Saturday, July 06, 2013

သမ္မတဟောင်း မော်စီ ကို ထောက်ခံ ဆန္ဒပြသူတွေ ပစ်ခတ် ခံရ

Posted by drmyochit Saturday, July 06, 2013, under | No comments


 စစ်တပ် က ပစ်ခတ် လို့ ဆန္ဒ ပြသူတွေ သေဆုံးခဲ့

ကိုင်ရိုမှာ စစ်တပ်က ဖယ်ရှား လိုက်တဲ့ သမ္မတ မော်စီ ကို ထောက်ခံ ဆန္ဒ ပြသူတွေ သိန်းနဲ့ချီ ကာ လမ်းတွေ ပေါ်ထွက် လာနေပြီး တနေ ရာမှာ စစ်တပ် က ပစ်ခတ် လို့ အနည်းဆုံး လူ ၃ ဦး သေဆုံး ခဲ့ပါတယ်။

သောကြာနေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြမယ် လို့ Muslim Brotherhood အဖွဲ့က စည်းရုံး ဖိတ်ခေါ် ခဲ့ပြီးတဲ့နောက် ထောင်သောင်း များစွာသော လူစုကြီး ဟာ ကိုင်ရိုက လမ်းမ တွေပေါ် ထွက်လာ ခဲ့ကြပါတယ်။

သမ္မတ မော်စီ ကို ချုပ် နှောင်ထားတယ် လို့ ယူဆ ရတဲ့ စစ်တပ် တပ်စခန်း တခု နားမှာတော့ ဝင်းထရံ သံဆူးကြိုး မှာ ချိတ်ဆွဲ ထားတဲ့ သမ္မတ မော်စီ ရဲ့ ရုပ်ပုံ ကားချပ် ကို ပြန်ပြင်တပ်ဖို့ ဆန္ဒ ပြသူ တွေ လုပ်နေတုန်း စစ်တပ် က ပစ်ခတ် လို့ လူသေဆုံး တာတွေ ဖြစ်ခဲ့တာပါ။

စစ်တပ် ကတော့ သူတို့ ကျည်ဆံအစစ် တွေ သုံးပြီး ပစ်ခတ်တာ မလုပ်ပါဘူး လို့ ငြင်းဆို ထားပါတယ်။

ဆန္ဒ ပြသူတွေ ကတော့ စစ်တပ် က လူအုပ်ထဲ ကို ပစ်ခတ် ခဲ့တယ် လို့ ဆိုပါတယ်။

အီဂျစ် မှာ မငြိမ်သက် မှုက ဆက်ဖြစ်နေပြီး မြို့အတော်များများ မှာ ရုန်းရင်း ဆန်ခတ် တိုက်ခိုက် တာတွေ ဖြစ်နေ ပါတယ်။

From: BBC

ယခုလအတွင်း တန်ဖိုးနည်း GSM လိုင်းကတ်များ ချပေးဖွယ်ရှိ

Posted by drmyochit Saturday, July 06, 2013, under | No comments



ရန်ကုန် ဇူလိုင် ၅

တန်ဖိုးနည်း ငွေကျပ် ၁၅ဝဝ တန် GSM ဖုန်းလိုင်းကတ် များကို ယခုလအတွင်း WCDMA လိုင်းကတ်များနှင့် တွဲ၍ ချပေး သွားနိုင်ဖွယ် ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

တန်ဖိုးနည်း CDMA 800 MHz ဖုန်းလိုင်းကတ်များကို ဧပြီလ အတွင်းက စတင် ချပေးခဲ့ပြီးနောက် မေလ အတွင်းက ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ တစ်ခု၌ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ''ကျွန်တော်တို့ စီစဉ်ထားတာက ပထမ CDMA 800 ချထားပေးမယ်။ ပြီးရင် GSM လိုင်းတွေ ချထား ပေးမလို့ပါ။ အခု လက်ရှိမှာက CDMA 800 လိုင်းတွေက အများကြီး ကျန် နေသေးတဲ့ အတွက် GSM လိုင်းကို မချသေးတာပါ။ နောက်နှစ်လလောက် ဆိုရင် လိုင်းချောင်တဲ့ နေရာတွေမှာ GSM နဲ့ WCDMA ဖုန်းလိုင်းတွေချထားပေး မှာပါ'' ဟု ပြောကြား ခဲ့သည်။

မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း MEC ဘက်မှ မိုဘိုင်းလ်ဖုန်းများ ချထားပေးရာတွင် တစ်လလျှင် အလုံးရေ သုံးသိန်းခွဲဖြင့် သုံးလ ချထားပေးမည်ဟု သဘောတူ ထားကြောင်း အဆိုပါ ဌာနမှ သိရသည်။

GSM ဖုန်းလိုင်း ကတ်များကို တစ်လလျှင် အရေအတွက် သုံးသိန်းခွဲဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် ရောင်းချ ပေးသွားမည် ဖြစ်ပြီး ဇူလိုင်လတွင် စတင် ရောင်းချ ပေးသွားနိုင်ရန် စီစဉ်ထားလျက် ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြား ခဲ့သည်။

နိုင်ငံတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီး များ၌ ဖုန်းလိုင်း ကျပ်ခြင်းများ မရှိစေရန် BDS တယ်လီဖုန်း တာဝါ တိုင်ဖြင့် တိုးချဲ့ တပ်ဆင်ရမည် ဖြစ်ပြီး လက်ရှိတွင် BDS တယ်လီဖုန်း တာဝါတိုင်ပေါင်း နှစ်ထောင်ကျော် တပ်ဆင် ထားကြောင်း သိရသည်။

From: မြ၀တီ

ကုလားတိုက်ခိုက်ခံရသူ ကျောင်းဆရာမလေး သတိပြန်လည်လာ ပြီ

Posted by drmyochit Saturday, July 06, 2013, under | No comments

ကျောက်တော်မြို့နယ် ပီချောင်းဝရှိ မြင်းဂန်းကျေးရွာမှ မိန်းကလေးနှစ်ယောက်ကို ရွာကမ်းစပ်တွင် ပိုက်လာ ချသူ ကုလားနှစ်ယောက်က ရိုက်နှုက်တိုက်ခိုက် လုယက် ခဲ့ကြသောကြောင့် ကျောက်တော်မြို့ ဆေးရုံ သို့ ရောက်နေကြရာ ထိုနှစ်ယောက်အနက် ဆေးရုံ တင်ခါစတွင် သတိမရသေးသည့် ကျောင်း ဆရာမလေး မဆန်းဆန်း (၂၀-နှစ်) မှာ သတိပြန်လည် လာပြီဖြစ် သည်။ (ဓါတ်ပုံ ကို ကြည့်ပါ။)

ဆရာမအား ဆေးစစ်ပြီးဖြစ်ပြီး၊ ရိုက်နှုက် တိုက်ခိုက်ခံ ရမှုရှိခဲ့သော်လည်း လိင်ပိုင်းဆိုင်ရာကျူးလွန် ခြင်းခံခဲ့ ရသည့် လက္ခဏာ မတွေ့ရ ဟု ဆိုသည်။ ၄င်းအား ရေထဲမှ ဆယ်ယူလာစဉ်ကလည်း အတွင်းခံဘောင်း ဘီ အပြည့်အစုံနှင့်တွေ့ရခြင်းဖြစ်သည် ဟု ဆိုသည်။

ကျောက်တော် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူအချို့မှာ ရေမပါဘဲ ပြဿနာသာပါမည့် အမှုအခင်းဖြစ်လာသည် ဆိုပြီး စိတ်ညစ်သည့်လေသံဖြင့် လက်ဖက်ရည်ဆိုင်တွင် ထိုင်ပြောနေသည်ကို ကြားနေရသည် ကြားမိသူ တစ်ဦးက ပြောကြားသည်။

ကျူရှင်ပြသည့်ဆရာမငယ် တစ်ဦးဖြစ်သည့် ဆန်းဆန်း (၂၀-နှစ်) နှင့် ၄င်း၏ တပည့်မ သန်းနွယ် (၁၂) နှစ်တို့သည် ယမန်နေ့ ညရှစ်နာရီခန့်တွင် စာပြအပြီး နောက်ဖေးနောက်ဖီသွားရန် ရွာ၏ မြစ်ကမ်းစပ်သို့ တင်လာခဲ့ကြသည်။

၎င်းတို့နှစ်ယောက်အား မြစ်ကမ်းတွင် ပိုက်ချနေသူ ကုလားနှစ်ဦးက ဖမ်းချုပ်ပြီး တုတ်များဖြင့်ရိုက်နှုက်ခြင်း၊ ရေထဲသို့ ခေါင်းနှစ်၍ သတ်ရန်ကြိုးစားခြင်း၊ နားရွက်များမှ နားတောင်းများကို ဆွဲဖြတ်ယူခြင်း တို့ပြုခဲ့ကြ သည်။

မိန်းကလေးနှစ်ဦးက အော်ဟစ်ခဲ့ကြသော်လည်း ရွာထဲတွင် ဗွီဒီယိုပြသည့် အသံဖြင့် ဆူညံနေခြင်း၊ ကြားလိုက် သူများကလည်း ကမ်းတစ်ဖက် ကုလားရွာမှ အော်သံဟုသာ အမှတ်မှားကြခြင်းတို့ကြောင့် ဖြစ်ဖြစ် ချင်း ရွာသားများက မကယ်တင်နိုင်လိုက်ခဲ့ကြပေ။

တိုက်ခိုက်ခြင်းခံရသော မိန်းကလေးနှစ်ဦးအား စက်လှေဖြင့် ဆေးရုံသို့လိုက်ပို့ရာ ယနေ့ မနက် အာရုံ မတက်မီ (၂) နာရီမှ ကျောက်တော်ဆေးရုံသို့ရောက်ရှိကြသည်။

ဆန်းဆန်း (၂၀-နှစ်)မှာ မနက် ၆-နာရီ ခွဲခန့်အထိ သတိ ပြန်မလည်သေးချေ။

သန်းနွယ် (၁၂-နှစ်)၏ မျက်စိများမှာ ဖူးယောင်နေပြီး၊ နားတောင်ဆွဲဖြုတ် ခံရသောကြောင့် နားရွက်များ ပဲ့နေသည်။

မြင်းဂန်းရွာနှင့် တစ်ဖက်တစ်ကမ်းတွင် ပီစိ (ကုလား)ရွာ နှင့် နိတင် (ကုလား)ရွာ တို့ရှိကြသည်။

From:[_ Coral Arakan News)_]
(မောင်ကျောက်ခဲ အဖွဲ့)

ချင်းတောင်ပေါ်က ပန်းရိုင်း

Posted by drmyochit Saturday, July 06, 2013, under | No comments


ကလေး၊ ဇူလိုင် ၆။

အချိန်က မနက် သုံးနာရီ။ချင်းပြည်နယ်နှင့်စစ်ကိုင်းတိုင်းဒေသကြီးကို ဆက်သွယ်ထားသည့် အဆင်း အတက်၊ အကွေ့အ၀ိုက်များလှသောတီးတိန် – ကလေး ကားလမ်း မှာ လျှပ်စစ်မီး အလင်းရောင် အလျဉ်းမရှိ။ပျို့အန်လာမည့် ရောင်နီကို မျှော်လင့်ရင်း အမှောင်ထုက ကြီးစိုးနေဆဲပင် ဖြစ်သည်။

အလင်းရောင်အားနည်းပြီးကြမ်းတမ်းသော ခရီးလမ်းပေါ်တွင် အပျိုဖော်ဝင်စ မိန်းမငယ် ၃ ဦးခြေလျှင်ခရီးဖြင့် မနားတမ်း တရွေ့ရွေ့ ဆင်းလာနေသည်။ မိုင်အရှည်အားဖြင့်၂၁ မိုင်ရှည်သည်။

သစ်ခွပန်းပလိုင်းလေးကို ကျောပိုးလွယ်ပြီး လက်ထဲမှာလည်းပွင့်နေဆဲသစ်ခွပန်းပင်တွေကို ခပ်ဖွဖွဆုပ်ကိုင်ထားသည့် ကောင်မလေးများကိုမြင်လိုက်ရုံဖြင့် ချင်းတိုင်းရင်းသူလေးများဆိုသည်ကို သိပြီးသားဖြစ်၏။

ရိုးရာ ပလိုင်းလေးများကို ခေါင်းအားဖြင့် သယ်မ ထားကြသည်။လက်ထဲတွင်လည်း သစ်ခွပန်းကလေးများ ကိုယ်စီ ကိုင် ထားကြသည်။ သူတို့၏မျှော်လင့်ချက်က ကလေးမြို့ပေါ်တွင် သစ်ခွပန်းများ ရောင်းရန်ဖြစ် သည်။

ဈေးရောင်းသည့် အချိန်တွင် တစ်စုတစ်စည်းထဲရောင်းကြခြင်းမဟုတ်။ တစ်ဦးချင်း လမ်းခွဲကာ ကလေးမြို့ ထဲတွင်လှည့်လည်ရောင်းကြခြင်းဖြစ်သည်။
သူတို့အထဲမှ အသက်အငယ်ဆုံး ကလေးမလေးမှာ အသက်(၁၄)နှစ်ဝန်းကျင်အရွယ်ခန့်ရှိပေမည်။ အဖြူ၊အပြာ၊ အ၀ါနှင့် ရောင်စုံသစ်ခွပန်းစည်းများက သူ့ကျောပေါ်ရှိ ပလိုင်း ထဲတွင် ပြည့်နေသည်။

ကလေးမြို့သို့ရောက်သည့်အချိန်ကား မနက် ၇ နာရီ ရှိချေပြီ။ နေ၏ အလင်းရောင် ထွက်သည်နှင့်ပူစပ်စပ် နေရောင်က ကျလေသည်။ ခေါင်းဆောင်းစရာမပါသာ ချင်းတိုင်းရင်းသူကလေးမှာချွေးများစို့၍ မောပမ်းနွမ်းလျပုံပေါ်နေ၏။

ချင်းတောင်ပေါ်မှခူးလာပြီး တကူးတက လာရောင်းသည့် သစ်ခွပန်းလေးများကိုတစ်စုံတစ်ယောက်များ ၀ယ်လေမလားဟူသည့် မျှော်လင့်ချက်သမ်းနေသောအကြည့်များ သူမ၏မျက်ဝန်းတွင်ပြေးလွှားနေသည်။

“သူတို့ကဗမာစကား သိပ်မတက်ကြဘူးလေ။ မြို့ပေါ်မှာ တစ်လမ်းဝင် တစ်လမ်းထွက်လျှောက်သွားနေတာ။ ၀ယ်ချင်တဲ့သူက ခေါ်တော့မှ သူတို့ သစ်ခွပန်းကိုရောင်းကြတယ်”ဟု ကလေးမြို့မှ အသက် ၅၀ ကျော်ခန့်ရှိ အမျိုးသမီး တစ်ဦးကပြောသည်။

အချိန်ကား နေ့လယ်(၁၁)နာရီခွဲခန့်ရှိနေပြီ။နေအပူရှိန်က ပို၍ အားကောင်းလာသည်။ မြို့ထဲတွင် လှည့်လည်ရောင်းနေဆဲဖြစ်သည်။

