Saturday, July 13, 2013

မုဒိမ်း ပြုကျင့်သူများဟု စွပ်စွဲခံရသူ နှစ်ဦးကို သံတွဲတွင် ဇူလိုင်လ ၁၅ ရက်နေ့ ရုံးထုတ်မည်

Posted by drmyochit Saturday, July 13, 2013, under | No comments

စွပ်စွဲခံထားရသူ (၂) ဦးကို ဇူလိုင်လ ၉ ရက်နေ့က ရမန်ယူရန် ရုံးထုတ်လာစဉ်


ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးအား မုဒိမ်း ပြုကျင့် သူများဟု စွပ်စွဲ ခံထားရသူ (၂) ဦးကို လာမည့် ဇူလိုင်လ ၁၅ ရက် တနင်္လာနေ့တွင် ရုံးတင် စစ်ဆေး မည်ဟု သတင်း ရရှိသည်။

“ သူတို့ ၂ ဦးကို ဒီလ ၉ ရက်နေ့က သံတွဲမြို့နယ် တရားရုံးမှာ ခဏလေး ရုံးထုတ်ပြီး ရမန်ယူပါတယ်။ လာမယ့် ဇူလိုင်လ ၁၅ ရက်နေ့မှာ ရုံးပြန်တင်ဖို့ တရားသူကြီးက အမိန့်ချပါတယ်” ဟု တရားရေး ၀န်ထမ်း တစ်ဦး က ပြောသည်။

မုဒိမ်းပြုကျင့်သူများဟု စွပ်စွဲခံထားရသူ (၂) ဦးမှာ ကမန်လူမျိုး၊ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသည့် သံတွဲမြို့မှ ကိုနိုင်သူနှင့် ကိုမင်းနိုင် (ခ) ဗေလုဝ (ခ) ငပြူးတို့ ဖြစ်ကြသည်။

သူတို့ နှစ်ဦးသည် ဆပ်သွားကျေးရွာ အဒေါ်အိမ်မှ နေပြီး တောင်ကုတ်သို့ ပြန်သူ မစုစုမွန် (၁၅) နှစ်အား ဇွန်လ ၂၉ ရက်နေ့ ညနေပိုင်းတွင် သံတွဲကားဂိတ်မှ ဟိုတည် တစ်ခုသို့ ပို့ဆောင်ပေးမည်ဟု တက်စီ ဆိုင်ကယ် တစ်စီးဖြင့် ခေါ်ယူကာ နောက်ပိုင်းတွင် အတင်းအဓမ္မ မုဒိမ်းပြုကျင့်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။

အဆိုပါ သတင်း အပြင်သို့ ပျံ့နှံ့သွားပြီးနောက် သံတွဲမြို့တွင် ဗုဒ္ဓဘာသာဝင်များနှင့် မူဆလင် ဘာသာဝင်များ အကြား ဇွန်လ ၃၀ ရက်နေ့က အပြန်အလှန် တိုက်ခိုက်မူများ ပေါ်ပေါက်ခဲ့ပြီး နေအိမ် တချို့လည်း မီးလောင် ဆုံးရှုံးခဲ့ရသည်။

၎င်းနောက်ပိုင်းတွင် ဒေသဆိုင်ရာ အာဏာပိုင်များက ညမထွက်ရ၊ လူစု လူဝေး မလုပ်ရ  အမိန့် (ပုဒ်မ ၁၄၄) ကို ချက်ချင်း ထုတ်ပြန်ကာ အခြေအနေကို ထိန်းသိမ်းခဲ့ရသည်။

မုဒိမ်းပြုကျင့်ခံရသူ မစုစုမွန်မှာ ယခုအခါ အုပ်ထိန်းသူ မိဖများနှင့် အတူ တောင်ကုတ်တွင် ရှိနေပြီး ဇူလိုင်လ ၁၅ ရက်နေ့တွင်   တရားရုံးသို့ အမူ လာရောက် ရင်ဆိုင်မည်လား ဆိုသည်ကို သဲကွဲစွာ မသိရသေးကြောင်း ဆိုသည်။

အမူကို ကြားနာ စစ်ဆေးစဉ် မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရန် အတွက် အများပြည်သူများ တက်ရောက်နားထောင်ခွင့်ကို သက်ဆိုင်ရာမှ ပိတ်ပင်ထားမည်ဟု ပြောကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

(နိရဉ္စရာ- ၁၃ ဇူလိုင် ၂၀၁၃) / မောင်အေး

န၀ရတ် - အခုစာကိုဖတ်မိရင် ၀တ္ထုစာအုပ်လာပေးတဲ့ပရိသတ်ကို ဆက်သွယ်စေချင်တယ်

Posted by drmyochit Saturday, July 13, 2013, under | No comments


တိမ်မင်းသမီးရဲ့ဒဏ္ဍာရီကို ပြန် ကြည့်တော့ န၀ရတ်အနေနဲ့ အရမ်း ကျေနပ်တယ်။ အရမ်းအားရပါတယ်။ ဖက်ရှင်လည်းမအောက်ဘူး။ လုံးဝကွက်တိပဲဖြစ်သွားတယ်။ ဒီ ဇာတ်ကားနဲ့သာ မှတ်တိုင်ထူနိုင်ခဲ့ရင် ဇာတ်ကားရိုက်ဖို့ ၀တ္ထုစာအုပ်လာ ပေးတဲ့ ပရိသတ်ကို ဘယ်လိုတုံ့ပြန် ဖို့အစီအစဉ်ရှိလဲဆိုတော့ အခုသွား ပြီးတော့ ကျေးဇူးဆပ်ရမှာ။ ရှာပြီး တော့ကျေးဇူးဆပ်ရမှာပါ။ အခု စာကိုဖတ်မိရင်လည်း အဲဒီပရိသတ် ဆက်သွယ်ပါလို့ ပြောချင်ပါတယ်။ တချို့က ကိုယ်တိုင်ကားကြီးထုတ် ရိုက်ရင် အကယ်ဒမီမှန်းကြတယ်။ န၀ရတ်ကရောဆိုတော့ န၀ရတ်က တော့ အကုန်လုံးကိုရစေချင်တယ်။ ပရိသတ်ရင်ထဲရဲ့ အနက်ရှိုင်းဆုံး တစ်နေရာ၊ ပြီးတော့ အကယ်ဒမီ မှတ်တိုင်ပေါ့။ န၀ရတ်တစ်ယောက် တည်းမဟုတ်ဘဲ အကုန်လုံးကိုရစေ ချင်ပါတယ်။ တိမ်မင်းသမီးရဲ့ဒဏ္ဍာ ရီဇာတ်ကားမှာ မာနကြီးတဲ့ပုံစံနဲ့ ရိုး သားတဲ့ပုံစံနှစ်ခုမှာ ဘယ်ပုံစံကို သရုပ်ဆောင်ရတာကို ကိုယ်နဲ့အံဝင် ပိုကျလဲဆိုတော့ နှစ်ခုလုံးတော့ အဆင်ပြေပါတယ်။ အကုန်လုံးက အကယ်ဒမီမှန်းကျတော့ အခုချိန် ကတည်းက အကယ်ဒမီဝတ်စုံကို ချုပ်ထားပြီလားဆိုတော့ န၀ရတ်က နှစ်တိုင်းမတူအောင် တစ်နှစ်တစ်ခါ ၀တ်တယ်လေ။ ဒီနှစ်လည်း ကြည့် လေ။ တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီဇာတ် ကားမှာ နောက်ဆုံးအရာအားလုံးကို သိသွားပြီး သီလရှင်ဝတ်သွားတော့ အပြင်မှာရော အဲဒီလိုမျိုးသီလရှင် ၀တ်ဖြစ်မှာလားဆိုတော့ အဲဒါတော့ မပြောတတ်ဘူး။ န၀ရတ်သရုပ် ဆောင်တာပါ။ ဒီဇာတ်ကားလေးနဲ့ ပရိသတ်ရင်ထဲ န၀ရတ်ရောက်ရင်ပဲ ကျေနပ်ပါတယ်။ ပရိသတ်အတွက် န၀ရတ်ပါ။

