Wednesday, October 30, 2013

ခေတ်သစ်ကျွန်သဘောက် အမည်ရှိ အလုပ်သမားများ အခြေအနေ အစီရင်ခံစာ ထုတ်ဝေ

Posted by drmyochit Wednesday, October 30, 2013, under | No comments


ရန်ကုန်၊ အောက်တိုဘာ ၃၀။

Labour Rights Clinic (L.R.C) နှင့် အလုပ်သမားအဖွဲ့အစည်းများ ပူးပေါင်း၍ ရန်ကုန်မြို့ရှိ စက်မှုဇုံ (၁၃)ခုမှ လုပ်ငန်းခွင်များသို့ စစ်တမ်းကောက်ယူထားသော ခေတ်သစ် ကျွန်သဘောက် အမည်ရှိ ရန်ကုန်စက်မှုဇုန် အတွင်းရှိ အလုပ်သမားများ အခြေအနေ (၂၀၁၂ – ၂၀၁၃ ) ကို Labour Rights Clinic (L.R.C) မှ ထုတ်ဝေ လိုက်သည်။

“ ဒီအစီရင်ခံစာကို ဘာလို့ထုတ်ဝေရတာလဲဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံကို အသစ်ဝင်ရောက်လာမယ့် ရင်းနှီးမြှပ်နှံမှုတွေ၊ စီးပွါးရေး လုပ်ငန်းတွေ ရောက်လာပြီ ဆိုတာနဲ့ စက်မှုဇုံတွေ၊ စက်ရုံအလုပ်ရုံတွေမှာ စိန်ခေါ်မှု အသစ်တွေ ရှိလာပါတယ်။ အဲလိုဝင်ရောက်လာတာနဲ့အမျှ မြန်မာအလုပ်သမားတွေမှာ နဂိုရှိပြီးသား ပြဿနာတွေဟာ နောက်ထပ် အလုံးအရင်းနဲ့ ထပ်ပြီးဖြစ်လာဖို့ ရှိသလို အလုပ်သမားတွေရဲ့ ဘဝနဲ့အခွင့်အရေးတွေကို မီးမောင်းထိုးပြဖို့ လိုအပ်နေပါတယ်။ ဒီလိုအရေးကိစ္စတွေကို အများပြည်သူတွေ အာရုံစိုက်မှု အားနည်းနေပါတယ်။ ဒီအစီရင်ခံစာကနေ သတင်းပြတ်တောက်မှုတွေကို ဖာထေးပေးပြီး အများပြည်သူတွေ အာရုံစိုက်လာအောင် ရည်ရွယ်ပါတယ်။ ဒီအစီရင်ခံစာကို အလုပ်သမားအရေး တက်ကြွ လှုပ်ရှားသူတွေ၊ အဖွဲ့အစည်းတွေ၊ အလုပ်သမား သမဂ္ဂတွေနဲ့ ဘယ်လိုအကြောင်း အရာတွေ၊ ဘယ်လို အခြေအနေတွေကို အဓိကထားပြီး တင်ပြကြမယ် ဆိုတာကို ဆွေးနွေးပြီးမှ အဆင့်ဆင့်ပြုစုခဲ့တာပါ။ အဓိကအခြေတည်တဲ့ အချက်အလက်တွေကတော့ လှိုင်သာယာ စက်မှုဇုံတွေမှာ ဖြစ်ပျက်နေတာတွေကို စစ်တမ်း ကောက်ယူ ထားပါတယ်။ ရရှိလာတဲ့ အချက်အလက်တွေကိုမှ စုစည်းပြီးတော့ သက်ဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်တွေနဲ့ ရေးဆွဲခဲ့တာ ဖြစ်ပါတယ် ”ဟု လုပ်သားနှင့် အလုပ်သမားရေးရာ အတိုင်ပင်ခံစင်တာမှ ဦးချစ်ဦးမောင်က ပြောသည်။

ယခုထုတ်ဝေလိုက်သော အစီရင်ခံစာတွင် အလုပ်သမားအခွင့်အရေး ချိုးဖေါက်ခံရမှုများ၊ လုပ်အားခ လစာ နည်းပါးမှုများ၊ လုပ်ငန်းခွင် လုံခြုံရေး အားနည်းမှုများ၊ အလုပ်သမား အသင်းအပင်းများ လွတ်လပ်စွာ ဖွဲ့စည်းခွင့် မရမှုများ၊ လုပ်ငန်းခွင် ကျန်းမာရေး စောင့်ရှောက်မှု အားနည်းမှုများကို လေ့လာစစ်တမ်း ကောက်ယူထားပြီး ယင်းအစီရင်ခံစာအား အလုပ်သမား ဝန်ကြီးဌာန၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ အလုပ်သမားဆိုင်ရာ အဖွဲ့အစည်းများသို့ ပေးပို့သွားမည်ဟုလည်း ၎င်းက ဆက်လက်၍ ပြောခဲ့သည်။

ဓါတ်ပုံ သီဟသစ်
မြန်မာ့ခေတ်

အဆုတ်သန့်စင်စေသော ကန်စွန်းရွက်ပြုတ်ဟင်းချို

Posted by drmyochit Wednesday, October 30, 2013, under | No comments


ဤဟင်းချိုသည် ဆေးလိပ်သောက်သူများ၊ အာပုပ်နံ့နံသူများ၊ ခန္ဓာကိုယ်အပူများနေသူများ၊ ချောင်းဆိုးနေသူများအတွက် ထိရောက်စွာ အကျိုးပြုနိုင်သည်။

လိုအပ်သောပစ္စည်းများ

ကန်စွန်းရွက် (၁) Kg အရိုးကိုပါ အသုံးပြုပါ။
ပျားရည် (၄၀၀) ဂရမ်ရေ (၄)လီတာမျှရေကောင်းကောင်းဆန့်သည့်
အိုးကြီး (၁)အိုး

ပြုလုပ်နည်း

အထက်ပါပစ္စည်းများ အားလုံးရော၍ မီးမျှင်းမျှင်းနှင့် (၄) နာရီ ကြာတည်ပါ။
အဖတ်များကို စစ်၍ ပုလင်းထဲ ထည့်ပြီး ရေခဲသေတ္တာထဲတွင် (၂-၃)ရက်ထားပါ။ မိသားစု (၁)ဦးချင်း တစ်နေ့(၁)ခွက်သောက် ရပါမည်။

ကန်စွန်းရွက်ဟင်းချိုသောက်ခြင်းဖြင့် အဆုတ်အတွက် ကောင်းသည်ဟု တရုတ်လူမျိုးများက အထူးသဖြင့် ဓလေ့ရိုးရာအဖြစ် သောက်ကြသည်။

အကျိုးသက်ရောက်ပုံများမှာ

(၁) အဆုတ်အတွင်း အဆိပ်အတောက်များကို စင်ကြယ်သန့်ရှင်းစေသည်။ ဆေးလိပ်သောက်သူများ လေထုညစ်ညမ်းသော ပတ်ဝန်းကျင် တွင် နေထိုင်သူများအတွက် ကြီးမားသော ကောင်းကျိုးရစေသည်။
(၂)အာပုပ်နံ့နံသူများသည်လည်း ဤဟင်းချိုသောက်ခြင်းက ကုစားစေနိုင်သည်။
(၃)ပူ၍ခြောက်သွေ့သော ရာသီတွင် ခန္ဓာကိုယ်တွင်း အပူများသူများ သောက်ခြင်းဖြင့် အပူငြိမ်းစေသည်။
(၄)အဆုတ်ကို သန့်ရှင်းစင်ကြယ်စေသဖြင့် ချောင်းဆိုးနေသူများအတွက် သင့်လျော်ကောင်းမွန်သောဆေးတစ်လက်ဖြစ်သည်။

HT
Health Updates Journal

လုပ်ခ တိုးပေးရန် တိုင်ကွန်း အထည်ချုပ်လုပ်သား ၅၀၀ ကျော် ဆန္ဒပြ

Posted by drmyochit Wednesday, October 30, 2013, under | No comments

ဝရန်တာပေါ် ထွက်ထိုင်ပြီး ဆန္ဒပြနေကြသော အလုပ်သမားများကို တွေ့ရစဉ်

ရန်ကုန်၊ အောက်တိုဘာလ ၂၉

ဆန္ဒပြမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ စက်မှုဇုန် အပိုင်း (၁) ရှိ တရုတ်နိုင်ငံသား ပိုင်ဆိုင်သည့် တိုင်ကွန်း (Tycoon) အထည်ချုပ်စက်ရုံ လုပ်သား ၅၀၀ ကျော်သည် အချိန်ပို အလုပ်ချိန်များပြီး လုပ်အားခ နည်းပါးသဖြင့် လုပ်ခ တိုးမြှင့်ပေးရန် အောက်တိုဘာလ ၂၆ ရက်နေ့မှ စတင်ကာ ဆန္ဒပြ တောင်းဆိုနေကြကြောင်း အဆိုပါ လုပ်သားများထံမှ သိရှိရသည်။


အလုပ်ချိန်အဖြစ် နံနက် ၇ နာရီ ၃၀ မိနစ်မှ ည ၇ နာရီအထိ အလုပ်လုပ်ကိုင်ရပြီး ပုံမှန်အချိန်ပို အလုပ်ချိန် အဖြစ် ည ၉ နာရီ အထိ အလုပ်လုပ်ကိုင်ရကြောင်း၊ အော်ဒါအပေါ် မူတည်ကာ တစ်ခါတစ်ရံ ည ၁၁ နာရီ အထိ အလုပ် လုပ်ကိုင်ရသော်လည်း လုပ်သားတစ်ဦး၏ တစ်လစာ လုပ်အားခမှာ ကျပ်ရှစ်သောင်းသာ ရရှိသဖြင့် လုပ်အားခ တိုးပေးရန် ဆန္ဒပြခြင်း ဖြစ်ကြောင်း ဆန္ဒပြ လုပ်သားတစ်ဦးက ပြောကြားသည်။

လုပ်အားခ နေ့စဉ်ကြေးအဖြစ် တစ်ရက်လျှင် ၂၀၀ ကျပ် တိုးပေးရန်၊ ရှားပါး စရိတ် ၅၀၀ ကျပ် တိုးပေးရန်၊ အလုပ်ချိန်ကို နံနက် ၈ နာရီမှ ည ၇ နာရီ အထိသာ သတ်မှတ်ပေးရန် အပါအဝင် အချက် ခြောက်ချက်ကို တောင်းဆိုခြင်း ဖြစ်ကြောင်း၊ ယင်းတောင်းဆိုချက်များ ရရှိရေး အလုပ်ရှင်နှင့် ညှိနှိုင်းရာတွင် လုပ်ခ တိုးရေးနှင့် အလုပ်ချိန် လျှော့ချရေး အချက် သုံးချက်ကို အလုပ်ရှင်က လိုက်လျောခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။

