Friday, October 25, 2013

သစ်ခိုး ထုတ်မှုများကို သွားရောက် ရှင်းလင်းရာမှ အစိုးရနှင့် ကေအိုင်အေ တပ်တို့ တိုက်ပွဲဖြစ်ပွား

Posted by drmyochit Friday, October 25, 2013, under | No comments



ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း သစ်ခိုးထုတ်မှုများကို သွားရောက်ရှင်းလင်းရာမှ အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်းတွင် အစိုးရနှင့် ကေအိုင်အေတပ်များ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး အစိုးရနှင့် ကေအိုင်အေတို့အကြား ကွဲပြားမှုများ ရှိနေပြီး သစ်ခိုး ထုတ်မှုများကို သတင်းရရှိသဖြင့် သွားရောက်ရှင်းလင်းရာမှ တိုက်ပွဲဖြစ်ပွားရခြင်း ဖြစ်သည်ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ကာ အစိုးရက ကေအိုင်အေ ထိန်းချုပ်နယ်မြေအတွင်း ၀င်ရောက်လာသဖြင့် တိုက်ပွဲဖြစ် ရခြင်းဖြစ်သည်ဟု မြစ်ကြီးနားအခြေစိုက် ကေအိုင်အို အလုပ်အဖွဲ့ရုံးမှ တာဝန်ရှိသူက ပြောကြားသည်။ တိုင်းရင်းသား သတင်းဌာန အချို့၏ ဖော်ပြချက်တွင်မူ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ် အတွင်းရှိ မုန်းဒိန်ပါ ကျေးရွာအနီးရှိ စစ်ပြေးဒုက္ခသည် စခန်းကို အစိုးရတပ်များက တိုက်ခိုက်သိမ်းပိုက် ခဲ့ကြောင်း ဖော်ပြခဲ့သည်။

"ဖြစ်တာကတော့ သစ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ရှင်းတာပေါ့။ သစ်တွေတရားမ၀င် ထွက်နေတယ်ဆိုပြီး သတင်းတွေရတော့ ၀င်ရှင်းတယ်။ တကယ်လည်း ဖမ်းမိပါတယ်။ တန် ၄၀၀ လောက် ဖမ်းမိတယ်။ ကားတွေလည်း မိတယ်" ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ စစ်ဘက်ရေးရာ လုံခြုံရေးဌာနမှ အမည်မဖော် လိုသူ အရာရှိတစ်ဦးက The Daily Eleven သို့ ပြောကြားသည်။

အဆိုပါ နယ်မြေတွင် ယခင်က ကေအိုင်အေတပ်ရင်း အမှတ်(၁၂)အခြေစိုက်ပြီး ၂၀၁၂ ခုနှစ် အတွင်းမှစ၍ အခြေစိုက်စခန်း ဖျက်သိမ်းခဲ့ကာ နေရာဖြန့် လှုပ်ရှားသည့် ဒေသဖြစ်ခဲ့ကြောင်း သိရသည်။ "ကျွန်တော်တို့ သိရသလောက် မနက် ၁၀ နာရီဝန်ကျင်းမှာ ဘရန်ကျုံရွာဟောင်းနားမှာ ဖြစ်တာလို့ သိရတယ်။ ဗန်မော် ခရိုင်၊ မန်စီမြို့နယ်ထဲမှာပါ။ ကေအိုင်အေ တပ်ရင်း(၃) လက်အောက်က တပ်ရင်း ၁၂ နဲ့ဖြစ်တာပါ။ မုန်ဒိန်ပါ ရွာမှာတော့ မထွက်ပြေးနိုင်တဲ့ ရွာသူရွာသားတွေကို ဘုရားကျောင်း တစ်ခုမှာစုပြီး ဖုန်းတွေ သိမ်းတယ်။ ကျွန်တော်တို့ကတော့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ဦးအောင်မင်းတို့ဆီကို အမြန်ဆုံး ဖြေရှင်းဖို့ သတင်းပို့ ထားပါတယ်။ အောက်တိုဘာ ဆွေးနွေးပွဲနောက်ပိုင်း နှစ်ကြိမ်မြောက်ဖြစ်တာပါ။ အကျိုး သက်ရောက် မှုကတော့ စစ်တပ်က သိပါတယ်။ အောက်တိုဘာ ဆွေးနွေးပွဲရဲ့ သဘောတူညီချက် တွေကို နှစ်ဖက်စလုံး လေးစားလိုက်နာဖို့ လိုပါတယ်။ ကေအိုင်အေ စစ်မဟာဗျူဟာရုံးကနေ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရုံးကို တိုက်ရိုက်ဆက်သွယ်တယ်။ အလုပ်အဖွဲ့ အချင်းချင်းလည်း အကြောင်းကြားပြီး ပြဿနာ ကို အမြန်ဆုံး ပြေငြိမ်းအောင် ဆောင်ရွက်နေပါတယ်" ဟု မြစ်ကြီးနား အခြေစိုက် ကေအိုင်အို အလုပ်အဖွဲ့ရုံးမှ ဦးဒေါင်ခါး က ပြောကြားခဲ့သည်။

Eleven Media
Photo: မြ၀တီ

ပြည်သူကို လှည့်စား၊ ပြည်သူ့ကို အသုံးချ မလုပ်ကြစေလို

Posted by drmyochit Friday, October 25, 2013, under | No comments


၂၀၀၈ အခြေခံဥပဒေသည် တစ်နိုင်ငံလုံးထောက်ခံမဲ ၉၉.၇ ရာခိုင်နှုန်းဖြင့် အတည်ပြုပေါ်ထွက်လာခဲ့ သည်။ ထိုအခြေခံဥပဒေကို အမှီပြု၍ လွှတ်တော် ၃ ရပ်ပေါ်ထွက်လာသည်။ လွှတ်တော်ကိုယ်စား လှယ်များ ရှိလာသည်။ အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ခဲ့သည်။ ယခုအခါ ၂၀၀၈ အခြေခံဥပဒေကို ပြန်ပြင် မည်/ အသစ် ရေးဆွဲမည် ဟူသော အသံများ ကျယ်လောင်စွာထွက်ပေါ်လာသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် တားဆီးထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတ အရည် အချင်း ပြဋ္ဌာန်းချက် ပုဒ်မ ၅၉ စ ကို ပြင်ဆင်သင့်ကြောင်း သူရ ဦးရွှေမန်းက ပြောဆို လိုက်ပါတယ်။

အခြေခံဥပဒေရှိ ၅၉ (စ) ကို ပြင်ဆင်နိုင်ရေးကို အဓိကထား၍ အခြေခံဥပဒေကို ပြန်ပြင် ရေး/ အသစ်ရေး ဆွဲရေး နည်းလမ်း ၂ မျိုးကို ပြည်သူလူထု၏ ဆန္ဒမဲဖြင့် နည်းလမ်းတစ်ခုကို ရွေးချယ် နိုင်ဖို့ ပြည်သူလူထုကို အသုံးချရန် ပြုလုပ်လာခြင်းများရှိလာခဲ့သည်။

၂၀၀၈ အခြေခံဥပဒေသည် ပြီးပြည့်စုံသော် ဥပဒေတစ်ခုဟု မဆိုနိုင်။ နိုင်ငံတကာရှိ အခြေခံဥပဒေများ ကိုလေ့လာကြည့်လျှင်လည်း ဘယ်နိုင်ငံကမှ ပြီးပြည့်စုံသော အခြေခံဥပဒေကို ပြဋ္ဌာန်းထားနိုင်ခြင်း မရှိ သေး။ သူတို့၏ ဥပဒေများသည်လည်း လိုအပ်ချက်များရှိနေသေးကြောင်း သိရသည်။ ထို့ကြောင့် မြန်မာ နိုင်ငံ၏ အခြေခံဥပဒကို ပြင်ဆင်ဖို့ ကြိုးပမ်းချက်သည်လည်း သဘာဝကျသည်။ လိုအပ်တာကိုပြင် ဆင်ဖြည့် စွက်ဖို့ လိုသည်မှာ အမှန်ဖြစ်သည်။ သို့သော် ထိုအခြေခံဥပဒေကို မိမိတို့ သဘောမကျသည့် အချက်၊ မိမိတို့သာ ပြင်ဆင်ပြောင်းလဲလိုသည့်ဆန္ဒကို ပြည်သူတစ်ရပ်လုံးက ပြင်ဆင်ချင်သယောင်၊ အသစ် ရေးဆွဲ ချင်သယောင် ပြုလုပ်၍ ပြည်သူကိုဆွဲထည့်ခြင်းသည် မဖြစ်သင့် ဟုထင်သည်။

ပြည်သူလူထုသည် စားဝတ်နေရေးအဆင်ပြေဖို့၊ ကျန်းမာရေးကောင်းဖို့၊ မိသားစုချောင်လည်ဖို့ စသည်တို့ အတွက် ကြိုးစားရုန်းကန်နေရချိန်တွင် ထိုအခြေခံဥပဒေကို မည်သူကမျှ မဖတ်အား၊ မဖတ်နိုင်။ အခြေခံ ဥပဒေပါ အချက်များသည် မည်သည်က ပြင်ရမည်၊ မည်သည်က ဖြည့်စွက်ရမည်၊ ပြောင်းလဲရမည်ကို အိမ်ထောင်စု ၁၀ စုမှာ အခြေခံဥပဒေစာအုပ် ၁ အုပ်မရှိသည့် ပြည်သူလူထုအတွက် မသိနားမလည်နိုင်ပေ။ ထို့ကြောင့် ပြည်သူလူထုအတွက် အခြေခံဥပဒေ ပြင်ရမည်/ အသစ်ရေးဆွဲရမည်ကို ဆုံးဖြတ်ချက်ချဖို့မှာ ခဲယဉ်းသည်။ အမှားအယွင်းများရှိနိုင်သည်။

