Saturday, September 15, 2012

ဗန်းမော်နဲ့ လွယ်ဂျာသွား ကားလမ်းမှာ ချိန်ကိုက်ဗုံးတစ်လုံး ပေါက်ကွဲ

Posted by drmyochit Saturday, September 15, 2012, under | No comments


ကချင်ပြည်နယ် ဗန်းမော်နဲ့ လွယ်ဂျာသွား ကားလမ်း ၂၈ မိုင်းမှာ မနေ့က စက်တင်ဘာ ၁၂ ရက်နေ့မနက် ၉ နာရီ လောက်မှာ ချိန်ကိုက်ဗုံးတစ်လုံး ပေါက်ကွဲပြီး ကားသမားတစ်ဦးနဲ့ ဆိုကယ်သမားတစ်ဦး အနည်းအကျဉ်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး သေဆုံးတာတော့ မရှိဘူးလို့ ဗန်းမော်လွယ်ဂျယ်သွား ခရီးသည်တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။


ဗန်းမော်မြို့နယ် တရုတ်မြန်မာနယ်စပ် လွယ်ဂျာမြို့သွား ကားလမ်းကိုတော့ မကွေးမြို့ အခြေစိုက် အမှတ် ၈၈ ခြေ မြန်တပ် မဌာနချုပ်က တပ်ရင်းတွေက ထိမ်းချုပ်ထားတယ်လို့ သိရပါတယ်။ ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင် အေနဲ့ မြန်မာ တပ်မတော်တို့ အဲဒီဒေသဘက်မှာ အပြန်အလှန် တိုက်ပွဲတွေ ဖြစ်နေတာလည်း ဖြစ်ပါတယ်။

From -DVB 

တရုတ် - ဂျပန် ကျွန်းများကိစ္စ ခေါင်းအေးအေး ထားဆုံးဖြတ်ရန် အမေရိကန်တောင်းဆို

Posted by drmyochit Saturday, September 15, 2012, under | No comments


 