“ပန်းက နှစ်စီးကို ငါးရာပါ”ဟု ချင်း အသံဝဲ၀ဲကလေးဖြင့် ထိုကလေးမက ဗမာလို ပြောသည်။

သစ်ခွပန်း ဆယ့်နှစ်မျိုးခန့်ပါရှိပေသည်။ ပန်းများသည် အကြီး အသေး၊ အရောင်အသွေး မျိုးစုံလှသည်။ နှစ်ပင်ခန့်ကို တစ်စည်းသတ်မှတ်သည်။

အပင်ကြီးသည့် ပန်းများကို တစ်ပင်တည်းဖြင့် တစ်စည်းသတ်မှတ်သည်။

တောင်ပေါ်တွင် ပွင့်သည့် ပန်းများဖြစ်သည့်အတွက် ငွေရင်းစိုက်ထုတ်ရန်မလို။သို့သော် သစ်ပင်အမြင့်ကြီးများထိပ်တွင် တွယ်ကပ်ပေါက်နေတတ်သော သစ်ခွပန်းများ ကို စွန့်စားခူးယူခဲ့ကြရသည်။

နှစ်စီးကိုငါးရာဟုဆိုသော် ထိုကလေးမတွင် ပါလာသည့် ပန်းစည်းများအားလုံး၏ တန်ဖိုးမှာကျပ် ခုနှစ်ထောင်မှ တစ်သောင်း ၀န်းကျင်ခန့်သာရှိပေမည်။

နေမွန်းတည့်ချိန်သို့ ရောက်လုနီးပြီ။ပုလိုင်းထဲတွင် ပန်းများက ထက်ဝက်ပင် မကျိုးလှသေး။ မောပန်းနွမ်းလျမှုနှင့်အတူ ဆာလောင်မွတ်သိပ်ခြင်းတို့က ပေါင်းဖက် နှိပ်စက်နေဟန်တူ၏။

“အခု ချိန်ထိ ထမင်းမစားရသေးဘူး”ဟု သူမ၏ ဗမာလိုပြောလိုက်သည့် အသံက ၀ဲသည့်အပြင် ရှက်စိတ်နှင့် သိမ်ငယ်စိတ်ကလေးများ ရောထွေးနေသည်။

သို့သော် နောက်ထပ်ပွင့်အန်လာသည့် စကားလုံးများထဲတွင်သူမ၏စိတ်ခွန်အားများကို ထိတွေ့ခွင့်ရ လိုက်သည်။ ၉ တန်းအောင်ပြီးကျောင်းနားထားရသည်ဟု ဆိုသော်လည်း နောက်နှစ်တွင် ကျောင်းပြန်တက်မည့်ရည်မှန်းချက်က ခိုင်မာနေသည်။

မန္တလေးဟု ဆိုသော မြန်မာနိုင်ငံ၏တတိယမြို့တော်ကြီးတွင် ၁၀ တန်းပြန်တက်ရန်အတွက် စိတ်အား ထက်သန်နေ သည်။ မိသားစု စားဝတ်နေရေးအတွက် သူ့ပုခုံးထက်မှာ သူနိုင် သမျှထမ်းနေခြင်း လည်းဖြစ်၏။

ကျောင်းပညာဆက်သင်ယူဖို့ စိတ်ထက်သန်မှုပြင်းပြနေသောသစ်ခွပန်းရောင်းသူလေးကဲ့သို့ ပညာရေးနှင့် မိသားစု စားဝတ်နေရေး အတွက် ရုန်းကန်နေကြရသည့် လူငယ် လူရွယ်ပေါင်း ချင်းတောင်တန်းကြီးပေါ် တွင်မည်မျှ ရှိမည်ကို မခန့်မှန်းနိုင်တော့ပေ။

ယခုလို မိုးရာသီတွင် ချင်းတောင်တစ်ခုလုံး ညှို့မှိုင်းအုံ့ဆိုင်းပြီး မိုးက သည်းသည်း ထန်ထန်ရွာသွန်း တတ်ပေ သည်။ ထိုကဲ့သို့ မိုးရွာလျှင် ချင်းတောင်ကိုပြန်တက်ရမည့် အပြန်ခရီးက ခက်ခဲပင်ပန်းလှပေမည်။

သို့သော် ချင်းတောင်တန်းကြီးအိပ်တန်းမ၀င်ခင် ၂၁ မိုင်ဝေးသော အိမ်ပြန်လမ်းကို ခရီးနှင် ရပေဦးတော့မည်။

ကျော်သူစိုး(ကလေးမြို့)
@ မြန်မာ့ခေတ်



မီဒီယာကို စောင့်ကြည့်နေတဲ့ ဦးအောင်သောင်း

Posted by drmyochit Saturday, July 06, 2013, under | No comments


ကိုယ်ရေးတဲ့သတင်း လူသိပ်မဖတ်ဘူး ဆိုရင် သတင်းသမားတွေ အားပျက်စရာပါပဲ။ ဖတ်တယ်၊ ပရိသတ် သိပ်များတယ် ဆိုရင်တော့ အားတက်စရာပေါ့။

စာဖတ်ပရိသတ်တွေထဲမှာ ဝန်ကြီးဟောင်း ဦးအောင်သောင်းလည်း တယောက် အပါအ၀င်ဖြစ်ကြောင်း ရန်ကုန်မြို့အခြေစိုက် မြန်မာသံတော်ဆင့်ဂျာနယ်မှာ ဖော်ပြထားတဲ့ အင်တာဗျူးတခုအရ သိနိုင်ပါလိမ့်မယ်။

ဇွန် ၂၉ ရက်နေ့ထုတ် မြန်မာသံတော်ဆင့်မှာ ဦးအောင်သောင်း ပြောထားတာက ဒီလိုပါ -

"အရင်တုန်းက အာအက်ဖ်အေတို့၊ ဒီဗွီဘီတို့၊ ဧရာဝတီတို့၊ မဇ္ဈိမတို့ ဆိုတာ ရှိတယ်။ သူတို့ အကြီး အ ကျယ်ပေါ့ တချို့နှစ်တွေဆိုရင် အများဆုံးက ကျွန်တော့ကိုဝေဖန်တိုက်ခိုက်ပြီးတော့ ရေးတာ ၂၁၆ ကြိမ် ရှိ တယ်"

ဖတ်ထားသမျှကို ကိန်းဂဏန်းနဲ့ တိတိကျကျ ရေးမှတ်ထားတယ် ဆိုတော့ တကယ့် အမှန်အကန် စာဖတ် ပရိသတ် လို့ ဆိုနိုင်တာပေါ့။

"ကျွန်တော့ကို အပုပ်ချရင် ပြည်ခိုင်ဖြိုးကို အပုပ်ချပြီးသားဖြစ်တယ် လို့ သူတို့က ယူဆတယ်။ ...
သို့သော် အဲဒီအချက်တွေ အားလုံးကို သူတို့ အဲလိုထည့်တာကို ကျွန်တော် ဝမ်းသာတယ်။ ကျေးဇူး တင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တစ်ခုမှ မမှန်ဘူး။ ... ဥပမာ ဒီပဲယင်းကိစ္စဆို ကျွန်တော် လုံးဝ မသိဘူး"
လို့ ဦးအောင်သောင်းက ပြောတာကို "အချပ်ပို (ဇ)" စာမျက်နှာမှာ ဖတ်ရမှာပါ။

"အဲလိုရေးလေ ပြည်သူက အမှန်သိလေ ကျွန်တော့် နိုင်ငံရေးသြဇာအာဏာ ပိုတောင် ရှိသွားသေးတယ်" တဲ့။

ကြံ့ခိုင်ရေးပါတီမှာ နိုင်ငံရေးသြဇာအာဏာ ကြီးမားတဲ့ ဦးအောင်သောင်းကို "အဘ အသက် ဘယ်လောက် လဲ" ဆိုပြီး မေးရာမှာ အဲဒီလို ဆက်စပ် ပြောလိုက်တာ ဖြစ်ပါတယ်။

အသက်အကြောင်း ဖြေရာမှာတော့ ... "ကျွန်တော်က အခု ၇၃ တရားဝင်ပါ။ ဒါက တရားဝင် ပြောတာနော် အမှန်က ဒီ့ထက် နည်းနည်းကြီးတယ်" လို့ ဖြေပါတယ်။

ဒါကြောင့် ဦးအောင်သောင်းက အသက် ၇၅ တော့ ရှိပြီလို့ ဆိုရမယ် ထင်ပါတယ်။

Credit: ဧရာဝတီ

ရိုးမ ဘဏ်ကို အပစ်ရပ် ရှမ်းတပ် ဆက်ကြေးတောင်း

Posted by drmyochit Saturday, July 06, 2013, under | No comments



ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်း ဗဟိုဌာနချုပ် လွယ်တိုင်းလျန်တွင် ကျင်းပသော (၆၆) နှစ်မြောက် “ရှမ်းပြည်အမျိုးသားနေ့” အခမ်းအနား (ဓာတ်ပုံ – ဧရာဝတီ)


တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ ဖွင့်လှစ်ထားတဲ့ ရိုးမဘဏ်ကို ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း(RCSS/SSA) အမည်နဲ့ ဆက်ကြေးငွေ ကျပ် သိန်း ၁၀၀ တောင်းခံမှုတခု ပြီးခဲ့တဲ့ အင်္ဂါနေ့က ဖြစ်ပွားခဲ့ပါတယ်။

အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ RCSS/SSA အမည်ခံပြီး ဆက်ကြေးငွေတောင်းခံမှုကို ရိုးမဘဏ်က သက်ဆိုင်ရာ ရဲစခန်းမှာ တိုင်ကြား ထားတယ်လို့လည်း ဒီနေ့ထုတ် အစိုးရ သတင်းစာတွေမှာ ပါရှိပါတယ်။

SSA တောင်ပိုင်း စစ်ဒေသ ၇၀၁ အနေနဲ့ ငွေတောင်းခံရာမှာ ရိုးမဘဏ်သာမက စစ်တပ်ပိုင် မြ၀တီဘဏ် ကိုလည်း ကျပ် သိန်း ၁၀၀ တောင်းခံထားပြီး SSA စစ်ကြောင်းထံ လာရောက်အခွန်ဆောင်ဖို့ ဆင့်ခေါ်တယ် လို့ ငွေတောင်းစာမှာ ရေးသားထားပါတယ်။

RCSS/SSA အဖွဲ့ ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောင်ဆိုင်းက “ဗဟိုအမိန့်နဲ့ လုပ်တာမဟုတ်နိုင်ပါဘူး၊ ဒီလိုမျိုး မူလည်း မရှိပါဘူး၊ ဒါပေ မယ့် ပြန်စိစစ်ကြည့်ဖို့တော့ လိုပါလိမ့်မယ်၊ အောက်ခြေ ရဲဘော်တွေလုပ်တာ ဖြစ်နိုင် မဖြစ်နိုင်ကတော့ အတိအကျပြောလို့ မရပါဘူး”လို့ ဆိုပါတယ်။

ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ကို မကြာသေးခင်က သွားရောက်စဉ် ဆက်ကြေးကောက်မှု၊ လူသစ် စုဆောင်းမှုတွေ များပြားနေတဲ့အကြောင်း ဒေသ ခံတွေရဲ့ တိုင်ကြားပြောဆိုတာတွေကို ဖြေရှင်းခဲ့ရ တယ်လို့လည်း ဗိုလ်မှူး စိုင်းလောင်ဆိုင်း က ပြောပါတယ်။

RCSS/SSA အနေနဲ့တော့ ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ရေးအရ စစ်သားစုဆောင်းမှု၊ ဆက်ကြေးကောက် ခံမှုတွေ မလုပ်ကြောင်း၊ လုပ်ခဲ့ရင်လည်း စစ်စည်းကမ်းအရ အရေးယူမှာဖြစ်တယ်လို့ ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ ၂ လ လောက်ကတော့ မူဆယ်-နမ့်ခမ်းဒေသ အခြေစိုက်တဲ့ SSA တောင်ပိုင်း စစ်ဒေသ ၇၀၁ တပ်ရင်းကို အစိုးရတပ်က တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါသေးတယ်။

ရှမ်းပြည်နယ်ဟာဆိုရင် လက်နက်ကိုင်အုပ်စု အများဆုံးရှိတဲ့ ဒေသဖြစ်ပြီး အဖွဲ့အစည်း အသီးသီးရဲ့ ဆက်ကြေးငွေ တောင်းခံမှုကို ဒေသခံတွေ အနေနဲ့ ဆက်တိုက်ကြုံတွေ့ နေရပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသမှာ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း(SSA-N)၊ ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) အပြင် နမ့်ခမ်းဒေသမှာ ကချင်လွတ်လပ်ရေး တပ်မတော်(KIA) တပ်မဟာ ၄ တို့ လှုပ်ရှားနေပါတယ်။

အဲဒီ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ဆက်ကြေးကောက်ခံမှုဟာ ကျေးလက်တောရွာများသာမက အခုဆိုရင် ကျောက်မဲ၊ သီပေါ စတဲ့ မြို့ပေါ်ဒေသများအထိ ရောက်ရှိနေပြီလို ဒေသခံတွေက ဆိုပါတယ်။

ကျောက်မဲ ဒေသခံတဦးက“မြောက်ပိုင်းမှာတော့ တော်တော်ဆိုးတယ်၊ ကျောက်မဲမှာ တပ်တွေထိုင်လို့ မြို့ထဲမ၀င်ပေမယ့်၊ ပတ်ဝန်း ကျင် ရွာတွေကတော့ အကုန်ကောက်တယ်၊ သီပေါကတော့ မြို့ပေါ်မှာကို ၀င်ကောက်တာ၊ ဒေသခံတွေ အရမ်းစိတ်ညစ်နေတယ်” လို့ ပြောဆိုပါတယ်။

ပွဲရုံ၊ ဈေးဆိုင်၊ လမ်းဘေးဓာတ်ဆီဆိုင်၊ ကားပိုင်ရှင်၊ ထော်လာဂျီပိုင်ရှင်၊ လယ်ယာမြေပိုင်ဆိုင်သူများကို ကောက်ခံပြီး ဆက်ကြေး နှုန်း ထားမှာလည်း သိန်းဂဏန်းအထိ ပေးရတယ်လို့ ကျောက်မဲ ဒေသခံ က ဆိုပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်းမှာတော့ ပြည်သူ့စစ် အသွင်ပြောင်းထားတဲ့ လက်နက်ကိုင် အုပ်စုတွေသာ များပြီး ဆက်ကြေးထက် ဘိန်းနဲ့ မူးယစ်ဆေးဝါး စိုက်ပျိုး၊ ထုတ်လုပ်ဖြန့်ဖြူးခြင်းနဲ့ ငွေကြေးရှာဖွေကြတယ်လို့ သိရပါ တယ်။

ဧရာဝတီ

နန်းစုရတီစိုး ရဲ့ခပ်ဟော့ဟော့စတိုင်နဲ့ Sexy ဖက်ရှင်ဓာတ်ပုံတွေပါ...

