Thursday, November 15, 2012

"ညနေခင်း အချိန် ဈေးဝယ်ရန် ဟန်ဆောင်၍ ဆိုင်ပေါ်တက် ဓားထောက် လုယက်မှု့ တစ်ခု ကမာရွတ် မြို့ နယ်၌ ဖြစ်ပွား"

Posted by drmyochit Thursday, November 15, 2012, under | No comments


ကမာရွတ်မြို့နယ် (၁၀) ရပ်ကွက် သံလွင်လမ်း၌ ဖွင့်လှစ်ထားသည့်အိတ် အရောင်းဆိုင် တစ်ဆိုင်သို အသက်(၁၉)နှစ် အရွယ် လူငယ်တစ်ဦးဈေး ၀ယ်ရန် ဟန်ဆောင်ကာ ဈေးရောင်းသူ အမျိုးသမီးငယ်အား ဓားဖြင့်ထောက်ကာ လုယက်မှု တစ်ခု ပြုလုပ်ခဲ့သည်ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူး ရုံး၏ ထုတ်ပြန်မှုအရ သိရသည်။ နိုဝင်ဘာ ၁၂ရက်နေ့ ညနေ ၄နာရီ ၃၀မိနစ် အချိန်၌ ထိုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး တရားခံကို အချိန်မှီ ၀ိုင်းဝန်းဖမ်းဆီး နိုင်ခဲ့သော်လည်း ၊ ဆိုင်အရောင်း ၀န်ထမ်းမှာမူ ကျောဝဲဘက်ထိုးသွင်း ဒဏ်ရာ ၁ချက်၊ နဖူးပွန်းခြစ်ဒဏ်ရာ၊ ယာတံတောင် ဖူးယောင် နာကျင်ဒဏ်ရာများ ရရှိ၍ ရန်ကုန်ဆေးရုံကြီးတွင် အတွင်း လူနာ အဖြစ် တက်ရောက် ကုသနေကြောင်း သိရသည်။ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ ရရှိသည့် သတင်းများ အရ တရားခံဟု ယူဆရသူမှာ ဆိုင်သို့ ပစ္စည်း လက်ဆောင်ပေးရန် လာကြည့်ပြီး ပြန်လည်းထွက်သွားကာ နောက်တစ်ခေါက် ပြန်လာပြီး ဓားထောက်လုယက်ခြင်း ဖြစ်သည်ဟုသိရသည်။
ကမာရွတ် ရဲစခန်းက (ပ) ၄၉၆/၁၂ ပုဒ်မ ၃၉၄ နှင့် (ပ) ၄၉၇/၁၂ လက်နက် ပုဒ်မ - ၁၉(င)ဖြင့် အမှုဖွင့်ကာ ဒုရဲအုပ်မောင်မောင်စိုး ကတရားခံကို ဖမ်းဆီးစစ်ဆေးနေပြီဖြစ်သည်။

ညွန့် ဝင်း

ရေကောင်းရေသန့်ရရှိရေးယုဇနဥယျာဉ်နေပြည်သူများ တောင်းဆိုနေ

Posted by drmyochit Thursday, November 15, 2012, under | No comments


ယုဇနဥယျာဉ်မြို့တော်၊ အမှတ်(၉၄)ရပ်ကွက်နေ ပြည်သူများက  ရေကောင်းရေသန့် ရရှိခြင်း မရှိသည့် အပေါ်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများမှ အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးရန် တောင်းဆိုလျှက် ရှိကြောင်း သိရှိရသည်။ ယုဇနဥယျာဉ် မြို့တော်သည် ၁၉၉၇ ခုနှစ်တွင် တန်ဖိုးနည်း အိမ်ရာအဖြစ် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး (၉၄)ရပ်ကွက် နေထိုင်သူများမှာ  ၂၀၀၀ ပြည့်နှစ်မှ စတင်၍ ရေကောင်းရေသန့်မရခဲ့ခြင်းဖြစ်သည်။
  “ကျွန်တော်တို့ဆီက ရေတွေက အ၀ါရောင်ရေတွေပါ။ အ၀တ်အစားတွေ လျှော်ရင်လည်း အရောင်တွေ ပြောင်းကုန်တယ်။ ပြီးတော့ ရေတွေမှာလည်း သံဓာတ်တွေ ပါတယ်။ လူတွေ ဖျားနာတာတွေ ၀မ်းလျှောတာ တွေဖြစ်တယ်။ ၀န်ကြီးချုပ်ကတော့ ငမိုးရိပ်က ရေရရှိဖို့ အမြန်အကောင် အထည် ဖော်ခိုင်းတယ်။”ဟု ယုဇန ဥယျာဉ်မြို့တော်နေ  ဦးအေးပိုင်က ပြောသည်။ ရပ်ကွက်နေပြည်သူများမှာ ရေကောင်းရေသန့် ရရှိရန်အတွက် ရန်ကုန်တိုင်း ၀န်ကြီးချုပ်က ဖေဖော်ဝါရီ (၁၆) ရက်နေ့တွင်    ရေကောင်းရေသန့် ရရှိရန် ငမိုးရိပ်မှရေကို ရေပိုက်များဖြင့် သွယ်တန်းရန် အိုးအိမ်၊ စည်ပင်နှင့် ယုဇန ကုမ္ပဏီတို့အား အကောင်အထည် ဖော်ဆောင်ရွက် ခိုင်းသော်လည်း လုပ်ဆောင်ပေး ခြင်း မရှိသေးကြောင်း ရက်ကွက် နေပြည်သူများထံက သိရသည်။  “(၉၃)ရပ်ကွက်က ရေကို သုံးဖို့အတွက် တစ်စည်ကို ၁၂၀၀ နဲ့ဝယ်ယူရပါတယ်။ ပြီးရင် သောက်မယ့် ရေကို ရေသန့်ဗူးကြီးတွေ ၀ယ်ပြီး သောက်ရတယ်။ ရေသန့်ဗူး ၀ယ်မသောက်နိုင်တဲ့ သူတွေက တစ်စည်(၁၂၀၀)ဆိုတဲ့ ရေကို ကျိုချက်ပြီးတော့ သောက်ရတယ်။”ဟု ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင် ပါဝင်ခဲ့သူ ဦးအေးပိုင်က ဆက်ပြောသည်။
 ရေကောင်းရေသန့် မရရှိသဖြင့် နိုဝင်ဘာ (၁၀) ရက်နေ့က (၉၄)ရပ်ကွက်နေ ပြည်သူများက  ဆန္ဒထုတ် ဖော်ခဲ့ကြောင်းကိုလည်း သိရသည်။ တိုင်းဝန်ကြီးချုပ်မှ စည်ပင်၊ အိုးအိမ်၊ ယုဇနကုမ္ပဏီတို့အား ငမိုးရိပ်မှရေကို ရရှိအောင် အမြန်ဆုံး ဆောင်ရွက်ခိုင်း၍   ရေပိုက်တပ်ဆင် မှုကိုလည်း အချိုးကျမျှ ခံခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 "စည်ပင်က ရေပေးဝေမှု အပိုင်းတွေကိုလည်း Survey တွေ လာလုပ်ပြီးသွားပြီ။ ရေပိုက်တွေ တပ်မယ်မတပ် ဘူးဆိုတာကိုတော့ ကုမ္ပဏီက လူကြီးတွေကပဲ ဆုံးဖြတ်မှာပါ။ စည်ပင်ကဌာနမှူး တွေလည်း လာပြီး ရေပေးဝေမှု အပိုင်းတွေကိုလည်း လာကြည့်သွားပါတယ်။" ဟု ယုဇနဥယျာဉ်မြို့တော် အုပ်ချုပ်ရေးမှူး  ဦးမောင်မောင်ဦးက ပြောသည်။ ယခုတိုင် ရေကောင်းရေသန့် မရရှိသေးသဖြင့် ရပ်ကွက် နေပြည်သူများမှ ရေကောင်းရေသန့်ရရှိရေး အတွက် လက်မှတ်များထိုးကာ   နိုင်ငံတော်သမ္မတနှင့် လွှတ်တော်များထံသို့ စာတင်သွားမည်ဖြစ်ပြီး၊ ဆောင်ရွက်ပေးခြင်းမရှိပါက နောက်ထပ် ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်းကိုလည်းသိရသည်။
ထက်အောင်ခန့် (မြစ်မခမီဒီယာ)

ဗြိတိန်တွင် သွေးစုပ်ဖုတ်ကောင် အရိုးစု တူးဖော်တွေ့ရှိ

Posted by drmyochit Thursday, November 15, 2012, under | No comments


သွေးစုပ် ဖုတ်ကောင် တကယ်ရှိ၊ မရှိဆိုတဲ့ မေးခွန်းဟာ အခုမှ မဟုတ်ပါဘူး။ ဟိုးယခင် ကတည်းက ပဟေဠိဆန်နေတဲ့ မေးခွန်း တစ်ခုဖြစ် ပါတယ်။ ဒါပေမယ့် သွေးစုပ်ဖုတ် ကောင်တွေ အလယ်ခေတ် (Middle Ages) မှာ တကယ် ရှိခဲ့ကြတယ်ဆိုတာ ကို အခုဗြိတိန်နိုင်ငံမှာ တူးဖော်တွေ့ရှိ ခဲ့တဲ့ အရိုးစု တစ်ခု အရသက်သေထူ နေပါပြီ။
 နော်တင်ဟမ်ရှိုင်းယားပြည် နယ် ဆောက်သ် ဝဲလ်မြို့က ရှေးဟာင်း ခရစ်ယာန် ဘုန်းတော် ကြီးကျောင်း တစ်ကျောင်းမှာ တူးဖော်တွေ့ရှိခဲ့တဲ့ ဒီအရိုးစုဟာ အေဒီ ၅၅၀-၇၀ဝ ဝန်း ကျင်က အရိုးစုတစ်ခုဖြစ်ပါတယ်။
ထူးခြားတာက ပုခုံးနှစ်ဖက်၊ နှလုံးနဲ့ ခြေကျင်းဝတ်တွေ နေရာမှာ သတ္တုစူးတံတွေ ဖောက်ဝင် နေတာကြောင့် ယင်း ခေတ်လူတွေက အန္တရာယ်ရှိလူသား တစ်ယောက်လို့ သတ်မှတ်ထားခဲ့တဲ့ သွေးစုပ်ဖုတ်ကောင် တစ်ကောင်ဖြစ် မယ်လို့ ယုံကြည်နေကြပါတယ်။ ဒီလိုမျိုး အရိုးစုတွေကို ဗြိတိန်မှာ တူးဖော် တွေ့ရှိတာ ပမာဏ အနည်းငယ်မျှလောက်ပဲ ရှိပါသေးတယ်။ “ဆောက် ဝဲလ်ဒေသက အရိုးစုဖြစ်ပါတယ်။ ဒါပမယ့် ဒီအရိုးစု အကြောင်းကို ကျွန်တော်တို့ များများစားစား မသိသေးပါဘူး။ အနီးစပ်ဆုံး ခန့်မှန်းရမယ်ဆိုရင် သွေးစုပ်ဖုတ်ကောင် တစ်ကောင်ဖြစ်နိုင် ပါတယ်။ ဘာကြောင့်လဲဆိုတော့ အရို စုကို မြေကြီးမှာ သံချောင်း ၄ ချောင်း နဲ့ ထိုးစိုက်ချည်နှောင် ထားလို့ပါ။ လူတွေအတွက် အန္တရာယ်များတဲ့ အကောင်တစ်ကောင် ဆိုရင်လည်း မမှားနိုင်ဘူးထင်ပါရဲ့”လို့ ရှေးဟောင်း သုတေသနပညာရှင် မစ္စတာ ဂျွန်လော့ခ် ကပြောကြားခဲ့ပါတယ်။

