Thursday, October 10, 2013

စိတ်ကြွဆေးတွေ ရန်ကုန် လေဆိပ်မှာ ဖမ်းမိ

Posted by drmyochit Thursday, October 10, 2013, under | No comments


အမျိုးသမီးတစ်ယောက် သယ်ဆောင်လာတဲ့ ကျပ်သိန်း ၃ဝဝဝ နီးပါး တန်ဖိုးရှိ ယာဘ စိတ်ကြွဆေးပြားတွေကို ရန်ကုန်လေဆိပ်မှာ တနင်္လာနေ့က ဖမ်းဆီး ရမိခဲ့ပါတယ်။

ထိုင်းနိုင်ငံကနေ တဆင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို သယ်ယူသွားမယ့် ဆေးပြား အရေ အတွက် ၅၄၇၂၀ ပြားကို ဖမ်းမိတာ ဖြစ်ပါတယ်။

ထိုင်းမြန်မာ နယ်စပ်ဘက်က လာတဲ့ WY ဆေးပြား အမျိုးအစား ဖြစ်တယ်လို့ မြန်မာနိုင်ငံ မူးယစ်ဗဟို နိုင်ငံတကာဌာနက ဒုတိယ ရဲမှူးကြီး ခင်မောင်ထွန်းက ပြောပါတယ်။

ရန်ကုန်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေ ရှိနေပြီး ဒီတခေါက် လေဆိပ်မှာ ဖမ်းဆီးရမိတာကတော့ အများဆုံးပဲလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အမျိုးသမီးတစ်ယောက်က မင်ခံ စက္ကူတွေနဲ့ ပတ်ထားတဲ့ စိတ်ကြွဆေးတွေကို ထိုးမုန့်ဗူးတွေထဲ ထည့်ပြီး သူ့ရဲ့ ခရီးဆောင်အိတ်ထဲမှာ သယ်ယူလာခဲ့တာလို့ ရဲမှူးကြီးက ပြောပါတယ်။

X-ray ဓာတ်ရောင်ခြည်စက်နဲ့ စစ်ဆေးစဉ် မသင်္ကာစရာ တွေ့လို့ ရှာဖွေကြည့်ရာက အခုလို တွေ့ခဲ့တာ လို့လည်း သူက ပြောပါတယ်။

အဲဒီ အမျိုးသမီးက ကယ်ရီခ ကျပ်ငွေ နှစ်သိန်းနဲ့ သယ်ဆောင်ပေးတာ ဖြစ်ပြီး သူ့ကို သယ်ခိုင်းသူ သာကေတ နော်မန် ရပ်ကွက်က ပွဲစားကိုလည်း ဖမ်းမိထားပြီလို့ ဆိုပါတယ်။

ပိုင်ရှင်ကတော့ ထိုင်းနိုင်ငံက ဖြစ်တယ် ဆိုပြီး စုံစမ်း စစ်ဆေးနေကြောင်းလည်း ရဲက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ယာဘ စိတ်ကြွဆေးပြား ၁၈ သန်းကျော် ဖမ်းဆီးရမိခဲ့ပါတယ်။

အခုနှစ်မှာတော့ ဖမ်းဆီးရရှိမှု နည်းလာတယ်၊ ဒါဟာ နယ်စပ် ကုန်သွယ်မှု လျှင်မြန်စေဖို့ နယ်စပ်နဲ့ ဆက်စပ်တဲ့ လမ်းတစ်လျှောက်မှာ စစ်ဆေးရေး ဂိတ်တွေ ဖျက်သိမ်းလိုက်တာကြောင့် ဖြစ်တယ်လို့ ရဲအရာရှိတွေက ဘီဘီစီကို ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

သားလုခန်းမှ မိခင်စိတ်ဓာတ်မွေးမြူနိုင်ပါစေ

Posted by drmyochit Thursday, October 10, 2013, under | No comments


မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ဗြဟ္မစိုရ်တရားလေးပါးသည် မြန်မာလူမျိုးတို့နှင့် စိမ်းကားလှ သည် မဟုတ်သော်လည်း လိုက်နာကျင့်ကြံမှုမရှိသည်ကတော့ အမှန်ပင်ဖြစ်သည်။ ဘာကြောင့်မလိုက်နာ လည်းဟုအကျဉ်းချုပ်ဆိုရသော်ကိုယ်ကျိုးအတ္တစီးပွားကြောင့်ပင်ဖြစ်သည်ဟုဆိုရပေမည်။

တစ်ဦးနှင့် တစ်ဦး အပြုံးနှင့် ပြောဆိုဆက်ဆံနေကြသော်လည်းစိတ်ထဲ၌တွင် ကိုယ့်အတ္တ၊ ကိုယ်အလိုဆ န္ဒ အတွက်မေတ္တာမထားနိုင်ကြသည်ကိုတွေ့မြင်နေရပေသည်။အချိန်အတိုင်းအတာအထိမင်းသားမျက်နှာဖုံးစွပ်ထား နိုင်သော်လည်း ၎င်းအချိန်ကိုကျော်လွန်ပါက ဘီးလူးရုပ်များထွက်ပေါ်လာနေကြသည်မှာ လောကသ ဘာဝ ဟုပင်ဆိုရတော့မည်ဖြစ်ပေသည်။

ယနေ့မြန်မာနိုင်ငံရေးအခြေအနေသည်လည်း မျက်နှာဖုံးများကွာကျမည့် အချိန်သို့ရောက်ရှိရန်တစ်ဖြေးြေ ဖးနီးကပ်လာလျက်ရှိပေသည်။ ဘယ်သူတွေမေတ္တာပျက်ပျက် မပျက်ပျက် ကိုယ်မပျက်ဖို့သာ အရေးကြီး ပါ သည်။ တိုင်းပြည် တကယ်တိုးတက်စေချင်လျှင် ငြိမ်းချမ်းစေချင်လျှင်၊ အမှန်တကယ်စေတနာထားလျှင် ထားနိုင်သလောက် အကျိုးပေးပြောင်းလဲလာနိုင်သည့်အခြေအနေသို့ တစ်ဖြေးဖြေးချဉ်းကပ်လာလျက်ရှိ သည် ကို တွေ့နေရပေသည်။ ပြောင်းလဲနိုင်စွမ်းရှိသည့် နိုင်ငံတော်အကြီးအကဲများ၊ တပ်မတော် ခေါင်းဆောင် များ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ အနေဖြင့် တိုင်းပြည်အ ပေါ် ဘယ်သူစေတနာမှန်သလဲဆိုတာ တွေ့မြင်ရတော့မည် ဖြစ်ပါသည်။ 

မဟော်သဓာဇာတ် ထဲမှ သားလုခန်းသည် ဘီလူးမနှင့် မိခင်ရင်းနှစ်ဦးသာ သားလုပြီး ယနေ့မြန်မာနိုင်ငံရေး သားလုခန်းသည် သမ္မတလုပ်လိုပါသည်ဟု ပြောဆိုထားသော ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးရွှေမန်းအပြင် ထုတ်ဖော်မပြော ဆိုဘဲ ယှဉ်လုမည့်သူများလည်းရှိနေမည်ဟု ယူဆပါသည်။ဒါကြောင့် သားနှင့်တူ သောပြ ည်သူတွေအနေဖြင့် သားလုခန်းတွင် သားအားနာကျင်မှာစိုး၍ စွန့်လွှတ် အနစ်နာ ခံသောမိခင်စိတ်ဓာ တ်ရှိ သည့် ခေါင်းဆောင်မျိုးတွေသာ ပေါ်ပေါက်လာဖို့အလိုရှိပါသည်။ မိခင် ယောင်ဆောင်သော ဘီလူးမလိုစိ တ်ဓာတ်မျိုးဖြင့် ငါသမ္မတဖြစ်ပြီးရောဆိုပြီး လုပ်ဆောင်လိုသူတွေများပါက သားနှင့်တူသော ပြည်သူများ နာ ကျင်ထိခိုက်ကြေကွဲခံစားရမည်မှာ အသေအချာပင် ဖြစ်ပေသည်။

