Wednesday, July 24, 2013

ကိုးနှစ်သမီးကို အဓမ္မကျင့်ကာ နားကပ် ဖြုတ်သူကို ဖမ်းမိ

Posted by drmyochit Wednesday, July 24, 2013, under | No comments


ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်၊ ကတုတ်ဘုရားကြီး ကျေးရွာတွင် ဇူလိုင်လ ၂၂ရက် နံနက် ၁၀နာရီ မိနစ် ၃၀ခန့်က အသက် ၉ နှစ် အရွယ် မိန်းကလေးငယ် ဈေးဝယ်ပြီး အပြန်တွင် အမျိုးသား တစ်ဦးက အဓမ္မ ပြုကျင့် ခဲ့ရာ ညနေ့ ၃ နာရီခွဲတွင် ယင်းသို့ ပြုလုပ်သည်ဟု စွပ်စွဲခံရသူကို ဖမ်းမိ ခဲ့ကြောင်း အဆိုပါ ကျေးရွာတွင် နေထိုင်သူများထံမှ သိရှိရသည်။ ကတုတ်ဘုရားကြီး ကျေးရွာရှိ ဘကြီးဖြစ်သူထံ အလည်လာသည့် စတုတ္ထ တန်း ကျောင်းသူ တစ်ဦးသည် အဘွား ဖြစ်သူက ဈေးဝယ်ခိုင်းရာသုံးဖာလုံ ခန့် ဝေးသည့် ငါးဧက ဘက်စုံ စိုက်ပျိုးမွေးမြူရေးခြံ အနီးရှိ ဈေးဆိုင်မှ မုန့်နှင့် ဆေးလိပ် ဝယ်ယူပြီး အပြန်တွင် လက်ခုတ်ကွင်း ကျေးရွာနေသူ အသက် ၂၈ နှစ် အရွယ် မင်းသူ (ခ) ကိုသူက အဓမ္မ ပြုကျင့်ကာ ယင်းမိန်းကလေးငယ် ဝတ်ဆင်ထားသည့် နားကပ်ကိုပါ ဖြုတ်ယူ ထွက်ပြေး ခဲ့ကြောင်း ကျေးရွာ နေထိုင်သူ တစ်ဦးက ရှင်းပြသည်။ယင်းကဲ့သို့ အဓမ္မပြုခံရသူ မိန်းကလေးငယ်က ဘကြီးထံ ပြန်လာပြီး ငိုယိုကာ တိုင်ကြားသဖြင့် ၎င်း၏ ဘကြီးက ကျေးရွာ အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားခဲ့ကြောင်း၊ ကျေးရွာမှ တာဝန် ရှိသူများနှင့် ရပ်မိရပ်ဖများက ကလေးအပေါ် ကျူးလွန်ခဲ့သူဟုသံသယရှိသူကို ရှာဖွေရာ ၎င်း၏နေအိမ် တွင် မတွေ့ဘဲ တောင်ဘုရားကြီးရွာတွင် ဖမ်းမိခဲ့ကြောင်း လိုက်လံ ရှာဖွေသူ များထဲတွင် ပါဝင်သူ၊ ကတုတ် ဘုရားကြီးရွာမှ ဦးတင့်နိုင်က ပြောကြားသည်။“သူ့ (ဦးမင်းသူ (ခ) ကိုသူ) ကို အိမ်မှာ မတွေ့ဘူး၊ အမျိုးသမီး တစ်ယောက် က ကားပေါ်မှာတွေ့တယ်လို့ သတင်းပေးလို့ လိုက်ကြတာ၊ မော်လမြိုင် သွားဖို့ ကား လက်မှတ်တောင် ဝယ်ထားပြီးပြီ” ဟု ၎င်းက ဆိုသည်။အဆိုပါ အဓမ္မမှုနှင့် ပတ်သက်၍ မင်းသူ (ခ) ကိုသူကို (ပ) ၁၇၄/၂၀၁၃၊ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထား ကြောင်း ဖောင်တော်သီ ရဲစခန်းထံမှ သိရသည်။

မိုးနေThe Voice ဒိုက်ဦး ၊ ဇူလိုင် ၂၃

ပြည်သာယာမှာ မီးလောင်သေဆုံး

Posted by drmyochit Wednesday, July 24, 2013, under | No comments



၂၄၊၇၊၁၃ရက်နေ့ နံနက်(၃)နာရီ(၄၅)မိနစ် အချိန်က စစ်ကိုင်းတိုင်းဒေသကြီး ၊ကသာမြို့၊ ပြည်သာ ယာကျေး ရွာ အတွင်းရှိ အိမ်တစ်အိမ်မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး လူတစ်ဦး မီးလောင်သေ ဆုံးသွား ခဲ့ကြောင်းသိရပါသည်။သေဆုံးခဲ့သူမှာ အသက်(၄၃)နှစ်ရှိ ဦးမြ၀င်း(ဘ)ဦးမြတ်ကျော် ဖြစ်ပြီး အရက် အမူးလွန်ရာမှပေါ့ဆမီး လောင်ကျွမ်းသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ရဲစစ်ဆေးချက်တွင် ဖေါ်ပြထားပါသည်၊ထိုဖြစ်စဉ်အပေါ် ကသာရဲစခန်းမှ (ပ)/၂၃၆/၁၃အရ တိုင်ချက်ရေးသွင်းပြီး အိမ်ရှင် အသက်(၃၀)အရွယ်ရှိ ကျူရှင်ဆရာ ကျော်လင်းထိုက် (ဘ)ဦးတင်ထွန်းအား မီးပေါ့ဆမှုဖြစ်သည့် ပုဒ်မ ၂၈၅အရ အမှုဖွင့်ထားကြောင်းသိရှိရပါသည်၊ရဲမှတ်တမ်း၏ ဖေါ်ပြချက်များမှာ သေဆုံးသူဦးမြ၀င်းမှာ

ဒုက္ခိတတစ်ဦးဖြစ်ပြီး လူတွဲထူမှ ထနိုင်ကြောင်း၊(၂)ထပ်အိမ်၏ အပေါ်ထပ်တွင် နေထိုင်သူဖြစ်ကြောင်း
မီးလောင်သေဆုံးချိန်တွင် အရက်အလွန်အကျွံသောက်ထားကြောင်း၊ဆေးလိပ်မီးပွား ကျရာမှ စောင်၊ခြင်ထောင်၊အိပ်ယာတို့ကို မီးစွဲပြီး (၃)နာရီ(၄၅)မိနစ်တွင်လောင်ကျွမ်းခဲ့ခြင်း
ဖြစ်ကြောင်း၊မီးလောင်ရာသို့ မီးသတ်ယာဉ်(၃)စီး အကူရေဘောက်ဆာ(၂)စီးတို့ဖြင့် သွားရောက် ညိမ်းသတ်ခဲ့ရာ ရပ်ကွက်သူ ရပ်ကွက်သားများ၏ ပါဝင် ညိမ်းသတ်ခဲ့မှုကြောင့် ၄နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း နှင့် မီးလောင်မှုကြောင့် အိမ်တစ်လုံးမီးလောင်သွားခဲ့ပြီး ကာလတန်ဖိုး (ကာလတန်ဘိုး၁၅၀၀၀၀)ကျပ်ဖြစ်ကြောင်း ဖေါ်ပြပါရှိပါသည်၊ထိုဖြစ်စဉ်နှင့် ပါတ်သက်၍ ဥပဒေအရ သေဆုံးသူကို တရားခံ လုပ်၍ မရသောကြောင့် အိမ်အောက်ထပ်တွင် နေသူ

ယောက္ဖ တော်စပ်သည့် ကျော်လင်းထိုက် ကို တရားခံအဖြစ် အရေးယူထားရခြင်း ဖြစ်ကြောင်း သိရပါသည်၊
သတင်းရေးသူ၏ ရဲမှတ်တမ်းတွင် မပါရှိသေးသော စုံစမ်းသိရှိရမှုများမှာ ဦးမြ၀င်းသည် ဒုက္ခိတ မဟုတ်ဘဲ ကိုယ်ခန္ဓာဖေါယောင်၍ ကျန်းမာရေး မကောင်းသူသာ ဖြစ်ပါသည်၊
လွန်ခဲ့သည့် (၂)ရက်ခန့်ကမှ အိပ်ယာထဲ လဲခဲ့ပြီး (၂၃၊၇၊၁၃)ရက်နေ့ ညနေက အရက်ကို ဦးမြ၀င်းကိုယ်တိုင် ထွက်ဝယ်ခဲ့သေးကြောင်း၊ယခုမီးလောင်မှုတရားခံဟု အမှုဖွင့်ခံထားရသူ
(ယောက္ဖ)ကျော်လင်းထိုက်တို့ ဇနီးမောင်နှံတို့နှင့် အမွေမှု ဖြစ်လျှက် ရှိနေကြောင်း ၊ဦးမြ၀င်းက အိမ်အပေါ်ထပ်တွင် နေပြီး ကျော်လင်းထိုက်တို့ ဇနီးမောင်နှံတို့မှာ ထိုအိမ် အောက်ထပ်တွင်
နေထိုင်လျှက် ရှိခဲ့ကြကြောင်း သတင်းများ ရရှိခဲ့ပါသည်။

From:  (ဟာဂျူလီ-ကသာ)


ဒဂုံတောင်မြို့နယ်တွင် အမျိုးသမီးအလောင်းနှင့် ကလေးအလောင်း တွ့ရှိမှုအား သေမှုသေခင်းမှ လူသတ်မှုသို့ပြောင်းလဲစစ်ဆေး

Posted by drmyochit Wednesday, July 24, 2013, under | No comments

ရန်ကုန်၊ ဇူလိုင် ၂၄

၂၃.၇.၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန် ဒဂုံတောင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဒဂုံမြို့သစ် (တောင် ပိုင်း)မြို့နယ်၊ ရွာသာကြီးရပ်ကွက်၊ ဒီဇင်ဘာအိမ်ယာမုခ်ဦးအ၀င်လမ်း၏ အနောက်ဘက်ကွင်း ထဲတွင် အမျိုး သမီး အလောင်းတစ်လောင်း တွ့ရှိကြောင်းသတင်းအရ သက်သေများနှင့်အတူသွားရောက် စစ်ဆေးခဲ့ကြ ပါသည်။

စစ်ဆေးစုံစမ်းချက်အရ သေဆုံးသူမှာ မအေးအေးအောင်၊ ၂၁နှစ်၊ အအေးခန်းစက်ရုံအလုပ်သမ၊ (ဘ) ဦးမြင့်အောင်၊ ဒဂုံမြို့သစ်(အရှေ့)မြို့နယ်နေသူဖြစ်ကြောင်းသိရှိရပြီး ကလေးမွေး ဖွားထား သည့် လက္ခဏာ ရှိကာ ဘေးတွင်မွေးကင်းစ ယောက်ျားလေး တစ်ဦး အလောင်းကိုပါတွေ့ရှိရပြီး အလောင်းများမှာ ပုတ်ပွလျက်ရှိရသဖြင့် ဒဂုံတောင်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၃၃/၂၀၁၃)ဖြင့်ရေးဖွင့်၍ သေဆုံးရသည့်အကြောင်းရင်းအား စုံစမ်းစစ်ဆေးခဲ့ပါသည်။

