Saturday, June 15, 2013

၉၆၉ အမှတ်သင်္ကေတကို သာသနာညှိုးနွမ်းစေမည့် နေရာများတွင် အသုံးမပြုရန် တားမြစ်

Posted by drmyochit Saturday, June 15, 2013, under | No comments


ရန်ကုန်- ၉၆၉ဂဏန်းသည် ရတနာ သုံးပါးကိုယ်စားပြုသည့် ငြိမ်းချမ်းရေးသင်္ကေတဖြစ်၍ ဗုဒ္ဓသာသနာတော်ကို ညှိုးနွမ်းစေနိုင်မည့် နေရာဌာနမျိုးတွင် အသုံးမပြုရန် ဗုဒ္ဓသာသနာ တော်ဆိုင်ရာ သြ၀ါဒခံယူပွဲနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲက ဇွန် ၁၄ ရက် တွင်ကြေညာချက်ထုတ်ပြန်လိုက်သည်။

ထို့အပြင် အခါအားလျော်စွာ ဘာသာပေါင်းစုံတွေ့ဆုံဆွေးနွေး၍ ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ကြရန်၊ နိုင်ငံသားအားလုံးငြိမ်းချမ်းစွာနေထိုင်ရေးကို အထောက်အကူပြုသည့် ၁၉၈၂ခုနှစ်မြန်မာနိုင်ငံသား ဥပဒေကို တိတိကျကျလိုက်နာ ဆောင်ရွက်ရန်လည်းအဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

၉၆၉ အမှတ်သင်္ကေတနှင့် စပ်လျဉ်း၍ “ဒီအမှတ်သင်္ကေတကို မြင် ရင်အနည်းဆုံးဂုဏ်တော်ကိုပွားများမိလိမ့်မယ်။ ၉၆၉က ငြိမ်းချမ်းရေးအသွင်ဆောင်ပါတယ်”ဟု သြ၀ါဒခံယူပွဲဖြစ်မြောက်ရေးအဖွဲ့တာဝန်ခံဆရာတော် ဘဒန္တဒေါက်တာဓမ္မပီယက မိန့်ကြားသည်။

လက်ရှိအခြေအနေများနှင့် စပ်လျဉ်း၍လည်း ပြဿနာတစ်ခုဖြစ်ပေါ်ခဲ့ပါက လူမျိုးရေးအသွင်ဆောင်သည်ဖြစ်စေ၊ ဘာသာရေးအသွင်ဆောင်သည်ဖြစ်စေ အကြမ်းမဖက်ဘဲ ဥပဒေဖြင့်သာ ငြိမ်းချမ်းစွာဖြေရှင်းရန်၊ ဘာသာရေးခေါင်းဆောင်များအားလုံးအချင်းချင်းညှိနှိုင်းဆွေးနွေးခြင်းဖြင့် ငြိမ်းချမ်းရေး ကာကွယ်စောင့်ရှောက်ကြရန် ကြေညာချက်တွင်ဖော်ပြထားသည်။

“ငြိမ်းချမ်းအောင်လုပ်နေကြတယ်နော်။ ငြိမ်းချမ်းအောင်ဘယ်လို ဖြေရှင်းမလဲ။ သိသိသာသာဖြေရှင်းရတာရှိတယ်။ တိုးတိုးတိတ်တိတ်ဖြေရှင်းရတာရှိတယ်။ ဗုဒ္ဓဘာသာဆိုတာ ငြိမ်းချမ်းတဲ့ဘာသာဆိုတာထပ်လာင်းကြေညာဖို့လည်း လိုပါတယ် ”ဟု မှော်ဘီဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒကမိန့်ကြားသည်။

အဆိုပါကြေညာချက်တွင် ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓသားရဟန်းတော်များ၏ ဂုဏ်သိက္ခာကို မှေးမှိန်ညှိုးနွမ်းအောင် မှားယွင်းစွာ စွပ်စွဲရေးသားသည့်လုပ်ရပ်မှန်သမျှကို ကန့်ကွက်ကြောင်း ဖော်ပြထားသည်။

လက်ရှိ ပြည်တွင်း၊ ပြည်ပတွင် ဖြစ်ပွားနေသော ဘာသာရေး၊ လူမျိုးရေးအသွင်ဆောင်သည့် ပဋိပက္ခများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရန် သံဃာတော်အရှင်မြတ် ၂၂၇ပါးတို့ ကဏ္ဍခုနှစ်ခုခွဲ၍ ဇွန်လ ၁၃ရက်မှ ၁၄ ရက်ထိ နှစ်ရက်တာ ဆွေးနွေးညှိနှိုင်းခဲ့သည်။

အမေရိကသို့ ရောက်ရှိနေသော လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းကလည်း လှုံ့ဆော်မှုများပြုလုပ်နေသော ၉၆၉ လှုပ်ရှားသူအဖွဲ့များအားတရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု Amnesty Internation ၀ါရှင်တန်ဒီစီရုံးခွဲနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့ကြောင်းသိရသည်။

၉၆၉ အမှတ်သင်္ကေတသည် ငြိမ်းချမ်းရေးကို အသွင်ဆောင်ပြီး ယင်းလှုပ်ရွားသူများစတင်ခဲ့သော မော်လမြိုင်နှင့် လှုပ်ရှားသူများပျံ့နှံ့ခဲ့သော ဒေသများတွင် အကြမ်းဖက်မှုများမဖြစ်ပွားခဲ့ဘဲ ဥကံ္ကကဲ့သို့သော ဖြစ်စဉ်များတွင်မူ ၉၆၉ အ မှတ်အသားကိုအသုံးချခြင်းခံခဲ့ရသည်ဟု မန္တလေးမစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်းဆရာတော် အရှင်ဝီရသူက နိုင်ငံတကာက ၉၆၉ လှုပ်ရှားသူများအပေါ် စွပ်စွဲချက်များနှင့် ပတ်သက်၍ မိန့်ကြားသည်။

“နိုင်ငံအသွင် ကူးပြောင်းဆဲကာလမှာ ကမ္ဘာက စီးပွားရေးတွေ မြှုပ်နှံချင်တယ်။ ဒါပေမဲ့ ပဋိပက္ခ ဒီလိုဖြစ်နေတော့ နိုင်ငံပုံရိပ်မကောင်းဘူး။ နောက်ထပ်မဖြစ်ရအောင် ညှိနှိုင်းဆောင်ရွက်ကြဖို့ ဘာသာရေးခေါင်းဆောင်တွေ အသွင်မတူသူ
တွေအားလုံး ဖိတ်ခေါ်ပါတယ်။ အေးချမ်းမှုတည်ဆောက်မယ်”ဟု ဘဒန္တဒေါက်တာ ဓမ္မပီယက မိန့်ကြားသည်။

7Day News Journal

ဗြိတိသျှသံအမတ်ကြီး နေအိမ်အနီးတွင် အမေရိကန်အမျိုးသမီးတစ်ဦး လည်ပင်း အချွန်ဖြင့်အထိုးခံရ

Posted by drmyochit Saturday, June 15, 2013, under | No comments

ရန်ကုန်၊ ဇွန် ၁၃

ရန်ကုန်၏ မြို့လယ်ကောင် နေရာတစ်ခုဖြစ်သည့် ဒဂုံမြို့နယ် အလံပြဘုရားလမ်း ဗြိတိသျှသံအမတ်ကြီး၏ နေအိမ်အနီးတွင် ဇွန်လ ၁၃ ရက် ည ၉နာရီ ၄၅ မိနစ် က အမေရိကန်နိုင်ငံသား ခံယူထားသော အသက် ၃၄ နှစ်အရွယ် တရုတ်အမျိုးသမီးတစ်ဦး၏ လည်ပင်းကို အမျိုးသားတစ်ဦးက အချွန်ဖြင့် ထိုးခဲ့ကြောင်း ဒဂုံမြို့နယ် ရဲတပ်ဖွဲ့စခန်း အရာရှိတစ်ဦးက ပြောကြားသည်။

အချွန်ဖြင့်အထိုးခံရသူ အမေရိကန်အမျိုးသမီး Mrs. Teresa Wai Ye Ha သည် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (World Food Programme) ၏ Reporting Officer အဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး ရန်ကုန်သို့ ရောက်ရှိသည်မှာ နှစ်လခန့်သာ ကြာမြင့်သေးကြောင်း၊ ပလက်ဖောင်းပေါ် လမ်းလျှောက်လာစဉ် အမျိုးသားတစ်ဦးက နောက်ကျောဘက်မှ ချုပ်ကိုင်ပြီး ဘယ်ဘက်လည်ပင်းကို အချွန်ဖြင့် ထိုးခဲ့သဖြင့် လည်ပင်းတွင်ရှပ်ထိသော ဒဏ်ရာရရှိခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့စခန်း တွင် တိုင်ကြားချက်အရ သိရှိရသည်။

"အချွန်နဲ့ အထိုးခံရတုန်းက သူက သတိကောင်းကောင်း ရနေပါတယ်။ သူရဲ့မိတ်ဆွေတွေဆီကို ဖုန်းနဲ့ဆက်သွယ်ပြီး အကူအညီ တောင်းတယ်။ ချက်ချင်းပဲ Taxi ငှားပြီး ရန်ကုန်ဆေးရုံကြီးကို တစ်ယောက်တည်း သွားတယ်လို့ သူကပြောတယ်။ ပစ္စည်းနဲ့ ငွေသား အလုခံရတာမျိုးလည်း မရှိဘူး" ဟု အဆိုပါအမှုကို စုံစမ်းစစ်ဆေးနေသော ရဲအရာရှိတစ်ဦးက ထပ်လောင်းပြောကြားသည်။

ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသူ Mrs. Teresa Wai Ye Ha ကို သွားရောက်မေးမြန်း ခဲ့သော်လည်း မောပန်းနေသောကြောင့် ဖြေဆိုနိုင်ခြင်းမရှိပေ။

အဆိုပါ အချွန်နှင့်ထိုးသူ၏ ပုံပန်းသဏ္ဌာန်ကို အမေရိကန်အမျိုးသမီး ကို မေးမြန်းကာ ပုံတူခဲပန်းချီ ရေးဆွဲနေလျက်ရှိပြီး မည်သို့သော ချွန်ထက်သည့် လက်နက်ဖြင့် ထိုးသည်နှင့် မည်သူမည်ဝါ ဖြစ်ကြောင်းကို စုံစမ်းနေဆဲ ဖြစ်ကြောင်း ယင်းအမှုကို စစ်ဆေးနေသည့် ဒဂုံမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရှိရသည်။

ယင်းအမှုကို (ပ) ၁၃၂/၂၀၁၃၊ ပုဒ်မ (၃၂၆) ဖြင့် အမှုဖွင့်ပြီး ဆက်လက်စုံစမ်းနေကြောင်း ဒဂုံမြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

(ဥမ္မာလွင်၊ မြတ်သန္တာမောင်)
From: The Voice Weekly

ပုဂံ စေတီ ရင်ပြင်များ ပေါ်တွင် ကွန်ဒုံးများ မကြာ ခဏတွေ့

Posted by drmyochit Saturday, June 15, 2013, under | 3 comments

ရန်ကုန်  ဇွန်  -  ၁၄ ။              ။မြန်မာ့ယဉ် ကျေးမှု၏ အသည်း နှလုံးနေရာ ဖြစ်သည့် ပုဂံ ဒေသမှ စေတီပုထိုး ရင်ပြင်များ ပေါ်တွင် ကွန်ဒုံးများ တွေ့လာ ရကြောင်း ပုဂံတွင် ဧည့်လမ်းညွှန် လုပ်ကိုင် သူများ၏ ပြော ကြားချက် အရ သိရသည်။

ကမ္ဘာလှည့် ခရီးသွားများ အလွန် စိတ်ဝင်စား လည်ပတ်လေ့ ရှိသည့် မြန်မာ့ရှေးဟောင်း မြို့တော် ပုဂံ ဒေသက စေတီ ပုထိုး များတွင် မဖွယ် မရာ ကိစ္စများကို ပြုလုပ်လျက် ရှိပြီး ကွန်ဒုံး များကို စည်း ကမ်းမဲ့ စွန့်ပစ်လျက် ရှိကြောင်း ယင်း တို့၏ ပြောကြားချက် အရ သိရ သည်။ ဧည့်လမ်းညွှန် ဦးဆန်းဝင်းက ''ဧည့်သည်တွေကို ဗျူးလေး ကောင်း လို့ ပြချင် တဲ့နေရာ ခေါ်သွားကာမှ သူတို့မမြင်အောင် ကွန်ဒုံးတွေကို တုတ်နဲ့ ဖယ်ပစ် ရတယ်။ ပုဂံလို ထူးခြားပြီး သာသနိက အဆောက် အအုံတွေရှိ တဲ့နေရာ မှာ ဒါတွေရှိ နေတာဟာ မကောင်းပါဘူး''ဟု ပြောသည်။


ဧည့်သည်တွေကို ဗျူးလေး ကောင်း လို့
ပြချင်တဲ့ နေရာ ခေါ်သွား ကာမှ
သူတို့ မမြင်အောင် ကွန်ဒုံးတွေကို တုတ်နဲ့
ဖယ်ပစ် ရတယ်။ 


အခါကြီး ရက်ကြီး အားလပ် ရက်များတွင် ဟိုတယ်သို့ မသွားနိုင်သည့် သာမန် လက်လုပ် လက်စား စုံတွဲ များမှာ လူသွား နည်းသည့် ဘုရားများ၊ လမ်းမကြီး များနှင့် ဝေးသည့် ပုထိုးများတွင် မဖွယ် မရာများ ပြုလုပ်ပြီး ကွန်ဒုံး များကို ယင်းကဲ့သို့ စွန့်ပစ် နေကြကြောင်း သိရသည်။

''FDI တိုးတွေဟာ ဧည့်လမ်း ညွှန်တို့၊ ကားဆရာတို့ မပါဘဲ လမ်း ညွှန်စာအုပ်နဲ့ ချောင်ထဲက စေတီ ပုထိုးတွေ ထိ သွားလေ့ ရှိတယ်။ နောက်တစ်ခါတ လေကျရင် အဲဒါ တွေကို ချောင်းပြီး ကင်မရာရိုက် နေတဲ့ သူတွေ ကိုလည်း တွေ့ဖူး တယ်''ဟု  Myanmar Voyages International Tourism  ကုမ္ပဏီမှ ဒေါ်ဝါဝါလေး ကပြော သည်။ ဧည့်လမ်းညွှန်များ၊ စားသောက်ဆိုင် များနှင့် အဖွဲ့အစည်းများ အနေဖြင့်လည်း ပုဂံဒေသ တွင် လုပ်အားပေးအမှိုက်ကောက် မှုများရှိ နေကြောင်း ယင်းကဲ့သို့ အမှိုက် ရှင်းလင်းသည့်အဖွဲ့ အနေ ဖြင့်လည်း အဆိုပါ ကွန်ဒုံး များကို လမ်းတွင် များပြားစွာ တွေ့ရှိ နေရ ကြောင်း သိရသည်။

''ဒီလို ကိစ္စမျိုး တွေက လူ့ကျင့်ဝတ်နဲ့ သက်ဆိုင်တယ် စည်းမျဉ်း စည်းကမ်း ထုတ်စရာ မလိုဘူး၊ ထုတ် ရင် ကိုယ့်ပေါင် ကိုယ်လှန် ထောင်းသလိုဖြစ်မယ်။ ဗုဒ္ဓ ဘာသာ တွေဆိုရင် စောင့်ထိန်း ရမယ့် အသိ ရှိရမယ်။ ဆိုင်းဘုတ် ထောင်စ ရာကို မလိုတာ အရေး ယူဖို့လည်း ပုဂံ ဆိုတာက အကျယ်ကြီး ဒီဌာန မှာရှိ တဲ့ လူ အင်အား နဲ့လဲ မဖြစ် နိုင်ဘူး''ဟု ပုဂံ ရှေးဟောင်း သုတေ သန၊ အမျိုးသား ပြတိုက်နှင့် စာကြည့် တိုက် ဦးစီး ဌာနမှ ညွှန်ကြား ရေး မှူးချုပ်ဦးနိုင်ဝင်းက ပြောသည်။


ရွှေနု ၊ မေသက်ဇင်
From: Yangon Media Group

လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူးက အိမ်ပိုင်ရှင်တချို့အား စာရွက်အလွတ်ပေါ်တွင် လက်မှတ်ထိုးခိုင်း

Posted by drmyochit Saturday, June 15, 2013, under | No comments


လားရှိုး၊ ဇွန် ၁၅။

လားရှိုးမြို့ရှောင်လမ်းကို ၂၀၁၂ခုနှစ်၊ စက်တင်ဘာလမှ စတင်ဖောက်လုပ်ခဲ့ရာ ပထမအဆင့် အနေဖြင့် မြေသား လမ်း ဖောက် လုပ်ပြီးစီး နေပြီဖြစ်သော်လည်း ၎င်းလမ်းဘေးရှိ လူနေအိမ်တချို့နှင့် ခြံကွက် ပိုင်ရှင် များကို စာရွက်အလွတ်ပေါ်တွင် လက်မှတ်ထိုးခိုင်း၍ မြို့နယ်အုပ်ချုပ်ရေးမှူးက ဖယ်ရှားခိုင်းလျက် ရှိကြောင်း သိရ သည်။

လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူးက ရုံးသို့တက်ရောက်သော အိမ်ပိုင်ရှင်များနှင့် ခြံကွက်ပိုင်ရှင်များအား စာရွက် အလွတ်ပေါ်တွင် လက်မှတ်ထိုးခိုင်းပြီး လက်မှတ် မထိုးပါက အိမ်များကို မြေကော်စက်ဖြင့် ထိုးပစ် လိုက်မည်ဟု လူအများရှေ့တွင် ခြိမ်းခြောက် ပြောဆိုကြောင်း နေအိမ်ပိုင်ရှင်များက ပြောကြသည်။
“မြို့နယ် အုပ်ချုပ်ရေးမှူးက ကျွန်မတို့ကို သူ့ရုံးကို လာခဲ့ဖို့ လူကြုံနဲ့ခေါ်ခိုင်းပါတယ်။

ကျွန်မတို့လည်း သွားခဲ့ပါတယ်။ ရုံးကိုရောက်တော့ အိမ်ကိုဖယ်ပေးဖို့ ပြောပါတယ်။ အဲဒီတော့ ကျမလဲ ပြန်မေး လိုက်ပါတယ်။ လူကြီးမင်းက ဖယ်ခိုင်းတာတော့ ဟုတ်ပါပြီ ကျမတို့ မိသားစုကဘယ်မှာ သွားနေ ရမှာလဲ။ ထီးဆောင်းပြီး နေရမှာလားလို့ မေးလိုက်ပါတယ်”ဟု ကောင်းကြဲ(အီ) ကျေးရွာအုပ်စု၊ ခိုက်ချန်ကျေး ရွာတွင် နေထိုင်သော အမျိုးသမီးတစ်ဦးက ပြောကြားသည်။

