Friday, August 23, 2013

ဗိုက်ပူသူများ အလွယ်တကူ ပြုလုပ်နိုင်သော လေ့ကျင့်ခန်းများ

Posted by drmyochit Friday, August 23, 2013, under | No comments


ဝမ်းဗိုက်ပူသူ တွေဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက် တွေကို မစားမိအောင် မဆင်ခြင်နိုင်ကြသလို လေ့ကျင့်ခန်း လုပ်ဖို့လည်း ပျင်းရိတတ်ကြ ပါတယ်။ အောက်ပါ လေ့ကျင့်ခန်းတွေက အလွယ်တကူ လုပ်နိုင်ပြီး ဗိုက်ပူတာကို လျော့ကျ စေပါတယ်။

ကြွက်သား သန်မာအောင် လေ့ကျင့်ခန်း လုပ်ပါ
ကြွက်သားတွေက အဆီတွေထက် ခန္ဓာကိုယ်တွင်း ဇီဝဖြစ်ပျက်မှုတွေ ပိုစေ ပါတယ်။ ဇီဝဖြစ်ပျက်မှု ကောင်းတာက အဆီတွေ လျင်လျင်မြန်မြန် လောင်ကျွမ်း စေပါတယ်။ ခန္ဓာကိုယ်မှာ ရှိတဲ့ အဆီတွေ ကို လောင်ကျွမ်းသွားစေပြီး ကြွက်သား တွေကို သန်မာစေတဲ့ လေ့ကျင့်ခန်းလုပ် ပါ။ ခန္ဓာကိုယ် အလေးချိန်က ၁၄၅ ပေါင် ဖြစ်ပါက တစ်ပတ်ကို ၁၄၅ မိနစ်လောက် လေ့ကျင့်ခန်းပြုလုပ်ပါ။

မှန်ကန်သော ခါးကွင်း လှည့်နည်းအတိုင်း လှည့်ပါ
လေ့ကျင့်ပေးနေတဲ့ နည်းပြက ခါးကွင်း လှည့်တဲ့အခါ လှုပ်ရှားမှု ပုံစံသုံးမျိုးနဲ့ ပြု လုပ်ဖို့ အကြံပေး ထားပါတယ်။ ဝမ်းဗိုက် က အဆီတွေကို ချဖို့ ခါးကွင်းလှည့်တဲ့ အခါ ခန္ဓာကိုယ်ကို အရှေ့အနောက်၊ အပေါ်အောက်၊ ဘေးတိုက်တွေ လှုပ်ရှား ပြီး လှည့်ပေးရမှာ ဖြစ်ပါတယ်။

ပေါင်ကြွက်သားများ သန်မာအောင်
လေ့ကျင့်ခန်း လုပ်ရာမှာ ဝမ်းဗိုက် ကြွက်သားတစ်ခုတည်းကို လေ့ကျင့်ခန်း လုပ်တာထက် ခန္ဓာကိုယ်ရဲ့ တခြားနေရာ မှာရှိတဲ့ ဥပမာ-ပေါင်ကြက်သား၊ ရင်အုပ် ပိုင်ြးွကက်သားတွေကိုပါ လေ့ကျင့်တာက ကယ်လိုရီတွေ ပိုမိုလောင်ကျွမ်းစေတာ ကြောင့် ဝမ်းဗိုက်က အဆီတွေအတွက် ပိုမိုထိရောက်မှု ရှိပါတယ်။

ယောဂလေ့ကျင့်ပါ
ယာဂလေ့ကျင့်မှုက ဝမ်းဗိုက်ချပ် ရပ်အောင် ကူညီပေးနိုင်ပါတယ်။ ဝမ်း လျားမှောက်ပြီး လက်တံတောင်ကို ထောက်ထားပါ။ ခြေဖျားတွေကို ထောက်ထားပြီး ခန္ဓာကိုယ်နဲ့ ကြမ်းပြင် မထိဘဲ အပြိုင်အနေအထား မျိုးနေပါ။ အသက်ကို ဖြည်းဖြည်းနဲ့ မှန်မှန် ရှူသွင်း ရှူထုတ် ငါးကြိမ်ပြုလုပ်ပြီး ခဏနားပါ။ လေ့ကျင့်မှုကို ၁၀ ကြိမ်ပြုလုပ်သင့်ပါ တယ်။ အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ
စိတ်ဖိစီးတာကြောင့် ကော်တီဇော ဝမ်းဗိုက်မှာ အဆီတွေကို စုစေပါတယ်။ အသက်ရှူလေ့ကျင့်ခန်းလုပ်တာက စိတ် ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။အသက် ရှူသွင်းတဲ့အခါ တစ်ကနေငါးအထိ စိတ် ထဲမှာ ရွတ်ပြီး အသက်ပြန်ရှူထုတ်တဲ့အ ခါ တစ်ကနေ၁၀အထိ ရွတ်ပါ။ ဝမ်းဗိုက်ချပ်ရပ်ဖို့ အလွယ်တကူ လုပ်နိုင်တဲ့ လေ့ကျင့်ခန်းကို ပြောပြချင် ပါတယ်။

အချိန်မပေးရဘဲ အလုပ်လုပ် အသက်အောင့်ပြီး လေ့ကျင့်ပါ
ဝမ်းဗိုက်ချပ်ရပ်ဖို့ အလွယ်တကူ လုပ်နိုင်တဲ့ လေ့ကျင့်ခန်းကို ပြောပြချင် ပါတယ်။ အချိန်မပေးရဘဲ အလုပ်လုပ် ရင်း၊ စာဖတ်ရင်း၊ အိမ်မှုကိစ္စတွေ လုပ်ရင်းနဲ့ သက်သောင့် သက်သာပဲ လေ့ကျင့်နိုင်ပါတယ်။ အသက်အောင့်ပြီး ဝမ်းဗိုက် ကို ရှပ်ထားလိုက်ပါ။ တစ်ကနေသုံးအထိ စိတ်ထဲက ရေတွက်ပါ။ ပြန်ဖြေလျှော့ပြီး အသက်ရှူပါ။ အလေ့အကျင့် ရသွားတဲ့ အခါ တစ်ကနေ သုံးအထိ ရေတွက်မှုကို သီးသန့်လုပ်စရာမလိုဘဲ လေ့ကျင့်မှု ပြု လုပ်နိုင်ပါလိမ့်မယ်။

ချွေးများများထွက်အောင် လေ့ကျင့်ခန်း
လေ့ကျင့်ခန်း လုပ်တဲ့အခါ ခန္ဓာ ကိုယ်ကို ညှာပြီး ဖြည်းဖြည်းသက်သာ လုပ်နေပါက သင့်ဝမ်းဗိုက်အဆီတွေကို ချနိုင်မှာ မဟုတ်ပါဘူး။ ချွေးထွက်အောင်၊ မောပန်းတဲ့အထိ လေ့ကျင့်ပေးတာက ဝမ်းဗိုက်က အဆီတွေကို လောင်ကျွမ်း သွားစေပါတယ်။

စက်ဘီးစီးပါ
ဝမ်းဗိုက်ချပ်ရပ် စေတဲ့ လေ့ကျင့်ခန်း တွေထဲမှာ စက်ဘီးစီးတာလည်း ပါဝင်ပါ တယ်။ ၂၀၁၂ ခုနှစ်မှာ လေ့လာခဲ့တဲ့ လေ့လာမှုတွေအရ စက်ဘီးစီးလေ့ကျင့် ခန်းလုပ်တာက တခြားလေ့ကျင့်ခန်းတွေ ထက် ဝမ်းဗိုက်က အဆီတွေကို ပိုချနိုင် ကြောင်း တွေ့ရှိခဲ့ပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)
By Good Health

ခင်ပွန်းနှင့်စကားများပြီး ကြိုးဆွဲချသေဆုံးသည့် အမျိုးသမီး

Posted by drmyochit Friday, August 23, 2013, under | No comments

ခင်ပွန်းသည်နှင့် စကားများပြီးနောက် မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်လိုက်သည့် အမျိုးသမီး၏ အမှုကိစ္စနှင့် ပတ်သက်၍ အမှန်တကယ် မိမိကိုယ်ကို အဆုံးစီရင်မှုဟုတ်၊ မဟုတ်သေချာစေရန် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ရဲစခန်းမှ ရဲများကစစ်ဆေးနေကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

သေဆုံးသွားသည့် အမျိုးသမီးမှာ အသက် ၃၅ နှစ်အရွယ် မလင်းလင်းအေးဆိုသူဖြစ်ပြီး သူမသည် နေအိမ်အတွင်း၌ ပက်လက်အနေအထားဖြင့် လည်ပင်းတွင် ကြိုးပွန်းဒဏ်ရာများရကာ သေဆုံးနေခြင်းဖြစ်ကြောင်း ရဲမှတ်တမ်း တွင် တွေ့ရသည်။

