Friday, November 30, 2012

လွတ်လပ်ရေးရပြီးနှစ်ပေါင်း ၆၀ ကြာအထိ မငြိမ်းချမ်းသေးတာ ဟာ ယုံကြည်မှု မတည်ဆောက်နိုင်သေးခြင်းကြောင့်ဖြစ်

Posted by drmyochit Friday, November 30, 2012, under | No comments



“ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း” ဆိုတဲ့ အစည်းအဝေးတရပ်ကို သျှမ်းလူမှု အဖွဲ့ အစည်းတွေက ဦးဆောင်ပြီး ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီခန်းမမှာ နိုဝင်ဘာ ၂၆ ရက်ကနေ ၂၈ ရက် အထိ ၃ ရက်ကြာ ကျင်းပခဲ့ပါတယ်။ နိုင်ငံရေးပါတီ ၃ ဖွဲ့ကကိုယ်စားလှယ်တွေ၊ သျှမ်းလက်နက်ကိုင် အဖွဲ့အစည်း ၄ ဖွဲ့ ကိုယ်စား လှယ်များ၊ ပြည်တွင်းပြည်ပ အခြေစိုက် သျှမ်းလူမှု အခြေပြု အဖွဲ့အစည်း ၁၁ ဖွဲ့မှ ကိုယ်စားလှယ်များ၊ မြို့နယ်ပေါင်း ၄၂ မြို့နယ်မှ ကိုယ်စားလှယ်များနှင့် အထူး ဖိတ်ကြားထားသည့် ပညာရှင် ၁၇ ဦး စုစုပေါင်း ၁၇၀ ဦးတက်ရောက်တဲ့ ဒီအစည်းအဝေးမှာ ဘာတွေအထူးပြောဆိုဆွေးနွေးခဲ့ကြသလဲဆိုနဲ့ ပတ်သက်ပြီး ပြောခွင့်ရပုဂ္ဂိုလ် နန်းဝိုးဆိုင် ကို သျှမ်းသံတော်ဆင့် သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ နိုဝင်ဘာ ၂၆ ရက်ကနေ ၂၈ ရက်နေ့ထိ ၃ ရက်ကြာ ကျင်းပသွားတဲ့ အစည်းအဝေးက ဘာအစည်းအဝေးလဲ။ဘာကြောင့်ပြုလုပ်ရပါသလဲ။
ဖြေ။ ။ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်တဲ့ အစည်းအဝေးပါ။ တိုင်းရင်းသား ဒေသတွေမှာ ဘာကြောင့် မငြိမ်းချမ်းသေးသလဲ။ ကျမတို့ သျှမ်းတိုင်းရင်းသား ဒေသမှာလည်း မအေးချမ်းသေးဘူး။ ဘာကြောင့်လဲဆိုတာ ပြန်သုံးသပ်ကြည့်လိုက်ရင် လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာပဋိပက္ခတွေ ဖြစ်လာတယ်။ ဆူပူမှုတွေ ဖြစ်လာတယ်။ နှစ် ၆၀ ကျော်ပြီ မငြိမ်းချမ်း သေးဘူး။ ငြိမ်းချမ်းရေး ဆွေးနွေးတာလည်း မအောင်မြင်ဘူး။ ဘာကြောင့်မအောင်မြင် သလဲဆိုရင် တယောက်နဲ့တယောက်၊ လူမျိုးတမျိုးနဲ့တမျိုး၊ အဖွဲတဖွဲ့နဲ့တဖွဲ့ ယုံကြည်မှုမရှိကြသေးလို့ဘဲ။ ဒါကြောင့် ငြိမ်းချမ်းရေး ရဖို့ယုံကြည်မှု တည်ဆောက်ရမယ်။ ယုံကြည်မှု မရှိရင် ဘယ်လိုဘဲ ဆွေးနွေးဆွေးနွေး မအောင်မြင်နိုင်ဘူး။ လက်နက်ကိုင် အဖွဲ့တွေလည်း စာချုပ်မှာ အပစ်ရပ်ဖို့ လက်မှတ်ထိုးပြီးပြီ။ ဒါပေမဲ့ တိုက်ပွဲတွေ ဖြစ်နေတုန်း။ ယုံကြည်မှု မရှိလို့။ ယုံကြည်အောင်လည်း လုပ်ဆောင်တာ မရှိသေးလို့။ ယုံကြည်မှု တည်ဆောက်ပြီး ငြိမ်းချမ်းရေရယူဖို့ ဘယ်လို လုပ်ကြမလဲဆိုတာ ဆွေးနွေးဖို့ ပြုလုပ်ရတာပါ။ မေး။ ။ ယုံကြည်မှု တည်ဆောက်ဖို့ အတွက် ဆွေးနွေးတယ်ဆိုတော့ ဘယ်လိုဆွေးနွေးပါသလဲ။ ကျေနပ်အားရမှု ရှိပါသလား။ ဖြေ။ ။ စစ်တပ်၊ ပါတီ၊ လူမှုအဖွဲ့၊ အမျိုးသမီးအဖွဲ့၊ စာပေ/ယဉ် အဖွဲ့၊ ပြည်သူစတဲ့ အဖွဲ့ပေါင်းစုံက လာကြတယ်။ အားလုံးကိုရောပြီး အုပ်စုလိုက်ဆွေးနွေးကြတယ်။ ယုံကြည်မှု တည်ဆောက်ဖို့ အတွက် အဖက်ဖက်က ပါဝင်ရမယ်။ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ ကျန်းမာရေး၊ ပညာရေး စသဖြင့် ဒါတွေနဲ့ ပတ်သက်တာကို ဆွေးနွေးတယ်။ အတွေ့အကြုံရင့်ကျက်တဲ့ အသိပညာရှင် အတတ်ပညာ ရှင်တွေလည်း သူတို့ရဲ့ အတွေ့အကြုံတွေကိုပြောပြတယ်။ အဖြစ်မှန် အမြင်မှန် ကိုသိပြီး ယုံကြည်မှုရအောင် ဘယ်လို လုပ်သင့်သလဲဆိုတာ ဆွေးနွေးကြတယ်။ ယုံကြည်မှုရှိရင် ငြိမ်းချမ်းရေး တည်ဆောက်ဖို့ လွယ်သွားမယ်။
မေး။ ။ အစည်းအဝေးမှာ အဆင်မပြေတာတွေ နားလည်မှု မရတာတွေ ရှိလား။
ဖြေ။ ။ မရှိပါဘူး။ သျှမ်းပြည်က သျှမ်းတိုင်းရင်းသားတွေ သာမက ကချင်ပြည်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းက သျှမ်းတိုင်းရင်းသားတွေ၊ပြည်ပက သျှမ်းတိုင်းရင်း သားတွေလည်း လာတက်ကြတယ်။ ဆွေးနွေးရတာ အားလုံး အဆင်ပြေပါတယ်။ အတွေ့အကြုံတွေက ခပ်များများ ဆင်တူနေကြတော့ ပြောရဆိုရတာ နားလည်မှုရှိကြတယ်။နားလည်လွယ်တယ်။
မေး။ ။အာဏာပိုင်တွေ နှောင့်ယှက်တာတွေ ရှိလား။
ဖြေ။ ။ မရှိပါဘူး။ နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းလည်း လာတက်ပြီး ဒီလိုအစည်းအဝေးမျိုး ရှိသင့်တာကြာပြီ။ နောက်နောင်လည်း ဒီလိုအစည်း အဝေးရှိမယ်ဆိုရင် ကူညီပေးမယ် လို့ ပြောသွားတယ်။
မေး။ ။ ၁၉၆၂ ခုနှစ်နှောင်ပိုင်းမှာ ဒီလိုအစည်းအဝေးဟာ ပထမဆုံးအကြိမ်လို့ ပြောနိုင်တယ်။ သျှမ်းတိုင်းရင်းသားတွေ တွေ့ဆုံတဲ့ ပထမဆုံးအကြိမ်လို့လည်း မမှားဘူး။ ဒါကြောင့် အမျိုးသားရေး အတွက်ဘာတွေများဆုံးဖြတ်ခဲ့ကြပါသလဲ။
ဖြေ။ ။ ဘယ်လိုလုပ်ပြီး ယုံကြည်မှု တည်ဆောက်မလဲဆိုတာ နည်းလမ်းရှာဖွေ တဲ့ တွေ့ဆုံေ ဆွးနွေး ပွဲ ဖြစ်တာကြောင့် ဘာမှမဆုံးဖြတ်ပါဘူး။ အချက်အလက်တွေ ယူလာပြီး ဘယ်လို လုပ်မလဲ ဆိုတာ ဆွေးနွေးတာပါ။ အဖက်ဖက်က လာရောက်ဆွေးနွေးပြီး ဒီလိုလုပ်သင့်တယ်၊ ဒီလိုပြုပြင်သင့် တယ်ဆိုပြီး အကြံပေးတာကို နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေ တိုင်းပြည်ငြိမ်းချမ်းဖို့၊ တိုးတက်ဖို့ ယူသုံးနိုင်အောင်ပါ။ ဒါပေမဲ့ နောက်နောင်မှာလည်း ဒီလိုအစည်းအဝေး လုပ်ပါအုံးမယ်။ ပထမဆုံး အကြိမ် ဖြစ်တာကြောင့် ဆွေးနွေး ရမဲ့ခေါင်းစဉ်တွေလည်း များတယ်။ အချိန်လည်း သိပ်မရတော့ ဆုံးဖြတ်ချက်ချတဲ့ အဆင့်ထိတော့ မရောက်ဘူး။ နောက်နောင်ဆိုရင် ဆုံးဖြတ်နိုင်တဲ့ အဆင့်ထိ ရောက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
မေး။ ။ သျှမ်းတပ်ဖွဲ့ဆိုလည်း ၂ဖွဲ့ ၃ ဖွဲ့ရှိတယ်၊ သျှမ်းပါတီဆိုရင်လည်း ၂ ဖွဲ့ ၃ ဖွဲ့ရှိတယ်။ ပြည်သူ တွေက သူတို့ကို ပေါင်းစည်းစေချင်ကြတယ်။ ဒီကိစ်စနဲ့ ပတ်သက်ပြီး ဘာများ ပြောချင်ပါသလဲ။
ဖြေ။ ။ ဒါလည်းဆွေးနွေးဖြစ်ပါတယ်။ အစည်းအဝေးမတိုင်ခင် အလုပ်အမှုဆောင် အဖွဲ့လည်း သျှမ်းတိုင်းရင်း သားတွေ နေထိုင်တဲ့ဒေသကို သွားရောက်ပြီး ဆန္ဒကောက်ယူခဲ့ကြပါတယ်။ ၉၀ ရာခိုင်နှုန်း လောက်က လက်နက်ကိုင် တပ်ဘဲဖြစ်ဖြစ်၊ နိုင်ငံရေးပါတီဘဲဖြစ်ဖြစ် သူတို့ကို ပေါင်းစည်း စေချင်ကြတယ်။ မပေါင်းစည်းနိုင်ရင်လည်း ပူးပေါင်းလုပ်ဆောင်ကြဖို့၊ နေရာ၊ တာဝန်ခွဲဝေကြဖို့ ပြောကြတယ်။ဒါကတော့ပြည်သူတွေရဲ့ဆန္ဒပါ။
မေး။ ။ ဒီအစည်းအဝေးကနေ သျှမ်းတိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ စကားကို ပြည်သူတွေ သိရှိအောင်ဘာများမှာကြားချင်ပါသလဲ။
ဖြေ။ ။ ဒီအစည်းအဝေးမှာ ဒေသအသီးသီးက လူငယ်အဖွဲ့လည်း ပါဝင်တယ်။ ကိုယ်စားလှယ် အသီးသီးလည်း လာတက်ကြတယ်။ ဒါကြောင့် သူတို့လည်း အချက်အလက်တွေကို ပြန်ပြောကြမှာပါ။
ပြည်သူတွေလည်း ကိုယ့်တိုင်းပြည်ကို ချစ်ကြဖို့၊ စိတ်ရှည်ရှည်ထားကြဖို့၊ မာနတွေ လျှော့ကြဖို့၊ တကိုယ်ကောင်းမဆန်ဘဲ အများအကျိုးအတွက် သယ်ပိုးဖို့၊ ပြည်ပမှာ ရောက်နေတဲ့ လူငယ်တွေလည်း ကိုယ့်တိုင်းပြည်ကိုပြန်လာပြီး တိုင်းပြည်အကျိုးသယ်ပိုးကြဖို့ အစည်းအဝေး တက်ရောက် ကြသူတွေ အားလုံးက တောင်းဆိုကြပါတယ်။ ၃ ရက်တာကာလ ဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးဖြစ်စဉ်၊ လက်ရှိ သျှမ်းနိုင်ငံရေး၊စီးပွါးရေး၊ လူမှုရေး၊ စာပေ ယဉ်ကျေးမှု၊ သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ဆိုင်ရာများ၊ သျှမ်းလူမျိုးများ နေထိုင်ရာ ဒေသများတွင် ရာစုနှစ်တဝက်ကြာ ခံစားနေရသော နိုင်ငံရေးပြဿနာများ ပကတိအခြေအနေ များကိုစာတမ်း ၂၃ စောင်ဖြင့် တင်ပြခဲ့ပါတယ်။ အဲဒီ စာတမ်း ၂၃ စောင်အပေါ် အခြေခံပြီးတော့ အစည်းအဝေး တက်ရောက်တဲ့ လူတွေကခေါင်းစဉ်အလိုက် အုပ်စုခွဲပြီး သဘောထားပေး ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
ဆွေးနွေးပွဲမှာပြီးဆုံးတဲ့ရက်မှာဘဲ လူထုထံက ကောက်ယူထားတဲ့ ဆန္ဒသဘောထား စစ်တမ်းတွေရဲ့ အဖြေကို စုစည်းပြီး တင်ပြဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ်။
သျှမ်းသံတော်ဆင့်