(12 September 2012 ရက်စွဲပါ BBC News မှ Us calls for coller heads in China-Japan islands row ကို ဘာသာပြန်ဆိုသည်။)အရှေ့ပိုင်းတရုတ်ပင်လယ်(East China Sea)ရှိ တရုတ်နှင့် ဂျပန်တို့အကြားတွင် အငြင်းပွားနေသော ကျွန်းများကိစ္စတင်းမာမှုများ မြင့်တက် လျက်ရှိရာ ပြဿနာ၏အဖြေကို ခေါင်းအေးအေးထားဖြေရှင်းကြရန် အမေရိကန ပြည်ထောင်စုက တောင်းဆိုခဲ့သည်။အင်္ဂါနေ့က ဂျပန်တွင် Senkaku ဟုခေါ်သောကျွန်းနှင့် တရုတ်တွင် Diaoyu ဟုခေါ် သောကျွန်းများသို့ တရုတ်က ကင်းလှည့်ရေယာဉ်နှစ်စီး စေလွှတ်ခဲ့သည်။
ထိုသို့ စေလွှတ်ခဲ့ခြင်းမှာ ဂျပန်က ၄င်း၏ပုဂ္ဂလိကပိုင်ရှင်များထံမှ ကျွန်းသုံးကျွန်းကို ဝယ်ယူရန်သဘောတူညီချက် ပြုလုပ်ပြီးနောက် ဖြစ်သည်။ဝါရှင်တန်သည် ယခုကိစ္စတွင် မည်သည့်ဘက်ကမျှ ရပ်တည်လိမ့်မည်မဟုတ်ဟု လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Cambell က ပြောကြား ခဲ့သည်။
အဆိုပါဒေသသည် ကမ္ဘာလုံးဆိုင်ရာစီးပွားရေး၏ မောင်းနှင်သူနေရာတွင်ရှိခြင်းကြောင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်း ထားနိုင် ရေးသည် အကြီးဆုံးအချက်ဖြစ်ကြောင်း ၄င်းကပြောသည်။
“ပါဝင်မှုအကျိုးစီးပွားက ကြီးမလာနိုင်ပါဘူး။ ဖြစ်စေလိုတာကတော့ ခေါင်းဆောင်တွေအားလုံးဟာ တရားမျှတရမယ်လို့ စိတ်ထဲမှာရှိထားစေချင် ပါတယ်”ဟု ၄င်းက မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဗဟိုဌာန စကားရည်လုပွဲတစ်ခုတွင် မေးခွန်းများကို ပြန်လည်ဖြေကြားစဉ် ပြောခဲ့သည်။Mr Campbell သည်အရှေ့အာရှ အတွက် အမေရိကန်၏ ထိပ်တန်းသံတမန် ဖြစ်သည်။
တရုတ်ကာကွယ်ရေးဝန်ကြီးဌာနသည် ဂျပန်ကကျွန်းများဝယ်ယူရန် လုပ်ဆောင်လာခြင်းနှင့်ပတ်သက်၍ ပြင်းထန် သောစကားလုံးများပါဝင်သည့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်ဟု တရုတ်နိုင်ငံပိုင်မီဒီယာက သတင်း ထုတ်ပြန်ခဲ့သည်။
တရုတ်အစိုးရနှင့်စစ်တပ်သည် ခိုင်ခိုင်မာမာရပ်တည်ပြီး ဆုံးဖြတ်ချက်မယိမ်းမယိုင်ပဲ တိုင်းပြည်၏ အချုပ် အခြာအာဏာကို ကာကွယ်စောင့်ရှောက် သွားမည်ဟု ဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် Geng Yansheng က ပြောခဲ့သည်ကို Xinhua သတင်းဌာနက ကိုးကားဖော်ပြခဲ့သည်။
“ကျွန်တော်တို့ဟာ အခြေအနေနဲ့ ဖြစ်ပေါ်တိုးတက်မှုကို အနီးကပ်ကြည့်ရှုနေပါတယ်။ တဖတ်က လုပ်ဆောင်မှုနဲ့ ညီမျှတဲ့လုပ်ဆောင်မှု ပြန်လည် တုန့်ပြန်ဖို့ အသင့်ရှိပါတယ်”ဟု ၄င်းက ပြောခဲ့သည်။
ဗုဒ္ဓဟူးနေ့က ဆန္ဒပြသူ(၁၅)ဦးခန့်ပါဝင်သောအုပ်စုသည် ဟောင်ကောင်ရှိ ဂျပန်သံရုံးရှေ့တွင် ကြွေးကြော် သံများအော်ဟစ်၍ ဂျပန်အလံများကို မီးရှို့ခဲ့ကြသည်။နှစ်နိုင်ငံကြားတွင် အဆိုပါကျွန်းများကိစ္စ တင်းမာမှုဖြစ်နေသည်မှာ လအနည်းငယ် ကြာခဲ့ပြီဖြစ်သည်။
အဆိုပါ လူမနေသော သံယံဇာတကြွယ်ဝသည့်ကျွန်းများကို ဂျပန်ကထိန်းချုပ်ထားပြီး ထိုင်ဝမ်ကလည်း ရယူ ရန်တောင်းဆိုထားသည်။ ၄င်းတို့ သည် အိုကီနဝါ၏တောင်ဖက်တွင်ရှိပြီး ထိုင်ဝမ်၏မြောက်ဖက်တွင်ရှိကာ အဓိကကျ သောသင်္ဘောလမ်းကြောင်းတွင် ရှိနေသည်။ သဘာဝဓါတ်ငွေ့များ တည်ရှိသည့်နေရာနှင့် ကပ်နေသည်။
ဂျပန်က ပြောကြားရာတွင် ကျွန်းများကိုဝယ်ရခြင်းမှာ တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေး စီမံခန့်ခွဲ မှုပိုမိုမြှင့် တင်နိုင်ရန်ဟု ဆိုသည်။
“ကျွန်တော်တို့အနေနဲ့ ဒီကိစ္စကြောင့် ဂျပန်-တရုတ်ဆက်ဆံရေးမှာသွားပြီး ထိခိုက်တာမျိုးလုံးဝမလိုလားပါဘူး။ အရေးကြီးတဲ့အချက်ကတော့ ကျွန်တော်တို့ဟာ နားလည်မှုလွဲတာရယ်၊ မမြင်နိုင်တဲ့ ပြဿနာတွေရယ်ကို ရှောင်ရှား သွားမှာပါ”ဟု ကက်ဘိနက်အတွင်းဝန်ချုပ် Osamu Fujimura က ပြောခဲ့သည်။
Mr. Fujimura က သတင်းထောက်များသို့ပြောကြားရာတွင် အစိုးရသည် အဆိုပါကျွန်းသုံးကျွန်းအတွက် ၂.၀၅ ဘီလီယံ ယန်း(ဒေါ်လာ ၂၆ သန်း၊ ပေါင်စတာလင် ၁၆.၄သန်း) ပေးရန် သဘောတူထားသည်ဟု ဆိုသည်။
From -Transparencymyanmarဘလော့