FIRST MUSIC NEWS

အကျဉ်းသား၄၅၂ ဦးအားလွတ်ငြိမ်းချမ်းသာခွင့်ပြု

Posted by drmyochit Thursday, November 15, 2012, under | No comments


ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတသည် နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ရေး အတွက်လည်းကောင်း၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး အတွက်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ဖြစ်စေမည့် နိုင်ငံသားများ အဖြစ်သို့ ပြုပြင်ပြောင်းလဲစေရန် အတွက်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှု ကိုအလေးပေးသော အားဖြင့်လည်းကောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးတို့ကို ရှေးရှုသော အားဖြင့်လည်းကောင်း၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂ဝ၄၊ ပုဒ်မခွဲ (က)နှင့်အညီ အကျဉ်းထောင် အသီးသီးမှ ပြစ်ဒဏ်များကို ထိုက်သင့်စွာကျခံပြီး ကြသောအသက် အရွယ်ကြီးရင့်သူများ၊ ကျန်းမာရေးချို့တဲ့ သူများနှင့် နိုင်ငံခြားသား အကျဉ်းသားများ အပါအဝင် စုစုပေါင်း အကျဉ်းသား ၄၅၂ ဦးအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄ဝ၁(၁)အရ ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်မှစ၍ ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပြုကြောင်းနှင့် နိုင်ငံခြားသားများအား ပြည်နှင်ဒဏ်ပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုတော် ခင်မောင်တိုး စင်ကာပူစံတော်ချိန် ၈နာရီမိနစ် ၂၀ ခန့် တွင်ကွယ်လွန်သွားပြီ

Posted by drmyochit Thursday, November 15, 2012, under | No comments


စတီရီယို ခေတ်ဦး အဆိုတော် တစ်ဦး ဖြစ်သည့်အပြင် ကိုယ်ပိုင်သံစဉ်ဖြင့် နာမည်ကျော်ကြားခဲ့သူ အဆိုတော် ခင်မောင်တိုးသည် နိုဝင်ဘာလ (၁၅) ရက်နေ့ နံနက်(စကာင်္ပူစံတော်ချိန်)(၈နာရီ ၂၀မိနစ်)  အချိန်က စင်ကာပူ၌ ဆေးကုသခံနေရာမှ ကွယ်လွန် သွားခဲ့ကြောင်း ပန်းရဲ့လမ်း ဂီတအဖွဲမှ ကိုသားထွေးက အတည်ပြု ပြောကြားခဲ့ပါသည်။
ကွယ်လွန်ချိန်တွင် အသက်(၆၂)နှစ် ရှိပြီဖြစ်သော ခင်မောင်တိုးသည် စစ်ကိုင်းတိုင်း မော်လိုက်မြို့ ဇာတိ ဖြစ်ပြီး ၁၉၅၀ ပြည့်နှစ် ဧပြီလ ၁ ရက်နေ့က ဖခင် အရေးပိုင်မင်း ဦးခင်မောင်နှင့် မိခင် ဒေါ်ခင်လှတို့မှ မွေးဖွားလာခဲ့သူ ဖြစ်ပါသည်။ မွေးချင်းသုံးဦး ရှိသည့်အနက် တတိယမြောက်သား ဖြစ်သည်။  ၁၉၆၅ ခုနှစ်တွင် အခြေခံပညာ အထက်တန်း အောင်မြင်ခဲ့ပြီး ၁၉၆၆ ခုနှစ်တွင် ရန်ကုန် စက်မှုတက္ကသိုလ်သို့ ရောက်ရှိခဲ့ပါသည်။ သို့သော် ဂီတလမ်းကြောင်း ဘက် စိတ်အားထက်သန်မှု ဖြစ်ခဲ့ပြီးနောက် ဒုတိယ နှစ်တွင် ကျောင်းထွက်ပြီး  ဂီတလမ်းကြောင်းပေါ်သို့ ရောက်ရှိလာခဲ့ပါသည်။  " RIT ရောက်တော့ အချိန်တန်ရင် အင်ဂျင်နီယာ ဖြစ်သွားမယ်လို့ပဲ တွက်ခဲ့တာ။ ဒုတိယ နှစ်မှာ အဆောင် နေတာဆိုတော့ သူငယ်ချင်းတွေနဲ့ ဂီတပိုးက ထလာပြီး ဂီတလုပ်တဲ့ အချိန်က ပိုများလာတယ်။ စတီရီယို သီချင်းတွေ ပေါ်လာတော့ လုပ်စရာ တွေပေါလာပြီး ဂီတာလိုင်းဘက် ကူးဖြစ်တယ်။ အဲဒီမှာ ကိုယ့်ပုံစံတစ်ခု မွေးဖွားဖို့ အကြောင်းပေါ်လာတယ်။ အဲဒီတုန်းက RIT မှာ ကိုရဲလွင်နဲ့တွဲပြီး စမ်းသပ်လုပ်ကြည့်လို့ ရလာတယ်။ ကျောင်းက ထွက်ပြီးတဲ့နောက်မှာ ရပ်တည်စရာ တစ်ခုကို ရှာမယ်ဆိုတော့ တကယ်ယုံကြည်စိတ်ရှိတဲ့ ဂီတကို အသက်မွေးဝမ်းကြောင်း တစ်ခုအနေနဲ့ မဟုတ်ပေမယ့် ဘာမှလုပ်စရာမရှိတဲ့ အချိန်မှာ ဂီတထဲမှာပဲ အသိုင်းအ၀ိုင်းနဲ့နေပြီး ခိုင်မာအောင် လုပ်ဖို့များသွားတာပေါ့" ဟု Eleven Media Group နှင့်  ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း တွေ့ဆုံစဉ် ခင်မောင်တိုးပြောကြားခဲ့ဖူးသည်။
၁၉၇၃ခုနှစ်ကာလတွင် "ပြဿနာ အုပ်စု" တီးဝိုင်းဖြင့် “ကျေးဇူးတင်ပါတယ် ကမ္ဘာကြီးရယ်” တေးစီးရီး ထွက်ရှိခဲ့ပါသည်။ ထိုစီးရီးသည် ခင်မောင်တိုး၏ ပထမဆုံး စီးရီးဖြစ်သည့်အပြင် ကော်ပီသံစဉ် စီးရီးလည်း ဖြစ်ခဲ့သည်။ ပထမဆုံး စီးရီးမှာပင် ခင်မောင်တိုးကို ပရိသတ်သိစေခဲ့သည့် သီချင်း ဖြစ်သော "မျက်သွယ်" သီချင်းကို သီဆိုခဲ့ပါသည်။ "မျက်သွယ်" သီချင်းကို ကိုတင်မောင်လှိုင်က ရေးသားခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ဒုတိယ စီးရီးဖြစ်သော "ရင်ခုန်နေသော အိမ်မက်ငယ်" ကို ၁၉၇၄ ခုနှစ်တွင် သီဆို ထုတ်ဝေခဲ့သည်။ ယင်းစီးရီးမှာလည်း ကော်ပီသံစဉ် ဖြစ်ပါသည်။ ထိုအချိန် အထိ ခင်မောင်တိုးအား ပရိသတ်သိရှိမှု နည်းပါးနေဆဲ ဖြစ်ပါသည်။
"ကျွန်တော်ရဲ့ပထမဆုံး ထွက် ရှိတဲ့ စီးရီးနဲ့ ဒုတိယစီးရီးက ကော်ပီ တွေပေါ့။ စီရီးဖြန့်ချိမှုပုံစံကလည်း ဆိုင်တွေကိုကိုယ်ကိုယ်တိုင်စာအုပ် ကြီးကိုင်ပြီး လိုက်ရောင်းရတာ။  ကျွန်တော် မှတ်မိနေတာက သွင်းတဲ့ စနစ်က အခုခေတ်လို စက်ပိုင်းဆိုင်ရာ ခေတ်မမီသေးတော့ တစ်ပြိုင်တည်း အသံသွင်းရတာလေ။ တစ်ယောက်မှားရင် အကုန်ပြန်သွင်းရတော့ ပင်ပန်းတယ်။ တချို့အမှားတွေလည်း လွှတ်လိုက်ရ တာရှိတယ်"ဟု  Eleven Media Group နှင့်  ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း တွေ့ဆုံစဉ် ခင်မောင်တိုး ပြောကြားခဲ့ဖူးသည်။
၁၉၇၉ ခုနှစ်တွင်မူ “ပြဿနာ အုပ်စု" တီးဝိုင်းအဖွဲ့အမည်ကို  "လိစ္ဆ၀ီ"ဟု ပြောင်းလဲလိုက်ပြီး 'လိစ္ဆ၀ီ' တီးဝိုင်းတွင်  ကိုရဲလွင်၊ ကိုဇော်မျိုးထွဋ်၊ ကိုမောင်မောင်၊ ကိုနေ၀င်းတို့နှင့်အတူ ဂီတဖန်တီးမှုများ လုပ်ဆောင်ခဲ့ပါသည်။  ၁၉၇၉ခုနှစ်တွင် " အဉ္ဇလီအတွက် ဂီတအဉ္ဇလီ" စီးရီး ထွက်ရှိခဲ့ပါသည်။ ထိုစီးရီးမှာ ခင်မောင်တိုး၏ ပထမဆုံး ကိုယ်ပိုင် သံစဉ် စီးရီး ဖြစ်ခဲ့ပြီး ထိုနောက်ပိုင်းတွင် ကိုယ်ပိုင်သံစဉ် သီချင်းများကိုသာ ဆက်တိုက် သီဆိုခဲ့ပါသည်။ ၁၉၈၁ ခုနှစ်တွင် "၀ိုင်းရဲ့ ဆည်းဆာ" တေးစီးရီး ထွက်ရှိခဲ့ပြီး "၀ိုင်းရဲ့ ဆည်းဆာ"မှာ ခင်မောင်တိုးကို ဂီတ ပရိသတ်များ ပိုမို အသိအမှတ် ပြုခဲ့သည့် စီးရီး ဖြစ်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင်  "စောင်းကြိုးရှိုက်သံ နှင့် ဆယ်နှစ်တာတေးများ" လက်ရွေးစင်တေးစု ထွက်ရှိခဲ့သည်။
၁၉၈၃ ခုနှစ်တွင် "လိစ္ဆ၀ီ" တီးဝိုင်းအဖွဲ့ အမည်ကို "မဇ္ဇျိမလှိုင်း" ဟု ထပ်မံ အမည်ပြောင်းလဲခဲ့ပြီး ၁၉၈၄ ခုနှစ်တွင် "မဟာဆန်သူ" စီးရီး ထွက်ရှိလာခဲ့ပါသည်။ "မဟာဆန်သူ"သည် ခင်မောင်တိုး၏ အအောင်မြင်ဆုံး တေးစီးရီး ဖြစ်ခဲ့သည့် အပြင် ခင်မောင်တိုးနှင့်အတူ "မဇ္ဇျိမလှိုင်း" တေးဂီတ အဖွဲ့ကိုပါ အောင်မြင်မှု ရရှိစေခဲ့ပါသည်။ ၁၉၈၅ ခုနှစ်တွင် "ကြိုးကြာသံ" တေးစီးရီး ထွက်ရှိခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် "မျက်သွယ်" အမည်ဖြင့် လက်ရွေးစင် တေးပေါင်းစု ထွက်ရှိခဲ့သည်။ ၁၉၈၈ ခုနှစ်၌ " ရောင်စဉ် ခုနှစ်သွယ်"၊ ၁၉၉၀ ပြည့်နှစ်၌ "ဝေးခဲ့ပြီ ပန်းခရမ်းပြာ"၊ ၁၉၉၁ ခုနှစ်တွင် "လေးညှို့ရှင်" အစရှိသည့် တေးစီးရီးများ ထွက်ရှိခဲ့သည်။
၁၉၉၂ ခုနှစ်တွင် "ပန်းချစ်သူ" တေးပေါင်းစု ထွက်ရှိခဲ့ပြီး ထိုစီးရီး၌ ပါဝင်ခဲ့သော သီချင်းများမှာ ရုပ်ရှင်ဇာတ်ဝင် သီချင်းများ ဖြစ်ပါသည်။ ၁၉၉၃ ခုနှစ်တွင် "ပန်တော်ဦး"၊ ၁၉၉၄ ခုနှစ်တွင် "မြစ်တစ်စင်း ဖြစ်တည်မှု" ထွက်ရှိခဲ့ပြီး ၁၉၉၄ ခုနှစ်မှာပင် Live 94 (Live Show) နှစ်ခွေတွဲ ထွက်ရှိခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် "ရည်ရွယ်သူ"၊ ၁၉၉၆ ခုနှစ်တွင် "မှီတွယ်ရာ လွမ်း"၊ ၁၉၉၇ ခုနှစ်တွင် "လှိုင်းထက်က ခြေရာများ" အစရှိသည့် စီးရီးများ ထွက်ရှိခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် "ရင်ခတ်အလွမ်း" တေးစီးရီး ထွက်ရှိခဲ့ပြီး ထိုစီးရီးတွင် ပါဝင်သော သီချင်းများမှာ မွန်းအောင်၏ သီချင်းများကို ပြန်လည် သီဆိုခဲ့ခြင်း ဖြစ်သည်။
၁၉၉၉ ခုနှစ်တွင် "တိတ်တခိုး" စီးရီး ထွက်ရှိခဲ့သည်။ "တိတ်တခိုး"သည် မောင်စိန်ဝင်း(ပုတီးကုန်း)၏ ကဗျာများကို ကိုနိုင်မင်းက သံစဉ် ထည့်သွင်းပေးခဲ့ပြီး ခင်မောင်တိုးက သီဆိုခဲ့ခြင်း ဖြစ်သည်။
၁၉၉၉ ခုနှစ်နောက်ပိုင်းတွင် ခင်မောင်တိုး၏ တေးသီချင်းသစ် ထွက်ရှိမှု မရှိသလောက် နည်းပါးခဲ့ပြီး  ၂၀၀၇ ခုနှစ် အချိန်တွင် "ခုနှစ်နှစ်အလွန်" တေးစီးရီး ထွက်ရှိလာခဲ့ပါသည်။  "ခုနှစ်နှစ် အလွန်" သည် ခင်ဝမ်းအမှတ်တရ အနေဖြင့် ခင်ဝမ်း သီဆို အောင်မြင်ခဲ့ပြီးသော သီချင်းများကို သီဆိုခဲ့ခြင်း ဖြစ်သည်။ ထိုနောက်ပိုင်းတွင် "အကြိုက်ဆုံး မန္တလေး သီချင်းများ" တေးစီးရီး၊ သည်းဦးသစ္စာ အစရှိသည်တို့ ထွက်ရှိခဲ့ပြီး နောက်ဆုံး ထွက်ရှိခဲ့သော တေးစီးရီးမှာ " ခွန်အားဖြည့်ပါ မိငယ်" ဖြစ်သည်။
" ကျွန်တော့် အမြင်က ဂီတကြောင့် လူတွေဟာ လောက အမြင်မှန်နဲ့ နီးစပ်တယ်လို့ ထင်တယ်။ ကျွန်တော်ဘ၀ ဖြတ်သန်းချင်တဲ့ ပုံစံက မြတ်စွာဘုရား ဟောကြားသလို လူတွေက မွေးပြီး သေသွားမယ့်သူတွေ ဖြစ်ပေမယ့်   ကြားထဲမှာ သံသရာ ဆိုတာရှိတယ်။ ဒီဘ၀လုပ်နေတဲ့ အလုပ်တွေ အကုန်လုံးက သံသရာ တစ်လျှောက်လုံးကို အထောက်အကူဖြစ်တဲ့ ပုံစံမျိုးရှိရမယ် ဆိုတော့ ရိုးရိုးသားသား နေလို့ရတဲ့ ဂီတ အလုပ်က ကျွန်တော့် ဘ၀အတွက် အင်မတန်သင့်တော်ပါ တယ်" ဟု ခင်မောင်တိုးက Eleven Media Group သို့ ပြောကြားခဲ့ဖူးပါသည်။  ခင်မောင်တိုးသည် ပထမစီးရီး "ကျေးဇူးတင်ပါတယ် ကမ္ဘာကြီးရယ်" မထွက်ရှိမီ အချိန်ကပင် ဒေါ်ဝေေ၀ခိုင်နှင့် လက်ထပ်ခဲ့ပြီး သားသမီး သုံးဦး ရှိခဲ့ပါသည်။

