Friday, November 15, 2013

နာဂစ်တစ္ဆေ အခြောက်ခံနေရသူများ

Posted by drmyochit Friday, November 15, 2013, under | No comments


“မိုးဦးကျလာတာနဲ့ ရွာတိုင်းက ထိတ်လန့်နေကြတယ်။ လေနည်းနည်းတိုက်လာတာနဲ့ ဟိုပြေးရမလို ဒီပြေးရမလို ဖြစ်နေကြပြီ” လို့ ပြောလာသူက ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် ကျုံဒါတ်အုပ်စု တော်ကနိညောင်လိန်ကုန်းကျေးရွာက ဦးခင်ဝင်းဖြစ်ပါတယ်။

သူက မြန်မာနိုင်ငံမှာ လူအသေအပျောက်နဲ့ အပျက်အစီးအများဆုံးဖြစ်ခဲ့တဲ့ ၂၀၀၈ နာဂစ်မုန်တိုင်းမှာ အသက်မသေဘဲ ကျန်ရစ်ခဲ့သူ နာဂစ်ဒုက္ခသည်တဦးပါ။ မြစ်ဝကျွန်းပေါ်ဒေသတောင်ဘက်ဆုံးပိုင်း သံဒိပ်မြစ်ဝအနီးက ကပ္ပလီပင်လယ်နဲ့ဆို ၁ မိုင်လောက်ပဲ ဝေးတဲ့ မြေပြန့်တစ်နေရာမှာ ကျေးရွာလေးတစ်ရွာ တည်ရှိပါတယ်။ နာဂစ်မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုအများဆုံးရွာတွေထဲမှာ ဦးခင်ဝင်းတို့ရဲ့ညောင်လိန်ကုန်းကျေးရွာလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

နာဂစ်မုန်တိုင်းတိုက်တာ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့ ဖြစ်တဲ့အတွက် အခုဆိုရင် အချိန် ၅ နှစ်ကျော်ကြာခဲ့ပါပြီ။ ဒါပေမယ့် နာဂစ်မုန်တိုင်းကိုဦးခင်ဝင်းမမေ့သလို “နာဂစ်လိုများ တကျော့ပြန်ဖြစ်ခဲ့ရင်”ဆိုတဲ့ “နာဂစ်တစ္ဆေ ခြောက်လှန့်မှုကလည်း ယနေ့တိုင်ရှိနေဆဲပါ။

“နာဂစ်တစ္ဆေ အခြောက်ခံရတာက ဦးခင်ဝင်းတစ်ယောက်ထဲ မဟုတ်ပါဘူး။ ဒေးဒရဲမြို့နယ် တောင်ဘက်ပိုင်းက ကျုံဒါတ်၊ မရမ်း၊ လိပ်ကျွန်း၊ ဆူးကလပ်၊ ရှမ်းကန်စတဲ့ ကျေးရွာအုပ်စုတွေအပါအ၀င် ရွာပေါင်း ၄၆ ရွာက အရေအတွက်အားဖြင့် ၄၀,၀၀၀ ကျော်ရှိတဲ့ နာဂစ်ဒုက္ခသည် အားလုံး ဖြစ်ပါတယ်။

ပင်လယ်ကမ်းစပ်ဖြစ်တဲ့ ဦးခင်ဝင်းတို့ ဒေသမှာ ပင်လယ်ဒီရေတက်လာရင်၊ ဆူနာမီလှိုင်းတက်လာရင်၊ မုန်တိုင်းတိုက်ခတ်လာရင် အကာ အကွယ်ပေးနိုင်တဲ့ သဘာဝအတားအဆီးဖြစ်တဲ့ ပင်လယ်ဒီရေကာတောတွေ မရှိတဲ့အတွက် ဒေသခံတွေက နောက်တစ်ခါဖြစ်လာမှာကို စိုးထိတ်နေခြင်းပဲဖြစ်ပါတယ်။

