပညာဉာဏ် အမြော်အမြင်ကြီးမားမှုကို လေးစားကြည်ညိုမဆုံးဖြစ်ရပါသည်။
ယခု ပညာသင်နှစ်တွင်လည်း မေ ၂၅ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ပညာရေး ဝန်ကြီးဌာနက သတ်မှတ်ပေးထားပါသည်။ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံကြဖို့ ပြည်သူ အားလုံးပါဝင် ဆောင်ရွက်ပေးကြရန်လည်း နှိုးဆော်ထားပါသည်။ ဇွန် ၂ ရက် (တနင်္လာနေ့)တွင် စာသင်သံများ ကြားရပါတော့မည်။ အနာဂတ်အတွက်အားရှိစရာများပါတည်း။
အနာဂတ်ဟုဆိုလိုက်လျှင် လာမည့်အချိန်ကာလကိုသာ ပြေး၍မြင်ယောင်ကြသူများ ပါသည်။ ကျွန်တော်တို့ လောကသားများ အတွက်တော့ အနာဂတ်ပုံရိပ်သည် ကလေးများပါတည်း။ အနာဂတ်ကောင်းစေချင်လျှင် ကလေးများကို ကောင်းအောင်၊ တော်အောင်ပြုစုပျိုးထောင် ပုံဖော်ပေးကြရပါလိမ့်မည်။ ကလေးများ အဆိုးစရိုက် ဝင်နေကြပြီဆိုလျှင်ဖြင့် ကျွန်တော်တို့ အနာဂတ်ကောင်းဖိုရန် မမြင်ပါ။ ကလေးသည် ကျွန်တော်တို့ အနာဂတ်တည်း။ ကျွန်တော်တို့အားလုံး၏ အနာဂတ်ကို ယနေ့ကလေးတို့က စိုးမိုးခြယ်သမွမ်းမံကြ စေလိုပါသည်။ ပိုင်စိုးပိုင်နင်း မဖျက်ဆီးစေလိုပါ။
ဤသို့ဆိုလျှင် လက်ဦးဆရာဖြစ်သော မိဘများ၊ ဒုတိယမိဘဖြစ်သောဆရာများ သတိမူစရာတင်ပြလိုပါသည်။ ယခု ပညာသင်နှစ်မှာမှ ကျောင်းသို့ စတင်ဝင်ရောက်လာမည့် ကလေးများ အရေးပါတည်း။ အနာဂတ်၏ ဗွီအိုင်ပီများအရေးပါတည်း။
မိတ်ဆွေတစ်ဦး၏ သမီးငယ်လေးအဖြစ်က ရင်မောစရာပါ။ လွန်ခဲ့သော ငါးနှစ်ကဖြစ်ပါ၏။ မြို့၏ နာမည်ကြီး ကျောင်းသို့ သူငယ်တန်းကျောင်းသူအဖြစ် သွားရောက်အပ်နှံ၏။ ဖခင်က သမီးကလေး အားရှိအောင် သူငယ်တန်းကလေး မိဘများနှင့်အတူ ကျောင်းဝိုင်းထဲမှာ နေပေး၏။ သမီးကလေးမကြောက်၊ အားရှိ၏။ သို့သော် သုံးရက်မြောက်နေ့တွင် သူငယ်တန်း အတန်းပိုင်ဆရာမက ကလေးများကို စာသင်ခန်းထဲထည့်ကာ တံခါးကို ဂျိုင်းခနဲ ပိတ်လိုက်တော့၏။ ကလေးများ ဝါးခနဲ ငိုသံကြားရ၏။ မိဘများ ရင်ထဲမှာ မကောင်း။ နောက်နေ့များတွင် ဖခင်က လမ်းလျှောက်ရင်း ဘုရားဖူးသွားနေကျမို့ ကလေးကိုခေါ်ရာ ခေါ်၍မရတော့။ ဘုရားတန်ဆောင်းအဝင်ဝက သံတံခါးကြီးပိတ်မှာ ကြောက်သည်ဆိုပြီး ငိုယိုကာ ငြင်းနေတော့သည်။ ဘုရားဖူးဖို့ပင် ခေါ်၍မရတော့။