Eleven Media Group

တရားစွဲခံရသော ပါတီဥက္ကဋ္ဌအပါအ၀င် ပုဂ္ဂိုလ်ငါးဦး အာမခံမရ၍ အချုပ်နှောင်ခံရ

Posted by drmyochit Thursday, November 15, 2012, under | No comments


မန္တလေးမြို့အခြေစိုက် ပြည်သူ့ဒီမို ကရေစီပါတီမှ ပါတီဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌအပါအ၀င် ငါးဦးမှာ ပါတီမှ ၁၅ ရက်တစ်ကြိမ် ထုတ်ဝေသည့် ပြည်သူလုပ်သား သတင်းစဉ်တွင် ရေးသားသည့် သတင်းများကြောင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် တနိုင်းမြို့နယ် တရားရုံးတို့တွင် တရားစွဲဆိုခံရပြီး ချုပ်နှောင်ခံ ထားရကြောင်း ပြည်သူ့ဒီမိုက ရေစီပါတီအထွေထွေ အတွင်းရေးမှူး ဦးအောင်မြင့်က ပြောသည်။ ပြည်သူ့လုပ်သား သတင်းစဉ် အမှုဆောင်အရာရှိချုပ်နှင့် ထုတ်ဝေသူပါတီဥက္ကဋ္ဌ၊ အယ်ဒီတာချုပ် ပါတီဒုဥက္ကဋ္ဌနှင့် အယ်ဒီတာ၊ ဖြန့် ချိရေးတာဝန်ခံများကို ကချင်ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စား အစိုးရအဖွဲ့ရုံး ဒု-ညွှန်မှူး၊ မြစ်ကြီးနားခရိုင် ထွေအုပ်ရုံးမှ ခရိုင်ဦးစီးအရာရှိ၊ တနိုင်းမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြစ်ကြီးနားအမှတ်(၁)ရဲစခန်းမှ ရဲအုပ်၊ ကချင်မနောပွဲ ကျင်းပရေး ကော်မတီမှ ဥက္ကဋ္ဌတို့က တရားလို ပြုလုပ်၍ ပုဒ်မ-၅၀၀၊ ပုဒ်မ၅၀၅(ခ)၊(ဂ)၊ ၁၉၆၂ ပုံနှိပ် ဥပဒေ ပုဒ်မ-၂၀တို့ဖြင့် မြစ်ကြီးနားမြို့နယ် တရားရုံးနှင့် တနိုင်းမြို့နယ် တရားရုံးတို့တွင် တရားစွဲ ဆိုထားခြင်းဖြစ်ကြောင်း ပြည်သူ့ဒီမိုက ရေစီပါတီဘက်မှ အမှုလိုက်ပါ ဆောင်ရွက်ပေးနေသည့်
 ရှေ့နေ ဒေါ်ခင်ခင်က ပြောသည်။ ကချင်ပြည်နယ် အစိုးရအဖွဲ့အား မမှန်စွပ်စွဲခြင်း၊ ခြိမ်းခြောက်ခြင်း၊ အသရေဖျက်သော စာများရေးသား ဖော်ပြထား၍ တရားစွဲဆိုရ ခြင်းဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဆန်းကပြောသည်။ ဦးကျော်ဆန်းက နိုင်ငံရေး ပါတီတစ်ခုမှ ထုတ်ဝေသော သတင်းစာ၊ ဂျာနယ်တစ်စောင် အနေဖြင့် ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား ရပ်တည်ချက်များကိုသာ အဓိကရေးသားထုတ်ဝေ ရမည်ဖြစ်သော်လည်း ကချင်ပြည်နယ် အစိုးရအဖွဲ့ပေါ်တွင် အပြုသဘောဖြင့် ဝေဖန်ခြင်းမျိုး မဟုတ်ဘဲ ပုဂ္ဂိုလ်ရေး ထိခိုက်မှုများ ပါရှိလာကြောင်း၊ ရည်ရွယ်ချက်ရှိရှိ ရေးသားချက်များ ပါရှိလာ၍ တရားစွဲဆိုခြင်းဖြစ်ကြောင်း ပြောကြားသည်။ ၎င်းတို့အနေဖြင့် ပြည်သူအကျိုးကို ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း သာဖြစ်ကြောင်း၊ ယခု တရားစွဲဆို ခံရမှုအတွက် အားလုံးပြင်ဆင်ထားပြီး တစ်ဆင့် ချင်း လိုအပ်သည်များကို လုပ်ဆောင်သွား မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲများ၊ ပြည်သူ့
လွှတ်တော်တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီတို့သို့ တိုင်ကြားစာများ ပေးပို့ထားပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်သူလုပ်သား သတင်းစဉ်တို့ ဖြစ်ပွားနေသော အမှုကိစ္စကို ခုံရုံးဖွဲ့စစ်ဆေး ဆောင်ရွက်ပေးရန် တောင်းဆိုထားကြောင်း ပြည်သူ့ဒီမိုကေ ရစီပါတီ အထွေထွေ အတွင်းရေးမှူး ဦးအောင်မြင့်ကပြောသည်။ ပြည်သူလုပ်သား သတင်းစဉ် အတွဲ(၁) အမှတ် (၃၊၄၊၅၊၆၊၉၊၁၀) တို့တွင် ကချင်ပြည်နယ် ကားအသင်းကိစ္စ၊ တနိုင်းစက်လှေများ ကိစ္စ၊ ကချင်ရိုးရာ မနောပွဲဖြစ်မြောက်ရေး ကော်မတီကိစ္စများ ရေးသား၍ တရားစွဲဆိုခံရ ခြင်းဖြစ်ကြောင်း ရှေ့နေဒေါ်ခင်ခင်က ဆိုသည်။
တရားစွဲဆိုခံရသည့် ပြည်သူလုပ်သား သတင်းစဉ်မှ တာဝန်ရှိသူ ငါးဦးမှာအောက်တိုဘာ နောက်ဆုံးပတ်မှ စတင်၍ ချုပ်နှောင်ခံထားရပြီး အာမခံလျှောက် ထားသော်လည်း အာမခံပေးရန် ငြင်ပယ်ခံထားရကြောင်း  ရှေ့နေဒေါ်ခင်ခင်က ပြောသည်။ ဒေါ်ခင်ခင်က “အမှုတွေကို တစ်ပေါင်းတည်း စစ်ဆေးကြားနာပေးဖို့ ရုံးတော်ကို တင်ထားပါတယ်” ဟုပြောသည်။
7 Day News

