Tuesday, July 09, 2013

၁၉၄၉ ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေ ပြင်ဆင်ရန် အဘက်ဘက်မှ ကြိုးပမ်းသွားမည်ဟုဆို

Posted by drmyochit Tuesday, July 09, 2013, under | No comments


ရန်ကုန်မြို့မှ ညဥ့်ငှက်ကလေးများ (ဓာတ်ပုံ – Felix Features)

၁၉၄၉ ခုနှစ်က ရေးဆွဲပြဌာန်းခဲ့သည့် ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေကို ပြန်လည်ပြင်ဆင် ရေးဆွဲသွားရန် အဘက်ဘက်မှ ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း နေပြည်တော် ဇမ္ဗူသီရိ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဆိုသည်။

ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေကို ယနေ့ ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမအကြိမ် ပုံမှန် အစည်းအဝေးတွင် ပြင်ဆင်ရေးဆွဲရန် အစီအစဉ် ရှိမရှိကို ဒေါ်စန္ဒာမင်းက မေးမြန်းရာ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ရဲချုပ် ကျော်ကျော်ထွန်းက ထိုဥပဒေကို ပြန်လည် ပြင်ဆင်ရေးဆွဲရန် အစီအစဉ် မရှိကြောင်း ဖြေခဲ့ခြင်းနှင့် ပတ်သက်၍ ဒေါ်စန္ဒာမင်းက ဧရာဝတီသို့ ပြောခြင်း ဖြစ်သည်။

“ဒီမေးခွန်းကို ဒီလိုဖြေမယ်ဆိုတာ တွက်ထားပြီးသား။ လက်ရှိ အုပ်ချုပ်နေတဲ့သူတွေ၊ ပြည့်တန်ဆာတွေနဲ့ ထိတွေ့နေရတဲ့ အာဏာပိုင်တွေဟာ ဒီဥပဒေ ခေတ်မမီတော့တာ၊ တခြားတိုင်းပြည်မှာ ဒီကိစ္စကို ဥပဒေနဲ့ ဘယ်လို ထိန်းချုပ် ကိုင်တွယ်နေတယ်၊ ကျန်းမာရေး ရှုထောင့် အနေနဲ့ ဘယ်လို ဖြေရှင်းနေတယ် ဆိုတာကို သိကြတယ်။ ဒါပေမယ့် ကျမတို့ တိုင်းပြည်ရဲ့ ယဉ်ကျေးမှု၊ ဘာသာရေး၊ လူမှုရေး စတဲ့ ပေတံတွေနဲ့ တိုင်းပြီးတော့ ဒါတွေကို မသိချင်ယောင် ဆောင်ပြီး မပြင်ဖို့ ကြိုးစားနေတာပါ” ဟု ဒေါ်စန္ဒာမင်းက ဧရာဝတီသို့ ပြောသည်။

ထို့အပြင် ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေအရ ၁ နှစ်လျှင် အရေးယူခဲ့သည့် မှုခင်း အရေအတွက် မည်မျှရှိသည် ဆိုသည့် မေးခွန်း၊ နိုင်ငံ ဆင်းရဲမွဲတေမှု ပြဿနာနှင့် အလုပ်အကိုင် ရှားပါးမှု ပြဿနာကြောင့် ပြည့်တန်ဆာ အမှု များလာခြင်းဖြစ်ကာ ၎င်းတို့ကို ဖမ်းဆီး ပြစ်ဒဏ်ပေးရုံဖြင့် ပြည့်တန်ဆာလုပ်ငန်း၊ ပြည့်တန်ဆာ အရေအတွက်ကို ဟန့်တားနိုင်မည်လား ဆိုသည့် မေးခွန်း၊ အဆိုပါ ဥပဒေအရ အရေးယူခံရသည့် အမျိုးသမီးများသည် အကျဉ်းထောင်တွင် HIV/ AIDS ပပျောက်ရေး အတွက်လည်းကောင်း၊ ဘဝသစ် ပြန်လည် ထူထောင်ရေး အတွက်လည်းကောင်း ထောင်က လွတ်လာသည့်အခါ မည်ကဲ့သို့ ကူညီထားကြောင်း၊ ပြည့်တန်ဆာလုပ်ငန်းကို ပြန်လည် မရောက်ရှိရေးအတွက် နိုင်ငံတော်မှ မည်ကဲ့သို့ စီမံထားရှိကြောင်း အစရှိသည့် မေးခွန်းများကိုလည်း ဒေါ်စန္ဒာမင်းက ယနေ့ လွှတ်တော်တွင် မေးမြန်းခဲ့သည်။

ပြည့်တန်ဆာ ဖမ်းဆီး အရေးယူမှု အရေအတွက်သည် ယခုအစိုးရ လက်ထက် ၂၀၁၁ ခုနှစ်တွင် ၁၉၅၆ မှု၊ ၂၀၁၂ ခုနှစ်တွင် ၃၂၂၆ မှုနှင့် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ မှ မေလအထိ ၆၄၀ မှုတို့ အရေးယူခဲ့ကြောင်း၊ ပြည့်တန်ဆာအဖြစ် အသက်မွေးခြင်းသည် စီးပွားရေး၊ လူမှုရေး အကြောင်းများနှင့် ဆက်စပ် နေသည့်အတွက် ပြည့်တန်ဆာ ပပျောက်ရေးသည် မျှော်လင့်ရန် မရသည့် ကိစ္စဖြစ်သော်လည်း အတိုင်းအတာ တရပ်အထိ ဟန့်တားနိုင်မည် ဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ရဲချုပ် ကျော်ကျော်ထွန်းက ဖြေကြားခဲ့သည်။

“ဆင်းရဲမွဲတေမှု၊ အလုပ်ရှားပါးမှုက ပြည့်တန်ဆာ တိုးစေတာလို့ ဆိုနိုင်ပေမယ့် ကိုယ်ကျင့်တရား အပေါ် တန်ဖိုးထားမှု စံနှုန်းလျော့ပါးခြင်း၊ ပြောင်းလဲလာတဲ့ ခေတ်အရ လူမှု ဆက်ဆံရေးအခြေအနေ လွတ်လပ် ကျယ်ပြန့်လာခြင်းစတဲ့ တခြားအကြောင်းလည်း ရှိနေတာ တွေ့ရတယ်။ အလုပ်အကိုင် အခွင့်အလမ်း ရွေးချယ်နိုင်တဲ့ အခြေအနေမှာပင် ရိုးသားကြိုးစားစွာ လုပ်ကိုင် စားသောက်လိုစိတ်မရှိဘဲ လွယ်လွယ်နဲ့ ငွေရတဲ့ ပြည့်တန်ဆာလုပ်ငန်းကို ရွေးချယ် ကြသူများလည်း ရှိကြောင်း တွေ့ရှိရပါတယ်” ဟု ရဲချုပ် ကျော်ကျော်ထွန်းက ဆိုသည်။

ပြည့်တန်ဆာ နှိပ်ကွတ်ရေး အက်ဥပဒေအရ ဖမ်းဆီး အရေးယူခံရသည့် အမျိုးသမီးများ အကျဉ်းထောင်မှ လွတ်မြောက်သည့် အခါ ပြည့်တန်ဆာလုပ်ငန်း ပြန်လည် မလုပ်စေရန် စာအုပ်များ ဖတ်စေခြင်း၊ အသိပညာပေးခြင်း၊ ဇာထိုး ပန်းထိုးလုပ်ငန်း၊ စက်ချုပ်လုပ်ငန်း၊ မျက်တောင်အတု လုပ်ငန်း၊ ဆံကေသာ အလှပြုပြင် သင်တန်း၊ မျက်နှာအလှပြင် သင်တန်း၊ ကွန်ပျူတာသင်တန်း၊ အကသင်တန်း၊ ဒီဇိုင်နာသင်တန်း၊ အ သုံးလုံး သင်တန်း စသည့် သင်တန်းများ ပေးနေကြောင်း သိရသည်။

ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေအရ ဖမ်းဆီးခံရသည့် ၁၈ နှစ်အောက် အမျိုးသမီးများကို အသက်မွေးဝမ်းကျောင်း ပညာများ သင်ကြားပေးပြီး လူမှု အသိုင်းအဝိုင်းအတွင်း ပြန်ဝင်ဆံ့နိုင်ရန် မိမိဘဝ ရပ်တည်နေထိုင်ရေး၊ ဆေးဝါးကုသမှု ခံယူရစေရန်၊ စိတ်ဓာတ် ကြံ့ခိုင်မှု ရှိစေရန်နှင့် သင်တန်းကာလအတွင်း ပျော်ရွှင်စွာ နေထိုင်နိုင်ရန် ရန်ကုန်တိုင်း တွံတေးမြို့နယ်ရှိ အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးဌာနကို ၂၀၀၂ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့၌ လည်းကောင်း၊ မန္တလေးရှိ အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးဌာနကို ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှ စတင်၍ လည်းကောင်း ဖွင့်လှစ်ခဲ့ကြောင်း ရဲချုပ် ကျော်ကျော်ထွန်းက ပြောသွားသည်။

ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (ခ) အရ ပြည့်တန်ဆာ လုပ်ငန်းဖြင့် အသက်မွေးသူဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရလျှင် အလုပ်ကြမ်းနှင့် တနှစ်အောက် မနည်း၊ သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ကျခံရမည်ဖြစ်ကြောင်း၊ ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေမှာ လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်က ပြဌာန်းခဲ့သည့် ဥပဒေဖြစ်သော်လည်း ယနေ့ခေတ် ကာလတွင် လိုက်နာ ကျင့်သုံးလျှက် ရှိနေဆဲဖြစ်ကြောင်း သိရသည်။

“သူတို့တတွေ အခုအချိန်မှာ ဒီဥပဒေကို မပြင်ပေမယ့်လည်း တနေ့နေ့ တချိန်ချိန်မှာတော့ ဒီ ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေဟာ ပြင်ဖို့ လိုနေပြီ ဆိုတာကို သိလာမှာပါ” ဟု ဒေါ်စန္ဒာမင်းက ဧရာဝတီသို့ ပြောသည်။