ဒီမိုကရေစီကို ဈေးပေါအောင်မလုပ်ကြပါနဲ့ (မောင်ဝံသ-ပြောချင်လွန်းလို့)

Posted by drmyochit Saturday, September 15, 2012, under | No comments



စိုးရိမ်မိတယ်
၁၉၈၈ ခု စက်တင်ဘာလ အာဏာသိမ်းပြီးချိန် နောက်ပိုင်းမှာ ညကလပ်တွေ ဖွင့်ကြ၊ ကာရာအိုကေတွေ ဆိုကြ၊ လူမြင်ကွင်းမှာ အတွဲတွေ သောင်းကျန်းကြ၊ အရက်အမျိုးမျိုး လိုင်စင်ယူပြီး ထုတ်လုပ်ကြ၊ သောက်ကြ မူးကြတာကို နေရာအတော်များများမှာ တွေ့ရတယ်။ အမျိုးသားယဉ်ကျေးမှုနဲ့ မလျော်ညီတဲ့ အပြုအမူတွေကို ဟန့်တား နှိပ်ကွပ်ရမယ့်အစား ဒေသတာဝန်ရှိသူ တချို့က “လိုချင်ဦးလေ ဒီမိုကရေစီ၊ တွေ့တယ် မဟုတ်လား၊ ဒီမိုကရေစီရရင် ဒီလို ဖြစ်ကုန်မှာပဲဆိုတာ အကြောင်းသိအောင်  ကျုပ်တို့ ကတော့ လက်ပိုက် ကြည့်နေလိုက်တယ်” လို့ ပြောတာကို ကျွန်တော့်နားနဲ့ ဆတ်ဆတ် ကြားဖူးလိုက်ရပါသဗျ။

        ဟောခုလည်း ဟိုနေရာ ဒီနေရာတွေမှာ ဆန္ဒပြကြ၊ ပိုစတာထောင်ကြ လုပ်ကြတာကို အဲသလို စိတ်အချဉ်ပေါက်ပြီး ပြောသူတွေ ရှိလာပြန်ပြီ။ ဒါတင်မက ဒီမိုကရေစီ ခေါင်းဆောင်ဆိုတဲ့ ဂုဏ်ပုဒ်ကို ပေါပေါလောလော သုံးလာကြတာ သတိထားမိတယ်ဗျာ။ တမင်တကာများ ဒီမိုကရေစီကို ဈေးပေါအောင် လုပ်နေရော့ သလားလို့ စိုးရိမ်မိတယ်ဗျ။

စစ်အာဏာရှင် ခိုင်မြဲရေးလား
ကျွန်တော်တို့ တိုင်းပြည်မှာ ရှစ်လေးလုံး အရေးတော်ပုံကြီးလို့ ကမ်္ပည်း ထိုးခဲ့ရတဲ့  ဒီမိုကရေစီ တောင်းဆိုသော ပြည်သူ့လှုပ်ရှားမှုကြီး ဖြိုခွင်းခံလိုက်ရပြီး ဒီမိုကရေစီ လမ်းကြောင်းနဲ့ ဝေးရာဆီသို့ ရွေ့မျောနေခဲ့ရာက နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်မလာခင်အထိ အစိုးရနဲ့ ပတ်သက်ပြီး အထင်ရှား အပေါ်လွင်ဆုံး ရှုမြင် သုံးသပ်ချက်တစ်ခုပဲ ရှိခဲ့တယ်ဗျ။ အဲဒါကတော့ ၂၀၁၀ ရွေးကောက်ပွဲက တစ်ဆင့် ပေါ်ထွက်လာမယ့် အစိုးရဟာ ကျွန်တော်တို့နိုင်ငံမှာ ၁၉၆၂ ခုနှစ် ကတည်းက တည်ရှိလာခဲ့တဲ့ စစ်အာဏာရှင်စနစ် ရာသက်ပန် တည်တံ့ခိုင်မြဲရေးကို (မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရတုန်းကလိုပဲ) ခါတော်မီ ပုံသ္ဌာန်သစ် တစ်ခုခုနဲ့ ကြိုးပမ်း လုပ်ဆောင်သွားမယ့် အစိုးရမျိုးပဲ ဖြစ်မှာပါဆိုတဲ့ ရှုမြင် သုံးသပ်ချက် ဖြစ်တယ်ဗျ။