ဟားမက် စစ်ခေါင်းဆောင် ကျဆုံး

Posted by drmyochit Thursday, November 15, 2012, under | No comments


ဟားမက် အဖွဲ့ စစ်ခေါင်းဆောင် အာမက် ဂျဘာရီ အစ္စရေး လေကြောင်း တိုက်ခိုက်မှုမှာ ကျဆုံး သွားပါတယ်။
ဂါဇာမှာ သူလိုက်ပါတဲ့ ကားကို ပစ်ခတ် လုပ်ကြံခံရတာ ဖြစ်ပြီး အဆင့်မြင့်ဆုံး သတ်ဖြတ် ခံရတဲ့ ဟားမက် ခေါင်းဆောင် ဖြစ်ပါတယ်။အရပ်သား ၁ဝ ယောက် အစ္စရေး တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ အတွက် ပါလက်စတိုင်း ဘက်က အစ္စရေး နယ်ထဲ ပစ်ခတ် တုံ့ပြန် ပါတယ်။အစ္စရေး ဝန်ကြီးချုပ် ကတော့ ဟားမက် ပစ်မှတ်တွေကို ဆက်တိုက်မယ်လို့ ဆိုပါတယ်။ ပါလက်စတိုင်း တွေကို အစ္စရေးက သတ်ဖြတ် နေတာကို သည်းခံမှာ မဟုတ်ဘူးလို့ အီဂျစ် က အစ္စရေး သံအမတ် ကို သတိပေးခဲ့ သလို ဟားမက် အကြမ်းဖက်မှု တွေ အတွက် အစ္စရေးရဲ့ ခုခံခွင့်ကို ထောက်ခံတယ်လို့ အမေရိကန်က ဆိုပါတယ်။
လုံခြုံရေး ကောင်စီ အရေးပေါ် အစည်းအဝေး လုပ်နေသလို အာရပ် အဖွဲ့ချုပ် ကလဲ စနေနေ့မှာ တွေ့ဆုံဖို့ ရှိပါတယ်။

"ငလျင်စိန်ခေါ်သံကြား မျက်ခုံး လှုပ်နေရသည့် ရန်ကုန်"

Posted by drmyochit Thursday, November 15, 2012, under | No comments


ယခုထက် ပိုပြင်းသော ငလျင် မျိုး လှုပ်နိုင်သည်ဟု ရွှေဘိုငလျင် လှုပ်ပြီး နောက်တစ်နေ့တွင် ငလျင် ပညာရှင် ဦးစိုးသူရထွန်းက ပြောသည်။ ရွှေဘိုငလျင်က ငလျင်ကြော ပေါ် ဖင်ခုထိုင်ထားသော မြန်မာနိုင်ငံဟု သက်သေပြခဲ့ပြီ။ ရွှေဘိုငလျင် သည် စစ်ကိုင်းပြတ်ရွေ့၏ အစိတ် အပိုင်း တစ်ခု။ စစ်ကိုင်းပြတ်ရွေ့ ဆိုသည်မှာ ဟိမဝန္တာတောင်တန်းမှ တစ်ဆင့် မြန်မာနိုင် ငံမြောက်ပိုင်းမှ ဧရာဝတီမြစ်နှင့် အပြိုင် ဆူမားတြား ငလျင်ကြောအထိ ဆက်စပ်သည်။ ''စစ်ကိုင်းပြတ်ရွေ့ပေါ်မှာ ရှိတဲ့ ငလျင် မလှုပ်သေးတဲ့နေရာ တွေအတွက် စိုးရိမ်ရတယ်'' ဟု ဦးစိုးသူရထွန်းက ပြောသည်။ ၁၉၃ဝ ခုနှစ်တွင် ပဲခူးငလျင် လှုပ်ခဲ့စဉ်က ပဲခူးတွင် လူ ၅ဝဝ ခန့် သေဆုံးပြီး ရန်ကုန်တွင် လူ ၅ဝ သေဆုံးခဲ့သည်။ ၁၉၃ဝ နောက်ပိုင်း ပဲခူးငလျင် ထပ်မ လှုပ်တော့ သည်မှာ ယနေ့ထိ နှစ် ၈ဝ ရှိပြီမို့ လှုပ်မည်ဆို ပြန်လှုပ်နိုင်မည့် အနေအထားဟု သိရသည်။
ဘယ်အချိန်လှုပ်မည်။ အင်အား မည်မျှရှိမည် ဆိုသည်က မည်သို့သော ပညာရှင်ကမှ ဟောကိန်းမထုတ်နိုင် သည့်ကိစ္စ။သို့သော် ''အခု လှုပ်သွားတဲ့ ငလျင်ဟာ၊ ငလျင်ကြီးတွေ အတွက် အစပျိုးငလျင် ဖြစ်နိုင်တယ်'' ဟု ၄င်းက ကောက်ချက်ချသည်။ ယခု ရွှေဘိုငလျင်သည် ၁၉၅၆ ခုနှစ်က တစ်ကြိမ် လှုပ်ခဲ့ပြီးပြီ။ ယခု နှစ် ၆ဝ အကြာတွင် ပြန်လှုပ်ခြင်းဆို တော့ ပဲခူးငလျင် မလှုပ်တော့သည်မှာ နှစ် ၈ဝ ကြာပြီမို့ အချိန်မရွေး ပြန် လှုပ်နိုင်သည့် အနေအထား။ ရန်ကုန်မြို့သည် ပဲခူးလို၊ နေပြည်တော်လို ငလျင်ကြောပေါ် တည့်တည့်ကျ မနေသော်ငြား ငလျင်လှုပ်လျှင် အန္တရာယ်အကြီးဆုံးဟု ပြောနိုင်သည်ဟု ဦးစိုးသူရထွန်းက ပြော သည်။
''ငလျင်က သူ့(ရန်ကုန်)ကို ဗဟိုပြုပြီး မလှုပ်ရင်တောင် တခြား မြို့တွေထက် ပိုစိုးရိမ်ရတယ်'' ဟု ၄င်းက ဆက်လက်ပြောသည်။ "ရန်ကုန်နှင့်ငလျင် ဘာလို့ အန္တရာယ်အကြီးဆုံးလဲ"ငလျင်သည် လူကိုမသတ်၊ လူ တွေဆောက်ထားသည့် အဆောက်အအုံတွေ ကသာ လူကို သတ်သည်။ ငလျင်လှုပ်သည့်အခါ အဆောက် အအုံများ ပြိုကျသောကြောင့် လူအများ သေကျေပျက်စီးကြသည်။ ၁၉၃ဝ ခုနှစ် ပဲခူး ငလျင် လှုပ်စဉ်က ရန်ကုန်တွင် သိန်းဂဏန်းသော လူဦး ရေသာ ရှိသေးသည့် အပြင် အထပ် မြင့်အဆောက် အအုံသည်လည်း သိပ် မရှိသေးသဖြင့် လူသေဆုံးမှုမှာ ၅ဝ ဦးမျှသာ။ယခုကတော့ လူဦးရေကလည်း သန်းနဲ့ချီ။ အထပ်မြင့် အဆောက် အအုံတွေ ကလည်း များ။ ၁၉၉ဝ ကျော်ကာလက ဆောက်ခဲ့သော ခါတော်မီ ကန်ထရိုက် တိုက်အချို့မှာ အပေါ်ထပ်မှ ငရုတ်သီးထောင်းလျှင် အောက်ထပ်တွင် သဲအမှုန်အမွှားများ ကျလာသည့် အနေအထား ဖြစ်သည်။ ''အင်ဂျင်နီယာတွေကလည်း အပေါ်အောက် အလေးချိန်ခံနိုင် အောင်ပဲ ဆောက်လုပ်ခဲ့တယ်။ ဘေးတိုက်လွှဲအားဒဏ် ခံနိုင်အောင် ဆောက်လုပ်ခဲ့ခြင်း မရှိဘူး။ ဒါ ကြောင့် အဲဒီကာလက ဆောက်ခဲ့ တဲ့ အဆောက်အအုံတွေအတွက် အရမ်း အန္တရာယ်ကြီးပါတယ်'' ဟု ဦးစိုးသူရထွန်းက ပြောသည်။
၁၉၉ဝ မှ ၂ဝဝဝ ခုနှစ်အတွင်း အဆောက်အအုံများဟု ဆိုသည်။ ထိုအချိန်က စစ်ဆေးကြပ်မတ်မှု ကလည်း အားနည်း၊ ဈေးကွက်လို အပ်ချက်အရ ဆောက်လိုက်တာက လည်း ဟောတစ်တိုက်၊ ဟောတစ် တိုက်သောက်သောက် လဲ။ ထိုသို့ သော အဆောက်အအုံများမှာ ငလျင် ကျရောက်ပါက မတွေးဝံ့စရာ။ လေမုန်တိုင်း တိုက်မည်ကို ကြိုသိ သော်လည်း ငလျင်ကတော့ ဘယ် လိုမှ ကြိုမသိဘဲ ရောက်ရှိလာသည့် လျှပ်တစ်ပြက် အန္တရာယ်ဆိုး။''ဥပမာ ဂျပန်ဆိုရင် မလွဲမသွေ ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အအုံ တွေ ဆောက်ကို ဆောက်ရမှာ။ ဒီ မှာတော့ အဲဒီလောက်အလေးထား ပြီး ဆောက်တယ်လို့တော့ မကြားမိ သေးဘူး'' ဟု မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်း ဒုဥက္ကဋ္ဌ ဦးကျော်ဆန်း ဝင်းက ပြောသည်။သို့သော် ၂ဝဝ၃ ခုနှစ်ကို ရောက်တော့ ရှစ်ထပ်နှင့် အထက် အဆောက်အအုံများကို ငလျင်ဒဏ် ခံနိုင်အောင် အထပ်မြင့် ကော်မတီ မှ ဒီဇိုင်းဆွဲ စစ်ဆေးပေးခဲ့သည်ဟု သိရသည်။''၂ဝ၁ဝ မှာကျတော့ တစ်ခါ မြို့တော်စည်ပင်က သုံးထပ်နဲ့အထက် အဆောက်အအုံတွေကို ငလျင်ဒဏ် ခံနိုင်အောင် ဆောက်လုပ်ဖို့ ညွှန်ကြား ခဲ့တယ်။ ဒါကြောင့် အဲဒီကာလက ဆောက်ခဲ့တဲ့ အဆောက်အအုံတွေ ကတော့ တော်ရုံတန်ရုံ ငလျင်ဒဏ် တော့ ခံနိုင်ရည်ရှိပါတယ်'' ဟု ဦးစိုး သူရထွန်းက ပြောသည်။ဆောက်လုပ်ရေး အင်ဂျင်နီယာ ကြီးတစ်ဦးက ရန်ကုန်မြို့ရှိ လူလတ် တန်းစားများနေထိုင်ရာ ကန်ထရိုက် တိုက်များမှာ ရင်လေးဖွယ်ရာဟု ကောက်ချက်ချသည်။
"ငုတ်တုတ်ထိုင် ရင်မောနေလို့မရ"ရန်ကုန်သည် ငလျင်အန္တရာယ် အတွက်ကြောက်မက်ဖွယ်ရာ။ ငလျင် ဟာ ဘယ်အချိန်လာမယ်မှန်း မသိ သော်ငြား လာနိုင်ခြေရှိသည့် အနေ အထား တွင် ငုတ်တုတ်ထိုင် ရင်မော နေလို့မရ။ ရွှေဘိုငလျင်က သင်ခန်းစာ များစွာ ပြဆိုပေးခဲ့ပြီ။ရန်ကုန်သာမက မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ငလျင်နှင့်ပတ်သက်သည့် ကြိုတင်ပြင်ဆင်မှု မရှိသည် က သေချာသည်။ ဦးစိုးသူရထွန်းက ၁၉၉ဝ-၂ဝဝဝ အတွင်း ရန်ကုန်တွင် ဆောက်ခဲ့သည့် အဆောက်အအုံများ အား တရားမျှတပြီး ဘက်မလိုက်သည့် Third Party ဖွဲ့ပြီး အချိန်မီ စစ်ဆေး မွမ်းမံပြုပြင်မှုကို အမြန်ဆုံး စီစဉ်သင့်ပြီ ဟု အကြံပြုသည်။
''ရန်ကုန်မှာရှိတဲ့ အဆောက်အအုံတွေက အဲဒီကာလက အဆောက် အအုံတွေ များတယ်''ဟု ၄င်းက ပြောသည်။ Third Party ဖွဲ့စည်း စစ်ဆေးစေခြင်းမှာ ထိုသို့ စစ်ဆေးပြု ပြင်မှုတွင် အမြစ်တွယ်နေသေးသည့် ခြစားမှု အန္တရာယ် အတွက် ဖြစ်သည် ဟု ဆိုသည်။ရန်ကုန်သည် ငလျင်လှုပ်ပြီဆို လျှင် တခြားမြို့များထက် ပိုမိုထိခိုက် ဆုံးရှုံးနိုင် သည့်မြို့။ မည်သို့မည်ပုံ ကြိုတင်ကာကွယ်ကြမည်နည်း။ ရွှေဘိုငလျင်က သက်သေပြခဲ့ပြီးပြီ။ ရန်ကုန်၊ မြေငလျင်နှင့် ကြိုတင်ကာကွယ်ရေး အစီအစဉ် သည် ကောလာ ဟလ သတင်းမဟုတ်တာ သေချာသည်။ 
 Myanmar Express 

