Wednesday, March 19, 2014

ခရီးသည်တွေရဲ့ မိသားစုတွေ စောင့်မျှော်နေကြဆဲ

Posted by drmyochit Wednesday, March 19, 2014, under | No comments

လေယာဉ်ပေါ်ပါ ခရီးသည် မိသားစုတွေ
အိမ်အပြန် စောင့်နေတဲ့ သတင်းစကား
ပျောက်နေတဲ့ မလေးရှား လေယာဉ်ပေါ် လိုက်ပါသွားတဲ့ တရုတ် ခရီးသည်တွေရဲ့ ဆွေမျိုး မိသားစုတွေက သူတို့ အနေနဲ့ သတင်းအချက်အလက် နဲ့ ထောက်ပံ့မှု အပြည့်အဝ မရဘူး ဆိုပြီး အစာငတ်ခံ ဆန္ဒပြမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

မနေ့က အင်္ဂါနေ့တုန်းက ဘေဂျင်းမြို့မှာ လေကြောင်းလိုင်းက နေ့စဉ်လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီဖြစ်ရပ်ရဲ့ နောက်ကွယ်က အမှန်တရားကို ဖုံးထားတယ်လို့ ယုံကြည်နေကြောင်း သက်ဆိုင်ရာ မိသားစုဝင်တွေကပြောပါတယ်။

ဆွေမျိုးမိသားစုတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်လာနေပြီလို့ အမျိုးသမီး တယောက်က ပြောပါတယ်။

အဲဒီလေယာဉ်ပေါ် ပါသွားတဲ့ ခရီးသည်ရဲ့ သုံးပုံနှစ်ပုံဟာ တရုတ် လူမျိုးတွေ ဖြစ်ပါတယ်။

မလေးရှားဖက်ကတော့ သူတို့ အနေနဲ့ ရှာဖွေမှုတွေကို လေယာဉ်သွားနိုင်တဲ့ လမ်းကြောင်း နှစ်ခု တလျှောက် စတုရန်း ရေမိုင် နှစ်သန်းကျော် အတွင်း ရှာဖွေ နေတယ်လို့ ဆိုပါတယ်။

From: BBC

တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့်ကတ် မကျသဖြင့် စုံစမ်းရာမှ ယမန်နှစ်က အောင်မြင်ခဲ့ပြီးမှန်းသိရ

Posted by drmyochit Wednesday, March 19, 2014, under | No comments



ထက်ဖြိုးပိုင် ၊ ကျိုက်ထို၊ မတ် ၁၅-

၂ဝ၁၂-၁၃ ခုနှစ် တက္က သိုလ်ဝင်စာမေးပွဲအောင်မြင်သည်ကို လုံးဝမသိဘဲ ၂ဝ၁၃-၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေး ပွဲဖြေဆိုရန် ဝင်ခွင့်ကတ် ကျမလာ သဖြင့် စုံစမ်းရာမှ ယမန်နှစ်ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အောင်မြင် ခဲ့ကြောင်းသိရသည့် ကျောင်းသူတစ်ဦး၏ ဖြစ်ရပ် ကျိုက်ထိုမြို့၌ ဖြစ်ပွားခဲ့သည်။

''ဖြစ်ပုံက စံပယ်ထွန်းသမအသင်း ကဖွင့်တဲ့ ပညာဒါနကျောင်းကနေ အပြင် ဖြေ ၁၃ ယောက်ဖြေဖို့ ဖောင်တင်ကြပါတယ်။ ဒီလိုနဲ့ ဖောင်တွေတင်ထားပြီးတော့ မတ် ၁ဝ ရက် ကတ်ထုတ်မယ့်နေ့လဲရောက်ရော ကတ်က ၁၂ ယောက်စာပဲ ထုတ်လို့ရတယ်။ ကတ်မရတဲ့တစ်ယောက် နာမည်က မသန်း သန်းဌေးလို့ ခေါ်တယ်။ သူ့ကတ်လဲ ကျမလာ ရော ပညာရေးမှူးရုံးမှာ သွားမေးတယ်။ နောက်မှ ရန်ကုန်က သက်ဆိုင်ရာရုံးကို ဖုန်း ဆက်မေးကြည့်တော့ အဲဒီကျောင်းသူက မနှစ်က အောင်စာရင်းမှာ နာမည်ပါပြီးသား ဖြစ်နေတယ်။ ကျတယ်ထင်ပြီး ပြန်ဖြေဖို့ ဖောင်တင်ရင်းနဲ့ စာမေးပွဲကြီးဖြေခါနီးမှ သိ ရတာပါ''ဟု ဒေသခံ ရပ်မိရပ်ဖ ဦးမျိုးတင် ကပြောသည်။

မသန်းသန်းဌေးမှာ ပြီးခဲ့သည့် ၂ဝ၁၂-၁၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျရှုံးခဲ့သဖြင့် ၂ဝ၁၃-၁၄ ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲကို ပြန်လည်ဖြေဆိုရာ အောင် မြင်ခဲ့သည်ကို အောင်စာရင်း သွားရောက် ကြည့်ရှုခဲ့ခြင်းမရှိသဖြင့် သိရှိခဲ့ခြင်း မရှိဘဲ ကျရှုံးသည်ထင်မှတ်ကာ ယခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲကို နောက်တစ်ဖန် ပြန်လည် ဖြေဆိုခြင်းဖြစ်ကြောင်း သိရသည်။

ကရင်တိုင်းရင်းသား ဖြစ်သူ အဖဦးဖားမီး၏သမီး မသန်းသန်းဌေးသည် ၂ဝ၁၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ညက-၉ဝ၆ ဖြင့် အထက(၂)ကျိုက်ထို စာစစ် ဌာနမှ ဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်စာ ရင်းထွက်သည့်အခါ ကိုယ်တိုင်သွားရောက် ကြည့်ရှုရန်ကြောက်သဖြင့် မိဘများနှင့် ဆွေ မျိုးများကို အောင် မအောင်သွားရောက်ကြည့် ရှုခိုင်းရာ သုံးကြိမ်တိတိ သွားရောက်ကြည့်ရှု သော်လည်း အောင်မြင်သည်ကို မတွေ့ရှိဟု ပြောကြကြောင်း မသန်းသန်းဌေးကဆိုသည်။

''အောင်စာရင်းကို သုံးခါတောင် သွားကြည့်ခိုင်းတာ။ မပါဘူးဆိုတော့ တော် တော် စိတ်မကောင်းဖြစ်မိတယ်။ ဒါနဲ့ နောက်နှစ် အောင်ရမယ်၊ ဂုဏ်ထူးထွက်ရ မယ်ဆိုပြီး ဆက်ကြိုးစားခဲ့တာ''ဟု မသန်း သန်းဌေးကဆက်ပြောသည်။

''သူ့မိဘတွေက ရိုးသားတဲ့ကရင် တိုင်းရင်းသား တောသူတောင်သားတွေ လဲဖြစ်တယ်။ အောင်စာရင်း မကြည့်ဖူး တာလဲ ပါမယ်။ သူ့နာမည်ကို ရှာမတွေ့ဘူး လို့ပြောကြတယ်။ မြန်မာစာအဖတ် အား နည်းတာလဲ ပါလိမ့်မယ်ထင်တယ်။ အောင် စာရင်းမှာ ညက-၉ဝ၆ အောင်နေတာ သူတို့ ရှာမတွေ့ကြဘူး''ဟု ဒေသခံအထက်တန်း ပြဆရာမတစ်ဦးက ပြောသည်။

********************
အတွဲ ၁၀ အမှတ် ၁၂
The Flower News Journal
********************

Yangon Media Group

အမည်မသိလေယာဉ်ဝင်မလာလို့ အာရှ အလယ်ပိုင်း နိုင်ငံတွေ ဆို

Posted by drmyochit Wednesday, March 19, 2014, under | No comments

ပျောက်နေတဲ့ လေယာဉ် ပျံသန်းသွားနိုင်ဖွယ်ရှိတဲ့
လမ်းကြောင်းနှစ်ခုပြ မြေပုံ
လူ ၂၃၉ယောက် တင်ဆောင်ပြီး အစအန ရှာမရ ဖြစ်နေတဲ့ မလေးရှား လေယာဉ် ပျောက်ဆုံးခဲ့တဲ့ မတ်လ ၉ရက်နေ့မှာ သူတို့ နိုင်ငံ လေကြောင်းပိုင်နက်ထဲကို အမည်မသိ လေယာဉ် တစင်းမှ ဝင်ရောက်လာတာ မရှိခဲ့ဘူးလို့ အာရှ အလယ်ပိုင်းက ကာဇက်စတန်နဲ့ ခါဂစ်စတန် နိုင်ငံတွေက ပြောပါတယ်။

ကွာလာလမ်ပါ ကနေ ဘေဂျင်းကို ပျံသန်းရင်း လမ်းကြောင်းပြောင်းသွားခဲ့ပြီးတဲ့နောက် ဒီပျောက်နေတဲ့ လေယာဉ် သွားနိုင်တဲ့ မြောက်ဖက်နဲ့ တောင်ဖက် လမ်းနှစ်ခု အနက် ဒီနိုင်ငံ နှစ်ခုဟာ မြောက်ပိုင်းက ပျံသန်းရေး လမ်းကြောင်းအဆုံးမှာ ရှိနေတာ ဖြစ်ပါတယ်။

အခုတော့ ဒီလေယာဉ်ပျောက်ကို နိုင်ငံပေါင်း ၂၅ နိုင်ငံပါဝင် ရှာဖွေ နေကြတာ ဖြစ်ပါတယ်။

ရှာဖွေရေးမှာ ပူးပေါင်းပါဝင်လုပ်ဆောင်ပေးနေတဲ့ အမေရိကန်က သူတို့ရဲ့ စစ်သင်္ဘောတွေထဲက တစင်းကို ပြန်ရုပ်သိမ်းလိုက်ပြီး လေယာဉ်တွေနဲ့ အစားထိုး ရှာဖွေ ကူညီပေးနေတယ်လို့ ပြောပါတယ်။

BBC

မလေးလေယာဉ် MH 196 ရန်ကုန်လေဆိပ်တွင် အရေးပေါ် ဆင်းသက်

Posted by drmyochit Wednesday, March 19, 2014, under | No comments

မေစစ်ပိုင်| March 19, 2014 |

မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်တစီး (ဓာတ်ပုံ – Malaysia Airlines / Facebook)

မလေးရှားလေကြောင်းလိုင်းပိုင် MH 196 ဘိုးအင်း ၇၇၇ လေယာဉ်သည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့သို့ ပျံသန်းစဉ် လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်တဦး ၏ အရေးပေါ် အခြေအနေကြောင့် ယမန်နေ့ည ၉ နာရီ ၄၅ မိနစ်က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သိရသည်။

လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် အသက် ၃၇ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား မစ္စတာ မိုမာမက် (Muhammad) သည် မြန်မာ့လေပိုင်နက်အရောက်တွင် သတိလစ်နေသည်ကို လေယာဉ်ဝန်ထမ်းများက တွေ့ရှိခဲ့သဖြင့် ရန်ကုန်လေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ခြင်း ဖြစ်သည်ဟု လေကြောင်းညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

