Monday, December 03, 2012
အမျိုးသား သစ္စာဖောက်များနှင့် စည်းကမ်းပျက် သစ္စာဖောက် လောက်ကောင်များ
Posted by drmyochit Monday, December 03, 2012, under | No comments
မြန်မာရာဇ၀င်တွင် တိုင်းတစ်ပါးသားနှင့် ပေါင်းကာ ပုန်ကန်တော်လှန်သည့် တောင်ငူဘုရင် နတ်သျှင်နောင် သည် ရာဇ၀င် ထဲက သစ္စာဖောက် ဖြစ်သည်။ ထိုမှ တစ်ဖန် ဗိုလ်ချုပ်အောင် ဆန်းနှင့် ခေါင်းဆောင်ကြီး များကို လုပ်ကြံ ခဲ့သည် ဦးစောမှာကား သမိုင်းထဲက သစ္စာဖောက်ဖြစ်သည်။ ထိုမှ တစ်ဖန် ယနေ့ခေတ် တွင်တော့ ဘင်္ဂလီအားပေး သစ္စာဖောက်များကို ဤသို့ အပြစ်ပေးကြလေသည်။
လက်ပန်းတောင်းတောင်အရေး ဆန္ဒပြသူနှစ်ဦး ထပ်မံဖမ်းဆီးခံရ
Posted by drmyochit Monday, December 03, 2012, under | No comments
လက်ပန်းတောင်း တောင်အရေးမှာ အစိုးရတာဝန် ရှိသူတွေက ကိုင်တွယ်ဖြေရှင်းခဲ့တာ ကိုမကျေနပ်တဲ့ အတွက် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေ ဒီကနေ့ ညနေပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်မှာ စုပေါင်း ဆန္ဒပြခဲ့ရာ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ဒုတိုင်းမှူး ဒုရဲမှူးကြီး ဦးသက်လွင်ကိုယ်တိုင် ဆန္ဒပြခေါင်းဆောင် နှစ်ဦးကို ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
ဒီကနေ့ ဖမ်းဆီးခံခဲ့ ရသူတွေဟာ Generation Wave အဖွဲ့က ကိုမိုးသွေးနဲ့ ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ရက်က ကိုအောင်စိုးတို့ နှစ်ဦးဖြစ်ပြီး ဗဟန်းမြို့နယ် ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်မှာရှိတဲ့ ကြေးသွန်း ဘုရားကြီးကနေ တာမွေအဝိုင်း ထိပ်ကို ချီတက် ဆန္ဒပြနေချိန် ရွှေဂုံတိုင်ဟိုတယ်အနီးမှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ အကြမ်းဖက် ဝင်ရောက်ဖမ်းဆီး ခဲ့တာနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ စာရေးဆရာ ဝေမှူးသွင်က RFA ကို အခုလိုပြောပါတယ်။  "ကျွန်တော်တို့က ကြေးသွန်းဘုရားရှေ့ကနေ တာမွေအဝိုင်း ကိုသွားတဲ့အခါမှာ ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ရက်က ကိုအောင်စိုးနဲ့ Generation Wave အဖွဲ့က ကိုမိုးသွေးရယ်ကို SSC ဆေးရုံနားမှာ ဖမ်းဆီးသွားတာ ကျွန်တော်တို့က မည်သည့် အကြမ်းဖက်မှုကိုမှ မပြုလုပ်ပါဘူး၊ နိုင်ငံသားတွေရဲ့ အခြေခံရ ပိုင်ခွင့်ဖြစ်တဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကိုအသုံးချတာဖြစ်ပါတယ်"
ဒီကနေ့ ဆန္ဒပြသူတွေဟာ သပိတ်စခန်းတွေက အကြမ်းဖက် ဖြိုခွင်းခံခဲ့ရသူတွေကို နိုင်တော်အစိုးရက ဝန်ချတောင်းပန်ရေး၊ လက်ပန်းတောင်းတောင် စီမံကိန်း ရပ်ဆိုင်းရေးနဲ့ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံအတွင်းက အမြန်ဆုံးထွက်ခွာသွားရေး စတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။
 ဒီကနေ့ဆန္ဒပြပွဲကို ရန်ကုန်မြို့မှာ ရှိတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အင်အား ၆၀ ကျော်ပါဝင်ခဲ့ပြီး၊ ဒီကနေ့ဟာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းက သပိတ်စခန်းတွေကို အကြမ်းဖက် ဖြိုခွဲပြီးနောက် တတိယမြောက်နေ့ အဖြစ် ရန်ကုန်မှာ ဆန္ဒပြတာ ဖြစ်ပါတယ်။ Generation Wave မျိုးဆက်သစ် လူငယ်များအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမိုးသွေးနဲ့ နိုင်ငံရေး အကျဉ်း သားဟောင်းများ အဖွဲ့ကတစ်ဦးကို ဒီကနေ့ ဒီဇင်ဘာလ ၂ ရက်နေ့ ညနေပိုင်းက ရဲတပ်ဖွဲ့ဝင်တွေက ကိုမိုးသွေးတို့စီးလာတဲ့ အငှားယာဉ် တက္ကဆီကို လမ်းပိတ်တားပြီး ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
စုံစမ်းရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင် ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးတို့အား အယုံအကြည်မရှိသဖြင့် လက်ပံတောင်းတောင်အရေး ဆန္ဒပြမှုများ နိုင်ငံအဝှမ်း ဖြစ်ပေါ်နေ
Posted by drmyochit Monday, December 03, 2012, under | No comments
 စုံစမ်းရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင် ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးတို့အား အယုံအကြည်မရှိသဖြင့် လက်ပံတောင်းတောင်အရေး ဆန္ဒပြမှုများ  နိုင်ငံအဝှမ်း  ဖြစ်ပေါ်နေ ကြောင်း သတင်းရရှိသည်။ ဆန္ဒပြသူများသည် ငြိမ်းချမ်းစွာ တန်းစီဆန္ဒပြခွင့် ဥပဒေကို ချိုးဖောက်ကာ ကြိုတင်မလျှောက်ထားပဲ စည်းမဲ့ကမ်းမဲ့ ဆန္ဒပြခဲ့ကြပြီး တရားဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဌမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဖြစ်သည်။
ကားအရေအတွက် များလာသဖြင့် လမ်းတွင် ကားကြပ်ရသည့်အထဲ လမ်းပိတ်ဆို့ ဆန္ဒပြမှုများကြောင့် ဆန္ဒပြသူများကို လူထုက စိတ်ပျက်လျှက်ရှိပြီး ယခု ဆန္ဒပြမှုသည် လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင် ဥက္ကဌ နှင့် တရားဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား သောက်ပေါ ဖြစ်အောင် လုပ်သလို ဖြစ်နေကြောင်း လေ့လာသူများက သုံးသပ်ကြသည်။
Myanmar Express 
ထန်းတပင် တူးချောင်းကျေးရွာအုပ်စုမှ NLD ပါတီဝင် ၁၂၀ နှုတ်ထွက်
Posted by drmyochit Monday, December 03, 2012, under | No comments
အချင်းချင်း စိတ်ဝမ်းကွဲ ကုန်ကြပြီး  ဒီဇင်ဘာ ၂ ရက် ယနေ့ ဒီဇင်ဘာ ၂ ရက် နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ တူးချောင်းကျေးရွာအုပ်စုမှ NLD ပါတီဝင် ၁၂၀ နှုတ်ထွက်ကြောင်းသိရသည်။ တူးချောင်းကျေးရွာ၊ ကလီကျေးရွာ၊ ကျောက်ကြီးကျေးရွာ တို့မှ ရပ်ကျေးပါတီတွင်း လုပ်ပိုင်ခွင့်နေရာ မရရှိခြင်းကြောင့် ပါတီဆိုင်း ဘုတ်များဖြုတ်ကာ စုပေါင်းနှုတ် ထွက်ကြခြင်းဖြစ်ပြီး၊ ပါတီဝင် ဟောင်းများက ဦးဆောင်ခဲ့ကြ ကြောင်းသိရသည်။
Myanmar Express 
အင်ဂျင်နီယာ ဒီပလိုမာသင်တန်းများအတွက် အခမဲ့ပညာသင်ဆုများ Glory မှ ချီးမြှင့်မည်
Posted by drmyochit Monday, December 03, 2012, under | No comments
Glory သင်တန်းကျောင်းတွင် (UK) အင်ဂျင်နီယာ ဒီပလိုမာ သင်တန်းများနှင့် အဆင့်မြင့် အသက်မွေးဝမ်း ကျောင်း အတတ် ပညာ ရပ်များ သင်ကြားပို့ချလျက်ရှိရာ အဆိုပါပညာရပ် များကို စိတ်ပါ ဝင်စား သော်လည်း ငွေကြေးအခက် အခဲ ရှိသော လူငယ်များအ တွက် ကူညီ ထောက်ပံ့ရန် ရည်ရွယ်ကာ Glory မှ နှစ်စဉ်ပညာသင်ဆု Scholarship များ ပေးအပ်လျက်ရှိသည်။ ပြီးခဲ့သော (၆)နှစ် တာကာ လအတွင်း ၎င်းပညာသင်ဆုကို လူငယ် ၁၁၂ ဦးကို ရွေးချယ် စိစစ်ပေးအပ် ခဲ့ပြီး ၂ဝ၁၃ ပညာသင်နှစ် အတွက်လည်း ပညာသင် ဆုများ ချီးမြှင့်မည်ဖြစ် သည်။
ယခင် ပညာသင်ဆု ပေးအပ်လေ့ရှိသော City & Guilds (UK) ၏ Level(3) အင်ဂျင်နီယာ ဒီပလိုမာ သင်တန်း (၆) မျိုးအပြင် ယခုအကြိမ်တွင် Level(5) အဆင့်ရှိ Advanced Diploma သင်တန်း(၄)မျိုး အတွက်ပါ တိုးချဲ့ပေးအပ်မည်ဖြစ်ရာ စုစုပေါင်း သင်တန်းသား ၂ဝ ဦးကို Scholarship ရွေးချယ်ချီးမြှင့် မည်ဖြစ်သည်။ သင်တန်းကာလမှာ ခြောက်လမှ တစ်နှစ်အထိ ကြာမြင့်မည်ဖြစ်ပြီး အဆိုပါ သင်တန်းများတွင် City & Guilds (UK) ၏ သင်ရိုးညွှန်းတမ်းအတိုင်း စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်သည်။ င်္
Full Scholarship ရရှိသူသည် သင်တန်းကြေးနှင့် စာရွက်စာတမ်း ကြေးများ ကင်းလွတ် ခွင့်ဖြင့် တက်ရောက် ပညာသင်ကြား နိုင်မည်ဖြစ်ပြီး Level(3) သင်တန်းများအတွက် အခြေခံပညာ အထက် တန်း အောင်မြင်ပြီး သူတိုင်း လျှောက်ထားနိုင်ပြီး Level(5) သင်တန်းများအတွက် ပြည် တွင်း၊ ပြည်ပမှ အင်ဂျင်နီယာ ဒီပလိုမာတစ်ခုခု ရထား သူများလျှောက် ထားနိုင်သည်။ လျှောက် ထားသူများကို စာမေးပွဲစနစ်ဖြင့် စိစစ် ရွေးချယ်ကာ အခမဲ့ သင်တန်း တက် ရောက်ခွင့်ပြု မည်ဖြစ် သည်။ အဆိုပါသင်တန်းကို စိတ်ပါဝင်စား သူများသည် ဒီဇင်ဘာ ၈ ရက် နောက် ဆုံးထား၍ အမှတ် (၁၃၈/၁၄ဝ) ဒုတိယထပ် ပန်းဆိုးတန်းလမ်းနှင့်မဟာဗန္ဓုလလမ်းထောင့်။         ကျောက်တံ တားမြို့နယ်  ရန်ကုန်တိုင်းဒေသကြီး ဖုန်း-ဝ၁-၇၃၁- ၂၁၇၁၇၊ ဝ၉-၅၁၉၇၈၁၇၊ Website www.glory-education.com(Kyaw Home Mart) နှင့် စာပေလောက(၅) အပေါ်ထပ်သို့ လူကိုယ်တိုင်လာ ရောက်လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။
မင်းကိုနိုင်၊ ကိုကိုကြီးနှင့် ၈၈ မျိုးဆက်ကျောင်းသားများသို့....