ယနေ့ ဒေါ်စန္ဒာမင်း တင်သွင်းသည့် အဆိုပြုချက်ကဲ့သို့ပင် ယခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေက ပြည့်တန်ဆာ အမျိုးသမီးများနှင့် ပျော်ပါးသူ အမျိုးသားများကိုလည်း အားပေး ကူညီသူများအဖြစ် သတ်မှတ်ပြီး တရားစွဲဆို ပြစ်ဒဏ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ဖူးသည်။

ညိမ်းပြည့်စုံ|ဧရာဝတီ

MRTV သတင်းအစီအစဉ် များနှင့် မြန်မာ့အသံရေဒီယိုလိုင်းများကို Android ဖုန်းများပေါ်တွင် စတင်စမ်းသပ်ထုတ်လွှင့်မည်

Posted by drmyochit Tuesday, July 09, 2013, under | No comments



ပြည်သူတို့အတွက် ၀န်ဆောင်မှု အသစ်တစ်ခု အနေဖြင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ MRTV Mobile Application တစ်ခုကို စတင် တည်ဆောက်လျက် ရှိပြီး ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၁၅)ရက်နေ့မှ စတင်ကာ Android Mobile ဖုန်းများပေါ်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သတင်းအစီအစဉ် များကို ကြည့်ရှုခံစား နိုင်တော့မှာဖြစ်ပြီး မြန်မာ့အသံ ရေဒီယိုလိုင်း ဖျော်ဖြေ တင်ဆက်မှု များကို နားထောင်ခံစား နိုင်ရန်အတွက် Mobile Software များကို စမ်းသပ် ထုတ်လွှင့် ပေးသွားတော့မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ ပြည်သူများ၏ Mobile ဖုန်း အသုံးပြုမှုတွင် အများဆုံး အသုံးပြုလျက် ရှိသည့် Android Mobile ဖုန်းများပေါ်တွင် အသုံးပြုနိုင်မည့် MRTV APK Software (MRTV Icon ပါ APK Software) နှင့် MRTV Radio Station APK Software (MRTV Radio Station Icon ပါ APK Software) တို့အား ဇူလိုင်လ (၁၅)ရက်နေ့မှ စတင်ပြီး Google Play တွင် အခမဲ့ Download ရယူ အသုံးပြု နိုင်မှာ ဖြစ်ပါသည်။ ဆက်လက်ပြီး iPhone အသုံးပြုသူ များအတွက်ပါ အဆင်ပြေစေမည့် MRTV Mobile Version အား ဆက်လက် ထုတ်ဝေ ပေးသွားမည် ဖြစ်ပါသည်။ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အနေဖြင့် ရုပ်မြင်သံကြားနှင့် ရေဒီယို အစီအစဉ်များအား တိုက်ရိုက်ခံစား စေနိုင်ရန်အတွက် LIVE Streaming ထုတ်လွှင့်မှု များကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းသိရသည်။

Ref: MRTV

ခင်ပွန်းဝါးခုတ်သွားခိုက် ဇနီးအဓမ္မကြံစည်ခံရ

Posted by drmyochit Tuesday, July 09, 2013, under | No comments


ခင်ပွန်းသည် ဝါးခုတ်ရန် တောတွင်းသို့ ညအိပ် ခရီး သွားစဉ် ဇနီးကို အဓမ္မပြုရန် ကြံ စည်မှုတစ်ခု ဇူလိုင် ၇ ရက် နံနက် ၁ နာရီခန့် တွင် မကွေးတိုင်း တောင် တွင်းကြီးမြို့နယ် တွင် ဖြစ်ပွားခဲ့ကြောင်း အဆို ပါဒေ သမှ အပိုင်ရဲစခန်းဖြစ်သည့် ဆတ် သွား ရဲ စခန်းက သတင်း ထုတ်ပြန် သည်။

အဓမ္မကျင့်ရန် ကြံစည်ခံရသူ အမျိုးသမီး မှာ ခင်ပွန်းသည် ခရီးသွားနေသဖြင့် တစ်ဦး တည်း အိပ် စက်နေ စဉ် သန်းခေါင်ကျော်အချိန် တွင် အမျိုးသားတစ်ဦးက ခြင်ထောင်တွင်းသို့ ဝင်လာကာ ထမီကို ဆွဲလှန် သဖြင့် ရုန်းရင်း ဆန်ခတ်ဖြစ်ခဲ့ကြောင်း ရဲမှတ်တမ်းတွင် တွေ့ ရသည်။

ထို့နောက် အမျိုးသမီးက ဘေးပတ်ဝန်း ကျင်သို့ အော်ဟစ် အကူအညီတောင်းခံရာ ထိုအမျိုး သားက ပါးစပ်ကို အတင်း ပိတ်ထား သဖြင့် ရုန်းကန်၍ ထပြေးကာ အိမ်နီးချင်း များကို နာမည် အော်ခေါ် သဖြင့် ဘေးကပ် လျက် အိမ်မှ အိမ်ရှင်မက ပြေးလာသဖြင့် အဓမ္မကျင့်ရန် ကြံစည် သူမှာ ထွက်ပြေးသွား ခဲ့သည်ဟုလည်း ကာယကံရှင်က ရဲကို ထွက် ဆိုသည်။

ယခုကိစ္စကို ဒေသအပိုင်ရဲစခန်း ဖြစ်သည့် ဆတ်သွားရဲစခန်း၌ အမှုဖွင့်ရာတွင် ကိုကျော်လွင်ဦး ဆိုသူကို အဓမ္မကျင့်ရန် ကြံစည်သူ အဖြစ် တရားလို အမျိုးသမီးက စွပ်စွဲ တိုင်တန်း ထားသည်ကို တွေ့ရပြီး ရဲများက လည်း အမှုအမှတ်(ပ)၇၈/၂ဝ၁၃ ဖြင့် အမှု ဖွင့်ထားသည်ကို ရဲစခန်း၏ မှတ်တမ်းများ တွင်လေ့လာတွေ့ရှိရသည်။

ထို့ပြင် ကိုကျော်လွင်ဦးကို ရဲများက ဖမ်း ဆီးစစ်ဆေးနေပြီး သူသည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆/၅၁၁ ဖြင့် တရားစွဲခံရနိုင် ချေ ရှိသည်ဟုလည်း ရဲဌာနက ထုတ်ပြန် ထားသည်။ 

ဟင်္သာ(တောင်တွင်းကြီး)
ဇူလိုင်လ ၉ ရက်နေ့ထုတ် မဇ္ဈိမသတင်းစာ

ကချင် အထူးဒေသ (၁ ) နယ်မြေအတွင်း ကေအိုင်အေ တပ်စွဲထားခြင်းကို ကန့်ကွက်

Posted by drmyochit Tuesday, July 09, 2013, under | No comments


ရန်ကုန်၊ ဇူလိုင် ၈

ကချင်ပြည်နယ် အရှေ့မြောက်ဖျား ဒေသရှိ ကချင် အထူးဒေသ (၁)နယ်မြေ အတွင်းတွင် ကေအိုင်အေများ တပ်စွဲ ထားခြင်းကို ဒေသခံများက ကန့်ကွက်ကြောင်း လက်မှတ် ရေးထိုးကာ ပြည်နယ် ဝန်ကြီးချုပ်ထံ တောင်း ဆိုထားကြောင်း ကချင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ဖြစ်သူ ဦးဇခုန်ယိန်းဆောင်က ပြောကြား သည်။

“ကေအိုင်အေတွေ ရောက်လာလို့ ဒေသခံတွေ စားနပ်ရိက္ခာ လိုတယ်။ ကလေးတွေ ပညာမသင်ရဘူး။ လုံ လုံခြုံခြုံ မနေရဘူး။ ဒါကြောင့် ဒေသခံတွေ က သူတို့ (ကေအိုင်အေ) တွေ ရှိနေတာကို လက်မခံဘူး တောင်း ဆိုတဲ့ အတွက် သူတို့ ကိုယ်စား အစိုးရကို တင်ပြပေးတာပါ” ဟု ၎င်းက ဆိုသည်။

ကေအိုင်အေ တပ်များသည် ကချင် အထူးဒေသ (၁) နယ်မြေဖြစ်သော တရုတ်-မြန်မာနယ်စပ် မိုင်တိုင် (၆) နှင့် (၇) တစ်ဝိုက်ကို ၂၀၁၂ ခုနှစ် ဧပြီလ တတိယပတ်တွင် ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ကာ တပ်စွဲထား သည့် အတွက် အစိုးရ နယ်ခြားစောင့်တပ်နှင့် ဒေသခံ ပြည်သူ့စစ်တို့က ပြန်လည် တိုက်ခိုက်ခဲ့သော်လည်း ကေအိုင်အေ တပ်များ တပ်စွဲထားဆဲဖြစ်ကြောင်း ယင်းဒေသခံတို့က တူညီစွာ ပြောဆို ကြသည်။

ယင်းတိုက်ပွဲများကြောင့် ပန်ဝါမြို့နယ်ခွဲအတွင်းရှိ လဂွေကျေးရွာနှင့် ဖရဲကျေးရွာတို့၌ ထိခိုက်မှု များပြား ပြီး စစ်ဘေးရှောင် ဒုက္ခသည် အများစုမှာ လည်း ထိုကျေးရွာများမှ ဖြစ်သည်ကို တွေ့ရသည်။

လဂွေကျေးရွာမှ ဒေသခံ ပြည်သူ့စစ် တစ်ဦးကမူ “ကေအိုင်အေဆိုတာ နာမည်ပဲ ကြားဖူးတယ်။ မြင်တောင် မြင်ဖူးကြတာ မဟုတ်ဘူး။ ဒါကြောင့် သူတို့ နယ်မြေ မဟုတ်တဲ့အတွက် ဆုတ်ပေးရမယ်။ သူတို့ မဆုတ်ရင် တိုက်ပွဲ ဖြစ်နေဦးမှာပဲ” ဟု ပြောကြားသည်။

လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သော ဒီမိုကရေစီသစ် တပ်မတော် (ကချင်) NDA-K က ၁၉၈၉ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ ငြိမ်းချမ်းရေး ရရှိသည့်အခါ ကချင်ပြည်နယ် အရှေ့မြောက်ဘက် ဒေသရှိ ယင်းအဖွဲ့အစည်း ထိန်းချုပ် ဧရိယာကို ကချင် အထူးဒေသ (၁) နယ်မြေ အဖြစ် သတ်မှတ်ခဲ့ပြီး လက်နက် ကိုင် တပ် ဖွဲ့ကို ၂၀၀၉ ခုနှစ်တွင် အစိုးရ၏ နယ်ခြားစောင့်တပ်အဖြစ် လက်ခံခဲ့ပြီး ခေါင်းဆောင်ပိုင်း အချို့ က ရွေးကောက်ပွဲ ဝင်ခဲ့ကြသည်။

ကချင် အထူးဒေသ (၁) နယ်မြေအတွင်းတွင် လောဝေါ်၊ လချိတ်၊ လီဆူး လူမျိုးများ အများစု နေထိုင်ကြသည်။

The Voice Weekly

KIA အဖွဲ့၏ ဖမ်းဆီးခြင်းခံရသော ဒေသခံကျောင်းသား/သူ လူငယ် (၁၃) ဦး ငါးလအကြာမှ ပြန်လည် လွတ်မြောက်

Posted by drmyochit Tuesday, July 09, 2013, under | No comments



ကချင်ပြည်နယ်မိုင်ဂျာယန်အထက်တန်းကျောင်းတွင်ပညာသင်ကြားနေသော ဒေသခံကျောင်းသားကျောင်း သူ (၁၃) ဦးအား လွန်ခဲ့သော ငါးလခန့်က KIA အဖွဲ့တစ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ဇူလိုင် ၆ ရက် နေ့လည် ၁၂ နာရီတွင် မိုင်ဂျာယန်ရှိ မိဘဆွေမျိုးများထံသို့ ပြန်လည်လွတ်မြောက်ရောက်ရှိ လာ ခဲ့ကြောင်း သိရှိရသည်။

“ ၂ လပိုင်းမှာ အဋ္ဌမတန်း ကျောင်းသူ ၃ ဦးနဲ့ န၀မတန်းကျောင်းသား ၄ ဦး စုစုပေါင်း (၇) ဦးကို ပထမ အကြိမ် ခေါ်သွား တယ် ၊ ၄ လပိုင်းမှာ န၀မတန်းကျောင်းသား ၄ ဦးနဲ့ အဋ္ဌမတန်းကျောင်းသူ ၂ ဦး စုစုပေါင်း (၆) ဦးကို ဒုတိယအကြိမ် ခေါ်သွားတယ်၊ စုစုပေါင်း (၁၃) ယောက်ရှိတာပေါ့၊ ကျောင်းဖွင့် ရာသီရောက်ပြီ ဆိုတော့ မိဘဆွေမျိုးတွေက KIO ပညာရေးဋ္ဌာနတာဝန်ခံ ဦးဆွန်လွတ်ဂမ်ဆီကို စာရေးတဲ့ သူကရေး၊ ဖုန်းနဲ့လည်း ဆက်သွယ်ပြီး ကလေးတွေ ပညာဆက် သင်နိုင်ဖို့ ပြန်လည်ပေးဖို့ KIO ကိုတင်ပြပေး ပါလို့ အကြိမ်ကြိမ် တောင်းပန်ခဲ့ကြတယ်၊ ဒါကြောင့် ကလေးတွေ ပြန်လွတ် လာတာပါ၊ အခြေ အနေကြည့် ပြီး ကလေးတွေကို မိုင်ဂျာယန်ကျောင်းမှာ ပညာသင်ခိုင်းဖို့ စဉ်းစားနေပါတယ်၊ မြစ်ကြီးနားနဲ့ ဗန်းမော် မှာ သွားထားဖို့ အချို့ကလည်း စီစဉ်နေကြတယ်၊ ကျွန်တော်တို့ ကလေးတွေရဲ့ အနာဂတ်ဟာ KIO ရဲ့ လက်ထဲမှာဆိုရင်တော့ ဒီမှာ ကျောင်းမထားတော့ပါဘူး၊ အခြားမြို့တွေကို ပြောင်းပြီးနေသင့်ရင် နေ ရတော့မှာပါ ” ဟု မိုင်ဂျာယန်မြို့ခံ ကျောင်းသားမိဘ တစ်ဦးက ပြောသည်။

အဆိုပါ ပြန်လည်လွတ်မြောက်လာသော ကျောင်းသား/သူ (၁၃) ဦးသည် မိုင်ဂျာယန်အထက်တန်းကျောင်း ၌ ဇူလိုင် ၇ ရက်နေ့မှစ၍ ကျောင်းပြန်တက်နေကြပြီဖြစ်ကြောင်း မြို့ခံများထံမှ သိရှိရပါသည်။

ခွန်နော်
Kachin

"ရုပ်ရှင် လောကသား ရဲတိုက်ကို ဥပဒေ ဘောင် အတွင်း က ကူညီ ပေးသွား မည် ဖြစ်ကြောင်း ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ လူမင်းပြောကြား"

Posted by drmyochit Tuesday, July 09, 2013, under | No comments


ပဲခူး ခရိုင် ၊ကျောက်တံခါး မြို့ စာတိုက် ရပ်ကွက် ၊ဒဂုံ-မန်း ကားလမ်းမပေါ်ရှိ လပ်ခ်ျမီး လက်ဖက်ရည်ဆိုင်၌ ဇူလိုင် ၄ရက်၊ နံနက် ၃နာရီ ခန့်တွင် သရုပ်ဆောင် ရဲတိုက် ကို ဆေးခြောက် ဟု ယူဆ ရသော အ ရွက်ခြောက် များနဲ့ အတူ ဖမ်းဆီး ရမိခဲ့ကြောင်း သိရှိရ သည်။ ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်တွင် ဆေးခြောက် များနှင့် အတူ ဖမ်းဆီး ရမိခဲ့ပုံနှင့် ပတ်သက် ပြီး ကျောက်တံခါး ရဲစခန်းသို့ ဇူလိုင် ၅ ရက်နေ့က ပေါ်ပြူလာ ဂျာနယ်မှ ဆက်သွယ်မေးမြန်းရာ အဆိုပါ စခန်းမှ တာဝန်ကျ ရဲအရာရှိ တာဝန်မှူး တစ်ဦးက ၄င်းဖြစ်စဉ်နှင့် ပတ်သက်ပြီး "၄ရက်နေ့၊ မနက်၃နာရီ အချိန်လောက် က တာဝန်ကျ အဖွဲ့တွေ ကင်းလှည့်နေတုန်း သတင်း ရတော့ သွားပြီးတော့ ဖမ်းဆီးတယ်။ သွားပြီး ဖမ်းတုန်းကတော့ ဘယ်သူ ဘယ်ဝါရယ်လို့ မသိဘူး။ သူ့ကို ရှာဖွေကြတယ်။ ရှာဖွေ ပြီးတော့မှ သူ့ကို ရဲတိုက်မှန်း သိကြတာ။ အခုတော့ အရေးယူ ထားပါတယ်။ မူး ယစ်ဆေး ဝါးနှင့် စိတ်ကို ပြောင်းလဲစေတဲ့ အက် ဥပဒေ ပုဒ်မ (၁၅/၁၆(ဂ))နဲ့ အရေးယူ ထားပါတယ်။ အခု လက်ရှိ အချိန် မှာတော့ ကျောက် တံခါး ဆေးရုံမှာ တင်ထားပါတယ်။ သူ့ကို ညနေပိုင်းလောက်က စပြီးတော့ ကျောက် တံခါး ဆေးရုံ ကို ပို့ထားပါတယ်" လို့ ၄င်းကပြောပြသည်။

ရုပ်ရှင် လောကသား တစ်ဦး ဖြစ်သည့် သရုပ်ဆောင် ရဲတိုက် ကိစ္စနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အနေဖြင့် မည်သို့ ဆောင် ရွက် ပေးသွားမည် ဆိုသည်ကို ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းထံ ဆက်သွယ် မေးမြန်းရာ "ပထမစိန့်မေရီ ကာသီဒြယ် ခရစ်ယာန်ကျောင်း မှာဖြစ်တဲ့ ပြဿ နာတုန်းက အစည်းအရုံး က အဖွဲ့ဝင်တွေ သိသိချင်း သွားရောက် ဖြေရှင်းပေး ခဲ့ပါတယ်။ အခုကိစ္စကိုလည်း အစည်းအရုံး အနေနဲ့ ဥပဒေဘောင် အတွင်းက ကူညီလို့ရတာ ကူညီသွားမှာပါ။ တရား ဥပဒေ အထက်မှာ အစည်း အရုံးလည်း မရှိပါဘူး"ဟု ပြောပြခဲ့သည်။

သရုပ်ဆောင် ရဲတိုက်သည် ၂ဝ၁၃ခုနှစ် မေလ(၂၈) ရက်နေ့က ဗိုလ်တစ်ထောင် မြို့နယ်ရှိ စိန့်မေရီ ကာသီဒြယ် ခရစ်ယာန်ကျောင်း အတွင်း တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ခြင်း အတွက် ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၂၉၅/(က)ဖြင့် ဗိုလ်တထောင် တရားရုံးတွင် တရားစွဲ ဆိုခံရပြီး ယင်း အမှုအတွက် ပထမ ရုံးချိန်းကို ဇွန်၁ဝရက်၊ ဒုတိယ ရုံးချိန်းကို ဇွန်၂၁ ရက်နှင့် တတိယ ရုံးချိန်းကို ဇူလိုင် ၁ရက်နေ့ အထိ အမှု ရင်ဆိုင်နေရပြီး စတုတ္ထမြောက် ရုံးချိန်း ကို ဇူလိုင်(၁၁) ရက်နေ့၌ အမှု ရင်ဆိုင်ရမှာဖြစ်ကြောင်း သိရသည်။

