Saturday, December 21, 2013

ကယားအမျိုးသမီးတို့ကာအိနြေ္ဒကို ရွာဆေးသည့်ဓလေ့ဖြင့် လဲလှယ်ခံနေရဆဲ

Posted by drmyochit Saturday, December 21, 2013, under | No comments

ကယားပြည်နယ်အတွင်းရှိကျေးရွာအချို့၌ အမျိုးသမီးများအဓမ္မပြုကျင့်ခံရခြင်း၊ အကြမ်းဖက်ခံရခြင်းများ ရှိလာပါက တရားဥပဒေအရတိုင်ကြားခြင်းမရှိဘဲ ရိုးရာဓလေ့ထုံးစံအတိုင်းသာ ကျေးအေးပေးရမှုများ ရှိနေဆဲဖြစ်သည်ဟု ကယားပြည်နယ်အခြေစိုက် ကယန်းအမျိုးသမီးအဖွဲ့မှ တွဲဖက်အတွင်းရေးမှူး မူအန်းဂျေလာ ကဆိုသည်။

အကြမ်းဖက်ခံရသည့် ဖြစ်ရပ်များတွင် ရိုးရာဓလေ့ထုံးစံဖြစ်သည့် ကြက်(သို့)ဝက်တစ်ကောင်ကို သတ်၍ အသား များကို ကျေးရွာအတွင်းရှိ အိမ်များကိုလိုက်ဝေကာ ရွာဆေးကြောသည့်ဟုဆိုကာ အကြမ်းဖက်ခံရသည့် အမျိုးသမီး ကို ရပ်ရွာမှဝိုင်းဝန်းဖိအားကျေအေးစေခြင်းဖြစ်သည်။

  “ရွာက ဝိုင်းဖိအားပေးလို့ ကာယကံရှင်က မကျေနပ်လည်း ကျေအေးပေးလိုက်ရတာ များတယ်။ ရွာနာမည် ပျက် တယ်။ ရွာနာတယ်ဆိုပြီး မတိုင်ဖို့ ဖိအားပေးတာပေါ့။ ဓလေ့ထုံးစံအတိုင်းကြက်၊ ဝက်သတ်ပြီး တစ်အိမ်ကို တစ် ပိဿာလောက် လိုက်ဝေလိုက်ရင်ပြီးပြီ။ ရွာဆေးတယ်ပေါ့ ဒါဆိုရင် ဒီကောင်မလေးကို မယူလည်းရတယ်ဆိုတော့ အမျိုးသမီးတစ်ယောက်ရဲ့ တန်ဖိုးက ဝက်တစ်ကောင် ကြက်တစ်ကောင် တန်ဖိုးလို ဖြစ်နေတယ်” ဟု ကယန်း အမျိုးသမီးအဖွဲ့မှ တွဲဖက်အတွင်းရေးမှူး မူအန်းဂျေလာ ကပြောသည်။

အယူအဆမှားနေသည့် ရိုးရာဓလေ့ထုံးစံကို ပြောင်းလဲနိုင်ရန် ကယန်းအမျိုးသမီးအဖွဲ့အနေဖြင့် ကျေးရွာများတွင် အမျိုးသမီများကို ပညာပေးခြင်း၊ ကူညီပေးခြင်းများပြုလုပ်သော်လည်း အများစုမှာ ဘိုးဘွားအစဉ် အဆက်က သင်ကြားလာသည့်ရှေးရိုးစွဲအယူအဆများကိုစွန့်လွတ်ရန် လက်မခံနိုင်သေးဘဲလူနည်းစုသာ လက်ခံကြကြောင်း ၎င်းက ဆက်ပြောသည်။

အကြမ်းဖက်ခံရသည့် ဖြစ်ရပ်များကို ကာယကံရှင်ကိုယ်တိုင်မှကျေအေးပေးလိုက်သည့်အတွက် ဥပဒေအရ တိုင်ကြားနိုင်ရန်အကူအညီပေးနိုင်ရန် အခက်အခဲများရှိနေခြင်းဖြစ်သည်။ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံရသူ အများစုမှာ အသက် ၉နှစ်အောက်မှ ၂၂နှစ်အကြားအမျိုးသမီးအများစုဖြစ်သည်ဟု သိရသည်။

ကယန်းဒေသတစ်ခုဖြစ်သည့် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်အစပ်ရှိကျေးရွာတစ်ခုတွင် အသက် ၂၂နှစ် အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ရန်ကြိုးစားခဲ့သည့်ဖြစ်ရပ်တစ်ခု လက်တလောဖြစ်ပွားခဲ့ပြီး တရားဥပဒေအရ တိုင်ကြားခြင်းမပြုဘဲ ရွာနာမည်ပျက်မည်ဆိုသည့်ဖိအားပေးမှုဖြင့် ကြက်တစ်ကောင်သတ်၍ ကြေအေးခဲ့ကြောင်း၊ ထိုကျေးရွာမှာ မြို့နှင့်ဝေးလံသောဒေသမှမဟုတ်ဘဲ လွိုင်ကော်-တောင်ငူဆက်သွယ် ရေးလမ်းကြောင်းပေါ်တွင် တည်ရှိပြီး ရဲစခန်းရှိသည့်ရွာဖြစ်ကြောင်း ကယန်းအမျိုးသမီးအဖွဲ့ထံမှသိရှိရသည်။

 “အကြမ်းဖက်ခံရတဲ့ ဖြစ်ရပ်မျိုးကို ဥပဒေနဲ့မလုပ်ဘဲ ဒီလိုရိုးရာဓလေ့နဲ့ကြက်သတ် ဝက်သတ်ပြီး လျော်ပေးတာ နောက်ထပ်လုပ်အောင် မလုပ်သေးတဲ့လူတွေကိုလည်း လုပ်အောင်လမ်းဖွင့်ပေးနေသလိုပဲ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေကို ရိုးရာဓလေ့နဲ့ရှင်းတယ်ဆိုတာနိုင်ငံမှာလက်ရှိပြဌာန်းထားတဲ့ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေကို မဆန့်ကျင်ရင် ကျင့်သုံးခွင့်ရှိတယ်။ ဒါပေမဲ့ဒီလိုလိင်အကြမ်းဖက်ကိစ္စတွေကိုတော့ ဥပဒေအရ ခွင့် မပြုထားဘူး”ဟု တရားလွှတ်တော်ရှေ့နေဦးဌေးဦး(စိန်ဂျွန်း)က ပြောသည်။

အဆိုပါလိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုဖြစ်ရပ်များကိုရိုးရာဓလေ့အစဉ်အလာနှင့်ဖြေရှင်းနေကြခြင်းသည် ဥပဒေကို နားမလည်၍ဖြစ်နေကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်၎င်းကျေးရွာများတွင်ဥပဒေကိုနားလည်စေရန် ဥပဒေနှင့် ဖြေရှင်း ကြရန်ပညာပေးလုပ်ငန်းများကို လုပ်ဆောင်သင့်ကြောင်း ၎င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံ၏ ပြစ်မှုဆိုင်ရာကျင့်သုံးဥပဒေ၌ အမျိုးသမီးကိုကာယီအိနြေ္ဒနှောက်ယှက်ပါကပုဒ်မ (၃၅၄)အရ ထောင်ဒဏ်(၂)နှစ်၊ အဓမ္မပြုကျင့်ပါကပုဒ်မ(၃၇၆)အရ ထောင်ဒဏ်(၁၀)နှစ်မှတစ်သက်တစ်ကျွန်းပြစ်ဒဏ် ချမှတ်နိုင်ကြောင်း ဖော်ပြပါရှိသည်။

“ကျွန်မတို့ လက်လှမ်းမီသလောက် အမျိုးသမီးတွေအကြမ်းဖက်ခံရတာဒီနှစ်ထဲမှာ(၆)မှုဖြစ်နေပြီ။ အများစုက ရှက်တာနဲ့ ထုတ်ဖော်မပြောကြဘူး။ လက်လှမ်းမမီတဲ့နေရာတွေမှာလည်းရှိနေတယ်။ နောက်တစ်ခုက အကြမ်း ဖက်တဲ့လူတွေအများစုက မူးယစ်ဆေးဝါးသုံးထားကြတာပဲ ဆေးက(ရာမ) ဒီဒေသတွေမှာ အလွယ် တကူ ဝယ်လို့လည်းရနေတယ်လေ” ဟုလွိုင်ကော်အမျိုးသမီးစင်တာမှတွဲဖက် တာဝန်ခံ မူချယ်ရီကပြောသည်။

ပြည်နယ်အတွင်း အမျိုးသမီးအကြမ်းဖက်ခံရသည့်ကိစ္စများကိုဥပဒေနှင့်ဆောင်ရွက်နိုင်ရန်အတွက်   ရှေ့နေ ငှားရမ်းခသည်  ဒေသခံများနှင့်ကူညီပေးနေသည့် ကယန်းအမျိုးသမီးအဖွဲ့အတွက် အဓိက အခက်အခဲဖြစ်နေ ကြောင်း၊ ကယားပြည်နယ်တွင် ရန်ကုန်မြို့ကဲ့သို့ အခမဲ့ဝန်ဆောင်မှုပေးသည့် ရှေ့နေများ ရှိမည်ဆိုပါ က အဆင်ပြေမည်ဖြစ်ကြောင်းနှင့်လိုအပ်နေကြောင်း၎င်းက ဆက်ပြောသည်။

ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်ရှိနိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများပါဝင်သည့် ငြိမ်းချမ်းရေးအတွက် ယုံကြည် မှု တည်ဆောက်ခြင်း၊ လားရှိုးဆွေးနွေးပွဲတွင် အမျိုးသမီးနှင့်ကလေးငယ်များ အကြမ်းဖက် ခံရသည့်အကြောင်းကို ကယန်းအမျိုးသမီးအဖွဲ့က တင်ပြခဲ့ပြီးဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူပေးရန်နှင့် အကြမ်းဖက်ခံရမှု လျော့နည်းသွားနိုင်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များလည်း ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဖက်ဒရယ်မူထဲတွင် အမျိုးသမီး နှင့်ကလေးများ အတွက် အခန်း ကဏ္ဍ ကို သေချာရေးဆွဲပေးရန်သဘောထား ထုတ်ပြန်ခဲ့ကြောင်းကိုလည်း သိရှိရသည်။

မင်းဟိန်းထက်(မြစ်မခ)

ဖုန်းအားသွင်းစက် အတုအယောင်များ ပြဿနာ

Posted by drmyochit Saturday, December 21, 2013, under | No comments

လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က USB အခြေခံထားတဲ့ နည်းပညာသုံးဖုန်းများနဲ့ တစ်ခြားသော လက်ကိုင် သုံး ပစ္စည်းအမျိုးမျိုး အတွက် လိုအပ်တဲ့ အားသွင်းစက်များကို ဝယ်ယူရင် မိမိတို့ဝယ်ယူ အသုံးပြုနေတဲ့ ဖုန်းတစ်ခြား လက်သုံးပစ္စည်းတွေ ဝယ်ယူခဲ့တဲ့ ကုမ္ပဏီ (သို့မဟုတ်) အမှတ်တံဆိပ် စတဲ့ ဆက်စပ်မှုရှိတဲ့ အထောက် အထား တစ်ရပ်ပါရှိတဲ့ အားသွင်းစက်တွေကိုသာ ဝယ်ယူအသုံးပြုနေရတဲ့ အဖြစ်မှ ကျော်လွှား လွန်မြောက်အောင် ဆောင်ရွက်ခဲ့ရကြောင်း ESC လို့ခေါ်တဲ့ လျှပ်စစ်ဆိုင်ရာပစ္စည်းများ လုံခြုံမှု ကောင်စီက ပြောဆို ခဲ့တာ ဖြစ်ပါတယ်။

အမှန်ကတော့ မိမိတို့ကိုယ်ပိုင် အသုံးအဆောင်ဖြစ်တဲ့ ဖုန်းနဲ့ တခြားသော လက်သုံးပစ္စည်း Gadget တွေမှာ ပြန်လည်အားဖြည့်ဖို့ အားသွင်းစက်ကလေးတစ်ခုကို ဘယ်နေရာသွားသွား ဆောင်သွားသင့်တာကတော့ လိုအပ်ချက် တစ်ခုအနေနဲ့ မှန်ကောင်းမှန်စရာ ရှိပေမယ့် ဒီပြဿနာအတွက် ဖြေရှင်းရမယ့် နည်းလမ်းတွေ ကတော့ လွယ်မယောင်နဲ့ ခက်ဆိုသလို တွေ့ကြုံရဖွယ်ရှိကြောင်း သုံးသပ်စဉ်းစားစရာဖြစ်ပါတယ်။