အလောင်းများအား သင်္ဃန်းကျွန်းစံပြဆေးရုံကြီးသို့ ပို့အပ်စစ်ဆေးခဲ့ရာ မှုခင်းဆရာဝန်ကြီးမှ နှုတ်ဖြင့် ထင်မြင်ချက်ပြောကြားရာတွင် သေဆုံးသူ မအေးအေးအောင်သည်လည်ပင်းယာဘက်အရိုက်ခံရသည့် ဒဏ်ရာနှင့် ဗိုက်တွင်အကန်ခံရ၍ သားအိမ်ပေါက်ပြီးကလေးအပြင်ထွက်ကျကာ
သေဆုံးခြင်းဖြစ်ကြောင်း၊ ကလေးမှာဗိုက်ပေါက်အူထွက် သေဆုံးခြင်း
ဖြစ်ကြောင်း၊ သေဆုံးချိန်မှာ ၄/၅ ရက်ခန့်ရှိပြီးဖြစ်ကြောင်း
ပြောပြသိရှိရပါသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခဲ့ရာ မအေးအေးအောင်နှင့် ချစ်ကြိုက်ပြီး သားမယားအဖြစ် ဆက်ဆံ ခဲ့သူ ပြည့်ဝအောင်(စုံစမ်းဆဲ) မှ ၁၉.၇.၂၀၁၃ ရက်နေ့ ၂၀၀၀ အချိန်ခန့်တွင် မအေးအေးအောင် အား လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း၊ ထိုအချိန်မှစ၍ ပျောက်ဆုံးနေကြောင်း တို့ကို စက်ရုံမှ သက်သေ များ၏ ထွက်ဆိုချက်များအရ သိရှိရသဖြင့် မအေးအေးအောင်နှင့် ၀မ်းဗိုက် အတွင်း ရှိ ကလေး အားသေအောင်ပြုလုပ်သူ ပြည့်ဝအောင်(စုံစမ်းဆဲ) အားဒဂုံတောင်မြို့မရဲစခန်း (ပ)၆၀၂/၂၀၁၃၊
ပုဒ်မ ၃၀၂ ဖြင့် ၁၉၅၀ အချိန် အမှုဖွင့်လှစ်ပြီး ဖမ်းဆီးရမိရေးစုံစမ်း ဆောင်ရွက်လျက် ရှိကြောင်းသတင်းရ  ရှိပါသည်။


yangonpolice 

တစ်ခုခုပြောခဲ့ပေါ့လိင်မှတဆင့် ကူးစက်သော ရောဂါများ (သိစေအပ်ပါသည်)

Posted by drmyochit Wednesday, July 24, 2013, under | No comments


STI ဖြစ်ရင် အိမ်က မိန်းမ၊ ဒါမှမဟုတ် ကိုယ့်ရဲ့ လိင်ဆက်ဆံဘက်ကိုပါ အတူတူ ဆေးကုဖို့ လိုကြောင်း၊ ဘာကြောင့် လိုအပ်ကြောင်းလေးပါ ပြောပေးပါ။

ဖြစ်နေကျတွေက ယောက်ျားက မိန်းမ မသိအောင် ဆေးကုထားပြီး မိန်းမက ကလေး မွေးခါနီးစစ်မှ ဆစ်ဖ လစ်ပိုး တွေ့တာမျိုး ဖြစ်တတ်တာ။ အဲဒီအချိန်မှာ သူတို့က မေ့နေလောက်ပြီဆိုတော့ မိန်းမကို ဘယ်က ရလဲ လို့တောင် ပြန်စွပ်စွဲတတ်ကြသေးတာ။ အဲလိုနဲ့ ကွဲတဲ့ စုံတွဲတွေတောင် ရှိဖူးပါတယ်။

လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေကို ဆေးပညာမှာ Sexually Transmitted Diseases (STDs) လို့ အခုခေါ်ပါတယ်။ အရင်ကတော့ Venereal Diseases (VD) လို့ ခေါ်ခဲ့တယ်။

ကျွန်တော်တို့ဆီမှာလဲ အရင်က “ကာလသားရောဂါ” လို့ ခေါ်ခဲ့ပြီး၊ ရောဂါတိုက်ဖျက်ရေးဌာနတောင် ဒီနာ မယ်နဲ့ လုပ်ခဲ့သေးတာ။ “ကာလသား” ဆိုတာ လူပျိုပေါက်ထက် ကြီးပြီး၊ များသောအားဖြင့် အိမ်ထောင်လဲ မကျသေးတဲ့ ယောက်ျားသား လူရွယ်တွေကို ခေါ်တာပါ။ တောရွာတွေမှာ “ကာလသားခေါင်း” ဆိုတာ ရပ်ရေးရွာရေး၊ လူမှုရေးကိစ္စတွေမှာ စေတနာနဲ့ (ဗော်လန်တီယာ) လုပ်နေသူတွေရဲ့ ခေါင်းဆောင်ကို ခေါ် တယ်။ အမိန့်နာခံသူကို ရွေးတာ၊ အထက်လူကြီးကို လာဘ်ထိုးနိုင်လို့ ခန့်တာမျိုး မဟုတ်ဘူး။ ရွာသားတွေ က နှစ်လိုသဘောကျသူကိုသာ ရွေးတာ။ အင်မတန် ချစ်ဘို့ကောင်းတဲ့ ယဉ်ကျေးမှုပေါ့။

STDs တွေက ကာလသားတွေသာ မဟုတ်ဘူး အရွယ်မရွေး ဖြစ်နိုင်တယ်။ မွေးစကလေးတွေတောင် ကူးတာ။ အမျိုးသားတွေရော အမျိုးသမီးများတွေမှာပါ ဖြစ်တယ်။ ဖြစ်မှာပေါ့ လိင်ဆက်ဆံကြရာမှာ မဆင်ခြင်ကြလို့ တယောက်ကနေ နောက် တယောက်ကို ကူးတာကိုး။ ဒါ့ကြောင့် STIs လို့ ပြောတာက ပိုမှန်တယ်။ “I” ဆိုတာ Infection “ကူးစက်ရောဂါ” လို့ ကွက်ကွက် ကွင်းကွင်း ခေါ်လိုက်တာပါဘဲ။

Venereal လို့ ခေါ်တာကလဲ Venus ဗီးနပ်စ် ကနေလာတာပါ။ ကျောင်းသားတွေက သောကြာဂြိုဟ်လို့ သင်ကြရမယ်။ စာဖတ်သူများကတော့ ဗီးနပ်စ် ကို အချစ် နဲ့ အလှကို ကိုယ်စားပြုတဲ့ ရောမနတ်သမီးလို့ သိကြမယ်။ ရောမ သာမကပါ၊ ဂရိနတ်သမီး (အဖရိုဒိုက်) နဲ့ပါ ဆက်စပ်မှု ရှိသေးတယ်။ လှလွန်းတယ်လို့ နာမည်ကြီးတဲ့ လက်နှစ်ဖက်ပြတ် ကျောက်ဆစ် ရုပ်ထု Aphrodite of Milos ကို Venus de Milo လို့ ပိုသိကြတယ် မဟုတ်လား။ “လှတာမက်တော့ ညစာခက်” ဆိုသလို ရောဂါက အတော်ကို ကြောက်ဘို့ ကောင်းတယ်။

ဆေးတွေ မပေါ်ခင်ကဆို ကုရာနတ္ထိရောဂါတွေလို့ ထင်မှတ်ခဲ့ရသေးတယ်။ ဒီလိုရောဂါတွေကုဘို့ ပဌမဆုံးဆေးရုံကို ၁၇၄၆ ကျမှ လန်ဒန်မှာ စဖွင့်တယ်။ စပိန်ပြည်တွင်းစစ် (၁၈၂ဝ-၂၃) ခေတ်ကတောင် ဒီရောဂါမျိုးဟာ “ရန်သူ့ကျည်ဆံလို ကြောက်ဘို့ ကောင်းတယ်” လို့ ပိုစတာတွေ ကပ်ခဲ့ကြသေးတယ်။

လိင်ဆက်ဆံရာ နေရာမှန်သမျှမှာ ရောဂါရတယ်။ လိင်အင်္ဂါ၊ ပါးစပ်၊ စအို။ နောက်ပြီး မအေကနေ ကလေး။ မူးယစ်ဆေး သွေးပြန်ကြော ထိုးနည်းတွေကနေလဲ ကူးနိုင်တယ်။ လိင်အင်္ဂါတွေမှာသာ မဟုတ်ဘဲ တခြား တခြား နေရာတွေမှာပါ ရောဂါ ရတတ်တယ်။ အဲလိုဖြစ်တာတွေက ပိုဆိုးတယ်။ Systemic STDs လို့ ခေါ်တာတွေက HIV, Hepatitis B, Hepatitis C နဲ့ Human Herpes Virus တွေ ဖြစ်တယ်။

ရောဂါပိုးတွေကလဲ အမျိုးမျိုး။ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ဖန်းဂတ်စ်၊ ပရိုဇိုးဝါး နဲ့ ပါရာဆိုက်၊ အကောင်စုံ ပါဘဲ။ ဆစ်ဖလစ် ကို VD ခေါ်ကတည်းက ရောဂါ ရှိ-မရှိစမ်းတာကို Venereal Disease Research Laboratory (VDRL) tests လို့ ခေါ်တာ ခုအထိဘဲ။ ဒီစမ်းသပ်နည်းက ရာနှုန်းပြည့် ဒီရောဂါရှိတယ်လို့ ပြောနိုင်တာတော့ မဟုတ်ပါ။

Chlamydia trachomatis ပိုးတွေကြောင့်က အဖြစ်အများဆုံးလို့ ပြောနိုင်တယ်။ ကျား-မ လိင်အင်္ဂါတွေမှာ အနာဖြစ်တာပါ။ အနာ ဆိုပေမဲ့ မနာဘူး။ ပေါင်ခြံမှာ တက်စေ့တွေ ရောင်လာမယ်။ တက်စေ့ကနေ အနာလဲ ဖြစ်လာတတ်တယ်။ အမျိုးသမီးများ သားအိမ်အဝမှာ အဖြစ်များတယ်။ အဖြူဆင်းတယ်။ ဆင်းတာက ပြည်လိုနေတယ်။ နဲနဲဝါမယ်။ မီးခိုးရောင်၊ ခပ်စိမ်းစိမ်းအရောင်လဲ ဖြစ်နိုင်တယ်။ အမြှုတ်လိုလဲ ရှိတတ်တယ်။ အနံ့ဆိုးတယ်။ ယားမယ်။ သွေးနဲနဲလဲ စွန်းနိုင်တယ်။ ဆီးခဏခဏ သွားချင်ပြီး ဆီးအောင့်တယ်။ အတွင်း အင်္ဂါတွေအထိ ရောက်နိုင်တယ်။ ဒီအချိန်မှာ လိင်ဆက်ဆံရင် နာမယ်။ စအိုလိင်ဆက်ဆံသူများဆိုရင် အစာဟောင်းအိမ်ကို ရောဂါရလို့ ဝမ်းသွားရင် နာမယ်။

