Tuesday, November 20, 2012

သတ္တိမွေးကြရန် ရန်ကုန်တက္ကသိုလ်တွင် အိုဘားမားတိုက်တွန်း

Posted by drmyochit Tuesday, November 20, 2012, under | No comments


မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ ပန်းတိုင်သို့ရောက်ရှိရန် စိန်ခေါ်မှုများစွာ ကြုံတွေ့နေရပြီး မြန်မာပြည်သူ အနေဖြင့် စစ်မှန်သော တော်လှန်ရေး စိတ်ဓာတ်၊ ပြောင်းလဲလိုသော စိတ်ဓာတ်နှင့် ခေါင်းဆောင် သတ္တိများမွေးမြူကြရန် အမေရိကန်သမ္မတ ဘားရက်အိုဘားမားက တိုက်တွန်းပြော ဆိုလိုက်သည်။
ယနေ့ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ဖိတ်ကြားခံရသော ပရိသတ် တစ်ထောင်ခန့် တက်ရောက်သည့် အခမ်းအနားတွင် ပြောကြားသော နာရီဝက်ကြာ သမိုင်းဝင်မိန့်ခွန်းတွင် သမ္မတအိုဘားမားက တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ တက်ရောက်လာကြ သူများထဲတွင် သီတဂူဆရာတော်၊ ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်၊ နာရေးကူညီမှု အသင်းမှဦးကျော်သူ၊ ဦးခွန်ထွန်းဦး အပါအ၀င် နိုင်ငံရေး၊ လူမှုရေးနယ်ပယ်များမှ ထင်ရှား ကျော်ကြားသူများ၊ တက္ကသိုလ်ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ ပါဝင်သည်။ သမ္မတ အိုဘားမား၏မိန့်ခွန်းကို ပြည်တွင်း ပြည်ပ ရုပ်သံသတင်းဌာနများကလည်း တိုက်ရိုက် ထုတ်လွှင့်ကြရာ မြန်မာပြည်တွင်းသာမက နယ်စပ်တနံတလျားနှင့် ပြည်ပရောက် မြန်မာများကလည်း ကြည့်ရှုခဲ့ကြသည်။ အဆိုပါ မိန့်ခွန်းတွင် အမေရိကန်သမ္မတက မြန်မာနိုင်ငံတွင် အပြောင်းအလဲမျာ; ဖြစ်ပေါ်နေသော်လည်း လွတ်ရက်ကို မျှော်လင့်နေကြသည့် ယုံကြည်ချက်အကျဉ်းသားများ၊ အိုးအိမ်များကို စွန့်ခွာ ထွက်ပြေးနေကြသော ဒုက္ခသည်များ၊ လျှပ်စစ်မီးမရရှိကြသူများ မရေမတွက် နိုင်အောင်ရှိနေဆဲဖြစ်ကြောင်း၊ လွတ်လပ်မှုအတိမ်အနက်ကို ရရှိဆုံးဖြတ်ပေးမည့် မြန်မာပြည်သူပြည်သားများက ဆုံးဖြတ်ပေးလိမ့်မည်ဖြစ်သည့်အတွက် စစ်မှန်သော တော်လှန်ရေးစိတ်ဓာတ်၊ ပြုပြင်ပြောင်းလဲလိုသော စိတ်ဓာတ်နှင့် ခေါင်းဆောင် သတ္တိမျိုးမွေးကြရန် တိုက်တွန်းသည်။
“စိန်ခေါ်ချက်တွေ အများကြီးရှိနေပေမယ့်  အပြောင်းအလဲ မဖြစ်နိုင်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ နောက်ဆုံးကျရင် ရလာမယ့် လွတ်လပ်မှုအတိမ်အနက်ကို အဆုံးအဖြတ်ပေးရမှာက မြန်မာပြည်သူတွေ ကိုယ်တိုင်ပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တဦးချင်စီတိုင်းမှာကို စစ်မှန်တဲ့တော်လှန်ရေး၊ ပြောင်းလဲလိုစိတ်တွေ စမွေးမြူပေးဖို့လိုပါတယ်။ ဒီနေရာမှာ ရှေ့က ခေါင်းဆောင်တွေပြခဲ့တဲ့ သတ္တိမျိုးရှိဖို့လိုပါတယ်” ဟု အိုဘားမားက ဆိုသည်။
မြန်မာနိုင်ငံရေးတွင် ပြုပြင်ပြောင်း လဲလိုသူများကို ခုခံတိုက်ခိုက်လိုသော သဘောထား တင်းမာသူများ ရှိလာနိုင် သော်လည်း အပြောင်းအလဲများသည် နောက်ပြန်လှည့်၍ မရနိုင်တော့ကြောင်း၊ မြန်မာ့ပြောင်းလဲမှုသည် ကမ္ဘာ့အသိုင်းအ၀ိုင်းအတွက် နမူနာကောင်းဖြစ်လာနိုင်ကြောင်း၊ မြန်မာဒီမိုကရေစီ လမ်းကြောင်းသည် အစသာရှိသေး ကြောင်းလည်း သမ္မတအိုဘားမားက ဆိုသည်။
“လာမယ့် ရှေ့ခရီးလမ်းမှာ ကြီးမားတဲ့စိန်ခေါ်မှု တွေရှိနေပါတယ်။ အပြောင်းအလဲ လုပ်လိုသူတွေကို ခုခံဆန့်ကျင်မယ့် သူတွေရှိလာမှာပါ။ ဒါပေမယ့် ယုံကြည်မှု အပြည်နဲ့ မြန်မာပြည်သူတွေနဲ့ ကျနော် ရပ်တည်နေပါတယ်။ ဒီနိုင်ငံမှာ ရွေ့လျားမှုတွေ၊ လှုပ်ရှားမှုတွေ စတင်နေပါပြီ။ နောက်ပြန်ဆွဲလို့ မရနိုင်ပါဘူး။ ပြည်သူတွေရဲ့ စိတ်အင်အားနဲ့ ဒီနိုင်ငံကို တိုးတက်အောင် လုပ်ယူပြီး ကမ္ဘာကြီးအတွက်လည်း အတုယူစရာ သင်ခန်းစာ ဖြစ်သွားလိမ့်မယ်။ ခရီးလမ်းကြီးက ရှည်ပါသေးတယ်။ ဆက်လျှောက်ရဦးမှာပါ” ဟု ၎င်းက ဆိုသည်။
အမေရိကန် ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံသားများအတွက် ဒီမိုကရေစီနှင့် ထိုက်တန်သော အခွင့်အရေးနှင့် အနာဂတ်များကို ပိုင်ဆိုင်စေလိုကြောင်း၊ ဒီမိုကရေစီဆိုသည်မှာ ဆာနေသော ဗိုက်၊ ဟာနေသော ၀မ်းကို ဖြည့်ပေးရုံမျှမဟုတ်ဘဲ လူထု၏ ကြွယ်ဝမှုအတွက် လူထုတင်မြှောက်ထားသော အစိုးရက လုပ်ဆောင်ပေး ရမည်ဖြစ်ကြောင်း လည်း ဆိုသည်။
“မြန်မာပြည်သူတွေ လှမ်းကိုင်ရမယ့် အနာဂတ်။ ယုံကြည်ချက်ကြောင့်အကျဉ်းကျနေသူတဦး တည်းရှိနေရင်တောင်မှ များလှပါပြီဆိုတဲ့ အနာဂတ်။ ဘယ်ခေါင်းဆောင်ထက်မဆို ဥပဒေက ပိုလို့ ခိုင်မာအားရှိတဲ့အနာဂတ်၊ တာဝန်ခံတဲ့ အစိုးရတွေ၊ ဘယ်ကလေးမှ စစ်သားမလုပ်ရ၊ ဘယ်အမျိုးသမီးမှ ခေါင်းပုံမဖြတ်ခံရတဲ့ အနာဂတ်၊ သူတို့ကို ကာကွယ်စောင့်ရှောက်ပေးတဲ့ အနာဂတ်၊ အရပ်သားများရဲ့ လက်အောက်မှာ အလုပ်အကျွေးပြုနေတဲ့ တပ်မတော်ကသာ နိုင်ငံတော်လုံခြုံရေးကို ခိုင်မာစေတဲ့ အနာဂတ်၊ လူထုက ရွေးကောက် တင်မြှောက်လိုက် သူများကသာ အုပ်ချုပ်ရမယ်ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက အာမခံချက်ပေးတဲ့ အနာဂတ်ကို ဆိုလိုပါတယ်” ဟု သမ္မတအိုဘားမားက ဆိုသည်။
တိုင်းရင်းသားများ၊ နိုင်ငံရေးအကျဉ်းသား ဟောင်းများနှင့် စစ်ဗိုလ်ချုပ်ဟောင်းများ အတူတကွ ပါဝင်တက်ရောက်ခဲ့သည့် အခမ်းအနားတွင် အမေရိကန်သမ္မတက တိုင်းပြည် ဒီမိုကရေစီအရေး ချီတက်ရာတွင်လည်း အမျိုးသားပြန်လည် သင့်မြတ်ရေးသည် အရေးကြီးပြီး အမျိုးသားပြန် လည်သင့်မြတ်ရေး မရှိလျှင် ပြုပြင်ပြောင်းလဲရေး အောင်မြင်မည် မဟုတ်ကြောင်း၊ လက်ရှိအချိန်တွင် ငြိမ်းချမ်းရေးအတွက် ထူးခြားသော အခွင့်အလမ်းများ ရှိနေကြောင်း၊ မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ ကြာမြင့်သော စစ်ပွဲများကြောင့် မရေမတွက်နိုင်သော လူ့အသက်များစွာ ဆုံးရှုံးခဲ့ရကြောင်းလည်း ပြောသည်။
“အမျိုးသား ပြန်လည်သင့်မြတ်မှု မရှိဘဲ ဘယ်ပြုပြင်ပြောင်းလဲမှုမှ မအောင်မြင်နိုင်ပါဘူး” ဟု သမ္မတအိုဘားမားက ပြောဆိုသောအခါ ပရိသတ်က ဩဘာပေးခဲ့ကြသည်။ ရခိုင်ပြည်နယ် အရေးကိစ္စကို ထည့်သွင်းပြောကြားရာတွင် ယခင်စစ်အစိုးရ၏ တရားလွန် ညှင်းပန်းနှိပ်စက်မှုများ နှင့်ဆက်စပ်နေပြီး သမ္မတ ဦးသိန်းစိန်အစိုးရ၏ လုပ်ဆောင်ချက်များကို ကြိုဆိုပါကြောင်း၊ ရိုဟင်ဂျာများကို လူသားအဖြစ် အသိအမှတ်ပြုရမည်ဖြစ်ပြီး လူ့ဂုဏ်သိက္ခာဖြင့် ရပ်တည်ခွင့်ပေးရမည် ဖြစ်ကြောင်း၊ မတူကွဲပြားခြားနားမှုသည် နိုင်ငံအတွက် အင်အားဖြစ်ကြောင်း၊ လူ့အဖွဲ့အစည်းအကြား ပြန်လည်ရင်ကြားစေ့ရေး အချိန်ယူရမည်ဟု ပြောဆိုသွားသေးသည်။
“ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေကို တွေ့မြင်ရပြီး တင်းမာမှုတွေ ဆက်လက်ဖြစ်နိုင်မယ့် အန္တရာယ်ကိုမြင်နေရပါတယ်။ ရခိုင် တိုင်းရင်းသားများ အပါအ၀င် ဒီပြည်နယ် လူထုတွေက ဆင်းရဲနွမ်းပါးမှုနဲ့ တရားလွန် ညှင်းပန်းနှိပ်စက် မှုဒဏ်ကို ကာလရှည်ကြာစွာ ရင်ဆိုင်ခဲ့ကြရပါတယ်။ သို့ပေမယ့် အပြစ်မဲ့သူများကို အကြမ်းဖက်မှုအတွက် ဘာဆင်ခြေမှ ပေးလို့မရပါဘူး။ ရိုဟင်ဂျာတွေလည်း ခင်ဗျားတို့လို၊ ကျနော့်လို သူတို့မှာလည်း သူတို့ဂုဏ်သိက္ခာနဲ့ သူတို့ရှိပါတယ်။ ပြန်လည်သင့်မြတ်ရေးအတွက် အချိန်ယူရမှာဖြစ်ပါတယ်။ ဒါပေမယ့် ကျနော့်တို့ အားလုံးရဲ့ လူသားဖြစ်တည်မှုအတွက်  ဒီနိုင်ငံရဲ့ အနာဂတ်အတွက် ရည်မှန်းပြီး သွေးထိုးလှုံ့ဆော်မှုတွေ အကြမ်းဖက်မှုတွေကို ရပ်တန်းကရပ်ဖို့ အချိန်တန်ပါပြီ” ဟု အမေရိကန်ပြည်ထောင်စု၏ ပထမဆုံး လူမည်းသမ္မတက ဆော်ဩခဲ့သည်။
နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော မြန်မာစစ်တပ်ကို ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း ကိုလည်း မြန်မာ့ဒီမိုကရေစီ ခရီးကြမ်းလျှောက်လှမ်းရာတွင် မြန်မာစစ်တပ်ကို လူ့အခွင့် အရေးများကို ကာကွယ်စောင့်ရှောက် ဖော်ဆောင်စေရေး ကူညီသွားမည်ဖြစ်ပြီး ဒီမိုကရေစီစနစ်တွင် တပ်မတော်သည် အရပ်သားထိန်းချုပ်မှု အောက်တွင်ရှိနေပြီး သမ္မတမှအစ ဆင်းရဲသားအဆုံး တရားဥပဒေကို လိုက်နာကြရသည်ဟု ရှင်းလင်းပြောဆိုသည်။
“ဒီမိုကရေစီခရီးကို ချီတက်ရာမှာ အရပ်သား လူ့အဖွဲ့အစည်းကို အားရှိလာအောင် ကျနော်တို့ ကူညီထောက်ပံ့မှု အသုံးပြုပြီးတော့ သော်လည်းကောင်း၊ တပ်မတော်ကိုလည်း စည်းစနစ်ကောင်းတဲ့ ပရော်ဖက်ရှင်နယ် တပ်ဖြစ်အောင် ပြုလုပ်ပြီး လူ့အခွင့်အရေးများ လိုက်နာလေ့ကျင့်ခြင်း ဖြင့်လည်းကောင်း၊ လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီ ခရီးရောက်ရေးမှာ စီးပွားရေးနဲ့ ချိတ်ဆက်တဲ့ အကျိုးဆက်တွေကို ဖော်ဆောင်ပေးခြင်းဖြင့် လည်းကောင်း အမေရိကန်နိုင်ငံက ဒီလမ်းကြောင်း ဖော်ဆောင်ရေးကို ကူညီသွားမှာပါ´ ဟု အိုဘားမားက ဆိုသည်။
မြန်မာနိုင်ငံအဖို့ “ကနဦးသစ်၏ အင်အား”ကို ကမ္ဘာကိုပြရန် အခွင့်အခါသင့်ပြီဟု တိုက်တွန်းပြောကြားရင်း မြန်မာလို “မဂ်လာပါ”ဟု အစချီပြီး “ကျေးဇူးတင်ပါတယ်”ဟု မိန့်ခွန်းကို အဆုံးမသတ်မီ “ကျနော်တို့ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျွန်တော်တို့ ကိုင်စွဲထားတဲ့ ဒီမိုကရေစီ မူဝါဒတွေ အတိုင်း ဖြည့်ပြီး ပြင်ဆင်ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အင်အား အကြီးဆုံး နိုင်ငံကြီးရဲ့ သမ္မတ တဦးအနေနဲ့ ဒီကနေ့ ခင်ဗျားတို့ရှေ့မှာ ကျနော် မားမားမတ်မတ် ရပ်နေပါပြီ။ ကျနော်ဟာ အရင်တုန်းက မဲပေးခွင့်မရှိတဲ့ သူတဦးရဲ့ အမျိုးအနွယ်တဦးပါ။ ဒီ နိုင်ငံ နယ်နိမိတ်အတွင်း ရှိသမျှ လူသားတွေဟာ ဒီနိုင်ငံရဲ့ သမိုင်းအစိတ်အပိုင်း ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနိုင်ငံမှာလည်း မတူကွဲပြားမှုတွေကို ကျော်လွှားနိုင်မယ်လို့ ကျနော့် နက်နက်ရှိုင်းရှိုင်း ယုံကြည်ပါတယ်” ဟု ကိုယ်ပိုင်ဘဝနှင့် နိုင်ငံသမိုင်းတို့နှင့် ယှဉ်၍ ပြောကြားသွားခဲ့သည်။