ရဲများက ထိုကိစ္စကို စုံစမ်းမေးမြန်းရာ သေဆုံးသူ အမျိုးသမီးသည် ခင်ပွန်းဖြစ်သူ ဦးအောင်မင်းသန့်နှင့် စကားများ ခဲ့ပြီး ခင်ပွန်းဖြစ်သူ အိပ်ပျော်နေစဉ် နေအိမ်အတွင်းရှိ ခြောက်ပေခန့်မြင့်သည့် ထုတ်တန်းတွင် အ၀တ်စများဖြင့် ကျစ်ထားသည့် ကြိုးကိုကွင်းလျှောပြုလုပ်ကာ ကြိုးဆွဲချခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေး တွေ့ရှိခဲ့သည်ဟု ရဲဌာနက ဆိုသည်။

သူမထိုသို့ ကြိုးဆွဲချထားသည်ကို ခင်ပွန်းသည်က အိပ်ယာနိုးလာချိန်တွင် တွေ့ရှိသဖြင့် အောက်သို့ချကာ ကုသပေးနေစဉ် သေဆုံးသွားခဲ့ကြောင်းလည်း ရဲဌာနက စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဆိုသည်။ အလောင်းကို သင်္ဃန်းကျွန်း စံပြဆေးရုံသို့ ပို့ဆောင်ကာ စစ်ဆေးလျှက်ရှိသည်။

ရဲများက ထိုအမျိုးသမီး သေဆုံးမှုသည် အမှန်တကယ် ကြိုးဆွဲချသေဆုံးခြင်းဟုတ်၊ မဟုတ် သံသယရှိသဖြင့် စုံစမ်းမှုများ ဆက်လက်ပြုလုပ်ကြဦးမည်ဖြစ်ရာ ဒုရဲအုပ်အောင်သီဟက တရားလိုပြုလုပ်တိုင် တန်းထားပြီး မြို့နယ် ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁၆/၂၀၁၃ဖြင့် အမှုဖွင့် စစ်ဆေးလျှက်ရှိသည်ဟု ရန်ကုန်တိုင်းရဲဌာနက သတင်းထုတ်ပြန်သည်။

Source : Mizzima

ဆီးရီးယားတွင် ဓာတုလက်နက်သုံးခြင်းကို အမြန်စုံစမ်းရန် အမေရိကန်နှင့် ကုလသမဂ္ဂတောင်းဆို

Posted by drmyochit Friday, August 23, 2013, under | No comments


ဝါရှင်တန်၊ သြဂုတ် ၂၃။

အမေရိကန်နှင့်ကုလသမဂ္ဂတို့က ဆီးရီးယားတက်ကြွလှုပ်ရှားသူတို့၏ ဘာရှာအယ်အာဆတ်အစိုးရက အရပ်သားများကို ဓာတုလက်နက်အသုံးပြုကာ တိုက်ခိုက်ကြောင်း စွပ်စွဲမှုကို ချက်ချင်း စုံစမ်းရန် တောင်းဆိုလိုက်ကြကြောင်း သိရသည်။

ဆီးရီးယားနိုင်ငံမှ အစိုးရဆန့်ကျင်လှုပ်ရှားကြသည့် တက်ကြွလှုပ်ရှားသူများက ဒမတ်စကတ်မြို့ပြင်ပတွင်ဖြစ်ပွားသည့် တိုက်ခိုက်မှုတွင် အမျိုးသမီးများနှင့်ကလေးများ အများဆုံးပါဝင်သော
လူပေါင်း ၁၃၀၀ ကျော်သေဆုံးခဲ့ရကြောင်း ပြောကြားခဲ့ပြီး ဗီဒီယိုအတိုတစ်ခုနှင့် မျက်မြင်များ၏ ပြောစကားတို့က ဓာတုလက်နက်များသုံးစွဲခဲ့သည်ဟူသော စွဲချက်ကို ထပ်လောင်းထောက်ခံနေသည်။

သမ္မတအိုဘားမားသည် အမေရိကန်စုံစမ်းရေးအဖွဲ့အား ဗုဒ္ဒဟူးနေ့က တိုက်ခိုက်မှုတွင် ဓာတုလက်နက်သုံးမသုံးသေချာစေရန် အချက်အလက်များအမြန်စုဆောင်းရန် ညွှန်ကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဂျန်ဆာကီက ပြောကြားသည်။

အမေရိကန်အနေနှင့် ဓာတုလက်နက်သုံးခဲ့ကြောင်း ဆုံးဖြတ်ချက်ကို တစ်နိုင်ငံတည်းဆုံးဖြတ်ရန်မဖြစ်နိုင်ကြောင်း အချက်အလက်များကို နိုင်ငံတကာမဟာမိတ်များနှင့် ထပ်မံရန်ဖွေရန်ကြိုးစားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အကယ်၍သာ ဓာတုလက်နက်သုံးစွဲကြောင်း တွေ့ရှိပါက အမေရိကန် သမ္မတအနေနှင့် တုံ့ပြန်လုပ်ဆောင်ရန် ကိစ္စအများအပြားရှိကြောင်း ပြောကြားသည်။

ကာကွယ်ရေးအဆင့်မြင့်အရာရှိတစ်ဦးက “စစ်တပ်သည် သမ္မတ၏ မည်သို့ခိုင်းစေမှုကို မဆိုဆောင်ရွက်ရေး ပြင်ဆင်နိုင်ရန် ဆီးရီးယားနှင့်ပတ်သက်၍ ရွေးချယ်မှုများကို စိစစ်မြဲဖြစ်ကြောင်း ” ပြောကြားသည်။

ဆာကီက နိုင်ငံခြားရေစးဝန်ကြီးသည် ဆီးရီးယားအတိုက်အခံခေါင်းဆောင်၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးနှင့် ပြင်သစ်၊ ဂျော်ဒန်၊ တူရကီနှင့်ဥရောပခေါင်းဆောင်များနှင့် ကြာသပတေးနေ့က ဖုန်းဖြင့်ဆက်သွယ်ပြောကြားမှုများရှိကြောင်းလည်း ပြောကြားသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးဘန်ကီမွန်းက ပြီးခဲ့သည့် ဗုဒ္ဒဟူးနေ့က ဖြစ်ရပ်သည် နှောင့်နှေးမှုမရှိဘဲ စစ်ဆေးရန်လိုအပ်ကြောင်း ပြောကြားသည်။

ဘန်ကီမွန်းက ဒမတ်စကတ်တွင်အခြေစိုက်သည့်အဖွဲ့တစ်ဖွဲ့အား ဖြစ်ရပ်ကို လျင်ဆောစွာစစ်ဆေးနိုင်ရေး ခွင့်ပြုပေးရန် တိုက်တွန်းခဲ့ပြီး ကုလသမဂ္ဂသည်လည်း တောင်းဆိုချက်ကို
ဆီးရီးယားအစိုးရအား ပေးပို့သည်။

“အတွင်းရေးမှူးကတော့တောင်းဆိုချက်ကို နှောင့်နှေးမှုမရှိ အပြုသဘောတုံ့ပြန်မယ်လို့ မျှော်လင့်နေတယ်” ဟု ဘန်ကီမွန်း၏ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။

Ref:CNN
The Myanma Age

မိုင်ဂျာယန် လောင်းကစားဝိုင်းများထံမှ KIA အဖွဲ့ ဆက်ကြေးငွေများ ကောက်ခံ

Posted by drmyochit Friday, August 23, 2013, under | No comments


ကချင်ပြည်နယ်၊ မိုင်ဂျာယန်မြို့၌ KIO ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေသော လောင်းကစားဝိုင်းများထံသို့ သြဂုတ် ၂၁ ရက်နေ့တွင် KIO ဗဟိုဌာနချုပ်မှ စီးပွားရေးတာဝန်ခံတစ်ဦးရောက်ရှိလာပြီး သြဂုတ်လအတွက် ဆက်ကြေး ငွေများ ကောက်ခံသွားခဲ့ကြောင်း မြို့ခံအချို့ထံမှ သိရသည်။

မိုင်ဂျာယန်မြို့ခံတစ်ဦးက “ ဒီမြို့မှာ အဲဒီလောင်းကစားဝိုင်းတွေရှိတော့ မြို့သူမြို့သားတွေလည်း ပျက်စီး တာပေါ့၊ အဲဒီမှာဘဲ အချိန်ကုန်နေကြတာ၊ ပြီးတော့ ကိုယ်ပါတဲ့ငွေပဲ ရှုံးတာလေ၊ လောင်းကစားလုပ်လို့ လယ်ပြုတ်ယာပြုတ်၊ အိမ်ရောင်းရတဲ့ သူတွေလည်းရှိတယ်၊ အချို့ဆို တဲကုပ်လေးတွေ ထိုးပြီး နေနေရပြီလေ” ဟု ပြောပြသည်။

သဲလုပ်ငန်းလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းရှင် မြို့ခံတစ်ဦးကတော့ “ကျွန်တော်ကတော့ သမာအာဇီဝ ကျတဲ့ သဲလုပ်ငန်းလုပ်ပြီး မိသားစုကို ရှာကျွေးနေတာပါ။ ဒီမြို့မှာတော့ လောင်းကစားလုပ်ပြီး ငွေလွယ်လွယ် လိုချင်တဲ့သူတွေများတယ်၊ အရင်က လောင်းကစားဝိုင်း ၄ ၀ိုင်းပဲရှိတာ၊ အခု(၆)၀ိုင်းတောင် ဖြစ်သွားပြီလို့ သိရတယ်၊ တရုတ်လူမျိုးတွေက အဲဒီလောင်းကစားဝိုင်းတွေကို လုပ်ဖို့ KIO ကို ဆက်ကြေးပေးထားရတယ်လေ၊ မနေ့ကတောင် ဆက်ကြေးလာတောင်းသွားတယ်လို့ ကြားတယ် ” ဟု ပြောပြသွားသည်။