“သတိမေ့နေတဲ့လူနာကို လေဆိပ်မှာရှိတဲ့ ဆရာဝန်အဖွဲ့နဲ့ သတိရအောင် အရင် ပြုစုခဲ့တယ်၊ ပြီးတော့ ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်ပြီး သံရုံးတာဝန်ရှိသူတွေနဲ့ တခါတည်း လွှဲပေးခဲ့တယ်” ဟု ၎င်းက ဆက်ပြောသည်။

ရန်ကုန်လေဆိပ်ရှိ ဆရာဝန်အဖွဲ့က သတိပြန်လည်အောင် ပြုစုခဲ့ပြီးနောက် ရန်ကုန်ဆေးရုံကြီးသို့ ည ၁၂ နာရီ ၃၀ မိနစ်တွင် ပို့ဆောင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် သံရုံးသို့ တဆင့် လွှဲပြောင်းပေးခဲ့သည်။

MH 196 ဘိုးအင်း ၇၇၇ လေယာဉ်သည် လူနာကို လေဆိပ်တွင် ချထားပေးခဲ့ပြီး ည ၁၀ နာရီ ၁၅ မိနစ်တွင် ပြန်လည်ထွက်ခွာသွားခဲ့သည်ဟု သိရသည်။

ခရီးသည် ၁၀၆ ဦး တင်ဆောင်လာသော အဆိုပါ လေယာဉ်သည် ကွာလာလမ်ပူမြို့မှ ည ၈ နာရီ ၅၀ မိနစ်ခန့်တွင် စတင်ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့သို့ ည ၁၀ နာရီ မိနစ် ၄၀ ခန့်တွင် ရောက်ရှိမည်ဖြစ်သည်။

မတ်လ ၈ ရက်နေ့က ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ်ဝန်ထမ်း ၁၂ ဦး သယ်ဆောင်လာသည့် ကွာလာလမ်ပူမြို့မှ တရုတ်နိုင်ငံ ဘေဂျင်းမြို့သို့ ပျံသန်းစဉ် ပျောက်ဆုံးသွားသော မလေးရှားလေကြောင်းပိုင် MH 370 လေယာဉ်မှာလည်း ပျောက်ဆုံးချိန် ၁၀ ရက်ကျော် ကြာမြင့်နေပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ ရှာမတွေ့သေးပေ။

ဧရာဝတီ

ပျောက်ဆုံးနေသော လေယာဉ်ကြီးကို လကမ္ဘာပေါ်တွင်တွေ့ရှိ"ဟူ၍ Sunday Sport မျက်နှာဖုံးတင်

Posted by drmyochit Wednesday, March 19, 2014, under | No comments



"ပျောက်ဆုံးနေသော လေယာဉ်ကြီးကို လကမ္ဘာပေါ်တွင်တွေ့ရှိ"ဟူသည့် သတင်းကို မတ် ၁၄ ရက်ထုတ် Sunday Sport သတင်းစာမျက်နှာဖုံးတွင် ဖေါ်ပြထားသည်။

လေယာဉ်ကြီးကျရောက်သဖြင့် လကမ္ဘာပေါ်ဝယ် အရာထင်နေသောဓာတ်ပုံကိုလည်းယင်းမျက်နှာဖုံးတွင်ပင်
ဖေါ်ပြထားပြန်သည်။

ဗြိတိန်နိုင်ငံထုတ် Sunday Sport သတင်းစာကို ၁၉၈၆ ခုနှစ်က စတင်ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး အညှီ အဟောက် သ တင်းများ၊ အတင်းအဖျင်းသတင်းများနှင့် မဖြစ်နိုင်သောသတင်းများကို ဖော်ပြသည့် သတင်းစာအဖြစ်နာမည်ကြီးသည်။

ယင်းသတင်းစာဝယ် လန်ဒန်မှ နှစ်ထပ်ဘတ်စ်ကားကြီးတစ်စီးကို အန္တာတိကတိုက်ရေခဲပြင်အောက် တွင်တွေ့ရှိ၊ ဒုတိယကမ္ဘာစစ်အတွင်းက ဗုံးကြဲလေယာဉ်ကြီးတစ်စီးကို လကမ္ဘာပေါ်တွင်တွေ့ရှိဟူသည့် သတင်းများကိုလည်းဖော်ပြခဲ့ဖူးသည်။

Popular

မလေးရှား လေယာဉ်ပျောက် တာလီဘန် ထိန်းချုပ်နေရာတွေမှာ ရှိနိုင်

Posted by drmyochit Wednesday, March 19, 2014, under | No comments



ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ် MH 370 ဟာ တာလီဘန်တွေ ထိမ်းချုပ်အခြေစိုက်ထားတဲ့ အာဖဂန်နစ်စတန်နဲ့ ပါကစ္စတန် အနောက်မြောက် နယ်စပ်တွေမှာ အခုချိန်မှာ ရှိနေနိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေ ကျယ်လောင်လာပါတယ်။

ကျွမ်းကျင်သူတွေကတော့ လေယာဉ်ဟာ လေယာဉ်ပြန်ပေးဆွဲခံရတာ၊ လေယာဉ် အနုကြမ်းစီးခံရ တယ်ဆိုတဲ့ အချက်အပေါ် သဘောတူ နေကြပြီးတာလီဘန်တွေ ထိန်းချုပ် ထားတဲ့ ဧရိယာတွေမှာ နောက်ပိုင်း တနေ့နေ့မှာ ထုတ်သုံး ဖို့ အတွက် သိမ်းထားတယ်လို့ Independent သတင်းစာက ရေးပြထားပါတယ်။

ဆိုလိုတာက တာလီဘန်တွေအနေနဲ့ တနေ့နေ့ တချိန်ချိန် သူတို့ အလိုရှိတဲ့ အခါမှာ ၉/၁၁ တုန်းက နယူးယောက်မြို့က အမွှာညီနောင် ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦကြီးကို လေယာဉ်ကို ဗုံးကြီး တလုံးလို အသုံးချ တိုက်ခိုက်မှုမျိုး လုပ်လာနိုင်မှာကို အဓိက စိုးရိမ်နေကြတာပါ။

လေယာဉ်ဟာ မလေးရှား ကျွန်းစွယ်ရဲ့ အနောက်မြောက်ဘက် ဒါမှ မဟုတ် အနောက်တောင်ဘက်ကို ပျံသန်းသွားတယ် လို့ ယုံကြည်နေရလို့ပါဘဲတဲ့။

လေယာဉ်ကို ရေဒါလွတ်အောင် ပေ ၅ ထောင် အောက် က စနစ်တကျ ရည်ရွယ်ချက်ရှိရှိ အဆက်အသွယ်ဖြတ်တောက်ပြီး နောက်ထပ် ၆နာရီကျော် ၇ နာရီလောက် ဆက်ပျံသန်းသွားခဲ့တဲ့ အထောက်အထားတွေလည်း ရှိနေတာက အထူးသံသယဖြစ်စရာတွေပါ။

အရင်တုန်းကလိုဖြစ်ခဲ့တယ်ဆိုရင်တော့ ဒါဟာ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ ကာဇစ္စတန်၊ ဥဘက်ကစ္စတန် ဒါမှမဟုတ် တာဂျစ်ကစ္စတန်တို့မှာ လေယာဉ်
ရှိနိုင်ပါတယ်လို့ ယုံကြည်နေကြတယ်လို့ The Mirror သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

ရဲစုံစမ်းစစ်မှုအစိတ်အပိုင်း တခုအနေနဲ့ အသက် ၅၃ နှစ်ရှိ လေယာဉ်မှူး Zaharie Ahmed Shah၊ အသက် ၂၇ နှစ်ရှိ တွဲဖက် လေယာဉ်မှူး Fariq Abdul Hamid တို့ရဲ့ နေအိမ်တွေကိုလည်း ရှာဖွေခဲ့ကြပြီး နောက်ကြောင်း ရာဇဝင်တွေကိုလည်း စုံစမ်းနေပါတယ်။

လေယာဉ်မှူးကြီး မစ္စတာ ရှား ရဲ့ အိမ်တွင်းမှာ လေယာဉ်စက်ခန်းပုံစံငယ်ကို တည်ဆောက်ထား တာတွေ့ရ တာကြောင့်လည်း သုံးသပ်ချက်ချစရာဖြစ်လာနေတာပါ။

ဒီအပြင် လေယာဉ်ပေါ်ပါ ခရီးသည်တွေထဲက လေယာဉ်အင်ဂျင်နီယာ တဦးလည်းပါဝင်နေပြီး သူနဲ့ ပတ်သက်ပြီလည်း စုံစမ်းမှုတွေ လုပ်နေပါတယ်။ သူကတော့ မလေးရှား အမျိုးသား အသက် ၂၉ နှစ်ရှိ ပုဂ္ဂလိက အငှားဂျက်လေယာဉ် ကုမ္ပဏီတခုမှာ အလုပ်လုပ်နေသူဖြစ် ပြီး မလေးအာဏာပိုင်တွေ ယူဆသလို လေကြောင်း ပျံသန်းမှုဆိုင်ရာ နည်းပညာအသိဗဟုသုတရှိသူဖြစ်တယ်လို့လည်း ယုံ ကြည်ခံရသူလည်းဖြစ်နေပါတယ်။

အထက်က ပြောခဲ့တဲ့ အချက်တွေကြောင့် ဝါရင့် အမေရိကန် အောက်လွှတ်တော်အမတ် တဦးကပြောတာ မှာတော့ အခု လေယာဉ် ပျောက်ဆုံးမှုဟာ တိုက်ဆိုင်မှု မဟုတ်ဘူးလို့ ပြောထားပါတယ်။

အမေရိကန် ပြည်ထောင်စု အမိမြေ လုံခြုံရေး ကော်မတီ ဥက္ကဋ္ဌဖြစ်သူ ကွန်ဂရက်လွှတ်တော်အမတ် Michael McCaul က မတ်လ ၈ ရက်နေ့က မလေးရှား လေယာဉ် MH370 ပျောက်ဆုံးသွားမှုဟာ ဒီလေယာဉ်ကို စနစ်တကျ ရည်ရွယ်ချက်ရှိရှိ ဆွဲသွားတာဖြစ်တယ်၊ ဒါဟာ နိုင်ငံတကာ ကိစ္စဖြစ်တယ် လို့ ပြောပါတယ်။

သူက အမေရိကန်အခြေစိုက် Fox News ကို ပြောတာမှာ လေယာဉ်က သတိပေးနေတဲ့ သင်္ကေတတွေ အများကြီးရှိတာ၊ ပျောက်ဆုံး လေယာဉ်ပေါ်က ခရီးသည်တွေထဲမှာ အီရန် နိုင်ငံသား၂ ဦးက ခိုးယူပတ့်စ်ပို့ အသုံးပြုပြီး လေယာဉ် ပြန်ပေး သမားတွေ လုပ်လေ့ရှိတဲ့အတိုင်း လေယာဉ်လက်မှတ်ကို အသွားတကြောင်း စာပဲ ငွေသားနဲ့ လက်ငင်း ဝယ်ယူခဲ့တာဖြစ်တယ်လို့ ပြောထားပါတယ်။

