Monday, November 19, 2012

သံတွဲမှဆရာဝန်တစ်ဦး အစာအဆိပ်သင့်ကာသေဆုံး

Posted by drmyochit Monday, November 19, 2012, under | No comments


သံတွဲမြို့နယ်၊ ကျီးကန်းရဲရွာမှ ဒေါက်တာဦးရဲလွင်မှာ နိုဝင်ဘာ၁၅ ရက်နေ့က အစာအဆိပ်သင့်ကာ သေဆုံး သွားကြောင်း သတင်းရရှိသည်။ ဒေါက်တာရဲလွင် ဇနီမောင်နှံ နှစ်ဦးမှာ နိုဝင်ဘာ ၁၄ ရက်နေ့က သံတွဲမြို့မှ အပြန်လမ်းတွင် ဇလွန်ကျေးရွာရှိ ကိုညီလေး ထမင်းဆိုင်တွင် စားသောက် ခဲ့ကြောင်း သိရသည်။
" သူတို့လင်မယားက သံတွဲသွားပြီး မိုးချုပ်မှ ရောက်တာ၊ သူတို့က အမြဲတမ်း မနက်၉နာရီထိ အိပ်ကြတော့ အဲဒီနေ့က လူတွေက သတိမထားမိကြဘူး၊ ကျောင်းသားလေးတွေ စာသင်ဖို့လာတော့ ဆူညံ့သံတွေ ကြားတော့မှ လူတွေက သိကြတာ၊ သူ့သားလေးကနှိုးတဲ့အခါ ခေါ်မရတော့မှ ဆေးရုံကိုယူသွားကြတယ်၊ ဆရာဝန်ကတော့ ဆုံးသွားပြီလို့ သိရတယ်၊ " ဟု ကျီးကန်းရဲရွာသူ တစ်ဦးက ပြောသည်။
ဒေါက်တာရဲလွင်တို့ ဇနီးမောင်နှံအား ကျီးကန်းရဲရွာမှ သံတွဲဆေးရုံ သို့နိုဝင်ဘာ ၁၅ ရက်နေ့ နံနက် ၉ နာရီခွဲခန့်တွင် ယူဆောင်ခဲ့ရာ ဦးရဲလွင်မှာဆေးရုံ သို့မရောက်မှီ လမ်းတွင်သေဆုံးသွားခဲ့ပြီး အလောင်းအား ဆေးစစ်ရန်ရန်ကုန် သို့ပို့ဆောင်လိုက်ကာ ဇနီးဖြစ်သူမှာ သံတွဲဆေးရုံတွင် သတိပြန်ရနေကြောင်း သိရသည်။
ဒေါက်တာရဲလွင်မှာ ဂျာမနီနိုင်ငံမှ အင်ဂျီအို တစ်ခု၏ ထောက်ပံ့ချက်ဖြင့် ကျီးကန်းရဲရွာတွင် ပရဟိတ လုပ်ငန်းကို လုပ်ကိုင်ကာ အခမဲ့စာသင်ကြားခြင်း၊ အခမဲ့ ကျန်းမာရေးစောင့်ရှောင့်မှု လုပ်ငန်းများ လုပ်ဆောင်နေ ကြောင်းသိရသည်။
Arakan Times သတင်းဌာန

အိုဘားမားခရီးစဉ်လုံခြုံရေးအတွက်လုံခြုံရေးအင်အား တစ်သောင်း အသုံးပြု

Posted by drmyochit Monday, November 19, 2012, under | No comments

မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ရောက်ရှိလာမယ့် အမေရိကန် ပြည်ထောင်စုရဲ့ သမ္မတ အိုဘားမားရဲ့ ခရီးစဉ်လုံခြုံရေးအတွက် မြန်မာအစိုးရက လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား တစ်သောင်း နီးပါး အသုံးပြု ထားတယ်လို့ RFA ကစုံစမ်း သိရပါတယ်။
လုံခြုံရေးယူထားတဲ့ တပ်ဖွဲ့တွေထဲမှာ တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေအပြင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့တွေလည်း ပါဝင်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အကြီးတန်း ရဲအရာရှိတစ်ဦး ဖြစ်တဲ့ ရဲမှုးကြီးဝင်းနိုင်ထွန်းက RFA ကိုအခုလို အတည်ပြု ပြောကြားပါတယ်။
လာမည့် နိုဝင်ဘာ ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာမယ့် အမေရိကန်သမ္မတ မစ္စတာ အိုဘားမားခရီးစဉ် အဆင်ပြေချောမွေ့စေရေး အတွက် အမျိုးသားလုံခြုံရေး မှုဝါဒကို ကိုင်တွယ်ထားတဲ့  သမ္မတရုံး ဝန်ကြီး တစ်ချို့လည်း ရန်ကုန်မြို့မှာ အခြေစိုက်ပြီး ကွပ်ကဲဖို့ရှိတယ်လို့ သမ္မတရုံးနဲ့ နီးစပ်သူတစ်ဦးက ဒီကနေ့ ပြောပါတယ်။ အမေရိကန် သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန် နဲ့ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှာ တွေ့ဆုံဖို့ရှိတဲ့ အပြင်၊ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို သွားရောက်ပြီး၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ ဆက်လက်ပြီး သမ္မတ အိုဘားမားဟာ ရန်ကုန်တက္ကသိုလ်ရဲ့ ဘွဲနှင်းသဘင် ခန်းမဆောင်မှာ အသင်းအဖွဲ့အသီးသီးက လူ တစ်ထောင်ကျော်ကို
မိန့်ခွန်းပြောဖို့ရှိပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့လည်း အမေရိကန် သမ္မတ အိုဘားမားနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပွဲကို သတင်းယူနိုင်ဖို့  မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကို ပြည်တွင်းသတင်းဂျာနယ်နဲ့နိုင်ငံခြား သတင်းအေဂျင်စီ  (၃၃)ခုရဲ့ သတင်းစာရင်းပေး ထားတယ်လို့ သိရပါတယ်။

အငှားယာဉ်တစ်စီး အရှိန်လွန်ကာ လမ်းလယ်ကျွန်းနှင့် ဓာတ်တိုင်အား ၀င်တိုက်မှု ဗဟန်းမြို့နယ်တွင်ဖြစ်ပွား

Posted by drmyochit Monday, November 19, 2012, under | No comments


အငှားယာဉ်တစ်စီး အရှိန်လွန်ကာ လမ်းလယ်ကျွန်းနှင့် ဓာတ်တိုင်အား ၀င်တိုက်မှု ဗဟန်းမြို့နယ်ရှိ ဦးချစ်မောင် လမ်းဆုံ မှတ်တိုင်းအနီးတွင် ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။ အဆိုပါ ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၆ ရက်နေ့ည ၁၁ နာ၇ီ ခွဲအချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ''ကျွန်တော်တို့ အနေနဲ့ ကားဆရာကို ဆွဲထုတ်ခဲ့ရတယ်။ တော်တော်လေး အရှိန်ပြင်းတယ်''ဟု ယင်းဖြစ်စဉ်တွင် ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ သူတစ်ဦးကပြောကြားခဲ့သည်။
ယာဉ်တိုက်မှုကြောင့် သေဆုံးမှုမရှိကြောင်း၊ မော်တော်ယာဉ်အား အရှိန်ပြင်းစွာ မောင်းနှင်းခဲ့ပြီး လမ်းလယ်ကျွန်းနှင့် ဓာတ်တိုင်အား ၀င်တိုက်ခဲ့သူ အငှားယာဉ်မောင်းအား အရေး ယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