အဆိုပါ လောင်းကစားဝိုင်းများမှ KIO အဖွဲ့အား သြဂုတ်လအတွက် ဆက်ကြေးငွေအဖြစ် တစ်ဝိုင်းလျှင် ယွမ် ၁ သောင်း ပေးလိုက်ရကြောင်း၊ ကစားဝိုင်းပိုင်ရှင် တရုတ်နိုင်ငံသား(၆)ဦးအား KIO စီးပွားရေးတာဝန်ခံမှ လောင်းကစားလုပ်ကိုင်ခွင့်(၃)နှစ် စာချုပ်ချုပ်ဆိုကာ လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း၊ မိုင်ဂျာယန်သို့ လောင်းကစား သမားများ နေ့စဉ်နှင့်အမျှ ၀င်ရောက်နေသောကြောင့် ဒုစရိုက်မှုများလည်း မကြာခဏဖြစ်ပွားနေကြောင်း မြို့တွင်း၌လည်း အိမ်ဖောက်ပစ္စည်းခိုးယူမှုများ များပြားလာကြောင်း ယင်းမြို့ခံများ၏ ပြောပြချက်အရ သိရှိရ ပါသည်။

ခွန်နော်
From: Opp

လက်ဘနွန်မှ ဒုံးကျည်ဖြင့်တိုက်၊ အစ္စရေးမှ ဗုံးပြန်ကြဲ

Posted by drmyochit Friday, August 23, 2013, under | No comments


ဂျေရုဆလင်၊ သြဂုတ် ၂၃။

လက်ဘနွန်ဘက်မှ နယ်စပ်ဖြတ်ကျော်ကျရောက်လာသည့် ဒုံးကျည်တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေနှင့် စစ်သွေးကြွ ပစ်မှတ် တစ်ခုကို အစ္စရေးလေတပ်က ဗုံးကြဲခဲ့ကြောင်း အစ္စရေးဘက်မှ ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် တစ်ဦးက ပြောကြားသည်။

အစ္စရေးစစ်တပ်အသိုင်းအဝိုင်းအဆိုအရ ဗုံးကြဲချခဲ့သည့် နေရာသည် ဘေးရွတ်နှင့် ဆီဒုံကြား နာအေမာ အနီးနေ ရာ ဖြစ်ကြောင်း သိရသော်လည်း အသေးစိတ်အချက်များ မသိရသေးပေ။

ထုတ်ပြန် ချက်တွင်ပြောကြား စကားအရ “ပစ်မှတ်ကို တိုက်ရိုက်ထိမှန်ကြောင်း ပိုင်းလော့များက အစီရင်ခံစာတင်သွင်းကြောင်း” သိရသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့က လက်ဘနွန်ဘက်မှ ပစ်ခတ်ခဲ့သည့် ဒုံးကျည်လေးခုကြောင့် ပျက်စီးမှုများရှိခဲ့သော်လည်း အစ္စရေးမြောက်ပိုင်းတွင် အသေအပျောက်မရှိခဲ့ကြောင်း သိရသည်။

ယင်းလုပ်ရပ်ကို အီရန်တို့ကျောထောက်နောက်ခံပြုသည့် လက်ဘနွန်တောင်းပိုင်းမှ ရှီုအိုက်စစ်သွေးကြွ ဟက်ဇဘိုလာတို့ လုပ်ဆောင်ခြင်းမဟုတ်ဘဲ အယ်လ်ကိုင်ဒါနှင့် ဆက်နွယ်မှုရှိသည့် ဆွန်နီမွတ်ဆလင်အုပ်စုတစ်ခုက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတပ်ဖွဲ့သည် အစ္စရေးနိုင်ငံကို ၂၀၀၉ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်တို့တွင် ယခုကဲ့သို့ ဒုံးလက်နက်ဖြင့်ပစ်ခတ်ခြင်း ပြုလုပ်ခဲ့သည်။

“အစ္စရေးဟာ လက်ဘနွန်က အခြေတည်လာတဲ့ အကြမ်းဖက်လုပ်ရပ်ကို သည်းမခံနိုင်ပါဘူး” ဟု စစ်တပ်ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး ပီတာလာနာက ပြောကြားသည်။

လက်ဘနွန်သမ္မတမီချယ်ဆလေမန်ကလည်း ကြာသပတေးနေ့ဒုံးလက်နက်ဖြင့်တိုက်ခိုက်မှုကို ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်နှင့် လက်ဘနွန်အချုပ်အခြာအာဏာကိုချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောကြားပြီး လုံခြုံရေးတပ်ဖွဲ့ကိုလည်း ၎င်းတိုက်ခိုက်ရေးသမားများကိုရှာဖွေဖော်ထုတ်ရန် တိုက်တွန်းပြောကြားသည်။

ကြာသပတေးနေ့တိုက်ခိုက်မှုသည် ၂၀၁၁ ခုနှစ်နောက်ပိုင်း ၎င်းကဲ့သို့တိုက်ခိုက်မှု ပထမဆုံး အကြိမ်ဖြစ်ပွားခြင်းဖြစ်ပြီး လက်ဘနွန်တောင်ပိုင်းမှ ဒုံးကျည်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Ref: Reuters
The Myanma Age

အကြမ်းဖက် လုပ်ရပ် များကို ကာကွယ်ရန် ရဲနှင့် စစ်တပ် လုံခြုံရေး တစ်နိုင်ငံလုံးတွင် တင်းကျပ်

Posted by drmyochit Friday, August 23, 2013, under | No comments

ရန်ကုန် ၊ သြဂုတ် ၂၂ ။               ။ အစွန်းရောက် အဖွဲ့ အစည်း များမှ အကြမ်းဖက် လုပ်ရပ်များ မြန်မာနိုင်ငံတွင် လုပ်ဆောင်မည်ဟု ထွက်ပေါ် နေသော သတင်းများအရ ကာကွယ် နှိမ်နင်း မှုများ ပြုလုပ်ရန် အတွက် မြန်မာ တစ်နိုင်ငံလုံးတွင် စစ်တပ်နှင့် ရဲလုံခြုံရေးများ တင်းကြပ်စွာ ချထားကြောင်း နိုင်ငံဖြတ်ကျော် မှုခင်း ရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာရှိကြီးတစ်ဦးက ပြောသည်။

မြန်မာ နိုင်ငံရှိ နယ်စပ်များ အားလုံးတွင် စစ်တပ်နှင့် ရဲများ ပါဝင်သော လုံခြုံရေးများ ချထား ပြီးဖြစ်ကာ အိမ်နီးချင်း နိုင်ငံ များမှ လူမျိုးခြားများ ဝင်ရောက်မှုများ မရှိစေရေး ဆောင်ရွက်နေ ကြောင်း၊ ၎င်းအပြင် လုံခြုံရေး ကင်မရာ များဖြင့်လည်း လူဝင် လူထွက် များကို စောင့်ကြည့် နေကြောင်း သိရသည်။

နိုင်ငံဖြတ်ကျော် မှုခင်း ဌာ နမှ အဆင့်မြင့် အရာရှိက ''အဓိက ကတော့ ရခိုင်ပြည် နယ်စပ်နဲ့ ချင်းပြည်နယ်၊ တနင်သာရီတွေဘက်ကို အဓိကထား စောင့်ကြပ်နေ ပါတယ်။ တခြား နေရာ တွေမှာလည်း လိုအပ် သလို လုံခြုံရေး ချထားတယ်။ မသင်ကာ သူတွေ့ရင် ချက်ချင်း ဖမ်းစစ်။ အဲဒီလို လုပ်နေရတယ်။ အခု ထွက်ပေါ် နေတဲ့ မြန်မာ နိုင်ငံမှာ အကြမ်းဖက် ဖောက် ခွဲမှုတွေ လုပ်မယ် ဆိုတဲ့ သတင်း တွေကတော့ မှန်မမှန် စိစစ် နေတုန်းပါ။ ဒါပေမဲ့ သတိတော့ထား ရမဲ့အခြေ အနေ ရှိတယ်။ မဖြစ်ခင် ကြိုကာ ရမဲ့ ကိစ္စတွေရှိတယ်။ လိုအပ်တဲ့ လူအင်အား၊ လက်နက် အင်အား အဆင်သင့်နဲ့ လုံခြုံရေး အတွက် ဆောင်ရွက် နေပါတယ်''ဟုပြောသည်။