ပင်လယ်ဒီရေကာတောမရှိလို့ နာဂစ်တုန်းက အသေအပျောက်၊ အပျက်အစီးများခဲ့ပုံကို ညောင်လိန်ကုန်းကျေးရွာက ဒေါ်ခင်ဌေးက မျက်ရည်တွေဝဲပြီး အခုလိုပြန်ပြောပြပါတယ်။

“နာဂစ်တုန်းက ပင်လယ်ကရေလှိုင်းတွေက အတားအဆီးမရှိဘဲ ရွာကိုဝေါခနဲတက်လာတာ။ ဘယ်ကိုပြေးလို့ ပြေးရမှန်းမသိ။ ရေတွေ ကလည်း ချက်ခြင်းတက်မြုပ်တာ။ လေကလည်းတိုက်။ လှိုင်းတွေကလည်း တလုံးပြီး တလုံးဝင်လာတော့ အိမ်တွေက တိုင်ကနေ ကျွတ်ထွက် ပြီးမျောတော့ အိမ်ထဲမှာရှိနေတဲ့ အဘိုးကြီးအဘွားကြီးတွေ ကလေးတွေပါ ရေစီးနဲ့အတူ မျောသွားတော့တာ။ အလောင်းတောင် ပြန်မရ ကြဘူး” လို့ သူမက ပြောပါတယ်။

နာဂစ်ကပေးတဲ့ ဒဏ်ရာတွေကြောင့် ဘယ်လောက် နာကျင်ခံစားနေကြရဆဲဆိုတာ ဖော်ပြတဲ့အနေနဲ့ သူမစကားအဆုံးမှာ ၀ဲနေတဲ့မျက်ရည်တွေဟာ ပါးပြင်ပေါ်ကို တလိမ့်ချင်းလိမ့်ဆင်းလာပါတယ်။

နောက်တကြိမ် နာဂစ်လို၊ ဆူနာမီရေလှိုင်းလို သဘာဝ ဘေးဆိုးတစ်ခုခုများပေါ်ပေါက်ခဲ့ရင် သူတို့မိသားစုဘ၀တွေ၊ အသက်အိုးအိမ် စည်းစိမ်တွေ နောက်တကြိမ် ပျက်စီးဆုံးရှုံးရဦးမယ်ဆိုတာ နာဂစ်ကပေးတဲ့ ဘ၀ပေးသင်္ခန်းစာအရ သူတို့ကောင်းကောင်း နားလည် သဘောပေါက်နေကြပါပြီ။

“ဒီရေကာတောမရှိတော့ အခုချိန်များ ဘေးဆိုးတခုခုရုတ်တရက်ကျလာရင် ကျွန်တော်တို့အရပ်က မြေပြန့်ဆိုတော့ ကုန်းမြင့်တက် ပြေးစရာလည်း မရှိဘူး။ ချောင်းမြောင်းထဲက ထွက်ပြေးဖို့လည်း မလွယ်ဘူး။ ငုတ်တုတ်အသေခံဖို့ပဲရှိတယ်”လို့ ဦးခင်ဝင်းက သူ့ခံစားချက်ကိုရင်ဖွင့်ပါတယ်။

ဦးခင်ဝင်းတို့ဒေသမှာ အင်္ဂလိပ်အစိုးရလက်ထက်က ၀ိတိုရိယဘုရင်မကြီးနာမည်နဲ့ ကျောက်တိုင်စိုက်လှူဒါန်း ခဲ့တဲ့ ဒီရေကာတောစားကျက်မြေ ၂၀၈၄ ဧက ရှိတယ်လို့ ဒေသခံတွေရဲ့အဆိုအရ သိရပါတယ်။