Posted by drmyochit Monday, December 03, 2012, under | 1 comment
၈၈ မျိုးဆက်ဆိုတာ..မဆလ ခေတ်မှာ ဖိနှိပ်ခံကျောင်း သားတွေရဲ့ ရုန်းထွက်တဲ့ သမိုင်းခြေ ရာတွေ ဖြစ်ခဲ့တာ အမှန်ပါ.. သူတို့တွေကြောင့် လည်း..မဆလ တစ်ပါတီစနစ် ပျက်သုန်းခဲ့ရတာကို ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ပြောရရင်တော့ ၈၈ ကျောင်းသား များဆိုတာ ခံယူချက်၊ ယုံကြည်ချက် ကောင်းခဲ့ပါတယ်။ ဒါပေမဲ့ ပညာဆုံးခန်းတိုင် မသင်ခဲ့ရဘူး။ ဘ၀ရဲ့အချိန်အများစု ထောင်ထဲမှာ ဖြတ်သန်းခဲ့ရတယ်။ ဒါကြောင့် တွေးခေါ်မျှော်မြင်မှု အားနည်းတယ်။ မိမိကျွမ်းကျင်ခဲ့တဲ့ လုပ်ငန်းတွေဖြစ်တဲ့ အစိုးရရဲ့ အားနည်းချက်ကို ရှာဖွေဖော်ထုတ် တွန်းလှန်တဲ့ လုပ်ငန်းနဲ့ အဲဒီလုပ်ငန်းအတွက် အထောက်အကူပြုတဲ့ အမြင်နဲ့ပဲ မြင်တတ်တွေးတတ်တယ်။ ဒါကြောင့် စစ်အစိုးရ ခေတ်ကနေ ဒီမိုကရေစီခေတ် ပြောင်းသွားတာကို မသိဘဲနဲ့ ဘယ်နားမှာ ဆူဆူပူပူဖြစ်နေပြီလဲ။ ၈၈ တို့ရောက်နေပြီ။ ဟိုနားမှာ စုရုံးစုရုံးဖြစ်နေပြီ။ ၈၈ တို့ဦးဆောင်ပြီ။ ဒ်ီနားမှာ လှုပ်ရွလှုပ်ရွဖြစ်နေပြီ။ ၈၈တို့ ဆွနေပြီ။ အမှန်တော့ ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ သတ္တိနဲ့ စွန့်လွှတ်မှုတွေက တိုင်းပြည်အတွက် အားဖြစ်နိုင်ရင် အရမ်းတန်ဘိုးရှိပါတယ်။ ဒါပေမဲ့ ပညာနဲ့ အတွေ့အကြုံနည်းပါးပြီး မိမိလုပ်ရပ်အပေါ် အရမ်းအထင်ကြီး လွန်းရင် ဖျက်မြင်းဖြစ်သွားမှာကို သတိပြုပါ။ လောကမှာ အပြုလုပ်ငန်းက ခက်ခဲပြီး အဖျက်လုပ်ငန်းက လွယ်ပါတယ်။ ခိုင်မာတဲ့ အဆောက်အအုံကြီးတစ်ခု၊ ကြီးမားတဲ့ တံတားကြီး တစ်စင်းဖြစ်ဖို့ဆိုတာ အချိန်တွေ၊ အင်အားတွေ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး ပေးဆပ်ပြီးမှ ရနိုင်ပေမဲ့ ဖျက်ချင်ရင် ယမ်းထုပ် ပေါင်ဂဏန်းလောက် နဲ့ဖျက်လိုက်လို့ရပါတယ်။
ဒါကို မင်းတို့ဒီလောက် လုပ်ထားတာ ငါတစ်ချက်ပဲ ဖျက်နိုင်တယ် ဆိုရင်တော့ အောက်တန်းကျတဲ့ အတွေးအခေါ်၊ အဆင့်နိမ့်ပါးတဲ့ လူရိုင်းအသိဥာဏ် ရှိတဲ့လူလို့ပဲ ပြောရမှာပါ။ နောက်ပြီး တိုင်းပြည် တိုးတက်ဖို့ဆိုတာ မူလရှေးရိုးလက် ဟောင်းတွေထဲက အချို့ကို တွန်းလှန်ရမယ်။ ပြုပြင်ပြောင်းလဲ ရမယ်ဖြစ်ပါတယ်။ အနော်ရထာမင်း လက်ထက်မှာ အရည်းကြီး သာသနာကို တွန်းလှန်ဖြိုခွဲခဲ့လို့ ဒီကနေ့ ဗုဒ္ဓဘုရားကို မြင်တွေ့နေရတာပါ။ အဲဒီခေတ်က သေတဲ့လူမှန်သမျှ နတ်ဖြစ်ကုန်ပြီး နတ်တွေများလွန်းလို့ နတ်လှောင် ကျောင်းထဲမှာ သံကြိုးတုတ်ပြီးချုပ်နှောင်ခဲ့လို့ အခု အတွင်း ၃၇ မင်းနဲ့ အပြင် ၃၇ မင်းလောက်ပဲကျန်ခဲ့တာပါ။ ဒါတွေဟာတော်လှန်လို့ အတွေးသစ်အမြင်သစ်နဲ့ ဆန့်ကျင်ခဲ့လို့ဒီလိုဖြစ်လာတာပါ။
အခု မြန်မာနိုင်ငံဟာ နိုင်ငံတကာ အသိအမှတ်ပြုရ တဲ့အထိ လျင်မြန်သော နှုန်းထားနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေကို ပြောင်းလဲနေပါတယ်။ ဒီနေရာမှာ မဲပြာပုဆိုးဇာတ်လမ်းနဲ့ အစိုးရရဲ့အားနည်းချက်တွေပဲထောက်ပြပြီး ခေါင်းဆောင် နေရာနေချင်ရင်တော့ ၈၈ မျိုးဆက်တွေရဲ့ မူလရည်မှန်းချက် ခံယူချက်တွေနဲ့ သွေဖီကုန်မှာပါ။ တိုးတက်ဖို့ဆိုတဲ့နေရာမှာ တဲကုတ်မှာပဲနေ၊ ထင်းနဲ့မီးမွှေး၊ သစ်ခေါက်တွေနဲ့ ချည်ထည်လုပ်ပြီး ရှိတဲ့အရင်းအမြစ်တွေကို ထိုင်ကြည့်နေမလား၊ ခုတ်သင့်တာခုတ်၊ တူးသင့်တာတူးပြီး ဘ၀တန်ဖိုးမြှင့်တင်မလား။ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားတတ်ဖို့လိုပါမယ်။ဒီမှာပြောစရာရှိပါတယ်။
ဒီလိုအတွက် ထိခိုက်နစ်နာမှုတွေ ကိုဒီအတိုင်းခံ နေရမှာလား ဆိုပြီး ပြည်သူအကျိုး ကြည့်သလိုလိုနဲ့ အမှတ်ဝင်ယူတဲ့ မေးခွန်းတွေရှိပါတယ်။ သားသမီးတွေကို တိုးတက်စေချင်ရင် နေရာတကာ အလိုလိုက်လို့မရပါဘူး၊ တစ်ခါတစ်ရံမှာ ရိုက်နှက်ဆုံးမရမှာပါပဲ။ ဒါဟာ ကောင်းစေချင်လို့ပါ။ ခုနကပြောခဲ့သလိုပဲ ၈၈ တွေရဲ့အားဟာ တိုင်းပြည်ရဲ့အားပါဘဲ။ ဒီအားကိုဆန့်ကျင်ဖက်မှာပဲ အသုံးချနေမှာလား၊ အသုံးချတတ်သလား။ ပြောချင်တဲ့အဓိက အကြောင်း ရင်းကတော့ လက်ပန်းတောင်းတောင် စီမံကိန်းပြသနာမှာ ဦးဆောင်တယ်။ ကော်မရှင်ဖွဲ့ ပေးဖို့တောင်းဆိုတယ်။ ဒါအစိုးရကို အတိုက်အခံလုပ်တဲ့ အဖျက်သဘောပေါ့။ ကဲ ..အခု နိုင်ငံတော်က ၈၈ တွေကို ကော်မရှင်အဖွဲ့ ထဲမှာတာဝန်ပေးတယ်။ ဒီအရာက ပြည်သူတွေအတွက်ပဲလေ။
ရှင်းရှင်းလင်းလင်းသိရရင် ပြည်သူတွေအတွက် ရှင်းရှင်းလင်းလင်း ကောင်းရင်ကောင်း တယ်၊ ဆိုးရင်ဆိုးတယ်ပြောလို့ရတာပေါ့။ ဒါက အပြုသဘောပေါ့။ ၈၈ မျိုးဆက်များ နဖူးပေါ် လက်တင်ပြီးစဉ်းစားပါ။ မြန်မာပြည်ဟာ တစ်ပါတီစနစ်မဟုတ်တော့ဘူး။ အာဏာနဲ့အုပ်ချုပ် တဲ့စစ်အစိုးရ မဟုတ်တော့ဘူး။ သမ္မတလက်မှတ်မထိုးလဲ ဥပဒေက အတည်ဖြစ်နိုင်တဲ့ ခေတ်ကိုရောက်နေပြီ။ ဘာဖြစ်လို့ ဂဏန်းလိုကန့်လန့် ပဲသွားချင်ရတာလဲ။ ကိုယ့်ဘ၀ရဲ့ အတွေ့အကြုံအရ၊ ကျွမ်းကျင်မှုအရ ဘေးတိုက်ပဲသွားနေ တတ်ရင်တောင်မှ အခုလိုအခြေအနေမှာ မိမိကိုယ်ကို ဘေးစောင်းနေပြီး သူများနဲ့ဘာလို့ မလိုက်ချင်ရတာလဲ။ ဒီလိုကန့်လန့်တွေက တိုင်းပြည်အတွက် ဆူးညှောင့်ခလုတ်၊ တိုးတက်မှုအတွက် အနှောင့်အယှက်ဆိုတာ သိရဲ့လား၊ မြန်မာပြည်မှာ လူပေါင်း သန်း၆၀ ရှိတယ်။ သန်း ၅၀ တိုးတက်ဖို့ ၁၀သန်းရဲ့ကန့်ကွက်မှုကို တားဆီးမှုကို ရှင်းလင်းကျော်ဖြတ် မသင့်ဘူးလား။ ဒီလို အကျိုးရှိမရှိ ကော်မရှင်ထဲဝင်ပါပြီး အညင်သာ ဆုံးနည်းလမ်းနဲ့ မဖြေရှင်းသင့်ဘူးလား။ မြန်မာပြည်သူတွေ ဒီမိုကရေစီ အတွေ့အကြုံမရှိသေးဘူး။ ဆန္ဒပြလို့ရမှန်း သိလာတော့ အလကားနေရင်း ဆန္ဒြပချင်တယ်။ လူနည်းနည်းများလာရင် ထင်ပေါ်ချင်လာတယ်။ ဒါတွေဟာ နောင်ကျရင် ရှက်စရာဆိုတာ အလိုလိုသိလာပါလိမ့်မယ်။ ဒီလို အုတ်ရောရော ကျောက်ရောရောမှာ ဆရာကြီးလုပ်ချင်တဲ့စိတ်ကို ဖျောက်ပြီး တိုင်းပြည်တိုးတက် ဖို့ဝိုင်းဝန်းဆောင်ရွက်ပါ၊ မသိနားမလည်လို့ ထကြွနေတာကို ထပ်ဖွမနေပါနဲ့။