“ခင်ဗျားတို့လည်း ဒါကို အကာအကွယ် မပေးနိုင်သလို ကျနော်တို့မှာ ဒီကိစ္စ အကြမ်းဖက်သမားတွေနဲ့ ဆက်နွယ်တယ်ဆို တဲ့ အထောက်အထား တခုမှ မရှိပါဘူး” လို့ သူက ပြောပါတယ်။

သူက ဆက်ပြောတာက “အထောက်အထား အားလုံးက လေယာဉ်ခေါင်းခန်းကိုပဲ ဦးတည်နေတယ်လို့ ကျနော်ထင်တယ်၊ လေယာဉ်မှူးနဲ့ တွဲဖက် လေယာဉ်မှူးတွေဆီကိုပေါ့” လို့ ဆိုပါတယ်။

ဧရာဝတီblog

Monday, March 17, 2014

စုံစမ်းရှာဖွေသူများ၏ အဓိကအာရုံစိုက်ခြင်းခံလာရသည့် လေယာဉ်မှူးများ

Posted by drmyochit Monday, March 17, 2014, under | No comments

မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က ပျောက်ဆုံးနေသည့် လေယာဉ် သည် တစ်ဦးတစ်ယောက်က ရည်ရွယ်ချက်ရှိရှိဖြင့် ဆက်သွယ်ရေးစနစ်များကို ဖြတ်တောက်ပြီး လမ်းကြောင်းပြောင်း မောင်းနှင်သွား ဖွယ်ရှိသည်ဟု စနေနေ့က ပြုလုပ်သည့် သတင်းစာ ရှင်း လင်းပွဲတွင် ထုတ်ဖော်ပြောကြားပြီးနောက် စုံစမ်းရှာဖွေသူများက မလေးရှားလေကြောင်းအမှတ် အမ်အိတ်ခ်ျ ၃၇၀ ဘိုးရင်း ၇၇၇-၂၀ဝ လေယာဉ်ကို မောင်းနှင်သွားသည့် အဓိက လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးတို့၏ နေအိမ်များကို ရှာဖွေမှုများပြုလုပ်ခဲ့သည်။

မလေးရှားစုံစမ်းစစ်ဆေးသူများက အသက် ၅၃နှစ်ရှိ အဓိကလေယာဉ်မှူးကြီး ဇာဟာရီ အာမက်ရှာ၏ နေအိမ်မှ လေယာဉ်မောင်းစက်အတု တစ်ခုကို တနင်္ဂနွေနေ့တွင် စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု သိရသည်။ မလေးရှားရဲတပ်ဖွဲ့သည် စနေနေ့တွင် ကွာလာလမ်ပူမြို့ရှိ အဓိကလေယာဉ်မှူး ဇာဟာရီ အာမက်ရှာနှင့် အသက် ၂၇ နှစ်ရှိ ၄င်း၏ တွဲဖက်လေယာဉ်မှူး ဖာရွတ် အဗ္ဗဒူလ် ဟာမစ်တို့၏ နေအိမ်များကိုဝင်ရောက်ရှာဖွေခဲ့ကြောင်း မလေးရှားပို့ဆောင်ရေးဝန်ကြီးက တနင်္ဂနွေနေ့တွင် အတည်ပြုပြောကြားသည်။

အဓိကလေယာဉ်မှူးကြီး ဇာဟာရီ အာမက်ရှာသည် မကြာသေးမီက လိင်တူဆက်ဆံမှုဖြင့် ထောင်ဒဏ်ငါးနှစ်ချမှတ်ခံခဲ့ရသည့် မလေးရှားအဓိကအတိုက်အခံခေါင်းဆောင် အန်ဝါ အီဘရာဟင်ကို အရူးအမူးထောက်ခံအားပေးသူဖြစ်ကြောင်း၊ အီဘရာဟင်ကို ထောင်ဒဏ်ချမှတ်လိုက်သည့်အတွက် ဇာဟာရီက မကျေမနပ်ဖြစ်ပြီး နိုင်ငံရေး ကန့်ကွက်သည့်အနေဖြင့် လေယာဉ်ကို အပိုင်စီးသွားမည်ကို မလေးရှားတာဝန်ရှိသူများက စိုးရိမ်နေကြောင်း ဗြိတိန်နိုင်ငံထုတ် ဒေးလီးမေးလ် သတင်းစာကရေးသားဖော်ပြသည်။

ဇာဟာရီသည် ၁၉၈၁ခုနှစ်ကတည်းက မလေးရှားလေကြောင်းလိုင်းတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ပျံသန်းရေးဆိုင်ရာ အတွေ့အကြုံ နာရီပေါင်း ၁၈၀ဝ၀ကျော်ရှိသူဖြစ်သည်။

 လေယာဉ်မောင်းနှင်ခြင်းကိုလည်း အလွန်အမင်း ဝါသနာကြီးသူဖြစ်သည့်အတွက် နေအိမ်တွင် လေယာဉ်မောင်းနှင်ခြင်းဆိုင်ရာအသေးစိတ်အချက်အလက်များပါသည့် လေယာဉ်မောင်း စက်အတုတစ်ခုတပ်ဆင်ထားသူဖြစ်သည်။ စုံစမ်းရှာဖွေသူများက ဇာဟာရီနေအိမ်မှ လက်ပ်တော့ နှစ်လုံးကို စစ်ဆေးရှာဖွေခဲ့ရာ လက်ပ်တော့တစ်လုံး လေယာဉ်မောင်းနှင်ခြင်းဆိုင်ရာ အချက်အလက် များပါဝင်သည်ဟု ယူဆရကြောင်း ဒေးလီးမေးလ် သတင်းစာကရေးသား ဖော်ပြသည်။

တွဲဖက်လေယာဉ်မှူး ဖာရွတ်မှာ အိမ်ထောင်ပြုရန်စဉ်းစားနေသူဖြစ်ပြီး လေယာဉ်ပျောက်ဆုံးပြီးနောက် အပြင်လူများဝင်ခွင့်မရှိသည့်လေယာဉ်မှူးအခန်းတွင် အခြားလေယာဉ်မှူးတစ်ဦး၊ ခရီးသည်အမျိုးသမီးနှစ်ဦးနှင့်အတူ၂၀၁၁ခုနှစ်က ရိုက်ကူးထားသည့် ဓာတ်ပုံတစ်ပုံပေါ်ထွက်လာမှုကြောင့် စုံစမ်းစစ်ဆေးခံနေရသည်။

Aone Soe (The Mirror)

စိတ်ဖိစီးရင် ဒါတွေစား

Posted by drmyochit Monday, March 17, 2014, under | No comments


Stress တဲ့။ သူ့ကို ဘယ်သူမှ မနှစ်မြို့ကြပါဘူး။ ဒါပေမယ့် ဘယ်သူမှလည်း မလွှဲရှောင်နိုင်ကြဘူးလေ။ စိတ်ဖိစီးမှုများလွန်းရင် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ထိခိုက်စေတတ်တာမို့ သူ့ကိုဘယ်လိုဘယ်ပုံ ကိုင်တွယ်ဖြေရှင်းလို့ရလဲဆိုတာ စိတ်ဝင်စားစရာအလွန်ပဲ ကောင်းပါတယ်။ စိတ်ဖိစီးမှုကို ကုစားဖြေရှင်းတဲ့ နည်းလမ်းတွေ အများကြီးရှိတဲ့အနက်က သင် စားသောက်တဲ့ အစားအစာကလည်း အရေးပါတဲ့အကြောင်းရင်းတရပ်အဖြစ် ရှိနေပါတယ်။


  • လိမ္မော်သီး


လိမ္မော်သီးဟာ ဗီတာမင်စီကြွယ်ဝတယ်။ ဗီတာမင်စီဟာ ကိုယ်ခံအားကို မြှင့်တင်ပေးပြီး Stress ဟော်မုန်းတွေကို တားဆီးဟန့်တားနိုင်တယ်လို့ ဆိုပါတယ်။ သွေးတိုးရှိသူ တချို့ကို သူတို့ရဲ့ သွေးပေါင်ချိန်နဲ့ Stress ဟော်မုန်းတခု ဖြစ်တဲ့ Cortisol Level ကို လေ့လာကြည့်တဲ့အခါ ဗီတာမင်စီဟာ စိတ်ဖိစီးမှုအပေါ် အကျိုးသက်ရောက်မှုရှိတာကို တွေ့ရပါတယ်။
photo: http://hdwallpapercorner.com


  • ဒေါက်ခွရွက်(Spinach)


ခန္ဓာကိုယ်တွင်းမှာ မဂ္ဂနီဆီယမ်ဓာတ် အလွန်အမင်း လျော့နည်းနေရင် ခေါင်းကိုက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်းတွေဖြစ်စေပြီး အဲဒါတွေကြောင့်ပဲ စိတ်ဖိစီးမှု ဖြစ်စေပြန်ပါတယ်။ ဒေါက်ခွရွက်မှာတော့ မဂ္ဂနီဆီယမ် ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒေါက်ခွရွက် မရနိုင်ဘူး၊ မစားတတ်ဘူး ဆိုရင်တော့ မဂ္ဂနီဆီယမ် ဓာတ်ကြွယ်ဝတဲ့ အစိမ်းရင့်ရောင်ဟင်းရွက်တွေနဲ့ ပဲပိစပ်လို အစားအစာတွေကို ရွေးချယ် စားသုံးသင့်ပါတယ်။


  • အဆီဆူဖြိုးတဲ့ငါး

စိတ်ဖိစီးမှုနဲ့ဝေးဝေးနေချင်ရင်တော့ အဆီဆူဖြိုးတဲ့ငါးတွေကို စားသင့်ပါတယ်။ ဆယ်လ်မွန်လို၊ တူနာလို Omega 3 ဖက်တီး အက်ဆစ် ကြွယ်ဝတဲ့ ငါးတွေကို တပတ်မှာ အနည်းဆုံး ၂ ကြိမ်လောက် စားပါ။ Omega 3 က Stress ဟော်မုန်းထွက်ရှိခြင်းကို တားဆီးပေးသလို၊ နှလုံးရောဂါနဲ့ စိတ်ကျခြင်းအတွက်လည်း ကောင်းမွန်ပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေ ရာသီမလာခင် ကာလမှာ ဖြစ်တတ်တဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြဿနာ (PMS) တွေကိုလည်း လျော့ပါးစေပါတယ်။


photo: http://www.cookinglight.com


  • ဘလက်ခ်တီး (Black Tea)

 oolong tea, green tea, white tea တို့ထက် အရသာ ပိုပြင်းတဲ့   Black Tea -  ဘလက်ခ်တီး သောက်ခြင်းက သင့်ကို စိတ်ဖိစီးစရာကာလတွေကနေ အမြန်ကျော်လွှားစေနိုင်မှာပါ။
ဘလက်ခ်တီးသောက်သူအတွေနဲ့ တခြားအဖျော်ယမကာသောက်သူတွေကို နှိုင်းယှဉ်လေ့လာကြည့်ရင် စိတ်ဖိစီးဖွယ်အခြေအနေမှာတောင် သူတို့ရဲ့စိတ်ဖိစီးမှုဟော်မုန်းဖြစ်တဲ့ Cortisol Level ဟာ နိမ့်နေသေးတာ တွေ့ရပါတယ်။