မြန်မာပိုင်း VOA ရုပ်သံ စကိုင်းနက်မှာ လွှင့်မည်။

Posted by drmyochit Friday, November 30, 2012, under | No comments


အမေရိကန် အစိုးရ၏ အသံလွှင့်ဋ္ဌာနဖြစ်သည့် ဗီအိုအေ မြန်မာပိုင်းရုပ်သံ အစီအစဉ်ကို ပုဂ္ဂလိကပိုင် စကိုင်းနက်ရုပ်သံလိုင်းမှ လွှင့်တင်ရန် စီစဉ်နေသည်ဟု သတင်းရရှိသည်။  စကိုင်းနက်ပေါ်မှ ဗွီအိုအေ ဆိုသည့် အခမ်းအနားကို လာမည့် ဒီဇင်ဘာ ၆ရက်နေ့တွင် ပြုလုပ်မည့် ဖိတ်ကြားစာများကို သတင်းမီဒီယာများသို့ ဝေငှထားကြောင်း လက်ခံရရှိသူ သတင်းအယ်ဒီတာ တစ်ဦးကပြောသည်။
အခပေး ကြည့်ရှုသူပေါင်း တသိန်းကျော်ရှိသည့် ရွှေသံလွင် ဦးကျော်ဝင်း ပိုင်ဆိုင်သော စကိုင်းနက် ရုပ်သံဋ္ဌာနသည် အခပေး ရုပ်သံဈေးကွက်တွင် နေရာရထားသည့် ရုပ်သံလွှင့် ဋ္ဌာနလည်းဖြစ်သည်။
ယခင်က မိုးလုံးပြည့် မုသာဝါဒများ၊ လေလှိုင်းပေါ်မှ လူသတ်သမားများဟု နအဖ အစိုးရက တလျှောက်လုံး ခေါ်ဆိုလာခဲ့သော်လည်း ယမန်နှစ် သြဂုတ်လတွင် ယင်းသို့ခေါ်ဆိုခြင်းကို ရပ်ဆိုင်းလိုက်ပြီးနောက် လအနည်းငယ်အကြာတွင် ပြည်ပအခြေစိုက် မြန်မာသတင်းဋ္ဌာန အချို့ မြန်မာနိုင်ငံတွင်း ၀င်ရောက်သတင်းယူခွင့် ရရှိလာခဲ့သည်။  ယင်းနောက်ပိုင်း တဖြည်းဖြည်းနှင့် ပြည်ပအခြေစိုက် သတင်းဋ္ဌာနများ၏ ရုံးခန်းများ ပြည်တွင်းတွင် ဖွင့်လှစ်လာနိုင်ကြသည်။
ပြည်ပအခြေစိုက် မြန်မာ ရုပ်သံအစီအစဉ်တစ်ခု အနေဖြင့် ပြည်တွင်းမှ ထပ်ဆင့် ထုတ်လွှင့်ခြင်းမှာမူ ယခု ဗွီအိုအေရုပ်သံအစီအစဉ်သည် ပထမဆုံး ဖြစ်လာမည်ဖြစ်သည်။ ။