ထို့အပြင် အီးယူနှင့် အမေရိကန် နိုင်ငံ များမှ အကြမ်း ဖက်မှု တိုက်ဖျက်ရေးနှင့် ပတ်သက် သည့် သင်တန်း များကို မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား သင်တန်း ပေးသွားမည် ဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် လည်း အကြမ်းဖက်မှု တိုက်ဖျက်ရေး အတွက် စုံစမ်းမှု များနှင့် နှိမ်နင်းမှု နည်းစနစ် များကို မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့မှ အရာရှိကြီး များကို သင်ကြား ပေးနေကြောင်း သိရသည်။

ကျော်မြတ်ဇံ

From: Yangon Media Group

မန္တလေးမှာ အလကားနေရင်း ဓားနဲ့လိုက်ခုတ်နေတဲ့ကောင်တွေ မိပြီ

Posted by drmyochit Friday, August 23, 2013, under | No comments


မန္တလေးမြို့ အထင်ကရ ဖြစ်သောကျုံးပတ်လည်တွင် ညအချိန် ဆိုင်ကယ်စီး၍ လူငယ်များအုပ်စုလိုက် အကြောင်းမဲ့ဓါးခုတ်  ၊ ရိုက်နှက်မှု ဖြစ်စဉ်များ ဖြစ်ပေါ်နေသည့်အတွက် မန္တလေး တိုင်း    ဒေသကြီး ရဲတပ်ဖွဲ့မှူး မှ အုပ်စုဖွဲ့ ရမ်းကားသူများကို အမြန်ဆုံး ဖမ်းဆီးရမိရေး ညွှန်ကြားခဲ့သဖြင့် ၎င်းဖြစ်စဉ်များ နှင့် ပတ်သတ်၍ မသင်္ကာသော ဖက်တီး(ခ)ချမ်းမြေ့သူ ၊ ဇော် ထွေးဦးတို့အား ၂၂-၈-၂၀၁၃  ရက်နေ့ ၀၈၀၀ အချိန်တွင် မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနများမှ သက်သေများရှေ့ခေါ်ယူစစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးခဲ့ရာ  လွန်ခဲ့သော (၁) လ ကျော်ခန့်က ဖက်တီး(ခ)ချမ်းမြေ့သူ (၁၉)နှစ် (ဘ)ဦးတင်ဦး ၃၅×၃၆ လမ်း၊ ၈၇×၈၈ လမ်းကြား ဆီစက်ဝင်း မဟာအောင်မြေမြို့နယ်နေသူသည် ၎င်း အပါ အ၀င် ဒီးဒီး(ခ)ကျော်ဇင်ဝင်း (၁၈)နှစ် (ဘ)ဦးထွန်းအောင် ၃၅×၉၂လမ်းထောင့် မဟာအောင်မြေမြို့နယ် ၊သက်ဖုန်းခိုင် (၁၅)နှစ် ၊(ဘ) ဦးဇော်ဝင်း ဘော်လုံးကွင်းသစ်အနီး မြို့သစ်(၁) ရပ်ကွက် ၊ ချမ်းမြသာစည်မြို့ ၊ ဇော်ထွေးဦး (၂၀)နှစ် (ဘ)ဦးသာဌေး ၈၈×၈၉လမ်း ၃၅×၃၆လမ်း စတီးဝင်း ၊ မဟာအောင်မြေမြို့နယ်၊ ဇင်ရဲထက် (ခ)မျောက်ကြီး (၁၄)နှစ်(ဘ) ဦး သိန်းဇော် ၆၆လမ်း မြပန်းဝါလမ်းနှင့် နှင်းဆီလမ်းကြား မြို့သစ် (၁)ရပ်ကွက် ၊ ချမ်းမြသာစည်မြို့နယ် ၊ ကျော်သီဟထွန်း (၁၉) နှစ်(ဘ)ဦးထွန်းအောင် ၊  ၊ ၃၅×၉၂ လမ်းမဟာအောင်မြေမြို့နယ် ၊ အဖီး(ခ)ကျော်သီဟထွန်း(၁၅)နှစ်(ဘ)ဦးမြင့်ခိုင်၃၄×၃၅လမ်း၊၈၆×၈၇လမ်းကြားအောင်နန်း
အနောက်ရပ်ကွက် ၊ ချမ်းအေးသာစံ မြို့နယ်တို့သည် မန္တလေးကျုံးမြောက်ဘက် စည်သူအောင်ဆိုသူအား ဓာတ်ဖြင့်ခုတ်ခဲ့ကြောင်း ၊ ၁၄-၇-၂၀၁၃ ရက်နေ့လမ်း ၈၀ ၊ ၉၊၁၀ လမ်းကြားတွင် စိုင်းသီဟ နှင့် အောင်ကိုလွင်တို့အား လည်ကောင်း ၂၇-၇-၂၀၁၃ ရက်နေ့လမ်း ၈၀ ၊ ၁၄ ၊၁၅ လမ်းကြား မျိုးသူရဦး ဆိုသူတို့အား အကြောင်းမဲ့ ဓါးဖြင့်ခုတ်ခဲ့ကြောင်း ၊ယခုကဲ့သို့  အုပ်စုဖွဲ့၍  ဓါးခုတ်ရမ်းကားခြင်းတို့ကို ၎င်းတို့ အဖွဲ့ အနေဖြင့် (၆)ကြိမ်ခန့် ကျူးလွန်ခဲ့ကြောင်း ထွက်ဆိုခဲ့ပါသည် ။

   ယခုကဲ့သို့ အုပ်စုဖွဲ့ရမ်းသူ ဖက်တီးပါ (၁၀) ဦးအား အမှတ်(၂) နယ်မြေရဲစခန်း (စ)၂၀၂/၂၀၁၃ ပြစ်မှု ပုဒ်မ ၃၂၅ /၃၂၆ အမှတ် (စ)မြို့မ ရဲစခန်း (စ) ၊ ၂၂/ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၂၆ အရ ထိရောက်ဟန့်တားသော ပြစ်ဒဏ်များ ရရှိအောင် အမှုခိုင်မာစွာတရားစွဲဆိုသွားမည်ဖြစ်ကြောင်း ၊ ကွင်းဆက်တရားခံများ ဆက်လက်ဖော်ထုတ်ဖမ်းဆီးဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မန္တလေး မြို့ပေါ်ရှိပြည်သူများ အထိတ်တလန့်ဖြစ်စေသော အုပ်စုဖွဲ့ရမ်းကားမှုများ ပပျောက်အောင် ထိန်း သိမ်းစောင့်ရှောက်သွားမှာ ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူါ် ရုံးမှသတင်းရရှိပါသည်။

Ref...shwenewnews

ညလုံးပေါက် ချစ်ရည်လူးခြင်းကြောင့် ဇနီးသည်အိပ်မပျော်ပါက နောက်တစ်နေ့တွင် အိမ်ထောင်ရေးထိခိုက်နိုင်

Posted by drmyochit Friday, August 23, 2013, under | No comments


ညလုံးပေါက် ချစ်ရည်လူးခြင်း (သို့မဟုတ်) အခြားအကြောင်း တစ်ခုခုကြောင့် ဇနီးသည်တွေ   ကောင်းကောင်း အိပ်မပျော်ရင် နောက်တစ်နေ့ တွင် အိမ်ထောင်ရေးအပေါ်မှာ ဖိအား သက်ရောက် မှု ဖြစ်စေနိုင်တယ် လို့ လေ့လာမှု အသစ် တစ်ရပ်က ဆိုပါတယ်။ ငယ်ရွယ် ကျန်းမာတဲ့ စုံတွဲ ၃၅ ဦးရဲ့ အိပ်စက်မှု ပုံစံကို ၁ဝ ညတာ လေ့လာမှု အရ ဇနီးသည်တွေ အိပ်မပျော်ခြင်းသည် နောက်တစ်နေ့မှာ စုံတွဲတွေရဲ့ ဆက်ဆံရေး ဆိုင်ရာ အခက်အခဲ သိသိသာသာ ရှိတာ တွေ့ရကြောင်း သိရပါတယ်။

အိပ်မပျော်တဲ့ ဇနီးသည်တွေ ရှိရင် အိမ်ထောင်ဖက် နှစ်ဦး စလုံး အတွက် အကောင်းထက် အဆိုးကို ပိုမို ဖြစ်စေနိုင်တယ် လို့ လေ့လာမှု တစ်ရပ်က ဆိုပါတယ်။ ခင်ပွန်းသည်တွေ အိပ်ရေး မဝတာကြောင့် စုံတွဲတွေရဲ့ ဆက်ဆံရေး အပေါ်မှာ သက်ရောက်မှုက နည်းပါးကြောင်း သိရပါတယ်။

From:နိုင်ငံသစ်

မြန်မာ နိုင်ငံတွင် ကလေး နှစ်သန်းခွဲခန့် အရပ် ပုနေ

Posted by drmyochit Friday, August 23, 2013, under | No comments

ကျေးရွာ တစ်ရွာတွင် ကလေးငယ် တစ်ဦးအား အစ်ကိုဖြစ်သူက အစား အစာ ကျွေးမွေး နေစဉ်။ ဓာတ်ပုံ - ရဲနောင်(ဖယ်ခုံ)/ရန်ကုန်တိုင်းမ်