ယင်းကိစ္စဖြင့် ပတ်သက်၍ မြို့ရှောင်လမ်းအား တာဝန်ယူ ဖောက်လုပ်လျက်ရှိသော အေးရှားဝေါ(လ်) ကုမ္ပ ဏီမှ တာဝန်ခံ ဦးဘိုမာအား မြန်မာ့ခေတ်မီဒီယာမှ သွားရောက် မေးမြန်းရာတွင် “ကျနော်တို့က ၀န်ထမ်းတွေ ပါ။ အခုလမ်းဖောက် လုပ်တာတော့ အကြမ်းအားဖြင့်ပြီးပါပြီ။ နေအိမ်တွေ ဖယ်ရှားခိုင်းတဲ့ ကိစ္စ ကတော့ ဖယ်ခိုင်းတဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး ကိုပဲသွားမေးပါ”ဟု အလွတ်သဘော ပြောကြားခဲ့သည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်လွင်အား ဆက်သွယ်မေးမြန်းရာ“လမ်းနဲ့ မလွတ်လို့ပါ။ နောက်ထပ် လမ်းကြောင်း သစ် ပြန်ပြောင်းစရာရှိလို့ ရွှေ့ခိုင်းတာပါ”ဟု ဖြေကြားသည်။

လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူးမှ ဖယ်ရှားခိုင်းသော လူနေအိမ်များသည် မြို့ရှောင်လမ်း မဖောက်လုပ်မီ ကတည်း က ကောင်းကြဲ(အီ) ကျေးရွာအုပ်စု၊ ခိုက်ချန်ကျေးရွာတွင် အခြေစိုက် နေထိုင်လျက်ရှိသော လူနေအိမ် များဖြစ်ကြောင်း သိရှိရပြီး လားရှိုးမြို့ရှောင်လမ်းကို အကျယ်ပေ(၄၀) ၊ အရှည် (၁၅.၄)မိုင် အား ပထမ(၆)လအတွင်း မြေသားလမ်း ဖောက်လုပ်ပြီးစီးရန် သတ်မှတ်ထားပြီး ၊ ဒုတိယ(၆)လတွင် ကွန်ကရစ်လမ်းချော အဖြစ်ပြီးရန် စီမံကိန်းကာလတစ်နှစ် သတ်မှတ် ဖောက်လုပ်လျက်ရှိကြောင်း သိရသည်။

ချစ်ထွေး(လားရှိုး)
From: @ မြန်မာ့ခေတ်

ကြက်တစ်ကောင်အား အခြားဂြိုဟ်မှလာသည့် ဂြိုဟ်သားပုံစံပြုလုပ်ကာ အင်တာနက်ပေါ်တင်၍ လိမ်လည်လှည့်ဖြားသူ တရုတ်အမျိုးသားအား ရဲတပ်ဖွဲ့ဖမ်းဆီး

Posted by drmyochit Saturday, June 15, 2013, under | No comments


ပေကျင်း ဇွန် ၁၄

ကြက်တစ်ကောင်ကို လျှပ်စစ်ဓာတ်ဖြင့် အဆုံးစီရင်၍ အခြားကမ္ဘာဂြိုဟ်မှ လာသော သတ္တဝါ ပုံစံမျိုးပြု လုပ်ကာ အင်တာနက်ပေါ် တင်ခဲ့သည့် တရုတ်လယ်သမားတစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်တွင် ဇွန် ၁၃ ရက်က ဖော်ပြခဲ့
သည်။

လီအမည်ရှိ အဆိုပါ အမျိုးသားသည် ပြည်သူများကို လှည့်စားရန်အတွက် ကြက်အား ဝါယာကြိုးနှင့်ကော် များ အသုံးပြု၍ ဂြိုဟ် သားတစ်ဦးအသွင် ဖန်တီးကာ အင်တာနက်ပေါ်သို့ တင်ခဲ့ သည်ဟု ဝန်ခံခဲ့သည်။ ရဲတပ် ဖွဲ့သည် အတုအလိမ်လုပ်ကြံမှုဖြင့် ၄င်းအား ငါးရက်ကြာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

From: မြ၀တီ

Friday, June 14, 2013

14.6.2013 မှ 20.6.2013 ထိ ၇ ရက်သားသမီး ဟောစာတမ်း

Posted by drmyochit Friday, June 14, 2013, under | 1 comment

ဒေါက်တာထွန်းလင်း-ဘုတလင်( GOLD MEDALIST)

တနင်္ဂနွေ
ယခု အချိန်နှင့် ယခင်အချိန် က လုပ်ရပ်များ အဆင်ပြေ အောင်မြင်မှု့ တို့ကြားလာရလိမ့်မည်။ ချစ်သူထံမှ ကောင်းသတင်းကြားရမည်။ အလုပ်ကိစ္စနှင့် ခရီးထွက်ရမည်။ ရန်သူ ၏ တောင်းပန်မှုရမည်။ အခက်အခဲ အထစ်အငေါ့ များပြေပျောက်မည်။ ရှုပ်နေသော အရာများရှင်းနိုင်မည်။ သင်တန်းသွားရတတ်သည်။ ကျန်းမာရေး အနည်းငယ်ချူချာ နိုင်သည်။

အကျိုးပေးဂဏန်း - ၀ ၊ ၁ ၊ ၂။
အထူးဟော - ကံကောင်းမည်။
ယတြာ - အောင်သပြေ (၉) ညွန့် မွေးနေ့မှာ လှူလိုက်ပါ။

တနင်္လာ
          မကြာမှီ သင်၏ စွန့်စားမှုလုပ်ရပ်များ စွန့်စားစွာသွားလာရမည်။ ခရီးစဉ်များ ၊ စွန့်စားစွာ ကြိုးစားရတော့မည်။ ပညာရေးများအတွက် အားယူစဉ်းစားခန်းဝင်နေသောကာလဟု ဆိုရပေမည်။ အားငယ်မနေနှင့် လွတ်လပ်စွာ လှုပ်ရှားပြီး အရာရာ ကိုရင်ဆိုင်လိုက်ပါ။ ၀မ်းသာပီတိ ရလောက်အောင် စိတ်ချမ်းသာစွာ အောင်မြင်မှာ ဖြစ်ပါတယ်။ ခရီးယာယီ တွေသွားရမည်။ မိတ်ဆွေသစ်အပေါင်း အသင်း သစ်တွေ ကြုံလာမည်။ လက်ဆောင်ပစ္စည်းဝင်မည်။ ကား ၊ စက်တို့ရမည်။ မြေ အ၀င်အထွက် ရှိမည်။ အချစ်ရေး စွဲလန်းသူ တွေ့မည်။ အိမ်ထောင်ပြုဖြစ်မည်။
   
အကျိုးပေးဂဏန်း - ၂ ၊ ၄ ၊ ၃။
အထူးဟော - ကံကောင်းနေမည်။
ယတြာ - မွေးနေ့တွင် ကံ့ကော် (၁၅) ညွန့်ကို အိမ်ဘုရားကပ်လှူပါ။  

အင်္ဂါ
          အတိုက်အခံ တွေ ကြုံမည်။ မလိုသူတွေတွေ့မည်။ ဆန့်ကျင်ဘက်လိင်တို့၏ စွဲလန်းမှု နှောက်ယှက်မှုများ နှင့် အတိုက်အခံ လုပ်မှု တွေ နှင့် မကောင်းသတင်းထုတ်လွှင့်မှုများဖြစ်မည်။ ခရီးဝေးယာယီ တွေရောက်မည်။ စက် ၊ ကား တို့ဝင်ခြင်း ၊ ထွက်ခြင်း ဖြစ်မည်။ ငွေကြေးကိစ္စပြောရ တတ်သည်။ ခြေ၁ ဖက် နာကျင် မှုနှင့် ၀မ်းမကောင်းဖြစ်တတ်၍ အစားဆင်ခြင်ပါ။ အိမ်ရှိ မိသားစု ၏ အပြစ်တင်အထင်လွဲမှုခံရတတ်သည်။ စာမေးပွဲများ ၊ အင်တာဗျူး များအောင်မြင်မည်။        

အကျိုးပေးဂဏန်း - ၃ ၊ ၆ ၊ ၁။
အထူးဟော - အတိုက်အခံ ဖြစ်ပြီးမှ အောင်မြင်မည်။
ယတြာ - အိမ်ဘုရားကို မွေးနေ့မှာ သစ်သီး ၉ မျိုးကပ်လှူပါ။  

ဗုဒ္ဓဟူး
          စွန့်စားမှုများ လွတ်လပ်မှုများ ကြိုးစားမှု့ များဆက်တိုက်အောင်မြင်နေမည်။ သင့်ကို ချစ်နေသောသူ၏ အထင်လွဲခြင်းများခံရမည်။ ကျော်တော့ လှေသူကြီး ငြားတော့လှေထိုးသား ဖြစ်တတ်သည်။ မရောက်ဘူးသော ခရီး မပေါင်းဘူး သော မိတ်ဆွေ မလုပ်ဘူးသော အလုပ်တို့လုပ်ဖြစ်မည်။ စိတ်လေ နေမည်။ ထင်ရာ လုပ်ရန် စိတ်ဖြစ်လာ နိုင်သော်လည်း ထိမ်းချုပ်နိုင်စွမ်း ရှိ၍ ထင်ရာမလုပ်ဖြစ်ပါ။ အပေါင်းအသင်း ၏ အကူအညီ ရမည်။ စက် ၊  ယာဉ် တို့ဝင် ထွက်မည်။  

အကျိုးပေးဂဏန်း - ၁ ၊ ၅ ၊ ၄။
အထူးဟော - အောင်မြင်မှုများရနေမည်။
ယတြာ - ဘုရားကို အောင်သပြေ (၁၉) ညွန့်ကပ်ပါ။    