အမှန်ကို မြင်အောင်ကြည့်ပြီး ခံစားနေရတဲ့ ပြည်သူတွေ ကျေလည်လာအောင်၊ ယုံကြည်လာအောင် အခြေအနေမှန် ကိုလေ့လာပြီး ရှင်းပြသင့်ပါတယ်။ လေ့လာလို့မှ တိုင်းပြည်နဲ့ပြည်သူ တွေအတွက် အကျိုးအမြတ်မရှိရင်လဲ ပြတ်ပြတ်သား သားဖော်ထုတ်ပြီး ဆန့်ကျင်ကြရမှာပေါ့။ ခုတော့ ကော်မရှင်ဖွဲ့ပေးပါ တောင်းဆိုပြီး ကော်မရှင်ထဲထဲ့တော့ မ၀င်နိုင်ဘူးလုပ်တယ်။ ဖွတဲ့၊ ဆွတဲ့ ခေတ်ကုန်နေပြီ။ စေ့စေ့စပ်စပ် လေ့လာပြီးမှ တိတိကျကျ ထောက်ပြဝေဖန်တဲ့ ခေတ်ရောက်နေတာ ၈၈ ကျောင်းသားများ သတိထားကြပါ။ အနေမမှန်ရင် ၈၈ ဆိုတာ သမိုင်းမှာနာမည်ပျက် ဖြစ်သွားနိုင်ပါတယ်လို့ပြောလိုက်ချင်ပါတယ်။
  Myanmar Express 
တရုတ်အစိုးရ ပြုပြင်ပြောင်းလဲဖို့ မျက်မမြင်တက်ကြွသူ တိုက်တွန်း
Posted by drmyochit Monday, December 03, 2012, under | No comments
တရုတ်အစိုးရရဲ့ ခေါင်းဆောင်တွေ အထူးသဖြင့် နောက်တက်မယ့် ခေါင်းဆောင်သစ် အနေနဲ့ တိုင်းပြည်မှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာစေဖို့နဲ့ တရားဥပဒေ စိုးမိုးမှုရှိစေရေး ဆောင်ရွက်ဖို့ ပြည်ပရောက် တရုတ်မျက်မမြင် တက်ကြွ လှုပ်ရှားသူ ချန်ဂွမ်ချမ်း (Chen Guangchen) ကတိုက်တွန်း လိုက်ပါတယ်။ အိမ်နီးချင်း မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာတ၀ှမ်း နိုင်ငံရေး အပြောင်းအလဲတွေ ပေါ်ပေါက်နေချိန်မှာ တရုတ်နိုင်ငံလည်း ပြောင်းလဲဖို့ အချိန်တန်နေပြီလို့ သူက ပြောလိုက်တာပါ။  အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး တင်ပြထားပါတယ်။
နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးခံခဲ့ရ ပြီးတဲ့နောက် အခုအခါ အမေရိကန် ပြည်ထောင်စုမှာ ရောက်ရှိနေတဲ့ တရုတ်မျက်မမြင် တက်ကြွလှုပ်ရှားသူ ချန်ဂွမ်ချမ်းက ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကျရောက်မယ့် လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အကြိုအဖြစ် တရုတ်ခေါင်းဆောင်တွေကို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ် ပြန့်ပြန့် ရှိနေတဲ့ တရုတ်နိုင်ငံမှာ ရှေ့လထဲ သမ္မတအဖြစ် တာဝန်ယူတော့မယ့် ရှီကျင်းပင် အနေနဲ့ ဒီအခြေအနေတွေကို တားဆီးနိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေတယ်လို့ နယူးယောက်မြို့မှာ ရိုက်ကူးထားတဲ့ ဗွီဒီယိုမှတ်တမ်းထဲမှာ သတိပေးလိုက်တာပါ။ “ခင်ဗျားကိုယ်တိုင်က မသမာသူ တယောက် ဖြစ်နေမယ်ဆိုရင် တိုင်းပြည်ကို တရားနဲ့အညီ ဘယ်လို အုပ်ချုပ်မှာလဲ? မစ္စတာ ရှီကျင်းပင်း ခင်ဗျား၊ တိုင်းပြည်က ခင်ဗျားကို စောင့်ကြည့်နေ ပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ လူထုနဲ့ ကောင်းကင်ဘုံက တောင်းဆိုတာကို လိုက်နာသည်ဖြစ်စေ၊ အစိုးရကို ပြန်ပေးဆွဲပြီး ကွန်မြူနစ်ပါတီရဲ့ အာဏာကိုပဲ ဆက်ထိန်းထား ထိန်းထား၊ တရုတ်ပြည် အနေနဲ့ကတော့ အသွင်ကူးပြောင်းတဲ့ နေရာမှာ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြစ်မလား၊ အကြမ်းပတမ်း ဖြစ်မလားဆိုတာပါပဲ။”
တချိန်တည်းမှာ တရုတ်အစိုးရအနေနဲ့ စီးပွားရေးနဲ့ ကုန်သွယ်မှုတွေ တိုးမြှင့်ပြီး လူ့အခွင့်အရေး ပြဿနာတွေကို မျက်ကွယ်ပြုနေတယ် ဆိုပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းကိုလည်း တရုတ် တက်ကြွလှုပ်ရှားသူ ချန်ဂွမ်ချမ်းက ဝေဖန်သွားပါတယ်။ ပြည်ပကို ထွက်ခွာလာပြီးတဲ့နောက် တူဖြစ်သူကို အာဏာပိုင်တွေက ကိုယ်ထိလက်ရောက် စော်ကားမှုနဲ့ ထောင်ဒဏ် ၃ နှစ် စီရင် ခဲ့တဲ့ အပေါ်မှာလည်း လက်တုံ့ပြန် အရေးယူတဲ့ လုပ်ရပ်တခု အဖြစ်နဲ့ သူက ပြစ်တင် ပြောဆိုခဲ့တာပါ။ ဒီလိုပဲ တက်ကြွလှုပ်ရှားသူ အများအပြား ဆက်လက် ဖမ်းဆီးခံနေရတာတွေ အဆုံးသတ်ဖို့ မြန်မာနိုင်ငံက အခြေအနေတွေနဲ့ နှိုင်းယှဉ် တိုက်တွန်းသွားပါတယ်။
“အခုအခါ ဒေါ်အောင်ဆန်းစုကြည်လည်း လွတ်မြောက်လာပါပြီ။ လူရှား၊ ဟူးဂျား၊ ၀မ် လီဟောင်၊ ဂျန် တီယန်ယောင်နဲ့ တခြားသူတွေ ဘယ်တော့မှ လွတ်လာကြမှာပါလဲ? ဦးသိန်းစိန်က သူ့ကို အတိုက်အခံ လုပ်သူတွေကို လွှတ်ပေးခဲ့ပါတယ်။ ဂေါင် ဇီရှန်း၊ လူရှောင်ဘို၊ ဂေါင် ကွမ်း၊ ယန် တီယန်ရှုး၊ နီယူလန်း၊ ၀ီဂါခရစ်ယာန် အလီမူဂျန် နဲ့ ကျီချောင်ဝှေး တို့လို ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ ဘယ်အချိန်မှာ လွတ်မြောက်ကြမှာပါလဲ? ဦးသိန်းစိန် ရဲ့ ပွင့်လင်းတဲ့ စိတ်ဓာတ်ကြောင့် လူထုရဲ့ ထောက်ခံမှု ရခဲ့သလို၊ နိုင်ငံတကာကလည်း အသိအမှတ်ပြုတာ ခံရပါတယ်။ ဦးသိန်းစိန် တောင် လုပ်နိုင်တဲ့ ကိစ္စကို မစ္စတာ ရှီကျင်းပင် မလုပ်နိုင်ဘူး ဆိုရင်တော့ ဒါဟာ မလုပ်နိုင်တာထက် မလုပ်တာ ဆိုတာကရှင်းပါတယ်။”
တရုတ်နိုင်ငံသားတွေ အနေနဲ့လည်း ကိုယ်ပိုင် အခွင့်အရေးအတွက် ကိုယ်တိုင် တိုက်ပွဲဝင်ဖို့နဲ့ စည်းလုံးညီညွတ်မှု ရှိဖို့ လိုတယ်လို့ ချန်ဂွမ်ချမ်းက တိုက်တွန်းခဲ့တာပါ။ မျက်မမြင် လူ့အခွင့်အရေး လှုပ်ရှားသူ ရှေ့နေ ချန်ဂွမ်ချမ်း ဟာ နေအိမ်အကျယ်ချုပ် ကျခံနေရာက ဧပြီလထဲ ထွက်ပြေးပြီး အမေရိကန် သံရုံးမှာ ခိုလှုံခဲ့တာပါ။ နောက်ပိုင်းမှာတော့ အမေရိကန်နဲ့ တရုတ်အစိုးရ တာဝန်ရှိသူတွေကြား စေ့စပ်ညှိနှိုင်းပြီး ပြည်ပကို ထွက်ခွာခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။
from -voa
အီဂျစ်လူထုဆန္ဒခံယူပွဲ ထိပ်တန်းတရားသူကြီးတွေ သပိတ်မှောက်မည်
Posted by drmyochit Monday, December 03, 2012, under | No comments
အီဂျစ်နိုင်ငံမှာ အခြေခံဥပဒေသစ်တရပ် အသက် သွင်းနိုင်ဖို့ လာမယ့် ဒီဇင်ဘာ ၁၅ ရက်နေ့မှာ လူထုဆန္ဒခံယူပွဲ ကျင်းပတဲ့အခါမှာ ခါတိုင်း ဦးဆောင် ကြီးကြပ်နေတဲ့ အီဂျစ်ရဲ့ သြဇာလွှမ်းမိုးမှု အရှိဆုံး တရားသူကြီးတွေ အဖွဲ့က သပိတ်မှောက်မယ်လို့ ဆိုလိုက်ပါတယ်။ တနင်္ဂနွေနေ့က အစိုးရပိုင်သတင်း မီနာ ရဲ့ ကြေညာချက်အရ အီရန်ထိပ်တန်း တရားသူကြီး အဖွဲ့က ဆန္ဒခံယူပွဲကို သပိတ်မှောက်ဖို့ တညီတညွတ်တည်း ဆုံးဖြတ်ပြီးပြီလို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။