  Myanmar Express 

အန္တရာယ်တောင်ကြားက ကျောင်းတက်ချင်တဲ့ သမီးငယ်

Posted by drmyochit Friday, November 30, 2012, under | No comments



သူမသည် မိန်းကလေး တစ်ယောက်ဖြစ်သည်။ ထိြု့ပင် ၁၄ နှစ်သာ ရှိသေးသော ကလေးငယ် တစ်ယောက်လည်း ဖြစ်သည်။ သို့သော် သူမသည် သူတို့ အတွက်တော့ ကြောက်စရာ ကောင်းသော ရန်သူတော် ဖြစ်၏။ အမြစ်ဖြုတ်ရမည့် နိုင်ငံရေး ပြိုင်ဘက် တစ်ယောက်ဖြစ်သည်။ အပြစ်ကင်း နုနယ် ချစ်စရာကောင်းသော သူမ၏ မျက်နှာလေး ကို ကြည့်လိုက်တိုင်း ရင်ထဲ အေးသွားရမည့် အစား ဆူဝေ ပူလောင်လာသည်။
ဒီကလေးမလေး ဘာဖြစ်လို့ သူတို့ကို စိန်ခေါ်နေခဲ့ပါသနည်း။ အားနွဲ့ နုနယ်သူလေးက ဘာဖြစ်လို့ သူတို့လို သူရဲကောင်းကြီးတွေကို အန်တုရဲရ ပါသနည်း။ ဒါတွေ သိပ်နားလည်စရာ မလိုပါ။ သူ့တာဝန် က ဒီကလေးမလေး ကိုလုပ်ကြံရန်သာ ဖြစ်သည်။ ကိုယ့်သမီးအရွယ်၊ နှမလေး အရွယ်ပါလား ဆိုသည့် ခံစားချက်မျိုး မခံစားမိခင် မှာပင် သေနတ်မောင်းကို ဆွဲညှစ်လိုက်သည်။ မိန်းကလေး ဦးခေါင်း မှာ သွေးများဖြာပြီး လဲသွားတာ မြင်တော့ သူ့ရဲဘော် တာလီဘန် စစ်သည်ကြီးများဆီ သတင်းကောင်း ပါးရန် တိမ်းရှောင် ပြေးထွက် လာခဲ့သည်။ သူ့အထင်တော့ ဒီကောင်မလေး သေလေပြီ။ သူမသိလိုက် သည်မှာ တစ်ခုတော့ရှိသည်။ တာလီဘန်တွေ အကြောက်ကြီး ကြောက်နေသည့် ၁၄ နှစ်သမီး ကလေး၏ ရင်ထဲ နှလုံးသွေးထဲ မှာရှိသော အစ္စလာမ် အမျိုးသမီးတိုင်း တန်းတူ ပညာသင်ခွင့် ရကို ရရမည်ဆို သည့် အားကောင်းမောင်းသန် လိုလား တောင့်တချက် ကိုတော့ ဘယ် တာလီဘန် ကမှ မလုပ်ကြံနိုင်ခြင်းပင်ဖြစ်သည်။
ပါကစ္စတန်နိုင်ငံ တာလီဘန် ကြီးစိုးရာဒေသ ဆွက်တောင်ကြားတွင် မိန်းကလေးများ ကျောင်းယူနီဖောင်းဖြင့် ကျောင်းသွားခြင်းမှာ အလွန်စွန့်စားရသော ကိစ္စတစ်ခုဖြစ်သည်။ တာလီဘန်များက မိန်းကလေးကျောင်းများကို မကြာခဏ လာရောက် တိုက်ခိုက် ကြလေ့ ရှိသည်။ မိန်းကလေး ပညာတတ် တစ်ယောက် ထွက်ပေါ်လာဖို့ အလွန်ပင်ခက် ခဲလှသော အခြေအနေ ဖြစ်၏။ သို့သော် အံ့သြမကုန်နိုင်သည့် ရဲရင့်ခြင်းမျှော်လင့်ချက် အလင်းရောင် ထွက်ပေါ်လာသည်။ ၄င်းမှာ မာလာလာ ယူဆက်ဖ်ဇိုင်း ဟုအမည်ရသည့် လက်ရှိ ကမ္ဘာ့အချစ်တော် သမီးငယ်လေး ပင်ဖြစ်တော့သည်။ သူမကို ၁၉၉၇ ခုနှစ်တွင် ပါကစ္စတန် အစ္စလာမ်မစ် စစ်သွေးကြွများနှင့် တိုက်ပွဲများ ဖြစ်ပွားလေ့ရှိရာ အနောက်မြောက်ပိုင်း ဆွက်တောင်ကြား မင်ဂိုရာမြို့နယ်မှာ ဖွားမြင်ခဲ့သည်။ တစ်ချိန် တာလီဘန် အုပ်စိုးစဉ်က မိန်းကလေး များကို ကျောင်း တက်ခွင့် မပေးခဲ့သော ဆွက်တောင်ကြားတွင် မာလာလာသည် မိန်းကလေးများ ပညာသင်ခွင့် လှုပ်ရှားဆောင်ရွက်သူ အဖြစ် ကျော်ကြား လူသိများ လာခဲ့သည်။
ဆွက်တောင်ကြားကို တာလီဘန်များ အုပ်စိုးစဉ်က ကြုံတွေ့ရသော နေ့စဉ် အဖြစ်အပျက်များကို မှတ်တမ်း ဒိုင်ယာရီ ရေးသားခဲ့ပြီး ထိုဒိုင်ယာရီကို ဘီဘီစီ အူရဒူ ဘာသာ အစီအစဉ်က ထုတ်လွှင့်ခဲ့သည်။ ထိုစဉ်က မာလာလာ၏ အသက်သည် ၁၁ နှစ်သာရှိသေး ၏။ ထိုစဉ်အချိန် ကတည်းက မိန်းကလေးများ ကျောင်းနေခွင့်၊ စစ်ဆန့်ကျင်ရေး စသည့် အငွေ့ အသက်များ ပါဝင်သော ကလေးငယ် တစ်ယောက်၏ ရိုးသားကြောက်ရွံ့ခြင်းများ ကင်းသည့် အရေးအသားများကြောင့် သူ၏ ဒိုင်ယာရီသည် ဖတ်မှတ်နားထောင် လိုက်ရသူများကို ရင်ထဲနင့်ခနဲဖြစ်သွားစေ၏။ ၂ဝဝ၉ ခုနှစ် အတွင်းက ဆွက်တောင်ကြား ဒေသ၏ နေရာတော်တော် များများကို တာလီဘန်တို့ သိမ်းပိုက်ဖူးပြီး အစ္စလာမ္မစ် ဘာသာရေး ဥပဒေဖြင့် အုပ်ချုပ်ရေးကို အသက် သွင်းဖူးသည်။ မိန်းကလေးများ ကျောင်းတက်ခွင့်ကို ပိတ်ပင်ခဲ့ပြီး၊ ကျောင်းများစွာကိုလည်း ပိတ်ပစ်ခဲ့သည်။
ထိုစဉ်က မာလာလာက ဂရိတ်ဆဲဗင်း ကျောင်းသူဖြစ်သည်။ သူ၏ဒိုင်ယာရီ စာစုလေးတွေကြောင့် ပြည်တွင်းပြည်ပ မီဒီယာများ က ဆက်သွယ် လာကြပြီး မာလာလာ လူသိများ သွားသည်။ လူသိများမှု နှင့် ဆုတံဆိပ်များ ကို အသုံးပြုလျက် သူမက မိန်းကလေးများ လွတ်လပ်လုံခြုံစွာ ပညာသင်ကြားခွင့် ကို ဆက်လက်လှုပ်ရှားသည်။ ဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး၏ နိုင်ငံတကာ ငြိမ်းချမ်းရေး ကလေးငယ်ဆု ကိုလည်းလက်ခံ ရရှိခဲ့သည်။ ပါကစ္စတန်နိုင်ငံ၏ လူငယ် ငြိမ်းချမ်းရေး ဆု ကိုလည်း ရရှိသည်။ သူလုပ်ကြံ ခံရသောနေ့က အောက်တိုဘာလ ၉ ရက်နေ့ ဖြစ်သည်။ ကျောင်း မှအပြန် တာလီဘန် သေနတ်သမားများက ချောင်းမြောင်း ပစ်ခတ်လုပ်ကြံကြခြင်း ဖြစ်၏။ ဦးခေါင်းနှင့် လည်ပင်တို့ကို ထိသွားသည်။ နာရီပေါင်း များစွာကြာအောင် သတိမေ့နေခဲ့သည်။
စိုးရိမ်ရသော အခြေအနေတွင် လူနာတင်လေယာဉ် ဖြင့် ဗြိတိန်နိုင်ငံသို့ ပို့ဆောင်ကုသ ပေးလျက်ရှိရာ ယခု အခြေအနေ ပြန်ကောင်းလာပြီဟု ဆရာဝန်ကြီးများက ဆိုကြသည်။ မာလာလာကို လုပ်ကြံ ပစ်ခတ်ခဲ့သည့် တာလီဘန်များကို ပါကစ္စတန် အစ္စလာမ် ဘာသာရေး ခေါင်းဆောင်များက ဆန့်ကျင် ကြောင်း အောက်တိုဘာလ ၁၂ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ မာလာလာနှင့် သူ၏ဖခင် ဇီအူဒင် တို့ နှစ်ယောက်လုံးကို ရအောင်သတ်မည်ဟု တာလီဘန် များကလည်း ချက်ချင်း တုံ့ပြန်သည်။ ပါကစ္စတန်နိုင်ငံအနှံ့ တာလီဘန် ဆန့်ကျင်ရေးနှင့် ငြိမ်းချမ်းရေး လိုလားသော လမ်းမပေါ် ဆုတောင်းသံများ ညံသွားသည်။ ပါကစ္စတန်ပြည်တွင်း မီဒီယာ အားလုံးလောက် နီးပါးက တာလီ ဘန်များ၏ အဆိုပါ လုပ်ရပ်ကို ရှုတ်ချ ရေးသား ကြသည်။