ဒါကြောင့်သမ္မတဖြစ်ချင်ကြောင်းကြေငြာထားသောဦးရွှေမန်း၊ဒေါ်အောင်ဆန်းစုကြည်အပြင်သမ္မတလုပ်ချင်သူများအားသားလုခန်းတွင်မိခင်ဖြစ်သူမှသားဖြစ်သူအားနာကျင်မှာစိုး၍အနစ်နစ်ခံသည့်စိတ်ဓာတ်မျိုးဖြင့်သားနှင့်တူသည့် ပြည်သူတွေ မထိခိုက်မနစ်နာအောင် ကိုယ်ကျိုး အတ္တဆန္ဒများကို ပစ်ပယ်ပြီး စွန့်လွှတ် အနစ် နာခံသည့်စိတ်ဓာတ်များ မွေးမြူနိုင်ပါစေလို့ တိုက်တွန်းရေး သားလိုက်ရပါသည်။

ဦးသစ္စဏ

မန္တလေးမြို့ သုံးလောင်းပြိုင် လူသတ်မှု တရားခံနှစ်ဦး ဖမ်းဆီးရမိ

Posted by drmyochit Thursday, October 10, 2013, under | No comments


မန္တလေးမြို့၊ ချမ်းမြသာစည် မြို့သစ် Panasonic ကုမ္ပဏီ၏ ဂိုဒေါင်ဝင်းအတွင်း အောက်တိုဘာလ ၁ ရက်နေ့က ဖြစ်ပွားခဲ့သည့် သုံးလောင်းပြိုင်လူသတ်မှု တရားခံနှစ်ဦးဖြစ်သော မောင်သောင်းစုဇင် အသက်-၂၀ နှစ်၊ အဖ-ဦးကြံတင်၊ ဗန်းမော်နှင့် မောင်အောင်ကျော်ဟိန်း(ခ) အောင်ကျော်၊ အသက်-၁၉ နှစ် တို့ကို မန္တလေးတိုင်းဒေသကြီး မှူခင်းအကူဌာနမှ (CID ) ရဲအုပ်-မျိုးညွှန့်လွင်နှင့် မန်းရဲအုပ်-ရဲမြင့်တို့မှ (၇)ရက်အတွင်း ဖမ်းဆီးဖေါ်ထုတ်နိုင်ခဲ့တယ်လို့ မန္တလေးမြို့အမှတ်(၁၁) ရဲစခန်းမှ စုံစမ်းသိရှိရသည်။

လူသတ်မှု ကျူးလွန်သည့် မောင်သောင်းစုဇင်နှင့် မောင်အောင်ကျော်ဟိန်းတို့သည် ၀န်းယမ်း (၅၀)ကျော် ရှိသော ထို Panasonic ကုမ္ပဏီ၏ ၀န်းထမ်းများ ဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့ညက ကုမ္ပဏီ၏ မီးခံသေတ္တာဖောက်ဖို့ သွားရာ လုံခြုံရေးဝန်များဖြစ်သော (အမရပူရမြိုနယ်နေ) ဦးဟန်သောင်း၊ ဦးတင်လှိုင်၊ ဒေါ်ကြည်ကြည်ဟန်(ခ) ဒေါ်ခင်ခင်ဝင်း တို့ကိုတွေ့ပြီး သတ်ဖြတ်ရာမှ သုံးလောင်ပြိုင် လူသတ်မှု ဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။

CID ရဲအုပ်- မျိုးညွှန့်လွင်နှင့် မန်းရဲအုပ်-ရဲမြင့်တို့သည် ကုမ္ပဏီမန်နေဂျာ နှစ်ဦး၏အကူအညီဖြင့် ၀န်ထမ်း များကို မေးမြန်းစစ်ဆေးရာက အမူအရာပျက်နေသော တရားခံ ကုမ္ပဏီဝန်ထမ်းနှစ်ဦးကို သတိထားမိပြီး ထိုတရားခံနှစ်ဦး၏ လှုပ်ရှားမှုများ၊ အခင်းဖြစ်ပျက်စဉ်က လှုပ်ရှားမှု ကွင်းဆက်များနှင့် သဲလွန်စများကို စောင့်ကြည့်စစ်ဆေး စုံစမ်း မေးမြန် ရှာဖွေရာမှ အမှုကိုဖေါ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ သုံးလောင်ပြိုင် လူသတ်မှု တရားခံများဖြစ်ကြသည် မောင်သောင်းစုဇင်နှင့် မောင်အောင်ကျော်ဟိန်း တို့ကို မန္တလေးမြို့ အမှတ် (၁၁) ရဲစခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂နှင့် (ပ) ၄၉၈/၂၀၁၃ တို့ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရပါသည်။

ဦးကောလေး

by Myanmar News Now

မသေမှာစိုးလို့ ဆေးထိုးအပ်ဖြင့် နှလုံးထဲ အက်ဆစ်ထိုးသတ်ခဲ့တဲ့ ကြောက်မက်ဖွယ် ၃ လောင်းပြိုင်လူသတ်မှု ကျူးလွန်သူတွေမိပြီ

Posted by drmyochit Thursday, October 10, 2013, under | No comments


မန္တလေးမြို့၊ ဗိုလ်ချုပ်ရွာ ၆၉ လမ်းနှင့် ရွှေနှင်းဆီလမ်းထောင့်ရှိ Panasonic ဂိုဒေါင်တွင် အောက်တိုဘာ ၁ ရက်ညက ဖြစ်ပွားခဲ့သော သုံးလောင်းပြိုင် လူသတ်မှုတွင် ကျူးလွန်သူ အသက် (၁၉)နှစ်အရွယ် လူငယ်နှစ်ဦးအား ရှစ်ရက်အကြာတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၉ ရက် နံနက် ၃ နာရီ ၀န်းကျင်တွင် ကျူးလွန်သူ ယင်းကုမ္ပဏီ၏ ယာဉ်မောင်း အောင်ကျော်ဟိန်း(ခ)အောင်ကျော် အသက် (၁၉)နှစ်နှင့် ၎င်း၏ သူငယ်ချင်းဖြစ်သူ သောင်းစုဇင် အသက် (၂၀)နှစ် ၀န်းကျင်တို့က ကျူးလွန်သည်ဟု ၀န်ခံပြောကြားခဲ့ခြင်း ဖြစ်ပြီး အခင်းဖြစ်ပွားရာတွင် ကျူးလွန်သည့် သက်သေခံ ပစ္စည်းများ ထားရှိရာ နေရာများကိုလည်း ပြသခဲ့သည်။