မစ္စက်မိုက်ကယ်အဲရစ်နဲ့ NLD ရိုဟင်ဂျာ အရေးမှာ ဘာလို့ နှုတ်တွန့်နေကြသလဲ

Posted by drmyochit Thursday, November 15, 2012, under | No comments


မစ္စက်မိုက်ကယ်အဲရစ်နဲ့ NLD  ရိုဟင်ဂျာအရေးကိစ္စမှာ လူတစ်ကာ ပြောစရာဖြစ်ရလောက် အောင် နှုတ်ဆိတ်၊ နှုတ်တွန့်နေကြတာ ဘာကြောင့်လဲ။ မစ္စက်မိုက်ကယ်အဲရစ်နဲ့ NLD  လူ ဟောင်းတွေ သိကြပါတယ်။ ဒါပေမယ့် မပြောရဲကြပါဘူး။
တစ်ကယ်တော့ မူဆလင်တွေဟာ မစ္စက်မိုက်ကယ်အဲရစ်နဲ့ NLD  တို့အတွက် တစ်ချိန်တုန်း က အဓိကပံ့ပိုးကူညီ ထောက်ပံ့ပေးခဲ့တဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိခဲ့တယ် လို့ ပြောရင် မမှားဘူး။ ဒါကို မစ္စက်မိုက်ကယ်အဲရစ်ရော NLD  ပါတီဝင်တွေရော ကောင်းကောင်း ကြီး သဘောပေါက်တယ်။ ရိုဟင်ဂျာ အရေးကိစ္စနဲ ကပတ်သက်လာရင် ရှေ့မီ နောက်မီက NLD က နာယကကြီးဦးတင်ဦး ရှိတယ်။ သမိုင်းကြောင်းကို သူအစအဆုံး သိတယ်။ မပြောဘူး။ ဘာဖြစ်လို့ မပြောတာလဲ။ သိပ်ကို သိသာထင်ရှားလွန်းတယ်။
ပွင့်ပွင့်လင်းလင်း ဖွင့်ချရရင် မစ္စက်မိုက်ကယ်အဲရစ်နဲ့ NLD  ဟာ မူဆလင်တွေရဲ့ ကျေးဇူးခံ ကျေးဇူးစား ကြီးကြီးမားမားကြီးကို ရှိခဲ့တယ်။ န၀တ၊ နယက သက်တမ်း တောက်လျှောက်မှာ “မူဆလင်ကုသိုလ်ဖြစ်ဆေးရုံ” ဆိုတာဟာ NLD ပါတီဝင်တွေ၊ နိုင်ငံရေး သမားတွေရဲ့ ခိုကိုးရာ၊ အားကိုးအားထားပြုရာ ဆေးခန်းတစ်ခုပဲ ဖြစ်တယ်။ ထောင်ကလွတ် လာရင် “မူဆလင်ကုသိုလ်ဖြစ်ဆေးရုံ” မှာ သွားပြီး ဆေးဝါးကုသမှုခံ ယူတတ်ကြတယ်။ မစ္စက်မိုက်ကယ်အဲရစ်ရဲ့ ဆရာဝန် ဒေါက်တာတင်မျိုးဝင်းနဲ့ ဒေါက်တာ ပြုံးမိုအိတို့ဟာ “မူဆလင်ကုသိုလ်ဖြစ်ဆေးရုံ” မှာ စေတနာဆရာဝန်တွေ ၀င်ရောက်လုပ်ကိုင်နေကြသူတွေ ဖြစ်တယ်။ တစ်နည်း ပြောရရင် “မူဆလင်ကုသိုလ်ဖြစ်ဆေးရုံ” ဟာ မစ္စက်မိုက်ကယ်အဲရစ်နဲ့ NLD   တို့ရဲ့ အားကိုးအားထား ပြုရာ အခြေစိုက်နေရာ စခန်းတစ်ခု ဖြစ်ခဲ့တယ်။ အဲဒီတုန်းက မစ္စက်မိုက်ကယ်အဲရစ်နဲ့ NLD  တို့ဟာ တရားဝင် လှုပ်ရှားလို့ မရခဲ့ဘူး။ ဒီအချိန်မှာ နာရင် ဖျားရင် ဒုက္ခရောက်ရင် “မူဆလင်ကုသိုလ်ဖြစ်ဆေးရုံ” က တစ်ဘက်တစ်လမ်းကနေ ထောက်ပံ့ကူညီ ပေးခဲ့တယ်။ ဒီတော့ တဖြည်းဖြည်းနဲ့ “မူဆလင်ကုသိုလ်ဖြစ်ဆေးရုံ” ဟာ မစ္စက်မိုက်ကယ်အဲရစ်နဲ့ NLD   တို့အတွက် မြေအောက် ဘုံဗိမ္မာန်ကြီးတစ်ခု ဖြစ်မှန်းမသိ ဖြစ်လာခဲ့တယ်။ ဒါကို မစ္စက်မိုက်ကယ်အဲရစ်ကိုယ်တိုင် သိတယ်။ ကျေးဇူးတရားကို ဦးထိပ် ထားရမယ်ဆိုတာကိုလည်း မစ္စက်မိုက်ကယ်အဲရစ်နဲ့ NLD  ကလူတွေ သိတယ်။
ဒီတော့ မော်လ၀ီဆရာတွေ အသတ်ခံရတဲ့ ဖြစ်စဉ်လည်း ပေါ်လာရော မစ္စက်မိုက်ကယ်အဲရစ်နဲ့ NLD  ကလူတွေက လူသားချင်းစာနာ ထောက်ထားမှု၊ လူ့အခွင့် အရေး၊ လူနည်းစုအခွင့်အရေး စတဲ့ စာနာမှု ကရုဏာပေါင်းစုံနဲ့ မပဋာ မြေလူးတာထက် ဆိုးတဲ့ ပုံစံမျိုး၊ သနားကြင်နာမှုမျိုး ထုတ်ဖော်ပြသလိုက်တယ်။ မစ္စက်မိုက်ကယ်အဲရစ်နဲ့ NLD  ကလူတွေရဲ့ ပစ်မှတ်က ကြီးတယ်။ ဒီမြန်မာနိုင်ငံ တင်မဟုတ်ဘူး။ ကမ္ဘာတစ်ဝှမ်းက လူတွေ၊ ကမ္ဘာ့ခေါင်းဆောင်တွေ သိအောင်၊ မြင်အောင်၊ ကြားအောင် ပြချင်တာ။ မစ္စက်မိုက်ကယ်အဲရစ်နဲ့ NLD   ဟာ လူနည်းစု မူဆလင်တွေကို အကာအကွယ်ပေးတဲ့သူတွေ ဆိုတဲ့ ပုံစံကို ဖော်လိုက်ကြတာ။ သို့သော် ကံဆိုးစွာနဲ့ နောက်ထပ် အကြမ်းဘက်သတ်ဖြတ်မှုတွေဟာ သူတို့ အကာအကွယ်ပေးနေတဲ့ လူနည်းစု မူဆလင်တွေက လုပ်ဆောင်လာခြင်းပဲ ဖြစ်တယ်။ အဲဒီဖြစ်ရပ်သာ ပေါ်ထွက်မလာခဲ့ဘူး ဆိုရင် မစ္စက်မိုက်ကယ်အဲရစ်နဲ့ NLD  ဟာ ဒုတိယအကြိမ် ငြိမ်းချမ်းရေးနိုဗယ်လ်ဆုတော့ ပစ်မလွဲပဲ လို့ တွက်ထားဟန် တူတယ်။ ကုလားကို သနားကြင်နာပြပြီး နိုင်ငံတကာ ချီးကျူး ထောပနာသံတွေ ရယူချင်တဲ့ သဘော ရှိတယ်။ ဒီကနေ့အထိ မစ္စက်မိုက်ကယ်အဲရစ်နဲ့ NLD   ရိုဟင်ဂျာတွေကို ဘယ်လို ပြတ်ပြတ်သားသား ပြောခဲ့ပါသလဲ။ သမ္မတဦးသိန်းစိန်ကတော့ ပြတ်ပြတ်သားသားနဲ့ကို ထုတ်ဖော် ပြော ကြားလိုက်တာ တွေ့ရတယ်။ ဒီအချိန်မှာ မစ္စက်မိုက်ကယ်အဲရစ်နဲ့ NLD   တို့ ဘယ်လိုတုံ့ပြန်မလဲ ဆိုတာ စောင့်ကြည့်မိတယ်။
တွေ့လိုက်ရပါပြီ။ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဦးသိန်းညွန့် က အာဘောင် အာရင်းသန်သန် ချက်နဲ့လက်နဲ့ ရိုဟင်ဂျာပြဿနာကို တင်ပြနေချိန်မှာ ဘယ်လို ထားရမယ် မှန်း မသိတော့တဲ့ မျက်နှာနဲ့ လွှတ်တော်အမိုး၊ မျက်နှာကြက်ကို အကြောင်းမရှိ ငေးကြည့် နေရှာတဲ့ မစ္စက်မိုက်ကယ်အဲရစ်ကို ရွံ့ရှာဖွယ်ရာ တွေ့လိုက်ရတယ်။ ဦးသိန်းညွန့်က လူ့အခွင့်အရေးဆိုတဲ့ စကားနဲ့ ကဗျာဆန်နေလို့ မရဘူး လို့ ပြောတဲ့အချိန်မှာ မစ္စက်မိုက်ကယ်အဲရစ် ခင်ဗျာ မျက်နှာက ဇီးရွက်လောက်ပဲ ရှိတော့တာကို တွေ့ရတယ်။
ကမ္ဘာပတ်ပြီး ရွှေပြည်အေးတရားဟောခဲ့တဲ့ မစ္စက်မိုက်ကယ်အဲရစ် ခင်ဗျာ ရခိုင်ပြည်နယ်ကို ခြေတစ်လှမ်းတောင် မလှမ်းဝံ့ပဲကိုး။ သွားတာနဲ့ ၇ခိုင်တိုင်းရင်းသားတွေက ပက်ပက်စက်စက် ပြောပြီး မောင်းထုတ်ကြမှာ သူ သိထားတယ်။ အခုဆို ရခိုင်မှာ NLD ဆိုင်းဘုတ်တွေ မတင်ရဲဘူး။ တင်လိုက်တာနဲ့ ဖြုတ်ချ မီးရှို့ခံရမှာလေ။  ဥရောပကို ပတ် မွေးနေ့ပွဲ ပျှော်ပျှော်ကြီး လုပ်နေချိန်မှာ ရခိုင်တွေ မီးရှို့သတ်ဖြတ် ခံနေရတာကို ဘယ်မေ့ထားမလဲ။ ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေဆိုတာ ရခိုင်တွေရဲ့ မစ္စက်မိုက်ကယ်အဲရစ်နဲ့ NLD  အပေါ် ထားရှိတဲ့ အမြင်ပဲ ဖြစ်တယ်။ အခုလည်း လွှတ်တော်မှာ ပြောရေးဆိုခွင့် ရရှိနေပြီ ဖြစ်တဲ့ မစ္စက်မိုက်ကယ်အဲရစ်နဲ့ NLD   ရိုဟင်ဂျာ အရေးမှာ ဘယ်လိုရပ်တည်ချက် ထားပါသလဲ။ ရိုဟင်ဂျာကို ဆန့်ကျင်တဲ့ စကား တစ်ခွန်း တောင် မပြောရဲတဲ့ လူထုခေါင်းဆောင် ဘယ်လို ခေါင်းဆောင်မျိုးလဲ။ သမိုင်းက သိတယ်။ ရခိုင်တွေ သိတယ်။ တိုင်းရင်းသားတွေ သိတယ်။ ပြည်သူတွေ သိတယ်။ အခုအချိန်အထိ ကောင်းနေတုန်းတော့ အပြစ် မြင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ခြေလှမ်းမှားတဲ့တစ်နေ့ အပြစ် ဖြစ်တဲ့တစ်နေ့ အဲဒီ ပြစ်ချက်တွေ အကုန်စုပြုံပြီး ခံရမှာက မစ္စက်မိုက်ကယ်အဲရစ်နဲ့ NLD   တို့ပဲ ဖြစ်တယ်ဆိုတာကို သတိပေးလိုက်ပါရစေ။