Eleven Media Group

ဆင် တကောင်က စေ့စပ်ပွဲ လုပ်နေတဲ့ မောင်နှံကို တိုက်ခိုက်

Posted by drmyochit Monday, November 19, 2012, under | No comments


စွယ်စုံဆင်ကြီး တကောင်က ဗြိတိသျှ ဇနီးမောင်နှံ စီးနင်း လိုက်ပါလာတဲ့ ကားတစီးကို လွန်ခဲ့တဲ့ တရက်ကျော်က တိုက်ခိုက်လိုက်ရပါတယ်။
 တောင်အာဖရိကနိုင်ငံ Kruger အမျိုးသား ဥယျာဉ် ဆာဖာရီထဲမှာ စွယ်စုံ ဆင်ကြီးတကောင်က အသက် ၄၀ အရွယ်စီရှိတဲ့ ခရစ်ဟဲရ်နဲ့ ဇနီးသည် ဟယ်လင်ဂျင်းနင်းတို့ ဟာ စေ့စပ်ပွဲ ကျင်းပရင်း ကားနဲ့  ဥယျာဉ် တွင်း လှည့်ပတ် နေစဉ်မှာ ဆင်ကြီးတကောင်က တောစပ်ကနေ ထွက်လာပြီး တိုက်ခိုက်တာ ဖြစ်ပါတယ်။
ဆင်ကြီးက သူ့အစွယ်တွေနဲ့ ကားကို ထိုးပြီး တိုက်ခိုက်လို့ ကားလည်း ဗြောင်းပြန် လှန်သွားသည် အထိ ဖြစ်ခဲ့ပြီး ကားတခါး တဖက်ကလည်း ဆင်စွယ်က ထိုးဖောက်လိုက်တဲ့ အတွက် အပေါက်ကြီး ဖြစ်သွားခဲ့ပါ တယ်။  အဲဒီ အမျိုးသား ဥယျာဉ်အတွင်းရှိ မျက်မြင်သက်သေတဦးက “ဆင်ကြီးက ကားဆီကို တန်းလာပြီး အစွယ် နဲ့ ကားကို ထိုးလှန်တိုက်ခိုက်တယ်။ ကားလည်း ဇောက်ထိုးမိုးမျှော် ဖြစ်သွားရော ဆင်က အေးအေးဆေး ဆေးပဲ ထွက်သွားတယ်” လို့ ပြောပါတယ်။ အဖြစ်အပျက်က အရမ်းမြန်လွန်းပြီး သူ့ဘ၀မှာလည်း ဒါမျိုး တကြိမ်မျှ မကြုံတွေ့ဖူး ခဲ့ပါဘူးလို့ တုန်လှုပ်စွာနဲ့ သူက ဆက်ပြောတာကို The Sun အွန်လိုင်းရဲ့ ယမန်နေ့ သတင်းတခုမှာ ဖော်ပြထားပါတယ်။  တောင်အာဖရိက အမျိုးသား ပန်းခြံက ပြောတာကတော့ အဲဒီနေ့ညပိုင်းက အမျိုးသား တဦး ဒဏ်ရာ ရသွား လို့ ဆေးရုံကို ပို့လိုက်ရတယ်လို့ ပြောပေမယ့် ဘယ်လို ဒဏ်ရာ ရခဲ့တာလည်းဆိုတာ သေချာ မရှင်းပြခဲ့ပါ ဘူး။  ဒါပေမယ့် စေ့စပ်ပွဲလုပ်နေရင်း ဆင်တိုက်ခိုက်တာ ခံခဲ့ရပေမယ့် သူတို့ဇနီးမောင်နှံ သေကံ မရောက်ခဲ့တာ ကံကောင်းခဲ့တာပါ။
အဲဒီပန်းခြံထဲမှာ တချို့ ဇနီးမောင်နှံတွေဟာ သူတို့ရဲ့ စေ့စပ်ပွဲကို သဘာဝ တောတိရိ စ္ဆာန်တွေ ကြည့်ရင်း ကျင်းပလေ့လည်း ရှိပါသတဲ့။ ဒီလို ဆင်ကြီးတကောင်က တိုက်ခိုက်မှုမျိုး အရင်ကတော့ မရှိခဲ့ဖူးပါဘူးလို့ ဆိုပါတယ်။

