Monday, June 17, 2013

ဥက္ကံ ပဋိပက္ခ စတင်သူ အမျိုးသမီးနှစ်ဦးကို ထောင်ဒဏ် ၂ နှစ်ချမှတ်

Posted by drmyochit Monday, June 17, 2013, under | 1 comment


ဥက္ကံ ၊ ဇွန် ၁၆

လူတစ်ဦး သေဆုံးခဲ့သည့် ဥက္ကံ ပဋိပက္ခ ဖြစ်ပွားရန် စတင်ခဲ့သူ အမျိုးသမီး နှစ်ဦးကို တိုက်ကြီး တရားရုံးက ဇွန်လ ပထမပတ်တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၅ (က) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ကြောင်း အဆိုပါ တရားရုံးထံမှ သိရှိရသည်။

တိုက်ကြီးမြို့နယ် ဥက္ကံမြို့ ပနီပင်ရွာတွင် နေထိုင်သူ ဒေါ်ဝင်းဝင်းစိန် ၃၅ နှစ်နှင့် အမှုဖြစ်ပွားရာတွင် ၎င်းနှင့်အတူ ပါရှိခဲ့သူ ဒေါ်သင်းမာသိန်း ၃၃ နှစ်တို့ကို ဥက္ကံမြို့ ရဲစခန်းက ( ပ) ၁၁၂ /၁၃ ၊ ပုဒ်မ ၂၉၅/၂၉၅ (က) ဖြင့် အမှုဖွင့်၍ တိုက်ကြီးမြို့နယ် တရားရုံးက ပြစ်မှုကြီး အမှတ် ၅၁၀/၂၀၁၃ ဖြင့် စစ်ဆေးခဲ့ရာမှ ဇွန်လ ၅ ရက်နေ့တွင် ပုဒ်မ ၂၉၅-က ဖြင့် အမိန့်ချ မှတ်ခဲ့ခြင်း ဖြစ်သည်။

“ဥက္ကံ ပဋိပက္ခက သာမန် အမှုကနေစပြီး ဖြစ်လာတာပါ။ ဒေသခံတွေရဲ့ သည်းခံ နိုင်စွမ်းတွေ နည်းလာရာကနေ အကြမ်းဖက်မှုတွေ ဖြစ်လာတာပါ။ ထိုက်သင့်တဲ့ ပြစ်ဒဏ်ချမှတ်တယ်”ဟု တိုက်ကြီးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဦးလွင်စိုးမင်းက ပြောကြားသည်။

ဥက္ကံ ပဋိပက္ခ စတင်မဖြစ်ပွားမီ အငြင်းပွားမှု ဖြစ်ပွားခဲ့သည့် အသက် ၁၁နှစ်အရွယ် ကိုရင်လေးနှင့် အမျိုးသမီး တို့ကို ဥက္ကံ ရဲစခန်းတွင် စစ်ဆေးချိန် ကြာမြင့်လာသည်နှင့်အမျှ ရဲစခန်းရှေ့တွင် စောင့်ကြည့်နေသည့် လူအုပ်စုသည် လူ ၃၀၀ ခန့် စုမိရာက တဖြည်းဖြည်း ပဋိပက္ခ ဖြစ်ပွားလာရခြင်း ဖြစ်ကြောင်း အဆိုပါမြို့ မင်းရဲကျော်စွာ ရပ်ကွက် နေထိုင်သူ ဦးအောင်ကျော်ဦးက ပြောကြားသည်။

ဥက္ကံမြို့ အလံတိုင် ကျောင်းတိုက်တွင် သီတင်းသုံးနေသည့် အသက် ၁၁ နှစ်အရွယ် ကိုရင် အရှင်ပုညနှင့် ဒေါ်ဝင်းဝင်းစိန်တို့ တိုက်မိပြီး ဆွမ်းသပိတ်ကျကာ အဖုံးကွဲရာမှ စတင်ဖြစ်ပွားသည့် ပဋိပက္ခတွင်း မီးလောင်မှုကြောင့် လူတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိကာ အိမ် ၈၁ လုံး၊ ဗလီ တစ်လုံး၊ စာသင်ကျောင်း တစ်ကျောင်းနှင့် ဥက္ကံမြို့ပေါ် ရပ်ကွက်များရှိ ဆိုင်ခန်း ၅၀ ခန့် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

မင်းမင်းအောင် (ဥက္ကံ)
The Voice Weekly

အိမ်ပြန်ခရီး မချောမွေ့ပါ

Posted by drmyochit Monday, June 17, 2013, under | No comments


မလေးရှားနိုင်ငံတွင် စိုးတထိတ်ထိတ်ဖြင့် နေထိုင်ရသော မြန်မာများ၏ အိမ်အပြန်ခရီးမှာလည်း အခက်အခဲများစွာရှိနေဆဲဖြစ်ပါသည်

မလေးရှားနိုင်ငံရောက် မြန်မာများကို ကူညီပေးနေသော ပီနန်းနာရေး ကူညီမှုအသင်း၏ အလုပ်အမှုဆောင်များမှာ တစ်ညလျှင် လေးနာရီထက် ပိုမအိပ်ရသည်မှာ တစ်ပတ်ခန့် ရှိပါပြီ။

မလေးရှားနိုင်ငံတွင် မနေရဲတော့သဖြင့် မြန်မာနိုင်ငံသို့ ပြန်လိုသည့် အလုပ်သမားများ ဆက်သွယ်မေးမြန်းသော ဖုန်းများအား ဆက်တိုက်လက်ခံဖြေကြားနေရသဖြင့် မအိပ်နိုင်ခြင်းဖြစ်ကြောင်း ပီနန်းနာရေးကူညီမှုအသင်း ဘဏ္ဍာရေးမှူးဦးဝင်းမြင့်ဦးက ပြောသည်။

အလားတူ ဧရာဝတီ ဖောင်ဒေးရှင်းက ကြေညာပေးထားသော မြန်မာနိုင်ငံသို့ပြန်ရန် ဆက်သွယ်စုံစမ်းနိုင်သည့် ကွာလာလမ်ပူအခြေစိုက် ကူညီနေသူများ၏ ဖုန်းနံပါတ်ပိုင်ရှင်များမှာလည်း သွားလေရာ ဖုန်း ၁၀ လုံးကို အားသွင်းနိုင်သည့် (Power Bank) ယူသွားနေရသည်။ ဆက်တိုက်လာနေသော ရွှေမြန်မာများ၏ စုံစမ်းမေးမြန်းမှုများကို ဖြေကြားနိုင်ရန်ဖြစ်ပါသည်။

ပြန်လို၍ ဆက်သွယ်လာသူအများစုမှာ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံကူးလက်မှတ်မရှိသူ အများဆုံးဖြစ်ပြီး ၎င်းတို့ထံတွင် နိုင်ငံကူးလက်မှတ်မိတ္တူ၊ မှတ်ပုံတင် မိတ္တူတို့သာ ရှိကြသူများသည်ဟု ဧရာဝတီဖောင်ဒေးရှင်းနှင့် လက်တွဲ နေသော ကိုသီဟမောင်မောင်ကပြောသည်။ ထိုသို့ အဖြစ်ကြုံသူ အများစုမှာလည်းမိန်းကလေးအများစုဖြစ်ကြသည်။ ထို့ကြောင့် မနေရဲ၍ ပြန်ချင်သူအများစုမှာ လေယာဉ်လက်မှတ် အလကားရသော်လည်း မြန်မာနိုင်ငံသို့ ပြန် ရန် ခက်ခဲနေကြရသည်။ အချို့ လုပ်သားများမှာ တရားဝင် အလုပ်လုပ်ကိုင်နေကြသော်လည်း လုပ်ငန်းရှင်များက နိုင်ငံကူးလက်မှတ် သိမ်းထားကြပြီး မနေရဲ၍ ပြန်ချင်သဖြင့် နိုင်ငံကူးလက်မှတ်ပြန်တောင်းရာတွင် အလုပ်ရှင်များက ပြန်မပေးကြ၍ အခက်တွေ့နေကြသည်။

“ကျွန်တော်တို့က အေးဂျင့်နဲ့လာတာမနေရဲတော့လို့ ပြန်ချင်တယ်ပြောတော့ သူဌေးက လက်မခံဘူး။ ဘာမှလည်း မလုပ်ပေးဘူး။ ပတ်စပို့တောင်းတာလည်း မပေးဘူး။ သံရုံးက မှတ်ပုံတင်မိတ္တူရှိရင် ပြန်လို့ရတယ်ပြောလို့ CI (နိုင်ငံသားဖြစ်ကြောင်း သက်သေခံလက်မှတ်) လျှောက်ပြီးပြန်မယ်”ဟု ပဋိပက္ခဖြစ်ပွားခဲ့သည့် ဆာလာရန်းအရပ်၌ အလုပ်လုပ်ကိုင်နေသည့် ကိုမျိုးမြင့် အောင်က ဇွန် ၁၅ ရက်တွင် ပြောသည်။

မလေးရှားနိုင်ငံတွင် ဖြစ်ပျက်နေသော ပဋိပက္ခများနှင့်ပတ်သက်၍ မလေးရှားအလုပ်ရှင်အများစုကသာမန်ဖြစ်ရပ်လိုသာ သဘောထားကြပြီး တစ်ပတ်နှစ်ပတ်ခန့်ကြာလျှင် ပြဿနာပြီးသွားမည်ဟု ပြောဆိုနေကြကာ စိုးရိမ်မှုမရှိကြောင်း မလေးရှား အခြေစိုက် MR Manpower မှ အကြီးတန်းမန်နေဂျာ Ma Tiffanie Lai ကပြောသည်။

လွန်ခဲ့သော နှစ် ၂၀ ခန့်ကပင် မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်းနည်းသဖြင့် မလေးရှားနိုင်ငံသို့ မြန်မာနိုင်ငံသားများ လာရောက်အလုပ်လုပ်ကိုင်ကြသည်။ အများစုမှာ အစိုးရက တရားဝင် ခွင့်ပြုထားသော အေဂျင်စီများနှင့် လမ်းဘေးပွဲစားများကို အကျိုးဆောင်ခ အနည်းဆုံးကျပ် ၁၀ သိန်းပေး၍ လာခဲ့ကြရသူများဖြစ်သည်။ အချို့မှာ ထိုင်းနိုင်ငံနယ်စပ် (အောက်လမ်း) မှတစ်ဆင့် တရားမ၀င်လာရောက်အလုပ်လုပ်ကိုင်နေကြသူများဖြစ်သည်။

အေးဂျင့်များကတစ်ဆင့် တ ရားဝင်လမ်းကြောင်းမှ လာရောက်ကြသော်လည်း အပြောတစ်မျိုး၊ အ လုပ်တစ်မျိုးဖြစ်ကြသဖြင့် ပြောထားသည်ထက် လုပ်ခများစွာနည်း၍ အလုပ်ပြောင်းလုပ်ကြရင်း တရားမ ၀င်နေထိုင်သူများ ဖြစ်သွားသူများ စွာရှိသည်။

“အေးဂျင့်ကို လာတုန်းက ဆယ့်ငါးသိန်းပေးရတယ်။ ဒီရောက်တော့ ဟိုမှာပြောတဲ့အလုပ်နဲ့ ဒီမှာရတာ တစ်မျိုးဖြစ်တော့ ခြောက်လလောက် လုပ်ပြီး တခြားနေရာရွှေ့လုပ်တော့ အို (တရားမ၀င်နေထိုင်သူ) ဖြစ်သွားတယ်” ဟု ကျောက်ပန်းတောင်းမြို့ နယ် ဘိုကုန်းရွာမှ လာရောက်အလုပ်လုပ်ကိုင်သူတစ်ဦးက ပြောသည်။

ထိုကဲ့သို့ အမှန်အကန်ဖြင့်လာရောက်သူများအနေဖြင့် တရားမ၀င် ဖြစ်သွားသောအခါ အချို့မှာ ပါမစ်အတုများ၊ နိုင်ငံကူးလက်မှတ်အတု၊ ပါမစ်အစစ်များနှင့် နယ်မြေခံရဲတပ်ဖွဲ့အား ပိုက်ဆံပေး၍ နေထိုင်လုပ်ကိုင်နေကြရသည်။