အားသွင်းစက်တစ်လုံးလောက်ရှိရင် ဘယ်လက်ကိုင် ပစ္စည်းကိုမဆို သုံးလို့ရမယ်ဆိုတဲ့ အတွေးဟာ သဘောတရားအနေနဲ့ မှန်ကောင်းမှန်ပေမယ့် လက်တွေ့ကျကျ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို လေ့လာစူးစမ်းပြီးမှသာ တိကျတဲ့အခြေတစ်ရပ်ကို ထုတ်သင့်ကြောင်းေ​​ဝဖန်ပြောဆိုကြတာ ဖြစ်ပါတယ်။ လျှပ်စစ်ဆိုင်ရာ ပစ္စည်းများ လုံခြုံမှုကောင်စီဖြစ်တဲ့ ECS ရဲ့ လုံခြုံမှုဆိုင်ရာ ထုတ်လုပ်မှု မန်နေဂျာ တစ်ဦးဖြစ်တဲ့ စတိဗ်ကတ်တလာရဲ့ ပြောဆိုချက်အရ မိုဘိုင်းဖုန်းများနဲ့ ပတ်သက်ပြီး ရောင်းဝယ်တဲ့ လုပ်ငန်းတွေမှာ ဖုန်းအားသွင်းစက်တွေကို ပူးတွဲရောင်းဝယ်မှုနဲ့ ပတ်သက်ပြီး ဥရောပကောင်စီရဲ့ ဆန္ဒနဲ့အညီ ဖုန်းများကို အားသွင်းစက်နဲ့ မတွဲဘဲ လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားဖို့ သဘောတူညီချက်ရရှိပြီး ဖြစ်ကြောင်း ဒီလိုလုပ်ကိုင်ရခြင်းဟာ မလိုအပ်ဘဲ အားသွင်းစက်တွေကို ပရမ်းပတာသုံးစွဲနေမှုကို လျော့ချဖို့နဲ့ လျှပ်စစ်ဓာတ်အားဖြုန်းတီးမှု မဖြစ်စေရေးအတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း စတိဗ်ကတ်တလာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

၎င်းက ဆက်လက်ပြောဆိုရာမှာ တချို့သော မိုဘိုင်း Devices အမျိုးမျိုးကို ကိုင်တွယ်နေတေဲ့ သူများဟာ အရည်အသွေးအမှန်တဲ့ အတုအယောင် အားသွင်းစက်တွေ ဝယ်ယူသုံးစွဲမှုကြောင့် Devices တွေ လောင်ကျွမ်းခံရမှု သို့မဟုတ် အပူလွန်ကဲမှုနဲ့ ပတ်သက်တဲ့ ပြဿနာအမျိုးမျိုးတွေကို ကြုံတွေ့နေရကြောင်း၊ ဒါကြောင့် ဒီပြဿနာကိုလည်း ပိုမိုသတိထားပြီး ဖြေရှင်းရမယ့် နည်းလမ်းတွေို့ မိုဘိုင်း Devices များစွာ သုံးစွဲနေသူတွေအတွက် လမ်းညွှန်ပေးသင့်ကြောင်း စတိဗ်ကတ်တလာက ရှင်းလင်းပြောဆိုသွားတာ ဖြစ်ပါတယ်။ မိုဘိုင်းပစ္စည်းများစွာ သုံးစွဲနေတဲ့ အင်္ဂလန်နဲ့ ဥရောပ နိုင်ငံတွေမှာ ဒီပြဿနာနဲ့ ပတ်သက်ပြီး အားသွင်းစက်တွေအစား ဘယ်လိုစက်မျိုးတွေ တီထွင်သုံးစွဲသင့်သလဲဆိုတဲ့ မေးခွန်းများ ပေါ်ထွက်လာပြီး ပြန်လည်အားသွင်းစရာမလိုတဲ့ နည်းပညာများကို ဖော်ထုတ်ဖို့ အချေအတင်ပြောဆိုမှုများ ရှိလာတာ ဖြစ်ပါတယ်။

လျှပ်စစ်ဓာတ်အား ပြန်လည်ဖြည့်သွင်းပေးရမယ့် အားဖြည့်စက်တွေနဲ့ ပတ်သက်ပြီး ဝေဖန်အကြုံပြု ပြောဆိုမှုများ ရှိပေမယ့် ရေရေရာရာ အပြောတစ်ခုထွက်လာဖို့ကတော့ ခက်ခဲ့ကြံ့ကြာနေဦးမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ Apple ရဲ့ လုပ်နည်း လုပ်ဟန် အချို့ကို သတိပြုလေ့လာသင့်ပါတယ်။ ဒီအချက်ကတော့ နှစ်စဉ်ဒေါ်လာသန်းပေါင်းများစွာ ရရှိ နေတဲ့ Apple ရဲ့ အထူးဆက်သွယ်ရေး ကရိယာကို ထုတ်လုပ်ရောင်းချနေမှုပဲ ဖြစ်ပါတယ်။ Apple အနေနဲ့ ဒီလိုတစ်ဖက်က အထူးဆက်သွယ်ရေးကိရိယာများ ထုတ်လုပ်ရောင်းချမှုနဲ့ အတူ အတုအယောင် အားသွင်းစက်များ ပပျောက်ရေးကို ကြိုးပမ်းလုပ်ဆောင်နေပေမယ့် တချို့သော သူများကတော့ သူတို့ရဲ့ UBS တွေအတွက် အတုအယောင်ပစ္စည်းတွေကို သုံးစွဲနေမှုဟာ ကြီးမားတဲ့ ပြဿနာတစ်ရပ်အဖြစ် တည်ရှိနေဆဲ ဖြစ်ပါတယ်။

အမှန်ကတော့ အားသွင်းစက်တွေကို သုံးစွဲရာမှ သိသင့် သိထိုက်တာလေးတွေကို သိထားဖို့ လိုအပ်ပါတယ်။ ဒီအတုအယောင်အားသွင်း စက်လေးတွေကို များသောအားဖြင့် တရုတ်နဲ့ ကိုရီးယားနိုင်ငံတွေက ထုတ်လုပ်ကြတာ ဖြစ်ပါတယ်။ ဒီလိုထုတ်လုပ်လိုက်တဲ့ ပုံစံမတူတဲ့ အားသွင်းစက်လေးတွေဟာ ပင်ကိုယ်အားဖြင့် သက်ဆိုင်ရာအားသွင်းရမယ့် Device အမျိုးမျိုးနဲ့ အဆင်ပြေစွာ လိုက်လျောညီထွေ ဖြစ်ဖို့ လိုပါတယ်။ များသောအားဖြင့် ဒီပစ္စည်းလေးတွေရဲ့ စွမ်းရည်ဟာ USB အတွက် လုံလောက်တဲ့ စွမ်းဆောင်ရည် ရှိသော်လည်း တခြားပစ္စည်းတွေအတွက် ကွဲပြားခြားနားမှု ရှိကြောင်း၊ ဒါကြောင့် ပစ္စည်းအလိုက်ရွေးချယ်သုံးစွဲသင့်ကြောင်း Apple ရဲ့ ကျွမ်းကျင်ပညာရှင်များက ပြောဆိုပါတယ်။

အားသွင်းစက်ကလေးတွေရဲ့ သဘာဝအရ ခံနိုင်ရည် နှစ်အမ်ပီယာအထိ ရှိတဲ့ Device အမျိုးမျိုး နှစ်အမ်ပီယာအထိ ရှိတဲ့ Device မျိုးစုံကို အားသွင်းနိုင်ပါတယ်။ USB တစ်ခုဟာ တစ်အမ်ပီယာနဲ့ လုံလောက်ပါတယ်။ ဖုန်းတစ်လုံးရဲ့ လိုအပ်ချက်ဟာ ၅၀၀ လောက်သာ ရှိပါတယ်။ ipad နဲ့ iPad 2 တို့ကတော့ ၁၀ ပေလောက် အသုံးပြုကြပြီး Retina ပါရှိတဲ့နောက်ဆုံးပေါ် iPad ကတော့ ၁၂၀၀ လောက်သုံးစွဲမှာ ဖြစ်ပါတယ်။ ဒါကြောင့် ခံနိုင်ရည်အား နှစ်အမ်ပီယာလောက်အတွင်းမှာ ရှိနေတဲ့ Device အမျိုးမျိုးတွေမှာ အားသွင်းစက် တစ်မျိုး တစ်စားတည်းနဲ့ အသုံးပြုလို့ရတယ်လို့ Apple ရဲ့ ပညာရှင်များက ပြောဆိုတာ ဖြစ်ပါတယ်။

ဒီနေရာမှာ တချို့သောသူများရဲ့ အတွေ့အကြုံအရ ပြောဆိုချက်များ ပေါ်ထွကလာပါတယ်။ ဒါကတော့ လက်ကိုင်ဖုန်းတွေမှာ သွင်းတဲ့အားသွင်းစက် တချို့ဟာ တခြားသော မိုဘိုင်း Device တွေမှာ သုံးစွဲတဲ့အခါ အဆင်မပြေမှုများ ကြုံတွေ့ရကြောင်း၊ သာဓကအားဖြင့် ဖုန်းမှာ အသုံးပြုတဲ့ အားသွင်းစက်ကို တခြား Device များဖြစ်တဲ့ Tablet တို့ iPad တို့လို ပစ္စည်းတွေမျာ ပြောင်းသုံးကြည့်တဲ့အခါ အဆင်မပြေမှုများ ကြုံတွေ့ရကြောင်း ဒါကြောင့် ဒီလို Charger မျိုးတွေနဲ့ ပတ်သက်ပြီး ပြဿနာကို ဘယ်လိုဖြေရှင်းသင့်တယ်လို့ ဆိုတဲ့ အကြံဥာဏ်ကို ဥရောပသမဂ္ဂအထိ တင်ပြတောင်းခံနေရပြီး ဥရောပသမဂ္ဂကလည်း အားသွင်းစက် အမျိုးမျိုးကို အသုံးပြုနေခြင်းကြောင့် အားသွင်းလိုတဲ့ ပစ္စည်းနဲ့ လိုက်ဖက်မယ့် Charger ကိုရွေးချယ်သုံးစွဲရမယ့် အနေအထားမျိုးကို ဖြေရှင်းဖို့ နည်းလမ်းရှာရမှာ ဖြစ်ကြောင်း၊ Charger တိုင်းဟာ အားလုံးသော Device များစွာနဲ့ သင့်လျော်မှုရှိလိမ့်မယ်လို့ မယုံကြည်ကြောင်း ဥရောပသမဂ္ဂမှ တာဝန်ရှိသူများက ပြောဆိုတာ ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်လောက်မှာ ဥရောပသမဂ္ဂအဖွဲ့ဟာ ဥရောပရဲ့ မိုဘိုင်းသုံးစွဲမှုသူများနဲ့ ဆက်နွယ်မှု ရှိတဲ့ အဖွဲ့အစည်းများစွာနဲ့ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး Charger များသုံးစွဲမှုဆိုင်ရာ နားလည်မှု စာချွန်လွှာတစ်စောင်ကို အဖွဲ့ဝင်နိုင်ငံများ သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီသဘောတူ စာချုပ်အရ ဥရောပသမဂ္ဂအဖွဲ့က သတ်မှတ်ထားတဲ့ ဖုန်းအာသွင်းစက် အမျိုးအစားများကိုသာ အသုံးပြုဖို့ လမ်းညွှန်မှုများကို အပြည့်အဝလိုက်နာခြင်း မရှိဘဲ ၎င်းရဲ့ သီးခြားထုတ်လုပ်ထားတဲ့ Lightning ကိုပဲ အသုံးပြုခဲ့ပါတယ်။ ၎င်းဟာ Samsung ရဲ့ Charger ထက် တစ်ဆခွဲလောက် ပိုမိုမြန်နှုန်းမြင့်ပြီး သွက်လက်မြန်ဆန်တဲ့ သဘောရှိပါတယ်။ Apple ဟာ ဥရောပ သမဂ္ဂရဲက လမ်းညွှန်မှုကို အပြည့်အဝ လိုက်နာခြင်းတော့ မရှိသေးပါဘူး။ ဘာကြောင့်လည်းဆိုရင် Apple ရဲ့ Connector တချို့ဟာ Android Devies တွေနဲ့ ဆက်စပ် အသုံးပြုလို့မရတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ ဥရောပဈေးကွက်အတွင်းမှာ ရောက်ရှိနေတဲ့ ဈေးပေါတဲ့ တရုတ်နိုင်ငံလုပ် Charger များကို အသုံးပြုမယ့်အစား USB Charger များကို အသုံးပြုကြဖို့ ဥရောပသမဂ္ဂအဖွဲ့ဟာ ကြိုးပမ်းအားထုတ်မှု ပြုလုပ်နေပါတယ်။ ၎င်းတို့ရဲ့ တိုက်တွန်းလှုံ့ဆော်မှုကြောင့် အတုအယောင်အားသွင်းစက်တွေကို ဈေးကွက်အတွင်းမှာ လျော့နည်းကျဆင်းသွားရေးအတွက် ၂၀၀၉ ခုနှစ်က ပြုလုပ်ခဲ့တဲ့ နည်းလည်မှု စာချွန်လွှာ (mou) နဲ့အညီ ဥရောပဈေးကွက်ထဲက Charger တွေရဲ့ အရည်အသွေးနဲ့ စံချိန်စံညွန်းတွေကို သတ်မှတ်ကန့်သတ်ထားချက်တွေနဲ့ ညီမညီ စစ်ဆေး ရွေးချယ်ဝယ်ယူကြဖို့နဲ့ အဆင့်အတန်းမမီတဲ့ Charger တွေကို တဖြည်းဖြည်း ပပျောက်သွားရေးအတွက် ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ကြဖို့ ဥရောပ သမဂ္ဂက တိုက်တွန်းပြောဆိုသွားတာ ဖြစ်ပါတယ်။

Apple ကလည်း သူရဲ့ မိုဘိုင်း Devices များအားလုံးနဲ့ ကိုက်ညီမယ့် Charger များကို ဥရောပသမဂ္ဂရဲ့ လမ်းညွှန်မှုနဲ့ အညီ ပြောင်းလဲသုံးစွဲသွားနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဒါ့အပြင် လာမယ့် ၅ နှစ်အတွင်းမှာ မိနစ်ပိုင်းအတွင်းမှာ ပြန်လည်အားဖြည့်နိုင်စွမ်းရှိတဲ့ Nano-Tube ဘက်ထရီ အမျိုးအစားသစ်ကိုလည်း ထုတ်လုပ်သွားဖို့ ကြိုးပမ်းမှာ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မိုးမခ
Ref & Credit: Net Guide Journal