Popular Journal

ဘင်္ဂလားဒေ့ရှ်မှ စွပ်စွဲသည့် မြေမြှုပ်မိုင်း ကိစ္စမှာ နယ်စပ်တွင် ရှိနေသည့် သောင်းကျန်းသူများ၏ လက်ချက်သာ ဖြစ်ကြောင်း မြန်မာဘက်မှ ပြောကြား

Posted by drmyochit Tuesday, July 09, 2013, under | No comments


မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကို တွေ့ရစဉ်

မြန်မာ-ဘင်္ဂလားနယ်စပ် တစ်လျှောက်တွင် မြန်မာဘက်မှာ မြေမြှုပ်မိုင်းများ ထောင်နေကြောင်း ဘင်္ဂ လားဒေ့ရှ် အာဏာပိုင်များက စွပ်စွဲပြောဆို နေခြင်းမှာ နယ်စပ်တွင် ရှိနေသည့် သောင်းကျန်သူများ၏ လက်ချက် သာ ဖြစ်နိုင်ကြောင်း နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ် ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်နိုင်ဦးက ပြောကြားခဲ့သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့မှ မြန်မာနယ်စပ် ခြံစည်းရိုးများကို လာရောက်ဖောက်ခြင်း၊ ခြံစည်းရိုး လုပ်သားများကို တိုက်ခိုက်ခြင်းရှိပြီး ဘင်္ဂလားဒေ့ရှ်ဘက်မှ မြေမြှုပ်မိုင်း ထောင်ထားမှု ရှိနေသည်ဟု ပြောဆိုနေသော်လည်း မြန်မာနယ်စပ်ဘက်တွင် တစ်စုံတစ်ရာ ဖြစ်ပျက်မှု မရှိသေးကြောင်း ဆက်လက် ပြောကြားခဲ့သည်။

နယ်စပ် မိုင်တိုင် ၃၉ နှင့် ၄၀ အကြား၊ နယ်စပ်မျဉ်းမှ ကီလိုမီတာ ၇၀ အတွင်းတွင် မြန်မာစစ်တပ်မှ မြေမြှုပ်မိုင်း ထောင်ထားပြီး မိုင်တိုင် ၃၇ နှင့် ၃၈ အကြားတွင်လည်း နယ်စပ်မျဉ်းမှ ကိုက် ၁၀၀ အတွင်း မြေမြှုပ်မိုင်းများ ကို တောက်လျှောက် ချထားနေသည်ဟု စွပ်စွဲ ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းနေရာများသည် မြန်မာနယ်စပ် ခြံစည်းရိုး လုပ်သားများအား အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့မှ တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် နေရာများ ဖြစ်နေကြောင်းလည်း သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းပိုင်းတွင် သောင်းကျန်းသူများ ရှိနေကြောင်းနှင့် ယင်းတို့၏ လုပ်ရပ်များသာ ဖြစ်နိုင်ကြောင်းနှင့် အဆိုပါ သောင်းကျန်းသူများအား ဘင်္ဂလားဒေ့ရှ် အစိုးရအနေဖြင့် အရေးယူ ဖမ်းဆီးခြင်း မရှိကြောင်းလည်း သိရသည်။

From: Eleven

အိန္ဒိယ မူဂျာဟစ်ဒင် အဖွဲ့ဝင်များက ဗုဒ္ဓဂယာကို ဗုံးဖောက်ခွဲ တိုက်ခိုက်မည်ဟု ၂၀၁၂ ခုနှစ် ကတည်းက ရဲထံထွက်ဆိုထားပြီး ဇူလိုင် ၇ ရက် ဗုံးဖောက်ခွဲမှုများ အတွက် သံသယရှိဖွယ် တစ်ဦးအား ထပ်မံဖမ်းဆီး

Posted by drmyochit Tuesday, July 09, 2013, under | No comments


ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ ဗုဒ္ဓဂယာနယ်မြေအတွင်း သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများနှင့် ဘာသာရေး ခေါင်းဆောင်များ ကြည့်ရှုစစ်ဆေးနေစဉ်။(ဓာတ်ပုံ-AFP)

အိန္ဒိယ မူဂျာဟစ်ဒင် အဖွဲ့ဝင်များက ဗုဒ္ဓဂယာကို ဗုံးဖောက်ခွဲ တိုက်ခိုက်မည်ဟု ၂၀၁၂ ခုနှစ်ကတည်းက အိန္ဒိယ ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားပြီး ဇူလိုင် ၇ ရက် ဗုံးဖောက်ခွဲမှုများ အတွက် သံသယရှိဖွယ် တစ်ဦးကို ထပ်မံဖမ်းဆီး လိုက်ကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြထားသည်။

ဇူလိုင် ၇ ရက်နံနက်ပိုင်းက ဗုဒ္ဓဂယာ ကျောင်းဝန်းအတွင်း ဖြစ်ပွားခဲ့သည့် ဗုံးဖောက်ခွဲမှုများ အတွက် လုံခြုံရေး ကင်မရာ မှတ်တမ်းများကို ပြန်လည် စစ်ဆေးခဲ့ရာမှ အိန္ဒိယရဲများက ဇူလိုင် ၈ ရက်တွင် လူတစ်ဦး ကို ထပ်မံ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဗုံးဖောက်ခွဲမှုများ အတွက် လူနှစ်ဦးက ဖောက်ခွဲရေး ပစ္စည်းများအား နေရာချခဲ့သည့် ပုံများကို လုံခြုံရေး ကင် မရာများတွင် တွေ့ရှိခဲ့ရာမှ တစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

''လုံခြုံရေး ကင်မရာ မှတ်တမ်းတွေကနေ ဗုံးထောင်ခဲ့သူ နှစ်ဦးစလုံးကို ဖမ်းဆီးနိုင်ဖို့ ရဲတပ်ဖွဲ့က ဆောင် ရွက်နေ ပါတယ်'' ဟု ဂယာမြို့ ရဲအရာရှိ ချန်ဒန်ကူရှဝါဟာက အေအက်ဖ်ပီသို့ ပြောကြားသည်။

''ဖမ်းဆီးထားတဲ့သူရဲ့ အမည်က ဗင်နော့မီစထရီလို့ သိရပါတယ်'' ဟု ရဲအရာရှိ အက်စ်ကေဘာရာဒွာဂျာက ပြောကြား ခဲ့သည်။

မီစထရီကို ဘီဟာပြည်နယ်၊ မြို့တော် ပတ္တနား တောင်ဘက် မိုင် ၈၀ အကွာရှိ မော်သူပုန်များ၏ အဓိက ခြေကုပ်ဒေ သဖြစ် သည့် ဘရာချတ်တီ ဧရိယာတွင် ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင် ငံတွင် ဖြစ်ပွားနေသည့် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်ဘာသာ ၀င်များအကြား ဖြစ်ပွားနေ သည့် ပြဿနာများအပေါ် ကလဲ့စားချေရန် အတွက် ဗုဒ္ဓဂယာ ကျောင်းတော်ကို အစ္စလာမ္မစ် စစ်သွေးကြွ များက ပစ်မှတ်ထား တိုက်ခိုက်ဖွယ်ရှိကြောင်း သက်ဆိုင်ရာ အာဏာပိုင်များကို ကြိုတင်သတိပေး ထားခဲ့ သည်ဟု ဒေလီမြို့တော်ရဲများက ပြောကြားခဲ့သည်။

အိန္ဒိယတွင် ဗုဒ္ဓဘာသာဝင်များကို တိုက်ခိုက်ခံရမှုမှာ ရှားပါးသော်လည်း မြန်မာ၊ သီရိလင်္ကာနှင့် ဘင်္ဂ လားဒေ့ရှ် နိုင်ငံများတွင် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်ဘာသာဝင်များအကြား တိုက်ခိုက်မှုများ ဖြစ်ပွား ပြီး နောက် ဒေသ အများအပြားတွင် တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။

ဗုဒ္ဓဂယာကို တိုက်ခိုက်ရန် သတင်းအချက်အလက်များကို တိတ်တဆိတ် စုဆောင်းနေမှုကြောင့် အိန္ဒိယ မူဂျာဟစ်ဒင် အဖွဲ့ဝင်များအား ဖမ်းဆီးခဲ့ပြီးနောက် ပထမအကြိမ် ဗုံးခွဲတိုက်ခိုက်မှုသည် ဟိုက်ဒရာ ဘတ် မြို့၏ ဒါစုခန်ဂါအရပ်တွင် ဖြစ်ပွားခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ဗုဒ္ဓဂယာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုများ ပြုလုပ်ရန်အတွက် အချက်အလက် စုဆောင်မှုများ လုပ်ဆောင်နေသည့် အိန္ဒိယမူ ဂျာ ဟစ်ဒင် အဖွဲ့ဝင်များကို စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်ပြီးနောက် ဖောက်ခွဲမှုများ ဖြစ်ပေါ်လာခြင်းသည် အဆို ပါ ဖောက်ခွဲမှုများတွင် ၎င်းတို့အဖွဲ့ ပါဝင်နေခြင်းကို ဖော်ပြနေရုံသာမက ဒေလီနှင့် မွမ်ဘိုင်း မြို့များ တွင် ၎င်းတို့ အဖွဲ့ကပင် တိုက်ခိုက်ဖွယ်ရှိကြောင်း အချက်အလက်များက ဖော်ပြနေသည်ဟု အိန္ဒိယ ရဲတပ် ဖွဲ့က ပြောကြား ထားသည်။

နယူးဒေလီရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် အိန္ဒိယမူဂျာဟစ်ဒင် အဖွဲ့မှ ဆာယက်မက်ဘော၊ အာဆတ်ခန်း၊ လန်ဒီ အီရာဖန်နှင့် အီမာရန်ခန်းတို့အား ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ အတွင်းက စစ်ဆေးမေးမြန်း ရာတွင် အန်ဒရာပရာဒေ့ရှ်ပြည်နယ်၊ ဟိုက်ဒရာဘတ်မြို့၏ ဒါစုခန်ဂါအရပ်နှင့် ဗုဒ္ဓဂယာရှိ ဗုဒ္ဓဘာသာ ဘုရား ကျောင်း များကို တိုက်ခိုက်ရန် အတွက် အချက်အလက်များအား စုဆောင်းရန် ပါကစ္စတန်အခြေစိုက်၊ အိန္ဒိယ မူဂျာဟစ်ဒင် အဖွဲ့ကို တည်ထောင်သူ ရီယက်ဘတ်တယ်က ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း ထွက်ဆို ခဲ့ကြ သည်။

ထို့ပြင် Lashkar-e-Taiba ၏ အမေရိကန်-ပါကစ္စတန် အကြမ်းဖက်သမား ဒေးဗစ်ကိုးလ်မန်းဟတ်လေး က လည်း FBI နှင့် NIA တို့၏ စစ်ဆေးမှုအတွင်း အကြမ်းဖက်ပစ်မှတ် တစ်ခုအဖြစ် ဗုဒ္ဓဂယာကို လျာထားကြောင်း ထွက် ဆိုခဲ့သည်။

ယခုအခါ ယင်းနေရာ နှစ်ခုစလုံး၌ပင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သောကြောင့် ၎င်းတို့ ထွက်ဆိုချက်များတွင် ပါဝင်သည့် အခြားနေရာများ၌လည်း လုံခြုံရေးများ တင်းကျပ်စွာ ချသွားမည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

၎င်းတို့၏ ထွက်ဆိုချက်များအရ နောက်ထပ်ပစ်မှတ်များမှာ ဒေလီမြို့နှင့် မွမ်ဘိုင်းမြို့များဖြစ်ပြီး ဒေလီမြို့ရှိ ဆာ ဒါဈေးနှင့် ချန်နီအရပ်တို့တွင် ၎င်းတို့လေးဦးက စုံစမ်းမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ အဆိုပါ နေရာများ သည် လူထူထပ်သောကြောင့် သေဆုံးသူများ များနိုင်သောကြောင့် ဖောက်ခွဲရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း ထွက် ဆိုခဲ့ကြသည်။

ထို့ပြင် မွမ်ဘိုင်းမြို့၊ အန်ဒါရီ ဘူတာရှိ မက်ဒေါ်နယ်ဆိုင်၊ ဆန်တာခရုဇ် ဘူတာအနီးရှိ ဆာရီဆိုင်များနှင့် စားသောက်ဆိုင်များ၊ ဒါဒါဘတ်စ်ကားမှတ်တိုင်၊ စီအက်စ်တီဘူတာနှင့် ပန်ဗယ်ဘူတာတို့အပြင် လူများသည့် နေရာအချို့ကိုလည်း တိုက်ခိုက်ရန် စီစဉ်ခဲ့ကြောင်း ထွက်ဆိုခဲ့ကြသည်။

အိန္ဒိယမူဂျာဟစ်ဒင် အဖွဲ့အနေဖြင့် ၎င်းတို့ကို နိုင်ငံတကာက အာရုံစိုက်လာစေရန်အတွက် ဗုဒ္ဓဂယာကို တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း ဒေလီရဲတပ်ဖွဲ့က ပြောကြားသည်။

From: Eleven

ရန်ကုန်-မန္တလေး အမြန်လမ်းမတွင် အိမ်စီးကားနှင့် မန္တလာမင်း အဝေးပြေးယာဉ်တို့ တိုက်မိပြီး လေးဦးသေဆုံး

Posted by drmyochit Tuesday, July 09, 2013, under | No comments


ယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက် surf အိမ်စီးကားကို တွေ့ရစဉ်

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ပေါ်တွင် ဇူလိုင် ၇ ရက် နံနက် ၁ နာရီခွဲက surf အိမ်စီးကား တစ်စီးနှင့် မန္တလာမင်း အဝေးပြေးယာဉ် တစ်စီးတို့ တိုက်မိမှုကြောင့် surf အိမ်စီးကားပေါ်တွင် ပါသော ယာဉ်မောင်း တစ်ဦးနှင့် မိသားစု သုံးဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဇူလိုင် ၇ ရက် နံနက် ၁ နာရီခွဲတွင် ရန်ကုန်-မန္တလေး အမြန်လမ်းကြီး မိုင်တိုင် အမှတ် ၂၆၂ မိုင်၊ ၃ ဖာလုံ ပျော်ဘွယ်မြို့နယ်အတွင်း ရန်ကုန်မှ မိတ္ထီလာသို့ မောင်းနှင်နေသည့် surf အိမ်စီး ကား (အဖြူရောင်) ယာဉ်ကို ရန်ကုန်-မန္တလေး ပြေးဆွဲနေသော မန္တလာမင်း ခရီးသည်ယာဉ် တစ်စီး က လက်ဝဲဘက်မှ ကျော်တက်စဉ် surf အိမ်စီးကား၏ ဘယ်ဘက်ခြမ်း နောက်ပိုင်းအား ၀င်တိုက်မိကြောင်း သိရသည်။

ယင်းသို့ ၀င်တိုက်မှုကြောင့် surf အိမ်စီးကားမှာ မန္တလာမင်း ခရီးသည်တင်ယာဉ်၏ အရှေ့သို့ ရောက်ရှိ သွားခဲ့ သဖြင့် ထပ်မံတိုက်ခံရကာ တိမ်းမှောက်သွားခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ ယာဉ်တိုက်မှု ဖြစ် စဉ်ကြောင့် surf အိမ်စီးကားတွင် ပါရှိသည့် မိသားစုဝင် သုံးဦးဖြစ်သည့် ဦးညိုဝင်း (၄၅) နှစ်၊ ဒေါ်နီနီစိုး (၄၄) နှစ်၊ မဖြိုးဖြိုးလွင် (၂၈) နှစ်နှင့် ယာဉ်မောင်း အပါအ၀င် စုစုပေါင်း လေးဦး အခင်းဖြစ်နေရာတွင် သေဆုံး ခဲ့ကြောင်း သိရသည်။

ထိုသို့ အတိုက်ခံရသော surf အိမ်စီးကားပေါ်ရှိ မိသားစုဝင်များမှာ မိတ္ထီလာမြို့တွင် ရောက်ရှိနေသူ မိခင် ကျန်းမာရေး မကောင်းသဖြင့် ဆေးကုသမှု ခံယူရန်အတွက် ရန်ကုန်သို့ ခေါ်ဆောင်ရန် သွားရောက်ခြင်း ဖြစ်ကြောင်း သိရသည်။

''အခင်းဖြစ်ပြီး ကျွန်တော်ရောက်သွားတော့ ပျော်ဘွယ်လေး ရဲစခန်းမှာ စစ်ချက်ယူတယ်၊ ဖြစ်တဲ့နေရာမှာ ကျွန်တော်တို့ဘက်က လေးယောက်လုံး ပွဲချင်းပြီးသေတယ်'' ဟု အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက်ခဲ့သူ ကိုဝဏ္ဏက ဆိုသည်။

ယာဉ်တိုက်မှု ဖြစ်ပွားရာတွင် သေဆုံးသူ ယာဉ်ပိုင်ရှင် ကိုညွန့်ဝင်း၏ ဇနီးဖြစ်သူက ''ဒါနဲ့ပတ်သက်ပြီးတော့ ပျော်ဘွယ်လေး ရဲစခန်းကတော့ စစ်ချက်ယူထားတယ်၊ အမှုလဲ မဖွင့်ရသေးပါဘူး။ ကားမောင်းတဲ့ ကို ခိုင်မောင် လတ်က ကိုညွန့်ဝင်းရဲ့ သူငယ်ချင်း၊ နောက် ကျွန်မအစ်မနဲ့ အိမ်က ကလေးရယ် အားလုံးလေးယောက် သွားတာ အကုန်ပွဲချင်းပြီးတယ်'' ဟု သေဆုံးသူ၏ ဇနီးဖြစ်သူ ဒေါ်ဝင်းမာက ဆိုသည်။

ဇူလိုင် ၃ ရက်ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၉၄ လယ်ဝေးမြို့ အနီးတွင် အမျိုးသား ဆရာဝန်လေးဦးနှင့် ယာဉ်မောင်း အမျိုးသားတစ်ဦး စီးနင်းလိုက်ပါလာသော လန်ခရူဆာ ကားတစ်စီး တံတားတစ်ခုပေါ်မှ အရှိန်လွန်ပြုတ်ကျသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ယာဉ်ပေါ်ပါသူ ဆရာဝန်လေးဦးမှာ ဒေါက်တာအောင်မြင့် ၆၈ နှစ်၊ ဒေါက်တာမြအောင် ၆၇ နှစ်၊ ဒေါက်တာအောင်မြတ်စိုး ၆၁ နှစ်၊ ဒေါက်တာကျော်စိုး ၅၁ နှစ်တို့ဖြစ်ပြီး ယာဉ်မောင်းမှာ ဦးသန်းဦး ၅၇ နှစ်တို့ ဖြစ်သည်။

Eleven

Monday, July 08, 2013

လားရှိုးမြို့ မြို့လယ်ခေါင် ပန်းခြံတွင် ၁၀ တန်းကျောင်းသူ အသတ်ခံရ

Posted by drmyochit Monday, July 08, 2013, under | No comments


လားရှိုးမြို့ မြို့လယ် အပန်းဖြေဥယျာဉ်ကြီးတစ်ခုဖြစ်သော နန်းဟေဝန် ပန်းခြံ အတွင်း ယခုလ ၄ ရက်နေ့က အသတ်ခံထားရသည့် အမျိုး သမီး တဦး အလောင်း တွေ့ရှိ ခဲ့ကြောင်းသိရသည်။