ဤသို့ဆိုသော် အခြေခံဥပဒေကို ပြင်ဆင်ရန်အတွက် မည်သူမှာ တာဝန်ရှိသနည်း။ အဓိကတာဝန်ရှိသူ များမှာ ပြည်သူကိုကိုယ်စားပြုသော ပြည်သူကခန့်အပ်ထားသည် လွှတ်တော်ကိုယ်စားလှယ်များသာ ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူကိုကိုယ်စားပြုသော၊ ပြည်သူ့အကျိုးကို ဆောင်ရွက် ရသော သူများဖြစ်သည့်အလျောက် ခက်ခဲနက်နဲသည့် အခြေခံဥပဒေ ပြင်ဆင်ရေးကို တာဝန်ယူ ခေါင်းခံ သင့်သူများသာ ဖြစ်သည်။အခြေခံဥပဒေ ပြင်ရေးအတွက် သူ့အိုးနှင့်သူဆန် သင့်တင့်နေခြင်းကို လူများစု ဆန္ဒဖြစ် သယောင် လှည့်စားအသုံးမချဘဲ မိမိတို့ ပြည်သူ့ကိုယ်စားလှယ် များကိုတိုင် ကြိုးစားခြင်းသာ မှန်ကန်နိုင်မည် ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များကိုကိုယ်တိုင် ပြည်သူ့အကျိုးအတွက် အခြေခံ ဥပဒေရှိ လိုအပ်ချက်များကို ပြင်ဆင်နိုင်ရန် ပြည်ထောင်စုလွှတ်တော် သို့ တင်သွင်းနိုင်ရေး၊ ဆွေးနွေး ဆုံးဖြတ်နိုင်ရေး ကြိုးပမ်းအားထုတ်ရမည် ဖြစ်သည်။

ယခုအခါ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က အဖွဲ့ဝင် ၁၀၉ ဦးပါသော အဖွဲ့ဖွဲ့ စည်းပေး၍ ထိုအဖွဲ့က ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်တင်ပြ ရမည်ဖြစ်ကြောင်း သိရသည်။ ထို့ အတွက် ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရမည့် ကိစ္စသည် လွှတ်တော် ကသာ ဦးစီးဆောင်ရွက်ရမည့် ကိစ္စဖြစ်သည်။ ပြင်ဆင်လိုသည့် လူများအနေဖြင့်လည်း အခြေခံဥပဒေပြင်ဆင်ရေးသည် အမှန်တကယ် လိုအပ်သော ကိစ္စတစ်ခုဖြစ်သည် ဟူသော ဆုံးဖြတ်ချက်မျိုးကို ချမှတ်ပြီးလျှင် နောက်တချိန်သမိုင်းတွင် တာဝန်ယူမှုရှိရမည့် လူများလည်းဖြစ်သည်။ မိမိတို့ လိုအင်ဆန္ဒအတွက် စားဝတ်နေရေးကြား ရုန်းကန်နေ ရသော အခြေခံဥပဒေကို မဖတ်အား၊ နားမလည်ကြသည့် ပြည်သူတွေကို ဆွဲထည့်၍ ခုတုံးလုပ်နေခြင်း သည် မလုပ်သင့်သော လုပ်ရပ်တစ်ခုဖြစ်ကြောင်း ပြောပြလိုပါသည်။

ပြည်သူထဲက ပြည်သူတစ်ယောက် မှ ပေးစာ

တောင်အာဖရိတွင် ကလေးနှစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်သူများအား ရုံးထုတ်

Posted by drmyochit Friday, October 25, 2013, under | No comments

ဂျိုဟန်နက်စဘက် မြောက်ဘက်ပိုင်းရှိ ရပ်ကွက်တွင် ကလေးနှစ်ဦး ပျောက်သွားသည့်နောက် လိုက်လံ ရှာဖွေခဲ့ကြသော်လည်း ရင်နာစရာ အဖြစ်ကိုသာ ကြုံခဲ့ရ


တောင်အာဖရိက နိုင်ငံတွင် လူမမယ် ကလေးမလေး နှစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်သွားသည့် သတင်း သည် တစ်နိုင်ငံလုံးကို ခြောက်ခြား တုန်လှုပ်သွားစေခဲ့ကြောင်း သိရှိရသည်။ တောင်အာဖရိကသည် မုဒိမ်းမှု အဖြစ် အများဆုံး နိုင်ငံတစ်ခုဖြစ်ပြီး တစ်မိနစ်တိုင်း မုဒိမ်းမှုတစ်ကြိမ်မျှ ဖြစ်ပေါ်နေသည့် မှတ်တမ်းဆိုးမျိုး ရှိနေ သည်။ သို့သော်လည်း ဒီယက်ပ်ဆလွတ်တွင် ဝမ်းကွဲညီအစ်မ မိန်းကလေး နှစ်ဦးကို နေ့ခင်းကြောင်တောင် ဖမ်းခေါ်သွားသည့် မုဒိမ်းမှုကမူ ကြာသိသူတိုင်းအတွက် အော့နှလုံးနာစရာ ဖြစ်လာခဲ့သည်။ ယိုနီလီဆာနှင့် ဇန်ဒီလီမာလီတို့ နှစ်ဦးသည် နေ့ခင်းဘက် နေအိမ်ရှေ့တွင် ရှိနေစဉ်မှာပင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ ဂျိုဟန်နက်စဘက် မြောက်ဘက်ပိုင်းရှိ ရပ်ကွက်တွင် ကလေးနှစ်ဦး ပျောက်သွားသည့်နောက် လိုက်လံ ရှာဖွေခဲ့ကြသော်လည်း ရင်နာစရာ အဖြစ်ကိုသာ ကြုံခဲ့ရသည်။

အောက်တိုဘာ (၁၅)ရက်နေ့တွင် (၂)နှစ်နှင့် (၃)နှစ်အရွယ် ကလေးနှစ်ဦး၏ အသက်ဝိညာဉ် ကင်းမဲ့နေသော အလောင်းများကို ဒီယက်ပ်ဆလွတ်ရှိ အများသုံး အိမ်သာ တစ်ခုထဲတွင် ကြေကွဲဖွယ်ရာ တွေ့ရှိခဲ့သည်။ နှစ်ဦးလုံး ဆိုးရွားယုတ်မာသော လိင်အကြမ်းဖက်မှုကို ခံထားရသည်။ ယခုအဖြစ်အပျက်သည် တောင်အာဖရိကတွင် မုဒိမ်းမှုများအပေါ် သာမန်မျှသာ သဘောထားနေမှုမှ လှုပ်နှိုးလိုက်သည့်သဖွယ် ဖြစ်လာသည်။ ရဲတပ်ဖွဲ့သည် ပြန်ပေးမှု၊ မုဒိမ်းမှု၊ လူသတ်မှုများဖြင့် အနည်းဆုံး လူ(၅)ဦးမျှကို ဖမ်းဆီးထားပြီး ဖြစ်သည်။ ယင်းတို့ကို ကြာသပတေးနေ့က ပရီတိုရီးယားတွင် ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့သည်။ စုံထောက်များက လက်ရှိတွင် DNA တိုက်ဆိုင် စစ်ဆေးမှုများ ပြုလုပ်နေဆဲဟု CNNသို့ ပြောကြားခဲ့သည်။ ယင်းတို့အနက် အနည်းဆုံး တစ်ဦးသည် ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထားပြီဟု ယုံကြည်ရပြီး တရားရေး ကန့်သတ်ချက်များအရ ၎င်း၏ အမည်ကိုမူ မီဒီယာများထံ အသိပေးခြင်း မရှိသေးကြောင်း သိရှိရသည်။

From: Planet Myanmar Network

ကျောင်းသားလေးကို မတော်တရော်ပုံတွေပြပြီး လိင်ယူခဲ့သည့် လက်ထောက်ဆရာမ

Posted by drmyochit Friday, October 25, 2013, under | No comments


ဗြိတိန်နိုင်ငံတွင် အသက်(၅၇)နှစ်အရွယ် အိမ်ထောင်ရှိသော လက်ထောက်ကျောင်းဆရာမက သူမထက် အသက်(၄၀)ကျော်ငယ်သော ကျောင်းသားကလေးအား မတော်တရော်ပြုလုပ်နေသည့် ဓါတ်ပုံများ (pornographic images)အား ပြသပြီး လိင်မှုဆက်ဆံခြင်း ပြုလုပ်ခဲ့သည်ဟု သိရသည်။

ထိုလက်ထောက်ဆရာမတွင် အသက်(၂၆)နှစ်အရွယ် နှင့် အသက်(၂၉)နှစ်အရွယ် သမီးနှစ်ယောက်ရှိပြီး မြေးနှစ်ယောက်၏ အဖွားဖြစ်ကာ လက်ရှိတွင် တတိယမြောက် ခင်ပွန်းနှင့် ပေါင်းသင်းနေထိုင် လျက် ရှိကြာင်း သိရ သည်။

အဖွားဟူသည့် ရာထူးရထားသော သူမက ကျောင်းတွင် သင်ကြားပြသရေး၌ ကူညီနေရင်း တွေ့ဆုံခဲ့သော အသက်(၁၅)နှစ်အရွယ် ကျောင်းသားကလေးနှင့် လိင်မှုဆက်ဆံခြင်း ရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သူမအား သူမလုပ်ကိုင်လျက်ရှိသော လက်ထောက်ဆရာမတာဝန်မှ ရပ်ဆဲထားပြီး ဆယ်ကျော်သက်ကျောင်းသားအား ဖျားယောင်းသွေးဆောင်ပြီး လိင်ဆက်ဆံမှုဖြင့် အမှုစွဲထားကြောင်း သိရသည်။

သူမက ထိုပြစ်မှုကို ၂၀၁၂ ဇွန်လ(၁)ရက်နေ့မှ ယခုနှစ် မေလ(၁၃)ရက်အတွင်း ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲခံထားရခြင်းဖြစ်သည်။

ယင်းအမှုအား သူမက အယူခံဝင်ခြင်းမရှိသဖြင့် Chelmsford Crown တရားရုံးသို့ ထိုအမှုတွဲအား ပို့ဆောင်ကာ နောင်နှစ်ဆန်း၌ တရားရုံးက ကြားနာမည်ဖြစ်ကြောင်း သိရသည်။