ယင်း တောင်းဆိုမှုများကို ရရှိရေးအတွက် အငြင်းပွားမှု ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့သို့ အောက်တိုဘာလ ၂၉ ရက်နေ့တွင် တင်ပြထားကြောင်း ဆန္ဒပြ လုပ်သားများထံမှ သိရှိရသည်။ အဆိုပါကိ စ္စနှင့် ပတ်သက်၍ တိုင်ကွန်း အထည်ချုပ်စက်ရုံ မန်နေဂျာထံသို့ လူကိုယ်တိုင် သွားရောက် မေးမြန်းခဲ့သော်လည်း အလုပ်မအားသေး၍ ပြန်လည် မဖြေနိုင်သေးကြောင်း စက်ရုံလုံခြုံရေးမှ တစ်ဆင့် ပြန်လည် ပြောဆိုသည်။

တိုင်ကွန်း အထည်ချုပ်စက်ရုံ ဖွင့်လှစ်ထားသည်မှာ တစ်နှစ်ခန့်သာ ရှိသေးပြီး စက်ရုံလုပ်သား ၆၀၀ ကျော် ရှိသည့်အနက် ၅၀၀ ကျော်က ဆန္ဒပြ တောင်းဆိုခြင်း ဖြစ်သည်။

From: The Voice Weekly

ပါလက်စတိုင်းအကျဉ်းသား ၂၆ ဦးကို အစ္စရေး ပြန်လွှတ်

Posted by drmyochit Wednesday, October 30, 2013, under | No comments

အကျဉ်းသား ၂၁ ဦးကို ယနေ့မွန်းလွဲပိုင်းတွင် ဂျေရုဆလင်မ်အနီး အနောက်ဘက်ကမ်းခြေရှိ အော့ဖ်ဖာအကျဉ်းထောင်မှ ပြန်လွှတ်ပေးခဲ့ပြီး မကြာမီပင် နောက်ထပ် အကျဉ်းသား ၅ ဦးကိုလည်း ပြန်လွှတ်ပေးလိုက်


အစ္စရေးအစိုးရသည် ပါလက်စတိုင်းအကျဉ်းသား ၂၆ ဦးအား ယနေ့ ပြန်လွှတ်ပေးလိုက်ပြီဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရေး အမေရိကန်၏ ကြားဝင်ဆောင်ရွက်မှုရလဒ်အဖြစ် ပါလက်စတိုင်းအကျဉ်းသားများကို အစ္စရေးက ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အကျဉ်းသား ၂၁ ဦးကို ယနေ့မွန်းလွဲပိုင်းတွင် ဂျေရုဆလင်မ်အနီး အနောက်ဘက်ကမ်းခြေရှိ အော့ဖ်ဖာအကျဉ်းထောင်မှ ပြန်လွှတ်ပေးခဲ့ပြီး မကြာမီပင် နောက်ထပ် အကျဉ်းသား ၅ ဦးကိုလည်း ပြန်လွှတ်ပေးလိုက်ကြောင်း AFP သတင်းက ဖော်ပြသည်။

အစ္စရေးက ပြန်လွှတ်ပေးလိုက်သော အကျဉ်းသားများသည် ဘတ်စ်ကားနှစ်စီးဖြင့် ဂျေရုဆလင်မ်မြောက်ဘက်ရှိ ဘီတူနီယာမြို့သို့ ထွက်ခွာသွားပြီး အဆိုပါမြို့တွင် ၎င်းတို့အား ပါလက်စတိုင်းတို့က မီးရှူးမီးပန်းများ ပစ်ဖောက်ကာ ကြိုဆိုခဲ့ကြသည်။ ထို့နောက် ၎င်းတို့သည် ရာမာလာမြို့သို့ ဆက်လက်ထွက်ခွာကြပြီး ရာမာလာတွင် ပါလက်စတိုင်းခေါင်းဆောင် မာမွတ် အဘတ်စ်က အခမ်းအနားဖြင့် ကြိုဆိုမည်ဖြစ်သည်။ ပါလက်စတိုင်း အကျဉ်းသားများအား အစ္စရေးနယ်နမိတ်ကို ဖြတ်သန်းကာ ပါလက်စတိုင်းနယ်မြေအတွင်း စတင်ရောက်ရှိသည်နှင့် ၎င်းတို့၏ဆွေမျိုးများနှင့် ဒေသခံတို့က ကြိုဆိုခဲ့ကြခြင်းဖြစ်သည်။

ယနေ့ ပြန်လည် လွတ်မြောက်လာသော အကျဉ်းသား ၂၆ ဦးမှာ အစ္စရေးတို့အား တိုက်ခိုက်သတ်ဖြတ် မှုအ တွက် ထောင်ဒဏ်များ ချမှတ်ခံထားရခြင်းဖြစ်သည်။ တိုက်ခိုက်မှုအများစုမှာ ၁၉၉၃ ခုနှစ် အစ္စရေးနှင့် ပါလက်စ တိုင်းတို့ကြား ရရှိခဲ့သည့် အော်စလိုသဘောတူညီချက် မတိုင်မီ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အရှေ့အ လယ်ပိုင်းဒေသ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်မစတင်မီ အကြိုညှိနှိုင်းမှုများအရ အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟူက ပါလက်စတိုင်းအကျဉ်းသား ၁၀၄ ဦးကို ပြန်လွှတ်ပေးရန် သဘောတူညီထားသည်။ သြဂုတ်လအတွင်းက ပထမဆုံးအသုတ်အဖြစ် ပါလက်စတိုင်းအကျဉ်းသား ၂၆ ဦးကို အစ္စရေးက ပြန်လွှတ်ပေးခဲ့ပြီးဖြစ်သည်။ အစ္စရေးနှင့်ပါလက်စတိုင်းတို့ကြား ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးမှုများမှာ ၃ နှစ်ကြာ ရပ်တန့်နေခဲ့ခြင်းလည်း ဖြစ်သည်။

From: Planet Myanmar Network

စုန်းမအဖြစ် စွပ်စွဲမှုတစ်ခုကို ပါပူအာရဲတပ်ဖွဲ့ အတည်ပြုရန် ခက်ခဲနေ

Posted by drmyochit Wednesday, October 30, 2013, under | No comments

ပါပူအာ နယူးဂီနီတွင်မူ စုန်းမတစ်ယောက်အကြောင်း သတင်းသည် ခြောက်ခြားစရာအဖြစ် အမှန်တကယ် ထွက်ပေါ်လာသလို ရဲတပ်ဖွဲ့ကပါ အဆိုပါ အမှုအတွက် စုံစမ်းနေရကြောင်း သိရှိရ

စုန်းမဆိုသော အယူအစွဲမျိုးသည် ယနေ့ခေတ်တွင် အမှန်တရားအဖြစ် လက်ခံနိုင်ရန် ခက်ခဲသွားသည့် ခေတ်နောက်ပြန်ဆွဲမှုမျိုးဟု ဝေဖန်ခံရမည့် အခြေအနေ ရှိနေသည်။ သို့သော်လည်း ပါပူအာ နယူးဂီနီတွင်မူ စုန်းမတစ်ယောက်အကြောင်း သတင်းသည် ခြောက်ခြားစရာအဖြစ် အမှန်တကယ် ထွက်ပေါ်လာသလို ရဲတပ်ဖွဲ့ကပါ အဆိုပါ အမှုအတွက် စုံစမ်းနေရကြောင်း သိရှိရသည်။ စုန်းမအဖြစ် စွပ်စွဲခံရသော အဆိုပါ အမျိုးသမီးသည် ကလေးများကို သတ်ဖြတ်ကာ နှလုံးသားကို ထုတ်စားလေ့ရှိကြောင်း လူပြောများလာသည့်နောက် ဒေသတွင်းရှိ ရွာသားများက သူမကို ဝိုင်းဖမ်းဆီးခဲ့ကြသည်။ ထို့နောက် စုန်းမကို ရွာသားများက ဖမ်းဆီးကာ နှိပ်စက်ညှင်းဆဲခဲ့ကြသည်။

ထိုသတင်းကို ကြားသိရသည့်နောက် ပါပူအာ ရဲတပ်ဖွဲ့သည် အမျိုးသမီးကို ကယ်တင်ရန်အတွက် အဆိုပါရွာသို့ သွားရောက်ကယ်တင်ခဲ့ရသည်။ ရွာသားများက သူမကို တစ်ကိုယ်လုံးချွတ်ကာ မီးရဲနေအောင် ဖုတ်ထားသည့် သံချောင်းများဖြင့် ထိုးနှက် နှိပ်စက်ခဲ့သော်လည်း စုန်းမသည် လုံးဝ နာကျင်ဟန်မပြကြောင်း မျက်မြင်တစ်ဦးက ပြောကြားခဲ့သည်။ ရဲများရောက်ရှိလာချိန်တွင် အမျိုးသမီးက မိမိသည် နှိပ်စက်သူများကို သတ်ဖြတ်ပြီး ဒဏ်ပေးသည့် အနေဖြင့် ၎င်းတို့၏ နှလုံးများကို ဖောက်ထုတ် စားသောက်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။ ကလေးတစ်ဦးကို သတ်ဖြတ်ကာ အသည်းဖောက်စားခဲ့ကြောင်း ရွာသားများက စွပ်စွဲခဲ့သည့် သက်လတ်ပိုင်း အမျိုးသမီးနှင့် ပတ်သက်ပြီး စုံစမ်းနေဆဲသာဖြစ်ကြောင်း ရဲများက ဆိုသည်။

မျက်မြင်များ၏ အဆိုအရ ညှင်းပန်းနှိပ်စက်သူများသည် စုန်းမ၏ ခန္ဓာကိုယ် အနှံ့သို့ မီးရဲရဲ သံချောင်းဖြင့် ထိုးခဲ့သလို ဘယ်ဖက်နားရွက်ကို ပလာယာဖြင့် ညှပ်ထုတ်ခဲ့ကြောင်း သိရသည်။ ရင်ဘတ်တွင်လည်း သံချောင်းဖြင့် အစိုက်ခံရပြီး သွားတစ်ချောင်းလည်း ကျွတ်သွားသည်။ သို့သော်လည်း သူမသည် နာကျင်ဟန် မရှိဘဲ ဒေါသတကြီး အော်ဟစ်ကာ နှိပ်စက်သူ အချို့ကို သတ်ဖြတ်ပြီး နှလုံးများ ဖောက်စားခဲ့ကြောင်း မျက်မြင်အများအပြားက ပြောဆိုနေကြသည်။ ယင်းဖြစ်ရပ်သည် ချဲ့ကားစကား ဟုတ်မဟုတ် ရဲများက ထဲထဲဝင်ဝင် စုံစမ်းလျှက်ရှိသည်။ "အသားထဲ သံချောင်းစိုက်ဝင်သွားတာတောင် လုံးဝ နာပုံမရဘူး။ ပြီးတော့ သူသတ်မယ့် လူစာရင်းကိုလည်း နာမည်တွေ တန်းစီပြီး အော်နေသေးတယ်"ဟု မျက်မြင်တစ်ဦးက ဒေသခံ သတင်းစာ တစ်စောင်သို့ ပြောကြားခဲ့သည်။