photo: www.beautythroughstrength.com


  • အစေ့အဆန်များ
  • စိတ်ဖိစီးရင် ဒါတွေစား

Pistachios နဲ့ Almond စေ့လို အစေ့အဆန်တွေကလည်း အကျိုးပြု ဗီတာမင်ဓာတ်တွေ စုံလင်လှပါတယ်။ Pistachios ကို စူပါမားကတ်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။ အဲဒီ အစေ့အဆန်တွေမှာ အကျိုးပြုအဆီဓာတ်တွေနဲ့လည်း ပါဝင်ပါတယ်။ သူတို့မှာ ပါဝင်တဲ့ ဗီတာ မင်အီးက ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်သလို ဗီတာမင်ဘီက စိတ်ကျခြင်းကို ခုခံကာကွယ်ပေးနိုင်ပါတယ်။ ဒီလို အစေ့အဆန်တွေကို တနေ့ကို လက်တဆုပ်စီလောက် စားပေးသင့်ပါတယ်။

photo: www.nuts.com.au


  • ထောပတ်သီး

သွေးပေါင်ချိန်ကို ထိန်းညှိနိုင်ဖို့အတွက် လုံလောက်တဲ့ ပိုတက်ဆီယမ်ဓာတ်ကို ရရှိဖို့ လိုပါတယ်။ စိတ်ဖိစီးချိန်မှာ အဆီဓာတ်များတဲ့ အစားအစာတွေကို သွေးတောင်းတတ်တာမို့ အခြား အဆီဓာတ်ပြည့် အစားအစာတွေထက် ထောပတ်သီးကို စားသင့်ပါတယ်။ ဒါပေမယ့် ထောပတ်သီးဟာလည်း အဆီနဲ့ ကယ်လိုရီကြွယ်ဝတဲ့အသီးဖြစ်တာမို့ ချင့်ချိန်ပြီး စားဖို့တော့ လိုပါတယ်။
www.drjoanna.com.au


  • အိပ်ရာဝင်ချိန်သရေစာ


ကာဗိုဟိုက်ဒရိတ်ပါတဲ့ သရေစာ တမျိုးမျိုးကို အိပ်ရာဝင်ခါနီးစားခြင်းက ဦးနှောက်တွင်းက ဆယ်ရီတိုနင်ဓာတ်ကို ထွက်ရှိစေပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေမှာပါ။  အိပ်ခါနီးမှာ အစားတွေပြည့် အင့်နေအောင် စားမိရင်တော့ ရင်ပြည့် ရင်ကယ်ဖြစ်စေပြီး ကောင်းကောင်း အိပ်မပျော်ဖြစ်တတ်တာမို့ ပေါ့ပေါ့ပါးပါး အစားအစာလောက်နဲ့ တင်းတိမ်သင့်ပါတယ်။
photo:  www.webmd.com


  •  နို့

စိတ်ဖိစီးမှုကို ခြေဖျက်ပေးနိုင်တဲ့ နောက်အစားအစာတမျိုးကတော့ နို့ပူပူလေးတခွက်ပါပဲ။ လေ့လာချက်တွေကတော့ နို့မှာပါတဲ့ ကယ်လ်ဆီယမ်ဓာတ်က စိုးရိမ်သောကတွေနဲ့ ရာသီမလာမီဖြစ်လေ့ရှိတဲ့စိတ်က မောက်ကမဖြစ်ခြင်းတွေကို လျော့ပါးသက်သာစေပါတယ် တဲ့။


လင်းမြရီ

မြန်မာပြည်ရဲ့ ပထမဆုံး Sexiest & Hottest Party ပွဲက Sexy အဓိပ္ပာယ်ကို ဘယ်လိုဖွင့်လဲ (ရုပ်/သံ)

Posted by drmyochit Monday, March 17, 2014, under | No comments


Sexy ဆိုတာ ဘာလဲ။ စက်ဆီကျတယ်ဆိုတာ မြန်မာတွေ ဘယ်လိုနားလည်ထားကြသလဲ။ ဒီစကားလုံးကို အဓိပ္ပာယ်ဖွင့်နေတာ လွဲမှားနေတာကို ပြန်တည့်မတ်ချင်လို့ မြန်မာပြည်ရဲ့ ပထမဆုံး Sexiest & Hottest Party ကို ရန်ကုန်မှာ ကျင်းပခဲ့ပါပြီ။

လိင်ပိုင်းဆိုင်ရာ အသားပေးတာမဟုတ်ဘဲ တခြာ်းရှုထောင့်ကနေကြည့်ပြီး လေးနက်တဲ့ အဓိပ္ပာယ်တွေလည်း ရှိတာကြောင့် လူငယ်တွေကို ပျော်စေချင်တဲ့စိတ်နဲ့ ကျင်းပတာပါလို့ ကိုဇော်လင်းနိုင်က ဆိုပါတယ်။

ပူအိုက်တဲ့ နွေရာသီလိုကာလမှာ ဒီလို Sexy ပါတီမျိုးတွေ နိုင်ငံတကာမှာ ကျင်းပလေ့ရှိ တာကြောင့် မြန်မာနိုင်ငံ ကလည်း ဂလိုဘယ်ခေတ်ကြီးထဲမှာ စီးမျောနေပြီလို့ အဆိုတော် ဇင်းဇင်းက ဆိုပြန်ပါတယ်။ Sexy ဆိုတဲ့စကားလုံး လူတိုင်းမှာရှိသင့်ပါသတဲ့။

မြရိပ်ညိုဟိုတယ် Gossip Bar မှာ မတ်လ ၁၅ရက်နေ့ညနေက ကျင်းပခဲ့တဲ့ ဒီ ပါတီပွဲကို BBH Production က ဦးစီးစီစဉ်တာဖြစ်ပြီး အဆိုတော် အားတီနဲ့ ဇင်းဇင်းရဲ့ ဖျော်ဖြေမှုတွေနဲ့ တင်ဆက်ခဲ့သလို မော်ဒယ်တွေ လည်း ပူးပေါင်းပါဝင် ဖျော်ဖြေခဲ့ကြပါတယ်။

Kamayut Media


လေယာဉ်ပျောက်မှုအတွက် ပိုင်းလော့တွေအပေါ် ဆက်လက်စုံစမ်း

Posted by drmyochit Monday, March 17, 2014, under | No comments

ပျောက်ဆုံးနေတဲ့ ခရီးစဉ် MH370 ပေါ်ပါသွားတဲ့ခရီးသည်တွေအတွက် ဆုတောင်းစာကို ရေးသားခဲ့သော အမျိုးသမီးတဦး (မတ်လ ၁၆၊ ၂၀၁၄)

ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းပိုင် ဂျက်လေယာဉ်ပေါ်က အချက်ပြစနစ်ဟာ လေယာဉ်မှူးက လေကြောင်းထိန်းသိမ်းရေး ဆက်သွယ်မှု မလုပ်ခင်ကတည်းက အပြည့်အဝ အလုပ်မလုပ်တော့သလို ပြဿနာတစုံတရာရှိတယ်ဆိုတာကို အရိပ်အမြွက်တောင် မပြောခဲ့ဘူးလို့ မလေးရှား အစိုးရထိပ်တန်းတာဝန်ရှိသူတဦးက ပြောလိုက်ပါတယ်။

လေယာဉ်ရဲ့ ဆက်သွယ်ရေးစနစ် တစိတ်တပိုင်းရပ်သွားခဲ့ပြီးတဲ့နောက် လေယာဉ်စက်ခန်းကနေ မလေးရှား လေကြောင်းထိန်းသိမ်းရေးကို နောက်ဆုံး ပြောကြားခဲ့တာတွေကို မလေးရှားကာကွယ်ရေးဝန်ကြီး Hishammuddin Hussein က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

လေယာဉ်မှူးတွေဟာ လေယာဉ်ပေါ်မှာ ဖြစ်နေတဲ့ပြဿနာတွေကို ဘာမှ မပြောခဲ့ပါဘူး။ ဒီလိုမပြောတာဟာ မြေပြင်က လေကြောင်းထိန်းသိမ်းရေးကို သတင်းမှားပေးချင်တာမျိုး၊ ဒါမှမဟုတ် လေကြောင်းနည်းပညာတွေကို ကျွမ်းကျင်သူတစ်ယောက်ယောက်က အတင်းအကြပ်လုပ်ခိုင်းတာမျိုး ဖြစ်နိုင်တယ်ဆိုတဲ့ ယူဆချက်တွေလည်း ထွက်ပေါ်လာနေပါတယ်။

ဒီနောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေက လေယာဉ်ဟာ သူ့ရဲ့ မူလလမ်းကြောင်းကို ဘာကြောင့် ပြောင်းသွားရတယ်၊ ပြီးတော့ ရေဒါဖမ်းယူမှုအောက်ကနေ ဘာကြောင့် ပျောက်သွားရတယ်ဆိုတာကို စုံစမ်းသူတွေ ဆုံးဖြတ်နိုင်အောင် အထောက်အကူဖြစ်စေတာမျိုး ဖြစ်လာနိုင်ပါတယ်။

လေယာဉ်မှူး ၂ ယောက်ရဲ့ နေအိမ်တွေကို ရဲက ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ပြီး သူတို့ထဲက တစ်ယောက်ဆီမှာရှိတဲ့ လေယာဉ်အမောင်းလေ့ကျင့်တဲ့ စက်ကို စစ်ဆေးနေပါတယ်။ ဒါ့အပြင် လေယာဉ်ကွာလာလမ်ပူမြို့က မထွက်ခွာခင် လေယာဉ်နဲ့အဆက်အသွယ်ရှိခဲ့တဲ့ အင်ဂျင်နီယာတွေကိုလည်း မလေးရှားအာဏာပိုင်တွေက စစ်ဆေးမေးမြန်းနေပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

Sunday, March 16, 2014

ကိုယ်ဝန် တားနည်းတွေဟာ အပြစ်လွတ်ပါသလား

Posted by drmyochit Sunday, March 16, 2014, under | No comments


ပဋိသန္ဓေတားနည်း မျိုးစုံရှိတာမှာ ထိရောက်မှု နဲ့ ဘေးထွက်-ဆိုးကျိုးတွေ ရေးထားပြီးပါပြီ။ အခု ရှုဒေါင့်သစ်ကနေ ကြည့်ပါမယ်။

ကိုယ်ဝန်တားနည်းတွေကို ဘာသာရေးက ခွင့်ပြုသလား-မပြုဘူးလား။ ဆွေးနွေး၊ ငြင်းခုံနေကြတာတွေ ရှိပါတယ်။ ခွင့်မပြုတာတွေလဲ ရှိသလို ခွင့်ပြုတာတွေလဲ ရှိတယ်။ အရင်က တားထားခဲ့ပြီး နောက်မှာ ခွင့်ပြုလာတာတွေလဲ ရှိတယ်။ ဘယ်ပေါ်မှာ အခြေခံကြသလဲ၊ အခြေခံသင့်ကြသလဲ။ ကြိုက်တာ ယူပါလေ။ ဆေးပညာအရသာ ပြောပါ့မယ်။