KMN
8 DAYS A WEEK ENTERTAINMENT

ဗုဒ္ဓဂယာဗုံး ပေါက်ကွဲမှုသည် လူ့အဖွဲ့အစည်းကို နှစ်ခြမ်းကွဲစေရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ဟုဆို

Posted by drmyochit Saturday, July 13, 2013, under | No comments



နယူးဒေလီ ဇူလိုင် ၁၂

ဗုဒ္ဓဂယာဗုံး ပေါက်ကွဲမှုနှင့် မကြာသေးမီက ဖြစ်ပွားခဲ့သော အလားတူ ကိစ္စရပ်များသည် လူ့အဖွဲ့ အစည်းကို နှစ်ခြမ်းကွဲစေရန် ရည်ရွယ်၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယင်းသို့ လုပ်ဆောင်ခဲ့ သူများအား ထိထိရောက်ရောက် နှိမ်နင်းအရေးယူ သင့်ကြောင်း ဗဟိုထောက် လှမ်းရေး ရဲတပ်ဖွဲ့ ခေါင်းဆောင်ဖြစ်သူ ဆီတာရမ် ယီချူရီက ဇူလိုင် ၁၁ ရက်တွင် ပြောကြားသည်။

ယင်းကဲ့သို့ အကြမ်းဖက် တိုက်ခိုက်မှုများကို ဖော်ထုတ်၍ ပြစ်ဒဏ် ပေးနိုင်ရန် အတွက် စုံစမ်း ထောက်လှမ်းမှုများကို အရှိန်တိုးမြှင့် လုပ်ဆောင်ရန် လိုအပ်ကြောင်းနှင့် စုံစမ်းဖော်ထုတ် နိုင်ခဲ့ပါက ထိုသို့ လူ့အဖွဲ့ အစည်းအား နှစ်ခြမ်းကွဲစေရန် ထပ်မံ လုပ်ဆောင်မှုများကို ဟန့်တား နိုင်ရေး အတွက် ပြစ်မှုကျူးလွန် သူများအား ထိထိရောက်ရောက် ပြစ်ဒဏ် ချမှတ်ပေးရန် ယီချူရီက ထပ်လောင်း တောင်း ဆိုခဲ့သည်ဟု သိရသည်။

ြ်မ၀တီ

အသက် ရှစ်နှစ်အရွယ် သမီးငယ်ကို သားမယား အဖြစ်ပြုကျင့်

Posted by drmyochit Saturday, July 13, 2013, under | No comments

ဇူလိုင်လ ၈ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် ဒလမြို့နယ်နေ အသက် ၃၆ နှစ်အရွယ် အမျိုးသမီးသည် ရန်ကုန် ဘက်ကမ်းရှိ ခင်ပွန်း ဖြစ်သူ လုပ်ငန်းခွင်သို့ လိုက်ပါသွားစဉ် နေအိမ်တွင် အသက်
၁၈ နှစ် အရွယ်နှင့် ခုနစ်နှစ် အရွယ်သားဖြစ်သူ နှစ်ဦးနှင့် အသက် ရှစ်နှစ် အရွယ်နှင့် တစ်နှစ်ခွဲ အရွယ် သမီးဖြစ် သူတို့ ကျန်ခဲ့ချိန်တွင် နေအိမ်သို့ သားဖြစ်သူ၏ သူငယ်ချင်း ဒလမြို့နယ်နေ သက်နိုင်ဦး(ခ)
ကုလား (၂၇ နှစ်) ရောက်လာပြီး အသက် ရှစ်နှစ်အရွယ် သမီးငယ်ကို အိပ်ခန်းတွင်းသို့ ခေါ်ယူကာ
သား မယား အဖြစ်ပြုကျင့်ရန် အားထုတ်နေစဉ် အိမ်နီးချင်း အမျိုးသမီးက မြင်တွေ့ကာ အော်ဟစ်
အကူညီ တောင်းခံခဲ့သည်ဟု ဆိုသည်။

အကူအညီ တောင်းခံစဉ် သက်နိုင်ဦး(ခ) ကုလားမှာ ထွက်ပြေးသွားသည်ဟုဆိုကာ အရေးယူပေး
ရန် တိုင်ကြားခဲ့သဖြင့် ဒလမြို့မရဲစခန်းက ပြစ်မှုပုဒ်မ ၃၇၆/ ၅၁၁ အရ အမှုဖွင့်ထားကြောင်း
သိရသည်။

တိုးဝေအောင်နှင့် မင်းသုနောင်
မြန်မာတိုင်း(မ်)

မန္တလေးအဖမ်းအဆီးအကြောင်း လိင်တူချစ်သူများ ဖွင့်ချမယ်

Posted by drmyochit Saturday, July 13, 2013, under | No comments

မကြာသေးခင်က မန္တလေးမှာ ဖြစ်ပွားခဲ့တဲ့ ဖမ်းဆီးမှုတခုမှာ ရဲတပ်ဖွဲ့ ၀င်တွေဟာ "အခွင့်အာဏာထက်ကျော်လွန်ပြီး လိင်တူချစ်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်ခဲ့"တယ်လို့ မြန်မာလိင်တူချစ် သူများအခွင့်အရေးဆိုင်ရာကွန်ယက်က ပြောလိုက်ပါတယ်။

မန္တလေး အဖမ်းအဆီး သတင်းကို          Click Here        မှာ ဖတ်နိုင်ပါတယ်။
အဖမ်း အဆီးနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲလုပ်မှာ ဖြစ်တဲ့အတွက် တက်ရောက်ပေးကြဖို့ စာနယ်ဇင်း သမားတွေကို ဖိတ်ကြားထားပါတယ်။

အစီအစဉ်က အောက်ပါအတိုင်း ဖြစ်ပါတယ်။

နေ့ရက် - ဇူလိုင်လ (၁၄) ရက် (တနင်္ဂနွေနေ့)
အချိန် - နေ့လည် ၂း၀၀ နာရီမှ ၄း၀၀ နာရီ
နေရာ - 88 Café၊ ၇၄လမ်း၊ ၃၆x၃၇လမ်း

အသေးစိတ်သိရှိလိုပါက ရှင်းသန့် (09-402-602-911) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည် လို့ ဖိတ်စာမှာ ရေးထားပါတယ်။


ရန်ကုန်မြို့ လိင်တူချစ်သူများပွဲတခု မြင်ကွင်း (ဓာတ်ပုံ – ဂျေပိုင်)