Posted by drmyochit Saturday, July 06, 2013, under | No comments


Friday, July 05, 2013

ဖြုတ်ချခံရသည့် သမ္မတမော်စီ၏ ညီနောင်များပါတီမှ ခေါင်းဆောင်များအား ရဲကဝိုင်းထား

Posted by drmyochit Friday, July 05, 2013, under | No comments


ကိုင်ရို၊ ဇူလိုင် ၅။

သမ္မတမော်စီအား ရာထူးမှ ဖယ်ရှားပြီးနောက် မော်စီထောက်ခံသူများ ပြုလုပ်ရန် စီစဉ်ထားသော ဆန္ဒပြမှု မတိုင်မီတွင် ပါတီမှ ထိပ်ပိုင်းခေါင်းဆောင်များအား
ရဲက ဝိုင်းထားလိုက်ပြီး အီဂျစ်စစ်တပ်က ပြန်လည် ရင်ကြားစေ့ရေးနှင့် လက်တုံ့ပြန် တိုက်ခိုက်ခြင်း မပြုရေးတို့ကို ကြာသပတေးနေ့တွင် တောင်းဆိုလိုက်သည်။

သောကြာနေ့တွင် မော်စီအား ထောက်ခံသည့် အုပ်စုမှ ဆန္ဒဖော်ထုတ်ရန် စီစဉ်ထားရာ ၎င်းမတိုင်မီ ထောက်ခံသူများနှင့် ဆန့်ကျင်သူများကြား ပဋိပက္ခဖြစ်ပွားကာ
ဒဏ်ရာရရှိသူများ ရှိလာသောကြောင့် စစ်တပ်သည် ၎င်းတို့၏ ပြောရေးဆိုခွင့်ရ အရာရှိက အင်တာနက် စာမျက်နှာတွင် ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

စစ်တပ်ထုတ်ပြန်သည့် ကြေညာချက်တွင် မည်သည့် နိုင်ငံရေးပါတီကို မဆို အာဏာရှင်ဆန်စွာ အုပ်ချုပ်သည်ကို ဖယ်သင့်ကြောင်း၊ ယခုအချိန်တွင် မော်စီ၏ ပါတီခေါင်းဆောင်များကိုလည်း လုံခြုံရေးတပ်များက ဝိုင်းထားပြီဖြစ်ကြောင်း ပါရှိသည်။

အခြေခံ ဥပဒေဆိုင်ရာ အမြင့်တရားရုံးတွင် သမ္မတသစ် မရွေးကောက်မီ ယာယီသမ္မတအဖြစ် တရားသူကြီးချုပ် အက်ဒလီမန်ဆောက ကျမ်းသစ္စာ ကျိန်ဆိုပွဲကို
တီဗီမှ တိုက်ရိုက် ထုတ်လွှင့်ပြီးချိန်တွင် ပဋိပက္ခဖြစ်ပွားခြင်း ဖြစ်သည်။

ညီနောင်များ ပါတီဝင်များက စစ်တပ်သည် ပထမဆုံးအကြိမ် ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက် ထားသည့် မော်စီအား ဖြုတ်ချကာ အာဏာသိမ်းကြောင်း
စွပ်စွဲ သည်။

မော်စီသည်လည်း စစ်တပ်၏ ထိန်းသိမ်းခြင်း ခံထားရကြောင်း သမ္မတဟောင်းသည် တရားစွဲဆို ခံရဖွယ်ရှိ သည်ဟု ယူဆရကြောင်း ထိပ်တန်းအရာရှိ တစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားသည်။

“စစ်တပ်ဟာ ပြည်သူတွေရဲ့ ခွင့်လွှတ်တတ်တဲ့ အလေ့အထတွေ၊ အပြုအမူတွေ ပြီးတော့ ဘာသာတရား အဆုံးအ မများ ကို ယုံကြည်ပြီး လူတွေကို လက်တုံ့ပြန်တာတို့် အောင်ပွဲခံတာတို့ကို ခွင့်မပြုဘူး” ဟုလည်း စစ်တပ် ထုတ်ပြန်ချက်တွင် ပါရှိသည်။

အမေရိကန်အစိုးရက အီဂျစ် အရာရှိများအား ဖြုတ်ချခံရသည့် သမ္မတနှင့် ထောက်ခံသူများအား အကြောင်းပြချက်မရှိ ဖမ်းဆီးခြင်းများ ရှောင်ရှားရန် ပြောကြားကြောင်း အမေရိ ကန် အစိုးရ အရာရှိတစ်ဦးက ပြောကြားသည်။

အစ္စလာမ္မစ် ညီနောင်များပါတီကို ထောက်ခံသူ ထောင်ပေါင်းများစွာသည် ကိုင်ရိုရှိ ဗလီတစ်ခုတွင် ကြာသပတေးနေ့က ဆန္ဒပြခဲ့ကြပြီး ၎င်းတို့ကို ရဲများက ဝိုင်းရံထားသည်။

“ဒါဟာအပျော့ဆွဲ အာဏာသိမ်းတာ၊ စစ်တပ်ဟာ အရပ်သားတွေကို အကာအကွယ်ယူပြီး ပါးပါးနပ်နပ် လုပ်သွားတာ” ဟု မော်စီကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများကို
ရည်ညွှန်းကာ အရပ်သားတစ်ဦးက ပြောကြားသည်။

Ref:AFP
@ မြန်မာ့ခေတ်

ကိုယ်စီးတဲ့မြင်း အထီးအမခွဲခြားသိပါစေ

Posted by drmyochit Friday, July 05, 2013, under | No comments

ရေးလို့ရတိုင်း၊ ပြောလို့ရတိုင်း၊ ကိုယ်ရေးတဲ့စာ၊ ကိုယ်ပြောတဲ့စကား၊ ဘယ်ရောက်လို့ရောက်မှန်းမသိ ရေးနေပြောနေကြတယ်။ 

“သမ္မတက တပ်မတော်အပေါ် မထိန်းချုပ်နိုင်ဘူးတဲ့”

“သမ္မတထက် ဦးစီးချုပ်က ပိုအာဏာရှိနေတယ်တဲ့”

ဘာရည်ရွယ်ချက်၊ ဘာအကြံအစည်နဲ့ ရေးနေပြောနေကြလဲမသိဘူးနော်။ အကြံအစည်တစ်ခုခု တော့ရှိ ရမယ်။ ခုလည်းလာပြန်ပြီ။ ယွက်စစ်ကြီးက နိုင်ငံတော်သမ္မတနဲ့ ကောင်းမိကောင်းရဲ့ လာဆွေးနွေး သွားပြီးမှ “သမ္မတဟာ တပ်မတော်ကို ထိန်းချုပ်ကိုင်တွယ်နိုင်တဲ့ အာဏာလေးနက်မှုမရှိကြောင်း” ဆိုပြီး RCSS/SSA အဖွဲ့က ထုတ်ပြန်ချက် များတောင် ထုတ်လိုက်သေးရဲ့။

နိုင်ငံတော် သမ္မတ ဆိုတာ နိုင်ငံတော်ရဲ့ အထွတ်အထိပ်ပါ။ နိုင်ငံတော်နဲ့ နိုင်ငံသားတွေအပေါ်မှာ သမ္မတ ကြီးရဲ့ အာဏာသက်ရောက်မှုအပြည့်အ၀ရှိပြီးသားပါ။ တပ်မတော်ဆိုတာလည်း ဒီနိုင်ငံသားတွေနဲ့ ဖွဲ့စည်း ထားတဲ့ လုံခြုံရေး အဖွဲ့အစည်းကြီးပါ။ ပြည်သူလူထုတစ်ရပ်လုံးက လေးစားကြည်ညိုချစ်ခင်ရတဲ့ သမ္မတကြီး ရဲ့စကား၊ တပ်မတော်ကရော ဖယ်ရှားဝံ့မှာလား။ စဉ်းစဉ်းစားစားပြောကြပေါ့ဗျာ။ တပ်မတော်ရဲ့ ကြီးမြတ် တဲ့ အစဉ်အလာ အရလည်း နာမည်ပျက်မရှိ လေးစားကြည်ညိုခံရတဲ့ ဗိုလ်ချုပ်ကြီးဟောင်း တစ်ယောက် ကနေ တိုင်းပြည်ကို ဦးဆောင်တဲ့သူဖြစ်လာတဲ့ သမ္မတကြီးကို မလေးမစားလုပ်ပါ့မလား။

သမ္မတကြီးကိုယ်တိုင်ကရော “တပ်မတော်နိုင်နင်းအောင် မကိုင်တွယ်နိုင်ပါဘူး” “သူ့စကားကို နားမထောင် ကြ ပါဘူး” လို့ တစ်စွန်းတစ်စဖွင့်ဟပြောဖူးတာများ ကြားခဲ့ဖူးကြပါရဲ့လား။ ဗိုလ်ချုပ်ကြီးတစ်ဦး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ ဖူးတဲ့ သမ္မတကြီးဟာ တပ်မတော်ကို မကိုင်တွယ်၊ မထိန်းသိမ်းနိုင်စရာ အကြောင်း တစ်စက်မှ ကို မရှိတာခင်ဗျ။ ခင်ဗျားတို့မကြားချင်လည်း “သမ္မတလောင်းတစ်ဦးဟာ စစ်ရေးအမြင် ရှိရမယ်” ဆိုတာ ထပ်ပြောရဦးမယ်။ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ လက်နက်ကိုင်တွေက တစ်ချိန်တည်းမှာ၊ စစ်ရေး အမြင် ရှိနေချိန်မှာ ကိုယ့်လူတွေက ဘုမသိ၊ ဘမသိ ထင်ရာလျှောက်ရေးနေ ပြောနေကြတာတော့ မကောင်းပါဘူး။

ငယ်ငယ်တုန်းက သင်ဖူးကြလား။ အင်းဝနဲ့ ပဲခူး ပန်းကျော်ချောင်းဘေးက သဲသောင်ပြင်မှာ စစ်ပြေငြိမ်း စကားပြော ဖို့ စီစဉ်ကြတယ်။ အင်းဝဘက်က လက်နက်မပါဘဲ လာကြတယ်။ ပဲခူးဘက်က လက်နက်တွေ ကို သောင်ပြင်မှာကြိုမြှုပ်ထားတယ်။ အင်းဝဘက်က မိုးညှင်းသတိုးက ပဲခူးဘက်က လဂွန်းအိမ်ကို “ဒီပွဲအမှန် အကန်လား” လို့ နှစ်ကိုယ်ကြားမေးတယ်တဲ့။ လဂွန်းအိမ်က ပြန်ဖြေတယ်။ “ဟယ်သူရူး စစ်တို့၏ သဘောတွင် သစ္စာမှန်သည်ရှိဖူးသလော၊ ငါ့ကိုနင်ရလည်းသတ်မည်၊ နင့်ကိုငါရလည်း သတ်မည်ပင်၊ စစ်အတွင်း မှာ ပြုသည့်သစ္စာ ဖြောင့်မှန်သည်ဟု မင်းယုံမည်လော” တဲ့ သတိုးက သူ့လူတွေကို အော်ဟစ် သတိပေးပြန် ဆုတ်သွားတာနဲ့ သစ္စာပြုပွဲပျက်သွားတယ်တဲ့။

ကဲ ခုခေတ်မှာရော ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေထဲမှာ လဂွန်း အိမ်ရဲ့ ဆယ်ပုံတစ်ပုံလောက် ရိုးသားတဲ့သူ ဘယ်နှစ်ယောက်များပါပါသလဲ။ နိုင်ငံတော်က တိုင်းရင်း သားပြည် သူတွေရဲ့ ဆန္ဒနဲ့အညီ ပြည်ထောင်စုအရေး၊ ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားအဖွဲ့ ပေါင်းစုံနဲ့ တွေ့ ဆုံစေ့ စပ်ညှိနှိုင်းကြိုးစားခဲ့ပါတယ်။ တကယ်ဖြစ်လာတာက လက်နက်ကိုင်အဖွဲ့များက သူတို့ လူမျိုးအ မည်ခံ ထားတဲ့ ပြည်နယ်တစ်ခုလုံးကို ကိုယ်စားပြုသယောင်ယောင်နဲ့ အရင်က တရားဥပဒေစိုးမိုးခဲ့တဲ့ မြို့ပေါ်တွေ အထိ ရောက်လာပြီး လက်နက်ကိုင်ရမ်းကားလာကြတယ်။

အတင်းအဓမ္မ ပေါ်ပေါ်ထင်ထင်ဆက်ကြေးကောက်ကြတယ်။ ရိက္ခာဆင့်ကြတယ်။ မူးယစ်ဆေးဝါး စိုက်ပျိုး တာတွေကို ဆက်ကြေးယူခွင့်ပြုထားကြတယ်။ သဘောတူညီချက်တွေကို ဖောက်ဖျက်ပြီး သတ်မှတ် ထားတဲ့နေ ရာ ကနေ ကျော်ပြီး တပ်စခန်းတွေကို တိုးချဲ့ကြတယ်။ ရွာသူရွာသားတွေကို အတင်းအ ဓမ္မ လူသစ် စုဆောင်းပြီး တပ်အင်အားတိုးချဲ့ဖို့ ကြိုးစားကြတယ်။ တိုင်းရင်းသားပြည်သူတွေအနေနဲ့ အပစ် အခတ် ရပ်လိုက်လည်း ငြိမ်းချမ်းရေးအရသာကို မခံစားကြရဘူး။ RCSS/SSA အဖွဲ့ဆိုတာလည်း တစ်ချိန်က ဘိန်းမှောင်ခို၊ ဆက်ကြေးကောက်၊ လူသတ်နေတဲ့အဖွဲ့တစ်ဖွဲ့ပါပဲ။ ခုမှသာ ခေတ်ရေ စီးကြောင်းနဲ့ လိုက်ပြီး ပြည်ထောင်စုအရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုပြီး ရောယောင်လိုက်နေတာပါ။

ယွက်စစ်တို့အဖွဲ့ နေပြည်တော်ကပြန်တော့ ကျောက်မဲမှာ ဒေသခံတွေသူ့ဘက်ပါမလားဆိုပြီး ၀င်စည်းရုံး ခဲ့သေးတယ်။ ဒေသခံတွေက လက်နက်စွန့်ပြီး ငြိမ်းချမ်းစွာနေဖို့ရယ်၊ ရှမ်းအဖွဲ့မျိုးစုံက ကိုယ့် တိုင်းရင်းသား အချင်း ချင်း လက်နက်အားကိုးအနိုင်ကျင့်နေတာ၊ စစ်တပ်က ဘာမှမတောင်းဘဲ ရှမ်းအဖွဲ့တွေ က ဆက်ကြေးတောင်း၊ အဓမ္မလူသစ်စုနေတာ၊ ရှမ်းပြည်နယ်ထဲမှာ ဘိန်းစိုက်ပျိုးတာတွေရှိနေလို့ ဒေသခံ တွေ မူးယစ်ဆေး ဝါးစွဲနေတာတွေကို ဖြေရှင်းပေးဖို့ မေးမြန်းတဲ့အခါ ယွက်စစ်က တော်လှန်ရေးလုပ်နေတဲ့ အချိန်မှာ ဒေသခံပြည်သူတွေအနေနဲ့ ဒီလောက်တော့ ပူးပေါင်းပါဝင်ဒုက္ခခံရမယ်လို့ပြောပြီး ဖြေရှင်းပေးခဲ့ပါ သတဲ့။ ဒီလို တိုင်းရင်းသားပြည်သူလူထုကို လက်နက်ကိုင်အနိုင်ကျင့်ပြီး ဥပဒေမဲ့လုပ်နေသရွေ့ကတော့ စစ်တပ်က အကာအကွယ်ပေးရင်းနဲ့ ဆက်ပြီး တိုက်ပွဲတွေဖြစ်ချင်ဖြစ်နေဦးမှာပေါ့။