အခင်းမဖြစ်ပွားမီ ငါးရက်ခန့် အလိုကတည်းက ယာဉ်မောင်း အောင်ကျော်ဟိန်း(ခ)အောင်ကျော်သည် ကုမ္ပဏီ၏ အပေါ်ထပ် မီးခံသေတ္တာထားရှိရာသို့ အကြောင်းမဲ့ ၀င်ထွက်မှု များပြားခြင်း၊အခင်းဖြစ်သည့် အောက်တိုဘာ ၂ ရက်က ကုမ္ပဏီပိုင်ငွေကျပ် သိန်း ၂၀၀ ခန့်အား ဘဏ်သို့ပေးအပ်ရန် မော်တော် ယာဉ်ဖြင့် သွားရောက်ရာတွင်လည်း သွားလာနေကျ မဟုတ်သည့် လမ်းမှမောင်းနှင်ခြင်း၊ အောက်တိုဘာ ၆ ရက်၊ နံနက်ပိုင်းက စစ်ကိုင်းမြို့သို့ အကြောင်းမဲ့ သွားရောက်ကာ နေမကောင်းဟု အကြောင်းပြပြီး ခွင့်တိုင်ကြားခဲ့ခြင်းစသည့် မသင်္ကာဖွယ်ရာ အချက်အလက်များ ရှိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်များက ဆက်လက်၍ စုံစမ်းရာ အခင်းဖြစ်ဂိုဒေါင်ခြံဝင်း၏ မြောက်ဘက် တစ်ကွက်ကျော်ရှိ Omega Alpha ကုမ္ပဏီတွင် တပ်ဆင်ထားသော CCTV မှတ်တမ်းများအရ အခင်းဖြစ်ပွားရာ အောက်တိုဘာ ၁ ရက် ည ၁၀ နာရီခန့်က လူနှစ်ဦး စီးနင်းလာသော မော်တော် ဆိုင်ကယ်နှင့် ပုံသဏ္ဌာန်မှာ ကျူးလွန်သူနှစ်ဦးဖြစ်သော အောင်ကျော်ဟိန်းနှင့် သောင်းစုဇင်တို့၏ ပုံသဏ္ဌာန်နှင့် ဆင်တူကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ အခင်းဖြစ်ပွားရာ နေရာရှိ ခြေဗွေရာများကို စစ်ဆေးခြင်း အားဖြင့်လည်း ဖိနပ်ရာမှာ သောင်းစုဇင်၏ ဖိနပ်ရာဟု ယူဆရခြင်းတို့ကြောင့် စစ်ဆေးမေးမြန်းရာ ယင်းကဲ့သို့ ၀န်ခံထွက်ဆိုခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ပွားရာ အောက်တိုဘာ ၁ ရက် ည ၁၀ နာရီခွဲတွင် ကျူးလွန်သူနှစ်ဦးမှ ယင်းဂိုဒေါင်သို့ လာရောက်ခဲ့ပြီး ကုမ္ပဏီ၏ ယာဉ်မောင်း အောင်ကျော်ဟိန်းမှ လုံခြုံရေး ဦးတင်လှိုင်နှင့် စကားပြောခဲ့ပြီး သောင်းစုဇင်မှ ဦးတင်လှိုင်အား ဆံပင်ဆွဲ၍ အင်္ဂတေကြမ်းပြင်နှင့် ဆောင့်ခဲ့ပြီး အုတ်ခဲကျိုးဖြင့် ထုခဲ့သည်။ ထို့နောက် ကားကြားထဲတွင် အိပ်နေသည့် ဦးဟန်သောင်းအား သောင်းစုဇင်က အုတ်ခဲကျိုးဖြင့် ထပ်မံထုရိုက်ခဲ့ပြီး အောင်ကျော်ဟိန်းမှ ဦးဟန်သောင်း၏ ပါးစပ်အတွင်းသို့ ကားသုတ်သည့် ပုဆိုးစုတ်ဖြင့် ထိုးသွင်းခဲ့သည်။ ယင်းကဲ့သို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားနေကြစဉ်အတွင်း ဒေါ်ခင်ခင်ဝင်းမှာ အိပ်နေရာမှ ထလာသဖြင့် အောင်ကျော်ဟိန်းက ဆံပင်ဆွဲကာ တိုင်ဖြင့်ရိုက်ဆောင့်ခဲ့သည်။ ထို့ပြင် ရိုက်ခံရသူသုံးဦးမှာ လှုပ်ရှားမှု မရှိတော့သော်လည်း မသေမည်စိုးရိမ်သဖြင့် ၎င်းတို့နှစ်ဦးမှာ အသင့်ပါလာသော ဆိုင်ကယ် တူးဘောက်အတွင်းမှ ဆေးထိုးအပ်များတွင် ကားတစ်စီးမှ အက်စစ်များကို ထုတ်ယူ၍ ၎င်းတို့သုံးဦး၏ နှလုံးရှိရာ ၀ဲဘက်ရင်အုံအတွင်းသို့ ထိုးသွင်းခဲ့ပြီး ကုမ္ပဏီအပေါ်ထပ် မီးခံသေတ္တာထားရှိရာ အခန်းအတွင်းသို့ ၀င်ရောက် ဖောက်ထွင်းရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ၀န်ခံ ထွက်ဆိုခဲ့သည်။

ထို့ပြင် အခင်းဖြစ်ပွားရာတွင် အသုံးပြုခဲ့သည့် ဆေးထိုးအပ်၊ သွေးစွန်းနေသော လက်အိတ်အဖြူ သုံးခု၊ ခရီးဆောင်အိတ် တစ်လုံး၊ ခွရှင်၊ ၀က်အူလှည့်နှင့် အခြားပစ္စည်းများကို လွှင့်ပစ်ခဲ့ရာ နေရာများကိုလည်း လိုက်လံ ပြသခဲ့သည်။ ''ကုမ္ပဏီဝန်ထမ်းဖြစ်တဲ့ ကျူးလွန်သူ အောင်ကျော်ဟိန်းက အိမ်လခ ပေးရတော့ မှာရယ်၊ သူ့အမျိုးသမီး အဝေးသင်တက္ကသိုလ် တက်ဖို့ရယ်၊ ဆေးဆိုင်ဖွင့်ဖို့ အရင်းနီး မရှိတာကြောင့် ကြံမိကြံရာ ခုလိုပူးပေါင်း လုပ်ဆောင်တယ်လို့ ထွက်ဆိုထားပါတယ်။ အခင်းဖြစ်ပွားစဉ် နေရာမှာတွေ့ရတဲ့ သဲလွန်စရယ် ကျူးလွန်သွားတဲ့ အနေအထားတွေဟာ ကျွမ်းကျင်မှုမရှိဘဲ လုပ်ထားတာတွေ၊ ဓာတ်သိဖြစ်နိုင်တဲ့ ကွင်းဆက်တွေကတစ်ဆင့် ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်'' ဟု တိုင်းမှုခင်း အကူဌာနစု တာဝန်ခံ ရဲအုပ်ရဲမြင့်က ဖြစ်စဉ်နှင့်ပတ်သက်၍ ပြောကြားခဲ့သည်။
By Eleven

မြန်မာငွေ သိန်း ၄၀ ကျော်တန် ရွှေအစစ်နဲ့ လုပ်ထားသော HTC One ဖုန်းရောင်းနေပြီ

Posted by drmyochit Thursday, October 10, 2013, under | No comments


ရွှေအစစ်နဲ့ ပြုလုပ်ထားတဲ့ HTC One ဖုန်းကို တကယ် ထုတ်လုပ် ရောင်း ချနေ ပါပြီ။ ဗြိတိန်နိုင်ငံက ဇိမ်ခံပစ္စည်း အလှဆင် ကုမ္မဏီ တစ်ခုနဲ့ ပါတနာ ဖွဲ့ပြီး HTC One တွေကို ရွှေဖုန်း ဖြစ်အောင် ဖန်တီးလိုက်ခြင်းပါ။ 

ဗြိတိန်ပေါင် ၂၇၅၀ ကန်ကျပြီး အမေရိကန်ဒေါ်လာနဲ့ တွက်ရင် ၄၃၈၃ ကျော် ကုန်ကျမှာ ဖြစ်ပါတယ်။ ဒီတော့ မြန်မာပြည်ကနေ မှာယူချင်ရင် ၄၅ သိန်းတော့ ရှိနေဖို့ လိုပါလိမ့်မယ်။ ၁၈ ကာရပ်အဆင့်ရှိတဲ့ တကယ့် ရွှေ အစစ်ကို အသုံးပြုလို့ အပြင် အခွံကို ပြောင်းလဲထားခြင်း ဖြစ်ပါတယ်။ အတွင်းက နည်းပညာနဲ့ ပစ္စည်းများကတော့ ပြောင်းလဲခြင်း မရှိပါဘူး။ ဒါကိုမှ ဈေးကြီးသေးတယ်ဆိုရင် HTC က ပေးတဲ့ နောက်ထပ် Option တစ်ု ရှိပါသေးတယ်။ လက်ရှိ ကိုင်နေတဲ့ HTC One ကိုပဲရွှေအလွှာ ဖုံးပေးခြင်း ဖြစ် ပါတယ်။ 24ct gold ပမာဏနဲ့ ဖြစ်ပါတယ်။ ဒီတော့ ကုန်ကျ စရိတ်က ဗြိတိန်ပေါင် ၉၈၇ ပါ။ အမေရိကန်ဒေါ်လာနဲ့ တွက်တော့ ၁၅၇၃ ဒေါ်လာ အထပ် ဖြစ်ပါတယ်။ မြန်မာငွေနဲ့တွက်တော့ ၁၃ သိန်းလောက်တော့ အောက်ထစ် ရှိပါတယ်။ ဖုန်း တန်ဖိုးနဲ့ပါ တွက်မယ်ဆိုရင် စုစုပေါင်း သိန်း ၂၀ ရှိရင်လည်း ရွှေအလွှာ အစစ်ဖုန်းထားတဲ့ HTC One ကို ပိုင်ဆိုင်နိုင်ပါသေးတယ်။