ဧရာဝတီ

ယောက်ဖဟု ခေါ်သဖြင့် လူသတ်မှုဖြစ်

Posted by drmyochit Saturday, July 13, 2013, under | No comments

ရန်ကုန်၊ ဇူလိုင် ၁၂

ရခိုင်ပြည်နယ် သံတွဲမြို့နယ် သဗြုချိုင် တောင်ပေါ်ကျေးရွာအနီး လယ် တဲ တွင် ‘ယောက်ဖ... ယောက်ဖ’ ဟုခေါ်ပြီး ဆဲဆိုရာမှ လူသတ် မှု ဖြစ်ပွား ခဲ့ပြီး ပြစ်မှု ကျူးလွန်သည်ဟု ယူဆရသူ တစ်ဦး ကို ဇူလိုင်လ ၁၁ ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီး ခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။

သဗြုချိုင် တောင်ပေါ်ကျေးရွာနေ အသက် ၃၈ နှစ်အရွယ် ဦးဝင်းမြင့် သည် ၎င်း၏ လယ်တဲအနီးမှ အသက် ၂၉ နှစ် အရွယ် ဦးစိုးမင်းသူနှင့် အခင်း မဖြစ်ပွားမီ ဇူလိုင်လ ၉ ရက်နေ့ ညပိုင်း က အရက်အတူ သောက်ခဲ့ ကြကြောင်း၊ အရက်သောက်နေကြ စဉ် ဦဝင်းမြင့်က ‘ယောက်ဖ... ယောက်ဖ’ ဟုခေါ်ကာ အော်ဆဲသောကြောင့် ဦးစိုးမင်းသူက အနီးရှိ ဓားကိုဆွဲ၍ ခုတ်သဖြင့် ဦးဝင်းမြင့် လည်ပင်း ပြတ်ရှ ဒဏ်ရာရကာ သေဆုံး ခဲ့ခြင်း ဖြစ်သည်ဟု ဦးစိုးမင်းသူက ထွက်ဆိုခဲ့ကြောင်း ယင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

သေဆုံးခဲ့သူနှင့် ဦးစိုးမင်းသူတို့သည် လွန်ခဲ့သော သုံးလခန့် ကလည်း ကောက်ရိုးပုံ ပုံသည့်ကိစ္စနှင့် ပတ်သက်၍ အချင်းများခဲ့ကြကြောင်း သံတွဲမြို့နယ် ရွှေလှေ ရဲတပ်ဖွဲ့ စခန်းမှ သိရှိရသည်။

သေဆုံးသူ၏ အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ညိုက ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းက မျိုးစပါးယူရန် ဦးဝင်းမြင့်၏ လယ်တဲသို့ လာရောက်စဉ် လယ်တဲ ကွပ်ပျစ်ပေါ်တွင် လည်ပင်း ပြတ်ရှ ဒဏ်ရာဖြင့် သေဆုံးနေခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ ဖြစ်ပွားပြီး နောက်ပိုင်းတွင် တစ်လလျှင် လူသတ်မှု ၁၀ မှုနှုန်းခန့် ဖြစ်ပွားနေပြီး မြို့နယ် ၁၇ ခုတွင် တစ်နှစ်လျှင် လူ ၁၂၀ ခန့် သတ်ဖြတ်ခံနေရကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

The Voice Weekly

ပြည်ပသို့ ခေါ်ဆိုရာတွင် GSM နှင့် WCDMA ဖုန်းလိုင်း ဘီလ်များကို မြန်မာကျပ်ငွေဖြင့် ပြောင်းလဲ ကောက်ခံတော့မည်

Posted by drmyochit Saturday, July 13, 2013, under | 2 comments


ရန်ကုန်  ဇူလိုင်  ၁၂

ယခုလမှစ၍ GSM နှင့် WCDMA မိုဘိုင်းလ်ဖုန်းလိုင်း ဘီလ်စနစ်များကို နိုင်ငံခြားသို့ ခေါ်ဆို ရာတွင် မြန်မာ ကျပ်ငွေ စနစ်ဖြင့် ပြောင်းလဲ ကောက်ခံတော့မည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦး က ပြောကြားခဲ့သည်။

ပြည်ပသို့ ခေါ်ဆိုလိုပါက (တချို့သော နိုင်ငံများမှ အပ) တစ်မိနစ် ငွေကျပ် ၉ဝဝ သို့မဟုတ် အမေရိကန် ဒေါ်လာ သုည ဒသမ ၉ဝ ကို ကောက်ခံသည်ဟု Elite Tech Group က ထုတ်ပြန်သည်။ မြန်မာ ကျပ်ငွေဖြင့်  အသုံးပြု လိုသူများသည် ယခင် FEC ဘီလ်စနစ်များကို ကုန်ဆုံးသည်အထိ ဆက်လက် အသုံးပြုနိုင်ကြောင်း ၄င်းက ဆက်လက်ပြောကြား ခဲ့သည်။

FEC ငွေဖြည့်ကတ် များသည် ဈေးကွက် အတွင်း၌ လက်ကျန်အဖြစ် ကတ်တချို့ ကျန်ရှိနေ သေးသော်လည်း အဆိုပါ ကတ်များကို ပြန်လည် သိမ်းဆည်းသွားမည် မဟုတ်ကြောင်း၊ အဆိုပါ ကတ်များ ထည့်သွင်း အသုံးပြုမည် ဆိုပါက ဆက်လက် အသုံးပြုခွင့် ပေးသွားမည် ဖြစ်ကြောင်း Call Center ၌ ဆက်သွယ်ရေး ကဏ္ဍကို တာဝန်ယူ ဖြေကြားပေးနေသူ တစ်ဦးက ပြောကြား ခဲ့သည်။

''ကျွန်တော်တို့ဆီက ဝယ်ထားတဲ့ ကတ်တွေကို နောက်တစ်ပတ် သောကြာနေ့အပြီး ပြန်အမ်း ပေးဖို့ ကိုယ်စားလှယ်တွေကို ပြောထားတယ်။ ငွေပြန်အမ်း ပေးမယ်။ ကတ်တွေက သုံးလို့ မရတော့တာ မဟုတ်ဘူး။ ရောင်းတဲ့သူတွေ ရောင်းလို့ မရမှာစိုးလို့ ပြန်သိမ်း ပေးတာပါ။ ပြန်အပ်ချင်ရင် ကျွန်တော်တို့ဆီက ကတ်တွေကို ကိုယ်စားလှယ်တွေက တစ်ဆင့် လက်ခံပေး နေပါတယ်'' ဟု Elite Tech Group မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

GSM နှင့် WCDMA မိုဘိုင်းလ်ဖုန်း လိုင်းများကို ပြည်ပသို့ ခေါ်ဆိုရာတွင် မြန်မာကျပ်ငွေဖြင့် ပြောင်းလဲ ကောက်ခံ အသုံးပြုနိုင်မည် ဖြစ်ပြီး ကျန်ရှိသည့် CDMA ဖုန်းလိုင်းများ၊ အော်တိုဖုန်း လိုင်းများအတွက် မူလအတိုင်း ပြောင်းလဲမှု မရှိသေးသော်လည်း မကြာခင်၌ လိုက်လံ ပြောင်းလဲသွားမည် ဖြစ်ကြောင်း Elite Tech Group ၏ Face book တွင် ဖော်ပြထားသည်။    