ကေအိုင်အေနဲ့ တိုက်ပွဲဖြစ်တုန်းကလည်း သမ္မတက ပစ်ခတ်တာရပ်စဲဖို့ စာရေးတာကို တပ်က နားမထောင် ဘူးလို့ လည်း ပြောကြ၊ ရေးကြတယ်။ စစ်တပ်ပဲ အမိန့်ပေးရင်နာခံရမှာပေါ့။ ဒါပေမယ့် ဒီအမိန့်ကို နာခံနေ တုန်း ငြိမ်းချမ်းရေးဆွေးနွေးမလိုလို၊ ဘာလိုလိုလုပ်နေတုန်း၊ ကေအိုင်အေက အခွင့်ကောင်းယူပြီး တိုက်ခိုက် လိုက်ကြလို့ တပ်မတော်သားတွေ သေကြေဒဏ်ရာရလိုက်ကြတာ သောက်သောက်လဲပေါ့။ ဒါမျိုးကျတော့ ဘယ်သူ မှပါးစပ်မဟ၊ လက်မဆော့ကြတော့ဘူး။

အစိုးရနဲ့ စစ်တပ်ဘာလုပ်လုပ်အကောင်းမမြင်တဲ့ မီဒီယာတစ်ခုက ဖွဲ့စည်းပုံဥပဒေပြင်ရင် ပြည်နယ် တွေမှာ ပြည်နယ် ကာကွယ်ရေး တပ်တွေရှိဖို့ လိုမယ်ဆိုတဲ့အချက်ကို ထည့်သင့်ကြောင်း၊ ဒါဟာလည်း သူတို့ရဲ့ ပြည်နယ်ကာ ကွယ်ရေး အတွက် ဖြစ်ကြောင်း တိုင်းရင်းသားတစ်ဦးရဲ့ ပြောကြားချက်ကို ရေးသား ဖော်ပြခဲ့ တယ်။ သူ့လောက်မဆိုးတဲ့ မီဒီယာတစ်ခုကတော့ ဒီလိုရေးသားဖော်ပြလာတဲ့အတွက် စိုးရိမ်လာရ ကြောင်း၊ ပြည်နယ်ရဲ့ရန် သူဆိုတာ ဘယ်လိုမျိုးလဲ၊ ပြည်ထောင်စုအတွင်း ကိုယ်နဲ့ ကပ်ရက်လူမျိုးတစ်မျိုးရဲ့ ပြည်နယ် ကို ရန်သူအဖြစ်သတ်မှတ်မှာလား စသည်ဖြင့် စဉ်းစားစရာဖြစ်လာကြောင်း ပြန်လည်ရေးသားခဲ့ပါ တယ်။ ဘယ်မီဒီယာ က အတွေးအခေါ် စေတနာမှန်သလဲဆိုတာတော့ စဉ်းစားသာကြည့်ကြပါ။

ယူနီယံပဲပြောပြော၊ စတိတ်ပဲပြောပြော၊ ဖက်ဒရယ်ပဲပြောပြော အားလုံးဟာ “ပြည်ထောင်စု” ဆိုတဲ့ အဓိပ္ပာယ် ပဲဖြစ်ပါ တယ်တဲ့။ ဘယ်ပုံစံနဲ့ပဲ နိုင်ငံကိုဖွဲ့စည်း၊ ဖွဲ့စည်း တပ်မတော်က တစ်ခုတည်းပဲဖြစ်ရမှာပါ။ တိုင်းရင်း သားအား လုံးပါဝင်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို ကာကွယ်မယ့်တပ်မတော်ကြီးပေါ့။ ဒီလို မဟုတ် ဘဲ မကြံအပ်၊ မကြံရာတွေ ကြိတ်ကြံပြီး ကိုယ်ပိုင်တပ်တွေထားကာ လက်နက်အားကိုးနဲ့ အနိုင်ကျင့်၊ ဆက်ကြေးကောက်၊ လူသစ်စုနေရင်တော့ ငြိမ်းချမ်းရေးက ဝေးနေဦးမှာ။

တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်အချို့ စေတနာမှန်မှန်နဲ့ လဂွန်းအိမ်ရဲ့ ဆယ်ပုံတစ်ပုံစာ လောက် ရိုးသားကြည့်လိုက်ပါ။

ငြိမ်းချမ်းရေးအကြောင်းပြပြီး လက်နက်ကိုင်အဖွဲ့တွေအတွက် ဝါဒဖြန့်ရေးသားပြောဆိုနေကြတဲ့ မီဒီယာတွေ “ကိုယ်စီးတဲ့မြင်း အထီးအမ ခွဲခြားသိနိုင်အောင် ရိုးသားကြည့်လိုက်ပါ”။

သမ္မတကြီးဟာ နိုင်ငံတော်ရဲ့ အထွတ်အထိပ်ဖြစ်တယ်ဆိုတာ ခင်ဗျားတို့အမှန်အတိုင်းမြင်လာမှာပါ။

Mail ပေးပို့သူ  ----- အောင်ဘာလေ 

ဓမ္မစက္က ဆရာဦးမောင်မောင်မှ အမျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ သတင်းဋ္ဌာနများနှင့် ဖြေကြားချက် ( သူခိုးဓားရိုးကမ်း အသိမဲ့တဲ့ သူတွေ မဖြစ်မနေဖတ်ပါ)

Posted by drmyochit Friday, July 05, 2013, under | No comments



အမျိုးစောင့်ဥပဒေကို မြန်မာပြည်သူပြည်သား အများစုက ၀မ်းသာအားရ ထောက်ခံနေကြပေမယ့် တစ်ချို့သော နိုင်ငံရေးသမားများ၊ လူမှုရေးလှုပ်ရှားသူများ၊ အမျိုးသမီးအဖွဲ့အစည်းဝင်များ၊ လူ့အခွင့် သမားဆို သူများ ကလည်း အမျိုးသမီးအခွင့်အရေးကို ပိတ်ပင်တားဆီးတယ်၊ လူ့အခွင့်အရေးနဲ့ မကိုက်ညီဘူး ဆိုပြီး ဝေဖန် ဆန့်ကျင် ကန့်ကွက်တာတွေ ရှိနေပါတယ်။

ဒါဟာလည်း လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိလို့ ဘာမှမပြောလိုပါဘူး။ ဒါပေမယ့် တကယ်သိမြင်နားလည်တဲ့ ပညာဥာဏ်နဲ့ တွေးခေါ်ပြောတာလား၊
သူများပြောတာ သံယောင်လိုက်ပြောတာလား ဆိုတာကိုတော့ ကိုယ့်ဟာကိုယ် ပြန်မေးခွန်းထုတ်သင့်ပါတယ်။

အမျိုးစောင့် ဥပဒေမှာ ဘယ်အချက်ကို သဘောမကျတာလဲဆိုတာ ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုနိုင်မယ်ဆိုရင် အချင်းချင်း စကားများစရာလဲ မလိုတော့ဘူး။ ရေးဆွဲသူတွေက ပွင့်လင်းမြင်သာစွာ အကြောင်းအကျိုးရှင်းပြထားသလို ကန့်ကွက်သူတွေဖက်ကလည်း ပွင့်ပွင့်လင်းလင်း ဘာကိုတော့ ဘာကြောင့် သဘောမတူဘူးဆိုပြီး ပြောပြရင် အမျိုးသားရှေ့ရေးအတွက် ပူးပေါင်းကူညီရာ ရောက်မှာပါ။ ခုတော့ ဘယ်သူ့မျက်နှာကြည့်ပြီး မျက်စိမှိတ် ကန့်ကွက်နေသလဲဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်။

အမျိုးစောင့် ဥပဒေဆိုပေမယ့် တကယ်တော့ ဘာသာကူးပြောင်းတဲ့အခါ စည်းကမ်းစနစ်တကျ ဥပဒေနဲ့အညီ ကူးပြောင်းနိုင်အောင်နဲ့ မြန်မာ ဗုဒ္ဓဘာသာ အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းး ဥပဒေ နှစ်ရပ်ကို အမျိုးစောင့် ဥပဒေဆိုပြီး ခေါ်တာပါ။
တကယ်တော့ ဒီဥပဒေကြမ်းဟာ ဗုဒ္ဓဘာသာများသာမက ဘာသာအားလုံးအတွက် ကန့်ကွက်စရာ မရှိဘူးလို့ မြင်ပါတယ်။ ဘာသာခြားတွေကိုလည်း တန်းတူ ကာကွယ်ပေးထားတာပါ။
ဥပမာဗျာ - ခရစ်ယာန်မိဘတွေဟာ သူတို့ သားသမီး မူဆလင်ဘာသာကို မပြောင်းစေချင်သလို မူဆလင်မိဘတွေကလည်း သူတို့ သား သမီးတွေကို ဗုဒ္ဓဘာသာ ပြောင်းစေချင်မှာ မဟုတ်ပါဘူး၊
ဒါကြောင်း ဖြားယောင်းလို့  အတင်းအဓမ္မ၀င်ခိုင်းလို့ နှိပ်စက်လို့ ခြိမ်းခြောက်လို့ ဘာသာကူးပြောင်း ရတယ်ဆိုတဲ့ ပြဿနာလည်း ရှိမှာမဟုတ်တော့ပါဘူး။

ဘယ်ဘာသာဝင်မဆို ကြိုက်တဲ့သူနဲ့ အိမ်းထောင်ပြုခွင့် လက်ထပ်ခွင့်ရှိပါတယ်။ ဒါပေမယ့် ပေါက်လွှတ်ပဲစား စည်းကမ်းမဲ့လုပ်လို့တော့ တရားမ၀င်ဘူး။ ဒီလိုလုပ်ခဲ့လို့ မြန်မာမတွေ ဒူးနဲ့မျက်ရည်သုတ်ခဲ့ရတာတွေ များလှပါပြီ။ သာလာယံဇရပ်လို ၀င်ချင်တိုင်းဝင် စော်ကားချင်တိုင်း စော်ကားခွင့် ရနေခဲ့ကြတာဟာ ပြတ်သားခိုင်မာတဲ့ ဥပဒေတစ်ခု မရှိလို့ဆိုတာ ခုတော့ထင်ရှားလာလို့ ဒီဥပဒေတွေကို ပြဋ္ဌာန်းနိုင်ဖို့ ကြိုးစားကြတာပါ။
တစ်ခြားဘာသာမှာ ဥပဒေအဖြစ် ပြဋ္ဌာန်းထားတော့ အမျိုးစောင့်အုတ်တံတိုင်းကြီးတွေ အခိုင်အမာ ရှိပြီးသားပါ။ ကျွန်တော်တို့က ခံရလွန်းလို့ ခုမှ ၀ါးခြံစည်းရိုးလေး သစ်သားစည်းရိုးလေးကာဖို့ ကြိုးစားတာပါ။ ဒါကို ဝေဖန်ခံလိုက်ရတာ နားမလည်နိုင်အောင်ပါဘဲ။

၁၉၅၄ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေရှိပေမယ့် မြန်မာတွေဟာ ဥပဒေလေ့လာမှုအားနည်းတာက တစ်ကြောင်း ပြဿနာဖြစ်လာရင် ငွေများတရားနိုင်ဖြစ်လွန်းလို့ အမှုအခင်းမဖြစ်ချင်တာကြောင့် ကျိတ်မှတ်သည်းခံလာခဲ့ကြတာ ရင်ထဲမှာ ခံစားချက်တွေတင်းကျပ်ပြီး ယမ်းအိုးကြီးဖြစ်နေကြတာ ခုလိုပြဿနာမီးပွားတွေ စလိုက်တာနဲ့ သံသယတွေပေါက်ကွဲပြီး ပဋိပက္ခကြီးတွေ ဖြစ်ကုန်ကြတော့တာပါပဲ။ အဲဒီ သမိုင်းနောက်ခံတွေနဲ့ ပြဿနာဇစ်မြစ်တွေကို နားလည်ဖို့ လိုပါတယ်။ ပြဿနာအကြောင်းရင်းကို သိအောင်မလုပ်ပဲနဲ့တော့ ငြိမ်းချမ်းရေးဟာ မနီးပါဘူး။ များသောအားဖြင့် မြန်မာမိန်းကလေးတွေဟာ မူဆလင်နဲ့ ရပြီးရင် အစ္စလာမ်ကို နည်းအမျိုးမျိုးနဲ့ အဓမ္မသိမ်းသွင်းခြင်း ခံကြရပါတယ်။ ဒီတော့ ၅၄ ဥပဒေက ဗုဒ္ဓဘာသာ မဟုတ်တော့တဲံ့အတွက်
အကာအကွယ် မပေးနိုင်တော့ပါဘူး။ ဒါဟာ လက်တွေ့ ရင်ဆိုင်နေရတဲ့ တကယ့်ဖြစ်ရပ်မှန်ပါ။

ခုဟာကလည်း မြန်မာအမျိုးသမီးတွေကို ကာကွယ်ပေးတာပဲ ပါပါတယ်။ အပြစ်ကျူးလွန်သူဟာ အမျိုးသားပဲဖြစ်လို့ သူ့ကိုပဲ ပြစ်ဒဏ်သတ်မှတ်ထားတာကို ကန့်ကွက်ရမှာက ယောင်္ကျားလေး ဖြစ်ရမှာ မိန်းမတွေက ကန့်ကွက်နေတာဆိုတော့ ဘယ်လိုနားလည်ရမှာပါလဲ။ ယောင်္ကျားအခွင့်အရေး ဆုံးရှုံးနေတယ်ဆို ဟုတ်တုတ်တုတ်ပါပဲ။
ခုတော့ ကျွန်မတို့ ကုလားယူယူ တရုတ်ယူယူ ကပ်ပလီကြီးယူယူ လင်သရမ်းချင်တိုင်း သရမ်းမယ် ဒါ ကျွန်မတို့အခွင့်အရေးပဲ။ ကျွန်မလင်ကို မထိနဲ့ မီးပွင့်သွားမယ် ဆိုပြီး ရန်တွေ့နေတာနဲ့တူပါတယ်။