စဉ်းစားပုံ စဉ်းစားနည်း
၁၉၉၀ ရွေးကောက်ပွဲအပြီး မကြာမီ ပေါ်ထွက်လာခဲ့တဲ့ န၀တရဲ့ ၁/၉၀  ကြေညာချက် အစ ၁၉၉၃ မှာ စတင်ကျင်းပခဲ့တဲ့ အမျိုးသားညီလာခံနဲ့ ၂၀၀၈ မေလမှာ အတည်ပြု ခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အလယ်၊ ၂၀၁၀ နိုဝင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပခဲ့ပုံ အဆုံး အမှန်တကယ် တည်ရှိ ဖြစ်ပျက်ခဲ့တဲ့ သမိုင်းဆိုင်ရာ ပေးထားချက်တွေကို ထည့်သွင်းစဉ်းစားပြီး အဲသလို ရှုမြင်သုံးသပ်ခဲ့ကြတာ ဖြစ်တယ်ဗျ။ အဆိုးမြင် ၀ါဒီတွေရဲ့ လောက အမြင်လို့ ဆိုချင်လည်း ဆိုပေါ့ဗျာ။ ကျွန်တော်ကတော့ အခုလို အတန်အသင့် လင်းပွင့် လာနေတဲ့ ကာလမှာ အစိုးရနဲ့ သဘောထား ကွဲပြားခဲ့သူတွေရဲ့ စဉ်းစားပုံ စဉ်းစားနည်း ဘယ်လို ရှိတတ်တယ်ဆိုတာ လက်ရှိ အစိုးရတာဝန်ရှိ ပုဂ်္ဂိုလ်တွေ အပါအ၀င် စိတ်ဝင်စားသူတွေ လေ့လာ အကဲခတ်နိုင်အောင် ပွင့်ပွင့်လင်းလင်း မခြွင်းမချန် တင်ပြနေတာပဲ ဖြစ်တယ်ဗျာ။
        သမ္မတရာထူး လက်ခံမိန့်ခွန်းနဲ့ အဲဒီနောက် ဆက်တိုက်လိုလို လိုက်ပါ လာတဲ့ မြန်မာပြည်သူတွေကိုရော နိုင်ငံတကာ အသိုင်းအ၀ိုင်းကိုပါ အံ့သြတကြီး စောင့်ကြည့် စေခဲ့တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ပေါ်ထွက်လာချိန်မှာတော့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေ အသိုင်းအ၀ိုင်းအကြား အစိုးရနဲ့ ပတ်သက်ပြီး ရှုမြင်သုံးသပ်ပုံ နောက်ထပ် ၃ မျိုး ပေါ်ထွက်လာခဲ့ပြန်တယ်ဗျ။

မဟာ သေနင်္ဂ ဗျူဟာလား
ပထမတစ်မျိုးက စစ်အစိုးရဟာ စစ်အာဏာရှင်စနစ် ရာသက်ပန် တည်တံ့ခိုင်မြဲရေး အတွက် မှန်ကန်ရိုးဖြောင့်တဲ့ ရည်ရွယ်ချက်နဲ့ မဟုတ်ပေမယ့် အတော်ကလေး ကြီးမားတဲ့ နိုင်ငံရေး လွတ်လပ်ခွင့်တွေ ပေးပြီး ကြိုးပမ်းတဲ့ “မဟာ သေနင်္ဂဗျူဟာ” (Grand Strategy) တစ်ခုကို ချမှတ် ကျင့်သုံးနေတာလားဆိုတဲ့ ရှုမြင်သုံးသပ်ပုံ ဖြစ်တယ်ဗျ။

နွေဦးကို ရှောင်ဖို့လား
ဒုတိယတစ်ခုက အစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲရေး  လုပ်ရပ်တွေကို  “အာရပ်နွေဦး”နဲ့ ဆက်စပ် စဉ်းစားတာ ဖြစ်တယ်ဗျ။ အာရပ်ကမ္ဘာမှာ တိုက်ခတ်နေတဲ့ ဒီမိုကရေစီ လေပြင်းလိုမျိုး ဒီမှာလည်း ဖြစ်ပေါ်လာလေမလားဆိုတဲ့  စိုးရိမ်ပူပန်မှုအပေါ် အခြေခံပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လက်ဦးအောင် ပြုလုပ်ခဲ့လေသလားဆိုတဲ့ ရှုမြင် သုံးသပ်ပုံ ဖြစ်တယ်ဗျ။