ဒီအတွက် HTC ကနေ အော်ဒါမှာယူသူများ အတွက် ပြုလုပ် ပေးသွား မှာ ဖြစ်ကြောင်း သိရပါတယ။်
.
Ref: pocketlint
By Aung Kham ( K & N Mobile and Online Store )

ဇေကမ္ဘာဦးခင်ရွှေ ကျေးဇူးကြောင့် မလေးရှားမှ မြန်မာများ နေရပ်ပြန်နိုင်တော့မည်

Posted by drmyochit Thursday, October 10, 2013, under | No comments


နေရပ်သို့ ပြန်ရန် အခက်အခဲဖြစ်နေသော မလေးရှား ပြန်လုပ်သား ( ၄၁ )ဦးကို အမျိုးသားလွှတ်တော် ကယ်ဆယ်ရေးနှင့် ဒုက္ခသည် ကူညီထောက်ပံ့ရေး ကော်မတီမှ ဒေါက်တာ ခင်ရွှေက သူ၏ ကိုယ်ပိုင် ငွေကြေးဖြင့် စားရိတ်ငြိမ်း ကူညီဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

"အဆိုပါလုပ်သား ( ၄၁ )ဦးကို နေရပ်သို့ ပြန်လည်ပို့ဆောင်ရန်အတွက် ၈၈ မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်း နှင့်ပူးပေါင်း၍ လိုအပ်သည့်ငွေကြေး အထောက်အပံ့များ ပေးသွားမည်ဖြစ်သည်။

နေရပ်သို့ပြန်ရန်အခက်အခဲ ဖြစ်နေသူ ( ၄၆ )ဦး တွင် ၃ ဦးမှာ ရန်ကုန်တိုင်းဒေသကြီးမှ ဖြစ်ပြီး ၊ ၂ ဦးမှာ ၄င်းတို့ အစီအစဉ်ဖြင့် ထွက်ခွာသွားခြင်းဖြစ်ပြီး ကျန် ( ၄၁ )ဦးမှာ မန္တလေးတိုင်းဒေသကြီး ၊ ရှမ်းပြည်နယ် ၊ ကချင်ပြည်နယ် ၊ မွန်ပြည်နယ် နှင့် ရခိုင်ပြည်နယ်မှ တိုင်းရင်းသားများ ဖြစ်ကြောင်း ၈၈ မျိုးဆက်ငြိမ်း ချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း မှ မမာမာဦးကပြောသည်။

"သူတို့တွေ ရဲ့လုံခြုံရေးက ရှိသေးတော့ ပြည်ထဲရေး ဌာနကိုတော့ စာတွေပို့ထားပြီးပြီ တချို့က မှတ်ပုံတင်လည်း မရှိတော့ အခက်အခဲရှိတာပေါ့ အားလုံး အဆင်ပြေအောင်ဆောင်ရွက် သွားမယ်" ဟု ၄င်းကဆက်ပြောသည်။

အဆိုပါ လုပ်သား ( ၄၁ )ဦးအား နေရပ်သို့မပြန်မီ နေထိုင်ရန်အတွက် သင်္ဃန်းကျွန်းမြို့နယ် အလိုတော်ပြည့်ကျောင်းတိုက်တွင် ထားရှိသွားမည်ဖြစ်သည်။

အလိုအလျောက်ငွေထုတ်ယူစက်(ATM) ၂၆ လုံးတွင် ဗုံးထောင်ထားရာ ၁၃ လုံးကွဲ၍ လူ သေဆုံးမှုများဖြစ်ပေါ်

Posted by drmyochit Thursday, October 10, 2013, under | No comments


ဘန်ကောက် ၊ ၁၀-၁၀-၂၀၁၃

ထိုင်းနိုင်ငံ တောင်ပိုင်း ပြည်နယ် ၄ ခုရှိ အလိုအလျောက် ငွေထုတ်ယူစက် ( ATM ) ၂၆ လုံးတွင် ဗုံးများ ထောင်ထား သည်ကို အောက်တိုဘာ ၉ ရက် နံနက်ပိုင်း တွင်တွေ့ရှိ ခဲ့ကြောင်း ၊ အများစုမှာ ပေါက်ကွဲ ခဲ့ကြောင်း ၊ ကျောင်းဆရာ တစ်ဦး သေဆုံးခဲ့ပြီး ကျောင်းတစ်ကျောင်း မီးရှို့ခံခဲ့ ရကြောင်းနှင့် စစ်သည်များ တိုက်ခိုက်ခံ ခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြား ခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းတစ်ရပ် အရ သိရသည်။

ယာလာပြည်နယ် ၏ Muang ခရိုင်ရှိ ATM စက် ၆ လုံး ၊ Yaha ခရိုင်တွင် ၄ လုံး ၊ Bannang Sata ခရိုင်တွင် ၁ လုံးနှင့် Khok Pho ခရိုင်တွင် ၂ လုံး ပေါက်ကွဲခဲ့ပြီး ထိခိုက် ဒဏ်ရာ ရရှိမှု မရှိကြောင်း ယာလာပြည်နယ် ရဲတပ်ဖွဲ့ ရေဒီယိုက ထုတ်ပြန် ကြေညာ ခဲ့သော်လည်း Muang ခရိုင်နှင့် Khok Pho ခရိုင် တို့တွင် ဖြစ်ပွား ခဲ့သော ဗုံးပေါက်ကွဲ မှုကြောင့် ၃ ဦး ဒဏ်ရာရရှိ ကြောင်း ရဲဗိုလ်မှူးကြီး Pho Suaysuwan က ပြောကြား ခဲ့သည်ဟု သိရသည်။

ကျောင်းတစ်ကျောင်း အနီးရှိ ATM စက်နှင့် စားသောက်ဆိုင် တစ်ဆိုင် အနီးတွင်လည်း ဗုံး ၂ လုံးတွေ့ရှိ ခဲ့ရာ မပေါက်ကွဲမီ ဖြုတ်သိမ်း နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ပတ္တနီပြည်နယ် ငါးဖမ်း စက်လှေ တစ်စီးသည်လည်း လက်ပစ်ဗုံးဖြင့် ပစ်ခတ်ဖျက်ဆီး ခံခဲ့ရကြောင်း ၊ Sai Buri ခရိုင်တွင်လည်း ကျောင်းဆရာ တစ်ဦးသည် သူပုန်များ၏ ပစ်ခတ် သတ်ဖြတ် ခံခဲ့ရပြီး ကျောင်းဆောင် ၃ ဆောင်အား မီးရှို့ ခံခဲ့ရကြောင်း ၊ အဝေးထိန်း စနစ်ဖြင့် ထိန်းချုပ် ဖောက်ခွဲသော လမ်းဘေးထောင် ဗုံးတစ်လုံး ပေါက်ကွဲ မှုကြောင့် စစ်ဘက် တပ်ဖွဲ့ဝင် အများအပြား ဒဏ်ရာ ရရှိခဲ့ပြီး မော်တော်ယာဉ်မှာ ပျက်စီး သွားခဲ့ကြောင်း သိရသည်။

ထို့အပြင် နာရာသီဝပ် ပြည်နယ်ရှိ ATM စက် ၄ လုံးနှင့် ဆောင်ခလာ ပြည်နယ်ရှိ ခရိုင် ၃ ခုတို့တွင်လည်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း၊ သို့ရာတွင် ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။
By Myawady Daily

ယာဉ်ထိန်းရဲနှင့် ဆယ်အိမ်မှူးအား ပုဆိုးချွတ်ပြပြီး ဆဲဆိုထိုးကြိတ်ခဲ့သည့် ယာဉ်မောင်းအား အမှုဖွင့်