မလေးရှားနိုင်ငံတွင် အလုပ် လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအနေဖြင့် တရားဝင်ပါမစ်ကိုင်ဆောင်သူ၊ UNHCR ကတ် (ဒုက္ခ သည်ကတ်) ကိုင်ဆောင်ထားသူ၊ UN ကတ်အတု၊ တိုင်းရင်းသားကတ် ကိုင်ဆောင်ထားသူ၊ နိုင်ငံကူးလက် မှတ်အတု ပါမစ်အစစ် ကိုင်ဆောင်ထားသူ၊ ပါမစ်အတု နိုင်ငံကူးလက်မှတ်အစစ်ကိုင်ဆောင်ထားသူနှင့် တိုင်ပတ်နိုင်ငံကူးလက်မှတ် (လူမပြန်ဘဲ နိုင်ငံကူးလက်မှတ်အသွားအပြန်လုပ်နေသော စာအုပ်) ကိုင် ဆောင်ထားသူဟူ၍ အမျိုးမျိုးရှိကြောင်း မလေးရှားရောက် ၈၈ မျိုး ဆက်ကျောင်းသားများအဖွဲ့မှကိုအောင်ကြီးက ပြောသည်။

ထိုကဲ့သို့ အတုများပြုလုပ်ရန် အတွက် အနည်းဆုံး မလေးရှား ရင်းဂစ် ၈၀၀ မှ ၁၀၀၀ ( ၁ ရင်းဂစ်လျှင်ကျပ် ၃၀၀ ၀န်းကျင်ရှိ) ကြား ပေးဆောင်ကြရသည်။

မေလမှစတင်ကာ မလေးရှားနိုင်ငံတွင် မြန်မာလုပ်သားများ အသတ်ခံရပြီးနောက်ပိုင်း ဆက်လက်မနေရဲသူများ အိမ်ပြန်နိုင်ရန်အ တွက် တရားမ၀င်နေထိုင်သူများအား မလေးရှားနိုင်ငံရှိ မြန်မာသံရုံးက နိုင်ငံကူးလက်မှတ်မိတ္တူ၊ မှတ်ပုံ တင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ ရပ်ကွက် (သို့မဟုတ်) ရဲစခန်း ထောက်ခံစာတစ်ခုခုပြနိုင်ပြီး သံရုံးသို့ ကိုယ်တိုင်လာလျှောက်ပါက မြန် မာနိုင်ငံသို့ ပြန်နိုင်ရန် နိုင်ငံသားဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးမည်ဟု ဇွန် ၁၄ ရက်တွင် ကြေညာခဲ့သည်။ နိုင်ငံသားသက် သေခံလက်မှတ် ရရှိသွားသူများအ နေဖြင့် မလေးရှားနိုင်ငံ လူဝင်မှုကြီး ကြပ်ရေးဌာနတွင် ဒဏ်ငွေရင်းဂစ် ၄၀၀ (ကျပ်နှစ်သိန်းခန့်) ဆောင်ပြီးပါက ပြည်တော်ပြန်နိုင်သည်။ မြန်မာသံရုံးမှ အဆိုပါလက်မှတ်ကို ရရှိအောင် တစ်ရက်တည်းနှင့်ပြီးအောင် ဆောင်ရွက်ပေးမည်ဟု ကြေညာထားသော်လည်း မလေးရှားလ၀က တွင် ဒဏ်ကြေးဆောင်ရသည်မှာ အ နည်းဆုံး သုံးရက်ကြာမြင့်မည်ဖြစ် သည်။ ယခင်မလေးရှားလ၀က၌ ဒဏ်ကြေးဆောင်လျှင် အချိန်အ နည်းဆုံး တစ်လ၀န်းကျင်ရှိသည်။

အဆိုပါအစီအစဉ်မှာ ကွာလာလမ်ပူမြို့တွင်နေထိုင်လုပ်ကိုင်နေ သူများအနေဖြင့် အဆင်ပြေနိုင်သော်လည်း ပီနန်းနှင့် ဂျိုဟိုးစသော ဒေသများတွင် အလုပ်လုပ်ကိုင်နေပြီး ပြန်ချင်သူများအတွက် အဆင်မပြေပေ။

“စက်ရုံကနေ ပီနန်းတောင် မလာရဲတော့တာ ကွာလာလမ်ပူကို ဘယ်လိုသွားလုပ်မလဲ။ ကွာလာလမ်ပူကို လိုင်းကားစီးသွားလို့ ရပေမယ့် သံရုံးကို မသွားတတ်ဘူး”ဟု မလေးရှားနိုင်ငံတွင် မနေရဲတော့သဖြင့် အိမ်ပြန်ရန်ကြိုးစားနေသူ ပီနန်းမြို့တွင် အလုပ်လုပ်ကိုင်နေသော မနီနီဝင်းက ပြောသည်။ ထို့ကြောင့် မလေးရှားနိုင်ငံတွင် ဆက်လက်မနေရဲသူများမှာ ယခုရက်ပိုင်းအတွင်း ထိုင်း၊ မလေးရှားနယ်စပ်မှတစ်ဆင့် တရားမ၀င်အောက်လမ်းမှ ခိုးပြန်ကြရသည်။ ထိုသို့ပြန်ရန်အတွက် မြန်မာငွေကျပ်လေးသိန်းကျော် ပေးရပြီး တစ်ရက်နှင့်တစ်ည ကားစီးရကာ ထိုင်းမြန်မာနယ်စပ်ရှိ မြ၀တီ မြို့သို့ ပို့ပေးသည်။

“မိဘတွေ စိတ်ပူလို့ပဲ ဖြစ် ဖြစ်၊ ကြောက်လို့ပဲဖြစ်ဖြစ် ပြန်ကြတဲ့ လူတွေထဲမှာ အပေါ်လမ်းက ပြန်တာစိတ်ကူးပဲရှိတယ်။ တကယ်အကောင်အထည်ဖော်ဖြစ်ရင် အောက်လမ်းက ပြန်တာ ၇၀ ရာခိုင်နှုန်းရှိတယ်”ဟု ပီနန်းနာရေးကူညီမှုအသင်းမှ ကိုဘိုမြကပြောသည်။

“သံရုံးသွားတာထက်စာရင် အောက်လမ်းကပြန်တာမြန်တယ်။ သံရုံးသွားရင် ကွာလာလမ်ပူတက်ရမယ်။ ပြဿနာမဖြစ်ဘူးလို့ ဘယ်သူအာမခံလဲ။ နောက်သံရုံးမှာ တစ်ရက်၊ လ၀ကမှာ သုံးရက်ကြာဦးမယ်” ဟု ကိုဘိုမြက ပြောသည်။

သို့သော် ပဋိပက္ခများဖြစ်ပွား ပြီး တရားမ၀င်အောက်လမ်းမှ ပြန်သူများကို ဖမ်းဆီးနေပြန်သဖြင့် ယခုရက်ပိုင်းအတွင်း တရားမ၀င်လမ်းကြောင်းမှမပြန်ကြရန် မလေးရှားရောက် လူမှုကူညီရေးအသင်းများက အကြံပြုထားသည်။

ထို့အပြင် မြန်မာနိုင်ငံလေဆိပ်အ၀င်တွင် ငွေကြေးများပေးဆောင်နေရသည့်သတင်းများကြားနေရသဖြင့် အထောက်အထားမရှိသူများမှာ တရားဝင်လမ်းကြောင်းက ပြန်လာရန် ကြောက်ရွံ့နေကြသည်။ မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများမှာ ကွာလာလမ်ပူ၊ ပီနန်းနှင့် ဂျိုဟိုးမြို့များအတွင်း အလုပ်လုပ်ကိုင်နေကြပြီး အနည်းဆုံး လူငါးသိန်းကျော်ရှိကြောင်း မြန်မလာအလုပ်သမားများအရေး ဆောင်ရွက်ပေးနေသူများက ပြောသည်။ ပီနန်းတွင် နှစ်သိန်းခန့်နှင့် ဂျိုဟိုးတွင် တစ်သိန်း ခန့်ရှိသော်လည်း ကွာလာလမ်ပူမြို့တွင်သာ မြန်မာသံရုံးရှိပြီး အခြား နေရာများတွင် ရုံးခွဲများမရှိပေ။

မြန်မာသံရုံးတွင် ၀န်ထမ်း ၁၀ ဦးသာရှိပြီး ၀န်ထမ်းအခက်အခဲကြောင့် ပီနန်းနှင့် ဂျိုဟိုးမြို့များတွင် ရုံးခန်းဖွင့်လှစ်၍ နိုင်ငံသားသက်သေခံလက်မှတ်ထုတ်ပေးရန် မလွယ်ကူသလို ပီနန်းနှင့် ဂျိုဟိုးမြို့များတွင် မလေးရှား လ၀ကရုံးရှိသော်လည်း မြန်မာနိုင်ငံသို့ပြန်ရန် တရားမ၀င်နေထိုင်သူများ ဒဏ်ငွေဆောင်ရန် ဆောင်ရွက်ပေးမည်မဟုတ်ဟု သိရကြောင်း ဧရာဝတီဖောင်ဒေးရှင်းအား ကူညီဆောင်ရွက်နေပြီး မြန်မာ သံရုံး၏ ယုံကြည်မှုရထားသော ကိုသီဟမောင်မောင်က ပြောသည်။

“ထိုင်းနိုင်ငံမှာလို အလုပ်သမားအရေးကို ဆောင်ရွက်ပေးနိုင်တဲ့ အလုပ်သမားသံမှူးခန့်ထားလိုက်ရင်တော့ အဆင်ပြေသွားမယ်ထင်တယ်”ဟု ကိုဘိုမြက အကြံပြုသည်။ ထို့ကြောင့် ဇွန် ၁၇ ရက်တွင် အ ထောက်အထားမဲ့သော မြန်မာနိုင်ငံသား ၂၃ ဦးမှာ မြန်မာနိုင်ငံသို့ ပြန်ကြတော့မည်ဖြစ်သည်။

ထိုပမာဏမှာ လက်ရှိပြန်ချင် သူများနှင့် နှိုင်းယှဉ်ပါက အလွန်နည်းပါးသော ပမာဏဖြစ်မည်။ လက်ရှိအခြေအနေတွင် မလေးရှား ရောက်မြန်မာများမှာ အပြင်ထွက်ရန်ပင် စိုးရိမ်နေကြပြီး အိမ်တံခါး လာခေါက်မည်ဆိုလျှင်ပင် ဖွင့်မပေး ရဲသော အခြေအနေ၌သာ ရှိနေပါ သေးသည်။ အိမ်ပြန်ဖို့ဆိုသည်မှာလည်း အနည်းဆုံးနောက်ထပ်တစ် ပတ်ခန့်ကြာမည်ဖြစ်သဖြင့် မြန်မာနိုင်ငံတွင် နောက်ထပ် ပဋိပက္ခများ မဖြစ်ပါစေနဲ့ဟုသာ ဆုတောင်းနေ ကြရကြောင်း မလေးရှားရောက် မြန်မာများက ဆိုလေသည်။

ရေးသားသူ- အောင်သူရ  - 7Day News Journal

ပုဒ်မ ၁၄၄အားမှတ်ချက်ပေးမိသောဗွီဒီယိုဖိုင်ကြောင့် ဝရမ်းထုတ်ခံထားရသူသုံးဦးရှိနေ

Posted by drmyochit Monday, June 17, 2013, under | No comments

ရန်ကုန်၊ ဇွန် ၁၇။

လက်ပံတောင်းဒေသ၌ ဧပြီလ ၂၅ရက်နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော အုပ်ချုပ်ရေးပိုင်းနှင့် ပြည်သူ များကြား ပဋိပက္ခများကို နှစ်ဖက်ညှိနှိုင်း ဖြေရှင်းမှုများ ပြုလုပ်နိုင်ရန် ရန်ကုန်မှ မုံရွာသို့ သွားခဲ့သော လေးဦး အနက် မီဒီယာများနှင့် တွေ့ဆုံ၍ ပုဒ်မ ၁၄၄ အပေါ် သဘောထား မှတ်ချက်ပေးသော သုံးဦး၏ မှတ်တမ်း ဗွီဒီယို ဖိုင်ကြောင့် မုံရွာအမှတ်(၁)ရဲစခန်းမှ နယ်ထိန်းတစ်ဦးက တရားလိုပြုလုပ် တိုင်ကြားပြီး မြို့နယ် တရား ရုံးမှ ပုဒ်မ၅၀၅(ခ)ဖြင့် အမှုဖွင့်၍ ဝရမ်းထုတ်ထားကြောင်း နယ်ထိန်း ဒုရဲအုပ် တင်ဇော်လတ်ထံမှ သိရ သည်။

မေလ၁၀ရက်နေ့တွင် မုံရွာသို့ သွားခဲ့သူများမှာ ၈၈ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုအောင်သူ အပါအဝင် မုံရွာမှ မီဒီယာများနှင့် အင်တာဗျူး လက်ခံပြုလုပ်သော ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ယက်မှ ကိုဝေဠု၊ ကိုမိုးသွေးနှင့် ကိုဝေမှူးသွင်တို့ ဖြစ်ကြပြီး ပုဒ်မ ၁၄၄နှင့် ပတ်သက်၍ သဘောထားမှတ်ချက် ပေးမိသော ယင်း တို့၏ ဗွီဒီယိုဖိုင်အား ကြည့်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အား အကြည်ညိုပျက်စေမှုဖြင့် နယ်ထိန်း တစ်ဦးက ဇွန်လ ၁၂ရက်နေ့တွင် တရားလိုပြုလုပ် တိုင်တန်းထားခြင်း ဖြစ်ကြောင်း သိရသည်။