“ ၄ ရက်နေ့ မနက် ၁၀ နာရီက ကွတ်ခိုင်လမ်း နဘေး ဘက်ခြမ်း ထိုင်ခုံတန်းတစ်ခုဘေးမှာ အလောင်း ကိုတွေ့တာ ။ ၁၁ နာ ရီလောက် မှာ အလောင်း ကို ရင်ခွဲစစ်ဆေးဖို့ လားရှိုးဆေးရုံ ကြီးကို ပို့ဆောင် ခဲ့ပါတယ်။ အလောင်းမှာ ရင်အုံ ၂ ခြမ်း လုံး၊ လည်ပင်းမှာနဲ့ နောက်ကျောမှာ ဓါးထိုးဒဏ်ရာ ၄ ချက် တွေ့ရှိခဲ့ပါတယ်” - ဟု သေဆုံးသူ၏ မိသားစု ဝင်များ ကပြောပါသည်။

သေဆုံးသူ အမည်မှာ မမိုးဆွေဦး ဖြစ်ပြီး အသက် ၁၇ နှစ် ရှိကြောင်း၊ ပြီးခဲ့ သည့် စာသင်နှစ်တွင် ဆယ် တန်းဖြေ ဆိုရာ လက်ရှိ စာမေးပွဲကျပြီး အလုပ်ရှာနေသူ ဖြစ်ကြောင်း၊ ၂-၇-၂၀၁၃ နေ့ခင်း ၁၁ နာရီလောက် က အလုပ်ရှာရန် အိမ်မှထွက်သွားရာမှ ပျောက်ဆုံးသွားခဲ့ကြောင်း ၄င်း၏ မိဘများက ပြောဆို ပါသည်။ ထို့ကြောင့်၎င်း တို့နေထိုင်သောရပ်ကွက်ရုံး၊ နယ်မြေခံရဲကင်း၊ လူကုန်ကူး မှုတားစီး ကာကွယ်ရေး အထူး အဖွဲ့သို့ မိဘများမှ လူပျောက် သတင်းပို့ခဲ့ ကြောင်း သိရှိခဲ့ရပါသည်။

“ သူ့မှာ ရွှေဆွဲကြိုးနဲ့ လက်စွပ် ၂ ကွင်း ၀တ်ဆင် သွားတယ်။ သူအသတ်ခံရ လဲ အဲဒီရွှေတွေက မပျောက် ဘူး။ ဘယ်သူက သတ်ပြီး ဘာအငြိုးနဲ့ သတ် တာလဲတော့မသိဘူး” ဟု မိသားစုဝင် တဦးက လည်းပြော သည်။

ဓါးဒဏ်ရာများမှာ ½ လက်မခန့် အရွယ်ဖြစ်သည်ဟု မှုခင်းဆရာဝန်နှင့် အနီးကပ်ရှိသူ ၀န်ထမ်း တစ်ဦးမှ ပြောပြ ခဲ့သည်။ အလားတူ သေဆုံးသူ၏ ဘေးတွင်လည်း အဆိုပါအရွယ် ဓါးတလက်ကိုပါ တွေ့ရှိသဖြင့် သက်သေခံပစ္စည်းဟု ယူဆရကြောင်း အဆိုပါဝန်ထမ်းကပင်သုံးသပ်ပြောဆိုပါသည်။

သို့သော် သေဆုံးမှုတွင် အဓမ္မ ပြုကျင့်ခံရခြင်းမရှိကြောင်း မှုခင်းဆရာဝန်က ဆေးစာတွင် ဖော်ပြ ထားသည်။

လားရှိုးမြို့လယ်ခေါင်တွင်ဖြစ်ပွားခဲ့ပါသောလူသတ်မှုဖြစ်စဉ်အား ယခုအခါလားရှိုးမြို့ မြို့မ ရဲစခန်းမှ လူသတ်မှုပုဒ်မ(၃၀၂)ဖြင့်အရေးယူထားပြီး အမှုမှာမပေါ် သေးကြောင်းသတင်း ရရှိသည်။

သျှမ်းသံတော်ဆင့်

နိုင်ဂျီးရီးယားစာသင်ကျောင်းကိုအစ္စလာမ္မစ် စစ်သွေးကြွများ တိုက်ခိုက်၊ကျောင်းသားများအား အရှင် လတ်လတ် မီးရှို့

Posted by drmyochit Monday, July 08, 2013, under | No comments


ဇူလိုင်လ၈ ရက်၂၀၁၃

နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း ယိုဘေပြည်နယ်ရှိစာသင်ကျောင်းတစ်ခုကို အစ္စလာမ္မစ် စစ်သွေးကြွ များဟု ယူဆရ သူများ အရုဏ်တက်ချိန်တွင်ဝင်ရောက် တိုက်ခိုက်သွားပြီးအရှင်လတ်လတ်မီးရှို့ သတ်ဖြတ်မှုများ၊ သေနတ်ဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ကျောင်းသား ၂၉ ဦးနှင့် ဆရာ တစ်ဦး သေဆုံး သွားကြောင်း BBC တွင် ဖော်ပြထားသည်။

အချို့သော ကျောင်းသားများက စစ်သွေးကြွများက အရှင်လတ်လတ်မီးရှို့ သတ်ခဲ့ကြောင်းမျက်မြင်တွေ့ ရှိသူများ က ပြောကြား သွားသည်။

တိုက်ခိုက်မှုဖြစ်ပွားရာ အရပ်အနီးရှိ ဆေးရုံတွင် ထိတ်လန့် တုန်လှုပ်နေသော မိဘများက မီးလောင် ဒဏ်ရာဖြင့် သေဆုံးသွားသော သားသမီးများ၏အလောင်းများကို ခွဲခြား သိရှိနိုင်ရန် ကြိုးပမ်းနေကြောင်းAP သတင်းတွင်ဖော်ပြထားသည်။

လက်နက်ကိုင် စစ်သွေးကြွများက ဆီအပြည့် ဖြည့်ထားသော ပုံးများဖြင့်စာသင်ကျောင်းသို ရောက်ရှိ လာပြီးကျောင်း ကို မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း အသက်ရှင် ကျန်ရစ်သူများက ပြောကြားသွားသည်။

ကျောင်းသား များကိုစစ်သွေးကြွများက အရှင်လတ်လတ် မီးရှို့သတ်ခဲ့ပြီး ထွက်ပြေးသော ကျောင်းသား များက သေနတ်ဖြင့်ပစ် သတ်ခဲ့ကြောင်းသတင်းတွင် ဖော်ပြထားသည်။

၂၀၁၀ ပြည့်နှစ်မှစတင်၍နိုင်ဂျီးရီးယား နိုင်ငံတွင်းရှိ စာသင်ကျောင်းဒါဇင်ပေါင်းများ စွာကို အစ္စလာမ္မစ် စစ်သွေးကြွ များက ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်းသတင်းတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း အစ္စလာမ္မစ် စစ်သွေးကြွများ၏ ပုန်ကန်မှု ပေါ်ပေါက်လာ ခြင်းကြောင့် နိုင်ဂျီးရီး ယားပြည်နယ်သုံးခု၌ နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာခဲ့ရပြီး တပ်ဖွဲ့ဝင်ထောင်ပေါင်း များစွာ စေလွှတ် ခဲ့ရသည်။

စာသင်ကျောင်းတိုက်ခိုက်မှုဖြစ်ပွားရာ ယိုဘေ ပြည်နယ်သည်အရေးပေါ် အခြေအနေ ကြေညာ ထားသည့် ပြည်နယ်သုံးခုအနက် တစ်ခု ဖြစ်သည်။

အဆိုပါ ဒေသတွင်း ကိုဘိုဟာရမ်စစ်သွေးကြွ အုပ်စု၏ တိုက်ခိုက်မှုများမကြာခဏ ဖြစ်ပွားလေ့ ရှိကြောင်း ဘီဘီစီ သတင်းထောက် ဝီလီယံရို့ကပြောကြားသည်။

မွတ်ဆလင်အများစုနေထိုင်ရာ နိုင်ဂျီးရီးယား နိုင်ငံမြောက်ပိုင်းတွင်အစ္စလာမ္မစ်နိုင်င တည်ထောင်နိုင်ရန်ရည်ရွယ်ပြီးဘိုကိုယာရမ် အဖွဲ့က လက်နက်ကိုင်တော်လှန်နေခြင်း ကြောင့် ၂၀၁၂ ခုနှစ်မှ စ၍ လူပေါင်း၆၀၀ ကျော် သေဆုံးခဲ့ရသည်။

The Voice Weekly

ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှုကြောင့် ရွှေတိဂုံစေတီတော်တွင် လုံခြုံရေးတိုးမြှင့်ချထား

Posted by drmyochit Monday, July 08, 2013, under | No comments


အိန္ဒိယနိုင်ငံဗုဒ္ဓဂယာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား ခဲ့သောကြောင့် ရန်ကုန်တိုင်းဒေသကြီးရှိ ရွှေတိဂုံ စေတီတော် တွင် လုံခြုံရေး တိုးမြှင့် ချထား မည်ဖြစ် ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကရုံးမှ သိရှိ ရသည်။

လုံခြုံရေးတိုးမြှင့် ချထားမှုအား သက်ဆိုင်ရာ ဂေါပကအဖွဲ့နှင့် ပြည်သူ့ရဲတပ်ဖွဲ့ပူးပေါင်းကာ လုံခြုံရေး ချထားမည်ဖြစ်ကြောင်း သိရှိရသည်။

