Friday, October 18, 2013

ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို ယနေ့ပြုလုပ်မည်

Posted by drmyochit Friday, October 18, 2013, under | No comments


ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန်တိုင်း ဒေသကြီး အစိုးအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ အောက်တိုဘာ ၁၈ ရက် မွန်းလွဲ ၂ နာရီတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနမှ သိရသည်။

ဆိုပါ ဖြစ်စဉ်များမှ ကျူးလွန်သူဟု ဖမ်းဆီးထားသူကို ကနဦး စစ်ဆေးရာတွင် ငွေကြေးပေး ခိုင်းစေသောကြောင့် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ထွက်ဆိုထားမှုကြောင့် ပြည်သူများ စိတ်ဝင်စားနေကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် မပေါက်ကွဲသေးဘဲ ဗုံးတွေ့ရှိရသည့် ဖြစ်စဉ်များမှာ အောက်တိုဘာ ၁၃ ရက် နံနက် ၁၂ နာရီခွဲခန့်တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်း အဝေးပြေးဝင်းရှေ့ ကားမှတ်တိုင်၌ ဗုံးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အနီးအနားတွင် မပေါက်ကွဲသေးသည့် အခြားဗုံးတစ်လုံးကို ထပ်မံတွေ့ရှိခဲ့မှုများ ဖြစ်သည်။

အောက်တိုဘာ ၁၃ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး သာကေတမြို့နယ် ၃/မာန်ပြေရပ်ကွက်၊ ယမုံနာလမ်း၊ အခွန်လွတ်ဈေးရှေ့ လမ်းဘေးပလက်ဖောင်း အနီးတွင် သစ်လုံးတင်ကား နောက်တွဲအောက်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် အသက်(၁၄)နှစ်အရွယ် ကလေး နှစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

ထို့အပြင် အောက်တိုဘာ ၁၄ ရက် နံနက် ၁၀ နာရီခန့်တွင် အလုံမြို့နယ်၊ ကမ်းနားလမ်း၊ စောရန်ပိုင် အနောက်ရပ်ကွက်ရှိ WESTERN PARK RUBY စားသောက်ဆိုင်အတွင်း စားပွဲခုံနံပါတ်(၁၉) အောက်တွင် မပေါက်ကွဲသေးသည့် ချိန်ကိုက်ဗုံး တစ်လုံးကိုလည်း ထပ်မံတွေ့ရှိခဲ့သည်။

ယင်းကဲ့သို့ ပေါက်ကွဲမှုများနှင့် မပေါက်ကွဲသေးသည့် ဗုံးများကို တွေ့ရှိပြီးနောက် အောက်တိုဘာ ၁၄ ရက် ည ၁၁ နာရီခွဲတွင်လည်း ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ ကုန်သည်ကြီးများ ဟိုတယ် ၉ လွှာ အခန်း နံပါတ် ၉၂၁ ၏ ရေချိုးခန်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ ဗုံးပေါက်ကွဲမှုကြောင့် ရေချိုးရန် ပြင်ဆင်နေသည့် အမေရိကန် နိုင်ငံသူတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

Source : EMG

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်