အရင်လက အီဂျစ်သမ္မတ မိုဟာမတ်မော်စီရဲ့ နိုင်ငံရဲ့ အကြွင်းမဲ့အာဏာ ထိန်းချုပ်နိုင်ဖို့ ကြိုးစားခဲ့ချိန်ကစလို့ အီဂျစ်နိုင်ငံရဲ့ ထိပ်တန်း တရားသူကြီးအများစုက သပိတ်မှောက်ခဲ့ကြပါတယ်။ တနင်္ဂနွေနေ့ကတော့ နိုင်ငံရဲ့ အမြင့်ဆုံး တရားရုံး တရားသူကြီးတွေ စုရုံးပြီးတော့ သူတို့အဆို စိတ်ပိုင်း ရုပ်ပိုင်းအရ ဖိအားပေးမှု ခံရတဲ့ တရားရေးတာဝန်တွေကို ရပ်ဆိုင်းထားလိုက်တယ်လို့ ပြောကြား လိုက်ပါတယ်။
တရားရုံးအပြင်ဘက်မှာ သမ္မတကို ထောက်ခံတဲ့ ရာနဲ့ချီတဲ့ လူအုပ်ကြီး စုရုံးနေတဲ့ အတွက်ကြောင့်မို့ တနင်္ဂနွေနေ့က အခြေခံဥပဒေဆိုင်ရာ ဗဟို တရားရုံးထဲကို သူတို့ ၀င်ရောက်ဖို့အတွက် စိုးရိမ်တယ်လို့ တရားသူကြီးတွေက ပြောဆိုကြပါတယ်။ သူတို့အနေနဲ့ အခြေခံ ဥပဒေသစ် ရေးဆွဲရေးအဖွဲ့နဲ့ အထက်လွှတ်တော် အပါအ၀င် အစ္စလာမ်ဝါဒီတွေ လွှမ်းမိုးထားတဲ့ အဖွဲ့နှစ်ခုကို ဖျက်သိမ်းနိုင်ဖို့အတွက် မူလတုန်းက စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ အခြေခံဥပဒေသစ် ရေးဆွဲရေးဆိုင်ရာ အစည်းအဝေးရဲ့တရားဝင်မှုကို စစ်ဆေးဖို့ လိုတယ်လို့လည်း တရားရုံးချုပ်က ပြောဆိုပါတယ်။ သဘောထား ပျော့ပြောင်းတဲ့ ခရစ်ယာန် အဖွဲ့ဝင်တွေ ၃၀ လောက်ကတော့ အခြေခံဥပဒေ ရေးဆွဲရေးအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို သူတို့သဘော မတူဘူးလို့ မကြာခင်တုန်းက ပြောဆိုခဲ့ပါတယ်။
အီဂျစ်သမ္မတ မိုဟာမက် မော်စီက ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ အခြေခံဥပဒေသစ်ကို အသက်သွင်းဖို့ အတွက် လူထု ဆန္ဒခံယူပွဲတရပ် ကျင်းပမယ်လို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။
from-VOA
အမျိုးသားနေ့တွင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးရပ်ဇာတိ နတ်မောက်မြို့သို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်မည်
Posted by drmyochit Monday, December 03, 2012, under | No comments
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာလ ၈ ရက်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင် ကျရောက်သော အမျိုးသားနေ့တွင် သူမ၏ဖခင် အမျိုး သားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးရပ်ဇာတိ နတ်မောက်မြို့နှင့် တောင်တွင်းကြီး၊ မြို့သစ်၊ မကွေး၊ ရေနံချောင်းမြို့များသို့ သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နတ်မောက်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် အမျိုးသားနေ့ အခမ်းအနားသို့ သွားရောက်မည်ဖြစ်ပြီး နေပြည်တော် မှတစ်ဆင့် တောင်ညို၊ ချောင်းနက်၊ တောင်တွင်းကြီးလမ်းမှ အဆိုပါမြို့ များသို့ သွားရောက်မည်ဖြစ်ကြောင်း၊ အဆိုပါမြို့နယ်များတွင် ပြည်သူလူထုနှင့် တွေ့ဆုံဟောပြော ပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
''အန်တီ စုက တောင်တွင်းကြီး မြို့သစ်လမ်းကနေ နတ်မောက်ကို သွားမှာပါ။ အဲဒီနေ့ ညနေပိုင်း မကွေးကိုကူးလာပြီး ပြည်သူလူထုနဲ့ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ပါမယ်။ မကွေးမှာ တစ်ညအိပ်ပြီး နောက်နေ့မှာ ရေနံချောင်း၊ ကျောက်ပန်းတောင်း မြို့တွေကတစ်ဆင့် ပုဂံညောင်ဦးကို သွားရောက်မှာပါ'' ဟု မကွေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။
ယခုခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက် ပြီးနောက် မကွေးတိုင်းဒေသကြီးသို့ ပထမဆုံးသွားရောက်မည့် ခရီးစဉ်ဖြစ်ကြောင်း၊ ကြားဖြတ် ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် မကွေး တိုင်းဒေသကြီးသို့ သွားရောက်ရန် စီစဉ်ခဲ့သော်လည်း ကျန်းမာရေး အခြေ အနေကြောင့် မသွားရောက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
နန်းခင်ဇေယျာ၏ ပေးဆပ်မှုနိဒါန်း
Posted by drmyochit Monday, December 03, 2012, under | No comments
၂.၁၂.၂ဝ၁၂ ရက်နေ့ နံနက် (၁ဝးဝဝ) နာရီအချိန်တွင် လစဉ်လတိုင်း ပထမပါတ်တနင်္ဂနွေနေ့ သည် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လုပ်အားပေး အသင်းသား/သူများ၏ လပါတ်အစည်းအဝေး ကျင်းပသည့် နေ့ရက်ဖြစ်ပေသည်။  အစောပိုင်းတွင် အလုပ်အမှုဆောင် အစည်းအဝေးကျင်းပချိန်၌ ဥက္ကဋ္ဌ ဦးကျော်သူအား ဧည့်သည်  ရောက်နေကြောင်း အစည်းအဝေးခန်းသို့ အကြောင်းကြားခဲ့ပြီးမကြာ ဦးကျော်သူ ထွက်လာခဲ့ရာ ဧည့်သည် ဆိုသူသည် နန်းခင်ဇေယျာဖြစ်နေပြီး ယခင်ပထမအကြိမ် လာရောက် ခဲ့စဉ်နှင့်မတူ၊ မမှတ်မိတော့  လောက်အောင် ပုံစံပြောင်းလဲနေသည့် အတွက်အံ့သြ မှင်သက်မိသည်။
 ပထမအကြိမ် လာစဉ်ကနှင့်မတူ မြန်မာဆန်ဆန် ဆံပင်စီးလေးနဲ့ အင်္ကျီအဖြူ ရင်ဖုံးလက်ရှည်၊ လုံချည် အနက်ဖြင့် လွန်စွာမှ ကျက်သရေအပေါင်းနှင့် ပြည့်စုံနေသည်။ ထိုကဲ့သို့ ဝတ်စားဆင်ယင်မှု မြန်မာဆန်ဆန် ကျက် သရေအပေါင်းနှင့် ပြည့်စုံနေယုံတင်မက သူမ၏လာရင်း ကိစ္စသည်လည်း ကျက်သရေ မင်္ဂလာရှိသော မြင့်မြတ်သောသူတို့သာ လုပ်ဆောင်နိုင်သော နာရေးကူညီမှုတည်း ဟူသောကုသိုလ်ရေး ကိစ္စရပ်ပင် ဖြစ်ပေသည်။  ထို့ကြောင့် Miss Internation 2012 ပြိုင်ပွဲဝင် မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် နန်းခင်ဇေယျာသည် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်ကာ လုပ်အားပေး မောင်နှမများနှင့် အတူ ဗြဟ္မစိုရ်တရားလေးပါး ရင်ဝယ်ပိုက်ကာ ဘဝတစ်ပါးသို့ ကူးပြောင်းသွားကြသော သက်မဲ့ရုပ်ခန္ဓာအား ကိုယ်တိုင်ကိုယ်ကျ ထမ်းရွက်ပေး ဆပ်ရန် တက်ကြွသော ခြေလှမ်းများဖြင့် လာရောက် ခဲ့သည့်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နွေးထွေးစွာ ကြိုဆိုခဲ့သည်။  အများအကျိုး လူမှုရေးလုပ်ငန်း များအတွက် မိမိတို့၏ အားလပ်ချိန်များအား အကျိုးရှိစွာ အသုံးချ၍ နာရေးကူညီမှုအသင်း(ရန်ကုန်)၌ လုပ်အားပေးနေကြသည့် မောင်နှမများအား နှုတ်ဆက်ကြပြီးနောက် အသင်းသို့ရောက်ရှိကြောင်း လက်မှတ်ရေးထိုး၊ ရင်ထိုးတပ်ဆင်၊ လည်ဆွဲကဒ်ထုတ်ယူအပြီး ဈာပနဋ္ဌာနသို့ အကူအညီ တောင်းခံထားသည့် လမ်းကြောင်းများအနက် ကူညီဖေးမရန် အမှတ်စဉ်အလှည့်ကျသည့် ကွယ်လွန်သူ ဦးဇော်မိုးဦး အသက် (၄၄) နှစ်၏ ရုပ်ခန္ဓာအား စံပြဆေးရုံမှ ရေဝေးသုဿန်အအေးခန်းသို့ ပို့ဆောင်ရမည့် ဈာပနလမ်းကြောင်းအား လိုက်ပါကူညီ ဖေးမပေးခဲ့ပြီး နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ဈာပနဋ္ဌာနသို့ ပြန်လည်ရောက်လာချိန်တွင် မိမိလိုက်ပါ ပို့ဆောင်ခဲ့သည့် နိဗ္ဗာန်မော်တော်ယာဉ်၏ အလှည့်သို့ တိုက်ဆိုင်စွာဖြင့် ပြန်လည်ရောက်သည့်အတွက် ချက်ချင်းဆိုသလိုပင် နန်းခင်ဇေယျာသည် အားမာန် အပြည့်ဖြင့် မဆိုင်းမတွ ဒုတိယမြောက် ဈာပနလမ်းကြောင်းအဖြစ် ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ (၁၂) ရပ်ကွက်နေ ကွယ်လွန်သူ ဒေါ်ခင်မြ အသက် (၈၇) နှစ်၏ ရုပ်ခန္ဓာအား နေအိမ်မှ ရေဝေးသုဿန်သို့ ပို့ဆောင် မီးသင်္ဂြိုလ်ခြင်းအား ကူညီဖေးမပေးခဲ့သည်။  မအားလပ်သည့်ကြားမှ အချိန်ပေး၍ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်၍ လုပ်အားဒါန   ပြုသော နန်းခင်ဇေယျအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အထူးကျေးဇူးတင် ဝမ်းမြောက် ပါကြောင်းနှင့် “အနိမ့်ကျဆုံးသော ကုသိုလ်အလုပ်မျိုးကို မြင့်မြတ်သော နှလုံးသားရှိသူတို့သာ လုပ်ဆောင်နိုင်ကြသည်” ဆိုသည့် တောင်စလင်း တိုက်ဆရာတော် ဦးတိက္ခ၏ မွန်မြတ်လှစွာသော ဆုံးမသြဝါဒ စကားရပ်နှင့်အညီ မြန်မာပြည်သူလူထုတို့၏ ချစ်ခင်အားပေးခြင်းခံရသူ မြန်မာအမျိုးသမီးငယ် နန်းခင်ဇေယျာ၏ စိတ်စေတနာ အရင်းခံဖြင့် အများပြည်သူတို့အား   ပြန်လည်ကျေးဇူးဆပ်၍   ပေးဆပ်  နေခြင်းပင် ဖြစ်သည်။ လူသားတို့၏ နောက်ဆုံးခရီးအား လိုက်လံပို့ဆောင် ကူညီဖေးမပေးမှုကြောင့် ကျန်ရစ်သူ မိသားစုတို့၏ နှလုံးသားဝယ် သောကအပူများ အတတ်နိုင်ဆုံး ငြိမ်းအေးစေမှုသည် ကူညီဖေးမသူတို့ထံ ကူးစက်ကာ ပီတိဟူသော အမည်ဖော်ပြ၍ မရနိုင်သည့် အေးငြိမ်းသော ခံစားမှုကို ပြန်လည်ကူးစက်စေသည်မှာ နာရေးကူညီမှုအ သင်း(ရန်ကုန်) အသင်းသား/သူများအနေဖြင့် အစဉ်ထာဝရခံစားရမြဲဖြစ်သည်။
 ထိုကဲ့သို့သော အေးငြိမ်းမှု ပီတိအား နန်းခင်ဇေယျာ တစ်ယောက်ထံသို့ ကူးစက်သွားစေတော့သည်။ နန်းခင်ဇေယျာသည် ယနေ့ လုပ်အားဒါနပြုခြင်း ပြီးဆုံးသွား၍ နာရေးကူညီမှု အသင်း(ရန်ကုန်)မှ   ပြန်လည်မထွက်ခွာမီ “သမီးတစ်လလျှင် နှစ်ကြိမ်လာရောက် လုပ်အားပေးချင်တယ်” ဟူ၍ ရဲရဲဝံ့ဝံ့ ထပ်မံပြောကြားခဲ့မှုသည် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)အပြင် နာရေးရှင်များအတွက်   သောကအပူများ ငြိမ်းသတ်ပေးနိုင်သော အနုပညာသည် လူမှုသူရဲကောင်းတစ်ဦး ပေါ်ထွန်းလာခြင်းပင်  ဖြစ်တော့သည်။ 
from-ဧရာဝတီ
နွေဦးကာလ ဖုန်ထသောအခါ
Posted by drmyochit Monday, December 03, 2012, under | No comments
မြန်မာနိုင်ငံ၏ အပြောင်းအလဲကို အနောက် နိုင်ငံများတွင် အေးခဲသော ဆောင်းတွင်း ကုန်လွန်ပြီး သာတောင့်သာယာ ကာလအစ နွေဦးနှင့် တင်စားပြီး မြန်မာ့နွေဦးဟု ခေါ်ဝေါ်ကြသည်။ ထိုနာမည် စီးသောကြောင့်ပေလား မသိ၊ နွေဦးကာလ လေပွေ အမွှေ့ တွင် ဖုန်လုံးတို့ ထောင်းခနဲ ထောင်းခနဲ ထသည့် အတိုင်း ယနေ့ မြန်မာနိုင်ငံသည် ဖုန်ထသော ကာလ၊ ရှုပ်ထွေးသော ကာလကို ဖြတ်သန်း နေရသည်။
ထိန်းချုပ်ထားသော အားများကို ဖြည့်လွှတ် လိုက်သည့် ကာလ ဖြစ်သည့် အတိုင်း သိပံ္ပသဘော အရ မျှခြေ အသစ် (New Equilibrium) တစ်ခုကို သွားနေသေးရာ ထိုမျှခြေသစ်သို့ မရောက်မချင်း မတည်မငြိမ်ဖြစ်နေဦးမည်။
စပ်ကူးမပ်ကူး ကာလနှင့် လျော်ညီစွာ အရာရာ အားလုံးသည် ရောယောင် ရှုပ်ထွေးနေသည်။ အားလုံး အသွင်ကူးပြောင်း နေကြသော ကာလ ဖြစ်သည့်အတိုင်း သူ့အခန်းကဏ္ဍ၊ ကိုယ့်အခန်းကဏ္ဍ မပီပြင် သေးသလို တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အစပ်အဟပ် မတည့် သေး။ ပြုပြင် ပြောင်းလဲရေးသည် တစ်နှစ်ခွဲ၊ ၂ နှစ်သားသာ ရှိသေးရာ အားလုံး မြန်မြန်ဆန်ဆန် ရှောရှောရှူရှူ တည့်မတ် ဖြောင့်တန်းသွား ရန် စောလွန်း သေးသည်။ အသွင်ကူးပြောင်းရေး ကာလကို ဦးဆောင် နေသူများ၊ အဖွဲ့အစည်းများ ကိုယ်တိုင် အသွင်ကူးပြောင်း နေကြရသည်။ ယခင် အကျဉ်းစံ ပုဂ္ဂိုလ်တို့သည် ယခုအချိန်တွင် ရပ်ရေးရွာရေး ပြည်ရေးတွင် လွတ်လွတ်လပ်လပ် ပါဝင် လုပ်ဆောင်နေကြသည်။ ယခင်က လက်နက်ကိုင် ဆန့်ကျင်ခဲ့သူ အချို့ အစိုးရနှင့် အနီးကပ် လက်တွဲကာ နိုင်ငံဖွံ့ဖြိုးရေး လုပ်ဆောင် နေကြသည်။ ပြည်ပတွင် ဆယ်စုနှစ် နှစ်စု ကြာ အနေကြာခဲ့သူတို့ ပြည်တွင်းသို့ ရွှေ့ပြောင်း အခြေစိုက်ရန် ပြင် ဆင်လာကြပြီ။ အစဉ်အလာအရ တန်ခိုးထွားခဲ့သည့် အုပ်ချုပ်ရေး မဏ္ဍိုင်သည် အခြားသော မဏ္ဍိုင်များဖြစ်သည့် ဥပဒေပြုရေး မဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင်တို့နှင့် အာဏာခွဲဝေ ကျင့်သုံး နေရပြီး ဥပဒေပြုရေးနှင့် တရားစီရင် ရေးတို့သည်လည်း အပြောင်းအလဲ အတိုင်း လိုက်ပါနိုင်အောင် ပြောင်းလဲ နေရသည်။ တပ်မတော်သည် အုပ်ချုပ်ရေးတွင် တိုက်ရိုက် ဝင်ပါခဲ့ရာမှ ယခုအချိန်တွင် ထိန်းညှိရေးနှင့် တပ်မတော် သက်သက်ကဏ္ဍသို့ ကူး ပြောင်းနေပြီ။ အတိုက်အခံသာ လုပ်ခဲ့ရသည့် အတိုက်အခံ နိုင်ငံရေးမှ သည် ဆုံးဖြတ်ချက် ယန္တရားတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ရသည့် ပုံမှန်နိုင်ငံရေးဘက်သို့ ဦးလှည့် လာသည်။
ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သော ဆယ်စုနှစ် နှစ်စုခန့် ကို အိမ်တွင်းတွင်သာ ကုန်လွန်ခဲ့၊ ပြင်ပနှင့် အထိအတွေ့ နည်းခဲ့ရရာမှ အိမ်ပြင်တွင် အနေများသော၊ လူအများနှင့် ထိတွေ့မှုများသည့် ဘဝသို့ ချက်ချင်းလက်ငင်း ကူးပြောင်းခဲ့ပြီး လက်တွေ့နိုင်ငံရေး၊ ဆုံးဖြတ် ချက်ယန္တရားထဲသို့ ရောက်ရှိနေပြီ။ စတုတ္ထမဏ္ဍိုင် မီဒီယာတို့သည် ဆယ်စုနှစ်များစွာ နှုတ်ဆိတ်ခဲ့ရာမှ အသံထွက်လာခဲ့ကာ အစဉ်အလာ အာဏာကြီး အဖွဲ့အစည်း တို့က သတိထား အသိအမှတ်ပြုခံလာရ သည်။ လွတ်လပ်စွာ ပြောဆိုရေးသားခွင့် ပြည်သူတို့ ခံစားလာရသည်။
