Wednesday, October 23, 2013

သေဒဏ်ကျ အီရန်အကျဉ်းသား ကြိုးစင်တင်ပြီးနောက် ကိုးမားဖြစ်ကာ အသက် ဆက်လက်ရှင်သန်ခွင့်ရ

Posted by drmyochit Wednesday, October 23, 2013, under | No comments


အောက်တိုဘာ ၂၃။

အီရန်တွင် သေဒဏ်ကျ အကျဉ်းသားတစ်ဦးကို ကြိုးစင်တင်ကာ စီရင်ပြီးနောက်ပိုင်း အသက်မသေဘဲ ကိုးမားဖြစ်သွား၍ အသက်ဆက်လက် ရှင်သန်ခွင့် ရသွားကြောင်း IRNA သတင်းဌာနက အောက်တိုဘာ ၂၁ရက်က ကြေညာခဲ့သည်။

ကြိုးမိန့်ကျခံရသူ Alireza M အသက် ၃၇ နှစ်သည် မူယစ်ဆေးဝါး တရားမ၀င် ရောင်းဝယ်မှုဖြင့် ပြစ်ဒဏ်ကျခဲ့ပြီး အောက်တိုဘာ လဆန်းက ကြိုးစင်တင်ခဲ့သည်။ သူ့ကို အီရန် အရှေ့မြောက်ပိုင်းရှိ အကျဉ်းထောင်တွင် ကြိုးကွင်းစွပ် စီရင်ပြီးနောက် ၁၂မိနစ် အကြာတွင် သက်ဆိုင်ရာ ဆရာဝန်က သေဆုံးပြီ ဖြစ်ကြောင်း အတည်ပြုပေးခဲ့သည်။

နောက်တစ်ရက်တွင် Bojnourd မြိှု့ရှိ ရေခဲတိုက်မှ ၀န်ထမ်းများက သူ၏အလောင်းကို အ၀တ်ပတ်နေစဉ် အသက်ရှုနေသေးကြောင်း တွေ့ရှိရသဖြင့် ဆိုင်ရာသို့ အကြောင်းကြားခဲ့သည်။ စစ်ဆေးကြည့်သောအခါ Alireza M ၏ ဦးနှောက်မှာ လုပ်ဆောင်ချက်များ ရပ်ဆိုင်းသွားဖွယ်ရှိသည် ဟုယူဆကြသည်။  သူ၏ သိစိတ်ကို တိုင်းထွာစစ်ဆေး သည့်အခါ ခြောက်ရာခိုင်နှုန်းမျှ နိုးကြားဆဲ ဖြစ်သည်ကိုလည်း တွေ့ကြရသည်။

သူ၏ အဖြစ်အပျက်သည် ဂျုရီလူကြီးများအကြား အကြီးအကျယ် ငြင်းခုန်ပွဲကို ဖြစ်စေခဲ့သည်။ အချို့ သူ့ကို ကြိုးစင် ပြန်တင်သင့်သည်ဟု ဆိုပြီး အချို့ကမူ သူခံယူရမည့် ပြစ်ဒဏ်ကို ကျခံပြီးဖြစ်၍ လွတ်ငြိမ်းခွင့် ပေးသင့်ကြောင်း ဆိုကြသည်။ နောက်ဆုံးတွင် သူ၏ အဖြစ်အပျက်ကို တရားရေးဘက်က ချွင်းချက်အနေဖြင့် ခွင့်ပြုလိုက်ပြီး နောက်တစ်ကြိမ် ကြိုးစင် ထပ်မတင်တော့ဟု ဘာသာရေးဆိုင်ရာ ကျင့်ထုံးအရ ခွင့်ပြုပေးလိုက်သည်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကလည်း  Alireza M နှင့် အီရန်မှ သေဒဏ်ကျ အခြားအကျဉ်းသားများ၏ အသက်ဘေးမှ လွတ်မြောက်ခွင့်ပေးရန် ချက်ချင်း တောင်းဆိုခဲ့ကြသည်။ အီရန်သည် သေဒဏ် အပြစ်ပေးခြင်းမျိုးကို လွန်ခဲ့သောနှစ်က တရုတ်နိုင်ငံမှ လွဲကျန်နိုင်ငံများထက် အရေအတွက် များစွာ စီရင်ခဲ့သည်။

လန်ဒန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ယခုနှစ်အတွင်း အီရန်တွင် သေဒဏ်ချမှတ် ခံရသူပေါင်း ၅၀၈ ဦးအထိရှိသည်ဟု ဆိုသည်။ အီရန်တွင် လူသတ်မှု၊ မုဒိန်းမှု၊ ဓားပြတိုက်မှု၊ မူးယစ်မှောင်ခိုမှု၊ သူများမယားကို ပြစ်မှားသည့် အမှုများသည် အခြားအမှုများထက် သေဒဏ်စီရင်ချက် အများဆုံး ချမှတ်ခံရလေ့ရှိသော အမှုများဖြစ်သည်။ အီရန်အစိုးရက နိုင်ငံ၏ တရားဥပဒေ စိုးမိုးရေးအတွက် သေဒဏ်ကိုသည် မရှိမဖြစ် ဆက်လက်ထားရှိရန် လိုအပ်သည်ဟု ဆိုထားသည်။

Ref: AFP
မြန်မာ့ခေတ်

မော်ဒယ်လေး.....နာမည်ကြီးချင်လို့ လား? လူသိများချင်လို့ လား?(ဒါမှမဟုတ်) ၀ါသနာအရ ကိုယ့်ပုံကိုယ်တင် တာလား?

Posted by drmyochit Wednesday, October 23, 2013, under | No comments


အမျိုးကောင်းသမီးများသို့ အင်တာနက် မင်းသမီး မဖြစ်ရအောင် ကာကွယ်ဆေးကို ဒီတပတ်ရဲ့ ရွေးချယ်မှု ကဏ္ဍကနေ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ အခုခေတ်မှာ လူတိုင်းနဲ့ ရင်းနှီးကျွမ်းဝင် နေပြီဖြစ်တဲ့ အင်တာနက်ရဲ့ ကောင်းကျိုး တွေကတော့ ဖော်ပြလို့ မကုန်နှိုင်အောင် များတာကို တွေ့ရပါတယ်။ အင်တာနက် နည်းပညာ တိုးတက်လာတာနဲ့ အမျှ ဘေးထွက် ဆိုးကျိုးတွေလဲ မခွဲမခွာတွဲပါ လာတာ ကိုလဲ မြင်နေရ ပြန်ပါတယ်။

ကျွန်တော်နဲ့ အဆင့် အလှမ်းကွာနေတဲ့ spyware, mailware, virus စတာတွေကို မပြောလိုပါဘူး။ ကျွန်တော့ မျက်စိထဲ ကန့်လန့်ဝင်နေတဲ့ အကြောင်းအရာက အမျိုးကောင်းသမီး တွေရဲ့ ဘာညာကိစ္စ ဓါတ်ပုံ/ဗီဒီယို များစွာကို ကာယကံရှင် မသိပဲ အင်တာနက်ပေါ်မှာ စေတနာ ကြီးမားစွာနဲ့ ဝေငှ (share) အလုပ်ခံနေရတဲ့ ကိစ္စပါ။ ဒါကို ဒီအတိုင်း ထိုင်ကြည့် နေ လို့တော့ မဖြစ်တော့ ဘူးထင်ပါတယ်။ နာမည်ကြီးချင်လို့၊ လူသိများချင်လို့ (ဒါမှမဟုတ်) ၀ါသနာအရ ကိုယ့်ပုံကိုယ်တင် တာဆိုရင်တော့ လုပ်ပါ။


 ကျွန်တော်တို့လဲ ကြည့်ရှု အားပေးပါ့မယ်။ ဒါပေမယ့် တချို့ဆို ရိုးရိုးသားသား နေတာ ကို ချောင်းရိုက် ခံရတာတို့၊ ကိုယ့်ချစ်ချစ်နဲ့ လွပ်လွပ် လပ်လပ် နေတာကို မှတ်တမ်းတင် ခံရတာတို့ကတော့ မဖြစ်သင့်ပါ။ အဆိုးဝါးဆုံး ကတော့ ကိုယ့်ချစ်သူကို ယုံမှတ်လို့ ပုံ အပ်မိကာမှပဲ ကျောချမှ ဓါးပြမှန်း သိရတဲ့ကိစ္စပါ။ ကိုယ့်ချစ်သူကကို ဖော်ကောင်လုပ်ပြီး အင်တာနက်ပေါ် တင်ပေးတာပါ။ ဒီကိစ္စကို အမျိုးသမီးများ ကျပ်ကျပ် သတိထား စေချင်တယ်။ တချို့ ဆို ဒီကိစ္စကြောင့် အလုပ် အကိုင်ထိခိုက်၊ ပတ်ဝန်းကျင်မှာ မျက်နှာ မပြရဲအောင် ဖြစ်ရပါတယ်။

ဒါတွေရဲ့ အရင်းခံကတော့ မသိနားမလည်မှု၊ နည်းပညာ မကျွမ်းကျင်မှု ကြောင့်ဆိုတာ တွေ့နေရပါတယ်။ အမျိုးကောင်း သမီးများ အနေနဲ့ ဒီလို အဖြစ်မျိုးတွေက ရှောင်လွဲနှိုင်အောင် နည်းလမ်းကောင်းလေးတွေ ပေးချင်တယ်။ ကျွန်တော်က ကွန်ပျူတာ သင်တန်းဆရာ တစ်ယောက်ပါ။ ပြီးတော့ ပညာရှင်အဆင့် ဓါတ်ပုံ၊ ဗီဒီယို ၇ိုက်ကူးသူ တစ်ယောက်ပါ။ ဒါကြောင့် ကျွန်တော်ပေးတဲ့ နည်းလမ်းတွေက အမတို့ ညီမတို့ အရှက်နဲ့ သိက္ခာကို တတ်နိုင်သလောက် ကာကွယ်ပေး နှိုင်မယ်လို့လဲ ထင်ပါတယ်။

၁။ ဘယ်သူ့ကိုမျှ မယုံပါနဲ့ ဘယ်လောက်ပဲ ချစ်ချစ် ၊ ဘယ်လောက်ပဲ ရင်းနှီးနှီး လွပ်လွပ် လပ်လပ် နေတာကို မှတ် တမ်းတင် မခံပါနဲ့ ။ သူကိုယ်တိုင်က စိတ်ချရသော်လဲ သူ့ကိုယ်တိုင် မသိလိုက်ပဲ သူဆီက ကိုယ့် ဓါတ်ပုံကို သူများခိုး သွားတာမျိုး ခံရတတ်ပါတယ်။

၂။ ကိုယ်ကိုယ်တိုင်လဲ မှတ်တမ်း မတင်ပါနဲ့ကိုယ့် ကိုယ်လုံး ဘယ်လောက် လှသလဲ သိချင်ရင် မှန်ထဲမှာပဲ စိတ်တိုင်းကျ ကြည့်ပါခင်ဗျာ။ ဓါတ်ပုံရိုက် မကြည့်ပါနဲ့။ အဲဒါလဲ အွန်လိုင်း မင်းသမီးဖြစ်ဖို့ လမ်းစပါ။

၃။ကင်မရာထဲမှာ၊ ကွန်ပျူတာထဲမှာ ဖျက်ပစ်လိုက်ပြီ (delete) ဆိုတိုင်းလဲ စိတ်မချပါနဲ့ ကင်မရာထဲမှာ၊ ကွန်ပျူတာထဲမှာ ဖျက်လိုက်ပြီ ဆိုတိုင်းလဲ စိတ်ချရတာ မဟုတ်ပါ။ အစွမ်းထက်သော recovery software မြောက်များစွာ ရှိနေပါတယ်။ အဲဒီ့ဆော့ဝဲ တွေဟာ လွန်ခဲ့တဲ့ တစ်နှစ် နှစ်နှစ် လောက်က ဖျက်ထားတဲ့ ဓါတ်ပုံ ဗီဒီယို တွေကို အလွယ်တကူ ပြန်လည် ရှာပေး နိုင်ပါတယ်။ ကွန်ပျူတာပြင် ဆရာတိုင်း လိုလို လုပ်တတ်ပါတယ်။ ကို့ကင်မရာနဲ့ စိတ်ကြိုက် ရိုက်ကြည့်တယ်။ ပြီးတော့ ဖျက်ပစ် လိုက် တယ် ဆိုပေမယ့် သာမန် ကျွမ်းကျင်သူ တစ်ယောက်ဟာ ဒါတွေကို အလွယ်တကူ ပြန်လည် ရယူ နိုင်တာကို လုံးဝ မမေ့ ပါနဲ့။