ဖိလစ်ပိုင်မှ မြို့တော်ဝန်တစ်ဦး မနီလာလေဆိပ်တွင် အသတ်ခံရ

Posted by drmyochit Saturday, December 21, 2013, under | No comments



ဒီဇင်ဘာ ၂၀ရက်က ဖိလစ်ပိုင်၏မြို့တော် မနီလာလေဆိပ်တွင် မော်တော်ဆိုင် ကယ်နှင့် သေနတ်သမား များက သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် မြို့တော်ဝန် လာဘန်ဂန်မြို့တော်ဝန် အူကိုလ်တာ လန်ပါနှင့် အခြားသုံးဦးသေဆုံးခဲ့ကြောင်း၊ သေဆုံးသူများအနက် တစ်ဦးမှာ ကလေးငယ်ဖြစ်ကြောင်း အာဏာပိုင် များက ဆိုသည်။

ကျန်ခရီးသည်များမှာမူ ဘေးကင်း စွာ ခရီးစဉ်ကို ဆက်လက်ထွက်ခွာသွားနိုင်ခဲ့ကြောင်း သိရသည်။
တာလန်ပါသည် Zamboanga del Sur ပြည်နယ် လာဘန်ဂါ မြို့တော်ဝန် ဖြစ်သည်။ သူနှင့် ဇနီးသည်တို့သည် လေဆိပ် အ၀တွင် မိသားစုမှလာကြိုမည်အချိန်ကို စောင့်နေချိန်၌ မော်တော်ဆိုင်ကယ်
တစ်စီးနှင့် သေနတ်သမားများ ရောက်လာ ကာ သူနှင့် အနီးဝန်းကျင်ရှိလူများကို ပစ်ခတ်ခဲ့သည်။

သေဆုံးသူများထဲတွင် မြို့တော်ဝန်၏ဇနီး၊ ၁၈လ အရွယ် ကလေးငယ်တစ်ဦးနှင့် အခြား တစ်ဦးတို့ဖြစ်သည်။

ရဲဌာနမှ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထိုနေ့နံနက်က သေနတ်သမားများသည် လေဆိပ်တွင်
ယာဉ်များ ရှုတ်ထွေးနေသည့်အချိန်၌ ပစ်ခတ်ပြီးနောက် ချက်ချင်း ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ မည်သည့်အတွက်ကြောင့် သတ်ခဲ့သည်ကိုလည်း မသိရကြောင်း ဆိုသည်။ လေဆိပ်မန်နေဂျာက အစိုးရအေဂျင်စီများသည် ရာဇ၀တ်သားများကို ဖမ်းဆီးပြီး ဥပေဒအရ အရေးယူနိုင်ရန် ကြိုးပမ်းလျက် ရှိသည်ဟု ဆိုသည်။

တာလန်ပါသည် အတိုက်အခံနိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး လွန်ခဲ့သောမေလက ဒေသတွင်း ပြုလုပ်သည့် မြို့တော်ဝန် ရွေးချယ်ပွဲတွင် အနိုင်ရထားသူဖြစ်သည်။

မနီလာမြို့မှ နီနွိုင်းအာကွီနိုနိုင်ငံတကာ လေဆိပ်တွင် ၁၉၈၃ ခုနှစ်ကလည်း အတိုက်အခံနိုင်ငံရေးသမား ဘန်ဂင်နို အကွီနိုသည် ပြည်ပတွင် နေထိုင်ရာမှ ပြန်လာချိန်တွင် အသက်ခံခဲ့ရဖူးသည်။ သူ၏သား နာမည်တူ ဘန်ဂင်နိုအကွီနိုမှာ လက်ရှိအချိန်တွင် နိုင်ငံ၏ သမ္မတဖြစ်လာခဲ့သည်။

Ref: Al Jazeera
The Myanma Age

သတင်းထောက် ၂ ဦးအပေါ် ထိုင်းရေတပ် စွဲဆိုချက် ရုပ်သိမ်းပေးဖို့ CPJ တောင်းဆို

Posted by drmyochit Saturday, December 21, 2013, under | No comments

ထိုင်းတောင်ပိုင်း ဖူးခက်မြို့တွင် ထိုင်းအာဏာပိုင်တွေရဲ့ ထိန်းသိမ်းခြင်းခံရတဲ့ ရိုဟင်ဂျာလှေစီးပြေးဒုက္ခသည်များ (ဇန်နဝါရီ ၁၊ ၂၀၁၃)

မြန်မာနိုင်ငံကနေ လှေစီးပြေး ရိုဟင်ဂျာတွေကို လူမှောင်ခိုကူးတာတွေမှာ ထိုင်းရေတပ် ပါဝင်ပတ်သက်နေတယ်လို့ ရေးသားခဲ့တဲ့ ထိုင်းနိုင်ငံ ဖူးခက် အခြေစိုက် သတင်းထောက် နှစ်ဦးကို ထိုင်းရေတပ်ကနေ အသရေဖျက်မှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။ ထိုင်းတော်ဝင် ရေတပ်မတော်က သတင်းထောက်တွေကို အသရေဖျက်မှု တရားစွဲဆိုမှုကို ချက်ချင်း ရုပ်သိမ်းသင့်တယ်ဆိုပြီး သတင်းထောက် ကာကွယ်ရေး ကော်မတီ CPJ က တောင်းဆိုလိုက်တဲ့ အကြောင်း မသီင်္ဂီထိုက်က တင်ပြထားပါတယ်။

ထိုင်းတော်ဝင် ရေတပ်မတော်က ထိုင်းနိုင်ငံ ဖူးခက် အခြေစိုက် Phuketwan အွန်လိုင်း သတင်းဌာနက သတင်းထောက် နှစ်ဦး ဖြစ်တဲ့ Alan Morison နဲ့ Chutima Sidasathian တို့ နှစ်ဦးကို သူတို့ ရေးသားခဲ့တဲ့ သတင်းတပုဒ် အတွက် ၂၀၀၇ ခုနှစ် ကွန်ပျူတာ ရာဇ၀တ်မှု အက်ဥပဒေနဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့က တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။

ဒီသတင်းထောက် နှစ်ဦးက မြန်မာနိုင်ငံကနေ လှေစီးပြီး ထွက်ပြေးကြတဲ့ ရိုဟင်ဂျာတွေ အပေါ်ကနေ ထိုင်းစစ်တပ်က အကျိုးအမြတ်တွေ ရယူနေတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတပုဒ်ကို ဇူလိုင်လ ၁၇ ရက်နေ့က ရေးသားဖော်ပြခဲ့ကြတာပါ။

ထိုင်းတော်ဝင် ရေတပ်မတော် အနေနဲ့ ဒီသတင်းရေးသားသူတွေကို တရားစွဲဆိုမှု လုပ်မယ့် အစား ဒီသတင်းအချက်အလက်တွေ မှန်ကန်နေသလား ဆိုတာကို ရေတပ်မတော်အတွင်း စုံစမ်းစစ်ဆေးမှု လုပ်သင့်ပါတယ်လို့ အမေရိကန် အခြေစိုက် သတင်းထောက် ကာကွယ်ရေး ကော်မတီ CPJ ရဲ့ အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်း တာဝန်ခံ Shawn Crispin က ဆိုပါတယ်။

အခုလို သတင်းထောက်တွေကို တရားစွဲဆိုတာရဲ့ ရည်ရွယ်ချက်ကလည်း ဆိုးဝါးလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သတင်းတွေ ဖော်ထုတ်ရေးသားမှုကို အဟန့်အတား ဖြစ်အောင် လုပ်ဆောင်တာလို့ CPJ ရဲ့ ကြေညာချက်မှာ သူကထည့်သွင်းပြောဆိုပါတယ်။ ထိုင်း တော်ဝင် ရေတပ်မတော် အနေနဲ့ သတင်းထောက်တွေကို ရာဇ၀တ်မှုနဲ့ တရားစွဲဆိုမှုကို ချက်ချင်း ပယ်ဖျက်ပေးဖို့လည်း CPJ က တောင်းဆိုလိုက်ပါတယ်။ CPJ ရဲ့ အာရှအစီအစဉ်ရဲ့ တာဝန်ခံ Bob Dietz ကတော့ ဒီကိစ္စ အပေါ်မှာ အခုလို ပြောဆိုလိုက်ပါတယ်။

"အခုဟာက အသရေဖျက်မှုနဲ့ တရားစွဲဆိုတာ ဖြစ်ပါတယ်။ အရှေ့တောင်အာရှ နိုင်ငံအတော်များများမှာ ဘာတွေ့ရသလဲ ဆိုတော့ သတင်းထောက်တွေရဲ့ အခွင့်အရေးကို ပံ့ပိုး ပေးမယ့် အစား တရားဥပဒေ အရ အရေးယူနိုင်အောင် လုပ်ဆောင်နေပါတယ်။ ဒီကိစ္စမှာ ဆိုရင်လည်း အစိုးရက ဒီနည်းလမ်းကို သုံးတာဘဲ ဖြစ်ပါတယ်။ ထိုင်းတော်ဝင် ရေတပ်မတော် အနေနဲ့လည်း သတင်းထောက် နှစ်ယောက်ကို အခုလို တရားစွဲဆိုမှုကို ပြန်ပြီး သုံးသပ်စဉ်းစားသင့်ပါတယ်။"

အခု ထိုင်းရေတပ်ကနေ အသရေဖျက်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ Alan Morison နဲ့ Chutima Sidasathian တို့ကို ဒီဇင်ဘာလ ၂၄ ရက်နေ့ မတိုင်ခင် တရားရုံးတင် စစ်ဆေးမယ့်လို့ ခန့်မှန်းရပါတယ်။ တကယ်လို့ ထိုင်းရေတပ်မတော်ကို အသရေဖျက်ခဲ့တယ်လို့ ပြစ်မှု ထင်ရှားရင်တော့ ထောင်ဒဏ် ၅ နှစ် ဒါမှမဟုတ်လည်း ထိုင်းဘတ်ငွေ ၁ သိန်း၊ အမေရိကန် ဒေါ်လာ ၃ ထောင်ကျော် ဒဏ်ကြေးငွေ ပေးဆောင်ရမှာလည်း ဖြစ်ပါတယ်။

From: VOA

ကချင်ပြည်နယ် အစိုးရကို ဒေသခံ ရှမ်းအမျိုးသားတို့ အယုံအကြည် မရှိ

Posted by drmyochit Saturday, December 21, 2013, under | No comments

ကချင်လွတ်မြောက်ရေးတပ်မတော် ဒုစစ်ဦးစီးချုပ်နဲ့ အဖွဲ့။ 


KIA ခေါ် ကချင်လွတ်လပ်ရေးတပ်မတော်က ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို
အကာအကွယ် မပေးတဲ့ အတွက်ဆိုပြီး ကချင်ပြည်နယ်မှာ ရှိတဲ့ ရှမ်းလူထု အစည်းအဝေးပွဲတရပ်က ကချင်ပြည်နယ်အစိုးရကို ရှုံ့ချကြောင်း ဆုံးဖြတ်ချက်တရပ် ချမှတ်ခဲ့ပါတယ်။  KIA က ဖမ်းဆီးသွားတဲ့ ရှမ်းအမျိုးသားတွေ လွတ်မြောက်ရေး နဲ့ပတ်သက်ပြီးတော့ ဒီကနေ့ မြစ်ကြီးနားမြို့ ၀န်းသိုကျောင်းတိုက်မှာ ကျင်းပတဲ့ ရှမ်းလူထုအစည်းအဝေးမှာ အခုလိုဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီလဆန်းပိုင်းက စပြီး KIA က ဖမ်းဆီးသွားတဲ့ ရှမ်းလူမျိုးတွေ ပြန်လည် လွတ်မြောက်ဖို့အတွက် လူ၎သောင်းလောက်တက်ရောက်ပြီး ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမှာ  ဆန္ဒပြဖို့ မူလက စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အာဏာပိုင်တွေဆီက စီတန်းလှည့်လည်ဆန္ဒပြခွင့် ခွင့်ပြုချက်မရတာကြောင့် စုရပ်ဖြစ်တဲ့ ၀န်းသိုကျောင်းတိုက်မှာပဲ လူထုအစည်းအဝေးကျင်းပခဲ့တယ်လို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ ဦးစိုင်းစန်းဝေက ပြောပါတယ်။

" ပြည်နယ်ရေးမှူးကနေပြီးတော့ မနေ့ညက ၇နာရီမှာ ဒီရက်ကို ခွင့်မပြုဘူးဆိုတာ အကြောင်းပြန်ကြားပါတယ်။ ကြိုတင်ပြီးမှ ကျနော်တို့က မသိရဘူး။ ကျနော်တို့ကတော့ ဆန္ဒပြဖို့က အဆင်သင့်ပဲ။ ဒါပေမဲ့ ဥပဒေအရ တားထားတယ်ဆိုတော့ ကျနော်တို့က ဥပဒေကို ကျော်လွန်ပြီးတော့ မလုပ်ဘူးပေါ့လေ။ ဒီလမ်းလျောက်ပြီးမှ ဆန္ဒပြခွင့် မရတဲ့အတွက်ကြောင့်မို့လို့ ဘုန်းကြီးကျောင်းမှာပဲ စုခွင့်ရတဲ့အတွက် ဒီမှာ လူထုအစည်းအဝေး လုပ်တာပေါ့လေ။ ရှမ်းအားလုံးရဲ့ လူထုအစည်းအဝေး လုပ်လိုက်တာပေါ့လေ။ "