ကြာသပတေး

ဤတပတ် အတွင်း သင်ကံကောင်းပြီ။ ကောင်းသတင်း တွေ ကြားရမည်။ အလုပ်အကိုင် တိုးတက်မှု့ မြင့်မားမှု ပြောင်းလဲ မှု ၊ ပြောင်းရွှေ့မှု တို့ဖြစ်လာမည်။ အချစ်ရေး ၊ စီးပွားရေး ၊ အဆင်ပြေမည်။ လက်ထပ် မင်္ဂလာဖြစ်မည်။ မိဘ ၊ ဘိုးဘွား တို့အတွက် စိတ်ချမ်းသာမှု့ များကြားရမည်။ မိသားစု ဆွေမျိုး များ မင်္ဂလာ ၊ အလှူ တို့ ပျော်ရွှင်စွာကျင်းပဖြစ်မည်။ ကိုယ်တိုင် ခရီးဝေး ရောက်မည်။ ပြိုင်ဆိုင်မှု့များ အနိုင်ရမည်။

အကျိုးပေးဂဏန်း - ၅ ၊ ၀ ၊ ၃။
အထူးဟော - ကံကောင်းတယ်။
ယတြာ - ဘုရားကို ပေါင်မုန့် ၅ ချပ် သကြားဖြူး ၍ ကပ်ပါ။  

သောကြာ
          စိတ်လေနေမည်။ အတွေးများ နေမည်။ အိမ်မှာ မနေချင်ဘဲ အလုပ်ကို စိတ်ဝင်စားမှု့ မရှိဘဲ ခရီးတွေ ထွက်နေချင်မည်။ အကြီးအကဲ မိဘတို့၏ အပြစ်တင်အထင် လွဲခြင်းခံရမည်။ ပြန်ပြေလည်မည်။ ငွေဝင် ၊ ထွက်ကြမ်း မည်။ ငွေစုလို့မရပါ။ စွဲလန်းသူ နှင့် ရကိန်းမြင်သည်။ မိဘတို့ သဘော တူ မတူ ပြဿနာ တွေ ရှုပ်ပြီးမှ ရကိန်းမြင်ပါတယ်။ လက်ထပ်လုနီးပါး ဖြစ်ပြီးမှ ကြန့်ကြာမှု့ ဖြစ်တတ်သည်။ သူတစ်ပါး အရှုပ်ကိုယ့်အရှုပ် ဖြစ်မည့် အန္တရာယ် လုံးဝမရှိပါ။
     
အကျိုးပေးဂဏန်း - ၆ ၊ ၃ ၊ ၉။
အထူးဟော - အောင်မြင်မည်။
ယတြာ - သောကြာနေ့နံနက်တွင် အိမ်ဘုရားကို သစ်သီး (၉) မျိုး ကပ်လှူပါ။

စနေ
          သင်ပြုသည့်ကံ ပဲ့တင်သံ သင့်ထံပြန်လာမည် ဟူသော စကားပုံအတိုင်း သင်၏ မှန်ကန်သော စေတနာ သဒ္ဓါကြောင့် သင်၏ လုပ်ငန်းမှာ ပို၍ အောင်မြင်မှုများရရှိလာလိမ့်မည်။ လုပ်နေဆဲ လုပ်ငန်းများနှင့် လုပ်ရန်ကြံရွယ်နေသော အလုပ်များ အားလုံး အဆင်ပြေအောင်မြင်မည်။ ရန်သူက မိတ်ဆွေ ဖြစ်မည်။ ခင်မင်သူ က ကူညီမှုများပေးလာမည်။ အဝေးမိတ်ဆွေ ၏ အကူအညီ ရမည်။ အဝေးအပေါင်းအသင်း နှင့် စီးပွားရေး ရှယ်ယာလုပ်ငန်းတို့လုပ်လာရမည်။ ကြိုးစားမှု့တိုင်း က အောင်မြင်မည်။ ၀န်ထမ်း လုပ်ငန်း ရာထူးတက် ၊ လစာတိုးမည်။ အချစ်ရေးမှာ နားလည်မှုဖြင့်လက်ထပ်ခွင့် ရွှေ့ဆိုင်းတတ်သည်။ ခရီးဝေးသွားရမည်။ မိဘ သားချင်းဆွေမျိုးတို့ အတွက် လုပ်ကိုင်မှုများပြုရတတ်သည်။ အားလုံးအဆင်ပြေမည်။ ၀င်ငွေကောင်းလာမည်။ စက် ၊ ကား ၊ မြေတို့ဝင်မည်။

အကျိုးပေးဂဏန်း - ၇ ၊ ၂ ၊ ၀။
အထူးဟော - ဆက်လက် အောင်မြင်နေမည် ။
ယတြာ - အောင်သပြေ (၉) ညွန့် ဘုရားလှူပါ။  

by Myit Makha Mediagroup

၉၆၉ လှုပ်ရှားမှုကို အရေးယူသွားမည်ဟု သူရဦးရွှေမန်း ပြောဆို

Posted by drmyochit Friday, June 14, 2013, under | 5 comments


စာတမ်းတွေကပ်၊ သွေးထိုးစကားတွေ လုပ်ဆောင်နေတဲ့ ၉၆၉ အဖွဲ့အစည်းတွေကို အရေးယူသွားမယ်လို့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက Woodrow Wilson Center မှာ ပြောဆိုလိုက်ပါတယ်။

၉၆၉ လှုပ်ရှားမှုကို ဖော်ထုတ်အရေးယူဆောင်ရွက်နေ ပြီဖြစ်တဲ့အကြောင်းပြောဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ကန့်သတ်ချက်တွေရှိနေတာကို ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မရှင်က ပြင်ဆင် ပယ်ဖျက်ဖို့၊ အစားထိုးဖို့ လုပ်ဆောင်သွားမယ်လို့လည်း သူရဦးရွှေမန်းက ပြောဆိုခဲ့ပါတယ်။

မြန်မာပြည်မှာ အမိန့်ပေးအုပ်ချုပ်မှုကြောင့် ဖြစ်ပေါ်ခဲ့ရတဲ့ အခက်အခဲတွေကို ပြင်ဆင်ဖို့ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းတွေကို လေ့လာသင်ကြားသွားရမှာဖြစ်တယ်လို့ လွှတ်တော်ဥက္ကဌက ဆိုပါတယ်။

 Kamayut Media

ထိမ်းမြားမှု ဥပဒေသစ်ပြုရေး ဦးဝီရသူ တိုက်တွန်း

Posted by drmyochit Friday, June 14, 2013, under | 1 comment


ဥပဒေသစ်က အမျိုးသမီးများနှင့်သာ ဆိုင်ပြီး အမျိုးသားများ မပါဟု ဦးဝီရသူက ဆိုသည် (ဓာတ်ပုံ – ဧရာဝတီ)

ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို လက်ထပ်မည့်  ဘာသာခြားများ၊ လူမျိုးခြား အမျိုးသားများက ဗုဒ္ဓဘာသာသို့ ကူးပြောင်းပြီးမှသာ တရားဝင်လက်ထပ်ခွင့်ရမည့် ဥပဒေမူကြမ်းကို  နိုင်ငံတော်သြဝါဒ ဓမ္မစရိယဆရာတော်ကြီးများ ဦးဆောင်ပါဝင်သော သံဃာအစည်းအဝေးတခုတွင် မန္တလေးမစိုးရိမ်တိုက်သစ်မှ ဦးဝီရသူဦးစီးသည့် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က တင်သွင်းခဲ့သည်။

ယနေ့  မှော်ဘီမြို့ ဓမ္မဒူတ ဇေတဝန် တောရ  ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် ပြုလုပ်သည့် ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲတွင်  နိုင်ငံတော်သြဝါဒဓမ္မစရိယ ဆရာတော် ဘန္ဒန္တတိလောကာဘိဝံသ ကြီးမှူးပြီး သံဃာ အပါး၂၀၀ တက်ရောက်နေသည့် ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ ပြင်ပမီဒီယာများနှင့် အချို့ သောမီဒီယာများတွင် အကြမ်းဖက်သူများ သဘောမျိုးဖော်ပြနေခြင်းအပေါ် တုန့် ပြန်ဖြေရှင်းရန်၊ ဗုဒ္ဓဘာသာသည် ငြိမ်းချမ်းရေးကို ရှေးရှုသာ ဘာသာတစ်ရပ်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုရန် ရည်ရွယ်ကျင်းပရာ အစည်းအဝေးတွင် ဦးဝီရသူက “အမျိုးစောင့်ဥပဒေ”ဟု ခေါ်ဆိုသော အဆိုပါ စာတမ်းတစောင်ကို ထုတ်ပြန်တင်ပြသွားခဲ့သည်။

မည်သည့်ဘာသာဝင်မဆို ဘာသာခြား၊ လူမျိုးခြားဖြစ်ခဲ့ပါက ဗုဒ္ဓဘာသာဝင်အမျိုးသမီးကို လက်ထပ်မည်ဆိုလျှင် ဗုဒ္ဓဘာသာဝင် ဖြစ်ကြောင်း တရားဝင် လက်မှတ်ရရှိထားသူ ဖြစ်ရမည်ဖြစ်ပြီး လက်ထပ်မည့် အမျိုးသမီး၏ မိဘ သို့ မဟုတ် အုပ်ထိန်းသူ၏ စာဖြင့် တရားဝင်ခွင့်ပြုချက်ဖြင့်သာ လက်မှတ်ရေးထိုး လက်ထပ်ရမည်ဟု ယင်းဥပဒေ မူကြမ်းတွင်  ထည့်သွင်းရေးဆွဲထားသည်။ အဆိုပါ ဥပဒေကို ပြည်တွင်းမှ ဥပဒေပညာရှင်များဖြင့် ပူးပေါင်းကာ စင်ကာပူနှင့် မလေးရှားနိုင်ငံတို့၏ လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ ကို အတုယူရေးဆွဲထားသည်ဟု ဦးစီးရေးဆွဲထားသော ဘုန်းတော်ကြီးများက ဆိုသည်။