 ၄။ အင်တာနက်ဆိုင်မှာ ကိုယ့်ကွန်ပျူတာနဲ့ သုံးရင်လဲ သတိထားပါ။ အင်တာနက်ဆိုင်မှာ ကိုယ့် လက်ပ်တော့ပ် နဲ့သုံးရင် ကိုယ့်လက်ပ်တော့ပ်ထဲက အချက်အလက်ကို အင်တာနက်ဆိုင်က အလွယ်တကူ ၀င်ရောက်ကြည့်ရှု ကော်ပီကူး ထားနိုင် တယ် ဆိုတာ သိထားပါ။ အင်တာနက် ဆိုင်တွေမှာ ဆိုင်မှာ ရှိတဲ့ ကွန်ပျူတာတွေကို ကောင်တာက အလွယ်တကူ ထိမ်းချုပ် နိုင်အောင် network စနစ် တစ်မျိုး ချိတ်ဆက် ထားတတ်ပါတယ်။ ကိုယ်က အဲဒီဆိုင်မှာ အင်တာနက် သုံးတယ်ဆိုရင် ကိုယ်ကလဲ အဲဒီစနစ်ထဲ ကို အလိုလို ရောက်သွားပါတယ်။ ဒါဆိုရင် အင်တာနက် ဆိုင်ကောင်တာကနေ ကိုယ့်ကွန်ပျူတာကို နက်ဝါ့ခ် ကနေ ၀င် ရောက် ကြည့်ရှု နိုင်ပါတယ်။ ဒါကြောင့် အင်တာနက် ဆိုင်မှာသုံးမယ့် ကိုယ့်လက်ပ်တော့ပ်မှာ အရေးကြီးတဲ့ ကိုယ့်ပုံတွေ ထည့် မထားပါနဲ့။

၅။ နည်းပညာကို အထင်မသေးပါနဲ့ ကိုယ့်လက်ပ်တော့ပ်ထဲမှာ ပုံတွေထည့် မထားပါနဲ့၊ မလုံခြုံပါဘူး ဆိုတော့ နည်းနည်း နားလည်တဲ့ ကိုကို၊ မမတွေက share ပေးမထားရင် ရပါတယ်လို့ ဆိုကြတယ်၊ ဟုတ်ကဲ့ နည်းပညာ ကို အထင်မသေး ပါနဲ့ ခင်ဗျား ၊ ကိုယ့်ထက် ပိုတော်တဲ့ ဆရာကြီးတွေ ရှိနေသေးတယ် ဆိုတာလဲ မေ့မထားပါနဲ့။ cracker တို့ hacker တို့ဆိုတာ အလကား ပေးထားတဲ့ နာမည်တွေ မဟုတ်ပါဘူး။ သူတို့ရဲ့ စွမ်းဆောင်ရည် ကပြောမယုံ ကြုံဖူးမှ သိလောက်အောင် မြင့်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်ဘက်က စိတ်ချရအောင် သတိရှိတာ အကောင်းဆုံးပါ။
 ၆။ အင်တာနက်မှာ တွေ့တဲ့သူကို မယုံပါနဲ့ အင်တာနက်က တော်ကီ ကိုကိုတို့ကပဲ အပြောကောင်း သလား၊ အွန်လိုင်း မမ တွေကပဲ အညှာလွယ်သလားမသိပါ။ vzo chat လို ဟာမျိုးနဲ့ ချွတ်ပြ၊ လှန်ပြတဲ့ မမတွေ ၊ ညီမတွေ ရဲ့ပုံများ အင်တာနက် ပေါ်မှာ တွေ့နေရပါတယ်။ (ကျွန်တော် အသုံး ရိုင်းသွားရင် ခွင့်လွှတ်ပါ) ၀မ်းနည်း စရာကောင်း တာက ပါးကွက်ကျားနဲ့ ထမီနဲ့ ဗမာမလို့ ထင်းခနဲ သိသာတဲ့ ပုံ တွေပါ အများကြီး ပါလာတာပါ။ ကြေးစား တွေပါလို့ ပြောရအောင်လဲ အိမ်မှာ ကိုယ်ပိုင် အင်တာနက် လိုင်းနဲ့ ကိုယ်ပိုင် ကွန်ပျူတာနဲ့ သုံးနိုင်တဲ့ အဆင့်က ကြေးစား မဟုတ်နိုင်ပါ။ ဖြစ်နိုင်ခြေ ရှိတာက အွန်လိုင်း ကိုကိုကလဲ အပြောကောင်း၊ ညီမလေး တို့ကလဲ သဒ္ဒါလွန် တယ် ထင် ပါတယ်။ မယုံကြပါနဲ့ ညီမလေးတို့ရယ်။ ကိုယ့်ကို တကယ်ချစ်တဲ့ သူဆိုတာ နှစ်ယောက်ချင်း ဆိတ်ကွယ်ရာမှာ မှားချင် မှားမယ်၊ အဲဒီလို ဗြောင်ကြီးတော့ မတောင်းဆိုပါဘူး။ အဲ ….. ကိုယ့်သိက္ခာကို ရင်းရဲတယ် ဆိုရင်တော့ လုပ်ပေါ့။ (VZO က အရုပ် တွေ အသံတွေ မှတ်ထားလို့ ရတယ် ဆိုတာလဲ သတိရပါ။)

၇။ခိုးအရိုက် ခံရခြင်းမှ ကာကွယ်ဖို့ဆိုရင် ကိုယ်မရင်းနှီး မကျွမ်းဝင်တဲ့ နေရာမှာ (ဟော်တယ်၊ တည်းခိုခန်း၊ ပန်းခြံ) စတဲ့ နေရာတွေမှာ လွပ်လွပ် လပ်လပ် မနေပါနဲ့။ သတိရှိပါ။ ကင်မရာတွေ အကြောက်ဆုံး၊ အားနည်း ချက် တစ်ခုကတော့ အမှောင်ပါ။ ဘယ်လောက် ကောင်းတဲ့ ကင်မရာမဆို အလင်းရောင် အားနည်းသော နေ ရာမှာ အဆင် မပြေနိုင်ပါ။ ဒါကြောင့် စိတ်မချရသော နေရာများတွင် လွပ်လွပ် လပ်လပ် ( ဥပမာ အ၀တ်အစား လဲတာ) နေရတော့ မယ် ဆိုရင် လုံးဝ မှောင်သွား အောင်လုပ်ပါ။ ဒါဆို ကင်မရာတွေ မတတ်နိုင်တော့ပါ။ အမှောင်ထဲမှာ ရိုက်နိုင် တယ် ဆိုတဲ့ (Night Shot) ဆို တဲ့ ကင်မရာ တွေတောင် အနဲဆုံး အနီရောင် ရောင်စဉ်လေး လင်းမှ အလုပ် ဖြစ် တာပါ။

၈။ spy camera တွေကို တတ်နိုင်သမျှ ရှာပါ အခုခေတ်မှာ သုံးသောင်း လောက်ဆို spy camera တစ်လုံး ရနိုင်ပါတယ်။ ဒါကြောင့် စိတ်မချရတဲ့ နေရာတွေမှာဆို spy camera တတ်ထားမထား တတ်နိုင် သလောက် ရှာပါ။ ဒါ ကိုကိုတွေ၊ ဦးဦး တွေ အတွက်လဲ အရေးကြီးပါတယ်။ တော်ကြာ ကိုယ်တောင် မသိပဲ နာမည်ကြီး အွန်လိုင်း မင်းသား ဖြစ်သွား နိုင်ပါတယ်။ များသော အားဖြင့် ကင်မရာတွေကို မြင်ကွင်း ကျယ်ကျယ် ရအောင် ဒေါင့်တွေမှာ တတ်ထား တတ်ပါတယ်။ သေသေ ချာချာ ရှာပါ။ အခန်း အပြင်မှာ တတ် ထားပြီး မတ်စေ့ လောက်အခန်းကို ဖောက်ထား တာမျိုးလဲ လုပ်တတ် ကြပါတယ်။ မသင်္ကာဖွယ်ရာ အပေါက်တွေကို ဒေါင့် တွေ မျက်နှာ ကျက်တွေမှာ သေချာရှာပါ။ ဘာမှမတွေ့ဘူးဆိုပြီးလဲ စိတ်ချမနေပါနဲ့၊ လိုအပ်ရင် အမှောင်ကို အကာ အကွယ် ယူပါ။ အဲ super market တွေက အ၀တ် လဲခန်းတွေမှာလဲ ရှိတတ်တယ်နော်၊ လုံခြုံရေး အတွက် တတ်ရတာပါ ဆိုပဲ။

၉။ ဘာကြောင့်ပဲ ဖြစ်ဖြစ် အွန်လိုင်း မင်းသား မင်းသမီး ဖြစ်သွားပြီ ဆိုရင် ရောရှက်ပြီး ငြိမ်မနေပါနဲ့၊ သိပ်မပျံ့သေးမှီ တားဆီးပါ။ Sex ၀က်ဆိုက် တော်တော် များများ ဟာ User က တောင်းဆိုလို့ ရှိရင် အချက် အလက်တွေ ဖျက်ပေး ပါ တယ်။ ကိုယ့် ပုံ ပါနေတာ သေချာရင် အဲဒီ ၀က်ဆိုက်ကို အကြောင်း ကြားပြီး ဖျက်ခိုင်းပါ။ အဲဒီလို အကြောင်း ကြားလို့ ဖျက်ပေးတာ သုံးခါ လေးခါတွေ့ ဖူးပါတယ်။

၁၀။ ကိုယ်ချင်းစာပါ။ တွေ့ဖူးပါတယ်။ အမျိုးသားနဲ့ အမျိုးသမီး တွဲရိုက်ထားတဲ့ ပုံတွေမှာ အမျိုးသား ကိုယ်တိုင်က တင် တာ ဆိုတော့ သူ့မျက်နှာတော့ သူဖျက်ထား တာတွေ့ဖူးတယ်။ ဒါ ကိုယ်ချင်း မစာတာပါ။ မလုပ်ပါနဲ့ဗျာ သူတို့က ကျွန်တော်တို့ ထက်ပိုရှက် တတ်တာပေါ့။ ကိုတောင် ရှက်တတ် သေးရင် သူများ အရှက်ကွဲ အကျိုး နည်း ဖြစ်အောင် မလုပ်သင့်ပါဘူး။ ဒါ စေတနာ ဗလဗွနဲ့ မျှဝေတတ်တဲ့ ကိုယ်ချင်း မစာတဲ့ အမျိုးသားတွေ အတွက်ပါ။ ခိုးလဲ မရိုက် ကြပါနဲ့။ ကိုယ့်ကို ချစ်လို့ အလိုလိုက်ထားတဲ့ သူကိုလဲ မျက်နှာလွဲ ခဲပစ် မလုပ်သင့်ပါ။ ဇာတ်လမ်း အသစ်တင်ချင် တယ်ဆိုရင် လဲ ကြေးစား အဆင့် ထဲ မှာ အရိုက်ခံတဲ့ သူတွေ ရှိပါတယ်။ သူတို့နဲ့ လှုပ်ရှားပေါ့။ နောက်ဆုံးအဆင့် မျက်နှာလေး ဖျက်ပေးတာပဲ ဖြစ်ဖြစ်တော့ မဖြစ်မနေ လုပ်ပေးကြပါ။ အင်တာနက်ဆိုတာဟာ လူ့ အကျိုးသယ်ပိုးဖို့ ပေါ်ပေါက်လာတာပါ။ ဒါကို အကျိုးမရှိတဲ့ နေရာမှာ သူများ အကျိုး ထိခိုက် အောင် မလုပ်ကြပါနဲ့။ (ဒါက Sex Website တွေကို မကြည့်ပါနဲ့လို့ ပြောတာ မဟုတ်ပါ။ တော်ကြာ ကိုကိုတို့က စိတ်ဆိုး နေဦးမယ်။ နာမည်ကြီး ချင်လို့တို့၊ ၀ါသနာအရတို့ ဆိုတဲ့ ရုပ်ပုံ တွေ ဗီဒီယိုတွေ ဆိုရင်တော့ ရောင်းသူ ၀ယ်သူ အသံတူရင် ပြီးတာပါပဲဗျာ။) အမျိုးကောင်း သမီးများကို ညှာတာဖို့ ပြောတာပါ။

Singapore feel

မူးယစ်သားကောင်များ လပိုင်းအတွင်း အရုပ်ဆိုး အကျည်းတန်သွား

Posted by drmyochit Wednesday, October 23, 2013, under | No comments


အောက်တိုဘာ ၂၃။

အမေရိကန်နိုင်ငံ အော်ရဂန်ပြည်နယ် မက်ထ်နောမာခရိုင် ရဲဌာက ဆေးမှုနှင့် ထောင်ကျသူများ၏ မျက်နှာများကို အနီးကပ် ရိုက်ထားသည့် ပုံများကို ထုတ်ဝေကာ မူးယစ်ဆေးဝါးသည် လပိုင်းအတွင်း သူ၏သားကောင်များကို အရုပ်ဆိုး အကျည်းတန်သွားစေကြောင်း ခိုင်မာသည့် အထောက်အထားများအဖြစ် ပြသခဲ့သည်။