ဇာနည်မောင်
From: မြ၀တီ

မိတ္ထီလာ ပဋိပက္ခ စတင်ခဲ့သော နယူးဝိန့်စိန်ရွှေဆိုင် ဖျက်ဆီးမှု အမိန့်ချ

Posted by drmyochit Saturday, July 13, 2013, under | No comments

မိတ္ထီလာ၊ ဇူလိုင် ၁၀

မိတ္ထီလာ ပဋိပက္ခ စတင်ခဲ့သော နယူးဝိန့်စိန် ရွှေဆိုင်ခန်း ဖျက်ဆီးသူများကို ဇူလိုင် ၁၀ ရက်နေ့တွင် မိတ္ထီလာမြို့နယ် တရားရုံးက အမိန့် ချမှတ် လိုက်ကြောင်း အဆိုပါ တရားရုံးထံမှ သိရသည်။

ရွှေဆိုင်ခန်း ဖျက်ဆီးခဲ့မှုတွင် ပါဝင်ပတ်သက်သူ ခုနစ်ဦးကို မိတ္ထီလာမြို့ အမှတ်(၂) ရဲစခန်းက ဖမ်းဆီး၍ မိတ္ထီလာမြို့နယ် တရားရုံးတွင် တရားစွဲဆို ခဲ့ရာ ဇူလိုင် ၁၀ ရက်နေ့က ၎င်းတို့ကို ပုဒ်မ ၄၂၇ အရ ထောင်ဒဏ် ၂ နှစ်စီ ပြစ်ဒဏ် ကျခံစေရန် အမိန့် ချမှတ်လိုက်ကြောင်း အဆိုပါမြို့နယ် တရားရုံး ထံမှ သိရသည်။

နယူးဝိန့်စိန်ရွှေဆိုင် ဖျက်ဆီးမှုဖြင့် ပြစ်ဒဏ် ချခံရသူများမှာ ဝင်းဇော်ဦး (ခ) ပုလင်း၊ နွဲ့နွဲ့ဝင်း (ခ) ဒလက်မ၊ အောင်ထွန်း၊ ဝင်းထွန်း (ခ) ဘာဘွတ်၊ လှမင်း (ခ) ကုလားကြီး၊ ကျော်ဦး (ခ) ညီညီထွန်း၊ ကျော်နိုင် (ခ) ကိုနိုင်တို့ ဖြစ်ကြောင်း အဆိုပါ မြို့နယ်တရားရုံးထံမှ သိရသည်။

မတ်လ ၂၀ ရက်နေ့က မိတ္ထီလာမြို့နယ် ပြွန်ကောက် ကျေးရွာတွင် အလှူပြုလုပ်ရန် အလည်ရောက်ရှိ လာသော ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့နယ်နေ ဦးခင်မောင်ဝင်းနှင့် ဒေါ်အေးအေးနိုင်တို့သည် ရွာခံ အဖော်ဖြစ်သူ ဒေါ်ညိုသန်းနှင့်အတူ နယူးဝိန့်စိန် ရွှေဆိုင်တွင် ရွှေဆံကုပ် သွားရောက် ရောင်းချ ကြောင်း၊ ယင်းသို့ ရောင်းချရာတွင် အဆင်မပြေဖြစ်ပြီး စကားများရာမှ ရွှေဆိုင်ရှင် လူအုပ်စုက ဝိုင်းဝန်း ရိုက်နှက်ခဲ့သည်ကို အနီးဝန်းကျင်ရှိ လူထုက မကျေနပ်၍ ရွှေဆိုင်ကို ဖျက်ဆီးခဲ့ရာက မိတ္ထီလာ ပဋိပက္ခ ဖြစ်ပေါ်ခဲ့ကြောင်း အစိုးရအဖွဲ့နှင့် ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

The Voice Weekly

စောစီးစွာ လက်ထပ်ခြင်းနှင့် မဖြစ်မနေ လက်ထပ်ရန် လိုအပ်သည်ဟု ယူဆခြင်းသည် မြန်မာနိုင်ငံ၏ လက်ထပ်မှု ပုံသဏ္ဌာန် မဟုတ်ကြောင်း ဒုတိယသမ္မတ ပြောကြား

Posted by drmyochit Saturday, July 13, 2013, under | No comments


ဇူလိုင် ၁၁ ရက်က ကျင်းပသည့် ကမ္ဘာ့လူဦးရေနေ့ အခမ်းအနားတွင် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက် ခမ်း က ပြောကြားနေသည်ကို တွေ့ရစဉ်

မွေးဖွားမှုနှင့် မျိုးဆက်ပွား ကျန်းမာရေးစစ်တမ်း တွေ့ရှိချက်များအရ စောစီးစွာ လက်ထပ်ခြင်းနှင့် မဖြစ်မနေ လက်ထပ်ရန် လိုအပ်သည်ဟု ယူဆခြင်းဟာ မြန်မာနိုင်ငံရဲ့ လက်ထပ်မှု ပုံသဏ္ဌာန် မဟုတ်ကြောင်း ၂၀၁၃ ခုနှစ် ဇူလိုင် ၁၁ ရက်က ကျင်းပသည့် ကမ္ဘာ့လူဦးရေနေ့ အခမ်းအနားတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားခဲ့သည်။

''မြန်မာနိုင်ငံမှာ လက်မထပ်ဘဲ အပျို၊ လူပျိုဘ၀နဲ့ နေထိုင်တဲ့ အချိုးအစားမှာလည်း တစ်နှစ်ထက်တစ်နှစ် မြင့်မားလာပါတယ်။ မွေးဖွားနှုန်း ကျဆင်းခဲ့ခြင်းနှင့် မျှော်မှန်းသက်တမ်းများ မြင့်မားလာခဲ့တာကြောင့် မြန်မာနိုင်ငံ၏ လူဦးရေ ဖွဲ့စည်းမှုပုံစံဟာ ပြောင်းလဲလျက်ရှိပြီး ရှေ့ဆက်လည်း ပြောင်းလဲနေဦးမှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် ကာလများဆီက မွေးဖွားနှုန်း မြင့်မားခဲ့မှုကြောင့် ယနေ့ မြန်မာနိုင်ငံတော်ဟာ လူဦးရေ ဆုလာဘ်လို့ခေါ်တဲ့ လူ့စွမ်းအား အရင်းအမြစ် ပေါများသည့် ကာလကို ရောက်ရှိနေချိန် ဖြစ်ပါတယ်။ အလုပ်လုပ်နိုင်သူ အရေအတွက်ဟာ မှီခိုသူအရေအတွက်ထက် နှစ်ဆနီးပါး များပြားနေချိန် ဖြစ်ပါတယ်''ဟု ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ လူဦးရေသန်း ၆၀ ခန့် ရှိတဲ့အနက် အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် တွင်းမှာရှိတဲ့ အမျိုးသမီး ဦးရေဟာ ၂ ဒသမ ၉သန်းရှိပြီး၂၀၀၇ ခုနှစ် မွေးဖွားမှုနှင့် မျိုးဆက်ပွား ကျန်းမာရေး စစ်တမ်းအရ အသက် ၁၅ နှစ် နှင့် ၁၉ နှစ်ကြား ဆယ်ကျော်သက်ရွယ် အမျိုးသမီး ၁၀၀၀ မှာ ၁၇ ယောက် ကလေးမွေးဖွား ခဲ့ကြောင်း တွေ့ရသည်။ ငယ်ရွယ် ကိုယ်ဝန်ဆောင်ခြင်းကို ကာကွယ်နိုင်ရန် အတွက် အသက် ၁၈ နှစ်အောက် လက်ထပ်ခြင်း၊ အသက် ၂၀ မတိုင်မီ ကိုယ်ဝန်ဆောင်ခြင်းနှင့် မလိုချင်တဲ့ ကိုယ်ဝန် ဆောင်ရခြင်းတို့ကို လျော့ချသွားရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် လက်ရှိ မြန်မာနိုင်ငံတွင် တစ်နှစ်အောက်နှင့် ငါးနှစ်အောက်ကလေး သေဆုံးမှုနှုန်းနှင့် ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှုနှုန်း လျော့ကျနိုင်ရန် မျိုးဆက်ပွား ကျန်းမာရေးကို ဘက်ပေါင်းစုံမှ ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ''တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံ အနေနဲ့ သက်ကြီးရွယ်အိုများ လျင်မြန်စွာ တိုးပွားလာတာကြောင့် ကြုံတွေ့လာနိုင်တဲ့ လူမှုရေး၊ စီးပွားရေးဆိုင်ရာ အခက်အခဲ များကိုလည်း ရင်ဆိုင်ဖြေရှင်းနိုင်ရန် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံ လူဦးရေတွင် သက်ကြီးရွယ်အို ပါဝင်နှုန်းဟာ ၂၀၁၅ ခုနှစ်မှာ ၁၀ ရာခိုင်နှုန်းခန့် ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ မျော်မှန်းသက်တမ်းများ မြင့်မားလာခြင်းနှင့် သက်ကြီးရွယ်အို များပြားလာခြင်းဟာ မိသားစုများနှင့် လူမှုအဖွဲ့အစည်း တစ်ခုလုံးအတွက် ပျော်ရွှင်စရာ ၀မ်းမြောက် ဂုဏ်ယူဖွယ်ရာ ဖြစ်ပါတယ်'' ဟု ပြောကြားသည်။

