Friday, March 21, 2014

ပြည့်တန်ဆာ နှင့် ဥပဒေ

Posted by drmyochit Friday, March 21, 2014, under | No comments



(အောက်တွင် ဖေါ်ပြမည့် အကြောင်းအရာများသည် အသက် ၁၈နှစ် ပြည့်မှ ဖတ်သင့်သည့် အပြင် ဖေါ်ပြမည့် အကြောင်းအရာကို လိုက်၍ ကြမ်းတမ်းသည်ဟု ယူဆနိုင်သော စာသားများ ပါဝင်နိုင်သဖြင့် မဖတ်ရှုလိုသူများ ဤနေရာမှ စတင်၍ ရပ်တန့်နိုင်ကြောင်း သတိပေးပါသည်)

===============================================

၁။ အမျိုးသမီး လွှတ်တော် အမတ်တစ်ဦးမှ နိုင်ငံတွင် ပြည့်တန်ဆာ လုပ်ငန်းကို တရားဝင်လုပ်ကိုင်နိုင်ရန် ဥပဒေရှိသင့်ကြောင်း အဆိုတင်သွင်းမည်ဟု ကြားသိရသောအခါ ထုံးစံအတိုင်းပင် ကန့်ကွက်သံ၊ လက်ခံသံ တဝေေ၀ ကြားရပါသည်။ ခံစားချက်ကို အဓိကထား ပြောနေသည်ကများပါသည်။ ခံစားချက်ကို ဘေးဖယ်၍ ပြောပြချင်သည်များရှိလာသည်။

၂။ ပြည့်တန်ဆာဟု ခေါ်သည်ဖြစ်စေ၊ မိန်းမရွှင်ဟု ခေါ်သည်ဖြစ်စေ၊ လိင်လုပ်သားဟု ခေါ်သည်ဖြစ်စေ အမှန်စင်စစ် “ဖာ” ပင်ဖြစ်သည်။ (စကားရိုင်းလျှင်သည်းခံပါ၊ ဆက်ရှင်းပါမည်) အခေါ်အဝေါ်က စကားပြောပါသည်။ ဖာကို ဖာဟု မခေါ်ပဲ လိင်လုပ်သားဟု ခေါ်သောအခါ တမျိုးသော ဂုဏ်ရှိနေသယောင်ထင်နေရသည်။ (ဂုဏ်မရှိဟု ပြောခြင်းလည်း မဟုတ်ပါ၊ ပုဂ္ဂလအစွဲကြောင့် ခံစားချက်ပြောင်းသွားတတ်ကြောင်း ပြောလိုရင်း ဖြစ်သည်။) ကေတီဗီမှာ အဆိုတော်လုပ်သည်ဟု နာမည်တတ်ထားသော မိန်းကလေးများကို ဖာဟု ခေါ်သော အခါ ဆတ်ဆတ်ခါ နာပါလိမ့်မည်။ ထို အနာသည်လည်း ထိုဘ၀မှ ရုန်းထွက်ရန် တွန်းအား တစ်ခု ဖြစ်နိုင်ပါသည်။ ထို့အပြင် ထိုအလုပ်ကို တရားဝင်ရေးမ၀င်ရေးထက် “ဖာ” ဟူသော စကားကိုပင် နှုတ်မှ မထွက်ရဲသော အမျိုးကောင်း သမီးငယ်များ ရှိနေကြောင်း ထင်ရှားစေရန် ဖြစ်သည်။ ယခုစာသည် ထိုဖာများကို တရားဝင်သင့် မ၀င်သင့်ထက် တွေးတောထိုက်ဖွယ်ရာများကို ပြောပြရန်သာ ဖြစ်ပါသည်။