ရဲဌာနမှ ထုတ်ပြန်သည့် ပုံများတွင် ဆေးစွဲခဲ့သူများသည် သွားများကျိုးကုန်ခြင်း၊ အရိုးပေါ် အရေတင်ဖြစ်ခြင်း၊ ခပ်မြန်မြန် အိုစာသွားခြင်း၊ မျက်နှာနှင့် အရေပြားတွင် သွေးရောင်ကင်းမဲ့ကာ အမဲကွက်၊ အညိုစက်များ ဖြစ်ကာ အလွန်ရုပ်ဆိုး လာတတ်ကြောင်း တွေ့ရသည်။ တစ်ချိန်က စွဲဆောင်မှု ရှိသောသူများပင်လျှင် ရောဂါသည် အသွင်မျိုး ပေါက်သွားစေခဲ့သော မူးယစ်ဆေးဒဏ်ခံရ သူများထဲတွင် အများစုသည် တစ်နှစ်အတွင်း မူလရုပ်ပျောက်ကာ လူတောမတိုးချင်စဖွယ် အသွင်မျိုး ဖြစ်လာသည်ကို ယင်းဓာတ်ပုံများက သက်သေပြလျှက် ရှိသည်။

၂၀၀၄ခုနှစ်ကလည်း ယင်းသို့သော ဓာတ်ပုံများကို ထုတ်ခဲ့ဖူးသည်။ အဓိက ရည်ရွယ်ချက်မှာ လူငယ်များ အနေဖြင့် မူးယစ်ဆေး၏ သားကောင်ဘ၀ မရောက်မီ ဖြစ်လာမည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများကို သတိပြု ဆင်ခြင်နိုင် ရန်အတွက်ဖြစ်သည်။

Ref: Mail Online
From: The Myanma Age

ကိုယ်ဝန်ဆောင်များကို အပျင်းပြေ ပစ်မှတ်ထားနေသည့် ဆီးရီးယား Sniperများ

Posted by drmyochit Wednesday, October 23, 2013, under | No comments

CNN သတင်းဌာနက ဆီးရီးယားရှိ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး၏ ခန္ဓာကိုယ်ထဲရှိ သန္ဓေသား၏ ဦးခေါင်းနေရာတွင် ကျည်ဆန်စိုက်ဝင်နေသည့် ဓာတ်မှန်ပုံရိပ်ကို ထုတ်ဖော် ပြသကာ အာဖရိက နိုင်ငံအတွင်းရှိ လူမဆန်သော လုပ်ရပ်တစ်ခုကို စတင်ဖော်ထုတ်လာခဲ့



ဆီးရီးယား ပြည်တွင်းစစ်အတွင်း ပျင်းရိငြီးငွေ့နေသော Sniper လက်ဖြောင့် သေနတ်သမားများသည် ကိုယ်ဝန်ဆောင် အမျိုးသမီးများကို ပစ်မှတ်ထားကာ စိတ်အပန်းဖြေနေကြောင်း စွပ်စွဲမှုများ ထွက်ပေါ်လာခဲ့သည်။ CNN သတင်းဌာနက ဆီးရီးယားရှိ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး၏ ခန္ဓာကိုယ်ထဲရှိ သန္ဓေသား၏ ဦးခေါင်းနေရာတွင် ကျည်ဆန်စိုက်ဝင်နေသည့် ဓာတ်မှန်ပုံရိပ်ကို ထုတ်ဖော် ပြသကာ အာဖရိက နိုင်ငံအတွင်းရှိ လူမဆန်သော လုပ်ရပ်တစ်ခုကို စတင်ဖော်ထုတ်လာခဲ့သည်။ အဆိုပါ ပစ်ခတ်မှုအတွင်း မိခင်ဖြစ်သူ အသက်ရှင်ခဲ့သော်လည်း သန္ဓေသားမှာမူ ပျက်စီး သေဆုံးသွားခဲ့သည်။ ဗြိတိန်နိုင်ငံမှ ခွဲစိတ်ဆရာဝန် တစ်ဦးဖြစ်ပြီး ဆီးရီးယားရှိ ဆေးရုံ အချို့တွင် စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ယူထားသည့် ဒေါက်တာ ဒေးဗစ်နော့တ်က လက်ဖြောင့် သေနတ်သမားများသည် အပျင်းပြေ ပစ်ခတ်မှု ကစားပွဲတစ်ခုအဖြစ် ကိုယ်ဝန်ဆောင် အမျိုးသမီးများကို လက်တည့်စမ်းနေခြင်း ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

ယခုဖြစ်စဉ်နှင့် အလားတူ အခြေအနေ အချို့ကိုလည်း ယခင်ကတည်းက ဒေါက်တာနော့တ်က ကြုံခဲ့ပြီး ဖြစ်သည်။ "အဓိက ပစ်မှတ်ထားတာက မိခင်ကို မဟုတ်ဘူး။ ကိုယ်ဝန်ဆောင်ထားတဲ့ ဗိုက်ကိုပဲ။ ပြီးတော့ သန္ဓေသားတွေကို ဖယ်ထုတ်လိုက်ရတိုင်း ကိုယ်ဝန်ဆောင် သက်တမ်း (၈)လ၊ (၉)လလောက် ရှိနေတဲ့ အခြေအနေတွေချည်းပဲ။ အဓိပ္ပါယ်ကတော့ ပစ်မှတ်ဟာ ကိုယ်ဝန်သည် တစ်ယောက်မှန်း လုံးဝ သိသာထင်ရှားနေတာမျိုးကို ရွေးချယ်တာလို့ ယူဆနိုင်ပါတယ်"ဟု ဒေါက်တာနော့တ်က ရှင်းပြခဲ့သည်။ ဆီးရီးယား စစ်ဘက် Sniperများသည် ငယ်ရွယ်သည့် ကလေးများကိုလည်း ပစ်မှတ်အဖြစ် ရွေးချယ်လေ့ရှိကြောင်း သိရသည်။

ဒေါက်တာနော့တ်က CNNသတင်းထောက်အား အသက်(၅)နှစ်ပင် မပြည့်သေးသည့် ဖြူဖျော့နေသော မိန်းကလေး တစ်ဦးကို ပြသခဲ့သည်။ သူမသည် ဦးခေါင်းတွင် ကျည်ဆန်ထိမှန်ထားသည့် ဆိုးရွားသော ဒဏ်ရာကြီး ရရှိထားပြီး ဆေးရုံခုတင်ပေါ်တွင် လဲနေသည်။ "တစ်နေ့တစ်နေ့ ကျွန်တော် ခွဲစိတ်ကုသပေးရသမျှ ကိစ္စအားလုံးရဲ့ (၉၀)ရာခိုင်နှုန်းလောက်က Sniper ကျည်ဆန် မှန်ထားတာတွေချည်းပဲ"ဟုလည်း ပြောကြားခဲ့သည်။

၎င်းက "ဒဏ်ရာနဲ့ ရောက်လာတဲ့ ကလေး အများစုက တစ်နေရာတည်းကို အပစ်ခံရတာ များတယ်။ ဥပမာ တစ်နေ့တုန်းက ကလေး(၁၅)ယောက်၊ (၁၆)ယောက်လောက် ရောက်လာတယ်။ အဲဒီထဲက (၈)ယောက်၊ (၉)ယောက်လောက်က ဘယ်ဘက် ပေါင်ခြံကိုချည်း ချိန်ပစ်ခံထားရတာ"ဟုလည်း ဆိုသည်။  ၎င်းက "ဒီအနေအထားက Sniperတွေဟာ ကလေးတွေကို ပစ်မှတ်အနေနဲ့ သဘောထားပြီး လက်တည့်ပြိုင်တဲ့ ကစားပွဲတစ်ခု လုပ်နေတဲ့ သဘောပါပဲ"ဟုလည်း ရှင်းပြခဲ့သည်။ သူပုန်တပ်များ ထိန်းချုပ်ထားသည့် အလက်ပိုမြို့တွင် လူအများသည် အလစ်ချောင်း ပစ်ခတ်မှုများကို ရင်တထိတ်ထိတ်ဖြင့် သွားလာ လှုပ်ရှားနေရသည်။ နော့တ်က ဆီးရီးယားတွင် စားနပ်ရိက္ခာနှင့် လူသားချင်း စာနာမှု အထောက်အပံ့များ လိုအပ်နေကြောင်းလည်း ဝန်ခံ မှတ်ချက်ပြုသွားသည်။

From: Planet Myanmar Network

ရခိုင် တိုင်းရင်းသူလေးရဲ့ အနုပညာစကား၊ ငြိမ်းချမ်းရေး စကား

Posted by drmyochit Wednesday, October 23, 2013, under | No comments

မော်ဒယ်လ် သရုပ်ဆောင် ဖြူထိပ်ထား | မိတ်ကပ် – မေစပယ်ညို၊ ၀တ်စုံဒီဇိုင်း – အောင်မြတ်သူ (Aroma) | (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ဖြူထိပ်ထား ဆိုတာ ရတနာဖြူဖြူအောင် ဆိုတဲ့ နာမည်နဲ့ အရင်ကပြိုင်ပွဲများစွာ ၀င်ပြိုင်ခဲ့ပြီး ဆုများစွာ ရခဲ့တဲ့ ရခိုင်တိုင်းရင်းသူ မော်ဒယ်လ် တယောက် ဖြစ်ပါတယ်။ ဇာတ်ကားတွေမှာလည်း သူ့ရဲ့ သရုပ်ဆောင် မှုတွေကို တွေ့ရပါတယ်။ အခုတော့ အနုပညာ အလုပ်ကို မိဘတွေက အားပေးတဲ့အတွက် မိဘတွေ ကို ယ်ပိုင် ထုတ်လုပ်ရေးလုပ်၊ သူ့ကို အနုပညာ နာမည် ဖြူထိပ်ထားလို့ ပြောင်းလိုက်ပြီး နေတိုး၊ သက်မွန်မြင့် တို့နဲ့ နက္ခတ်မှားတဲ့ တိုက်ပွဲ ဆိုတဲ့ ဇာတ်ကားကြီးမှာ ပါဝင် သရုပ်ဆောင် ခဲ့တယ်လို့ သူက ပြောပြပါတယ်။ လတ်တလောမှာ ဇာတ်ကား ရိုက်ကူးမှုနဲ့ ဓာတ်ပုံ၊ ပြက္ခဒိန် ရိုက်ကူးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း ဖြူထိပ်ထားနဲ့ ပတ်သက်တဲ့ အနုပညာကိစ္စတချို့၊ ကိုယ်ရေးကိုယ်တာ ကိစ္စတချို့ကို ဧရာဝတီက မေးမြန်းစုံစမ်းပြီး ဖော်ပြပေးလိုက်ပါတယ်။

“ညီမ အခု လတ်တလောမှာ မဂ္ဂဇင်း၊ ဂျာနယ်၊ ပြက္ခဒိန်တွေ ရိုက်ဖြစ်ပါတယ်။ ၁၁ လပိုင်း ကျရင်တော့ ကိုမြင့်မြတ်နဲ့ ဇာတ်ကားရိုက်ဖို့ ရှိပါတယ်။ ညီမ မိဘတွေက ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီထောင်ပြီး ညီမကို မင်းသမီး ထည့်ရိုက်တာပါ၊ မင်းသားတွေကို စာချုပ်ချုပ်ပြီး ရိုက်ကူးရေးတွေ လုပ်ပါတယ်” လို့ ဖြူထိပ်ထားက ဟြေပါတယ်။

သူက နာမည်ကြီး မင်းသား၊ မင်းသမီးတွေနဲ့ ဇာတ်ကား ရိုက်ရတဲ့အတွက် ကိုယ့်ဘက်က အမှားတွေ ဖြစ်မှာစိုးရိမ်လို့ အရမ်း ဂရုစိုက်ရကြောင်း၊ ကိုယ့် သရုပ်ဆောင်မှုတွေ အတွက် သူတို့ကို အားနာရကြောင်း၊ ၀ါရင့် သရုပ်ဆောင်တွေဆီက အတုယူ စရာတွေ အများကြီးရကြောင်းလည်း ဆက်ဟြေပါတယ်။

“ညီမ နာမည်ကြီး သရုပ်ဆောင်တွေနဲ့ ရိုက်တဲ့အခါမှာ အရမ်း စိုးရိမ်မိပါတယ်။ ကိုယ့်အမှားတွေကြောင့် သူတို့ကို အနှောင့်အယှက် ဖြစ်မှာစိုးတယ်။ သူတို့ဆီက အတုယူစရာ၊ အားကျစရာတွေ မှန်သမျှကို ညီမ လေ့လာပါတယ်။ သူတို့ဆီက ပညာတွေလည်း ရသလို၊ သူတို့ကို ကြောက်တဲ့ ဖိစီးမှုတွေလည်း ရှိတယ်။ စစရိုက်ချင်းတုန်းကပေါ့၊ အခုတော့ အဆင် ပြေသလောက် ရှိနေပါပြီ” လို့ သူက ဆိုပါတယ်။

သူက ရခိုင်တိုင်းရင်းသူ တယောက် ဖြစ်တဲ့အတွက် ရခိုင်ရိုးရာ ၀တ်စုံကို ၀တ်ဆင်ပြီး ဓာတ်ပုံရိုက်ရတဲ့ ခံစားချက်ကိုလည်း ဧရာဝတီက မေးမြန်းခဲ့ပါတယ်။