Fertilization အဖို-အမ ပေါင်းစပ်ခြင်းဖြစ်စဉ်ဆိုတာ ကျားသုက်ပိုး Spermatozoön နဲ့ ရင့်မှည့်နေတဲ့ မ-မျိုးဥ Ovum တို့ နှစ်ခုသား ထိတွေ့-ပေါင်းစပ်ကြတာ ဖြစ်တယ်။ သားအိမ်ပြွန် အဖျားပိုင်းမှာ အဖို-အမ ပေါင်းစပ်တာ ဖြစ်တယ်။ နောက်မှာ သားအိမ်အထဲကို ဆင်းလာတယ်။ အဲလို ဆင်းလာရင်းနဲ့ အပြောင်းအလဲတွေ ဖြစ်တာကို Segmentation လို့ ခေါ်တယ်။

အမှန်က ထိတွေ့-ပေါင်းစပ် ကတည်းကနေ ဆက်တိုက် ဖြစ်နေတာပါ။ နောက်ဆုံး Implantation သွားပြီးတွယ်ကပ်ရမဲ့ သားအိမ် အတွင်းဆုံး အလွှာအထိ ၇-၈ ရက် ကြာတယ်။ ဒါ့ကြောင့် အရေးပေါ်တားဆေးဟာ ၃-၅ ရက်အတွင်း သုံးရတာမို့ အပြစ်လွတ်တယ် အလွယ်ပြောနိုင်တယ်။ ဆက်ဖတ်ပါအုံး။

ပေါင်းစပ်တယ်ဆိုတာ အဖိုဘက်က သူ့မျိုးဗီဇသဘော၊ အမဘက်ကလဲ သူ့မျိုးဗီဇသဘောတွေ နှစ်မျိုး Fuse တသားထဲ ဖြစ်အောင် ပေါင်းစပ်လိုက်ကြတာ ဖြစ်တယ်။ သက်ရှိတိုင်းရဲ့ အခြေခံဟာ (ဆဲလ်) တခုဖြစ်တယ်။ အခုလို အဖို-အမ ပေါင်းစပ်တာကနေ တခုထဲသော (ဆဲလ်) ဖြစ်လို့ သူ့မှာ Nucleus (နူကလိယပ်စ်) အသစ်လဲ ဖြစ်လာတော့တယ်။ အဲလို
လာပေါင်းကြတဲ့ Male pronucleus အဖိုရဲ့ (ပရိုနူကလိယပ်စ်) ထဲကရော Female pronucleus အမရဲ့ (ပရိုနူကလိယပ်စ်) ရောကနေ Chromosomes (ခရိုမိုဇုမ်း) အရေအတွက် အတူအညီကို ရစေတယ်။

ကိုယ်ဝန်-တားဆေးတွေကနေ Fertilization မဖြစ်စေအာင် လုပ်တာ ဖြစ်ပါတယ်။ Medical community ဆေးပညာ နယ်ပယ်မှာ Pregnancy ကိုယ်ဝန်ဆိုတာ Implantation of a fertilized egg in the lining of a woman’s uterus “ပေါင်းစပ်ပြီးသား မျိုးဥကနေ အမျိုးသမီးရဲ့ သားအိမ်နံရံမှာ လာရောက်တွယ်ကပ်မှု ဖြစ်မြောက်လာတာ” လို့ ခေါ်တယ်။

ဒါ့ကြောင့် ဆရာဝန်တွေ ဘက်ကနေပြောရင် အဲဒီအဆင့် မရောက်သေးသမျှ ကိုယ်ဝန်ရတယ်လို့ မခေါ်ဘူး။ ကိုယ်ဝန်တားနည်း မျိုးစုံရှိတာမှာ အုပ်စုခွဲရင် ၄ မျိုးရမယ်။

ပဌမအုပ်စု
• Spermicides ကျားသုက်ပိုးသေဆေး (Nonoxynol-9) ပါတဲ့ဆေးဖြစ်တယ်။ Tablets, jelly (gel), films, and foams စသဖြင့် အမျိုးမျိုး ရှိတယ်။ သန္ဓေအဆင့် မရောက်လာခင် မ-မျိုးဥနဲ့တောင် မတွေ့စေဘူး သုက်ပိုးသေသွားစေတယ်။

ဒုတိယအုပ်စု
• Male and female condoms ကျား-မ (ကွန်ဒွမ်) အစွပ်တွေက ကျား-သုက်ပိုးတွေကို မ-မျိုးဥနဲ့ မတွေ့အောင် ကြားခံပေးထားတဲ့ အဆီးအတားဖြစ်တယ်။ Fertilization အဖို-အမ ပေါင်းစပ်ခြင်းဖြစ်စဉ် မဖြစ်စေဘူး။ သန္ဓေအထိ မရောက်စေနိုင်ဘူး။ ဘယ်ဘက်က ကြည့်ကြည့် လွတ်မယ်ထင်ပါတယ်။
• Intrauterine Contraceptive Device (IUCD or IUD) သားအိမ်ထဲထည့် ပစ္စည်းဆိုတာကလဲ ကျားသုက်ပိုးကို မ-မျိုးဥနဲ့ မတွေ့စေနိုင်ဘူး။ အဖို-အမ ပေါင်းစပ်ခြင်းဖြစ်စဉ် မဖြစ်စေဘူး။ သန္ဓေအထိ မရောက်စေနိုင်ဘူး။ ဘယ်ဘက်က ကြည့်ကြည့် လွတ်မယ်ထင်ပါတယ်။
• သဘာဝနည်းတွေဆိုတာ (က) ရက်ရှောင်နည်း သို့မဟုတ် ပြက္ခဒိန်နည်း၊ (ခ) သုက်ရည် ပြင်ပစွန့်ထုတ်နည်း နဲ့ (၈) ကလေး နို့တိုက်ခြင်းနည်း နည်းတွေအားလုံးကလဲဘဲ အဖို-အမ ပေါင်းစပ်ခြင်းဖြစ်စဉ် မဖြစ်စေဘူး။ သန္ဓေအထိ မရောက်စေနိုင်ဘူး။ ဘယ်ဘက်က ကြည့်ကြည့် လွတ်မယ်ထင်ပါတယ်။
• Diaphragms and caps သားအိမ်ဝအဖုံးတွေကလဲ ကျားသုက်ပိုးများအား မမျိုးဥနှင့် မတွေ့စေအောင် ကြားခံပေးထားတဲ့ အဆီးအတားမျိုး ဖြစ်တယ်။ အဖို-အမ ပေါင်းစပ်ခြင်းဖြစ်စဉ် မဖြစ်စေဘူး။ သန္ဓေအထိ မရောက်စေနိုင်ဘူး။ ဘယ်ဘက်က ကြည့်ကြည့် လွတ်မယ်ထင်ပါတယ်။

တတိယအုပ်စု
• Male and female sterilization ယောက်ျား-မိန်းမ သားကြောဖြတ်ခြင်းဟာ ရာသက်ပန် ကလေး မနိုင်တော့တဲ့ နည်း ဖြစ်တယ်။ ကျားသုက်ပိုး ထွက်လာရတဲ့ လမ်းကြောင်း၊ ဘယ်နဲ့ညာ နှစ်ဘက်လုံးကို ဖြတ်ပြစ်လိုက်တာ ဖြစ်တယ်။ အမျိုးသမီးဆိုလဲ သုတ်ပိုးနဲ့ မျိုးဥတွေတွေ့ကြမဲ့ လမ်းကြောင်းကို ဖြတ်လိုက်တာ ဖြစ်လို့ အသက်ကိစ္စ ဘာမှ မပါစေလို့ အပြစ်လွတ်-မလွှတ် စဉ်းစားနိုင်ပါတယ်။

စတုတ္ထအုပ်စု
• Estrogen နဲ့ Progestogen ဟော်မုန်း နှစ်မျိုးပါ တနေ့တလုံး သောက်ရတဲ့ ကိုယ်ဝန်တားဆေးတွေဟာ လတိုင်း ထွက်ရမဲ့ မမျိုးဥ ထွက်မလာအောင် တားဆီးပေးတယ်။ သားအိမ်အဝရှိ ချွဲကျိတဲ့အရည်ဟာ ပြစ်စေးလာပြီး၊ ကျားသုက်ပိုးကို သားအိမ်ထဲ မဝင်စေအောင် တားထားတယ်။ သားအိမ် အတွင်းနံရံကို ပါးလွှာစေလို့ Fertilization အဖို-အမ ပေါင်းစပ်ခြင်းဖြစ်စဉ် ဖြစ်အုံးတော့ Implantation သန္ခေဥ တွယ်ကပ်ခြင်းကိုလည်း တားဆီးပေးတယ်။
• Progestogen ဟော်မုန်းတမျိုးပါ Depo-Provera ၃ လခံ ထိုးဆေးဟာ မမျိုးဥအိမ်မှ မမျိုးဥ မထွက်စေဘို့ တားဆီးပေးတယ်။ သားအိမ်အဝရှိ ချွဲကျိတဲ့အရည်ဟာ ပြစ်စေးလာပြီး၊ ကျားသုက်ပိုးကို သားအိမ်ထဲ မဝင်စေအောင် တားထားတယ်။ သားအိမ် အတွင်းနံရံကို ပါးလွှာစေလို့ Fertilization အဖို-အမ ပေါင်းစပ်ခြင်း ဖြစ်စဉ် ဖြစ်အုံးတော့ Implantation သန္ခေဥ တွယ်ကပ်ခြင်းကိုလည်း တားဆီးပေးတယ်။
• အရေပြား ဆေးကပ်ခွါ၊ Contraceptive patch ဟာ ဟော်မုန်းတွေ ပါတယ်။ မမျိုးဥ မထွက်စေအောင် တားဆီးတယ်။ သားအိမ်အဝရှိ ချွဲကျိတဲ့အရည်ဟာ ပြစ်စေးလာပြီး၊ ကျားသုက်ပိုးကို သားအိမ်ထဲ မဝင်စေအောင် တားထားတယ်။ သားအိမ် အတွင်းနံရံကို ပါးလွှာစေလို့ Implantation သန္ခေဥ တွယ်ကပ်ခြင်းကိုလည်း တားဆီးပေးတယ်။
• ဟော်မုန်းမပါ စားဆေး Centchroman ခေါ် Saheli Tablets က မမျိုးဥထွက်တာကို တားဆီးခြင်း မလုပ်ဘဲ၊ Implantation သားအိမ်အတွင်းနံရံကို လာတွယ်ကပ်တဲ့ဖြစ်စဉ်ကို တားဆီးခြင်းဖြစ်တယ်။
• Progestogen-only pill (ပီ-အို-ပီ) ဆေးလုံးကြောင့် သားအိမ်အဝရှိ ချွဲကျိတဲ့အရည်ဟာ ပြစ်စေးလာပြီး၊ ကျားသုက်ပိုးကို သားအိမ်ထဲ မဝင်စေအောင် တားထားတယ်။ သားအိမ် အတွင်းနံရံကို ပါးလွှာစေလို့ Fertilization အဖို-အမ ပေါင်းစပ်ခြင်းဖြစ်စဉ် ဖြစ်အုံးတော့ Implantation သန္ခေဥ တွယ်ကပ်ခြင်းကိုလည်း တားဆီးပေးတယ်။ Cerazette ဆေးက
မမျိုးဥထွက်တာကို တားဆီးပေးတယ်။
• Contraceptive implant အရေပြားအောက် ထည့်ရတဲ့ ဆံညှပ်အရွယ်၊ ပြွန်ချောင်းကလေးဟာ Progestogen ဟော်မုန်းပါတယ်။ မ-မျိုးဥမထွက်စေဘို့ တားဆီးတယ်။ သားအိမ် အဝရှိ ချွဲကျိတဲ့ အရည်ဟာ ပြစ်စေးလာစေကာ ကျားသုက်ပိုးကို သားအိမ်ထဲ မဝင်စေအောင် တားထားတယ်။ သားအိမ် အတွင်းသား နံရံကို ပါးလွှာစေလို့ Fertilization အဖို-အမ ပေါင်းစပ်ခြင်းဖြစ်စဉ် ဖြစ်အုံးတော့ Implantation သန္ခေဥ တွယ်ကပ်တာကို တားဆီးပေးတယ်။
• The intrauterine system (IUS) သားအိမ်ထဲထည့် တာရှည်ခံဆေး T ပုံရှိတဲ့ ပလပ်စတစ်ကနေ Progestogen ဟော်မုန်းအား တဖြေးဖြေး ထုတ်ပေးနေတယ်။ သားအိမ်အဝရှိ ချွဲကျိတဲ့ အရည်ဟာ ပြစ်စေးလာပြီး၊ ကျားသုက်ပိုးကို သားအိမ်ထဲ မဝင်စေအောင် တားထားတယ်။ သားအိမ် အတွင်းနံရံကို ပါးလွှာစေလို့ Fertilization အဖို-အမ ပေါင်းစပ်ခြင်း ဖြစ်စဉ် ဖြစ်အုံးတော့ Implantation သန္ခေဥ တွယ်ကပ်ခြင်းကိုလည်း တားဆီးပေးတယ်။
• Vaginal rings သန္ဓေတား သားရေကွင်း Etonogestrel (Progesterone) နဲ့ Ethinyl estradiol (Estrogen) ဟော်မုန်းတွေ ထုတ်ပေးနေတယ်။ မျိုးဥအိမ်ကနေ မျိုးမထွက်စေဘူး။ သားအိမ်အဝက အချွဲကို စေးပျစ်စေတယ်။ သားအိမ် အတွင်းဆုံးအလွှာကို ပါးစေမယ်။ Fertilization အဖို-အမ ပေါင်းစပ်ခြင်းဖြစ်စဉ် ဖြစ်အုံးတော့ Implantation သန္ခေဥတွယ်ကပ် ခြင်းကိုလည်း တားဆီးပေးတယ်။
• Emergency Contraception အရေးပေါ်တားဆေးတွေကလဲ Estrogen နဲ့ Progestogen ဟော်မုန်း နှစ်မျိုး များများပါတယ်။ အရေးပေါ်တားဆေးတွေက မ-မျိုးဥထွက်လာမှာကို တားဆီးပေးတယ်။ ဒါမှမဟုတ် နောက်ကျစေတယ်။ သားအိမ်အဝရှိတဲ့ ချွဲရည်ကို ထူပြစ်စေတာမို့ မ-မျိုးဥ ထွက်စေအုံးတော့ ကျားသုက်ပိုးနဲ့ တွေ့ဘို့ ခက်ခဲစေတယ်။ သားအိမ် အတွင်း နံရံကို ပါးလွှာစေတာကြောင့်ပါ Fertilization အဖို-အမ ပေါင်းစပ်ခြင်း ဖြစ်စဉ် ဖြစ်အုံးတော့ Implantation သန္ဓေဟာ သားအိမ်မှာ လာမကပ်စေနိုင်ပါ။