အိုဘားမား မိန့်ခွန်း အပေါ် ရခိုင်ခေါင်းဆောင်များ အမြင်

Posted by drmyochit Tuesday, November 20, 2012, under | No comments


မြန်မာနိုင်ငံကို တရက် လာရောက် လည်ပတ်ခဲ့သော အမေရိကန်သမ္မတ ဘားရတ်စ် အိုဘားမားသည် ရန်ကုန် တက္ကသိုလ်တွင် မိန့်ခွန်းပြောကြားရာ၌ ရခိုင် အရေးအား ထည့်သွင်း ပြောကြားခဲ့သည်။ အဆိုပါ အခမ်းအနားသို့ RNDP ပါတီမှ ဥက္ကဌ ဒေါက်တာအေးမောင်၊ ၀န်ကြီး ဦးဇော်အေးမောင် နှင့် အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောတို့ တက်ရောက်ပြီး တခြား ရန်ကုန်ရှိ ရခိုင်အဖွဲ့အစည်းများမှ ၅ဦး တက်ရောက်ခဲ့သည်။
မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများ ဖေါ်ဆောင်နေချိန်တွင် ပထမဆုံးသော အမေရိကန် သမ္မတ တစ်ဦး၏ မြန်မာ နိုင်ငံ ခရီးစဉ် ဖြစ်သဖြင့် မြန်မာနိုင်ငံနှင့် ပြည်သူများ အတွက် ကောင်းသော လက္ခဏာ ဖြစ်ကြောင်း မိန့်ခွန်းပြောကြားရာ အခမ်းအနားကို တက်ရောက်သူ RNDP ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောကပြောသည်။
“ မိန့်ခွန်း တခုလုံးကို ယေဘုယအားဖြင့် ကျနော်ပြောချင်ပါတယ်။ အမေရိကန်သမ္မတ တယောက် အနေနဲ့ ဒီမိုကရေစီ အကြောင်းတွေကို ပြောတာတွေ့ ရပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ယေဘုယအားဖြင့် သွားနေတဲ့ လမ်းကြောင်း ကောင်းမွန်စေဖို့၊ နောက်ပြန် မလှည့်စေဖို့ ပြောတာတွေ ကို တွေ့ရပါတယ်။ အမေရိကန် အနေနဲ့လည်း ပူးပေါင်းဆောင်ရွက်ပြီး အကူအညီ ပေးသွားမယ် လို့ ပြောသွား တာတွေဟာ ကောင်းတဲ့ လက္ခဏာတွေပါ။ တိုင်းရင်းသား အရေးတွေကို ပြောသွားတာဟာလည်း ကောင်းတဲ့ကိစ္စပါ” ဟု ပြောသည်။ သမ္မတ အိုဘားမားသည် နေ့လည် ၂နာရီ ၄၀ မိနစ် အချိန်မှ ၃နာရီ ၁၀မိနစ်အထိ နာရီခွဲကြာကြာ ရန်ကုန် တက္ကသိုလ်ရှိ ဘွဲ့နှင်း သဘင်ခန်းမတွင် မိန့်ခွန်း ပြောကြားခဲ့သည်။ ရခိုင်အရေးနှင့် ပတ်သက်ပြီး သမ္မတ အိုဘားမား ပြောကြားသည့် မိန့်ခွန်းအပေါ် ဦးဦးလှစောက သူ့အမြင်ကို ယခုလို နိရဉ္စရာသို့ ပြောသည်။
“ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ တခြား ကိစ္စတွေကိုတော့ ပုံမှန်အားဖြင့် ပြောသွားပေမယ့် ရခိုင်အရေး ကိုတော့ သူ့အနေနဲ့ သီးခြားတခုလို ပြောသွားတာ တွေ့ရပါတယ်။ ပြီးတော့  “ရိုဟင်ဂျာ”  ဆိုတဲ့ အသုံးအနှုန်းကို သုံးနှုန်း သွားတာကို တွေ့ရပါတယ်။ အခု ရခိုင်အရေးကိစ္စဟာ မြန်မာပြည်မှာ တိုင်းရင်းသား အချင်းချင်း ဖြစ်နေတဲ့ ကိစ္စတခုလို သူက နားလည်ပြီး ပြောသွားတာကို တွေ့ရပါတယ်။ ဒီနေရာမှာ သမ္မတ အိုဘားမားနဲ့ ကျနော်တို့က အယူအဆမတူပါ။ ဥပမာ ကချင်နဲ့ မြန်မာ့တပ်မတော်နဲ့ ဖြစ်နေသလို၊ ကရင်မှာ ဖြစ်နေသလို မျိုး ဒီရခိုင်ပြဿနာဟာ မဟုတ်ပါ။ အခုက ပြည်ထောင်စုက ခွဲထွက်မယ့် ပြဿနာလည်း မဟုတ် တိုင်းရင်းသား အချင်းချင်း ဖြစ်နေတဲ့ ပြဿနာလည်း မဟုတ်။ သို့သော် အခု ဒီရိုဟင်ဂျာလို့ ပြောတဲ့ သူတွေနဲ့ ဖြစ်နေတဲ့ ပြဿနာက တဖက်က နယ်စပ်ဖြတ်ကျော်ပြီး ခိုးဝင်လာတဲ့ လူတွေနဲ့ ဒေသခံတွေ အကြားမှာ ဖြစ်နေတာ ဖြစ်တယ်။ ဒါကြောင့် အနှစ်သာရချင်းမတူပါ။ သမ္မတ အိုဘားမား အနေနဲ့ ရခိုင်ပြည်နယ်၏ တကယ့် အရှိ တရားနဲ့ နည်းနည်း ဝေးနေသလို ကျနော်တို့ ခံစားရတယ်။ သူမိန့်ခွန်းထဲက တခြား တင်ပြမှုတွေကို လက်ခံ၊ ကြိုက်ပေမယ့် ဒီကိစ္စမှာတော့ အိုဘားမားရဲ့ ချည်းကပ်ပုံ ချည်းကပ်နည်းဟာ ကျနော်တို့နဲ့ လက်ခံ နိုင်စရာ အကြောင်းမရှိပါ။ သမ္မတ ဦးသိန်းစိန်ကလည်း မြန်မာတိုင်းရင်းသားထဲမှာ ရိုဟင်ဂျာဆိုတာ မရှိဘူးလို့ ပြောထားသလို ရခိုင်ပြည်သူတရပ်လုံးကလည်း ရိုဟင်ဂျာဟာ တိုင်းရင်းမဟုတ်သလို မရှိဘူးလို့ သဘောထားဟာ ပြတ်ပြတ်သားသား ရှိနေပြီးသားဖြစ်လို့ အိုဘားမား ပြောတာနဲ့ နည်းနည်းလွဲနေပါတယ်။ စကားကို ပြတ်ပြတ်သားသား မပြောသလို ဖြစ်နေပါတယ်။ ဒါကိုကျနော်တို့ ဘ၀င်မကျပါ။ မကြိုက်ပါ” ဟု ဆိုသည်။
အမေရိကန် သမ္မတအိုဘားမားသည် ယနေ့ နံနက် ၉နာရီ ၄၀ မိနစ်တွင် ရန်ကုန် လေဆိပ်သို့ ရောက်ရှိလာပြီး သမ္မတ ဦးသိန်းစိန်အစိုးရအဖွဲ့နှင့် တွေ့ဆုံခဲ့သလို ဒေါ်အောင်ဆန်း စုကြည်နှင့်လည်း တွေ့ဆုံခဲ့ပြီး ရွှေတိဂုံ ဘုရားသို့ သွားရောက် ဖူးမျှော်ခဲ့သည်။ ယခု အိုဘားမား ခရီးစဉ်သည် မြန်မာနိုင်ငံ အတွက် အကျိုးရှိသော ခရီးစဉ် တစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံအတွက် ဥပမာ များအားလည်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်ကို တွေ့ရကြောင်း ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က ပြောသည်။ “ မြန်မာနိုင်ငံအတွက် ကောင်းမွန်တဲ့ ခရီးစဉ်တခုပါ။ သူ့ပြောသွားတဲ့အထဲမှာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှု တွေလုပ်နေတဲ့အပေါ်မှာ သူ့အနေနဲ့ ကြိုဆိုလက်ခံပြီးတော့ အမေရိကန်အနေနဲ့လည်း နောက်ကနေ ပံ့ပိုး အကူ အညီ ပေးသွားမယ်လို့ ပြောသွားတာဟာ တော်တော့ကို ကောင်းပါတယ်။ နောက်ပြီးတော့ တိုင်းရင်းသား ဒေသတွေမှာ ငြိမ်းချမ်းရေး ရအောင် ပိုမိုလုပ်ဆောင်ရမယ်လို့လည်း ပြောသွားပါတယ်။ ထိရောက်တဲ့ စကား တခုကတော့ အာဏာ ပါဝါဆိုတာ ပြည်သူတွေဆီမှာပဲရှိတယ်လို့ ပြောပါတယ်။ သမ္မတဆိုတာဟာလည်း ပြည်သူတွေက ရွေးချယ်ပြီး ပေါက်ဖွားလာတာလို့ သူက ပြောပါတယ်။ ပြီးတော့ အမေရိကန်နိုင်ငံမှာ အင်မတန်မှ အင်းအားကောင်းတဲ့ စစ်တပ်ရှိတယ်။ အဲဒီ စစ်တပ်ဟာ ပြည်သူတွေက ရွေးချယ်ထားတဲ့ သမ္မတရဲ့ အောက်မှာပဲ ရှိတယ်လို့  ဥပမာတွေ ပေးပြီး ပြောသွားတာကို တွေ့ရပါတယ်။”
အိုဘားမားနှင့်အတူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟေလာရီကလင်တန်လည်း လိုက်ပါလာပြီး ၎င်းတို့ အဖွဲ့သည် ညနေ ၃နာရီ ၃၅မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ကမ္ဘောဒီယားနိုင်ငံသို့ ထွက်ခွာ သွားခဲ့သည်။