ဒီလူထုအစည်းအဝေးကနေ အချက် ၅ချက်ကို ဆုံးဖြတ် တောင်းဆိုခဲ့ကြကြောင်း ဦးစိုင်းစန်းဝေက ဆက်ပြောပါတယ်။

" ကေအိုင်အေကနေပြီးမှ ညှင်းပမ်းနှိပ်စက်တာ၊ လူ့အခွင့်အရေးချိုးဖောက်မှုကို အကာအကွယ်ပေးနိုင်ခြင်းမရှိခဲ့တဲ့အတွက် ဒီကချင်ပြည်နယ်အစိုးရအဖွဲ့အပေါ်မှာ ရှမ်းလူထုက အယုံအကြည်မရှိတဲ့အကြောင်းပေါ့လေ။ တခြားအချက် က ကေအိုင်အေ ကနေပြီးတော့မှ အဓမ္မ ဆက်ကြေးကောက်ခံ တာတွေ၊ တပ်သားစုဆောင်းတာတွေ၊ လုံးဝ ရပ်ဆိုင်းဖို့ နောက်တချက်က အရင့်အရင်တုန်းက ဖမ်းဆီးထားတဲ့ လူတွေကို အမြန်ဆုံးပြန်လွှတ်ပေး ဖို့ တောင်းဆိုတာပေါ့။ နောက်တချက်က လက်နက်ကိုင်ပြီးတော့မှ ဥပဒေမဲ့အနိုင်ကျင့်တဲ့ အဖွဲ့ကို မလိုလားဘူးပေါ့။ "

နောက်ဆုံးအချက်ကတော့ အပစ်အခတ်ရပ်စဲအမြန်ရပ်စဲပြီး ငြိမ်းချမ်းရေးကို ဆောင်ရွက်ဖို့ လူထုတရပ်လုံးက တိုက်တွန်းကြောင်းဖြစ်ပါတယ်။
ဒီကနေ့ကျင်းပတဲ့ လူထုအစည်းအဝေးပွဲကိုတော့ လူထုပရိသတ် ၂သောင်းလောက်တက်ရောက်ခဲ့တယ်လို့ ပြောပါတယ်။

KIO လုပ်ငန်းညှိနှိုင်းအဖွဲ့ Technical Team ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးကတော့ ရှမ်းလူမျိုးတွေရဲ့ တောင်းဆိုချက်ကို ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

" ကျနော်တို့ကလည်း အောက်ခြေကို ပြန်စုံစမ်းရတာဗျ။ တခါတလေ ကျတော့လည်း အောက်ခြေရဲ့ သတင်းကလည်း အခြေပြတ်တယ်ခင်ဗျ။ ဆိုတော့ ပြန်စုံစမ်းကြည့်တော့ မှန်ကန်တယ်ဆိုရင် လွှတ်ပေးရိုး ထုံးစံရှိတာပဲ။ ကျနော်တို့ တိုင်းရင်းသားတွေကြားထဲမှာကျတော့ တခါတလေ စုစည်းတဲ့ အချိန်ကျတော့ အားလုံးကို လူမျိုးကြည့်ပြီး စုစည်းတာမဟုတ်ဘူးလေ။ တခါတည်း အားလုံးကို သိမ်းကြုံး စုစည်းခဲ့တာမျိုးလည်း ရှိခဲ့တာပဲ။ အားလုံးကို သိမ်းကြုံးခေါ်သွားတယ် ခေါ်သွားပြီးတော့မှ ရောက်တဲ့နေရာမှာ သူ့ရဲ့ ပြန်လည် စိစစ်ပြီးမှ ပြန်ခိုင်းတဲ့သူကို ပြန်ခိုင်းတယ်။ ဒါ အရင်ကတည်းက အခုအချိန်ထိ ဖြစ်နေတာပဲ။"

မန်စီမြို့နယ်အတွင်းက KIA ဖမ်းဆီးသွားသူတွေအနည်းဆုံး ၆၀ကျော်အနက်က ဒီလ ၁၈ရက်နေ့မှာ ရှမ်းလူမျိုး ၂၂ဦးကို ပြန်လည်လွှတ်ပေးကြောင်း သတင်းတွေဖြစ်ပေါ်နေပါတယ်။ ရှမ်းလူမျိုး အရေး ကိုဆောင်ရွက်နေ တဲ့ ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့နဲ့ ရှမ်းနီအမျိုးသား တိုးတက်ရေး ပါတီ ကတော့ အတည်ပြုချက် မပေးသေးပါဘူး။

ဒီကနေ့ မြစ်ကြီးနားမြို့မှာ ကျင်းပတဲ့ ရှမ်း လူထုစည်းဝေးပွဲကျင်းပပြီးချိန်မှာ ဗြိတိန်သံအမတ်ကြီးနဲ့ အဖွဲ့လည်း လာရောက်ပြီး ရှမ်းလူထုအခြေအနေတွေကို စုံစမ်းမေးမြန်းခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဗြိတိန်သံအမတ်ကြီးနဲ့ အဖွဲ့ဟာ KIO ရဲ့ လုပ်ငန်း ညှိနှိုင်းရေးအဖွဲ့ Technical Team က ကိုယ်စားလှယ်တွေ နဲ့ တွေ့ဆုံခဲ့သလို ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဗြိတိန်သံအမတ်ကြီးရဲ့ ၃ရက်ကြာ ကချင်ပြည်နယ်ခရီးစဉ်မှာတော့ ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်လေ့လာဖို့ ရှိနေတာဖြစ်ပါတယ်။  -

From: VOA

မြန်မာအမျိုးသမီးဘောလုံးအသင်း တတိယရသော်လည်းမြန်မာတစ်မျိုးသားလုံးက သူတို့နှလုံးသားထဲမှ ရွှေဆုများပေးခဲ့

Posted by drmyochit Saturday, December 21, 2013, under | No comments



မန္တ လေး မန္တလာသီရိဘောလုံးပြိုင် ပွဲအတွင်း 'မြန်မာ မြန်မာ'ဟူ သည့် အသံကြီးက လျှံထွက်လာ သည်။ မြန်မာအမျိုးသမီး ဘောလုံးအသင်းက မလေးရှား အသင်းကို ခြောက်ဂိုး ဂိုးမရှိ ဖြင့်နိုင်ပြီး တတိယကြေးတံဆိပ် ဆုကို ရရှိခဲ့ပြီဖြစ်သည်။အကယ်၍သာ ဒီဇင်ဘာ ၁၈ရက်ကယှဉ်ပြိုင်ခဲ့သော အ ကြိုဗိုလ်လုပွဲတွင် ထိုင်းအသင်း ကိုအနိုင်ရခဲ့ပါမူ ယခုထက်ပင် ပို၍ ဝမ်းသာကြရမည်ဖြစ်သည်။ မြန်မာအမျိုးသမီးဘောလုံးအ သင်းသည် ကြေးတံဆိပ်ဆုသာ ဆွတ်ခူးခဲ့သော်လည်း အနိုင် မခံအရှုံးမပေးစိတ်ဓာတ်ဖြင့်  အရည်အချင်းရှိရှိအားကစား စိတ်ဓာတ်အပြည့်ကစားပြသွား နိုင်သောကြောင့် မြန်မာတစ် မျိုးသားလုံး၏နှလုံးသားထဲက ရွှေတံဆိပ်ဆုကို သူတို့ရရှိပိုင် ဆိုင်သွားကြပြီဖြစ်သည်။

''အမျိုးသမီးဘောလုံးပြိုင် ပွဲဆီးမီးဖိုင်နယ်ပွဲမှာဆိုရင် တစ် နိုင်ငံလုံးရဲ့ မျှော်လင့်ချက်တွေကို ထမ်းပိုးထားတဲ့ သမီးငယ်တွေ ဟာ အမိနိုင်ငံရဲ့ သမီးကောင်း ရတနာများပီပီ တတ်နိုင်သမျှ ဆိုတာထက် သာလွန်တဲ့ကြိုး စားအားထုတ်မှုနဲ့ မြန်မာနိုင်ငံ သားတွေရဲ့ အနိုင်မခံ အရှုံးမ ပေးတဲ့စိတ်ဓာတ်၊ အိမ်ရှင်နိုင်ငံ ရဲ့ သန့်ရှင်းမျှတတဲ့ အားကစား စိတ်ဓာတ်၊ အသင်းလိုက် စည်း လုံးညီညွတ်မှု၊ မခိုမကပ်တမ်း ကြိုးစားအားထုတ်မှုတို့ကို စံန မူနာအတုယူဖွယ်ရာ လက်တွေ့ ပြသခဲ့ကြတဲ့အတွက် မြန်မာနိုင်ငံ နဲ့ မြန်မာပြည်သူများကိုယ်စား ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ မြန်မာ့လက်ရွေးစင်အမျိုးသမီး ဘောလုံးအသင်းမှာ ရွှေတံဆိပ် ဆုအားမရရှိခဲ့သော်လဲ ပြည်သူ များမှပေးတဲ့ ချန်ပီယံဆုအားရ ရှိခဲ့ပြီဖြစ်ပါတယ်''ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ယနေ့ ပေးပို့သည့်သဝဏ်လွှာတွင် ဖော် ပြထားသည်။

တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ် ညိုညိုသင်းက ''မြန်မာအမျိုး သမီးအသင်းကို ဒီ့ထက်ပိုပြီး ချီးကျူးပါတယ်။ သူတို့အနေနဲ့ ပရိသတ်ကပေးတဲ့ မေတ္တာဆု၊ ရွှေဆုနဲ့ ထိုက်တန်ပါတယ်။ ကျွန်မကိုယ်တိုင်လဲ ပေးပါတယ်။ နိုင်ငံတော်သမ္မတအနေနဲ့ ဒီလို အမျိုးသမီးအသင်းပေါ်မှာ ချီး ကျုးဂုဏ်ပြုတာ ဝမ်းသာပါ တယ်။ ဒီ့ထက်ပိုပြီး သူတို့အ တွက် ဆောင်ရွက်ပေးနိုင်ပါစေ လို့ လူ့အဖွဲ့အစည်းကို မေတ္တာ ရပ်ခံချင်တာက အမျိုးသမီးတွေ အပေါ်မှာ ပိုပြီးချီးမြှောက်ပေး ပါလို့ ပြောချင်ပါတယ်''ဟု ပြော သည်။


အမျိုးသမီးလက်ရွေးစင် ဘောလုံးသမား သန်းသန်းထွေး က ''ဒီပြိုင်ပွဲဖိုင်နယ်ပွဲလို့ သဘော ထားပြီး ကန်တာပါ။ တတိယ ဆုရတဲ့အတွက် မလေးရှားကို အနိုင်ရတဲ့အတွက် နိုင်ငံ့ဂုဏ် ကို ဆောင်ခွင့်ရတဲ့အတွက် ဂုဏ် ယူမဆုံးပါဘူး''ပြောသည်။

မြန်မာ့လက်ရွေးစင်ဘော လုံးသမား ကျော်ကိုကိုက ''သူ တို့ကို ပရိသတ်က ရွှေဆုပေး ပါစေဗျာ။ သူတို့ထိုက်တန်ပါ တယ်။ ထိုင်းအသင်းကိုရှုံးရတာ လဲ ကုသိုလ်ကံပါသလို ဒိုင်ရဲ့ ဖေးမမှုမရတာလဲ ပါပါတယ်။ ဒါပေမဲ့ ပရိသတ်ကပေးတဲ့ရွှေ ဆုကို သူတို့ရခဲ့ပါတယ်''ဟု ပြော သည်။

ဝါရင့်အားကစားက လောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား)က ''တို့မြန်မာပြည် မှာ အားကစားအသင်းနိုင်တာ ရှုံးတာနဲ့ပတ်သက်လို့ သမ္မတ အဆင့်မျိုးက ဒီလိုဂုဏ်ပြုတာ မျိုးမရှိသေးဘူး။ သမ္မတဦးသိန်း စိန်လက်ထက်မှာ ဒါပထမဆုံး ပဲ။ တခြားအားကစားသမားတွေ လဲ အမျိုးသမီးအသင်းကို နမူ နာယူကြိုးစားဖို့လိုတယ်။ အား ကစားပြိုင်ပွဲမပြီးခင် ဒီလိုဂုဏ် ပြုတာ ပထမဆုံးပဲ။ ဦးနေဝင်း လက်ထက်တုန်းကတော့ ပြိုင် ပွဲပြီးမှ ညစာစားပြီးဂုဏ်ပြုတာ လောက်တော့ ရှိဖူးတယ်''ဟု သုံးသပ်ပြောသည်။

 မြန်မာ့လက်ရွေးစင်အ မျိုးသမီးအသင်းသည် ဒီဇင်ဘာ ၂ဝရက်တွင် တတိယနေရာလု ပွဲအဖြစ် မလေးရှားအမျိုးသမီး အသင်းနှင့် မန္တလေးမြို့ မန္တ လာသီရိအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ရီရီဦး၊ ခင်မိုးဝေ၊ သန်းသန်းထွေး၊ စန်း စန်းမော်၊ မြင့်မြင့်အေးတို့၏သွင်း ဂိုးများဖြင့် ခြောက်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ယင်းပွဲစဉ်အပြီးတွင် မန္တ လေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်က နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာအား ဖတ်ကြားပေး ခဲ့ပြီး မြန်မာအမျိုးသမီးဘော လုံးအသင်းသည် လုပ်ငန်းရှင် များကပေးသော ဂုဏ်ပြုငွေကျပ် သိန်း၂ဝဝဝကို ရရှိခဲ့ကြသည်။