Source : Daily Mail

ပုံရိပ်(burmesehearts.com)

ဘုရားသွားမည်ဟုဆိုကာ တည်းခိုခန်းခေါ်၍ အဓမ္မပြုကျင့်ခံရမှု တစ်ပတ်အကြာမှ တိုင်ကြား

Posted by drmyochit Friday, October 25, 2013, under | 1 comment


ရန်ကုန်တိုင်းဒေသကြီးသန်လျင်မြို့ရှိ တည်းခိုခန်းတစ်ခု၌ အသက်၁၇နှစ်အရွယ် ၁၀ တန်းကျောင်းသူ တစ်ဦးကို အဓမ္မကျင့်မှုတစ်ခုဖြစ်ပွာခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးကသိရသည်။

သာကေတမြို့နယ်၊ ၁၀ တောင် ၁၃ရပ်ကွက်၊ဇေယျဝတီ ၄လမ်းနေမ......(၁၇)နှစ်သည်ကျူရှင်တက် ရန်အိမ်မှ ထွက်သွားရာ ညနေပိုင်းအချိန်အထိ ပြန်ရောက်မလာသဖြင့် မိခင်ဖြစ်သူကလိုက်လံရှာဖွေ ရာ ညဆယ်နာရီ အချိန်ခန့် တွင် သမီးဖြစ်သူမှာ ရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံသို့ ရောက် ရှိနေကြောင်း သိရပြီး လိုက်သွား ခဲ့သည်ဟုဆိုသည်။

သမီးဖြစ်သူမ..... အားမေးမြန်းကြည့်ရာမှ တစ်ရပ်ကွက်ထဲနေ အသက်(၂၉) နှစ် အရွယ် အဘ ဦးကျော်ကျော်ဝင်း၏ သားဖြစ်သူမှာ သန်လျင်သို့ဘုရားဖူးသွားမည်ဟု ခေါ်ဆောင်သဖြင့် မ….မှာ လိုက်ပါ သွားခဲ့ရာ သန်လျင်မြို့ရှိ “မြိုင်” တည်ခိုခန်းသို့ခေါ်ယူပြီး အလိုမတူဘဲသားမယား အဖြစ်ပြုကျင့်သဖြင့် သွေးသွန် ခဲ့ပြီး ရန်ကုန် ဗဟို အမျိုး သမီးဆေးရုံသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း မ…....က မိခင်ဖြစ်သူကို ပြန်ပြောပြ ခဲ့သည်။

မ......မှာ ၁၀ တန်းနှစ်ကျကျောင်းသူတစ်ဦးဖြစ်ပြီး အပြင်ဖြေအဖြစ်စာမေးပွဲဖြေဆိုရန် ကျူရှင် တက်နေစဉ် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ၄င်း၏မိခင်ဖြစ်သူဒေါ်တင်တင်မူက ဆိုသည်။

အဆိုပါဖြစ်စဉ်မှာ အောက်တိုဘာ ၁၇ ရက်နေ့ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးမ….၏ မိခင်ဖြစ်သူဒေါ်တင်တင်မူ က မကျေ နပ် သဖြင့် တစ်ပတ်အကြာ အောက်တိုဘာ ၂၄ရက်နေ့တွင် သန်လျင်မြို့နယ်ရဲစခန်း၌ ကျူးလွန် ခဲ့သူကို အမှုဖွင့်တိုင်ကြား ခဲ့ခြင်းဖြစ်သည်။

ပြစ်မှုကျူးလွန်သူ . . . . .ကို အရေးယူပေးရန် မ....၏ မိခင်ဖြစ်သူဒေါ်တင်တင်မူ၏ တရားလိုပြု တိုင်ကြား ချက်ကို သန်လျင်ရဲစခန်းမှ မမစ(ပ)

၉၈၃/၂၀၁၃၊ ပြစ်မှုပုဒ်မ-၃၇၆/၃၆၆ ဖြင့် အောက်တိုဘာ ၂၄ရက် မွန်းတည့် ဆယ့်နှစ်နာရီ ငါးမိနစ်အချိန်၌ အမှုဖွင့်ပြီး အမှုစစ်ဒုရဲမှူး(စခမ)မှ တရားခံအား ဖမ်းဆီး ရမိရေးစုံ စမ်းလျက် ရှိသည်ဟု သန်လျင်ရဲစခန်း က သိရသည်။

BY ဇော်ဂျီ(မြစ်မခ)

DKBA တပ်ဖွဲ့ဝင်တစ်ဦး နင်းမိုင်းတစ်လုံး နှင့် လက်ပစ်ဗုံးတစ်လုံးကို မော်လမြိုင်ရှိ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနသို့လာရောက်အပ်

Posted by drmyochit Friday, October 25, 2013, under | No comments

လာရောက်အပ်နှံသည့် ပစ္စည်းများကိုတွေ့ရစဉ်။ ဓာတ်ပုံ - အောင်ထိုက်ဦး

မော်လမြိုင် ၊ အောက်တိုဘာ ၂၄

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ် ကျိုက်ဒုံဒေသအခြေပြု DKBA ကလိုထူးဘောအဖွဲ့မှ တပ်ကြပ်ကြီးအဆင့်ရှိ စောသန်း ဇော် ၃၈နှစ်သည် ၎င်းတစ်ဦးတည်း လက်နက်ကိုင်ဆောင်ခြင်းမရှိဘဲ အရပ်ဝတ် ဖြင့်ရောက်ရှိလာပြီး တပ် မှ ထွက်ပြေးလာကြောင်းပြောဆို ပြီး ၎င်းတွင်ပါရှိလာသော နင်း မိုင်း တစ်လုံးနှင့် လက်ပစ်ဗုံးတစ် လုံးကို အောက်တိုဘာ ၂ဝရက် ညနေ ၃နာရီခွဲတွင် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ အထူးစုံစမ်းစစ် ဆေးရေး ဦးစီး ဌာန၌ လာရောက် အပ်နှံကြောင်း သိရသည်။

စောသန်းဇော်၏ ထွက်ဆို ချက်တွင် ၎င်းသည် ကရင်ပြည် နယ် ကျိုက်ဒုံနှင့် ကြာအင်းဆိပ် ကြီးအကြား ၂၁မိုင်ရှိ တပ်ဖွဲ့ပိုင် ရော်ဘာခြံ၌ တာဝန်ခံအဖြစ် ဆောင်ရွက်နေစဉ် အောက်တို ဘာ ၁၅ရက်တွင် တပ်ဖွဲ့ပိုင် ကူ ဘိုတာ ၄၅ဝအမျိုးအစား လယ်ထွန် စက် သည် ကျိုက်ဒုံချောင်း အတွင်း ရေနစ်မြုပ်ခဲ့မှုကို အ ကြောင်းပြု၍ ၎င်းအား အဖွဲ့ ခေါင်းဆောင်ဗိုလ်ကြီးအဆင့်ရှိ သူ စောရဲလှိုင်မှ အစိုးရသူလျှိုဟု စွပ်စွဲကာ အောက်တိုဘာ ၁ရရက် မှ ၂ဝရက်အထိ ကော့ကရိတ်မြို့ နယ် ကောင်းမှု ကျေးရွာ ရှိ ကလို ထူးဘော အခြေချစစ်ဗျူဟာ၊ ဗျူဟာခွဲ(၁)တွင် ခေါ်ယူထိန်း သိမ်းထားခဲ့ကြောင်း၊ ၎င်း၏အ သက်အန္တရာယ်စိုးရိမ်ရသဖြင့် ကော့ကရိတ်မြို့မှ လိုင်းကားဖြင့် မော်လမြိုင်မြို့သို့ ထွက်ပြေးလာ ခဲ့ကြောင်းများကို ပြောကြား ကြောင်း သိရသည်။

၎င်းတွင် လက်နက်များနှင့် အတူ ကလိုထူးဘောခေါင်းစဉ် ပါ တပ်ဖွဲ့ဝင်ခရီးသွားထောက်ခံ ချက် တစ်စောင်၊ အပြာရောင် ချည်လွယ်အိတ်တစ်လုံး၊ ကျား ခေါင်းတံဆိပ်နှစ်တောင့်ထိုးဓာတ် မီးအသေးတစ်လက်၊ ဒိုင်ယာရီ စာအုပ်တစ်အုပ်နှင့် ယာဉ်မောင်း လိုင်စင်တစ်ခုပါရှိကြောင်း သိရ သည်။

အောင်ထိုက်ဦး
Yangon Media Group

ဘုရားဖူးယာဉ် တောင်ကြားထဲထိုးကျ၍ အနည်းဆုံး ၂၀ဦးခန့်သေဆုံး

Posted by drmyochit Friday, October 25, 2013, under | No comments


အောက်တိုဘာ ၂၆။

ထိုင်းနိုင်ငံမြောက်ပိုင်းမှ တောင်တန်းများ ထူထပ်သော လန်ပန်းပြည်နယ်တွင် ဗုဒ္ဓဘာသာဝင်များ စီးနင်းလိုက်ပါခဲ့သော ဘုရားဖူးယာဉ် တစ်စီးသည် မီတာ ၃၀အနက်ရှိ တောင်ကြားထဲ ထိုးကျခဲ့သဖြင့် အနည်းဆုံး ၂၀ဦးခန့် သေဆုံးပြီး ၁၆ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့သည်။ အောက်တိုဘာ ၂၃ရက်က ၀မ်နူးခရိုင်တွင် ဖြစ်ပွားခဲ့သော ယင်းဖြစ်စဉ်သည် ယာဉ်မောင်းသည် မြွေလိမ်မြေကောက်သဖွယ် ဖြစ်နေသည့် လမ်းမထက်တွင် အရှိန်မထိန်းနိုင်ဘဲ ကားလမ်းဘေးရှိ တောင်ကြားထဲသို့ ကားထိုးကျသွားခြင်းဖြစ်ကြောင်း၊ ယာဉ်မောင်းမှာလည်း ဒဏ်ရာပြင်စွာ ရရှိခဲ့ကြောင်း ရဲဌာနက ဆိုသည်။