“ မုံရွာက မီဒီယာတွေက လက်ပံတောင်းမှာ ၁၄၄ထုတ်တာနဲ့ ပတ်သက်ပြီးမေးလို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရဆိုရင် လက်ပံတောင်းလို ဒေသမျိုးမှာ ပုဒ်မ ၁၄၄ထုတ်ဖို့ မသင့်တော်ဘူး။ ရခိုင်လို၊ မတ္ထီလာလို ပဋိပက္ခ မျိုးမှာ သာ ထုတ်သင့်တယ်လို့ ကျွန်တော်တို့က သဘောထားပေးမိတာပါ”ဟု ကိုဝေဠုက ပြောကြား သည်။

ကိုဝေဠုသည် ရွှေဘိုမြို့နယ် တရားရုံးမှ တရားခံအဖြစ်သတ်မှတ် ဖမ်းဝရမ်းထုတ်ထားသော ၁၅ဦး တွင် လည်း ဝါဝင်သောကြောင့် ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ကြောင်း သိရသည်။

တချို့သော ကိစ္စများ၌ ခွင့်ပြုချက်မယူဘဲ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့သော်လည်း အရေးယူခြင်း မခံရဘဲ မီဒီယာ သို့ သဘောထား မှတ်ချက်ပေးမှုအပေါ် ပုဒ်မ၅၀၅နှင့် အမှုဖွင့် ဝရမ်းထုတ်ခြင်းသည် ဥပဒေ တွင်လည်း မရှိဘဲ ၂၀၁၀ မတိုင်မရောက်မီ ကာလာများ၌ BBCနှင့် DVBကို ဖြေမိ၍ အဖမ်းခံရသသည့် ပုံစံမျိုးဖြစ်နေကြောင်း ကိုမိုးသွေးက ဆိုသည်။

“မုံရွာကိုလာမလား။ သူတို့လာရမလားလို့ မေးပါတယ်။ ကျွန်တော်တို့ကတော့ သွားအဖမ်းခံဖို့ မရှိပါဘူး”ကုဝေမှူးသွင်က ပြောကြားသည်။

ယင်းလက်ပံတောင်း ကိစ္စ၊ ပဋိပက္ခများနှင့် ပတ်သက်၍ ဥပဒေအား ဖောက်ဖျက်ရန် အားပေး၊ အကြမ်းဖက်ရန် ကူညီမှုတို့ဖြင့် ရန်ကုန် ပြည်သူ့ အကျိုးဆောင် ကွန်ယက်မှ ကိုအောင်စိုးအား ထောင်ဒဏ် ၁နှစ် ၆လ ချမှတ်ခဲ့ပြီး ဖြစ်သည်။

AT
@ မြန်မာ့ခေတ်

မလေးရှားနိုင်ငံတွင်အသက်ဆုံးရှံးခဲ့ရသူမျာ­းအတွက် ဂျပန်နိုင်ငံမလေးရှားသံရုံးရှေ့ ပန်းခွေချဆုတောင်းပွဲ (ဗီဒီယိုမှတ်တမ်း

Posted by drmyochit Monday, June 17, 2013, under | No comments




မလေးရှားနိုင်ငံတွင်အသက်ဆုံးရှံးခဲ့ရသူမျာ­းအတွက် ဂျပန်နိုင်ငံမလေးရှားသံရုံးရှေ့
ပန်းခွေချ ဆုတောင်းပွဲ  (ဗီဒီယို မှတ်တမ်း..ကိုmaungwto)
ref:Pe ter Pau

ရွှေတိဂုံစေတီတော်ပေါ်သို့ တက်ခဲ့သည့် မခင်မျိုးအား စိတ်ကျန်းမာရေးဆေးရုံပို့

Posted by drmyochit Monday, June 17, 2013, under | No comments



ရန်ကုန်၊ ဇွန် ၁၆

၁၅.၆.၂၀၁၃ ရက်နေ့ ၁၂၄၅ အချိန်ခန့်တွင် ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်စောင်း တန်းသို့ လွန်ခဲ့သော (၃)နှစ်ခန့်က ဗုဒ္ဓဘာသာမှ အစ္စလာမ်ဘာသာသို့ကူးပြောင်း ထားသူ မခင်မျိုး၊ ၃၈နှစ်၊(ဘ)ဦးစံရင်၊ ဘူတာရပ်၊ တန့်ယမ်းမြို့နယ်၊ ရှမ်း/မြောက် နေသူနှင့် ၎င်း၏ချွေးမ မမျိုး သန္တာစိုး၊ (၁၇)နှစ်၊ ဗုဒ္ဓဘာသာ၊ (ဘ)ဦးသန်းဌေးတို့ ရောက်ရှိလာပြီး နှင်းဆီပန်း (၁၀၀၀၀)ကျပ်ဖိုး ခန့်ဝယ် ယူကာ စေတီတော်ရင်ပြင်အရှေ့ဘက်မုခ်စောင်းတန်း အနီးရှိ အလှူခံပုံးပေါ်တွင် နှင်းဆီပန်းများ တင်၍ လည်းကောင်း၊ ပန်းအချို့အားအောက်သို့ချ၍လည်းကောင်း၊ ဓါတ်ပုံဆရာဖြင့် ဓါတ်ပုံ အရိုက်ခံ ခဲ့ကြောင်း၊ ထိုသို့ဓါတ်ပုံ အရိုက်ခံစဉ် မခင်မျိုးမှ ဘော်လကာဝတ်ရုံခြုံလျက် မျက်မှန်တပ်ခဲ့ကြောင်း၊
ထိုကဲ့ သို့ ဓါတ်ပုံ အရိုက်ခံနေသဖြင့် ဂေါပကအဖွဲ့ဝင် ဦးသိန်းလင်းနှင့်အဖွဲ့မှ ခေါ်ယူမေးမြန်းခဲ့ပြီး ၁၄၄၀ အချိန် မခင်မျိုးအား နောက်နောင် အလားတူမပြုလုပ်ရန် ခံဝန်လက်မှတ်ရေးထိုးခဲ့ပါသည်။


မခင်မျိုးသည် ပထမအိမ်ထောင်ဖြစ်သည့် ဦးအောင်ဘို၊ ဗမာ/ဗုဒ္ဓ၊ (ဘ)ဦးချစ် ထွန်း၊ ဘူတာရပ်၊ နောင် ချိုမြို့နယ်နေ သူနှင့် သား(၂)ဦးထွန်းကားခဲ့ပြီး ဗုဒ္ဓဘာသာကိုးကွယ်ခဲ့ကြောင်း၊ ဒုတိယအိမ်ထောင်ဖြစ်သည့် မောင်မောင်နိုင်(ခ)ဘုနူကဒီ ၊ အစ္စလာမ်ဘာသာဝင်နှင့် အိမ်ထောင်ကျခဲ့ပြီး လွန်ခဲ့သော(၃)နှစ်ခန့်မှစ၍ အစ္စလာမ် ဘာသာသို့ ကူးပြောင်းခဲ့ကြောင်း၊မခင်မျိုးသည် တစ်ခါတစ်ရံ စိတ်ဖိစီးမှုကြောင့် စိတ်ဖေါက်ပြန် တတ်ပြီး ယခင် ပန်ဆန်းမြို့တွင်နေထိုင်စဉ်ကလည်း စိတ်ဖေါက်ပြန်ခဲ့ဖူးကြောင်း၊ ၁၄.၆.၂၀၁၃ ရက်နေ့ တွင် မခင်မျိုးသည် သားအကြီးဖြစ်သူမောင်ကောင်း    ထက်သော်(ခ)ချစ်ဖွယ်၏ ဇနီးဖြစ်သူ မမျိုး သန္တာစိုးနှင့် အတူ ရွှေမန္တလာ ယာဉ်ဖြင့် လားရှိုးမှရန်ကုန်သို့ ဆေးကုသရန်လာရောက်ခဲ့ပြီး ဒဂုံတောင်မြို့ နယ်နေ အဒေါ်ဖြစ်သူ ဒေါ်မာလာ၏နေအိမ်တွင် တည်းခိုနေထိုင်ခဲ့ကြောင်း၊ ၁၅.၆.၂၀၁၃ ရက်နေ့ ၁၆၀၀ အချိန် တွင် ပန်းဘဲတန်း မြို့နယ်၊ ရွှေဘုံသာလမ်း၊ ရဲမျက်မှန်ဆေးခန်းရှိ ဦးနှောက်နှင့်အာရုံကြောအထူးကု ဆရာဝန်ဒေါ် မိမိချိုနှင့် ပြသရန်စီစဉ်ထားရှိကြောင်း သိရှိရပါသည်။


၁၅.၆.၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန် မခင်မျိုးသည် ချွေးမဖြစ်သူ မမျိုးသန္တာစိုးနှင့် ရန်ကုန်မြို့ထဲသို့ လာရောက် ခဲ့ပြီး ရွှေတိဂုံစေတီတော်ဖူးမြော်ရန်အတွက်စတီတော်အရှေ့ဘက် စောင်းတန်းမှ တက်ရောက် ခဲ့ပြီး ပန်းများဝယ်ယူကာ ဘော်လာကာဝတ်စုံဝတ်၍ အမှတ်တရဓါတ်ပုံရိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။


၁၆.၆.၂၀၁၃ ရက်နေ့ ၁၇၃၀ အချိန်တွင်ရန်ကုန်အိုလမာအစ္စလာမ် သာသနာ့ပညာရှင်များအဖွဲ့ချူပ်မှ ဦးမောင်မောင်လေး နှင့် မော်လ၀ီဟာရာရှစ် တို့ဦးဆောင်သောအဖွဲ့သည် ဒေါ်မာလာ၏ နေအိမ်သို့
သွားရောက်ပြီး ဒေါ်မာလာနှင့်အတူ မခင်မျိုးအားခေါ်ဆောင်၍ ဒဂုံအရှေ့မြို့နယ် ရွာသာကြီး စိတ်ကျန်း မာရေး ဆေးရုံသို့ တင်ပို့ကုသစေခဲ့ရာ တာဝန်ကျဆရာဝန် ဒေါက်တာနန်းယုလွင်မှ လက်ခံ စစ်ဆေးထားရှိပြီး အဆောင်(၄)၊ အခန်း(၁)တွင် တက်ရောက်ကုသလျက်ရှိကြောင်း သတင်းရရှိပါသည်။


From: Yangon police

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် လူ ၁၅၀ ခန့် အစာအဆိပ်သင့်မှု ဖြစ်ပွား

Posted by drmyochit Monday, June 17, 2013, under | No comments


မြစ်ကြီးနားဆေးရုံသို့ ရောက်ရှိနေကြသော အစာအဆိပ်သင့် လူနာများအား ဆေးကုသပေးနေစဉ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဇွန်လ ၁၆ ရက် ညနေ ၆ နာရီ ၀န်းကျင်ခန့်မှ စတင်၍ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ရာ လူ(၁၅၀) ခန့် မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မြစ်ကြီးနားမြို့ ဂျာမိုင်ကောင်းရပ်ကွက် နယ်မြေ (၁၀)၊ ရပ်ကွက် (၃) ရှိ ၊ ဦးလဘန်တန်နှင့် ဒေါ်မရန်ကော့တို့ နေအိမ်တွင် တက္ကသိုလ်ဝင်တန်းအောင် သမီးငယ် မလဘန်ထုနန်အတွက် တနင်္ဂနွေ အိမ်ထောင်ဆုတောင်းပွဲ ပြုလုပ်ရာတွင် ကျွေးမွေးသည့် ကချင်ဒံပေါက်ခေါ် (ကြက်သားနှင့် ထမင်းရော၍ နယ်ထားသော စားစရာ) စားရာမှ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဧည့်သည်များသည် ညနေ ၃ နာရီခွဲ အချိန်ခန့်တွင် စားသုံးပြီးနောက် ညနေ ၆ နာရီခန့်တွင် ၀မ်းလျှောခြင်း၊ ပျို့အန်ခြင်း၊ ရင်ပူခြင်းများ ဖြစ်လာကာ နီးစပ်ရာ ဆေးခန်းများသို့ စုပြုံရောက်ရှိ လာခဲ့သည်။