ယမ်းငွေ့သမ်းသည့် တောင်တန်းများ၏အဖြေ ရှာဖွေကြပါစို့

Posted by drmyochit Tuesday, November 20, 2012, under | No comments

အင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၆ ဦးလွတ်မြောက်

Posted by drmyochit Tuesday, November 20, 2012, under | No comments


နိုဝင်ဘာ၁၉ရက်နေ့ နံနက် ၈နာရီ ၁ဝမိနစ်ခန့်တွင် အင်းစိန်အကျဉ်းထောင်မှ နှစ်ရှည်အကျဉ်းသား အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၁ ဦး လွတ်မြောက်ခဲ့ကြောင်း တာဝန်ကျ အကျဉ်းဦစီးဋ္ဌာနအရာရှိ တစ်ဦးက ပြောကြားသည်။
လွတ်မြောက်လာသူ အကျဉ်းသားများအနက် အများစုမှာ ယခင်အစိုးရဟောင်း လက်ထက် ပုဒ်မ၅(ဇ) ဖြင့် နှစ်ရှည် အကျဉ်းကျခံ နေရသူများ ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ပုဒ်မ၅(ဇ)ဖြင့် နှစ်ရှည်အကျဉ်းသား တစ်ဦးဖြစ်ခဲ့သူ ကိုကြည်စိုးက ၎င်းမှာ ဖောက်ခွဲရေးမှုဖြင့် အဖမ်းဆီး ခံခဲ့ရသူ တစ်ဦး ဖြစ်ပြီး ထောင်တွင်း ၇ နှစ်ကျော် နေထိုင်ခဲ့ရကြောင်း၊ မည်သည့်အလုပ်များ ဆက်လက်လုပ်ကိုင်မည်ကိုမူ ယခုအချိန်တွင် မဆုံး ဖြတ်နိုင်သေးကြောင်းမြန်မာ့ခေတ် မီဒီယာသို့ပြန် လည်ဖြေကြားသည်။

လင်းသစ်
TheMyanmaAge

ကျောက်တော်တွင်ရထားပိမိ၍ ၁၂ နှစ်အရွယ်မိန်းကလေးတစ်ဦး ခြေထောက် ပြတ်

Posted by drmyochit Tuesday, November 20, 2012, under | No comments


ပုဏ္ဏားကျွန်းမှ နေ့လည် ၁နာရီခန့်တွင် စတင် ထွက်ခွါလာသော မီးရထား သည် ကျောက်တော် ဘူတာရောက်ပြီး များမကြာမီ ညနေ့ ၅ နာရီခန့်တွင် ရတား တွဲလှည့်ရာ၌ ဆွံ့အနားမကြားသူ ၁၅ နှစ်ကျော်အရွယ်၊ ဖခင်ဦးမောင်ရွှေသန်း၊ မိခင် ဒေါ်မသန်းရီ ၏ သမီးဖြစ်သူ မသန်းသန်းဌေး မှာ သံလမ်းတွင် ရပ်နေစဉ် ရထားလာသည်ကို မကြား၊ မမြင်သဖြင့် ရထား ကြိတ်မိခဲ့ရာ ဘယ်ဘက် ထောက်အား ရထားတက်နင်းမိပြီး ခြေတစ် ဘက်ကြေမွကျိုးကြေ သွားသည့် အနေအထားသို့ ရောက်ရှိခဲ့ကြောင်း သိရ သည်။
 ယင်းအတွက် ရထားကြိတ်မိသည့် ဘယ်ဘက်ပေါင်အား ပိုင်းဖြတ် ရမည့် အနေအထားတွင် ရှိနေ ကြောင်းသိရသည်။ ယခုအခါတွင် ကျောက်တော် ဆေးရုံ၌ သွေးသွင်းနေ ရကြောင်းသိရသည်။
သန်းသန်းဌေး၏ သွေးမှာ အိုသွေးအမျိုးအစားဖြစ်ကြောင်းလည်းသိရသည်။ ဖြတ်ပိုင်းရမည့် အနေအထားတွင် ရှိနသဖြင့် ညတွင်းချင်း စစ်တွေဆေးရုံသို့ ယူဆောင်လာရန် ပြင်ဆင်လျက်ရှိ ကြောင်းသိရသည်။
စစ်တွေဆေးရုံ သို့ရောက်လျင် သွေးလိုအပ်ချက် ရှိနိုင်သဖြင့် သွေးလှူရှင်များအား အကြောင်း ကြား ထားပြီးဖြစ်ကြောင်းလည်းသိရသည်။ စစ်တွေသွေး လှူရှင်များအသင်းမှ သွေးများကို ရှာဖွေပေး ထားပြီးဖြစ်ကြောင်း လည်းသိရသည်။ အဆိုပါ မိန့်ကလေးသည် ကျောက်တော်မြို့ ပြည်တော်သာ ရပ်ကွက်မှဖြစ်ပြီး ရောင်စုံကျေးရွာရှိ ဆွေမျိုးများထံမှ ပြန်လာ ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ယခုအခါတွင် ကျောက်တော် ပြည်သူ့ဆေးရုံသို့ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ရထားကြိတ်မိခြင်းသည် ရထားမောင်းသူတွင် အပြစ်မကင်း ကြောင်းနှင့် ရထားမောင်း သူများအား ထိရောက်စွာအရေးယူပေးရန်လို အပ် လှကြောင်း၊ ယခင်ကလည်း ရထားမှ လိမ့်ကျပြီးသေ ဆုံးမှုများ ကျောက်တော် -ပုဏ္ဏား ကျွန်း လမ်းပိုင်းတွင် ဖြစ်ပေါ်ခဲ့ကြောင်း လည်းသိရသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်း ၅ ခု တည်ထောင် သွားမည်

Posted by drmyochit Tuesday, November 20, 2012, under | No comments


ရန်ကုန်တိုင်း ဒေသကြီး အတွင်း နေထိုင် လျက်ရှိတဲ့ ပြည်သူများ စရိတ် သက်သာစွာနဲ့ ကိုယ်ပိုင် တိုက်ခန်းငယ်များ ပိုင်ဆိုင် နိုင်စေဖို့ အတွက် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကို မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ပုဂ္ဂလိက လုပ်ငန်းရှင် များနဲ့ ပူးပေါင်း ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ ရန်ကုန်တိုင်း ဒေသကြီး အတွင်း တန်ဖိုးနည်း အိမ်ရာ စီမံကိန်းများ အနေနဲ့ စီမံကိန်း ၅ ခု ဆောင်ရွက်သွား မှာဖြစ်တယ်လို့သိရပါတယ်။
ဒီလို ဆောင်ရွက် သွားမယ့် တန်ဖိုးနည်း အိမ်ရာ စီမံကိန်း ၅ ခုကတော့ ဗိုလ်ဗထူး အိမ်ရာ စီမံကိန်း၊ ဗိုလ်မင်းရောင် အိမ်ရာ စီမံကိန်း၊ ပင်လုံအိမ်ရာ စီမံကိန်း၊ ဧရာဝဏ် အိမ်ရာ စီမံကိန်းနဲ့ တက္ကသိုလ် အိမ်ရာ စီမံကိန်း တို့ပဲ ဖြစ်ပါတယ်။ အဆိုပါ စီမံကိန်းများ ဆောင်ရွက် ပြီးစီးပါက လူဦးရေ တစ်သောင်း နီးပါးဟာ တန်ဖိုးနည်း တိုက်ခန်းငယ်များ ပိုင်ဆိုင် သွားနိုင်တာပဲ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါ စီမံကိန်းများမှ အခန်းများ ရောင်းချခြင်းများ ဆောင်ရွက်မှု ကိုတော့ တည်ဆောက်မှုများ ပြီးဆုံး သွားတဲ့အခါ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ထံ အပ်နှံပြီး အများ ပြည်သူ အကျိုးရှိရှိနဲ့ သက်သာ လွယ်ကူစွာ ၀ယ်ယူနိုင်ဖို့ ဆောင်ရွက် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 Myanmar Express 