သေဆုံးသူများထဲတွင် အမျိုးသမီးများမှာ အများဆုံးဖြစ်ခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ လတ်တလော ထုတ်ပြန်သည့် အစီရင်ခံစာ တစ်စောင်တွင် ထိုင်းနိုင်ငံ၌ လူတစ်သိန်းလျှင် ၃၈.၁ဦးသည် ယာဉ်အန္တရာယ်ကြောင့် အသက်ဆုံးရှုံးနေရပြီး အရှေ့တောင်အာရှ ဒေသတစ်ခုလုံး၏ ယာဉ်မတော်တဆမှုပေါင်း ၁၈.၅ ရာခိုင်နှုန်းသည် ထိုင်းတွင်ဖြစ်သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ၏ ကားလမ်းများမှာ အရှေ့တောင်အာရှတွင် မတော်တဆ ဖြစ်ပွားမှုအမြင့်ဆုံး လမ်းမများ ဖြစ်နေပြီး နှစ်စဉ် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၂၆၀၀၀ဦးခန့် ရှိကြောင်း ထိုင်းပြည်ထဲရေး ၀န်ကြီးဌာန၏ စာရင်းများအရ သိရသည်။

Ref: AL Jazeeras
From: The Myanma Age

"အသားဖြူခရင်မ်ကြောင့် ဂျပန်နိုင်ငံတွင် လူ ၁၅ဝဝဝ ကျော် ကိုယ်ခန္ဓာတွင် အကွက်များထွက်ပေါ်လာ "

Posted by drmyochit Friday, October 25, 2013, under | No comments



ဂျပန်နိုင်ငံတွင် နာမည်ကျော် အလှကုန် တစ်မျိုးဖြစ်သည့် Kanebo အသား ဖြူခရင်မ်တွင်ပါဝင်သည့် ဓာတုပစ္စည်း ကြောင့် သုံးစွဲသူ ၁၅,ဝဝဝ ကျော် တို့၏ အရေပြား တွင် အကွက်များ ထွက် ပေါ် လာသည်ဟု ၄င်းကုမ္ပဏီမှ အင်္ဂါနေ့က ပြောကြားသည်။

ဂျပန်နိုင်ငံအတွင်း Rhododenol အသားဖြူ ခရင်မ်အပါအဝင် ဖြန့်ချိထား သည့် ထုတ်ကုန် ၅၄ မျိုးကို အသုံးပြုခဲ့ ကြသည့် သုံးစွဲ သူများထံမှ တိုင်ကြားစာ ၁၅၁၉၂ စောင်လက်ခံ ရရှိခဲ့ပြီး တိုင် ကြားသူ အားလုံး၏ ၃ ပုံ ၁ ပုံ ခန့်တွင် အရေပြားပေါ်၌ ဆိုးရွားသည့် အကွက် များ၊ အသားရောင် မညီညာမှု များဖြစ် လာသည် ဟု ဖော်ပြသည်။

ဂျပန်နိုင်ငံ ပြင်ပရှိ တရုတ်(တိုင် ပေ)၊ ဟောင်ကောင်၊ တောင်ကိုရီးယား နှင့် ထိုင်းနိုင်ငံ တို့တွင်လည်း အလားတူ ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့သူ ၇ဝ ကျော်ရှိ သည်ဟု သတင်းရ ထားကြောင်း ကုမ္ပဏီမှ တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက လည်း Kanebo ကုမ္ပဏီမှ ကမ္ဘာ တစ်လွှား သို့ ဖြန့်ချိထားသည့် ၄င်းတို့၏ ထုတ်ကုန် သန်းပေါင်းများစွာကို 4- (4-hydroxyphenyl) -2-butanone ဆိုသည့် ဓာတုပစ္စည်း ပါဝင်နေမှုကြောင့် ပြန်လည် သိမ်းယူခဲ့ရသည်။

ယခုဖြစ်ရပ် အတွက် Kanebo ကုမ္ပဏီ မှ ၄င်းတို့ ထုတ်ကုန်ကြောင့် အရေပြားတွင် အကွက်များ ထွက်ပေါ် လာရသည့် သုံးစွဲ သူများကို ဆေးကုသ စရိတ် ပြန်ပေး မည် ဟု ပြောကြားခဲ့သည်။

အသားဖြူ ခရင်မ်များသည် အာရှ နိုင်ငံတလွှားရှိ အမျိုးသမီးများ အကြား ရေပန်းစားသည့် အလှကုန် ပစ္စည်းတစ်မျိုး ဖြစ်သည်။

Ref : bangkokpost
Popular Myanmar News Journal

ကချင်ပြည်နယ်တွင် မူးယစ်ဆေး သုံးစွဲမှု နှုန်း မြင့်တက်

Posted by drmyochit Friday, October 25, 2013, under | No comments

မူးယစ်ဆေးသုံးစွဲနေသူတချို့အား တွေ့ရစဉ်။
ရန်ကုန် ၊ အောက်တိုဘာ ၂၄

ဒေသ အတွင်း တရားဥပဒေ စိုးမိုးမှုနည်း ပါးခြင်းကြောင့် ကချင်ပြည်နယ် ရှိမြို့နယ် အများစုတွင် မူး ယစ်ဆေး သုံးစွဲ မှုနှုန်း မြင့်တက်နေကြောင်း ကချင်ပြည်နယ် လူမှုရေးဝန်ကြီး၊ လွှတ်တော်ကိုယ်စား လှယ် များ နှင့် ဒေသခံများက ရန်ကုန်တိုင်းမ် သတင်းစာသို့ ပြောသည်။ ကချင်ပြည်နယ်အတွင်း မူး ယစ်ဆေးသုံး စွဲမှု အမြင့်ဆုံးဒေသမှာ ကျောက်စိမ်းထွက်ရှိရာ ဖား ကန့်ဒေသဖြစ်ပြီး ထိုဒေသရှိလူ ငယ်အများစုသည် မူးယစ်ဆေး စွဲ မှုဒဏ်ကို အများ အပြား ခံနေရ ကြောင်း ဒေသခံလူမှုအထောက် အကူပြုအဖွဲ့အစည်းများ၏ ပြော ကြားမှုများ အရ သိရသည်။

''ဒီမြို့က လူငယ်ရ၅ရာခိုင် နှုန်းလောက်က မူးယစ်ဆေးသုံး စွဲမှု ရှိနေပါတယ်။ လူငယ်တွေမူး ယစ်ဆေး သုံးစွဲနှုန်း မြင့်နေတာကို ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း လာတုန်းကလဲ တင်ပြခဲ့ပါတယ်'' ဟု ဖား ကန့်မြို့နယ် ဖွံ့ဖြိုးရေး အ ထောက် အကူပြု ကော်မတီ အဖွဲ့ ဥက္ကဋ္ဌ ဦးပီတာက ရန်ကုန်တိုင်းမ် နေ့စဉ် သတင်းစာသို့ ပြောသည်။

မူးယစ်ဆေးသုံးစွဲနှုန်း မြင့် မားနေသည့် ဒေသများမှာ ဖား ကန့်ဒေသအပါအဝင် ဝိုင်းမော်၊ မိုးညှင်း၊ စိုင်းတောင်၊ မြစ်ကြီးနား တို့ဖြစ်ပြီး ထိုဒေသများတွင် မူးယစ် ဆေးကို မြင့်မားစွာသုံးစွဲမှုများရှိ ကြောင်း ကချင်ပြည်နယ် အင် ဂျန်းယန် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ၏ ပြောကြားမှုအရ သိရသည်။ ဒေါ်ဒွဲဘူက ''ဒီကိစ္စကို အ စိုးရ၊ သုံးစွဲသူတွေနဲ့ ကချင်လက် နက်ကိုင်အဖွဲ့အစည်းတွေပါ ဝိုင်း ပြီးဖြေရှင်းမှ ထိထိရောက်ရောက် ဖြေရှင်း နိုင်မှာ ဖြစ်ပါ တယ်''ဟု ပြော သည်။

မြစ်ကြီးနား တက္ကသိုလ် မှ လက်ထောက်ကထိကတစ်ဦးက ''ကျွန်တော်တို့ကျောင်းမှာ ကျောင်း သားလူငယ်၁ဝဝမှာ အယောက် ၅ဝလောက်က မူးယစ်ဆေးကို သုံး စွဲနေကြပါတယ်။ မိန်းကလေးအ နည်းငယ်လဲ ပါဝင်ပါတယ်။ ရေ ရှည်ဆိုရင် ကချင်ပြည် နယ် ရဲ့အ နာဂတ်ဖွံ့ဖြိုးမှုအတွက်ပါ စိုးရိမ် စရာအခြေအနေ ဖြစ်နေပါပြီ''ဟု ပြောသည်။ ကချင်ပြည်နယ်အတွင်းတွင် ငြိမ်းချမ်းရေးမရရှိခဲ့ခြင်းသည် လည်း တရားဥပဒေစိုးမိုးရေးမရှိ ရခြင်း၏ အဓိကအကြောင်းဖြစ် နိုင်ကြောင်း နှင့် တရား ဥပဒေစိုးမိုး မှုမရှိသဖြင့် မူးယစ်ဆေးထုတ်လုပ် ရောင်းချမှုများကို နှိမ်နင်းခြင်း မှာ အားနည်းကြောင်းနှင့် နိုင်ငံ ရေးအရ ဖိနှိပ်မှုလုပ်ရန် မူးယစ် ဆေးပြဿနာကို အစိုးရမှဖန်တီး သည်ဟု ကချင်လူမျိုးအများစုက လည်း ထင်မြင် ကြောင်း ကချင် လူမျိုး အထက်တန်းကျောင်းအုပ် ဆရာဟောင်း ဦးခွန်ဂျာက ပြော သည်။