ကလေးပင်ဖြစ်ပါစေ 
မီဒီယာများက မာလာလာ ယူဆက်ဖ်ဇိုင်း၏ သတင်းကိုရေးသား နေခြင်းသည် ဘက်လိုက်မှုများ ရှိနေသည်ဟု ပါကစ္စတန် တာလီဘန်က တုံ့ပြန်ပြောကြားသည်။ ကောင်မလေးသည် အနောက်အုပ်စု ၏ စပိုင်ကလေးဖြစ်ကြောင်း၊ တာလီဘန်ကို ဆန့်ကျင်ပြော ဆိုကြောင်း၊ အစ္စလာမ် ၏ ရန်သူတော် အိုဘားမား ၏ အယူအဆများကို ဖြန့်ဝေနေ သူဖြစ်ကြောင်း တာလီဘန်များက ဆိုသည်။ "ကျွန်ုပ်တို့သည် သူ၏ ပညာရေးအပေါ် ပြောဆိုနေမှုတို့ကို တိုက်ခိုက်ခြင်း မဟုတ်ပေ။ မူဂျာဟစ်ဒင် နှင့် ယင်းစစ်သည်တော်တို့ ဝင်နေသော စစ်ပွဲကို ဆန့်ကျင်သောကြောင့် တိုက်ခိုက်ရခြင်း ဖြစ်ပေသည်။ အစ္စလာမ် ဥပဒေက အစ္စလာမ်ကို ဆန့်ကျင်သော စကားပြောဆိုသည့် ကလေးငယ်ကိုပင် သုတ်သင် ထိုက်သည် ဟု သင်ကြားကြသည်" ဟု တာလီဘန် များက ၄င်းတို့၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားကြသည်။ "တာလီဘန်ဟာ သတင်းစာဆရာတွေကို လေးစားစွာ ဆက်ဆံနေပါတယ်။ ဒါပေမဲ့ တချို့မီဒီယာတွေက မာလာလာ ယူဆက်ဖ်ဇိုင်းကို ထောက်ခံ ရေးသားနေကြပြီး တာလီဘန်ကို တော့ သွားပုပ်လေလွှင့် ပြောနေတာကို တွေ့ရပါတယ်" ဟု ပါကစ္စတန် တာလီဘန် TTP ၏ ပြောရေးဆိုခွင့် ရပုဂ္ဂိုလ် အာဆန်နူလာအာဆန် ကပြောကြားသည်။
ဖအေတူ 
မိန်းကလေးငယ်၏ ရဲရင့်စွာ ရပ်တည်မှုနှင့် ပတ်သက်ပြီး အံ့သြတကြီး ထောက်ခံ အားပေးမှုများ ကမ္ဘာအနှံ့မှာ တွေ့ရသော်လည်း မိန်းကလေးငယ်ကို ပြုစုပျိုးထောင် ပေးလိုက်သည့် သူ့ဖခင်ကိုမူ (ကမ္ဘာ့သတင်း လေ့လာသူများ ကြားတွင်) လူသိနည်းသည်။ အသက် ၁၁နှစ် အရွယ်မှာပင် နိုင်ငံတကာ အင်တာဗျူးများ ဖြေဆိုခဲ့ရာ မိန်းကလေး ပညာရေး၊ အကြမ်းဖက်ခြင်း နှင့် အိန္ဒိယ-ပါကစ္စတန် ဆက်ဆံရေး စသော ပြဿနာကြီးများကို ကိုးကား ပြောဆိုတတ်သည်။ ဖခင်ကြီးစိုးပြီး ရှေးရိုးစွဲသော တောင်ကြား အစ္စလာမ္မစ် လူ့အသိုင်းအဝိုင်းတွင် ထိုသို့ သမီးငယ် တစ်ယောက်က ရဲဝံ့ပြတ်သားစွာ ဂျီဟတ် စစ်သည်တော်ကြီးများကို ကန့်ကွက် ပြောဆိုရဲဖို့ဆိုတာ မည်သို့မှ မဖြစ်နိုင်ပေ။ သူမ၏ နောက်တွင် ပြုစုပျိုးထောင်ပေး နေသော နောက်ထပ် အစဉ်အလာ တော်လှန်ရေး သမား တစ်ဦးရှိ၏။ သူ၏ ဖခင် ဇီအူဒင်ယူအက်ဖ်ဇိုင်း ပင်ဖြစ်သည်။ ဇီအူဒင် သည်လည်း ပညာရေးဆိုင်ရာ တက်ကြွ လှုပ်ရှားသူ တစ်ဦး ဖြစ်ကာ ဆွက်တောင်ကြား မင်ဂိုရာမြို့ တွင် ကျောင်းတစ်ကျောင်း နှင့် ကောလိပ်တစ်ခု ထောင်ထားသည်။ "ကလေးမလေးရဲ့ အဖေ ဟာလည်း အစဉ်အလာ ကို တော်လှန် တည်ထောင်လိုသူ တစ်ယောက် ဖြစ်တယ်။ သူကတကယ့်လူပဲ၊ နားလည်ရလည်း ခက်တယ်" ဟု ပါကစ္စတန် အခြေစိုက် Amnesty International ၏ သုတေသန အဖွဲ့ဝင် မူစတာဖာကာဒရီ က ပြောကြားသည်။ "သူဟာ ဘာသာတရား ကိုင်းရှိုင်း တဲ့ အစ္စလာမ် ဘာသာဝင်ကောင်း တစ် ယောက်လည်း ဖြစ်ပြီး သမီးကိုလည်း ပညာတတ် ဖြစ်စေချင်၊ မိန်းမတိုင်း ကို လည်း ယောက်ျားတွေ နဲ့ တန်းတူ ပညာတတ် ဖြစ်စေချင်တဲ့ လူတစ်ယောက် ဖြစ် ပါတယ်" ဟု မူစတာဖာက ဆက်လက် ပြောဆိုသည်။ အမှန်တကယ်တော့ ဇာအူဒင် သည်လည်း ဆွက်တောင်ကြားတွင် နေထိုင်ရသည်မှာ အန္တရာယ် များလှသူ ဖြစ်သည်။ သူထောင်ထားသော ကျောင်းများကို အမေရိကန်က ပိုက်ဆံထောက်ပံ့ ထားသည်ဟု ကောလာဟလ များ ဆွက်တောင်ကြားလို နေရာမျိုးမှာ ပျံ့နေခြင်းသည် သူ့အတွက် သိပ်ကောင်းလှ သည်မဟုတ်ပေ။ တာလီဘန် လုပ်ကြံ သတ်ဖြတ်ချင်သော စာရင်းတွင် ၄င်းက ထိပ်ဆုံးမှ ပါနေပြီး ညအိပ်လျှင် နေရာ မျိုးစုံ သွားအိပ်နေရသူ ဖြစ်သည်။ သမီးလေး သေနတ်နှင့် ပစ်ခံရခြင်း သည် ဇာအူဒင်ကို ပြင်းပြင်းထန်ထန် ထိခိုက်သွားကြောင်း၊ လုပ်ကြံ ခံရသည့် နေ့က ဇာအူဒင်သည် တစ်နာရီခွဲလောက် ကြာအောင် ငိုနေခဲ့ကြောင်း ၄င်းတို့ မိသားစုနှင့် နီးစပ်သည့် မိတ်ဆွေ သူငယ်ချင်းများ က Time မဂ္ဂဇင်းကို ပြောကြား ခဲ့သည်။ မာလာလာ၏ အခြေအနေ ကောင်းမွန်နေလျက် ရှိကြောင်း ဘာမင်ဂန် ဆေးရုံ ဆရာဝန်ကြီးများ က ပြောကြားသည်။ "ကောင်မလေးရဲ့ တောင့်ခံနိုင်စွမ်းရည် နဲ့ သန်စွမ်းမှု ကတော့ ချီးကျူးစရာပဲဗျို့" ဟု ဆရာဝန်ကြီး ဒေါက်တာဒေးဗစ်ရော့စ် ဆာက ပြောကြားသည်။ ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်း၊ သို့သော် မူလအတိုင်း ပြန်လည်ကောင်း မွန်ရန်တော့ အချိန်အတော်ကြာလိုကြောင်း၊ ရှင်းရှင်းကြီး စိတ်ချရသည့် အခြေအနေတော့ မဟုတ်ကြောင်း ၄င်း ဆရာဝန်ကြီးက ဆိုသည်။ တာလီဘန် သေနတ်သမား၏ ကျည်ချက်ကြောင့် ဦးခေါင်းနှင့် လည်ပင်းတွင် မာလာလာ ဒဏ်ရာ ရသွားသကဲ့သို့ ယင်းစစ်သွေးကြွ အဖွဲ့၏ သမိုင်းတွင်လည်း ဆိုးဆိုး ဝါးဝါး ဒဏ်ရာ ရရှိသွားစေမှု ဖြစ်သည်။ ပါကစ္စတန်နှင့် ကမ္ဘာလုံးအနှံ့ ဆုတောင်း ပွဲများ၊ တာလီဘန် ဆန့်ကျင်ရေး ကန့်ကွက်ပွဲများ ကလေးမလေး၏ ဓာတ်ပုံကို ကိုင်ဆောင်လျက် ပြုလုပ်ကြသည်။ အမျိုးသမီး ဝန်ကြီးချုပ်ပင် ရှိခဲ့သော ပါကစ္စတန် မိန်းကလေးတိုင်းကို တိုက်ခိုက် ခြင်းဖြစ်ကြောင်း၊ ပညာရေးကို တိုက်ခိုက် ခြင်း ဖြစ်ကြောင်း၊ ယဉ်ကျေးသော လူ့အဖွဲ့ အစည်းကို တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ပါကစ္စတန် သမ္မတ ဇာဒါရီက တာလီဘန် များကို ရည်ရွယ် ပြောဆိုခဲ့သည်။
သန့်ဇင်စိုး
From -TheVoiceWeekly