၃။ လက်ခံလိုသူတို့ကမူ အကြောင်း အမျိုးမျိုးပြကြသည်။ ပြည့်တန်ဆာသည် ဘုရားရှင်လက်ထက်ကပင် ရှိခဲ့ကြောင်း (ဘုရားရှင်နှင့် လောကီရေး မဆိုင်ပါ၊ ဘုရားရှင်လက်ထက်တွင် သူခိုးလည်းရှိပါသည်၊ မည်သည့်လက်ထက်တွင်မဆို ပြည့်တန်ဆာရှိပါသည်၊ ရှိတိုင်း လက်ခံရန်မလိုပါ) တိုင်းပြည်ကို အလှတန်ဆာဆင်ပေးသဖြင့် ပြည့်တန်ဆာဟုခေါ်ကြောင်း (မည်သို့နာမည်တတ်တတ်၊ ဖာသည်ဖာပင်ဖြစ်သည်) တရားဝင် သတ်မှတ်ခြင်းဖြင့် ရဲများကို လိုင်းကြေး ဆတ်ကြေးပေးရခြင်းမှ ကင်းလွတ်နိုင်ကြောင်း၊ ဆေးစစ်ချက်များ လုပ်နိုင်သဖြင့် စိတ်ချရကြောင်း များ ပြောပြကြပါသည်။ (ထိုကိစ္စများကိုလည်း ရှင်းရပါမည်၊ ခဏသည်းခံပါ)

၎။ ကလေးပြော ပြောလိုက်လျှင်မူ ကိစ္စပြတ်ပါသည်။ ပြည့်တန်ဆာ ကိစ္စ တရားဝင်ရေး သဘောတူသူများသည် မိမိမိတ်ဆွေများကို “ငါ့ညီမကတော့ လိုင်စင်ရဖာကွ” ဟု ပြောရဲပါမည်လား။ ကိုယ့်အမျိုးထဲတွင် တရားဝင် ဖာခန်းထောင်သူများရှိလျှင် သဘောတူမည်လား။ မိုက်ရိုင်းချင်၍ မဟုတ်ပါ။ လူဆိုသည်မှာ ကိုယ့်နှလုံးသားထဲတွင်ရှိသော ကြိုးကို ဆွဲလှုပ်မှ နာချင်သည်။ ဖာများကို မသနား၍ မဟုတ်ပါ။ သနားသည်နှင့် တရားဝင်လုပ်ကာ သူရဲကောင်းဘွဲ့ပေးရန်လည်း မလိုပါ။ ဖခင်နဖူးမှ ခြင်ကို ရဲတင်းနှင့် ထုသတ်သော စေတနာကို စေတနာဟု မသတ်မှတ်လိုပါ။ စေတနာကို ပညာတွဲမှ သာဓုခေါ်ရပါမည်။

၅။ ပြည့်တန်ဆာ ကိစ္စကို အစိုးရတစ်ရပ်အနေဖြင့် သုံးမျိုး ဆောင်ရွက်နိုင်ပါသည်။ ၁) ပြစ်မှု အဖြစ် သတ်မှတ်ခြင်း Criminalisation ၊ ၂) ဥပဒေဘောင်အတွင်း ကန့်သတ်ဆောင်ရွက်စေခြင်း Legalisation ၊ ၃) ပြစ်မှုအဖြစ် လုံးဝ မသတ်မှတ်တော့ခြင်း Decriminalisation တို့ ဖြစ်ပါသည်။ ဒီမိုကရေစီ အစိုးရတိုင်း ပြည့်တန်ဆာကိစ္စကို တရားဝင် ခွင့်ပြုသည်မဟုတ်ပါ။ အထက်ပါ သုံးမျိုးကို နိုင်ငံအလိုက် ဆောင်ရွက်ကြသလို နိုင်ငံတစ်ခုအတွင်းရှိ ဒေသအလိုက်ဆောင်ရွက်ကြ၊ ငြင်းပယ်ကြ၊ လက်ခံကြသည်လည်း ရှိပါသည်။