ထို့နောက် လူအများက စုန်းမကို မီးတင်ရှို့ရန် ပြင်ဆင်နေစဉ် ရဲများ ရောက်ရှိသွားခြင်း ဖြစ်သည်။ ပါပူအာတွင် စုန်းအတတ်နှင့် စပ်လျဉ်းသော ယုံကြည်မှုများ ရှိနေဆဲဖြစ်ပြီး ပြီးခဲ့သည့် လကလည်း ရူးသွပ်နေသော အမျိုးသား တစ်ဦးသည် သမီးဖြစ်သူ၏ လည်ပင်းကို ဓားဖြင့်ခုတ်ကာ သတ်ဖြတ်ပြီး ဒဏ်ရာမှ စီးကျလာသည့် သွေးများကို သောက်ခဲ့သဖြင့် အောက်လမ်းစီရင်မှု တစ်ခုအဖြစ် လူပြောများခဲ့သေးကြောင်း သိရှိရသည်။

From: Planet Myanmar Network

ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေး အသေမွေးခြင်းနှင့် ဆက်စပ်နေသော အမျိုးသမီးများ အစာ မစားချင်သည့် ပြဿနာ

Posted by drmyochit Wednesday, October 30, 2013, under | No comments


အစာမစားလိုသည့် ပြဿနာ ကြုံတွေ့ရတဲ့ မိခင်လောင်းများဟာ ကလေးရနိုင်ချေနည်း တဲ့အပြင် မျိုးဆက် ပွားကျန်းမာရေးပြဿနာတွေနဲ့လဲ ကြုံတွေ့ရနိုင်တယ်လို့ သုတေသနတစ်ရပ်မှာ ဖော်ပြထား ပါတယ်။

လေ့လာမှုမှာ အစာမစားလိုတဲ့ အခြေအနေ(anorexia)ကိုကြုံတွေ့ နေရတဲ့ အမျိုးသမီးတွေဟာ ပုံမှန်အစား စားသုံးသူများထက် ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်းစတဲ့ အခြေအနေတွေကိုပိုပြီး ကြုံတွေ့ရ နိုင်တယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ စိတ်ဖိစီးမှုကြောင့် အစာမစားတဲ့ရောဂါ (bulimia) ရောဂါရှင် တွေဟာလဲ ဒီလိုပြဿနာတွေဖြစ်သွားနိုင်ခြင်းမှာ အကျုံးဝင်နေပါတယ်။

လေ့လာမှုခေါင်းဆောင် Helsinki University မှ သုတေသီ Dr Milla Linna က “စောစောစီးစွာ သိရှိခြင်း၊ ထိရောက်တဲ့ကုသမှုတွေဟာ ဒီအစာမစားချင်တဲ့ ပြဿနာကို ကုသနိုင်ပြီး ကိုယ်ဝန်ပျက်ကျခြင်းနဲ့ ကလေးအသေမွေးခြင်းတွေကို ကာကွယ်နိုင်ပါလိမ့်မယ်”လို့ ရှင်းပြထားပါတယ်။ ဒီလေ့လာမှုဟာ Helsinki University ရဲ့ သင်ကြားရေးဆေးရုံကြီးကို ၁၉၉၅ခုနှစ်မှ ၂၀၁၀ခုနှစ်အတွင်း ဆေးရုံတက်ရောက်ကုသခဲ့တဲ့ အစာမစားချင်တဲ့ ရောဂါရှင်အမျိုးသမီးတွေရဲ့ ကျန်းမာရေးမှတ်တမ်းတွေကို ဆန်းစစ်သုံးသပ်ရာမှ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ အမျိုးသမီး (၁၁၀၀၀)ကျော်ပါဝင်ခဲ့ပြီး အစာမစားလိုတဲ့ပြဿနာ ကြုံတွေ့ ရသူလူနာပေါင်း (၂၂၅၇)ဦး ပါဝင်ပါတယ်။

Dr Milla Linna က “အစာမစားခြင်းနဲ့ ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်းတွေ ဆက်စပ်နေ တယ်ဆိုတာကိုသာ ဖော်ထုတ်နိုင်ခဲ့ပြီး ဘာကြောင့် ဖြစ်ရတယ်ဆိုတာကို လေ့လာနေဆဲဖြစ်ပါတယ်”လို့ ရှင်းပြထားပါတယ်။

သက်နှင်း
Ref: ANI
Health Updates Journal

တက်တူးနဲ့ဆေးမှင်သာ သေရင်ကိုယ့်နောက် ပါလာမှာလို့ ထင်နေကြသူတွေ

Posted by drmyochit Wednesday, October 30, 2013, under | No comments


ခန္ဓာကိုယ် အရေပြားအပေါ်ယံလွှာကို ဖောက်ထွင်း၍ မော်တာတပ်ထားသည့် အပ်ဖျားလေးက တဒီဒီမြည် ကာ ကြိုတင် ရေးခြယ် ထားသည့် လမ်းကြောင်းအတိုင်း ပြေးလွှားကစားနေသည်။

ထိုအပ်ဖျားလေးပြေးလွှားနေသည့် အရေပြားပိုင်ရှင်မှာ အသက် ၂၂ နှစ်ဝန်းကျင်ခန့်ရှိ လူငယ်ကတော့ တစ်ချက်လေး မှ ညည်းငြူသံမထွက်ပဲ တစ်ချက်တစ်ချက်တွန့် သွားယုံမှလွဲ၍ သင်ဖြူးဖြာပေါ်တွင် မှောက် လျက်...

 ခံစားနေရသည့် နာကျင်မှုကိုကြိတ်မှိတ်ထားရ၍ပဲလား သောက်ထားသည့် ယမကာရှိန်ကြောင့်လား မသိ အံကြိတ် ထားသည့် မျက်နှာကတော့ အပ်ဖျားဝင်သွားသည့်လမ်းကြောင်းလေးပေါ်မှ သွေးရောင်များကဲ့သို့ နီနီရဲရဲဖြစ်၍ နေပေသည်။

ခံသည့်လူကခံနေသလို (ဆေး)ဆွဲပေးသူကလည်း အပ်ဖျားလေးအား အ၀တ်စနှင့်သုတ်လိုက် အရေပြားမှ သွေးများကို သုတ် လိုက်နှင့် သူ့တာဝန်သူထမ်းဆောင်နေကြသည်။

အနီးနားတစ်ဝိုက်က ပုံစံမျိုးစုံပါသည့် ဆေးရောင်ခြယ် စာအုပ်များ၊ စာရွက်များအား ကြည့်ရှုနေသည့် လူငယ်တစ်သိုက်ကလည်း ဒီပုံလန်းတယ် ဟိုပုံလန်းတယ်နှင့် စည်စည်ကားကား.....

ဒါကတော့ ယခုခတ်လူငယ်များ၏ တက်တူး(Tattoo) (ခေါ်) ဆေးမင်ကြောင်ထိုးပွဲ အသေးစား မြင်ကွင်းအချို့ပင်...

လုပ်ငန်းကြေးသွင်းစရာ မလို၊ ဘယ်ဌာနကိုမှ လျှောက်လွှာ တင်စရာမလို၊ လိုင်းကြေး ပေးစရာမလို၊ အရင်းအနှီး များများ စားစားမလို၊ အလုပ်သင်သင်တန်း တက်ရောက်ဖို့မလို၊ လုပ်ငန်းကျွမ်းကျင်ကြောင်း ထောက်ခံစာမလို...

သို့သော် လုပ်ငန်းသေးနှင့်လုပ်ငန်းကြီး လက်ရာ၊ဈေးနှုန်းနှင့် ဒီဇိုင်းဆန်းပုံသာကွာသွားမည် မြို့တိုင်းလိုလို နယ်တိုင်းလိုလိုပင် အခကြေးငွေယူကာ တက်တူးရေးဆွဲပေးသူများမှာ တနေ့တခြားများပြားနေသည်ကို လူငယ်များ၏ ခန္တာကိုယ်များမှတဆင့် မြင့်တွေ့နေရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်တိုင်းမှ အရွယ်ရောက် အရွယ်ကောင်းလူငယ်လေးများမှအစ အရွယ်လွန် အမျိုးသားကြီးအထိ (အချို့အမျိုးသမီးများ အပါအ၀င်) အနည်းနှင့် အများဆိုသလို တက်တူးကိုယ်စီနှင့် ဟန်ရေးကြွယ်နေကြပြီ။

အမျိုးသမီးငယ်တစ်ဦးဆိုလျင် ဗိုလ်လောင်းသင်တန်းသို့လျောက်ထားရာ၌ တချိန်က ထိုးခဲ့သည့် နှင်းဆီပွင့်ပုံကြောင့် ဗိုလ်လောင်း ဘ၀ကို လက်လွှတ်ခဲ့ရဘူးကြောင်း ပတ်ဝန်းကျင်မှကြားသိရသည်။

ရုပ်ရှင်မင်းသား၊ ကြော်ငြာမင်းသား၊ သရုပ်ဆောင် မင်းသား၊ အဆိုတော် မော်ဒယ်လ်မှအစ သင်္ကန်းဝတ်အချို့နှင့် တက္ကစီသမား၊ ဆိုက္ကားသမား၊ စားပွဲထိုးနှင့်လမ်းသူရဲမကျန် တက်တူးကိုယ်စီဖြင့် မြင်တွေ့ရသည်မှာလည်း ခေတ်စတိုင်လ်တစ်ခုပင် ဖြစ်၍ လာ ပေတော့သည်။

ကျွန်တော့် အသက်(၁၉) နှစ်ခန့်က ခင်မင်ခဲ့ဖူးသည့် သူငယ်ချင်းတစ်ယောက်ကိုပင် သတိရမိသေးသည်။ ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ရှိ ရှမ်းဘုန်းကြီးကျောင်းတစ်ကျောင်း၏ ပွဲတော်တစ်ခုသို့ထိုသူငယ်ချင်း အပါအ၀င် သူငယ်ချင်း တစ်ချို့နှင့် ပွဲလည် သွားကြရင်း ပွဲဈေးတန်းထဲတွင် ဈေးနှုန်းအနည်းငယ်ဖြင့် တက်တူးရုပ်များ ရေးထိုးပေးသည့် ဆိုင်တစ်ဆိုင် ရှေ့ရောက်တော့ သူငယ်အချင်းအချို့၏ မြှောက်ပင့်စကားကြောင့် သူက တက်တူးရေးထိုးသူကို စာတစ်ကြောင်း ရေးခိုင်းသည်။

ပိန်ကပ်ကပ်သူ့ရင်ဘတ်ညာဖက်မှ ဘယ်ဖက်သို့ “သေမင်းကို စိန်ခေါ်သည်” ဆိုသည့် စာတန်းအား မကြောက်မရွံ့ ရေးထိုး ခဲ့သဖြင့် သတ္တိရှိကြောင်း မြှောက်ပင့်ပြောဆိုသူများရှိသလို ကြောက်ရွံ့ကန့်ကွက်သူများလည်း ထိုစဉ်က ရှိခဲ့သည်။

အပြုအမူအပြီး နှစ်ပိုင်းလောက်သာ ကြာသည်၊ ထိုသူငယ်ချင်း၏ မိခင်မှာ လူကြီးရောဂါတစ်ခုဖြင့် ရုတ်ချည်း ကွယ်လွန်သွား လေသည်။

သေမင်းကိုစိန်ခေါ်မိ၍များ သေမင်းက ပြန်လည်စိန်ခေါ်လိုက်သလားဟု မဆီမဆိုင် ကျွန်တော်တွေးမိသေးသည်။ ယခုတော့ သူလည်း ထိုစာတန်းကို အရုပ်တစ်ခုဖြင့် ဖုံးလိုက်သည်။

တက်တူးဆိုသည့်အရာက လူခန္တာကိုယ် အရေပြားပေါ်တွင် နေရာယူလာသည်မှာ ယခုမှစသည် မဟုတ်သော်လည်း မျက်စိ နောက်စရာကောင်းလောက်အောင် ပေါများလာတာတော့ တွေ့နေရသည်။ လွတ်လပ်လာသည့် ခေတ်ကာလနှင့် အဆန်းထွင် လာကြသည့် လူ့သဘာဝတို့စခန်းထလာသည့် မကြာသေးသည့်နှစ်အချို့က စခဲ့သည်ဟုသာ ယေဘုယျအားဖြင့် ယူဆ ရမည်.... ပြောကြသူတစ်ချို့ကတော့ ပြောကြသည် “ယောက်ျားမှန်ရင် တက်တူးရှိရမယ်” ဆိုပဲ.....