ဒုတိယအများဆုံးဖြစ်တာက Gonorrhea ဂနိုရီးယား။ လွန်ခဲ့တဲ့ နှစ် ၅ဝဝဝ က တရုပ်မှာ ဖြစ်ခဲ့တယ်လို့ သမိုင်းဆရာတွေက ပြောတယ်။ ပိုးရှိပေမဲ့ ဘာမှ မဖြစ်သလိုလဲ နေတတ်တယ်။ ပိုးရှိနေသူနဲ့ ဆက်ဆံပြီး၊ ၄-၅ ရက်မှာ စတယ်။ ယောက်ျားတွေမှာ ဆီးအောင့်တာ၊ ဆီးလမ်းကနေ အဖြူရည် အဝါရည် ကျတာ။ ဆက်ဖြစ်ရင် အကြောနာ၊ အစေ့နာတာ ဖြစ်မယ်။ ဗမာတွေက “ဆီးပူး-ညောင်းကျ”လို့ အရပ်ထဲမှာ ပြောတာပေါ့။ ပုဆိုးကို မ-ပင့်ပြီး လမ်းသွားရတယ်။ (ဂေး) တွေမှာ စအို ရောင်နိုင်မယ်။ လမ်းလျောက်ပုံ တမျိုးပေါ့။ အမျိုးသမီးဆိုရင် အဖြူဆင်းမယ်။ ဆီးက ပန်းထွက်သလို သွားတယ်။ ကြားရက် သွေးဆင်းတာ ဖြစ်တတ်သေးတယ်။ ဆက်ဆံရင်လဲ နာမယ်။ အထဲကို ရောဂါပြန့်ရင် သားအိမ်ဘေးက အင်္ဂါမှန်သမျှ ရောင်နိုင်တယ်။ သေသေခြာခြာ ဆေးမကုရင် ယောက်ျားရော မိန်းမပါ ကလေးမရတာ ဖြစ်သွားတတ် တယ်။

Chancroid (ရှန်ကာ) ဆိုတာဖြစ်ရင် လိင်အင်္ဂါမှာ အနာ၊ အကြိတ် ပေါ်လာမယ်။ ပေါင်ခြံက အကြိတ်တွေ ရောင်လာတယ်။ ရေယုံဆိုတာ ကိုယ်ခန္ဓာမှာ ဖြစ်တာတမျိုး၊ ပါးစပ်တဝှိုက် ဖြစ်တာတမျိုး။ လိင်လမ်းမှာလဲ ဖြစ်သေးတယ်။ Genital Herpes ခေါ်တယ်။ (HSV-2) ဗိုင်းရပ်စ် ကနေဖြစ်တာ။ အရည်ကြည်ဖုတွေ ဖြစ်တယ်၊ နာတယ်၊ ယားတယ်။ မွေးလာမယ့် ကလေးကို ကူးနိုင်တယ်။

Human Papillomavirus (HPV) လိင်လမ်းကြောင်း ကြွက်နို့ကလဲ ဒီအုပ်စုဝင်ရောဂါဖြစ်တယ်။ Lympho-granuloma Venereum (LGV) ဆိုတာက တက်စေ့တွေ ရောင်တာပါ။ လိင်အင်္ဂါမယ် မနာတဲ့ အနာဖြစ်လို့ ဆစ်ဖလစ်နဲ့ မှားတတ်တယ်။

ဆစ်ဖလစ် ရောဂါသမိုင်းက ၁၅ ရာစုကတည်းကတဲ့။ ကွန်မြူနစ်ကမ္ဘာရဲ့ ဆရာကြီး နှစ်ဆူဖြစ်ကြတဲ့ လီနင်နဲ့ တော်လ်စထွိုင် တို့လဲ ဒီရောဂါနဲ့ မကင်းဘူးတဲ့။ အာဏာရှင်ကမ္ဘာကဆိုရင် ဂျာမနီက ဟစ်တလာ၊ အီတလီ က မူဆိုလီနီ၊ ရုရှားက လူဆိုးဘုရင် အိုင်ဗင် စသူတွေ ပါတယ်။ “နာမယ်ဆိုးရှိသူများ သတိထားကြပါ။”

ဆေးစာတွေကို ဗမာလိုပြန်ရင် အတော့်ကို အဆီအငေါ်မတည့်တာ ဒီရောဂါဘဲ။ ဗမာတွေက Chickenpox ကို ရေကျောက် ခေါ်ပြီး၊ ခုခေတ်မှာ မျိုးတုံးသွားပြီဖြစ်တဲ့ Smallpox ကို “ကျောက်ကြီး” လို့ ခေါ်ကြတယ်။ အင်္ဂလိပ်လို The Great Pox ဆိုတာကို တိတိကျကျဘာသာပြန်ရင် “မဟာကျောက်ရောဂါ” ပေါ့။ အဲဒါ Syphilis “ဆစ်ဖလစ်” ကို ခေါ်တာပါ။

အာလူးအချောင်းကြော်ကို French fries လို့ခေါ်မှ ခေတ်မီတယ်။ French kiss ဆိုတာလဲ လုပ်တတ်ကြ တယ်။ French disease ဆိုတာကိုပါ သိဘို့လိုတယ်။ ဆစ်ဖလစ်ကို အီတာလျန် နဲ့ ဂျာမန်တွေက အဲလို ခေါ်တာ။ ဒတ်ခ်ျ တွေကတော့ စပိန် ကိုလွှဲချတယ်၊ ရုရှားတွေက ပိုလန်ကို လက်ညှိုးထိုးပြီး၊ တူရကီတွေက နဲနဲပိုဆိုးတယ်။ "Christian disease" တဲ့။ အမှန်က သူတို့ဆီကို ဒီလူတွေဆီကနေ ကူးလာတာလို့ ပြောချင်ကြတာပါ။

ဆစ်ဖလစ် ကို အဆင့်တွေခွဲ လေ့လာရတယ်။ ၁၊ ၂၊ ၃၊ ၄။ Treponema pallidum ဗက်တီးရီးယား ပိုးဝင်ပြီး၊ ၂၁ ရက် အကြာ၊ လိင်ဆက်ဆံရာနေရာ မှန်သမျှမယ် မနာတဲ့ အနာလေးတွေ စဖြစ်တယ်။ ၁ လ ၁ လခွဲနေရင် ပျောက်သွားမယ်။ နောက်အဆင့် ဖြစ်လာရင် မယားတဲ့ အနီပြင်တွေ ခြေသလုံး၊ လက်၊ ကျောတို့မှာ ပေါ်မယ်။ ဒီအဆင့်က ပိုပြီး ကူးစက်စေနိုင်တယ်။ ကိုယ်ပူတာ၊ လည်ချောင်းနာ၊ အစားပျက်၊ အလေးချိန်လျော့၊ တက်စေ့ရောင်တာတွေ ဖြစ်မယ်။ နောက်ပြီး ဘယ်အင်္ဂါအစိတ်အပိုင်းမဆို ရောဂါပြန့် မယ်။ အဆစ်၊ အသဲ၊ ကျောက်ကပ်။

မပျောက်သေးတဲ့ သူတွေ ၂% လောက်က တတိယ အဆင့် ရောက်သွားမယ်။ သွေးကြောကြီးတွေ ဖေါင်းမယ်၊ Gummas တက်စေ့တွေ ရောင်မယ်၊ Neuro-syphilis ဦးနှောက်ဆစ်ဖလစ်ဖြစ်မယ်၊ မျက်စိ၊ နားကို ကူးစက်တော့မယ်။ ၂ နှစ် ကြာရင် တတိယအဆင့်ဆိုတာ ဖြစ်လာတယ်။

နောက်ဆုံးဆင့်ဆိုတာ ရောဂါကူးချိန်ကနေ ၁ နှစ်ကနေ ၁ဝ နှစ်အတွင်းဖြစ်တယ်။ ဒီထက်လဲ ကြာနိုင်သေး တယ်။ အရိုး၊ အဆစ် နဲ့ အာရုံကြောတွေမှာ Gummas (ဂါမာ) ဆိုတာတွေ ဖြစ်လာမယ်။ အာရုံကြော ဆစ်ဖလစ်ဖြစ်ရင် ရောဂါလက္ခဏာ မပေါ်တဲ့အဆင့်ကနေ စိတ်မကောင်းသူလို ဖြစ်သွားတဲ့အဆင့်ထိ ဖြစ်နိုင်တယ်။ နှလုံးကနေထွက်တဲ့ အကြီးဆုံး သွေးလွှတ်ကြောကြီးမှာ ရောဂါရလာတတ်တယ်။ သိပ်တော့ အစိုးရိမ်မကြီးပါနဲ့ ပဋိဇီဝဆေးတွေ မပေါ်ခင်ကသာ ၂၅-၃၅% ဖြစ်တာပါ။ အဲ့ ခုခေတ်မှာတော့ Neurosyphilis ဟာ HIV ရှိသူတွေမှာသာ များနေပါတယ်။

ဒီလို လက္ခဏာတွေရှိတိုင်း နာခေါင်းမရှုံ့ပါနဲ့။ အမျိုးသမီးများမှာဖြစ်တဲ့ Vaginal Infections မွေး လမ်းကြောင်းရောင်တာက သန့်ရှင်းရေး နည်းလို့လည်း ဖြစ်တတ်တယ်။ Trichomoniasis ပိုးက လိင်နဲ့ မဆိုင်တဲ့ အဝတ်စိုလိုမျိုးမှာ ၁ နာရီ လောက် ရှင်နေနိုင်လို့ အတူသုံးမိရင် ကူးနိုင်တယ်။ ဒါ့အပြင် ဖိုဆိုရင် ယင်ဖိုတောင် မသန်းဘူးတဲ့ အမျိုးသမီးများမှာတောင်မှ ဗက်တီးရီးယား အရေအတွက် အပြောင်း အ လဲကြောင့် ဖြစ်ရ တတ်တယ်။ သန့်ရှင်းရေး လုပ်တဲ့အခါ ရှေ့ကနေ နောက်ဖက်ဆီ လုပ်ရတာကို မှတ်ပါ၊ လုပ်ပါ။ ပဋိဇီဝဆေးတွေကြောင့်လည်း ဖန်းဂတ်စ် (ရိစ်) ပိုးဝင်နိုင်တယ်။

ဒီရောဂါတွေကို ကာကွယ်ဘို့ တချို့က လိင်ကိစ္စမှန်သမျှ ဝေရမဏိ လုပ်ခိုင်းတယ်။ သီလမစောင့်နှိုင် ရင်တော့ “ကွန်ဒွမ်” က အလွန်မတန် အသုံးဝင်ပါတယ်။ ကိုယ်ခန္ဓာ ရင်းနှီးရသူတွေကို ပညာပေးတာ ထိရောက်အောင်လုပ်ဘို့ အလွန့်အလွန်ကို အရေးကြီးပါတယ်။ ကိုယ့်အိမ်ထောင်ဘက်၊ ကိုယ့်အဖေါ်ကို လူစိတ်ထားပြီး ဆက်ဆံသင့်တယ်။ ဖြစ်လာရင် HIV နဲ့ B, C ပိုးတွေကလွဲရင် ဆေးတွေက အတော်ကို နိုင်ပါတယ်။ တချို့ဆို တခါသောက်နဲ့ ပျောက်တယ်။ ဆေးပတ် လည်အောင်တော့ ကုဘို့လိုတယ်။ အ တူနေဖေါ် နှစ်ယောက်လုံး တပြိုင်တည်း ဆေးကုရပါမယ်။