From: Eleven

မျိုးစောင့် ဥပဒေနှင့် ဦးကျော်သူ

Posted by drmyochit Saturday, July 13, 2013, under | No comments


မျိုးစောင့်ဥပဒေဆိုတာက ကိုယ့်ဘာသာကိုယ် စောင့်ထိန်းဖို့ပဲ လိုတာပါ။
စောင့်ထိန်းဖို့ကိုလည်း ဗုဒ္ဓဘာသာရဲ့ ဘုရားဟောထဲမှာ ပါပြီးသားပါ။
အိမ်ထောင်ပြုဖို့ အိမ်ထောင်ဘက် ရွေးချယ်တဲ့အခါ အသိဥာဏ်ရှိရင်
စဉ်းစားရွေးချယ်ကြမှာပါ။

ခံယူချက် ကောင်း/မကောင်း ဆိုတာ စဉ်းစားရမယ်။ ပြဌာန်းတာ မပြဌာန်း
တာကတော့ မပြောချင်ဘူး။ လူတိုင်း ကိုယ့်ဘာသာကိုယ် စောင့်ထိန်းဖို့
လိုတယ်လို့ပဲ ပြောချင်တယ်။

From:အလ္လာဟ်အားအမွေပြတ်စွန့်လွှတ်ခြင်း

စစ်ရေး တင်းမာနေမှုကို UWSA နှင့် အစိုးရ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

Posted by drmyochit Saturday, July 13, 2013, under | No comments

မြန်မာအစိုးရတပ်နှင့် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) တို့ စစ်ရေးတင်းမာမှုများနှင့် ပတ်သက်၍ ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် နှစ်ဖက် ခေါင်းဆောင်များ ယနေ့ မွန်းလွဲပိုင်းက စတင်တွေ့ဆုံနေသည်ဟု နယ်စပ်သတင်းများအရ သိရသည်။

အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ဒု-ဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သော ကိုယ်စားလှယ်များနှင့် ကွပ်ကဲရေးနှင့် စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒု-ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၊ တိုင်းမှူး ဗိုလ်ချုပ် သန်းထွန်းဦး တို့ တက်ရောက်ခဲ့သည်။

ဝ တပ်ဖွဲ့မှ ပြည်ပ ဆက်သွယ်ရေးဌာနမှူး ကျောက်ကော်အန်း က ဦးဆောင်၍ စီးပွားရေးဌာနမှူး ပေါက်ယိုလျံ၊ အမှတ် ၁၇၁ တောင်ပိုင်းစစ်ဒေသ တပ်မှူးကြီး ဝေ့ရှော်ယင်၊ ဒု-စစ်ဦးစီးမှူး စိုင်းဆာမ်နှင့် ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်တို့ ကိုယ်စားလှယ် ၅ ဦးတို့ တက်ရောက် ဆွေးနွေးခဲ့သည်ဟု သိရသည်။

ဆွေးနွေးမှုထဲတွင် ရှမ်းပြည်တောင်ပိုင်းတပ်မတော် (RCSS/SSA) မှ ကိုယ်စားလှယ် တဦးကိုလည်း လေ့လာသူ အဖြစ် တက်ရောက်ခွင့်ပေးခဲ့ပြီး ဆွေးနွေးသည့် အကြောင်းအရာ အသေးစိတ် မသိရသေးကြောင်း တရုတ်-မြန်မာနယ်စပ်မှ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော က ပြောသည်။

“အဆုံးအဖြတ် မပြီးလောက်သေးဘူး။ ဒါပေမယ့် သူတို့နှစ်ဖွဲ့နဲ့ပဲ မပြီးလောက်ဘူး။ လောလောလတ်လတ် ဖြစ်တာလောက်ပဲတော့ ပြီးရင်လည်း ပြီးနိုင်တယ်” ဟု မဇ္စျိမကို ပြောသည်။

RCSS/SSA ဆက်ဆံရေးရုံးများ၏ ညွန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် စိုင်းလူးက ကျိုင်းတုံမြို့သို့ သွားသော်လည်း ဆွေးနွေးပွဲသို့ တရားဝင် တက်ရောက်၊ မတက်ရောက် မသိရသေးကြောင်း RCSS/SSA လက်အောက် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဆိုင်မိန်း က မဇ္စျိမကို ပြောသည်။

“ကျနော်တို့ ကိုယ်စားလှယ်တဦးတော့ သွားလိုက်တယ်ဗျ။ ဒါပေမယ့် တကယ် အစည်းအဝေးမှာ တရားဝင် ပါမပါတော့ ကျနော် Confirm ပေးလို့ မရသေးဘူး။ ကျနော်တို့ နေပြည်တော် သွားတဲ့ နောက်ပိုင်းမှာ ကျနော်တို့ တင်ပြထားတဲ့ အကြောင်းအရာ လုပ်ဖြစ် မလုပ်ဖြစ်ကို အဲဒီမှာ တက်ရောက်တဲ့ ဝန်ကြီးတွေနဲ့ တွေ့ပြီးတော့ မေးဖို့တပိုင်းပေါ့။ ဒါပေမယ့် ဒီပူးတွဲပြီးတော့ တွေ့ဆုံဖို့တော့ ကျနော် Confirm ပေးလို့ မရဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် တပတ်ခန့်က ဝ တပ်နှင့် အစိုးရတို့အကြား တင်းမာမှုများ ဖြစ်ပေါ်လာပြီးနောက် ဇူလိုင်လ ၆ ရက်နေ့ကနှစ်ဖက် တွေ့ဆုံကြရန် ရက်သတ်မှတ်ခဲ့သော်လည်း ဝ ဘက်မှ အဆင်သင့် မဖြစ်သေး၍ ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့မှာ နှစ်ဖက် ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