မနေနိုင်မထိုင်နိုင် ငွေကုန်ကြေးကျခံကာ အသားအနာခံပြီး တစ်လွဲသတ္တိပြချင်သူ လက်တစ်ဆုပ်စာ လူအချို့၏ စကားကြောင့် ခန္တာကိုယ်အရေပြားတွင် တက်တူးမထားသည့် ယောက်ျားသားများမှာ ဘ၀ပြောင်း ပေးရတော့ မလို။

ဗဟုသုတအတော်အတန်ရှိသူ တစ်ချို့ကလည်း ဆေးမှင်ကြောင်(ထိုးကွင်းမှင်ကြောင်) ဆိုသည်မှာ ရှေးခေတ်မြန်မာအမျိုးသား တိုင်းလိုလိုရှိခဲ့ကြလို့ပဲ ရိုးရာမပျက်အောင်လိုက်လုပ်ကြရသလိုလို.... ဂုဏ်ယူရတော့မည့်အသွင်ဖြင့် ပြောဆိုတတ်သေးသည်။

ရှိခဲ့တာတော့ ဟုတ်ပါလိမ့်မည်၊ ဘယ်သူစခဲ့သည်လည်းတော့မသိ

အရပ်အမောင်းကောင်းကောင်း၊ သျှောင်တစ်စောင်း ခါးတောင်းမြောင်အောင်ကြိုက်ထားသည့် ယောက်ျားပီသ သော ရှေးခေတ် မြန်မာအမျိုးသားကြီးများ၏ ကြွက်သား အမြောင်းမြောင်းနှင့် ခန္တာကိုယ်တွင် ထိုးကွင်းမှင်ကြောင်ကြီးများဖြင့် ခန့်ခန့်ညားညား ရှိခဲ့ဖူးသည်မှာဖြစ်နိုင်သော်လည်း ထိုခေတ်ကတော့ တွေ့ရာမှင် တွေ့ရာအပ်ဖြင့် တွေ့ရာဒီဇိုင်းများဖန်တီးကာ ကြောင်ကြောင် ကြားကြားရုပ်ပုံများကို ကြွက်သားမရှိသည့် ပိန်သေးပိန်ညှောင် လက်မောင်း၊ ခြေသလုံး၊ လက်ဖျံများနှင့် လည်ပင်း ဂုတ်ပိုး ရင်ညွန့်ထက်တွင် မြင်လေသူတိုင်း မျက်စိနောက်စရာ ကောင်းလောက်အောင် လူ့မြင်ကွင်းထုတ် စတိုင်လုပ်ခဲ့ကြမည်တော့ ဟုတ်မည်မထင်။

တစ်ချိန်ကမြန်မာအမျိုးသားများ၏ ယောက်ျားပီသသော ခန္တာကိုယ်တွင် ဆေးမှင်ထိုးခဲ့ကြသည်ဟု ပြော၍ ရနိုင်သော်လည်း ယခုခေတ်နှင့် ရည်ရွယ်ချက်ခြင်း တူမည် မဟုတ်သလို ထိုခေတ်ထိုအခါကလည်း မျက်မှောက်ခေတ်ကြီးလို အမည်ဆန်းပြား သည့် ကူးစက်ရောဂါတွေ တစ်ပုံတစ်ထွေးကြီးလည်း ရှိမည်မထင်။

ဖတ်ခဲ့ဖူးသလောက် Tattoo ဆိုသည့် ဝေါဟာရ၏ အနီးစပ်ဆုံးအဓိပ္ပာယ်မှာ (Ta ) ဆိုသည့် (Polynesian) သင်္ကေတေ (တစ်စုံတစ်ခုဖြင့် ထုရိုက်ခြင်း) နှင့် Tatau ဆိုသည့် (Tahitian ) သင်္ကေတ (အမှတ်အသား တစ်ခုခုကိုပြုလုပ်ရန် )တို့ ပေါင်းစပ်ထားသည့် (လွန်ခဲ့သောနှစ်ပေါင်း ၅၀၀၀ ကျော်ခန့်မှ) သင်္ကေတတစ်ခု ဖြစ်သောကြောင့် အမှတ်အသားပြု လုပ်ရန် ထုရိုက်ခြင်းဟုပင် ဆိုလိုရပေမည်။

ယခုတော့ အသားအနာခံ ငွေကုန်ခံကာ ဒီဇိုင်းဆန်းဖြင့် ရောဂါဝယ်ယူသူများ၏ လက်ဝယ် တတ်တူးရုပ်ကလေးများမှာ မှိုလိုပေါက်နေရသည့် ဘ၀သို့ရောက်၍နေရပြီ။

ပညာဥာဏ်ကြီးမားသူများက ဆိုခဲ့သည့် “ရေဘူးနှင့် ဖိနပ်မပါ၊ နွေခါမှသိ။ ဒါနနှင့် သီလမပါ၊ သေခါမှသိ ” ဆိုသည့် “ ရခဲ လှသည့်လူ့ဘ၀တွင် ရေပွက်ပမာ အသက်ရှင်သန်နေထိုင်ချိန် ခဏလေးအတွင်း ဒါန သီလ ဘာဝနာ များရရှိနိုင်စေရန် သတိမပြတ် ကောင်းမှုပြုသင့်ကြောင်း ” ဆုံးမစကားသည်ပင်... ခေတ်ကာလ တစ်လွဲဆံပင်ကောင်းလေးများ၏ ပါးစပ်ဖျား၌..... ပြောင်းလဲသွားပေပြီ.............

လူဆိုတာသေမျိုးချည်းပဲမို့ သေတော့ သေကြရမှာပဲ၊ ဘယ်လောက်ချမ်းသာ ချမ်းသာ၊ ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ သေသွားတဲ့အခါ ကိုယ်နဲ့အတူ ဘာမှယူမသွားနိုင်ဘူး...

“တက်တူးနဲ့ ဆေးမှင်သာ သေရင် ကိုယ့်နောက်ပါလာမှာ”...တဲ့...

နဂါး-ဂဠုန်-သိန်းငှက်-စွန်ရဲနှင့် မုဆိုးကျားထမ်း(ဟန်) ဗရမ်းဗတာ(ပရမ်းပတာ)ပုံများနှင့် တိရိစ္ဆာန်ပေါင်းစုံတို့၏ ရုပ်ပုံများ၊ ဘီလူး-မိန်းမ-သိုင်းသမားနှင့်ကင်းမြီးကောက်-မြွေ-တာက်တဲ့လည်း မနေနိုင်အောင် ဒီဇိုင်းဆန်းပုံဆန်း စတိုင်ဆန်းဖြင့် လန်းလိုသူများအဖို့ တရားစကားကိုပင် မဟားဒယားပြောင်းလိုက်ကြပေပြီ........

ကျွန်တော်ကတော့ နောင်တစ်ချိန်အနာဂါတ်၏ခေါင်းဆောင်(ဖြစ်လာနိုင်သည့်)လူငယ်များကို ရေဗူးနှင့်ဖိနပ်မပါပဲ နွေအခါတွင် မလျှောက်စေချင်သလို၊ ဒါနနဲ့သီလမပါဘဲလည်း သေရွာသို့ မရောက်စေလိုပါ..........

သို့သော်လည်း စတန့်ထွင်သူ လူအချို့ကတော့ ဒီဇိုင်းဆန်းဖြင့် ရောဂါဝယ်ကာ.. သေရင်ကိုယ့်နောက် ကောက်ကောက် ပါမည်ထင်သည့် အရာများနှင့် ကြွားလုံးထုတ် စတိုင်လ်လုပ်နေဆဲ..............

BY နေဖြိုးမြင့်/ မြစ်မခ

ငိုပြရမည့်အစား အဝတ်အစားများသာ ချွတ်ပြလိုက်မည့် မိုင်လီ

Posted by drmyochit Wednesday, October 30, 2013, under | No comments

သူမက မိမိ၏ အားနည်းသိမ်ငယ်မှုကို လူအများရှေ့ ထုတ်ပြနေရခြင်းထက် အဝတ်ဗလာဖြင့် ထွက်ပြလိုက်ရခြင်းကို ပိုမို၍ ယုံကြည်ချက် ရှိလိမ့်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်



မိုင်လီဆိုင်းရပ်စ်က သူမအနေဖြင့် ကိုယ်ရေး ဒုက္ခများကို လူအများရှေ့ ဖွင့်ဟပြောပြီး ငိုကြွေးနေရမည့်အစား အဝတ်အစားများသာ ချွတ်ပြလိုက်မည်ဟု ပြောဆိုလိုက်သည်။ သူမက မိမိ၏ အားနည်းသိမ်ငယ်မှုကို လူအများရှေ့ ထုတ်ပြနေရခြင်းထက် အဝတ်ဗလာဖြင့် ထွက်ပြလိုက်ရခြင်းကို ပိုမို၍ ယုံကြည်ချက် ရှိလိမ့်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သူမက ကင်မရာရှေ့တွင် ဗလာကျင်း မတ်တပ်ရပ်ပြရခြင်းထက် လူသနားအောင် လုပ်ပြရခြင်းက ပိုခက်ကြောင်းလည်း ဆိုသည်။ "ကျွန်မအတွက်တော့ အဝတ်မပါဘဲ ရပ်တည်ရတာဟာ ပြဿနာ အကြီးကြီး တစ်ခုလို့ ဘယ်တုန်းကမှ မထင်ဘူး။ ပြီးတော့ လူတွေက အမျိုးမျိုးတွေး၊ အမျိုးမျိုး ဝေဖန်နေတယ် ဆိုရင်တောင် ကျွန်မရဲ့စိတ်နဲ့ ထပ်တူကျမကျ လိုက်တိုင်းတာမနေဘူး"ဟု မိုင်လီက မှတ်ချက်ပြုခဲ့သည်။