Posted by drmyochit Thursday, October 10, 2013, under | No comments


အင်းစိန်မြို့နယ်တွင် မော်တော်ယာဉ် စစ်ဆေးရေးပြုလုပ်နေသော ယာဉ်ထိန်းရဲ နှင့် ဆယ်အိမ်မှူးတို့ကို ပုဆိုးချွတ်ပြပြီး ၀င်ရောက်ထိုးကြိတ်ခဲ့သည့် တက္ကစီယာဉ်မောင်းတစ်ဦးကို အောက်တိုဘာ ၉ ရက်တွင် ရဲက ဖမ်းဆီး စစ်ဆေးနေသည်။

အောက်တိုဘာ ၈ ရက်နေ့ ည ၁၁နာ ရီခွဲအချိန်က အင်းစိန်ရဲစခန်းမှ ဒု-ရဲအုပ်လှ အောင်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်း လမ်းဆုံတွင် ယာဉ်စစ်ဆေးရေး လုပ်ကိုင် ဆောင်ရွက်နေစဉ် နေရာနှင့် ကိုက်(၁၀၀) ခန့်အကွာ ရန်ကုန်-ပြည်လမ်း လမ်းလယ်တွင် ယာဉ်အမှတ် ၉ဂ/----၊ ယာဉ်အမျိုးအစား စိစစ်ဆဲယာဉ်နှင့် ဗဗ/---- အငှားယာဉ် မောင်းတို့ ယာဉ်ချင်းငြိသည့် ကိစ္စနှင့်စကားများ ရန်ဖြစ်နေသည်ကို တွေ့ခဲ့ကြသည်။

ထို့ကြောင့် ယာဉ်ထိန်းရဲများက သွားရောက်ဖြေရှင်းပြီး ယာဉ်အား လမ်းဘေးပြောင်းရွှေ့ပေးရန် ပြောခဲ့ရာ အငှားယာဉ်မောင်းက ညစ်ညမ်းစွဲဆဲဆိုပြီး ပုဆိုးချွတ်၍ မဖွယ်မရာ လုပ်ပြသည့်အပြင် ယာဉ်ထိန်းရဲနှင့် ရွာမ အနောက်ရပ်ကွက် ဆယ်အိမ်မှူးတို့အား ဆဲဆိုထိုးကြိတ်ခဲ့သည်ဟုလည်း တိုင်ကြားထားသည်။

ယာဉ်ထိန်းရဲတွင် မျက်နှာဝဲဘက်ဖူးရောင် ဒဏ်ရာနှင့် ဆယ်အိမ်မှူးတွင် ရင်ဘတ် နာကျင်ဒဏ်ရာ အသီးသီး ရရှိခဲ့သည်ဟုလည်း ဆိုထားသည်။

ယင်းကြောင့် ဒု-ရဲအုပ် လှအောင်က တရားလိုပြုလုပ်ပြီး စွပ်စွဲတိုင် တန်းထားမှုကို အမှုဖွင့်ပြီး တိုင်တန်း ခံရသူအား ဖမ်းဆီး စစ်ဆေးနေကာ ပြစ်မှုထင်ရှားပါက ဆဲဆို ၀တ်္တရားနှောင့်ယှက်မှု၊ နာကျင်စေမှု ပုဒ်မ ၂၉၄/၃၃၂တို့ဖြင့် တရားစွဲတင်မည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
By Mizzima

EU Sakharov ဆုကို ဒေါ်စုကိုတိုင် သွားရောက်လက်ခံမယ်

Posted by drmyochit Thursday, October 10, 2013, under | No comments


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ​NLD ​ခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည်ဟာ ​၁၉၉၀ ​ပြည့်နှစ်တုန်းက ​ရရှိခဲ့တဲ့ ​EU ​Sakharov ​လူ့အခွင့်အရေးဆုကို ​ဥရောပပါလီမာန်မှာ ​ကိုယ်တိုင်သွားရောက် ​လက်ခံရယူတော့ မယ်လို့ ​သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ်က ဗြိတိန်ပါလီမန်အတွင်း ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ် 

ဒေါ်အောင်ဆန်းစုကြည်က ​ဥရောပနိုင်ငံကိုသွားပြီး ​အောက်တိုဘာလ ​၂၂ ​ရက်နေ့မှာ ​အဲဒီဆုကို ​လက်ခံမှာဖြစ်တယ်လို့ ​ဥရောပလွှတ်တော်က ​ထုတ်ဖော်ပြောဆိုထားပါတယ်။

၁၉၉၀ ​ပြည့်နှစ် ​ရွှေးကောက်ပွဲတုန်းက ​NLD ​ပါတီအနိုင်ရခဲ့တာကို ​မြန်မာစစ်အစိုးရက ​အသိအမှတ်မပြုခဲ့ပဲ ​ဒေါ်အောင်ဆန်းစုကြည် ​ထိန်းသိမ်းခံခဲ့ရတဲ့ ​အတွက် ​ပေးခဲ့တဲ့ ​ဆုဖြစ်ပါတယ်။

ဒီလူ့အခွင့်အရေးဆုအတွက် ​ယူရိုငွေ ​၅၀၀၀၀၊ ​အမေရိကန်ဒေါ်လာ ​၆၅၀၀၀ ​လောက်ရရှိမှာဖြစ်ပြီး ​အရင်တုန်းက ​အဲဒီဆုကို ​တောင်အာဖရိကနိုင်ငံ ​ခေါင်းဆောင်ဟောင်း ​နယ်လ်ဆင်မန်ဒဲလားနဲ့ ​ကုလသမဂ္ဂ အထွေထွေ ​အတွင်းရေးမှူးချုပ်ဟောင်း ​ကိုဖီအာနန်တို့ ​ရရှိခဲ့ပါတယ်။

ဒီနှစ် ​EU ​Sakharov ​ဆုအတွက် ​စကာတင်ရွေးချယ်ခံရသူတွေထဲမှာ ​အမေရိကန်နိုင်ငံ ​ထောက်လှမ်းရေး အမှုထမ်းဟောင်း ​Edward ​Snowden၊ ​ပါကစ္စတန်နိုင်ငံက ​ပညာရေးအခွင့်အရေးဆိုင်ရာ ​လှုပ်ရှားသူ ​Malala ​Yousafzai ​နဲ့ ​Belarus ​နိုင်ငံက ​ထောင်ဒဏ်ကျခံနေရတဲ့ ​လှုပ်ရှားသူ ​သုံးဦးတို့ ​ပါဝင်ပါတယ်။

ABC Radio Australia

တရုတ်-အာဆီယံ ဆက်ဆံရေးတိုးမြှင့်မှုကို မြန်မာက အကောင်အထည်ဖော်ပေးနိုင်မည်ဟု တရုတ် မျှော်လင့်

Posted by drmyochit Thursday, October 10, 2013, under | No comments


မြန်မာသမ္မတနှင့် တရုတ်ဝန်ကြီးချုပ်တို့ သီးခြားတွေ့ဆုံစဉ်

၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်အား မြန်မာနိုင်ငံက ရယူထားချိန်တွင် တရုတ်- အာဆီယံ ဆက်ဆံရေး တိုးမြှင့်မှုကို မြန်မာနိုင်ငံက အကောင်အထည်ဖော်ပေးမည်ဟု မျှော်လင့်ကြောင်း တရုတ်ဝန်ကြီးချုပ် လီခကျန်းက မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံချိန်တွင် ပြောကြားလိုက်ကြောင်း သိရသည်။

တရုတ်ဝန်ကြီးချုပ်နှင့် မြန်မာသမ္မတတို့သည် အောက်တိုဘာ ၉ ရက်က (၂၃) ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲ ကျင်းပရာ ဘရူနိုင်းနိုင်ငံ၌ တွေ့ဆုံခဲ့သည်။ သမ္မတ ဦးသိန်းစိန်နှင့် တရုတ်ဝန်ကြီးချုပ်တို့သည် ပြီးခဲ့သည့်လအတွင်းက တရုတ်နိုင်ငံ၌ ပြုလုပ်ခဲ့သော နန်နင်းကုန်စည်ပြပွဲတွင် တစ်ကြိမ်တွေ့ဆုံခဲ့ပြီး ယခုတွေ့ဆုံမှုသည် ဒုတိယအကြိမ် တွေ့ဆုံမှုဖြစ်ပါသည်။ ထို့အပြင် အမေရိကန်နိုင် ငံခြားရေး ၀န်ကြီးနှင့် တွေ့ဆုံရန် ညှိနှိုင်းနေစဉ်ကာလအတွင်း တွေ့ဆုံခဲ့ခြင်းလည်း ဖြစ်သည်။

''တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုနဲ့ လွတ်လပ်မှုကို ပိုပြီးတော့ အရင်တုန်းက လိုပဲ အသိအမှတ်ပြုတယ်။ မြန်မာနိုင်ငံနဲ့ သင့်တော်တဲ့စနစ်အပေါ် မူတည်ပြီးတော့ မြန်မာနိုင်ငံက နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်တာကို သူတို့ထောက်ခံမယ်။ နှစ်နိုင်ငံ ခေါင်းဆောင်တွေ အကြား အပြန်အလှန် လည်ပတ်နိုင်တာတွေကို ဆွေးနွေးတယ်''ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က တရုတ်ဝန်ကြီးချုပ်နှင့် သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံမှုအပြီးတွင် ပြောကြားသည်။

''နောက်တစ်ခါ မြန်မာနိုင်ငံက အာဆီယံ ဥက္ကဋ္ဌရာထူး လက်ခံတဲ့အချိန်မှာ တရုတ်နဲ့ အာဆီယံဆက်ဆံရေး ပိုပြီးတော့ တိုးမြှင့်နိုင်ဖို့အတွက် မြန်မာနိုင်ငံအနေနဲ့ အကောင်အထည် ဖော်ပေးနိုင်လိမ့်မယ်လို့ တရုတ် ဘက်က မျှော်လင့်တဲ့အကြောင်း ပြောပါတယ်''ဟု ဦးရဲထွဋ်က ဆက်လက် ပြောကြားသည်။

မြန်မာသမ္မတနှင့် တရုတ်ဝန်ကြီးချုပ်တို့သည် (၁၆)ကြိမ်မြောက် တရုတ်-အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ အပြီးတွင် အချိန် ၁၅ မိနစ်ကြာ သီးခြား တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

အာဆီယံထိပ်သီးအစည်းအဝေးပွဲ နှင့် အာဆီယံ ဥက္ကဌလက်ခံမည့် သမ္မတကြီး ဦးသိန်းစိန် ဓာတ်ပုံများ (ဓာတ်ပုံ - ၇ ပုံ)

Posted by drmyochit Thursday, October 10, 2013, under | No comments

အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခံရမည့် မြန်မာနိုင်ငံ သမ္မတကြီး ဦးသိန်းစိန် နှင့် ၂၃ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲ ဓာတ်ပုံများ














ခေတ်မမှီတော့သဖြင့် ရန်ကုန်မြို့လယ်ကို ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် စောင့်ကြည့်စာရင်းတွင် ထည့်သွင်း

Posted by drmyochit Thursday, October 10, 2013, under | No comments


ရန်ကုန်မြို့လယ်ဧရိယာကို ယဉ်ကျေးမှု အမွေအနှစ်နေရာတခုအဖြစ် စောင့်ကြည့်စာရင်းမှာ ထည့်သွင်း လိုက်တယ်လို့ အမေရိကန်နိုင်ငံအခြေစိုက် World Monument Fund က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ 

ကမ္ဘာ့သမိုင်းဝင် အဆောက်အဦတွေ ထိန်းသိမ်းစောင့်ရှောက်ရေးရန်ပုံငွေအဖွဲ့က အောက်တိုဘာ ၈ ရက်မှာ ကြေညာချက်ထုတ်ပြန်လိုက်တာဖြစ်ပြီး ရန်ကုန်မြို့လယ် မြို့နယ် ၇ ခုက သမိုင်းဝင်အဆောက်အဦ ၉၀လောက် စောင့်ကြည့်မယ့်စာရင်းမှာ ပါဝင်ပါတယ်။ 

အခုလို ကြေညာလိုက်တဲ့အတွက် ရန်ကုန်ကို ကမ္ဘာကပိုပြီး သိသွားမယ်လို့ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့၊ Yangon Heritage Trust က အကြီးတန်း ဆက်သွယ်ရေးအရာရှိ ဒေါ်ရွှေယင်းမာဦးက ပြောပါတယ်။

“ကမ္ဘာက ပိုပြီးသိသွားမှာပေါ့။ ဒီနေရာမှာ သမိုင်းအမွေအနှစ်တွေ ရှိသေးတယ်။ ဒီအမွေအနှစ်တွေကို ကာကွယ်ဖို့ လိုအပ်နေတယ်။ ကာကွယ်ရုံတင်မဟုတ်ဘဲ စီးပွားရေး အရင်းအမြစ်တခုအနေနဲ့ ဒီကနေ ဘယ်လိုစီးပွားရေးလုပ်ငန်းတွေ လုပ်နိုင်မယ်၊ ရှာဖွေလို့ ရနိုင်သေးတယ်ဆိုတာကို ကမ္ဘာ ပိုသိသွားနိုင်မယ်။ ကမ္ဘာရဲ့ အာရုံစိုက်မှုကိုလည်း ပိုရလာမှာပါ။ လက်ရှိကတော့ စောင့်ကြည့်တဲ့အပိုင်းပဲ ရှိပါသေးတယ်။ နောက်ပိုင်းမှာ နည်းပညာပိုင်းဆိုင်ရာတွေ လိုအပ်ရင် သူတို့ဘက်က ကူညီနိုင်တာတွေ ရှိပါတယ်။”

ရန်ကုန်မြိုမှာ သမိုင်းဝင်အမွေအနှစ်အဆောက်အဦးပေါင်း ၁၈၉ လုံးရှိပြီး၊ မြို့လယ် ၇ မြို့နယ်ဖြစ်တဲ့ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ လသာ၊ ပန်းဘဲတန်း၊ လမ်းမတော်၊ ကျောက်တံတားနဲ့ ဆိပ်ကမ်းမြို့နယ်တို့ အတွင်းမှာ သမိုင်းဝင်အဆောက်အဦ ၈၉ လုံး တည်ရှိနေပါတယ်။

ရန်ကုန်မြို့လယ်ဧရိယာအတွင်း ထင်ရှားတဲ့ ရှေးဟောင်းအမွေအနှစ်အဆောက်အဦတွေထဲ ၀န်ကြီးများရုံး၊ တရားရုံးချုပ်၊ ရန်ကုန်မြို့တော်ခန်းမတို့ကို လူသိများပါတယ်။ ဒီအထဲက တချို့ အဆောက်အဦတွေကို အစိုးရက လုပ်ငန်းရှင်တွေကို ဟိုတယ်နဲ့ တခြား စီးပွားရေးလုပ်ငန်းတွေ လုပ်ငန်းတွေ လုပ်ခွင့်ပေးခဲ့တဲ့အတွက် ရန်ကုန်မှာ ကန့်ကွက်ဆန္ဒပြမှုတွေလည်း ဖြစ်ပွဲခဲ့ဖူးပါ တယ်။

ရန်ကုန်က သမိုင်းဝင်အဆောက်အဦတွေ ထိန်းသိမ်းစောင့်ရှောက်ဖို့ဆိုရာမှာ ဒီအဆောက်အဦတွေကို ပြည်သူတွေ တန်ဖိုးထားတတ်အောင် မီဒီယာတွေက ပညာပေးဖို့လိုမယ်လို့ ရန်ကုန်မြို့လယ်မှာနေတဲ့ စာရေးဆရာ ချစ်ဦးညိုက ပြောပါတယ်။