နှစ်ဖက် စစ်ရေး တင်းမာနေမှုမှာ ပစ်ခတ်မှု ဖြစ်ပွားခြင်း မရှိသော်လည်း မိုင်းဆတ်မြို့ အရှေ့ဘက် ၁၃ မိုင်အကွာရှိ လွယ်ဆမ်တောင်ကြော လွယ်ပါကေတောင်တွင် မြန်မာအစိုးရ တပ်စခန်း ၃ ခု တပ်ဖွဲ့က ပိတ်ဆို့ခံထားရသည်ဟု ရှမ်းသံတော်ဆင့် သတင်းတွင် ဖော်ပြထားသည်။

နှစ်ဖက် စစ်ရေး တင်းမာနေမှုမှာပစ်ခတ်မှု ဖြစ်ပွားခြင်း မရှိသော်လည်း ရှမ်းတပ်ဖွဲ့ကို အနိုင်ကျင်သည်ဟန်ဖြစ်နေသည်။
ဝတပ်ဖွဲမှာ တရုတ်နှင့် ပူးပေါင်းဆောင်ရွက်ပြီး လေယာဉ်များ လည်းဝယ်ယူထားကြောင်းသိရှိရပါသည်။

UWSA မှ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များထဲတွင် အင်အား အကြီးမားဆုံး အဖွဲ့ဖြစ်သည်။

မဇ္ဈီမ

Friday, July 12, 2013

နှေးကွေးနေသည်ဆိုသော်လည်း အမေရိကန်ကုမ္ပဏီများ မြန်မာနိုင်ငံသို့ တဖြည်းဖြည်းဝင်ရောက်နေ

Posted by drmyochit Friday, July 12, 2013, under | No comments

မြန်မာပြည်တွင်းဈေးကွက်သို့ အမေရိကန် ကုမ္ပဏီများ တဖြည်းဖြည်းချင်း ၀င်ရောက်နေသည်ဟု အမေရိကန်-အာဆီယံ စီပွားရေးကောင်စီ၏ ဒါရိုက်တာ အန်တိုနီနယ်လ်ဆင်က ဆိုသည်။


ဇူလိုင် ၁၀ ရက်က ကျင်းပသော အမေရိကန် - အာဆီယံစီးပွားရေးကောင်စီ၏ သတင်းစာရှင်းလင်းပွဲ။ (ဓာတ်ပုံ - နေးလ်)

အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ(USABC)၏ ဦးဆောင်မှုဖြင့် အမေရိကန် စီးပွားရေးလုပ်ငန်းရှင်များသည်
မြန်မာနိုင်ငံသို့ ယခုသတင်းပတ် အစောပိုင်းတွင်လာရောက်ကာ သမ္မတဦးသိန်းစိန်၊ ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့ပြီးနောက် သတင်းစာရှင်း လင်းပွဲပြုလုပ်ရာတွင် ယင်းသို့
ပြောကြားခြင်းဖြစ်သည်။

“အမေရိကန် ကုမ္ပဏီများအတွက် သင့်လျော်တဲ့ စက်မှုလုပ်ငန်းတော်တော်များများ ရှိပါတယ်။ သို့သော် သူတို့က တဖြည်းဖြည်းချင်းဝင်ရောက်လာမှာ ဖြစ်ပါတယ်။ အခြားကုမ္ပဏီများလည်း ဒီလိုပဲလုပ်ဆောင်ပါလိမ့်မယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံသူများ နှစ်သက်တဲ့အခြေအနေများ ဖန်တီးနိုင်ဖို့အတွက် လိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းအချို့ကို
ပြင်ဖို့လိုပါတယ်” ဟု နယ်လဆင်ကဆိုသည်။

ယင်းကဆက်လက်ပြီး “ယခင်နှစ်တွေတုန်းကတော့ အမေရိကန်ကုမ္ပဏီတွေက မြန်မာပြည်အခြေအနေတွေကို လာရောက်လေ့လာတာလောက်ပဲ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ ကုမ္ပဏီတွေကစီးပွားရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်နေပါပြီ”ဟု ပြောသည်။

“ဘဏ်လုပ်ငန်းတွေကို ဖွင့်ပေးလိုက်ပြီဖြစ်တဲ့အတွက် ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍမှ အခွင့်အလမ်း အများကြီးရှိပါ
တယ်။ ဆက်သွယ်ရေး ဥပဒေလည်း ပြဋ္ဌာန်းလိုက်ပြီဖြစ်တဲ့အတွက် တယ်လီကွန်လုပ်ငန်းနဲ့ ဆိုင်တဲ့ အခွင့်အလမ်း
တွေလဲ အများကြီးရှိပါတယ်။ စားသောက်ကုန်ထုတ်လုပ်ရေး လုပ်ငန်းတွေနဲ့ စိုက် ပျိုးရေးလုပ်ငန်းတွေ လျှပ်စစ်
ဓာတ်အားပေးရေး လုပ်ငန်းတွေများလည်း အခွင့်အလမ်းတွေရှိနေတယ် ဆိုတာ အမှန်ပါပဲ” ဟု ၎င်းမှ ထပ်လောင်း
ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ ဒုတိယခရီးစဉ်ကို အနှစ်ချုပ်ပြောရမယ်ဆိုရင်တော့Coca-Cola Company၊ GE၊ GM၊ Ford၊ Deloitte၊ ACE၊KPMG နဲ့ Cisco အတို့အပါအ၀င် ကျွန်တော်တို့ရဲ့ အဖွဲ့ဝင်တွေက မြန်မာပြည် အတွင်းမှာ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခြင်း သို့မဟုတ် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းနဲ့ ကိုယ်စားလှယ်ရုံးခန်းများ ဖွင့်လှစ်ခြင်းများ ပြုလုပ်ခဲ့ကြပြီးပါပြီ” ဟု သတင်းစာ ရှင်းလင်းပွဲတွင် Feldman မှဆိုသည်။

အမေရိကန် ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ထပ်မံလုပ်ကိုင်ရန် အလားအလာ ရှိကြောင်းနှင့် အစိုးရချင်းသာမကဘဲ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများနှင့်ပါ ပူးပေါင်းဆောင်ရွက်လိုကြောင်း ယင်းကဆက်လက်
ပြောကြားသည်။

အမေရိကန်-မြန်မာ အစိုးရနှစ်ရပ်အကြား ရင်းနှီးမြှုပ်နှံမှုများနှင့် ကုန်သွယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး
အတွက် မူဘောင်တစ်ခု ဖန်တီးနိုင်ရန်အတွက် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုသဘော တူညီချက်အား အမေရိကန်
အစိုးရနှင့် မြန်မာနိုင်ငံတို့မှ လွန်ခဲ့သော မေလ ၂၁ ရက် တွင်လက်မှတ်ရေးထိုးခဲ့သည်။