ရန်ကုန် ၊ သြဂုတ် ၂၁ ။         ။ မြန်မာ နိုင်ငံ တွင် ကလေး နှစ်သန်း ခွဲခန့်သည် အရပ်ပု နေကြပြီး အနာ ဂတ်တွင် ယင်းကဲ့သို့ ပုသောသူများ များနေ ပါက ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေး ထိခိုက်ပြီး တိုင်းပြည်ဝင်ငွေ ကျဆင်း နိုင်ကြောင်း ယူနီဆက်ဖ် မြန်မာမှ အာဟာရ ပညာရှင် ဒေါက်တာ ကျော်ဝင်းစိန်က သတိပေးပြော ကြားလိုက်သည်။ အရပ်ပုခြင်းသည် အာဟာရ ချို့တဲ့ မှုကြောင့် သော်လည်းကောင်း၊ အစား အစာများ စားသုံး နေသော်လည်း အာဟာရ ရရှိရန် အထောက် အပံ့ မဖြစ်ခြင်းကြောင့်သော်လည်းကောင်း ဖြစ်ပွား ရခြင်း ဖြစ်ကာ အရပ်ပုသူ များသည် သာမန် ကလေးနှင့် ဉာဏ်ရည် ဖွံ့ဖြိုးမှု ကွာခြားခြင်းမှာလည်း အဓိက အချက် ဖြစ်ကြောင်း သိရသည်။

''မြန်မာမှာ ကလေး နှစ်သန်း ခွဲလောက် အရပ်ပု နေကြတယ်။ ပုတာက ပညာရေး ကို ထိတယ်။ ကျန်းမာရေးကိုထိ တယ်။ နိုင်ငံရဲ့ ကုန် ထုတ်လုပ်မှုကို ထိတယ်။ ဘာလို့လဲ ဆိုတော့ ပုတဲ့ ကလေး တွေရဲ့ ဦးနှောက်ဆဲလ်တွေက ပုံမှန် မဟုတ်ဘူး။ သာမန် ကလေးတွေရဲ့ ဦး နှောက်မှာ ဆိုရင် ဆဲလ်တွေက ဖြာထွက်နေတယ်။ အရပ်ပုတဲ့ ကလေး တွေက အခက် အလက်တွေ အဲလောက် မဖြာဘူး။ သူ့ရဲ့ပါဖော မန့်စ်က ကျသွားတယ်။ ဒါကြောင့် နောက် အနှစ်နှစ်ဆယ်၊ သုံးဆယ် မှာ ပုတဲ့ သူများရင် အဲဒီ ကလေးတွေ ရဲ့ဝင်ငွေက ကျကို ကျသွားမယ်။ ဒါကြောင့် အာဟာရ ချို့တဲ့တယ် ဆိုတာက တိုက်ရိုက် ကလေးသေ တာ မဟုတ်ဘူး။ သူ့ရဲ့သွယ်ဝိုက် ရရှိတဲ့ ဆိုးကျိုး တွေက အများကြီး ရှိတယ်''ဟု ဒေါက်တာ ကျော်ဝင်း စိန်က ပြော သည်။

နောက်ဆုံး အကြိမ် MICS  ကတရားဝင် ထုတ်ပြန် ထားသည့် ပြည်နယ်တိုင်း အလိုက် အာဟာရ ချို့တဲ့မှု နှုန်းထားများအရ ပိန်သော ကလေး များမှာ မြန်မာပြည် အလယ်ပိုင်းနှင့် ချင်းပြည်နယ်တွင် များပြီး ပုသော ကလေး များမှာ ချင်းနှင့် ရခိုင်တွင် များကြောင်း၊ ပိန်ပြီး လတ်တလော အာဟာရ ချို့တဲ့သော ကလေး များမှာ ရခိုင်၊ မကွေး၊ အပူပိုင်း ဒေသများ၊ ဧရာဝတီနှင့် ရှမ်းမြောက်ဒေသ များတွင် များကြောင်း သိရသည်။ ''အဲဒီ အနေ အထား သုံးခု လုံးခြုံပြီး တော့မှ ကြည့်ပြီး ဘယ်ဒေသသည် ဘယ်အကြောင်းရင်း ကြောင့်ဖြစ်မလဲ ဆိုတာကို စဉ်းစား ရတယ်။ ပြီးတော့ ဘယ်လို စီမံကိန်း တွေချမှတ် ဆောင်ရွက် မလဲ ဆိုတာကိုလဲ ကြည့်ရတယ်'' ဟု ကျန်းမာရေး ဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး (အာဟာရ) ဒေါက် တာ တင်လင်းက ပြောသည်။

ထို့ပြင် MICS  ၂၀၁၀-၂၀ ၁၁ အရ ကလေးများ ပုခြင်းသည် ၂၀၁ဝတွင် ၃၅ ဒသမ ၁ ရာခိုင်နှုန်း၊ ကလေးများ ပိန်ပြီး လတ်တလော အာဟာရ ချို့တဲ့ခြင်းသည် ၂၀၁၀-  ၂၀၁၁ တွင်  ၇ ဒသမ ၉ ရာခိုင်နှုန်း ဖြစ်နေကြောင်း သိရသည်။ ''ငါးနှစ်အောက် ကလေး သုံးဦးမှာ တစ်ဦးသို့ မဟုတ် နှစ်ဦးက ပုနေတယ်။ အဲဒီရဲ့ အကျိုး သက်ရောက်မှုက တော်တော်ကြီးတယ်။ နောက်လာမယ့် အနှစ် သုံးဆယ်၊ လေးဆယ်၊ ငါးဆယ် ဘာဖြစ်လာ မလဲဆို တာ လုံးဝကို ပြောလို့ရတယ်။ ပညာရှင်တွေဝိုင်းပြီး တွက်ချက် ထားတာ ရှိတယ်။ နံပါတ်တစ် အချက် ပညာ ရေးကို သွားထိတယ်။ အဲဒီမှာ ပုတဲ့ နှုန်းက ၁၀ ရာခိုင်နှုန်း တက်သွားပြီ ဆိုရင် ပညာ ရေးမှာ Final Grade ကိုရောက်တဲ့ ကျောင်း သားက ရှစ်ရာခိုင်နှန်း ကျသွားတယ်။ ကျောင်းတက် နိုင်တဲ့ ကလေးတွေက ရှစ်ရာခိုင်နှုန်း ကျသွားတယ်'' ဟု ယူနီဆက်ဖ် မြန်မာမှ အာဟာရ ပညာရှင် ဒေါက်တာ ကျော်ဝင်းစိန်က ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံတွင် မူလတန်း အဆင့်၏ Final Grade ကို ၅၄ ရာခိုင်နှုန်းသာ ရောက်ရှိ သောကြောင့် မြန်မာနိုင်ငံတွင် ကျောင်းနေအရွယ် ကလေး များ၏ တစ်ဝက်ခန့်သာ ကျောင်းတက် နိုင်သေးကြောင်း၊ ပုသည့်နှုန်း ကိုဆယ် ရာခိုင်နှုန်း ချနိုင်ပြီ ဆိုပါက ကျောင်း တက်နှုန်းမှာ ၇၅ရာခိုင်နှုန်း တက်သွားမည် ဖြစ်ကြောင်း သိရသည်။ ပုခြင်းသည် ကျန်းမာရေး တွင်လဲ ဆိုးကျိုးများ ဖြစ်ပွား နိုင်ပြီး ၁၅ ရာခိုင်နှုန်းသော ငါးနှစ်အောက် ကလေး သေနှုန်းသည် ပုခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

''ကလေးက ပိန်တယ်၊ လတ်တလော အာဟာရလဲ ချို့တဲ့မယ် ဆိုရင် သူ့ရဲ့ သေနှုန်းက သာမာန် ကလေးထက် ကိုးဆ ပိုမြင့်မယ်။ မြန်မာမှာ တစ်နှစ်ကို ပျှမ်းမျှ ကလေး ကိုးသိန်းလောက်ေ မွးနေတယ်။ အသက် သုံးနှစ် မတိုင်မီ ကလေးသုံး သောင်း ခုနစ်ထောင် လောက်ကို သေသွားတယ်။ တစ်ကယ်လို့ အာ ဟာရ မြှင့်တင်တဲ့ နေရာမှာ ၉၉ ရာ ခိုင်နှုန်း လွှမ်းခြုံမှု ရရင် တစ်နှစ်တစ် နှစ်မှာ ကလေး တစ်သောင်း လောက်ကို ကောင်းကောင်း ကယ်နိုင်မယ်'' အာဟာရ ပညာရှင် ဒေါက်တာ ကျော်ဝင်းစိန် က ဆက်လက်ပြော ကြားသည်။ ထို့ပြင် အရပ် ပုခြင်းသည် ကုန်ထုတ် စွမ်းအား စုနှင့် ဆက်နွယ်လျက် ရှိပြီး အရပ် ပုပါက အရွယ် ရောက်လာသည့်အ ခါတွင် ကုန်ထုတ်လုပ်မှုမှာ သာမာန် ကလေး ထက် ၂၂ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၃၀ ထိကျ သွား နိုင်ကြောင်း ပညာရှင်များက တွက်ချက် ထားကြသည်။