. Myanmar Express 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီ Centre for International Exchanges ညွှန်ကြားရေးမှူး ချုပ် Mr.Wu Shumin ခေါင်းဆောင်သည့်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့လေ့လာရေးခရီးစဉ် လာရောက်

Posted by drmyochit Thursday, November 15, 2012, under | No comments


ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီ Centre for International Exchanges ညွှန်ကြားရေးမှူးချုပ် Mr.Wu Shumin ခေါင်းဆောင်သည့် အဖွဲ့ဝင် (၁၂) ဦးပါ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်နေ့မှ (၁၄) ရက်နေ့အထိ ချစ်ကြည်ရေးခရီးစဉ် လာရောက်ခဲ့သည်။
အဆိုပါ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ (၁၁) ရက်နေ့ နံနက်ပိုင်း (၈) နာရီ အချိန်တွင် ရန်ကုန်မြို့မှ တဆင့် နေပြည်တော်လေဆိပ် သို့ မြန်မာ့လေကြောင်း ခရီးစဉ်ဖြင့် ရောက်ရှိလာရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်၊ ဌာနချုပ်မှူး ဦးအောင်နိုင်ထွန်း၊ နေပြည်တော် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ၊ ပါတီဌာနချုပ်မှ တာဝန်ရှိသူများ လေဆိပ်တွင် ကြိုဆိုနှုတ်ဆက် ကြသည်။ 
 ထို့နောက် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် နံနက် (၉) နာရီ (၃၀) မိနစ်အချိန်တွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော် ကြည်ညိုကြပြီး၊ နံနက်ပိုင်း ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် သတ္တုတွင်းဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ခန်းမသို့ သွားရောက်ကြည့်ရှု လေ့လာကြသည်။
  ၎င်းနောက် တရုတ်ကွန်မြူနစ်ပါတီ Centre for International Exchanges ညွှန်ကြားရေးမှူးချုပ် Mr.Wu Shumin ခေါင်းဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးအား ညနေပိုင်း ၅ နာရီအချိန် တွင် နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဌာနချုပ်ရုံး ဧည့်ခန်းမသို့ လာရောက်ဂါရ၀ပြု တွေ့ဆုံသည်။ တွေ့ဆုံရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့်အတူ ပါတီအထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်း၊ ပါတီအကြံပေး ပုဂ္ဂိုလ် ဒေါက်တာချမ်းငြိမ်း၊ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းဆွေနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး၊ ဧည့်သည်တော် တရုတ်ကွန်မြူနစ်ပါတီ Centre for International Exchanges ညွှန်ကြားရေးမှူးချုပ် Mr. Wu Shumin နှင့်အတူ Logistic Bureau, Party School CPC Central Committee Deputy Director General Mr. LIU Zhigang၊ Head of Retired Personnel Office, Publicity of CPC Central Committee Deputy Director Ms. WANG Ping၊ Research Division, Foreign Affairs Department Commission for Discipline Inspection of CPC Central Committee Director Mr.HAN Maochao၊ International Exchanges Division, Research Department, Macroeconomic Research Academy, National Development and Reform Commission Director Ms. Lu Jie၊ Training Department, China Executive Leadership Academy Pudong Deputy Director Mr. SHEN Jun၊ Deputy Director များဖြစ်ကြသော Mr. ChEN Junbo၊ Mr. ZHANG Qingsong၊ Mr. WANG Yongwei၊ Mr. YANG Chen နှင့် Project officer Mr. DUAN Baolong၊ Second Secretary Ms.LIU Hongxia Probationary Secretary Ms. WANG Siqi တို့ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ရှိပြီးဖြစ်သည့် မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ခိုင်မာရေး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တရုတ် ကွန်မြူနစ်ပါတီ နှစ်ပါတီအကြား ချစ်ခင်ရင်းနှီးစွာဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုများအား တိုးမြှင့်ဆောင်ရွက်နိုင်ရေး အတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။ တွေ့ဆုံပွဲအပြီးတွင် ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ဧည့်သည်တော် တရုတ်ကွန်မြူနစ်ပါတီ Centre for International Exchanges ညွှန်ကြားရေးမှူးချုပ် Mr. Wu Shumin နှင့် ချစ်ကြည်ရေး ကိုယ်စားလှယ်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး တက်ရောက်လာသော အဖွဲ့ဝင်များနှင့်အတူ အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးသည်။ ညပိုင်းတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းက တရုတ်ဧည့်သည်တော် ညွှန်ကြားရေးမှူးချုပ် Mr. Wu Shumin ခေါင်းဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ မြတ်တော်ဝင် ဟိုတယ်၌ ညစာဖြင့် တည်ခင်းဧည့်ခံသည်။ ထို့နောက် တရုတ်ဧည့်သည်တော် အဖွဲ့သည် တည်းခိုရာ ဟိုတယ်သို့ ပြန်လည်ထွက်ခွာ၍ နေပြည်တော်၌ ညအိပ်ရပ်နားသည်။ ဧည့်သည်တော် တရုတ်ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် နိုဝင်ဘာလ (၁၂) ရက်နေ့ နံနက်ပိုင်း ၇ နာရီ အချိန်တွင် နေပြည်တော်လေဆိပ်မှ မန္တလေးမြို့ သို့ မြန်မာ့လေကြောင်း ခရီးစဉ်ဖြင့် ထွက်ခွာသွားရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်မှ တာဝန်ရှိသူများ က နေပြည်တော် လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။ အဆိုပါ တရုတ်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ (၁၀) ရက်နေ့တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိ၍ ညနေပိုင်း တွင် ရွှေတိဂုံ စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုခဲ့ကြပြီး ရန်ကုန်မြို့၌ ညအိပ်ရပ်နားခဲ့သည်။ တရုတ်ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် မန္တလေးမြို့နှင့် ရန်ကုန်မြို့သို့ လေ့လာရေး ခရီးဆက်လက် သွားရောက်ကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။