Yangon Media Group

Monday, December 16, 2013

မိဘများနှင့်အတူ အိပ်စက်ခြင်းက မွေးကင်းစ ကလေးများ သေဆုံးနိုင်ခြေ မြင့်တက်စေ

Posted by drmyochit Monday, December 16, 2013, under | No comments

ဥရောပ နိုင်ငံများတွင် ကလေးငယ်များကို မိခင်နှင့်အတူ အနီးကပ် အိပ်စက်စေမှု တဖြည်းဖြည်း တွင်ကျယ်လာသည့်နောက် ဆွီဒင်အမျိုးသား ကျန်းမာရေးနှင့် လူမှုဖူလုံရေး ဘုတ်အဖွဲ့က ယင်းအလေ့အကျင့်သည် ကလေး၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေကြောင်း သတိပေးခဲ့


မွေးကင်းစ ကလေးများကို သီးခြားမွေ့ရာငယ်နှင့်သာ အိပ်စက်စေသင့်ကြောင်း ဆွီဒင်နိုင်ငံမှ ကျန်းမာရေး သုတေသီများက အလေးအနက် တိုက်တွန်းလိုက်သည်။ ဥရောပ နိုင်ငံများတွင် ကလေးငယ်များကို မိခင်နှင့်အတူ အနီးကပ် အိပ်စက်စေမှု တဖြည်းဖြည်း တွင်ကျယ်လာသည့်နောက် ဆွီဒင်အမျိုးသား ကျန်းမာရေးနှင့် လူမှုဖူလုံရေး ဘုတ်အဖွဲ့က ယင်းအလေ့အကျင့်သည် ကလေး၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေကြောင်း သတိပေးခဲ့သည်။ ကလေးငယ်ကို အသက်(၃)လ အရွယ်ထိ သီးခြား မွေ့ရာလေးဖြင့် ထားရှိသင့်ပြီး ငယ်ရွယ်လွန်းသည့် ကလေးများ အနေဖြင့် မိခင်နှင့် အနီးကပ် အိပ်စက်ခြင်းကြောင့် ရုတ်တရက် သေဆုံးနိုင်ခြေ မြင့်မားလာတတ်ကြောင်း ပညာရှင်များက ပြောဆိုခဲ့သည်။

အစောပိုင်းက ယင်းဘုတ်အဖွဲ့သည် ကလေးများ ထားရှိသည့် အခန်းထဲတွင် ဆေးလိပ်သောက်ခြင်းမျိုးကို လုံးဝရှောင်ကြည်ရန် အကြံပြုခဲ့ဖူးပြီး အရက်သောက်ထားသည့် မိဘများနှင့် အတူမအိပ်သင့်ဟု သတိပေးခဲ့သေးသည်။ သို့သော် မိဘများအနေဖြင့် အရက်သောက်မထားသည့်တိုင် ကလေးနှင့်အတူ အိပ်စက်သည့်အခါ အကောင်းပကတိ အခြေအနေမှ ရုတ်တရက် ကလေးသေဆုံးမှုမှာ သာမန်ထက် (၅)ဆမျှ မြင့်တက်နိုင်ခြေ ရှိနေကြောင်း သိရသည်။ "(၃)လအောက် ကလေးတွေကို သီးခြားခွဲသိပ်ဖို့က အရမ်း အရေးကြီးပါတယ်"ဟု အဆိုပါ ဘုတ်အဖွဲ့မှ သုတေသီ ခရစ္စတိန်း နော့ဒ်စထရန်းက ဆိုသည်။

"အကောင်းပကတိကနေ ကလေးက ရုတ်တရက် သေဆုံးသွားနိုင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ ဒီလိုဖြစ်ရပ်တွေအပေါ် အနုစိတ် သုတေသနပြု လေ့လာခဲ့ပါတယ်။ ငယ်လွန်းသေးတဲ့ ကလေးတစ်ယောက်အတွက် မိဘနဲ့အတူ တွဲအိပ်တာဟာ ရုတ်တရက် ကလေးငယ် သေဆုံးခြင်း လက္ခဏာစု (SIDS)ကို ဖြစ်နိုင်ခြေ သိသိသာသာ မြင့်တက်သွားစေပါတယ်"ဟု ဂိုသင်ဘာ့ဂ် တက္ကသိုလ်မှ ကလေးဆေးပညာ ပါမောက္ခ ဂိုရန်ဝန်နာဂရန်ကလည်း ပြောကြားခဲ့သည်။ သုတေသီများက မိဘထံတွင် ရှိနေသော သာမန် အပျော့စား ရောဂါပိုးမွှား တစ်ခုခုသည် အိပ်စက်နေချိန်များတွင် ကလေးကို ကူးစက်နိုင်ပြီး ယင်းအခြေအနေသည် နုနယ်လွန်းသော အရွယ်တွင်မူ အန္တရာယ် ကြီးသွားစေနိုင်ကြောင်းလည်း ထောက်ပြထားသည်။ ထို့အပြင် ကလေးကို မတော်တဆ ဖိမိမှုမျိုး ကြုံနိုင်သည်ဟုလည်း သတိပေးထားသည်။

ဆွီဒင်သည် အနောက်ဥရောပတွင် မွေးကင်းစ ကလေးများ မိခင်နှင့် အတူအိပ်စက်သည့်နှုန်း အမြင့်ဆုံး နိုင်ငံဖြစ်သည်။ ပြင်သစ်နှင့် အမေရိကန်တို့တွင် ကလေးကို မိဘများနှင့် တစ်ခန်းတည်း အိပ်စက်ရန် ထောက်ခံသော်လည်း သီးခြားအိပ်ရာဖြင့် ထားရှိရန် ထောက်ခံထားသည်။ SIDSဟုခေါ်သော အခြေအနေသည် အသက်အလွန်ငယ်သေးသည့် ကလေးများ ရုတ်တရက် သေဆုံးခြင်းနှင့် ဆက်စပ်သော လက္ခဏာများကို ဆိုလိုပြီး ယင်းဖြစ်စဉ်၌ ရင်ခွဲစစ်ဆေးမှု ရလဒ်တစ်ခုခုဖြင့် မည်သည့်အတွက်ကြောင့် ကလေးငယ် သေဆုံးကြောင်း ရှင်းပြနိုင်လေ့ မရှိချေ။ ယင်းအခြေအနေကို Cot Deathဟုလည်း ခေါ်ဝေါ်လေ့ရှိသည်။

SIDSဖြင့် သေဆုံးသော ကလေးအတော်များများသည် အသက်မဆုံးရှုံးမီတွင် မည်သည့် ဝေဒနာ လက္ခဏာမျိုးမှ မပြသဘဲ အိပ်နေရင်း သေဆုံးသွားမှုမျိုး ဖြစ်လေ့ရှိသည်။ သုတေသီများက SIDS အခြေအနေကို ရှောင်လွှဲနိုင်ရန် ကလေးကို ကျောခင်းအိပ်စက်စေခြင်း၊ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်လောက်သည့် နေရာမျိုး ဖန်တီးပေးခြင်း၊ ကလေးအနီးတွင် ဆေးလိပ်သောက်မှုကို ရှောင်ကြဉ်ခြင်း၊ ကလေးအိပ်သည့် နေရာအနီးတဝိုက်တွင် အပူလွန်ကဲမှု မဖြစ်အောင် ဂရုပြုခြင်းတို့ ဆောင်ရွက်ရန် အကြံပြုထားသည်။

Planet Myanmar Network

၁၀ ဘီးကား ဘရိတ်ပေါက် တောင်အောက်ထိုးကျ

Posted by drmyochit Monday, December 16, 2013, under | No comments

တောင်အောက်သို့ ထိုးကျသွားသော ၁၀ ဘီးကားကို တွေ့ရစဉ်။ ဓာတ်ပုံ - Dawei Watch

ကော့သောင်း ၊ ဒီဇင်ဘာ ၁၅

 ကော့ သောင်းမြို့ ခုနစ်မိုင်တောင်ပတ် လမ်းတွင် ဒီဇင်ဘာ ၁၄ရက်က ဓာတ်မြေဩဇာ အိတ်များတင် ဆောင်လာသည့် ယုဇနဆီအုန်း ကုမ္ပဏီပိုင် ၁ဝဘီးတပ်မော်တော် ကားသည် တောင်အဆင်းတွင် ကားဘရိတ် ပေါက် ကာ ချောက် ထဲထိုးကျသွားခဲ့ကြောင်း ယာဉ် မောင်းအကူထံမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၄ ရက် နေ့လယ်အချိန်တွင် ယုဇန ဆီအုန်းကုမ္ပဏီပိုင် ၁ဝဘီးတပ်ယာဉ်သည် ဓာတ်မြေဩဇာအိတ် ကြီးများတင်ဆောင်၍ အေးရိပ် ငြိမ်းရပ်ကွက်၊ တော်ဝင်သင်္ဘော ဆိပ်မှ မြို့ပတ်လမ်းအတိုင်းမောင်း နှင်လာစဉ် မြို့ပတ် လမ်းကုန်း အဆင်းတွင် ကားဘရိတ်ပေါက်၍ လမ်းဝဲဘက်တောင်နံရံအား တိုက် မိကာ  လမ်းယာဘက်ခြမ်းသို့ပြန်လည် သွားပြီး တောင်အောက်ချောက် ထဲရှိ ရော်ဘာခြံအတွင်းသို့ ကျ သွားခဲ့ခြင်းဖြစ်ကြောင်း ယင်း ကားတွင် ယာဉ် မောင်း အကူအ ဖြစ်လိုက်ပါလာသည့် ဦးကျော် ကိုကိုက ရှင်းပြသည်။

အဆိုပါ ယာဉ်တိမ်းမှောက် မှုကြောင့် ယာဉ်မောင်းဖြစ်သူမှာ ဒဏ်ရာရရှိခဲ့ပြီး ကော့သောင်းပြည် သူ့ဆေးရုံကြီးတွင် အတွင်းလူနာ အဖြစ် ဆေးကုသမှုခံယူနေရပြီး စိုးရိမ်ရသည့် အခြေအနေဖြစ် ကြောင်း ထိခိုက်ဒဏ်ရာမရရှိခဲ့ သည့် အထက်ပါ ယာဉ်မောင်း အ ကူက ပြောသည်။

''ခုနစ်မိုင်တောင်ပတ်လမ်း ကို တန်ချိန်လွန်ယာဉ်တွေရော ယာဉ်ငယ်လေးတွေရော အသုံးပြု ကြတယ်၊ မောင်းကြတယ်။ ပြီး တော့လဲ ခဏခဏယာဉ်တိမ်း မှောက်မှု၊ ယာဉ်တိုက်မှုတွေဖြစ် တယ်''ဟု အသက်၅ဝကျော်အ ရွယ်ဒေသခံတစ်ဦးက မှတ်ချက် ပြုသည်။ ယင်းယာဉ်တိမ်းမှောက်မှု နှင့်ပတ်သက်၍ ယာဉ်အားမဆင် မခြင်ပေါ့ဆစွာမောင်းနှင်သူ ယာဉ် မောင်းအား ဥပဒေအရအရေးယူ နိုင်ရန်အတွက် ကော့သောင်းမြို့ မရဲစခန်းတွင် ယာဉ် (ပ)၃၇/ ၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၈အရ အမှု ဖွင့်ထား ကြောင်း ကော့သောင်းမြို့ မရဲစခန်းမှ သိရသည်။

Dawei Watch
Yangon Media Group

တရားမဝင် ကုန်သွယ်မှုများတွင် ပြည်တွင်း လက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်နေဟုဆို

Posted by drmyochit Monday, December 16, 2013, under | No comments

ရန်ကုန် ၊ ဒီဇင်ဘာ ၁၅

တရား မဝင်ကုန်သွယ်မှုတွင် ပြည်တွင်း လက်နက်ကိုင် အဖွဲ့အစည်းများ မှ ပါဝင်ဆောင်ရွက် မှုများရှိနေ ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာ ဝန်ရှိသူတစ်ဦးထံမှ သိရသည်။ ဝန်ကြီး ဌာနမှ တင်သွင်းခွင့် မရှိသောကုန်စည်များအား လက် နက်ကိုင် အဖွဲ့အစည်း အမည်ခံ ကာ ကုန်သည်များနှင့်ပူးပေါင်း လုပ်ကိုင်မှုများရှိနေပြီး လက်နက် ဖြင့်ခြိမ်းခြောက်မှုများရှိနေသည် ဟု ယင်းတာဝန်ရှိသူက ပြောဆို သွားသည်။

စီးပွားကူးသန်းတာဝန်ရှိသူ က ''သူတို့ကိုယ်တိုင်လုပ်တာတော့ နည်းတယ်။ သူတို့ပိုင်ကားတွေနဲ့ မောင်းပို့တာတွေ ရှိလာတယ်။ ကုန်သည်ကတော့ သူတို့ဘာသာ ပုံမှန်အတိုင်း တရားမဝင်သယ်ယူ တာပဲ။ ဖမ်းဆီးရတဲ့အခါ အမည်ခံ ကုန်သည် ယူမှုတွေ ရှိနေတယ်။ အရင်တစ်နေ့ကဆိုရင်  Super Custom  နှစ်စီးနဲ့ ဘီယာ ၅၇၄ဖာ တင်လာတယ်။ နောက်နေ့မှာ လာပြန်ညှိတယ်။ ပစ္စည်းက အ ကောက်ခွန်နဲ့ညှိတယ်။ ကားနဲ့လူ က ရဲနဲ့ဆိုင်တယ်။ နောက်ပိုင်း ပြန်ထုတ်သွားတယ်။ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့လဲ သိတယ်။ ပဲခူးတိုင်းအမှတ်(၁) ရဲစခန်းမှာ ဖမ်းထားတာပါ။ ကျွန်တော်တို့က Participate အဖွဲ့ဖြစ်တဲ့အတွက် သတင်းမထုတ်ပြန်တာပါ''ဟုဆို သည်။