နွေဦးလင်း

From: Yangon Media Group

ဖေ့စ်ဘွတ်ခ်တင် ဓာတ်ပုံကြောင့် မလေးစုံတွဲကို နိုင်ငံတော် အကြည်ညိုပျက်မှုဖြင့် တရားစွဲ

Posted by drmyochit Friday, August 23, 2013, under | No comments

ရာမာဒန် ပါတီ တခုမှာ ၀က်သား စားနေတဲ့ ဓာတ်ပုံကို ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှာ တင်ခဲ့ တဲ့ မလေးရှား စုံတွဲကို နိုင်ငံတော်ကို အကြည်ညို ပျက်စေမှု နဲ့ တရား စွဲဆို လိုက်ပါ တယ်။

အယ်လ်ဗင်းတန် နဲ့ဗီဗီယန်လီး တို့နှစ်ယောက်ဟာ လိင်ကိစ္စကို ပွင့်ပွင့် လင်းလင်း ဖော်ထုတ်တဲ့ ဘလော့ဂ် တခုကို တင်ထားတဲ့ အတွက် မလေးရှားမှာ နံမည် ဆိုးနဲ့ ကျော်ကြားပါတယ်။

အစိုးရက အခု သူတို့တွေ သိပ် လွန်လွန်း လာတဲ့ အတွက် နိုင်ငံတော် အကြည်ညို ပျက်စေမှုနဲ့ တရားစွဲ ရတာလို့ ပြောပါတယ်။
အယ်လ်ဗင်းတန် နဲ့ ဗီဗီယန်လီတို့ဟာ လွန်ခဲ့တဲ့ နှစ်က သူတို့ဖန်တီး တည်ဆောက် ထားတဲ့ လိင်အသားပေး ဘလော့ဂ် တခုကို တင်လိုက်တဲ့ အချိန်မှာ အများ အာရုံ စိုက်တာကို ခံခဲ့ကြ ရတာပါ။

အယ်လ်ဗင်းက စင်ကာပူ နိုင်ငံရဲ့ ထိပ်တန်း တက္ကသိုလ် တခုက အာဆီယံ ဥပဒေ ကျောင်းသား တယောက် ဖြစ်ပါတယ်။ ဒါပေမယ့် ခုတော့ သူ့ ပညာသင် ဆုကို ပြန်ရုပ်သိမ်း ခံလိုက် ရပါပြီ။ သူ့ချစ်သူ ဗီဗီယန်လီ ကတော့ မလေးရှား တက္ကသိုလ်တခုက ဘွဲ့ရ တယောက် ဖြစ်ပါတယ်။ ဘလော့ဂ်ကိုတော့ မိသားစု ဖိအား ပေးမှုကြောင့် သူတို့ ပိတ်ပစ် လိုက်ပါပြီ။

နောက်တော့ သူတို့က လိင် အကြောင်း ဆွေးနွေး ပြောဆိုတဲ့ ဗွီဒီယို တခုကို ယူကျု(ပ်)ကနေ တင် လိုက်ပြန် ပါတယ်။ တင်လိုက်တဲ့ ပို့စ်တွေ အတွက် မကျေနပ် သံတွေ အများကြီး ထွက်ပေါ် လာခဲ့ ပါတယ်။ ဒါပေမယ့် သူတို့က အခု သူတို့ ဥပဒေကြောင်း အရ အရေးယူ ခံရဖို့ ဖြစ်လာတဲ့ အငြင်း ပွား စရာ ပုံကို တင်လိုက်တဲ့ အခါမှာမှ ဖြစ်လာခဲ့တာပါ။ ပုံက ဟာလာ လုပ်တဲ့ အမှတ် သင်္ကေ တ တခုနဲ့ သူတို့ ၀က်သား စားနေတဲ့ ပုံပါ။

အစိုးရက အဲဒါကို အမျိုးသား တည်ငြိမ်မှုနဲ့ လူမျိုးအရ ညီညွတ် အဆင် ပြေမှုကို ခြိမ်းခြောက်မှု အဖြစ် ရှုမြင်ပြီး သူတို့ကို နိုင်ငံတော် အကြည်ညို ပျက်စေ မှုနဲ့ တရား စွဲဆို ခဲ့တာပါ။

မလေးရှား ကာကွယ်ရေး ၀န်ကြီး ဟစ်ရှာမူဒင်ဟူစိန်က “အဲဒါက လွန်လွန်း ပါတယ်ဗျာ။ တကယ်လို့ ကျနော်တို့က ပြင်ဆင်မှု မလုပ်ရင် လူတွေက အဲဒါကို သာမန် ဖြစ်ရိုးဖြစ်စဉ် တခုလို့ စပြီး လက်ခံ ယူဆ သွားနိုင် တာမျိုးပါ။ အထူးသဖြင့် လူငယ်တွေ အတွက် ပေါ့ဗျာ။ တကယ်လို့ မလုပ်ခဲ့ရင် ရာမာဒန် ကာလမှာ လူ့အဖွဲ့အစည်းကို သွေးကွဲအောာင် လူမျိုးရေး ကိစ္စမျိုးတွေကို အသုံးချမယ့် သူတွေ ရှိလာ နိုင်ပါတယ်” လို့ပြောပါတယ်။

အပြစ်ရှိကြောင်း တွေ့ရှိမယ် ဆိုရင်တော့ သူတို့နှစ်ယောက်ဟာ ဒဏ်ငွေနဲ့ ထောင်ဒဏ် ကျခံ ရပါ လိမ့်မယ်။ ဒါပေမယ့် ဗွီဒီယို တခုထဲ မှာတော့ သူတို့က သူတို့ရဲ့ လုပ်ရပ်တွေ အတွက် တောင်းပန် ထားပါတယ်။

အယ်လ်ဗင်းတန်က “ဒီ ဗွီဒီယိုကို ရိုက်ကူး ရတဲ့ အကြောင်းကတော့ ဒီရာမာဒန် ဥပုသ်လမှာ မွတ်စလင် တွေကို စိတ်ဆိုး ဒေါသ ဖြစ်အောင် လုပ်မိတဲ့ အတွက် မလေးရှား အားလုံးရဲ့ ခွင့်လွှတ် မှုကို တောင်းချင် လို့ပါပဲ” လို့ ပြောပါတယ်။

သူတို့ဟာ အကျဉ်းထောင် ထဲမှာ တပတ်နေခဲ့ ရပြီး အမှုကို စောင့်နေရတဲ့ အချိန်မှာ အာမခံနဲ့ လွှတ်ပေး ထားပါတယ်။ ဒါပေမယ့် သူတို့ကို လွှတ်ပေး ရာမှာ တင်းကျပ်တဲ့ အခြေ အနေတွေ ချမှတ် ထားခဲ့ ပါတယ်။

အယ်လ်ဗင်းနဲ့ ဗီဗီယန်လီ တို့ရဲ့ ရှေ့နေ ချောင်ဂျူးထျန်က “တချက် ကတော့ သူတို့ရဲ့ ပတ်စ်ပို့တွေကို သိမ်းဆည်းပြီး တရားရုံးမှာ လုံလုံခြုံခြုံ သိမ်းထား ပါလိမ့်မယ်။ နောက်တခုက သူတို့ကို အင်တာနက်၊ စမတ်ဖုန်း နဲ့ အင်တာနက် အသုံးပြုလို့ရတဲ့ ပစ္စည်းတွေကို အသုံးပြုခွင့် မပေးပါဘူး။ ဘာသာရေး၊ လူမျိုးရေး အနက် အဓိပ္ပာယ် ရှိတဲ့ သတင်း အချက် အလက်တွေ ဝေဖန် ချက်တွေ၊ ဖော်ပြချက် တွေကို ဖြန့်ဝေတာ မျိုးလို အလားတူ ချိုးဖောက်မှုတွေ ထပ် မကျူးလွန် နိုင်အောင်လို့ပါ” လို့ပြောပါတယ်။

အဲဒီကတည်းက ဗီဗီယန်နဲ့ အယ်လ်ဗင်းတို့ နှစ်ယောက် လုံးဟာ လူထု အာရုံ စိုက်မှု တွေကို ရှောင်ရှား နေခဲ့ ပါတယ်။ သတင်း မီဒီယာ တွေရဲ့ မေးခွန်း တွေကို တိုတိုပဲ တုံ့ပြန် ဖြေကြား ခဲ့ပါတယ်။

အဲဒီအမှုက အွန်လိုင်းနဲ့ သတင်း မီဒီယာတွေမှာ ဒေါသတကြီး အပြန် အလှန် ငြင်းခုန် ဆွေးနွေးမှု တွေကို ဖြစ်ပေါ် လာစေ ခဲ့ပြီး လူ အများစု ကတော့ အစ္စလာမ်ကို ရည်ရွယ်ချက် ရှိရှိ စော်ကားတဲ့ အတွက် အပြစ်ဒဏ် ပေးသင့် တယ်လို့ ပြောကြ ပါတယ်။ တရားရုံးက နောက်ဆုံး စီရင်ချက် ချဖို့ နေ့ကိုတော့ မသတ်မှတ် ရသေး ပါဘူး။