 ဧရာဝတီ

အိုဘားမား မြန်မာခရီးစဉ် ရခိုင် အမျိုးသမီးများ အစည်းအရုံးမှ ကြိုဆို

Posted by drmyochit Monday, November 19, 2012, under | No comments


ယခုရက်ပိုင်းအတွင်း ရောက်ရှိလာမည့် အမေရိကန်သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ခ်ျ အခြေစိုက် ရခိုင်အမျိုးသမီးများ အစည်းအရုံးမှ ကြိုဆိုကြောင်း သဘောထားထုတ်ပြန်ခဲ့သည်။
သဘောထား ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ရခိုင်အမျိုး သမီးများ အစည်းအရုံး ဥက္ကဌဒေါ် စောမြရာဇာလင်းက နိရဉ္စရာသို့ ယခုလိုပြောသည်။ “သမ္မတအိုဘားမား မြန်မာခရီးစဉ်အပေါ် ကြိုဆိုပါတယ်။ သူ့ရဲ့မြန်မာ ခရီးစဉ်အတွင်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေး လမ်းစဉ်ကို အကောင်အထည် ဖေါ်လုပ်ဆောင် နိုင်လိမ့်မယ်လို့ မျော်လင့်တယ်။  ပြီးရင် တိုင်းပြည် တည်ငြိမ်အေး ချမ်းရေးအတွက်ပါ အထောက်အကူပြုနိုင်လိမ့်မယ်လို့ RWUက ထုတ်ပြန်တဲ့ သဘောထားကို အိုဘားမားအပါ အ၀င် ရခိုင်ပြည်သူလူထု တရပ်လုံးက သိစေချင်ပါတယ်။ ထိုနည်း လည်းကောင်း မြန်မာပြည်သူ တရပ်လုံးက လည်း သိစေချင်ပါတယ်။ အဲဒီအတွက်ကြောင့် ဒီထုတ်ပြန်ချက်ကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်” ဟုပြော သည်။
ထို့အပြင် ထုတ်ပြန်ချက်ထဲတွင် သမ္မတအိုဘားမား ခရီးစဉ်အတွင်း တောင်းဆိုထားသည့် အချက်အလက်များ ကိုလည်း ပြောပြသည်။ “ပထမဆုံးအနေနဲ့ အိုဘားမားကို တောင်းဆိုထားတာကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီထွန်းကား အောင်လုပ် ဆောင်တဲ့နေရာမှာ မြန်မာတနိုင်ငံ လုံးမှာရှိတဲ့ မည်သည့်ပြည်နယ် တခုကိုမှ ချဉ်လှပ် မထားဘဲ ပြည်နယ်အားလုံး ကို ဒီမိုကရေစီ အခွင့်အရေးရအောင် လုပ်ဆောင်ပေးမယ့်ဟာကို တွန်းအားပေးပါလို့ အကျွန်တို့က တိုက်တွန်း ထားပါတယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် တချို့ပြည်နယ်မှာ စစ်မက်ဖြစ်ပွားတာရယ်၊ လူမျိုးရေး အဓိကရုဏ်းဖြစ်နေ တာရယ် စတဲ့အခြေအနေတွေ တွေ့ရတယ်။ အဲဒီလိုချဉ်ထားခဲ့တဲ့ ပုံစံမျိုးမ ဖြစ်စေအောင် ပြောပြရခြင်း ဖြစ်ပါ တယ်”ဟုဆိုသည်။ ပြည်ပနိုင်ငံများတွင် ခိုလှုံပြီး တိုင်းပြည်အေးချမ်းရေးနှင့် ဒီမိုကရေစီ ထွန်းကားအောင် ကြိုးစား လုပ်ဆောင်နေကြ သူများအနေဖြင့်လည်း မြန်မာနိုင်ငံထဲတွင် လွတ်လပ်စွာနေထိုင်ခွင့် ရရှိမှုအခြေအနေကိုလည်း ယခုလိုဆက် ပြောသည်။
“ပြည်ပမှာ အခြေစိုက်ပြီးတော့ နိုင်ငံရေး၊ ဒီမိုကရေစီအရေး၊ တိုင်းပြည်ကောင်းစားရေးအတွက် လုပ်ဆောင်နေ ကြတဲ့ ပုဂ္ဂိုလ်တွေဟာ ပြည်ထဲမှာ လွတ်လွတ် လပ်လပ်နေထိုင်ခွင့် ရရှိရေးနဲ့ နိုင်ငံရေး လုပ်ငန်းများကိုလည်း ပြည်ထဲမှနေပြီး လုပ်ခွင့်ပေး ဖို့ဟာတွေကို သမ္မတ အိုဘားမားအနေနဲ့ မြန်မာ အစိုးရကို တိုက်တွန်းစေချင်ပါတယ်။
ထို့အတူ ပြည်ပနိုင်ငံတွေမှာ နှစ်တစ်ဆယ်၊ နှစ်ဆယ် နေထိုင်ခဲ့ကြတဲ့ လူတွေကို နိုင်ငံ သားဖြစ်မှုကို အကန့်အ သတ်မ ရှိဘဲနဲ့ သူတို့တွေကို လွတ်လွတ် လပ်လပ် နေထိုင်ခွင့်ပေးဖို့ကို ပြောပေးပါလို့ ပြောစေချင်တယ်။  နောက်တခုက ၂၀၀၈-ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံမှာ ပါတဲ့ ပြင်စရာ ရှိတဲ့အချက်တွေ၊ အရေးကြီးတဲ့အချက်တွေကို ပြင်ဆင်ခွင့်ရ အောင် သမ္မတအိုဘားမားအနေနဲ့ တိုက်တွန်းပေးပါလို့ အကျွန့်အနေနဲ့ တောင်းဆိုချင်ပါတယ်” ဟုဆိုသည်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် လူမျိုးရေး အဓိကရုဏ်း ကိစ္စနှင့်ပတ်သက်ပြီး အမှန်တကယ်အဖြေထုတ် ရမယ့်နည်းလမ်းများကိုလည်း စတိတ်မန့်ထဲတွင် ရေးသားဖေါ်ပြ ထားသည်ဟုဆိုသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခအတွင်း တချို့တချို့ လူ့အခွင့်အရေးအဖွဲ့တွေက လူ့အခွင့်အရေး ရှု့ထောင့်တခုကိုကြည့်ပြီး အပေါ်ယံလုပ်ဆောင်ချက်များကိုလည်း တွေ့ရကြောင်း ယခုလိုသုံးသပ်ပြောဆိုသည်။
“ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေအပေါ်မှာ တချို့တချို့ လူ့အခွင့်အရေး အဖွဲ့တွေက ပကတိအခြေအနေ ကိုမသိဘဲ အပေါ်ယံလုပ်ဆောင် တာတွေကိုတွေ့ရတယ်။ ဒီအချက်အပေါ်မှာ အကျွန်တို့အနေနဲ့ စိုးရိမ်မှုရှိတယ်။  ဒီကိစ္စနဲ့ ပတ်သက်ပြီး အိုဘားမားကို ပြောချင်တာက ရခိုင်ပြည်နယ် ပကတိတည်ငြိမ်အေးချမ်းရေး၊ ရခိုင်ပြည် အေးချမ်းသာယာရေးအတွက် တကယ်ဆုံးဖြတ်ချက်ကို စဉ်းစားဆောင်ရွက်ပေးပါ၊ ပြီးရင် အိုဘားမား မြန်မာခရီး စဉ်အတွင်း ရခိုင်ခေါင်းဆောင်တွေနဲ့ ၁၀မိနစ်၊ ၁၅မိနစ်ခန့် တွေ့ဖို့အချိန်ပေးပါလို့ အကျွန်တို့အနေနဲ့ ထုတ်ဖေါ်ပြီး တော့ပြောရခြင်း ဖြစ်ပါတယ်” ဟုပြောသည်။
အဆိုပါ ထုတ်ပြန်ချက်ကို ဘင်္ဂလားဒေ့ခ်ျအခြေစိုက် အမေရိကန်သံရုံးကိုသို့ Fax နှင့်ပေးပို့ခဲ့သလို သမ္မတအို ဘားမားဆီသို့လည်း အမေရိကန်အခြေစိုက် အဖွဲ့အစည်း တခုကတဆင့် ပို့ပေးခဲ့သည်ဟု သိရသည်။

နိရဉ္စရာသတင်းဌာန

ဟာမတ် အစိုးရရုံးတွေကို အစ္စရေးတိုက်ခိုက်

Posted by drmyochit Monday, November 19, 2012, under | No comments


ဂါဇာကမ်းမြှောင် ဒေသထဲမှာ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုက ပါလက်စတိုင်း ဟားမတ်အစိုးရ အဆောက် အဦးကို ထိမှန်ခဲ့ပါတယ်။ စနေနေ့ အစောပိုင်း ဂါဇာ ဒေသ တိုက်ခိုက်မှုထဲမှာ ဟားမတ် ၀န်ကြီးအဖွဲ့ရဲ့ ဌာနချုပ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ထိခိုက် ဒဏ်ရာရတဲ့စာရင်း အသေးစိတ်တော့ မရသေးဘူးလို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာ သောကြာနေ့က ဂါဇာ ကမ်းမြှောင်ဒေသမှာ ပါလက်စတိုင်း ဟားမတ်စစ်သွေးကြွတွေနဲ့ အစ္စရေးတပ်ဖွဲ့တွေ အကြား ဒုံးလက်နက်တွေနဲ့ အပြန်အလှန် တိုက်ခိုက်မှုနောက်ပိုင်း ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ပါလက်စတိုင်း ဒုံးကျည်တစင်း ဂျေရူစလင် မြို့ပြင်နားကိုလည်း ထိမှန် ကျရောက်ခဲ့ပါတယ်။ ဂျေရူစလင် မြို့နားမှာ မမျှော်လင့်တဲ့ တိုက်ခိုက်မှုအပြီး သောကြာနေ့က ဂျေရူစလင်မြို့ တလွှား လေကြောင်း အချက်ပေးသံတွေနဲ့ ဖုံးလွှမ်းနေခဲ့ပါတယ်။
 ဂါဇာ ကမ်းမြှောင်ဒေသမှာ ဖြစ်လာနိုင်တဲ့ မြေပြင် တိုက်ခိုက်မှုတွေ အတွက် တပ်ဖွဲ့ဝင်အင်အား ၇၅,၀၀၀ လောက် ချထားနိုင်ဖို့ အစ္စရေး အရံတပ်ဖွဲ့ အင်အားတွေ တိုးမြင့် ခေါ်ယူနေပါတယ်။
နှစ်ဘက်အကြားမှာ လတ်တလော အခြေအနေအရတော့ စစ်ပွဲတပွဲအသွင် ပေါက်ကွဲလာမယ့် အသွင်ကို ဆောင်နေတယ်လို့ အကဲဖြတ်တွေက ပြောဆိုပါတယ်။