မြန်မြန်လား  နှေးနှေးလား
တတိယ ရှုမြင် သုံးသပ်ပုံကတော့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရရဲ့ ခေါင်းဆောင်အားလုံးလိုလိုဟာ သူ့အရင်ကရှိခဲ့တဲ့ စစ်အစိုးရရဲ့ ခေါင်းဆောင်ဟောင်း တွေ ဖြစ်ကြပေမယ့် သူတို့အားလုံး သို့မဟုတ် အားလုံးနီးပါး သို့မဟုတ် လုပ်ပိုင်ခွင့် အရှိဆုံး နေရာတွေမှာ ရောက်ရှိနေကြသူတွေဟာ တိုင်းပြည်ရဲ့ ပကတိ အခြေအနေကို သဘောပေါက် နားလည် လက်ခံကြသူတွေ ဖြစ်တယ်။ ကမ္ဘာကြီး တူရူပြုနေတဲ့ လမ်းကြောင်းကို ကောင်းကောင်းကြီး ဆ၀ါးမိကြသူတွေ ဖြစ်တယ်။ ဒါကြောင့် အခု အဲဒီ ခေါင်းဆောင်တွေ ဦးဆောင် ပြုလုပ်နေတဲ့ နိုင်ငံရေး အပြောင်းအလဲတွေဟာ စစ်မှန်တဲ့ အပြောင်းအလဲ တွေသာဖြစ်တယ်။ ဒီကနေ့ နိုင်ငံ့ခေါင်းဆောင်တွရဲ့ ခေါင်းထဲမှာ ရှိနေတာ “ဒီမိုကရေစီသို့ ဦးတည်တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်မလား၊ မလုပ်ဘူးလား”ဆိုတဲ့ ပြဿနာ မဟုတ်ဘူး။ “ပြုပြင် ပြောင်းလဲမှုတွေကို မြန်မြန် လုပ်မလား၊ နှေးနှေးလုပ်မလား”ဆိုတဲ့ ပြဿနာ ဖြစ်တယ်ဆိုတဲ့ ရှုမြင် သုံးသပ်ချက်ဖြစ်တယ်ဗျ။

ရှော့သုံးခုနဲ့ ဖျံကြောင်ငါး
ပွင့်ပွင့်လင်းလင်း ပြောရရင် သမ္မတရာထူး လက်ခံမိန့်ခွန်း ထွက်ပေါ်လာခဲ့အပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့အပြီး၊ ယုံကြည်ချက် အကျဉ်းသားတချို့ လွတ်မြောက်လာခဲ့ကြအပြီး၊ ဧရာဝတီ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်း ခဲ့ အပြီးမှာတောင်မှ အစိုးရရဲ့ ပြောဆို ပြုမူပုံတချို့က အဲဒီရှုမြင်စဉ်းစားပုံ သုံးမျိုးစလုံးကို ဆက်ပြီး လောင်စာဖြည့် ပေးနေခဲ့သေးတာ ဖြစ်တယ်ဗျ။ အဲဒီ အခြေအနေတွေ ကြောင့်လည်း ကျွန်တော် အပါအ၀င် နိုင်ငံရေး ဝေဖန်သူ အများ အပြားကရော လွှတ်တော်တွင်း လွှတ်တော်ပက နိုင်ငံရေးသမား အများအပြားကပါ အစိုးရနဲ့ ပတ်သက်ပြီး “ရှော့ခ်သုံးခုနဲ့ ဖျံကြောင်ငါး” အတွေးတွေ ၀င်နေမိခဲ့ကြတာ ဖြစ်တယ်ဗျ။ (ရှော့သုံးခုနဲ့ ဖျံကြောင်ငါး - Messenger ဂျာနယ်မှာ ကျွန်တော် ရေးခဲ့တဲ့ ဆောင်းပါး တစ်ပုဒ်ရဲ့ ခေါင်းစဉ်ပါ။ ရေထဲက ဖျံတစ်ကောင် ပိုက်ထဲပါလာတော့ ဖျံကို မမြင်ဖူးတဲ့ တံငါသည်က ကြောင်လည်းမဟုတ်၊ ငါးလည်း မဟုတ်၊ နင် ဘာကောင်လဲဝေ့လို့ မေးတာနဲ့ နှိုင်းယှဉ်ပြီး အစိုးရကို ဝေခွဲမရ အကဲ ဖြတ်လို့မရဖြစ်နေပုံရေးခဲ့တာဖြစ်ပါတယ်)