လူနာ (၂၃)ဦး ကုသနေသော မလိဇွပ် ပုဂ္ဂလိက ဆေးခန်းမှ ဒေါက်တာဂျိုးဇက်က ''စားသောက်ပြီးတာနဲ့ မကြာမီ ဒါဖြစ်တာဆိုတော့ (ဘက်တီးရီးယား ) ထက် ဓာတုဖြစ် ပစ္စည်းကြောင့် ဖြစ်ဖို့များတယ်။ ဒီဆေးခန်းမှာ လာပြတဲ့ လူနာ ၂၃ ဦးမှာ ၁၁ ဦး က စိုးရိမ်ရလို့ မြစ်ကြီးနား ပြည်သူ့ဆေးရုံကို လွှဲပေးလိုက်တယ်'' ဟု ဆိုသည်။

ည ၁၁ နာရီခွဲစာရင်းအရ မြစ်ကြီးနား ဆေးရုံတွင် ကလေး ၉၃ ဦးနှင့် လူကြီး ၄၁ ဦး ရောက်ရှိနေကြောင်း၊ မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ သိရှိရသည်။

ကလေးများအား ကုသနေသော ပြည်သူ့ဆေးရုံ ဆရာဝန် တစ်ဦးက ''စိုးရိမ်စရာတော့ ကောင်းတယ်။ အသက်အန္တရာယ် ဖြစ်တဲ့အထိ မစိုးရိမ်ရဘူးလို့ ယူဆတယ်။ ကလေးတွေကတော့ ပျော့ခွေခွေ ဖြစ်သွားတယ်'' ဟု ဆိုသည်။

အသက် ၆၂ နှစ်အရွယ် အဖိုးအို တစ်ဦးက''ကျွန်တော်လည်း အများကြီး စားလိုက်တယ်။ တစ်နာရီ ခွဲလောက်ကြာတော့ အန်လာတယ်။ ၀မ်းသွားတယ်။ ရင်ဘတ်တွေပူပြီးတော့ ပျော့ကျသွားတယ်။ ကလေး တွေကတော့ စိုးရိမ်ရမယ် ထင်တယ်။ ကျွန်တော်ကတော့ သက်သာလာပြီ'' ဟု မြစ်ကြီးနားဆေးရုံတွင် ည ၁၀ နာရီ ၁၅ မိနစ်က ဖြေကြားခဲ့သည်။

ဆေးကုသမှု ခံယူနေရသော လူနာများအား ရပ်ကွက်လူကြီးများ၊ မြို့နယ် ပြည်နယ် ရဲဌာနများ၊ ခရစ်ယာန်လူငယ် အသိုင်းအ၀ိုင်းများ၊ နီးစပ်ရာ ဆွေမျိုးများက အကူအညီပေးလျက်ရှိသည်။ ''တချို့ဆို တစ်အိမ်လုံးဖြစ်လို့ အိမ်စောင့်တောင် မကျန်တော့ဘူး။ ကျွန်တော်တို့က အားလုံးကို စီမံပေးနေတယ်'' ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးက ဆိုသည်။

Eleven

မလေးရှားရောက် မြန်မာအလုပ်သမားများ ပြည်တော်ပြန်နိုင်ရေး အတွက် ရှုပ်ထွေးမှုပေါင်းစုံနှင့် ရင်ဆိုင်နေရ

Posted by drmyochit Monday, June 17, 2013, under | No comments


မြန်မာများ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသည့် ဆလာရန်းဈေးအနီး မြင်ကွင်း

မေလနောက်ဆုံးပတ်မှ ဇွန်လ ပထမပတ်အတွင်း မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ဆလန်ဂေါ ပြည်နယ်၊ ဆလာ ရန်း ကုန်စိမ်းဈေး အနီးတစ်ဝိုက်၌ မြန်မာအလုပ်သမားများ အကြမ်းဖက် တိုက်ခိုက်ခဲ့ရပြီးနောက် ပြည်တော်ပြန် ရန် ကြိုးစားခဲ့သော မြန်မာနိုင်ငံသား အလုပ်သမားများ အနေဖြင့် ရှုပ်ထွေးမှု ပြဿနာ ပေါင်း စုံနှင့် ရင်ဆိုင်နေရကြောင်း သိရပါသည်။

''ပတ်စ်ပို့မူရင်းရှိတယ်၊ ပါမစ်သက်တမ်းလည်း ရှိတယ်။ အလုပ်ရှင်နဲ့လည်း ပြေလည်တဲ့ တရားဝင် အလုပ်သမားတွေက အလွယ်တကူ ပြန်နိုင်ပါတယ်။ ပတ်စ်ပို့မရှိဘူး။ ပါမစ်မရှိဘူး။ တရားမ၀င် အလုပ်သမား ဖြစ်နေသူတွေ မြန်မာနိုင်ငံပြန်ဖို့ ကြိုးစားတဲ့အခါ ရှုပ်ထွေးမှုတွေ ရှိလာတယ်'' ဟု မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော The Daily Eleven သတင်းစာ၏ အကြီးတန်း သတင်းထောက်က ပြောကြားသည်။

လက်ရှိဆောင်ရွက်နေသော အခြေအနေများအရ မြန်မာနိုင်ငံသို့ ပြန်လိုသော တရားမ၀င် မြန်မာအလုပ်သမားများသည် မြန်မာနိုင်ငံသား ဖြစ်ကြောင်း အထောက်အထား (CI- Certificate Identity) ကို လျှောက်ထားပြီး မလေးရှား လူဝင်မှု ကြီးကြပ်ရေးဌာနသို့ သွားရောက် ခွင့်ပြုချက် ယူရမည် ဖြစ်ပါသည်။

သို့သော် ထိုအဆင့်သို့ မရောက်မီ အချိန်မှာပင် ရှုပ်ထွေးမှု ပြဿနာပေါင်းစုံနှင့် ရင်ဆိုင်နေကြရပါသည်။

ထိုကဲ့သို့ ရင်ဆိုင်နေရသည့် ပြဿနာများမှာ မြန်မာနိုင်ငံသို့ ပြန်လိုသော်လည်း အလုပ်ရှင်မှ ခွင့်ပြုချက် မပေးခြင်း၊ ပတ်စ်ပို့ မူရင်းနှင့် ပါမစ်များကို အလုပ်ရှင်နှင့် အေးဂျင့်ပွဲစားများမှ သိမ်းဆည်းပြီး ပြန်မပေးခြင်း၊ ပတ်စ်ပို့စာအုပ် အတုဖြင့် ပါမစ်လျှောက်ထားခဲ့ခြင်း၊ မလေးရှားနိုင်ငံသို့ ရောက်ရှိစဉ် ကာလအတွင်း မွေးဖွားခဲ့သော ကလေးတွင် မွေးစာရင်း မရှိခြင်း၊ အေးဂျင့်ပွဲစားများ၏ လိမ်လည်မှုကို ခံခဲ့ရပြီး အလုပ်ရှင်၏ ခေါင်းပုံဖြတ်မှုကို ကြုံတွေ့နေရသော်လည်း မြန်မာနိုင်ငံ ပြန်ခွင့်ရရေးအတွက် ပွဲစားများကိုပင် ထပ်မံအားကိုးခြင်း၊ မြန်မာသံရုံးရှိရာ ကွာလာလမ်ပူမြို့သို့ မလာရဲခြင်း၊ မလေးရှားရဲ၏ ဖမ်းဆီးခံရမှုကို ကြောက်ရွံ့ခြင်းနှင့် အခြားသော မလုံခြုံမှု ပြဿနာများ ရင်ဆိုင်နေရခြင်း ဖြစ်သည်။

''ပတ်စ်ပို့အတု လုပ်ဖို့က ဘာမှ မခက်ခဲဘူး။ ပွဲစားကို ပြောလိုက်ရုံပဲ။ ရင်းဂစ် လေးငါးရာလောက် ပေးလိုက်ရင် ပတ်စ်ပို့အတု ရတယ်'' ဟု မလေးရှားတွင် တရားမ၀င် အလုပ်လုပ်ကိုင်နေသော ကိုကျော်သိန်းက ပြောကြားသည်။

မလေးရှားနိုင်ငံ၌ သိန်းချီရှိနေသော မြန်မာအလုပ်သမား၏ ပြဿနာများကို ဖြေရှင်းနိုင်ရန် ခိုင်မာပြီး စနစ်ကျသော အဖွဲ့အစည်းများ မရှိသေးသည့်အပြင် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌လည်း အလုပ်သမားအရေး ဆောင်ရွက်ရန် မြန်မာနိုင်ငံသား ၀န်ထမ်းနှစ်ဦးနှင့် မလေးရှား နိုင်ငံသားဝန်ထမ်း နှစ်ဦးသာ ရှိနေ...



ဆလာရန်း အကြမ်းဖက် တိုက်ခိုက်ခံရမှု၌ မေ ၃၀ ရက်က ပထမဆုံး သေဆုံးခဲ့သူ ကိုမင်းဇော်သည် ပတ်စ်ပို့ အတုဖြင့် ပါမစ်အပြင် ဆိုင်ကယ်လိုင်စင်ကိုပါ ရရှိထားသူဖြစ်ပြီး ၎င်းကွယ်လွန်ချိန်တွင် သဂြိုဟ်ခွင့် အတွက် ရှုပ်ထွေးမှုများ ရှိခဲ့ပါသည်။

''ကျွန်မ ယောက်ျားက မေ ၃၀ မှာ သေတယ်။ သူ ပထမဆုံးပဲ။ ဒီနေ့ထိ မသဂြိုဟ်ရသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ အထောက်အထား မစုံသေးလို့ပါ။ သူ့နာမည်က ကိုမင်းဇော်။ ဗမာပဲ။ မလေးရှား ရောက်တော့ ပတ်စ်ပို့ အတုလုပ်တယ်။ သူ့နာမည်က နာဆင်း ဖြစ်သွားတယ်။ ဆိုင်ကယ်လိုင်စင်မှာလည်း နာဆင်းပဲ။ သေတဲ့အခါကျတော့ ရဲတွေက ဆိုင်ကယ်လိုင်စင်က နာမည်ကိုပဲ အတည်ယူတယ်။ သဂြိုဟ်ဖို့အတွက် အထောက် အထားယူတော့ မြန်မာမှာ စာရင်းဝင်တာက မင်းဇော် ဖြစ်နေပြီး မလေးရှား ရဲတွေဆီမှာကျ နာဆင်း ဖြစ်နေတော့ အချက်အလက်တွေကွဲပြီး အလောင်းကို ထုတ်မရတော့ဘူး'' ဟု ကိုမင်းဇော်၏ ဇနီးဖြစ်သူက ပြောကြားသည်။

ကိုမင်းဇော်ကို သဂြိုဟ်ခွင့် ရရှိရေးအတွက် ဧရာဝတီ ဖောင်ဒေးရှင်းမှ ကြားဝင်ဆောင်ရွက်ပေးခဲ့ပြီး မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးထံ တင်ပြခဲ့သဖြင့် သံရုံး၏ အာမခံချက်ဖြင့် သဂြိုဟ်ခွင့်ကို ဇွန် လ ၁၅ ရက်နေ့တွင် နှုတ်ကတိ ရရှိခဲ့သော်လည်း ကိုမင်းဇော်ကဲ့သို့ ဖြစ်ရပ်များ အများအပြား ရှိနေသည်ဟု သိရသည်။

မလေးရှားနိုင်ငံသို့ ရောက်ရှိ အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား အားလုံးနီးပါးသည် အေးဂျင့်၊ ပွဲစားများ၏ အစီအစဉ်ဖြင့် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ပတ်စ်ပို့ အတု၊ ပါမစ်အတု များကိုလည်း ပွဲစားများ၏ အစီအစဉ်များဖြင့်သာ ဆက်လက် လုပ်ဆောင်ခဲ့ခြင်း ဖြစ် သည်။ ပတ်စ်ပို့အတု၊ ပါမစ်အတုများအပြင် UN အသိအမှတ်ပြု ခိုလှုံခွင့်ကတ်ပြား အတုများ ပြုလုပ်၍ နေထိုင်ကြသူများလည်း ရှိနေပြီး ထိုသို့ ပြုလုပ်မှုများမှာ မလေးရှားနိုင်ငံ၏ ဥပဒေများနှင့် ငြိစွန်းလျက် ရှိနေပါသည်။ UN အသိအမှတ်ပြု ခိုလှုံခွင့်ကတ်ပြား အတုပြုလုပ်ပြီး အဖမ်းခံခဲ့ရသူများ၊ မှတ်တမ်းတင် ခံထားရပြီး တိမ်းရှောင်နေရသူများ မြန်မာနိုင်ငံသို့ ပြန်မည်ဆိုပါက မလေးရှား လူဝင်မှုကြီးကြပ်ရေး၌ အမှုဟောင်းများဖြင့် အရေးယူခံရမည့် အခြေအနေများ ရှိနေပါသည်။