ကော့သောင်း ကျောက်မီးသွေးသုံးစက်ရုံကို ဒုတိယအကြိမ် ဆန္ဒပြ

Posted by drmyochit Monday, November 19, 2012, under | No comments


ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံကို ဖျက်သိမ်းပေး ရန်အတွက် ဒေသခံ ၁၀ဝ ကျော်က ဒုတိယအကြိမ် စီတန်းလှည့်လည် ဆန္ဒပြမှုတခု ယမန်နေ့တွင် တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၌ ဖြစ်ပွားခဲ့သည်။
ဆန္ဒပြပွဲ ဦးဆောင်သူ ကိုသန်းထွန်းက “စက်ရုံဘေးမှာ ရှိတဲ့ သူတွေက ရင်ကျပ်တာတို့ အသက်ရှူမရတာတို့ လည်ချောင်းယားတာတို့ အဲဒီလို ပြဿနာတွေ အခုရင်ဆိုင်နေရတယ်၊ စက်ရုံကို လုံးဝအလို မရှိဘူးလို့ အကြိမ်ကြိမ် တောင်းဆိုခဲ့တယ်၊ သမ္မတအ ဆင့်ထိ စာတင်တာလဲ ဘာမှ ထူးမလာဘူး၊ အဲဒါကို မကျေနပ်လို့ ဆန္ဒပြတာ” ဟု ပြောသည်။ လွန်ခဲ့သည့် အောက်တိုဘာလ ၁၆ ရက်နေ့က အင်အား ၅၀ ခန့်ဖြင့် ပထမအကြိမ် ကန့်ကွက် ဆန္ဒပြခဲ့သည်။ ယင်းကိစ္စ ထောက်ခံသည့် အနေဖြင့်  အောက်တိုဘာလ ၂၄ ရက်နေ့က အင်အား ၁၀ဝ ခန့်မှ ဒုတိယအကြိမ် ထပ်မံကန့်ကွက် ဆန္ဒပြခြင်း ဖြစ်သည်။ ရွှေပြည်သာနှင့် အေးရိပ်ငြိမ် ရပ်ကွက်ကြားရှိ သန်းဖြိုးသူ ကုမ္ပဏီ လိမိတက်ပိုင် ၈ မဂ္ဂါဝပ် ထုတ်လွှတ်မည့် ယင်းကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံသည် လူနေအိမ်နှင့် ပေအနည်းငယ်သာ ကွာဝေးပြီး သောက်သုံးရေအဖြစ် အားထားနေရသည့် ယင်းဝါ ရေလှောင်တမံနှင့် မိုင်ဝက်ခန့်သာ ကွာဝေးသည့်အတွက် ဆိုးကျိုးများ ဖြစ်ပေါ်စေသည်ဟု ဆန္ဒပြသူများက ဆိုသည်။ ရွှေပြည်သာ ရပ်ကွက်နေ မနွေးနွေးသူက “ကျမတို့ ရပ်ကွက် တံတားလမ်းဟာ ကျောက်မီးသွေးစက်ရုံနဲ့ ဆယ်ပေ ပတ်ဝန်းကျင်လောက်ပဲ ရှိတယ်။ ဒီစက်ရုံက အခိုးအငွေ့တွေရော၊ ပြာတွေရော ထွက်တယ်၊ အဲဒီလမ်းသွယ်ထဲက လူတွေ ဆိုလို့ ရှိရင် ယားယံနေကြပြီ၊ယားယံတဲ့ လူတွေက မိန်းကလေးတွေ များတယ် တအား အနံ့ဆိုးတယ်၊ တအားခံရခက်တယ်” ဟု ပြောသည်။ စက်ရုံ တာဝန်ရှိသူများဘက်ကမူ ကောင်းမွန်သည့် တရုတ်နည်းပညာကို အသုံးပြုပြီး စက်ရုံကို လည်ပတ်သည့် အတွက် ပတ်ဝန်းကျင် ထိခိုက်မှု မရှိနိုင်ကြောင်း ပြောဆိုခဲ့သည်။ လက်ရှိ ကော့သောင်းမြို့တွင် ယခင်ကတည်းက လည်ပတ်နေသည့် ဖိုးသီးချို (P.T.C ) မီးလင်းရေးမှ တယူနစ်လျှင် ၆ဝဝ ကျပ်ကျော်နှုန်းဖြင့် လျှပ်စစ်ဓါတ်အား ဖြန့်ဝေလျက် ရှိပြီး၊ သန်းဖြိုးသူ ကုမ္ပဏီက မြို့ပေါ် ၁ဝ ရပ်ကွက်သို့ တယူနစ်လျှင် ကျပ် ၂ဝဝ နှုန်းဖြင့် ဖြန့်ဝေမည် ဖြစ်ကာ စတင် လည်ပတ်ပါက ယူနစ် ၁၅ဝ ကို အခမဲ့ ပေးဝေမည်ဟု ကြေညာခဲ့သည်။
သို့သော်လည်း လက်ရှိတွင် တယူနစ် ၃၇၀ ကျပ်ထိ ကောက်ခံနေဆဲ ဖြစ်သည်ဟု ဆန္ဒပြပွဲတွင် ပါဝင်သူတဦး ဖြစ်သည့် ကိုထွန်းထွန်းကိုက ပြောသည်။ ယခုကျောက်မီးသွေး စက်ရုံကို လူနေရပ်ကွက်နှင့် ဆယ်မိုင် ဝေးသည့် နေရာသို့  ပြောင်းရွှေ့လည်ပတ်ရန် ကော့သောင်းမြို့ခံများက ဧပြီလနှင့် ဇွန်လများတွင် နှစ်ကြိမ်တိုင် နိုင်ငံတော် သမတထံသို့ အသနားခံ စာတင်ပြခဲ့ သော်လည်း ထူးခြားမှုမရှိခဲ့ ကြောင်းလည်း ဆန္ဒပြသူများက ပြောသည်။
စက်ရုံအတွက် သန်းဖြိုးသူ ကုမ္ပဏီ လိမိတက်နှင့် အမှတ် (၁) လျှပ်စစ်ဝန်ကြီးဌာနတို့ ၂၀၁၀ ခုနှစ် ဇန်နဝါရီလတွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၀ ခုနှစ် အောက်တိုဘာလတွင် စတင်တည်ဆောက်ခဲ့သည်။ တနင်္သာရီတိုင်းတွင် မဂ္ဂါဝပ် ၄,ဝဝဝ ထုတ် ထားဝယ်၊ ၈ မဂ္ဂါဝပ်ထုတ် ကော့သောင်းနှင့် ၅ဝ မဂ္ဂါဝပ်ထုတ် မြိတ်ကျောက်မီး သွေး လောင်စာသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံ စီမံကိန်း သုံးခု ရှိခဲ့ရာ ဒေသခံများ၏ ကန့်ကွက်မှုကြောင့် ထားဝယ် ကျောက်မီးသွေးသုံး စက်ရုံကို အစိုးရက ရပ်တန့်ပေးခဲ့သည်။ ကော့သောင်းနည်းတူ မြိတ်ကျောက်မီးသွေးသုံး စက်ရုံမှာလည်း ဒေသခံများ၏ ကန့်ကွက်မှုနှင့် ကြုံနေရဆဲ ဖြစ်သည်။