ဒါကြောင့် မျိုးစောင့်ဥပဒေကို လွှတ်တော်မတင်ခင် ဖြစ်သင့်တာတွေကို ထပ်ပြီးဆွေးနွေးကြအုံးမှာပါ။ မြန်မာပြည်သူတွေအတွက် အနာဂါတ်ခိုင်မာအောင် ဘာအာဏာ ပါဝါကိုမှ မမျှော်ကိုးဘဲ အမျိုး ဘာသာ သာသနာ ချစ်စိတ်တစ်ခုတည်းနဲ့ ဆောင်ရွက်နေကြတာဖြစ်လို့ နားလည်ပေးကြပါ။ မှားတာရှိလည်း ထောက်ပြပေးကြပါ။ တိုင်းပြည်အကျိုးကိုရှေ့ရှုလို့ အတူတကွ နားလည်မှုတည်ဆောက်ပြီး စည်းလုံးညီညွတ်ကြပါစို့။
ရန်သူတွေ ၀မ်းသာအောင် မလုပ်ကြပါနဲ့။ မိမိအတ္တကြောင့်  တိုင်းပြည်နဲ့ အမျိုးသားရေးကို သစ္စာဖောက်သလို မဖြစ်ပါစေနဲ့ သမိုင်းကို ပြည်သူတွေက ရေးသားမှတ်တမ်းတင်တယ်ဆိုတာ သတိပြုစေလိုပါတယ်။ ကမ္ဘာမှာ လူ့အခွင့်အရေးလို့ လူကြားကောင်းအောင် အော်ပြနေကြပေမယ့် တကယ်မှာတော့ ဘယ်နိုင်ငံမှာမှ အမျိုးသားရေးရှေ့ကို နေရာမပေးပါဘူးဆိုတာ သိစေချင်ပါတယ်။

ဒီနိုင်ငံမှာ နောင်နှစ်ပေါင်းများစွာ မြန်မာဆိုတာ ရှိနေစေဖို့ရယ် ဘာသာတိုင်း အေးချမ်းစွာ ပြဿနာမရှိ အတူယှဉ်တွဲနေနိုင်ဖို့ ဒီဥပဒေဟာ အရေးကြီးပါတယ်။ အိမ်ရှင်လူမျိုး အိမ်ရှင်ဘာသာဆိုတာ အသိအမှတ်ပြု လေးစားမှ စော်ကားမှုကင်းပြီး သူ့စည်းကိုယ့်စည်းနဲ့ ငြိမ်းချမ်းရေးကို ထာဝရ ဖြစ်ပေါ်စေမှာ အမှန်ပါဘဲ။

ဓမ္မစက္က ဦးမောင်မောင်
From: Myanmar Defense League - MDL

ကျောက်တော်၌ ကျောင်းဆရာမနှင့် ကျောင်းသူကို ဘင်္ဂါလီနှစ်ဦးက ပစ္စည်းများလုယက်

Posted by drmyochit Friday, July 05, 2013, under | No comments


ရန်ကုန်၊ ဇူလိုင် ၎

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် နာဂရာကျေးရွာအုပ်စု မြင်းကြပ်ကျေးရွာ တွင် ကျောင်းဆရာမ တစ်ဦးနှင့် ကျောင်းသူ တစ်ဦး ဇူလိုင်လ ၃ ရက်နေ့ ညပိုင်းတွင် နေအိမ်နှင့် ကိုက် ၃၀ခန့် ဝေးသည့် ချောင်းကမ်းစပ်တွင် အခင်းသွားပြီး ထပြန်ချိန်တွင် အမျိုးသားနှစ်ဦးက တိုက်ခိုက်ကာ ပစ္စည်းများ လုယက်ခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင် က ပြောကြားသည်။

စပါးပေး၍ ငှားရမ်းခန့်ထားသည့် အသက် ၂၀နှစ် အရွယ် ကျောင်းဆရာမ ဒေါ်ဆန်းဆန်းနွယ်နှင့် အသက် ၁၂ နှစ် အရွယ် ကျောင်းသူတစ်ဦးတို့သည့် အခင်းသွားရန် ချောင်းကမ်းစပ်သို့ ည ၈နာရီ ၃၀ မိနစ်ခန့်က သွားရာတွင် ငါးဖမ်းနေသည့် ဘင်္ဂါလီဟု ယူဆရသူ နှစ်ဦးက အဆိုပါ အမျိုးသမီးနှစ်ဦးကို ပါးစပ်ပိတ်၍ ခန္ဓာကိုယ်ကို ချုပ်ကာ ရွှေထည်ပစ္စည်းများ လုယူခဲ့ပြီး ရိုက်နှက်ခဲ့သဖြင့် အမျိုးသမီး နှစ်ဦးလုံး သတိလစ်ခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ထုတ်ပြန်ထားချက်အရ သိရှိရသည်။

"ကျွန်မရဲ့ ခန္ဓာကိုယ် လာချုပ်ပြီး ပါးစပ်ကို ပိတ်တယ်။ လည်ပင်းကို ညှစ်တယ်။ ကယ်ကြပါဦး လို့ တစ်ခါပဲ အော်နိုင်ခဲ့တယ်။ ကျွန်မ သတိလစ်သွားတယ်" ဟု ကျောင်းဆရာမ ဒေါ်ဆန်းဆန်းနွယ်က ပြောကြားသည်။

လုယက်တိုက်ခိုက် ခံရမှုကြောင့် ဒေါ်ဆန်းဆန်းနွယ် ဝတ်ဆင်သော ရွှေနားဆွဲ တန်ဖိုးကျပ် ၄၅,၀၀၀ ခန့်နှင့် ကျောင်းသူထံမှ ရွှေနားကပ်တစ်စုံ တန်ဖိုးကျပ် ၄၅,၀၀၀ ခန့် လုယူခံခဲ့ရကြောင်း ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပစ္စည်းလု ရိုက်နှက်ခံခဲ့ရသဖြင့် လည်ပင်းနာနေပြီး နားကပ် ဆွဲဖြုတ်ခံရသဖြင့် နားနှစ် ဖက်လုံး ဖူးရောင်နေကြောင်း၊ ကျောင်းဆရာမကို ရေစပ်တွင် တွေ့ရှိရကြောင်း ကျောင်းသူက ဆိုသည်။

ပစ္စည်းလု ရိုက်နှက်ခဲ့သူ အမျိုးသားနှစ်ဦးသည် ဘင်္ဂါလီပြောဆိုသည့် စကားများကို ပြောဆိုကြကြောင်း အဆိုပါ အမျိုးသမီး နှစ်ဦးက ပြောဆိုကြသည်။

အခင်းဖြစ်ပွားသည့် နေရာသည် ကျေးရွာနှင့် အလှမ်းဝေးပြီး အော်ဟစ်အကူ အညီတောင်းသော်လည်း ရွာကလူများ ကြားနိုင်ခြင်း မရှိခဲ့ကြောင်း၊ အခင်းဖြစ်ပွားစဉ် သတိပြန်ရလာသည့် ကျောင်းသူက ရွာကို လာရောက်ကာ အကူအညီ တောင်းခဲ့ကြောင်း၊ သတိလစ်နေသည့် ဒေါ်ဆန်းဆန်းနွယ် ကို ညတွင်းချင်း ကျောက်တော်မြို့နယ် ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရပြီး ဇူလိုင်လ ၄ ရက်နေ့တွင် သတိပြန်ရလာပြီ ဖြစ်ကြောင်း ဦးဝင်းမြိုင်က ဆိုသည်။
"ပြစ်မှု ကျူးလွန်သူတွေကို ဖမ်းဆီး အရေးယူဖို့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အခင်းဖြစ်တဲ့ ကျေးရွာကို သွားနေပါပြီ" ဟု ၄င်းက ရှင်းပြသည်။

ကျောင်းဆရာမကို ကျောက်တော် ဆေးရုံတွင် ကုသနေပြီး ဆေးစစ်ထားရာ ဆေးအဖြေ မရရှိသေးကြောင်း ကာယကံရှင်က ပြောကြားသည်။

အဆိုပါ ကျေးရွာတွင် ရွာသူရွာသား များသည် အိမ်သာ အသုံးပြုခြင်းမရှိဘဲ ရွာပြင်တောစပ်တွင် အခင်းသွားလေ့ ရှိကြသည်။

The Voice Weekly

သတင်းထောက်က တရားစွဲပါက ရွှေတိဂုံ ဂေါပကလည်း ပြန်လည် တရားစွဲမည်ဆို

Posted by drmyochit Friday, July 05, 2013, under | No comments


ရန်ကုန် (မဇ္ဈိမ)။ ။ ထိုင်း ဘုရင့်သမီးတော် ရွှေတိဂုံဘုရားသို့ လာရောက် ဖူးမြော်စဉ် သတင်း လာရောက် ရယူသည့် ဥရောပ သတင်းဓာတ်ပုံ အေဂျင်စီမှ သတင်းထောက် ကိုလင်းဘိုဘို ချော်လဲကာ ဒဏ်ရာအနာတရနှင့် ကင်မရာ မှန်ဘီလူး ပျက်စီးသွားရခြင်းနှင့် ပတ်သက်၍ ကိုလင်းကိုကို က တရားစွဲမည်ဆိုလျှင် ဂေါပက အဖွဲ့မှလည်း ဝတ္တရား နှောက်ယှက်မှုဖြင့် ပြန်လည်တရားစွဲမည်ဟု ရွှေတိဂုံ ဂေါပကလူကြီး ဦးဝင်းကြိုင် က ပြောဆိုလိုက်သည်။

ဓာတ်ပုံသတင်း ရယူရန် ကြိုးပမ်းစဉ် လုံခြုံရေးဝန်ထမ်း တဦး၏ တွန်းထိုးမှုကြောင့် ချော်လဲ အနာတရ ဖြစ်ခဲ့ရသည်
ဟု ဆိုကာ လုံခြုံရေး တာဝန်ယူသည့် ဂေါပက အဖွဲ့အား တရားစွဲဆိုရန် ကိုလင်းဘိုဘို က ကြိုးပမ်းခဲ့ခြင်းကို
ဂေါပကမှ တုန့်ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ထိုင်းဘုရင့်သမီးတော် မဟာချက်ကရီ သီရိဒုံသည် ဇူလိုင် ၂ ရက်၊ ည ၇ နာရီကျောတွင် ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမြော်စဉ် လုံခြုံရေးအတွက် ဂေါပကအဖွဲ့ရုံး လုံခြုံရေး ဝန်ထမ်းများက လက်ချင်းယှက်၍ အဝန်းအဝိုင်းပြု ကာရန်ထားခဲ့သည်။

“အဲဒီအချိန်မှာ သတင်းထောက် ဦးလင်းဘိုဘိုက တာဝန်ကျ လုံခြုံရေးတွေရဲ့ စည်းအတွင်း ဧည့်သည်တော် အလွန်နီးလာပြီဖြစ်လို့ လုံခြုံရေးတာဝန်ရှိသူတွေက ဖယ်ရှားပေးရန် ပြောတဲ့အခါ သတင်းထောက် ဦးလင်းဘိုဘိုက လက်ချင်းယှက် အဝန်းအဝိုင်းအတွင်း ထိုးထွက်ပြီး အနီးရှိ ကျောက်စိမ်း တန်စောင်းပေါ်သို့ အပြေးအလွှား တက်ရောက်ပါတယ်။ အပြေး တက်ရောက်တဲ့ နေရာက နှစ်ပေခန့် မြင့်ပြီး မိုးရွာလို့ ချောမွတ်နေတယ်။ အပေါ်ကို ဟန်ချက်ညီညီ မရောက်ဘဲ ခြေချော်ကျသွားတာ ဖြစ်တယ်” ဟု ဂေါပက ရုံးအဖွဲ့မှုး ဦးဝင်းကြိုင် က လုံခြုံရေး ဝန်ထမ်းများ၏ ဖြေကြားချက်များကို ပြောသည်။

ယင်းသို့ လဲကျသွားသည်ကို လုံခြုံရေးအဖွဲ့မှ ဌာနစုမှူး ဦးမှူးပိုင်စိုး သွား၍ ဆွဲထူပေးကြောင်း၊ ဝမ်းလျားမှောက် လဲကျခြင်းဖြစ်၍ သတင်းထောက်၏ လည်ပင်း၌ လွယ်ထားသော ကင်မရာသည် ကြမ်းပြင်နှင့်ထိမိသွားကြောင်း
ပြောဆိုသည်။

၎င်းက ဆက်လက်၍ “လုံခြုံရေးတွေ ပြောတာ မှန်တယ် မှားတယ်ဆိုတာ တထစ်ချ ပြောတာ မဟုတ်ပါဘူး။
ရွှေတိဂုံမှာ တပ်ဆင်ထားတဲ့ လုံခြုံရေးကင်မရာ (CCTV)တွေက မိုးကြိုးပစ်ခံရလို့ ဖြုတ်ထားတာ နှစ်ပတ်ခန့်ရှိပြီး
ဖြစ်တယ်။ ဒီကိစ္စက ဦးဘိုဘိုလင်း ဘက်က တရားစွဲမယ်ဆိုရင် ကျနော်တို့ ဘက်ကလည်း ဝတ္တရား နှောက်ယှက်မှုနဲ့ တရားပြန်စွဲမယ်” ဟု ဦးဝင်းကြိုင် က ပြောဆိုသည်။

သို့သော် ဓာတ်ပုံသတင်းထောက် ကိုလင်းဘိုဘို ၏ ဖေ့စ်ဘွတ် စာမျက်နှာပေါ်တွင် ထိုနေ့ ဖြစ်ပျက်မှုနှင့်ပတ်သက်၍ လူရှင်းရာ နေရာတွင်ပင် လုံခြုံရေးဝန်ထမ်းတဦးက ၎င်းအား နောက်မှ “ဆောင့်တွန်း” လိုက်၍ အားလျားမှောက် လဲကျကာ ၈ ပေခန့် လျှောတိုက်သွားခဲ့ရကြောင်း ရေးသားထားသည်။

“ဒီဖြစ်ရပ်ကို မြင်တဲ့ သတင်းထောက် ၂ ယောက်က ပြေးလာပြီး ဘာလို့လုပ်လဲ ပြောတော့ ပထမဆုံး ဝင်လာတဲ့
ကောင်လေးကို ထီးနဲ့ မျက်နှာကို ချိန်ပြီး မင်းက ဘာလဲ ဘာညာမေးတယ်။ လုံခြုံရေး ယူနီဖောင်းဝတ်တယောက်က ကျနော့်ကို ချောင်ထဲကို ဆွဲခေါ်ဖို့လုပ်တယ်။ ကျနော် ငြင်းတယ်။ ဒီကိစ္စ ရှင်းရမယ်။ ဘာကြောင့်ဒီလို မိုက်မိုက်ရိုင်းရိုင်းလုပ်သလဲ မေးတယ်။ အဖြေမရဘူး” ဟု ရေးသားထားသည်။

ထိုင်းဘုရင့်သမီးတော် ပြန်သွားပြီးနောက် ဆက်လက်၍ ကိုလင်းဘိုဘို အပြင် ပြည်တွင်း ဓာတ်ပုံ သတင်းထောက်
အချို့နှင့် လုံခြုံရေးဝန်ထမ်းများ ဘုရားဖူးများ ရှေ့တွင်ပင် ရုန်းရင်းဆန်ခတ် ဖြစ်ကာ လံခြုံရေးများက ကင်မရာများ သိမ်းယူရန်ပင် ကြိုးစားခဲ့ပြီး တွန်းထိုးရိုက်ပုတ်ရန် ကြိုးစားခဲ့ကြောင်း ဆက်လက် ရေးသားထားသည်။