အချို့သော မြန်မာအလုပ်သမားများမှာ တရားဝင် လုပ်ကိုင်သူများ ဖြစ်သော်လည်း အလုပ်ရှင်နှင့် သုံးနှစ်စာချုပ် ချုပ်ဆိုပြီး နေထိုင်နေကြသူများ ဖြစ်ကြသည်။ ထိုသူများ အနေဖြင့် မြန်မာနိုင်ငံ ပြန်လိုသော်လည်း အလုပ်ရှင်မှ ခွင့်မပြုသည့်အပြင် ပတ်စ်ပို့စာအုပ်လည်း သိမ်းဆည်းခံထား ရသဖြင့် မပြန်နိုင်သည့် အခြေအနေများ ရှိနေပါသည်။

အမျိုးသမီး အများစု ပါဝင်သော တရားမ၀င် မြန်မာအလုပ်သမား အများအပြားမှာ မိမိလုပ်ကိုင်ရာ ပတ်ဝန်းကျင်မှ ပြင်ပသို့ မထွက်ခွာရဲသည့်အပြင် မြန်မာသံရုံးရှိရာ ကွာလာလမ်ပူမြို့သို့ မလာရောက်ရဲခြင်းများ ရှိနေပါသည်။ ''ဒီမှာကတော့ ပြဿနာတွေ အများကြီးပဲ။ အခုဘုန်းကြီးကျောင်း ထဲမှာတင် ၂၀ ကျော် ရောက်နေတယ်'' ဟု ပီနန်ဘုန်းတော်ကြီးကျောင်းမှ တိုက်အုပ်ဆရာတော် ဦးစိတ္တက မိန့်ကြားပါသည်။


မြန်မာအလုပ်သမားတစ်ဦး အထောက်အထား မိတ္တူစာရွက်ကို ပြသနေစဉ်

ပီနန် ဘုန်းတော်ကြီးကျောင်း အတွင်း ခိုလှုံနေသော မြန်မာအလုပ်သမား ၂၀ ဦးမှာ အကြမ်းဖက်မှု ဖြစ်စဉ်များနှင့် ဆက်စပ်ခြင်း မရှိဘဲ အလုပ်ရှင်၏ ခြိမ်းခြောက်မှုကို ကြောက်ရွံ့သဖြင့် ရောက်ရှိနေခြင်း ဖြစ်ပါသည်။

ဆလာရန်း အကြမ်းဖက်ခံရမှု ဖြစ်ပွားပြီးနောက် တရားမ၀င် မြန်မာအလုပ်သမားများ မြန်မာနိုင်ငံသို့ ပြန်လိုသည် ဆိုပါက မြန်မာနိုင်ငံသား ဖြစ်ကြောင်း အထောက်အထား လျှောက်ထားပြီး မလေးရှား လူဝင်မှုကြီးကြပ်ရေး၌ လက်ဗွေနှိပ်၊ ဒဏ်ကြေးဆောင်ကာ ဌာနပြန်ခွင့် ရရှိအောင် လုပ်ဆောင်ကြရန် တိုက်တွန်းမှုများ ရှိနေပါသည်။

''CI လာလျှောက်တဲ့အခါ ပတ်စ်ပို့မိတ္တူ၊ ပါမစ်မိတ္တူရှိလား။ မရှိဘူးဆိုရင် မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ ရဲစခန်း ထောက်ခံစာမိတ္တူ၊ ရပ်ကွက်ထောက်ခံစာ မိတ္တူရှိရင်ဆိုရင် စိစစ်ပြီး တစ်နေ့တည်း ထုတ်ပေးပါတယ်။ ဒီနေ့ တစ်ရက်တည်းတင် လူ ၁၄၀ လောက် ကို CI ထုတ်ပေးလိုက်ပါတယ်'' ဟု မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်လတ်က ဇွန် ၁၅ ရက်က ပြောကြားသည်။

CI လျှောက်ထားမှုအတွက် မည်သည့် အခကြေးငွေမှ ပေးဆောင်ရန် မလိုဘဲ CI ရရှိသည်နှင့် မလေးရှား လူဝင်မှု ကြီးကြပ်ရေးဌာနသို့ ကိုယ်တိုင်သွားရောက်ပြီး ဌာနေပြန်ခွင့်အတွက် လျှောက်ထားရမည် ဖြစ်ပါသည်။

ထိုသို့ လျှောက်ထားချိန်တွင် တစ်ဦးချင်း အနေဖြင့် သွားရောက် လျှောက်ထားသူများကို သုံးလကြာမှ ခွင့်ပြုချက် ပေးမည်ဟု ပြန်လည် ပြောဆိုခြင်းများ ရှိနေပါသည်။

မလေးရှား လူဝင်မှုကြီးကြပ်ရေး ဌာနမှ ပြောကြားချက်အရ ၎င်းတို့အနေဖြင့် တစ်နေ့လျှင် မြန်မာနိုင်ငံသား ၂၀ ဦးခန့်ကိုသာ မြန်မာနိုင်ငံ ပြန်ခွင့်ရရှိရန် ဆောင်ရွက်ပေးနိုင် မည်ဟု ပြောဆိုထားသဖြင့် မြန်မာနိုင်ငံ ပြန်လိုသော တရားမ၀င် လုပ်သားများ၏ ပြည်တော်ပြန်ရေး အိပ်မက်မှာ ကြာမြင့်ဖွယ် ရှိနေပါသည်။

မလေးရှားနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား အရေအတွက် ၇၀၀၀၀၀ ကျော်ခန့် ရှိနိုင်ကြောင်း မလေးရှားရှိ မြန်မာနိုင်ငံသား အလုပ်သမား ကူညီစောင့်ရှောက်ရေး အဖွဲ့များက ခန့်မှန်းထားပါသည်။ ထိုအထဲတွင် ရာခိုင်နှုန်း ၈၀ ခန့်မှာ တရားမ၀င် ရောက်ရှိနေထိုင် နေကြသူများ ဖြစ်ပါသည်။

မလေးရှားနိုင်ငံ၌ သိန်းချီရှိနေသော မြန်မာအလုပ်သမား၏ ပြဿနာများကို ဖြေရှင်းနိုင်ရန် ခိုင်မာပြီး စနစ်ကျသော အဖွဲ့အစည်းများ မရှိသေးသည့်အပြင် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌လည်း အလုပ်သမားအရေး ဆောင်ရွက်ရန် မြန်မာနိုင်ငံသား ၀န်ထမ်းနှစ်ဦးနှင့် မလေးရှား နိုင်ငံသားဝန်ထမ်း နှစ်ဦးသာ ရှိနေသည့်အတွက် အားနည်းချက်များ ရှိနေကြောင်း သိရသည်။

From: Eleven

၂၀၁၅ တွင် မဲအများစု အနိုင်ရပါက သူရဦးရွှေမန်းကို ကြံ့ခိုင်ရေးပါတီ သမ္မတ တင်သွင်းမည်

Posted by drmyochit Monday, June 17, 2013, under | No comments


၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မဲဆန္ဒနယ် အများ စု အနိုင် ရပါက သူရဦးရွှေမန်းကို နိုင်ငံတော်သမ္မတအဖြစ် တင်မြှောက်ရန် ရွေးချယ်တင်သွင်းမည် ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားသည်။ အမေရိကန်နိုင်ငံသို့ ရောက် ရှိနေသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဝါရှင်တန်မြို့ရှိ မြန်မာ သံရုံး၌ အမေရိကရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံစဉ် ၂၀၁၅ ရွေးကောက်ပွဲ၌ သမ္မတတာဝန်ယူရန် ဆန္ဒ ရှိကြောင်း ပြောကြားခြင်းနှင့် ပတ်သက်၍ မေးမြန်းရာ ကြံ့ခိုင်ရေးပါတီ ဒုတိယဥက္ကဋ္ဌက အထက်ပါ အတိုင်း အတည်ပြုခဲ့ခြင်း ဖြစ်သည်။

 “ပါတီဥက္ကဋ္ဌကြီးကို ၂၀၁၅ မှာ သမ္မတအဖြစ် တင်မြှောက်ဖို့ သဘောတူပါတယ်။ မဲအများဆုံးရရင် သမ္မ တဖြစ် မှာပဲ” ဟု ဦးဌေးဦးက ဆိုသည်။ ကြံ့ခိုင်ရေးပါတီ မဲအများဆုံးရှိရန် ပြည်သူလူထု အပေါ်သာ မူ တည်ပြီး ၄င်းတို့ပါတီကို ပြည်သူလူထုက မဲပေးမည်ဟု ယုံကြည်ကြောင်း ၄င်းကဆက်လက် ပြောကြား သည်။ သူရဦးရွှေမန်းသည် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော် တွင် နာယကအဖြစ် တာဝန်ယူရမည် ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို စတင်ကျင့်သုံးနိုင်ရန် ဇွန်လ ၂၅ ရက်နေ့တွင် ကျင်းပမည့် လွှတ်တော် အစည်းအဝေးများသို့ တင်သွင်း သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြား ထားသည်

From : ..the voice

မြန်မာ မင်းသမီးများ ထဲတွင် ပထမဆုံး ရင်သား ခွဲစိတ်ပြုပြင် မှုကို နန်းဆုရတီစိုး မှ စတင်ပြုလုပ်.....

Posted by drmyochit Monday, June 17, 2013, under | No comments


မြန်မာမင်းသမီးတစ်ဦးဖြစ်သော နန်းဆုရတီစိုးသည် ဂျပန်နိုင်ငံတွင် ရင်သားခွဲစိတ်မှုပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။ယခင်က နန်းဆုရတီစိုးမှာ ရင်သားကြီးမားခြင်းမရှိပဲ ယခုကဲ့သို့ ခွဲစိတ်ပြုပြင်လိုက်သော အခါမှ ကမ္ဘာ့အဆင့်မီ ခန္ဓာကိုယ်ဖြစ်သွားခဲ့ကြောင်း ပရိသတ်များက ဆိုသည်။

သူ့ကြည့်ရတာ ဆီလီကွန်ထည့်လိုက်တယ်နဲ့တူတယ်။ ချက်ချင်းကြီးကို ထွားတက်လာတာဟု နန်းဆုရတီစိုး အား မိတ်ကပ်ပြုပြင်ပေးခဲ့ဖူးသူ အလှဖန်တီးရှင်တစ်ဦးမှ ပြောကြားသည်။

ကမ္ဘာကျော်မင်းသမီးများကြားတွင် ယင်းကဲ့သို့ ရင်သားလှပစေရန် ခွဲစိတ်ပြုပြင်မှုမှာ မဆန်းပြားတော့သော် လည်း ယခုကဲ့သို့ မြန်မာမင်းသမီး တစ်ဦး၏ ရင်သားပြုပြင်မှုမှာမူ ပထမဆုံးအကြိမ်ဖြစ်၍ ကြားသိရသူများအဖို့ အထူးအဆန်း သတင်းတစ်ခုသဖွယ် ဖြစ်လျက်ရှိသည်။

Credit : စိုးမိုး
Myanmar News
From: http://herjulekatha.com/index.php/getpost/single/276#prettyPhoto

Sunday, June 16, 2013

ဆန္ဒပြသူများအား တူရကီရဲတပ်ဖွဲ့ ဖြိုခွင်းမှု (ရုပ်/သံ)

Posted by drmyochit Sunday, June 16, 2013, under | No comments

ဇွန်လ ၁၅ ရက်၊ စနေနေ့တွင် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ တက်ခ်ဆင်မ်ရင်ပြင်၌ စုရုံးဆန္ဒပြသူ များအား ရဲ တပ်ဖွဲ့က လူစုခွဲဖြိုခွင်းခဲ့သည်။ တူရကီတွင် အစ္စတန်ဘူလ်ရှိ ဂါဇီပန်းခြံအား ဈေးဝယ်စင် တာ အပါ အဝင် အဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းဆောင်ရွက်ရန် အစိုးရ၏စီစဉ်မှုကို ဆန့်ကျင် ကန့်ကွက်ခဲ့ရာမှ ဆန္ဒပြမှုများ အကြီးအကျယ် ဖြစ်ပွားခဲ့သည်။

တူရကီဝန်ကြီးချုပ် အာဒိုဂန်က ဂါဇီပန်းခြံ စီမံကိန်းကို ဆိုင်းငံ့ထားမည်ဟု ကတိပြုပြောကြားပြီး ဆန္ဒပြ သူများကို တက်ခ်ဆင်မ်ရင်ပြင်မှ ၂၄ နာရီအတွင်း ထွက်ခွာ၍ ဆန္ဒပြမှုများ ရပ်ဆိုင်းရန် သတိပေးခဲ့သည်။ ဝန်ကြီး ချုပ်အာဒိုဂန်၏ အဆိုပါသတိပေးချက် ထွက်ပေါ်လာပြီးနောက် တက်ခ်ဆင်မ်ရင်ပြင်အား ရဲတပ်ဖွဲ့ က ရှင်းလင်းဖြိုခွင်းခဲ့ခြင်း ဖြစ်သည်။