ယင်းက ဆက်လက်၍  Mobile Teamအဖွဲ့မှ နယ်မြေငြိမ်း ချမ်းမှုမရှိသော ဒေသအတွင်းရှိ သစ်အပါအဝင် ကျောက်မျက်များ၊ ဓာတ်သတ္တုများ၊ အသားများ အား တရားမဝင်ကုန်သွယ် မှုများ ရှိနေကြောင်း၊ လက်နက်အားကိုး ဖြင့် လာရောက် ခြိမ်းခြောက် သော အဖွဲ့များအားြွှ အဖွဲ့အနေ ဖြင့် ထိပ်တိုက်တွေ့ဆုံခြင်းအား ရှောင်ရှားရလေ့ရှိကြောင်း၊ ယင်း အတွက် ဌာနဆိုင်ရာအစိုးရအဖွဲ့ အစည်းများနှင့်ညှိနှိုင်းကာ ပညာ ပေးမှုများ ဆောင်ရွက်နေသည် ဟု ဆိုသည်။

Mobile Team အဖွဲ့မှ နယ် မြေတည်ငြိမ်မှုနည်းပါးသောနေ ရာတွင်ရှိနေသည့်ဝန်ထမ်းများ၏ လုံခြုံရေးအတွက် ဒေသအာဏာ ပိုင်အဖွဲ့အစည်းများနှင့် အစိုးရ အဖွဲ့အစည်းများအား တင်ပြ ထားကြောင်း စီးပွားရေးနှင့်ကူး သန်းရောင်း ဝယ်ရေး ဝန်ကြီး ဌာန စားသုံးသူရေးရာဦးစီးဌာန ဒု- ညွှန်ကြားရေးမှူး ဦးညွန့်အောင် ထံမှ သိရသည်။

ယင်းကဆက်လက်၍ ဥပ ဒေ၏အထက်တွင် မည်သူမျှမရှိ ခြင်းကြောင့် ဥပဒေနှင့် ငြိစွန်းမှု များအား အရေးယူသွားမည်ဖြစ် ကြောင်း၊ လက်ရှိတွင် မြဝတီနယ် စပ်ဂိတ်တစ်ခုတည်းမှ မြန်မာနှင့် ထိုင်းနိုင်ငံတို့၏ ကုန်သွယ်မှုကိန်း ဂဏန်း ကွာဟ ချက် မှာ တစ်နှစ် လျှင် အမေရိကန်ဒေါ်လာတစ် ဘီလီယံအထိရှိနေကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

DKBA အဖွဲ့မှ ဗျူဟာမှူး ဗိုလ်မှူးစောစန်းအောင်က ''ကျွန် တော်တို့ လက်နက်ကိုင်ထားတာ စီးပွားရေးအတွက် မဟုတ်ပါဘူး။ နယ်မြေလုံခြုံရေးအတွက် ကျွန် တော်တို့က လက်နက်ကိုင်ပြီး သူ များတွေရဲ့ စီးပွားရေးကို လိုက် တိုက်ခိုက် တာမရှိပါ ဘူး။ ကိုယ့် ဒေသက ပြည်သူတွေကိုကာကွယ် ဖို့အတွက်ပါ။ ဘယ်တော့မှ စီးပွား ရေးအတွက် အသုံးချတာမရှိပါဘူး'' ဟု ဆိုသည်။

နိုင်နိုင်ဇော်
Yangon Media Group

အာဏာဝင်သိမ်းမည် မဟုတ်ဟု ထိုင်းစစ်တပ် အသိပေး၊ ပြုပြင်ပြောင်းလဲရေး ဆွေးနွေးရန် ယင်းလပ်စီစဉ်

Posted by drmyochit Monday, December 16, 2013, under | No comments


အာဏာဝင်သိမ်းမည် မဟုတ်ဟု ထိုင်းစစ်တပ် အသိပေး၊ ပြုပြင်ပြောင်းလဲရေး ဆွေးနွေးရန် ယင်းလပ်စီစဉ်ထိုင်းနိုင်ငံတွင် ပါလီမန် ဖျက်သိမ်းမှုနှင့် ရွေးကောက်ပွဲ သစ်တစ်ရပ် ကျင်းပရန် ကြေညာမှုတို့ကို ဖြစ်ပေါ်စေခဲ့သည့် နိုင်ငံရေး အကျပ်အတည်းတွင် အတိုက်အခံ အင်အားစုများဘက်မှ ဝင်ရောက် ရပ်တည်ကာ ကြားဝင် ဆောင်ရွက်ပေးမည် မဟုတ်ဟု စစ်တပ်က ငြင်းဆိုလိုက်ပြီးနောက် ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်သည် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ ဆွေးနွေးရေး လုပ်ငန်းစဉ် တစ်ရပ်ကို ကျင်းပပြုလုပ်ရန် စီစဉ်လိုက်ကြောင်း ထိုင်းပြည်တွင်း မီဒီယာများက ရေးသား ဖော်ပြကြသည်။
ရက်သတ္တပတ် အတော်အတန် ကြာမြင့်ခဲ့သည့် ထိုင်းအစိုးရ ဖြုတ်ချရေး ဆန္ဒပြပွဲကြီးတွင် မိမိတို့ဘက်မှ ရပ်တည်ပေးရန် ထိုင်းစစ်တပ်ကို အတိုက်အခံတို့က အဆိုပြုခဲ့မှုအပေါ် စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး တာနာဆတ်ပရာတီမာပါကွန်းက ငြင်းဆိုလိုက်ပြီးနောက် ဝန်ကြီးချုပ် ယင်းလပ်က အထက်ပါအတိုင်း ပြုပြင်ပြောင်းလဲရေး ဒိုင်ယာလော့ခ် ပြုလုပ်ရန် စီစဉ်ခြင်း ဖြစ်သည်။ လက်ရှိ အနေအထားတွင် အတိုက်အခံတို့က ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်၏ အိမ်စောင့်အစိုးရကို လက်မခံဘဲ ၎င်းတို့ အလိုရှိသည့် ပြည်သူ့ကောင်စီက တိုက်ရိုက် ခန့်အပ်သော အုပ်ချုပ်ရေး အဖွဲ့တစ်ရပ်ကို တင်မြှောက်ရန်သာ တောင်းဆိုထားသည်။

ဤသို့သော အနေအထားတွင် ထိုင်းစစ်တပ် အနေနှင့် နိုင်ငံရေးအရ ကြားဝင် ဆောင်ရွက်ပေးပြီး ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် အစိုးရကို ဖြုတ်ချပေးရန် အတိုက်အခံ ခေါင်းဆောင် ဆူတက်တာဆူဘန်က အဆိုပြုခဲ့သော်လည်း စစ်တပ်ဘက်က ငြင်းဆန်ခဲ့သည်။ ဆူတက်တာဆူဘန်က စစ်တပ် ကြားဝင်ပေးရန်သာ တောင်းဆိုခဲ့သော်လည်း စစ်အာဏာသိမ်းမှု ပြုလုပ်ပေးရန် အဆိုပြုခဲ့ခြင်း မရှိဟု ပြောကြားသည်။ သို့သော် အခြားသော သတင်းများ အရ “တကယ်လို့ ခင်ဗျားတို့သာ အာဏာသိမ်းဖို့ ဆုံးဖြတ်မယ်ဆိုရင် ပြည်သူတွေက ခင်ဗျားတို့ကို သူရဲကောင်းလို့ ရှုမြင်ကြပါလိမ့်မယ်။ ကျွန်တော်တို့လည်း ပြဿနာကြီး ကို ဖြေရှင်းနိုင်မယ်” ဟု ဆူတက်တာဆူဘန်က ဗိုလ်ချုပ်ကြီး တာနာဆတ်ပရာတီမာပရာကွန်းကို ပြောကြားခဲ့သည်ဟု သိရသည်။

နိုင်ငံရေး ပဋိပက္ခတွင် နှစ်ဖက်စလုံးက အစစအရာရာ ရေရှည်ခံမည့် အဖြေထုတ်နိုင်မည့် အနေအထားသို့ ရောက်ရှိသွားရန် လိုအပ်ကြောင်း၊ သို့အတွက်ကြောင့် စေ့စပ် ညှိနှိုင်းမှုသည်သာ အကောင်းဆုံးသော နည်းလမ်း ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး တာနာဆတ်ပရာတီမာပရာကွန်းက အတိုက်အခံ အင်အားစုများကို အသိပေး ပြောဆိုသည်။ ထို့ပြင် ဒီမိုကရေစီ ရွေးကောက်ပွဲကို တရားဥပဒေနှင့်အညီ ကျင်းပပြီး ပွင့်လင်း မြင်သာမှုလည်း ရှိစေလိုကြောင်း ဗိုလ်ချုပ်ကြီး တာနာဆတ်က ဆက်လက်ပြောဆိုသည်။
ထိုင်းနိုင်ငံရေး သမိုင်းကြောင်းတွင် ထိုင်းစစ်တပ်သည် သြဇာအာဏာ ကြီးမားသော လက်နက်ကိုင် အဖွဲ့အစည်း တစ်ရပ်အဖြစ် ရှုမြင်ခံထားရပြီး နိုင်ငံရေး အကျပ်အတည်းများ ဖြစ်ပေါ်တိုင်း ဝင်ရောက် ဖြေရှင်းလေ့ရှိသည်။ လက်ရှိ အနေအထားတွင် ဝန်ကြီးချုပ် ယင်းလပ်သည် နိုင်ငံရေး ဖိအားပေးမှုများမှ လွတ်မြောက်သွားသည့် အခြေအနေတွင် ရှိပြီး ထိုင်း လူ့အဖွဲ့အစည်းရှိ ကဏ္ဍအသီးသီးမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေး ရန်လည်း ပြင်ဆင်လျက်ရှိသည်။

BY THE VOICE JOURNAL

ကွာရှင်းထားသော လင်မယားနှစ်ဦး နှင့်အတူ သုံးလအရွယ် သမီးကလေးတို့အား သုံးလောင်ပြိုင်သတ်မှု ဖြစ်ပွား

Posted by drmyochit Monday, December 16, 2013, under | No comments


ကျိုင်းတုံ ၊ ဒီဇင်ဘာ ၁၅

ကွာရှင်း ပြတ်စဲထားသော လင်မယားနှင့် သုံးလသမီးတို့၏ သုံးလောင်းပြိုင် ဓားဒဏ် ရာများဖြင့်သေဆုံးနေ သည့်ဖြစ်ရပ်တစ်ခု ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ လွယ် လုံကျေးရွာအုပ်စု ဟွေလုံကျေး ရွာ အရှေ့မြောက်ဘက် တစ်မိုင် ကွာ လယ်တောစပ်တွင်ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

ဟွေလုံကျေးရွာ၏ အရှေ့ မြောက်ဘက်ရှိ ဟွေလုံကျေးရွာ ပိုင် ရိတ်သိမ်းပြီးလယ်ကွက်အနီး တောစပ်တွင် ကျိုင်းတုံမြို့နယ် လွယ်လုံကျေးရွာအုပ်စု ကတ်ရိုး ကျေးရွာနေ ၂၁နှစ်အရွယ် မောင် အားကျဲမှာ ဝမ်းဗိုက်အတွင်းမှ အူ များထွက်၊ လည်ပင်း တွင် တစ်လက်မခွဲခန့် ထိုးသွင်းဒဏ်ရာနှစ် ချက်၊ ယာဘက်နားအောက်ဘက် တွင် တစ်လက်မခန့်ပြတ်ရှဒဏ်ရာ နှစ်ချက်တို့ရရှိကာ သေဆုံးလျက်ရှိ နေသည်ကို ပထမစစ်ဆေးတွေ့ရှိ ရသည်။

မောင်အားကျဲအလောင်း ၏ အနောက်မြောက်ဘက်ကိုက် ၁ဝဝခန့်အကွာတွင် ၁၈နှစ်အရွယ် မဘူးချွန်အား လည်ပင်းတွင် ပြတ် ရှဒဏ်ရာတစ်ချက်၊ ယာဘက်နို့ အုံအောက်ဘက်တွင် ထိုးသွင်း ဒဏ်ရာနှစ်ချက်တို့ဖြင့် သေဆုံး နေပြီး မဘူးချွန်၏ အလောင်း နှင့် အတူ စောင်နှင့်ပတ်၍ပွေ့ချီထား သော သုံးလသားအရွယ် မ.. .ကိုလည်း လည်ပင်းတွင်ပြတ် ရှဒဏ်ရာသုံးချက်ရရှိကာ သေ ဆုံးလျက်ရှိနေသည်ကို စစ်ဆေး တွေ့ရှိခဲ့ကြကြောင်း သိရသည်။