“ဥပဒေကို အသက်ဝင်အောင် နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးကို စာပို့မယ်။ ဒီလမကုန်ခင် တနိုင်ငံလုံးမှာ သဘောထား စစ်တမ်းကောက်မယ်။ လွှတ်တော်မှာ တရားဝင် တင်ပေးမယ့် လွှတ်တော်ကိုယ်စားလှယ်တွေလည်း ရွေးထားပြီးပြီ” ဟု အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ယူထားသည့် ဆရာတော်ဓမ္မပီယက မိန့်သည်။

အထက်ပါ ဥပဒေအကြောင်းအချက်များကို မလိုက်နာဘဲ လက်ထပ်ပေါင်းသင်းသူကို ထောင်ဒဏ်၁၀ နှစ် ကျခံစေရန် ပြစ်ဒဏ်ချမှတ်ရမည့်အပြင် ထိုသူပိုင် ပစ္စည်းအားလုံးကို သိမ်းယူ၍ ဗုဒ္ဓဘာသာဝင် အမျိုးသမီးအား ပေးရမည်ဖြစ်ကြောင်း၊ ကျူးလွန်သူကို ရာဇသတ်ကြီးဥပဒေ၏ ထိမ်းမြားခြင်းဆိုင်ရာ ပြစ်မှုပုဒ်မ ၄၉၃ အပြင် သက်ဆိုင်ရာပုဒ်မများနှင့် သီးခြား အရေးယူ အပြစ်ပေးရမည်ဖြစ်ကြောင်း မူကြမ်းတွင် ထည့်သွင်းရေးဆွဲထားသည်။

သို့သော် ဥပဒေသည် ဗုဒ္ဓဘာာသာဝင်အမျိုးသမီးများသာ အကျုံးဝင်ပြီး အမျိုးသားများအတွက် ထည့်သွင်းရေးဆွဲမထားဘဲ ၎င်းတို့အနေဖြင့် မည်သည့်ဘာသာဝင်အမျိုးသမီးကို မဆို လက်ထပ်ခွင့်ရှိမည်ဟု ဆိုသည်။

“ဗုဒ္ဓဘာသာ အမျိုးသားတွေက ဘာသာခြား အမျိုးသမီးနဲ့ လက်ထပ်ခွင့်ရှိမယ်။ သူတို့တွေမှာက ဘာသာရေးနဲ့ ပတ်သက်ပြီး ပြဿနာ သိပ်မဖြစ်ကြတော့ သူတို့အတွက် ဥပဒေမပါဘူး။ ကာကွယ်စရာမလိုဘူး”ဟု ဦးဝီရသူက မိန့်သည်။

ဧရာဝတီသတင်းဌာနက ဗုဒ္ဓဘာသာ အမျိုးသမီးများအနေဖြင့် ၎င်းတို့စိတ်ဆန္ဒအရ ဘာသာမပြောင်းဘဲ လက်ထပ်ခြင်းပြုမည် ဆိုပါက အမျိုးသမီးအား အရေးယူ မယူ မေးမြန်းရာတွင် ယင်းအချက်အလက်ကိုမူ စဉ်းစားဆဲဖြစ်ပြီး သဘောကျ နှစ်သက်သဖြင့် လုပ်မည်ဆိုပါက အစ္စလာမ်ဘာသာသို့ ကူးပြောင်းစေမည်ဖြစ်ကြောင်း ဦးဓမ္မပီယနှင့် ဦးဝီရသူ တို့ နှစ်ပါးစလုံးက ဆိုသည်။

“ စိတ်ဆန္ဒရှိတယ်ဆိုရင်၊ တကယ် အကျိုးရှိမယ်ဆိုရင် တနိုင်ငံလုံး အစ္စလာမ်ဘာသာ ဖြစ်သွားလည်း သဘောတူတယ်။ မိန်းကလေးရဲ့ သဘောဆန္ဒ ရှိတယ်ဆိုရင် ဥပဒေ အဆင့်ဆင့်ဆောင်ရွက်ပြီးတော့ ဘာသာပြောင်းဖို့ ခွင့်ပြုမယ်”ဟု ဦးဝီရသူက မိန့်သည်။

မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူ က ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် “အထူးသဖြင့် မြန်မာတိုင်းရင်းသားများနှင့် ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်လိုသည့် ရည်ရွယ်ချက်ဖြင့် ကြိုးပမ်းခြင်းဖြစ်ပြီး ဤဥပဒေပေါ်ပေါက်လာပါက မွတ်စလင်တို့ ဝါးမျိုလိုမှု၊ ဖျက်ဆီးလိုမှု၊ ကျူးကျော်သိမ်းပိုက်လိုမှုများကို ကာကွယ်တားဆီးနိုင်မည်ဖြစ်သည်။ အမျိုးစောင့်ဥပဒေ ကမ်ပိန်း လာလေပြီ။ မြန်မာပြည် အပြည့်အဝ လုံခြုံမှု ရှိတော့မည်” ဟု ရေးသားထားသည်။

ဓမ္မဒူတ ဇေတဝန် တောရ ဆေကိန္ဒာရာမ ကျောင်းတိုက် ဆရာတော် ဆေကိန္ဒကမူ ယခု သံဃာစုဝေးပွဲမှာ မကြာမီက ဖြစ်ပွားခဲ့သော ဘာသာရေး အကြမ်းဖက်မှုများတွင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ ပါဝင်နေကြောင်း စွပ်စွဲလာကြပြီး မြန်မာပြည်ရှိ ဗုဒ္ဓဘာသာကို ငြိမ်းချမ်းသည့်ဘာသာအဖြစ် မမြင်ကြတော့သည့်အတွက် တုန့်ပြန်တင်ပြရန် ဆွေးနွေးကြခြင်းဖြစ်ကြောင်း ဆိုသည်။

“ ငြိမ်းချမ်းရေးကို ဦးတည်ပြီးတော့ ဆောင်ရွက်နေပါတယ်၊ တချို့ကိစ္စတွေမှာကျတော့ သိသမျှကို ပြောပြလို့မရတာတွေ ရှိတယ်”ဟု ဆရာတော် ဆေကိန္ဒက မိန့်သည်။

ယခု သံဃာ စုဝေးပွဲကို မနက်ဖြန် ဇွန်လ ၁၄ ရက်တွင်လည်း ဆက်လက်ပြုလုပ်မည်ဖြစ်ပြီး ဆွေးနွေးပွဲအပြီး ကြေညာချက် ထုတ်ပြန်ရန် ရှိကြောင်း သိရသည်။

မေစစ်ပိုင်  ၊  ဧရာဝတီ

မြန်မာလုပ်သားများ ပဋိပက္ခထပ်မံ မဖြစ်ပွားရန် မလေးရှားအစိုးရ သတိပေး

Posted by drmyochit Friday, June 14, 2013, under | No comments


ပူထရာဂျာယ၊ ဇွန် ၁၃။

မလေးရှား အစိုးရက မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်လာလုပ်သူများအား ပဋိပက္ခများ ထပ်မံ မဖြစ်ပွားစေ ရန် ယနေ့ တွင် သတိပေးပြောကြားလိုက်သည်။

ပဋိပက္ခ တိုက်ခိုက်မှုများသည် မလေးရှားနိုင်ငံ၏ မြို့တော် ကွာလာလမ်ပူတဝိုက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင် ငံသား ထောင်ပေါင်းများစွာ လက်ခံထားသည့် မလေးရှားနိုင်ငံအနေဖြင့် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်ဆ လင်များကြား တင်းမာမှုများ ပြန့်နှံ့သွားမည်ကို မလေးရှားအစိုးရက စိုးရိမ်မှုများရှိနေသည်။
မလေးရှား ရဲတပ်ဖွဲ့သည် ပဋိပက္ခကြောင့် လုံခြုံရေးအရ မြန်မာနိုင်ငံသား၂၅၀ ကိုဖမ်းထားရာ ၎င်းတို့တွင် တရား ဝင် လူဝင်မှု စာရွက်စာတမ်းမရှိကြောင်း တွေ့ရှိခဲ့သည်ဟု သိရသည်။

ဖမ်းဆီးထိန်းသိမ်းခံထားသူများကို တရားရုံးသို့ တင်မည်လော နိုင်ငံတွင်းမှ ပြန်လည်နှင်မည်လောကို ရှင်းလင်းစွာမသိရသေးပေ။

မြန်မာရွှေ့ပြောင်းအလုပ်သမားများ လုပ်ကိုင်ရာ နေရာများတွင် ရဲများက ကင်းလှည့်နေကြကြောင်း မလေး ရှား ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားထားသည်။
“မြန်မာနိုင်ငံ တွင်းက ရန်ပွဲကို ကျွန်တော်တို့နိုင်ငံကို သယ်လာကြတယ်” ဟု မလေးရှားပြည်ထဲရေး ဒုဝန်ကြီး က မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံပြီးချိန်တွင် ပြောကြားသည်။

မြန်မာအစိုးရသည် မလေးရှားနိုင်ငံတွင်း မြန်မာနိုင်ငံသားများအကြားဖြစ်ပွားခဲ့သည့် ပဋိပက္ခအပေါ် မလေးအာဏာပိုင်များက ကိုင်ကွယ်ပုံကို ကျေနပ်ကြောင်းနှင့် အဆိုပါကိစ္စရပ်ကို ကူညီဖြေရှင်းရန် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဇင်ယော်က ဒေသတွင်းရဲတပ်ဖွဲ့နှင့် လူဝင်မှုဋ္ဌာနက ကျွမ်းကျင်စွာ လုပ်ဆောင်ခဲ့ကြောင်း ပြောကြားသည်။