၆။ ပြည့်တန်ဆာကိစ္စကို ပြစ်မှုဘောင်အတွင်း သွတ်သွင်းရာတွင်လည်း နှစ်မျိုးရှိပါသည်။ အလုံးစုံသော လိင်အရောင်းအ၀ယ်ကိစ္စမှန်သမျှ တားမြစ်ခြင်း Prohibitionist နှင့် လိင်အရောင်းအ၀ယ်ကို ခွင့်ပြုပြီး ကျန်ဆက်စပ်သမျှတားမြစ်ခြင်း Abolitionist (ဥပမာ- အများပြည်သူနေရာလိင်ရောင်းဝယ်ခြင်း၊ မြူဆွယ်ခြင်း၊ ဇိမ်နန်းထောင်ခြင်း) တို့ ဖြစ်ပါသည်။ ယခု မြန်မာနိုင်ငံတွင် ပြောနေကြသူများသည် ဥပဒေအတွင်းမှ ပြည့်တန်ဆာ လုပ်ကိုင်ခွင့်ပြုခြင်းကို တောင်းဆိုနေသည်ဟု ယူဆသည့် အလျောက် ထိုကိစ္စကို အသေးစိတ်ပါမည်။

၇။ ပြည့်တန်ဆာလုပ်ငန်းကို တရားဝင် ခွင့်ပြုလိုက်သောအခါ တရားဝင်စေရန် လုပ်ရသော ကိစ္စများ ပါလာပါသည်။ မှတ်ပုံတင်ခြင်း၊ လိုင်စင်ချပေးခြင်း၊ မစစ်မနေရ ဆေးစစ်စေခြင်း စသည်တို့ ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွက် ဖာများသည် များသောအားဖြင့် နယ်လှည့်လိင်လုပ်သားများ ဖြစ်ပါသည်။ တစ်နေရာတွင် ကြာရှည်နေလျှင် ဖောက်သည်ရသည်ဟု ယူဆနိုင်သော သာမန်အရောင်း အ၀ယ်ကိစ္စမဟုတ်ပါ။ နေရာသစ်မှ လူအသစ်ဟုထင်ကြပါသည်။ မှတ်ပုံတင်ဝယ် သက်တမ်းရင့်နေသော ပြည့်တန်ဆာကို မည်သူမှ ငှားရမ်းပျော်ပါးလိုမည် မဟုတ်ပါ။ ထိုပြည့်တန်ဆာများအား တရားဝင် မှတ်ပုံတင်လာမည်ဟု ထင်လျှင်ထိုင်စောင့်ပါ။ မလာပါ။ လိုင်စင်သက်တမ်းတိုးခြင်း၊ ဆေးစစ်ခြင်းကိုလည်း တစ်နေရာတည်းတွင် လုပ်ပါမည်လား။ သံသယရှိရပါသည်။ ဆေးမအောင်လျှင်လည်း “ကောင်းရောင်းကောင်းဝယ်” လုပ်စားမည်လား။ တရားဝင်ဖာမှာ တရားမ၀င်ဖာအဖြစ် ပြောင်းသွားခြင်းသာ ဖြစ်ပါမည်။ အသက်မပြည့်၍ မှတ်ပုံတင်မလုပ်ရသော ပြည့်တန်ဆာသည် ထိုအလုပ်ကို အသက်ပြည့်သည် အထိ စောင့်နေမည်လား။