From:   Planet Myanmar Network

မလေးရှားမှပြန်လာသူ ရန်ကုန်လေဆိပ်တွင် ငွေကျပ်တစ်သိန်းပေးဆောင်ရခြင်းမှာ မဟုတ်ဟု တာဝန်ရှိသူ ရှင်းလင်း

Posted by drmyochit Sunday, June 16, 2013, under | No comments


ရန်ကုန်၊ ဇွန် ၁၆။

ဇွန်လ ၁၄ရက်နေ့တွင် ထုတ်ဝေသော First Weekly ဂျာနယ်တွင် ပါရှိသည့် မလေးရှားနိုင်ငံမှ ရန်ကုန် သို့ပြန် လာ သူတစ်ဦး ရန်ကုန် အပြည် ပြည်ဆိုင်ရာလေဆိပ်၏ စစ်ဆေးရေးကောင်တာတွင် ငွေကျပ် တစ်သိန်းပေးဆောင် ရသည်ဟု ဖော်ပြခဲ့သည့် သတင်းမှာ မဟုတ်မှန် ကြောင်း လူဝင်မှုကြီးကြပ်ရေးဌာန ဒုညွှန်ကြားရေး မှူး ဦးကျော်မြင့်က ပြောကြားသည်။

“ဇွန်လ ၁၁ရက်နေ့မှာ မလေးရှားနိုင်ငံကနေ ကိုယ့်နိုင်ငံကိုယ်ပြန်လာတဲ့ ဒေါ်လှလှဝင်းဆိုတဲ့ အမျိုးသမီးက လေဆိပ် အဝင် စစ်ဆေးရေး ဂိတ် ကောင်တာမှာ ငွေတစ်သိန်း ပေးဆောင်ရ တယ်ဆိုပြီး First Weekly ဂျာနယ်မှာ ပြောဆိုထားတာနဲ့ ပတ်သက်ပြီးမဟုတ်တဲ့ အကြောင်း အခုလို ရှင်းရတာပါ။ တကယ့်ဖြစ် ရပ်ကတော့ သူမ ကိုလာကြိုတဲ့ သူ့မောင်လေးက လာကြိုရ တဲ့အတွက် အိမ်ကနေ ၁သိန်းဆိုပြီး လိမ်တောင်းလို့ အခုလိုမျိုး ဖြစ်ရတာပါ”ဟု ဦးကျော်မြင့်က ပြောကြားသည်။

First Weekly ဂျာနယ်ပါ သတင်းဖော်ပြချက်နှင့် စပ်လျဉ်း၍ ပြန်လည်ဖြေရှင်းရန်အတွက် အဆိုပါ ဂျာနယ်ထွက်သည့်နေ့ ညနေတွင်ပင် လေ ဆိပ်မှတာဝန်ရှိသူများအပါအဝင် First Weekly ဂျာနယ်မှ တာဝန်ရှိသူနှင့် ကာယကံရှင် ဒေါ်လှလှဝင်းအား ခေါ်ယူတွေ့ဆုံကာ မေးမြန်းမှုများ ပြုလုပ်ကြောင်း သိရပြီးယင်းကိစ္စနှင့် ပတ်သက်၍ တခြားတရားစွဲဆိုမှုများပြုလုပ်ရန် အစီအစဉ်မရှိကြောင်း သိရသည်။

“အခုအချိန်မှာ အခုလိုမျိုး ဖော်ပြတယ်ဆိုတာ ဘာပဲပြောပြော သက်ဆိုင်ရာဝန်ကြီးဌာနကို ဂုဏ်သိက္ခာညှိုးနွမ်းစေတာ အမှန်ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့က လက်ရှိအချိန်မှာ
ကိုယ့်လူမျိုးအတွက် မျိုးချစ်စိတ်အပြည့်နဲ့ ကူညီရမယ့် အချိန်ပါပဲ။ ပြီးတော့ အရင်ကထက်ကိုပိုပြီး ဂရုစိုက်ဖို့လည်း အားလုံးကို မှာကြားထားပြီးသားပါ”ဟုအထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်

ဇွန်လ ၁၅ရက်နေ့၌ မလေးရှားနိုင်ငံတွင် ဒုက္ခကြုံနေရသူများအား ရန်ုကုန်သို့ပြန်လည် ခေါ်ဆောင်လာရန်အတွက် Myanmar International Airway(MAI) လေယာဉ်ဖြင့် ကူညီခဲ့သူဦးရေမှာ ၉၇ဦးသာ ဖြစ်ကြောင်းနှင့် သတင်းများတွင် ဖော်ပြထားသည့် မလေးရှားနိုင်ငံမှ ရန်ကုန်သို့ ၁၈၀ဦး ပြန်ရောက်လာသည်ဆိုသည်မှာ တခြား အကြောင်းအရာ ကိစ္စရပ်များနှင့် ပြန်လာကြသူများအား ထည့်ထွက်ထားခြင်းကြောင့် ဖြစ် ကြောင်း သိရသည်။

TMA
@ မြန်မာ့ခေတ်

ဗြိတိန်သူ အမျိုးသမီးငယ်လေးများအပေါ် မူဆလင်လူငယ်တစ်စုမှ တိုက်ခိုက်ခဲ့အပြီး ဗြိတိန်နိုင်ငံအတွင်း တင်းမာမှုများတိုးလာ

Posted by drmyochit Sunday, June 16, 2013, under | No comments


အက်ရှ်တွန်အင်ဒါလင်းမြို့တွင် မူဆလင်လူငယ်ဂိုဏ်းတစ်ခုမှ ဗြိတိန်သူမိန်းကလေးများအပေါ် အကြမ်းဖက်တိုက်ခိုက်နေ သည့် ဗီဒီယိုဖိုင် ယခုအပတ်အစောပိုင်းက ထွက်ပေါ်လာခဲ့။

ဗြိတိန်-ပါကစ္စတန်နွယ်ဖွားလူငယ်တစ်စုဟုဖော်ပြထားသည့် ဂိုဏ်းတစ်ခုက ဗြိတိန်သူအမျိုးသမီးလေးများအား ဘက်စ်ကား မှတ်တိုင်တစ်ခုတွင် တိုက်ခိုက်ခဲ့သည်ကိုပြသသည့် ဗီဒီယိုဖိုင်တစ်ခု အင်တာနက်အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ဗြိတိန်နိုင်ငံမြောက်ပိုင်းရှိ အက်ရှ်တွန်အန်ဒါလင်းမြို့တွင် တင်းမာမှုများ အလွန်အမင်းကြီးထွားလာခဲ့သည်။

မန်ချက်စတာမြို့နှင့်အလှမ်းမကွာသည့် ထိုမြို့လေးတွင် ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ခိုက်မှုကြောင့် လာမည့်တနင်္ဂနွေနေ့ တွင် မြို့တွင်း လူထုစည်းဝေးပွဲ သို့မဟုတ် လှည့်လည်ဆန္ဒပြပွဲများ ကျင်းပရန် နိုးဆော်သည့် လူစုလူဝေးများ ပေါ်ပေါက် လာခဲ့ပြီး အင်္ဂလန်မြေကာကွယ်စောင့်ရှောက်ရေးအသင်းကြီး(EDL) မှလည်း အက်ရှ်တွန်အန်ဒါလင်းမြို့တွင် အသင်းခွဲတစ် ခုကို အလျင်အမြန်ဖွဲ့စည်းခဲ့သည်။

ထိုဗီဒီယိုဖိုင်ကို YouTube လိုင်းမှ ဖယ်ထုတ်ပြီးဖြစ်သော်လည်း LiveLeak လိုင်းပေါ်တွင် ကြည့်ရှုနိုင်သေးပြီး လွန်ခဲ့သည့်ည ကဖြစ်ပွားခဲ့သည့်တိုက်ခိုက်မှုကို ရိုက်ကူးထားခြင်းဖြစ်ကြောင်း သိရှိရသည်။ ဗြိတိန်နိုင်ငံ၊ အက်ရှ်တွန်အင်ဒါလင်းမြို့တွင်ဖြစ် ပွားခဲ့သည့် ထိုဗီဒီယိုထဲတွင် မူဆလင်လူငယ်တစ်စုက ဗြိတိန်ကလေးတစ်စုအား တိုက်ခိုက်မှုကိုဖော်ပြထားခြင်းဖြစ်သည်။ ဗီဒီယိုဖိုင်အစမှာပင် မူဆလင်လူငယ်များထဲမှ တစ်ယောက်က ဗြိတိန်သူအမျိုးသမီးလေး၏ မျက်နှာအား လက်သီးဖြင့် ထိုး နှက်တိုက်ခိုက်နေမှုကို ပြသထားသည်။

ထိုသို့သောဖြစ်ရပ်များမှာ ဗြိတိန်နိုင်ငံတစ်ဝှမ်းရှိ လမ်းများပေါ်တွင် ပုံမှန်ဖြစ်ပွားနေ ကျမျိုးဖြစ်လာကြောင်း သိရှိရသည်။

အဆိုပါ လွန်ခဲ့သောညတိုက်ခိုက်မှုဖြစ်အပြီး ဖမ်းဆီးထိန်းသိမ်းမှုသတင်းများ ထွက်ပေါ်လာခဲ့ပြီး တိမ်းဆိုဒ်ရဲဌာနမှ ဒေသ ဆိုင်ရာ ရဲဌာနများအနေဖြင့် ဗီဒီယိုဖိုင်ထဲမှရရှိသည့် သတင်းအချက်များစွာအပေါ်အခြေခံ၍ စုံစမ်းစစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း ပြောဆိုခဲ့သော်လည်း အသံလွှင့်အစီအစဉ်ပြောကြားသူသို့ ဤအချက်နှင့်ပတ်သက်၍ နောက်ထပ် အတည်ပြုချက် မပေးသေးကြောင်းသိရှိရသည်။

စုံစမ်းစစ်ဆေးပြီးချိန်အထိ နောက်ဆက်တွဲဖော်ပြချက်မရရှိသေးပါကြောင်း အသံလွှင့်အစီအစဉ်တင်ဆက်သူမှ ဖော်ပြခဲ့သည်။ လွန်ခဲ့သည့်ညက အက်ရှ်တွန်မြို့လယ်တွင် လူစုလူဝေးများ စုရုံးခဲ့ပြီး နောက် အများပြည်သူဆိုင်ရာအက်ဥပဒေချိုးဖောက်မှုဖြင့် လူလေးဦးအား ဖမ်းဆီးခဲ့ရကြောင်း ရဲဘက်ဆိုင်ရာမှဖော်ပြသည်။

ဒေသဆိုင်ရာအဏာပိုင်အဖွဲ့များမှ ပြစ်တင်ရှုံ့ချခဲ့သည့် အဆိုပါတိုက်ခိုက်မှုနောက်ဆက်တွဲအဖြစ် အခြားတိုက်ခိုက်မှုများ ထပ်မံဖြစ်ပွားခဲ့ကြောင်းလည်း သတင်းများတွင်ဖော်ပြထားသည်။ အက်ရှ်တန်မြို့လယ်တွင် ဖြစ်ပွားခဲ့သည့်တိုက်ခိုက်မှုများ နှင့်ပတ်သက်ပြီး ကောလာဟလများပြန့်နှံ့လျက်ရှိပြီး အဓိကရုဏ်းများထပ်မံဖြစ်ပွားခြင်းမရှိပဲ မမှန်သတင်းများ သာဖြစ် ကြောင်း တိမ်းဆိုဒ်ကောင်စီက လွန်ခဲ့သောညက ကြေငြာခဲ့သည်။

ရဲဌာနမှ မိဘများနှင့်အုပ်ထိန်းသူများအား ခလေးသူငယ်များကို အဆိုပါဒေသအတွင်း မသွားလာစေပဲ ထိန်းသိမ်းထားရန် သတင်းထုတ်ပြန်ထားသည်ဆိုသည့် သတင်းစကားများထွက်ပေါ်လျှက်ရှိပြီး သတင်းအတည်ပြုချက်ကား မရရှိပေ။
အကြမ်းဖက်တန်ပြန်နှိမ်နင်းရေးကျွမ်းကျင်သူ၊ သတင်းဆောင်းပါးအယ်ဒီတာဖြစ်သူ ဂတ်ဖာဟက်ဆင်က -

ဒါဟာ အချိန်ပိုတွေအများကြီးရှိနေကြတဲ့ လူငယ်ဂိုဏ်းအဖွဲ့အချင်းချင်းဖြစ်တဲ့ ရန်ပွဲလေးလောက်ပါပဲ၊ ဒါပေမဲ့ အစွန်းရောက် တဲ့ လက္ခဏာတော့ တွေ့ရပါတယ်။ သို့ပေမဲ့လည်း အခြားတဖက်က ဘာသာရေးသွေးထိုးလှုံ့ဆော်ပေးတာမျိုး အလားသ ဏ္ဍာန်တော့ မတွေ့ရပါဘူး၊ ဒီလိုကိစ္စတွေမှာ ဘာသာရေးအပေါ်အလွန်အကျွံဝေဖန်မယ်၊