အာရှဒေသ သတင်းဆောင်းပါး အတွက် သတင်းထောက် ဖိုင်ဇယ်လ် မိုတာက ကွာလာလမ်ပူ ကနေ  သတင်း ပေးပို့ထားတာ ဖြစ်ပါတယ်။

From: ဒီဗွီဘီ

မယူ မနေရ ပင်စင်ပေး ခံရသည့် ဆရာမအား ရာထူး ထုတ်ပယ်မိန့် ပြောင်းလဲထုတ်ပြန်

Posted by drmyochit Friday, August 23, 2013, under | No comments

ဆရာမ ဒေါ်စိုးစိုးခိုင်

ရန်ကုန် ၊ သြဂုတ် ၂၂ ။                ။ ၈၈ ငွေရတုသတင်းစာ ရှင်းလင်းပွဲ တက်မိသည့် ဆရာမ ဒေါ်စိုးစိုး ခိုင်အား မယူ မနေရ  ပင်စင် ပေးပြီး နှစ်ရက် အကြာတွင် ရာထူးမှ ထုတ်ပယ်သည့် အမိန့်ကို ပြောင်းလဲ ထုတ်ပြန် ခဲ့ကြောင်းသိ ရသည်။ အဆိုပါ ဆရာမအား ဩဂုတ် ၁၅ရက် နံနက် ပိုင်းတွင် မယူ မနေရ အငြိမ်းစား  (Forced to Retire) ပေးသည့် ပြန်တမ်း အမှတ်(၃၀၇)အား ပယ်ဖျက်၍ ပညာရေး ဝန်ကြီး ဌာန၊ ဝန်ကြီးရုံး ၏ (၁၇- ၈- ၁၃) ရက်စွဲပါ စာအမှတ် ၁ ပညာ၊ ၂(ယ)၊ ၂၀၁၃ (၂/၂၀၁၃) ဖြင့် အကြောင်း ကြားချက်အရ နေပြည်တော်၊ ဇမ္ဗူ သီရိမြို့နယ်၊ အမှတ်(၅) အခြေခံပညာ အထက်တန်း ကျောင်းမှ ဆရာမ ဒေါ်စိုးစိုးခိုင်အား ရာထူးမှ ထုတ်ပယ် (Removal) လိုက်သည့် ပြန်တမ်းအား အမှတ်(၂) အခြေခံပညာ ဦးစီး ဌာနမှ ညွှန်ကြားရေးမှူး(စီမံ)က လက်မှတ် ရေးထိုးကာ ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။

ယင်းနှင့် ပတ်သက်ပြီး ဆရာမ ဒေါ်စိုးစိုးခိုင်က ''ကျွန်မက ၈၈ သမိုင်း တစ်ခုဖြစ်ခဲ့တော့ ဒီပွဲကို သွားရောက် တက်ခဲ့ တာပါ။ ဒီပွဲကို တက်ခဲ့တဲ့ အတွက် ကျွန်မမှာ အပြစ် မရှိဘူး။ ကျွန်မလို တခြား ဝန်ထမ်းတွေကို ဒီလို မဖြစ် စေချင်ဘူး။ အပြစ်ပေးတာ ကလည်း ဒီလောက် မပြင်းထန် သင့်ဘူး။ ဝန်ထမ်းတွေကို ဥပဒေ အတိုင်း စဉ်းစားမယ် ဆိုရင် မိခင်ဌာန အနေနဲ့ အမှန် အတိုင်း ဖြစ်ဖို့ ဆောင်ရွက် ပေးစေ ချင်တယ်'' ဟု ပြောကြားခဲ့ သည်။

အောင်သက်ကို

From: Yangon Media Group

အင်ပါယာသတင်းစာတိုက်ပိုင်ရှင်နှင့် အလုပ်သမား ပြဿနာပြေလည်မှု မရရှိသေး

Posted by drmyochit Friday, August 23, 2013, under | No comments


ရန်ကုန်၊၂၂ သြဂုတ်။

အင်ပါယာ သတင်းစာတိုက်မှ အလုပ်ထုတ်ခံထားရသော သတင်းထောက်များအနက် အလုပ်သမားဝန်ကြီးဌာနသို့ အလုပ်ထုတ်နစ်နာကြေးတောင်းခံတိုင်ကြားထားသူ
သတင်းထောက်များက ၎င်းတို့တောင်းဆိုထားသည့် နစ်နာ ကြေးတောင်းဆိုချက်များ မရရှိသေးကြောင်း ပြောကြားသည်။

“ညှိနှိုင်းဖြန်ဖြေရေး အဖွဲ့ တာဝန်ရှိသူတွေက သတင်းမီဒီယာတွေက ဖြစ်တဲ့ပြဿနာဖြစ်နေလို့ ကိုင်တွယ် ဖြေရှင်းရမှာခက်ခဲနေတယ်၊ ဒါကြောင့် ခုံသမာဓိရုံးကို စာတင်ပြီးဆက်လက်ဆောင်ရွတ်သွားမယ်လို့ ပြောတယ်” ဟုအလုပ်ထုတ်ခံရသော သတင်းထောက်တစ်ဦးဖြစ်သူ ဦးအောင်ကိုကိုက ပြောကြားသည်။

ညှိနိုင်းဖြန်ဖြေပွဲသို့ အင်ပါယာသတင်းစာတိုင်ပိုင်ရှင် ဦးကောင်းမြင့်ထွဋ်ကိုယ်တိုင် လာရောက်ခဲ့သော်လည်း အလုပ်ထုတ်ခဲ့ခြင်း ကိုဝန်ခံမှုမရှိသည့်အပြင် ၎င်းအလုပ်ထုတ်ခဲ့သူ သတင်းထောက်များ၏ ကိုယ်ရေးကိုယ်တာ ထိခိုက်စေသည့် အချက်များကို ညှိုနှိုင်း ဖြန်ဖြေရေး အဖွဲ့ရှေ့မှောက်တွင်ပင် ပြောဆိုစော်ကားခဲ့ခြင်းကို ၎င်းတို့အနေဖြင့် များစွာစိတ်ပျက်မိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မြို့နယ်ညှိုနှိုင်း ဖြန်ဖြေရေးအဖွဲဝင် တစ်ဦးဖြစ်သူ ဦးကျော်တင့်က ၎င်း၏(၄၁)နှစ်တာ အတွေ့အကြုံအရ သတင်းမီဒီယာသမား၏ အလုပ်ရှင် အလုပ်သမားပြဿနာများ မတွေ့ကြုံခဲ့ဘူးသေးကြောင်း၊ သတင်းမီဒီယာလောက၏ပြဿနာ တစ်ခုဖြစ်နေသောကြောင့် ပိုမိုသတိထားကိုင်တွယ် ရမည်ကို နားလည်ကြောင်း၊ အဆိုပါအကြောင်းအရာကို စိတ်ဝင်စားနေသည့် နိုင်ငံရေးသမားများ၊
သတင်းမီဒီယာသမားများ ရှိနေမည်ကို နားလည်ထားကြောင်း ပြောကြားသည်။

“နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကလည်း အမှန်တရားတွေနဲ့ အကောင်းဆုံးဖြစ်အောင်လုပ်နေတယ်”ဟု ၎င်းက သတင်းမီဒီယာများ ကို ပြောကြားသည်။

အင်ပါယာ သတင်းစာတိုက်ပိုင်ရှင်ဖြစ်သူ အမျိုးသားကွန်ဂရက်ပါတီ ဥက္ကဌဦးကောင်းမြင့်ထွဋ်ကို အလုပ်သမားများ အလုပ်ထုတ်ပယ်ခြင်းနှင့် ပါတ်သတ်၍ မေးမြန်းသော်လည်း
မဖြေကြားလိုကြောင်း ပြောကြားသည်။

ပြီးခဲ့သည့် သြဂုတ် လဆန်း (၃)ရက်နေ့တွင် ဇူလိုင်လအတွက် ပုံမှန်လုပ်ခလစာတောင်းဆိုရာမှ အလုပ်ရှင်ဖြစ်သူ ဦးကောင်းမြင့်ထွဋ်မှ သတင်းထောက်(၃)ဦး၊ ဓါတ်ပုံသတင်းထောက်(၁)ဦး၊
ဘာသာပြန်(၂)ဦးတို့ကို အလုပ်မှရပ်စဲခဲ့သည်ဟု အလုပ်ထုတ်ခံရသော သတင်းထောက်များက ပြောကြားသည်။

အလုပ်ထုတ်ခံရခြင်းအတွက် အလုပ်သမားရေးရာဝန်ကြီးဌာနနှင့်၊ နိုင်ငံတော်သမ္မတ အပါအဝင် ဝန်ကြီးဌာန (၁၇)ခုတို့အား ၎င်းတို့၏ အလုပ်ခွင်အတွင်း နစ်နာမှုများကို တိုင်ကြားကြောင်းလည်း သိရသည်။

လင်းသစ်
The Myanma Age

စင်ကာပူက ကြောက်စရာ တက္ကစီကို ငှားစီးမိခြင်း

Posted by drmyochit Friday, August 23, 2013, under | No comments

အခု သြဂုတ်လကိုတော့ စင်ကာပူနိုင်ငံမှာ 'Hungry Ghost Month' လို့ တရုတ်ထုံးစံအရ ခေါ်ကြသတဲ့။ တစ္ဆေမြူးတဲ့လ လို့ ပြောရမလားဘဲ။