ဆစ်ဖလစ်ဟာ အမေရိကားကို ကိုလန်ဘတ်စ် မတွေ့ခင်ကတည်းက ရှိတယ်လို့ နောက်မှ ရောက်တဲ့ ဥရောပသားတွေက ပြောတယ်။ ဒီနောက် ရောက်လာကြမဲ့ ဗမာတွေအပါအဝင် အာဖရိက နဲ့ အာရှက လူမှန်သမျှကို မလာခင် ဆေးစစ်တဲ့အခါ ဒီရောဂါကိုပါ စစ်တယ်။ ပိုးတွေ့ရင်လဲ ၁ ပတ် ၁လုံး၊ ၃ ပတ် ဆေးထိုးခိုင်းပြီး၊ ဆေးအောင်လုပ်ပေးလိုက်ပါမယ်။ ဒါပေမဲ့ သူတို့ဆီမယ် ၁ နှစ်မှာ လူ ၁၇ သန်းလောက် ဒီရောဂါသည် အသစ်တွေရှိနေတယ်။ ဆေးစစ်အောင်လို့ ရောက်သွားကြမဲ့ ဒုက္ခသည်များ၊ ဟိုရောက်ရင် ဒုက္ခသစ်မရှာကြဘို့ သတိပေးပါတယ်ခင်ဗျား။

ဒေါက်တာတင့်ဆွေ

ပျံလွန်တော်မူသည်မှာ ခြောက်လကျော်ကြာသော်လည်း ရုပ်အလောင်း မပုပ်မသိုးသည့် ရသေ့

Posted by drmyochit Wednesday, July 24, 2013, under | No comments


ပဲခူးတိုင်းပြည်မြို့နယ် ၀က်ထီးကန်တိုက်နယ်အတွင်းရှိ တဲကြီးကုန်းကျေးရွာအုပ်စု သာယာကျေးရွာမှ သက်တော် ၇၃ နှစ်ရှိ ရသေ့ဦးဝိသထ ပျံလွန်တော်မူသွားသည်မှာ နှစ်ဝက်နီးပါး ရှိခဲ့သော်လည်း ရုပ် အလောင်းကို ပြန်လည် တူးဖော်ရာတွင် မပုပ်မသိုးသော ရုပ်ကလာပ်ကို ပြန်လည် တွေ့ရှိရသည်ဟု ရုပ် အလောင်း ပြန်လည်တူးဖော်သူများက ပြောသည်။

ဦးဝိသထသည် ဇန်န၀ါရီလ ၃၁ ရက်တွင် ပျံလွန်တော်မူခဲ့ပြီး ဖေဖော်ဝါရီလ ၂ ရက်တွင် မှန်ခေါင်းထဲ ထည့် သွင်းကာ သာယာကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ဂူသွင်းမြှုပ်နှံခဲ့သည်။ ယင်းနောက် ဇူလိုင်လ ၁၆ ရက်တွင် ပြန်လည်တူးဖော်ရာ ရုပ်ကလာပ်မှာ ပုပ်သိုးခြင်းမရှိသည်ကို တွေ့ရှိရသည်ဟု ဒေသခံတို့က ပြောသည်။

ဦးဝိသထ၏ ရုပ်ကလာပ် စံမြန်း အပူဇော်ခံရန် ၁၀ ပေပတ်လည် စံကျောင်းဆောင် (အပေါ်တွင် စေတီတစ် ဆူတည်ထား) ဆောက်လုပ်လျက်ရှိပြီး လာရောက်ဖူးမြော်သူ နေ့စဉ် နှစ်ရာခန့်ရှိကြောင်း သိရသည်။ ရသေ့ ကြီး ပျံလွန်တော်မမူမီ ကျောင်းသို့ လာရောက် တရားအားထုတ်သူများကို သက်သတ်လွတ်ကျွေးခြင်း၊ ဘရသေ့ကိုယ်တိုင် မီးလွတ်စားခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ရေခဲ (ပြည်) |  Mizzima - News in Burmese

ကွမ်းခြံအတွင်း အမျိုးသမီး ခေါင်းဖြတ် အသတ်ခံရမှု ငွေပေး စေခိုင်းခဲ့ခြင်းဖြစ်

Posted by drmyochit Wednesday, July 24, 2013, under | No comments


ရန်ကုန်၊ ဇူလိုင် ၂၃

တွံတေးမြို့နယ် ကြည်တန်းကျေးရွာ ကွမ်းခြံ စိုက်ခင်းအတွင်း အသက် ၅၇ နှစ် အရွယ် အမျိုးသမီး တစ်ဦး ခေါင်းဖြတ် အသတ်ခံရမှုသည် လူ နှစ်ဦး ကို ငွေပေး၍ စေခိုင်းခဲ့ခြင်းဖြစ်ပြီး စေခိုင်းသူကပါ ယင်းသို့ ပြုလုပ် စဉ်တွင် ပါဝင်ခဲ့ကြောင်း ပြစ်မှု ကျူးလွန်သူဟု စွပ်စွဲခံရသူ သုံးဦးက ဝန်ခံ ထွက်ဆိုခဲ့ သည်ဟု ရန်ကုန် တိုင်းဒေ သကြီး ရဲတပ်ဖွဲ့မှူး ရုံး၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

ဖမ်းဆီးရမိသည့် သူများထဲတွင် အသတ်ခံရသူနှင့် ယခင်က လယ်မြေကိစ္စ အငြင်းပွားမှု ဖြစ်ပွားခဲ့သည့် အသက် ၂၉ နှစ်အရွယ် ထူးနိုင် ပါဝင်ကြောင်း၊ ၎င်းက တွံတေးမြို့နယ် ဘုရားငုတ္တို ကျေးရွာတွင် နေထိုင်သူများဖြစ်သည့် ဦးဇော် (ခ) အရှည်ကြီးနှင့် ဦးထွန်းမင်းလတ် (ခ) မောင်ထွန်း (ခ) ထော်ကြီး တို့ နှစ်ဦးကို ငွေပေး၍ စေခိုင်းခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ အသုံးပြုခဲ့သည့် သက်သေခံ ဓားနှင့် ကြိုတင် ပေးအပ်ထားသည့် ငွေများပါ သိမ်းဆည်း ရမိခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

ထူးနိုင်၏ ဖခင်ဖြစ်သူ ဦးစိုးမြင့် (ခ) ပသီနှင့် လယ်မြေ ကိစ္စဖြင့် အငြင်းပွား လျက် ရှိသော်လည်း လက်ရှိ ဖမ်းဆီး ရမိသူများနှင့် မည်သည့် ရန်ငြိုးရန်စမျှ မရှိခဲ့ဖူးကြောင်း၊ ၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းက မိမိ ပိုင်ဆိုင်သည့် လယ်မြေ ၁၀ ဧကခန့်ကို ဦးစိုးမြင့်ထံတွင် တစ်ဧကလျှင် ၈ သိန်းခွဲနှုန်းဖြင့် ပေါင်နှံခဲ့သော် လည်း ယခု ယင်းလယ်များကို ပြန်လည် ရွေးယူမည်ဟု ဆိုရာတွင် ပြန်လည် ပေးအပ်ခြင်း မရှိကြောင်း၊ ယခု ကာလပေါက်ဈေးမှာ ၁ ဧကလျှင် ကျပ်သိန်း ၄၀ မှ ၅၀ ထိ ရှိသဖြင့် လယ်မြေကို ရယူ၍ ငွေ အနည်းငယ် ထပ်ဆောင်း ပေးစေလိုသည်ဟု ဦးစိုးမြင့်ထံတွင် သေဆုံး သူ ဒေါ်သန်းမြင့်က တစ်ကြိမ် သွားရောက် တောင်းခံခဲ့ပြီး မိမိ ကိုယ်တိုင် လည်း တစ်ကြိမ် သွားရောက် တောင်းခံခဲ့ဖူးကြောင်း၊ သို့သော် ငွေမရခဲ့သည့် အတွက် ဆက်လက် တောင်းဆိုခြင်း မပြုတော့ကြောင်း သေဆုံးသူ၏ ခင်ပွန်းဖြစ်သူ ဦးကြီးမောင်၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ လယ်များကို ဦးကြီးမောင် အကျဉ်းကျခံနေဆဲ ကာလတွင် ၎င်း၏ ဇနီးဖြစ်သူမှာ စိုက်ပျိုးစရိတ် ချေးငွေ၊ ဓာတ်မြေသြဇာဖိုး ငွေများ ပေးဆပ် ရန် ငွေ မလုံလောက်သဖြင့် ဦးကြီးမောင်၏ ခွင့်ပြုချက်ဖြင့် လယ်မြေ လုပ်ပိုင်ခွင့်ကို ဦးစိုးမြင့်၏ ဇနီး ဒေါ်မြင့်သိန်း နာမည်ဖြင့် လယ် လုပ်ကိုင်ခွင့် ပြုခဲ့ကြောင်း၊ ဒေါ်မြင့်သိန်းထံတွင် ရောင်းချသည်ဟု သိရှိခဲ့သော်လည်း ၎င်းတို့ မည်မျှ တန်ဖိုးနှင့် ရောင်းဝယ်ခဲ့သည်ကို မသိရှိ ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းတွင် လယ်မြေ တစ်ဧက ဈေးနှုန်းမှာ ၈ သိန်း ၉ သိန်း ခန့်သာ ပေါက်ဈေး ရှိခဲ့ကြောင်း အဆိုပါ ကျေးရွာ၏ အုပ်ချုပ်ရေးမှူး ဦးသိန်းတန်၏ ပြောကြားချက် အရ သိရသည်။

အခင်း မဖြစ်မီ လပိုင်းခန့်က ထင်းစုကျေးရွာမှ လယ်ယာမြေ အငြင်းပွားမှု များတွင် ပါဝင် ဆောင်ရွက် ဖြေရှင်းပေးသူ ဦးစံလင်းက ၎င်းလယ်မြေ ကိစ္စကို မှန်မှန်ကန်ကန် ဆောင်ရွက်ပေးပါက မိမိအတွက် အကျိုးများစွာ ရှိနိုင်သည် ဟု ဝင်ရောက် စွက်ဖက် ပြောကြားခဲ့ဖူးကြောင်း၊ ဦးကြီးမောင်က မိမိထံသို့ မြေယာ ကိစ္စများကို အမှန်အတိုင်း ကူညီ ဆောင်ရွက်ပေးရန် စာတစ်စောင် ပေးပိုခဲ့ပြီး ဦးစိုးမြင့်ထံသို့ ၃ ရက်အတွင်း လယ် ပြန်ပေးရန် စာတစ်စောင် ပေးပို့ခဲ့ကြောင်း၊ သို့သော် အခင်း ဖြစ်ပွားမှုမှာ ၎င်းတို့ချင်း မည်ကဲ့သို့ မကျေမနပ်ဖြစ်၍ လူသတ်သည်လောက်ထိ ဖြစ်သွားသည်ကို မသိရှိကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

 အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ ဖမ်းဆီး ရမိသည့် တရားခံ သုံးဦးကို ခလောက်ချိုက် နယ်မြေ ရဲစခန်းမှ (ပ) ၆၃/၁၃၊ ပြစ်မှု ပုဒ်မ- ၃၀၂ ဖြင့် စုံစမ်း စစ်ဆေးမည်ဖြစ်ပြီး ငွေ မည်မျှပေး၍ ခိုင်းစေသည် နှင့် အခြား ပါဝင် ပတ်သက်သူ ရှိ မရှိကို စုံစမ်း စစ်ဆေးဆဲဖြစ်ကြောင်း တွံတေးမြို့နယ် ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က သေဆုံးသူ ဒေါ်သန်းစိန် (ခ) ဒေါ်သန်းမြင့်မှာ နေအိမ်အနီး ကွမ်းခြံတွင်းသို့ အလုပ် သွားရောက် လုပ်ကိုင်နေစဉ် အိမ်နီးချင်းဖြစ်သူ မတင်တင်မိုး ရောက်ရှိလာပြီး ဒေါ်စိန်သန်း ကို မတွေ့သဖြင့် မေးမြန်းရာ သားဖြစ်သူက ကွမ်းခြံ အတွင်းသို့ သွားသည် ဟု ပြောပြခဲ့ ကြောင်း၊ မတင်တင်မိုးမှာ ကွမ်းခြံသို့ သွားရောက်ခဲ့ ရာ ဒေါ်စိန်သန်းကို ဦးခေါင်း ပြတ်လျက်နှင့် တွေ့ရှိ ခဲ့ပြီး ၎င်း၏ ဦးခေါင်းကို ၁၀ ပေခန့်အကွာ ရေထဲတွင် တွေ့ရှိခဲ့ကြောင်း တွံတေးမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly

ယုသန္တာတင် ရဲ့အလန်းဆုံးနဲ့အလှဆုံးဖက်ရှင်အလှဓာတ်ပုံတွေ

Posted by drmyochit Wednesday, July 24, 2013, under | No comments











မန္တလေးမြို့ ဆရာတော် ဦးဝီရသူ တရားပွဲတွင် ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး CCTV ကင်မရာ မှတ်တမ်းအရ မသင်္ကာသူနှစ်ဦးကို စစ်ဆေးလျက်ရှိ

Posted by drmyochit Wednesday, July 24, 2013, under | No comments


မန္တလေးမြို့ရှိ ရတနာပုံ ဒိုင်းမွန်းပလာဇာတွင် CCTV ကင်မရာ တပ်ဆင်ထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းသန့်)

မန္တလေးမြို့၊ ဇူလိုင် ၂၁ ရက်ညက မဟာအောင်မြေမြို့နယ်၊ ရတနာဘုမိ အနောက်ရပ်ကွက်၊ ၃၆ လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြားတွင် ပြုလုပ်ခဲ့သော သဟပုညကာရီဘုံ ဆွမ်းလောင်းအသင်းမှ ငါးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် တရားပွဲကျင်းပခဲ့ရာ ငါးရက်မြောက်နေ့ ဆရာတော် ဦးဝီရသူ တရားပွဲတွင် ပေါက်ကွဲခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး CCTV ကင်မရာ မှတ်တမ်းအရ မသင်္ကာသူ နှစ်ဦးအား စစ်ဆေးလျက်ရှိကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

"ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့နေရာ အနီးမှာ တပ်ဆင်ထားတဲ့ CCTV ကင်မရာ မှတ်တမ်းကိုယူပြီး ခရိုင်ရဲမှူး ဦးစီးအဖွဲ့မှ စိစစ်ဆောင်ရွက်ခဲ့ရာ မသင်္ကာသူတွေကို စိစစ်တွေ့ရှိလို့ ဓာတ်ပုံမှတ်တမ်းများ ထုတ်ယူဆောင်ရွက်ခဲ့တယ်" ဟု ရဲမှူးဦးစိုးညိမ်းမှ ပြောကြားသည်။

"ဒီလို ဆောင်ရွက်ခဲ့ရာမှာ ဇူလိုင် ၂၂ ရက် ညနေ ၃ နာရီမှာ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အနီးမှာ တပ်ဆင်ထားတဲ့ CCTV ကင်မရာ မှတ်တမ်းအရ အခင်းဖြစ် ပတ်ဝန်းကျင်မှာ မသင်္ကာ သံသယဖြစ်ဖွယ် နှစ်ဦးကို ရဲတပ်ဖွဲ့မှူးရုံးမှာ ခေါ်ဆောင်ပြီး စစ်ဆေးနေပါတယ်။ CCTV ကင်မရာမှတ်တမ်းပါ မသင်္ကာသူတွေကိုလည်း တရားခံဖမ်းဆီး ရမိရေးအတွက် ဖော်ထုတ်စိစစ်ဆေးသွားမှာပါ" ဟု ရဲမှူးက ဆက်လက်ပြောကြားသည်။
ဇူလိုင် ၂၂ ရက် ညနေ ၃ နာရီမှာ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အနီးမှာ တပ်ဆင်ထားတဲ့ CCTV ကင်မရာ မှတ်တမ်းအရ အခင်းဖြစ် ပတ်ဝန်းကျင်မှာ မသင်္ကာ သံသယဖြစ်ဖွယ် နှစ်ဦးကို ရဲတပ်ဖွဲ့မှူးရုံးမှာ ခေါ်ဆောင်ပြီး စစ်ဆေးနေပါတယ် . . . . .

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အနီးတွင် နေထိုင်သူ တစ်ဦးက "ပေါက်ကွဲမှု မဖြစ်ပွားခင် ည ၉ နာရီ ကျော်ကျော်လောက်မှာ အင်္ကျီမပါ လူတစ်ဦး ဆိုင်ကယ်တစ်စီးနဲ့ ကားအောက်ကို အရာဝတ္ထုတစ်ခု လှမ်းပစ်သွားတာကို တွေ့လိုက်ရတယ်။ ဆရာတော် ဦးဝီရသူရဲ့ တရားပွဲဆိုတော့ လူများတယ်။ လူများတော့ မထင်မရှားဘဲ တွေ့လိုက်ရတာပါ။ ပေါက်ကွဲမှုက ဆရာတော်ဦး ၀ီရသူရဲ့ တရားပွဲမပြီးခင် ပေါက်ကွဲသွားတာ" ဟု ပြောကြားသည်။

ပေါက်ကွဲမှုကြောင့် ဒေါက်တာတင်မြင့်၏ ၇က/၃၀၂၀ တိုယိုတာ ကိုရိုလာအဖြူရောင် ယာဉ်အနီးမှ ဗြောက်အိုးကွဲသံကဲ့သို့ အသံဖြစ်ပေါ်ခဲ့သည်။ ယာဉ်၏ နောက်ဘီးနှစ်ဘီး၊ ရှေ့ယာဘက်ဘီးတို့ ဘီးပေါက်ခဲ့ပြီး ကားဘော်ဒီ၊ ဆီတိုင်ကီများနှင့် အနီးရှိ လူငါးဦးတို့တွင် လက်လုပ်ဗုံးဟု ယူဆရသော သံကြွပ်စငယ်များ၏ ဒဏ်ရာများ ရရှိခဲ့သည်။

ပေါက်ကွဲမှုဖြစ်စဉ်အား မြို့မရဲစခန်း (မဟာအောင်မြေ) မှ (ပ) ၄၅၉/၂၀၁၃ ပြစ်မှုပုဒ်မ ၂၈၆ အမှုဖြစ်စဉ်သည် အခင်းဖြစ်ရှိလူများ သာမန်/ပြင်းထန်ဒဏ်ရာ ရရှိစေရန်နှင့် လူအများ၏ အသက်အန္တရာယ် ထိခိုက်စေရန် ရည်ရွယ်ပြုလုပ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ပြစ်မှုပုဒ်မ ၂၈၆/၃၃၇/၃၃၈/၃၀၇ တို့ ဖွင့်လှစ်ပြီး ခရိုင်ရဲမှူး ဦးစီးအမှုစစ် အဖွဲ့ဖြင့် ဖွဲ့စည်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ တရားခံ ဖမ်းမိရေးအတွက် မြို့ဝင်/မြို့ထွက်များတွင် မသင်္ကာသူများကို ပိတ်ဆို့စစ်ဆေးမှုများလည်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Tuesday, July 23, 2013

မရိုးနိုင်တဲ့ဖက်ရှင်နဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်

Posted by drmyochit Tuesday, July 23, 2013, under | No comments

ခေတ်ရဲ့ တိုးတက်မှုတွေနဲ့အပြိုင် ခေတ်ကိုထင်ဟပ်စေမယ့် ဖက်ရှင်ဒီဇိုင်းတွေကလည်း တစ်မျိုးထက် တစ် မျိုး ဆန်းသစ် လာနေခဲ့ပါပြီ။ ဖက် ရှင်ဒီဇိုင်းတွေ ဘယ်လောက်ဆန်းဆန်းမြန်မာဆန်တဲ့ ဖက်ရှင်ဒီဇိုင်းကိုသာ နှစ်ခြို က်စွာ ဝတ် ဆင်နေတဲ့ သူကတော့ ဒါရိုက်တာကြည်ဖြူသျှင်ပဲ ဖြစ် ပါတယ်။ မြန်မာအမျိုးသမီး တစ်ယောက် အနေ နဲ့ မြန်မာဝတ်စုံကို တမြတ်တနိုးဝတ်ဆင်နေတဲ့ ဒါရိုက်တာ ကြည်ဖြူသျှင် ရဲ့ဖက်ရှင် အပေါ် အမြင်ကလည်း စိတ်ဝင်စားစရာ ကောင်းလှတဲ့ အတွက် မေးမြန်းဖော်ပြလိုက်ရပါတယ်။

အနောက်တိုင်းဖက်ရှင်မှ မြန်မာဆန်တဲ့ဖက်ရှင်

" ကျွန်မက အရင်တုန်းကဆိုရင် ဘောင်းဘီကို အဓိကဝတ်တဲ့သူပါ။ ထဘီဝတ်ရမှာ တအားကြောက်တယ်။ ထဘီဝတ်ရင်စိတ်ထဲမှာ မလွတ်လပ်သလိုခံ စားရတယ်။ ဒါကြောင့်လည်း ငယ်စဉ်ကတည်းက တောက်လျှောက် ဘောင်းဘီကိုပဲ ဝတ်ဖြစ်ခဲ့တယ်။ အဲဒီလိုကနေတောက်လျှောက်ထဘီပဲဝတ်ဖြစ်လာတာ ၂ နှစ်ကျော်လောက် ရှိသွားပြီ။