ဦးခွန်ဂျာက ''နိုင်ငံရေးထိုး နှက်မှုဒဏ်တစ်ခုကို ကျွန်တော် တို့ ကချင်ပြည်နယ်ကခံလိုက်ရ တယ်လို့ထင်ပါတယ်။ လက်ရှိအ ချိန်မှာ မူးယစ်ဆေးပြဿနာကြီး က ကျွန်တော်တို့ ကချင်ပြည်နယ် အနာဂတ်အတွက် ချိန်ကိုက်ဗုံး တစ်ခုလိုဖြစ် နေပါပြီ ။ အချိန်မီ မရှင်းလင်းနိုင်ရင် တစ်ချိန်ချိန်မှာ ပေါက်ကွဲမှာ သေချာသလို ဖြစ် နေပါပြီ''ဟု ပြောသည်။

ကျောင်းသားလူငယ်များ တွင် အနာဂတ်အာမခံချက် ခိုင် မာမှုမရှိခြင်းကြောင့် ကျောင်းသား များ မူးယစ်ဆေးသုံးစွဲလာမှုမြင့် တက်လာခြင်းသည်လည်း အဓိက အကြောင်းတစ်ရပ်ဖြစ်ပြီး နယ် မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုး ရေးတို့ ခိုင်မာပြီး ထိရောက်သော အရေးယူမှုများ ပြုလုပ်နိုင်ရန်မှာ မူ ငြိမ်းချမ်းရေးမရရှိဘဲ မဖြစ်နိုင် ကြောင်း ကချင်ပြည်နယ်လူမှုရေး ရာဝန်ကြီး ဒေါ်ဘောက်ဂျာက ပြောသည်။ ဒေါ်ဘောက်ဂျာက ''အဓိ ကအချက်တစ်ခုက လူငယ်တွေ ပတ်ဝန်း ကျင်မှာ မူးယစ်ဆေးသုံး စွဲတဲ့အသိုင်းအဝိုင်းတွေ ရှိနေတော့ ပိုဆိုးလာတာပေါ့။ အဲဒီလိုအသိုင်း အဝိုင်းတွေရယ် မူးယစ်ဆေးရောင်း ချသူတွေ၊ မူးယစ်ဆေးဝင်ပေါက်၊ ထွက်ပေါက်တွေကို ထိထိရောက် ရောက် အရေးယူနိုင်မှုမရှိနေတာ ကလဲ အဓိက အားနည်းချက်တစ် ခုဖြစ်နေတယ်''ဟု ပြောသည်။

ကချင်ပြည်နယ်အတွင်း မူး ယစ်ဆေးသုံးသူများ လျှော့ချရေး အတွက် မူးယစ်ဆေးထုတ်လုပ် ရောင်းချမှုများကို အရေးယူနိုင် ရန်အတွက် ကေအိုင်အိုနှင့် ပူး ပေါင်းဆောင်ရွက်သွားမည်ဖြစ် ပြီး မူယစ်ဆေးဖြတ်ရန် ပညာပေး လုပ်ငန်းများနှင့် ဆေးဖြတ် သူများ ကို ပြန်လည်ထူထောင်ရေးလုပ် ငန်းများကို တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကချင်ပြည် နယ် ရဲတပ်ဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ် တွင် မူးယစ်ဆေးထုတ်လုပ်မှုအ များဆုံးနေ ရာတွင် ဒုတိယနေရာ ၌ရှိပြီး ရှမ်းပြည်နယ်နှင့် ကချင် ပြည်နယ်တို့တွင် အများဆုံးထုတ် လုပ်သည်ဟု  UNODC ကထုတ် ပြန်ခဲ့သည်။

ငယ်ထွေး (ကလေး)
ရန်ကုန်တိုင်းမ်

ငွေဆောင်က အဖြူရောင် ကောင်မလေး

Posted by drmyochit Friday, October 25, 2013, under | No comments

ကျွန်တော်က ဆေးကျောင်းသားဆိုတော့ အားလုံးသိတဲ့အတိုင်းပဲ လူသေအလောင်းတွေ၊ ရေခဲတိုက်တွေ၊ နောက်ပြီး အခြောက် အလှန့် မကင်းတဲ့ ဆေးရုံတွေနဲ့ နေ့တိုင်းလိုလို ထိတွေ့ ဆက်ဆံနေ ရတာ...။ အဲဒီတော့ကာ ကလေးသရဲ၊ လူကြီး သရဲ၊ ပေါက်စနသရဲ၊ ဟိုသရဲ၊ ဒီသရဲ စသဖြင့် သရဲ ဗြုတ်စဗျင်းတောင်းတွေနဲ့ မလွဲမသွေ ကြုံတွေ့နေရတာပေါ့..။ အခုပြောမှာကတော့ ဖိုင်နယ်လ် ပတ်ဝမ်းတုန်းက ကွင်းဆင်းတဲ့အချိန် ကြုံခဲ့ရတာလေးပါ..။ အဲဒီတုန်းက အဲဒီ ကွင်းဆင်းလေ့လာရေးကို ကျောင်းကစီစဉ်ပေးတာလေ..။ ကျွန်တော်တို့ကို ပုသိမ်ကို ပို့စ်တင် ပေးတယ်..။ အဲဒီတော့ ကျွန်တော်တို့လဲ ခရီးစဉ်ဆွဲရတာပေါ့..။ အပျော်ခရီးလို့တော့ မထင်နဲ့..။ ဆေးရုံတွေကို သွားရတာဗျ..။ အဲဒီတော့ ထိပ်ဆုံး ပုသိမ်ဆေးရုံကြီးမှာ တစ်ပတ်၊ ချောင်းသာမြို့နယ် ဆေးရုံမှာ တစ်ပတ်၊ နောက်ဆုံး ငွေဆောင်ကျေးလက်ဆေးပေးခန်းမှာ တစ်ပတ် အချိန်ကုန်ဆုံးဖို့ စီစဉ်လိုက်ကြတယ်..။ ၂၀၀၄-၀၅ ခုနစ်ဝန်းကျင်တုန်းက ငွေဆောင်ဆိုတာ အခုလို ပေါ်ပြူလာ မဖြစ်သေးဘူးဗျ။ ဘန်ဂလိုတွေ ဟော်တယ်တွေဆိုတာ ဆောက်လို့ကောင်းတုန်း..။ ဧည့်သည်ဆိုတာလဲ ရှာမှရှားပဲ.. အဲဒီကြားထဲမှာ သူငယ်ချင်းတစ်ယောက်ရဲ့ ကျေးဇူးနဲ့ ကျွန်တော်တို့ ဆောက်လက်စ ဟိုတယ်တစ်ခုမှာ စတည်းချခွင့်ရလိုက်တယ်..။ ဆောက်လက်စတွေဆိုတော့ သိတဲ့အတိုင်းဗျာ.. လမ်းတွေက ပိန္နဲသီး အခွံခွာ ချခင်းထားသလိုပဲ...။ ရေကလဲ ကောင်းကောင်းမရသေးဘူးဗျ..။

ကျွန်တော်တို့ တည်းတဲ့ဟော်တယ်က ဆောက်လက်စဆိုပေမယ့် ကံကောင်းတော့ နှစ်ခန်းတွဲ ဘန်ဂလို နှစ်လုံး ပြီးနေပြီ..။ ဟန်ကျတာပေါ့..။ ကွင်းဆင်းတယ်ဆိုကတည်းက ယောကျာ်းလေးတွေချည်းမဟုတ်ဘူးလေ...။ အဲဒီတော့ နှစ်ခန်းတွဲတစ်လုံးကို မိန်းကလေးအတွက်..။ နောက်ထပ် နှစ်ခန်းတွဲတစ်လုံးကို ယောက်ျားလေးတွေအတွက် ဝေစုခွဲလိုက်တယ်..။ တူတူတွဲနေလို့မှမဖြစ်တာကိုး..။ နေ့ခင်းဘက်တွေမှာတော့ ဆောက်လုပ်ရေးလုပ်သားတွေက ကျန်တဲ့ အဆောက်အဦးတွေအတွက် သူ့ဟာနဲ့သူ ရှုပ်နေကြတာပဲ..။ ကျွန်တော် ရလိုက်တဲ့ အခန်းကတော့ လမ်းဘေးနဲ့ ကပ်တယ်..။ လမ်းဆိုလို့ ပေတစ်ရာ လမ်းမကြီးမထင်နဲ့...။ ကမ်းခြေဘက်ကို ဆင်းသွားတဲ့ လမ်းသေးသေးလေး...။ အဲဒီကောင်က ထမင်းစားဆောင်နဲ့ ကပ်နေတယ်..။ လမ်းလေးရဲ့အဆုံး ကမ်းခြေဘက်ကို မ၀င်ခင်မှာ ဇရပ်လေးတစ်ခုရှိတယ်..။ ၀ိုင်းဝိုင်းလေး...။ အဲဒီကောင်ကို ကျော်သွားရင် ကမ်းခြေဆင်းတဲ့ လှေကားထစ်တွေကိုရောက်တယ်ဗျ...။ အဆောက်အဦးတွေ လမ်းတွေအကြောင်းပဲ ပြောနေလို့ တစ်မျိုးမထင်နဲ့..။ ပြောစရာ လူစိမ်းအကြောင်းကိုမရှိတာ..။ ပါလာတဲ့ ဆေးကျောင်းသား၊ ဆေးကျောင်းသူတွေဆိုတာလဲ အီစိမ့်နေအောင် ကြည့်ထားရတဲ့ မျက်နှာတွေ..။ အထွေအထူးပြောစရာမရှိဘူး..။ စဉ်းစားကြည့်ဗျာ.. ကမ်းခြေမှာ အခုထက်ထိ လူနဲ့တူတာဆိုလို့.. ကျွန်တော်တို့ ဆေးကျောင်း အဖွဲ့ရယ်..။ ဟိုတယ်မန်နေဂျာကြီးရယ်.. နောက်ပြီး အလုပ်သမားတွေရယ်..။ နောက် အစောင့်ရယ်.. ဒါပဲရှိတယ်..။ ဆေးကျောင်းသူကလွဲရင် ကျန်သာတွေက ယောက်ျားသားတွေချည်း..။ ဘာဧည့်သည်ကိုမှ မရှိတာ..။