အားလုံး အံ့သြ၀မ်းသာ
ဒါပေမဲ့ တိတိကျကျ ပြောရရင် ၁၃ ဇန်န၀ါရီ ၂၀၁၂ နေ့က စတုတ်္ထ အကြိမ်အဖြစ် ယုံကြည်ချက် အကျဉ်းသားတွေ လွတ်လာတဲ့ဖြစ်ရပ် အပြီးမှာတော့ အစိုးရနဲ့ ပတ်သက်ပြီး ပထမနဲ့ ဒုတိယ ရှုမြင်သုံးသပ်ပုံတွေဟာ အတော်ကြီးကို မှေးမှိန် အားနည်းသွားခဲ့ပြီး တတိယ ရှုမြင်သုံးသပ်ပုံက ခိုင်မာပီပြင် အားကောင်းလာခဲ့ပြီ ဖြစ်တယ်ဗျာ။ တစ်ချိန်တည်းမှာ ကျွန် တော် တို့နိုင်ငံရဲ့ “အိုင်းအနာ” လို ဖြစ်ခဲ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာဘက်ကို ကြည့်ရင်လည်း နှစ်ပေါင်း ၆၀ ကာလ အတွင်း မမြင်တွေ့ခဲ့ရဖူးတဲ့ အားတက်စရာ မြင်ကွင်းတွေကို အားလုံး မြင်တွေ့နေကြရတာ အထင်အရှား ဖြစ်တယ်ဗျာ။ နိုင်ငံရေးအကျဉ်းသား ပြဿနာနဲ့ ငြိမ်းချမ်းရေး ပြဿနာဆိုတဲ့ နိုင်ငံရဲ့ သော့ချက်ကျ အကြောင်းခြင်း ရာနှစ်ခုမှာ မြင်တွေ့နေရတဲ့ သိသာထင်ရှားတဲ့ တိုးတက်မှုတွေကြောင့် ဒီမိုကရေစီ လိုလားသူအားလုံး အံ့သြ၀မ်းသာ ဖြစ်နေ ကြတယ်ဗျာ။ ဒီအချက်က နိုင်ငံတကာရဲ့ တုံ့ပြန်မှုနဲ့ ပြည်တွင်း နယ်ပယ် ပေါင်းစုံက ဦးစီးဦးဆောင် ပုဂ်္ဂိုလ်တွေရဲ့ ပြောစကားတွေမှာထင်ဟပ်နေတယ်ဗျ။

ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ
ဒီတော့ ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းဆိုတာ ဘယ်တော့မှ ပြီးဆုံးသွားမယ့် လုပ်ငန်းမျိုး မဟုတ်တာကြောင့် ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီ နိုင်ငံဖြစ်ပြီလားလို့ မေးရင်မဖြစ်သေးဘူးလို့ ဖြေရမှာဖြစ်ပေမယ့် “ဒီမိုကရေစီ ရပြီလား” ဆိုတဲ့ မေးခွန်း ကိုတော့ “ဒီမိုကရေစီဆိုတဲ့ လမ်းကြောင်းပေါ်မှာတော့ ရောက်နေပါပြီ”လို့ ဖြေနိုင် လိမ့်မယ် ထင်တယ်ဗျ။

အပုပ်ချဖို့ ကြိုးစားနေကြတုန်း
ဒီလို အချိန်မျိုးအထိ ဒီမိုကရေစီကို မလိုလား မရှုဆိတ်နိုင်သူတွေကတော့ အခွင့် သာတာနဲ့ ဒီမိုကရေစီကို အပုပ်ချဖို့ ကြိုးစားနေကြတုန်းပဲဗျာ။ဒီမိုကရေစီဆိုတာ ညီညွတ်မှုမရှိဘူး။ တစ်ယောက်တစ်ပေါက်၊ အင်မတန် စကားများတယ်။ ဒီမိုကရေစီဆိုတာ လူများစုနဲ့ အနိုင်ကျင့်တာ၊ ဒီမိုကရေစီ ကျင့်သုံးရင် အလုပ်မတွင်ဘူးစတဲ့ လေသံတွေ ပစ်ပစ်လာပြီး နောက်ဆုံး ကျတော့မှ တိုင်းပြည်ကို တကယ်တမ်း ဇိကုပ်ပြီး နတ်ပြည်ပို့နိုင်တာ တစ်မိန့် တစ်အာဏာစနစ်ပဲ၊ တစ်သွေး တစ်သံစနစ်ပဲလို့ကောက်ချက်ချဆွဲခေါ်သွားချင်နေကြတာကိုး။     

၅၊၉၊၂၀၁၂
(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၃၊ အမှတ်-၁၁၁၊ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာ ၁၃)