သာမန်ရာဇ၀တ်မှုလေးကို နိုင်ငံ ရေး စကားပြောဆိုလာမယ်ဆိုရင်တော့ စိုးရိမ်စရာဘက်ကို ရောက်ရှိသွားမှာပါ၊ ဗြိတိန်နေမူဆလင်လူမှုအဖွဲ့အစည်းတွေ အပေါ် နောက်ထပ် အဆိုးမြင်ပြုမူပြောဆိုမှုတွေ အလွန်အမင်း တိုးပွားကျင့်သုံးလာတဲ့ဘက်ဆီကို ရောက်သွားမှာပါဟု ပြောဆိုသွားခဲ့သည်။

ကရစ်ကတ်ဘောလုံးရိုက်တံများကိုင်ဆောင်ထားပြီး လူငယ်တစ်ဦးက မိန်းကလေးတစ်ဦးအား ပြေးကန်နေသည့်မြင်ကွင်း အပါအ၀င် ထိုတိုက်ခိုက်မှုရန်ပွဲမှာ တနင်္လာနေ့ညက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ယူဆကြသည်။

Tensions high in British town after "Muslim youths" attack "white girls"
A video from earlier this week claims to show a gang of "Muslim youths" attacking "white girls" in the town of Ashton-under-Lyne
by The Commentator on 12 June 2013 10:28
Tensions are running high in the northern English town of Ashton-under-Lyne after a video circulating online showed a gang of what is reported as British-Pakistani youths attacking young "white girls" at a bus stop.
The incident, which occured in the town just outside of Manchester, has led to a number of groups calling for a 'march' or 'rally' in the town this coming Saturday, with the English Defence League quickly setting up an 'Ashton-Under-Lyne' branch of the group.
The video, which has been removed from YouTube but can still be found on LiveLeak, describes the incident last night as, "This is a video that has been taken in Ashton Under Lyne, England that shows a gang of Muslim youths attacking a group of white kids. Just before the filming had started one of the muslim youths had punched one of the white girls in the face. This is becoming a regular occurence on the streets of the UK."
While there have been reports of arrests after last night's incident, Tameside Police are yet to confirm this to The Commentator, though police services for the local area have said that they have received, "Lots of messages about the video, it's being investigated arrests are being made. We have no further comments until after the investigation." The force also tweeted that it arrest four people for "minor public order offences" after groups gathered in Ashton town centre last night.
There were also reports of further clashes as a result of the incident, which have been rebuked by local authorities. Tameside Council tweeted last night, "Rumours circulating tonight about alleged fighting in Ashton town centre. These reports are inaccurate, there has been no disorder."
Sources also suggest that police sent a text message out asking parents and guardians to keep their children away from the area, though this is also yet to be confirmed.
Counter-terrorism expert and The Commentator Contributing Editor Ghaffar Hussain said: "This incident will most likely turn out to be a local petty squabble between gangs of youths with too much time on their hands. There could be a racial dimension, however, it is highly unlikely the religion is a motivating factor for either side. The over-emphasising of the religion in such cases, and consequent politicisation of common crime, is a worrying trend and one that is being increasingly adopted by the far-right to further demonise British Muslim communities".
The assault, which apparently included cricket bats, and included a young man launching into a flying kick on a girl, is thought to have occured on Monday night.

http://www.thecommentator.com/article/3766/tensions_high_in_british_town_after_muslim_youths_attack_white_girls

From: Shwemyanmar media group


အမျိုးသမီး အဖွဲ့အစည်းလေးဖွဲ့ပေါင်း ပြီး အမျိုးစောင့် ဥပဒေ မူကြမ်း တင်သွင်း ရန် ကြိုးပမ်း မှု နှင့် ပက်သက် ၍ သဘော ထား ထုတ်ပြန် ချက်

Posted by drmyochit Sunday, June 16, 2013, under | No comments

ရက်စွဲ ။ ။ ဇွန်လ ( ၁၆)ရက် ၊ ၂၀၁၃ ခုနှစ်

တနင်္ဂနွေနေ့
၁) ၂၀၁၃ ခုနှစ် ဇွန်လ (၁၃)ရက် နေ့ တွင်ပြုလုပ်ခဲ့သော မျိုးစောင့်ဥပဒေ ဆိုင်ရာ အကြိုညှိ နှိုင်း ပွဲမှ ဗုဒ္ဓဘာသာဝင် အမျိုးသမီး များအား ဘာသာခြား နှင့် အိမ်ထောင်ပြုခြင်း ကို ကန့်သတ်သည့် ဥပဒေမူကြမ်း ကို တရားဝင် အတည်ပြုနိင်ရေး အတွက် လွှတ်တော် ကိုတင်ပြ မည့် အစီအစဉ် ကို ကြေညာခဲ့သည်။
၂)၄င်းကဲ့ သို့ ဗုဒ္ဓဘာသာဝင် အမျိုးသမီး များ၏ တစ်ဦး ချုင်းလွတ်လပ်မှု အခွင့်အရေး ကိုချုပ်ချယ် ရန်ကြိုးစား မှုသည် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်း အပိုဒ် (၁၆) ပါ -- အရွယ်ရောက်ပြီးသူ အမျိုးသား အမျိုးသမီးတိုင်း၏ လွတ်လပ်စွာ လက်ထပ်ထိမ်းမြှားခွင့် ကို ချိုးဖောက်ခြင်းဖြစ် သည်။

၃)အမျိုးသားရေး နှင့် ဘာသာရေး အစွန်းရောက်မှု အတွေး အခေါ် ကို အခြေခံသော မျိုးစောင့်ဥပဒေ အယူ အဆ သည် လူတစ်ဦးချင်းလွတ်လပ် မှု အခွင့် အရေး ကို ဝင်ရောက်စွက်ဖက်မှု ဖြစ်သ ကဲ့ သို့၊ လူ တစ်ဦး (သို့မဟုတ်) အမျိုး သမီး တစ်ဦးချင်းစီ ၏ ပုဂ္ဂလ ရွေးချယ် မှု အပေါ် စွက်ဖက် ထိမ်းချုပ်ခြင်းလည်းဖြစ်သ ဖြင့် လက်ခံ နိုင်ဖွယ် မရှိချေ။

၎) ဤ အမျိုးစောင့် ဥပဒေ ကြမ်း အယူအဆသည် ဗုဒ္ဓဘာသာဝင် အမျိုးသမီး တို့၏ ပုဂ္ဂလိ က လွတ်လပ်မှု ကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်သည့် အပြင် ၊ အမျိုးသမီး တို့ ၏ ဆင်ခြင်တုံ တရား ကို အထင်သေး စော်ကားခြင်းလည်းဖြစ် သည်။

၅)လက်ရှိ မြန်မာနိင်ငံ ၏အသွင်ကူးပြောင်းမှု အပေါ် နှောက်ယှက် ဟန့်တားလိုသော မသမာ သော လူတစ်စု ၏ ရန်ကို ကာကွယ်နိင်ရန် အတွက် လူမျိုး ဘာသာမရွေး ၊ ကျား -မ မရွေး ၊ အရပ်ဖက်လူ့ အဖွဲ့ အစည်းများ ၊ ဒီမိုကရေစီ အင်အားစု အားလုံး အပါအဝင် ပြည်သူ တစ်ရပ်လုံး မတူ ကွဲ ပြား သည့် ဖြစ် တည် မှု များ ကို အပြန် အလှန် လေး စား တတ် သည့် အလေ့ အထ ကို မွေး မြူ ရင်း ၊ ညီညွတ်ကြရမည့် အချိန်ဖြစ်သည်။

၆) မျိုးစောင့် ဥပဒေ ကို သာ အတည်ပြုခဲ့ ပါ က ဗုဒ္ဓဘာသာ သည် အခြား ဘာသာဝင်များ နှင့် ရော စပ် ယှဉ် တွဲ နေထိုင်ရန် ယုံ ကြည် မှု ကိုယ်ခံ အား နည်း သော ၊ နိမ့်ကျစိတ်ကို အခြေခံသော၊ မလုံမခြုံ ခံစား နေ ရသော ဘာသာ ၊ သာသနာ ဖြစ် သည် ဟု ဆိုလို ရာရောက်ပေလိမ့်မည်။

၇) ဤသို့သော ၊ လူ့ အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး ၊ နိင်ငံရေး ၊ ဘာသာရေး နှင့် စိတ်ပညာ အမြင် များကို အခြေခံ ၍ - မျိုးစောင့် ဥပဒေ မူကြမ်း တင်သွင်းရေး ကို ပြင်းထန်စွာ ရှုတ်ချ ပြီး၊ ဗုဒ္ဓဘာသာ ဝင် အမျိုးသမီး ထု အနေဖြင့် မိမိ တို့ လွတ်လပ်မှု ကိုစွက်ဖက် ထိမ်းချုပ်လိုသော ၊ အမျိုးသမီး ထု ၏ ဆင်ခြင်တုံ တရား ကို ထိပါး စော် ကား သော ဤ မျိုးစောင့်ဥပဒေ ကို ညီညွတ်စွာ ဆန့်ကျင် ကြပြီး၊ ပြည်သူတစ်ရပ်လုံး အနေဖြင့်လည်း ဒီမို ကရေစီ အသွင်ကူးပြောင်း မှု ကို နှောက်ယှက် ဟန့်တား လိုသော မသမာ သူ တစ်စု ၏ မရိုးဖြောင့်သော နည်းပရိယာယ် ကို အစဉ် မပြတ် သတိရှိ ကြရန် တိုက်တွန်း နှိုးဆော် အပ်ပါသည်။

၈) ယခု ကြေညာချက် ကို လွတ်လပ်မှု့ နှင့် လူသား ၏ ဆင်ခြင်တုံ တရား ကို လေးစား တန်ဖိုးထား မြှင့်တင်လို သော မည့်သည့် အမျိုးကောင်းသား အမျိုးကောင်းသမီး မဆို မိမိ တို့ နှင့် သဘောထား တူ မျှ ပါက လွတ်လပ်စွာ ဖြန့် ဝေ ခြင်းဖြင့် ပူးပေါင်းပါဝင်နိုင်ပါသည်။

RAINFALL - အမျိုးသမီး အဖွဲ့ အက္ခရာ အမျိုးသမီးအဖွဲ့ Colourful girls ရောင်စုံ မိန်းကလေး များ အဖွဲ့ KWEG- ကရင်အမျိုးသမီးဖွံ့ဖြိုးရေး အဖွဲ့

Kumudra

အရိုက် ခံခဲ့ရသည်ဆိုသည့် အမျိုးသမီးက ပြင်ဦးလွင် NLD များကို အမှုဖွင့်

Posted by drmyochit Sunday, June 16, 2013, under | No comments


ပြင်ဦးလွင်မြို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အတွင်း NLD လုံခြုံရေးများ၏ ရိုက်နှက်မှုကြောင့် ဆေးရုံ တင်လိုက်ရသည် ဆိုသည့် အမျိုးသမီးက ပြင်ဦးလွင် NLD လုံခြုံရေးများကို အမှုဖွင့်လိုက်ပြီ ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

NLD လုံခြုံရေးများ ရိုက်နှက်သဖြင့် ဆေးရုံတက်ခဲ့ရသည့် မခိုင်ဝတ်ရည်သန္တာမောင်သည် ယနေ့ ဆေးရုံက ပြဆင်းလာပြီ ဖြစ်ပြီး ပြင်ဦးလွင်မြို့နယ် ဝက်ဝံ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

“ကျမ ဒီနေ့ ဆေးရုံက ဆင်းဆင်းချင်း ၀က်ဝံရဲစခန်းသွားပြီး အမှုဖွင့်ထားပါတယ်။ စခန်းက စစ်ချက်ယူနေပါပြီ” ဟု မခိုင်ဝတ်ရည်သန္တာမောင်က ပြောသည်။