ဧက ၂၀၀၀ ကျော်တဲ့ ဒီရေကာတောကြီးရှိခဲ့စဉ်အခါက ဒေးဒရဲမြို့နယ်တောင်ပိုင်းဒေသဟာ သဘာဝဘေးအန္တရာယ် ခံစားခဲ့ရတာမရှိဘဲဒီရေကာတောနဲ့အတူတည်ရှိနေတဲ့ ကျွဲနွားစားကျက်မြေအတွင်းမှာ ကျွဲ၊ နွားတွေ မွေးမြူပြီး လယ်ယာစိုက်ပျိုးရေး အဆင်ပြေခဲ့သလို တစ်နိုင်တစ်ပိုင် မွေးမြူရေးစီးပွားလည်း ဖြစ်ထွန်းခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာ တည်ရှိလာခဲ့တဲ့၊ ဒေသကိုအကျိုးပြုပြီး အကာအကွယ်ပေးခဲ့တဲ့ ဒီရေကာတောစားကျက်မြေတွေကို ၁၉၉၆ ခုနှစ်မှာကျေးရွာအုပ်ချုပ်ရေးအာဏာပိုင်တွေက ရောင်းစားခဲ့တယ်လို့ ကျုံဒါတ်အုပ်စု ချောင်းသစ်ပေါက်ကျေးရွာက ဦးခင်ရွှေက ပြောပါတယ်။

“ဒီရေကာတောစားကျက်မြေတွေကို အဲဒီအချိန်က ကျေးရွာ ရ၀တ (ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့) ဥက္ကဋ္ဌ ဦးမြတ်စိုးက ၁ ဧက ၄၅၀၀ ကျပ်နှုန်းနဲ့ ဆိုင်းဘုတ်ထောင်ပြီး ရောင်းစားပစ်တယ်။ အဲဒီအချိန်မှာ ဧက ရာနဲ့ချီပြီးရောင်းခဲ့တယ်။ ရွာက လူတချို့နဲ့ တခြားဒေသကစီးပွားရေးသမားတွေက၀ယ်ပြီး လယ်တွေ လုပ်ခဲ့ကြတယ်။ နောက်ပိုင်းတော့ တဖြည်းဖြည်းတိုးချဲ့ယူပြီးလုပ်လိုက်တာ ပင်လယ်ဒီရေကာတော လည်းကုန်၊ စားကျက်လည်း အကုန်လုံးလယ်တွေဖြစ်ကုန်တာပါပဲ”လို့ သူက ပြောပါတယ်။

ဒီရေကာတောအဖြစ်ပေါက်နေတဲ့ ကနစို၊ လမု၊ မိုးမခစတဲ့ သစ်ပင်ကြီးတွေကို ခုတ်ထွင်ရှင်းလင်း၊ မီးရှို့တာတွေလုပ်ပြီး လယ်အဖြစ် ထွန်ယက်စိုက်ပျိုးခဲ့တဲ့အတွက် ဒီရေကာတောတွေ ပျက်စီးပြုန်းတီးကုန်တယ်လို့ သူကဆိုပါတယ်။

ဒီရေကာတောမရှိတဲ့နောက်ပိုင်း ပင်လယ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုတွေ ပိုမိုဆိုးဝါးစွာ ဖြစ်ပေါ်လာပြီး ၁၉၉၆ ကနေ ၂၀၁၃ခုနှစ်အထိ ၁၆ နှစ်ကျော်ကာလအတွင်းမှာ ဒီရေကာတော စားကျက်မြေဧက ၉၀၀ ခန့် ပင်လယ်ထဲပါသွားခဲ့ကြောင်း တော်ကနိ ညောင်လိန်ကုန်းကျေးရွာ သာသနာရာမကျောင်းတိုက်ဆရာတော် ဦးဝေပုလ္လက မိန့်ကြားပါတယ်။