၈။ နောက်တစ်ချက်သည် ပြည့်တန်ဆာလုပ်ငန်းကို တရားဝင် သတ်မှတ်ခြင်းဖြင့် ရာဇ၀တ်မှု လျော့ကျနိုင်သည် ဆိုသော အကောက်အယူဖြစ်သည်။ ရာဇ၀တ်မှုတွင် အုပ်စုဖွဲ့ အနိုင်ကျင့်ခြင်း၊ ရဲကြေးပေးရခြင်း၊ ကလေးပြည့်တန်ဆာ၊ လူကုန်ကူးမှု စသည်တို့ လျော့ကျမည်ဟု ဆြိုခင်းဖြစ်ပါသည်။ အရောင်းအ၀ယ်သဘောကို နားမလည်၍ ပြောခြင်း ဖြစ်ပါသည်။ ငယ်ငယ်ကိုမှ တပ်မက်သူ၊ အပျိုဘ၀ ၀ယ်လိုသူ (ကန်တော့ပါသည်၊ မရှင်းမည်စိုး၍ ရိုင်းရိုင်းဆိုပါမည်၊ ပါကင်ဖောက်လိုသူ) စသည်တို့ရှိနေလျှင် မှောင်ခိုဈေးကွက်ရှိနေမည်သာဖြစ်သည်။ ထိုသို့ရှိနေလျှင် ရဲအဂတိကိစ္စ ရှိနေဦးမည်သာဖြစ်သည်။ ရဲများ ရဲကြေးတောင်းသည်ကို ပပျောက်ရန် ပြည့်တန်ဆာ တရားဝင်ရေးလုပ်မည်လား၊ ရဲအဂတိလိုက်စားမှု ပပျောက်ရေးလုပ်ရမည်လား ရှင်းအောင်တွေးစေချင်ပါသည်။ ရဲကမူ ဖာကြေး မရလျှင် နှစ်လုံးသုံးလုံးသမားဆီမှတောင်းပါမည်။

၉။ လိင်အရောင်းအ၀ယ်ကိစ္စသည် ရောင်းသူဝယ်သူ နှစ်ဦးတည်းသာ ရှိသော ကိစ္စလို မရိုးရှင်းပါ။ တတိယလူ အမြဲလိုလိုရှိပါသည်။ ထို ပြည့်တန်ဆာများကို ကြိုးကိုင်ခြယ်လှယ်နေသော ဇိမ်ခေါင်းပင်ဖြစ်ပါသည်။ ထိုခေါင်းများသည် များသော အားဖြင့် လူဆိုးလူမိုက်များဖြစ်ကြပါသည်။ တရားဝင်ဖြစ်လာသော ပြည်တန်ဆာကိစ္စများတွင် ထို မန်နေဂျာများ တရားဝင် ပေါ်ပေါက်လာပြီး ရာဇ၀တ်မှုကို ကျူးလွန်နိုင်ခြေ ပိုများလာပါမည်။ ပြည့်တန်ဆာများကို ခေါင်းပုံဖြတ်ခြင်း၊ ပချုပ်ဆိုင်ထောင်ခြင်း၊ အတင်းအကြပ် ဖာဇာတ်သွင်းခြင်းတို့ကို တရားဝင်လုပ်လာနိုင်ပါသည်။ ဖြစ်ပြီးလျှင် မျက်စေ့မှိတ်သည်က များပါသည်။ ပြည့်တန်ဆာနွံသည် ရုန်းထွက်ရန် ခက်ပါသည်။ ပြည့်တန်ဆာကိစ္စကို ဥပဒေပြုလျှင် ထို ဖာခေါင်းများအတွက် ဥပဒေ ထပ်၍ ပြုရပါသည်။ နိုင်ငံတကာကို ကြည့်စေချင်ပါသည်။