သတိထားစရာတွေ ဆက်ရှိပါသေးတယ်။ အရေးပေါ်တားဆေး ဒုက္ခပေးဆိုတဲ့ ခေါင်းစဉ်နဲ့ စာတပုဒ် ရေးထားပါတယ်။ တားဆေး၊ တာနည်းတိုင်းကို ရာနှုန်းပြည့် အာမ မခံနိုင်ပါ။

တကယ်လို့ တားတာက မထိရောက်ရင် ဖျက်ရတဲ့အဆင့် ရောက်နိုင်တယ်။ ကိုယ်ဝန်ဖျက်ခြင်းရဲ့ ကျန်းမာရေး နောက်ဆက်တွဲတွေလဲ ရေးပြီးသားပါ။ ဖျက်ရပြီဆိုကတည်းက ဥပဒေကြောင်း၊ ဘာသာရေးကြောင်း၊ လူမှုရေးကြောင်းတွေ တသီကြီး လိုက်လာပါမယ်။

ဒေါက်တာတင့်ဆွေ
By HIM

“ဤသတင်း အတိုင်းဆို မလေးစစ်တပ်မှာ တာဝန်မကင်း ဖြစ်မည်”

Posted by drmyochit Sunday, March 16, 2014, under | No comments


(ဘဲလားလေဘာတီ)

လွန်ခဲ့တဲ့ တစ်ပတ်ကတည်းက မလေးရှားကနေ တရုတ်ကို ထွက်ခွာသွားတဲ့ မလေးရှား လေကြောင်းမှ MH370 ဟာ ယနေ့အထိ ပျောက်ဆုံးနေလျက်ပါ။ ပျောက်တဲ့နေ့က စပြီး ယနေ့အထိ ဂမ္ဘီရဆန်နေပြီး သဲလွန်စ ဘာမှမရဘဲ ဖြစ်နေကြဆဲ။ ခရီးသည် ၂၃၉ ဦးနဲ့ လေယာဉ် တစ်စင်းလုံး ပျောက်သွားပြီး အမေရိကန် အပါအဝင် နိုင်ငံပေါင်း များစွာက ရေကြောင်း လေကြောင်းကနေ ရှာပုံတော် ဖွင့်နေကြဆဲပါ။

ဗေဒင် ဆရာတွေကလည်း တစ်ဖုံ၊ ပညာရှင်တွေကလည်း တစ်သွယ် မိမိတို့ရဲ့ထင်မြင် ယူဆချက်တွေကို ရှေ့တန်းတင် လာကြရာမှာ ပထမဆုံး အားလုံးက Passport အတုနဲ့ နှစ်ယောက် ပါသွားတယ် ဆိုတာကို အခြေခံပြီး လေယာဉ်တော့ အကြမ်းဖက်သမားတွေ ပြန်ပေးဆွဲသွားပြီလို့ ထင်မြင်ခဲ့ကြသလို ပေါက်ကွဲသွားပြီလို့ ဆိုလာကြပြန်တော့လည်း အကြမ်းဖက်သမားတွေ လက်ချက်ပဲလို့ ထင်ကြေး ပေးလာခဲ့ကြ ပါတယ်။

ဒီတော့ MH370 ရဲ့ ကံကြမ္မာဟာ ပြန်ပေးဆွဲ ခံရတာနဲ့ ပေါက်ကွဲသွားပြီ ဆိုတဲ့ မျဉ်းပြိုင်ပေါ်မှာပဲ ရှိနေခဲ့ရာမှာ လွန်ခဲ့တဲ့ ရက်တွေက တရုတ် Satellite ကနေ ရိုက်ယူပေးတဲ့ ပင်လယ်ရေပြင်က အပိုင်းအစတွေက ပေါက်ကွဲ သွားပြီဆိုတဲ့ သက်သေ၊ သဲလွန်စလို့ လက်ခံရမယ့် အခြေအနေမှာပဲ မလေးဝန်ကြီးက ဒါ MH370 နဲ့ ဘာမှ မပတ်သက်ဘူးလို့ ငြင်းဆိုလိုက်ပါတယ်။

ဒီတော့ MH370 အပေါ် မျှော်လင့်ချက် ဆက်ထား လာနိုင်ကြသလို မလေးဝန်ကြီး ကတော့ သူတို့ လေယာဉ်ကို ပြန်ပေးဆွဲ ခံရတယ်လို့ပဲ တရားသေ တွက်ထားပါတယ်။ အဖွဲ့အစည်း တစ်ခုမှာ ထင်မြင်ချက် ကိုယ်စီနဲ့ နေလာခဲ့ရာက ပေါက်ကွဲသွားပြီ အဆိုဘက်ကို လိုက်လို့ နိုင်ငံပေါင်းစုံက တရုတ်ပင်လယ် တစ်ကြောမှာ လေကြောင်း ရေကြောင်းကနေ ရှာပုံတော် ဖွင့်နေချိန်မှာပဲ အမေရိကန်က တစ်ခါ အိန္ဒိယ သမုဒ္ဒရာထဲကို ရှာရမယ်လို့ ရှာပုံတော် ဧရိယာကို တိုးချဲ့လာခဲ့ပြီး အမေရိကန် စစ်သင်္ဘောတွေနဲ့ လေယာဉ်တွေကို အိန္ဒိယ သမုဒ္ဒရာထဲကို စေလွှတ်ခဲ့ပါတယ်။

သို့ပေမယ့် ဒီရှာပုံတော်တွေကို မလေးရှားဝန်ကြီး အားရ ကျေနပ်မှုမျိုးကို မပြခဲ့ပါဘူး။ ဘာလို့လဲဆို သူက သူတို့ လေယာဉ်ပျံက အကြမ်းဖက်သမားတွေ ပြန်ပေးဆွဲ သွားတာပဲလို့ တထစ်ချ ယုံကြည်ထားလို့ပါပဲ။

ဖြစ်ချင်တော့ ဒီအချိန်မှာပဲ မလေးရှား စစ်တပ်ရဲ့ Radar က လေယာဉ်ရဲ့သဲလွန်စကို ရှာတွေ့ပြီလို့ March 15th မှာ နောက်ထပ် Latest News အနေနဲ့ သတင်း စာမျက်နှာတွေပေါ် တင်လာခဲ့ကြပါတယ်။

မလေးစစ်တပ်ရဲ့ အဆိုကတော့ သူတို့ စစ်တပ် Radar မှာ MH370 ဟာ ပုံမှန်ပဲ ကွေ့ပြီး မလေး ကျွန်းဆွယ်ကို ဖြတ်လို့ လေယာဉ်ဟာ အိန္ဒိယ ပင်လယ်မှာ ရှိနေတဲ့ Andaman Islands အက်ဒမင်န် ကျွန်းဆီ ဦးတည် ပျံသန်းနေတယ်လို့ ဆိုပါတယ်။ ဒီလေကြောင်းလမ်းက လေယာဉ်တွေ အရှေ့အလယ်ပိုင်းကို ပျံသန်းတဲ့ လေကြောင်း လမ်းမလည်း ဖြစ်တယ်လို့ မလေး စစ်တပ်က Reuter သတင်းဌာနကို ပြောခဲ့ပြန်ပါတယ်။

မလေးစစ်တပ်က ဒီလို ပြောလိုက်တော့ မလေး စစ်တပ်မှာ လုံးဝ တာဝန်မကင်း ဖြစ်သွားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ MH370 က Ground Station နဲ့ အဆက်အသွယ် ပြတ်သွားပြီဆိုရင် အချက် နှစ်ချက်ပဲ ရှိပါတယ်။

ပထမအချက် Signal Box ပျက်စီးလောက်အောင် ကြီးမားတဲ့ ပေါက်ကွဲမှု လေယာဉ်မှာ ပေါက်ကွဲခဲ့လို့ အထူးသဖြင့် လေယာဉ်ဦးမှာ ပေါက်ကွဲမှု ဖြစ်ခဲ့လို့ ဖြစ်နိုင်ပါတယ်။ ယင်း Signal Box က တော်ရုံနဲ့ မပျက်စီးနိုင်သလို တခြား လေယာဉ် အလယ်နဲ့ ပဲ့ပိုင်းမှာ ပေါက်ကွဲတာတောင် မပျက်စီးနိုင်ဘဲ သူ့အလုပ် သူ လုပ်နေတတ်ပါတယ်။