ကျောက်တော်ကားဂိတ်ဆိုင်တစ်ခုအား ကုလားများဖောက်ထွင်း

Posted by drmyochit Monday, November 19, 2012, under | No comments


ရခိုင်ပြည်နယ် ကျောက်တော်မြို့ ကားဂိတ်တွင် ဖွင့်လှစ်ထားသည့် ဆိုင်တန်းတစ်ခုကို မနေ့ည အချိန်တွင် အနီးရှိပိုက်သည်ရပ် ကုလားရွာမှ ကုလားများ ဝင်ရောက်ဖောက်ထွင်း သွားကြောင်း သိရှိရပါသည်။ အဆိုပါကားဂိတ်မှာ မကြာခင်က မြို့ပြင် ကစ္ဆပနဒီ တံတားအနီးသို့ ပြောင်းရွှေ့ထား သည့်အဝေးပြေး ကားဂိတ်ဖြစ်သည်။
ထိုကားဂိတ်မှာ ပိုက်သည် ကုလားရွာနှင့် ထိစပ်လျှက် ရှိနေပြီး ညအချိန်၌ ဆိုင်သည်များမှာ လုံခြုံရေးအရ ညအိပ်ခြင်း မရှိသည်ကို ကုလားများက အခွင့်ကောင်းယူလျှက် ထိုသို့ ဖောင်ထွင်းသွားခြင်း ဖြစ်သည်ဟု သိရှိရပါသည်။ ယင်းသို့ ဖောက်ထွင်းခံရ ခဲ့ရသည့်အတွက် ဟန်းဆတ် အလုံး ၂၀ ခန့်နှင့် စားသောက်ကုန် ပစ္စည်းအချို့ ဆုံးရှုံးသွားခဲ့ရကြောင်း လည်းသိရပါသည်။ အဆိုပါ ကားဂိတ်အနီးတွင် အစိုးရလုံခြုံရေး တပ်ဖွဲ့များက စောင့်ထိန်းလျှက်ရှိ နေသော်လည်း မနေ့က ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မသိရှိလိုက်ကြောင်းလည်း သိရပါသည်။ ရခိုင်များအနေဖြင့် လုံခြုံရေးအရ မိမိတို့ပိုင် ပစ္စည်းများကို လုံခြုံအောင်စောင့် ထိန်းရန်အတွက် မိမိတို့ကိုယ်တိုင်သာ အားကိုးကြရတော့ မည်ဖြစ်ကြောင်း ကိုလည်းသုံးသပ်ပြောဆိုမှုများရှိကြပါသည်။

Rakhine Straight Views

ကျောင်းကားအား ရထားဝင်တိုက်မှု ကလေးငယ် အနည်းဆုံး ၅၀ ဦးသေဆုံး

Posted by drmyochit Monday, November 19, 2012, under | No comments


အီဂျစ်နိုင်ငံတွင် သူငယ်တန်း ကျောင်းသူကျောင်းသား ကလေးငယ်များ တင်ဆောင်လာသည့် ဘတ်စ်ကားတစ်စီးအား အရှိန်ပြင်းစွာ ခုတ်မောင်းလာသည့် ရထားတစ်စင်းက တိုက်မိခဲ့ရာ အနည်းဆုံး ကလေး ၅၀ ဦးခန်က သေဆုံးကြောင်း သိရသည်။  နိုဝင်ဘာ ၁၇ ရက်က အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တောင်ဘက် မိုင် ၃၁၀ အကွာရှိ မင်ဖလော့တ်မြို့ တွင် ဖြစ်ပွားခဲ့သည့် ထိုမတော်တဆဖြစ်ရပ်တွင် ဘတ်စ်ကား ယာဉ်မောင်းလည်း သေဆုံးသွားသည်။
သေဆုံးသူ အရေအတွက်မှာ မြင့်တက်လာ နိုင်ကြောင်းလည်း တာဝန်ရှိသူများက ပြောကြားသည်။ ရထားလမ်းနှင့် ကားလမ်ဆုံသည့် ဖြတ်လမ်းနေရာကို ရထားခုတ်မောင်း ဝင်ရောက်လာနေစဉ် ကားလမ်အား ပိတ်မထားခြင်းကြောင့် အဆိုပါ ဖြစ်ရပ်ဆိုးကြီး ဖြစ်ပွားခဲ့ရ ခြင်းဖြစ်ကြောင်း ဒေသခံ လုံခြုံရေးအရာရှိ ၏အဆိုကို AP သတင်းက ဖော်ပြသည်။ ဒဏ်ရာရရှိသည့် ကလေးငယ် ၁၁ ဦးခန့်ကို ဆေးရုံနှစ်ရုံကုသ ပေးနေရပြီး အများစုမှာ ခြေလတ် ပြတ်တောက်သည့် ဒဏ်ရာများရရှိထား ခြင်းဖြစ်ကြောင်း ဆရာဝန်များက ပြောကြားသည်။ ရထားတိုက်ခံရသည့် ဘတ်စ်ကားပေါ်တွင် ကျောင်းသူကျောင်းသား ကလေးငယ် ၅၀ ကျော် လိုက်ပါလာကြောင်းသိရသည်။