“ပယ်လယ်ရေတိုက်စားလို့ သံဒိတ်မြစ်နားက နဂါးကျောင်းတိုက်နဲ့ ရွာဦးကျောင်းတိုက်ဆိုတဲ့ ဘုန်းကြီးကျောင်း ၂ ကျောင်းလည်းပင်လယ်ထဲကျသွားပြီ။ တော်ပေါင်စိန်ဘုရားလည်း ပင်လယ်ထဲက ဟိုးအဝေးကြီးမှာ ကျန်ခဲ့ပြီ။ ချောင်းသစ်ပေါက်ရွာဆိုလည်း ရွာနံဘေးအထိပင်လယ်ကတဖြည်းဖြည်းတိုက်စားလာလို့ အိမ်တချို့တောင် နေရာတွေရွှေ့နေရတယ်။ အဓိကက အပင်တွေမရှိတော့ မြေကို မကုပ်နိုင် ဘူးလေ။ လှိုင်းရိုက်တော့ မြေသားတွေပဲ့။ ကမ်းပါးတွေ ပဲ့ကျကုန်တာပေါ့။ အခုဆို စားကျက်မြေ ဧက ၉၀၀ လောက်တော့ ရေတိုက်စား သွားပြီ”လို့ ဆရာတော်က မိန့်ပါတယ်။

ဒီရေကာတော ဧက ၂၀၀၀ ကျော်ရှိတဲ့အနက်မှာ ဧက ၉၀၀ လောက်က ရေတိုက်စားသွားပြီးဖြစ်တဲ့အတွက် လယ်စိုက်ထားတဲ့ဧက ၁၀၀၀ လောက်ကို ဒေသရဲ့အသက်အိုးအိမ်စည်းစိမ် အကာအကွယ်ပေးမယ့် ဒီရေကာတောစိုက်ပျိုးဖို့ ဒေသခံတွေက ဒေးဒရဲမြို့နယ်၊ဖျာပုံ ခရိုင်နဲ့ ဧရာဝတီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဌာနတွေဆီ အဆင့်ဆင့်တင်ပြ တောင်းခံပေမယ့် အာဏာပိုင်တွေက ဒီရေကာတော စားကျက်မြေအဖြစ် ပြန်လည်သတ်မှတ်ပေးဖို့ ငြင်းဆန်ခဲ့တာ သိရပါတယ်။

“ မြို့နယ်၊ ခရိုင်၊ တိုင်း အကုန်တင်ပြပြီးပြီ။ သူတို့က ဘာကိုအကြောင်းပြလဲဆိုတော့ စားကျက်မြေဖြစ်တာ မှန်ပေမယ့် အခုကလယ်တွေ စိုက်ထားတယ်ဆိုတော့ လူစားဖို့နဲ့ ကျွဲစားဖို့ ဘယ်ဟာအရေးကြီး သလဲလို့ပြောတယ်။ အဲတော့ ကျွန်တော်ကလည်းမေးချင်တယ်။ လူစားဖို့နဲ့ အသက်ရှင်ဖို့ ဘာကပိုအရေးကြီးသလဲလို့ပဲ ပြန်မေးချင်တယ်”လို့ လယ်သမားအရေး ကူညီပေးနေတဲ့ လူ့အခွင့်အရေး စောင့်ကြည့်ကာကွယ်ရေးကွန်ရက် (HRWDN) က ကိုထွန်းထွန်းဦးက ပြောပါတယ်။

သူတို့ HRWDN အဖွဲ့တွေ ဒေးဒရဲမြို့နယ် ကျုံဒါတ်ကျေးရွာအုပ်စုကို ကွင်းဆင်းလေ့လာခဲ့ရာမှာ ပင်လယ်ရေတိုက်စားမှုအခြေအနေက ဆိုးဝါးနေပြီး ပင်လယ်ရေဟာ စပါးပင်တွေစိုက်ထားတဲ့ စားကျက်မြေတွေနဲ့ ၁ ဖာလုံလောက် ဝေးတဲ့နေရာအထိ ရောက်ရှိနေပြီလို့လည်း သူက ပြောပါတယ်။