မြန်မာနိုင်ငံအတွင်းတွင် စီးပွားရေးဆိုင်ရာ အခွင့်အလမ်း အများအပြားရှိနေသော်လည်း အမေရိကန် စီးပွားရေး
ကော်ပိုရေရှင်းများနှင့် ကုမ္ပဏီများဝင်ရောက်မှုမှာ နှေးကွေးနေသေးကာ ၂၀၁၃ ခုနှစ် ပထမသုံးလတာကာလအတွင်း အမေရိကန်-မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေးပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၉၀ ခန့်ရှိခဲ့ပြီဖြစ်သည်ဟု အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့က ထုတ်ပြန်ထားသည်။

mizzimaburmese

ဇူလိုင်အတွက် GSM မိုဘိုင်းဖုန်း ၂၅ ရက်တွင် ချထားပေးမည်

Posted by drmyochit Friday, July 12, 2013, under | No comments

(မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းဆက်သွယ်ရေးဌာနမှ အင်ဂျင်နီယာချုပ် ဦးခင်မောင်ထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း)

အခုလမှာ မိုဘိုင်းဖုန်းတွေ ဘယ်တော့လောက် ရောင်းဖို့စီစဉ်ထားပါသလဲ။

ဇူလိုင် ၂၅ရက်မှာ စပြီးရောင်း ဖို့ စီစဉ် ထားပါတယ်။

စီဒီအမ်အေ ၈၀၀ မဂ္ဂါဟဇ်ဖုန်းတွေချည်း ရောင်းမှာလား။ ဂျီအက်စ်အမ်ရော မပါဘူးလား သိချင်ပါတယ်။

စီဒီအမ်အေ ၈၀၀ မဂ္ဂါဟဇ်မိုဘိုင်းဖုန်း ၁၅၀၀၀၀နဲ့ ဂျီအက်စ်အမ်မိုဘိုင်းဖုန်း ၂၀၀၀၀၀ ကို ရောင်းချပေးနိုင်ဖို့ စီစဉ်ထားပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာ ဆက်သွယ်ရေးအဖွဲ့အစည်းတစ်ခုနဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဘယ်နိုင်ငံက ဆက်သွယ်ရေးလုပ်ငန်း အဖွဲ့လည်းဆိုတာ သိချင်ပါတယ်။

အဲဒီအဖွဲ့က ထိုင်းနိုင်ငံက True အဖွဲ့ ဖြစ်ပါတယ်။

True အဖွဲ့က ထိုင်းနိုင်ငံမှာ ဘာလုပ်ငန်းတွေလုပ်ပါသလဲ။

သူတို့က ဆက်သွယ်ရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းမျိုးစုံလုပ်ပါတယ်။ TV ထုတ်လွှင့်မှု၊ အင်တာနက်လုပ်ငန်း၊ မိုဘိုင်းဖုန်းလုပ်ငန်း၊ e-Government လုပ်ငန်း အစရှိတဲ့လုပ်ငန်းတွေကို လုပ်နေတဲ့ အဖွဲ့အစည်းကြီးတစ်ခု
ဖြစ်ပါတယ်။

အဲဒီ True အဖွဲ့က မြန်မာနိုင်ငံမိုဘိုင်းဆက်သွယ်ရေးနဲ့ပတ်သက်လို့ ဘယ်လိုဝေဖန်ချက် ပေးသွား ပါသလဲ။

သူတို့အဖွဲ့ ရန်ကုန်ကနေ နေပြည်တော်ကိုအလာမှာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ကနေ ကားနဲ့ အဆက်အသွယ်မပြတ်ဘဲ မိုဘိုင်းဖုန်းပြောလို့ရတဲ့အတွက် အလွန်ကျေနပ်မိပါတယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

သူတို့ရဲ့ဝေဖန်ချက်အပေါ် ဆရာက ဘယ်လိုတုံ့ပြန်ခဲ့ပါသလဲ။

“ခင်ဗျားတို့ ကံကောင်းတာပေါ့”လို့ ပြောခဲ့ပါတယ်။

ထိုင်းနိုင်ငံ True အဖွဲ့ရဲ့ မိုဘိုင်းဖုန်းလုပ်ငန်းမှာ ၀န်ထမ်းအင်အားဘယ်လောက်နဲ့ လုပ်နေတယ်လို့ သိရပါသလဲ။

သူတို့မှာ မိုဘိုင်းဖုန်းလုပ်ငန်းအတွက် ၀န်ထမ်းအင်အား ၈၀၀၀ လောက်ရှိတယ်လို့ သိရတယ်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ မိုဘိုင်းဌာနမှာရော ၀န်ထမ်းအင်အား ဘယ်လောက်ရှိပါသလဲ။

အမြဲတမ်းဝန်ထမ်းဦးရေ ၂၃၀ ၊ ပုတ်ပြတ်နဲ့ နေ့စားဝန်ထမ်းဦးရေ ၁၈၈ဦး၊ စုစုပေါင်း ၀န်ထမ်းဦးရေ ၄၁၈ဦးနဲ့ မြန်မာ တစ်နိုင်ငံလုံးရဲ့ မိုဘိုင်းဖုန်းဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးနေပါတယ်။

ပြည်တွင်းမိုဘိုင်းဖုန်းအသုံးပြုသူအများစုကလည်း ၁၅၀၀တန် ဂျီအက်စ်အမ်မိုဘိုင်းဖုန်းများကို ၀ယ်ယူရန် စောင့်နေ
ကြပြီး မိုဘိုင်းဖုန်းဆိုင်အများစုကလည်း ဂျီအက်စ်အမ်ကတ်များသာ ချပေးပါက ဈေးကွက်တွင်း ဟန်းဆက်
ရောင်းအား ပိုမိုကောင်းလာနိုင်သည်ဟု ခန့်မှန်းထားကြသည်။

mizzima

ရွှေတိဂုံစေတီတော်ပေါ်တွင် မသင်္ကာဖွယ် လူတဦးကို ဖမ်း

Posted by drmyochit Friday, July 12, 2013, under | No comments


ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်တွင် တာဝန်ကျနေသည့် လုံခြုံရေး နှစ်ဦးကို ဇူလိုင် ၉ ရက်နေ့က တွေ့ရ စဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာမှာ ဇူလိုင်လ ၇ ရက်နေ့က ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လုံခြုံရေး တင်းကျပ် ထားတဲ့ ရွှေတိဂုံ စေတီတော်ပေါ်ကို ဓား၊ ဓာတ်ခဲ၊ ဝါယာကြိုးတွေ သယ်ဆောင်လာသူ တဦးကို ဒီနေ့ မနက်မှာ ပဲ မသင်္ကာမှုနဲ့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီး လိုက်ပါတယ်။

ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှုအပြီး ရွှေတိဂုံဘုရားပေါ်မှာ လုံခြုံရေးတင်းကျပ်ထားစဉ် ပထမဆုံး ဖမ်းဆီးမှု ဖြစ်ပြီး စစ်ဆေး ချက်တွေ အရ ကာယကံရှင်ဟာ ဖောက်ခွဲရေးသမား မဟုတ်ကြောင်း၊ သို့သော်လည်း ဓားကိုင် ဆောင် လာတဲ့ အတွက် လက်နက် ဥပဒေ ၁၉ (င) နဲ့ အရေးယူထားကြောင်း သက်ဆိုင်ရာ ဒဂုံမြို့နယ် ရဲစခန်း မှ စခန်းမှူး ဦးသိန်းဝင်းက ပြောပါတယ်။

“သူက ကျပန်း အလုပ်သမားပါ။ မိထ္တီလာ ဝမ်းတွင်းဘက်ကပါ။ ဖောက်ခွဲရေးသမားတော့ မဟုတ်ပါဘူး၊ ဖောက် ခွဲရေး ပြုလုပ်လို့ရတဲ့ ပစ္စည်းတွေလည်း မတွေ့ရပါဘူး။ ဓား ကိုင်ဆောင်ထားတဲ့ အတွက် လက်နက် ဥပဒေနဲ့ ငြိစွန်းနေတဲ့ အတွက်တော့ ဖမ်းထားပါတယ်” လို့ စခန်းမှူး ဦးသိန်းဝင်းက ဧရာဝတီကို ပြောပါ တယ်။