စပ်ကူးမပ်ကူး ကာလ အစိုးရသည် စပ်ကူးမပ်ကူးကာလ အစိုးရ တို့ ကြုံတွေ့ရမြဲ အခက်အခဲများကို ရင်ဆိုင် ဖြေရှင်းနေရသည်။ ပွင့်လင်း စွာ ဝေဖန်နိုင်သည့်၊ တောင်းဆိုနိုင်သည့် ကာလတွင် ကိုလိုနီအစိုးရ အပါအဝင် အစိုးရ အစဉ်အဆက်တို့၏ ကောင်းမွေ ဆိုးမွေကို ခံကာ ပြဿနာသစ်၊ ပြဿနာဟောင်း တစ်သောင်းခြောက်ထောင်ကို မနိုင့် တနိုင် ဖြေရှင်းနေရသည်။ ပြုပြင်ပြောင်းလဲရေး ကာလကို အစိုးရပိုင်း၊ ပုဂ္ဂလိကပိုင်း ကဏ္ဍစုံတို့သည် ချိုကျိုးနားရွက်ပဲ့၊ ချုံးချုံးကျ ပညာရေး က မွေးထုတ်ပေးခဲ့သည့် လူသား အရင်းအမြစ် ပါချီပါချက်တို့ အင်အား နှင့် မနိုင့်တနိုင် စမ်းတဝါးဝါး ဖြတ်သန်းနေရသည်။
တစ်ခုချင်းစီ ဖော်ဆောင်ရသည်ပင် ခက်ခဲနက်နဲလှသည့် စီးပွား ရေးပြုပြင်ပြောင်းလဲမှု၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို နှစ်ခုလုံး တစ်ပြိုင်နက် မောင်းနှင် ပြောင်းလဲနေသည်မှာ ကာယကံရှင်တို့မူ နီးလွန်းသဖြင့် မြင်ချင်မှ မြင်ကြမည် ဖြစ်သော်လည်း အဝေးမှ လေ့လာ သူတို့ပင် ‘လှံဖျား ပုစဉ်းနား၊ ကျီးကန်းက ချေးပါ’ ဖြစ်နေကြရသည်။ မြန်မာနိုင်ငံသာ အောင်မြင်သွားလျှင် အခြားနိုင်ငံများ အတွက် လိုက်နာ အတုယူစရာ မော်ဒယ်လ် ဖြစ်လာနိုင်သည့် ရှားရှားပါးပါး ဖြစ်ရပ်မျိုး ဖြစ်သောကြောင့် ကမ္ဘာအရပ်ရပ်မှ ဂုရုများစွာတို့ စိတ်ဝင်တစား စောင့် ကြည့်နေကြသည်။
လွတ်လပ်စွာ ဆန္ဒထုတ် ဖော်ခွင့် ရလာခြင်းကြောင့် ဆန္ဒထုတ် ဖော်ပွဲများသည် မိုးဦးကျ မှိုများ ပွင့်သကဲ့သို့ အစီအရီ ပေါ်ထွက်လာကြ သည်။ သဘာဝ ပတ်ဝန်းကျင် အရေး၊ လျှပ်စစ်မီး အရေး၊ အလုပ်သမား အရေး၊ ကျောင်းသား အရေး၊ အမျိုးသမီး အရေး စသည်ဖြင့် အရေးသစ် အရေးဟောင်း အရေးတကာတို့ စုံလင်သည်။ မျှော်လင့်ချက်တို့သည် ခြေ  တစ်လှမ်းချင်း တစ်လှမ်းချင်း မယုံမရဲဖြင့် နင်းခဲ့ရာမှ ရဲရဲတင်းတင်း ခြေလှမ်း လှမ်းလာကြသည်။ မျှော်လင့်ချက်တို့ ထိုးအတက်နှင့် လွတ်လပ် စွာ ဆန္ဒ ထုတ်ဖော်ခွင့်တို့ တိုက်ဆိုင်သော ကာလဖြစ်သည့်အတိုင်း မျှော်လင့်ချက် တောင်းဆိုချက် တို့ကို ဖြည့်ဆည်း မပေးနိုင်လျှင် ခံစားချက်တို့ ပွင့်ထွက် လျှံကျနိုင်သော ကာလဖြစ်သည်။
စီးပွားရေးကို ပြုပြင်ပြောင်းလဲရင်းမှ နိုင်ငံရေးကို တစ်ထစ်ပြီး တစ်ထစ် ပြောင်းလဲ လာသည့် တရုတ်နှင့် ဗီယက်နမ်ကဲ့သို့ နိုင်ငံများ တွင်ပင် နိုင်ငံသားတို့၏ မြင့်မားလာသော မျှော်လင့်ချက်များကို စီမံခန့်ခွဲရန် ခေါင်းခဲနေကြရရာ မြန်မာနိုင်ငံကဲ့သို့ ပြိုင်တူ ပြောင်းလဲ နေသည့် နိုင်ငံမျိုး၊ နာလန်ထစ နိုင်ငံမျိုးတွင် မည်မျှ ခက်ခဲမည်ကို မြင် သာနိုင်သည်။ တရုတ်နဂါးနှင့် အိန္ဒိယကျားတို့ ခြေကုပ် ယူထားသည့် နေရာ ဒေသအဖြစ် မြန်မာနိုင်ငံကို မြင်ခဲ့ကြရာမှ ပစိဖိတ်သမုဒ္ဒရာ တစ်ဖက် ကမ်းမှ လင်းယုန် ထိပ်ပြောင်ကြီး ပျံဝဲလာပြီး မြေပြင်သို့ပင် ခြေချသွားခဲ့ သောအခါ မဟာအင်အားကြီးတို့ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲရာ ကွင်းသစ်အဖြစ် အရှေ့ အနောက်မီဒီယာ၊ လေ့လာဆန်းစစ်သူတို့က သူ့ထက်ငါ သတ်မှတ်လာကြသည်။ ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ဖြစ်လာသော ကြောင့် မိမိနှစ်သက်ရာ ခေါင်းခေါက် ရွေးချယ်နိုင်ခွင့် ရလာသော် လည်း နိုင်ငံကြီးတို့ ကစားကွက်ပြိုင်ရာ မြေတလင်း ဖြစ်မသွားရန်လို သည်။ စီးပွားရေး၊ နိုင်ငံရေး အကျိုးစီးပွားတို့ ထိပ်တိုက် တွေ့ရာတွင် မလိုလားအပ်သော အဆိုးတရားတို့ စီးဝင်မလာစေရေး ကိုင်ရန်တွယ် ရန်၊ ထိန်းချုပ် စီမံတတ်ရန် အရေးကြီးသည်။
မြန်မာ့ပြုပြင် ပြောင်းလဲမှုသည် ဟိုတိုးသည်တိုက်နှင့် အရှိန်မြန် လွန်းသောကြောင့် ရင်လည်းမောရသည်။ မြန်မာနိုင်ငံသွားနေသော အရှိန်နှင့် နိုင်ငံတွင်း ကိုယ်ခံစွမ်းရည် အားနည်းမှုတို့ကို ပေါင်းစပ်သုံး သပ်ကာ မြန်မာနိုင်ငံသည် အရှိန်တင်ကိရိယာ လီဗာသာပါပြီး ဘရိတ်မပါသည့် ကားများ ဖြစ်နေရော့သလားဟု အချိုးအကွေ့တို့တွင် ပြုပြင်ပြောင်းလဲရေးကို အရှိန်လျှော့နိုင်စွမ်းရှိမရှိ ပညာရှင်အချို့က စိုးရိမ်ကြသည်။
မြန်မာနိုင်ငံ၏ အခက်အခဲတို့မှာ ကြီးမားသလို အမျိုးစုံလင်လှ သောကြောင့် ရှေ့မှ ရင်ကို မြေကတုတ်လုပ်ကာ ရင်ဆိုင်ကြမည့် ခေါင်းဆောင် တို့ ကိုယ်ခံအားကောင်းရန်၊ ရှေ့သို့ကြိုမြင်ရန်လိုသည်။ မြန်မာ့နိုင်ငံ ရေးတွင် ပြည်တွင်းပြည်ပကစားသမား များလာပြီဖြစ်ပြီး မြန်မာ့အကျိုး စီးပွားထက် နီးစပ်ရာအကျိုးစီးပွား၊ ကိုယ်ကျိုးစီးပွားတို့ကို ဦးထိပ် ထားကစားသူများလည်း ပါလာနိုင်သောကြောင့် မျိုးချစ်ခေါင်းဆောင် တို့ တစ်ကွက်မက သုံးလေးကွက် ရှေ့က ကြိုမြင်မှရလိမ့်မည်။ စပ်ကူး မပ်ကူးကာလ ဆင်းရဲနိုင်ငံကို ဦးဆောင်ရသူများ ဖြစ်သည့်အတိုင်း အခြေကျပြီးသား တိုင်းပြည်များကို ဦးဆောင်ရသူတို့ထက် အဆပေါင်း များစွာ အားကုန်ထုတ်ရလိမ့်မည်။
အကျပ်အတည်းနှင့် ကြုံချိန်သည် ခေါင်းဆောင်တို့၏ တကယ့် မှတ်ကျောက်ဖြစ်သောကြောင့် ခေါင်းဆောင်တို့၏ ထက်မြက်မှုကို မြင်တွေ့ရမည့် ကာလဖြစ်သည်။ ခေါင်းဆောင်ဆိုသည်မှာ သူဦးဆောင် သော သူများထက် အဝေးကို လှမ်းကြည့်နိုင်သလို မိမိမြင်လျှင် မြင် သည့်အတိုင်း အဖွဲ့သားများကို ရှင်းပြနိုင်ရမည်။ံမွေှိမကအ့ ခေါ် ကြားရနားဝ မသက်သာသည့် အမှန်တရားကို အများအကျိုးရှိလျှင် ပြောရဲရမည်။ ခေါင်းဆောင်ဆိုသည်မှာ အဖွဲ့သားများထက် ထက်မြက် သည်ထင်သောကြောင့် ခေါင်းဆောင်နေရာ ရောက်နေခြင်းဖြစ်ရာ နောက်မှလိုက်နေလျှင်မဖြစ်၊ ရှေ့မှ ခေါင်းဆောင်ရန်လိုသည်။ နိုင်ငံကို တည်ဆောက်နေသည့် တစ်ချိန်တည်းတွင် အဆိုပါ ခေါင်းဆောင် တို့သည် ခေါင်းရှိပြီး ကိုယ်မရှိသည့်၊ ခေါင်းဆောင်ပျောက်သည်နှင့် နောက်ကောက်ကျလေ့ရှိသည့် မြန်မာအဖွဲ့အစည်း (Myanmar Institutions) တို့၏ ကောက်ရိုးမီး အစဉ်အလာကို တော်လှန်ကာ ဆင့်ကဲဆင့်ကဲ တာဝန်ယူနိုင်သည့်၊ တစ်ဗိုလ်ကျ တစ်ဗိုလ် တက်နိုင် သည့် အဖွဲ့အစည်းတို့ကို စနစ်တကျတည်ဆောက်ရဦးမည်။