“အဲဒီဒေသကို ကျနော်တို့ ကွင်းဆင်းကြည့်တော့ ပင်လယ်ရေတိုက်စားမှုက အတော့်ကို အခြေအနေဆိုးနေပြီ။ လယ်တွေစိုက်ထားတဲ့ စားကျက်မြေနဲ့ ပင်လယ်ရေက ၁ ဖာလုံလောက်ပဲ ဝေးတော့တယ်။ အဲတော့ ရေငန်ဝင်လာရင် ပထမဆုံး ဒီရေကာတောစားကျက်မြေမှာ စိုက်ထားတဲ့လယ်တွေ ပျက်မယ်။ မကြာခင်မှာပဲ တဆက်တည်းဖြစ်နေတဲ့ နိုင်ငံတော်မှာ မှတ်ပုံတင်ထားတဲ့ဂရန်လယ်တွေပါ ဆက်ပြီး ပျက်စီးမယ်။ ရေချိုတွင်းတွေ ချောင်းတွေမြောင်းတွေပါ ရေငန်တွေဖြစ်ကုန်မယ်။ အဲဒီအချိန်ကျတော့ အဲဒီဒေသတခုလုံး လူနေလို့မရဘဲ ပြောင်းပြေးရတဲ့အဆင့်အထိပါ ရောက်သွားလိမ့်မယ်။ ကျနော်ပြောတာမယုံရင် နောင် ၅ နှစ်လောက်ပဲစောင့်ကြည့်လိုက်ပါ”လို့ ကိုထွန်းထွန်းဦးက ပြောပါတယ်။

ဒေးဒရဲမြို့နယ်တောင်ဘက်ပိုင်းက ရွာပေါင်း ၄၆ ရွာမှာ မုန်တိုင်းဒဏ်ခံအဆောက်အဦး ၂ လုံးရှိကြောင်းလည်း သိရပါတယ်။ ရွာတွေမှာအန်ဂျီအိုတွေအကူအညီနဲ့ သဘာဝဘေးအန္တရာယ် ဖြစ်လာခဲ့ရင် စနစ်တကျဘယ်လိုလုပ်ကိုင်ရမယ်ဆိုတာ သင်တန်းတွေပေးထားပေမယ့် တကယ့်လက်တွေ့ ဘေးကျချိန်မှာ ဘယ်လောက်အထိ ဒီနည်းစနစ်တွေကို ကျင့်သုံးနိုင်မလဲ၊ ထိရောက်နိုင်မလဲဆိုတာက မခန့်မှန်းနိုင်တဲ့ အနေအထားတစ်ခုမှာ ရှိပါသေးတယ်။

ဒီရေကာတောမရှိတဲ့ အဲဒီဒေသမှာ ဆူနာမီလို နာရီပိုင်းအတွင်းကျရောက်နိုင်တဲ့ သဘာဝဘေးအန္တရာယ်မျိုး ဖြစ်ပေါ်လာခဲ့ရင် ဒေသခံတွေကြုံတွေ့ရမယ့်အခြေအနေဟာ မတွေးဝံ့စရာဖြစ်ကြောင်း ဒေးဒရဲမြို့နယ်ကို ကွင်းဆင်းလေ့လာခဲ့သူ HRWDNအဖွဲ့ဝင် ဦးထွန်းရွှေက ပြောပါတယ်။