Apple ကပြောသော iPhone 5 အချက်အလက်များ

Posted by drmyochit Saturday, September 15, 2012, under | No comments


 
The new iPhone 5 ကို စက်တင်ဘာလ ၁၂ ရက်က အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမှာ ထုတ်ဖော်ပြသပြီး ပါဝင်လာမယ့် အသေးစိတ်အချက် အလက်များကို Apple အဖွဲ့ မှ ယခုလို ရှင်းလင်းဖော်ပြထားပါတယ်။အထူ၊ အတိုင်းအတာ၊ အသွင်အပြင်၊ အလေးချိန်၇.၆ မီလီမီတာ ထူတဲ့အတွက် ယခင်က iPhone 4S ထက် ၁၈ ရာခိုင်နှုန်း ပါးသွားတယ်လို့ ဆိုပါတယ်။ Display အရွယ်အစားက ၃.၅ လက်မတွေချည်း ထုတ်လုပ်ခဲ့ရာမှ ယခု ၄လက်မ ဖြစ်သွားပါတယ်။ ဒီတော့ Homepage မှာ icon တွေကို role ငါးခုအထိ ပြသနိုင်တယ်လို့ ဆိုပါတယ်။ အလူမီနီယမ် နဲ့ ဖန် နှစ်မျိုးတည်းသာ အသုံပြုပြီး တည်ဆောက်ထားပါတယ်။ Apple ရဲ့  top ကွာလတီ ပစ္စည်းတွေချည်း အသုံးပြုတယ်လို့ ဆိုပါတယ်။ အလေးချိန် ကတော့ ၁၁၂ ဂရမ်ဖြစ်ပြီး iPhone 4S ထက် ၂၀ ရာခိုင်နှုန်း ပေါ့သွား ပါတယ်။