ဗီယက်နမ်သမ္မတ မြန်မာနိုင်ငံလာမည်

Posted by drmyochit Tuesday, November 20, 2012, under | No comments


အမေရိကန်သမ္မတ အိုဘားမား မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ပြီး ၁၀ ရက်အကြာတွင် ဗီယက်နမ် သမ္မတ Mr.Truong Tan Sang သည် မြန်မာနိုင်ငံသို့ သုံးရက်ကြာ လာရောက် လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။ အမေရိကန်သမ္မတ ဘားရတ်အိုဘားမားသည် နိုဝင်ဘာ ၁၉ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ပြီး ၁၀ ရက်အကြာတွင် ဗီယက်နမ်နိုင်ငံ သမ္မတသည် နိုဝင်ဘာ ၂၉ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည်ဖြစ်သည်။ “နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရန်အတွက် ကျွန်တော်တို့ သမ္မတဟာ နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၁ ရက်နေ့အထိ လာရောက်လည်ပတ်မှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီး H.E Mr.Chu  Cong Phung ကအတည်ပြုပြောကြား ခဲ့ကြောင်း သိရှိရသည်။

 Myanmar Express

မြန်မာနှင့်အမေရိကန်ကုန်သည်ကြီးများ အသင်းချုပ်များ ပူးပေါင်း၍ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှု ကွန်ဖရင့်ကြီးတစ်ခုကျင်းပမည်

Posted by drmyochit Tuesday, November 20, 2012, under | No comments


မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ အစိုးရချင်း ဆက်ဆံမှုများ တိုးတက်ဖြစ်ထွန်းမှု ကိုပြသသည့် အနေဖြင့် အမေရိကန်သမ္မတ ဘားရတ်အိုဘားမား မြန်မာပြည်သို့ တစ်ရက်တာလာ ရောက်သည့် အချိန်နှင့် တစ်ပြိုင်တည်းမှာပင် အဆိုပါ နှစ်နိုင်ငံအကြား စီးပွးရေးလုပ်ငန်းချင်း ဆက်ဆံမှုများ တိုးတက်လာနေကြောင်း မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်က ရန်ကုန်မီဒီယာ ဂရု(ပ်)သို့ပြောကြားသည်။
`ကျွန်တော်တို့ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI နဲ့ အမေရိကန်နိုင်ငံ ကုန်သည်ကြီးများ အသင်းချုပ် U.S Chamber of Commerce တို့ပူးပေါင်းပြီး အမေရိကန်-မြန်မာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှု ဆက်ဆံရေး- ရှေ့သို့လမ်းကြောင်း အမည်နဲ့ လာမယ့်ဖေဖော်ဝါရီလမှာ ကွန်ဖရင့်ကြီး တစ်ခုကျင်းပသွား ပါတော့မယ်`ဟု ဦးဝင်းအောင်က ဆက်လက်ပြောဆိုသည်။
ထိုကွန်ဖရင့်ကြီးကို ရန်ကုန်မြို့၊မင်းရဲကျော်စွာလမ်းရှိ ကုန်သည်အသင်းချုပ်ကြီးတွင် ဖေဖော်ဝါရီ ၂၅ရက်တွင် ကျင်းပပေးမည် ဖြစ်ကြောင်းသိရသည်။ ထိုကွန်ဖရင့်ကြီးသို့ နှစ်နိုင်ငံစလုံးမှ အဆင့်မြင့် အစိုးရအရာရှိကြီးများ နှင့်လုပ်ငန်းရှင်ကြီးများ တက်ရောက်ကြ မည်ဖြစ်သည်။
ထိုကွန်ဖရင့်ကြီးတွင် အမေရိကန်-မြန်မာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှု ဆိုင်ရာဆက်ဆံရေး၊ ဆွဲဆောင်မှုရှိသော ရင်းနှီးမြှပ်နှံမှုဝန်းကျင်ဖန်တီးရေး၊ မြန်မာနိုင်ငံ ၏စွမ်းအင်အရင်း အမြစ်များ ဖွံ့ဖြိုးရေး၊ သတင်းအချက် အလက်နည်းပညာဖြင့် စီးပွားတိုးတက်မှု မောင်းနှင်ရေး၊ သန်စွမ်းသော ဘဏ္ဍာရေးကဏ္ဍ တည်ထောင်ရေး၊ ကော်ပိုရိတ် လူမှုတာဝန်ထမ်းဆောင်ရေး၊ မြန်မာကို အာဆီယ၊ ဒေသတွင်းနှင့် ကမ္ဘာအတွင်း ပေါင်းစပ်ချိတ် ဆက်ရေးမျာကို အဓိကထား ဆွေးနွေးသွားမည်ဟု သိရသည်။
စိတ်ဝင်စားသူများ ကုန်သည်အသင်းချုပ်နှင့် ဆက်သွယ်ကြပါရန် အသင်းချုပ်က မေတ္တာရပ်ခံထားသည်။
Myanmar Express 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စရင်လတ်ရှင်နာဝပ်အား လက်ခံတွေ့ဆုံ

Posted by drmyochit Tuesday, November 20, 2012, under | No comments


ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ရောက်ရှိနေသော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စရင်လတ် ရှင်နာဝပ်အား ယနေ့ ညနေ (၃) နာရီ မိနစ်(၄၅) တွင် ဖနောင်ပင်မြို့ရှိ Peace Palace  စတုတ္ထထပ် Call Room  ၌ လက်ခံ တွေ့ဆုံသည်။
       ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့်အတူ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
      ယင်းသို့တွေ့ဆုံရာ၌ နှစ်နိုင်ငံ ခေါင်းဆောင်များသည် ထားဝယ် အထူးစီးပွားရေး ဇုန်ဖွံ့ဖြိုး တိုးတက်ရေးနှင့် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စများကို အမြင်ချင်း ဖလှယ်ခဲ့ကြပြီး၊ အဆိုပါစီမံကိန်းများ အမှန်တကယ် လက်တွေ့ အကောင်အထည် ဖော်နိုင်ရန်အတွက် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နိုင်ရန် သဘောတူညီခဲ့ကြသည်။
       ဗန်ကောက်မြို့တွင် နိုဝင်ဘာ ၇ ရက်နေ့၌ ထားဝယ်အထူး စီးပွားရေးဇုန် အပြည့်အဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပထမဆုံး ကျင်းပသည့် နှစ်နိုင်ငံပူးတွဲ ကော်မတီ အစည်းအဝေးမှ ထွက်ပေါ်လာသည့် အောင်မြင်မှုများကို နှစ်နိုင်ငံခေါင်းဆောင်များမှ များစွာနှစ်ထောင်း အားရ ဖြစ်လျှက်ရှိကြောင်း၊ ပူးတွဲကော်မတီမှ အဓိကအရေးကြီး ဦးစားပေးစီမံကိန်းများကို ၂ဝ၁၅ ခုနှစ်တွင် အပြီးတည်ဆောက်ရန်နှင့် ကဏ္ဍအသီးသီးတွင် လုပ်ငန်းအစီအစဉ်များ လျှင်မြန်စွာပြီးစီးစေရန် အတွက် ဆပ်ကော်မတီအသီးသီးကို တာဝန်ပေးအပ်ခဲ့ကြောင်း၊ ပူးတွဲညှိနှိုင်းကော်မတီ၏ အစည်းအဝေးကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာတွင် ထပ်မံ ကျင်းပမည်ဖြစ်ကြောင်း။
       အဆိုပါစီမံကိန်းအား လုပ်ကိုင်နိုင်စွမ်းရှိသော လုပ်ငန်းရှင်များနှင့် စိတ်ဝင်စားသော လုပ်ငန်းရှင်များ အားလုံးကို ပူးပေါင်းဆောင်ရွက်ရန်အတွက် ဖိတ်ခေါ်ရန် နှစ်ဖက်မှ သဘောတူခဲ့ကြောင်း၊ တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်နိုင်ငံခေါင်းဆောင်များက ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ရာတွင် ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ၎င်းနှင့်ဆက်နွယ်လျှက်ရှိသော စီမံကိန်းနေရာများတွင် ထိုင်းနိုင်ငံမှ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးသော အဓိကလုပ်ငန်း များဖြစ်သည့် လမ်းများ၊ ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်၊ လျှပ်စစ်စက်ရုံ၊ ရေပေးဝေရေး၊ အညစ်အကြေးစွန့်စနစ်၊ ဆက်သွယ်ရေးလုပ်ငန်း၊ မြန်နှုန်းမြှင့်ရထားနှင့် အဆိုပါဒေသဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားဆောင်ရွက်ရန်နှင့် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် ထားဝယ်စီမံကိန်းအရေးပါမှုကို အဓိကထားလုပ်ဆောင်ရန် လုပ်ကိုင်နိုင်စွမ်း ရှိသောနိုင်ငံများနှင့် အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများကို အဆိုပါစီမံကိန်းတွင် ပါဝင်နိုင်ရန် အတွက် ဖိတ်ခေါ်ရန်တို့ပါဝင်သည်။
       ဆွေးနွေးပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ရုံး ဝန်ကြီးတို့သည် ထားဝယ် အထူးစီးပွားရေး ဇုန်စီမံကိန်း ပူးတွဲကြေညာချက်ကို အပြန်အလှန် လဲလှယ်ကြသည်။
       ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ထိုင်းနိုင်ငံဝန်ကြီးချုပ်က ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းတွင် တည်ဆောက်မည့် ဂက်စ် တာဘိုင်ဓာတ်ပုံအား ပေးအပ်သည်။