“လက်ရှိယူထားတဲ့ လုံခြုံရေးထက်ကို ပိုတိုးပြီးတော့ လုံခြုံရေးယူသွားမယ်။ ကျွန်တော်တို့ လုံခြုံရေးချထားဖို့ ကိစ္စကိုလည်း အစည်းအဝေးလုပ်ပြီး တိုင်ပင်ဆွေးနွေးနေပါတယ်” ဟု ဂေါပကရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ဗုံးပါက်ကွဲမှုမှာ ဇူလိုင်လ (၇)ရက် နေ့တွင် ဗုံး(၈)လုံး အတွဲလိုက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ရဟန်း သံဃာတော် (၂)ပါးနှင့် လူ(၅)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“လုံခြုံရေးယူဖို့ကိုတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တာဝန်ယူပြီးလုပ်နေတယ်။ အင်အားဘယ်လောက်တို့ ဘာတို့ကတော့ မသိဘူး။ ရဲတပ်ဖွဲ့ရဲ့ အခြေခံအုပ်ချုပ်မှုအောက်ကနေပဲ လိုက်တာပါ”ဟု ဂေါပကရုံးမှာ တာဝန်ရှိသူ တစ်ဦးကပြောသည်

ပေါက်ကွဲမှုတွင် ဒဏ်ရာရရှိခဲ့သည့် ရဟန်းသံဃာတော်မှာ မြန်မာနိုင်ငံမှ စာလာသင်သော ဘုန်းကြီးတစ်ပါး၊ တိဘက်ဘုန်းကြီးတစ်ပါးနှင့် လူ(၅)ဦးခန့် ဒဏ်ရာရရှိခဲ့ကာ မပါက်ကွဲသေးသော ဗုံး(၄)လုံးအား တွေ့ရှိခဲ့ကြောင်း အိန္ဒိယနိုင်ငံ အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ရန်ကုန်နှင့် အလားတူ မန္တလေးတိုင်းအတွင်းရှိ တန်ခိုးကြီးဘုရားများ ဖြစ်သော မဟာမြတ်မုနိဘုရားကြီး၊ စွယ်တော်မြတ်စေတီ၊ ပြင်ဦးလွင်ရှိ မဟာအံ့ထူးကံသာစေတီနှင့် တန်ခိုးကြီးဘုရားများတွင် ပေါက်ကွဲမှု မဖြစ်ပေါ်စေရန် တိုးမြှင့်ကာ လုံခြုံရေးချထားကြောင်း သိရသည်။

ဗုံးအတွဲလိုက်ဖောက်ခွဲခဲ့သည့် တရားခံအား အမြန်ဆုံးအရေးယူပေးရန် သီရိလင်္ကာ သမ္မတက အိန္ဒိယ အစိုးရထံ တောင်းဆိုထားကြောင်းကိုလည်း သိရှိရသည်။

 By ထွန်းနေအောင် (မြစ်မခ)

ရခိုင်တွင် ကျည်ဆန်များ ရောင်းချမှုဖြင့် တပ်ကြပ် တဦးနှင့် အမျိုးသမီးတဦး ဖမ်းဆီးခံရ

Posted by drmyochit Monday, July 08, 2013, under | No comments



ဖမ်းဆီးရမိသော ကျည်ဆန်များနှင့် ပတ်သက်ပြီး သက်ဆိုင်ရာက စစ်ဆေးနေစဉ် (ဓာတ်ပုံ – နိရဉ္စရာ)

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အခြေစိုက် ခမရ (ခြေမြန်တပ်ရင်း) ၃၇၅ မှ တပ်ဖွဲ့ဝင် တဦးနှင့် အမျိုး သမီးတဦး တို့အား ကျည်ဆန်များ ရောင်းချမှုဖြင့် ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။

ခမရ ၃၇၅ တပ်ရင်းမှ တပ်ကြပ်ကျော်ဝေသည် စစ်တပ်ပိုင် ကျည်ဆန်များကို ကျောက်တော်ဒေသခံ ဒေါ်အေးကြည် ဆိုသည့် အမျိုးသမီးမှ တဆင့်ရောင်းချသည်ဟု စစ်ဆေးတွေ့ရှိရ၍ ၎င်းတို့နှစ်ဦးစလုံးကို ယမန်နေ့ က ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင် က ဧရာဝတီ ကို ပြောသည်။

“ကျည်ဆန်တောင့် ၃၀၀၊ ငွေသား ကျပ်၂ သိန်းကျော်နဲ့အတူ မအေးကြည်ကို ဖမ်းမိတယ်၊ အဲဒီကျည် ဆန်တွေ ဟာ တပ်ကြပ် ကျော်ဝေက ပို့ဆောင်ခိုင်းတာလို့ ထွက်ဆိုတယ်၊ မအေးကြည်ကို ရဲစခန်းမှာ စစ်ဆေးနေ တုန်းပါ၊ ကျော်ဝေကိုတော့ စစ်တပ် အချုပ်ခန်းမှာပဲ စစ်တပ် ဥပဒေအတိုင်း ဆောင်ရွက်နေ ပါတယ်”ဟု ရဲမှူး ခင်မောင် က ဆိုသည်။

တပ်ကြပ် ကျော်ဝေအား လက်နက် အရေးပေါ် ယာယီ ဥပဒေ ပုဒ်မ ၂ (၁)(ဂ) အရ စစ်ဘက်ရေးရာ အရာရှိ များနှင့် ရဲ တပ်ဖွဲ့ ပူးပေါင်း စစ်ဆေးနေပြီး ဒေါ်အေးကြည်ကိုမူ ရဲစခန်းတွင် ထိန်းသိမ်း စစ်ဆေးနေကြောင်း လည်း ၎င်း က ပြောဆိုသည်။

ကျောက်တော်မြို့နယ် လမ်းမတော်အရပ်မှ ဒေါ်အေးကြည်သည် တခြားကျေးရွာသို့သွားစဉ် သင်္ကာမကင်း၍ ကျောက်တော် မြို့နယ် အမျိုးသမီး ကွန်ရက်မှ အမျိုးသမီး ခေါင်းဆောင်များက ရှာဖွေစစ်ဆေးစဉ် ကျည်ဆန် များတွေ့ရှိကြောင်း၊ ထို့ကြောင့် မြို့နယ် ရဲတပ်ဖွဲ့သို့ အကြောင်းကြားကာ မြို့နယ် အာဏာပိုင် များနှင့် အတူ ဒေသခံ ရပ်မိရပ်ဘများက ပူးပေါင်းဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ဖမ်းဆီးရာတွင် ပါဝင်သော ရပ်မိရပ် ဘ တဦးဖြစ်သူ ဦးမောင်ဝင်း က ဧရာဝတီ ကို ပြောပြသည်။

ဒေါ်အေးကြည်၏ ဖခင်သည် ပန်းပဲဆရာ တဦးဖြစ်ကြောင်း၊ ၎င်းပြုလုပ်သည့် ဓား၊ ဆောက်၊ လှံ၊ ဂျင်ကလိ စသည့် သံထည် ပစ္စည်းများကို ထိုဒေသရှိ ဘင်္ဂါလီ(မွတ်စလင်)ကျေးရွာများတွင် ရောင်းချလေ့ရှိကြောင်း၊ ယခုအကြိမ် တွင်လည်း ထိုလက်နက် များ ထပ်မံ ရောင်းချနေသည်ကို တားဆီးလိုသည့်အတွက် စစ်ဆေး ရာမှ ကျည်ဆန်များ တွေ့ရှိခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြ သည်။

“ကျနော်တို့ ထင်တာက စူးဆောက်တွေ၊ ဓားတွေပဲ ထင်ပြီးစစ်ဆေးတာ၊ ကျည်ဆန်တွေကိုပါ တွေ့တော့ ရဲစခန်းကို အကြောင်း ကြားပြီးမှ ဖမ်းဆီးစစ်ဆေးရင်းနဲ့ စစ်သားက ပို့ခိုင်းတယ်လို့ ထွက်ဆိုတယ်”ဟု ဦးမောင်ဝင်း က ဆိုသည်။

ရခိုင်ပြည်နယ် မြို့နယ်အများစု အပါအ၀င် ကျောက်တော်မြို့နယ်တွင်လည်း ဘင်္ဂါလီလူမျိုးများနှင့် ပဋိပက္ခ ဖြစ်ထား၍ ပြဿနာများ ဆက်လက်မဖြစ်ပွားရန်၊ တည်ငြိမ်အေးချမ်းစေရန် ဓား၊ လှံ၊ ဂျင်ကလိ စသည့်လက်နက်များ ဆက်လက် မရောင်းချနိုင် ရေး တားဆီးရန် ရည်ရွယ်ချက်ဖြင့် ရပ်မိရပ်ဘများက အစည်းအဝေးပြုလုပ် ဆုံးဖြတ်ကြကာ စစ်ဆေးကြခြင်း ဖြစ်ကြောင်း လည်း ၎င်းက ဆက်ပြောသည်။

ကျောက်တော်မြို့နယ်၏ နေရာဒေသ တချို့တွင် ခိုးမှု၊ လုယက်မှု တချို့ဖြစ်ပွားနေကြောင်း သိရပြီး မင်းကြပ်ကျေးရွာမှ ကျောင်းဆရာမ တဦးနှင့် ကျောင်းသူတဦးတို့ တရွာမှတရွာသို့သွားစဉ် လမ်း၌ အကြမ်းဖက် တိုက်ခိုက်၍ လက်ဝတ်ပစ္စည်းများ လုယက်ခံခဲ့ရကြောင်း ရခိုင်ပြည်နယ် အာဏာပိုင်များက ထုတ်ပြန်ထားသည်။