“ဥပမာ ကျနော်တို့ တရားရုံးချုပ်ကြီးနား ကပ်သွားနေတယ်။ အတွင်းဝန်ရုံးနား ကျနော်တို့ လှည့်သွားနေကြတယ်။ အဲဒါတွေဟာ သမိုင်းကြောင်း ကောင်းကောင်းရှိတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရတယ်ဆိုတာနဲ့တဲ့ ဒီအတွင်းဝန်ရုံးကြီးက သမိုင်းတန်ဖိုးအတော် ကြီးနေပြီ။ အဲဒါတွေကို သိဖို့အတွက် မီဒီယာတွေက စာပေတွေနဲ့ရော၊ သက်ဆိုင်ရာ ပညာရှင်များအနေနဲ့ရော ပြည်သူလူထုအများစု သိဖို့အတွက် လွယ်ကူတဲ့ ဝေါဟာရနဲ့ ပြည်သူတွေ ဒိုင်းခနဲ၊ ဒိုင်းခနဲ သိသွားအောင် နည်းသစ်၊ လမ်းသစ်တွေနဲ့ counselling (လမ်းညွှန်မှု) ပေးသင့်တယ်လို့ ထင်ပါတယ်။”

အစိုးရအနေနဲ့ ယဉ်ကျေးမှုအမွေ ရှေးဟောင်းအဆောက်အဦးတွေကို စီးပွားရေးတခုထဲ အတွက်ကြည့်ပြီး အလွယ်တကူ ရောင်းချတာမျိုး လုပ်ဖို့ မသင့်ဖူးလို့လည်း ဆရာချစ်ဦးညိုက ပြောပါတယ်။

ရန်ကုန်မြို့ဟာ ၁၉ ရာစုနဲ့ ၂၀ ရာစု အစောပိုင်း ကိုလိုနီခေတ် ဗိသုကာ လက်ရာတွေကို အရှေ့တောင်အာရှ ဒေသမှာ အများဆုံး စုဝေးတွေ့နိုင်တဲ့ နေရာဖြစ်တယ်လို့လည်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရန်ကုန်မြို့လယ်ကို စောင့်ကြည့်ဧရိယာအဖြစ် သတ်မှတ်ခဲ့တဲ့ အမေရိကန်က World Moument Fund အဖွဲ့ဟာ ၁၉၉၆ ခုနှစ်ကတည်းက ၂ နှစ်တကြိမ် စောင့်ကြည့်စာရင်း ထုတ်ပြန်ခဲ့တာဖြစ်ပြီး၊ လက်နက်ပိုင်ပဋိပက္ခတွေ၊ သဘာဝဘေးဒဏ် ခံနေရတဲ့နေရာတွေ၊ ဥပေက္ခာပြုခံထားရတဲ့ ကမ္ဘာအနှံ့က ယဉ်ကျေးမှု အမွေအနှစ်နေရာတွေ ပါဝင်ပါတယ်။

ဖြူး စာတိုက်ရုံးရှေ့ ခရီးသည်တင် ယာဉ်ပေါ်တွင် လက်လုပ်ဗုံးတွေ့

Posted by drmyochit Thursday, October 10, 2013, under | No comments


တောင်ငူခရိုင် ဖြူးမြို့နယ် ဆက်သွယ်ရေးလုပ်ငန်း စာတိုက်ရုံးရှေ့ ရန်ကုန်- မန္တလေးလမ်းဟောင်း မိုင်တိုင် အမှတ် ၁၄၂/၆ တွင် အောက်တိုဘာလ ၉ ရက် နံနက် ၉ နာရီခန့်က ရပ်ထားသော လိုက်ထရပ် အဖြူရောင် ခရီးသည်ယာဉ်ပေါ်မှ ပလတ်စတစ်အိတ်တွင်း ထည့်ထားသော လက်လုပ်ဗုံး တစ်လုံးကို တွေ့ရှိခဲ့ကြောင်း အဆိုပါမြို့ ဒေသခံတစ်ဦးက ပြောကြားသည်။

ညောင်လေးပင်မြို့မှ ထွက်ခွာလာသော ညောင်လေးပင် -တောင်ငူ ပြေးဆွဲသည့် လိုက်ထရပ်ယာဉ်ပေါ်မှ ယာဉ်နောက်လိုက် ဦးချစ်ကိုက ယာဉ်၏ ဘယ်ဘက်ခြမ်း ထိုင်ခုံတန်းအောက်တွင် ပလတ်စတစ်အိတ် အဝါ ရောင်အတွင်း အမည်းရောင် ပလတ်စတစ်ဖြင့် ထည့်ထားသော သွားတိုက်ဆေးဘူး၊ သွားတိုက်တံ နှစ်ချော င်းနှင့် အစိမ်းရောင်တိပ်ဖြင့် ပတ်လျက် နှစ်လက်မခန့်ရှိသော အထုပ်တစ်ထုပ် တွေ့ရှိသဖြင့် မသင်္ကာ သော ကြောင့် အထုပ်ကို ဖြေကြည့်ရာတွင် နာရီစက်သံ ကြားရသဖြင့် အဆိုပါ လမ်းအနီးရှိ ဖြူး မြို့မရဲစခန်း တာ ဝန်ရှိသူများကို ယာဉ်နောက်လိုက်က အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။

“၁၀ နာရီ ၃၀ မိနစ်လောက်မှ ဆက်သွယ်ရေးရုံးရှေ့ ခရီးသည်တင်ယာဉ်ပေါ်မှာ ဗုံးတွေ့လို့ ဆိုပြီး လူတွေ တအုပ်ကြီး သွားကြည့်ကြတယ်။ ရဲတပ်ဖွဲ့တွေ ရောက်လာပြီး ဗုံးကို သဲအိတ်တွေနဲ့ ကာနေတာတွေ့တယ်” ဟု ဖြူးမြို့နယ် ထန်းကုန်းလမ်းပေါ်ရှိ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။

တောင်ငူမြို့နယ် အမှတ် ၉၁၁ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းမှ တာဝန်ရှိသူများက ညနေ ၄ နာရီတွင် လာရောက် စမ်းသပ် စစ်ဆေးပြီးနောက် လက်လုပ်ဗုံးအဖြစ် အတည်ပြုပေးခဲ့ကာ အများပြည်သူကို ထိခို က်နိုင်သောကြောင့် ဖြူးမြို့နယ် နယ်မြေခံတပ်ရင်းသို့ ယူဆောင်ကာ ရှင်းလင်းမည် ဖြစ်ကြောင်း အဆိုပါ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းမှ တပ်ကြပ်ကြီးတစ်ဦးက ပြောကြားသည်။

“လက်လုပ်ဗုံးဆိုတာ သေချာပါတယ်။ မြို့နယ် နယ်မြေခံတပ်ရင်းကို ယူဆောင်သွားပါပြီ။ လိုအပ်ရင်တော့ ခွဲပစ်ပါလိမ့်မယ်” ဟု ၎င်းက ရှင်းပြသည်။

ဗုံးတွေ့ရှိရာ နေရာတွင် ညနေ ၄ နာရီခန့်က သဲအိတ်များချကာ စတင် စစ်ဆေးခဲ့ခြင်းကြောင့် ရန်ကုန်- မန္တ လေး လမ်းဟောင်းတွင် နာရီဝက်ခန့် ယာဉ်အသွားအလာ ရပ်ဆိုင်းပြီး လက်လုပ်ဗုံးကို နယ်မြေခံ တပ်ရင်း သို့ သယ်ဆောင်ခဲ့ကြောင်း ဖြူးမြို့နယ် ဒေသခံအချို့က ပြောကြားသည်။

The Voice Weekly

Wednesday, October 09, 2013

ကိုလက်စထရောကို လျော့ကျစေပြီး အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိရှိသော ရာသီစာသုံးမျိုး

Posted by drmyochit Wednesday, October 09, 2013, under | No comments


အောက်တိုဘာလမှာ အရသာရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သစ်သီးဝလံ အများစုကို ဝေဝေဆာဆာ တွေ့ရပါတယ်။ ဒီရာသီမှာ တွေ့ရတဲ့ သစ်သီးဝလံတွေ အနက် ကိုလက်စထရောကို လျော့ကျစေ ပြီး အင်တီအောက်ဆီးဒင့် ပါဝင်မှုများတဲ့ အောက်ပါ သစ်သီး သုံးမျိုးအကြောင်းကို ဖော်ပြလိုက်ပါတယ်။