Planet Myanmar Network

မလေးရှားရောက်မလေးငယ်ဆိုသောမြန်မာ မိန်းမပျိုလေး၏အိတ်ဖွင့်ပေးစာ

Posted by drmyochit Monday, November 19, 2012, under | No comments


အစ်ကိုတို့ရေ အစ်ကိုတို့ကို ညီမအနေနဲ့ ဆက်သွယ် ပြောချင်တာလေး နည်းနည်း ရှိပေမဲ့ ဘယ်လို ဆက်သွယ်ရမှန်း မသိလို့ အင်တာနက်ပေါ်ကပဲ အိတ်ဖွင့်ပေးစာ အနေနဲ့ ပို့လိုက်ပါတယ်ရှင်။
ပြောချင်တာ တွေများတော့ စာကနည်းနည်း ရှည်သွားလို့ သည်းခံပြီးအဆုံးထိ ဖတ်ပေးစေချင် ပါတယ်နော်။
ညီမက ပီနန်မှာ အလုပ်လုပ်နေတဲ့ မြန်မာမိန်းကလေး တစ်ယောက်ပါ။ အစ်ကိုတို့ အကြောင်းကို ညီမစသိတာတော့ နည်းနည်းကြာပါပြီ။ ညီမ သူငယ်ချင်းတစ်ယောက်က ညီမကို ပြောပြလို့ပါ။ သူပြောပြတာ ကတော့မလေးရှားမှာ တခြားနိုင်ငံသားတွေနဲ့ တွဲပြီး အခြေအနေ ဆိုးနေတဲ့ မိန်း
ကလေးတွေ မရှိရအောင် ရည်ရွယ်ချက်တူတဲ့ လူတွေစုပြီး အဖွဲ့ဖွဲ့ပြီး လုပ်ဆောင်မယ်တဲ့။
သူပြောတာကြားတော့ ညီမလေ ဝမ်းသာလိုက်တာ။ သူ့ကိုတောင် ပြောလိုက်သေးတယ်။ ဖြစ်သင့်တာ ကြာပြီလို့။ ဟုတ်ပါတယ်။ မလေးရှားမှာ မြန်မာမိန်းကလေး တချို့ဟာ တခြားနိုင်ငံသားတွေနဲ့ အပျော် သဘောတွဲပြီး အခြေအနေ ဆိုးနေတာ ကြာပါပြီ။ ညီမ မလေးရှားကို စရောက်တည်းက မြန်မာမိန်းကလေးတွေနဲ့ပတ်သက်ပြီး အဆိုနှစ်ခုကြား ရပါတယ်။ တစ်ခုကတော့ ဖုန်းတစ်လုံး ဝယ်ပေးရင် မြန်မာမိန်းကလေး တစ်ယောက်ရပြီတဲ့။ နောက်တစ်ခုကတော့ မြန်မာ ယောက်ျားလေးတွေက ပြောတာပါ။ မြန်မာနိုင်ငံ ပြန်ရောက်လို့ မိန်းမယူမယ် ကြံရင် မလေးရှားကို ရောက်ဖူးတဲ့ မိန်းမ ဆိုရင်တော့ ဝေးဝေးရှောင်မယ်တဲ့။ ညီမလေ အဲ့စကားတွေ ကြားရတော့ တော်တော် စိတ်မကောင်းပါဘူး။ အစ်ကိုတို့ သတင်းကို အဲ့ဒီနေ့မှာ ကြားလိုက်ရတော့ ညီမ တော်တော် ပျော်မိတယ်။ ညီမ ကိုယ်တိုင်လဲ အပြင်တွေဘာတွေ သွားရင် မြန်မာမိန်း ကလေးတွေ လူမျိုးခြား ယောက်ျားလေးတွေနဲ့ တွဲနေတာမြင်ရင် မချိအောင် နာမိသူပါ။ ဒါတောင် ညီမက အပြင်ကို သိပ်မထွက်ပါဘူး။ မထွက်မဖြစ် လကုန် အိမ်ကို ပိုက်ဆံ ပို့တဲ့ အချိန်ရယ် ချက်ဖို့ပြုတ်ဖို့ ဈေးမသွားမဖြစ် ကိုယ်တိုင် သွားရမယ့် အချိန်ရယ်။ ဒီနှစ်ချိန်လောက်ပဲ အပြင်ထွက်တာပါ။ ဒါတောင် ညီမထွက်တိုင်း မိန်းကလေးတွေကို တခြားလူမျိုးတွေနဲ့ တွဲပြီး မကြာမကြာမြင်နေရပါတယ်။ အဲ့တော့ အစ်ကိုတို့ သတင်းလေးကြားတော့ ညီမ အရမ်း ဝမ်းသာတယ်။အစ်ကိုတို့ သူတို့ကို ဘယ်လို ကူညီမလဲ။ ဘယ်လို လုပ်ဆောင်မလဲ။
ဇင်မာမိုး(မလေးရှား)
မှ ပို့ ပေးပါသည်။

အမေရိကန် သမ္မတ ခရီးစဉ်ကြောင့် ရန်ကုန်မြို့တွင်း လမ်းအချို့ ပိတ်ပင်

Posted by drmyochit Monday, November 19, 2012, under | No comments


မြန်မာနိုင်ငံသို့ အမေရိကန်သမ္မတ ပထမဆုံး အကြိမ် လာရောက် လည်ပတ်မည့်ခရီးစဉ်ကြောင့် ရန်ကုန်မြို့တွင်း လမ်းအချို့ ပိတ်ပင် လိုက်ကြောင်း ပြန်ကြားရေး ဝန်ကြီး ဌာနက တရားဝင် သတင်း ထုတ်ပြန် သည်။
အမေရိကန် သမ္မတ ယာဉ်တန်း ဖြတ်သန်းမည့် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ ပြည် လမ်းမကြီးအတိုင်း ရန်ကုန်မြို့တွင်း ရှိ ၁၀မိုင်လမ်းဆုံ ၊ ပြည်လမ်းဆုံ ၊ ပြည်လမ်းနှင့် တော်ဝင်လမ်းဆုံ၊ ၈မိုင်လမ်းဆုံ၊ အေဒီမီးပွိုင့် (ပါရမီလမ်းဆုံ)၊ အင်လျားလမ်းဆုံ၊ လှည်းတန်း လမ်းဆုံ၊ ဟံသာဝတီ အဝိုင်း၊ မြေနီကုန် မီးပွိုင့်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရှေ့၊ အလုံလမ်းဆုံ ၊ ဦးဝိစာရ အဝိုင်း၊ ရွှေတိဂုံဘုရားမြောက်ဘက် မုဒ် တို့ကို ယာဉ်တန်းမဖြတ်မီ မိနစ်၂၀ ခန့် ခေတ္တ ပိတ်ပင်သွားမည် ဖြစ်ကြောင်း အထက်ပါ ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။
၎င်းအပြင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်လည်း နိုဝင်ဘာ ၁၉ ရက်နေ့ နံနက် (၉)နာရီမှ (၁၀) နာရီအတွင်း၊  ညနေ (၃)နာရီမှ (၄)နာရီ အတွင်း ဆိုက်ရောက်/ ထွက်ခွာမည့် ပုံမှန် လေယာဉ် ခရီးစဉ်များ ခေတ္တ ဆိုင်းငံထားမည် ဖြစ်၍ ၎င်းအချိန် များနှင့် တိုက်ဆိုင်သော နံနက်ပိုင်း လေယာဉ်  ခရီးစဉ်များကို နံနက် (၁၀)နာရီ နောက်ပိုင်းသို့ လည်းကောင်း၊ ညနေပိုင်း လေယာဉ် ခရီးစဉ်များကို ညနေ (၄)နာရီ နောက်ပိုင်းသို့ လည်းကောင်း ပြောင်းရွှေ့ စီစဉ်ထားရှိပြီး ပုံမှန် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းခြင်း မရှိကြောင်းလည်း ထုတ်ပြန် ကြေညာထားသည်။