ဘာကြောင့်လဲဆိုတော့ အဲဒီကာလမှာ ကျွန်မရဲ့ဝန်းကျင်မှာ ကြည့်တဲ့အခါ ထဘီဆိုတာ မဝတ်သလောက်ရှားလာတယ်။ ပိုဆိုးတာက ကျွန်မရဲ့အရှေ့မှာ ထဘီကိုပဲ ဝတ်ခဲ့တဲ့သူတွေက ဘောင်းဘီတွေ၊ စကတ်တွေပဲ ဖြစ်လာတယ်။ တောက်လျှောက် ထဘီတွေပဲဝတ်လာခဲ့ပြီးမှ ဘာကြောင့် ဘောင်းဘီတွေ ပြောင်းကုန်တာလဲ။ သူတို့ စိတ်ထဲမှာ
ထဘီကို ဗမာဆန်ဆန်ဝတ်တာကပဲ သိမ်ငယ်တယ်လို့ ထင်လို့လား။ ဒါမှမဟုတ်ရင် ဘောင်းဘီတွေ၊ စကတ်တွေဝတ်တော့မှပဲ လူတောတိုးတယ်ထင်လို့လား။

ဒါကြီးက မဟုတ်သေးဘူးလို့ ခံစားရတယ်။ အဲဒီနောက် ပိုင်းမှာကိုယ်ကိုယ်တိုင်က ထဘီကို သတိထားပြီး ဝတ်ဖြစ်လာတယ်။ ကိုယ့်ရဲ့ယဉ်ကျေးမှုအရ ထဘီနဲ့ဗမာဆန်ဆန်ဝတ်တဲ့အခါမှ
နိုင်ငံခြားသားတွေရှေ့မှာလည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတယ်။ ထဘီဝတ်ရတာ သိမ်ငယ်စရာ မဟုတ်ပါဘူး။"

ရိုးရှင်းမှုနဲ့ မြန်မာဝတ်စုံ

" ဗမာဆန်တဲ့ အဝတ်အစားဝတ်တဲ့အခါမှာ ထွင်ပြီး ဝတ်တာဝါသနာပါတယ်။ ချည်ထည်ဆိုရင်တောင်မှချည်ထည်ကိုပဲ ဒီဇိုင်းအမျိုးမျိုးနဲ့ထွင်ပြီး ဝတ်တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ကျွန်မဝတ်တဲ့ ဖက်ရှင်ဒီဇိုင်းက ၂ မျိုးပဲ ရှိတော့တယ်။ လူတွေတော်တော်များများကလည်း ကျွန်မကိုမှတ်မိနေကြတယ်။ ကျွန်မအနေနဲ့ ထပ်ပြီးချုံ့လိုက်ရတဲ့
အကြောင်းအရင်းက တချို့မိန်းကလေးတွေက တွေးကြပါလိမ့်မယ်။

အနုပညာရှင်တွေက ချည်ထည်တွေဝတ်ပေမယ့် ထွင်ဝတ် ကြတာလေ။ လှအောင်ထွင်ဝတ်ရတယ်ဆိုတာပိုက်ဆံကုန်တာပဲဆိုတဲ့အကြောင်း တွေးလာလိမ့်မယ်။ အဲဒီအတွက်ကြောင့် မထွင်တော့ဘဲနဲ့ ဒီဇိုင်း၂မျိုးတည်းကိုပဲ ဝတ်တော့တယ်။ ဒီ ၂ မျိုးက ရိုးရိုးလေးပဲ။ အဝတ် အစားတီထွင်မှုကြောင့် ကြည်ဖြူသျှင်ကို လူသိတာမဟုတ်ဘူး။ ကြည်ဖြူသျှင်ဝတ်တဲ့ ပုံစံကဒီ၂မျိုးပဲဝတ်တယ်။ ဒါပေမဲ့ ဘာကြောင့် ကြည်ဖြူသျှင်ကိုလူသိသလဲ။ ကြည်ဖြူသျှင် အနုပညာအလုပ် လုပ်တယ်။


ကြည်ဖြူသျှင်ပရဟိတတွေလုပ်နေတယ်။ ပြောချင်တာကတော့ အဝတ်အစားက အဓိကမဟုတ်ဘူးဆိုတာပြောချင်တာ။ ဒီအဝတ်အစားရဲ့ ဒီဇိုင်းက အဓိကမဟုတ်ဘူး။ ဒီဇိုင်းဆိုတဲ့နေ ရာမှာလည်းကျွန်မကအရိုးရှင်းဆုံး ဒီဇိုင်းကိုဝတ်တာ။ ကျွန်မကိုလူသိတာ အဝတ်အစားဒီဇိုင်းကြောင့်မဟုတ်ဘူး။ ကျွန်မရဲ့လုပ်ရပ်ကြောင့်လေ။

ကျွန်မကို ခင်ကြတဲ့သူတွေ၊ ကျွန်မကို ချစ်ကြတဲ့သူတွေက ကျွန်မရဲ့အနုပညာနဲ့ လုပ်နေတဲ့ပရဟိတတွေကို သဘောကျတဲ့သူ တွေရှိတယ်။ ဒါကြောင့်လည်း ကြည် ဖြူသျှင်ကိုခင်ကြတာ။"

ဖက်ရှင်ပေါ်အမြင်

" ဖက်ရှင်ဆိုတာ လူတိုင်းမှာ ရှိသင့် ပါတယ်။ကိုယ်နဲ့လိုက်တဲ့ ဖက်ရှင်ကိုလည်း ရွေးနိုင်ရမယ်။ဒီအဝတ်အစား တစ်ခုကသူ နဲ့ လှပေမယ့် ကိုယ်နဲ့လှချင်မှ လှတာပါ။ ကိုယ့်ရဲ့ဖက်ရှင် ကလည်း သူများလေးစားစရာ အထင်ကြီးစရာ ဖြစ်နေရမယ်။ ဝတ်ထားတဲ့ ဖက်ရှင်ပေါ်ကြည့်ပြီး သူများနှာခေါင်းရှုံ့စရာ မဖြစ်သင့်ဘူး။ နိုင်ငံခြားသားနဲ့တွေ့တဲ့ အခါမှာ တော့မြန်မာဝတ်စုံကို တင့်တင့်တယ်တယ်ဝတ်ပါ။"

လင်းအက္ခရာ - Popular Journal

ချမ်းချမ်းရဲ့ မင်္ဂလာပွဲအပြီး နေနေရဲ့ မင်္ဂလာပွဲ လာဦးမည်

Posted by drmyochit Tuesday, July 23, 2013, under | No comments


မင်္ဂလာဆောင်တော့မယ်လို့ အရင်ဆုံးသတင်းကြားတာကတော့ အဆိုတော်နေနေပါ။ အခုတော့ ညီမဖြစ် သူ ချမ်းချမ်းက မင်္ဂလာ အရင်ဆောင်ဖြစ်သွားပါတယ်။ သူ့ရဲ့မင်္ဂလာပွဲကိုတော့ ၂ဝ၁၄ကျမှပဲ ကျင်းပ မှာဖြစ်ကြောင်း ပြောပါတယ်။ ချမ်းချမ်းရဲ့ မင်္ဂလာကိစ္စက ရုတ်တရက်ပေါ်ပေါက် လာတာဖြစ်ပြီး သူ့ရဲ့မင်္ဂလာ ကိစ္စကိုတော့ နေနေက..

"သူတို့ကလည်း ရုတ်တရက် ဖြစ်သွားတာ၊ ကြိုတင်စီစဉ်ထားတာတော့ မဟုတ်ဘူး။ တစ်လအလိုကျမှ ဖွင့်ပြော တာ။ သူတို့ လက်ထပ်တော့မယ်တဲ့။ အစက သူကချောဆွဲနေ သေးတယ်။ နေနေ့ ဒီဗီဒီကထွက် ထားတာ မကြာသေးဘူး။ အနုပညာ အလုပ်တွေ ဆက်လုပ်ချင်သေးတယ်။ ဒီနှစ်တော့ မယူသေးဘူး။ ရှေ့ နှစ်မှ ယူမှာပါ။ လကတော့ ရွေးနေတုန်းပဲ။ သူက ဒီနှစ်မှာ သင်္ဘော တက်မယ်။

သူပြန်လာတာနဲ့ယူမှာဆိုတော့ တစ်လအတွင်းမှာ မင်္ဂလာ ကိစ္စကို စီစဉ်မှာပါ" လို့ ပြောပါတယ်။ နေနေတို့ ညီအစ်မ လေးယောက်ထဲမှာတော့ ချမ်းချမ်းက အငယ်ဆုံး ဖြစ်တာကြောင့် မင်္ဂလာပွဲ ကိုလည်းအကောင်းဆုံး ပဲဖြစ်စေချင်ကြောင်းကိုလည်း နေနေက "အငယ် ဆုံးကကားတွေ အကုန်ကျော်တက်သွားတာ ပေါ့။
ကိုယ့်ရဲ့မိသားစုထဲမှာ သူကပထမဦးဆုံး မင်္ဂလာဆောင်တာဆိုတော့ အငယ်ဆုံးလည်း ဖြစ်တယ်ဆိုတော့ အားလုံးက အကောင်းဆုံး ဖြစ်စေ ချင်ကြတယ်။ စေတနာပေါ့။ မိသားစုတွေ ဖြစ်တော့ သူတို့စိတ် မချမ်းသာမှာ သူတို့ အဆင် မပြေမှာ တအားစိုးရိမ်တယ်။

အကုန်လုံးပျော် ပျော်ရွှင်ရွှင် ဖြစ်စေချင်တယ်။ အဖေတို့ အမေတို့ကတော့ သူတို့အသည်းဆိုတော့ အားလုံးက တကယ့်ကို စေတနာ အပြည့်ရှိကြတယ်။ ဆိုးသည်ကောင်းသည် မပြောချင်ဘူး။ ကိုယ်က ဆုတောင်းပေးမယ်။ တစ် သက်လုံးလက်တွဲနိုင်ကြပါစေ။

အဆင်ပြေကြပါစေ။ သူကလည်း အနုပညာရှင်တစ်ယောက်ဖြစ်တော့ ပရိသတ်တွေက နားစွင့်နေကြတယ်လေ" လို့ ပြောပါ တယ်။ နေနေနဲ့ သူ့ရဲ့ချစ်သူ လင်းမြိုင် တို့က ချစ်သူသက်တမ်း၈နှစ်ရှိနေပြီဖြစ်ပါတယ်။ သူ့ရဲ့ချစ်သူကြောင့် အနုပညာလောကထဲကို ရောက်လာခြင်းဖြစ်ေ ကြာင်းကို နေနေက "သူကတော့ နေနေ့ကို နားလည်ပေးပါတယ်။