မသင်္ကာမှုနဲ့ ဖမ်းဆီး ခံထားရတဲ့ ကိုကျော်ဦးဟာ မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်သား ဖြစ်ပြီး ဗုဒ္ဓဘာသာဝင် တဦးဖြစ် တယ်လို့ ရဲဘက်က ပြောပြချက် အရ သိရပါတယ်။

ဖမ်းဆီးစစ်ဆေးတဲ့ အချိန်က ကိုကျော်ဦးလွယ်ထားတဲ့ အိတ်ထဲမှာ ဓာတ်ခဲအကြီး ၃ လုံး၊ ၀ါယာကြိုး ၁ ချောင်း၊ မီး ပိတ်/ဖွင့် ပြုလုပ်တဲ့ ခလုတ် ၁ ခု၊ အရိုးအသွား ၇ လက်မခန့်ရှိ ဓားဦးချွန် ၁ ချောင်း၊ ၈/ ၁၀ ဆိုဒ် ဂွ ၁ ချောင်း၊ ကိုရီးယား ၀မ်ငွေ ၁၀၀၀ တန် ၁ ရွက်နဲ့ ဗီယက်နမ် ဒေါင်ငွေ ၁၀၀၀၀ တန် ၁ ရွက်ကို တွေ့ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ကလည်း လူမှု ဆက်သွယ်ရေး ကွန်ရက် facebook ကတဆင့် ထုတ်ပြန်ထားပါတယ်။ ကိုကျော်ဦးဟာ မြန်မာ၊ ဗုဒ္ဓဘာသာဝင် တဦး ဖြစ်တယ် လို့လည်း သိရပါတယ်။

ကိုကျော်ဦးကို ဖမ်းဆီးစစ်ဆေးချိန် ရွှေတိဂုံဘုရားမှာ ရဲတပ်ဖွဲ့ဝင် အင်အား တော်တော်များများကို တွေ့လိုက်ရတယ်လို့ မျက်မြင် တွေ့ရှိသူတဦးက ဧရာဝတီကို ပြောပါတယ်။

ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ်ထားရာ နေရာတနေရာဖြစ်တဲ့ အိန္ဒိယနိုင်ငံ၊ ဘီဟာရ်ပြည်နယ် ဗုဒ္ဓဂယာမှာ ဇူလိုင်လ ၇ ရက်နေ့က ဗုံးခွဲခိုက်မှု တခုဖြစ်ပွားခဲ့ပြီး အဲဒီဗုံးပေါက်ကွဲမှုမှာ လူ ၂ ဦး ဒဏ်ရာ ရရှိခဲ့ပြီး တဦးဟာ မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံကို စာသွားရောက် သင်ယူနေတဲ့ ရဟန်းတပါး ဖြစ်တယ်လို့သိရပါတယ်။

အဲဒီပေါက်ကွဲမှု ဖြစ်အပြီး မြန်မာနိုင်ငံမှာ ရှိတဲ့ ရွှေတိဂုံဘုရားနဲ့ မဟာမြတ်မုနိ ဘုရားတွေလို နာမည်ကြီး ဘုရားတွေမှာ သက်ဆိုင်ရာ အာဏာပိုင်တွေက လုံခြုံရေးကို အထူးတင်းကျပ်စွာ ချထားခဲ့ပါတယ်။

“ကျနော်တို့ကတော့ ရွှေတိဂုံဘုရား တဝိုက်မှာတင် လုံခြုံရေးအင်အား ၂၀၀ ကျော်သုံးထားပါတယ်” လို့ စခန်းမှူး ဦးသိန်းဝင်း က ပြောပါတယ်။

ရန်ကုန်တိုင်း ရဲမှူးကြီး ဦးသိန်းလွင် ကလည်း အခုရက်ပိုင်းနဲ့ ဇူလိုင် ၁၉ အာဇာနည်နေ့ မတိုင်ခင်မှာ ရန်ကုန်တိုင်း အတွင်းမှာ ရှိတဲ့ သက်ဆိုင်ရာ မြို့နယ် တာဝန်ရှိသူတွေနဲ့ ဘုရားဂေါပက အဖွဲ့တွေကို “လုံခြုံရေး အသိ၊ လုံခြုံရေး သတိနဲ့နေဖို့ ပြောထား ပါတယ်” လို့ ဧရာဝတီကို ပြောပါတယ်။

ယခုရက်ပိုင်းတွင် ရန်ကုန်တိုင်း အတွင်းက မြို့နယ်တချို့မှာ ဧည့်စာရင်း တိုင်တန်းနေထိုင်ရန် ထုတ်ပြန်မှုတွေ ပြုလုပ်ထားတာ တွေ့ရသလို၊ ပြည်လမ်းမ အပါအဝင် လမ်းမကြီး တချို့ပေါ်မှာလည်း ရဲတပ်ဖွဲ့ဝင်တွေ ချထားတာကို တွေ့မြင်ရတာတွေနဲ့ ပတ်သက်ပြီး “လုံခြုံရေးအရ စစ်ဆေးဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ပါ” လို့ ရန်ကုန်တိုင်း ရဲမှူးကြီးက ဆက်ပြောပါတယ်။

ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အိန္ဒိယအာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဆဲ ဖြစ်ပါတယ်။ ဗုဒ္ဓဂယာမှာ တပ်ဆင်ထားတဲ့ CCTV ၁၆ လုံးကို အာဏာပိုင်များ က ပြန်လည် စစ်ဆေးရာမှာ ဗုံးမပေါက်ကွဲမီ အမျိုးသမီးတဦး အပါအဝင် မသင်္ကာဖွယ်ရာ လူ ၆ ဦးဟာ ဗုဒ္ဓဂယာကို ရောက်လာခဲ့တယ်လို့ International Business Times ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။ CCTV မှာပေါ်နေတဲ့ အရုပ်တွေဟာ မသဲကွဲတဲ့အတွက် ဘယ်သူဘယ်ဝါဆိုတာ အတည်ပြုလို့တော့ မရသေးဘူးလို့ သိရပါတယ်။

ကျော်ခ|ဧရာဝတီ

နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ်အား ဖျက်သိမ်းခြင်း

Posted by drmyochit Friday, July 12, 2013, under | No comments


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်ကြော်ငြာစာ

အမှတ်၊    ၅၉  /၂၀၁၃

၁၃၇၅ ခုနှစ်၊ ဝါဆိုလဆန်း  ၅  ရက်

(၂၀၁၃ ခုနှစ်၊ ဇူလိုင်လ  ၁၂  ရက်)

နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ်အား ဖျက်သိမ်းခြင်း



 နယ်စပ်ဒေသလူဝင်မှုစစ်ဆေးရေးကွပ်ကဲမှုဌာနချုပ်အား ယနေ့မှစ၍ ဖျက်သိမ်း လိုက်သည်။



                                                                                       (ပုံ)                        

                                                                                    သိန်းစိန်              

                                                                              နိုင်ငံတော်သမ္မတ        

                                                                 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

From: နိုင်ငံတော်သမ္မတရုံး

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်