ပန်းသီး 

ကိုလက်စထရော ကျစေခြင်း 

ပန်းသီးတစ်လုံးမှာ ပျမ်းမျှအားဖြင့် ၉၅ ကယ်လိုရီခန့်နဲ့ အမျှင်ဓာတ် လေးဂ ရမ် ပါဝင်ပါတယ်။ ပန်းသီးမှာ ပါဝင်တဲ့ ပက်တင်က ပျော်ဝင်တဲ့ အမျှင်ဓာတ် ဖြစ် ပြီး သွေးတွင်း ကိုလက်စထရောကို လျော့ ကျစေကာ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။ အကောင်းဆုံး ကျန်းမာရေး အကျိုးကျေးဇူး ရရှိဖို့ ပန်း သီးစားရင် အခွံကိုပါ စားသင့်ပါတယ်။ ပန်းသီးမှာ ပါတဲ့ အမျှင်ဓာတ်က အစာစား ရာမှာ စိတ်ကျေနပ်မှု ပြည့်ဝစေပါတယ်။

ရွှေဖရုံသီး

ကင်ဆာတွန်းလှန်နိုင်ခြင်း 

တခြား စားသင့်တဲ့ သစ်သီးက တောက်ပတဲ့ လိမ္မော်ရောင် ရွှေဖရုံသီးပဲ ဖြစ်ပါတယ်။ ရွှေဖရုံသီးမှာ ရောဂါကို တွန်းလှန်ပေးနိုင်တဲ့ အာဟာရဓာတ်တွေ၊ ဗီတာမင်စီနဲ့ ဗီတာမင်အီး တို့ပါဝင်ပါတယ်။ ရွှေဖရုံ သီးကို လိမ္မော်ရင့်ရောင် ဖြစ်စေတဲ့ ကာရို တီးနွိုက်ဟာ ကင်ဆာလို ရောဂါဝေဒနာ တွေကို တွန်းလှန်ပေးနိုင်စွမ်းရှိစေပါတယ်။ ရွှေဖရုံသီးမှာ ဖိုင်တိုနျူးထရီးရန့် နှစ်မျိုး ပါဝင်တာကြောင့် ရွှေဖရုံယို ဒါမှမဟုတ် စွပ်ပြုတ်လုပ်ပြီး စားနိုင်ပါတယ်။ ရွှေဖရုံ စေ့မှာ နှလုံးအကျိုးပြု အဆီဓာတ်၊ ဇင့် (သွပ်)၊ အမျှင်ဓာတ်၊ ဗီတာမင်အီး၊ မဂ္ဂ နီဆီယမ်နဲ့ သံဓာတ်တို့ ပါဝင်ပါတယ်။ ဟင်းရွက်သုပ်၊ ဒိန်ချဉ်၊ စွပ်ပြုတ်တွေထဲ မှာ ရွှေဖရုံစေ့ကို ဖြူးပြီး စားနိုင်ပါတယ်။ ရွှေဖရုံစေ့ကို ရေခဲသေတ္တာထဲ ထည့်ပြီး သိမ်းထားရင် အာနိသင်ကို ထိန်းထားနိုင် ပါတယ်။

သစ်တော်သီး 

အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိရှိခြင်း 

အောက်တိုဘာလမှာ အရည်ရွှမ်း ပြီး ချိုမြိန်တဲ့ သစ်တော်သီးတွေကို အများ အပြား တွေ့ရပါတယ်။ သစ်တော်သီးမှာ ကြေးနီ၊ ဗီတာမင်စီတို့ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ကို ဖရီးရယ်ဒီကယ်ကြောင့် ထိ ခိုက်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါ တယ်။ အင်တီအောက်ဆီးဒင့် အာနိသင် အပြည့်အဝ ရရှိစေဖို့ သစ်တော်သီး မှည့် ချိန်မှာ စားပါ။ သစ်တော်သီးမှာ အမျှင် ဓာတ်ပါဝင်တာကြောင့် အူမကြီးနဲ့ နှလုံး သွေးကြောကျန်းမာရေးကို ကောင်းမွန် စေပါတယ်။


ကြယ်စင်

ကိုယ်ဝန်ရစေနိုင်သော အစားအစာများ

Posted by drmyochit Wednesday, October 09, 2013, under | No comments


သားသမီးရတနာ – မလိုချင်သည့် သူများက ဟောတစ်ယောက် ဟောတစ်ယောက် မွေးနေချိန်မှာ လိုချင်တဲ့သူတွေက မှိုင်နေရပါတယ်။ မှိုင်မနေသည့်သူတွေကလည်း နည်းလမ်း အမျိုးမျိုးနဲ့ကြိုးစားနေ ကြပါတယ်။ ကြိုးစားနေတဲ့သူတွေရော၊ မတတ်နိုင်လို့ လက်မှိုင်ချနေရတဲ့သူတွေအတွက်ပါ အထောက် အကူဖြစ်စေမယ့် နည်းလမ်းလေးတွေ ပေးလိုက်ပါတယ်။ ယင်းအစားအစာတွေက raspberries လိုချမ်းသာတဲ့သူတွေ သာရနိုင်တဲ့အစာတွေမဟုတ်ဘဲ အလွှာပေါင်းစုံကသူတွေ လက်လှမ်းမီနိုင်တဲ့ အစာတွေပါ။
(၁)လတ်ဆတ်တဲ့သစ်သီးများ- ဗီတာမင်စီကြွယ်ဝစွာ ပါဝင်တဲ့အတွက် လတ်ဆတ်တဲ့အသီးအများစုဟာ သုက်ပိုးတွေရဲ့စွမ်းရည်နဲ့အရည်အသွေးကို တိုးတက်စေပါတယ်။ တကယ်လို့ ကလေးအဖေ တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေရင်တော့ ကျွန်တော်တို့က သံပရာ၊ လိမ္မော်၊ သရက်နဲ့ကန်စွန်းဥတို့ကို ညွှန်ပါရစေ ။
(၂) ကြက်သွန်ဖြူ – ကြက်သွန်ဖြူက သွေးလှည့်ပတ်မှုကို ကောင်းစေပြီး လိင်အင်္ဂါထောင်မတ်နိုင်ဖို့ကို အားပေးပါတယ်။
(၃)ငါးအမျိုးမျိုး – ငါးအများစုဟာ fatty acid ကြွယ်ဝစွာပါဝင်ပြီး လိင်အင်္ဂါတစ်ဝိုက်ကို သွေးလှည့်ပတ်မှု ကောင်းစေတဲ့အပြင် သုက်ပိုးတွေရဲ့ အရည်အသွေးကိုလည်း ကောင်းမွန်စေပါတယ်။
(၄)အာလူး -ဖုတ်ထားတဲ့အာလူးက အာဟာရမျိုးစုံအပြင် ဗီတာမင်ဘီ နဲ့အီးကြွယ်ဝတဲ့အတွက် အမျိုး သမီးတွေမှာ မမျိုးဥကြွေမှုကို အားပေးပါတယ်။
(၅)ဥအမျိုးမျိုး -ဥအမျိုးမျိုးမှာတော့ ဗီတာမင်ဘီ ၁၂ နဲ့ဖောလိတ်တို့ ကြွယ်ဝစွာပါဝင်တဲ့ အတွက် ကိုယ်ဝန်ဆောင်စဉ်သန္ဓေသားကို ချို့ယွင်းချက်မရှိစေဖို့ ကူညီပေးပြီး အန်တီအောက်ဆီဒန့်နဲ့ ကယ်ရိုတီး နွိုက်တို့ပါဝင်တဲ့အတွက် အမျိုးသမီးတွေရဲ့မျိုးပွားစွမ်းရည်ကို မြင့်တက်စေပါတယ်။
(၆)အခွံမာသီးအမျိုးမျိုး – အခွံမာသီးတွေဖြစ်တဲ့ မြေပဲ၊ဗာဒံစတဲ့အသီးတွေဟာ ဗီတာမင်အီးကြွယ်ဝစွာ ပါဝင်တဲ့အတွက် အမျိုးသမီးတွေကို လိင်စိတ်ပိုမိုတက် ကြွစေပြီး ကိုယ်ဝန်ဆောင်စဉ်မှာ လည်း ကိုယ်ဝန်ပျက်ကျမှုကို လျော့နည်းစေပါတယ်။
အပိန်လေး
ref:IANS
By Health Updates Journal

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်