ဒုတိယ အချက်ကတော့ လေယာဉ် ပြန်ပေးဆွဲလို့ Hijack ခေါင်းဆောင်က ၎င်း Signal Box ကို ပိတ်ထားလို့ပဲ ဆိုတာ သေချာနေပါတယ်။ နောက်ဆုံးပေါ် Radar တွေမှာ Signal Box on ထားရင် ဖြတ်သန်းသွားတဲ့ လေယာဉ်တိုင်းရဲ့ ID က Radar မှာ ပေါ်ပြီး Flashing ပြပါတယ်။ အကယ်၍ Signal Box ကို ပိတ်ထားလိုက်ရင်တော့ မြေပြင်က Radar တွေမှာ ၎င်းလေယာဉ်ရဲ့ ID မပေါ်နိုင်တော့ပါဘူး။ အဲဒီလို ID မပေါ်တဲ့ ယာဉ်တစ်စင်းက မိမိ လေပိုင်နက်ထဲကို ဖြတ်သန်းရင် သက်ဆိုင်ရာ လေတပ်ကနေ ချက်ချင်း ထလိုက်ရပါတယ်။ ဒီတော့ အားလုံးနဲ့ အဆက်အသွယ် ပြတ်နေတဲ့ MH370 ကလည်း မလေးစစ်တပ် Radar မှာ MH370 ရဲ့ ID မပေါ်ဘဲ Unknown ID အနေအထားနဲ့ပဲ ဖြတ်သန်းခဲ့မှာ ဧကန် ဖြစ်ပါတယ်။

ဒီတော့ မလေးစစ်တပ်ကို ဒီနေရာမှာ မေးစရာ နှစ်ချက် ရှိပါတယ်။ ပထမအချက်က Signal Box ကို Off လုပ်ထားပြီး ID မပေါ်ဘဲ Radar မှာ တွေ့လိုက်တဲ့ လေယာဉ်ကို MH 370 ပါလို့ ဘယ်လို ပြောနိုင်လဲ ဆိုတာရယ်၊ နောက်တစ်ချက် မိမိပိုင်နက်ထဲမှာ ID မပါဘဲ Unknown Object တစ်ခု ဖြတ်သန်းသွားတာကို Radar မှာ ပေါ်နေရဲ့သားနဲ့ ဘာကြောင့် စစ်လေယာဉ်ပျံက ချက်ချင်း ထမလိုက်ခဲ့ကြတာလဲ ဆိုတဲ့ အချက် နှစ်ချက်ကို မေးနိုင်ပါတယ်။ ဒီလို မေးရင် မလေး စစ်တပ်က ဖြေရခက်လိမ့်မယ်။ ထားပါတော့။ နောက်ပြီး အကြမ်းဖက်သမားက လေယာဉ်ကို Signal Box ပိတ်ပြီး Unknown ID နဲ့ ဘယ်နိုင်ငံရဲ့ လေပိုင်နက်တွေကို ဖြတ်သန်းလို့ ရမှာလဲ။ ထားပါတော့။ နိုင်ငံတွေ လေပိုင်နက် အဝင်မှာ Signal Box ကို ဖွင့်မောင်းတယ်ထား Radar တွေမှာ MH370 ID ပေါ်လာရင် ဒီလောက် ဟိုးလေးတကျော် ဖြစ်နေတဲ့ MH370 ကို ဘယ်နိုင်ငံက ပျံသန်းခွင့် ပေးမလဲ ဖမ်းတော့မှာပေါ့။
ဒီတော့ နောက်ဆုံး စစ်တပ်က ပေးလာတဲ့ အထက်ပါ သတင်းအရ ဆိုရင် မလေး စစ်တပ်မှာ အထူး တာဝန်မကင်း ဖြစ်သွားမှာတော့ သေချာပါတယ်။
အထက်ပါ သတင်းကြောင့် ယနေ့ MH370 ပြဿနာမှာ လက်ရှိ ပေါက်ကွဲတယ်လို့ ယူဆချက်တွေဘက်က အားတွေ နည်းလာသလို ဖြစ်သွားပြီး မလေးဝန်ကြီးရဲ့ အစကတည်းက ပြန်ပေးဆွဲ ခံရတယ်လို့ ထင်ထားတဲ့ ထင်ကြေးအတွက် အားတွေနဲ့ မျှော်လင့်ချက်ဘက် ရောင်ခြည်သန်းလာနေပြီ။ တကယ်ပဲ MH370 က မလေးကျွန်းဆွယ် ပေါ်ကနေ ဖြတ်သန်းသွားခဲ့တယ် ဆိုရင် စစ်တပ်မှာ တာဝန်မကင်းဆုံးလည်း ဖြစ်သွားနိုင်ပါတယ်။ နောက်တစ်ချက် ဒီမလေးစစ်တပ် Radar ရဲ့ သက်သေက ခိုင်မာနိုင်မလား။ ဖြစ်နိုင်မလား ဆိုတာကို ပြန်လည် သုံးသပ်မယ် ဆိုရင် မဖြစ်နိုင်ဖို့ များနေပါတယ်။ ဘာကြောင့်လဲ ဆိုရင် မလေးရှားက Islam နိုင်ငံ ဖြစ်နေတာမို့ အကြမ်းဖက် သမားတွေဘက်က Hijack လုပ်ဖို့ အကြောင်း သိပ်မရှိနိုင်ပါဘူး။ နောက်ပြီး Hijack လုပ်ထားရင်လည်း ပြန်ပေး ခေါင်းဆောင်တွေမှာ တစ်ခုခုကို တောင်းဆိုရမှာ ဖြစ်တာမို့ ယခုလို တစ်ပတ်ကိုးသီတင်း ရေငုံနေစရာတော့ မရှိပါဘူး။ သူတို့ကိုယ်တိုင် ဆက်သွယ်လာရမှာပါပဲ။
မည်သို့ပင် ဖြစ်စေ MH370 ပျောက်ဆုံးနေတာ တစ်ပတ်ကျော်သွားသည့်တိုင် ယနေ့အထိတော့ အထက်ဖော်ပြပါ အတိုင်း ထင်မြင် ယူဆချက်များ ကြားမှာ အားလုံး Confuse ဖြစ်နေကြရင်း ခေတ်မီ တိုးတက်လှတဲ့ Satellite Communication တွေ၊ Radar တွေ မြေပြင်မှာ တစ်ပေ ပတ်လည်အတွင်း ဘာရှိတယ်လို့ အဖြေရှာလို့ ဓာတ်ပုံ ရိုက်ယူနိုင်သလို မြေအောက် သယံဇာတကို သော်မှ ရှာဖွေနိုင်စွမ်း ရှိတဲ့ အာကာသ Satellite တွေ ရှိနေပါလျက်နဲ့တောင် အကြောင်းတရားပါ ကံကြမ္မာရဲ့ ရိုက်ချက်ကိုတော့ ဘယ်လိုမှ ကြိုတင် ကာကွယ်နိုင်စွမ်း မရှိသလို ကယ်ဆယ်ရေး အတွက်ကိုလည်း ဘယ်လိုမှ အချိန်မီ လုပ်ပေးလို့ မရအောင် အရာရာတိုင်းက ကံကြမ္မာ မှိုင်းမိလို့ လက်မှိုင်ချ သွားကြပြီပဲ မဟုတ်ပါလား။

အားလုံးရဲ့ထင်မြင်ချက်အတိုင်း လွဲလို့ MH370 ခရီးသည်နဲ့ Crew တွေ အားလုံး ဘေးမသီ ရန်မခလို့ ဂမ္ဘီရဆန်ဆန် ပြန်လာလို့ အံ့ဖွယ် တစ်ပါး ဖြစ်ပါစေသော်။

ဘဲလား လေဘာတီ (March 15, 2014 @4:47 Pm)

MISSING MH370: Radar data suggests plane flown deliberately toward Andaman

KUALA LUMPUR: Military radar-tracking evidence suggests a Malaysia Airlines jetliner missing for nearly a week was deliberately flown across the Malay peninsula towards the Andaman Islands, sources familiar with the investigation told Reuters on Friday.

Latest - New Straits Times http://www.nst.com.my/latest/font-color-red-missing-mh370-font-radar-data-suggests-plane-flown-deliberately-toward-andaman-1.512761#commentsForm-748765#ixzz2w0dPKjTv

The Voice Weekly

Saturday, March 15, 2014

အမျိုးသမီးကတဆင့် အမျိုးသမီး ကူးစက်တဲ့ ရှားပါး HIV ပျံနှံ့မှုတွေ့ရှိ

Posted by drmyochit Saturday, March 15, 2014, under | No comments



အမျိုးသမီးကတဆင့် အမျိုးသမီး ကူးစက်တဲ့ ရှားပါး HIV ပျံ့နှံ့မှု တစ်ခုကို ရှာဖွေတွေ့ရှိတယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးဋ္ဌာန (CDC)က သတင်းထုတ်ပြန်ထားပါတယ်။ အမေရိကန် တက္ကဆက်ပြည်နယ်နေ အမျိုးသမီးတစ်ယောက်ဟာ တခြားအမျိုးသမီးတစ်ယောက်နဲ့ လိင်ဆက်ဆံရာကတဆင့် HIV ကူဆက်ခဲ့တာပါ။

အသက် ၄၆နှစ်ရှိ အဲ့ဒီ့အမျိုးသမီးဟာ သူမရဲ့ အမျိုးသမီးဖော်ဆီကတဆင့် ကူးစက်တယ်လို့ သိရတဲ့ HIV ရောဂါပိုးကို အသစ်ရှာဖွေတွေ့ရှိတယ်လို့ စမ်းသပ်စစ်ဆေးမှုက အတည်ပြုခဲ့ပါတယ်။ သူမရဲ့ အမျိုးသမီးဖော်ဟာ အရင်က HIV ရောဂါပိုးရှိခဲ့သူဖြစ်ပြီး ၂၀၁၀ခုနှစ်မှာ HIVရောဂါ ကုသခံယူမှုကို ရပ်ဆိုင်းခဲ့ သူပါ။

အမျိုးသမီးကတဆင့် အမျိုးသမီးကို လိင်ဆက်ဆံမှုအရ ကူးစက်တဲ့ HIVရောဂါပိုးဟာ ရှားပါးပြီး သေသေချာ လေ့လာစိစစ်ဖို့လည်း ခက်ခဲတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Ref:wdam.com
Thiha Naing
Trend Myanmar

အမေရိကန်မှရရှိသော သတင်းအချက်အလက်များကြောင့် မလေးရှားလေယာဉ် ရှာဖွေရေး လုပ်ငန်းများ ပျမ်းမျှအနက်ပေ ၁၂၈၀၀ ရှိ အိန္ဒိယသမုဒ္ဒရာ အတွင်းသို့ ပြောင်းလဲလာ