 Myanmar Express 

စင်ကာပူမှ မြန်မာသို့ငွေလွှဲနိုင်ပြီ

Posted by drmyochit Tuesday, November 20, 2012, under | No comments


 စင်ကာပူနိုင်ငံမှ (Sing-Post) မှ တဆင့် မြန်မာနိုင်ငံသို့ နိုဝင်ဘာ(၂၀) ရက်နေ့မှ စတင်ကာ ငွေလွှဲနိုင်ပြီဖြစ်သည်။ စင်ကာပူနိုင်ငံ (Sing-Post) မှ တဆင့် မြန်မာနိုင်ငံရှိ (CB Bank) ဘဏ်ခွဲရှိရာ မြို့များသို့ ငွေလွှဲပို့နိုင်ခြင်းဖြစ်သည်။ ငွေလွှဲပို့လို သူများအနေဖြင့် တစ်နေ့လျှင် စင်ကာပူဒေါ်လာ (၃၅၀၀) ထက်မပိုသည့် ငွေကြေးအား Sing-Post ၏ ရုံးခွဲများမှတဆင့် မြန်မာနိုင်ငံရှိCB ဘဏ်ခွဲရှိရာမြို့များသို့ လွဲပို့နိုင်ခြင်း ဖြစ်ကြောင်း ဘဏ်မှ တာဝန်ရှိ သူတစ်ဦးက ဆိုသည်။ “ဟုတ်ပါတယ်၊နိုဝင်ဘာ(၂၀) ရက်နေ့ မနက်(၉)နာရီက စပြီး ဒီမှာရှိတဲ့ ဘဏ်တွေမှာ ထုတ်ယူ လွှဲပြောင်းလို့ရပါပြီ”ဟု CB Bank မဂံလာဈေး ဘဏ်ခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ငွေလွှဲခအနေဖြင့် ပုံသေ SGD 95 ဒေါ်လာကျသင့် မည်ဖြစ်ကြောင်း ကိုလည်း သိရသည်။ မြန်မာနိုင်ငံတွင် CB Bankဘဏ်ခွဲ (၂၉)ဘဏ်နှင့် ၄င်းတို့နှင့်ချိတ်ဆက် ထားသည့် မိတ်ဘက် ဘဏ်ခွဲပေါင်း(၂၂၃)ဘဏ်တို့မှ လွှဲပို့လာသည့် ငွေများအား ထုတ်ယူနိုင်ခြင်းဖြစ်ကြောင်း ကိုလည်း သိရသည်။ “ အခုလို စင်ကာပူနဲ့ ဘဏ်ကတဆင့် ငွေလွဲလို့ရပြီဆိုတော့ အရင်လို ငွေလိမ်လည်မှုတွေအတွက် မပူရတော့ဘူးပေါ့၊ ” ဟု တောင်ဥက္ကလာပ မြို့နယ်မှ သစ်လုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။ ယခင်က ပုဂ္ဂလိက ငွေလွှဲဝန်ဆောင်မှုများမှတဆင့် လွှဲငွေများအား လိမ်လည်မှုများ ရှိခဲ့ကြောင်းကိုလည်း သိရသည်။ “ နိုင်ငံခြားငွေလွှဲအတွက် မလေးရှားနိုင်ငံအပြင် ထိုင်းနိုင်ငံနှင့်လည်း ချိတ်ဆက်စေချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာနိုင်ငံတွင်းမှာ လူတော်တော်များများက ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေ ကြပါတယ်။ ရွာတစ်ရွာမှာ ဆို ထက်ဝက်ခန့် ထိုင်းမှာအလုပ်လုပ်တာ တွေ့နေရလိုပါ။” ဟု မလေပြေဦးက CB ဘဏ်အား အကြံပြု ပြောကြားခဲ့သည်။ လက်ရှိတွင် စင်္ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ထိုင်းနိုင်ငံနှင့်အခြားအာဆီယံ ဒေသတွင်း အင်အားကြီးနိုင်ငံများနှင့် မြန်မာနိုင်ငံမှ ပုဂ္ဂလိကဘဏ်များဖြစ် သည့် ကမ္ဘောဇဘဏ်၊ AGD ဘဏ်နှင့် CB Bankမှ နိုင်ငံတကာဘဏ်များ နှင့် ချိတ်ဆက်ကာ ငွေလွဲလုပ်ငန်း များဆောင်ရွက် နေကြောင်းကို လည်းသိရသည်။ 

 Myanmar Express 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (၁၅)ကြိမ်မြောက် အာဆီယံ-တရုတ်ထိပ်သီးအစည်းအဝေးသို့ တက်ရောက်

Posted by drmyochit Tuesday, November 20, 2012, under | No comments


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ ညနေပိုင်းတွင် Peace Palace တတိယထပ် Champa Room  ၌ ကျင်းပသည့် (၁၅)ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ နိုင်ငံ့အကြီးအကဲနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီဝန်ကြီးချုပ် မစ္စတာ ဝမ်ကြားပေါင်၊ အာဆီယံ အတွင်းရေးမှူးချုပ်၊ အာဆီယံနိုင်ငံများမှ ဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများနှင့်အတူ တက်ရောက်သည်။
       အစည်းအဝေး မစတင်မီ အာဆီယံနိုင်ငံများမှ နိုင်ငံ့အကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီဝန်ကြီးချုပ် မစ္စတာ ဝမ်ကြားပေါင်တို့သည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ယင်းနောက် ထိပ်သီးအစည်းအဝေးကို ကျင်းပရာ အာဆီယံနိုင်ငံများမှ နိုင်ငံ့ အကြီး အကဲ၊ အစိုးရအဖွဲ့အကြီး အကဲများနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ်တို့သည် အာဆီယံ-တရုတ်ဆက်ဆံရေးအပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် အနာဂတ် အလားအလာများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
       ထိပ်သီးအစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံအနေဖြင့် ၁၉၉၇ ခုနှစ်က ဒေသဆိုင်ရာ အဖွဲ့အစည်းအဖြစ် ဝင်ရောက်စဉ်ကပင် အာဆီယံ-တရုတ် ဆက်ဆံရေးအား  တိုးမြှင့်ရေးတွင် နိုင်ငံအများနှင့် လက်တွဲလုပ်ကိုင်ခဲ့သကဲ့သို့ အစဉ် တစိုက် တရုတ်နိုင်ငံအား ထောက်ခံခဲ့ပါကြောင်း၊ အာဆီယံအသိုက်အဝန်း တည်ထောင်မှု သည် အာဆီယံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အနာဂတ်မျိုးဆက်နှင့် ပြည်သူလူထုကို အကျိုးကျေးဇူးပြုမည် ဖြစ်ပါကြောင်း၊ ထို့အပြင် တရုတ်နိုင်ငံနှင့် နီးကပ်သည့် ဆက်ဆံရေး သည် ဒေသတွင်းနှင့် တစ်ကမ္ဘာလုံး၏ ငြိမ်းချမ်းရေးနှင့်၊ တည်ငြိမ်ရေးနှင့် ဖံွံ့ဖြိုးတိုးတက်ရေး တို့အတွက် အထောက်အကူ ပြုမည်ဖြစ်ပါကြောင်း။
       မိမိတို့အနေဖြင့် ကုန်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် မဲခေါင် ဒေသ နိုင်ငံများအကြား တောင်နှင့်မြောက် စီးပွားရေးစကြံ  ဖွံ့ဖြိုးတိုးတက်ရေး အရှိန် တိုးမြှင့်ရေးကို  ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။ ယင်းမျက်နှာစာများသည် အာဆီယံပေါင်းစပ် ဆက်သွယ်ရေး မဟာစီမံကိန်း အောင်မြင်ရေးတွင် တရုတ်နိုင်ငံ၏ အလွန်အရေးပါသည့် အခန်းကဏ္ဍကို ဖော်ညွှန်းနေပါကြောင်း၊ မိမိတို့အနေဖြင့် အစိုးရနှင့် ပုဂ္ဂလိက မိတ်ဖက်ပြုပြီး မဟာစီမံချက် အကောင်အထည်ဖော်ရန် တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။
       နန်နင်းမြို့တွင် ကျင်းပခဲ့သည့် နဝမအကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် ဂုဏ်ထူးဆောင်နိုင်ငံအဖြစ် တာဝန်ယူခဲ့သည်ကို ဂုဏ်ယူမိပါကြောင်း။ နန်နင်းမြို့တွင် မိမိတို့ အနေဖြင့် ၂ဝ၁၅ ခုနှစ်တွင် အာဆီယံ-တရုတ်ကုန်သွယ်ရေး ရည်မှန်းချက်များ အောင်မြင်ရေးအတွက် ချမှတ်ထားသည့် မိမိတို့၏ကတိကဝတ်များကို ထပ်လောင်း အတည်ပြုခဲ့ပါကြောင်း။
       အာဆီယံ-တရုတ်ဆက်ဆံရေး တိုးတက်မြှင့်တင်ရေးကို အစဉ်တစိုက် ကြိုးပမ်းပံ့ပိုး ပေးသည့် အဆွေတော် ဝန်ကြီးချုပ် ဝမ်ကြားပေါင်ကို ချီးကျူးဂုဏ်ပြုပါကြောင်း ပြောကြား လိုပါကြောင်း၊ အဆွေတော်သည် အာဆီယံ၏ မိတ်ဆွေကောင်းတစ်ဦး ဖြစ်ပါ ကြောင်း၊ အဆွေတော်အနေဖြင့် အနာဂတ်တွင် အောင်မြင်မှု၊ ပျော်ရွှင်မှု၊ သာယာချမ်းမြေ့မှု များနှင့် ပြည့်စုံပါစေကြောင်းဖြင့် ဆန္ဒပြပါကြောင်း၊ လာမည့်အနာဂတ် ကာလများတွင်လည်း တရုတ်နိုင်ငံ၏ ခေါင်းဆောင်သစ်များနှင့်အတူ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။   

 Myanmar Express 

ရိုဟင်ဂျာလူမျိုးဆိုတာ မြန်မာနိုင်ငံတွင် မရှိကြောင်း နာမည်တစ်ခုကို ဖန်တီးထားခြင်း သာ ဖြစ်ကြောင်း စစ်တွေမြို့ရှိ ဘင်္ဂလီကုလား ခေါင်းဆောင်များမှ ၀န်ခံလိုက်ခြင်း

Posted by drmyochit Tuesday, November 20, 2012, under | No comments


 ၁၄/၁၁/၁၂ နေ့က ဘင်္ဂလီကုလားခေါင်းဆောင် ၁၆ ယောက်အား ဗိုလ်ချုပ်ကြီး လှမင်းဥိးဆောင် သော အဖွဲ့မှ တွေ့ဆုံဆွေးနွေးမူကို စစ်တွေမြို့ ဗန္ဓုလခန်းမ တွင် တွေ့ဆုံဆွေးနွေး ကြသည်ဟု သိရှိရပါသည်။ ထိုတွေ့ဆုံမူတွင် ကျော်မြင့် ဦးဆောင်သော ကုလားများမှ မြန်မာနိုင်ငံတွင် မရှိသည့် ရိုဟင်ဂျာလူမျိုး နာမည်ကို ဖြည့်စွက်ရန် မလိုအပ်ပါကြောင်း ၊ ထိုနာမည်အစား မြန်မာနိုင်ငံသား မွတ်ဆလင်ကိုးကွယ်သူ အဖြစ် ဖြည့်စွက်ပေးလိုပါကြောင်း တင်ပြကြသည်ဟု သိရှိရပါသည်။ သက်ဆိုင်ရာမှ မြန်မာနိုင်ငံတွင် လူမျိုး ၁၃၅ မျိုးထဲတွင် မြန်မာနိုင်ငံသားလူမျိုးဆိုတာမရှိဘူး ထို့ကြောင့် လူမျိုးနေရာတွင် မည်သို့ထည့်ပြီး လုပ်ဆောင်မည်ကို ဆုံးဖြတ်ချက်မကျဘဲ အစည်းအဝေး ပြီးဆုံးသွားသည်ဟု သိရှိရပါသည်။ ဘင်္ဂလီကုလားများမှာ မိမိတို့ မွေးဖွါးလာသော လူမျိုးဖြစ်သည့် ဘင်္ဂလီလူမျိုး ဖြစ်နေပါလျက်နှင့် တစ်ခြားနာမည်တစ်ခု ပြောင်းလိုခြင်း၏ နောက်ကွယ်တွင် အလွန်ကြီးကျယ်သော အကြံအစဉ်များ ရှိနေသည်ကိုပေါ်လွင် စေလျက်ရှိကြောင်း ဒေသခံများက ပြောဆိုလျက် ရှိပါသည်။ နိုင်ငံတကာတွင် ဥပမာ အမေရိကန်နိုင်ငံသား ဖြစ်သွားလျင် အမေရိကန်နိုင်ငံသား ရခိုင်လူမျိုးသာ ရှိသည်ဟု ပြောဆိုသုံးသပ် နေကြပါသည်။ ယခုအစည်းအဝေးသည် စစ်တွေမြို့တွင် ၁၉၈၂ နိုင်ငံသားဥပဒေကို အကောင်အထည် ဖေါ်ဆောင်ရန် အတွက် ကွင်းဆင်း စစ်ဆေးမူများ မပြုလုပ်မီ ကုလားများနှင့် ကြိုတင်ညှိနိုင်း ပွဲပြုလုပ်ခြင်းဟု သိရှိရပါသည်။