“ညီမက ရခိုင်တိုင်းရင်းသူတယောက် ဖြစ်တဲ့အတွက် ကိုယ့်မြတ်နိုးတဲ့ ရိုးရာဝတ်စုံလေးကို ၀တ်ပြီး ဓာတ်ပုံရိုက်ရတာ အရမ်းကို ပီတိ ဖြစ်ပါတယ်။ ၀တ်စုံလေးကလည်း အရမ်းလှတယ်၊ ကိုယ့်ရိုးရာ ၀တ်စုံကို ၀တ်ပြီး ဓာတ်ပုံ ရိုက်ရတဲ့အတွက် အရမ်းကို ဂုဏ်ယူမိပါတယ်” လို့ ဖြူထိပ်ထားက ဟြေပါတယ်။

ဖြူထိပ်ထားက သူ့အနေနဲ့ ရခိုင်တိုင်းရင်းသူ တယောက် ဖြစ်ရတဲ့အတွက် ကျေနပ်တယ်လို့လည်း ဆိုပါတယ်။

“ရခိုင် အမျိုးသမီး တယောက်အဖြစ် မွေးဖွားလာတဲ့ အတွက် ကိုယ့်ကိုယ်ကိုယ် ကျေနပ်မိတယ်၊ ဂုဏ်လည်းယူတယ်၊ ၀မ်းသာ ပီတိလည်း ဖြစ်ပါတယ်။ ရခိုင် ဆိုတာလည်း ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့ မြန်မာလူမျိုးပါ” လို့ သူက ဆက်ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ ဖြစ်နေခဲ့တုန်းက သူတို့ တိုင်းရင်းသားတွေ ထိခိုက်တာ ကြားသိရတဲ့အတွက် ရင်ထဲကနေ နာကျင် ခံစားရကြောင်း၊ အရမ်းကို ၀မ်းနည်း စိတ်မကောင်းဖြစ်ပြီး ခံစားခဲ့ရကြောင်း၊ အဲဒီလို ဒုက္ခတွေ မဖြစ်စေချင်ကြောင်း၊ နောက်ထပ် ထပ်မဖြစ်အောင်လည်း သူက ဘုရားမှာ ဆုတောင်း မေတ္တာပို့တယ် ဆိုတဲ့အကြောင်းလည်း ဖြူထိပ်ထားက ဟြေပါတယ်။

“ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ ဖြစ်တုန်းကဆို ညီမတို့ လူမျိုးတွေအတွက် နာကျင်ခံစားရတယ်၊ ၀မ်းနည်းမှုတွေခံစားရတယ်။ ဒီလို ဘေးဒုက္ခတွေကို ကိုယ့်လူမျိုးတွေကိုရော၊ ဘယ်သူ့ကိုမှ မဖြစ်စေချင်ဘူး။ အားလုံးကို ငြိမ်းငြိမ်းချမ်းချမ်းပဲ ဖြစ်စေ ချင်တယ်။ ကိုယ့်လူမျိုးတွေ အေးအေးချမ်းချမ်း ဖြစ်နေတာကိုပဲ ညီမမြင်တွေ့ ချင်ပါတယ်။ ညီမ ငယ်ငယ် တုန်းကတော့ ရခိုင်ပြည်နယ်က အ၀ကျွန်းမှာ နေခဲ့ဖူးပါတယ်။ ညီမရဲ့ အဖိုးတွေ၊ အဖွားတွေက ကျောက်ဖြူ ဇာတိပါ၊ ညီမကို အ၀ကျွန်းမှာ မွေးခဲ့တာပါ။ ကိုယ့်လူမျိုးတွေ မငြိမ်းမချမ်း ဖြစ်တော့ အရမ်းဝမ်းနည်းပြီး စိတ်မကောင်းလည်း တော်တော်ဖြစ်ခဲ့ရပါတယ်။ ကိုယ်ကိုယ်တိုင် ခံစားရသလို ဖြစ်မိပါတယ်။ အားလုံး ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ နေနိုင်အောင် ညီမ ဘုရားမှာ အမြဲတမ်း ဆုတောင်းပါတယ်၊ မေတ္တာပို့ပေးပါတယ်။ မငြိမ်းမချမ်း ဖြစ်နေတဲ့ အချိန်တုန်းကလည်း ကိုယ့်ရခိုင် လူမျိုးမှ မဟုတ်ပါဘူး၊ အားလုံးကို မနက်တိုင်း ညီမ မေတ္တာပို့ ဆုတောင်းပေးပါတယ်။ အားလုံးကို ငြိမ်းချမ်း စေချင်ပါတယ်” လို့ ဖြူထိပ်ထားက ဆိုပါတယ်။

သူတို့ ရခိုင်တိုင်းရင်းသားတွေ ထဲမှာ အနုပညာရှင်တွေ ရှိနေတဲ့ အတွက်လည်း သူက ဂုဏ်ယူတယ်လို့ ပြောပါတယ်။

“ညီမတို့ ရခိုင်လူ တိုင်းရင်းသားတွေထဲက ထူးခြားတဲ့၊ ထူးချွန်တဲ့ အနုပညာရှင်တွေ ပေါ်ထွက်လာတဲ့ အတွက်လည်း အရမ်း ချီးကျူးမိသလို၊ ဂုဏ်လည်း ယူပါတယ်၊ အနုပညာရှင် တယောက်ဖြစ်ဖို့၊ ထူးချွန်တဲ့ လူတယောက် ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ အနုပညာမှာ ကိုယ့်လူမျိုးတွေထဲက ထူးချွန်တဲ့သူတွေ ပေါ်ထွက်လာတဲ့အတွက် အရမ်းလည်း ဂုဏ်ယူပါတယ်” လို့ သူက ဟြေပါတယ်။

သူကိုယ်တိုင်လည်း အနုပညာကို သူ ခွန်အားရှိသရွေ့၊ တတ်နိုင်သမျှ ကြိုးစားမယ်လို့လည်း ဖြူထိပ်ထားက ဟြေပါတယ်၊၊

“ညိမကိုယ်တိုင်လည်း ဝါသနာပါတဲ့ အနုပညာအလုပ်ကို အစွမ်းကုန် ကြိုးစားမှာပါ။ အကောင်းဆုံး ဖြစ်အောင် ကြိုးစား လုပ်ဆောင်မှာပါ။ ထူးချွန်တဲ့ သူတယောက်အဖြစ် အသတ်မှတ် မခံရရင်တောင် ညီမရဲ့ အနုပညာ အလုပ်ကို အကောင်းဆုံးတော့ လုပ်သွားမှာပါ။ အနုပညာ ခရီးက ကြမ်းချင်လည်း ကြမ်းပါစေ၊ ညီမ ကြံ့ကြံ့ခံပြီး ဆက်လျှောက်မှာပါ။ မိဘတွေက ညီမကို မင်းသမီး တင်ရိုက်တဲ့အတွက် ပိုပြီး တာဝန်ကြီးသွားပါတယ်။ ကိုယ့်မိဘတွေရဲ့ လုပ်ငန်းလည်း ဖြစ်တဲ့အတွက် နှစ်ဆပိုပြီး တာဝန်ကြီးပါတယ်။ မိဘတွေရဲ့ ယုံကြည်မှုကိုလည်း အလွဲသုံးစား မလုပ်ချင်ပါဘူး။ ပရိသတ်တွေ ကလည်း ညီမရဲ့ အနုပညာကို ကြည့်ပြီး ဝေဖန်ပေးပါ၊ အကြံပေးပါ၊ ပရိသတ်တွေ ဘယ်လို ဝေဖန်မယ် ဆိုတာကို စိတ်လှုပ်ရှား နေပါတယ်။ ညီမ ခေါင်းဆောင် ရိုက်ထားတဲ့ ကားတွေ ထွက်လာရင်လည်း ဝေဖန်ပေးပါ” လို့ ဖြူထိပ်ထားက ဧရာဝတီက တဆင့် ဟြေလိုက်ပါတယ်။

မြတ်သူအောင်| ဧရာဝတီ

Mangoအတွက် ကြော်ငြာဓာတ်ပုံများ ရိုက်ကူးပေးခဲ့သည့် မီရန်ဒါကားရ်

Posted by drmyochit Wednesday, October 23, 2013, under | No comments

မီရန်ဒါသည် ဗြိတိသျှ စူပါမော်ဒယ်လ် ကိတ်မော့စ် နေရာတွင် Mango၏ မျက်နှာသစ် မော်ဒယ်လ်အဖြစ် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက စာချုပ်ထားခဲ့


သူမအနေဖြင့် ဘီကနီ ရေကူးဝတ်စုံ၊ အမျိုးသမီး အတွင်းခံ အဝတ်အထည်တို့နှင့် ကိုယ်ဟန်ပြတိုင်း အလွန် ညှို့ဓာတ်ပြင်း သည့် စူပါမော်ဒယ်လ် တစ်ဦးအဖြစ် အသိအမှတ်ပြု ခံရလေ့ ရှိသော်လည်း ကျက်သရေရှိရှိ တည် တည်ငြိမ်ငြိမ် မျက်နှာစာ တစ်ခုကိုလည်း ပိုင်ဆိုင်နေကြောင်း မီရန်ဒါကားရ်က လက်တွေ့ ပြသလိုက် သည်။ အသက်(၃၀)အရွယ် ဩစတြေးလျ စူပါမော်ဒယ်လ်သည် Mangoအတွက် ဆောင်းဦးပေါက် ဖက်ရှင် ဒီဇိုင်းသစ် များနှင့် ကိုယ်ဟန်ပြ ဓာတ်ပုံ အရိုက်ခံခဲ့ရာ တွေ့မြင်နေကျ ပုံစံနှင့် ကွဲထွက်ပြီး တည်ငြိမ်ရင့် ကျက်သော အလှအပတစ်ခု တည်ရှိနေကြောင်း ဖော်ထုတ်ပြနိုင်ခဲ့သည်။

မီရန်ဒါသည် ဗြိတိသျှ စူပါမော်ဒယ်လ် ကိတ်မော့စ် နေရာတွင် Mango၏ မျက်နှာသစ် မော်ဒယ်လ်အဖြစ် ပြီးခဲ့ သည့် နှစ်ကုန်ပိုင်းက စာချုပ်ထားခဲ့သည်။ Victoria's Secret၏ လက်ရွေးစင် အလှမယ်သည် နယူးယော့ခ် တွင် နာမည်ကျော် ဓာတ်ပုံဆရာ နှစ်ဦးနှင့်အတူ Mangoအတွက် ကြော်ငြာဓာတ်ပုံများ အရိုက်ခံ ခဲ့ခြင်း ဖြစ်သည်။ မီရန်ဒါသည် ရုံးဆန်ဆန် ဖက်ရှင်မျိုးနှင့် လုပ်ငန်းရှင် အမျိုးသမီး တစ်ဦးအသွင် တင့်တယ်နေ သလို အနွေးထည် တစ်ထည်နှင့် ပေါ့ပေါ့ပါးပါး မိန်းကလေးငယ် တစ်ဦး၏ ပုံစံမျိုးဖြင့်ပါ တွေ့မြင်နေခဲ့ရသည်။

စပိန် ဖက်ရှင်လုပ်ငန်းကြီးသည် မီရန်ဒါနှင့် တိုင်ပင်ကာ လိုက်ဖက်သည့် ဂျင်းဘောင်းဘီနှင့် ကုတ်အင်္ကျီ တို့ကို လည်း ဆင်မြန်းပေးခဲ့သေးသည်။ အင်ဇီနှင့်ဗွန်း ဓာတ်ပုံဆရာ နှစ်ဦးက ဓာတ်ပုံရိုက်ချက်များအတွက် တာဝန် ယူခဲ့ပြီး မီရန်ဒါအတွက် ကိုယ်ဟန်ပြရန် ဂါလ်ဒင် ဆာဂလီယိုက အကြံပေးခဲ့သည်။ "Mangoရဲ့ ဆောင်းဦး ဖက်ရှင် Campaignအတွက် ဓာတ်ပုံတွေ ရိုက်ခဲ့ချိန်က ကျွန်မအတွက် ကျေနပ်စရာပါ။ ဓာတ်ပုံ ဆရာတွေ ကလည်း သိပ်တော်တယ်လေ။ အားလုံးက အချိတ်အဆက်မိမိ အလုပ်လုပ်နေခဲ့ကြတာ အံ့ဩစ ရာပါ။ ရလဒ်ကိုလည်း တစ်ဖွဲ့လုံးက ကျေနပ်ခဲ့ကြပါတယ်"ဟု မီရန်ဒါက Graziaသို့ ပြောကြားခဲ့သည်။ သူမက "ဓာတ်ပုံ ရိုက်ချက်တွေက တတ်နိုင်သမျှ သဘာဝဆန်ဆန် အကြမ်းထည်ဖြစ်အောင် ဦးတည် ခဲ့ပါတယ်။ ဒီစိတ်ကူးက ဖက်ရှင် အဝတ်အထည်တွေရဲ့ ဂုဏ်ရည်ကို ပိုပြီး ပေါ်လွင်စေတယ်လို့ ကျွန်မထင် ပါတယ်"ဟုလည်း မှတ်ချက်ပြုသွားသည်။

From: Planet Myanmar Network

တစ်နိုင်ငံလုံး ၀ိုင်ဖိုင်အင်တာနက်လိုင်း အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်

Posted by drmyochit Wednesday, October 23, 2013, under | No comments

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် Broadband Wireless(Wifi) အင်တာနက်လိုင်းရရှိရန် လုပ်ဆောင် သွား မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန် ရှိသူ တစ်ဦးက အောက်တိုဘာ ၂၂ ရက်တွင် ပြော သည်။