“အဆိုးဆုံးကိစ္စက သတင်းထောက်၊ ဓာတ်ပုံ သတင်းထောက်မှန်း သိရက်နဲ့ ဘုရားလုံခြုံရေးက မိုက်မိုက်ရိုင်းရိုင်း လုပ်တဲ့ကိစ္စပဲ။ သတင်းထောက်တွေကို ရွှေတိဂုံ လုံခြုံရေးတွေ မိုက်မိုက်ရိုင်းရိုင်း လုပ်တာ ဒီတကြိမ် ပထမဆုံး မဟုတ်ဘူး။ ဟီလာရီ ကလင်တန်လာ တုန်းကကော၊ ယင်လပ် လာတုန်းကကော။ မိန်းကလေး သတင်းထောက်ကို ရင်ဘတ်တွန်းတာတို့၊ တီဗီ သတင်းထောက်ကို တံတောင်နဲ့ တွတ်တာတို့ လုပ်ခဲ့ပေါင်း များပြီ” ဟု ယခင်အတွေ့အကြုံများကိုပါ ထည့်သွင်း စွပ်စွဲရေးသားထားသည်။

သို့သော် ကိုလင်းဘိုဘိုအား လုံခြုံရေး တာဝန်ကျက တွန်းထိုးလိုက်သည်ဆိုသည်မှာ စွပ်စွဲချက်မျှသာဖြစ်ကြောင်း
ဂေါပက လူကြီး ဦးဝင်းကြိုင် က ပြောဆိုသည်။

ရွှေတိဂုံ ဘုရားပေါ် ဇူလိုင် ၂ ရက်နေ့အဖြစ်အပျက်နှင့်ပတ်သက်၍ ၎င်းနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသော သက်သေ သတင်းထောက် နှစ်ဦးနှင့်အတူ ကိုလင်းဘိုဘို က ဒဂုန် ရဲစခန်းသို့ သွားရောက်အမှုဖွင့် တိုင်ကြားခဲ့သော်လည်း ရဲအရေးပိုင်သည့်အမှု မဟုတ်မူ၍ လက်မခံခဲ့ဘဲ တရားရုံးသို့ ဦးတိုက် လျှောက်ထား
ရမည်ဟု စခန်းက ပြောဆိုခဲ့သည်ဟု ဆိုသည်။

ဥရောပ သတင်းဓာတ်ပုံ အေဂျင်စီ (EPA) သတင်းထောက် ကိုလင်းဘိုဘို ဘက်မှ ရွှေတိဂုံ ဂေါပက လုံခြုံရေးအဖွဲ့မှ ၎င်းအား တွန်းထိုးခဲ့သူအနေနှင့် ဝန်ခံစေလိုကြောင်း ပြောဆိုထားပြီး စာနယ်ဇင်း ကောင်စီ
သို့လည်း ထိုအဖြစ်အပျက်နှင့်ပတ်သက်၍ တိုင်ကြားထားကြောင်း သိရသည်။

Mizzima Burmese

ရောင်းစားခံရသည့် မြန်မာ လှေလုပ်သား ၃၈ အနက် ၁၁ ဦး ကယ်ထုတ်နိုင်ခဲ့

Posted by drmyochit Friday, July 05, 2013, under | No comments




စံခလပူရီ (မဇ္ဈိမ)။   ။ မြန်မာနိုင်ငံ တောင်ပိုင်း ကော့သောင်း မြို့နယ်၊ ပေါက်ခေါင်းကျေးရွာ မှတဆင့် တရားမဝင် နယ်စပ် ဖြတ်ကျော်ကာ ထိုင်းနိုင်ငံ၊ ဆမုတ် ပရာကန် ခရိုင်၊ မဲကလောင် (မဲခေါင်) လှေဆိပ်၌ ထိုင်းသူဌေးပိုင် ငါးဖမ်းလှေပေါ်တွင် ရောင်းချခြင်း ခံရသည့် မြန်မာနိုင်ငံသား ၃၈ ဦး အနက် ၁၁ ဦးကို ဗုဒ္ဓဟူးနေ့က ကယ်ထုတ် နိုင်ခဲ့ကြောင်း ဖြစ်စဉ်တွင် ကိုယ်တိုင် ပါဝင်ခဲ့သည့် ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများ အဖွဲ့ (MAT) မှ ဦးကျော်သောင်း က ပြောသည်။

“ကျနော်ရယ် MAT က လူကြီး သုံးယောက်၊ မနေ့ ဇွန်လ ၃ ရက်နေ့ မနက် ၅ နာရီမှာ လှေပေါ်ကို ရုတ်တရက်တက်၊ ရုတ်ရက်ဝင်၊ ရုတ်တရက် ဆွဲထုတ်ပြီး ပထမ ကောင်လေး တယောက်ကို အရင် ကယ်ခဲ့ရတယ်။ အဲလို ကယ်ရတယ်ဆိုတဲ့ အလုပ်ကလည်း တရားမဝင် အလုပ်ဗျ။ နောက်ကနေ သေနတ်နဲ့ လိုက်ပစ်မှာကိုလဲ စိုးရိမ်ရသေးတယ်” ဟု ရောင်းစားခံရသူများအား ထိုနေ့က ပထမ အဆင့် ကယ်ထုတ်ခဲ့သည့် ဖြစ်စဉ်ကို ဦးကျောင်သောင်း က မဇ္ဈိမကို စတင်ရှင်းပြသည်။

ထို့နောက် ၎င်းကောင်လေးအား ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့သို့ ခေါ်ဆောင်သွားကာ အမှုဖွင့်ပြီးနောက် ကျန်ရှိနေသူများအား ထပ်မံ ကယ်ထုတ်နိုင်ရန် မဲကလောင် လှေဆိပ်သို့ ပြန်လာခဲ့ကြကြောင်း ၎င်းက ဆက်ပြောသည်။

လှေဆိပ်သို့ ပြန်လည် ရောက်ရှိခဲ့သော်လည်း ထိုင်းဥပဒေကြောင်းအရ ဖမ်းဝရမ်း မပါသဖြင့် လှေဆိပ်ရှေ့ ကိုက် ၅၀ ခန့် အကွာတွင် စောင့်ဆိုင်းနေကြရပြီး မကြာမီ လှေပေါ်ရှိ ရောင်းစားခံရသူများ ရေကူးကာ ထွက်ပြေးလာကြမှသာ ရဲအဖွဲ့မှ ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း ဦးကျော်သောင်း က ပြောသည်။

“အဲဒီအချိန်မှာ အခင်းအကျင်းက ဘာဖြစ်နေလဲဆိုတော့ ဝရမ်းမပါဘဲနဲ့ ကျနော်တို့က ဝင်ဖမ်းလို့ မရဘူး။ ရပ်ပြီးစောင့်ကြည့် နေကြရတယ်။ စောင့်ကြည့်နေတုန်း အတောအတွင်းမှာပဲ လှေပေါ်က အလုပ်သမားတွေ ရေကူးပြီး ထွက်ပြေးကြတာ တန်းရော။ အဲဒီအချိန်ကျမှ ဒါဆိုရင်တော့ ငါတို့ နောက်ဆုတ်လို့ မရဘူး။ မရရအောင် ကယ်ထုတ်ရမယ် ဆိုပြီး ဝင်ဖမ်းတာ” ဟု ပြန်ပြောင်း ပြောပြသည်။

ထိုသို့ ဝင်ရောက် ဖမ်းဆီးပြီးနောက် လှေပိုင်ရှင် ထိုင်းသူဌေးနှင့် အခြေအတင် ဆွေးနွေးကာ လှေပေါ်ပါ လူများကို စာရင်းပေးရန် သဘောတူညီမှု ရခဲ့သည်။

ကနဦး၌ ၃၈ ဦးလုံး ပြန်လည် လိုက်ပါလာရန် သဘောထား ရှိသော်လည်း ၎င်းထိုင်းသူဌေး၏ လူယုံ မွန်အမျိုးသား တဦးက ယခု လာရောက် ခေါ်ဆောင်သည့် လူများ (ဦးကျော်သောင်းတို့ အစု)သည် မြန်မာအစိုးရမှ ဖြစ်ပြီး ၎င်းတို့ (အလုပ်သမားများ)အား ထောင်ချရန် ဖြစ်သည်ဟု လီဆယ်ပြောဆိုခဲ့ပြီးနောက် ၁၁ ဦးသာ ပြန်လည်လိုက်ပါလာခဲ့ကြောင်း ဦးကျော်သောင်း က ဆိုသည်။

ကယ်ထုတ် လာသည့် အလုပ်သမား ၁၁ ဦးအား ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့မှ ထိန်းသိမ်းထားပြီးနောက်တွင် နယ်စပ်သို့ ပြန်လည် ပို့ဆောင်မည် ဖြစ်သော်လည်း ထိုင်းလှေပိုင်ရှင်အား တစုံတရာ အရေးယူခြင်း မရှိသေးကြောင်း ဦးကျော်သောင်း က ပြောသည်။

၎င်းအလုပ်သမားများမှာ ဇွန်လ ၂၁ ရက်နေ့ကပင် ကော့သောင်း မြို့နယ်၊ ဆိပ်ဖူး ကျေးရွာမှ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက် လာကြပြီး ယခုနေရာသို့ ရောက်ရန် ကားသုံဆင့် ပြောင်းစီးခဲ့ကြပြီး အချို့နေရာများ၌တောလမ်းခရီးမှ လမ်းလျှောက်ကာ လာရကြောင်း ပထမဆုံး လွတ်မြောက် လာသည့် ကိုမောင်မောင် (အမည်လွှဲ) က ပြောသည်။

“ပထမ ကျနော်တို့ မဲခေါင် တံတားအနီးက ငါးဂိုဒေါင်ထဲမှာ ထားတာ။ ဂိုဒေါင် အပြင်တောင် ပေးမထွက်ဘူး။ ထမင်းစားပြီးရင် လှေပေါ်မှာ အိပ်တယ်။ ဖြစ်နိုင်ရင်တော့ ဒီလိုလှေမျိုးကို ဘယ်သူမှ မလိုက်ချင်ဘူး။ ရနောင်းမှာတုန်းက သုံးဖို့ သူဌေးက ထုတ်ပေးထားတာ ဘတ် ၅,၀၀၀ တော့ ရှိတယ်။ ဒီအထဲက အချို့ကတော့ ရောင်းစား ခံထားရမှန်း အခုချိန်ထိ မသိရသေးတဲ့ လူတွေ ရှိတယ်” ဟု မဇ္ဈိမကို ပြောသည်။

၎င်းတို့ ၃၈ ဦးသည် အလုပ်သမားများ အခေါ် အင်ဒိုလှေ (ထိုင်းနှင့် မလေးရှား၊ အင်ဒိုနီးရှား ကမ်းလွန် ပင်လယ်၌ ငါးဖမ်းထွက်ရန် သွားသည့် လှေ)များတွင် အလုပ်လုပ်ရန် တဦးလျှင် ဘတ်ငွေ ၂၅,၀၀၀ ဖြင့် ရောင်းချခြင်း ခံရကာ ထိုထဲမှ ဘတ်ငွေ ၅,၀၀၀ အား ရနောင်း၌ ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

ပွဲစားများက လာရောက် ခေါ်ဆောင်စဉ် လိမ်လည် ပြောဆိုခဲ့ပြီး ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်းလည်း ကိုမောင်မောင် (အမည်လွှဲ) ၏ မိခင်ဖြစ်သူ ဒေါ်စိုးစိုး (အမည်လွှဲ)က မဇ္ဈိမကို ပြောသည်။

“လာခေါ်တော့ လှေထွက်ရင် ကြာမလားလို့ ကျမ မေးတယ်။ မကြာဘူးတဲ့။ အဲတော့ ထည့်ပေးလိုက်တယ်။ ထွက်စရိတ် ၅,၀၀၀ ပေးတယ်၊ လှေထွက်ဖြစ်ရင် ကျန်တဲ့ ၂၀,၀၀၀ ထပ်ပေးမယ် ပြောတယ်။ နောက်တော့ သားက ဖုန်းဆက် လာတယ်။ အမေ ၆ နှစ်လောက် ကြာမယ်တဲ့” ဟု ပြောပြသည်။

အဆိုပါ ကမ်းဝေး ငါးဖမ်းလှေ ကမ်းတခါ ပြန်ကပ်ရန် ၃ နှစ်မှ ၆ နှစ်အထိ ကြာမြင့် တတ်ကြောင်းလည်း ၎င်းက ဆက်ရှင်းပြသည်။ ထိုသို့ လှေလိုက်ခြင်းသည် ထိုင်းနိုင်ငံရှိ မြန်မာ နိုင်ငံသားများ လုပ်ကိုင်နေသည့် လုပ်ငန်းများအနက် အန္တရာယ် အကြီးမားဆုံးဖြစ်သည့် လုပ်ငန်း တမျိုးလည်း ဖြစ်သည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ ဒေသစုံမှ လူများ အများဆုံး လာရောက် အလုပ်လုပ်ကြသည့် အိမ်နီးချင်းနိုင်ငံ ဖြစ်ကာ အလုပ်သမား အခွင့်အရေး တက်ကြွှလှုပ်ရှားသူများ၏ ခန့်မှန်းချက်အရ ၂ သန်းခွဲခန့် ရှိမည်ဟု သိရသည်။ နှစ်နိုင်ငံ အစိုးရများအကြား တရားဝင် နားလည်မှုအရ နိုင်ငံကူး လက်မှတ်ဖြင့် တရားဝင် လာရောက်၍ အလုပ် လုပ်ကိုင်နိုင်ကြသော်လည်း ယခုကဲ့သို့ တရားမဝင် ခိုးဝင်မှုများ၊ လူကုန်ကူးခံရခြင်းမှာ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်
သည်။

ဟင်္သာနီ (မွန်မြေ) - (မဇ္ဈိမ)

မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်

Posted by drmyochit Friday, July 05, 2013, under | 24 comments

ဆင်ဆာ လွတ်လပ်ခွင့် ပေးလိုက်သည့် အချိန် ဖြစ်သော်လည်း မြန်မာလူမျိုး မျက်စိဖြင့် ကြည့်ရှု အဆင်ပြေမည့် ဇာတ်လမ်း မျိုးကို ရိုက်ကူး ပါကြောင်း သရုပ်ဆောင် စံရတီမိုးမြင့် က ပြောသည်။ ''မြန်မာ မျက်စိနဲ့ ပြန်ပြီး ကြည့်လို့ရတဲ့ ဇာတ်မျိုးတွေကို ရိုက်တယ်။ ဆင်ဆာ လွတ်လပ်ခွင့် ပေးလိုက်တဲ့ အချိန်မှာ အရင်က မရိုက်ဖူးတဲ့ ပုံစံမျိုးကို ရိုက်လာကြ တယ်။ မြန်မာနိုင်ငံ ဖြစ်တဲ့ အတွက် မြန်မာမျက်စိ နဲ့ကြည့်လို့ အဆင်ပြေအောင် ရိုက်ဖို့ပဲ လိုပါတယ်။ လုံးဝ မရိုက်ရဘူးလို့ ပြောတာမျိုး မဟုတ်ပါဘူး။