သူမက "ကျွန်မရွေးချယ်မှု အရတော့ လူတွေရှေ့မှာ သနားစရာကောင်းအောင် ထွက်ငိုပြရတာနဲ့စာရင် အေးအေးလူလူပဲ အဝတ်အစားအားလုံး ချွတ်ပြလိုက်ချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ကိုယ်လုံး ထုတ်ပြရတာထက်စာရင် ကျွန်မအတွက်က ကိုယ့်အားနည်းချက်ကိုယ် ထုတ်ပြရတာက ပိုခက်နေလို့ပဲ"ဟုလည်း ပြောဆိုသွားသည်။ အသက်(၂၀) အရွယ်ရှိ မိုင်လီက VEVOနှင့် အင်တာဗျူးတွင် "မျက်ရည်ဆိုတာ အတုလုပ်လို့ရတယ်။ အားလုံးက အတုလုပ်လို့ရတယ်။ ဒါပေမဲ့ ကျွန်မ မလုပ်ချင်ဘူး။ လူတစ်ယောက်ဟာ မျက်လုံးကို တည့်တည့်စိုက်ကြည့်ရင် သူပြောနေတာ တကယ်လား၊ ဟန်ဆောင်လားဆိုတာ ညာလို့မရဘူးလေ"ဟုလည်း မှတ်ချက်ပြုသွားခဲ့သည်။

Planet Myanmar Network

မြန်မာနိုင်ငံမှ ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ ကျော်သို့ SMS ပို့ခြင်းနှင့် ဖုန်းပြောခြင်းများ ပြုနိုင်တော့မည်

Posted by drmyochit Wednesday, October 30, 2013, under | No comments


ရန်ကုန် ၊ အောက်တိုဘာ ၂၉

ပြည် တွင်းမှ ကမ္ဘာ့နိုင်ငံပေါင်း ၂၂ဝကို  SMS (စာတို)စနစ် ပေးပို့ခြင်းနှင့် ဖုန်းပြောဆိုခြင်းများ လုပ်ဆောင် နိုင်တော့မည်ဖြစ်ကြောင်း သိရ သည်။ ယင်းစနစ်ကို အွန်လိုင်းမှ တစ်ဆင့် ယခုနှစ်အတွင်းအသုံး ပြုနိုင် ရန် စီ စဉ်နေခြင်းဖြစ်ပြီး ပြည်ပ နိုင်ငံများသာမက ပြည်တွင်းအ ချင်းချင်းပါ သုံးစွဲနိုင်ရန်ဆောင် ရွက်ထားခြင်းဖြစ်ပြီး ပြည်တွင်း SMS တစ်စောင်ပေးပို့ခြင်းကို ကျပ်၃၀၊ ပြည်ပနိုင်ငံများကို ကျပ် ၅ဝသတ်မှတ်ထားပြီး ဖုန်းခေါ်ဆို ခြင်းကို မူ နိုင်ငံ အလိုက် ဈေးနှုန်း ကွာခြားမှုရှိသည်ဟု သိရသည်။

''ဒီဝက်ဘ်ဆိုက်ကနေ ဖုန်း ခေါ်လို့ရမယ်။ အက်စ်အမ်အက်စ် ပို့လို့ရမယ်။ ပုံစံကတော့ Skype လိုမျိုးပါ။ ပြည်ပခေါ်ဆိုခကိုတော့ အကြမ်းဖျင်း သတ်မှတ်ထားတာ မျိုးပဲရှိသေးတယ်။ ဥပမာ- စင် ကာပူနိုင်ငံဆိုရင် တစ်မိနစ်ရှစ်ကျပ် လောက်ပေါ့။ လိုင်းကောင်း ဖို့အ တွက်ကိုတော့ အဓိကပြင်ဆင် ထားတယ်''ဟု  Myan Pay  မှ တာ ဝန်ရှိသူ ဦးရန်နောင်စိုးက ပြော သည်။

အဆိုပါ စနစ်အား အသုံး ပြုနိုင်ရန်အတွက် အွန်လိုင်းတွင် စာရင်းပေးသွင်းထားရန် လိုအပ် ပြီး Myan Pay  မှ ငွေဖြည့်ကတ် များကိုဝယ်ယူရမည်ဖြစ်ကာ ကျပ် ၁၀၀၀၊ ကျပ်၂ဝဝဝနှင့် ကျပ်၅၀၀၀ အသီးသီး သတ်မှတ်ထားကြောင်း သိရသည်။

ဖူးပွင့်သော်
Yangon Media Group

ကိုယ်ပိုင်အလင်း ရှာဖွေထားရသည့် မြို့ကလေး

Posted by drmyochit Wednesday, October 30, 2013, under | No comments

မြို့၏ တည်နေပုံ အနေအထားက တောင်စောင်းများ ပတ်လည် ဝန်းရံထားပြီး နေရောင်ခြည် တိုက်ရိုက်ကျရောက်မှု အလွန်နည်းသည်

နော်ဝေးနိုင်ငံမှ မြို့ငယ်လေး တစ်ခုဖြစ်သည့် ရက်ဂ်ျကူကန်သည် ပထဝီ အနေအထားအရ ထူးထူးခြားခြား တည်ရှိနေသည့် အလင်းပျောက် ရပ်ဝန်းလေး တစ်ခုဖြစ်သည်။ ထို့ကြောင့်လည်း မြို့သူ မြို့သားများက ကိုယ်ပိုင် အလင်းကို ခေတ်မီ နည်းပညာများဖြင့် ရှာဖွေရန် ဆုံးဖြတ်ခဲ့ကြသည်။ ရက်ဂ်ျကူကန်သည် မြို့တော် အော်စလိုမှ အနောက်ဘက် ကီလိုမီတာ (၁၆၀) အကွာတွင် တည်ရှိပြီး လူဦးရေ (၃၅၀၀)မျှသာ နေထိုင်သည်။ မြို့၏ တည်နေပုံ အနေအထားက တောင်စောင်းများ ပတ်လည် ဝန်းရံထားပြီး နေရောင်ခြည် တိုက်ရိုက်ကျရောက်မှု အလွန်နည်းသည်။ တစ်နှစ်တာ ကာလအတွင်း ရက်ဂ်ျကူကန်တွင် နေရောင်ခြည်ကို ထိတွေ့ခွင့်မှာ (၆)လထက်ပင် လျော့နည်းနေသေးသည်။ ထို့ကြောင့်လည်း ရက်ဂ်ျကူကန် မြို့လေး၏ တာဝန်ရှိသူများသည် နေရောင်ခြည်ကို အလင်းပြန် နိယာမဖြင့် ခံယူရန် ဆုံးဖြတ်ခဲ့ကြသည်။

မြို့အနီးရှိ တောင်စောင်းများပေါ်တွင် ကြီးမားသည့် မှန်ကြီး(၃)ချပ်ကို နေရာချ တပ်ဆင်လိုက်သည်။ ယင်းတို့၏ နောက်ဘက်တွင် ချိတ်ဆက်ထားသည့် ဝင်ရိုးကို ကွန်ပျူတာဖြင့် ချိန်တွယ် ပြောင်းလဲနိုင်အောင် အရှင်ပြုလုပ်ထားခြင်း ဖြစ်သည်။ ထိုမှန်ပြားကြီးများသည် နေရောင်ခြည်ကို ခံယူကာ မြို့လယ်ရှိ ရင်ပြင်ပေါ် ကျရောက်စေသည်။ ထို့ကြောင့် မြို့လယ်တွင် စတုရန်းမီတာ (၆၀၀)မျှ ရှိနေသည့် နေရောင်ခြည် ကျရောက်မှုကို တစ်နှစ်ပတ်လုံး ခံယူနိုင်မည် ဖြစ်သည်။ ဆောင်းတွင်းနှင့် ဆောင်းဦးပေါက်များတွင် ယခုနေရောင်ခြည် ကျရောက်မှုက မြို့သားများအတွက် လက်ဆောင်မွန် တစ်ခုလည်း ဖြစ်လာသည်။

"ကျွန်မတို့ကတော့ ဒါဟာ မြို့လေးရဲ့ လှုပ်ရှား နိုးကြားမှု တစ်ခုလို့ ယူဆပါတယ်။ ဆောင်းဦးနဲ့ ဆောင်းတွင်းတွေမှာ အများကြီး ပိုအသုံးဝင်တယ်။ ပြီးတော့ လူတွေလည်း အိမ်အပြင်ဘက်ကို ပိုပြီး ထွက်ဖြစ်ကြတယ်လေ"ဟု မြို့လေး၏ ခရီးသွားလုပ်ငန်းဌာန အကြီးအကဲ ကာရင်ရို့စ်က ပြောကြားခဲ့သည်။ ယခုမှန်ချပ်ကြီးများသည် နေ၏ ရွေ့လျားမှု လမ်းကြောင်းကို အာရုံခံကာ လိုက်လံ မျက်နှာမူနိုင်အောင် ကွန်ပျူတာဖြင့် ချိတ်ဆက်ထားသည်။ ယင်းတို့၏ အလုပ်လုပ်ပုံသည် နေကြာပန်းများ၏ သဘာဝနှင့်ပင် ဆင်တူနေသည်။

အလင်းပြန် နိယာမဖြင့် မြို့ပေါ်သို့ နေရောင်ခြည် ကျရောက်စေရန် နည်းလမ်းကို မြို့အား စတင်ထူထောင်သူနှင့် စက်မှုပညာရှင် ဆမ်အိုင်ဒီက လွန်ခဲ့သည့် နှစ်ပေါင်း (၁၀၀)ခန့် ကတည်းက စတင် စဉ်းစားခဲ့ဖူးသည်။ သို့သော်လည်း လုံလောက်သည့် နည်းပညာ တိုးတက်မှုမျိုး မရှိခဲ့သေးချေ။ (၁၉၂၈)ခုနှစ်တွင်မူ မြို့ခံများ နေရောင်ခြည် ခံယူနိုင်ရန် ကြိုးတန်း ကေဘယ်လ်ကား တစ်ခုကို စတင်တပ်ဆင်ခဲ့သည်။ ယခုမှန်ချပ်ကြီးများကိုမူ ရေမျက်နှာပြင်အထက် (၄၅၈)မီတာတွင် ရဟတ်ယာဉ်များ အကူအညီဖြင့် နေရာချခဲ့ခြင်း ဖြစ်သည်။ ထိုမှန်ချပ်ကြီးများ တပ်ဆင်သည့် စရိတ်မှာ ဒေါ်လာ (၉)သိန်းနီးပါးမျှ ကျသင့်ခဲ့သည်။ အီတလီတွင်လည်း (၂၀၀၆)ခုနှစ်က အလားတူ ပရောဂျက် တစ်ခုကို အကောင်အထည် ဖော်ဖူးသည်။ ဗီဂါနယ်လာ မြို့လေးသည် ယင်းကို အုပ်မိုးနေသည့် တောင်ထိပ်များပေါ်တွင် အလင်းပြန် မှန်ချပ်များကို တပ်ဆင်ခဲ့ဖူးခြင်းဟု သိရှိရသည်။

From: Planet

မြန်မာဘာသာဖြင့် အမုန်းပွားဖွယ်ကိစ္စများ ရေးသားနေသူတို့အား စောင့်ကြည့် ဖျက်သိမ်းရန် ဝန်ထမ်းတစ်ဦး ဖေ့စ်ဘွတ်မှ ခန့်အပ်ထားပြီ