မောင်အားကျဲနှင့် မဘူးချွန် တို့မှာ စိတ်သဘောထားချင်း မ တိုက်ဆိုင်၍ လွန်ခဲ့သောတစ်လ ခန့်က လူကြီးများရှေ့တွင် ကွာ ရှင်းထားသော ဇနီးမောင်နှံဖြစ် ပြီး မ....မှာ ယင်းတို့၏ရင် သွေးငယ်ဖြစ်ကြောင်း သိရသည်။ ဟွေလုံကျေးရွာပိုင် လယ် မြေအနီး တောစပ်တွင် ဒီဇင်ဘာ ၁၂ရက် နံနက် ၁၁နာရီခွဲခန့်က အမျိုးသားတစ်ဦး၏ အလောင်း တစ်လောင်းအားတွေ့ရှိရကြောင်း လွယ်လုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်ခမ်း၏ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားချက် အရ ကျိုင်းတုံ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးကျော်ဝင်း၊ ကျိုင်း တုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင် မောင်သိန်း၊ ကျိုင်းတုံမြို့ မြို့မရဲ စခန်းမှ တပ်ဖွဲ့ဝင်များ၊ ကတ် တောင်ကျေးရွာ ရဲကင်းစခန်းမှူး ဒုတိယရဲအုပ်ကျော်မိုး၊ လွယ်လုံ ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူး ၊ ဟွေလုံရွာသူကြီးတို့သည် အခင်း ဖြစ်နေရာသို့ သွားရောက်ကြည့် ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ အမှုဖြစ်စဉ်နှင့်ပတ် သက်၍ ပြစ်မှုကျူးလွန်သူအား အမြန်ဆုံး စုံစမ်းဖော်ထုတ်ဖမ်း ဆီးအရေးယူနိုင်ရန် ကျိုင်းတုံမြို့ မြို့မရဲစခန်းမှ စခန်းမှူး ဒုတိယ ရဲမှူး ရဲကြည်က (ပ)၁၄၀/၂၀၁၃ ပြစ်မှုဆိုင်ရာပုဒ်မ-၃၀၂အရ အ မှုဖွင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

နဒီဧရာ
Yangon Media Group

Sunday, December 15, 2013

iOS 7 တွင် ဘက်ထရီအား ကြာရှည်ခံအောင်

Posted by drmyochit Sunday, December 15, 2013, under | No comments

Smart phone အသုံးပြုကြသူများ မကြာခဏ ကြုံတွေ့နေကြရတဲ့ ပြဿနာကတော့ ဖုန်းဘက်ထရီ ကြာကြာ အသုံးမခံတာပဲဖြစ်ပါတယ်။

iOS 7 ထွက်လာပြီးတဲ့နောက်မှာ တစ်ချို့က iOS 7 သည် အစောပိုင်း iOS version များထက် ဘက်ထရီ ပိုပြီးအကုန်မြန်တဲ့ ပြဿနာရှိတယ်လို့ ဆိုကြပါတယ်။ အဖြေဟာ မှန်တယ် မှားတယ် ဆိုတာထက် သေချာတာကတော့ အခြား iOS များမှာ မပါတဲ့ လုပ်ဆောင်ချက် (features) အသစ်များကို iOS 7 မှာ ထပ်မံဖြည့်စွက်ထားတဲ့ အတွက် ဘက်ထရီ အကုန်မြန်တာနဲ့တော့ ဆက်စပ်မှု ရှိနေနိုင်ပါတယ်။

ဒီလိုအခါမျိုးမှာ iOS 7 ၏ Settings မှာ အနည်းငယ် ပြုပြင်ခြင်းဖြင့် ဘက်ထရီ အစားသက်သာစေနိုင်မယ့် နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
သို့သော် အားလုံးကို အတိအကျ လိုက်နာ လုပ်ဆောင်ရန် မလိုအပ်ပဲ မိမိနှင့် သင့်လျှော်မည့် ပြုပြင်မှုများကိုသာ လုပ်ဆောင် အသုံးပြုနိုင်ပါတယ်။

iOS 7 ရဲ့ လုပ်ဆောင်ချက် အသစ်တစ်ခုဖြစ်သော “Background App Refresh” ကို “Disable” လုပ်ထားခြင်းက ဘက်ထရီ အသုံးချမှု သက်သာစေပါတယ်။ သတိပြုရမှာက “Disable” လုပ်လိုက်တဲ့အခါမှာ Location services ပါ Off သွားမှာဖြစ်လို့ Navigation အသုံးမပြုနိုင်ပါ။
AirDrop ကို အသုံးမပြုသည့်အခါ “Off” ထားပါ။


“Automatic downloads” ကို “Off” ထားပါ။ အသုံးဝင်လှသော လုပ်ဆောင်ချက်ဖြစ်ပေမယ့် နောက်ကွယ်ကနေ App များအတွက် data အသစ်များကို အမြဲထောက်လှမ်းနေတဲ့ အတွက် ဘက်ထရီ အကုန်မြန်စေပါတယ်။

“Brightness” ကို လျှော့ချထားခြင်းကလည်း ဘက်ထရီပါဝါကို သိသိသာသာ သက်သာစေတာမို့ တတ်နိုင်သမျှ အနိမ့်ဆုံးသို့ လျှော့ချထားပေးပါ။ “Auto Brightness” On ထားရုံမျှနှင့်တော့ သိပ်ပြီး အလုပ်မဖြစ်ပါဘူး။

“Notification Center” မှာလည်း မိမိအတွက် လိုအပ်သော App ကိုသာ ရွေးချယ် “On” ထားပါ။

Mail setting ရှိ “Fetch New Data” တွင် “Push” ကို “Disable” လုပ်ထားပါ။


“Location Services” ကို မလိုအပ်ပါက “Off” ထားပါ။
iOS 7 Home screen မှာ icon လေးတွေကို parallax effect နဲ့ လိုက်လံရွေ့လျားအောင် စွမ်းဆောင်ထားတာကို တွေ့ကြရမှာပါ၊ ဒါဟာလည်း ဘက်ထရီပါဝါကို ပိုပြီး အသုံးပြုရပါတယ်။
အဲဒါလေးကို ရပ်တန့်ဖို့ဆိုရင် Settings -> General -> Accessibility -> “Reduce Motion” ကို “Enable” လုပ်ပါ။

iOS 7 ရဲ့ Wallpaper မှာ “Dynamic” နဲ့ “Stills” ဆိုပြီး တွေ့ကြရပါလိမ့်မယ်၊ Dynamic ကတော့ အလှုပ်အရွလေးတွေနဲ့မို့ ဘက်ထရီ ပိုကုန်နိုင်ပါလိမ့်မယ်။
Siri ၏ setting ရှိ “Raise to Speak” ကို “Disable” လုပ်ထားခြင်းဖြင့် နောက်ကွယ်မှနေ၍ proximity sensor ကို အမြဲတမ်း စစ်ဆေးနေသော အလုပ်လုပ်ခြင်းကို ရပ်တန့်ပါလိမ့်မည်။


“Spotlight Search” တွင် ရှာဖွေရန် မလိုအပ်သည်များကို “Off” လုပ်ထားပေးပါ။


Phone Calls, messages များနှင့် အခြားလုပ်ဆောင်ချက်များအတွက် “Vibrations” ကို တတ်နိုင်ရင် အသုံးမပြုပါနှင့်။

Cellular Data setting ရှိ “LTE” ကို “Off” ထားခြင်းဖြင့်လည်း ဘက်ထရီကို သက်သာစေပါတယ်။


General -> Auto Lock ကို အချိန်အနည်းဆုံး သတ်မှတ်ပေးထားပါ။


“Limit Ad Tracking” ကို “Enable” လုပ်ပေးထားခြင်းဖြင့် အချို့ App များတွင်ပါလာသော ကြော်ငြာမျာကို တားဆီးနိုင်ပြီး ပါဝါအသုံးပြုမှုကို သက်သာစေပါတယ်။ Privacy -> Advertising -> Limit Ad Tracking -> Enable


အထက်ပါအတိုင်း Settings တွင် ပြောင်းလဲပြီးနောက် သိသိသာသာ ဘက်ထရီစား သက်သာသာ သွားတာကို တွေ့ရပါလိမ့်မည်။

    Credit to:မိုးသိကြား(www.moethagyar.info) မှ ကူးယူဖော်ပြပါသည်၊

မန်ဒဲလားကို ဇာတိရွာမှာ မြှုပ်နှံသဂြိုဟ်

Posted by drmyochit Sunday, December 15, 2013, under | No comments

 တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံး လူမည်း သမ္မတ နယ်လ်ဆင် မန်ဒဲလားကို သူ့ရဲ့ ငယ်စဉ်က နေထိုင်ခဲ့တဲ့ အီစတင်းကိပ်ပြည်နယ် ရှိ Qunu ကျေးရွာမှာ ဒီဇင်ဘာ ၁၅ ရက်က မြှုပ်နှံ သဂြိုဟ် လိုက်ပါတယ်။

သူတို့ မိသားစုပိုင် မြေကွက်မှာ မမြုပ်နှံမီ လူ ၄၀၀၀ ကျော် တက်ရောက်တဲ့ နိုင်ငံတော် ဈာပန အခမ်းအနား ကျင်းပခဲ့ပါတယ်။

အဲဒီ အခမ်းအနားမှာ နိုင်ငံရေး အကျဉ်းသား အဖြစ် ၂၇ ထောင်ဒဏ် ကျခံပြီး တိုင်းပြည်ကို လူနည်းစု လူဖြူ အုပ်ချုပ်ရေး ကနေ လက်ရှိ အခြေအနေ ရောက်အောင် ပြောင်းပေးခဲ့တဲ့ မန်ဒဲလားကို အာဖရိက ခေါင်းဆောင်များ မိတ်ဆွေနဲ့ မိသားစုဝင်များက ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ မြေးတွေထဲက Nandi က အဖိုးဖြစ်သူကို ဂုဏ်ပြု ဈာပနပွဲမှာ အမှတ်တရ စကား ပြောခဲ့ပါတယ်။

ဒီတောတောင်တွေကြားမှာ ကြီးလာတဲ့ အာဖရိကရဲ့သားကောင်း ကမ္ဘာ့ခေါင်းဆောင်ကြီး ဟာ ဒီနေရာမှာ လဲလျောင်းပါတယ်။ သူဟာ ဖိနပ်မစီးနိုင်ဘဲ ကျောင်းတက်ခဲ့ရပြီး အဆင့်မြင့်ဆုံး ရာထူးကို ရယူခဲ့တယ်။ တောင်အာဖရိက သမ္မတသာမက ကမ္ဘာ့အကြီးမားဆုံး နိုင်ငံရေးသမားကြီး ဖြစ်လာတယ်။ သူ့ရဲ့ တချိန်လုံး ပြောလိုတဲ့ အချက်ကတော့ ကိုယ့်နောက်ခံထက် ဘဝမှာ ရည်မှန်းချက် ပြည့်ဖို့ လူတိုင်းမှာ ပင်ကိုယ်ပါလာတယ်လို့ သာဓက ပြသွားကြောင်း Nandi က ပြောသွားပါတယ်။

လက်ရှိသမ္မတ ဂျက်ကော့ ဇူးမား ကလည်း တောင်အာဖရိက နိုင်ငံသားတွေ အနေနဲ့ သူ့ရဲ့ အစဉ်အလာကောင်းတွေ ဆက်ထိန်းဖို့ လိုမယ် လို့ ပြောသွားပါတယ်။

အခု ဈာပန အခမ်းအနားကို မန်းဒဲလားရဲ့ ကော်ဆာ မျိုးနွယ်စု ရိုးရာဓလေ့တွေအတိုင်း စစ်ရေးအရ အမြင့်ဆုံး ဂုဏ်ပြုအခမ်းအနားနဲ့ ပြုလုပ်တာ ဖြစ်ပါတယ်။

အထူး ဆောက်လုပ်ထားတဲ့ မဏ္ဍပ်ဆီကို သူ့ရုပ်ကလာပ် သယ်သွားတဲ့အခါ အမြောက် ပစ်ဖောက်ပြီး ဂုဏ်ပြုပါတယ်။။ သူ့ရဲ့ အသက်စေ့ ဖယောင်းတိုင် ၉၅ တိုင် ထွန်းထားတဲ့ စင်မြင့်ရဲ့ နောက်မှာ သူ့ရဲ့ ဧရာမ ပုံကြီး ချိတ်ဆွဲထားပါတယ်။

ကော်ဆာ ရိုးရာ ဓလေ့အတိုင်း သင်္ဂြိုဟ်ရာမှာ ကောင်းကင်ကနေ အာဖရိက အလံ သယ်ဆောင်ထားတဲ့ ရဟတ်ယာဉ် သုံးစီး ဂုဏ်ပြု ပျံသန်းပါတယ်။ အဲဒီနောက် အမြောက် ပစ်ဖေါက်ပြီး ဘင်ခရာအဖွဲ့က နောက်ဆုံး ဂါရဝတီးလုံးနဲ့ ဂုဏ်ပြုခဲ့ပါတယ်။

From: BBC

လကမ္ဘာပေါ် တရုတ် စက်ရုပ်ယာဉ်ငယ် ဆင်းသက်

Posted by drmyochit Sunday, December 15, 2013, under | No comments

တရုတ်ဟာ အာကာသ လေ့လာရေး အစီ အစဉ် တွေကို ရည်မှန်းချက်ထား လုပ်ဆောင်နေ
တရုတ် နိုင်ငံ ကနေ ဒီဇင်ဘာ ၁ ရက်နေ့က လကမ္ဘာပေါ် လွှတ်တင် လိုက်တဲ့ ယူတူ စက်ရုပ် ယာဉ်ငယ်ဟာ လကမ္ဘာ မြေပြင် ပေါ်ကို အောင်မြင်စွာ သက်ဆင်း နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

တရုတ် နိုင်ငံဟာ အာကာသ လေ့လာရေး အစီ အစဉ် တွေကို ရည်မှန်းချက်ထား လုပ်ဆောင် နေတာ လည်း ဖြစ်ပါတယ်။

တရုတ် တို့ရဲ့ အခု လကမ္ဘာ လေ့လာရေး အစီ အစဉ် အောင်မြင်မယ် ဆိုရင်တော့ ဒါဟာ အမေရိကန်နဲ့ ဆိုဗီယက် ပြည်ထောင်စု တို့ပြီးရင် တရုတ် နိုင်ငံဟာ လကမ္ဘာ ယာဉ် လွှတ်တင် နိုင်တဲ့ တတိယမြောက် နိုင်ငံ ဖြစ်လာ မှာပါ။