“ပူးပေါင်းမှုကို ကျွန်တော်တို့ တွေကျေနပ်ပါတယ်။ မြန်မာမှာဖြစ်တဲ့ ပဋိပက္ခနဲ့ မဆိုင်ပါဘူး။ ပြီးတော့ ဒေသခံ မလေးရှားတွေနဲ့လည်း မဆိုင်ပါဘူး” ဟု ပြန်ထဲရေးဒုဝန်ကြီး နှင့် တွေ့ဆုံပြီးချိန်တွင် ဦးဇင်ယော်က ပြောကြားသည်။

ဦးဇင်ယော်က ပဋိပက္ခသည် မလေးရှားတွင် နေထိုင်သည့် အုပ်စုများကြားတွင် ဖြစ်ပွားခြင်းဖြစ်ကြောင်း ထပ်မံပြောကြားသည်။

မေ ၃၀ နှင့် ဇွန် ၄ ရက်ကြား ၅ ရက်ကြာကာလအတွင်း မြန်မာနိုင်ငံသားများကြား ပဋိပက္ခ ၇ ကြိမ်ဖြစ်ပွားခဲ့ပြီး လူလေးဦး သေဆုံးခဲ့ကာ လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Ref:Stltoday
@ မြန်မာ့ခေတ်

စင်ကာပူမှ မြန်မာအမျိုးသမီးငယ်အချို့ စိတ်မမှန်သည့် ပုံစံမျိုးဖြင့် ပြန်ရောက်လာမှုများရှိနေ

Posted by drmyochit Friday, June 14, 2013, under | No comments

ဧပြီ ၁၆ ရက်က စင်ကာပူမှ မြန်မာနိုင်ငံသို့ MAI လေကြောင်းလိုင်းဖြင့် လိုက်ပါလာသည့် ကချင် အမျိုး သမီးငယ် တစ်ဦးသည် လေဆိပ်သို့ ရောက်ရှိပြီးချိန်တွင် စိတ်မမှန်သည့် ပုံစံမျိုး ဖြစ်နေကြောင်း၊ ထပ်မံ၍ ဇွန် ၉ ရက် ကလည်း စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ Golden Myanmar လေကြောင်းလိုင်းဖြင့် ပြန်လာ သည့် ချင်းတိုင်းရင်းသူ အမျိုးသမီးငယ် တစ်ဦးမှာလည်း ထိုသို့ပင် စိတ်မမှန်သည့် ပုံစံမျိုးဖြင့် ပြန် လည်ရောက် ရှိ လာသဖြင့် လေဆိပ်တာဝန်ရှိသူများက အမျိုးအဆွေများအား ရှာဖွေအပ်နှံ ပေးနေ ရကြောင်း လေကြောင်း လိုင်း အချို့ထံမှ စုံစမ်းသိရှိရသည်။

လေကြောင်း အသိုင်းအ၀ိုင်းမှ ဖြစ်စဉ်များကို သိရှိသူ တစ်ဦးက ''စင်ကာပူကနေ ပြန်လာတဲ့ အမျိုး သမီးငယ်တွေ ချည်းပဲ ဖြစ်နေတာ တွေ့ရတယ်။ ပထမတစ်ယောက် ဆိုရင် အသက် ၂၄ နှစ်အရွယ် ကချင် မလေး။ လေဆိပ်ရောက်တော့ ကိုယ့်ပစ္စည်းတွေလည်း ကိုယ်သယ်ဖို့ သတိမရဘူး။ အငှားကားပေါ် တက် ထိုင်နေပြီး ငိုလိုက်ရပ်လိုက်၊ ငိုလိုက်ရပ်လိုက် ဖြစ်နေတယ်။ ဘာမှ မေးလို့မရဘူး။ ဘာကိုမှလည်း သတိမ ရဘူး။ ဒုတိယ တစ်ယောက်လည်း အဲဒီလိုပဲ ငိုလိုက်ရပ်လိုက်၊ ငိုလိုက်ရပ်လိုက် ဘာမှ သတိမရဘူး။ တာဝန်ရှိ သူတွေက အိတ်တွေဖွင့်ပြီး ဆက်သွယ်လို့ရမယ့် ဖုန်းတွေလိုက်ရှာပြီး လုပ်ပေးလိုက်တယ်။ ပထမ တစ်ယော က်ဆိုရင် မြစ်ကြီးနားက ကောင်မလေးပါ။ ဆွေမျိုးရင်းချာအထိ ဆက်သွယ်လို့ မရတဲ့အတွက် ကမ္ဘာအေး အမျိုးသမီး စောင့်ရှောက်ရေးအဖွဲ့က လာခေါ်ပေးသွားတယ်လို့ ကြားရတယ်။

ဒုတိယတစ်ယောက် ကတော့ ဦးလေးတော်တဲ့သူနဲ့ အဆက်အသွယ်ရတော့ လာခေါ်သွားတယ်လို့ ကြား ရတယ်။ အဲဒီမှာ တူတဲ့အချက်တွေက ငိုလိုက်ရပ်လိုက်ဖြစ်တာ၊ မှတ်ဥာဏ်ပျောက်နေတာ၊ အမျိုး သမီး ငယ်တွေ ဖြစ်နေသလို လေယာဉ်ပေါ်မှာလည်း တစ်ယောက်တည်းစီပဲ ပါလာတာတွေက တူနေတယ်။ အစက တည်းက စိတ်မမှန်ဘူးဆိုရင် လေယာဉ်စီးဖို့ မဖြစ်နိုင်သလို တစ်ယောက်ယောက် အစောင့် ပါလာမှာပဲ။ တစ်ယောက်လောက် ဒီလိုဖြစ်တယ်ဆိုတာ အကြောင်းကြောင်းကြောင့်လို့ ပြောလို့ရပေမယ့် ပုံစံ တူ နှစ်ယောက် ဖြစ်လာတဲ့ အတွက်တော့ သေချာစိစစ် သင့်တယ်လို့ ထင်တယ်။

 ဥပမာ- ဆေးဝါး တစ်ခုခုကြောင့် အသိဥာဏ် ပျောက်သလား ဆိုတာမျိုးပေါ့။ သွေးရိုးသားရိုး ဖြစ်တာက ပြဿ နာ မဟုတ်ပေမယ့် တစ်ခုခုကြောင့်ဆိုရင် ရှောင်တိမ်းနိုင်အောင် စစ်သင့်တယ် ထင်တယ်။ နှစ်ယောက် စလုံး အနေအထားက အောက်ခြေ အလုပ်လုပ်တဲ့ ပုံစံမျိုးလေးတွေပါ'' ဟု ပြောပြခဲ့သည်။

From: Eleven

Thursday, June 13, 2013

မလေးရှားမှ ပထမဆုံး ပြန်ရောက်လာသော အလုပ်သမားနှစ်ဦးနှင့် တွေ့ဆုံခြင်း

Posted by drmyochit Thursday, June 13, 2013, under | No comments

(ခိုင်စိုးလင်း၊ ခွာလ်ကမ်းကေ)

မလေးရှားနိုင်ငံတွင် အကြမ်းဖက်ခံရမှုကြောင့် မြန်မာအလုပ်သမားအချို့ ပြန်လာရန် စိုင်းပြင်းလျက် ရှိနေချိန် ဇွန်လ ၁၂ ရက်နေ့က မြန်မာနိုင်ငံသို့ ပထမဆုံး ပြန်လည်ရောက်ရှိလာသော အလုပ်သမား နှစ်ဦးနှင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တွေ့ဆုံ မေးမြန်းထား ပါသည်။ ၄င်းတို့ အလုပ်ရှင်၏ စီစဉ်ပေးမှုဖြင့် ပြန်လည် ရောက်ရှိလာခြင်း ဖြစ်ပြီး ကာယကံရှင်များ ဆန္ဒအရ အမည်နာမ ဖော်ပြနိုင်ခြင်း မရှိပါ။

Voice : မလေးရှားနိုင်ငံ ဘယ်ဒေသတွေမှာ အလုပ် လုပ်ခဲ့ကြတာလဲ။

လုပ်သား(၁) : ကျွန်တော်ကတော့ လာဝပ်မှာ နေတာပါ။ အခုလက်ရှိ အကြမ်းဖက်မှုတွေဖြစ် နေတဲ့ ကွာလာလမ်ပူနဲ့ သိပ်မဝေးပါဘူး။

လုပ်သား(၂) : ကျွန်တော်ကတော့ မလက်ကာမှာ နေခဲ့တာ။ မလေးရှားမှာ အလုပ်လုပ်တာ ကတော့ ၂ နှစ်ရှိပြီ။

Voice : မလေးရှားမှာရှိတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ အခုလက်ရှိ ကြုံတွေ့နေရတဲ့ ဒုက္ခ အခက်အခဲတွေကို ပြောပြပေးပါဦး။

လုပ်သား(၁) : ကျွန်တော်တို့နေတဲ့ အနီးတစ်ဝိုက်မှာတော့ ဆူပူမှုတွေ သိပ်မရှိပါဘူး။ ဒါပေမဲ့ လုံခြုံရေးကိုတော့ သိပ် စိတ်မချရဘူး။ ညဘက်ကျ ကျွန်တော်တို့ မြန်မာလုပ်သားတွေ အလှည့်ကျ ကင်းစောင့်ပြီး အိပ်ရတယ်။ အခု အကြမ်းဖက်မှုတွေ ဖြစ်နေတဲ့ ကွာလာလမ်ပူ အနီးတစ်ဝိုက်က မြန်မာ တွေဆိုရင် ညဘက် တံခါးသုံးထပ် ပိတ်ထားရတယ်။ တချို့နေရာတွေမှာ ညဘက်ဆိုရင် တံခါးလာ ခေါက်တယ်။ ဖွင့်မပေးရင် စပရေး ဖျန်းပြီးတော့ တံခါး မဖွင့်ဖွင့်အောင် လုပ်ကြတယ်။ အငွေ့နံ့ မခံနိုင် လို့ အပြင်ထွက်လာ ပြန်ရင်လည်း ဝိုင်းရိုက်ကြတယ်။ ပစ္စည်းလည်း လုကြတာမျိုးတွေ ရှိတယ်။