 Myanmar Express 

ငလျင် အန္တရာယ် စိုးရိမ်ဖွယ် မရှိအောင် ရွှေတိဂုံစေတီတော်အား ကြိုတင်ပြင်ဆင်ထား

Posted by drmyochit Thursday, November 15, 2012, under | No comments


ရွှေတိဂုံ စေတီတော်၏ အထက်ပိုင်းနား ကြံ့ခိုင်မှု အတွက် လွန်ခဲ့သည့် နှစ်နှစ်ကတည်းက လုပ်ဆောင်ထားပြီး ဖြစ်၍ ငလျင်အတွက် စိုးရိမ်စရာ မရှိကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
”ငှက်ပျောဖူးနားမှာ လုပ်ထားတာ ရှိတယ်။ ကြံ့ခိုင်မှု အတွက် သံချောင်းတွေ ထပ်ထည့်ပြီးတော့ အားဖြည့်ထားတဲ့ အတွက် အပေါ်ပိုင်းက တော်တော်လေး ကောင်းနေ ပါတယ်” ဟု၎င်းကဆိုသည်။ ငလျင်လှုပ်ပါက များသောအားဖြင့် စေတီတော် အထက်ပိုင်းသာ ထိခိုက်ခြင်း ဖြစ်၍ ထိုသို့ကြိုတင် လုပ်ဆောင်ထား ခြင်းကြောင့် စိုးရိမ်ဖွယ်ရာ မရှိကြောင်း ၄င်းက ဆိုသည်။ ရွှေတိဂုံ စေတီတော်၏ ကြံ့ခိုင်မှု အတွက် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ ပညာရှင်များက တာဝန်ယူ လုပ်ဆောင်ပေးကြောင်း၊ စေတီတော်၏ ထီးတော် ကြံ့ခိုင်ရေး အတွက် စေတီ၏ ထောင့်ပေါင်းစုံမှ တိုင်းတာမှုများ ပြုလုပ် ထားပြီး အရေးပေါ် သဘာဝဘေးအန္တရာယ် ဖြစ်ပွားသော အခါမျိုးတွင်လည်း ပြန်လည် တိုင်းတာ စစ်ဆေးမှု များပြုလုပ် ကြောင်း ဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကလည်း ပြောသည်။ ”နာဂစ်ပြီး ၂ဝဝ၉ ခုနှစ်လောက် ကတည်းက ရွှေသင်္ကန်း ကပ်တဲ့အချိန်မှာ အကုန်လုံး ပြင်ထားတယ်။ ငှက်ပျောဖူးတို့၊ ရွဲလုံးကြံ့ခိုင်မှု တို့အတွက် စတီး ဖရိန် တွေ ထည့်ပြီး လုပ်ထားတယ်”ဟု အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။ စေတီတော်၏ ကြံ့ခိုင်မှု အတွက် လုပ်ဆောင်ပေးနေသော မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း အနေဖြင့် စေတီတော် ၏ ထောင့်ပေါင်းစုံ ကို Survey ကုမ္ပဏီ တစ်ခုနှင့် ပူးပေါင်း ကာ အသေးစိတ် တိုင်းတာမှုများ ပြုလုပ်ခဲ့ပြီး ရင်ပြင်တော်ပေါ်ရှိ ဒဂုန် ခင်ခင်လေး တန်ဆောင်း၊ နောင်တော်ကြီး စေတီစသည် တို့ကို မြန်မာနိုင်ငံ ဗိသုကာပညာရှင်များ အသင်းနှင့် ပူးပေါင်း ပြုပြင်ပေးခဲ့ကြောင်း သိရသည်။ ”ရန်ကုန်မှာ ငလျင်လှုပ်တယ် ဆိုရင် မြေနိမ့်ပိုင်းတွေက ပိုစိုးရိမ်ရတာပါ။ ကုန်းတော်ပေါ်ကတော့ ဒီလောက်ကြီး စိုးရိမ်စရာ မရှိပါဘူး” ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ရွှေတိဂုံ စေတီတော်သည် ၂ဝဝ၈ ခုနှစ် နာဂစ် မုန်တိုင်းကြောင့် ရွှေသင်္ကန်း များ ကွာကျခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ၂ဝဝ၈ ခုနှစ် အောက်တိုဘာ မှစ၍ ရွှေသင်္ကန်း ကပ်လှူ ပူဇော်ရေး၊ ရွှေထီးတော် ကြံ့ခိုင်ရေး နှင့် ကိုယ်လုံးတော် ကြံ့ခိုင်ရေးဟူ၍ လုပ်ငန်း သုံးရပ်ခွဲကာ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 
 Myanmar Express 

သပိတ်ကျင်းတွင် နျူကလီယား ဓါတ်ပေါင်းဖို မရှိ၍ စိုးရိမ်စရာမရှိဟု သမ္မရုံးပြော

Posted by drmyochit Thursday, November 15, 2012, under | No comments


မန္ထလေးတိုင်း ဒေသကြီးရှိ ငလျင်ဒဏ် ခံရသော သပိတ်ကျင်း မြို့တွင် နျူကလီယား ဓါတ်ပေါင်းဖို တည် ဆောက်ထားခြင်း လုံးဝ မရှိ၍ စိုးရိမ်စရာ မရှိကြောင်း နိင်ငံတော်သမ္မတ ရုံးညွန်ကြားရေးမှု ဦးဇော်ဌေးမှ The Voice Weekly ပြောကြားသည်။ မိုးကုတ်နှင့် ထီချိုင့်၊ မှ ဒေသခံ တစ်ချို့ က တပ်မတော်အစိုးရ လက်ထက်တွင် သပိတ်ကျင်းတွင် နျူကလီယား စက်ရုံ တည်ဆောက်ထားသည်ဟု သတင်းများ ထွက်ပေါ်ဖူးကြောင်း ယခုလည်း အင်တာနက် လူမှုရေး စာမျက်နှာ တစ်ချို့တွင် နျူကလီယား စက်ရုံ ရှိသည်ဆိုပြီး ဖော်ပြမှု ရှိနေ၍ စိုးရိမ်မှုများ ထွက်ပေါ်နေကြောင်း ပြောဆိုနေမှုများ ပတ်သက်ပြီး အတည်ပြု မေးမြန်းစဉ် သမ္မတရုံး ညွန်ကြားရေးမှူးက အထက်ပါ အတိုင်း ပြောကြားခြင်းဖြစ်သည်။
“ပြဿနာ က မြောက်ကိုရီယား အကူအညီနဲ့ ဆောက်တယ်လို့ သတင်းတွေ ထွက်ခဲ့တော့ ဘာပဲဖြစ်ဖြစ်စိုး ရိမ်တယ် ဦးလေးရှိတဲ့ သပိတ်ကျင်းကို ဖုန်းဆက်လို့ မရ တော့ မနက်က အကို လိုက်သွားတယ်” ထီးချိုင့်မြို့မှ အသက်၄၅ နှစ်အရွယ် အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ပြောကြားသည်။ တပ်မတော်အစိုးရ လက်ထက်က ရှရှားနှင့် နျူကလီးယား သုတေသန လုပ်ငန်းအတွက် ဓါတ်ပေါင်းဖို အသေးတစ်လုံး တည်ဆောက်ရန် စာချုပ် ချုပ်ဆိုခဲ့ကြောင်း သမ္မဦးသိန်းစိန် အစိုးရ လက်ထက်တွင် နည်းပညာနှင့် ငွေကြေး မတတ်နိုင်သောကြောင့် နျူကလီယား သုတေသန အစီအစဉ်ကို ဆိုင်းငံထားကြောင်း အမေရိကန် လွှတ်တော် အမတ် ဂျွန်မက်ကိန်း လာစဉ်က ဒုတိယသမ္မတ သူရသီဟ ဦးတင်အောင်မြင့်ဦး တရားဝင် နိင်ငံတကာသို့ အသိပေးထားသည်ဟု ဦးဇော်ဌေးကဆိုသည်။ နိဝင်ဘာလ ၁၁ ရက် ၇ နာရီ ၄၂ မိနစ် ၃၇ စက္ကန့်တွင် မန္တလေးမြို့ ငလျှင်စခန်းမှ မြောက်ဖက် ၈၂မိုင်ခန့်၊ ရွှေဘိုမြို့ မြောက်ဖက် ၄၅မိုင်ကွာ နေရာကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၆ဒသမ ၈ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ရှား သွားခဲ့သည်။ နံနက် ၇ နာရီ ၅၉ မိနစ် ၅၉ စက္ကန့်တွင် မန္တလေးမြို့ မြောက်ဘက် ၅၉မိုင်၊ ရွှေဘိုမြို့အရှေ့မြောက်ဘက် ၂၃ မိုင်၊ မိုးကုတ်မြို့မှ အနောက်ဘက် ၃၆ မိုင်ခန့်နှင့် သပိတ်ကျင်းမြို့ အနောက်တောင်ဖက် ၄မိုင်ခန့် နေရာကို ဗဟိုပြု၍ အင်အား ရစ်ခ်ျစတာ စကေး ၅ဒသမ ၀ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။
 နံနက် ၈ နာရီ ၂၈ စက္ကန့်တွင် မန္တလေးမြို့မှ မြောက်ဖက် ၅၃မိုင်ခန့် ရွှေဘိုမြို့မှ အရှေ့မြောက်ဘက် ၁၆ မိုင်ခန့် မိုးကုတ်မြို့မှ အနောက်ဘက် ၄၁ မိုင်ခန့်နှင့် သပိတ်ကျင်းမှ အနောက်တောင်ဘက် ၁၂ မိုင်ခန့် ကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၅ ဒသမ ၀ အဆင့်ရှိ ငလျင် တစ်ခု စုစုပေါင်း သုံးကြိမ် လှုပ်ရှား သွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။ သပိတ်ကျင်းမြို့တွင် သပိတ်ကျင်း ရဲစခန်းမှ အဆောက်အအုံ တစ်ခု၏ အုတ်နံရံ ပြိုကျခဲ့ခြင်း၊ ကြာညှပ် ရဲ စခန်း ရိပ်သာနှင့် ရဲစခန်းရုံး ပြိုကျခဲ့ခြင်းနှင့် အခန်းသုံးခန်းရှိ နံရံနှင့် အုတ်တိုင်အချို့ အက်ကွဲ ခဲ့သည် ဟု နိင်ငံပိုင် သတင်းစာများတွင် ဖော်ပြ ပါရှိသည်။