အဆိုပါ Wifi အင်တာနက်လိုင်း ၀န်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် အကျိုးတူ ပူးပေါင်း လုပ် ကိုင်မည့် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက တင်ဒါဖိတ်ခေါ်ထား ကြောင်း ဆက်သွယ်ရေးနှင့်သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ ဒုတိယအင်ဂျင်နီယာချုပ် ဦးရဲနိုင်မိုးက မဇ္ဈိမကို ပြောသည်။

ဦးရဲနိုင်မိုးက “Wifi အင်တာနက်လိုင်းကို တစ်နိုင်ငံလုံးအတိုင်းအတာရရှိအောင်လုပ်သွားမှာပါ။ အဲဒီ အတွက် ပူးပေါင်းလုပ်ဆောင်မယ့်ကုမ္ပဏီတွေကို ဖိတ်ခေါ်ထားပါတယ်။ ကုမ္ပဏီတွေကလည်း သူတို့လုပ် ကိုင်မယ့်နေရာဒေသကို Servey လုပ်ပြီး Business Plan နဲ့ Technical Plan တွေကို တင်ပြရမှာဖြစ်ပါ တယ်။ နေရာဒေသအလိုက် လုပ်ကိုင်မယ့်ကုမ္ပဏီတွေကို ရွေးချယ်သွားမှာပါ”ဟု မဇ္ဈိမကို ပြောသည်။
ယင်းဝန်ဆောင်မှုဆောင်ရွက်ရန် လျှောက်ထားလိုသည့်ကုမ္ပဏီများသည် အောက်တိုဘာ ၂၁ ရက်မှ ၃၀ ရက်အထိ တင်ဒါလျှောက်လွှာများကို သတင်းအချက်အလက်နှင့်နည်းပညာဌာနတွင် ထုတ်ယူနိုင်မည် ဖြစ်သည်။

ပြည်တွင်းတွင် လက်ရှိဝန်ဆောင်မှုပေးနေသော အင်တာနက်လိုင်းများမှာ ဖိုက်ဘာအင်တာနက်လိုင်း၊ADSL အင်တာနက်လိုင်း၊ Dial-up၊ E1၊ မိုဘိုင်းအင်တာနက်နှင့် ဝေးလံခေါင်းပါးသည့်နေရာများတွင် အသုံးပြုသည့် ဂြိုဟ်တုအင်တာနက်လိုင်းများဖြစ်သည်။

ယင်းသို့ Wifi အင်တာနက်လိုင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြန့်ကျက်မည်ဆိုပါက အချိန်ကာလ အနည်းငယ်ကြာမြင့်နိုင်သောကြောင့် လူဦးရေထူထပ်သည့်နေရာများကို ဦးစားပေးကာ အဆင့်လိုက် တိုးချဲ့သွားမည်ဟုလည်း ဦးရဲနိုင်မိုးကဆိုသည်။

ဦးရဲနိုင်မိုးက “တစ်နိုင်ငံလုံး ၀ိုင်ဖိုင်အင်တာနက်ဝန်ဆောင်မှုရရှိဖို့က အချိန်ကာလတစ်ခုအထိ တော်တော် ကြာနိုင်တယ်။ နောက်အကျိုးတူပူးပေါင်းလုပ်ကိုင်ရမှာဆိုတော့ ရင်းနှီးမြှုပ်နှံမှုကများတယ်။ အရင်ဆုံး လူဦးရေထူထပ်တဲ့နေရာတွေမှာ အရင်လုပ်မယ်။ ပြီးရင် တိုင်းပြည်ရဲ့ နေရာအနှံ့မှာ ရရှိအောင်ထပ်မံလုပ် ဆောင်သွားမယ်”ဟု ပြောသည်။

ပြည်တွင်းတွင် wireless အင်တာနက် ၀န်ဆောင်မှုပေးနေသော Red link ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးရှိန်းသူ အောင်က “နယ်တွေမှာလည်း လူဦးရေအများစုရှိတဲ့ Library လိုနေရာမျိုး၊ လူစည်တဲ့နေရာမျိုးတွေမှာ Wifi အသုံးပြုခွင့်ရအောင် လုပ်ရင်ကောင်းတာပေါ့။ ဒါပေမဲ့ နောက်ပိုင်းမှာ လူဦးရေ ၇၀၊ ၈၀ ရာခိုင်နှုန်း လောက်ကတော့ မိုဘိုင်းအင်တာနက်အသုံးပြုမှုပဲ ရှိလာနိုင်ပါတယ်”ဟု ဆိုသည်။

ပြည်တွင်းတွင် အင်တာနက်အသုံးပြုသူမှာ ၁၃ သိန်းခန့်ရှိပြီး မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုသည့် ဦးရေမှာ ၁၁ သိန်းခန့်ရှိသည်ဟု ပြီးခဲ့သည့်စက်တင်ဘာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြောကြားထားသည်။

ချိုကို
Mizzima - News in Burmese

နေရာအချို့တွင် GSM/WCDMA ဖုန်းများ လိုင်းပြတ်တောက်မှု ဖြစ်နိုင်ကြောင်း သတိပေးချက် ထုတ်ပြန်

Posted by drmyochit Wednesday, October 23, 2013, under | No comments



ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိဘပြည်သူများ အဆင်ပြေချောမွေ့စေရန် အတွက် မိုဘိုင်းတယ်လီဖုန်းစနစ်များ အဆင့်ဆင့်တိုးချဲ့ မြှင့်တင်လျက်ရှိရာ ယခုအခါတွင် လုပ်ငန်းလိုအပ်ချက်အရ နေပြည်တော် (တောင်ပိုင်း)၊ ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့တွင် ပင်မလိုင်း များ ပြောင်းလဲချိတ်ဆက်ရန် စီမံလျက် ရှိသည်။

ထိုသို့ပြုလုပ်ခြင်းကြောင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နှင့် အနီးတစ်ဝိုက်တွင် ၂၃-၁၀-၂၀၁၃ ရက် နံနက် ၂ နာရီတွင်လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကယား ပြည်နယ်၊ ရှမ်းပြည်နယ် (အ ရှေ့ပိုင်း) တာချီလိတ်မြို့နှင့် အနီးတစ်ဝိုက်တို့တွင် ၂၆-၁၀-၂၀၁၃ ရက် နံနက် ၂ နာရီတွင် လည်းကောင်း၊ နေပြည်တော် (တောင်ပိုင်း)တွင် ၂၈-၁၀-၂၀၁၃ ရက်နှင့် ၃၀-၁၀-၂၀၁၃ ရက် နံနက် ၂ နာရီတွင် လည်း ကောင်း စုစုပေါင်း ၁၀ မိနစ်ခန့်စီ GSM/WCDMA မိုဘိုင်းတယ်လီဖုန်းများ ဆက်သွယ်မှု ယာယီပြတ် တောက်မည်ဖြစ်ပါကြောင်း လေးစားစွာဖြင့် မိဘပြည်သူများအား အသိပေးတင်ပြအပ်ပါ ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှအသိပေးချက်ထုတ်ပြန်သည်။

Popular Myanmar News Journal

ဂျပန်လူငယ်တွေ လိင်ဆက်ဆံမှု မရှိကြတော့တာ ဘာကြောင့်လဲ

Posted by drmyochit Wednesday, October 23, 2013, under | No comments



အသက် ၄၀ အောက် ဂျပန် အမျိုးသမီး၊ အမျိုးသားတို့ လိင်စိတ် ကုန်ခမ်းနေပြီ သို့မဟုတ် စိတ်မ၀င်စားကြတော့ဘူး တဲ့။

ဒါကတော့ ဂါးဒီးယန်း အွန်လိုင်းမှာ ရေးထားတဲ့ ဆောင်းပါး ကောက်နုတ်ချက်ပါ။

ဂျပန်လူငယ်တွေ လိင်ဆက်ဆံခြင်း မရှိတော့တာ ဘာကြောင့်များလဲ Why have young people in Japan stopped having sex? လို့ ဆောင်းပါးကို ခေါင်းစည်းပေးထားပါတယ်။

ဆောင်းပါးရဲ့ အဆိုအရ ... အသည်းကွဲလို့မဟုတ်ပေမယ့် အချစ်ကို နောက်ဆုံး ဦးစားပေးအဆင့်မှာတောင် မထားတော့တဲ့သဘော ဖြစ်လာကြသူတွေ ရှိနေပါပြီ။
Ai Aoyama ဆိုတဲ့ လိင်ပိုင်းဆိုင်ရာ ချစ်မှုရေးရာ ပြဿနာတွေကို ကုထုံးရှာပေးသူက သူ့ဆီ ရောက်လာတဲ့ ကိုကိုမောင်မောင်တွေရော မမမီးမီးတွေပါ အချစ်ရဲ့ အရေးပါပုံကို မသိကြတော့ဘူး၊
ထိတွေ့ရင်းနှီးမှုဆိုတာဟာလည်း ခဲရာခဲဆစ်ဖြစ်လာကြတယ် တဲ့။

ဆောင်းပါးမှာ ဒီပညာရှင်ရဲ့ ပြောစကား အတော်များများကို ကိုးကားထားတာပါ။
ဒါ့အပြင် စစ်တမ်းတချို့ကိုလည်း ကိုးကားပါတယ်။

ဂငယ်တွေ ဒီလိုဖြစ်နေပြီလား။
အာဒမ်နဲ့ ဧဝတို့ လက်ထက်ကတည်းက ဆောင်ရွက်ခဲ့ကြတဲ့ အရေးကြီးတဲ့အစဉ်အလာကို သူတို့ တကယ်ပဲ ရပ်တန့်လိုက်ပြီလား။
ဆောင်းပါးမှာ ရေးထားသလို (ရာခိုင်နှုန်း နည်းပေမယ့်) လူငယ်တချို့က သဘာဝကို ကလန်ကဆန် လုပ်နေပြီလား။

မီဒီယာမှာ ဖတ်ရ တွေ့ရသမျှကိုလည်း အရမ်းကာရော ယုံလို့ မဖြစ်ဘူး။
ဒီဆောင်းပါးက စစ်တမ်းတချို့ကို ကိုးကားထားတယ် ဆိုပေမယ့် စစ်တမ်းတွေကလည်း ပေါက်ကရအဖြေတွေ ထွက်တတ်တာကိုလည်း သတိချပ်ရပါမယ်။
ဂျပန်မှာလည်း ရွှေတွေ အများကြီးရှိတာပဲ။
ကြုံကြိုက်တဲ့အခါ ဒီအကြောင်း လှမ်းမေးကြည့်သင့်ပါတယ်။

ဂျပန်ကလာတဲ့သတင်းတွေထဲမှာ တချို့က တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဥပမာ ဂျပန်ပြည်က ကိုရီးယားများ http://blog.irrawaddy.org/2013/08/blog-post_29.html ဖြစ်ပါတယ် - ဆောင်းပါးအကြောင်း ဆက်ရရင် - ဂျပန်မှာ အိမ်ထောင်သားမွေးကိစ္စကို ရှောင်ရှားလိုတာဟာ စားဝတ်နေရေးအတွက် စရိတ် ကြီး၊ ကလေးပြုစုပျိုးထောင်ရတာလည်း စရိတ်ကြီးတာနဲ့ တခြားအချက် အများအပြားရှိကြောင်း ဆောင်းပါးမှာ ရေးထားပါတယ်။

ဂျပန် ဆိုရိုးစကားတခုကလည်း "အိမ်ထောင်ပြုခြင်းဟာ အမျိုးသမီးတယောက်ရဲ့ ဂူသင်္ချိုင်းဖြစ်တယ်" လို့ ဆိုထားပါတယ်။
အမျိုးသမီးဝန်ထမ်းတယောက် အိမ်ထောင်ပြုလိုက်ရင် ရာထူးမတိုးတော့ဘူး၊ မကြာခင် ဗိုက်ကြီးတော့မယ်လို့ အလုပ်ရှင်တွေက ယူဆတယ်၊ ကလေးရပြီ
ဆိုရင် ကလေးနဲ့အလုပ်ကြား စီမံခန့်ခွဲရေးလုပ်ဆောင်ရတာ မလွယ်တော့ဘူး။ ဒါနဲ့ပဲ အိမ်ထောင်ရှင်မဘ၀ ပြန်ရောက်၊ မီးဖိုဆောင်ကို ပြန်စိုးမိုးတဲ့ဘဝ
ပြန်ရောက်တယ်၊ ကိုယ်ပိုင် ၀င်ငွေလည်း မရှိတော့ဘူး။
ဂျပန်အမျိုးသမီးတွေထဲက ၇၀ ရာခိုင်နှုန်းဟာ ပထမကလေး ရပြီးတိုင်း အလုပ်ထွက်ကြတယ် တဲ့။

ဒါဆိုရင် အလုပ်ခေါ်စာတွေဟာ သူတို့ဆီမှာလည်း မြန်မာပြည်နဲ့ တူမယ် ထင်ပါတယ်၊ ၀န်ထမ်းအလိုရှိသည်၊ အမျိုးသမီး ဖြစ်ရမည်၊ အိမ်ထောင်မရှိသူ ဖြစ်ရမည် စသဖြင့်။