လုပ်သား(၂) : လုံခြုံရေးကိုတော့ အတတ်နိုင်ဆုံး သတိထားနေရတယ်။ ကျွန်တော်တို့နေတဲ့ ဘက်မှာ မဖြစ်ပေမယ့် သူငယ်ချင်းတွေဆီက အကြမ်းဖက်မှု သတင်းတွေကိုတော့ နေ့တိုင်း ကြားနေရတယ်။ တစ်လောကဆိုရင် အသတ်ခံရတဲ့သူက မလေးရှားရောက်တာ ရက်ပိုင်းပဲ ရှိသေးတယ်။ ကောလာဟလတွေ ရှိသလို၊ တကယ် ဖြစ်နေတာတွေလည်း ရှိတယ်။ နေ့လယ်ဘက်တောင် အပြင် မထွက်ရဲကြဘူး။

Voice : မလေးရှားကနေ ပြန်လာမယ့်သူ ဘယ်လောက်ထိ ရှိလဲ။

လုပ်သား(၁) : ပြန်လာဖို့ကတော့ အများကြီးပဲ။ Overstay (ရက်လွန် နေထိုင်သူ) သမားတွေ ကတော့ ပြန်လာချင်ပေမယ့် အခက်အခဲ ရှိနေကြတယ်။

လုပ်သား(၂): မြန်မာပြည် ပြန်လာချင်တဲ့သူတွေ အများကြီးပါပဲ။ ကျွန်တော့် သူငယ်ချင်း တွေထဲမှာလည်း Overstay နဲ့ အလုပ် လုပ်နေကြသူတွေ အများကြီး။ အခု လက်ရှိ ဟိုမှာကြားတာ ကတော့ Overstay သမားတွေလည်း ပြန်လာလို့ရတယ် ကြားတယ်။ ဒါပေမဲ့ မြန်မာသံရုံးကို ရင်းဂစ် ၁၈၀ နဲ့ မလေးရှား Immigration (လ.၀.က) ကို ရင်းဂစ် ၄၀၀ ဒဏ်ကြေးပေးရင် တရားဝင် ပြန်ခွင့် ရမယ်လို့ ကြားမိတယ်။

Voice : အခုဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေက ကွာလာလမ်ပူ တစ်နေရာတည်းမှာပဲ ဖြစ်နေတာလား။ တခြားဒေသတွေ မှာရော အလားတူ အကြမ်းဖက်မှုတွေ ရှိနေလား။

လုပ်သား(၁) : အကြမ်းဖက်မှုတွေတော့ ရှိတယ်။ ဒါပေမဲ့ ပစ္စည်းလုတာ သက်သက်လောက်ပဲ ကြားမိတယ်။ ကွာလာလမ်ပူမှာတော့ အကြမ်းဖက် လူသတ်မှုတွေထိ ဖြစ်နေတယ်။

လုပ်သား(၂) : ကျွန်တော့်ကိုယ်တွေ့ မဟုတ်ပေမယ့် သူငယ်ချင်းတွေဆီကနေ ကြားရတာ ကတော့ အကြမ်းဖက်မှုတွေ ရှိတယ်လို့တော့ ကြားရတယ်။

Voice : MAI က လေယာဉ် လက်မှတ်ခကို တစ်ဝက်ဈေးနဲ့ ရောင်းချပေးတယ်လို့ သိရတယ်။ ညီလေးတို့ အခု ပြန်လာတဲ့ လေယာဉ် လက်မှတ်ခ ဘယ်လောက်တုံး။

လုပ်သား(၁) : တစ်ဝက်ဈေးနဲ့ မဟုတ်ပါဘူး။ အရင်ဈေး အတိုင်းပါပဲ။ ကျွန်တော်ဆိုရင် ပွဲစားက တစ်ဆင့် လက်မှတ်ဝယ်ရတာ ရင်းဂစ် ၃၀၀ ပေးရတယ်။ မြန်မာပြည်က အကူအညီပေးတဲ့ အဖွဲ့တွေ ရောက်လာပြီး ၅၀ ရာခိုင်နှုန်း လျှော့ပေးမယ် ကြားတယ်။

လုပ်သား(၂) : ကျွန်တော်ကတော့ သူဌေးကပဲ လေယာဉ်လက်မှတ် ဝယ်ပေးလိုက်တာမို့ ဘယ်လောက်ကျလဲ မသိပါဘူး။

Voice : မလေးရှားက ပြန်လာတဲ့ မြန်မာလုပ်သားတွေကို လုပ်ငန်းရှင်တချို့က အလုပ်အကိုင် အခွင့်အလမ်းတွေ ပေးမယ်လို့ ကြားမိတယ်။ ညီလေးတို့ကော အဲဒီနေရာတွေမှာ ဝင်လုပ်ဖို့ အစီအစဉ် ရှိလား။

လုပ်သား(၁) : တကယ်ဆိုရင်တော့ ကျွန်တော် ဝင်လုပ်ချင်တာပေါ့။

လုပ်သား(၂) : ကျွန်တော်က မကွေးတိုင်း ဆိတ်ဖြူမှာ နေတာဆိုတော့ အခြေအနေပေါ် ကြည့်ရဦးမယ်။

From: The Voice Weekly

ဂန့်ဂေါ-ကလေး မီးရထားလမ်းချော်မှုဖြစ်ပွား

Posted by drmyochit Thursday, June 13, 2013, under | No comments


ကလေး၊ ဇွန် ၁၃ ။

ဂန့်ဂေါမြို့မှ ကလေးမြို့သို့ ခုတ်မောင်းလာသော မီးရထားသည် ယမန်နေ့ည ဆယ်နာရီခန့်၌
ဆည်တောဘူတာ အလွန်တွင် လမ်းချော်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မိုးတွေကလည်း ရွာနေတော့ လမ်းချော်မှု ဖြစ်ပွားခဲ့ပါတယ်။ အတွဲအမှတ် VBHV-47002 ၊ R.3 – 2015 က စချော်သွားတာပါ။ ခရီးသည်တွေ ထိခိုက်ဒါဏ်ရာတော့ မရပါဘူး။ ခရီးသည်တွေ ဦးစားပေးပြီး ကလေးမြို့ ဘူတာကို ချက်ချင်း ပို့ဆောင်ပေးခဲ့ပါတယ်”ဟု မြန်မာ့မီးရထားမှ တိုင်းလက်ထောက် မန်နေဂျာ ဦးတင်ထွန်းအောင်က ပြောကြားသည်။

ယင်းမီးရထား လမ်းချော်သည့် လမ်းပိုင်းတွင် ဇလီဖားတုံးများ ဆွေးပြီး ရထားအလေးချိန်ကို မခံနိုင်ဘဲ တစ်ဖက်စောင်း နင်း ဖြစ်ကာ ချော်ကျသွားခြင်း ဖြစ်နိုင်ကြောင်း၊ ကလေး – ဂန့်ဂေါ ရထားလမ်းပိုင်းသည် ကြံ့ခိုင် မှု အားနည်းပြီး ဘီးချော်မှုများ မကြခဏ ဖြစ်ပွားနေခြင်းကြောင့် ရထားစီးရမည်ကို ကြောက်နေ မိကြောင်း ခုံတိုးမြို့သာရွာမှ အမျိုးသမီး တစ်ဦးက ပြောကြားသည်။

၎င်း ကလေး – ဂန့်ဂေါ မီးရထား လမ်းပိုင်း၌ ယခုအကြိမ် မီးရထား လမ်းချော်မှုသည် ၂၀၁၃/၁၄ ဘတ်ဂျက်နှစ် စတင်သော ဖေဖော်ဝါရီလမှ ဇွန်လအတွင်း ဒုတိယအကြိမ် ဘီးလျော်ခြင်း ဖြစ်ကြောင်းလည်း တိုင်း လက်ထောက် မန်နေဂျာထံမှ သိရသည်။ ယင်းလမ်းပိုင်း၌ မီးရထားဘီးချော်မှု မကြာခဏ ကြုံတွေ့ ရကြောင်း စီးနင်းသူများ၏ ပြောပြချက်အရ သိရသည်။

ကျော်သူစိုး(ကလေးမြို့)
@ မြန်မာ့ခေတ်

ရဲတပ်ဖွဲ့ အနီးရှိ အမှိုက်ပုံး အတွင်းမှ အစားအစာများ ရှာဖွေခဲ့သည့် ကလေးငယ် နှစ်ဦးအား တာလီဘန်များ သတ်ဖြတ်

Posted by drmyochit Thursday, June 13, 2013, under | No comments


ကန်ဒါဟာ   ဇွန်  ၁၂

အာဖဂန် တာလီဘန်များသည် အစိုးရအတွက် သူလျှို လုပ်ပေးသည့် စွဲချက်ဖြင့် ခန်းနှင့် ဟာမီဒူလက်ရှ် အမည်ရှိ အသက် ၁ဝ နှစ်နှင့် ၁၆ နှစ် အရွယ် ယောက်ျားလေးနှစ်ဦးကို ခေါင်း ဖြတ်ကွပ်မျက်ခဲ့ပြီး အစိုးရနှင့်
ပူးပေါင်း ဆောင်ရွက်မှုမပြုရန် ရွာသားများအား သတိပေးခဲ့ကြောင်း သိရသည်။