သမ္မတက နောက်ထပ် အကျဉ်းသား ၆၆ ဦး လွတ်ငြိမ်းခွင့် ပေး

Posted by drmyochit Monday, November 19, 2012, under | No comments


အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမား မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ မလာမီ တရက်
အလို တွင် မြန်မာအစိုးရ မီဒီယာတွေက ယနေ့ နိုဝင်ဘာလ ၁၈ ည ၈ နာရီ သတင်းမှာ နိုဝင်လာလ ၁၆ ရက်နေ့ နေ့စွဲနဲ့ အကျဉ်းသား ၆၆ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ထပ်မံပေးလိုက်ကြောင်း ကြေညာ သွားပါတယ်။
 နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း အကျဉ်းသား ၄၅၂ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ရာ နိုင်ငံရေး အကျဉ်းသား မပါဝင်သည့်အတွက် ဝေဖန်မှုများ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပါတယ်။ အခု ထပ်မံ လွှတ်ပေးလိုက်တဲ့ အကျဉ်းသား ၆၆ ဦးအပါအ၀င် နိုဝင်ဘာလတွင်း အကျဉ်းသား ၅၀၀ ကျော်ကို လွှတ်ပေးခြင်းဖြစ်တယ်လို့ သတင်းစဉ်က ကြေညာသွားပါတယ်။  ယနေ့ည သတင်းကြေညာအပြီး ပြန်ကြားရေး ၀န်ကြီး ဌာန အင်တာနက်စာမျက်နှာတွင် အဆိုပါ အကျဉ်း သား လွှတ်ပေးမှု သတင်းကို အခုလို တင်ပြထားပါတယ်။  အခု နောက်ထပ် လွှတ်ပေးမယ့် အကျဉ်းသားတွေထဲမှာ ထင်ရှားတဲ့ နာမည်ကြီး အကျဉ်းသားများ ပါဝင်တယ်လို့ အစောပိုင်း သတင်းများ ထွက်ပေါ်နေလျှက်ရှိပြီး ယခုထိ မည်သို့မျှ အတည်ပြုနိုင်ခြင်း မရှိသေးပေ။  အဆိုပါ အကျဉ်းသားများ မနက်ဖြန် မနက်ပိုင်းမှာ လွတ်မြောက်လာဖွယ်ရှိကြောင်း ရန်ကုန် နိုင်ငံရေး အသိုင်းအ၀ိုင်းက ပြောဆိုနေကြပါတယ်။
(ဧရာဝတီ) 

ကြောက်မက်ဖွယ် မွတ်ဆလင်ရိုဟင်ဂျာ အကြောင်း တစေ့တစောင်း(၂)

Posted by drmyochit Monday, November 19, 2012, under | No comments


 တစ်ရွာလုံးနှင့်တစ်ယောက်တစ်ကမ္ဘာလုံးနှင့်မွတ်ဆလင်

ယင်းရိုဟိန်ဂျာ အမည်ခံများသည် ယခုအခါတွင် မလေးရှားနိုင်ငံ၌ သောင်းနှင့်ချီရောက် ရှိနေပြီဖြစ်ပြီး၊ ထိုင်းနိုင်ငံ၌လည်း စနစ်တကျ ၀င်ရောက်ထိုးဖေါက် နေပြီဖြစ်သည်၊၊  ထိုင်းအစိုးရက ယင်း ရိုဟိန်ဂျာအမည်ခံများ ထိုးဖေါက်ဝင်ရောက်မှုကို စနစ်တကျ တားဆီးမှုပြုလုပ် လာသောအခါ ယင်းရိုဟိန်ဂျာ အရေးသည် ဒေသခံနိုင်ငံများအား ရိုက်ခတ်လာသဖြင့် ဒေသခံနိုင်ငံများ သတိထား ဆောင်ရွက်လာကြသည်ကို တွေ့ရှိရသည်။
အာဆီယံထိပ်သီး အစည်းဝေး၌ပင် ယင်းရိုဟိန်ဂျာ ပြဿနာသည် နံပါတ်(၁) နေရာရယူ ထားပြီးဖြစ်သည်၊၊ ထိုင်းနိုင်ငံက အဘယ်ကြောင့် ယင်းရိုဟိန်ဂျာ ဆိုသူများအား ဒုက္ခသည်စခန်း များဖွင့်ခွင့် လက်မခံသနည်း။ အဖြေမှာ ရှင်းနေသည်၊၊ ယင်းရိုဟိန်ဂျာ အမည်ကိုသုံး၍ နိုင်ငံရေးအရ တိုက်ပွဲဝင် နေသူများသည် Al-Quada အဖွဲ့နှင့် ဆက်နွယ်မှု ရှိနေသည်။ ထိုင်းနိုင်ငံ အကြမ်းဘက် လှုပ်ရှားနေသူများနှင့် ပေါင်းမိပြီး ထိုင်းနိုင်ငံ၏ လုံခြုံရေးကို ပါခြိမ်းခြောက်လာမည် ကိုစိုးရိမ်၍ဖြစ်သည်၊၊

ရခိုင်တိုင်းရင်းသားများကိုကယ်တင်ကြပါစို့
နိုင်ငံတကာ NGO များနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများက ရိုဟိန်ဂျာ အမည်ခံများအား “နိုင်ငံမဲ့များ” အဖြစ် လူသားချင်းစာနာမှု ရှုထောင့်မှနေ၍ ယင်းတို့၏ နိုင်ငံရေးအရ တိုက်ပွဲဝင်မှုများ အသိအမှတ်ပြုရန် ရခိုင်တို့အား ဖိအားပေးနေကြ သည်ကိုတွေ့ရှိရသည်၊၊ သို့သော် ယင်းဘင်္ဂလီ မူဆလင်များ အလုံးအရင်းနှင့် ၀င်ရောက်ပြီးနောက် မူဆလင်တို့ သတ်ဖြတ် ရက်စက်မှုကြောင့် မိမိတို့၏ ပိုင်ဆိုင်မှုနယ်မြေ၊ အိုးအိမ်များ စွန့်ခွာ ထွက်ပြေး လာကြရသော ဒေသခံ ရခိုင်တိုင်းရင်းသားများ၏ ရှေ့အနာဂတ်အရေးကို တွေးပူသည်ကိုကား မတွေ့ရှိရသေးပေ၊၊ ယင်းအဓိကရုဏ်းကာလ၌ မူဆလင်များ၏ သတ်ဖြတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသော မြန်မာ့တိုင်းရင်းသား ရခိုင်ပြည်နယ်သားများ၊ ဗုဒ္ဓဘာသာ ရဟန်းတော်များ၊ မူဆလင်များ၏ မီးတိုက်ဖျက်ဆီးမှုကြောင့် ပြာကျခဲ့ရသော ရခိုင်ရွာများ၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများ၊ ဘာသာရေးအစွန်းရောက် ယင်းမူဆလင်များ၏ မုဒိမ်းကျင့် သတ်ဖြတ်ခြင်း ခံခဲ့ရသော ရခိုင်သူများနှင့် မိမိအသက် အိုးအိမ် စည်းစိမ် လုံခြုံရေးအတွက် အမြဲတမ်းအထိတ် တလန့်ဖြစ်နေရသော ရခိုင်သူ၊ ရခိုင်သားများ၏ အနာဂတ်အရေးကို တွေးပူစဉ်းစားမိသော NGO များနှင့် ကုလသမဂ္ဂ္ဂ အဖွဲ့အစည်းများကို မတွေ့ဖူးသေးပေ၊၊ အကယ်၍ အိမ်နီးချင်းနိုင်ငံများ၊ NGO များ ကုလသမဂ္ဂ အဖွဲ့အစည်းများက ချင့်ချိန်မစဉ်းစားဘဲ ရိုဟိန်ဂျာ ဆိုသူများ၏ အရေးကို စောင်းပေးပြီး ရိုဟိန်ဂျာအမည်နှင့် ယင်းတို့၏ နိုင်ငံရေးအရ ရပ်တည်တိုက်ပွဲဝင်မှုကို လက်ခံခဲ့လျှင် မကြာသောတနေ့၌ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် ဒေသအားလုံး ယင်းရိုဟိန်ဂျာ အမည်ခံသူများ လက်ထဲသို့ကျ ရောက်သွားပြီး၊ ဒေသခံရခိုင်ပြည်နယ်သားများ အသတ်ခံရမှု၊ ရပ်ရွာ အိုးအိမ် စွန့်ခွာ ထွက်ပြေးရမှု နှင့် ရင်ဆိုင်ရမည်။
ယင်းအရေးသည် မြန်မာပြည် ရခိုင်ပြည်နယ်မှတဆင့် တစ်ပြည်လုံး၏ လုံခြုံရေးနှင့် အိမ်နီးချင်းနိုင်ငံများ၏ လုံခြုံရေးကိုပါ ခြိမ်းခြောက်လာပြီး ယင်းနိုင်ငံ၌ နေထိုင်နေကြသော ဒေသခံပြည်သူများလည်း ရခိုင်ပြည်နယ်ကဲ့သို့ ဘေးဆိုးကြီးများနှင့် ရင်ဆိုင်ရမည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။