အစိုးရထုတ်ပြန်ချက်စာရင်းတွေအရ ဆိုရင် ဒီနှစ်ဟာ ခါတိုင်းနှစ်တွေထက် ကလေးမွေးနှုန်း ကျဆင်းနေတယ် တဲ့။
အိမ်ထောင်ပြုနှုန်း နည်းလာ၊ ပြုပြန်ရင်လည်း သားဆက် လုံးဝ ဖြတ်တောက်ထားတဲ့သဘောပေါ့။
အစိုးရ လူဦးရေ ဌာနရဲ့ အဆိုအရ ကနေ့ခေတ် အသက် ၂၀ ကျော် ဂျပန်အမျိုးသမီးတွေထဲက လေးပုံတပုံဟာ ဘယ်တော့မှ အိမ်ထောင်မပြုတော့ဘူး လို့
သဘောထားပေးကြတယ်၊ အိမ်ထောင်ပြုမယ် ဆိုရင်တောင် ကလေးမယူဘူးကွ ဆိုတဲ့ ရာခိုင်နှုန်းက ၄၀ ရာခိုင်နှုန်းနီးနီး ရှိပါသတဲ့။

အဲ ... ဒီဆောင်းပါးရဲ့ ဆိုလိုရင်းက အိမ်ထောင်သားမွေးခြင်း မဟုတ်ပါဘူး၊ လိင်စိတ် ကင်းမဲ့လာခြင်းပါ။

အသက် ၄၀ အောက် ဂျပန် အမျိုးသမီး၊ အမျိုးသားတို့ လိင်စိတ် ကုန်ခမ်းနေပြီ သို့မဟုတ် စိတ်မ၀င်စားကြတော့ဘူး ဆိုတော့ ၄၀ အထက် ဂျပန်တွေကရော ဘယ်လိုလဲ။
ဒီအကြောင်းတော့ ထည့်ရေးမထားပါဘူး။ ဒီဆောင်းပါးက ၄၀ အောက် များအကြောင်းကိုပဲ သီးသန့် စုံစမ်းထောက်လှမ်း ရေးသားခဲ့ဟန်တူပါရဲ့။

လိင်စိတ် သားစိတ် အိမ်ထောင်ပြုလိုစိတ် မရှိတဲ့၊ ရည်းစားတောင် မထားချင်တဲ့ အရေအတွက်ဟာ ခေတ်လူငယ်တွေကြားထဲ အတွေ့ရများလာပါပြီ တဲ့။

Emi Kuwahata ဆိုတဲ့ ၂၃ နှစ်အရွယ် ကလေးမက သူ့ထက် ၁၃ နှစ် အသက်ကြီးတဲ့သူတယောက်နဲ့ အဆက်အဆံ ရှိပါတယ်၊ သို့သော်လည်း တပတ်တကြိမ် ကလပ်သွားဖို့ပါ ဆိုပဲ။

ပုံမှန် ရည်းစားတယောက်လောက်ထားဖို့ အချိန်မပေးနိုင်ဘူး လို့ ဖက်ရှင်ဒီဇိုင်နာဖြစ်လိုတဲ့ အဲဒီ သူငယ်မက ဆိုတယ်။
သူ့သူငယ်ချင်း Eri Asada ဆိုတဲ့ ၂၂ နှစ်အရွက် ကလေးမကလည်း စုံတွဲခုတ်တဲ့ကိစ္စ စွန့်လွှတ်ခဲ့တာ သုံးနှစ်သုံးမိုး ရှိပါပြီ တဲ့။
ဘဲအဟောင်းတွေရော လိင်မှုရေးရာတွေကိုပါ တမ်းတမနေပါဘူး၊ ခုဆိုရင် လက်ကလေးကိုဆုတ်ကိုင်ချင်တယ် ဆိုတာမျိုးတောင် မကြိုက်ချင်တော့ဘူး ဆိုပဲ။

အာသဝေါကင်းသလိုလို ဖြစ်လာကြတာဟာ စမတ်ဖုန်းလိုပစ္စည်းမျိုးတွေကို ရူးသွပ်မှုကြောင့်များလား။
ဒါလည်း တစိတ်တပိုင်း သက်ဆိုင်သလို ဆောင်းပါးနောက်ဆုံးပိုင်းမှာ ရေးထားတာ တွေ့ရမှာပါ။

အင်တာနက်သုံးပြီး လူမှုကွန်ရက်ထဲက မိတ်ဆွေများနဲ့ ထွေရာလေးပါးပြောတာကို ပိုမို အချိန်ပေးလာ၊ နှစ်သက်လာနေကြပါတယ်။
စမတ်ဖုန်းရဲ့ ထိတွေ့မျက်နှာပြင်ကိုလည်း ပွတ်သပ်၊ ကိုယ့်ချစ်သူကိုလည်း ပွတ်သပ်သင့်တယ် မဟုတ်ဘူးလား။

တကယ်ပဲ ၄၀ အောက်တွေထဲက တချို့ဟာ ဧကစာရီကျင့်ကြပြီလား ဆိုတာကို
ဂျပန်ရောက် ရွှေတွေကို လှမ်းမေးကြည့်ဖို့ လိုမယ်လို့ ထင်ပါတယ်။

ဧရာဝတီblog

အထည်ချုပ်စက်ရုံ အလုပ်သမ တစ်ဦးကို အသက် ၆၀ အရွယ် အမျိုးသားကြီးက အဓမ္မပြုကျင့်

Posted by drmyochit Wednesday, October 23, 2013, under | No comments


အသက် ၆၀ အမျိုးသားကြီးက အဓမ္မပြုကျင့်လိုက်သည်ဟု ၂၄ နှစ်အရွယ် အထည်ချုပ်စက်ရုံ အလုပ်သမ အမျိုးသမီးငယ်၏ အမှုဖွင့်တိုင်တန်းမှုကို တောင်ဥက္ကလာရဲစခန်းက အောက်တိုဘာ ၂၁ တွင် အမှုဖွင့် ဆောင်ရွက်နေသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဆိုသည်။

အဆိုပါ အမှုကို တောင်ဥက္ကလာပမြို့နယ်နေ အတည်ချုပ်စက်ရုံအလုပ်သမက တိုင်းထားခြင်းဖြစ်သည် ဟုလည်း ရဲတပ်ဖွဲ့က ဆိုထားသည်။

သူမသည် ယင်းနေ့ မွန်းလွဲ ၃ နာရီက အထည်ချုပ်စက်ရုံရှေ့တွင်ရှိနေစဉ် တောင်ဥက္ကလာမြို့နယ်တွင် နေထိုင်သူ ယခင်က သိကျွမ်းသူ အမျိုးသားကြီးက “နင့်သူငယ်ချင်း ငါ့အိမ်ရောက်နေတယ်။ အိမ်မပြန်ရဲ လို့ လာခေါ်ပြီး ပြန်ပို့ပေးရန်နှင့် စီမံကိန်း (၂)ဈေးထိပ်ကို စက်ဘီးနဲ့လာခေါ်မယ်”ဟု ဖုန်းဆက်ချိန်းဆိုခဲ့ သည်ဟု ရဲအားတိုင်တန်းထွက်ဆိုထားသည်။

ထို့ကြောင့် သွားရောက်ခဲ့ပြီး အဆိုပါ အမျိုးသားကြီးနှင့်အတူ ၎င်း၏နေအိမ်သို့ လိုက်ပါသွားခဲ့သည်ဟု လည်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့နောက် သူငယ်ချင်းဖြစ်သူမှာ နောက်ဖေးမီးဖိုခန်းတွင် ထမင်းစားနေကြောင်း ပြောသဖြင့် သွားကြည့်ခဲ့ သော်လည်းမတွေ့သဖြင့် ပြန်ထွက်လာခဲ့သည်ဟုလည်း တရားလိုက ဆိုထားသည်။

ဘုရားခန်းအနီးအရောက်တွင် အဆိုပါအမျိုးသားကြီးက “နင်လိုချင်တာ အကုန်ဝယ်ပေးမယ်၊ ငါလုပ် တာခံ” ဟု ပြောကာ ကုတင်ပေါ်သို့ တွန်းလှဲပြီး မဖွယ်မရာ ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။

အခင်းဖြစ်အချိန်တွင် သူမ၏ပါးစပ်အတွင်းသို့ အ၀တ်စထိုးထည့်ထားပြီး ရုန်းကန်မရ ဖြစ်နေစဉ်မှာပင် သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်သည်ဟုလည်း တရားလိုအမျိုးသမီးက ရဲထံတွင် ထွက်ဆိုထားသည်။

အဆိုပါ တိုင်တန်းမှုကို ရဲစခန်းက (ပ) ၃၉၁/၂၀၁၃ ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲတိုင်တန်းခံထားရသူအား ဖမ်းဆီးရမိရေး လုပ်ဆောင်နေပြီး ပြစ်မှုကျူးလွန်ကြောင်း မှန်ကန်ပါက ပုဒ်မ ၃၇၆ ဖြင့် တရားစွဲတင် မည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးကလည်းဆိုထားသည်။

အလားတူ ယင်းနေ့တစ်နေ့တည်းမှာ ပင် ဥာဏ်ရည်မမီသူ အမျိုးသမီးကြီးတစ်ဦးကို အသက် (၄၈)နှစ် အရွယ် အမျိုးသားကြီးတစ်ဦးက နေအိမ်ထဲ ၀င်ရောက်ပြီး သားမယားပြုကျင့်ခဲ့သည်ဟုဆိုကာ အမှုဖွင့် တိုင်တန်းမှုတစ်ခုကို သာကေတနယ်မြေရဲစခန်းက (ပ)၇၅၀/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး ပုဒ်မ ၃၇၆ ဖြင့် တရား စွဲရန် တိုင်တန်းခံရသူအား ဖမ်းဆီးစစ်ဆေးနေသည်ဟု တိုင်းရဲဌာနက ဆိုသည်။

Mizzima - News in Burmese

" အာကာသထဲမှာ လိင်ဆက်ဆံခြင်း ဖြစ်နိုင်/မဖြစ်နိုင်ကို ၂၀၁၈ တွင် သုတေသန ပြုလုပ်မည်ဟုဆို( Sex in Space)"

Posted by drmyochit Wednesday, October 23, 2013, under | No comments


အာကာသထဲမှာ လိင်ဆက်ဆံဖို့ ဆိုတာ ဆီနဲ့ရေ၊ မီးခြစ်နဲ့ ဓာတ်ဆီလိုပဲ အတူ မထားသင့်တဲ့ အရာတွေ၊ လုံခြုံစိတ်ချမှု မရှိ တဲ့အရာလို့ ကျွမ်းကျင်သူ တွေက ဆိုပါတယ်။

အာကာသ ထဲမှာ လိင်ဆက်ဆံဖို့ ဆိုတာ ဆီနဲ့ရေ၊ မီးခြစ်နဲ့ ဓာတ်ဆီလိုပဲ အတူ မထားသင့်တဲ့ အရာတွေလို့ ကျွမ်းကျင်သူ တွေက ဆိုပါတယ်။ SPACE.com ကလာတဲ့ သတင်းအရ NASA ကအရာရှိတွေက သူတို့ အာကာသ ယာဉ်မှုးတွေ ကြားထဲမှာ ဒီလို ဆက်ဆံတာမျိုး မဖြစ်ပေါ် ခဲ့ဖူးပါဘူး ဆိုတာကို လက်ခံခဲ့ ကြပါတယ်။ ဒါပေမယ့် Inspiration Mars Foundation က၂၀၁၈ ခုနှစ်မှာ လက်ထပ်ပြီး စုံတွဲတစ်တွဲကို Mars ကို ၅၀၁ရက်ကြာ mission တစ်ခုအတွက် ပို့မယ် ဆိုတဲ့ လတ်တလော ထုတ်ပြန်ချက် တစ်ခုက ပထမဆုံး အာကာသမှာ လိင်ဆက်ဆံခြင်း ဖြစ်လာ နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီလိင်ဆက်ဆံခြင်းက စိတ်ချ ရပါ့မလား။ University of Massachusetts ရဲ့ Medical School က biologist တစ်ယောက် ဖြစ်တဲ့ Athena Andreadis ကဆွဲငင်အား မရှိတဲ့ zero gravity မှာလိင်ဆက်ဆံဖို့ ဆိုတာ အရမ်းခက်ခဲ ပါတယ်။ သင့်မှာ ဆွဲငင်အားလည်း မရှိဘဲ နံရံကို ဆန့်ကျင်ပြီး တွန်းတိုက် နေမှာပါ။ ပွတ်တိုက်အား မရှိသလို ခံနိုင်အားလည်း မရှိတာ ကြောင့်ပါလို့ ဆိုပါတယ်။ ဒီလို သဘာဝကို ဆန့်ကျင်တဲ့ အခက်အခဲ တွေကြောင့် ကိစ္စပြီးမြောက်ဖို့ ခက်ခဲတဲ့ အပြင် ဒီအာကာသ ထဲမှာ ကလေးမွေးဖို့ ဆိုတာ ကလည်း အင်မတန်ကို အန္တရာယ် များတဲ့ အလုပ်ပါလို့ ပြောပါတယ်။