Myanmar Express 

Monday, November 19, 2012

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အောင်မြင်မှု ရရှိရန်အတွက် တတ်နိုင်သမျှ ကူညီသွားမည် ဖြစ်ကြောင်း အမေရိကန်သမ္မတ ပြောကြား

Posted by drmyochit Monday, November 19, 2012, under | No comments


မြန်မာနိုင်ငံသို့ တစ်ရက်ကြာ ရောက်ရှိနေသာ အမေရိကန် သမ္မတ ဘားရက်အိုဘားမားသည် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ၄င်း၏ နေအိမ်သို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ဆက်ဆံရေး၊ မြန်မာနိုင်ငံတွင် ဖေါ်ဆောင်နေသော ဒီမိုကရေစီရေး ဆောင်ရွက်မှုများ နှင့် စပ်လျဉ်း၍ နာရီဝက်ခန့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ ဆုံမှုတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်လည်း ပါဝင်ကြောင်း သိရသည်။
ခေါင်းဆောင်နှစ်ဦးသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်း တွေ့ဆုံဆွေးနွေးပြီးနောက် ပြည်တွင်းပြည်ပ မီဒီယာများအား တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ မှတ်ချက်စကားများ ပြောကြားခဲ့ပါသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဦးစွာ ပြောကြားခဲ့ပြီး အမေရိကန်သမ္မတ အိုဘားမားက ဆက်လက် ပြောကြားခဲ့ပါသည်။ "ကျမအမေရိကန်သမ္မတ အိုဘားမားကို ကျမတို့နိုင်ငံ ကျမရဲ့ အိမ်မှာ ကြိုဆိုရတာ အရမ်းဝမ်းသာပါတယ်။ ကျမတို့ နှစ်နိုင်ငံအကြား ဆက်ဆံရေးဟာ သမိုင်းရှည်ကြာစွာ ကတည်းက တည်ရှိခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ကြိုးပမ်းမှုမှာ ထောက်ခံခဲ့ပါတယ်။ ရှေ့မှာရှိနေတဲ့ ခက်ခဲတဲ့ နှစ်များတစ် လျောက်လုံးမှာလည်း ဒီထောက်ခံမှုမျိုး ဆက်လက်ရှိနေလိမ့်မယ်လို့ ကျမတို့ ယုံကြည်ပါတယ်။  မည်သည့်အကူး အပြောင်းတွင်မဆို အခက်ခဲဆုံး အချိန်ကာလမှာ အောင်မြင်မှုကို မြင်တွေ့ရပြီလို့ထင်တဲ့ အချိန်ပါပဲ။ ကျမတို့ အနေနဲ့ အောင်မြင်မှု တံလျှပ်ရဲ့ ဖျားယောင်မှု မခံရဖို့ အထူးဂရုစိုက်ဖို့ လိုပါတယ်။  စစ်မှန်သော အောင်မြင်မှုတွေ ရဖို့အတွက် ကျမတို့ နှစ်နိုင်ငံအကြားနှင့် ပြည်သူနှစ်ရပ်အကြား ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ကျမတို့ဟာ လုပ်ရမယ့် ကိစ္စတွေကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးပြီး လုပ်ဆောင်ရပါမယ်။  သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံ အလည်အပတ် ခရီးစဉ်ဟာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကို တိုးတက်ဖြစ်ထွန်းစေပြီး မြန်မာနိုင်ငံရဲ့ ဦးတည်ရာကိုလည်း မှန်ကန်စေလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျမအနေနဲ့ အမေရိကန်ပြည်ထောင်စု အစိုရနဲ့ တတ်နိုင်သမျှ ဆက်သွယ်ဆောင်ရွက်သွားပါမယ်။" ဟု မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။  "မြန်မာနိုင်ငံ ခရီးစဉ် ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် ဖေါ်ဆောင်နေသော ဒီမိုကရေစီရေး အရှိန်အဟုန်ကို ထိန်းနိုင်ဖို့ ဖြစ်ပါတယ်။ ဒီထဲမှာ ယုံကြည်စိတ်ချရသည့် အစိုးရ အဖွဲ့အစည်းများ တည်ထောင်ခြင်း တရားဥပဒေစိုးမိုးရေး ဖေါ်ဆောင်ခြင်း၊ တိုင်းရင်းသား ပဋိပက္ခများ ချုပ်ငြိမ်းခြင်း၊ မြန်မာပြည်သူများ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ စီးပွားရေး အခွင့်အလမ်းများ ပိုမိုရရှိစေရေး သေချာစေခြင်းတို့ ပါဝင်ပါတယ်။  ကျွန်တော်အနေနဲ့ ဒီနိုင်ငံက ပြည်သူတွေကို ကတိ ပေးချင်ပါတယ်။ ဒီကတိကို ကျွန်တော်တို့အနေနဲ့ ထိန်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အဲ့ဒါက ဘာလဲ ဆိုတော့ တစ်ကယ်လို့များ ပြုပြင်ပြောင်းလဲရေးကို ဦးတည်တဲ့ တိုးတက်မှုများ ဆက်တိုက် မြင်တွေ့ရမယ်ဆိုပါက ကျွန်တော်တို့ရဲ့ နှစ်နိုင်ငံ ဆက်ဆံရေးမှုတွေဟာလည်း ပိုမိုအားကောင်းလာမှာ ဖြစ်ပါတယ်။
 ဒါ့အပြင် အောင်မြင်မှု ရဖိုအတွက် ကျွန်တော်တို့ အနေနဲ့ တတ်နိုင်သမျှ အားလုံးကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။" ဟု အမေရိကန် သမ္မတ အိုဘားမားက ပြောကြားခဲ့ပါသည်။  ထို့နောက် အိုဘားမားသည် ရန်ကုန်တက္ကသိုလ်တွင် မြန်မာပြည်သူများသို့ မိန့်ခွန်းပြော ကြားခဲ့ပါသည်။

ရွှေတိဂုံ စေတီတော်တွင် ပြည်တွင်း ဘုရားဖူးများ အင်တာနက် အခမဲ့ သုံးစွဲနိုင်ရန် စီစဉ်လျက်ရှိ

Posted by drmyochit Monday, November 19, 2012, under | No comments


လာမယ့် ၂၀၁၃ ခုနှစ် ဆန်းပိုင်းမှာ ရွှေတိဂုံ စေတီတော်မှာ ပြည်တွင်းမှ ဘုရားဖူးများကို အင်တာနက် အခမဲ့ သုံးစွဲနိုင်ဖို့ အတွက် စီစဉ် ဆောင်ရွက် လျက်ရှိတယ်လို့ ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့မှာ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ယခု လက်ရှိ မှာတော့ ၀ိုင်ဖိုင် စနစ်ကို သြဂုတ်လ ၁၅ ရက်နေ့မှ စတင်ပြီး နိုင်ငံခြား ခရီးသွား ဘုရားဖူး များကို အသုံးပြုခွင့် ပေးထားတာ ဖြစ်ပါတယ်။
အဆိုပါ ပြည်ပ ဘုရားဖူး ဧည့်သည်များကို ၀ိုင်ဖိုင် အသုံးပြုခွင့်ကို မိနစ် ၃၀ သာ အသုံးပြုခွင့် ပေးထားတာ ဖြစ်ပြီး ကွန်ပျူတာ ၃ လုံးကိုလည်း အလှူရှင်များက လှူဒါန်း ပေးထားတာ ဖြစ်ပါတယ်။ နိုင်ငံခြားသား ဘုရားဖူး ဧည့်သည်များ အနေနဲ့ ကွန်ပျူတာ ပစ္စည်းများ မပါရှိခြင်းနဲ့ အင်တာနက် ကော်နက်ရှင် ကျခြင်းတို့ကြောင့် ၀ိုင်ဖိုင် အခမဲ့သုံးစွဲ ခွင့်ပြုထား ပေမယ့် အသုံးပြုသူ ကတော့ နည်းပါးလျက် ရှိတာ ဖြစ်ပါတယ်။ အဆိုပါ ၀ိုင်ဖိုင်ကို အသုံးပြုလို သူများ အနေနဲ့ ရွှေတိဂုံ စေတီတော်မှာ ဧည့်ဝင်ကြေးပေး ဆောင်ကတည်းက အင်တာနက် အသုံးပြုနိုင်မယ့် Passward ကိုပါ တစ်ခါတည်း ထုတ်ပေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ပိုင်း မှာလည်း ပြည်ပ ဘုရားဖူး ခရီးသွားများကို အင်တာနက် အသုံး ပြုမှု အချိန်ပိုမို သုံးစွဲနိုင်ဖို့ အတွက် အစီအစဉ် ရှိတာလည်း ဖြစ်ပါတယ်။ အဆိုပါ အင်တာနက် အသုံးပြုမှုကို လက်ရှိမှာ နိုင်ငံခြားသားများ အနေနဲ့ ရွှေတိဂုံ စေတီတော် ရင်ပြင်တော် ပေါ်မှာ ဘယ်နေရာမှာ မဆို အသုံးပြု နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန် မှ (၂၁)ကြိမ်မြောက် အာဆီယံထိပ်သီးမျက်နှာစုံညီအစည်းအဝေးတွင် ပြောကြားသည့် မိန့်ခွန်း အပြည့်အစုံ