နေစ နှစ်ညကတော့ အဆင်ပြေပြေပဲ ပြီးသွားတယ်..။ လူတွေ သိပ်နှုံးနေကြလို့လားတော့မသိဘူး..။ ရှေ့နှစ်ပတ်က ဆေးရုံကြီးတွေမှာ လည်ထွက်နေအောင် ဆင်းထားရတာကိုး..။ ဒေါင်းနေကြတာနဲ့ သိပ်ပြီးကို ပြင်ပလောကကို အာရုံမ၀င်စားနေနိုင်ဘူး..။ အဲ.. တတိယညမှာတော့ အားပြန်ပြည့်လာပြီး ပတ်ဝန်းကျင်ကို လေ့လာစူးစမ်းချင်လာတယ်..။ အဲဒီမှာ တွေ့တာပဲ..။

အဲဒီညက ညစာစားပြီးကျတော့ ဘော်ဒါတွေ ကမ်းခြေဆင်းပြီး ဂစ်တာတီးကြတယ်..။ ကျွန်တော်ကတော့ နေ့စဉ်မှတ်တမ်းရေးနေလို့ လိုက်မသွားဖြစ်ဘူး..။ တစ်ယောက်ထဲ ပြတင်းပေါက်လေးနားထိုင်ပြီး ရေးကောင်းကောင်းနဲ့ ရေးနေမိတယ်..။ ကျွန်တော်ထိုင်နေတဲ့နေရာကနေ လှမ်းကြည့်လိုက်ရင် ကမ်းခြေသွားတဲ့လမ်းနဲ့ အပန်းဖြေစရာ နေရာလေးတွေကို လှမ်းမြင်နေရတယ်..။ ရေးနေတာကလဲ မှတ်တမ်းဆိုတော့ သိတဲ့အတိုင်း တောက်တောက် တောက်တောက် ရေးလို့ ရနေတာမဟုတ်ဘူး..။ စဉ်းစားလိုက် ရေးလိုက်ပေါ့..။ စဉ်းစားနေတုန်း ဦးနှောက်ဆေးတဲ့အနေနဲ့ အပြင်ဘက်ကို လှမ်းချောင်းလိုက်တယ်..။ အဲဒီမှာ ဖြူစွတ်နေတဲ့ ၀တ်စုံ ၀တ်ထားတဲ့ ကောင်မလေးတစ်ယောက်ကို နောက်ကျောပေးရက်အနေအထားနဲ့ မြင်လိုက်ရတယ်..။ သူ့ပုခုံးပေါ်မှာ လွှားထားတဲ့ အဖြူရောင်ပုဝါပါးဟာလဲ လေထဲမှာ တစ်လူလူ လွှင့်နေတာ..။ တစ်ကယ် ညချမ်းနဲ့ ကဗျာဆန်နေလိုက်တာ..။ စိတ်ထဲမှာတော့ ဒီအချိန်ကြီး ဒီကောင်မလေးတစ်ယောက်ထဲ ကမ်းခြေထွက်လာတယ်ပေါ့..။ ဒီလောက်ပါပဲ..။ အဲဒါနဲ့ စိတ်ထဲ ထွေထွေထူးထူး ထည့်မနေနိုင်အားဘူး..။ စာကို ပြန်ငုံ့ရေးလိုက်တယ်..။ ဒါပေမယ့် ခေါင်းထဲမှာ စာနဲ့ပတ်သက်တာက ခမ်းထွက်နေတာမို့ ကြာကြာမရေးလိုက်နိုင်ဘူး..။ နှစ်စက္ကန့်လောက်ပဲ ကြာမယ်ထင်တယ်..။ စိတ်ကလဲ ကောင်မလေးဆီရောက်သွားသလား မပြောတတ်ပါဘူး..။ ဒုတိယအကြိမ် ပြန်ကြည့်မိတယ်..။ ရှင်းလင်းနေတဲ့ ကမ်းခြေကြီးက ကျွန်တော့ကို လှောင်ပြုံးပြုံးပြလာတယ်..။ ခုနက ကောင်မလေး ပျောက်ခြင်းမလှ ပျောက်ထွက်သွားတယ်..။ ကမ်းခြေကြီးမှာဗျာ.. တစ်ခုခုအောက်ကို အတင်းဝင်ပုန်းနေမှပဲ ကျွန်တော် မမြင်နိုင်ဖို့ရှိမှာ..။ မဟုတ်လို့ကတော့ လယ်ပြင်မှာ ဆင်သွားသလို ရှင်းနေတာကြီး..။ အဲဒီအခါမှ ခုနက မထတဲ့ ကြက်သီးတွေ ထလာရော..။ အင်း.. မြင်တာတော့ မြင်လိုက်တာပဲ..။ ဒါပေမယ့် လူမဖြစ်နိုင်တော့မှန်းသိနေတယ်လေ..။

ဆယ်မိနစ်လောက်နေတော့ အခန်းဖော်တစ်ယောက်ပြန်လာတယ်..။ အဲဒါနဲ့ သူ့ကိုမေးကြည့်တယ်..။ ခုနက ကောင်မလေး တစ်ယောက်တွေ့မိလားပေါ့..။ အဲဒီမှာ အဲဒီကောင်မှတ်ချက်ပေးတော့တာပဲ..။ ရူးနေလားတဲ့..။ ဒီပတ်ဝန်းကျင်မှာ ဒီဟော်တယ်က တစ်ခုတည်းသော ဟိုတယ်တဲ့..။ တစ်ခြား ဧည့်သည်လဲ မရှိဘူးတဲ့..။ ရွာနဲ့လဲ နီးတာမဟုတ်ဘူးတဲ့..။ ရွာသူကို မြင်ရဖို့လဲ လမ်းမမြင်ဘူးတဲ့..။ အဲဒီအခါမှပဲ ပိုသေချာသွားတော့တယ်..။ ခပ်ထူးထူးလေး ဖြစ်သွားခဲ့ပြီဆိုတာကိုပေါ့..။ အဲလိုနဲ့ ကျန်တဲ့ညကို မတင်မကျစိတ်တွေနဲ့ ဖြတ်သန်းလိုက်ရတယ်..။ အဲဒီမှာ အလုပ်ပြီးတော့ ပုသိမ်ကို ပြန်ကြတယ်လေ.. ။အပြန်လှမ်းမှာ ကျွန်တော် မနေနိုင်တော့ဘူး.. ကောင်မလေးတစ်ယောက် တွေ့ရတဲ့အကြောင်း စကားစတာပေါ့..။ အဲဒီမှာ ဆေးကျောင်းသူအုပ်စုထဲကလဲ ပြောတယ်..။ သူတို့ထဲက တစ်ယောက် ညအိပ်နေတုန်း ခြေထောက်ကို လာဆွဲတယ်တဲ့..။ အဲဒါနဲ့ ကြောက်လို့ သူတို့ မိန်းကလေးတွေ တစ်ခန်းထဲ အတင်း စုအိပ်ရတယ်တဲ့..။ ကျွန်တော်တို့ ပြောနေတာတွေကို ကားစပယ်ယာက ကြားတော့ ပြောပြတယ်..။ အဲဒီ ကျွန်တော်တို့ သွားတည်းခဲ့တဲ့နေရာက အရင်က သချိုင်းမြေတဲ့..။ အခု ဟော်တယ် ပရောဂျက်တွေကျမှ သချိုင်းမြေကို ဖျက်ပစ်ပြီး တည်းခိုခန်းတွေဆောက်နေတာတဲ့ဗျ..။

အဲဒီတုန်းကတော့ သိပ်ပြီး ကြောက်လှတယ်မရှိပါဘူး..။ တစ်ကယ်ဆိုရင် ဘယ်မိန်းကလေးကလဲ အဲလို အဖြူဝမ်းဆက်နဲ့ ညကြီး လမ်းသလားပါ့မလဲနော့..။ သိပ်ကို မတွေးမိဖြစ်ခဲ့ပါဘူး..။ အဲ... မမေးခင်ပြောရဦးမယ်..။ အဲဒီကောင်မလေး မျက်နှာကို မမြင်ဖူးလိုက်ဘူး..။ နောက်ကျောပေးထားတာလေ..သူက..။ အဲဒါမို့ တစ်ခြားသူတွေ ကြုံဖူးတယ်လို့ပြောတဲ့အတိုင်း မျက်နှာပြောင်ကြီး ဟုတ်မဟုတ်တော့မသိဘူးဗျ... ။ ဟော်တယ်နာမည်ကိုတော့ မမေးနဲ့ဗျာ..။ ငွေဆောင်ကမ်းခြေတစ်နေရာလို့ သိထားရင် လုံလောက်ပါပြီ..။ အဲဒါ ငွေဆောင်ရောက်ခိုက် ကြုံလိုက်ရတာလေးပါ...။

ယခုလို ကိုယ်တွေ့ဖြစ်ရပ်ကို မျှဝေပေးပါတဲ့.. ဒေါက်တာ Kyaw Ko Thet အား Admin များမှ ကျေးဇူးတင် ပါတယ်...။

Credit - ခစ်ခစ်
ADMIN - Htut Htet
သရဲ သဘက် ဘီလူး အစရှိသော - ပေတလောကသားများအကြောင်း

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၂၀၁၅ ရွေးကောက်ပွဲ ဝင်ပြိုင်မည်မဟုတ်ဟု ဦးရွှေမန်းဆို

Posted by drmyochit Friday, October 25, 2013, under | No comments



နေပြည်တော်၊ အောက်တိုဘာ ၂၄

တပ်မတော်အစိုးရက ကျင်းပသည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက် ယှဉ်ပြိုင်ကာ နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရသည့် သမ္မတ ဦးသိန်းစိန်သည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