သီတဂူ ဗုဒ္ဒတက္ကသိုလ်မှ သီတဂူဆရာတော် ဘုရားကြီး ဒေါက်တာ ရှင်ဥာဏိသရ က လက်ပံတောင်းတောင် ကယ်တင်ရေးအဖွဲ့ထံ ငွေကျပ် ၂၅ သိန်း လှူဒါန်း

Posted by drmyochit Friday, November 30, 2012, under | No comments


သီတဂူ ဗုဒ္ဒတက္ကသိုလ်မှ သီတဂူဆရာတော် ဘုရားကြီး ဒေါက်တာ ရှင်ဥာဏိသရ က လက်ပံတောင်းတောင် ကယ်တင်ရေး အဖွဲ့ထံ ယနေ့ နိုဝင်ဘာ ၃ဝ ရက်နေ့က ငွေကျပ် ၂၅ သိန်းလှူဒါန်းခဲ့ကြောင်း သိရသည်။ သီတဂူ ဆရာတော်ကြီးက မုံရွာပြည်သူ့ ဆေးရုံကြီးတွင်ဆေးကု သမှုခံယူနေသော သံဃာတော် များကို "ငါ့ရှင်တို့အားလုံး စိတ်ချမ်း သာအောင်နေ ကြပါ " ဟု မိန့်ကြားသွားခဲ့သည်။ အဆိုပါ ဆေးရုံကြီးတွင် သဃာတော် ၂၆ ပါးနှင့် အမျိုးသားတစ်ဦး ဆေးကုသမှု ခံယူနေပြီး မီးလောင်ဒဏ်ရာ များဖြစ်ကြောင်းကို ဆေးရုံအုပ်ကြီးက အတည်ပြု ပြောကြားထားသည်။ "ဒဏ်ရာဆေးတဲ့အခါမှာ အက်ဆက်နံ့ မရဘူး ၊ဒဏ်ရာတွေကတော့ မီးလောင်ဒဏ်ရာတွေ ၊ မျက်စိထိခိုက်တဲ့ သံဃာတော်အနေနဲ့ အမြင်မထိခိုက်နိုင်ဘူးလို့ မျက်စိအထူးကု ဆရာဝန်ကြီး က ပြောထားပါတယ်"ဟု မုံရွာ ပြည်သူ့ဆေး ရုံမှ ဆေးရုံ အုပ်ကြီး ဒေါက်တာသန်းထွဋ် က ပြော သည်။ လက်ပံတောင်းတောင် ကယ်တင်ရေးအဖွဲ့မှ လှူဒါန်းငွေများကို သံဃာတော်များအတွက် ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ပြီး နောက်ပိုင်းတွင် ကော်မတီများ ဖွဲ့စည်းပြီင်္းလုပ်ဆောင်သွားမည်ဟု သိရသည်။

Yangon Media Group

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်း ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတမစ္စတာကျုံးသန်စန်းနှင့် ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုညစာ စားပွဲဖြင့်တည်ခင်းဧည့်ခံ

Posted by drmyochit Friday, November 30, 2012, under | No comments


ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်း တို့သည် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာကျုံးသန်စန်းနှင့် ဇနီးမဒမ်မိုင်သီဟိုက် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင်၌ ဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။
အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသော ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ဦးဝဏ္ဏမောင်လွင်၊ ဦးအောင်ကြည်၊ ဦးသိန်းညွန့်၊ ဦးတင်နိုင်သိန်း၊ ဦးမြင့်လှိုင်၊ ဦးဉာဏ်ထွန်းအောင်၊ ဦးအေးမြင့်၊ ဦးဝင်းမြင့်၊ ဦးအေးမြင့်ကြူ၊ ဦးဝင်းရှိန်၊ ဒေါက်တာ ကံဇော်နှင့် ဦးဌေးအောင် ၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးဇင်ယော်၊ ဦးထင်အောင်၊ ဒေါ်စန္ဒာခင်နှင့် ဦးစိုးတင့် ၊ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးဦးသက်ဦးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဧည့်သည်တော်သမ္မတနှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ် လစ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chu Cong Phung တက်ရောက်သည်။
ဂုဏ်ပြုညစာ မသုံးဆောင်မီ နိုင်ငံတော်တီးဝိုင်းက နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများကို ဂုဏ်ပြု တီးမှုတ်သည်။ ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက တေးသံသာ များဖြင့် ဖျော်ဖြေကြသည်။ ထို့နောက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဧည့်သည်တော် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတအား ခရီးစဉ်မှတ်တမ်း ဓာတ်ပုံ အယ်လ်ဘမ်ကိုပေးအပ်သည်။
  
ဂုဏ်ပြုညစာစားပွဲအပြီးတွင် ဧည့်သည်တော် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတနှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား အနုပညာဦးစီးဌာနမှ အနုပညာရှင်များက တေးသံသာများနှင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အကပဒေသာများဖြင့် ဧည့်ခံဖျော်ဖြေ တင်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့်ဇနီးဒေါ်ခင်ခင်ဝင်း၊ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတနှင့်ဇနီးတို့ သည် ဖျော်ဖြေကြသော အနုပညာရှင်များအား လက်ဆောင် ပန်းခြင်းများ ပေးအပ်ကြပြီး အနုပညာ ရှင်များနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။

 Myanmar Express 

"မုံရွာကြေးနီစီမံကိန်းမရပ်ဖို့ တရုတ်သံရုံး ပြောပြီ"

Posted by drmyochit Friday, November 30, 2012, under | No comments


မုံရွာကြေးနီ စီမံကိန်းရပ်ဆိုင်းဖို့ လက်ပံတောင်းတောင်ဒေသနဲ့ တခြားဒေသတွေမှာ ဆန္ဒဖော်ထုတ် ခဲ့ကြပြီး ရုပ်ဆိုးတဲ့ နှိမ်နင်းမှုများ လက်ပံတောင်းတောင် သပိတ်စ ခန်းတွေမှာ ပေါ်ပေါက်လာတဲ့ နောက်တနေ့မှာပဲ ရန်ကုန်မြို့ တရုတ်သံရုံးက သူတို့ရဲ့ သဘောထားကို ထုတ်ပြန်လိုက်ပါတယ်။ ကြေးနီစီမံကိန်းကို ဆက်လုပ်ပါ ဆိုတဲ့ သဘောကို အဲဒီသတင်း ထုတ်ပြန်ချက်မှာ ထင်ထင်ရှားရှား တွေ့ရမှာပါ။ မြန်မာလို ထုတ်ပြန်ရာမှာလည်း အဲဒီသဘောကို တွေ့ရပါတယ်။ တရုတ်သံရုံးရဲ့ မြန်မာလို ထုတ်ပြန်ချက်က အင်္ဂလိပ်လို ထုတ်ပြန်ချက်နဲ့ မနီးစပ်တဲ့ စကားလုံးတချို့ ပါဝင်နေပါတယ်။  စိတ်ဝင်စားသူများ ဖတ်နိုင်ဖို့  အတတ်နိုင်ဆုံး တိတိကျကျ ဘာသာပြန်ပေးလိုက်ပါတယ်။ သတင်းထုတ်ပြန်ချက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးဖုန်း (၉၅၁) ၂၂၁ ၂၈၀၊ ဖက်စ် (၉၅၁) ၂၂၇ ၀၁၉ မုံရွာကြေးနီတူးဖော်ရေး လုပ်ငန်း စီမံကိန်းအပေါ် သုံးသပ်ချက် တရုတ်မြန်မာ နှစ်နိုင်ငံကုမ္ပဏီများကြား ပူးပေါင်းဆောင်ရွက်သည့်  လုပ်ငန်းတခုဖြစ်သော မုံရွာကြေးနီ တူးဖော်ရေး လုပ်ငန်းစီမံချက်သည်  နှစ်ဘက်စလုံးအတွက် အကျိုးရှိစေမည်ဖြစ်သည်။  စီမံကိန်းနှင့်စပ်လျဉ်း၍ ဖြစ်ပေါ်လာသော နေရာရွှေ့ပြောင်းမှု၊ လျော်ကြေး၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး၊  အကျိုးအမြတ် ခွဲဝေရေး စသည်တို့ကို  နှစ်ဘက် ညှိနှိုင်းပြီး စီစဉ်ဆောင်ရွက်ခဲ့ပါသည်၊ မြန်မာနိုင်ငံ၏ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်လည်း ကိုက်ညီပါသည်။ စီမံကိန်း အဆင်ပြေစွာ လည်ပတ်နိုင်ရေးအတွက်  မြန်မာပြည်မှ လူမှုအလွှာအသီးသီးက မြန်မာနိုင်ငံ၏ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ သင့်လျော်သော အခြေအနေတခုကို ဖော်ဆောင်နိုင်လိမ့်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။
(ဧရာဝတီ)

ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းကိစ္စနှင့်ပက်သတ် ၍ ဒုတိယနေ့မွန့်ခွန်းအဖြစ်ချင်းတွင်းမြစ် သဲသောင်ပြင်တွင် ဟောပြော