Posted by drmyochit Monday, November 19, 2012, under | No comments


  
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်  နိုင်ငံတော် သမ္မတဦးသိန်းစိန်သည် ယနေ့ ဒေသစံတော်ချိန် နံနက်(၁ဝ)နာရီတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Peace Palace တတိယထပ် Champa Room ၌ကျင်းပသည့် (၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးမျက်နှာစုံညီ အစည်း အဝေးသို့ တက်ရောက်သည်။
အဆိုပါ အစည်းအဝေးသို့ နိုင်ငံတော် သမ္မတနှင့်အတူ ဘရူနိုင်း ဒါရုဆလမ်နိုင်ငံဘုရင် ဆူလ်တန်ဟာဂျီဟာဆာနာလ်ဘိုကီးယား မူအစ်ဇာဒင်ဝါဒိုလာ၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်၊ အင်ဒိုနီးရှားသမ္မတနိုင်ငံ သမ္မတဒေါက်တာဆူစီလိုဘန်ဘန်းယူဒိုရိုနို၊ လာအိုဒီမိုကရက်တစ် သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာသွန်ဆင်းသမာဗောင်၊ မလေးရှား နိုင်ငံဝန်ကြီးချုပ် ဒါတိုဆရီမိုဟာမက်နာဂျစ်ဘင်ထွန်း ဟာဂျီအဗ္ဗဒူရာဇတ်၊ ဖိလစ်ပိုင် သမ္မတနိုင်ငံသမ္မတ မစ္စတာဘီနင်နိုအကွီနို၊ စင်ကာပူသမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်း၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတရင်လတ်ရှင်နာဝပ်၊ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာငုယင်တန်ဇွန်း၊ အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ်၊ အာဆီယံနိုင်ငံများမှ ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက် ဟွန်ဆန်က နှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရ အဖွဲ့အကြီး အကဲများနှင့် အာဆီယံအတွင်းရေးမှူးချုပ် တို့သည် အာဆီယံအသိုက်အဝန်း ဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဆွေးနွေး ပြောကြားရာတွင် ကမ္ဘောဒီးယားနိုင်ငံ ဘုရင်းမင်းမြတ် နိုရာဒုံ သီဟာနု နတ်ရွာစံခြင်း အတွက် ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ်နှင့် ပြည်သူများအား မိမိနှင့်မြန်မာ ပြည်သူတစ်ရပ်လုံးက ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲပါကြောင်း၊ ဘုရင်သီဟာနုသည် ကမ္ဘောဒီးယားပြည်သူများက သာမက ကမ္ဘာ့နိုင်ငံများက လေးစားကြည်ညိုသည် နိုင်ငံ ခေါင်းဆောင် တစ်ဦးဖြစ်ပြီး ဘုရင်မင်းမြတ် နတ်ရွာစံခြင်းအတွက် နှမြောတသ ဖြစ်မိပါ ကြောင်းကို အားပေးပြောကြားခဲ့ပြီး  မိမိနှင့် ကိုယ်စားလှယ်အားလုံးကို သာယာလှပသည့် ဖနောင်ပင်မြို့ကို ရောက်ရှိချိန်မှစပြီး အစစအရာရာ လိုလေသေးမရှိ ဧည့်ဝတ်ကျေပွန်ခြင်း နှင့်အထူးကောင်းမွန်သည့် အစီအစဉ်များ စီစဉ်ထားရှိခြင်းအတွက် ဝန်ကြီးချုပ်နှင့် ပြည်သူ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း။ 
အာဆီယံအသိုက်အဝန်းကြီး ပေါ်ထွန်းလာရန် သက်တမ်း(၂) နှစ်သာကျန်ပါတော့ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အာဆီယံ အသိုက်အဝန်းကြီး ပေါ်ထွန်းလာရေးအတွက် မြန်မာနိုင်ငံသည် ကျန်အာဆီယံ နိုင်ငံများနှင့်အတူ အစွမ်းကုန်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ လာမည့် (၂) နှစ်အတွင်း အထူးအာရုံစိုက်ဆောင်ရွက် ရမယ့်လုပ်ငန်းများကို စိစစ် ထုတ်ဖော်ပြီး အလျင်အမြန် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။ ယခုကဲ့သို့ ဆောင်ရွက်ရာတွင် မဏ္ဍိုင်ကြီး(၃)ရပ်တွင် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းပြီး အရေးတကြီး ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် ရှိသည့် အရင်းအမြစ်များကို အပြည့်အဝ အသုံးချပြီး အကောင်အထည် ဖော်သွားရမည် ဖြစ်ပါကြောင်း။ မြန်မာနိုင်ငံအနေဖြင့် အာဆီယံစီးပွားရေး အသိုက်အဝန်းပုံစံအရ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ (၁)ရက် မှ အောက်တိုဘာလ(၃၁)ရက်အထိ အကောင်အထည်ဖော်ရမည့် ကတိကဝတ် များ (၄၈) ခု ရှိရာ (၃၉)ခု အကောင်အထည်ဖော်နိုင်ပြီး ရာခိုင်နှုန်းအားဖြင့်(၈၁ ဒသမ ၃) အကောင် အထည်ဖော်နိုင်ခဲ့ပါကြောင်း။
အာဆီယံစီးပွားရေး အသိုက်အဝန်း (အေအီးစီ) အကောင်အထည်ဖော်မှုအတွက် အချိန်ကာလမှာ နီးကပ်လာသည့်အပြင် ဆောင်ရွက်ရမည့် ကတိကဝတ်များကို အပြည့်အဝ အကောင်အထည်ဖော်ရေးအတွက် ကြီးမားသောဖိအားပေးမှုများကို ကျန်အာဆီယံ နိုင်ငံများနှင့်အတူ မိမိတို့အနေဖြင့်လည်း ရင်ဆိုင် နေရပါကြောင်း၊ သို့သော်လည်း အာဆီယံ စီးပွားရေး အသိုက်အဝန်းအောင်မြင်စွာ ဖြစ်ထွန်းလာရေးအတွက် မိမိတို့အစိုးရအနေဖြင့် ကတိကဝတ်များအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်ဘက်တွင်လည်း ASEAN Awareness များကို ပြည်သူများကြား မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
၂ဝ၁၅ခုနှစ်တွင် အာဆီယံအသိုက် အဝန်းပီပြင်စွာ ဖြစ်ပေါ်လာသည့်အခါမှသာ အာဆီယံ၏ ခိုင်မာမှုနှင့်  စည်းလုံးညီညွတ်မှု ကို ဖော်ပြနိုင်မည်ဖြစ်ပြီး ဒေသဆိုင်ရာ အဖွဲ့အစည်းများတွင် အာဆီယံရဲ့ ဗဟိုအချက်အချာ ကျမှုကို ဖော်ဆောင်နိုင်မှာဖြစ်ပါကြောင်း၊ အာဆီယံ အသိုက် အဝန်းထူထောင်နိုင်ခြင်းသည်လည်း အာဆီယံအတွက် အန္တိပန်းတိုင်မဟုတ်ဘဲတည်ငြိမ် အေးချမ်းသာယာဝပြောသည့်ဒေသ တည်ဆောက်မှု၏ မှတ်တိုင် တစ်ရပ်သာဖြစ်ပါကြောင်း၊ အာဆီယံရဲ့ အနာဂတ်အတွက် မျှော်မှန်းချက်များကို ဆက်လက်ချမှတ် သွားရမည် ဖြစ်ပါကြောင်း။ လာမည့် နှစ်နှစ်တာကာလတွင် ကမ္ဘာကြီး မည်သို့တိုးတက်ပြောင်း လဲမည်ဆိုသည်ကို  မည်သူမျှ အတိအကျပြော၍ မရပါကြောင်း။ ပေါ်ပေါက်လာမည့် စိန်ခေါ်မှုများကို ရဲဝံ့စွာ ရင်ဆိုင်ဖြေရှင်းရန် အတွက် အာဆီယံ၏ စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းရန် အရေးကြီးပါကြောင်း၊ အကြိမ်(၂ဝ)မြောက် အာဆီယံထိပ်သီး အစည်းအဝေးက ဆုံးဖြတ်ခဲ့ သည့်အတိုင်း အာဆီယံ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးဌာနကို ထူထောင်နိုင်သည့် အတွက် များစွာ ဝမ်းမြောက်ပါကြောင်း။
ယင်းဌာနအနေဖြင့် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း အကောင်အထည် ဖော်မှုအတွက် တန်ဖိုးရှိသော သုတေသနများနှင့် စာတမ်းများကို ပံ့ပိုးပေးနိုင် လိမ့်မည်ဟု မျှော်လင့်ပါကြောင်း။
မြန်မာနိုင်ငံသည်လည်း ပြည်တွင်းငြိမ်းချမ်းရေးအတွက် အထူးအလေးပေးဆောင်ရွက်နေရာ မိမိတို့ရဲ့အတွေ့အကြုံကိုလည်း ဝေငှရန် အဆင်သင့်ရှိပါကြောင်း။
ဆယ်စုနှစ်ပေါင်းများစွာကြာမြင့်ပြီဖြစ်သည့်  ဖိလစ်ပိုင်နိုင်ငံအစိုးရ အနေဖြင့် မိုရိုအစ္စလာမ် မစ်တပ်ဦး ကြားမှာ  ဖြစ်ပေါ်ခဲ့သော ပဋိပက္ခမှာ သမိုင်းတွင်ရမယ့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို အောက်တိုဘာ(၇)ရက်က ရရှိခဲ့သည့် အတွက် ဝမ်းမြောက် ပါကြောင်း၊ ဒီလို ပြန်လည်သင့်မြတ်မှုများသည် နိုင်ငံတကာဆက်ဆံရေးတွင် နမူနာယူစရာဖြစ်ပါကြောင်း။
မိမိတို့အနေဖြင့် ဒီထိပ်သီးအစည်းအဝေးတွင် Regional Comprehensive Economic Partnership အတွက် စေ့စပ်ဆွေးနွေးမှုများကို စတင်မည် ဖြစ်သည့်အတွက် ဆွေးနွေးဘက် နိုင်ငံများအကြား Win-Win Situation ကိုဖြစ်ပေါ်စေမည် ဖြစ်ပြီး စီးပွား၊ ကုန်သွယ်မှုရေးရာများတွင် အာဆီယံဗဟိုပြုမှုကို အထောက်အကူ ပြုစေမည် ဖြစ်ပါကြောင်း။
အာဆီယံဆက်သွယ်ပေါင်းစည်းမှု မဟာစီမံကိန်းသည် အာဆီယံအသိုက်အဝန်း အမှန်     တကယ် ဖြစ်ပေါ်ရေး အတွက်လည်းကောင်း၊ အာဆီယံနိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်များ ကျဉ်းမြောင်း စေရန်လည်းကောင်း၊ အာဆီယံဒေသကို ဆက်စပ် လျက်ရှိသည့်  ဒေသများနှင့် ပေါင်းစည်းရေးအတွက်လည်းကောင်း အရေးပါသော စီမံကိန်း ဖြစ်ပါကြောင်း။ ဒီစီမံကိန်းအပေါ် အာဆီယံအပေါင်း သုံးနိုင်ငံများနှင့် အရှေ့အာရှ ထိပ်သီး အစည်းအဝေး နိုင်ငံများကပါ စိတ်ဝင်စားမှုပြသကြပြီး ပုဂ္ဂလိက ကဏ္ဍများကို စိတ်ဝင်စားမှုပြသခဲ့ခြင်းကို ဝမ်းသာပါကြောင်း။ တကယ် လက်တွေ့အ မြန်ဆုံးစတင် သည် ကို မြင်တွေ့လိုပါ ကြောင်း။ 
အာဆီယံ ဆက်သွယ်ပေါင်းစည်းရေး ညှိနှိုင်းမှု ကော်မတီ၏ အာဆီယံ ဆက်သွယ် ပေါင်းစည်းရေး မဟာစီမံကိန်းကို လူသိများအောင် ဆောင်ရွက်ပေးခဲ့သည်ကို အသိအမှတ်ပြုပါကြောင်း။ အာဆီယံပေါင်းစည်း ဆက်သွယ်ရေး ဆိုင်ရာဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပ ပေးသည့် ကမ္ဘောဒီးယားနိုင်ငံ၏ အခန်းကဏ္ဍကိုကြိုဆိုပြီး အာဆီယံအပေါင်းသုံး ဆက်သွယ်ပေါင်းစည်းရေးဆိုင်ရာ အစီအစဉ်များကို ဦးစီးဦးဆောင်ပြု သည့် ထိုင်းနိုင်ငံ၏ ကြိုးပမ်းမှု ကိုလည်းကျေးဇူးတင်ပါကြောင်း။
အာဆီယံဆက်သွယ်ပေါင်းစည်းရေးသည် အာဆီယံအသိုက်အဝန်းတွင် အရေးပါသည့်  ဤစီမံကိန်းကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် ရင်းနှီးမြုပ်နှံမှုများ ဆွဲဆောင် နိုင်ရေးနှင့် လူသိများအောင် ဆောင်ရွက်မှုတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရန် တိုက်တွန်းပါတယ်။ ဒီစီမံကိန်းကြီးဟာ အာဆီယံတွင်းဖွံ့ဖြိုး မှုကွာဟချက်ကို ကျဉ်းမြောင်း လာစေမည်ဖြစ်ပါကြောင်း။
အာဆီယံနိုင်ငံများအကြား Physical Connectivity နှင့် အခြေခံအဆောက် အအုံ ဖွံ့ဖြိုးမှုကွာဟချက်ကျဉ်းမြောင်းစေရေးတွင် ASEAN Infrastructure  fund(AIF) ကို အပြည့်အဝ အသုံးချနိုင်ရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း။ (AIF) ကို ဘက်ညီမျှတစွာ အပြည့်အဝအသုံးချနိုင်ပါက အဖွဲ့ဝင်နိုင်ငံများအကြား အခြေခံအဆောက် အအုံဖွံ့ဖြိုးမှု ကွာဟချက်ကျဉ်းမြောင်း စေရေးအတွက် အထောက်အကူပြုစေနိုင်ကြောင်း။
Physical Connectivity နှင့် အခြေခံအဆောက် အအုံဖွံ့ဖြိုးမှုတွင် ပုဂ္ဂလိက ကဏ္ဍဟာ အရေးပါတာကြောင့် Public-Private Partnership  အစီအစဉ်များကို အားပေး ဆောင်ရွက် သွားကြရန် လိုကြောင်း။
မြန်မာနိုင်ငံတွင် အကောင်အထည် ဖော်ဆောင်မည့် ထားဝယ်ရေနက် စီမံကိန်းသည် ဒေသတွင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံများ နှင့်ချိတ်ဆက်ရေး အတွက်များစွာ အထောက်အကူ ဖြစ်စေမှာဖြစ်ပါကြောင်း။ ထိုစီမံကိန်း စတင်အကောင် အထည်ဖော်ရန်မြန်မာ-ထိုင်းနှစ်ဖက်သဘောတူညီမှုကို လက်မှတ်ရေး ထိုးခဲ့ပြီးဖြစ်ပါကြောင်း။