Posted by drmyochit Saturday, March 15, 2014, under | No comments

(လေယာဉ်ပျောက် ရှာဖွေရေးအတွက် ပျံသန်းရှာဖွေရမည့် ပုံစံများကို ရေးဆွဲနေသော အင်ဒိုနီးရှားလေတပ် အရာရှိတစ်ဦး)
မလေးရှားလေကြောင်းလိုင်း၏ လေယာဉ်သည် မပျောက်ဆုံးမီ ဂြိုဟ်တုတစ်စင်းသို့ အချက်ပြမှု လေးနာရီတိုင်တိုင် ပို့လွှတ်ခဲ့ကြောင်း၊ ယင်းအချက်ပြမှုက လေယာဉ်သည် မိုင်ရာချီ၍ ပျံသန်းနေခဲ့ကြောင်း ညွှန်ပြနေသည်ဟု အမေရိကန်တာဝန်ရှိသူတစ်ဦးက မတ် ၁၃ ရက်တွင် ပြောကြားခဲ့သည်။

လေယာဉ်သည် မြေပြင်နှင့်ဆက်သွယ်ရေး ပြတ်တောက်ခဲ့ပြီးနောက် နာရီများစွာကြာအောင် ဆက်လက်ပျံသန်း နေခဲ့ကြောင်း အမေရိကန်၏ သတင်းအချက်အလက်သစ်များ ထွက်ပေါ်ခဲ့ပြီးနောက် မလေးရှား အာဏာပိုင်များသည် အိန္ဒိယသမုဒ္ဒရာအတွင်းသို့ ရှာဖွေရေး လုပ်ငန်းများ ချဲ့ထွင်ခဲ့သည်။

ယခင်ရရှိထားသော အချက်အလက်များအရ ခရီးစဉ် MH370 လေယာဉ်သည် မည်သည့်နေရာသို့ ရောက်ရှိနေမှန်း မသိခဲ့ရခြေ။ "MH370 ဟာ အိန္ဒိယသမုဒ္ဒရာဝေဟင်မှာ လုံးဝပျောက်ဆုံး ခဲ့ပါတယ်" ဟု ယာယီ မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး ဟီရှမ်မူဒင်ဟူစိန်က ပြောကြားခဲ့သည်။

မလေးရှား လေကြောင်းလိုင်း၏ ဘိုးရင်း ၇၇၇ လေယာဉ်မှ ဆက်သွယ်ရေး စနစ်သည် ရေဒါမှ ပျောက်သွားပြီးနောက် ဂြိုဟ်တုသို့ အချိန်အတော်ကြာသည်အထိ ဆက်တိုက် အချက်ပြခဲ့ကြောင်း တာဝန်ရှိသူများကို ကိုးကား၍ အမေရိကန် မီဒီယာများက ဖော်ပြခဲ့သည်။ အမေရိကန် ရေတပ်သင်္ဘော USS Kidd သည် မလက္ကာရေလက်ကြားမှ အိန္ဒိယသမုဒ္ဒရာသို့ ဦးတည်မောင်းနှင်နေကြောင်း အမေရိကန် ရေတပ်တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ဖျက်သင်္ဘော USS Kidd ကို မူလက မလေးရှား အနောက်ဘက်ကမ်းရိုးတန်း ထိုင်းပင်လယ်ကွေ့တွင် နေရာချထားခဲ့သည်။

အိန္ဒိယသမုဒ္ဒရာသည် ကမ္ဘာတွင် တတိယအကြီးဆုံး သမုဒ္ဒရာဖြစ်ပြီး သမုဒ္ဒရာ၏ ပျမ်းမျှအနက်သည် ၁၂,၈၀၀ ပေ (၃၉၀၀ မီတာ) ရှိသည်။

မလေးရှားလေယာဉ်အား ရှာဖွေခြင်း

မတ် ၁၄ သောကြာ

ပျောက်ဆုံးနေသည့် မလေးရှားလေယာဉ်ကို တောင်တရုတ်ပင်လယ်တွင် ရှာဖွေမှုကို မရပ်တန့်သော်လည်း အရှိန်လျှော့လိုက်ပြီဖြစ်ကြောင်း ဗီယက်နမ် အစိုးရက မတ် ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ သို့သော် မလက္ကာရေလက်ကြားသို့ လေယာဉ်နှင့် သင်္ဘောများ စေလွှတ်ပေးရန် မလေးရှား အာဏာပိုင်များက တောင်းဆိုခဲ့ကြောင်း သိရသည်။ ဗီယက်နမ်အစိုးရ၏ အဆိုပါထုတ်ပြန်ချက်သည် လေယာဉ်ရှာဖွေရန် ကြိုးပမ်းအားထုတ်မှု၏ အချက်အချာသည် မလေးရှားအနောက်ပိုင်း၊ မလက္ကာရေလက်ကြားနှင့် အိန္ဒိယသမုဒ္ဒရာသို့ ပြောင်းရွှေ့လာသော သင်္ကေတေတစ်ခုဖြစ်သည်။ ယင်းလေယာဉ်အား ရှာဖွေမှု အခြေအနေသည် အရေးပေါ်အခြေအနေမှ ပုံမှန်အခြေအနေသို့ ပြောင်းလဲလာပြီဖြစ်ကြောင်း ဗီယက်နမ်ရှာဖွေရေး ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီး ငုယင်ငေါ့ဆင်က ပြောကြားခဲ့သည်။

လေယာဉ်ပျောက်ရှာဖွေရေး ဧရိယာကို အိန္ဒိယသမုဒ္ဒရာ အတွင်းသို့ တိုးချဲ့ထားကြောင်း မလေးရှားက မတ် ၁၄ ရက်တွင် အတည်ပြုခဲ့သည်။ သို့သော် မလေးရှား လေယာဉ်သည် ပျောက်ဆုံးပြီးနောက် နာရီများစွာ ဆက်လက်ပျံသန်း နေခဲ့ကြောင်း အမေရိကန် သတင်းများနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် မလေးရှား သယ်ယူပို့ဆောင်ရေး ၀န်ကြီးက ငြင်းဆိုခဲ့သည်။ ယခုအချိန်ထိ ရှာဖွေခဲ့သော နေရာများတွင် လေယာဉ်ကို မတွေ့ရှိခဲ့သောကြောင့် ရှာဖွေရေးဧရိယာကို ချဲ့ထွင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက အခိုင်အမာ ပြောကြားခဲ့သည်။

Ref:AFP
Eleven Media Group

ပျောက်ဆုံး မလေးရှား လေယာဉ် အိန္ဒိယ သမုဒ္ဒရာ ဘက် တိုးချဲ့ရှာဖွေ

Posted by drmyochit Saturday, March 15, 2014, under | No comments

မလေးရှား လေယာဉ်ပျောက် ရှာဖွေရေးအဖွဲ့ သင်္ဘောရေယာဉ်များဖြင့် ပိုက်စိပ်တိုက် ရှာဖွေနေကြစဉ်။ (မတ်လ ၁၂၊ ၂၀၁၄)

ပျောက်ဆုံးနေတဲ့ မလေးရှား ခရီးသည်တင် လေယာဉ် ရှာဖွေရေးလုပ်ငန်းတွေကို အကြီးအကျယ် နေရာ တိုးချဲ့ လုပ်ဆောင်နေတယ်လို့ မလေးရှား နိုင်ငံက ပြောပါတယ်။ ခေတ်သစ် လေကြောင်းပျံသန်းမှု သမိုင်း မှာ အထူးဆန်းဆုံး ပဟေဠိတခုကို ဖြေရှင်းနိုင်ဖို့ မလေးရှားနိုင်ငံက ဆက်လက် ကြိုးပမ်းနေတာဖြစ်ပါတယ်။

အတိအကျ မပြောနိုင်သေးတဲ့ အခြေအနေတချို့ကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်က ရေဒါထဲကနေ ပျောက်သွား ခဲ့တဲ့ Boeing 777 မလေးရှား ခရီးသည်တင် လေယာဉ်ကို နောက်ဆုံး အဆက်အသွယ် ပြတ်သွား ခဲ့တဲ့ နေရာ ကနေ မိုင်ထောင်ချီဝေးတဲ့ အိန္ဒိယ သမုဒ္ဒရာ အထိ ရှာဖွေမှုတွေကို ဖြန့်ကျက် လုပ်ဆောင်နေတဲ့ အကြောင်း မလေးရှား သယ်ယူပို့ဆောင်ရေး ၀န်ကြီး Hishammudin Hussein က သောကြာနေ့က ပြောပါတယ်။

တောင်တရုတ်ပင်လယ်ပြင်တွင်းမှာလည်း အလှမ်းဝေးတဲ့ နေရာတွေအထိ ရှာဖွေမှုတွေ လုပ်နေတယ်လို့ သူက ပြောပါ တယ်။ လေယာဉ် ပျောက်ဆုံး ခဲ့တဲ့ နေရာနဲ့ပတ်သက်တဲ့ သဲလွန်စ သတင်း အချက်အ လက်သစ် တော့ သူက ထပ် မပြောနိုင်ခဲ့ပါဘူး။ ကွာလာလမ်ပူ ကနေ ဘေဂျင်းမြို့ကိုအသွား စနေနေ့က လေယာဉ်ပျောက် သွားခဲ့ပြီးတဲ့နောက် နာရီပိုင်းအတွင်း လေယာဉ် ကနေ Satellite ဂြိုဟ်တုကို ဆက်သွယ်တဲ့ အလိုအလျောက် အီလက်ထရောနစ် သတင်းပေးပို့ချက်တွေ ရှိခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်လို့လည်း သယ်ယူ ပို့ဆောင်ရေးဝန်ကြီးက မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်လို့ မနေ့က အမေရိကန် အရာရှိတွေ တင်ပြခဲ့တာမှာတော့ လေယာဉ်ရဲ့ အနေအ ထားနဲ့ ပတ်သက်ပြီး ပုံမှန် သတင်းပေးပို့ ဖို့ ကြိုးစားတဲ့ pings လို့ခေါ်တဲ့ ခပ်ဝါးဝါး ဆက်သွယ်ချက် တချို့ကို စတလိုက် ဂြိုဟ်တု ကနေ ဖမ်းယူရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီ ဆက်သွယ်ချက်တွေ အရ လေယာဉ်ရဲ့ တည်နေရာကို ဖော်ပြနိုင်မလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရ သလို၊ ဒီ ဆက်သွယ်ချက်တွေ ပေးပို့ချိန်မှာ လေယာဉ် ဟာ ဝေဟင်မှာ ရှိနေ တာလား ဆိုတာလည်း ရှင်းရှင်း လင်းလင်း မရှိသေးပါဘူး။

ဒီအတောအတွင်း ကွာလာလမ်ပူမြို့က မူစလင်တွေ စုဝေးပြီး ပျောက်ဆုံးသွားတဲ့လေယာဉ်နဲ့ အတူ လိုက်ပါ လာ သူတွေ အားလုံး ဘေးအန္တရာယ်မရှိ အိမ်ပြန်ရောက်လာဖို့ ဆုတောင်းတဲ့ ဆုတောင်းပွဲတခုကို လေဆိပ် အနီးက ဗလီမှာ ဒီကနေ့ ပြုလုပ်ခဲ့ကြပြီ မလေးရှား ၀န်ကြီးချုပ် Najib Razak လည်း ဒီဆုတောင်း ပွဲကို တက်ရောက်ခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်