“သူတို့အခြေအနေက သေမင်းခံတွင်းဝ ရောက်နေသလိုဖြစ်နေတယ်။ အချိန်မရွေး ဘေးအန္တရာယ်ကျရောက်နိုင်တဲ့အခြေအနေ ဖြစ်နေတယ်။ ဒါတွေကို တိုင်းအဆင့်က ၀န်ကြီးတွေ၊ တာဝန်ရှိသူတွေတင်ပြတော့ လယ်စိုက်ထားတာ ဧက ၁ ထောင်လောက်ပဲ ရှိတာ။ ကျန်တဲ့မြေမှာ ဒီရေကာတောစိုက်ပေါ့လို့ ပြောတယ်။ ကျန်တဲ့မြေဆိုတာကို မရှိတော့ဘူး။ အကုန်လုံးပင်လယ်ထဲကျကုန်ပြီ။ အဲတော့ မြေပြင်အခြေအနေ မသိဘဲ မြေပုံစာရွက်ပေါ်မှာ အလုပ်လုပ်တာက အဆင်မပြေပါဘူး။ သူတို့ကိုယ်တိုင် အဲဒီဒေသကိုကွင်းဆင်းပြီး ပြည်သူတွေရဲ့အသံကိုနားထောင်ကြည့်စေချင်ပါတယ်”လို့ သူကပြောပါတယ်။

လူသားချင်းအတူတူ ပင်လယ်နံဘေးမှာနေရတဲ့ ဒေးဒရဲမြို့နယ်တောင်ဘက်ခြမ်းကလူတွေမှာ သဘာဝဘေးအတွက် အမြဲတမ်းစိုးရိမ်နေရပြီး ဒီအခြေအနေကို အစိုးရပိုင်းက တာဝန်ယူမှုမရှိဘဲ ရှောင်လွှဲနေတဲ့ကိစ္စဟာလည်း လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းတမျိုးပဲလို့HRWDN အဖွဲ့က ဆိုပါတယ်။

ဒီရေကာတောတွေဟာ ပင်လယ်ကမ်းစပ်ဒေသတွေအတွက် အသက်တမျှအရေးကြီးတဲ့ အရာတွေ ဖြစ်နေတဲ့အတွက် နိုင်ငံတော်အစိုးရအနေနဲ့ အစီအမံတရပ်အဖြစ် ချမှတ်ဆောင်ရွက်သင့်တယ်လို့ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးပညာရှင် ဦးစည်သူလွင်က အကြံပြုပြောကြား ပါတယ်။

“ဒီရေကာတောတွေဟာ ပင်လယ်ရေကို မြေအောက်ကလည်းမတိုးနိုင်အောင် မြေပေါ်ကလည်း မတိုးနိုင်အောင် ဟန့်တားပေးပါတယ်။ ဒီရေကာတောမရှိရင် မုန်တိုင်းဖြစ်ရင်၊ ဒီရေတက်ရင် အကာအကွယ်မဲ့မယ်။ မုန်တိုင်းမဖြစ်လည်း မြေအောက်ကနေ ရေငန်တိုးပြီး ရေချို ချောင်းမြောင်းတွေ ရေတွင်းတွေ ရေငန်ဖြစ်ကုန်နိုင်တယ်။ အချိန်ကြာလာတာနဲ့အမျှ လူတွေရှင်သန်ရပ်တည်ရေးကို ထိခိုက်လာနိုင်တဲ့ အရာတွေဖြစ်တယ်။ ဒါကြောင့် မြစ်ဝကျွန်းပေါ်ဒေသတွေမှာ ဒီရေကာတော စားကျက်မြေဆိုတာ နိုင်ငံတော်ကတောင် စနစ်တကျနဲ့စိုက်ပျိုးပေးရမယ့်ကိစ္စပါ”လို့ သူက ပြောပါတယ်။

ကျုံဒါတ်ဒီရေကာတောစားကျက်မြေကို မူလအတိုင်း စားကျက်မြေအဖြစ်ပြန်လည် သတ်မှတ်ပေးဖို့ ညောင်လိန်ကုန်းကျေးရွာက ဒေသခံတွေဟာ ဒေးဒရဲမြို့ပေါ်မှာ ဆန္ဒပြဖို့ ကြိုးစားခဲ့တာတွေရှိသလို အစိုးရရုံးစိုက်ရာ နေပြည်တော်က နိုင်ငံတော် သမ္မတရုံးအထိ သွားရောက်တင်ပြခဲ့တာတွေမျိုးတွေအထိ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါပေမယ့် ဒီကနေ့အထိတော့ ဒီရေကာတောစားကျက်မြေအဖြစ် အစိုးရကပြန်လည် သတ်မှတ်ပေးခြင်းမရှိသေးဘဲ စီးပွားရေးသမားတွေကပဲ စားကျက်မြေပေါ်မှာ လယ်ယာမြေတွေ ကျူးကျော်လုပ်ကိုင်နေဆဲပါ။