မခိုင်ဝတ်ရည်သန္တာမောင်သည် ဒဏ်ရာများရရှိခဲ့သောကြောင့် ပြင်ဦးလွင်ဆေးရုံတွင် ၃ ရက်အကြာ တက်ရောက် ကုသ ခံခဲ့ရကြောင်း၊ ဇွန်လ ၁၀ ရက်နေ့က ဆေးရုံတက်ခဲ့ရပြီး ၁၃ ရက်နေ့တွင် ပြန်လည် ဆင်းလာခဲ့ခြင်း ဖြစ်ကြောင်း၊ ဆေးရုံ ရှိ တာဝန်ကျ ဆရာဝန်များက ဆေးရုံ တပတ် တက်ခိုင်းသော်လည်း ၎င်းသားငယ်၏ လုံခြုံရေးကို စိုးရိမ်သည့်အတွက် ဆေးရုံတွင် ၃ ရက်သာ နေပြီး အိမ်တွင် ဆက်လက် ကုသလျှက် ရှိကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြင်ဦးလွင် ခရီးစဉ်အတွင်း ဇွန်လ ၁၀ ရက်နေ့က ပြင်ဦးလွင်မြို့တွင် နားခိုသည့် တော်ဝင်နှင်းဆီခြံမှ ဒေါ်အောင်ဆန်းစုကြည် အပြန် ယာဉ်တန်း ရှေ့သို့ သွားရောက်ကာ အိတ်ဖွင့်ပေးစာ ပေးပို့သော မခိုင်ဝတ်ရည်သန္တာမောင်ကို NLD လုံခြုံရေးအဖွဲ့က ဟန့်တား ရိုက်နှက်ခဲ့ခြင်းကြောင့် ဆေးရုံတင်ခဲ့ရကြောင်း ကာယကံရှင် အမျိုးသမီးက ပြောသည်။

“ကျမက ၉ ရက်နေ့က မေးခွန်းငါးခု မေးဖို့အတွက် ထပြီး လက်ချောင်း ထောင်တာကိုလည်း သူတို့က မမြင်အောင် ကွယ်ထားတယ်။ အဲဒါနဲ့ နောက်တနေ့ ဒေါ်အောင်ဆန်းစုကြည် ပြန်တဲ့ ယာဉ်တန်းပေါ်မှာ ကျမ ပြောချင်တဲ့ စကားတွေနဲ့ စာရွက် စာတန်းတွေကို ပေးဖို့ လုပ်တဲ့အခါ ဒီမြို့ခံ NLD အဖွဲ့က လူတွေက ကျမကို အုပ်စုလိုက် ဆွဲထိုးတော့တာပဲ။ မိန်းမ တယောက်က လူပုံအလယ်မှာ ကျမအင်္ကျီကို ဆွဲချွတ်တယ်။ ကျမ အင်္ကျီတခြမ်း ပြဲစုတ်ကုန်ပါတယ်။ ယာဉ်တန်းပေါ်မှာ ပါတဲ့ လူတွေက အဲဒီလို မလုပ်ဖို့ အော်ပေမယ့် ဘယ်သူမှ တားလို့ မရဘူး။ ကျမ တော်တော် ရှက်မိပါတယ်” ဟု ရိုက်နှက်ခံရသူ ပြင်ဦးလွင်မြို့မှ မခိုင်ဝတ်ရည်သန္တာမောင်က ရှင်းပြသည်။

မခိုင်ဝတ်ရည်သန္တာမောင်သည် ၎င်း၏အခက်ခဲများကို စာရေးထားပြီး ဒေါ်အောင်ဆန်းစုကြည် ပြင်ဦးလွင်သို့ လာစဉ် ကိုယ်တိုင် လက်ထဲသို့ ထည့်ချင်သောကြောင့် ယာဉ်တန်းရှေ့သို့ သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“သူ့ကို အားကိုးလို့လေ။ အဲဒါကို ပြင်ဦးလွင် NLD အဖွဲ့တွေက ကျမလက်ထဲက စာကို မပေးဖို့ အတင်း တားဆီးကြတယ်။ ကျမကလည်း အတင်းရအောင် ပေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားမှာ မပေးလိုက်နိုင်တဲ့ အတွက် နောက်က မန္တလေးတိုင်းရုံး ကားပေါ်ကို ထည့်ပေးလိုက်တယ်။ ဒါကို ဒီကလူတွေက အဲဒီကားပေါ်က လူတွေကို အဲဒီစာယူမသွားနဲ့၊ ပြန်ချခဲ့လို့ အော်တဲ့အတွက် စာကို ပြန်ချခဲ့တယ်။ ဒါနဲ့ ကျမလည်း အဲဒီစာကို ရအောင် ပြန်သွားကောက်တော့ ကျမရဲ့ လက်တွေကို ပြင်ဦးလွင် NLD က လူတွေက တက်နင်းတယ်၊ လက်တွေကျိုးမတတ် ကျမ အနင်းခံလိုက်ရတယ်။ ကျမကို အဲဒီလို စာပေးရပါ့မလားဆိုပြီး တယောက်က ကျမဗိုက်ကို အရင်စပြီး ထိုးတယ်။ ကျန်တဲ့လူ ၃ ယောက်က ကျမကို ၀ိုင်းချုပ် ပေးထားတယ်။ ကျမ ဘယ်လိုပဲ အော်ပြီး အကူညီတောင်းတောင်း ကူညီတဲ့သူ မရှိခဲ့ပါဘူး” ဟု မခိုင်ဝတ်ရည်သန္တာမောင်က ရှင်းပြသည်။

မခိုင်ဝတ်ရည်သန္တာမောင် အရိုက်အနှက်ခံနေရသည်ကို ဒေါ်အောင်ဆန်းစုကြည် သိမသွားကြောင်း၊ ယခု လက်ရှိ အချိန်တွင် သိ၊ မသိကိုလည်း မပြောနိုင်သေးကြောင်း မခိုင်ဝတ်ရည်သန္တာမောင်၏ အဆိုအရ သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မန္တလေး NLD တိုင်းရုံးသို့ တိုင်စာများ မရောက်ရှိသေးကြောင်း၊ တိုင်စာ ရောက်ရှိပါက အခြေနေများကို စုံစမ်းပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေး NLD တိုင်းရုံးမှ အတွင်းရေးမှူး ဦးတင်ထွန်းဦးက ဧရာဝတီသို့ ပြောသည်။

“ကျနော် အဲဒီနေ့က မြင်လိုက်တာက ဆိုးရွားတဲ့ အခြေအနေတော့ မဟုတ်ဘူး။ အဲဒီ ကောင်မလေးက စာကို ယာဉ်တန်း ထဲမှာပါတဲ့ လုံခြုံရေးကားပေါ်ကို တင်လိုက်တာ။ ကျနော်တို့ စည်းကမ်းချက် အရ လုံခြုံရေးကားပေါ်ကို လက်ဆောင်၊ စာနဲ့ တခြား ပစ္စည်းတွေ လက်ခံလို့ မရဘူးလို့ သတ်မှတ်ထားတယ်။ အဲဒါနဲ့ ကလေးတွေက အဲဒီစာကို ပြန်ချခဲ့လိုက်ပါတယ်။ ကောင်မလေး ကလည်း အဲဒီစာကို ပြန်ကောက်လိုက်တာ မြင်လိုက်တယ်။ အဲဒီအချိန်မှာ နည်းနည်းလေး ရှုပ်ရှုပ်ထွေးထွေး ဖြစ်သွားတာတော့ သိတယ်။ ကျန်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကိုတော့ ကျနော်တို့ သေချာ စုံစမ်းရပါအုံးမယ်” ဟု ၎င်းက ဆိုသည်။

NLD မှ ပြင်ဦးလွင်မြို့နယ် အလုပ်အမှုဆောင် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်သီဟနှင့် မခိုင်ဝတ်ရည်သန္တာမောင်သည် ပြင်ဦးလွင် တရားရုံးတွင် ကလေးဖခင်အဖြစ် ဖွင့်ဟပြောကြားစေချင်သည့် အမှု ရင်ဆိုင်နေကြရပြီး အမျိုးသမီးဖြစ်သူ၏ ပြောကြားချက်အရ နှစ်ဦး သဘောတူ ချစ်သူ ရည်းစားဖြစ်ခဲ့ကာ အတူနေချိန်တွင် ကလေး ရရှိခဲ့ပြီး တာဝန်မယူခဲ့ကြောင်း၊ အမျိုးသမီးရေးရာသို့ တိုင်တန်းသည့် အချိန်တွင် ကလေး စရိတ်အဖြစ် တလလျှင် ကျပ် ၄ သိန်း ထောက်ပံ့ရန် သဘောတူခဲ့ပြီး ဖြစ်ကြောင်း၊ ယခုအမှု ရင်ဆိုင်ရခြင်းသည် ကလေး မှတ်ပုံတင် လုပ်ဆောင်ရန် အတွက် ဦးကျော်သီဟ၏ မှတ်ပုံတင် နံပါတ် တောင်းဆိုရာ မပေးဘဲ ငြင်းကွယ်သည်ကို မခံနိုင်သည့် အတွက်ကြောင့် ဖြစ်ကြောင်း သိရသည်။

“တကယ်တော့ ကျမမှာ သားတဦးပဲ ရှိတာပါ။ သားက အခုတော့ ၇ တန်းပါ။ ကလေး ကျန်းမာရေး အခြေအနေ မကောင်းတဲ့အတွက် ကျောင်း ၂ နှစ်ဆက် နားခဲ့ရတယ်။ ကျမက ဦးကျော်သီဟကို ကလေးအဖေအဖြစ် တာဝန်ယူ ခိုင်းတာ မဟုတ်ပါဘူး။ လက်ရှိ ကလေး မှတ်ပုံတင် လုပ်ဖို့အတွက် ဖခင်မှတ်ပုံတင် လိုလာလို့ ကျမ သူ့ဆီမှာ မှတ်ပုံတင် နံပါတ် တောင်းတာပါ။ ဒါကို သူက မပေးတဲ့အတွက် ကျမ သားရဲ့ ဘ၀ရှေ့ရေးကို ငဲ့ကွက်ဖို့ တောင်းဆိုတာပါ။ ဒီကိစ္စကို ဒေါ်အောင်ဆန်းစုကြည်ဆီ စာတင်ဖို့ ကြိုးစားတဲ့အတွက် ကျမကို အခုလို သူတို့တွေက လုပ်ကြတာပါ” ဟု မခိုင်ဝတ်ရည်သန္တာမောင်က ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဧရာဝတီက ဦးကျော်သီဟကို ဆက်သွယ်မေးမြန်းရာ ၎င်းသည် ဒေါ်အောင်ဆန်းစုကြည် ပြင်ဦးလွင်သို့လာစဉ် ကြိုဆိုရေး၊ ဧည့်ခံရေးနှင့် ပြန်ကြားရေး စသည့် တာဝန်များ ယူထားရကြောင်း၊ ဟောပြောပွဲ မစမီကတည်းက ယာဉ်တန်းရှေ့မှ ကြိုပိတ်မည် ဆိုသည့် သတင်းများ ရခဲ့သဖြင့် ဂရုစိုက်ခဲ့ကြောင်း၊ မခိုင်ဝတ်ရည်သန္တာမောင်ကို ရိုက်နှက်ခြင်း လုံးဝ မပြုခဲ့ကြောင်း ပြန်လည် ဖြေကြားခဲ့၍ မခိုင်ဝတ်ရည်သန္တာမောင်နှင့် အမှုဖြစ်နေသည့် ကိစ္စကို ဖြေကြားခြင်း မရှိခဲ့ပေ။

“သူက ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်းလာတာကို အတင်းပိတ်ပြီး စာရွက်တွေ ပေးပါတယ်။ ဒီတွက် ကျနော်တို့က တားဆီးတာလောက်ပဲ ရှိတာပါ။ သူ့ကို ရိုက်နှက်တာတွေ၊ ကိုယ်ထိလက်ရောက် လုပ်တာတွေ တခုမှ မရှိခဲ့ပါဘူး။ မျက်မြင်သက်သေလည်း မရှိဘဲ အရမ်းပြောနေကြတာပါ။ တကယ်လို့ အဲဒီလိုလုပ်တာကို ခိုင်လုံတဲ့ သက်သေ ရှိတယ်ဆိုရင် ရဲစခန်းမှာ သွားပြီး အမှုဖွင့်ဖို့ ပြောထားပါတယ်” ဦးကျော်သီဟက ဧရာဝတီသို့ ပြောသည်။

ယခုအမှုနှင့် ပတ်သက်ပြီး ပုဒ်မ ၅၀၆ (ရုန်းရင်းဆန်ခတ်မှု)၊ ပုဒ်မ ၃၅၄ နှင့် ၃၂၃ (ရိုက်နှက်မှု) တို့ဖြင့် အမှုဖွင့်ထားပြီး တိုင်ကြားသူ မခိုင်ဝတ်ရည်သန္တာမောင်ကို ယနေ့နံနက်တွင် စတင် စစ်ဆေးလျှက် ရှိနေကြောင်း ၀က်ဝံရဲစခန်းမှ တာဝန်ကျသူတဦးက ပြောဆိုခဲ့သည်။

From: ဧရာဝတီ

အမျိုးသမီး ကိုယ်ပျေက်သွားပုံကို လုံခြုံရေးကင်မရာ ၃ လုံးနှင့် ဖမ်းယူရမိ

Posted by drmyochit Sunday, June 16, 2013, under | No comments



From: Myanmar News Now

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်