Posted by drmyochit Friday, November 30, 2012, under | No comments


ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နိုဝင်ဘာ 30 ရက် နံနက် ၈နာရီခွဲခန့်တွင် ချင်းတွင်းမြစ်အတွင်း ၊ မုံရွာဘက်ခြမ်း သဲသောင်ပြင်( ရွှေလွန်းပျံ ကူးတို့ဆိပ်) တွင် နာရီဝက်ကျော်အကြာ ဟောပြော သွားကြောင်း သိရသည် ။ အဆိုပါ ဟောပြောပွဲတွင် ဒေသခံများ အနေဖြင့် အချိန်မှီ ရောက်လာသူ နည်းပါးသောကြောင့် ဧည့်ပရိတ်သတ် ၁၀၀၀ ကျော်ခန့် သာရှိကြောင်း ရန်ကုန်မဒီယာ သတင်းထောက် မှပေးပို့သည်။
“ အချိန်ကစောတာလဲပါတယ် တစ်ချို့က ဟောပြောပွဲ မလုပ်ဖြစ်ဘူးလို့လဲ ထင်သွားကြတယ် ဒါကြောင့်မို့ လူတော်တော် နည်းတယ် မိနစ်၄၀ လောက်သာ ကြတော့ ပွဲပြီးတဲ့ အထိ လူတွေကလာနေတုန်းပဲ” ဟု မုံရွာမြို့ခံ ကုန်သည်တစ်ဦးက ရန်ကုန်မီဒီယာဂရုသို့ ဆက်သွယ် ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါ ဟောပြောပွဲ အပြီးနံနက် ၉ နာရီ ၅၀ ကျော်ခန့်တွင် တည်းခိုရာ ၀င်းယူနတီ ဟိုတယ် သို့ပြန်သွားပြီး လက်ပံတောင်းတောင် စီမံကိန်းနှင့် ပက်သတ်၍ သက်ဆိုင်ရာအဖွဲ့အစည်း များနှင့်တွေဆုံညှိနှိုင်းမည်ဟု သိရသည်။ “အမေစုက ဟောပြောပွဲမှာ လက်ပံတောင်းကိစ္စနှင့် ပက်သတ်လို့ အခုလို ဖြေရှင်းပုံဟာ မလိုအပ်ဘူး လို့ပြောသွားတယ် ဒီကိစ္စနှင့်ပက်သတ်ပြီး အာဏာပိုင်တွေကိုတွေ့မယ်၊ လက်ပံတောင်း ဒေသခံတွေကို တွေ့မယ်၊ စီမံကိန်းနယ်မြေ အနီးက ၂၆ ရွာက ကိုယ်စားလှယ်တွေကိုတွေမယ် လို့ ပြောကြားသွားတယ်” ဟုမုံရွာမြို့ ရှိ သီးနှံစုံ ပွဲရုံတစ်ခုမှ မန်နေဂျာကပြောကြားသည်။
အခုနောက်ဆုံးရရှိသော သတင်းများအရ ဒေါ်အောင်ဆန်းစု ကြည်သည် ၀င်းယူနတီ ဟိုတယ်တွင် သက်ဆိုင်ရာ အဖွဲ့အစည်းများ နှင့် တွေ့ဆုံရန် အဆင်သင့် စောင့်ဆိုင်းနေကြောင်းသိရသည်။

Yangon Media Group

နျူပစ္စည်းတွေ ကိစ္စ သမ္မတ ဦးသိန်းစိန်ကို ကန်အထက်လွှတ်တော် အမတ် စာရေးမေးမြန်း

Posted by drmyochit Friday, November 30, 2012, under | No comments


မြန်မာနိုင်ငံကို တရားမ၀င်တင် ပို့မယ်လို့ယူဆရတဲ့ နူကလီယားအနုမြူ အစီအစဉ်မှာ သုံးစွဲနိုင်တဲ့ ပစ္စည်း တချို့ ကို ဂျပန်နိုင်ငံရောက် မြောက်ကိုရီးယား  သင်္ဘော တစ်စီးပေါ်ကနေ တွေ့ရှိတဲ့ သတင်း ပေါ်ထွက် လာခဲ့ပြီးတဲ့နောက်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် ဆီးနိတ် အထက်လွှတ်တော်အမတ် တစ်ယောက်က သမ္မတ ဦးသိန်းစိန် ဆီကို စာရေးသား မေးမြန်းခဲ့ တယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံထုတ် Asahi Shinbun သတင်းစာက ရေးသားခဲ့တဲ့ သတင်းတစ်ပုဒ်မှာ -  ပြီးခဲ့တဲ သြဂုတ်လက တိုကျိုဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ မြောက်ကိုရီးယား သင်္ဘောတစ်စီးပေါ်ကို အမေရိကန်အစိုးရရဲ့ မေတ္တာ ရပ်ခံချက်အရ ဂျပန်အာဏာ ပိုင်တွေက တက်ရောက်ရှာဖွေခဲ့ရာမှာ အနုမြူလုပ်ငန်းမှာ သုံးစွဲနိုင်တဲ့ သတ္တုချောင်း တွေနဲ့အဆင့်မြင့် အလူမီနီယံ သတ္တုပြားတွေ တွေ့ရှိခဲ့ရကြောင်း၊ ဒီပစ္စည်းတွေကို တရုတ်ပြည်ကတဆင့် မြန်မာနိုင်ငံကို ပို့မယ်လို့ ယူဆရကြောင်း ဖေါ်ပြခဲ့ပါတယ်။ ဒီသတင်းထွက် ပေါ်လာခဲ့ပြီးတဲ့နောက် အမေရိကန်  ဆီးနိတ် အထက်လွှတ်တော် ရီပါဘလီကင် အမတ်ရစ်ချတ်လူဂါက သမ္မတဦးသိန်းစိန် ဆီကို စာရေးသား မေးမြန်းခဲ့တာဖြစ်ပါတယ်။  မစ္စတာ ရစ်ချတ်လူဂါဟာ အမေရကိန်လွှတ်တော် အနုမြူမပျံ့ပွားရေး ဆိုင်ရာလုပ်ငန်းမှာ သြဇာညောင်းတဲ့ အမတ်တစ်ဦးဖြစ်ပါတယ်။

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအား ကူညီနေချိန်တွင် ဘာမှမကူညီပဲ ပိတ်ဆို့မှုအမျိုးမျိုးလုပ်ခဲ့သည့် ဂျော့ခ်ျဘုရှ် ဆေးရုံရောက်နေ

Posted by drmyochit Friday, November 30, 2012, under | No comments


အမေရိကန်သမ္မတဟောင်း ဂျော့ဂ်ျ အိတ်ခ်ျဒဗလျူ ဘုရှ်သည် ချောင်းဆိုးရင်ကျပ်ရောဂါကြောင့် ဆေးရုံတွင် ကုသမှုခံယူနေရကြောင်း ၎င်း၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။  အသက် ၈၈ နှစ်အရွယ်ရှိပြီဖြစ်သည့် သမ္မတဟောင်း ဂျော့ဂ်ျ ဒဗလျူဘုရှ်သည် ချောင်းဆိုးရင်ကျပ်ကြောင့် ဆေးရုံတွင် ကုသမှုခံ ယူနေရသည်မှာ ၆ ရက်ရှိပြီဖြစ်ကြောင်း သိရှိရသည်။ ဂျော့ဂ်ျဒဗလျူဘုရှ်သည် အမေရိကန်နိုင်ငံ၏ ၄၁ ဦးမြောက် သမ္မတအဖြစ် ၁၉၈၉ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
 Myanmar Express 

နိုင်ငံတော်သမ္မတ၏ ဇနီးဒေါ်ခင်ခင်ဝင်း ဗီယက်နမ်သမ္မတ၏ ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Posted by drmyochit Friday, November 30, 2012, under | No comments


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော် သမ္မတဦးသန်းစိန်၏ ဇနီးဒေါ်ခင်ခင်ဝင်းသည် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတမစ္စတာ ကျုံးသန်စန်း၏ ဇနီးမဒမ် မိုင်သီဟိုက် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ ညနေ (၃) နာရီ (၄၅) မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီး မှုတိုးမြှင့်ရေး၊ အမျိုးသမီးများ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးနှင့် ကျေးလက်ဒေသရှိ အမျိုးသမီးများ ဘဝ ဖွံ့ဖြိုးတိုးတက်ရေး တို့အပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော် သမ္မတ၏ ဇနီးဒေါ်ခင်ခင်ဝင်းနှင့်အတူ နိုင်ငံခြားရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၏ ဇနီးဒေါ် လင်းလင်းတင်၊ ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ၏ ဇနီး ဒေါက်တာခင်ဆွေမြင့်၊ ဗီယက်နမ်သံအမတ်ကြီး၏ ဇနီး ဒေါ်ဖြူဖြူထွန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဗီယက်နမ် သမ္မတ၏ ဇနီးမဒမ် မိုင်သီဟိုက်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး၏ဇနီး Mrs. Le thi Vav လည်း တက်ရောက်ကြသည်။