ခင်ဦးသာ| ဧရာဝတီ

ဗုဒ္ဓဂါယာ ဘာသာရေးအဆောက်အုံဗုံးခွဲသူကို အိန္ဒိယရဲများ ဖမ်းဆီး

Posted by drmyochit Monday, July 08, 2013, under | No comments



ပတ္တနာ၊ ဇူလိုင် ၈။

အိန္ဒိယရဲတပ်ဖွဲ့သည် တနင်္ဂနွေနေ့က ဖြစ်ပွားသည့် ဗုဒ္ဒဂါယာရှိ သမိုင်းဝင် ဘာသာရေး အဆောက်အအုံကို ဗုံးခွဲ ခဲ့ခြင်းကြောင့် လူတစ်ဦးအား ဖမ်းဆီးထားပြီး ဗုံးများလာရောက် ထောင်ဖွယ်ရှိသည့် လူနှစ်ဦးကိုလည်း စီစီတီဗီ မှတ်တမ်းများတွင် လေ့လာနေသည်။

အိန္ဒိယ အစိုးရသည် ဗုဒ္ဒဘာသာဝင်များ၏ မြင့်မြတ်နေရာဖြစ်သည့် ဗုဒ္ဒဂါယာတွင် တနင်္ဂနွေနေ့က ဘုန်း ကြီးနှစ်ပါး ဒဏ်ရာရရှိစေခဲ့သော ဗုံးငယ်ကိုးလုံး ပေါက်ကွဲခဲ့ခြင်းကို အကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်း ရှုတ်ချ ပြောဆို လိုက်သည်။

“ရဲတွေဟာ စီစီတီဗီမှတ်တမ်းအရ တွေ့ရတဲ့ လူနှစ်ဦးကို ခြေရာခံနိုင်ဖို့ အကုန်လုံး လုပ်ဆောင်နေကြပါ တယ်” ဟု ပြည်နယ် ရဲအရာရှိ ဘာရတ်ဝါက ပြောကြားသည်။ ဗုံးပေါက်ကွဲမှု ကိုမည်သူလုပ်ဆောင်ကြောင်း မသိရှိကြသေးသော် လည်း ရဲများက ဗုံးပေါက်ကွဲမှုနှင့်စပ်လျဉ်း၍ ဒေသခံလူတစ်ဦးကို ဖမ်းဆီးစစ်ဆေးနေ သည်။

“ဗုဒ္ဒဂါယာမှာ ဗုံးတွေခွဲခဲ့တာနဲ့ စပ်လျဉ်းပြီး ဗီနော့ မစ်စ်ထရီဆိုသူကို ခေါ်စစ်နေတယ်” ဟု ဘာရတ်ဝါ ကပြောကြားသည်။

ဗီနော့ကို ပြည်နယ်မြို့တော် ပတ္တနာတောင်ဘက် မိုင်ရှစ်ဆယ်ခန့်အကွာရှိ မော်ဝါဒီ ထကြွသူများ အခြေ တည်ရာ ဘာရာချက်တီနယ်တွင် ရဲများဖမ်းဆီးခဲ့ကြောင်း ဘာရတ်ဝါက ပြောကြားသည်။
ဒေလီရဲ တပ်ဖွဲ့က မြန်မာနိုင်ငံတွင်း ဗုဒ္ဒဘာသာနှင့် မွတ်ဆလင်များကြား ဖြစ်ပွားနေသော ပြဿနာများ အတွက် လက်တုံ့ပြန်မှုအနေနှင့် ဘာသာရေး အဆောက်အအုံများကို အစ္စလာမ်စစ်သွေးကြွများ ပစ်မှတ်ထား လာနိုင်ကြောင်း အစိုးရအား ၎င်းတို့ အစောပိုင်းကပင် သတိပေးထားကြောင်း ပြောကြားသည်။

အိန္ဒိယတွင် ဗုဒ္ဒဘာသာကို တိုက်ခိုက်မှုနည်းပါးသော်လည်း မကြာမီက မြန်မာနိုင်ငံတွင်း အုပ်စုနှစ်ခု ပဋိပ က္ခဖြစ် ပွားပြီး သီရိလင်္ကာနှင့် ဘင်္ဂလားဒေ့ရှ်တို့တွင်လည်းဖြစ်ပွားခဲ့ရာ တင်းမာမှုများ ရှိလာသည်။
မပေါက် ကွဲသေး သည့် ဗုံးနှစ်လုံးကို ထပ်မံတွေ့ရှိပြီး တစ်လုံးသည် ပေရှစ်ဆယ်မြင့် ဗုဒ္ဒရုပ် ပွားတော်ထားရှိရာ ဘုရားကျောင်းဆောင် အနီးတွင် ဖြစ်သည်။

ဘုရားကျောင်းဆောင်များအပြင် ကမ္ဘာတဝှမ်းမှ ဘုန်းတော်ကြီးများစွာ လာရောက်သီတင်းသုံးသည့် ဘုန်းကြီးကျောင်းများသည်လည်း အနီးပတ်ဝန်းကျင်တွင်ရှိပြီး ဗုဒ္ဒဘုရားရှင် ဥာဏ်အလင်းရရှိရာ မဟာဗောဓိပင်လည်း ဗုဒ္ဒဂါယာတွင် ရှိသည်။

ဗုဒ္ဒဂါယာသည် ပတ္တနာတောင်ဘက် မိုင် ၇၀ခန့်အကွာတွင်ရှိပြီး ယူနက်စကိုက ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထားသည်။

တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားသည် ဗုဒ္ဒဂါယာသို့ မကြာခဏ လာရောက်လေ့ရှိပြီး အောက်တိုဘာလနှင့် မတ်လကြားကာလသည် ဘုရားဖူးခရီးသည် လာရောက်မှုအများဆုံး အချိန်ဖြစ်သည်။

Ref:AFP
http://www.channelnewsasia.com/news/asiapacific/india-police-make-arrest/737308.html
@ မြန်မာ့ခေတ်

ကျွဲဆည်ကန် ကားကြီးဝင်းရှိ ဟိုတယ်တွင် အမျိုးသားတစ်ဦး လက်ကောက်ဝတ် သွေးကြောပြတ် ဒဏ်ရာဖြင့် သေဆုံး

Posted by drmyochit Monday, July 08, 2013, under | No comments


မန္တလေး၊ ဇူလိုင် ၇

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက် ကျွဲဆည်ကန် ကားကြီးဝင်း အတွင်း ရှိ ဟိုတယ် တစ်ခုတွင် ဇူလိုင်လ ၆ ရက်နေ့ ည ၇ နာရီ အချိန်၌ အမျိုးသား တစ်ဦး အိပ်ခန်း ခုတင်ပေါ်တွင် လက်ကောက် ဝတ် သွေးကြောပြတ် ဒဏ်ရာဖြင့် သေဆုံးလျက် ရှိ ကြောင်း အ ဆိုပါ ဟိုတယ်ထံမှ စုံစမ်း သိရှိရသည်။

သေဆုံးသူ ဦးဘုန်းမြင့်သန်း(ခ)ဦးမိုးမြင့်သန်း (အသက် ၄၄နှစ်) သည် အောင်မြေသာစံမြို့နယ်၊ တပ်ဦးရွာ၊ ဘုန်းတော် ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ၎င်းကို ဟိုတယ် အိပ်ခန်း ခုတင်ပေါ်တွင် ယာ လက်ကောက် ဝတ် သွေးကြော ပြတ်ရှ ဒဏ်ရာများ ရရှိကာ ပက်လက်အနေအထားဖြင့် သွေးထွက်လွန် ၍ သေဆုံးနေ သည် ကို တွေ့ ရှိရကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲမှူးရုံးထံမှ သိရသည်။

“အမျိုးသား တစ်ယောက် လက်ကောက်ဝတ် သွေးကြော ပြတ်ရှ ဒဏ်ရာနဲ့ သေဆုံးနေတာ ဟုတ်ပါတယ်” ဟု အဆို ပါ ဟိုတယ်မှ တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားသည်။

၎င်းသေဆုံးနေသည့် ခုတင်ဘေးရှိ စားပွဲပေါ်တွင် အချိုရည်နှင့် အရက် ရောစပ်ထားသည်ဟု ယူဆရသော အဝါရောင် အရည် တစ်ဝက်ခန့်ပါ ရေသန့်ဘူး၊ Neurodopa စာတန်းပါ စိတ်သန်စွမ်း ဆေးဘူး အခွံ တစ် ဘူး၊ Neurogin စာတန်းပါ အာရုံကြောဆေး တစ်လုံးပါ ဆေးဘူး တစ်ဘူး၊ HbGlow စာတန်းပါ ဆေး ၁၃ လုံး ပါရှိသော ဆေးဘူး တစ်ဘူး၊ DOMPAN ဆေး ရှစ်လုံးပါရှိသော ဆေးကတ် တစ်ကတ်၊ သေဆုံးသူ၏ ယာ ဘက် လက်အောက်ဘက်ရှိ ခုတင်ဘေး အမှိုက်ပုံးအတွင်းရှိ သွေးများပေ နေသည့် LASER စာတန်းပါ အသုံးပြု ပြီးသော ဘရိတ်ဓား တစ်ချောင်းတို့အား စစ်ဆေးတွေ့ရှိကြောင်း၊ ခန္ဓာကိုယ်၏ အခြား အစိတ် အပိုင်း နေရာများတွင် ပြင်ပဒဏ်ရာ မတွေ့ရှိသဖြင့် သေဆုံးသူအား မန္တလေး ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ပြည်ကြီး တံခွန်မြို့နယ်၊ မြို့မ ရဲစခန်းက သေမှုသေခင်းအမှတ် စဉ် ၂၁/၂၀၁၃ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။

အဆိုပါ ဟိုတယ်တွင် သေဆုံးမှုနှင့် ပတ်သက်၍ ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းတွင် တာဝန်ကျ ရဲအရာရှိ တစ်ဦးက “သေဆုံး သွားသူက ဇွန်လ ၂၈ ရက်နေ့ကတည်းက တစ်ယောက်တည်း အဲဒီ ဟိုတယ်မှာ တည်းနေ တာပါ။ အမှုကို ဆက်လက် စစ်ဆေးနေဆဲပါ” ဟု ပြောကြားသည်။

The Voice Weekly

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်