နိုင်ငံတော်အနေနဲ့ ဧက ၁၀၀၀ ခန့် ကျန်ရှိနေသေးတဲ့ ကျုံဒါတ်ဒီရေကာတောစားကျက်မြေကို ဒေသခံတွေထံ ပြန်ပေးခဲ့မယ်ဆိုရင်ဒီရေကာတော အမြန်ဆုံးဖြစ်အောင် ပြန်လည်စိုက်ပျိုးမယ်လို့ ကျုံဒါတ်ကျေးရွာအုပ်စုက နာဂစ်ဒုက္ခသည်တွေက ပြောပါတယ်။

“နိုင်ငံတော်အစိုးရက ဒီစားကျက်မြေကိုပြန်ပေးမယ်ဆိုရင် ဒီရေကာတောအမြန်ဆုံးဖြစ်အောင် စိုက်ဖို့ ကျွန်တော်တို့ စီစဉ်ထားပါတယ်။

ကျွန်တော်တို့ ဒေသခံအများစုကလည်း ဒီစားကျက်မြေကို ဒီရေကာတောအဖြစ်ပဲ လိုချင်နေကြတာပါ။ ဒီရေကာတောရှိမှ ကျွန်တော်တို့ဘ၀လည်း အေးချမ်းမယ်။ ကျွန်တော်တို့ နောင်မျိုးဆက်တွေဘ၀လည်း အေးချမ်းမှာပါ။ ခုချိန်အထိကတော့နေ့သေမလား၊ ညသေမလား စိုးရိမ်နေရတဲ့ဘ၀ ဖြစ်နေတုန်းပါပဲ”လို့ မရမ်းကျေးရွာက နာဂစ်ဒုက္ခသည် ဦးချိုလွင်က ပြောပါတယ်။

၂၀၀၈ခုနှစ် မေလအတွင်းက တိုက်ခတ်ခဲ့တဲ့ အဖျက်စွမ်းအားကြီးမားတဲ့ ဆိုင်ကလုန်းနာဂစ် မုန်တိုင်းကြောင့် ဧရာဝတီတိုင်းဟာ သေကြေ ပျက်စီးမှု အများဆုံးဖြစ်ပြီး လူပေါင်း ၁ သိန်းခွဲ ကျော်သေဆုံးခဲ့သလို လူပေါင်းသန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ နာဂစ်မုန်တိုင်းဒဏ်သင့် ဒေသကို ပြည်သူတွေ၊ နိုင်ငံတကာက ပြည်သူ တွေရဲ့ အကူအညီနဲ့ လူမှုရေးအဖွဲ့အစည်းတွေကနေ ရုပ်ပိုင်းဆိုင်ရာ ထောက်ပံ့ကူညီပေးနေကြ ပေမယ့် သူတို့ခံစားနေကြရတဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေကိုတော့ ကုသဖို့အချိန် လုံလောက်ဦးမှာ မဟုတ်ပါဘူး။

ဒီလိုကြောက်မက်ဖွယ်ရာ နာဂစ်လိုဘေးဆိုးကြီး နောက်တကြိမ်ပြန်ဖြစ်လာမှာကို ဒေးဒရဲမြို့နယ်က နာဂစ်ဒုက္ခသည်တွေ ကြောက်လန့်နေဆဲ၊ တနည်းအားဖြင့် နာဂစ်ဒုက္ခသည်တွေကို “နာဂစ်တစ္ဆေ” ခြောက်လှန့်နေဆဲပါ၊

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်