Posted by drmyochit Wednesday, October 30, 2013, under | No comments


ရန်ကုန်၊ အောက်တိုဘာ ၂၉

ဖေ့စ်ဘွတ်ပေါ်တွင်မြန်မာဘာသာဖြင့် အမုန်းပွားဖွယ် ကိစ္စရပ်များ ရေးသားနေခြင်းအပေါ် စောင့်ကြည့် ရန်နှင့် ရီပို့ပြုလုပ်ခံရမှုများပါက ယင်းပေ့ခ်ျတစ်ခုလုံးကို ဖျက်သိမ်း ပစ်နိုင်ရန်အတွက် မြန်မာစာ တတ်ကျွမ်း သည့် ဝန်ထမ်းကို ဖေ့စ်ဘွတ်မှ ခန့်ထားပြီးဖြစ်ကြောင်း မြန်မာ့ဖွံ့ဖြိုးတိုးတက် ရေးအတွက် အိုင်စီတီအဖွဲ့(MIDO)မှ သိရသည်။

 ဖေ့စ်ဘွတ်တာဝန်ရှိသူများအနေနှင့် မြန်မာနိုင်ငံသို့ ယခုနှစ်အတွင်း လာရောက်ခဲ့ပြီး ဝန်ကြီးဌာနအချို့နှင့် တွေ့ဆုံခိုက်တွင် ဖေ့စ်ဘွတ်ကိုသုံး၍ ပြည်တွင်း၌ အမုန်း ပွားဖွယ်ကိစ္စရပ်များ ပြုလုပ်ကြောင်း ပြောဆိုမှုများကြောင့် ယင်းသို့ မြန်မာစာတတ်ကျွမ်းသည့်ဝန်ထမ်း ခန့်အပ် လိုက်ခြင်းဖြစ်သည်ဟု ဖေ့စ်ဘွတ်၏ Global Public Policy   ဌာန ဒါရိုက်တာဖြစ်သူက ယခုလနောက်ဆုံးပတ်က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပသည့်Internet Governance  ဖိုရမ်၌ အထက်ပါအဖွဲ့သို့
ပြောကြားခဲ့ခြင်း ဖြစ်သည်။

”မြန်မာနိုင်ငံသားလို့တော့ မပြောဘူး။ မြန်မာစာကို ကျွမ်းကျွမ်းကျင်ကျင် ရေးတတ်၊ ဖတ်တတ်မယ်။ သူက စီမံခန့်ခွဲရေးအပိုင်း ဖြစ်ဖို့များတယ်” ဟု MIDO မှ ဖိုရမ်သို့ တက်ရောက်ခဲ့သူ မထိုက်ထိုက်အောင်က ပြော သည်။

၎င်းဝန်ထမ်းက မြန်မာပြည်မှ အ သုံးပြုသူများ၏ ပေ့ခ်ျများကို အချိန်ပြည့် ကြည့်ရှုနေမည်မဟုတ်ဘဲ အမုန်းပွား ဖွယ်ဆန်သည့် ပဋိပက္ခအသွင်ဆောင် စကားလုံးများ ပါဝင် သည့် ပေ့ခ်ျတို့ကို သာ စောင့်ကြည့်မည်ဖြစ်သည်။ ထို့ပြင် မြန်မာပြည်မှ ပေးပို့သည့် တောင်းဆို ချက်(ရီပို့)များကိုလည်း လျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရန်အတွက် ဖြစ် သည်ဟု သိရသည်။

ဖေ့စ်ဘွတ်၏ မူလစည်းမျဉ်းများ၌ ပင် ဖေ့စ်ဘွတ်ကိုအသုံးပြု၍ အမုန်းပွား စေသည့် အကြောင်းအရာများ ရေးသား ပေးပို့မှုမပြုရန် ချမှတ်ထားပြီး ယင်းအ တွက် နိုင်ငံတ ကာ ဘာသာစကားအများ စုတွင် အဆိုပါ အမုန်းပွားဖွယ်စကားလုံး များပါဝင်မှု ရှိ မရှိကို အလိုအလျောက် ထောက်လှမ်းရှာဖွေနိုင်သည့်စနစ် တပ် ဆင်ထားသည်ဟုလည်း သိရသည်။

”သူတို့ဆီမှာက ယူနီကုတ်ကိုတော့ သိတယ်။ ယူနီကုတ်နဲ့ရိုက်တယ်ဆိုရင် တော့ ဒီစကားလုံးတွေကို သူတို့ရဲ့စနစ် က အော်တိုမှတ်သားထားနိုင်တယ်” ဟု ၄င်းက ဆက်ပြောသည်။

လက်ရှိတွင် ဖေ့စ်ဘွတ်စာမျက်နှာ ပေါ်၌ အမုန်းပွားဖွယ်ကိစ္စများ ရေးသား နေသည်ကို တွေ့ရှိပါက ဖေ့စ်ဘွတ်မှ မှတ်သားထားမည်ဖြစ်ပြီး အဆိုပါ စာ မျက်နှာ ပိုင်ရှင်ထံ သတိပေးစာများ ပေးပို့ခြင်းနှင့် ပိုမိုဆိုးရွားလာပါက စာ မျက်နှာပိတ်သိမ်းခြင်းများ ပြုလုပ်သွား မည်ဟု သိရသည်။

သုတလင်း
Popular Myanmar

အိုင်တီခေတ်မှာ မိုဘိုင်းဖုန်းများအတွက် မြန်မာမှုပြုခြင်း

Posted by drmyochit Wednesday, October 30, 2013, under | No comments


မြန်မာလို အစအဆုံး သုံးနိုင်သည် ဆိုတဲ့ ကြော်ငြာ မကြာခဏ တွေ့ဖူးကြမယ် ထင်ပါတယ်။
မိုဘိုင်းဖုန်း၊ စမတ်ဖုန်းကြော်ငြာတွေမှာ ရေးထားတာပါ။

ဖုန်းတွေထဲ မြန်မာစာစနစ်ကို ထည့်တဲ့ ပထမဆုံး မိုဘိုင်းဖုန်းဟာ JAS ဖြစ်ဖွယ် ရှိပါတယ်။
အခုဆိုရင် ဒီလမ်းကြောင်းကို လိုက်သူ ရှိလာပါပြီ။

မြန်မာပြည်ဈေးကွက်ထဲက နောက်ဆုံးပေါ် ဆမ်ဆောင်းဖုန်းတွေမှာလည်း မြန်မာစာစနစ် ထည့်ထားပါတယ်။

မြန်မာစာစနစ် ဆိုတာက ဖောင့်၊ ယူနီကုတ်ထဲ ထည့်တာတခုတည်း မဟုတ်ပါဘူး။ တယ်လီဖုန်း ဆက်တင် (setting) ထဲ ၀င်ပြီး အပြောင်းအလဲတွေလုပ်ရာမှာ Wi-Fi, Bluetooth, Storage, Battery, Message, Other, DTS mode စသဖြင့် စသဖြင့် အင်္ဂလိပ်စာလုံးတွေ တွေ့ပါလိမ့်မယ်၊ အဲဒီ အင်္ဂလိပ်ဝေါဟာရများနေရာမှာ မြန်မာဝေါဟာရတွေကို အစားထိုးခြင်းပါ၊ အဲဒါကို မြန်မာစာစနစ် ထည့်ထားတယ်၊ မြန်မာလို အစအဆုံး သုံးနိုင်တယ် လို့ ဆိုကြခြင်း ဖြစ်ပါတယ်။
မြန်မာမှုပြုထားတယ် ဆိုပါစို့။

ဆက်တင်တခုလုံးကို မြန်မာလိုပြောင်းလိုက်ရင် ဘယ်ခလုပ်ထိထိ မြန်မာလိုပဲ ပေါ်လာမယ်။
မပြောင်းဘူး ဆိုရင်တော့
Wi-Fi, Bluetooth,  Battery စသဖြင့် စသဖြင့်သော အင်္ဂလိပ်စာလုံးတွေကိုပဲ တွေ့ပါလိမ့်မယ်။
ဒီနေရာမှာ မြန်မာစာစနစ်အတွက် မေးခွန်းတချို့ ပေါ်လာပါတယ် -
တကယ် အသုံးတည့်သလား၊ သုံးကြသလား
မြန်မာမှုပြုရတာ အဆင်ပြေသလား
စသဖြင့်စသဖြင့် မေးခွန်းတွေပါ။

ဒီမေးခွန်းတွေထဲက တချို့ အကြောင်းကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရန်ကုန်မြို့က အိုင်တီဆိုင်ရာ ဆွေးနွေးပွဲတခုမှာ ပြောဆို သုံးသပ် ဦးဏှောက်စားခဲ့ကြပါတယ်။

တနင်္ဂနွေနေ့က ပြုလုပ်တဲ့ အပလီကေးရှင်း ဖန်တီးထုတ်လုပ်သူများ ဆွေးနွေးပွဲဖြစ်ပါတယ်။

ဒီပွဲကို ဆက်သွယ်ရေးကုမ္ပဏီတခုဖြစ်တဲ့ အူရီးဒူးမြန်မာ နဲ့ Myanmar Blogger Society တို့ ပူးတွဲ စီစဉ်ကြတာပါ။

မြန်မာမှုပြုရတာ အဆင်ပြေသလား??

မြန်မာမှုပြုတဲ့အတွေ့အကြုံက မြန်မာပြည်မှာ ရှိနေတာ ကြာပါပြီ။ ပထမဆုံးအလုံးအရင်းနဲ့ မြန်မာမှုပြုတာ သမ္မာကျမ်းစာကို ဘာသာပြန်ခြင်း ဖြစ်ဖွယ် ရှိပါတယ်။

အိုင်တီခေတ်မှာတော့ ပိုများလာသလိုလို ထင်ရပါတယ်။ အလုံးအရင်းနဲ့ ပြုရတာကတော့ အခုမှ စတင်သလို ဖြစ်လာတယ်။ အိုင်တီနည်းပညာက အရပ်သားတွေထဲ ရောက်လာလို့ပါ။
ကျူရှင်စာအုပ်ထဲထည့်ဖို့ ဘာသာပြန်တာမဟုတ်ဘဲ လက်ဝါးထဲ ထည့်သုံးမယ့် ဖုန်းလေးအတွက် အကျစ်လျစ်ဆုံး တိုနှံ့နှံ့ အဖြစ်ဆုံး မြန်မာမှုပြုရ ဘာသာပြန်ရတာ ဆိုတော့ အင်မတန် အချိန်ပေးပြီး လုပ်ရမယ့်အလုပ်ပါ။

အကြိမ်ကြိမ် ပြုပြင်ရမယ်၊ အခုမှ အစပြုတာဆိုတော့ ဒီလို အဆင်မပြေတာတွေ၊ ရယ်စရာတွေ ဖြစ်လာတာပါပဲ။

ဆိုခဲ့သလိုပဲ ထပ်ခါ ထပ်ခါ ပြုပြင်ရမယ်၊ တခြားနိုင်ငံတွေမှာလည်း ဒီလိုပဲ လိုကယ်လိုက်ဇေးရှင်း လုပ်ရာမှာ လူတိုင်း လက်ခံနိုင်တဲ့အတိုင်းအတာရဖို့ အဆင့်ဆင့် လုပ်ကြ ပြင်ကြရတာပါပဲ တဲ့။
အခု ဖြစ်နေတဲ့ အခက်အခဲတွေကြောင့် နောက်ဆုတ်လို့ မရဘူး၊ တချို့သော ဝေါဟာရတွေကိုတော့ အသံထွက်အတိုင်း မြန်မာမှု ပြုရဖွယ်ရှိနေပါတယ်။