နေတိုးတပ်ဖွဲ့၏ အဓိက အခြေစိုက် စခန်းတစ်ခုဖြစ်သော ကန်ဒါဟာမြို့ရှိ ရဲတပ်ဖွဲ့ အခြေစိုက် စခန်းအနီး အမှိုက်ပုံးအတွင်း ဇွန် ၉ ရက်က ကောင်းနိုးရာရာ အစားအစာများကို ရှာဖွေနေစဉ် ကလေးငယ် နှစ်ဦးအား တာလီဘန်များက ဖမ်းဆီးခဲ့ပြီးနောက် ထောက်လှမ်း ရေးသတင်းများ  ပေးအပ်မှုအတွက် ရဲတပ်ဖွဲ့ထံမှ အစားအစာများကို လက်ခံ ရယူသည်ဟု စွပ်စွဲ၍ သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း   ပြည်နယ် အစိုးရအဖွဲ့ အာဏာပိုင်များက ပြောကြားခဲ့သည်။

တာလီဘန်များသည် စစ်ဆေးမေး မြန်းမှုများ ပြုလုပ်ပြီးနောက် ကလေးငယ် နှစ်ဦး၏ ဦးခေါင်းကို ဖြတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ ရုပ်အလောင်းများကို ကန်ဒါဟာမြို့ ဇာရီခရိုင်တွင် ရှာဖွေတွေ့ ရှိခဲ့ကြောင်းနှင့် ၎င်းတို့နှစ်ဦးသည် အစိုးရ သတင်းပေးများ မဟုတ်ဘဲ  နေတိုးတပ်ဖွဲ့က စွန့်ပစ်ထားသော အစားအစာများကို အမှိုက်ပုံးအတွင်း ရှာဖွေသည့် ကလေးငယ်များသာ  ဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားသည်။

ကလေးငယ်နှစ်ဦးကို သတ်ဖြတ်သည့် စစ်သွေးကြွအား ရှာဖွေဖမ်းဆီးရန် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့တို့ကို ကန်ဒါဟာ မြို့အုပ်ချုပ်ရေးမှူးက ညွှန်ကြားခဲ့ကြောင်း သိရသည်။

From: မြ၀တီ

လားရှိုးပဋိပက္ခမှသံသယရှိသူများအား ရုံးထုတ်စစ်ဆေး

Posted by drmyochit Thursday, June 13, 2013, under | No comments


လားရှိုး၊ ဇွန် ၁၂။
လားရှိုးမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များတွင် ပါဝင်ခဲ့သူဟု ယူဆရသော သံသယရှိသူ (၂၉) ဦးအား၊ လားရှိုးမြို့နယ် တရားရုံးတွင် ယမန်နေ့ညနေ ၃း၃၀အချိန်၌ ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။

သံသယရှိသူ (၆၁)ဦးရှိရာမှ (၁)ရပ်ကွက်မှ (၁၃)ဦး၊ (၄)ရပ်ကွက်မှ (၂)ဦး၊ (၇)ရပ်ကွက်မှ (၁၀)ဦး၊ (၉)ရပ် ကွက်မှ (၄)ဦး၊ ပေါင်း (၂၉)ဦးအား အမှတ် (၁)ရဲစခန်းမှူး၊ ဒုရဲမှူး ဦးမြင့်သိန်းမှ တရားလိုပြုလုပ်၍ တရား သူကြီး ဦးနေ၀င်းက ယင်းသံသယရှိသူ (၂၉)ဦးအား အများပြည်သူဆိုင်ရာ လမ်းမကြီးပေါ်တွင် ပြည်သူ လူထု အုံကြွမှု ဖြစ်စေနိုင်ခြင်း၊ ရာဇ၀တ်မှုများ ကျုးလွန်နိုင်ခြင်း၊ ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥ ပဒေစိုး မိုးရေးကို ထိခိုက်စေနိုင်ခြင်း၊ ပြည်သူများ အထိတ်တလန့် ဖြစ်ပေါ်စေနိုင်ခြင်း စသောခြေချုပ်နှင့် ခံဝန် အက်ဥပဒေ၅ (၁) (စ) (ဆ)အရ အမှုဖွင့် အရေးယူနိုင်ရန် အတွက် လားရှိးမြို့နယ် တရားရုံး၊ တရားခွင်(၁)တွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းအမျိုးသား (၂၉)ဦးအား တရားစွဲဆိုနိုင်ရန် စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိသူ(၃၁)ဦးကို စစ်ကြောရေးနှင့် တရားစွဲဆိုရေးအဖွဲ့က ဆက်လက်စစ်ဆေး အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

ယင်းပဋိပက္ခအား အစပြုခဲ့သူအား လားရှိုးမြို့နယ် တရားရုံး၌ တရားစွဲဆို ရုံးတင်စစ်ဆေး၍ မေလ၂၉ရက်နေ့က ထောင်ဒဏ်၂၆နှစ် ချမှတ်ခဲ့ကြောင်းလည်း ၎င်းတရားရုံးမှ သိရသည်။

ချစ်ထွေး(လားရှိုး)
@ မြန်မာ့ခေတ်

နိုင်ငံခြားရေး ဒုဝန်ကြီး ပါဝင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့ မလေးရှားနိုင်ငံသို့ ရောက်ရှိပြီးနောက် နှစ်ရက်အတွင်း အကြမ်းဖက် တိုက်ခိုက်ခံရမှု သတင်းများ ထွက်ပေါ်ခြင်း မရှိ

Posted by drmyochit Thursday, June 13, 2013, under | No comments

နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇင်ယော် ပါဝင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့ မလေးရှားနိုင်ငံသို့ ရောက်ရှိပြီးနောက် နှစ်ရက်အတွင်း မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသား အလုပ်သမားများ အကြမ်းဖက် ခံရသည့် သတင်းများ ထွက်ပေါ်လာခြင်း မရှိကြောင်း သိရသည်။

မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်း လုပ်သားများ၏ ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ပတ်သက်ပြီး မြေပြင်ကွင်းဆင်း စုံစမ်းရန်နှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် တွေ့ဆုံဆွေးနွေးရန် နိုင်ငံခြားရေး ၀န်ကြီးဌာန ဦးဇင်ယော်နှင့်အတူ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးတို့ ပါဝင်သည့် မြန်မာအဖွဲ့သည် ဇွန် ၁၁ ရက်က မလေးရှားနိုင်ငံသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

မေ ၂၉ ရက်က စတင်ပြီး မလေးရှား နိုင်ငံရှိ မြန်မာနိုင်ငံသား အလုပ်သမားများ အကြမ်းဖက် တိုက်ခိုက်ခံရ မှုများကြောင့် သေဆုံးဒဏ်ရာ ရရှိခဲ့မှုများ ဖြစ်ပေါ်ခဲ့ရာ မလေးရှားနိုင်ငံရှိ မြန်မာများမှာ စိုးရိမ်ထိတ်လန့်မှုများ ကြုံတွေ့ခဲ့ကြရကြောင်း ကိုယ်တွေ့ကြုံရသူများ၊ မလေးရှား သတင်းဌာနများ၏ ဖော်ပြချက်များ၊ Facebook စာမျက်နှာများမှ တစ်ဆင့် ဖော်ပြချက်များအရ သိရသည်။  
               
မလေးရှားရောက် မြန်မာနိုင်ငံသားများ အကြမ်းဖက် တိုက်ခိုက်ခံရမှုများ ခံရပြီးနောက် ပြည်တွင်း မီဒီယာများတွင် ဖော်ပြခဲ့ပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်အား နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ခေါ်ယူတွေ့ဆုံပြီး မလေးရှားရှိ မြန်မာနိုင်ငံသားများကို အကာအကွယ်ပေးရန်၊ မလေးရှားရှိ မြန်မာနိုင်ငံ သားများအား ထပ်မံအကြမ်းဖက်မှုများ မဖြစ်ပေါ် လာစေရန်နှင့် အကြမ်းဖက် သူများအား ဥပဒေနှင့် အရေးယူဆောင်ရွက်ရန် သံတမန် နည်းလမ်းအရ သတိထောက်လွှာ ပေးခဲ့သည်။

ယင်းနောက်ပိုင်းတွင် မလေးရှား ရဲများက အော်ပရာစီ စီမံချက် ပြုလုပ်ခဲ့ပြီး မလေးရှားရှိ တရားမ၀င် နေထိုင်သည့် နိုင်ငံခြားသားများအား ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ သတင်းများအရ မြန်မာနိုင်ငံသား ၁၀၀၀ ၀န်းကျင် ဖမ်းဆီးစစ်ဆေး ခံခဲ့ရကြောင်း သိရပြီး မလေးရှားနိုင်ငံတွင် ဆက်လက်ဖမ်းဆီး ခံထားရသူ ၁၉၆ ဦးနှင့် သေဆုံးသူ လေးဦးရှိကြောင်း မလေးရှားရဲများက ပြောကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇင်ယော်က ဇွန် ၁၁ ရက်က ပြောကြားခဲ့သည်။

လက်ရှိတွင် ကောလာဟလ သတင်းအချို့ ထွက်ပေါ်ခြင်းသာရှိပြီး ထပ်မံတိုက်ခိုက် ခံရမှုများ မရှိသေးကြောင်း၊ အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သော ဆလာယန်း ဒေသတွင် ဘင်္ဂါလီအများစု နေထိုင်ကြောင်း မလေးရှားရောက် The Daily Eleven သတင်းစာ၏ အကြီးတန်း သတင်းထောက်၏ သတင်းပေးပို့မှု များအရ သိရသည်။

From: Eleven

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်