ဒီသြဂုတ်လရဲ့ ညတညမှာ အမျိုးသမီးက သူ့ရဲ့ မိတ်ဆွေကောင်းတယောက်လည်း ဖြစ်တဲ့ အမျိုးသား တဦးနဲ့ အတူ ကြောက်စရာ ကောင်းတဲ့ တက္ကစီတစီးကိုမှ ငှားစီးမိရက်သားဖြစ်နေတယ်ဆိုဘဲ။


ဘာတွေ ဆက်ဖြစ်ကြလဲဆိုတာ အောက်မှပါတဲ့ ဗွီဒီယိုကိုသာ ဆက်ကြည့်လိုက်ပါ။

ကြောက်စရာ ဆိုပေမယ့် ရင်ခုန်သွားရင် သင့်ကျန်းမာရေးအတွက် အကောင်းတခုခု ရလိမ့်မယ် ထင်ပါတယ်။


From: ဧရာဝတီ

အမေရိကန်မှာ Yahoo က Google ထက် အသုံးပြုသူများ

Posted by drmyochit Friday, August 23, 2013, under | No comments


Yahoo စီအီးအို Marissa Mayer အောင်ပွဲခံရမယ့်လ ဖြစ်ပါတယ်။ Google ကို ကျော်လွန်လို့ အမေရိကန် မှာ လူသုံးအများဆုံး Search Engine အဖြစ် ဇူလှိုင်လ အတွက် Yahoo မှ ထိပ်တန်း ရပ်တည်ခဲ့ပါတယ်။

အရေအတွက်အားဖြင့် Visitor ၄ သိန်း ပိုများခဲ့ပြီး Yahoo က Google ကို အနိုင်ရလိုက်ခြင်း ဖြစ်ပါတယ်။ ဒါတောင် မကြာမီက ဝယ်ခဲ့တဲ့ Tumblr နဲ့ ပေါင်းတဲ့ ရလဒ်မဟုတ်ပါဘူး။ Tumblr ရဲ့  Visitor နဲ့ပါ ပေါင်းလိုက် ရင် Yahoo ဟာ Google ထက် Visitor သိသိသာသာ များသွားမယ့် ဆိုဒ် ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ မှာပဲ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံး အတိုင်း အတာနဲ့ ယှဉ်ရင်တော့ Google ကိုမမှီသေးပါဘူး။


ကမ္ဘာ့ လူသုံးအများဆုံး Search Engine နေရာမှာတော့ Google ကပဲ တည်ရှိနေပါသေးတယ်။ တရုတ် ပြည်မှာလည်း Google ရဲ့  ပထမ နေရာက မသေချာပါဘူး။ တရုတ်ပြည်တွင်းက နာမည်ကြီး Search Engine အချို့  အောင်မြင်လာနေပြီး Google ကိုကျော်လွန်သွားနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် Yahoo ရဲ့  အမေရိကန်ပြည်တွင်း စတော့ရှယ်ယာ ဈေးနှုန်းဟာ သြဂုတ်လမှာ သိသိသာသာ မြင့်တက်လာပြီး စီးပွားရေး မြင့်တက် လာကြောင်း သိရပါတယ်။
.
Ref:mashable
Aung Kham (TSJ team)

လူမင်းနှင့် အမှုဆောင်အဖွဲ့ နုတ်ထွက်ပေးရန် ရုပ်ရှင်လောကသား ၄၀ ဆန္ဒပြမည်ဟုဆို

Posted by drmyochit Friday, August 23, 2013, under | No comments

ရန်ကုန်၊ သြဂုတ် ၂၂

ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သက်တမ်း နှစ်လကျော်သာ ရှိသေးသော ဦးလူမင်းနှင့် အမှုဆောင်အဖွဲ့ကို အနုပညာ လောကသားများ၏ အကျိုးစီးပွားနှင့် နစ်နာမှုများကို ကာကွယ် စောင့်ရှောက်မှု မပေးနိုင် သဖြင့် နုတ်ထွက်ပေးရန်အတွက် သြဂုတ်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် ရန်ကုန်မြို့ မြို့တော်ခန်းမအနီး ဧမာနွေလ ဘုရားကျောင်းရှေ့ တွင် ရုပ်ရှင် လောကသား ၄၀ ဦးက ဆန္ဒပြ တောင်းဆိုသွားမည် ဖြစ်ကြောင်း ယင်းဆန္ဒပြပွဲတွင် ပါဝင်သည့် ဆု ဗီဒီယိုထုတ်လုပ်ရေးမှ ဒေါ်စန်းစန်းမော်က The Voice သို့ ပြောကြားသည်။

ယင်းဆန္ဒပြပွဲအတွက် ကျောက်တံတားမြို့နယ် ရဲစခန်းမှ ခွင့်ပြုချက်လည်း ကျထားပြီ ဖြစ်ကြောင်း၊ ဆန္ဒပြပွဲတွင် အနုပညာ လောကမှ ထုတ်လုပ် ဖြန့်ချိ လုပ်ငန်းရှင်များ၊ စက် အဖွဲ့များ၊ ဒါရိုက်တာများနှင့် သရုပ်ဆောင်များ စသည်ဖြင့် အလွှာစုံမှ အနုပညာ လောကသား ၄၀ ဦး ပါဝင်မည် ဖြစ်ကြောင်း၊ ၎င်းက ထပ်လောင်း ပြောကြားသည်။

“အစည်းအရုံးက နာယက အဖွဲ့ဝင်တွေရော၊ ရှေ့မီနောက်မီ လူကြီးတွေ ကိုရော ကိုယ်မေးကြည့်တယ်။ ဒီလို ဖြစ်ရပ်မျိုးက မြန်မာ့ရုပ်ရှင် သမိုင်းမှာ တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဖူးဘူး။ အခု ရှိလာပြီပေါ့။ နောင်တစ်ချိန်ကျတော့ ဒီအဖြစ်အပျက်က ရုပ်ရှင် သမိုင်းမှာ စာမျက်နှာတစ်ခု ဖြစ်မှာပေါ့။ ကိုယ့်အနေနဲ့ကတော့ ထွေထွေထူးထူး ဘာမှ ပြောစရာ မရှိပါဘူး။ ဆန္ဒပြတယ် ဆိုတာကလည်း လုပ်ထုံးလုပ်နည်းအရ သက်ဆိုင်ရာရဲ့ ခွင့်ပြုချက် တောင်းခံခဲ့တယ်။ ခွင့်ပြုချက်လည်း ကျပြီးမှ ပြတာ ဆိုတော့ ဒါက နိုင်ငံသားတိုင်းရဲ့ အခွင့်အရေး တစ်ခုပါ။ အဲ့ဒီအပေါ်မှာ ကိုယ့်အနေနဲ့ သဘောတူခြင်း၊ ကန့်ကွက်ခြင်း လုံးဝ မရှိပါဘူး။ ဆန္ဒပြချင်ရင် ဆန္ဒ ဖော်ထုတ်ပါစေ” ဟု ယင်းသို့ ဆန္ဒပြ တောင်းဆိုမှု ပေါ်ပေါက် လာခြင်းနှင့် ပတ်သက်၍ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ၎င်း၏ သဘောထားကို ဖွင့်ဟသည်။

ဟာသ သရုပ်ဆောင် ငှက်ပျောကြော်ကလည်း “အထူးသဖြင့် ဒီလိုအချိန် ဘယ်သူတွေ ပြမယ်၊ ဘာကြောင့် ပြမယ်ဆိုတာ မသိပါဘူး။ ရုပ်ရှင်လောက သား အချင်းချင်း မသင့်မမြတ်ဖြစ်နေတာကို မကြိုက်ဘူး။ အလုပ် လုပ်ကြတဲ့ သူတွေဆိုတာ အမှား ရှိကြမှာပဲ။ ထစ်ခနဲရှိ အပြစ်ပေးတာမျိုး၊ တုံ့ပြန်ကြတာ မျိုး မလုပ်ကြဘဲ အသိပေးတာမျိုး၊ ညှိနှိုင်းတာမျိုး လုပ်ကြမယ်ဆိုရင် ပိုအဆင်ပြေမှာပါ” ဟု ယင်းဆန္ဒပြပွဲနှင့် ပတ်သက်၍ မှတ်ချက်ပြုသည်။

ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဟောင်း ဦးဇင်ဝိုင်းသည် ၎င်း၏ ကျန်းမာရေး အခြေအနေကြောင့် ၂၀၁၃ ခုနစ် ဇွန်လ ၇ ရက်နေ့တွင် တာဝန်မှ အနားယူ ခဲ့သဖြင့် ရုပ်ရှင် အစည်းအရုံး နာယကများ၏ ဆုံးဖြတ်ချက်အရ ဒု ဥက္ကဋ္ဌ ဦးလူမင်းက ဥက္ကဋ္ဌအဖြစ် လွှဲပြောင်း တာဝန်ယူခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်