ဥပမာ ...ကား၊ ဂီယာ ဆိုတာတွေကို အသံထွက်အတိုင်း မြန်မာမှု ပြုလိုက်ကြရာမှာ ဟိုတုန်းက ဘယ်လို ဖြစ်မယ် မသိပါ၊ အခုတော့ အဆင်ပြေပါတယ်။ 

တယောက်ကတော့ ထောက်ပြပါတယ် ... ဂီယာ ဆိုတာကို အတိအကျ ဘာသာပြန်လိုက်ရင် ရှေ့တိုးနောက်ဆုတ်လိုက်နိုင်သော .... ဆိုပြီး အရှည်ကြီး ဖြစ်သွားမယ်။ ဘာသာပြန်ရတာ အခက်အခဲရှိရင် ဒီလို ထားခဲ့ပြီး အသံထွက်အတိုင်း ရေးခဲ့ ခေါ်ခဲ့ကြတာပဲ။ ကားဆိုတာကို အားလုံး နားလည်ကြတယ်၊ မောင်းနေကြတယ်။

အကုန်လုံးကို မြန်မာမှုပြုဖို့ ကြိုးစားရင် အချိန်ဖြုန်းရာရောက်တယ်၊ အချိန်ဖြုန်းလိုက်လို့ ထိရောက်လား ဆိုတော့လည်း မထိရောက်ဘူး
လို့ သူက ဆိုပါတယ်။

မြန်မာမှုပြုဖို့ရော တကယ် လိုအပ်သလား??

မြန်မာစာစနစ် ထည့်ထားခြင်း မထည့်ထားခြင်းကို ဖုန်းဝယ်သူတွေ တကယ် စိတ်ဝင်စားကြပါ့မလား၊ မြန်မာမှုပြုဖို့ရော တကယ် လိုအပ်သလား ဆိုတာတွေကလည်း မေးစရာ ဖြစ်လာပါပြီ။ ကိုယ့်မိုဘိုင်းဖုန်းထဲက  ဆက်တင်တခုလုံးကို မြန်မာလိုပြောင်းလဲတာ ရှိမယ် မထင်ဘူး။



ဧရာဝတီလိုမျိုး မြန်မာဝက်ဆိုက်တွေ၊ ပြီးတော့ လူကြိုက်များတဲ့ Facebook လို လူမှု ကွန်ရက်တွေ ကြည့်တဲ့အခါမှာတော့ မြန်မာစာ ပေါ်စေချင်ကြမှာပါ။ အဲဒီစာမျက်နှာတွေမှာ မြန်မာတွေက မြန်မာလိုပဲ ရေးနေကြလို့ပါ။
မိုဘိုင်းတွေ၊ ကွန်ပြူတာပြား တက်ဘလက်တွေထဲ မြန်မာစာစနစ် ထည့်ထားကြသူတွေ ရှိပေမယ့် သူတို့ဟာ အင်္ဂလိပ်စနစ်ပဲ ဆက်သုံးကြတာ များတယ်လို့ ဆိုကြပါတယ်။ ဒါဆိုရင် တကယ်အသုံးမတည့်ဘူးလို့ ဆိုရမလိုပါပဲ။

စမတ်ဖုန်းတွေ တက်ဘလောက်တွေမှာ မြန်မာစာစနစ်ဆိုတော့ ... မြန်မာလိုတော့ ရေးထားတာပဲ၊ သို့သော်လည်း ရယ်စရာပဲ တွေ့တယ်၊ နားတော့ မလည်ဘူးလို့ ဆိုသူက ဆိုပါလိမ့်မယ်။

သုတေသန 

တခြားလုပ်ငန်းများလိုပဲ မိုဘိုင်းဖုန်း မြန်မာစာစနစ် အတွက်  ဆိုရင်လည်း သုတေသန လုပ်ရပါတယ်။

ဆွေးနွေးပွဲမှာ တက်ရောက်လာသူတဦး ပြောတာကတော့ မပြည့်စုံသေးတဲ့ မြန်မာစာစနစ် ဆိုသော်လည်း ဈေးကွက်ထဲ ပစ်ချလိုက်တယ်၊ ပြီးမှ အဆင်ပြေအောင် လုပ်စရာရှိတာတွေ ဆက်လုပ်ပါတယ် တဲ့။

ဆမ်ဆောင်းက ပညာရှင်တွေက မြန်မာစာအသုံးအနှုန်း စင်းလုံးမချောနိုင်ဘူး ဆိုတာ သဘောပေါက်တယ်၊ သို့သော်လည်း ဈေးကွက်ထဲ ချရောင်းတယ်၊ ပြီးမှ အသံတွေကို ပြန်နားထောင်တယ်၊ ထောက်ပြတာတွေကို ကြိုက်တယ်၊ လက်ခံမှတ်သားထားတယ်၊ ဖုန်း ၀ယ်သုံးသူတွေက သင့်ရဲ့ဖုန်းမျက်နှာပြင်ကိုဖွင့်ရန် ဤနေရာမှ လွှဲရိုက်ပါ ဆိုတာမျိုးလို ဝေါဟာရတွေ အသုံးအနှုန်းတွေကို ထောက်ပြကြပါလိမ့်မယ်။ ဒီလို ထောက်ပြတာတွေကြောင့် နောက်ပိုင်းထုတ်တဲ့ဖုန်းတွေမှာ မြန်မာစာအသုံးအနှုန်း ပိုပြီး အဆင်ပြေလာတယ် လို့ သူက ရှင်းပြပါတယ်။

လုပ်ငန်းရှင်တွေရဲ့ သဘောထား

မြန်မာစာစနစ် ထည့်တယ် ဆိုတာက ပြည်ပလုပ်ငန်းရှင်တို့က  သူတို့ အကျိုးအမြတ်အတွက် ထည့်ကြတဲ့သဘောပါပဲ။ ကိုယ့်ထုတ်ကုန်ကို လူတွေ မသုံးချင် သုံးချင်အောင်  ဝန်ဆောင်မှုတခု ပေးတာပဲ မဟုတ်လား။ လမ်းဘေးဆိုင်တွေမှာ မြန်မာစာတွေ ဘာတွေ သွားထည့်ကြတာမျိုး လုပ်စေချင်မယ် မထင်ပါ။

တခြားသူက  မြန်မာစာစနစ် ထည့်ကြတယ် ဆိုတော့ ကိုယ်လည်း လိုက်လုပ်တဲ့ သဘောလည်း ပါဝင်ပါတယ်။ ကိုယ့်မှာလည်း ဒါရှိပါတယ် ဆိုတာ ပရိသတ်ကို ပြချင်လို့၊ ပြိုင်ဘက်တွေကို အကျော မခံချင်လို့ပါပဲ။

ပထမတော့ ကွန်ပြူတာကီးဘုတ်တွေမှာ ကကြီး ခခွေးတွေကို ABCD တို့နဲ့ တွဲပြီး ထည့်လာတယ်၊
စက်ရုံက ထွက်ကတည်းက အဲဒီလို ထွက်လာတယ်၊ နောက်တော့  စမတ်ဖုန်းကီးဘုတ်တွေမှာ
ကကြီး ခခွေးတွေ ရိုက်လာနိုင်တယ်။ အခုတော့ မြန်မာစာစနစ် ဆိုတာကို ထည့်နေကြပါပြီ။
အိုင်တီလောကထဲက တယောက် မှတ်ချက်ပြုတာကတော့ .... ဒီစနစ် ထည့်လိုက်လို့ ဈေးကွက်မှာ ကိုယ်အနိုင်ရမယ်ဆိုတာမျိုးတော့ ဖြစ်လာမယ် မဟုတ်ပါဘူး တဲ့။

ဒီတော့ နိဂုံးချုပ် ပြောရရင် ... မြန်မာမှုပြုဖို့က လိုအပ်တယ်၊ သို့သော်လည်း အလောတကြီး လုပ်ဖို့ မလိုဘူး၊ အချိန်ယူပြီးလုပ်ကြ၊ အကြိမ်ကြိမ် ပြင်ဆင်ညှိနှိုင်းပြီး လုပ်ကြရမယ့် စီမံကိန်းဖြစ်တယ်လို့ ဆိုချင်ပါတယ်။

ဧရာဝတီ

သြစီကို ကျောင်းလာတက်တဲ့ အိန္ဒိယ ကျောင်းသားဦးရေ လျော့နည်းလာ

Posted by drmyochit Wednesday, October 30, 2013, under | No comments


သြစတြေးလျနိုင်ငံမှာ ပညာသင်ယူနေတဲ့ အိန္ဒိယနိုင်ငံက ကျောင်းသားတချို့ တိုက်ခိုက်ခံရပြီးနောက် ခုအခါမှာ အိန္ဒိယနိုင်ငံကနေ သြစတြေးလျနိုင်ငံမှာ လာရောက်ပညာသင်ယူနေတဲ့ ကျောင်းသားဦးရေး သိသိသာသာ လျော့ကျနေပါတယ်။

ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်အတွင်း အိန္ဒိယနိုင်ငံက ကျောင်းသားအယောက်ပေါင်း ၂၄၀၀၀ ကျော်သာ သြစတြေးလျနိုင်ငံမှာ ပညာသင်ယူနေပြီး ဒါဟာ ခါတိုင်းနှစ်နဲ့ ယှဉ်ရင် ၂၆% လျော့နည်းလာတာ ဖြစ်ပါ တယ်။


အိန္ဒိယနိုင်ငံက ကျောင်းသားတွေ သြစတြေးလျနိုင်ငံမှာ ပညာသင်ကြားဖို့ စိတ်ဝင်စားမှု နည်းလာပေမယ့် တရုတ်နိုင်ငံက ကျောင်းသားတွေ လာရောက်ပညာသင်ယူမှု များပြားနေပြီး တစ်နှစ်အတွင်း တရုတ် ကျောင်းသား အယောက်ပေါင်း ၅၄၀၀၀ ပညာသင်ယူကြနေတာ ဖြစ်ပါတယ်။


တရုတ်ကျောင်းသားဦးရေ ၉% များပြားလာတာဖြစ်ပြီး ပြည်ပနိုင်ငံက ကျောင်းသားတွေ သြစတြေးလျ နိုင်ငံမှာ ပညာသင်ယူမှုက ၂.၅% ပိုများလာတာ ဖြစ်ပါတယ်။


သြစတြေးလျနိုင်ငံရဲ့ ပညာရေးအပေါ် ပြည်ပနိုင်ငံက ကျောင်းသားတွေ စိတ်ဝင်စားမှု များပြားတဲ့အတွက် ပညာရေးကဏ္ဍဟာ သြစတြေးလျ အစိုးရအတွက် အများဆုံး ဝင်ငွေရရှိအောင် လုပ်ဆောင်ပေးတဲ့ ကဏ္ဍ ထဲမှာ ပါဝင်ပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၁၅.၃ ဘီလီယံ လောက်ရှိပါတယ်။