မြန်မာနိုင်ငံသားတို့နှင့် မြန်မာနိုင်ငံကို အခြားနိုင်ငံ တို့က စုတ်တသပ်သပ် နှုတ်ဖြင့် သနားခဲ့ကြရာမှ အချို့က မနာလို မရှုစိမ့်ဖြစ်ကြ ရသည့် အခြေအနေသို့ ရောက်ရှိလာခဲ့ပြီ။ သနားခြင်းမှာ မိမိထက် နိမ့်ကျ သူဟု ထင်သောသူကို၊ မနာလိုခြင်းမှာ မိမိထက် သာလွန်သောသူကို ဖြစ်သောကြောင့် အနည်းဆုံး အခြားသူတို့ အမြင်တွင် မြန်မာ့အနေ အထား မြင့်တက်လာခဲ့ပြီ။
သမိုင်းတစ်လျှောက် မကြုံဖူးသေးသော အခွင့်အလမ်းကို မြန်မာ နိုင်ငံ ကြုံတွေ့နေသည်။ ‘ကံသည် အလုပ်’ ဖြစ်သည်။ အစိုးရနှင့် သြဇာကြီး ပုဂ္ဂိုလ်များ အပါအဝင် မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ စုပေါင်းလုပ်ရပ်များ၊ စုပေါင်း အတွေးအကြံများသည် ပြုပြင်ပြောင်းလဲ ရေးကာလမှ ထွက်ပေါ်လာသော အဆိုးအကောင်းများ တစ်နည်း အားလုံး၏ စုပေါင်းကံကို ဖော်ဆောင်လိမ့်မည်။
                                                                                                                      (ေဇယ်သူ)
အာရာဖတ် ရုပ်အလောင်းကို ပြန်လည်တူးဖော်စစ်ဆေး
Posted by drmyochit Monday, December 03, 2012, under | No comments
ရာမာလာ - ပါလက်စတိုင်းခေါင်းဆောင် ယာဆာအာရာဖတ်၏ ရုပ်အလောင်းကို နိုဝင်ဘာလ
၂၇ ရက်နေ့က ပြန်လည် ဖော်ယူခဲ့ပြီး အဆိပ်မိခဲ့ခြင်းရှိ မရှိ စမ်းသပ်ရန် ကျွမ်းကျင်သူများက နမူနာ များစတင်ရယူနေပြီဟု ပါလက်စတိုင်း သတင်း ရင်းမြစ် များက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။
အမည်မဖော်လိုသည့် သတင်းရင်း မြစ်များက ပြောကြားရာတွင် ဒေသစံတော်ချိန် နံနက် ၅ နာရီကစတင်ပြီး ပြင်သစ်၊ ဆွစ်ဇာလန်နှင့် ရုရှားကျွမ်းကျင် သူများရှေ့မှောက်၌ ရုပ်အလောင်း မှနမူနာ များကို ရယူခဲ့ကြောင်း သိရှိရသည်။
နမူနာရယူသည့်ကိစ္စကို ဆောင်ရွက် နေဆဲဟုတ်မဟုတ်ဆိုသည်ကို တရားဝင် အတည်ပြုထား ခြင်းမရှိဘဲ ရုပ်အလောင်း ပြန်ဖော်သည့် မြင်ကွင်းကိုလည်း အများ ပြည်သူများကို ကြည့်ရှုခွင့် မပေးခဲ့ပေ။ အာရာဖတ်နေထိုင်ခဲ့ရာ မူကာတာ ခြံဝင်းအတွင်း၌ရှိသော အာရာဖတ် အုတ်ဂူရှိရာ ဗိမာန်ကို ရက်သတ္တပတ် များကြာအောင် အပြာရောင်တာပေါ် လင်စများနှင့်ပိတ်ကာထားပြီး သတင်းမီဒီယာ သမား များကိုလည်း အနားသို့ လာရောက်ခွင့်မပြုပေ။
၂၀၀၄ ခုနှစ်က ပြင်သစ်ဆေးရုံ၌ ဆေးကုသမှုခံယူရင်း သေဆုံးခဲ့ပြီး ရှစ်နှစ်အကြာတွင်
အာရာဖတ်မှာ အဆိပ်မိ၍ သေဆုံးခြင်းဟုတ်မဟုတ် စုံစမ်းစစ်ဆေးမှု အသစ်တစ်ရပ်အနေဖြင့် ပိုလိုနီယမ် (Polonium) ရေဒီယို သတ္တိကြွပစ္စည်းတစ်မျိုးကို ရှာဖွေရန် အာရာဖတ်၏ ရုပ်အလောင်းမှ နမူနာ ရယူခြင်းဖြစ်သည်။
အာရာဖတ်၏ဇနီး ဆူဟာက အာရာဖတ်၏ အသုံးအဆောင်ပစ္စည်းများကို ဆွစ်ဇာလန်
ဓာတ်ခွဲခန်းတစ်ခုသို့ပို့ပြီး စစ်ဆေးခိုင်းသည်ကို အယ်လ်ဂျာဇီး ယားသတင်း ဌာနကထုတ်လွှင့် ခဲ့ပြီးနောက် ထိုသို့ စုံစမ်းစစ်ဆေးမှု ပေါ်ပေါက်လာခဲ့သည်။
အဆိပ်ဖြစ်စေသော ရေဒီယိုသတ္တိကြွ ပစ္စည်းတစ်မျိုးဖြစ်သည့် ပိုလိုနီယမ်ကို အာရာဖတ်၏ အသုံးအဆောင်များတွင် တွေ့ရှိသည်ဟု ဆွစ်ဇာလန်ဓာတ်ခွဲခန်းက ပြောကြားခဲ့ပြီးနောက် ထပ်မံပြီး စစ်ဆေး ရန်အတွက် အာရဖတ်၏ ရုပ်လောင်းကို ပြန်လည်တူးဖော်ခဲ့ခြင်းဖြစ်သည်။
စုံစမ်းစစ်ဆေးမှုကို တာဝန်ယူဆောင် ရွက်နေသည့် ပြင်သစ် တရားသူကြီးများ က ရုပ်
အလောင်းတူးဖော်မှုကို ကြည့်ရှုရန် နိုဝင်ဘာလ ၂၅ ရက်က ရာမာလာမြို့သို့ ရောက်ရှိခဲ့ကြ
သည်။
(အေအက်ဖ်ပီ)
လက်ပံတောင်းကော်မရှင်မှာ ၈၈ တွေ မပါဝင်လို
Posted by drmyochit Monday, December 03, 2012, under | No comments
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင် ထဲမှာ ၈၈ မျိုးဆက် ကျောင်းသားတွေ မပါဝင်လိုကြောင်း ထုတ်ဖော် ကြေငြာ လိုက်ပါတယ်။
ဆက်စပ်သတင်းနဲ့ အစီအစဉ်များလက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိစ္စ စုံစမ်းရေး ကော်မရှင်ဖွဲ့လက်ပံတောင်း ထိခိုက် သံဃာတွေ အကူအညီလိုလက်ပံတောင်းဖြိုခွင်းမှု ရဲမှူးကြီး ခုခံပြောကြားဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် ပါဝင်ပြီး အဖွဲ့ဝင် စုစုပေါင်း ၃၀ ပါရှိတဲ့ ကော်မရှင်ကို သမ္မတ ဦးသိန်းစိန်က စနေနေ့တုန်းက ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။
အဖွဲ့ဝင် ၃၀ ထဲမှာ ပါတီအသီးသီးက ကိုယ်စားလှယ်တွေ၊ အစိုးရအရာရှိကြီးတွေ၊ တက္ကသိုလ် ပညာရှင်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် နဲ့ ဦးကိုကိုကြီး၊ သပိတ်မှောက်တဲ့ ရွာ ၂၆ ရွာထဲမှာ ရွာ ၃ ရွာက ကိုယ်စားလှယ် ၃ ဦးတို့လည်း ပါဝင်ကြပါတယ်။
၈၈ အဖွဲ့အနေနဲ့ လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့ဖို့ တောင်းဆိုခဲ့ပြီး အခု ဖွဲ့လိုက်တဲ့ ကော်မရှင်မှာတော့ ပါဝင်လိုတဲ့ ဆန္ဒမရှိကြောင်း သူတို့ရဲ့ ကြေငြာချက်မှာ ဖော်ပြပါတယ်။
NLD ပုလဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကလည်း အခုလို ပုံစံမျိုးနဲ့ ဖွဲ့တဲ့ ကော်မရှင်ကို လက်မခံတဲ့အကြောင်း ဘီဘီစီကို ပြောပါတယ်။ အခုလို လက်မခံမှု တချို့ ရှိနေတာကြောင့် လူတွေ ပိုမို ယုံကြည် လက်ခံ နိုင်မှု ရဖို့ဆိုရင် အခု ကော်မရှင်မှာပါတဲ့ ရွာသား ၃ ဦးအပြင် သပိတ်မှောက် ကျေးရွာတွေကို ကိုယ်စားပြုပြီး ပြောနိုင်မယ့် နောက်ထပ် ပုဂ္ဂိုလ်တွေ၊ အများလေးစားတဲ့ ဥပဒေပညာရှင်တွေ၊ တတ်သိပညာရှင်တွေ ပါဝင်ဖို့ လိုအပ်ကြောင်း အာရှ လူ့အခွင့်အရေး ကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။ ဒီစုံစမ်းရေးကော်မရှင် ဖွဲ့လိုက်တာနဲ့ ပတ်သက်ပြီး ဒေသခံတချို့ကတော့ စောင့်ကြည့်ရမယ်လို့ ပြောသလို လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဦးဆောင်လှုပ်ရှားသူတွေထဲမှာ ပါတဲ့ ဝက်မှေးရွာသူ မအေးနက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကော်မရှင်ကို လက်ခံတဲ့အကြောင်း၊ ဒါပေမယ့် သူတို့ရဲ့ သပိတ်ကိုတော့ လှန်ဦးမှာ မဟုတ်ကြောင်း ပြောပါတယ်။