အောက်တိုဘာလ ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အပြီးတွင် ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းနှင့် သတင်းမီဒီယာများ တွေ့ဆုံပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌလည်းဖြစ်သူ သူရဦးရွှေမန်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုင်ငံတကာ မီဒီယာများကို ပြောကြားခဲ့သည့်အတိုင်း ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ၎င်းကဆိုသည်။
“ဒီစကားဟာ လူကြီးလူကောင်း တစ်ယောက် ပြောတဲ့စကား ဖြစ်တဲ့အတွက် အင်မတန်မှ တည်ကြည်ပါတယ်” ဟု သူရဦးရွှေမန်းက ဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ၎င်း၏ ဗြိတိန် ခရီးစဉ်အတွင်း နိုင်ငံတကာ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြော ကြားထားသည်။

“ဒါကတော့ သမ္မတကြီးရဲ့ သဘောထားပါ။ ဘီဘီစီနဲ့ အင်တာဗျူးမှာလည်း ဖြေထားပြီးပါပြီ၊ ကျွန်တော် ဘာမှမှတ်ချက်ပေးလို့ မရပါဘူး” ဟု နိုင်ငံတော် သမ္မတရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ပြောဆိုသည်။

အဆိုပါ ကိစ္စသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုက်ရိုက် ပြောကြားခြင်း မဟုတ်သည့်အတွက် အတည်ဟု ယူဆ၍ မရနိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဆိုသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌနှင့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင် နိုင်ငံတော်သမ္မတအဖြစ် ဝင်ရောက် ရွေးချယ်ခံလိုကြောင်း ၎င်း၏ အမေရိကန်ခရီးစဉ် အတွင်း ပြောဆိုထားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် နေပြည်တော် ပုဗ္ဗသီရိ မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်ကာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီး ပြည်သူ့လွှတ်တော်က နိုင်ငံတော်သမ္မတအဖြစ် အမည်စာရင်း တင်သွင်းပြီး သမ္မတအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။

The Voice Weekly

အိပ်ခန်းထဲ ဝင်ခိုးသည့် သူခိုးကို တံခါးသော့ခတ်ပြီး ဖမ်းဆီး

Posted by drmyochit Friday, October 25, 2013, under | No comments

ကသာ ၊ အောက်တိုဘာ ၂၄

အောက်တိုဘာ၂၄ရက် နံနက်၉ နာရီခွဲက အိပ်ခန်းထဲ အထိ ဝင် ရောက်ခိုးယူနေသည့် သူခိုး တစ်ဦးကို မိန်းကလေးငယ်တစ်ဦးက ဉာဏ် ကောင်း စွာဖြင့် အိပ်ခန်းတံခါးအား သော့ခတ်ပေးထား မှုကြောင့် ရဲ တပ်ဖွဲ့ဝင် များမှ အလွယ်တကူ ဖမ်းဆီးနိုင် ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကသာမြို့ အ မှတ်(၇)ရပ်ကွက်နေ ဒေါ်ရင်တိုး (ခ)ဒေါ်တင်တင်တိုးသည် အလှ ပြင်ဆိုင် သို့ရောက်ရှိနေစဉ် အိမ် တွင်ကျန်ရှိနေခဲ့သော သမီး ငယ် မယဉ်မွန်အောင် ၁ရနှစ်က ဖုန်း ဆက်၍ အိမ်ရှိ အိပ်ခန်းအတွင်း   သူခိုးတစ်ဦး ဝင်ရောက် ပြီး ငွေ များ ခိုးယူနေသည်ကို တွေ့ရ၍ အိပ်ခန်းတံခါးကို သော့ခတ်ထား လိုက်ကြောင်း အသိပေးခဲ့သည်။

သမီးငယ်၏ပြောဆိုချက် အရ မိခင်ဒေါ်ရင်တိုးမှ က သာ ရဲစခန်းသို့ ဆက်လက်သတင်းပို့ ခဲ့ရာ ရဲစခန်းမှ တပ်ဖွဲ့ဝင်များလိုက် ပါလာကာ အခန်း တံခါးသော့ ဖွင့် ၍ အလွယ်တကူဖမ်းဆီးရမိနိုင်ခဲ့ ခြင်းဖြစ်သည်။ ထိုသို့ဖမ်းဆီးရမိစဉ် မေး မြန်းချက် များ အရ ခိုးယူ ထားသော ငွေကျပ်ငါးသိန်းအား အိပ်ခန်း ပြတင်းပေါက်မှ ရေချိုးကန်ဘက် သို့ပစ်ထားကြောင်းသိရပြီး လိုက် လံရှာဖွေ ခဲ့ရာ ခိုးယူသူပစ်ထားခဲ့ သော ကျပ်၁ဝဝဝဝတန် အရွက် ၅ဝကိုပြန်ရရှိခဲ့ကြောင်း သိရသည်။  ထိုသို့ဖမ်း ဆီး ရမိခဲ့ သော ခိုးယူသူ မောင်စိုး(ခ)စိုးမင်းသန်း ၄ဝနှစ်အား ကသာရဲစခန်းမှ (ပ) ၃၀၄/၁၃ဖြင့် မှတ်တမ်းရေးသွင်း ပြီး ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ(၃၈၀) အရအရေးယူဆောင်ရွက်နိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

ကိုဂျူ (ကသာ)
Yangon Media Group

ရိုက်ချက်အများအပြားဖြင့် နို့ရည်ဝတ်စုံများ ဖန်တီးပြခဲ့သည့် ဓာတ်ပုံဆရာ

Posted by drmyochit Friday, October 25, 2013, under | No comments

ဓာတ်ပုံတစ်ပုံအတွက် ရိုက်ချက် (၂၀၀)မျှကို အသုံးပြုထားရကြောင်း ဂျာရိုဆလက်ဗ်က ဆိုသည်


နို့ရည်ဖြင့် ဖန်တီးထားသည့် ဝတ်စုံမျိုးကို ဖန်တီးရန် ဓာတ်ပုံဆရာ တစ်ဦးက စိတ်ကူးရခဲ့သည်။ ထိုစိတ်ကူးအတိုင်းပင် ၎င်း၏ စွမ်းရည်ဖြင့် လက်တွေ့ ဓာတ်ပုံကောင်းများကို ဂျာရိုဆလက်ဗ် ဝီဇာကီဝစ်ဇ်က ဖန်တီးပြနိုင်ခဲ့သည်။ လန်ဒန်တွင် နေထိုင်သည့် ပိုလန်ဖွား ဓာတ်ပုံဆရာသည် ပြက္ခဒိန်အတွက် အဆိုပါ ဓာတ်ပုံများကို ဖန်တီး ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယခုကဲ့သို့ ဆန်းပြားသည့် ပုံရိပ်များ ရရှိလာအောင် ဓာတ်ပုံပြင်ဆင်သည့် Softwareများဖြင့် အပြောင်းအလဲ လုပ်ဆောင်ထားခြင်း မဟုတ်ဘဲ ဓာတ်ပုံရိုက်ချက် Layer အများအပြားကို ထပ်ထားခြင်းဟု သိရသည်။

ဓာတ်ပုံတစ်ပုံအတွက် ရိုက်ချက် (၂၀၀)မျှကို အသုံးပြုထားရကြောင်း ဂျာရိုဆလက်ဗ်က ဆိုသည်။ ယခုအခါ (၁၉၅၀)ပြည့်လွန် နှစ်များ၏ ပုံရိပ်မျိုး လွှမ်းမိုး သက်ရောက်နေသည့် ဓာတ်ပုံများသည် ပြက္ခဒိန် တစ်ခု အနေဖြင့် စုစည်းလာတော့မည် ဖြစ်သည်။ ယင်းဓာတ်ပုံများ ရရှိရန်အတွက် ဂျာရိုဆလက်ဗ်သည် မော်ဒယ်လ် တစ်ဦးချင်းစီ၏ ခန္ဓာကိုယ်ပေါ်သို့ လိုချင်သော ရှုထောင့် အသီးသီးမှ နို့ရည်ဖြင့် လှမ်းပက်ကာ Fast Exposure ရိုက်ချက်များဖြင့် ပုံရိပ်ဖမ်းယူခဲ့သည်။

အတွင်းခံ ဘောင်းဘီ တစ်ထည်ကိုသာ ဝတ်ဆင်ထားသည့် မော်ဒယ်လ်များကို နို့ရည်က ဖုံးအုပ် ကာကွယ်သွားချိန်များကို စိတ်ကြိုက် ရိုက်ယူပြီး ဓာတ်ပုံများကို အလွှာအထပ်ထပ်ဖြင့် အနုစိတ် ပုံရိပ်ဖော်ခဲ့ခြင်း ဖြစ်သည်။ ယင်းဓာတ်ပုံများအတွက် Softwareဖြင့် ဖန်တီး ပေါင်းစပ်မှု လုံးဝ မပါဝင်ကြောင်း ဂျာရိုဆလက်ဗ်က ရှင်းပြခဲ့သည်။ "အင်မတန် လက်ဝင်တဲ့ ကိစ္စပါ။ ဒါပေမဲ့ ထိုက်တန်ပါတယ်။ ကျွန်တော့် စိတ်ကူးအတိုင်း မှန်မှန်ကန်ကန် ပုံဖော်နိုင်ခဲ့တယ်လေ"ဟု ဂျာရိုဆလက်ဗ်က ဝံ့ကြွားစွာ ပြောဆိုသွားခဲ့သည်။