Myanmar Express 

ရခိုင်ပဋိပက္ခ မျက်ခြည်မပြတ် စောင့်ကြည့်ရန် ပြည်နယ်အစိုးရ အဖွဲ့ကို နိုင်ငံတော်သမ္မတ သတိပေး

Posted by drmyochit Monday, November 19, 2012, under | No comments


ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားနေသော ပဋိပက္ခများ လတ်တလော အနေအထားအရ ယာယီအားဖြင့် တည်ငြိမ်နေသော်လည်း အချိန်မရွေး ဆူပူ အကြမ်းဖက်မှုများ ထပ်မံဖြစ်ပေါ် လာနိုင်သဖြင့် မိမိတို့ အစိုးရ အဖွဲ့အနေဖြင့် မျက်ခြည် မပြတ် စောင့်ကြည့်ရန် လိုအပ်ကြောင်း နိုင်ငံတော် သမ္မတက အစိုးရအဖွဲ့ကို နိုဝင်ဘာ ၁၆ရက်နေ့ ကသ တိပေးပြော ကြားလိုက်သည်။
ရခိုင်ပြည်နယ် ဒေသခံ များ၏ စိတ်တွင် အခဲမကြေ မှုများ၊ လက်စားချေလို မှုများ၊ ကြောက်ရွံ့ စိုးရိမ်မှုများ ဖြစ်ပေါ် နိုင်သည့် အတွက် အချိန်မရွေး ဆူပူအကြမ်းဖက် မှုများ ထပ်မံဖြစ်ပေါ် လာနိုင်သဖြင့် မိမိတို့ အစိုးရ အဖွဲ့က အထူး အလေးထား သင့်ကြောင်း နိုင်ငံတော် သမ္မတကြီးက သတိပေး ခဲ့သည်။ ရခိုင်ပြည် အရေးနှင့် ပတ်သတ်၍ ဝန်ကြီးဌာန အလိုက် ဝန်ကြီးများ ကိုယ်တိုင် ကွင်းဆင်း ကြည့်ရှုပြီး လိုအပ်သည် များကို ကူညီဆောင်ရွက် သွားရမည် ဟု၎င်းက ညွန်ကြားခဲ့သည်။ ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင် အပါအဝင် ရခိုင်နိုင်ငံရေး ပါတီအချို့ ကမူ ရခိုင်ပြည် တွင် နိုဝင်ဘာလ ဒုတိယ အပတ်က စပြီး အုပ်စုလိုက် ရမ်းကားမှုများ ရှိနေကြောင်း ပြောဆိုသည်။ ”ရခိုင်ပြည် အခြေအနေက မထင်မှတ်ပဲ ပေါက်ကွဲ သွားနိုင်တယ်။ အဲဒီလို ဖြစ်လာအောင် လည်း တစ်ဖက်က အကွက်ကျကျ စီမံချက် ရှိရှိ လုပ်နေကြတယ်။ ဒါကို အစိုးရနဲ့ ကျွန်တော်တို့ ပူးပေါင်း ဖြေရှင်းရမယ်။” ဟု ဝန်ကြီး ဦးဇော်အေးမောင် က ဆိုသည်။
ရခိုင်ပြည်နယ် တွင် ရာဇဝတ်မှု တစ်ခုကို အကြောင်းပြု၍ အကြမ်းဖက်မှုများ ဖြစ်ပွား ခဲ့ရာမှ လူမျိုးစု၊ ဒေသစွဲ ပြင်းထန်သူ လူ တစ်ချို့၏ နောက်ကွယ်မှ သွေးထိုး မြှောက်ပင့်မှု၊ နိုင်ငံအချို့ အဖွဲ့အစည်း အချို့မှ မမှန်သတင်း ထုတ်ပြန် လှုံ့ဆော်မှုကြောင့် လူမျိုးရေး၊ ဘာသာရေး အသွင် ဆောင်သော ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပေါ် လာရသည်။

Myanmar Express 

အိုဘားမား နှင့် မြန်မာ ဆက်ဆံရေးသည် ရန်ကုန်အဆင့်သာ ရှိသေးပြီး နေပြည်တော် အဆင့် မရှိသဖြင့် တရုတ်အစိုးရက စိုးရိမ်ပူပန်မှုမရှိ

Posted by drmyochit Monday, November 19, 2012, under | No comments


အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ မြန်မာနိုင်ငံ အလည်အပတ် ခရီးစဉ်မှာ တရုတ်နိုင်ငံအပေါ် သက်ရောက်မှု များစွာမရှိနိုင်ကြောင်း တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန အရာရှိကြီးတစ်ဦးက ပြောကြားသည်။
ဒေသတွင်းနိုင်ငံများ၏ အလည်အပတ်ခရီးစဉ် တစ်စိတ် တစ်ပိုင်းအဖြစ် စီစဉ်ထားခဲ့သော အိုဘားမား၏ သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ်အား ခြိမ်းခြောက်မှု တစ်ရပ်ဟု တရုတ်အစိုးရက ရှုမြင်ခြင်းမရှိကြောင်း တရုတ်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စက်ဖူယင်းက နိုဝင်ဘာ ၁၇ ရက် မီဒီယာများနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။ "အမေရိကန်ဟာ တရုတ်နိုင်ငံကို ခြိမ်းခြောက်ဖို့ ဒီမှာရှိနေတာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံက ယုံကြည်ပါတယ်။ တရုတ်နိုင်ငံကလည်း အမေရိကန်ကို ခြိမ်းခြောက်မှု တစ်ရပ်ဖြစ်ဖို့ မရည်ရွယ်ပါဘူး"ဟု မစ္စက်ဖူယင်းကပြောသည်။ ရှေ့လာမည့် အပတ်အတွင်း အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲနှင့် အာဆီယံအဖွဲ့ ခေါင်းဆောင်များ ဖနွမ်းပင်မြို့၌ စုဝေးချိန်တွင်လည်း မစ္စတာအိုဘားမားသည် မစ္စတာဝမ်ကြားပေါင်နှင့် တွေ့ဆုံမည်လား ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိသေးကြောင်း မစ္စက်ဖူယင်းက ပြောကြားသည်။ ယင်းဆွေးနွေးပွဲတွင် နိုင်ငံပေါင်းများစွာမှ ခေါင်းဆောင်အများအပြား တက်ရောက် မည်ဖြစ်သောကြောင့် ခေါင်းဆောင် တစ်ဦးချင်း စီတိုင်းနှင့် နှစ်ဖက်တွေ့ဆုံမှု မရှိနိုင်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
Myanmar Express 

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်