သူ့ကြောင့်လည်း အနုပညာ လောကထဲ ရောက်လာတာပါ။ သူ့ကြောင့် ၉ဝရာခိုင်နှုန်း လောက်ပါတာဆိုတော့ သူက အစစ အရာရာနား လည်ပေး တယ်။ ကိုယ့်အပေါ်မှာ နားလည် ပေးတဲ့အတွက်ကြောင့် သူ့ကိုလည်း ကိုယ်က ပြန်နားလည်ပေး တယ်။ ညှိရတာတွေလည်း အများကြီးရှိတယ်။ ၈နှစ်ဆိုတဲ့ အချိန်က နည်းတာမှ မဟုတ်တာ။ တစ်ယောက်နဲ့တစ်ယောက် ကွဲမယ့် အခြေအနေတွေလည်း ဖြစ် သွားသေးတယ်။ ဒါပေမဲ့ ပြန်ပြီး အဆင်ပြေသွားပါတယ်" လို့ ပြောပါတယ်။ နေနေက 'ဆူးစူးသူ' ဒီဗီဒီ ထွက်ရှိထားပြီး ကြော်ငြာ သီချင်းတွေလည်း သီဆိုထားသလို၊ ရှိုးပွဲတွေလည်း ဖျော်ဖြေဖို့ရှိေ ကြာင်း ပြောပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ-အောင်ဇော်မင်း
Thit Htoo Lwin

ပင်လယ်ရေအောက်ဖိုင်ဘာကေဘယ် (SEA-ME-WE 3) ဆက်ကြောင်းချို့ယွင်းမှုကိစ္စ ပြည်သူများသို့အသိပေးကြေငြာခြင်း

Posted by drmyochit Tuesday, July 23, 2013, under | No comments

၁။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အပြည်ပြည်ဆိုင်ရာ ဆက်ကြောင်းများနှင့် အဓိကချိတ်ဆက် ထားသော ပင်လယ်ရေအောက်ဖိုင်ဘာကေဘယ် (SEA-ME-WE 3) ဆက်ကြောင်း သည် (၂၂-၇-၂၀၁၃) ရက်နေ. ညနေ (၀၅:၀၀) နာရီခန်.တွင် ချို.ယွင်းမှု ဖြစ်ပွားခဲ့ပါသည်။

၂။ ဤဆက်ကြောင်းမှ ဝန်ဆောင်မှုပေးထားသော အင်တာနက်နှင့် နိုင်ငံရပ်ခြား တယ်လီဖုန်း အဝင်/အထွက် ခေါ်ဆိုမှုများ လုံးဝပြတ်တောက်ခြင်းမရှိစေရန် ကုန်းတွင်းနယ်စပ်ဖြတ်ကျော် ဆက်ကြောင်းများမှ ချိတ်ဆက်ပေးထားပါ သည်။

၃။ SEA-ME-WE 3 ဆက်ကြောင်း၏ မြန်မာပြည်တွင်း လမ်းကြောင်းတစ်လျှောက်ဖြစ်သော ဖျာပုံ၊ ကျုံကဒွန်းနှင့် ကုလားထိပ်ပင်လယ်ကမ်းစပ်အထိ လိုက်လံစစ်ဆေးခဲ့ရာ ချို.ယွင်းမှုသည် ပင်လယ်အတွင်း ( ၁၃ ) ကီလိုမီတာခန်.တွင် ဖြစ်နိုင်ကြောင်းတိုင်း တာ တွေ.ရှိရပါသည်။

၎။ ဤချို.ယွင်းမှုအား စင်ကာပူနိုင်ငံအခြေစိုက် ပင်လယ်ရေအောက်ကေဘယ် ပြုပြင်ထိမ်းသိမ်း ရေးအဖွဲ.နှင့် ညှိနှိုင်းပြီး အမြန်ဆုံးပြုပြင်နိုင် ရန်ဆောင်ရွက်လျှက်ရှိပါသည်။ ပြုပြင်ရန် ခန်.မှန်း ကြာမြင့်ချိန်မှာ (၁) လခန့်ဖြစ်ပါသည်။ ပြုပြင်ဆဲကာလအတွင်း အင်တာနက်အသုံးပြုမှုများ နှောင့်နှေးနေမည် ဖြစ်ပါကြောင်း မိဘပြည်သူများအား အသိပေးကြေညာအပ်ပါသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

source::http://www.mcit.gov.mm/mcpt/
credit to: Yangon Media Group

အစိုးရပိုင်သင်္ဘောမှ ၀န်ထမ်းတစ်ဦး ခရီးသည်ကို အဓမ္မကျင့်မှုဖြင့် တရားစွဲခံရ

Posted by drmyochit Tuesday, July 23, 2013, under | No comments

အစိုးရဌာနတစ်ခုဖြစ်သော ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနပိုင် သင်္ဘောတစ်စီးမှ ၀န်ထမ်း တစ်ဦးသည် ခရီး သည် အမျိုးသမီးတစ်ဦးကို အဓမ္မကျင့်ခဲ့သည်ဟု စွပ်စွဲတိုင်တန်းခံထားရကြောင်း ဆိပ်ကမ်း မြို့နယ် ရဲစခန်းမှ စခန်းမှူး ရဲအုပ် သန်းဦးက ဇူလိုင် ၂၁ ရက်က မဇ္ဈိမကိုပြောသည်။

“လောလောဆယ် တရားခံက ရှောင်နေပါတယ်။ ရေကြောင်းပို့ဆောင်ရေးဌာနဘက်ကတော့ တရားခံကို အပ်ပေး မယ် ပြောတယ်။ သင်္ဘောရဲ့ အခန်းစောင့်ဝန်ထမ်းလို့လည်း သိထားပါတယ်” ဟု စခန်းမှူးက ဆက်ပြော သည်။

လက်ရှိအချိန်တွင်မှု တိုင်တန်းသူများကို စစ်ဆေးမေးမြန်းနေပြီး ကျူးလွန်ခံရသူ မိန်းကလေးငယ်အား ရန်ကုန်ဆေး ရုံကြီးတွင် ဆေးစစ်နေပြီး အမှုတည်ဆောက်ပြီးပါက အခင်းဖြစ်ဒေသ၏ အပိုင်ရဲ စခန်းဖြစ်သော ရွှေလောင်းရဲစခန်းသို့ လွဲပြောင်းပေးအပ်သွားမည် ဖြစ်သည်ဟုလည်း သူက ဆက်ရှင်းပြသည်။

အမှုဖြစ်ပွားသည်မှာ ဇူလိုင် ၁၄ ရက် ၁၂ နာရီအချိန်ကဖြစ်ပြီး ကျူးလွန်ခံရသည့် မိန်းကလေးမှာ အသက် ၁၈ နှစ်အရွယ်သာ ရှိသေးသည်ဟု ရဲဌာန၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

မိန်းကလေးသည် သူ့နေရပ် လပွတ္တာမြို့နယ်မှ ရန်ကုန်တွင် ကလေးဆေးကုရန် အစိုးရပိုင် ဝေဿန္တရာ သင်္ဘောဖြင့် အခန်းငှားကာ စီးနင်းလိုက်ပါစဉ် ညသို့ ရောက်သောအခါ အမျိုးသားတစ်ဦးက အခန်းတွင်းသို့ ၀င်ကာ အဓမ္မပြုကျင့်ခဲ့ကြောင်း ရဲကိုထွက်ဆို ထားသည်။

ယခုကိစ္စနှင့် ပတ်သက်၍ စွပ်စွဲတိုင်တန်းခံရသူမှာ ကိုလွင်မောင်ဌေးဆိုသူ သင်္ဘောသား ဖြစ်သည်ဟု ရဲများက ထုတ်ပြန်ထားသည်။

သူ့ကို စွပ်စွဲတိုင်တန်းမှုကို ဆိပ်ကမ်းရဲစခန်းက အမှုအမှတ်(ပ)၁၉၉/၁၃ဖြင့် အမှု ဖွင့်ထားပြီး ၎င်းသည် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၇၆/ ၃၅၄ တို့ဖြင့် တရားစွဲခံရနိုင်ချေ ရှိသည်ဟု ရဲဌာနက ဆိုသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

ခေါင်းဖြတ် သတ်ခဲ့သည့် တရားခံများအား ဖမ်းမိ

Posted by drmyochit Tuesday, July 23, 2013, under | No comments

ရန်ကုန်၊ ဇူလိုင် ၂၃

၁၅.၇.၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန် တွံတေးမြို့နယ်၊ ကြည်တန်းရွာနေ ဒေါ်သန်းမြင့်(ခ)ဒေါ်သန်းစိန် သည် ၎င်း၏လယ်တော အိမ်အနီးရှိ ကွမ်းခြံအတွင်း ဦးခေါင်းပြတ်လျက် သေဆုံးနေသဖြင့် ခင်ပွန်းဖြစ်သူ ဦးကြီးမောင်မှ စုံစမ်းအရေးယူ ပေးပါရန်တိုင်တန်းခဲ့၍ ခလောက်ချိုက် နယ်မြေရဲစခန်း (ပ)၆၃/၂၀၁၃၊ ပုဒ်မ ၃၀၂ ဖြင့် အရေးယူ စုံစမ်းဖော် ထုတ်ဆောင်ရွက်ခဲ့ပါသည်။

အမှုမှတရားခံ ဖော်ထုတ်ရရှိရေး အတွက် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် တိုင်း/ခရိုင်၊ မြို့နယ်များမှ တပ်ဖွဲ့ဝင်များပူပေါင်း၍ စုံစမ်း ဖော်ထုတ်ခဲ့ရာ သေဆုံးသူ ဒေါ်သန်းမြင့်
(ခ)ဒေါ်သန်းစိန်နှင့် တဲနီးချင်း ကပ်နေထိုင်သော ယခင်ကလယ် ပြဿနာ ဖြစ်ခဲ့ဘူးသည့် ထူးနိုင်၊(၂၉)နှစ်၊ (ဘ)ဦးစိုးမြင့်၊ သံဖြူ ရုံကျေးရွာ၊ တွံတေးမျြိ့နယ်နေသူမှ တွံတေးမျြို့နယ်၊ ဘုရားငုတ္တို ကျေးရွာ နေသူများ ဖြစ်သည့် အရှည်ကြီး(ခ)ကိုဇော်၊(၃၇)နှစ်၊ (ဘ)ဦးချစ်သိန်း နှင့်ထွန်းမင်းလတ်(ခ)မောင်ထွန်း(ခ)ထော်ကြီး၊ (၂၅)နှစ်၊ (ဘ)ဦးအေးလွင်တို့(၂)ဦးအား ငွေပေးစေခိုင်းပြီး ၎င်းမှလည်း ပြစ်မှုကျူးလွန်ရာတွင်အတူ ပါဝင်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ပါသည်။

၎င်းပြစ်မှုအား အရှည်ကြီး(ခ)ကိုဇော်နှင့် ထွန်းမင်းလတ်(ခ)မောင်ထွန်း(ခ)ထော်ကြီး တို့မှလည်း ကျူးလွန် ခဲ့ကြကြောင်း ၀န်ခံထွက်ဆိုကြပြီး အသုံးပြုခဲ့သည့် သက်သေခံဓါးနှင့် ပြစ်မှုကျူးလွန်ရန်အတွက် ထူးနိုင်မှ ပေးအပ်ထားသည့် ကြိုတင်ငွေ များအား အပ်ပေးသဖြင့် သိမ်းဆည်း ရမိခဲ့ပါသည်။