Planet Myanmar Network

ဇာတ်ကားများ အလျင်မပြတ် ရိုက်ကူးနေရသည့် အမ်မာစတုန်း

Posted by drmyochit Friday, October 25, 2013, under | No comments

အမ်မာစတုန်းတစ်ယောက် နောက်ထပ်လည်း ဇာတ်ကားသစ်များအတွက် ရက်ချိန်းပြည့်နေပြီဟု သိရ

ယခုလတ်တလော ရိုက်ကွင်းများနှင့် ဆက်တိုက် အလုပ်ရှုပ်နေသည့် အမ်မာစတုန်းတစ်ယောက် နောက်ထပ်လည်း ဇာတ်ကားသစ်များအတွက် ရက်ချိန်းပြည့်နေပြီဟု သိရသည်။ Amazing Spiderman 2 ဇာတ်ကားတွင် ချစ်သူ အင်ဒရူး ဂါဖီးလ်နှင့် တွဲဖက် သရုပ်ဆောင်ခဲ့သည့်နောက် နယူးယော့ခ်ကို စွန့်ခွာလာသည့် မင်းသမီးသည် ပြင်သစ် တောင်ပိုင်းတွင် Magic of the Moonlight ဇာတ်ကားကို ရိုက်ကူးလျှက် ရှိသည်။ ယခုတစ်ဖန် အသက်(၂၄)နှစ်ရှိ မင်းသမီးသည် ဟာသဇာတ်မြူး ရုပ်ရှင်တစ်ခုတွင် ပါဝင်သရုပ်ဆောင်ရန် ကမ်းလှမ်းမှုကို လက်ခံလိုက်ပြန်ပြီဟု သိရသည်။ Hollywood Reporterက အမ်မာသည် ဒါရိုက်တာ ကင်မရွန် ခရိုဝီ၏ ဇာတ်ကားသစ်အတွက် ပါဝင်ရန် ညှိနှိုင်း အတည်ပြုခဲ့ပြီး ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

အဆိုပါ ဇာတ်ကားသစ်ကို အမည် အတိအကျ မသတ်မှတ်ရသေးဘဲ အမ်မာနှင့်အတူ ဘရက်ဒ်လေကူးပါး၊ အဲလက်ဘော်လ်ဒွင်နှင့် ရေချယ်လ်မက်အဒမ်တို့ ပါဝင်ရန် နီးစပ်နေကြောင်း သိရသည်။ ထို့အပြင် The Officeစတား ဂျွန်ကရာနစ်စကီသည်လည်း ယင်းဇာတ်လမ်းတွင် ပူးပေါင်းလာနိုင်ကြောင်း Hollywood Reporterက ဆိုသည်။ အမ်မာအနေဖြင့် ပြင်သစ်တွင် ရိုက်ကွင်းပြီးစီးပါက ယခုဇာတ်ကားသစ်အတွက် ဆက်လက် အလုပ်များနိုင်ကြောင်းလည်း သိရသည်။ သူမ ပါဝင်ထားသည့် Amazing Spiderman 2မှာမူ (၂၀၁၄)ခုနှစ်၊ မေလ (၂)ရက်နေ့တွင် ရုံတင်သွားမည် ဖြစ်သည်။

From: Planet Myanmar Network

ငါးမန်းကို လက်သီးဖြင့်ထိုးပြီး လွတ်လမ်းရှာခဲ့သည့် လက်ဝှေ့သမားဟောင်း

Posted by drmyochit Friday, October 25, 2013, under | No comments

ငါးမန်း၏ ကိုယ်ထည်ကို လက်တစ်ဖက်ဖြင့် အပေါ်စီးမှ သိုင်းဖက်ရင်း ငါးမန်း၏ မျက်နှာကို လက်သီးဖြင့် ဆင့်၍ ဆင့်၍ ထိုးခဲ့ကြောင်း သိရ


လက်ဝှေ့သမားဟောင်း တစ်ဦးအနေဖြင့် ဂျက်ဖ်ဟော်တန်သည် ပြိုင်ဘက် အတော်များများ၏ မျက်နှာကို လက်သီးဖြင့် ထိုးခဲ့ဖူးသည်။ သို့သော်လည်း ပြီးခဲ့သည့် သီတင်းပတ်ကုန်က ၎င်းထိုးခဲ့သည်မှာ ပြိုင်ဘက် လက်ဝှေ့သမား တစ်ဦး မဟုတ်သလို ကြိုးဝိုင်းထဲတွင်လည်း မဟုတ်ချေ။ ဂျက်ဖ်သည် အသက်လုပွဲအတွက် ငါးမန်းတစ်ကောင်ကို လက်သီးဖြင့် ထိုးခဲ့ရခြင်း ဖြစ်သည်။

အသက်(၂၅)နှစ်ရှိ ဂျက်ဖ်သည် ဟာဝိုင်ယီရှိ ကီလော်အီရာတွင် လှိုင်းစီးနေစဉ် ၎င်းထံ ချဉ်းကပ်လာသည့် ဆူးတောင်ကြီးကို စတင်တွေ့မြင်ခဲ့ခြင်း ဖြစ်သည်။ တနင်္ဂနွေနေ့ နံနက်ပိုင်းက ဂျက်ဖ်နှင့်အတူ အခြားသော ရေလှိုင်းစီးသူ (၁၀)ယောက်မျှ ရှိနေပြီး ၎င်းတို့ကို လူတစ်ဦးက မိမိသည် ငါးမန်းတစ်ကောင်၏ အရိပ် အယောင်ကို တွေ့မြင်မိကြောင်း သတိပေးသွားခဲ့သည်။ သို့သော်လည်း ဂျက်ဖ်တို့အားလုံးက ရေထဲမှ ပြန်မတက် ဘဲ ဆက်လက်၍ လှိုင်းစီးနေခဲ့ပြီး မိနစ်(၂၀)မျှ အကြာတွင် ဂျက်ဖ်အနေဖြင့် သားစား သတ္တဝါကြီး ၏ ဆူးတောင်ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရခြင်း ဖြစ်သည်။

ဘယ်ဘက်မှ မည်းမည်းအရိပ်ကြီး ချဉ်းကပ်လာသည်ကို ဂျက်ဖ်က သတိပြုလိုက်မိချိန်တွင် ၎င်းသည် လှိုင်းစီးဘုတ်ပေါ်တွင် ခြေထောက် တွဲလောင်းချ၍ ထိုင်လျှက်ရှိသည်။ "အပေါ်ပိုင်းက မည်းမည်းကြီးနဲ့ အောက်ပိုင်းက ဖြူနေတယ်။ ပထမတော့ ကျွန်တော်က ငါးလိပ်စွန် တစ်ကောင်လို့ ထင်မိခဲ့တာပါ"ဟု ဂျက်ဖ်က ဆိုသည်။ ၎င်းက "နောက်တော့ ဆူးတောင်ကြီး ပေါ်လာပြီး ကျွန်တော့်ဆီ တည့်တည့် ပြေးလာတာပါပဲ"ဟုလည်း ရှင်းပြခဲ့သည်။ ဂျက်ဖ်သည် သတိမလွတ်ဘဲ ခြေထောက်ကို ရုတ်လိုက်ချိန်မှာပင် ငါးမန်းက ၎င်း၏ ဘုတ်ပြားကို ဝင်ကိုက်တော့သည်။

ဂျက်ဖ်သည် ရုတ်ရုတ်သည်းသည်း အခြေအနေတွင် တုန်လှုပ်မသွားဘဲ ငါးမန်း၏ ကိုယ်လုံးပေါ် လှိမ့်ဆင်းကာ ဆူးတောင်ကို လက်ဖြင့် လှမ်းဆွဲထားလိုက်သည်။ ထို့နောက် ငါးမန်း၏ ကိုယ်ထည်ကို လက်တစ်ဖက်ဖြင့် အပေါ်စီးမှ သိုင်းဖက်ရင်း ငါးမန်း၏ မျက်နှာကို လက်သီးဖြင့် ဆင့်၍ ဆင့်၍ ထိုးခဲ့ကြောင်း သိရသည်။ "အနည်းဆုံး (၈)ချက်လောက်တော့ ထိုးခဲ့တယ် ထင်တယ်။ တစ်ချက်က မျက်လုံးကို ချက်ကောင်းထိသွားတယ်။ သေချာပါတယ်။ ဒီကောင် တော်တော် အထိနာသွားပုံရတယ်"ဟု ဂျက်ဖ်က ဆိုသည်။ ငါးမန်းသည် ကိုက်ထားသည့် ဘုတ်ပြားကို လွှတ်ကာ ထွက်ပြေးသွားကြောင်း သိရသည်။

ထို့နောက် ဂျက်ဖ်သည် အားယူကာ ဘုတ်ပြားပေါ်သို့ ပြန်တက်လာသည်။ ထို့နောက် အခြားသော လှိုင်းစီးသူ တစ်ဦးနှင့်အတူ ကမ်းခြေသို့ ပြန်လာနိုင်ခဲ့သည်။ ကျားငါးမန်းဟု ယူဆရသည့် ရေသတ္တဝါကြီးကို တာဝန်ရှိသူများက လိုက်လံ ရှာဖွေခဲ့သော်လည်း ၎င်းအနေဖြင့် ကမ်းခြေတွင် နောက်ထပ် တိုက်ခိုက်မှု မရှိတော့ဘဲ ရေနက်ပိုင်းသို့ ပြန်သွားပြီဟု ယူဆရသည်။ ဂျက်ဖ်အတွက် အမှတ်ရစရာအဖြစ် ငါးမန်းကိုက်ရာနှင့် လှိုင်းစီးဘုတ်ကိုမူ ပိုင်ဆိုင်ခွင့် ရခဲ့သည်။ ဂျက်ဖ်တွင် ငါးမန်း၏ ကြမ်းတမ်းသော ကိုယ်ထည်နှင့် ပွတ်တိုက်သဖြင့် အနည်းငယ်မျှ ပွန်းပဲ့ ဒဏ်ရာ ရခဲ့သည်။ ကမ်းခြေတွင် ဂျက်ဖ်ကို ကမ္ဘာလှည့် ခရီးသည် တစ်ဦးက တအံ့တဩဖြင့် ဒေါ်လာ(၅၀) ဆုချပြီး ဘီယာဝယ်သောက်ရန် တိုက်တွန်းခဲ့သည်။ ငါးမန်းကိုက်ရာနှင့် ဘုတ်ပြားကို ကိုင်ဆောင်ထားသည့် ဂျက်ဖ်က "ကျွန်တော်ကတော့ ဒါကို အိမ်က နံရံမှာ ချိတ်ထားမယ်"ဟု ဂုဏ်ယူစွာ ပြောကြားသွားသည်။

Planet Myanmar Network

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်