 Myanmar Express 

MPT ကိုလည်း ၁၅ ရက်နေ့တွင် ဆန္ဒဖော်ထုတ်ကြအုံးမည်

Posted by drmyochit Friday, November 30, 2012, under | No comments


လမ်းပေါ်ထွက်ပြီး ဆန္ဒဖော်ထုတ်မှ ခေတ်မီသည့် မြန်မာနိုင်ငံတွင် အင်တာနက်ခများ ပြောင်းလဲ ကောက်ခံ မည့်ကိစ္စနှင့် ပတ်သက်ပြီး MPT ကိုလည်း ဆန္ဒ္ဒဖော်ထုတ်အုံးမည့် အကြောင်း ပြည်တွင်း ဂျာနယ်တစ်ခု မျက်နှာဖုံးမှာ ကြော်ငြာထားခဲ့ပါသည်။ အဆိုပါ ဆန္ဒဖော် ထုတ်မည့် ကိစ္စအား စတင်ဦးဆောင်ခဲ့သူမှာ နေမျိုးဇင် ဆိုသူဖြစ်ပါသည်။
အဆိုပါ ဆန္ဒဖော် ထုတ်မှုနှင့် ပတ်သက်၍ MPT မှ ဒုတိယ အင်ဂျင်နီ ယာချုပ် ဦးစိုးအောင်က "ဆန္ဒပြချင် ပြပါစေ။ ပြပေါ့။ ပြန်ရှင်းရမှာ ကျွန်တော်တို့တာဝန်ပါ။ 100 KB နှစ်ကျပ်မှ မကြိုက်ဘူး ဆိုရင် Plan B, C တွေ ရှိတယ်။ Plan D,E အကုန်လုပ်ပေးမယ်ဗျာ" ဟု ပြန် လည်ပြောကြား ခဲ့ပါသည်။
နေမျိုးဇင်၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည် ဆန္ဒဖော်ထတ်ုမှု ဖြန့်ဝေခြင်းမှာ -သော ပြည်သူ့တို့ဘက်မှ ကာကွယ်ရပ်တည်ပြီး ပြင်ဆင်လျော့ ချပေးရန် နစ်နာဆုံးရှုံးသော နည်းပညာ သုံးစွဲသူ အပေါင်းက ငြိမ်းချမ်းစွာ စုဝေး တောင်းဆိုကြမည်ဖြစ်ပါသည်။
လက်ရှိပြင်ဆင်လိုက်သော ဖုန်းအင်တာနက် အသုံးပြုခပြောင်းလဲ သတ်မှတ်ခြင်းကို ပြည်သူ့ သက်သာချောင်ချိရေးအတွက် ပြန်လည်ပြင်ဆင်ပေးခြင်း မရှိပါက၊ ................
ဒီဇင်ဘာ ၁၅ ရက် ( စနေ) နေ့တွင် ရန်ကုန် မြန်မာ့ ဆက်သွယ်ရေး ရုံးချုပ် အရှေ့ ဆန္ဒဖေါ်ထုတ်ခြင်း အခမ်းအနားကြီးအား တရားဝင်ခွင့်ပြုချက် တောင်းဆိုကာ လူထုလှုပ်ရှားမှုကြီး တခု ဖေါ်ဆောင်မည်ဖြစ်ပါသည်။
အဆိုပါ နည်းပညာ နှီပ်ကွပ် ဈေးမြင့်တင်မှု ၊ လူထုပေါ် ဖိစီးစေမှုနှင့် ပတ်သက်ပြီး ကန့်ကွက် လိုသူ မည်သည့် အဖွဲ့အစည်း နှင့် မဆို ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း မြန်မာ့ လူမှု ဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်မှ ထုတ်ပြန် ကြေငြာပါသည်။ အင်တာနက် သုံးစွဲမှု နည်းပညာ ဖိနှိပ် ကန့်သတ် ဈေးမြင့်တင်ခြင်းအား ကန့်ကွက်သည့် လူထု အခမ်းအနားကြီး တရပ် ဆောင်ရွက်မည် ဖြစ်ပါသဖြင့် နည်းပညာဖြင့် နိုင်ငံကို မြင့်မားတိုးတက် စေလိုသူ အပေါင်းအား ပူးပေါင်း လက်တွဲ ဆောင်ရွက်နိုင်ပါရန် ဖိတ်ခေါ်ပါသည် ။

KIA ရဲ့ မိုင်းကြောင့် ပြည်သူလူထုသာမက သံဃာတော်တွေပါ ဒဏ်ရာရနေကြလို့ ဒေသတွင်း စိုးရိမ်လျက်ရှိ

Posted by drmyochit Friday, November 30, 2012, under | No comments


      နိုဝင်ဘာလ (၂၄) ရက်နေ့မှာ ရွှေကူမြို့နယ် ၊ မြို့လှမြို့နယ်ခွဲ ၊ အမတ်ကြီးကုန်း ကျေးရွာအုပ်စု၊ ရွှေငြိမ်းချမ်း ကျေးရွာ ဘုန်းကြီးကျောင်းမှ ဦးပဉ္စင်း ဦးသုဇနနဲ့ ရွာသား (၃) ဦးတို့အား မြို့လှမြို့နယ်ခွဲမှာ ပြုလုပ်တဲ့ စုပေါင်း ဘုံကထိန်ကို ဆိုင်ကယ်နဲ့အသွားမှာ KIA ထောင်ထားတဲ့ မိုင်းနင်းမိပြီး ဆရာတော်နဲ့ ရွာသား တစ်ဦးဒဏ်ရာရရှိခဲ့ ပါတယ်။
           ဒါ့အပြင် နိုဝင်ဘာလ (၅) ရက်နေ့မှာ ကာမိုင်းမြို့နယ်၊ ကပ်မှော်ဇွပ် ကျေးရွာမှာနေတဲ့ ဦးလဂျာနဲ့ ဒေါ်ထုနန်တို့ (၂) ဦးဟာ သူတို့ပိုင်တဲ့ ဒညင်းခြံသွားရောက်ရှင်းလင်းရာမှာ KIA ထောင်ထားတဲ့ မိုင်းနင်းမိပြီး ခန္ဓာကိုယ်အနှံ့ အပြားဒဏ်ရာ ရရှိတဲ့အတွက် ဒေသခံများအနေနဲ့ မိမိတို့ပိုင်တဲ့ လယ်နဲ့ခြံတွေကို သွားဖို့တောင် မရဲကြတော့ဘူး လို့ ဆိုပါတယ်။
        အပြစ်မဲ့ပြည်သူတွေအပြင် သံဃာတော်တွေပါ လမ်းကြောင်းမှာ မိုင်းနင်းမိပြီး ဒဏ်ရာရကြတဲ့အတွက် ပြည်သူများ အနေနဲ့ KIA ရဲ့လုပ်ရပ်များနဲ့ ပတ်သက်ပြီး အထူးစိုးရိမ် ပူပန်လျက်ရှိကြောင်း  သိရှိရပါတယ်။ ကမ္ဘာနှင့်တ၀ှမ်း မြေမြှုပ်မိုင်းအန္တရာယ်ကင်းရှင်းရေးအတွက် အလေးထား ဆောင်ရွက်နေချိန်မှာ ကချင်ပြည်နယ် အတွင်းမှာတော့ KIA ထောင်ထားတဲ့ မြေမြှုပ်မိုင်းများကြောင့် ရဟန်းရှင်လူ ပြည်သူအများ နေ့စဉ်ဆိုသလို ထိခိုက်ဒဏ်ရာ ရမှုများဖြစ်ပေါ်နေလို့ ဒေသခံများ ၊ တိုင်းရင်းသား အဖွဲ့အစည်းများ သာမက နိုင်ငံတကာကပါ KIA အဖွဲ့အပေါ် အာရုံစူးစိုက်မှုများ ရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ်။

မောင်တော မြို့နယ် ကျေးရွာများ၌ နယ်မြေခံ ဆေးတပ်ဖွဲ့ ဝင်များက ကျန်းမာရေး စောင့် ရှောက်မှု လုပ်ငန်း ဆောင်ရွက်

Posted by drmyochit Friday, November 30, 2012, under | No comments



အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုနိုင်သည် တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာ ၂၆ရက် မွန်းလွဲပိုင်းက
 ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဝေလာတောင်ကျေးရွာ မူလတန်း ကျောင်း၌ နယ်မြေခံ ဆေးတပ်ဖွဲ့ဝင်များက ဒေသခံ တိုင်းရင်းသား များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင် ရွက်ပေး နေမှု အခြေအနေကို အားပေး ကြည့် ရှုပြီး ဒေသခံ တိုင်းရင်းသားများနှင့် အခြေခံပညာ မူလတန်းကျောင်းအတွက် ထောက်ပံ့ရေး ပစ္စည်း များနှင့် ထောက်ပံ့ငွေများကို ပေးအပ်သည်။ နိုဝင်ဘာ ၂၅ ရက်မှ ၂၆ ရက်အထိ မောင်တော မြို့နယ် မြောက်ပိုင်းရှိ တိုင်းရင်းသား ကျေးရွာ များတွင် နယ်မြေခံ ဆေးတပ်ဖွဲ့ဝင်များက ဒေသခံ ပြည်သူ ၅ဝ၇ ဦးတို့အား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ပြီး ကျန်းမာရေး ပညာပေး သရုပ် ပြသ ခြင်းများ ကိုလည်း ဆောင်ရွက် ပေးခဲ့ကြသည်။ ဆက်လက်၍ နိုဝင်ဘာ ၂၇ ရက်က မောင်တော မြို့နယ် ရွှေရင်အေး ကျေးရွာနှင့် သရေကုန်း ဘောင်ကျေးရွာ များရှိ မီးလောင် ပျက်စီး ခဲ့သည့် ကျေးရွာ ဘုန်းတော်ကြီး ကျောင်းများကို နယ်မြေခံ တပ်မတော် သားများက အသစ် ပြန် လည် တည်ဆောက် နေမှုကို ကြည့်ရှု အားပေး ပြီး ကျောင်းထိုင် ဆရာတော် များကို နဝကမ္မ အလှူငွေများ လှူဒါန်း ခဲ့ကြောင်း သတင်း ရရှိသည်။
Myanmar Express 