ဒီလို ဆွဲငင်အား နည်းတဲ့၊ မရှိသလောက် အခြေအနေ မျိုးမှာ ကလေးက သားအိမ်ပြင်ပမှာ သားတည်တာမျိုး (Ectopic pregnancy) လိုအန္တရာယ် များတဲ့ အဖြစ်အပျက်တွေ ဖြစ်နိုင်ချေ ရှိပါတယ်။ ပြီးတော့ ကမ္ဘာ့လေထုရဲ့ အကာအကွယ် မရှိတာကြောင့် ဓာတ်ရောင်ခြည် သင့်တာတွေက ကလေးတွေမှာ အထိအခိုက် အဖိတ်အစဉ် ဖြစ်ဖို့ ရာခိုင်နှုန်း ပိုများပါတယ်လို့ "Sex in Space" စာအုပ်ကို ရေးသားခဲ့တဲ့ Laura Woodmansee ကဆိုပါတယ်။ သူမက ဒီစာအုပ်ကို Sally Ride နဲ့ Shannon Lucid တို့ကို အမျိုးသမီး အာကာသ ယာဉ်မှုးတွေ တွေ့ကြုံရတဲ့ အခက်အခဲတွေကို အင်တာဗျူး ပြီးနောက်မှာ ရေးဖြစ် ခဲ့တာပါ။ သူမက လူသားတွေရဲ့ အာကာသကို လေ့လာစူးစမ်းမှု နောက်တစ်ဆင့် ကဘာဖြစ်မလဲ ဆိုတာ သိချင်နေ ပါတယ်။ အဲ့ကတည်းက အာကာသကို လေ့လာနေတဲ့ ဘယ်အဖွဲ့အစည်း မဆို ကမ္ဘာဂြိုဟ်ရဲ့ ပြင်ပက မျိုးပွား ဆက်ဆံမှုတွေ အကြောင်းကို တိုင်ပင် လေ့လာ သင့်တယ်လို့ ခံစားမိပါတယ်။ ရိုးရိုးလေး ပါပဲ။ တခြားနေရာကို မ၀င်ရောက်ခင် ဘာတွေ ဖြစ်မလဲ ဆိုတာကို သေချာ သိသင့်ပါတယ်။ ဒီအကျိုးဆက်က ကျွန်မတို့ တင်မက နောက်မျိုးဆက်တွေ ပေါ်မှာပါ သက်ရောက်မှုတွေ ရှိနိုင်တာ ကြောင့်ပါလို့ သူမက ထပ်ပြောပါတယ်။


Source - Live Science, Images from Gizmodo, iowntheworld
mymclub

လစ်ဗျားမှ လုပ်ကြံမှုများ၏ တရာခံဟု ယူဆရသူများကို ဖမ်းမိ

Posted by drmyochit Wednesday, October 23, 2013, under | No comments


အောက်တိုဘာ ၂၃။

လစ်ဗျားခေါင်းဆောင်ဟောင်း ဂဒါဖီ၏လူများလည်းဖြစ် အကြမ်းဖက်သမားများဟုလည်း ယူဆရသူ ၁၀ဦးခန့်ကို လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့ အရှေ့ပိုင်းတွင် အောက်တိုဘာ ၂၁ရက်ညက ဖမ်းဆီးလိုက်ကြောင်း လုံခြုံရေး တပ်ဖွဲ့မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက တရားဝင် ပြောကြားခဲ့သည်။

အဖမ်းခံသူများအနက် ချက်ဒ်နိုင်ငံသား သုံးဦးပါဝင်ပြီး လွန်ခဲ့သော လများက ဖြစ်ပွားခဲ့သော လုပ်ကြံမှုများနှင့် ပတ်သတ်ခဲ့ကြောင်း ၀န်ခံထားသည်။ လုပ်ကြံမှုများမှာ စစ်တပ်အရာရှိများ၊ နိုင်ငံခြားသားများနှင့် လှုပ်ရှားတက်ကြွသူများကို ပစ်မှတ်ထားခဲ့ပြီး သားကောင်များ၏ ကားများတွင် ဖောက်ခွဲရေး ပစ္စည်းများ ထည့်ခြင်း၊ ကားဗုံးထောင်ခြင်းများ ပြုလုပ်ခဲ့ ကြောင်း အစစ်ဆေးခံခဲ့သည်။

အဖမ်းခံရသူများသည် ယင်းလုပ်ကြံမှုများကို အကြမ်းဖက်အဖွဲ့ငယ် တစ်ဖွဲ့အဖြစ် စုစည်းကာ လှုပ်ရှားခဲ့ခြင်းဖြစ်သည်။

ဘန်ဂါဇီမြို့သည် လစ်ဗျားနိုင်ငံ၏ အရှေ့မြောက်ပိုင်းတွင် တည်ရှိပြီး ဂဒါဖီအစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများ စတင်မွေးဖွားရာ အရပ် ဖြစ်သည်။ လွန်ခဲ့သော လများကမူ ယခင်ကာလများထက် အကြမ်းဖက်မှုများ ပိုမို မြင့်တက် လာခဲ့သည်။ အထူးသဖြင့် ၂၀၁၂ခုနှစ် အောက်တာဘာလ အတွင်းက အမေရိကန် သံအမတ်နှင့် အခြားသုံးဦး သေဆုံးစေခဲ့သော တိုက်ခိုက်မှု နောက်ပိုင်းတွင် လုပ်ကြံတိုက်ခိုက်မှုများ တဖြည်းဖြည်း မြင့်တက်လာခဲ့သော မြို့ဖြစ်သည်။

Ref; Xinhua
From: The Myanma Age

"ရင်နင့်ဖွယ် မိဘနှစ်ပါးကိုတရားပြန်စွဲတဲ့ လင်ယူမှားတဲ့သမီးမိုက်"

Posted by drmyochit Wednesday, October 23, 2013, under | No comments

ဓာတ်ပုံကိုကြည့်လိုက်ပါ။ ရွှေမြန်မာစစ်စစ်တွေပါ။ မိဘနှစ်ပါးက ဆားတောင်မြို့နယ် ဇာတိဖွားတွေပါ။ လက်ရှိတော့ မဟာမြိုင် အပိုင်း (၁) ဒ-၉/၄၂။ ကန်ပတ်လည်ကျောင်းတောင်းဘက်မှာ နေပါတယ်။ ဦးအောင်သန်း ဒေါ်ခင်မြင့်သန်း လို့ခေါ်ပါတယ်။
သမီးဖြစ်သူက ဇင်မာအောင် (၂၃)နှစ် (တရုတ်၊ အင်္ဂလိပ်၊ ကွန်ပျူတာ သုံးဘာသာ) ကျွမ်းကျင်သူ ဘွဲ့ရ ပညာတတ်တစ်ယောက်ပါ။ ပုံပါအတိုင်း မိဘနှစ်ပါးက တစ်ဦးတည်းသော သမီးလေးအတွက် ဂုဏ်ယူဝင့်ကြွားနေတာပေါ့။

ဒါပေမယ့် သမီးဖြစ်သူက အိမ်ထောင်သည် ကလေးများဖခင် မူဆလင်ကုလား (၄၁)နှစ်နဲ့ ပတ်သက်နေလို့ မိဘနှစ်ပါးက သတိပေးထားခဲ့ပါတယ်။ မိဘနှစ်ပါးကို အလိမ္မာသုံးပြီး ဟန်ဆောင်ပြတ်စဲ သယောင်လုပ်ကာ အလစ်မှာ ခိုးရာလိုက်ပြေး ပါတော့တယ်။

ခိုးရာလိုက်သွားတာက ပြဿနာမဟုတ်ဘူးလို့ပဲ ယူဆသူတွေ ယူဆကြပါစေဦး။ မြေအရောင်း အဝယ်စာချုပ်ကိုပါ သမီးဖြစ်သူက ယူသွားတာပါ။ ယူပြီး သူ့နာမည်ပြောင်းပစ်လိုက်ပါတယ်။ မိဘနှစ်ပါးကို တရားစွဲလိုက်ပါတယ်။ ခရိုင်ရုံးမှာ စတင်စစ်ဆေးတာပါ။ ရပ်ကွက်လူကြီးကလည်း မိဘနှစ်ပါး စာချုပ်မှာ သက်သေလက်မှတ် ထိုးခဲ့ကြောင်း ထွက်ဆိုပေးပါတယ်။ မြေရောင်းသူကလည်း မိဘနှစ်ပါးကိုသာ ရောင်းခဲ့ကြောင်း သက်သေထူခဲ့ပါတယ်။

မဇင်မာအောင်က တရားစွဲတဲ့နေ့ တစ်ရက်တည်းပဲ ရုံးတက်ပြီး၊ ကျန်ရုံးချိန်းတွေမှာ ကုလားနဲ့ အပေါင်းပါ ကုလားအုပ်တွေပဲတက်ပါတယ်။

မိဘနှစ်ပါးက ရှေ့နေမငှားနိုင်ပါဘူး။ အဲ့ဒီတော့ ခရိုင်တရားရုံးမှာ မိဘနှစ်ပါး အမှုရှုံးသွားတာပေါ့။
သမီးလည်းဆုံး၊ မြေလည်းရှုံးခဲ့ရတဲ့ မိဘနှစ်ပါးခမျာ ခုချိန်ထိ ချစ်သမီးလေးမျက်နှာကို မြင်ခွင့်မရတော့ ပါဘူး။ ဘယ်မှာနေတယ်၊ ဘယ်လိုနေတယ်ဆိုတာကိုတောင် သိခွင့်မရလို့ တမ်းတမ်းတတ ဖြစ်နေရှာပါတယ်။ သမီးလေးကလည်း မွေးရကျိုး နပ်လောက်အောင် ကျေးဇူးလည်းသိ၊ လိမ္မာရေးခြားလည်းရှိခဲ့တာကိုး။

ဝိညာဉ်မဲ့ဘိ၊ စိတ်ရှိသတ္တဝါ၊ မဟုတ်စွာသေး၊ တမာဂွေးတောက်၊ မြစ်ရှောက်ရောယှက်၊ တူနှောဖက်၍ သရက်ချိုမြ၊ ဗန္တရလည်း၊ ကွယ်ပအပြီး၊ အခါးသီး၏။ မနီးစကောင်း၊ မပေါင်းစထိုက်၊ သူမိုက်ဟူသည်၊ ကျင့်မူနှီဲးနှော၊ ဖျက်တတ်သောကြောင့်၊ သဘောမကြည၊် ဆိပ်မျိုးရည်နှင့်၊ မြားကျည်ငါးပုပ်ပမာတည်း။
(ဒဓိဝါဟနဇာတ်) (မဃဒေဝ- ၂၃၇) (ကုလားဘယ်သူဆိုတာ၊ ဘယ်လိုအမှုဆင်ကြတယ်ဆိုတာ၊ ဘယ်လိုထွက်ဆိုကြတယ်ဆိုတာတွေ တင်ပေးပါမယ်။ အိမ်ဖယ်ပေးရတော့မယ့် မိဘနှစ်ပါး အနာဂတ် အတွက် တိုင်းတရားရုံးကိုအယူခံဝင်ဖို့ ပြင်ဆင်နေပါတယ်။)

အွန်လိုင်းပရိသတ်များ ကျန်းမာ၊ ချမ်းသာ၊ ဘေးရန်ကွာ၍ သရက်ချိုကို မခါးအောင်ကာကွယ်နိုင်ကြပါစေ။
ဦးပဉ္စင်းဝီရသူ(မစိုးရိမ်)
စုံစမ်းရန်- 09.2027028 မှတဆင့်ကူးယူဖော်ပြသည်။

ထိုသို့သော သမီးမိုက်မျိုး မဖြစ်ရလေအောင် အထူးရှောင်ကြဉ်ကြပါလို့ မေတ္တာရပ်ခံအပ်ပါသည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများ တစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

ကမ္ဘာ့အကြီးဆုံး အဆောက်အအုံ New Century Global Center

Posted by drmyochit Wednesday, October 23, 2013, under | No comments

ကမ္ဘာ့အကြီးဆုံး အဆောက်အအုံဟု တရားဝင် သတ်မှတ်နိုင်သည့် New Centruy Global Centerကို တရုတ်နိုင်ငံ၊ ချန်ဒူမြို့တွင် ယခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့

ကောင်းကင်တွင် နေဝန်းကြီးက ထိန်လင်းလျှက် ရှိသည်။ ပြန့်ပြူးနေသည့် သောင်ပြင်လေးသို့ လှိုင်းကြက်ခွပ်လေးများက လာရောက် ရိုက်ခတ်နေပြန်သည်။ ယင်းမြင်ကွင်းသည် မထူးခြားလှသည့် သဘာဝ သွင်ပြင် တစ်ရပ်ဟု ဆိုရမည် ဖြစ်သည်။ သို့သော် ထူးခြားနေသည့် အချက်က အဆိုပါ မြင်ကွင်းအားလုံးသည် အဆောက်အအုံ တစ်ခုထဲတွင် ထည့်သွင်းထားခြင်းဖြစ်ပြီး နေဝန်းကြီးရော၊ သောင်ပြင်ပါ လူသားတို့ ဖန်တီးထားသည့် အတုများ ဖြစ်နေခြင်းပင်။