ယခုညီလာခံတွင် အာဆီယံလူ့ အခွင့်အရေး ကြေညာစာတမ်းကို ထုတ်ပြန်နိုင်ခြင်းသည် အာဆီယံ၏ အရေးပါတဲ့သမိုင်း မှတ်တိုင်တစ်ခု ဖြစ်ပါကြောင်း။ ဤသို့ထုတ်ပြန်နိုင်အောင် ဆွေးနွေးဆောင်ရွက်ပေးကြသည့် လူ့အခွင့်အရေး နှင့်စပ်လျဉ်းသည့် အာဆီယံအစိုးရချင်း ဆိုင်ရာ ကော်မရှင်အဖွဲ့ဝင်များ နှင့်ပါဝင်ဆောင်ရွက် သူများကို ချီးကျူးပါကြောင်း။
အာဆီယံ နိုင်ငံများအကြား လူ့အခွင့်အရေး နှင့်ပတ်သက်၍ မြှင့်တင်ဆောင် ရွက်သွားရန် သာမက  အကာအကွယ်ကင်းမဲ့ပြီး၊ အခွင့်အလမ်း များမရရှိသည့် ပြည်သူများအား သက်ဆိုင်ရာ နိုင်ငံအသီးသီးရဲ့ ဥပဒေများနှင့်အညီ ကာကွယ်စောင့်ရှောက် ပေးသွားရမှာ ဖြစ်ကြောင်း။
ယနေ့ အတည်ပြုခဲ့သည့် အာဆီယံလူ့အခွင့်အရေး ကြေညာစာတမ်းသည် အာဆီယံဒေသ အတွင်း လူ့အခွင့်အရေး မြှင့်တင်ရေးနဲ့ကာကွယ် စောင့်ရှောက်ရေးအတွက် အခြေခံကျတဲ့ စာရွက် စာတမ်းအဖြစ် တည်ရှိလိမ့်မည် ဟုယုံကြည်ပါကြောင်း။
မိမိတို့ ကြေညာချက် ထုတ်ပြန်ပြီး ဒီကြေညာချက် လက်တွေ့ဖြစ်လာရေးနဲ ရေရှည်တည်တံ့ ရေးကို ဆက်လက်လုပ် ဆောင်သွားရမည် ဖြစ်ပါကြောင်း။
အာဆီယံဥက္ကဋ္ဌဖြစ်သည့် ကမ္ဘောဒီးယား နိုင်ငံအနေဖြင့် အာဆီယံ ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးမှုကို ယခုနှစ်တွင် ပထမဦးဆုံးအကြိမ် စတင်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်မှုကို များစွာ ဂုဏ်ယူထောက်ခံကြောင်း၊ အာဆီယံကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးပွဲ သည် အာဆီယံ၏ ကမ္ဘာပေါ်တွင် ရပ်တည်မှုကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း။
စီးပွားရေးကျဆင်းမှု အရိပ်အရောင် သန်းနေသည့် ကမ္ဘာ့အခြေအနေတွင် ငွေရေးကြေးရေး အကျပ်အတည်းနှင့် ပတ်သက်၍ ဆွေးနွေးမှုသည် သင့်လျော်မှန်ကန်မှု ရှိပါကြောင်း။ လာမည့် ထိပ်သီးအစည်း အဝေးများတွင်လည်း ဆက်လက်ဆွေးနွေးသင့်ပါကြောင်း။
ယခုဆွေးနွေးပွဲသည် ကမ္ဘောဒီးယားနိုင်ငံမှ ဦးဆောင်ဦးရွက် ပြုကျင်းပသည့် ပထမအကြိမ် ဆွေးနွေးပွဲဖြစ်သော်လည်း အာဆီယံစီးပွားရေး အသိုက်အဝန်းအပါအဝင် ၂ဝ၁၅ခုနှစ် အာဆီယံအသိုက် အဝန်းအတွက် အထောက်အကူပြုမယ့် အကြံဥာဏ်ကောင်းများကို ဖော်ဆောင်နိုင်မည်ဟု မိမိယုံကြည်ပါကြောင်း။ လူသားချင်းစာနာ ထောက်ထားမှု ရှုထောင့်မှ နေ၍ မိုင်းရှင်းလင်းရေး လုပ်ငန်းများကို အကောင်အထည်ဖော်မယ့် အာဆီယံ ဒေသဆိုင်ရာ မိုင်းရှင်းလင်းရေးဌာန ထူထောင်မှုကို မိမိတို့အနေဖြင့် မူအားဖြင့် ကြိုဆိုပါ ကြောင်း။ မြန်မာနိုင်ငံအနေဖြင့်လည်း ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းလျက်ရှိရာ ငြိမ်းချမ်းရေး ရရှိပြီးဖြစ် သည့်နေရာများတွင် မိုင်းရှင်းလင်းရန်အတွက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံသည်ည အော်တဝါကွန်းဗင်းရှင်းကို လက်မှတ်ရေးထိုးခြင်း မရှိသေးသော နိုင်ငံဖြစ်ပါကြောင်း။ သို့သော် မြေမြုပ်မိုင်းများကို အထိန်းအကွပ်မရှိ အသုံးချမှုကို အမြဲဆန့် ကျင်ပါကြောင်း။
အာဆီယံအတွင်းရေးမှူးချုပ်ရုံးကို ၂ဝဝ၈ခုနှစ်မှ ၂ဝ၁၂ ခုနှစ်အထိ ဦးဆောင်မှုပေးခဲ့သည့် ဒေါက်တာဆူရင်ပစ်ဆူဝမ် အား ကျေးဇူး တင်ကြောင်းပြောကြားလိုပါကြောင်း။
အထူးသဖြင့် မြန်မာနိုင်ငံကို နာဂစ်မုန်တိုင်း တိုက်ခိုက်ခံရပြီး နောက်ပိုင်းမှ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို မြန်မာနိုင်ငံအစိုးရ၊ အာဆီယံနှင့်ကုလသမဂ္ဂ သုံးဦး ဖလှယ်ပူးပေါင်း ဆောင်ရွက်မှုတွင် အာဆီယံအတွင်းရေးမှူး ချုပ်အနေဖြင့် မားမားမတ်မတ် ဦးဆောင်မှုပေး ခဲ့သည့်အတွက် မြန်မာနိုင်ငံအစိုးရ နှင့်ပြည်သူများက အထူးတလည် အမှတ်ရကျေးဇူး တင်ရှိနေမည် ဖြစ်ကြောင်း ပြောကြား လိုပါကြောင်း။
ဒေါက်တာဆူရင်ပစ်ဆူဝမ်၏ အနာဂတ်ကြိုးပမ်း ဆောင်ရွက်မှုများသည် အောင်မြင်မှု အပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်း  တောင်းအပ်ပါကြောင်း။ မိမိတို့၏ ညီအစ်ကို နိုင်ငံ တစ်နိုင်ငံဖြစ်သော ဗီယက်နမ်နိုင်ငံက အမည်တင်သွင်းလာခဲ့သည့် မစ္စတာလျူလျောင်မင်း ကိုလည်း အာဆီယံအသိုက်အဝန်း ကကြိုဆိုပါကြောင်း။
မစ္စတာလျူလျောင်မင်းအနေဖြင့် အာဆီယံအသိုက်အဝန်းသို့ အသွင်ကူးပြောင်းမှုတွင် ဦးဆောင် ဦးရွက် ပြုရမည် ဖြစ်သည့်အတွက် စိန်ခေါ်မှုများစွာ နှင့်ရင်ဆိုင် ရပါလိမ့်မည်ဖြစ်သော်လည်း အာဆီယံအတွင်း ရေးမှူးချုပ်ရုံးကို ထိရောက်စွာ ခေါင်းဆောင်မှုပြုလုပ်ပြီး အာဆီယံနှင့်အာဆီယံ ပြည်သူများ၏ အကျိုးစီးပွား တိုးတက်မြင့်မား လာအောင် စွမ်းဆောင်ရည်ပြည့်ဝစွာ ဆောင်ရွက်ပေး နိုင်လိမ့်မည်ဟု လို့မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။


Myanmar Express 

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်