အနုပညာသမား ဆိုတာ ကတော့ ပရိသတ်ကို အဆန်း အပြားလေးတွေ ချပြချင်တဲ့ စိတ်လေးတွေတော့ ရှိတယ်။ ကိုယ်ရွေး ချယ်တဲ့ ဇာတ်လမ်းပေါ်မှာ အကောင်းဆုံး ဖြစ်အောင် ဘယ်လို သရုပ်ဆောင် ရမလဲဆိုတာပဲ ရှိတယ်။ ဒီဟာလေးကို အကောင်းဆုံး ဘယ်လို လုပ်မလဲ ဆိုတာကိုပဲ ညှိနှိုင်းခွင့်ပဲ ရှိကြတယ်။ အဲဒီအတွက် စံရတီ တို့ က မြန်မာ မျက်စိနဲ့ ကြည့်လို့ အဆင်ပြေမယ့် ဇာတ်လမ်းတွေကို အားလုံးနဲ့ တိုင်ပင်ပြီး ညှိလုပ်ဖြစ်တယ်။ တိုင်ပင်ပြီး လုပ်တယ်။ ကိုယ်ကသာ အရာရာကို အကောင်းဆုံး တင်ပြ ရိုက်ပြနိုင်ရင် ပရိသတ်တွေ လည်း ကြိုက်ကြမှာပါ'' ဟု စံရတီမိုးမြင့်က ပြောသည်။

စံရတီ အရင်က ရိုက်ခဲ့တဲ့ ဇာတ်တွေ ဆိုရင် သိပ်ပြီး အားမရခဲ့တာတွေ ရှိတယ်။ နောက်ပိုင်းတော့ ကိုယ့်ဘက်က အစအဆုံး သေချာလေး ကြိုးစားပြီး လုပ်တယ်။ ပရိသတ် တွေ ကလည်း အားပေး လာကြတယ်။ အဲဒီအပေါ် မှာလည်း ကျေနပ်တယ်။ ကိုယ့်ရဲ့ ဇာတ်ကားလေးတွေ ကိုလည်း ပြန်ပြီး ကြည့်တယ်။ ကြည့်တဲ့ အခါမှာ လည်း ပရိသတ် တစ်ယောက် လို ပြန်မကြည့်ဘူး။ ကြည့်ဖြစ်တာ နည်းတယ်။

ကိုယ်ကျတော့ အိုက်တင်က အစ မိတ်ကပ် အဆုံး ကိုယ့်ဘာသာကိုယ် အသေးစိတ် ပြန် ကြည့်တယ်။ ထောင့်ပေါင်းစုံက ပြန်ပြီး ကြည့်ဖြစ်တယ်။ ကိုယ့်ရဲ့ လိုအပ်ချက်လေးတွေ ကိုလည်း ကြည့်ပြီး မှတ်ထားတယ်။ အထောက်အကူ လေးလည်း ရတယ်။ ကိုယ့် ကိုယ်ကိုယ်လည်း ပြန်ပြီး လိုအပ်တာလေးတွေ ရှိရင်လည်း ပြန်ပြင် တယ်ဟု ၄င်းက ဆိုသည်။ ဒါရိုက်တာ ဗန်းကြီး၏ တံခါးတစ်ချပ်ကို ဇာတ်ကားမှာ စံရတီမိုးမြင့်က ဇေရဲထက် နှင့် ပါဝင် ရိုက်ကူးနေပြီး ၄င်း ဇာတ်ကားထဲမှာ စံရတီမိုးမြင့်က ဇေရဲထက် ရဲ့ဇနီး အဖြစ် သရုပ်ဆောင်ထားသည်။

From:Popular

ဒုတိယဗိုလ်ချုပ်ကြီးစ၀်ယွက်ဆစ် (RCSS/SSA)နှင့်မူးယစ်ဆေးဝါးသံသရာ

Posted by drmyochit Friday, July 05, 2013, under | No comments


သျှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး စ၀်ယွက် ဆစ်နဲ့ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်တို့ တွေ့ဆုံတဲ့မြင်ကွင်းဟာ ရှမ်းပြည်နယ်အတွင်း   နေထိုင်ကြတဲ့ တိုင်းရင်း သားလူမျိုး ပေါင်းစုံတို့အတွက် အထူးဝမ်းသာကြည်နူးစရာကောင်းတဲ့မြင်ကွင်းဖြစ် ပါတယ်။ ဒုတိယ ဗိုလ်ချုပ်ကြီးစ၀်ယွက်ဆစ်က နိုင်ငံတော်သမ္မတကြီးကိုမြတ်စွာဘုရားဆင်းတုတော်တစ်ဆူနဲ့ ရှမ်း ၀တ်စုံ ကိုလက်ဆောင်ပေးအပ်ခဲ့သလို နိုင်ငံတော် သမ္မတကြီးကလဲလက်ဆောင်တွေပြန်လည်   ပေးအပ် ခဲ့ပါတယ်။ ဒါဟာနှစ်ပေါင်း(၆၀)ကျော်ကြာဖြစ်ပွားနေတဲ့ ရှမ်းပြည် နယ်တောင်ပိုင်းက တိုက်ပွဲ သံတွေ ချုပ်ငြိမ်းဖို့ လမ်းစပဲဖြစ်ပါတယ်။၂၀၁၃ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့မနက်ပိုင်းမှာသမ္မတနဲ့ တွေ့ဆုံပြီး အဲဒီနေ့ ညနေ ပိုင်းမှာတော့ ရွှေလီလမ်းမှာရှိတဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (Myanmar Peace Center)မှာ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင် ရေးလုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းနဲ့တွေ့ဆုံခဲ့ကြပါတယ်။

ပြည်တွင်းစစ်တွေကြောင့် ငြိမ်းချမ်းရေး ဆိတ်သုဉ်းခဲ့တာ နှစ်ပေါင်း ၆၀ ကျော်လာပြီဖြစ်တယ်လို့ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောခဲ့ပေမယ့် သူတို့လိုလက်နက်ကိုင်စွဲနေသူတွေကြောင့် လို့ဆိုတာ ကိုတော့ ၀န်ခံစ ကား မပြောခဲ့ပါဘူး။ နိုင်ငံတော်သမ္မတဦးသိန်းစိန်ကတော့ တပ်မတော်သား ဘ၀ကနေ လာခဲ့သူ တစ်ဦးဖြစ်လို့ နယ်မြေဒေသနဲ့ စစ်ပွဲတွေအကြောင်း ကောင်းစွာနားလည် သဘောပေါက် သူဖြစ် ပါတယ်။ ဒုက္ခ မျိုးစုံခံ စားနေရတဲ့ တိုင်းရင်းသားတွေရဲ့ ဘ၀အခြေအနေကို နားလည်စာနာသူတစ်ဦးဖြစ်လို့ သူ့ရဲ့သမ္မတသက်တမ်းမှာ ပြည်တွင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ လုံးဝချုပ်ငြိမ်းရမယ်လို့ သန္နိဋ္ဌာန်ချ ထားသူဖြစ်ပါတယ်။ ဒါကြောင့် လက်နက်ကိုင်တိုင်းရင်းသားအားလုံးနဲ့ ငြိမ်းချမ်းရေး မရ၊ရအောင် လုပ်ဆောင်မယ်၊ အစိုးရဘက်က အစွမ်းကုန်လိုက်လျောမှုတွေနဲ့ ငြိမ်းချမ်းရေးရအောင် လုပ်ဆောင်မယ် ဆိုပြီးတွေ့ဆုံဆွေးနွေးပွဲတွေကတစ်ဆင့်ထာဝရငြိမ်းချမ်းရေးကိုဖော်ဆောင်လျက်ရှိနေပါတယ်။

ပွင့်လင်းမြင်သာမှု၊လွတ်လပ်မှုတွေနဲ့အတူပြည်သူတွေရဲ့ရှေ့မှောက်မှာမှတ်ကျောက်တင်ခံနိုင်ဖို့လုပ်ဆောင်နေ တာဟာဖြင့်သမ္မတကြီးရဲ့ရိုးသားမှုပဲဖြစ်ပါတယ်။စိတ်ရင်းစေတနာဖြူစင်စွာနဲ့ နှစ်ပေါင်း ၆၀ ကျော် အုပ်ချုပ် သူ အစိုးရ အဆက်ဆက်ကို လက်နက်ကိုင်တိုက်ခိုက်နေသူတစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ် ကို နေပြည်တော် သို့ ဖိတ်ခေါ်ပြီး ရင်းရင်းနှီးနှီး ဖက်လှဲတကင်းနွေးထွေးစွာကြိုဆိုဆွေးနွေး ခဲ့တာဖြစ် ပါတယ်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်မဖြေရှင်းလို့ စစ်ပွဲတွေဖြစ်နေရတယ်ဆိုပေမယ့် တစ်ခါတရံ မှာ နိုင်ငံရေး ဆွေးနွေးပွဲတွေအပေါ်ကနေ အမြတ်ထုတ်ခံလိုက်ရတာမျိုးလဲရှိခဲ့ပါတယ်။ဒီလိုပုံစံမျိုးဟာ ၁၉၆၈ ခုနှစ်ဆီလောက်က ဗမာပြည်ကွန်မြူနစ်ပါတီက လုပ်ဆောင်ခဲ့ဖူးပါတယ်။ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ဖို့တောတွင်းကနေ မြို့ပေါ်ရောက်လာ ချိန်မှာ အရင်ကအဆက်အသွယ်ပြတ်နေတဲ့ ကွန်မြူနစ်တွေကို ဆက်သွယ်ပြီး လူထုအုံကြွမှုတွေနဲ့ အစိုးရနဲ့ တပ်မတော် အပေါ်အကြပ်ကိုင်ခဲ့တာမျိုး ရှိခဲ့ပါတယ်။ အစိုးရ ဘက်ကရိုးသားခဲ့ပေမယ့် လက်နက်ကိုင်တွေဘက်ကရိုးသားမှုမရှိရင်လဲ ငြိမ်းချမ်းရေးဆိုတာ အောင်မြင်မှာ မဟုတ်ပါဘူး။ အဲဒီတုန်းက ဗကပကို အင်အားတိုးပွားအောင် လုပ်ပေးခဲ့သလို ဖြစ်သွားခဲ့ပါတယ်။

အခုလဲပြောရမယ်ဆိုရင် ဒုတိယဗိုလ်ချုပ်ကြီးယွက်ဆစ်အနေနဲ့ ဇွန်လ၁၀ရက်နေ့ကနေ ၂၃ ရက်နေ့ အထိ နေပြည်တော်၊ရန်ကုန်၊မန္တလေး၊ကျောက်မဲ၊တောင်ကြီး၊ပင်လုံမြို့နယ်တွေအနှံ့လျှောက်သွားပြီးလွယ်တိုင်းလျှံဌာနချုပ်ကို ပြန်ခဲ့ပါတယ်။ရန်ကုန်မှာလဲ ရှမ်းအဖွဲ့အစည်းတွေနဲ့တွေ့ဆုံသွားနိုင်ခဲ့သလို NLD ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံသွားခဲ့ပါတယ်။ မန္တလေး၊ ကျောက်မဲ၊ တောင်ကြီးနဲ့ ပင်လုံမြို့တွေမှာလဲ လူထုနဲ့ထိတွေ့ပြီး RCSS/SSAရဲ့ သဘောထားတွေ ကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။ အဲဒီမှာထူးခြားချက်အနေနဲ့ သျှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါး ပပျောက်အောင်လုပ်ဆောင်မယ်လို့ကတိပြုခဲ့တာဖြစ်ပါတယ်။


အထူးသဖြင့် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့ (UNODC) အဖွဲ့နဲ့ တွေ့ဆုံပြီး RCSS/SSA ဥက္ကဋ္ဌအနေနဲ့ သူတို့အဖွဲ့ဟာအရင်ကမူးယစ် ဆေးဝါးထုတ်လုပ်ရောင်းချမှုနဲ့ နာမည်ကျော်ခဲ့တာမို့ အခုအခါမှာတော့ မူးယစ်ဆေးဝါးပပျောက်အောင် ဘယ်လိုလုပ်ဆောင်မယ်ဆိုတဲ့လုပ်ငန်းစဉ်တွေကိုပြော ဆိုခဲ့ပါတယ်။ဒေသခံတွေအနေနဲ့စီးပွားရေးအရဘိန်းစိုက်ပျိုးခြင်းဟာငွေကြေးအများဆုံးရတဲ့ လုပ်ငန်းဖြစ်နေ လို့ မူးယစ်ဆေးဝါးလုပ်ကိုင်နေတာဖြစ်တဲ့ အကြောင်း၊ မူးယစ်ဆေးဝါးပပျောက်ဖို့ဆိုရင် ဘိန်းအစားထိုး သီးနှံတွေ စိုက်ပျိုးဖို့လုပ်ဆောင် သွားမှာဖြစ်တယ်လို့လဲ ဒုတိယဗိုလ်ချုပ်ကြီးစ၀်ယွက်ဆစ်ကပြော ဆိုခဲ့ ပါတယ်။မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့လဲ ပြည်သူတွေဗဟုသုတအဖြစ် မူးယစ်ဆေးဝါးမှာ စိတ်ကြွဆေးပြား (ယာမ)ကို ၃နှစ်သုံးစွဲပါကဦးနှောက်ပျက်စီးသလိုဘိန်းဖြူကတော့ ၁၀နှစ်လောက် သုံးစွဲမှဦးနှောက်ပျက်စီး ပါကြောင်း၊ ဘိန်းမည်းကတော့ အနှစ် ၃၀ ကျော်သုံးစွဲသော်လည်း ဘာမှမဖြစ်နိုင်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး စ၀်ယွက်ဆစ်က ပြောကြားခဲ့ပါတယ်။ စိတ်ကြွဆေးပြားများဟာ အန္တရာယ် အများဆုံးဖြစ်သလိုေ  ငွ ကြေးလဲ အရဆုံးဖြစ်ပါတယ်။  

အမှန်တကယ်တော့ဒုတိယဗိုလ်ချုပ်ကြီးစ၀်ယွက်ဆစ်ဟာအရင်ကMTAဦးခွန်ဆာအဖွဲ့လက်နက်နဲ့ငြိမ်းချမ်း ရေးလဲလှယ်ရာမှာပါဝင်ခဲ့သူဖြစ်ပါတယ်။ မူးယစ်ဆေးဝါးလုပ်ငန်းကိုစွဲစွဲလန်းလန်းနဲ့မစွန့်လွှတ်နိုင်သူဖြစ်လို့ ပြန်လည် လက်နက်ကိုင်ဆောင်ခဲ့ သူဖြစ် ပါတယ်။ အဓိကအားဖြင့်MTAလက်ထက်ကဆောင်ရွက်ခဲ့တဲ့ မူးယစ်ဆေးဝါးလုပ်ငန်းတွေ ကိုတိုးချဲ့ လုပ် ကိုင်ပြီးရှမ်းလူမျိုးတွေကိုစည်းရုံးခဲ့ပါတယ်။ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးဆိုတဲ့စကားရပ်ကိုလှပစွာ အသုံးပြုပြီးရှမ်းလူမျိုးတွေကိုအကြောက်တရားနဲ့လွှမ်းမိုးထားခဲ့ပါတယ်။

သူတို့ရဲ့စီးပွားရေးလုပ်ငန်းကတော့ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ အရှေ့ပိုင်းကထွက်တဲ့ ဘိန်းတွေကို ထိုင်း-မြန်မာနယ်စပ်ရှိ ဘိန်းချက်စခန်းတွေကိုပို့ဆောင်ခြင်း၊ ဘိန်းဖြူ ချက်လုပ်တဲ့စခန်းတွေကို လုံခြုံရေးဆောင်ရွက်ပေးခြင်း၊ ရှယ်ယာတွေထည့်ဝင်ခြင်း၊ ဘိန်းစိုက်တောင် သူတွေထံက ငွေကြေးကောက်ခံခြင်း၊ဘိန်းကုန်သည်တွေထံက ငွေကြေးကောက်ခံခြင်းစတဲ့လုပ်ငန်းတွေဖြစ်ပါတယ်။