ကမ္ဘာ့အကြီးဆုံး အဆောက်အအုံဟု တရားဝင် သတ်မှတ်နိုင်သည့် New Centruy Global Centerကို တရုတ်နိုင်ငံ၊ ချန်ဒူမြို့တွင် ယခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သည်။ ချန်ဒူသည် တရုတ်နိုင်ငံ၏ စတုတ္ထ အကြီးဆုံး မြို့ကြီးဖြစ်ပြီး New Centruy Global Centerက အာရှဒေသ စီးပွားရေးအင်အားစု နိုင်ငံကြီး၏ တိုးတက် ဖြစ်ထွန်းမှုကို လက်တွေ့ ထင်ဟပ်စေသည့် ပြယုဂ်အဖြစ်လည်း သတ်မှတ်နိုင်မည် ဖြစ်သည်။ အဆိုပါ ဧရာမ အဆောက်အအုံကြီးသည် စတုရန်းမီတာ (၁.၇၆)သန်း ကျယ်ပြန့်ပြီး ကမ္ဘာပေါ်ရှိ အဆောက်အအုံများ အားလုံးတွင် အကျယ်အဝန်း သတ်မှတ်ချက်အရ အကြီးဆုံးအဖြစ် စံချိန်တင်နိုင်ခဲ့သည်။



အဆောက်အအုံကြီး တစ်ခုလုံး၏ အရှည်မှာ ကီလိုမီတာ တစ်ဝက်စာမျှရှိပြီး အကျယ်က မီတာ (၈၀၀) ရှိသည်။ ထို့အပြင် မီတာ(၁၀၀)ထိ မြင့်မားအောင် တည်ဆောက်ထားသည်။ New Centruy Global Center ကို (၂၀၁၀)ပြည့်နှစ်က စတင်ဆောက်လုပ်ပြီး ယခုနှစ်လယ်ပိုင်းတွင် အပြီးသတ်ခဲ့ခြင်း ဖြစ်သည်။ အဆောက် အအုံကြီး ထဲတွင် ရုပ်ရှင်ရုံ (၁၄)ခု ထည့်သွင်းထားသည့် IMAX ရုပ်ရှင်ပြခန်းကြီးတစ်ခု ပါဝင် သည်။ ကြယ်ငါးပွင့် အဆင့်အတန်းရှိ အကောင်းစား ဟိုတယ်ကြီး နှစ်ခုလည်း ပါရှိနေပြီး ရွာတစ်ရွာစာမျှ ကျယ်ပြန့် သည့် ဈေးဝယ်စင်တာကြီး တစ်ခုလည်း ထည့်သွင်း ဆောက်လုပ်ပေးထားသည်။ ယခုအဆောက် အအုံကြီး တည်ဆောက်ရေးတွင် အဓိက ကျခဲ့သည့် Developer တစ်ဦးက New Centruy Global Centerထဲတွင် နာမည်ကျော် ဆစ်ဒနီ ပြဇာတ်ရုံကြီး အခု(၂၀)စာ ထည့်သွင်းထားနိုင်ကြောင်း ခပ်ကြွားကြွား မှတ်ချက်ပြုခဲ့သည်။
"ကျွန်တော်တို့က ဂျပန်က နည်းပညာ တစ်ရပ်ကို အသုံးပြုခဲ့ပါတယ်။ New Centruy Global Centerထဲမှာ နေအတု တစ်ခုလည်းရှိတယ်။ (၂၄)နာရီလုံး လင်းနေမယ့် နေတစ်စင်း ဆိုပါတော့။ အလင်းရောင်ပေးမယ်။ ပြီးတော့ အဆောက်အအုံထဲက လူတွေ အားလုံးအတွက် သက်တောင့်သက်သာ ဖြစ်လောက်မယ့် အပူချိန်မျိုးလည်း ရနေစေရမယ်"ဟု လျူဇွန်းက မှတ်ချက်ပြုခဲ့သည်။ လှိုင်းအတုများ ဖန်တီးထားသည့် ကမ်းခြေတုတွင် နေရောင်က သာယာစွာ ဖြာကျနေသည်။ ယင်းအပန်းဖြေ Resortသည် လူ(၆၀၀၀)စာ ဝင်ဆံ့သည်အထိ ကျယ်ကျယ်ပြောပြော ရှိနေမည် ဖြစ်သည်။ New Centruy Global Centerထဲ ပထမဆုံးအကြိမ် ရောက်ဖူးသူ တစ်ဦးသည် ဝင်ဝင်ချင်း၌ (၁၈)ထပ် ဆောက်လုပ်ထားသည့် စင်္ကြန်များ၌ ဥဒဟို သွားလာနေသူများ၊ အထက်အောက် လွန်းထိုး လှုပ်ရှားနေသည့် ခန့်ခန့်ထည်ထည် စက်လှေကားကြီးများကို ဖန်သားမျက်နှာပြင် အမိုးကြီးအောက်တွင် အံ့ဩဘနန်း တွေ့မြင်ရမည် ဖြစ်သည်။

"ကမ်းခြေတုမှာဆိုရင် ပင်လယ်လေညင်း အတုလေး တိုက်ခတ်နေတာကို ခံစားရလိမ့်မယ်။ အဆိပ်အတောက် လုံးဝမရှိဘဲ သန့်ရှင်းနေတဲ့ လေမျိုးပေါ့"ဟု လျူက ဆိုသည်။ ယင်းကမ်းခြေတု၏ သောင်ပြင်သည် မီတာ(၄၀၀) ရှည်လျားသည်။ ကမ်းခြေတု၏ အဆုံးတစ်ဖက် နံရံတွင် ကမ္ဘာ့အရှည်လျားဆုံး LED Screenကြီးက ပိတ်ကာထားပြီး နံနက်ခင်း တိမ်တိုက်လေးများ၊ ညနေဆည်းဆာချိန်များကို အလျင်းသင့်သလို ပြောင်းလဲပြသနေမည် ဖြစ်ရာ အမှန်တကယ် ကမ်းခြေတစ်ခုသို့ ရောက်ရှိနေသည့် ပုံစံမျိုး ဖန်တီးထားသည်။ ကမ်းခြေသို့ လာရောက်သူသည် နံရံထဲတွင် ထည့်သွင်းမြှုပ်နှံထားပြီး အရောင်အသွေးစုံ ငါးလေးများ ကူးခတ်နေသည့် ဧရာမ ငါးကန်ကြီးကို ဖြတ်ကျော်လာရမည် ဖြစ်သည်။ ထိုမှတစ်ဆင့် ပိုလီနေးရှား လူမျိုးတို့၏ ကျေးရွာလေးသဖွယ် တန်ဆာဆင်ထားပြီး အရှေ့အလယ်ပိုင်း ဒေသမှ ကက်စ်ဘားဟ် တိုက်အိမ်လေးများသဖွယ် အဆောက်အအုံလေးများ ရှိနေသည့် ကမ်းခြေအစပ်သို့ ခြေချခွင့် ရမည်ဖြစ်သည်။

"ဒါက ချန်ဒူ မဟုတ်ဘူး။ မက်ဟမ်တမ်ရှင့်"ဟု တရုတ်နိုင်ငံ၊ ဗြိတိန်ကုန်သွယ်မှုရုံးမှ အကြီးအကဲ ဇူယွမ်က ညွှန်းဆိုခဲ့သည်။ သူမက ချန်ဒူသည် တရုတ်၏ စီးပွားရေး မြို့တော်ဖြစ်သည့် ရှန်ဟိုင်းထက်ပင် ပိုမိုမြန်ဆန်စွာဖြင့် အဆောက်အအုံများကို ဆောက်လုပ်နိုင်ပြီး မြို့ပြ တိုးတက်ဖြစ်ထွန်းမှုတွင် ခြေလှမ်းကျဲကျဲ လှမ်းနေကြောင်းလည်း သုံးသပ်ခဲ့သည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး အဆောက်အအုံကို ပိုင်ဆိုင်ထားပြီးနောက် ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံကို ပိုင်ဆိုင်ရန်လည်း အလှမ်းမဝေးတော့ချေ။ တရုတ်နိုင်ငံသည် ချန်ရှာမြို့တွင် Sky City မိုးပျံတိုက် စီမံကိန်းကို စတင် အကောင်အထည်ဖော် တည်ဆောက်နေပြီ ဖြစ်သည်။ Sky Cityသည် (၂၀၁၄)ခုနှစ်၊ ဇွန်လတွင် အပြီးသတ်နိုင်မည်ဟု ရည်မှန်းထားပြီး အမြင့်(၂၇၄၉)ပေ ရှိမည်ဖြစ်သည်။ ယင်းအဆောက်အအုံ အပြီးသတ်ပါက လက်ရှိ ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံဖြစ်သည့် ဒူဘိုင်းမှ ဘာ့ဂ်ျခါလီဖာထက် ပေ(၃၀) ပိုမြင့်ပြီး စံချိန်သစ် တင်နိုင်မည်ဟု သိရှိရသည်။

From: Planet Myanmar Network

တရုတ်တွင် အွန်လိုင်းမှ ကောလဟာလလွှင့်သူ ငါးဦးကိုဖမ်း

Posted by drmyochit Wednesday, October 23, 2013, under | No comments


အောက်တိုဘာ ၂၃။

တရုတ်နိုင်ငံ ဟန်န်ပြည်နယ်၊ ဟန်ယမ်းမြို့မှ Ge Qiwei နှင့် အပေါင်းအဖော် လေးဦးကို အင်တာနက်တွင် ကောလဟာလ များ လွှင့်သည့်အတွက် အာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာ ဆင်ဟွာ သတင်းဌာနက ကြေညာခဲ့သည်။

Geသည် အဖွဲ့မှ ဦးဆောင်သူ တစ်ဦးဖြစ်ပြီး အဟုတ်မမှန်သော သတင်းများလွှင့်ခြင်း၊ အဆိုးမြင်ဝါဒဖြင့် အချက်အလက်များဖြင့် blackmail များပို့ခြင်းကို ကိုယ်တိုင်သော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသ အားဖြင့်လည်းကောင်း ပါဝင်ပတ်သတ်နေ၍ ယခုကဲ့သို့ ထိန်းသိမ်းခြင်းဟု လည်းဆိုသည်။ Ge အနေဖြင့်မူ စာနယ်ဇင်းသမား တစ်ယောက်ကဲ့သို့ ဝေဖန်ရေး စာမျက်နှာများ၊ သတင်းများကို အင်တာနက်သို့ တင်ခဲ့သူဖြစ်သည်။

တရုတ်တွင် သြဂုတ်လ ကတည်းက ယင်းသို့သော စွပ်စွဲချက်များဖြင့် အထိန်းသိမ်းခံရသူ အများအပြားရှိကြောင်း တရုတ် မီဒီယာနှင့် အခွင့်အရေး အဖွဲ့များက ဆိုသည်။ ဖမ်းဆီးခံရသူအနက် အချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း၊ အချို့မှာမူ အွန်လိုင်း ရာဇ၀တ်မှုများနှင့် ဆက်လက် တရားရင်ဆိုင်နေရဆဲဖြစ်သည်။

Ge ၂၉နှစ်၏ အမည်ရင်းမှာ Zhou Bo ဖြစ်သည်ဟု ဆင်ဟွာကဆိုသည်။ သူသည် သတင်းအချက်အလက်များကို တာဝန်သိစိတ် မရှိဘဲ ဖြန့်ဝေပြီး လူ့အသိုင်းအ၀န်းကို ဆိုးရွားသည့် အကျိုးသက်ရောက်မှုများ ရိုက်ခတ်စေနိုင်သည်ဟု ၀န်ခံရေးသားခဲ့ဖူးသည်။ Ge ၏အလိုအရ  မမှန်သတင်းများလွှင့်သည့် အစိုးရဌာနများအတွက် ယင်းသို့သော ရေးသားချက်သည် ပြည်နယ် ၁၀အထိ ထိရောက်ပျံ့နှံ့ ရိုက်ခတ်ခဲ့သည်။။

ဆင်ဆာတင်းကျပ်သော တရုပ်တို့၏ မီဒီယာအပေါ် ကိုင်တွယ်သည့် လုပ်ရိုးလုပ်စဉ် နည်းလမ်းများ အတိုင်း  အင်တာနက်နှင့် microblogs  များတွင် နိုင်ငံခေါင်းဆောင်များ၏ အကျင့်ပျက် ခြစားမှုများကို ဖော်ပြသူများကို တစ်ခါ တရံတွင် ကောလဟာလ ဖြန့်သူအဖြစ် ဖမ်းဆီးလေ့ရှိသည်။ လေ့လာသုံးသပ်သူများက တရုတ်အရာရှိများ၏ လာဘ်စားမှု၊ ခြစားမှုများကို ကွန်ပြူနစ်ပါတီ အနေဖြင့် ကောင်းမွန်စွာ ကိုင်တွယ်နိုင်စွမ်း မရှိသေးဟု ဆိုကြသည်။

Ref: Reuters
From: The Myanma Age

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်