မိတ်ဆွေတစ်ဦးက ပြောပြသော အဖြစ်အပျက်ကလည်း ရင်မကောင်းစရာပါ။ မိတ်ဆွေ၏ အိမ်အနီးမှ အဋ္ဌမတန်း ကျောင်းသားကလေး အဖြစ်အပျက်ပါ။ မိဘနှစ်ဦးစလုံးမှာလည်း ပညာတတ်၊ ဝန်ထမ်းများပါ။ ကလေးကလည်း အင်္ဂလိပ်စာ ထူးချွန်သည်။ ဝါသနာပါသည်။ မိဘများကလည်း အားပေးကြသည်။ သို့သော် ဘာအကြောင်းမှ ထူးထူးထွေထွေမရှိဘဲ စိတ်ဖောက်ပြန်မှု ဖြစ်လာသည်။ နှမြောစရာဖြစ်သွားသည်။ မိဘများ ရင်ကျိုးမတတ် ခံစားကြရသည်။ ကျွန်တော့်မိတ်ဆွေ ပညာရေးဝန်ထမ်းက စိတ်ဝင်စားလွန်းသဖြင့် လေ့လာ ကြည့်တော့ သည်ကလေးငယ်စဉ်က သူငယ်တန်းဆရာမကို အလွန်ပင်ကြောက်ခဲ့ရကြောင်း သိလာရတော့ သည်။
၂၀၀၇ ခုနှစ်က နဃဃီ (ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးနှင့် ပညာရေး)သင်တန်းကို မန္တလေး ပညာရေးကောလိပ် ပညာတန်ဆောင်ခန်းမမှာ ကျွန်တော်တက်ခဲ့ရသည်။ သင်တန်းနည်းပြဆရာမ၏ ကိုယ်တွေ့ ပြောပြချက်မှာလည်း ရင်နာစရာပင်။ မူကြိုအရွယ် သူငယ်တန်းကလေး အရွယ်က သင်ပြသူ ဆရာမကို ကြောက်အားကြီးခဲ့ရသဖြင့် န၀မတန်း ကျောင်းသူအရွယ်မှာ ဝတ်လစ်စားလစ် ဖြစ်သွားရသည့် မိန်းကလေးအကြောင်းကို သင်ခန်းစာနှင့် ဆက်နွှယ်ကာ ပို့ချဆွေးနွေးသွားသည်မှာ ကလေးငယ်လေး များနှင့် ပညာရေးအကြောင်း တစ်သက်တာမမေ့နိုင်စရာပါ။
တင်ပြခဲ့သည့် ဖြစ်ရပ်များကို သတိမူစေလိုပါသည်။ လူတစ်ဦး၏ ကလေးဘ၀က အတွေ့အကြုံများသည် ဘ၀တစ်သက်တာ၏ သုံးပုံနှစ်ပုံအထိ လွှမ်းမိုးသည်ဟု ဖတ်မှတ်ရဖူးပါသည်။ မူကြိုကလေးများနှင့် သူငယ်တန်း ကလေးများသည် မိဘရင်ခွင်မှ ပတ်ဝန်းကျင်သစ်သို့ မျက်စိသူငယ်၊ နားသူငယ်ဖြင့် ရောက်လာသူများပါတည်း။ စိတ်လှုပ်ရှားမှုများဖြင့် အားငယ်နေသူများပါတည်း။ နေရာသစ်ဖြစ်၍ နေသားမကျ ယောင်အအဖြစ်နေသေး သူများပါတည်း။