လကမ္ဘာပေါ် အာကာသ လေ့လာရေးယာဉ် နောက်ဆုံး လွှတ်တင် နိုင်ခဲ့ တာကတော့ လွန်ခဲ့တဲ့ နှစ် ၄၀ နီးပါး ကပါ။

ယူတူ အာကာသ ယာဉ်ဟာ လကမ္ဘာ ပေါ်က သက်တန့်ရောင်တန်း ကမ်းနေရာလို့ ခေါ်တဲ့ မီးတောင်ပြန့် နေရာ တခုမှာ ဆင်းသက်ခဲ့တာ ဖြစ်ပါတယ်။

ဘီး ၆ လုံးပါတဲ့ ဒီစက်ရုပ် ယာဉ်ငယ်ဟာ တနာရီကို မီတာ ၂၀၀ သွားလာ နိုင်မှာ ဖြစ်ပြီး ၃၀ ဒီဂရီ စောက် ရှိတဲ့ အစောင်းကိုလည်း တက်နိုင်မှာ ဖြစ်ပါတယ်။

From: BBC

ကျွန်မပုံ အင်တာနက်မှာ တက်လာတယ်

Posted by drmyochit Sunday, December 15, 2013, under | No comments

သင်၏ ကိုယ်တုံးလုံး ဝတ်လစ်စားလစ်ပုံကို သင့်ခွင့်ပြုချက် မရဘဲ တစ်ယောက်ယောက်က အင်တာနက်ပေါ် တင်လိုက်လျှင် မည်ကဲ့သို့ ခံစားရမည်နည်း။ ယင်းသို့ ဖြစ်စဉ်မျိုးကို ‘လက်စားချေ အပြာပုံများ’ လို့ ခေါ်ကြသည်။ ကင်မရာ ကောင်းသော မိုဘိုင်းလ်ဖုန်း ခေတ်တွင် ဒီလိုခံလိုက်ရသူတွေ များသည်ထက် များလာနေသည်။ တချို့ကတော့ ခေါင်းငုံ့မခံကြ။ တရားမျှတမှုကို ပြန်လည် ရှာဖွေကြသည်။


ထိုနေ့ကို ဟိုလီတော့ပ်စ် မှတ်မိနေသေးသည်။ သူငယ်ချင်း တစ်ယောက်က သူအလုပ်မှာ ရှိနေတုန်း လှမ်းဖုန်းဆက်သည်။ အင်တာနက်ပေါ်မှာ သူမပုံ ဝတ်လစ်စားလစ်များကို တွေ့လိုက်သည်တဲ့။ “အလုပ်ကနေ ပြန်လာခဲ့ပြီး အိမ်ကိုတန်းပြေး၊ အပေါ်ထပ်တက်ပြီး ကွန်ပျူတာကို ဖွင့်လိုက်တယ်” ဟု တက္ကဆက် အရှေ့ပိုင်းသူ ဟိုလီက ပြောပြသည်။

တွေ့ပါပြီ။ သူမ အသက် ၂၄နှစ် အရွယ်တုန်းက ရည်းစားဟောင်းကို ပို့ပေးဖူးသည့် အပေါ်ပိုင်း ဗလာ ကျင်းထားသည့် ဓာတ်ပုံ၊ တင်ထားသူက ဓာတ်ပုံကိုသာမဟုတ် နာမည်၊ Facebook နှင့် Twitter ဆက်စပ် Link များ၊ သူမအိမ်လိပ်စာ စတာတွေပါ ပါသည်။ Comments တွေကလည်း တစ်ပုံတစ်ခေါင်း။
“စိတ်ပျက်မယ်ဆို စိတ်ပျက်ရမယ့် အချိန်ပေါ့ရှင်။ လူတွေက ပုံအောက်မှာ မှတ်ချက်တွေ ပေးထားကြတယ်။ ကျွန်မကို ဟိုဟာလုပ်သင့်တယ် ဆိုတာတွေပါ ပါတယ်” ဟု ပြန်ပြောင်း ပြောပြသည်။

“နေ့တိုင်း ငိုနေရတယ်” လို့ သူမပြောတာ သဘာဝကျသည်။ အိမ်အပြင်ကိုတောင်မှ မထွက်ရဲပေ။ အပြင် ထွက်တော့လည်း သူမကို မှတ်မိသော ယောက်ျားအချို့ ခဏခဏလာပြီး စကားပြောတာမျိုး ကြုံရသည်။

ဟိုလီတော့ပ်စ်သည် အစပိုင်းကတော့ ရည်းစားဟောင်းက တင်လိုက်သည်ဟု ယူဆသည်။ လက်စားချေ အပြာပုံ တော်တော်များများကို ရည်းစားဟောင်းများက တင်လေ့ ရှိတတ်သည်။ သို့သော် အင်တာနက်ပေါ် ပလူပျံနေသော တချို့ပုံများက သူမဘယ်သူ့ကိုမှ မပို့ဖူးသော ပုံများဖြစ်သည်။ Hack လုပ်ခံရတာလား၊ အခိုးခံရတာလား စဉ်းစားစရာ ဖြစ်သည်။

အပြာပုံများ တင်သူများသည် အီးမေးလ်တွေ ခိုးဖောက်တာ၊ အွန်လိုင်းသိမ်းဆည်း စာမျက်နှာများကို ဝင်မွှေပြီး သူတို့ ပစ်မှတ်ထားသည့် မိန်းကလေး၏ တစ်ကိုယ်ရေ ဓာတ်ပုံများကို ရှာတတ်သည်။ ဟိုလီကတော့ သူမဖုန်းကို ပြင်ဖို့ထားခဲ့စဉ် တစ်ဦးဦးက ဝင်ပြီး လုပ်သွားသည်ဟု ထင်သည်။

ထိုသို့ ဖြစ်ရတာ သူမ တစ်ဦးတည်းတော့ မဟုတ်ပေ။ တက္ကဆက် အရှေ့ပိုင်းမှာပင် texxxan.com (ယခု ဖွင့်၍မရတော့) ဆိုသည့် အပြာ အင်တာနက် စာမျက်နှာသို့ အတင်ခံရသူ အမျိုးသမီး များစွာရှိသည်။ တချို့ အလုပ်ပြုတ်ကြသည်။ အချို့ ချစ်သူရည်းစား၊ အိမ်ထောင်ဖက်နှင့် ကွဲကြသည်။ တစ်ယောက်ဆို မိမိကိုယ်ကိုပင် သတ်သေသွားသည်။

အင်တာနက်ပေါ်က ထိုပုံများကို ပြန်ဖြုတ် ချင်သောကြောင့် ခံလိုက်ရသည့် ဟိုလီနှင့် တခြားအမျိုးသမီးများ ပေါင်းပြီး ရဲတွေ၊ ဥပဒေ အရာရှိတွေကို သွားတိုင်ကြသည်။ သူတို့လည်း ဘာမှမလုပ်နိုင်၊ အစကတည်းက ဒီလိုပုံမျိုး မရိုက်သင့်ဟုသာ ပြောလိုက်ကြသည်။

နောက်တော့ ပုဂ္ဂလိက စုံစမ်းစစ်ဆေးသူ တစ်ဦးက သူတို့အမှုကို ကိုင်တွယ်ပေးသည်။ သို့သော် ဒီကိစ္စက တကယ်လုပ်ကြည့်တော့ ထင်သလောက်မလွယ်။ လွတ်လပ်စွာ ရေးသားခွင့်၊ အင်တာနက် လွတ်လပ်ခွင့်ကို ထိပါးလို့ မရသော လူ့အဖွဲ့အစည်းမျိုးတွင် အပြာ Website ထောင်ခြင်းက တရားဝင်သလား၊ မဝင်ဘူးလား တော်တော် ငြင်းရသည့် ကိစ္စဖြစ်သည်။

ထို့ကြောင့် ဥပဒေနှင့် ငြိမည်ဟု ထင်သည့်အချက် များကို ရှာရသည်။ ပုံတင်ခံရသော အချို့မိန်းကလေး များသည် ထိုစဉ်က အသက် ၁၈ နှစ် မပြည့်သေးကြ။ ထို့ကြောင့် ကလေးသူငယ် ဥပဒေနှင့် ငြိသည်။ ဓာတ်ပုံ ဖြုတ်ပေးစေလိုလျှင် ငွေပေးရမည်ဟု ငွေညှစ်မှုများ ကြုံရသူများ အတွက်လည်း ရာဇဝတ်မှု တစ်ခုနှင့် စွဲ၍ ရသည်။

နောက်ထပ် အားကိုးစရာတစ်ခုက မူပိုင်ခွင့် ဖြစ်သည်။ ဓာတ်ပုံထဲက မိန်းမများ၏ မူပိုင်ခွင့်ကို သူတို့ ပိုင်ကြသည်။ အင်တာနက် စာမျက်နှာက မဖြုတ်ပေးပါက တရားရုံးကို မူပိုင်ခွင့်ဖြင့် တင်နိုင်သည်။

တကယ်တမ်း ဒီပုံမျိုး၊ ဗီဒီယိုမျိုးအတွက် တာဝန်ရှိသူမှာ Website တည်ထောင်သူများထက် တင်သူ များက ပိုပြီး တာဝန်ရှိသည်။ သို့သော် ဘယ်နေရာက ဘယ်လို တင်သွားမှန်း မသိသူကို လိုက်ရှာရတာ နည်းပညာအရ အခက်အခဲ များစွာရှိသည်။ ထို့ကြောင့် ထိုအင်တာနက် စာမျက်နှာ ထောင်သူဆီကို သွားပြီး ပြောရတော့သည်။

သို့သော် အမေရိကန် ဆက်သွယ်ရေး ဥပဒေအရ ပို့စ်တင်သူများက ကိုယ့်တာဝန် ကိုယ်ယူရပြီး Website ထောင်သူများကို အရေးယူဖို့ ခက်သည်။ (ထို့ကြောင့် facebook၊ youtube တို့သည် ၎င်းတို့ အပေါ်မှ မှတ်ချက်များ၊ ဗီဒီယိုများအပေါ် ဥပဒေအရ တာဝန်ယူရန် မလိုခြင်း ဖြစ်သည်)

စုံစမ်းစစ်ဆေးသူများက Texxxan.com တည်ထောင်သူကို သိအောင် လုပ်နိုင်ခဲ့သည်။ အသက် ၂၅ နှစ်အရွယ် ဟန်တာတေလာ ဆိုသူ ဖြစ်သည်။ သူက အပြာကားတွေ ဘာတွေမှာလည်း ဝင်ပါဖူးသည်။ အမျိုးသမီးတွေ ကာယိနြေ္ဒမဲ့ပုံများ သူ့စာမျက်နှာမှာ အတင်ခံရသော်လည်း သူ့ကို အရေးယူလို့ မရပေ။

“ကျွန်မဖြင့် ဒေါသ တအားထွက်သွားလို့ အသက်ရှူတောင် ရပ်မတတ်ပဲ။ ထမရိုက်မိအောင် စိတ်ထိန်းထားတယ်။ တခြားနေရာက လူတစ်ယောက်က ဒီစာမျက်နှာကို လုပ်နေတာလို့ ထင်ပေမယ့် ကိုယ့် တစ်မြို့တည်းသားချင်း၊ ကိုယ့်သူငယ်ချင်းနဲ့တောင် ကြိုက်ဖူးတဲ့သူ ဖြစ်နေတယ်” ဟု ဟိုလီက ဆိုသည်။

နောက်ဆုံးတော့ ကလေးသူငယ်ပုံတွေ ပါနေသည်ဟူသော အချက်ဖြင့်ပင် Website ၏ hosting ကုမ္ပဏီကို ပိတ်ပေးပါရန် ပြောနိုင်သွားသည်။ FBI ကလည်း အမျိုးသမီးပုံများ ခိုးတင်နေသူများကို ဆက်လက် စုံစမ်းနေသည်။ ဟိုလီတော့ပ်စ်နှင့် ဒါဇင် များစွာသော အခြားအမျိုးသမီးများသည် တက္ကဆက်ပြည်နယ် ပုဂ္ဂလိက ပိုင်ဆိုင်ခွင့် ကျူးကျော်မှုဆိုင်ရာ ဥပဒေကိုသုံးပြီး အပြာ Website ထူထောင်သူများ၊ Hosting ပေးသော ကုမ္ပဏီများ၊ တစ်ကိုယ်ရေ ပုံတင်နေကြသူ အမျိုးသားများကို ပုံများ ပြန်ဖြုတ်ဖို့ အရေး လိုက်လံ ပြောဆိုကြသည်။
“ကျွန်မတို့က ပိုက်ဆံလိုချင်လို့ လုပ်နေတာ မဟုတ်ပါဘူး။ တာဝန်ယူတတ်တဲ့ စိတ်ရှိအောင်လုပ်ပြ တာပါ” ဟု ဆိုသည်။

ကိုယ်ကံဆိုးလို့ ဒီလို အတင်ခံရတာပဲဟု ယူဆကြသူ မိန်းကလေးများက ပိုများနေပြီး ကိုယ့်သီးသန့် နေပိုင်ခွင့် လွတ်လပ်ခွင့် ကိုယ်ကာကွယ်ကြမည် ဆိုသည့် ဟိုလီတော့ပ်စ်တို့ အဖွဲ့လို အမျိုးသမီးတွေက ပိုနည်းနေသဖြင့် အင်တာနက်ပေါ်တွင် အနိုင်ကျင့် ပုံတင် ဗီဒီယို တင်သူများ ပိုများလာနေခြင်း ဖြစ်သည်။

From: The Voice Weekly

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်