နိုင်ငံ “သိက္ခာရှိစွာ” ဒေါ်စု ဖြေရှင်းလိုကြောင်းပြော

Posted by drmyochit Friday, November 30, 2012, under | No comments


 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် သည် လက်ပံတောင်းတောင် စီမံကိန်းဒေသသို့ သွားရောက်ကာ ကြာသပတေးနေ့က ညနေ ၆ နာရီခန့်က ၈ မိနစ်ကြာ မိန့်ခွန်းတိုတရပ် ပြောကြားရာတွင် ကြေးနီစီမံကိန်း ပြဿနာအား တိုင်းပြည် “သိက္ခာရှိစွာ” ဖြေရှင်းလိုကြောင်း ပြောဆိုသွားသည်။ ဤ ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ “သိက္ခာရှိတဲ့ပုံစံနဲ့ ကျမ ဖြေရှင်းချင်ပါတယ်။ အဲဒီ့အတွက် ပြည်သူတွေကနေ ဝိုင်းပြီး ကူညီကြပါလို့ ကျမ မေတ္တာရပ်ခံချင်ပါတယ်” ဟု ဆားလင်းကြီးမြို့နယ်၊ ကံ့ကုန်းရွာတွင် ဒေါ်အောင်ဆန်း စုကြည် က မိန့်ခွန်းပြောသည်။
“ပြည်သူတွေလည်း သက်သာ၊ နိုင်ငံလည်း သိက္ခာရှိ” သည့် အေးချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းသွားလိုပြီး အောင်မြင်မည်/မအောင်မြင်မည်ကိုမူ အာမ မခံနိုင်သော်လည်း ပြည်သူလူထုနှင့် လက်တွဲနိုင်ပါက အောင်မြင်မည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။
ထို့ပြင် “ကျမ လုပ်ငန်းရှင်ဘက်ကို တွေ့ပြီးသွားပြီ။ သက်ဆိုင်ရာ ရွာသူရွာသားတွေနဲ့လည်း တွေ့မယ်။ ဒီလုပ်ငန်းကို ကန့်ကွက်တဲ့ ပြည်သူတွေနဲ့လည်း တွေ့ချင်တယ်။ အဲဒီ့အမြင်တွေကို ကြည့်ပြီးတော့ ကျမ တတ်နိုင်သလောက် ညှိပေးချင်တယ်” ဟု ကြားဝင်ဆောင်ရွက် ပေးလိုသောဆန္ဒကို ဒေါ်အောင်ဆန်း စုကြည်က ပြသခဲ့သည်။ အကောင်အထည် ဖော်နေဆဲ စီမံကိန်းများကို (မိမိတို့ဘက်မှ) တဖက်သတ် ဖျက်သိမ်းပါက နိုင်ငံတကာ၏ ယုံကြည်မှု ဆုံးရှုံးနိုင်သည်ဟု ဒေါ်အောင်ဆန်းစုကြည် က မီဒီယာများအား ပြောဆိုခဲ့ဖူးပြီး သဘောတူစာချုပ်များကို ဖျက်ရန်ကိစ္စမှာ အလွန် စဉ်းစားချင့်ချိန်ရမည့် ကိစ္စဖြစ်ကြောင်းလည်း ပြောဆိုထားသည်။
နယူးဒေလီ (မဇ္ဈိမ)

လက်ပန်းတောင်းတောင်အရေးထိန်းသိမ်းခံသံဃာ၇ပါးပြန်လွှတ်

Posted by drmyochit Friday, November 30, 2012, under | No comments


မန္တလေးမြို့မှာ ရောက်နေတဲ့ ဝိုင်းတော်သား ကိုသိန်းထိုက်ဦးကို လက်ပန်းတောင်းတောင် ကြေးနီစီမံ
ကိန်း သံဃာတော်တွေ ရှိနေတဲ့ သပိတ်စခန်းတွေကို ရဲက ဖြိုခွင်းပြီးနောက် နောက်ဆုံး အခြေအနေတွေ သိရအောင် ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်း ခဲ့တဲ့အခါမှာ ကိုသိန်းထိုက်ဦးက အခုလိုပြောပါတယ်။
ကိုသိန်းထိုက်ဦး- “ဟုတ်ကဲ့ခင်ဗျာ။ မနေ့က ကျနော် မုံရွာက မထွက်ခွာခင်၊ မုံရွာဆေးရုံကြီးကို ခဏဝင်ခဲ့ပါတယ်။ မုံရွာဆေးရုံကြီးမှာ ဆေးကုသမှုခံနေတဲ့ သံဃာတော်တွေကို ခဏတွေ့ခဲ့ရပါတယ်။ လူတော်တော်များများက ဆေးရုံကြီးကို လာပြီးတော့ သံဃာတော်တွေကို လှူဖွယ်ပစ္စည်းတွေ ဆပ်ကပ်ကြပါတယ်။ မုံရွာမြို့ခံတွေလည်း ပါပါတယ်။  နောက် မန္တလေးမြို့ခံ မန္တလေးကလူတွေ မုံရွာကို ရောက်လာကြတာတွေ့ရပါတယ်ခင်ဗျာ။ အနေအထားတွေကတော့ သံဃာတော်တွေဟာ မီးလောင်ထားတဲ့ ဒဏ်ရာဒဏ်ချက်တွေ ရထားတယ်ဆိုတော့၊ အခြေအနေတွေက တင်းမာမှုတွေ ရှိတယ်ဆိုပေမဲ့လည်း၊ မုံရွာရဲ့ အခြေအနေကတော့ ထပ်ပြီးတော့ အာဏာပိုင်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်မဲ့ အနေအထားမျိုးတော့ မရှိပါဘူးခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူထုတွေ့ဆုံ ပွဲကလည်းမနေ့က ညနေပိုင်းကျ မှပြီးသွားခဲ့တာပါခင်ဗျ။
ကိုဇော်ဝင်းလှိုင်- “ မနေ့က ညနေကတော့ အာဏာပိုင်တွေက ပထမရက်တွေက သူတို့ထိန်းသိမ်းထားတဲ့ သံဃာတော်တချို့ကို ပြန်လွှတ်လိုက်တယ် ကြားပါတယ် ခင်ဗျ။ အဲ့တာရော ဟုတ်ပါသလား။”
ကိုသိန်းထိုက်ဦး-“ဟုတ်ကဲ့ ခင်ဗျ။ သံဃာတော်ခုနှစ်ပါးကို မုံရွာထောင်မှာ ယာယီထိန်းသိမ်းပြီးတော့ ညနေပိုင်းမှာပဲ သူတို့ကို စစ်ဆေးမေးမြန်းတာတွေ လုပ်ပြီးတော့ ပြန်လွှတ်ပေးလိုက်တယ် လို့ပြောပါတယ်။ အဲ့ဒီ့အထဲက ပြန်လွတ်မြောက်လာတဲ့ သံဃာတော်တစ်ပါးကို ကျနော် ဖူးမျှော်ခွင့်ရခဲ့ပါတယ်။ သူကအခုလို မိန့်ကြားခဲ့ပါတယ်ခင်ဗျ။” လွတ်မြောက်သံဃာတော်-“အဲ့ဒီ့အထဲမှာ ထိခိုက်ဒဏ်ရာ ရတာကတော့ ပါပါတယ်။ ဘယ်နှစ်ပါး ပါလည်းဆိုတော့ အားလုံးငါးပါးပေါ့၊ ဆေးထိုးရတာတွေ၊ ဆေးသောက်ရတာတွေ၊ အဲ့လိုမျိုး လုပ်ရပါတယ်။ နောက်ဇာတိက က ကိုရင်တစ်ပါးက ပေါင်မှာ မီးလောင်တဲ့ ဒဏ်ရာတွေကြောင့် ရေကြည်ဖုတွေ ပေါက်နေတာကို သူတို့ ဆေးထည့်ပေးပါတယ်။ နောက်ပြီးတော့ နဖူးရဲ့ အပေါ်ပါးပေါ့ အရေပြားကြီး လန်သွားတာကိုလည်း သူတို့ဆေးထည့်ပေးပါတယ်။ အဲ့တာတွေတော့ သူတို့လုပ်ပါတယ်။ ဆေးထိုးတာတွေ၊ဆေးတိုက်တာတွေလုပ်ပါတယ်။”
ကိုသိန်းထိုက်ဦး- “ ဒါကတော့ ထိန်းသိမ်းခံရတဲ့ ဆရာတော်ဦးဝိမလ မိန့်ကြားသွားခဲ့တာပါခင်ဗျ။”
မန္တလေးမြို့မှာ ရောက်နေတဲ့ ဝိုင်းတော်သား ကိုသိန်းထိုက်ဦးကို လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း သံဃာတော်တွေ ရှိနေတဲ့ သပိတ်စခန်းတွေကို ရဲက ဖြိုခွင်းပြီးနောက် နောက်ဆုံးအခြေအနေတွေ သိရအောင် ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

VOA(မြန်မာပိုင်း)

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်