သြစတြေးလျနိုင်ငံကို ဝင်ငွေရအောင် အများဆုံး ဖန်တီးပေးတဲ့ တခြားကဏ္ဍတွေကတော့ မိုင်းတွင်းလုပ် ငန်း၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း နဲ့ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတို့ ဖြစ်ကြ ပါတယ်။


ABC

အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီး သုံးခုတွင် မူးယစ်ဆေးဝါးများ အများဆုံး ဖမ်းမိ

Posted by drmyochit Wednesday, October 30, 2013, under | No comments


မြန်မာနိုင်ငံအတွင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးသုံးခုတွင် ဖမ်းဆီးစစ်ဆေး အရေးယူနေသည့် အမှုများ အနက် မူးယစ်ဆေးဝါး သယ်ဆောင်နေမှုကြောင့် အရေးယူနေရသည့် ဖြစ်စဉ်မှာ အများဆုံးဖြစ် ကြောင်း လေကြောင်းရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးချုပ်နေ၀င်းက အောက်တိုဘာ ၂၈ ရက် ညနေပိုင်းတွင် Daily Eleven သို့ ပြောကြားသည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးသုံးခုတွင် လေကြောင်းရဲတပ်ဖွဲ့ အနေဖြင့် မူးယစ်ဆေးဝါး သယ်ဆောင်နေမှုများကို အများဆုံး စစ်ဆေးတွေ့ရှိ အရေးယူနေရပြီး နိုင်ငံခြား ခရီးသည် အချို့ထံမှလည်း ကျည်ဆန်အချို့ သယ်ဆောင်လာမှုများကိုလည်း စစ်ဆေးအရေးယူ နေရ ကြောင်း သိရသည်။

"ဒီအပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီး သုံးခုမှာ စစ်ဆေးရေး စက်ကိရိယာတွေက အဆင့်အမြင့်ဆုံး ပစ္စည်း တွေ ဖြစ်ပါတယ်။ တဖြည်းဖြည်းလည်း ဒီထက်ကောင်းတာတွေ ပေါ်လာရင်တော့ ထပ်မံဖြည့်စွက်သွားဖို့ အစီအစဉ် ရှိပါတယ်။ ဒီလေဆိပ်တွေမှာတော့ မူးယစ်ဆေးဝါး အမှုတွေကို အများဆုံး စစ်ဆေးတွေ့ရှိ နေရပါတယ်" ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ လေကြောင်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးချုပ် နေ၀င်းက ပြောကြားသည်။

ယခုနှစ်ပိုင်းအတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးအရေးယူခဲ့သည့် အမှုများအနက် အရေအတွက် အများဆုံး ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်တစ်ခုမှာ ၂၀၁၃ ခုနှစ်အောက်တိုဘာ ၇ ရက် နံနက် ၉ နာရီခန့်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်ပထွက်ခွာဆောင်၌ ဘုရားလမ်း၊ ဆ/ကရပ်ကွက်၊ သင်္ဃန်းကျွန်း မြို့နယ် နေသူ မဖြူဥ၏ ခရီးဆောင် အိတ်အတွင်းမှမြင့်မြင့်ဝေနှင့် ကမ္ဘာစန်း တံဆိပ်ပါ ထိုးမုန့်ဗူးခွံ (၁၈) ဗူးထဲတွင် သိုဝှက်သယ်ဆောင်လာသော စုစုပေါင်း ကျပ် ၂၇၄၁ သိန်းခန့် တန်ဖိုးရှိ WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၅၄၇၂၀ ပြားနှင့် ဆေးပြားအကြေ (၀ ဒသမ ၀၁)ကီလိုဂရမ်၊ PHYU OU အမည်ဖြင့် ပတ်စ်ပို့တစ်စောင်၊ မဖြူဥ အမည်ပါ မှတ်ပုံတင် တစ်ခု၊ ရန်ကုန်-ဘန်ကောက်-ဒါကာ၊ ဘန်ကောက်-ရန်ကုန် အသွားအပြန် လေယာဉ်လက်မှတ် တစ်စောင်၊ အမေရိကန်ဒေါ်လာ ၄၀၀၊ ခေါက်ပိုက်ဆံအိတ် တစ်လုံးနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ ကို ဖမ်းဆီးသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

eleven media group

မီတာခများ တိုးမြှင့်လိုက်သော်လည်း ဓာတ်အားပေးမှု ထူးမခြားနားဆိုပါက စက်မှုလုပ်ငန်းရှင်များ ပုဂ္ဂလိကနှင့်သာ လက်တွဲမည်

Posted by drmyochit Wednesday, October 30, 2013, under | No comments

ရန်ကုန်၊ အောက်တိုဘာ ၂၉

အစိုးရမှ လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်ကောက်ခံမည် ဆိုသော်လည်း စက်မှုလုပ်ငန်းများအတွက် အချိန်နှင့် ဓာတ်အား အပြည့်အဝ မပေးနိုင်ပါက ပုဂ္ဂလိက ဓာတ် အားပေးကုမ္ပဏီများနှင့် သာ ချိတ်ဆက်သွားတော့မည် ဖြစ် ကြောင်း စက်မှုဇုန်လုပ်ငန်းရှင်များထံမှ သိရသည်။

”ဈေးနှုန်းကတော့ နိုင်ငံတကာ အဆင့်မီတက်လာပြီး ဝန်ဆောင်မှု အပိုင်းက တက်မလာဘူး ဆိုရင်တော့ မဖြစ်သင့်ဘူး” ဟု အထည်ချုပ်လုပ်ငန်း ရှင်တစ်ဦးက ပေါ်ပြူလာ နယူးစ်သို့ ပြောသည်။
ယင်းသို့ ဓာတ်အားခ တိုးမြှင့်လိုက် ခြင်းအပေါ် ဝေဖန်မှု ပြုလိုခြင်းမရှိသော် လည်း လက်ရှိ ဓာတ်အား မဂ္ဂါဝပ်နှုန်း နှင့်သာ ဆက်လက်ရရှိနေသည်ဆိုပါက ဈေးနှုန်း တူေ သ်ာလည်း ဓာတ်အားနှုန်း အပြည့်အဝပေးနိုင်မည့် ပုဂ္ဂလိက ကုမ္ပဏီများနှင့်သာ ချိတ်ဆက်သွားမည် ဟု လှိုင်သာယာစက်မှုဇုန် ဥက္ကဋ္ဌ ဦး မြတ်သင်းအောင်က ပြောသည်။

ထို့ပြင် စက်မှုဇုန်များအနေနှင့် တစ်ရက်လျှင် နာရီ ၂ဝ ခန့်သာ မီးရရှိ ပြီး ပွင့်လင်းရာသီများတွင် တစ်ရက်လျှင် မီး ၆ နာရီခန့်သာ အစိုးရထံမှ ရရှိခြင်း ဖြစ်သည်။

 ”မီးမလာတော့လည်း မလာလို့၊ လာရင်လည်း မီးအားက မပြည့်ဘူး။ မီးလာလည်း စက်တွေက အဲဒီဗို့အားနဲ့ ရုန်းလို့မရဘူး။ မီးစက်နှိုးရတယ်” ဟု အထည်ချုပ်လုပ်ငန်းရှင် တစ်ဦးဖြစ်သူ မမြတ်စံဝင်းက ပြောသည်။
 ထို့ကြောင့် စက်မှုဇုန်များအနေ နှင့် ပုဂ္ဂလိက လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီများနှင့် ချိတ်ဆက်ရန် ပြင်ဆင် နေကြပြီး လျှပ်စစ်ဝန်ကြီး ဌာနအနေနှင့် လည်း ပုဂ္ဂလိကကုမ္ပဏီ များကို ဓာတ် အား ရောင်းချခွင့်ပေးထားပြီး ဖြစ် ကြောင်း လျှပ်စစ်စွမ်းအား ဦးစီးဌာနမှ သိရသည်။

   သို့သော် ဓာတ်အားခများ တိုးမြှင့် ကောက်ခံပြီးသည်နှင့် ဓာတ်အားပေးချိန် အပြည့်အဝ ဖြစ်စေရန်ဆောင်ရွက်မှု ရှိ မရှိ ပေါ်ပြူလာနယူးစ်မှ တယ်လီဖုန်း ဖြင့် ဆက် သွယ်မေးမြန်းသည့်အပေါ် လျှပ်စစ်ဓာတ်အား တိုးမြှင့်ကောက်ခံ မည် ထုတ်ပြန်ချက်တွင် အာမခံချက် အနေဖြင့် တစ်စုံတစ်ရာ ပေးထားခြင်း မရှိကြောင်း၊ ၄င်းထုတ်ပြန် ချက်အရ ဓာတ်အား ထုတ်လုပ်မှု ကုန်ကျစရိတ် နှင့် ဓာတ်အားဝယ်ယူမှု ကုန်ကျစရိတ် များ တတ်နိုင်သမျှ ကာမိစေရန်အတွက် တိုးမြှင့်ရခြင်း ဖြစ်သည်ဟု ရန်ကုန်တိုင်း လျှပ်စစ်ဖြန့်ဖြူးရေးအဖွဲ့ ဥက္ကဋ္ဌ ဦး အောင်ခိုင်က အောက်တိုဘာ ၂၉ ရက် နေ့တွင် ဖြေကြားသည်။

 လျှပ်စစ်ဝန်ကြီးဌာန အနေဖြင့် နို ဝင်ဘာလမှ စတင်ကာ ဓာတ်အားခများ ပြောင်းလဲကောက်ခံမည် ဖြစ်ကြောင်း အောက်တိုဘာ ၂၉ ရက်နေ့ထုတ် နိုင်ငံ ပိုင်သတင်းစာတွင် ထုတ်ပြန်ကြေညာခဲ့ သည်။ ဓာတ်အားခများကို အိမ်သုံး တစ်ယူနစ်မှ ၁ဝဝ ယူနစ်အထိ ၃၅ ကျပ်နှင့် ၁ဝ၁ ယူနစ်နှင့်အထက်လျှင် ၅ဝ ကျပ်၊ စက်မှုစီးပွားများအတွက် တစ်ယူနစ်မှ ၅ဝဝဝ ယူနစ်အထိ ၁ဝဝ ကျပ်နှင့် ၅ဝဝ၁ ယူနစ်အထက်လျှင် ၁၅ဝ ကျပ်၊ အစိုးရဌာနများတွင် ရုံးသုံး ၅ဝ ကျပ်နှင့် စက်မှုသုံး ၁ဝဝ ကျပ်ဟူ၍ ဖော်ပြထားသည်။
 အဆိုပါနှုန်းထားသစ်များကြောင့် စက်မှုဇုန် လုပ်ငန်းများအတွက် ဓာတ် အားခနှုန်းမှာ လက်ရှိထက် နှစ်ဆနီးပါး မြင့်တက်သွားမည်ဖြစ်ပြီး ကုန်ပစ္စည်း ထုတ်လုပ်မှုပိုင်း တွင်စရိတ်စက အပြောင်း အလဲများ ဖြစ်လာနိုင်ကြောင်း စက်မှုဇုန် လုပ်ငန်းရှင်များက ဆိုသည်။

သုတလင်း၊ ခိုင်နွယ်ဦး
Popular Myanmar

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်