 Myanmar Express 

မြန်မာ့နိုင်ငံကို အဆိုးမြင်ပေးဖို့ အိန္ဒိယအစိုးရအား ဒေါ်အောင်ဆန်းစုကြည်ပြောကြား

Posted by drmyochit Thursday, November 15, 2012, under | No comments


မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်ပြီး အိန္ဒိယအစိုးရအနေနဲ့ အကောင်းမြင်တာမျိုး မဖြစ်စေသင့်ပဲ အဆိုးမြင်ပေးရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သတိပေး ပြောကြားလိုက်ပါတယ်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကို ဒီကနေ့ ဆိုက်ရောက်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်က ခရီးမစခင်က အိန္ဒိယ နိုင်ငံထုတ် The Hindu သတင်းစာနဲ့ အင်တာဗျူး ပြောကြားရာမှာ မြန်မာနိုင်ငံက အခြေအနေကို ဘက်ပေါင်းစုံက အသေအချာ လေ့လာအကဲခတ်ဖို့ လိုအပ်ကြောင်း၊ အကောင်းမြင်တာ လွန်ကဲသွားရင် အမှားလုပ် နေတာတွေကို သတိမမူမိဘဲ ဖြစ်တတ်ကြောင်း အိန္ဒိယအစိုးရကို သတိပေးလိုက်တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေး ခေါင်းဆောင် ပထမဆုံး ဝန်ကြီးချုပ် Jawaharlal Nehru အထိမ်းအမှတ် အခမ်းအနားမှာ ဂုဏ်ထူးဆောင် ဧည့်သည်တော်အဖြစ် မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။ အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းအပြင် တခြားနိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်သလို သူငယ်စဉ်က နိုင်ငံရေး သိပ္ပံဘာသာရပ်နဲ့ ဘွဲ့ယူခဲ့တဲ့  The Lady Shri Ram College ကိုလည်း သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ဖက် နိုင်ငံဖြစ်ပြီး လာမယ့် ၂၀၁၅ ခုနှစ်မှာ နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏဟာ အမေရိကန်ဒေါ်လာ သန်း ၃ ထောင်အထိရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ရေနက်ဆိပ်ကမ်း တည်ဆောက်နေတာအပြင် ၂၀၁၆ ခုနှစ်မှာ အပြီးဆောက်လုပ်ဖို့ ပြင်ဆင်နေတဲ့ မြန်မာနိုင်ငံကို ဖြတ်ပြီး ထိုင်းနိုင်ငံအထိ  လမ်းမကြီး ဖေါက်လုပ်ရေးမှာလဲ အိန္ဒိယအစိုးရက အဓိက တာဝန်ယူမယ်လို့ ဆိုပါတယ်။ အဲဒီလို ဖွံ့ဖြိုးတိုးတက်ရေး ရင်းနှီးမြှပ်နှံမှုတွေဟာ လူ့အခွင့်အရေးနဲ ဒီမိုကရေစီအရေးကို ထည့်သွင်းစဉ်းစားတဲ့ တာဝန်ခံမှုရှိတဲ့ ရင်းနှီးမြှပ်နှံမှုတွေ ဖြစ်ဖို့လိုအပ်တယ်လို့ ပြီးခဲ့တဲ့ ဇွန်လအတွင်းက ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် အိုင်အယ်လ်အို ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
Myanmar Express 

ရွှေဘိုငလျင် အရေးပေါ် ကယ်ဆယ် ကူညီပေးခဲ့သော ဒေသခံပြည်သူများကို သမ္မတ ကျေးဇူးတင်

Posted by drmyochit Thursday, November 15, 2012, under | No comments


ပြင်းအား ၆ ဒသမ ၈ ရစ်ခ်ျတာ စကေးရှိသော ငလျင်လှုပ်ခတ်အပြီး အရေးပေါ် အခြေအနေတွင် ချက်ချင်း ကယ်ဆယ်ရေးနှင့် အကူအညီများ ပေးခဲ့ကြသော ဒေသခံပြည်သူများကို ကျေးဇူးတင်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သတင်းထုတ်ပြန်ချက် တစ်ရပ် ထုတ်ပြန်ကာ ပြောကြားလိုက်သည်။ နိုင်ငံတော် သမ္မတရုံးက နိုဝင်ဘာ ၁၂ ရက်နေ့စွဲဖြင့် ထုတ်ပြန်သောငလျင်နှင့် ပတ်သက်သည့် ထုတ်ပြန်ချက်တွင် နိုင်ငံတော်သမ္မတ အနေနှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံး ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသော ပြည်သူများနှင့် ထပ်တူဝမ်းနည်း ကြေကွဲကြောင်း ဖော်ပြထားသည်။ သတင်းထုတ်ပြန်ချက် တွင် မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီး နှစ်ခုအတွင်းရှိ မြို့နယ် ကိုးမြို့နယ်တို့တွင် ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများ များပြားခဲ့ပြီး ငလျင်လှုပ်ခတ်ပြီးပြီးချင်း သမ္မတအနေနှင့် ငလျင်လှုပ်ခဲ့သည့် ဒေသသို့ ကိုယ်တိုင်သွားရောက်ရန် အခြေအနေ မပေးသည့်အတွက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် အဖွဲ့အား စေလွှတ်ကာ အရေးပေါ် ကယ်ဆယ်ရေးနှင့် အကူအညီ ပေးနိုင်ရန် ချက်ချင်းစေလွှတ် တာဝန်ပေးခဲ့ကြောင်း ပြောကြားထားသည်။ ငလျင်ဘေးဒဏ် ခံစားရသူများ ပြန်လည်ထူထောင်ရေးကို ပြည်တွင်း လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း အသိပေး ကြေညာထားသည်။ မြန်မာနိုင်ငံတွင် အကြီးမားဆုံး ကြုံတွေ့ခဲ့ရသော ဘေးအန္တရာယ်များ ဖြစ်သည့် ၂၀၀၈ ခုနှစ်တွင် တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်း၊ ၂၀၁၁ ခုနှစ်တွင် လှုပ်ခတ်ခဲ့သော တာလေငလျင်တို့နှင့် ပတ်သက်၍ ထိုအချိန်က အစိုးရအနေနှင့် အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများ နှောင့်နှေးခဲ့ခြင်းကို ဝေဖန်မှုများ ရှိခဲ့သည်။ ယခုကဲ့သို့ သဘာဝဘေးအန္တရာယ် ဖြစ်ပြီးပြီးချင်း နိုင်ငံတော် အကြီးဆုံးတာဝန် ထမ်းဆောင်နေသူများအနက် တစ်ဦးဖြစ်သော ဒုတိယသမ္မတအနေဖြင့် ငလျင်လှုပ်ရာ ဒေသများသို့ ချက်ချင်းရောက်ရှိကာ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်စေခြင်းကို လူအများက အသိအမှတ်ပြုလျက် ရှိကြကြောင်း  သိရှိရသည်။

 Myanmar Express 

အမေရိကန်သမ္မတ အိုဘားမား ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့နှင်းခန်းမတွင်မိန့်ခွန်း ပြောကြားမည်

Posted by drmyochit Thursday, November 15, 2012, under | No comments


  1. မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်သော အမေရိကန်သမ္မတ အိုဘားမားသည် ရန်ကုန်မြို့တွင် သမိုင်းဝင်မိန့်ခွန်း ပြောကြားမည်ဖြစ်သည်။ နိုဝင်ဘာ ၁၉ ရက်တွင် လာရောက်မည့် အိုဘားမား၏ သမိုင်းဝင်ခရီးစဉ်တွင် မိန့်ခွန်းပြောကြားမည့် နေရာကိုအမေရိကန်သံရုံးက လောလောဆယ်တွင် မထုတ်ပြန်သေးသော်လည်း အဆိုပါ အခမ်းအနားသို့ တက်ရောက်သတင်းရယူရန် ပြည်တွင်း၊ ပြည်ပသတင်းထောက်များကို ဖိတ်ကြားနေပြီဖြစ်သည်။ ရန်ကုန်မြို့တွင် သမိုင်းဝင်မိန့်ခွန်း ပြောကြားမည့်နေရာကို ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့နှင်းခန်းမဟု ခန့်မှန်းပြောဆို နေကြသည်။ အမေရိကန်သမ္မတ အိုဘားမားလာရောက်မည့် နေ့တွင်ကျင်းပမည့် ရန်ကုန်တက္ကသိုလ့် (၁၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားအား ရက်ရွှေ့ဆိုင်းလိုက်ကြောင်း သတင်းရရှိသည်။ မူလက နိုဝင်ဘာ ၁၇ နှင့် ၁၉ ရက်များတွင် ကျင်းပရန် စီစဉ်ထားသော်လည်း ယခုအခါ ဒီဇင်ဘာ ၁ နှင့် ၃ ရက်တို့တွင် ပြောင်းလဲကျင်းပရန် ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။ "ဘွဲ့နှင်းသဘင်ခန်းမ အကြီးစားပြင်ဆင်နေတယ်"ဟု ရန်ကုန်တက္ကသိုလ်တွင် တာဝန် ထမ်းဆောင်လျက်ရှိသော ပညာရေး ၀န်ထမ်းတစ်ဦးကပြောသည်။ သို့သော်၎င်းသတင်းနှင့် ပတ်သက်ပြီး နှစ်နိုင်ငံလုံးမှတရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးပါ။ 

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်