စိုင်းထွန်းအား ဖမ်းဆီးရမိသည့် ဘိန်းဖြူများနှင့်အတူတွေ့ရစဉ်

ထိုင်းနိုင်ငံအတွင်းမှာ ၀င်ရောက်နေတဲ့မူးယစ်ဆေးဝါးတွေဟာ RCSS/SSAက အများဆုံးဖြစ်တဲ့ အတွက် ထိုင်း အစိုးရအနေနဲ့RCSS/SSAအဖွဲ့ကို အထူးစောင့်ကြည့်ခဲ့ပါတယ်။ ထိုင်းရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ မူးယစ်ဆေးဝါးကုန်သည် တွေအသွင်ယူပြီး မူးယစ်ဆေးဝါးတွေဝယ်ယူခြင်း ၊ရောင်းသူများအား ဖမ်းဆီးခြင်းတွေပြုလုပ်ခဲ့ရာ RCSS/SSA ကဒုတိယ ဗိုလ်ချုပ်ကြီးစ၀်ယွက်ဆစ် ရဲ့တပည့်ရင်းတစ်ဦးကို ဖမ်းမိခဲ့ပါတယ်။ သူရဲ့တပည့်ဟာ အရင်တုန်းထဲက SURAအဖွဲ့မှာ အတူတူနေလာခဲ့သူဖြစ်ပါတယ်။ ရှမ်း လူမျိုးဖြစ်ပြီးအမည်က ဗိုလ်ကြီးစိုင်းထွန်းဖြစ်ပါတယ်။ ထိုင်းရဲတွေကကုန်သည် ဟန်ဆောင်ပြီး ဘတ်(၂၅) သန်းတန်ဖိုးရှိတဲ့မူးယစ်ဆေးဝါးတွေဝယ်မယ်ဆိုပြီးကမ်းလှမ်းခဲ့ပြီး ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့ ညွှန်ကြားရေးမှူး ရဲဒုတိယဗိုလ်ချုပ်ကြီး ၀တ်ခ်ျဖုန်ပရစန်ရာခ်ျကစ် ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။RCSS/SSA မှာ ဒုတိယဗိုလ်ချုပ်ကြီးစ၀်ယွက်စစ်က လွှဲရင် ခေါင်းဆောင်ပိုင်း အကုန်လုံးနီးပါးဟာ မူးယစ်ဆေးဝါးရောင်းဝယ်နေတဲ့ ကုန်သည်တွေဖြစ်ကြပါတယ်။


စိုင်းထွန်းအား SURA ယူနီဖောင်းဖြင့် ရွက်ဆစ်နှင့်အတူတွေ့မြင်ရစဉ်(၀ဲအစွန်လူ)

ဒုတိယဗိုလ်ချုပ်ကြီးစ၀်ယွက်ဆစ်အနေနဲ့ စိတ်ကြွဆေးပြားတွေကို စီးပွားဖြစ် ထုတ်လုပ်ရောင်းချ ရာမှာခေါင်း ဆောင်ကြီးပီသစွာ စီမံခန့်ခွဲမှုတွေပြုလုပ်ပြီး အဲဒီကရတဲ့ငွေတွေနဲ့ ရှမ်းပြည်တပ်မတော်ကို အင် အားကြီး မားအောင် လုပ်ဆောင်နေတာဖြစ်ပါတယ်။မြန်မာ-ထိုင်း-လာအိုနယ်မြေအတွင်းမှာ လှုပ်ရှား   နေတဲ့ မူးယစ်ဆေးဝါး ဂိုဏ်းခေါင်းဆောင် တစ်ဦးဖြစ်တဲ့စိုင်းနော်ခမ်းကိုသေဒဏ်မပေးခင် စစ်မေးချက်တွေ အရ သူ့အနေနဲ့ဒုတိယဗိုလ်ချုပ်ကြီး စ၀်ယွက်ဆစ်နှင့် ဆက်သွယ်မှုရှိခဲ့ပြီးမဲခေါင်မြစ်ကြောင်းတစ်လျှောက်မှာ RCSS/SSAကလူနှင့် လက်နက်တွေပံ့ပိုး ပေးထားတဲ့အကြောင်း ထွက်ဆိုထားပါတယ်။ RCSS/SSAရဲ့ အဓိကဘိန်းစိုက်ပျိုးတဲ့နယ်မြေအဖြစ် အင်တော-ကျောက်ဂူ၊ နောင်လုံ-နောင်ဝိုး၊ မိုင်းလန်း၊ဆန်ဟခွင်နှင့် မိုင်းကိုင်အရှေ့ခြမ်းဖြစ်တဲ့အကြောင်းလဲစိုင်းနော်ခမ်းက ထွက်ဆိုခဲ့ပါတယ်။ အဲဒီဒေသတွေ မှာ မူးယစ်ဆေး ၀ါး လုပ်ကိုင်သူတွေကို အကာအကွယ်ပေးထားသလို သူတို့ဆီကထွက်လာတဲ့ မူးယစ်ဆေးဝါးတွေကို RCSS/SSA က အ၀ယ်ဒိုင်သဘာမျိုးလက်ခံခဲ့ပါတယ်။

စိုင်းနော်ခမ်းရဲ့ တွက်ဆိုချက်တွေကိုသိရတဲ့နောက်ပိုင်းမှာ ဒုတိယဗိုလ်ချုပ်ကြီးစ၀်ယွက်ဆစ်ဟာ မူးယစ်ဆေး ၀ါးရောင်းဝယ်သူအဖြစ်ကနေ မူးယစ်ဆေးဝါးကို နှိမ်နင်းသူအဖြစ်အသွင်ပြောင်းခဲ့ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာ မူးယစ်ဆေးဝါးကိုလုံးဝကင်းစင်အောင်ဆောင်ရွက်မယ် ဆိုတဲ့ပြောဆိုသံတွေနဲ့ အတူ လက်တွေ့ကျကျအကောင်အထည် ဖော်ခဲ့ပါတယ်။ မူးယစ်ဆေးစွဲနေသူတွေကို လွယ်တိုင်းလျှံစခန်း ကိုဖမ်းဆီးခေါ်ဆောင်ပြီးမူးယစ်ဆေးဝါးဖြတ်ပေးခဲ့တာတွေ၊မူးယစ်ဆေးဝါးပြတ် သွားသူတွေ ကိုစစ်သင် တန်းပေး တာတွေ လုပ်ဆောင်ခဲ့ပါတယ်။မြေပြင်မှာလုပ်ဆောင်ချက် တွေနဲ့အတူ သတင်းမီဒီယာတွေကနေ အင်္ဂလိပ် ဘာသာ၊ ရှမ်းဘာသာ၊ ထိုင်းဘာသာတွေနဲ့ ဒုတိယဗိုလ်ချုပ်ကြီး စ၀်ယွက်ဆစ်နဲ့ လုပ်ဆောင်ပုံတွေ ကိုဖော်ပြစေ ခဲ့ပါတယ်။

ဒါကြောင့်လဲထိုင်းနိုင်ငံအနေနဲ့ ဒုတိယဗိုလ်ချုပ်ကြီးယွက်ဆစ်ကို ရွှေလင်းယုန်ဆု ချီးမြှင့်ပေးခဲ့ ပါတယ်။ ထိုင်းနိုင်ငံမူး ယစ်ဆေးဝါးနှိမ်နင်းရေး တပ်ဖွဲ့၊ ပြည်တွင်းလုံခြုံမှုစစ်ဆင်ရေးဌာနချုပ်နှင့် အမျိုးသား ရဲတပ်ဖွဲ့ တို့ပါဝင် တဲ့ အဖွဲ့(၃)ဖွဲ့က ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးကောင်စီ(Restoration Council of Shan State-RCSS/SSA)အား မူးယစ်ဆေးဝါးနှိမ်နင်းရေးတွင်ပူးပေါင်းပါဝင်ခဲ့သည့်အတွက် ထိုင်းဘုရင် မင်းမြတ် ရဲ့ အတိုင်ပင်ခံကောင်စီဝင်တစ်ဦးဖြစ်သူ Gen.Phichit Kallavanijayက ရွှေလင်းယုန်ဆုကို ၂၀၁၂ ခုနှစ်၊ဇွန်လ(၂၆)ရက်၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့မှာ ပေးအပ်ခဲ့ပါတယ်။ဒါဟာတကယ်တော့ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်ဆစ်ရဲ့ လိမ်မာပါးနပ်စွာလှည့်စားတဲ့နည်းပညာရပ်ရဲ့ အကျိုးကျေးဇူးဖြစ်ပါတယ်။ မူးယစ်ဆေး ၀ါးကို စွန့်လွှတ်ရသည့်တိုင် အမြတ်ထုတ်သွားနိုင်တဲ့စွမ်းရည်ဖြစ်ပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (မူးယစ်)က အရာရှိ တစ်ဦးကတော့ သူတို့အထက်ပိုင်း(RCSS/SSA)ကဘယ်လိုပဲမူးယစ်ဆေးဝါးကင်းစင်ရေး လုပ်ဆောင်နေ ပါတယ် ပြောနေပေမယ့် ဖမ်းဆီးရမိတဲ့မူးယစ်ဆေးဝါးအများစုကတော့ ရှမ်းပြည်နယ်တောင် ပိုင်းက အများဆုံးဖြစ်တယ်လို့ဆိုပါ တယ်။အထက်ပိုင်းကအမှန်အကန်လုပ်ဆောင်ချင်တာဖြစ်ပေမယ့် သူတို့ ရဲ့အောက်ခြေတပ်ဖွဲ့တွေနဲ့ ဒေသခံတွေက တော့ ဒီလောက်ငွေရလွယ်ကူတဲ့လုပ်ငန်းကိုစွန့်လွှတ်ဖို့ ခဲခဲယဉ်း ယဉ်းဖြစ်နေကြတယ်လို့သူကပြောပါတယ်။ တစ်နေရာ မှာဖမ်းလိုက် ရင်နောက်တစ်နေရာ မှာ ပေါ်လာနေ ပါတယ်။ မူးယစ်ဆေးဝါးတွေကုန်သွားတယ်လို့မရှိပါဘူး။တူညီတဲ့ အချက်ကလဲ မူးယစ်ဆေး ၀ါး ထုတ်လုပ် သုံးစွဲသူ၊ ရောင်းဝယ်သူတိုင်းမှာ လက်နက်တွေ ကိုင်ဆောင်ထားကြပါတယ်။ အချို့နေရာတွေ မှာ သက်စွန့်ဆံဖျားဖမ်းလိုက်ရတာတွေရှိပါတယ်လို့လဲ အဆိုပါရဲအရာရှိကပြောပြပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးစ၀်ယွက်ဆစ်အနေနဲ့ ရောက်တဲ့နေရာတိုင်းမှာ သူတို့အနေနဲ့မူးယစ်ဆေးဝါး ကင်းစင်ရေး ကို အလေး ထားဆောင်ရွက်မယ်လို့ ကတိတွေပေးနေတာဟာဖြင့် တကယ့်ကိုဝမ်းသာစရာ သတင်း စကားဖြစ်ပါတယ်။ကြား ရတဲ့သူတိုင်းကလဲကြိုဆိုနေကြပါတယ်။ ဒါပေမယ့်သူရဲ့ လက်အောက် ငယ်သား RCSS/SSAတပ်ဖွဲ့ဝင်တွေကတော့ ဒီစကားဟာအထူးအဆန်းမဟုတ်ဘူးဆိုတာသိနေကြသလို မူးယစ်ဆေး ၀ါးကို မလုပ်ကိုင်ဘူးဆိုရင်သူတို့တပ်ဖွဲ့တွေ ရပ်တည်လို့မရဘူးဆိုတာကိုလဲ သူတို့သိနေကြပါ တယ်။သူတို့ အနေနဲ့ကတော့လွယ်တိုင်းလျှံဌာနချုပ်ကဘယ်လိုအမိန့် တွေပေးနေပေးနေ သူတို့လုပ်ချင်တာ အကုန် လုပ်နေကျဖြစ်ပါတယ်။

သျှမ်းပြည်နယ်မှာ သြဇာတိက္ကမကြီးမားပြီး ဒေသခံတွေလေးစားတဲ့ ရှမ်းအမျိုးသားခေါင်းဆောင် တစ်ဦး ကတော့ သူတို့သျှမ်းပြည်နယ်ဟာ ဦးခွန်ဆာငြိမ်းချမ်းရေးလုပ်ကထဲက ဗိုလ်ချုပ်စ၀်ယွက်ဆစ် အနေ နဲ့ငြိမ်း ချမ်းရေး ယူလိုက်မယ် ဆိုရင် သျှမ်းပြည်နယ် အနှံ့အပြားများမှာ တိုးတက်နေ တာနှစ်ပေါင်း (၂၀)ကျော် တောင် ရှိတော့မှာဖြစ်ပါတယ်၊ဒါဟာမှန်ကန်တဲ့ စကားဖြစ်ပါတယ်။ လူမျိုးရေး၊၀ါဒရေးတွေဘယ်လိုပဲ အကြောင်းပြနေနေနောက်ဆုံး မှာတော့ လက်နက် ကိုင်ခေါင်းဆောင် တိုင်းဟာ သူတို့ရဲ့ စည်းစိမ်ချမ်း သာကို မစွန့်နိုင်လို့ လက်နက်ကိုင်နေ တာဖြစ်တယ်လို့လဲသူကပြောခဲ့ပါတယ်။ဒီကနေ့ ခေတ်အခါ ကဒီမိုကရေစီယဉ်ကျေးမှုထွန်းကားနေတဲ့ခေတ်အခါမို့ လက်နက်ကိုင် တိုက်ခိုက်နေတာတွေဟာအကျည်း တန်လွန်း လှပါတယ်။ သျှမ်းပြည်နယ်လူထုတွေ အနေနဲ့ တိုက်ပွဲဖြစ်သံတွေမကြားရတော့ဘဲ အေးအေး ချမ်းချမ်းနေရတဲ့ ဘ၀မျိုးကိုလိုချင်တောင့်တနေကြပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး စ၀်ယွက်ဆစ် အနေနဲ့ တကယ်ပဲသျှမ်းပြည်ပြန်လည် ထူထောင်ရေးတွေ လုပ်ဖို့ ဆန္ဒရှိတယ် ဆိုရင်တော့ မူးယစ်ဆေးဝါးကိုလဲ အပြီးအပိုင် တိုက်ဖျက်ပေးပါ။    နိုင်ငံတော် အစိုးရနဲ့လဲ အမြဲထာ ၀ရခိုင်မာတဲ့ငြိမ်းချမ်းရေး တည်ဆောက်ပေးပါ လို့ ဒေသခံတွေ ကိုယ်စား   တောင်းဆိုပါကြောင်း အဆိုပါ ပုဂ္ဂိုလ်ကပြောဆိုခဲ့ပါတယ်။    ။


လင်းခေးသား
From: အမေ့အိမ်

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်