Display
Display resolution က ၁၁၃၆x၆၄၀, ၃၂၆ ppi ရှိတယ်လို့ ဆိုပါတယ်။ Retina Display ကိုအသုံးပြုထားတဲ့အတွက် The new iPad လိုပဲ မျက်နှာပြင် ကျယ်ကျယ်မှာ ရုပ်ထွက် ကြည်လင်နေမှာ ဖြစ်ပါတယ်။ စမတ်ဖုန်းတွေထဲမှ အဆူးရှအတောက်ပဆုံး မျက်နှာပြင်ရှိသူလို့ Apple တို့က ပြန်အမွမ်း တင်ထားပါတယ်။ iPhone 4S ထက် ၄၄ ရာခိုင်နှုန်းပို လင်းပြီး နေရောင် ဒါရိုက်ထိုးရင်တောင် အဆက်အပျောက်မပေါ်ဘူးလို့ ဆိုပါတယ်။
Networkd Connectivity
LTE wireless နည်းပညာ Network ကိုအသုံးပြုတယ်လို့ဆိုပါတယ်။ 4G mobile ဂိမ်းတွေကို iPhone 5 နဲ့တောင် ဆော့နိုင်ပြီလို့ Apple ကကြေညာ ပါတယ်။သို့ပေမယ့် ယင်း LTE Network ကနိုင်ငံကြီးအချို့ တွေမှာသာ အသုံးပြုလို့ ရနေပါသေး တယ်။ Wi Fi Speed က 150mbps အထိတောင် မြင့်မားလာပါတယ်။
Processor
A5 တုန်းက ချီးမွမ်းခဲ့သလို A6 ရဲ့ လုပ်ဆောင်ချက်လည်း မကဲ့ရဲ့ နိုင်ပါဘူး။ A5 ထက်တောင် လုပ်ဆောင်ချက်က ၂ ဆ ပိုပြီး ၂၂ ရာခိုင်နှုန်း ပိုအရွယ်ငယ်သွားပါတယ်။ iOS 6 မှာ Application တွေကောင်းကောင်း အသုံးပြုနိုင်အောင် A6 chip ကအကောင်းဆုံး စွမ်းဆောင်ပေးနိုင်တယ်လို့ သိရပါတယ်။
iOS 6
iOS 6 ရဲ့ ထူးခြားမှုများက ယခင်က ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ iOS 6 ကို iTunes က Apple user များအခမဲ့ Download ဆွဲနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ iOS 6 အကြောင်းကို ယခု Link မှာ ဝင်ရောက်ဖတ်ရှုနိုင် ပါတယ်။
ကင်မရာ
iPhone 4S တုန်းက 8 megapixel ဆိုတော့ ယခုတစ်ခါ Pixel မြင့်မားသွား မယ်လို့ ထင်ခဲ့ပေမယ့် မှားယွင်းသွားပါတယ်။ 8 megapixel သာပြန်လည် အသုံးပြုထားပါတယ်။ သို့ပေမယ့် လုပ်ဆောင်ချက်ကတော့ မြင့် တင်လိုက်ပါတယ်။ ဘယ်လိုနေရာတွေမှာလည်း ဆိုတော့ Photo capture မှာ ၄၀ ရာခိုင်နှုန်း မြန်ဆန်လာတာမျိုး၊ Facetime camera မှာ HD ထောက် ပံ့ပေးတာမျိုး၊ Panorama Picture အတွက် ၂၈ megapixel မြင့်တင်ပေးနိုင် တာမျိုး တို့ ဖြစ်ပါတယ်။ အလင်းရောင် သိပ်မရှိရင်တောင် Low light mode မှာ ရုပ်ထွက်ကောင်းကောင်း ရိုက်ကူးနိုင်တယ်လို့ ဆိုပါတယ်။ ဗီဒီယိုရိုက်ဖို့ အတွက်ဆို ရင်တော့ 1080 p capableဖြစ် တဲ့အတွက် HD resolution ရနိုင်ပါတယ်။
ရှေ့ က ကင်မရာ အသုံးပြုမှု အဓိကကတော့ Vedio chat, Facetime စတဲ့ funcation တွေအသုံးပြုဖို့ပဲ ဖြစ်ပါတယ်။ ဒီော့ 720p သာ ထောက်ပံ့ပေး ထားပါတယ်။ BSI sensor ပါရှိလာပြီး မျက်နှာပြင်နဲ့ Lock ချတဲ့ detection စနစ်လည်းပါဝင်ပါတယ်။ video stabilization မှာလည်း မြင့်တင်ထားပြီး 4G မှာတောင် high resolution ဗီဒီယို call လုပ်နိုင်တယ်လို့ သိရပါတယ်။
Storage
MicroSD ကဒ်ထည့်လို့မရပါဘူး။ သို့ပေမယ့် built in မှာ 16GB, 32GB, 64GB အစရှိသဖြင့် သုံးမျိုးထုတ်လုပ်ထားပါတယ်။
ဘက်ထရီ
LTE, A6 processor တွေ အားများများထုတ်ပေးတဲ့ ဘက်ထရီလိုအပ် ပါတယ်။ ဒါကြောင့် 3G မှာဆိုရင် ၈နာရီ ခံပြီး Stanby မှာ ၂၂၅ နာရီ ထည့်ပေးထားတဲ့အတွက် iPhone 4S ထက် ပိုများသွားပါတယ်။
Audio
wide band audio မှာ ဆူညံဆူညံ မဖြစ်အောင် အသံထိန်းပေးမယ့် noise cancelling ear piece ပါဝင်မှာ ဖြစ်ပါတယ်။
dock connector
၂၀၀၃ ခုနှစ်ကနေ ယနေ့အတိုင် အသုံးပြုနေတဲ့ dock connector ပြောင်း လဲသွားပါပြီ။ သူ့ကို Lighting လို့အမည်ပေးထားပြီး ၈၀ ရာခိုင်နှုန်း အရွယ်ငယ်သွားတယ်လို့ဆိုပါတယ်။ ပင် ၃၀ နေရာမှာ ပင် ၈ချောင်းအစား ထိုးပေမယ့် ယခင် accessories များခေတ်ကုန်မသွားဘူလို့လည်း Apple က ပြောဆိုထားပါတယ်။
Relese Date
စက်တင်ဘာလ ၂၈ ဆိုရင်တော့ ကမ္ဘာ့နိုင်ငံကြီးပေါင်း ၂၀ ကျော်မှာ အလွယ်တကူ ရရှိနိုင်ပြီလို့ ဆိုပါတယ်။ အင်္ဂလန်တို့မှာဆိုရင် စက်တင်ဘာ ၂၁ မှာ စတင်ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။
ဈေးနှုန်း
နိုင်ငံတကာ ဝဘ်ဆိုဒ်တော်တော်များများ က နှစ်နှစ်စာချုပ်နဲ့ဖြစ်တဲ့ အတွက် ဈေးနှုန်းကို မြန်မာပြည်အတွက် ဖော်ပြလို့မရသေးပါဘူး။ UK ဆိုက်တစ်ခုမှာဆိုရင် ဗြိတိန်ပေါင် ၅၂၉ လို့ဖော်ပြထားပါတယ်။ ဒီတော့ မြန်မာငွေနဲ့တွက်လိုက်ရင် ၇ သိန်း ၄သောင်း ဝန်းကျင်ရှိပါတယ်။ ဒါက အနီးစပ်ဆုံး ဖြစ်ပါတယ်။ သို့ပေမယ့် အမှန် တကယ် မြန်မာပြည်ဈေး ကွက်ကို စတင်ရောက်ရှိ တဲ့အခါ ဈေးနှုန်းပိုနိုင်ပါသေးတယ်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်