ထိုင်းနိုင်ငံရှိ SCG မှ မြန်မာနိုင်ငံအတွင်း ကုန်ထုတ်လုပ်ငန်းများ စတင်တည်ထောင်ရန်ပြင်ဆင် ၂၀၁၃ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံအတွင်း ဘိလပ်မြေစက်ရုံ တည်ဆောက်သွားမည်
Posted by drmyochit Monday, December 03, 2012, under | No comments
မြန်မာနိုင်ငံရှိ အိမ်ဆောက်ပစ္စည်း ဈေးကွက်တွင် ဈေးကွက်ဝေစု အများဆုံးရယူထားသည့် ထိုင်းနိုင်ငံရှိ SCG(The Siam Cement Public Limited ) မှ မြန်မာနိုင်ငံအတွင်း ထုတ်ကုန်ဖြန့်ဖြူးရေး လုပ်ငန်း များစတင် လုပ်ဆောင်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ မန်နေဂျာဖြစ်သူ Mr.Soontornpol Veerapravati က ပြောပါသည်။
SCG မှ မြန်မာနိုင်ငံအတွင်း ပထမဆုံး ထုတ်ကုန်အဖြစ် ဘိလပ်မြေ စက်ရုံအား တနင်္သာရီတိုင်းဒေသကြီးအတွင်း ၂၀၁၃ ခုနှစ်မှ စတင်ကာ တည်ဆောက် သွားမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။ အာဆီယံနိုင်ငံများအတွင်း အောင်မြင်သည့် ထိပ်တန်းစက်မှုလုပ်ငန်း တစ်ခုဖြစ်သည့် SCG အနေဖြင့် အဓိကလုပ်ကိုင်နေသည့် ထုတ်ကုန်လုပ်ငန်း ငါးမျိုးရှိနေပြီး အဆိုပါ ထုတ်ကုန်များမှာSCG ဘိလပ်မြေ၊ SCG ဓာတုပစ္စည်း၊ SCG စက္ကူ၊ SCG အိမ်ဆောက်ပစ္စည်းနှင့် SCG ဖြန့်ချိရေးလုပ်ငန်း များဖြစ်ကြောင်းလည်း သိရသည်။
”မြန်မာနိုင်ငံအတွင်းမှာ SCG ရဲ့ အဓိကထုတ်ကုန်တွေ ထုတ်လုပ်နိုင်ဖို့ စတင်လုပ်ဆောင် ပါမယ်။ မြန်မာနိုင်ငံအတွင်းမှာ SCG ရဲ့ တစ်ဦးတည်းပိုင် အရောင်းဆိုင် လေးဆိုင်ကို ရန်ကုန်၊ မန္ထလေး၊ နေပြည်တော်စတဲ့ မြို့ကြီးသုံးမြို့မှာ လက်ရှိလည်ပတ်နေပြီး အခြားမြို့ကြီးတွေမှာ တိုးချဲ့ဖို့လည်း လုပ်ဆောင်နေပါတယ်” ဟု Mr.Soontornpol Veerapravati က ပြောပါသည်။
SCG မှ မြန်မာနိုင်ငံ ဈေးကွက်အတွင်း ၀င်ရောက်သည့်ကာလ ကြာမြင့်နေပြီဖြစ်ပြီး လက်ရှိကာလတွင်မှ ဘိလပ်မြေထုတ်လုပ်ရန် စတင်တည်ဆောက် မည်ဖြစ်သော်လည်း အခြားအာဆီယံနိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ လာအို၊ မလေးရှား၊ စင်္ကာပူ စသည့်နိုင်ငံများ၏ ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် ပါဝင်လုပ်ကိုင်နေကြောင်း သိရှိရပါသည်။
SCG အနေဖြင့် ယင်းတို့၏ ထုတ်ကုန်ဖြစ်သည့် SCG ဆင်တံဆိပ် ဘိလပ်မြေ အား မြန်မာနိုင်ငံ အပါအ၀င် ဒေသတွင်းနိုင်ငံများသို့ နှစ်စဉ်တန်ချိန်ပေါင်း ၂၂ သန်း ထုတ်လုပ် တင်ပို့နေကြောင်း လည်း သိရှိရပါသည်။ လက်ရှိ မြန်မာနိုင်ငံတွင် ဘိလပ်မြေလိုအပ်ချက် များပြားနေပြီး ပြည်တွင်းတွင်လည်း ဘိလပ်မြေစက်ရုံ ၁၅ ရုံသာ ရှိနေကာ ဘိလပ်မြေစက်ရုံ တည်ဆောက် မှုများ ဆက်လက်ခွင့်ပြုပေးရန် စီစဉ်မှုများ ရှိနေကြောင်းလည်း သိရှိရပါသည်။
မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတွင် ထိုင်းနိုင်ငံသည် ကန်ဒေါ်လာ ၉၅၆၈.၀၉၃ သန်း မြှုပ်နှံထားသည်။
Eleven Media Group
မွေးရပ်မြေပြန် သီရိလင်္ကာနိုင်ငံမှ ပါရဂူဘွဲ့ ရ ရခိုင် ရဟန်းတော်အား ဒေသခံများ ဂုဏ်ပြုကြိုဆို
Posted by drmyochit Monday, December 03, 2012, under | No comments
သီရိလင်္ကာနိုင်ငံမှ ပါရဂူဘွဲ့ရပြီးမိမိ မွေးရပ်မြေ ရသေ့တောင်သို့ ပြန်လာသော ဒေါက်တာ အသျှင် ဉာဏုတ္တရအား မြို့သူ မြို့သားများက အခမ်းအနား ပြုလုပ်ကာ ဂုဏ်ပြု ကြိုဆိုခဲ့ကြသည်။
ဒေါက်တာ အသျှင်ဉာဏုတ္တရသည် သိရီလင်္ကာနိုင်ငံ ကေလဏိယ တက္ကသိုလ်မှ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ပါရဂူဘွဲ့ ရရှိခဲ့ပြီး၊ နိုဝင်္ဘာလ ၃၀ ရက်နေ့က သူ၏ မွေးရပ်မြေ ရသေ့တောင်မြို့ သို့ ပြန်လာရာ ပြည်သူများက ရခိုင် မင်္ဂလာ စည်တော်များ တီးခတ်ပြီး ခမ်းနားစွာဖြင့် ဂုဏ်ပြုကြိုဆိုခဲ့သည်။
ဒေါက်တာအသျှင် ဉာဏုတ္တရသည် သီရိလင်္ကာနိုင်ငံမှ ပါရဂူဘွဲ့  ရသည့် ပထမဆုံးသော ရခိုင် ရဟန်းတော် တစ်ပါးလည်း ဖြစ်သောကြောင့် ရခိုင်လူမျိုးတို့ ၏ ဂုဏ်၊ ရခိုင်ပြည်နယ်၏ ဂုဏ်၊ ရသေ့တောင်မြို့ ၏ ဂုဏ်ကို ဆောင်ယူ နိုင်သော ပုဂ္ဂိုလ်ထူး တစ်ပါးလည်းဖြစ်သည်ဟု ဆိုသည်။
ဒေါက်တာ အသျှင်ဉာဏုတ္တရသည် နိုင်ငံရပ်ခြားတွင် ပညာသွားရောက် သင်ကြားတတ်မြောက် ခဲ့သော်လည်း တိုင်းတပါးတွင် မနေဘဲ မိမိမွေးရပ်မြေသို့  ပြန်လာကာ သူတတ်ကျွမ်းထားသော ပညာရပ်များဖြင့် ရခိုင် မျိုးဆက်သစ် ရဟန်းတော်များ၊ လူငယ်များ၏ ဖွံဖြိုးတိုးတက်ရေး အတွက်  သဲတပွင့် အုတ်တချပ်အဖြစ် အကျိုးပြု သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
သို့အတွက် ဒေါက်တာ အသျှင် ဉာဏုတ္တရ၏ စေတနာ အပေါ်  မြို့ သူ မြို့ သား၊ နယ်သူ နယ်သား၊ လူငယ်လူရွယ် များအားလုံးက အထူး စိတ်ဝင်စားလျှက်ရှိကြောင်း သိရှိရသည်။ ဒေါက်တာ အသျှင်ဉာဏုတ္တရကို ရခိုင်ပြည်နယ် ရသေ့တောင်မြို့ တောင်ရင်းတန်းရပ်ကွက်၌ အဖ (ဦးသာထွန်းအောင်) နှင့် အမိ ဒေါ်လှစောညိုတို့ ထံမှ ၁၉၈၃-ခု ဒီဇင်ဘာလ (၂၀)ရက် (အင်္ဂါနေ့ )တွင် မွေးဖွားခဲ့ပြီး မွေးချင်း (၁၂)ဦးအနက် (၉)ဦးမြောက် ဖြစ်သည်။  သာသနာဘောင်သို့  ၁၃၆၁-ခု တန်ခူးလဆန်း (၃)ရက် ကြာသပတေးနေတွင် ၀င်ရောက်ခဲ့သည်။ ယခုအခါ ဒေါက်တာအသျှင် ဉာဏုတ္တရ ထူထောင်ထားသော `ကိန်းသာဓမ္မကျောင်း´ ရသေ့တောင်မြို့ ၊ တောင်ရင်းတန်း ရပ်ကွက်တွင်သီတင်းသုံးလျှက်ရှိသည်။
နိရဉ္စရာသတင်းဌာန
Tags
Labels
နောက်ဆုံးရ သတင်းများ
Blog Archive
Blog Archive
ဆက်သွယ်ပေးပို့ရန်
drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်
ရှာဖွေရန်