အဆိုပါအမှုအား အချင်းဖြစ်ပြီး (၆) ရက်အကြာတွင် စုံစမ်းစစ်ဆေး ဖော်ထုတ်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police

ဆိုတေးဇနီး ဝင့်ကုဋေသူ အတွက် ငိုခဲ့ရတဲ့ ဝိုင်းစုခိုင်သိန်း

Posted by drmyochit Tuesday, July 23, 2013, under | No comments


ဝိုင်းစုခိုင်သိန်းက သူရဲ့ စုံတွဲ အခွေ အတွက် ဇူလိုင်လ ၁ဝ ရက်နေ့ ကဆိုတေးနဲ့ အတူ Pro Music Studio မှာ တွေ့ဆုံခဲ့ပါတယ်။ ဆိုတေးရဲ့ ဇနီး ကွယ်လွန်သွားတဲ့ ဝင့်ကုဋေသူ(ခ)ချော ချောကလည်း အဲဒီနေ့က လိုက်လာခဲ့ ပါတယ်။

"ဝိုင်းစုရဲ့ အတွဲခွေ အတွက် ဆို တေးက သီချင်းတီးဖို့ လာလုပ်ပေး တယ်။ စတူဒီယိုရှေ့က သဘာဝ ဆိုင်မှာ အတူတူ စားသေးတယ်။ အဲဒီကောင် မလေး နဲ့ ဝိုင်းစုနဲ့ ဆိုရင် ဝိုင်းစုဘေး ကပ်ရပ် တင်စားတာ။ တအား အေး တာ။ ဆိုတေးက တစ်ချိန်လုံး နောက်နေတာပဲ။ သူက ပြုံးပြုံးလေးပဲ ချစ်ဖို့ ကောင်းတယ်။ အရင်တစ်ခေါက် သထုံမှာ သီချင်းသွားဆိုတော့ တွေ့ ဖူးတယ်။ အဲဒီတုန်းက သေချာမသိ လိုက်ဘူး။ ၁ဝ ရက်နေ့ကမှ သေချာ စကားပြောပြီး သူနဲ့ ဓာတ်ပုံတွေ ရိုက် တယ်။ သူ့ကင်မရာထဲမှာ လည်း နှစ် ယောက်တွဲ ဓာတ်ပုံ ရိုက်သေးတယ်။ ဆိုတေးကတောင်မှ ဝိုင်းစုနဲ့ ဆိုတဲ့ သီချင်းက အဲဒီ ကောင်မလေး ကြိုက် လို့ဆိုတဲ့ သီချင်းတဲ့။ မဆိုဘူးဆိုရင် စိတ် ကောက်မယ်လို့ လုပ်တယ်ဆိုပြီး စနေသေးတယ်" လို့ပြန်လည်ပြောပြခဲ့ပါတယ်။

ဆိုတေးတို့ ကားအက်ဆီးဒင့်ဖြစ် ပြီး ဝင့်ကုဋေသူ ကွယ်လွန်သွားတာ ကို မယုံနိုင်အောင် ဖြစ်ခဲ့ရတယ်ဆို တဲ့ ဝိုင်းစုခိုင်သိန်းက

"သူဆုံးသွားပြီ ဆိုတော့ ယုံကို မယုံနိုင်ဘူး။ ကိုယ်နဲ့ တွေ့ထားတာ မှ ရက်ပိုင်းလေးပဲ ရှိသေးတယ်။ ဆို တေးလည်း အခြေအနေမကောင်း ဘူးလို့ ကြားတော့ တောက် လျှောက် သတင်းမေးနေတာ။ နေပြည်တော်က အသိ ကိုလည်း လိုက်သွားဖို့ ပြောတော့ သူ လည်းလိုက်သွားတယ်။ ဆေး ရုံ ကိုတောက်လျှောက် သတင်း လှမ်းမေးနေတာ။ အဲ ဒီကောင်မလေး ဆုံး သွားတော့ ဝိုင်းစုတို့ ငိုရ တယ်။ ဝိုင်းစု ရော၊ ဝိုင်းစုအမေ ရော၊ ဝိုင်းစု မိတ် ကပ်ဆရာရော အကုန်ငို ကြတယ်။

စတူဒီယို ရောက် တော့အသံသွင်းခါနီးမှာ ဆိုတေး သတင်း ထပ်ကြား တာက ဆိုတေးက ပရက်ရှာကျနေတယ်။ အခုတော့ ပရက်ရှာ နည်းနည်း တက်လာတယ်။ အားလုံး ဘုရားစာ ရွတ်နေပြီ တဲ့၊ ဆုံးခါနီး ရွတ်တဲ့ ဘုရား စာ ပေါ့။ အဲဒီတော့ ငိုရပြန်ရော၊ အသံသွင်းတာကို အဲဒီနေ့က တစ်ချိန် လုံး ငိုပြီး အသံသွင်းရတယ်။ ဆိုတေးနဲ့ ဆိုမယ့် သီချင်းနာမည်က "အသက်ရှု မှားအောင်" တဲ့၊ တကယ်ပဲ အဲဒီလို ဖြစ် သွားတာပဲ။ အခုတောင် ဝိုင်းစု စဉ်း စားနေတာ သူ အဲဒီနေ့က အကြမ်း ဆိုထားတာကို အသံဖမ်းထား တာကိုပဲ ထုတ်ရမလား၊ ဘယ်လို ဖြစ်မလဲ မသိဘူး။ အမှတ်တရ ဖြစ်သွားတာပေါ့။ ဆိုတေး သတိ ရလာရင် ဆေးရုံမှာဆိုတော့ ချော ဒီလိုဖြစ်တယ် ဆိုတာကို ချက် ချင်းမပြောသေးဘူးတဲ့။ သူ့နေ ရာမှာ ကိုယ်လည်းမခံစားနိုင်ဘူး။ ဆို တေးအတွက်တတ်နိုင်သမျှ အကောင်း ပကတိ အတိုင်းဖြစ်ပါစေလို့ ဝိုင်းစု ဆု တောင်းနေမှာပါ"လို့ပြောပါတယ်။

ခိုင်ဝေလွင်

Popular Journal

ဘာသာတစ်ခုနှင့်တစ်ခု ယုံကြည်မှုကင်းမဲ့နိုင်ခြင်းကြောင့် တိုင်းမ်မဂ္ဂဇင်းကို ကန့်ကွက်ဟုဆို

Posted by drmyochit Tuesday, July 23, 2013, under | No comments


ဦးဝီရသူနှင့် ပတ်သက်ပြီး ရေးသားထားသော တိုင်းမ်မဂ္ဂဇင်းပါ ဆောင်းပါးရေး သားမှုမှာ ဘာသာတစ်ခုနှင့် တစ်ခုအကြား ယုံကြည်မှု ကင်းမဲ့နိုင်ခြင်းကြောင့် ကန့်ကွက် ရခြင်းဖြစ် သည်ဟု ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့က ပြောဆို လိုက်သည်။

ဇူလိုင်လထုတ် တိုင်းမ်မဂ္ဂဇင်းပါ The Face of Buddihist Terror ဆောင်းပါးကို မြန်မာနိုင်ငံ ရှိ ဘာသာ ပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့က ကန့် ကွက်ကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်ကို ပြန်ကြားရေး ၀န်ကြီးဌာန ၀က်ဘ်ဆိုက်တွင် ဇူလိုင် ၂၂ ရက်က ကြေညာခဲ့သည်။

တိုင်းမ်မဂ္ဂဇင်းပါ ဆောင်းပါးနှင့် ပတ်သက်ပြီး လွတ်လပ်စွာ ရေးသားခြင်းကို ၀င်ရောက် စွတ်ဖက်လိုခြင်း မရှိဟုလည်း ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ အစ္စလာမ်ဘာသာအဖွဲ့ နာယက ဦးလှမောင် ကဆိုသည်။ ၄င်းက “အန်ကယ်တို့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးလုပ်နေတဲ့နေရာမှာ တစ်ယောက်နဲ့တစ်ယောက် အယုံအကြည်မရှိအောင်၊ ပြဿနာဖြစ်အောင်၊ ထင်ယောင်မြင်ယောင် ဖြစ်စေတယ်ဆိုတဲ့ သ ဘောကြောင့် (တိုင်းမ်မဂ္ဂဇင်းကို ကန့်ကွက်ခြင်း ထုတ်ပြန်ချက်) ထုတ်ပြန်တာပါ”ဟု မဇ္ဈိမသို့ ပြောသည်။

ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဗုဒ္ဓဘာသာအဖွဲ့ဥက္ကဌ ဦးစိန်ဝင်းအောင်ကလည်း “ဗုဒ္ဓဘာသာတွေကို အခြားဘာသာတွေက အထင်လွဲမှာစိုးလို့ လုပ်လိုက်တာပါ။ ငြိမ်းချမ်းရေးနည်းနဲ့ ဆောင်ရွက်ဖို့ လမ်းညွှန်နေတဲ့ ဗုဒ္ဓဘာသာဆရာတော်တွေကို ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်တာပါ။ ဆိုလိုတာကတော့ ဆရာတော်တွေ ဒါတွေ ဆက်ထိန်းပေးပါလို့ပြောချင်တာ” ဟု ကြေညာချက် ထုတ်ပြန်ရခြင်းနှင့် ပတ်သက်ပြီး ရှင်းပြသည်။

ယင်းသို့ ကြေညာချက်ထုတ်ပြန်ခြင်းမှာ ဇူလိုင် ၂၁ ရက်က ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးအတွင်း သမ္မတနှင့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့တို့ တွေ့ဆုံပြီ နောက်တစ်ရက်တွင် ဖြစ်သည်။

ကြေညာချက်တွင်၂၀၁၃ခုနှစ် ဇူလိုင် ၁ရက်ထုတ် တိုင်းမ်မဂ္ဂဇင်းပါဆောင်းပါးတွင် ရေးသားဖော်ပြချက်သည် “ထေရ၀ါဒ ဗုဒ္ဓဘာသာအပေါ် အခြားဘာသာဝင်များက အထင်အမြင်လွဲမှားအောင် လှုံ့ဆော်ရာရောက်သည်ဟု ယူဆပါကြောင်း၊ လက်ရှိ အကောင်အထည်ဖော်နေသည့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး လုပ်ငန်း စဉ်များကို တစ်နည်းနည်းဖြင့် ထိခိုက်ပျက်ပြားစေနိုင်သောကြောင့် ပြည်ထောင်စု သမ္မတနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ကပြင်းပြင်းထန်ထန် ကန့်ကွက်ပါကြောင်း” ဟု ရေးသားထားသည်။

အဆိုပါ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ကို ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် ခရစ်ယာန်ဘာသာမှ ခေါင်းဆောင်များ စုပေါင်းကာ ဖွဲ့စည်းထားခြင်းဖြစ်သည်။

မင်းမင်း | အင်္ဂါနေ့၊ ဇူလိုင်လ ၂၃ ရက် ၂၀၁၃ ခုနှစ် ၁၂ နာရီ ၁၅ မိနစ်
မဇ္ဈိမ

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်