သို့ဖြစ်ပါ၍ မူကြိုတန်းနှင့် သူငယ်တန်းသင်ပြမည့်သူများသည် ကလေးများနှင့်ရင်းနှီးမှုရရှိအောင် မိဘများကိုပါ ပြေပြစ်စွာ ဆက်ဆံပြီး ပူးပေါင်းဆောင်ရွက်သင့်ပါသည်။ ကလေးအချင်းချင်း ရင်းနှီးခင်မင် ချစ်ကြည်မှုရ အောင် ပေါင်းစပ်ပေးသင့်ပါသည်။ ကလေးကြီးများ၊ ရန်လိုတတ်သည့်စရိုက် ပါလာသောကလေးများ၏ အနိုင်ကျင့်မှုများ မရှိရအောင်လည်း ကာဆီးသင့်ပါသည်။
စိမ်းနေသေးသော ပတ်ဝန်းကျင်နှင့်အကျွမ်းဝင်ရင်းနှီးသွားအောင်၊ တစ်သားတည်း ဖြစ်သွားအောင်လည်း အချိန်ပေးသင့်ပါသည်။ နေသားမကျ သေးသည့်နေရာဖြစ်၍ ဤနေရာကား အပေါ့အလေးစွန့်ရန် နေရာ၊ ဤနေရာ ကား အမှိုက်ပစ်ရန်နေရာ၊ ရေသောက်ရန်နေရာ၊ မုန့်ဆိုင် စသည်ဖြင့် လက်ထိလက်ရောက်ညွှန်ပြ ပေးထားသင့်ပါသည်။ ကျွန်တော်သူငယ်တန်း ကျောင်းသားသက် သုံးရက်အတွင်းက ထိုနေရာမျိုးများမသိ၍ အရှက်ရခဲ့ဖူး ပါသည်။
မိမိကြောင့်သော်လည်းကောင်း၊ ကလေး အချင်းချင်းကြောင့်သော် လည်းကောင်း စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာများ နာကျင်မှုမရှိရအောင် ဆရာဆရာမ (မူကြိုသင်၊ သူငယ်တန်းသင်)များကလည်း သတိပြုစောင့်ရှောက် သင့်ကြပါသည်။
မိဘများအနေဖြင့်လည်း မိမိကလေးကို သင်ပြပေးမည့် ဆရာ ဆရာမ များနှင့်ပူးပေါင်းကာ ကလေးများနေရ ထိုင်ရ သင်ယူရသည်များအဆင်ပြေ သည်အထိ အချိန်ပေး၍ဂရုစိုက်ကြစေလိုပါသည်။
ဘ၀တစ်သက်တာ သင်ယူမှုအတွက် အခြေခံအုတ်မြစ်သဖွယ်ဖြစ်သော အရေးအကြီးဆုံး အပိုင်းအခြားလည်း ဖြစ်သော ကျွန်တော်တို့အားလုံး၏ အမြတ်နိုးဆုံးနှင့် အဖိုးတန်ဆုံးဖြစ်သော မူကြိုအရွယ်ကလေးငယ်များနှင့် သူငယ်တန်းအရွယ်ကလေးငယ်များ မေ ၂၅ ရက်မှ ၃၁ ရက်အတွင်း ကျောင်းဝင်လာကြပါတော့မည်။ သူတို့လေးတွေ ကျောင်းဝင်လာကြပြီဆိုလျှင် ဖော်ပြပါ သတိမူစရာများအား သတိမူကာ ထိရောက်သော အချိန်အခါ အဖြစ်ဆောင်ရွက်ကြမည် ဆိုပါလျှင် ...။
(၂၀၁၄ ခုနှစ်၊ ကျောင်းအပ်နှံရေး သီတင်းပတ်အား ဂုဏ်ပြုကြိုဆိုလျက်)
MOI Webportal Myanmar
Wednesday, May 21, 2014
သတိမူစရာ ဤအခါ
Posted by drmyochit
Wednesday, May 21, 2014, under ဆောင်းပါး | No comments
0 comments:
Post a Comment