၁၀။ နေရာကိစ္စသည်လည်း စဉ်းစားစရာ ကိစ္စ ဖြစ်လာပါမည်။ လမ်းပေါ်မှ ဖာများအတွက် မြူဆွယ်ရန် နေရာ သတ်မှတ်ပေးရပါမည်။ တွေ့ရာတွင် မြူဆွယ်၍ မရပါ။ ဇိမ်နန်းထောင်ရာတွင်လည်း ထို့အတူပင် ဖြစ်ပါသည်။ ထိုအရပ်ဒေသရှိ အမျိုးကောင်း သားသမီးများ အနှောက်အယှက် မဖြစ်စေရန် သီးသန့်နေရာ သတ်မှတ်ပေးရပါမည်။ ထို့အပြင် အများပြည်သူနှင့် ဆိုင်သော နေရာများတွင် လိင်အရောင်း အ၀ယ်လုပ်ခြင်း soliciting ကိုလည်း ထိန်းချုပ်ရပါမည်။ မည်သူသည် မိမိနေရပ်ကို တရားဝင် ဖာအရပ် အဖြစ် သတ်မှတ်ခံလိုပါမည်နည်း။ ပြည့်တန်ဆာ ဥပဒေကို လက်ခံလျှင် ထိုကိစ္စများကို ထည့်သွင်း ခွင်ပြုရမည်ဖြစ်သည်။ တံခါးပေါက်မှာ မြူဆွယ်ခွင့်၊ လမ်းပေါ်တွင် မြူဆွယ်ခွင့်၊ အိမ်သို့ အလုပ်သို့ ဖာခေါ်ခွင့်၊ ဇိမ်နန်းထောင်ခွင့် စသဖြင့် ပါဝင်လာပါမည်။ သားပျိုသမီးပျိုရှိသော အိမ်ရှေ့တွင် ပချုပ်ဆိုင်ထောင်သည်ကို မည်သည့်ဖခင်က လက်ခံလိုပါမည်နည်း။

၁၁။ ထပ်မံစဉ်းစားစရာကိစ္စသည် ဥပဒေ အသက်ဝင်ခြင်း ကိစ္စ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဆေးလိပ်အရက်များကို ၁၈နှစ် မကျော်သူများအား မရောင်းရန် ဥပဒေရှိပါသည်။ အားလုံးလိုလို မလိုက်နာပါ။ ထိုသို့ ထိန်းညှိရန် အဖွဲ့ အစည်း အားကောင်းမှု မရှိပဲ တရားဝင် ခွင့်ပြုလိုက်လျှင် အာဏာဖြင့် ထိန်းချုပ်၍ ရသော ဘ၀မှ ထိန်းချုပ်ရန် အခွင့်အာဏာ ပင်ပျောက်သွားနိုင်ပါသည်။ ဘာနှင့်မှ ကိုင်တွယ်မရပဲ လူကုန်ကူးမှု၊ ကလေးပြည့်တန်ဆာအမှုတို့ တရားဝင် ဖြစ်လာနိုင်ပါသည်။ ထိုသို့ တရားဝင်လာလျှင် မှောင်ခိုပြည့်တန်ဆာကိစ္စကို မည်သူကိုင်တွယ်မည်နည်း။ ရဲများကမူ ဖာကြေးကောက်ရသည့် အရသာကို သိပြီး ဖြစ်ပါသည်။

၁၂။ ပြည့်တန်ဆာကိစ္စကို ဥပဒေဖြင့် ကန့်သတ်ခြင်းသည် လူထုအတွင်း လိင်မှုရောဂါများကူးစက်မှုကို ကန့်သတ်ရန်ဖြစ်ပါသည်။ လူထုကို ဦးတည်ပါသည်။ ပြည့်တန်ဆာကိစ္စကို ပြစ်မှုအဖြစ်မှ ဖယ်ရှားလိုက်ခြင်းသည် လူ့အခွင့်အရေးကို ဦးတည်ပါသည်။ လူ့အခွင့်အရေးထောင့်မှ ကြည့်သူများသည် ပြည့်တန်ဆာအမှုကို သာမန်အရောင်းအ၀ယ်ကိစ္စ အဖြစ် ဥပဒေလုပ်ရန်မလိုပဲ ရှိရင်းစွဲ တားမြစ်ဥပဒေကို ပယ်ဖျက်ရုံသာရှိပါသည်။ ထိုအထိ လုပ်ရဲပါမည်လား။ ဥပဒေဖြင့် ကန့်သတ်လျှင်လည်း ပြည့်တန်ဆာများကို အန္တရာယ်ရှိသော လိင်ကိစ္စများအကြောင်း သင်တန်းပေးခြင်း၊ ဆာတီဖီကိတ် လက်မှတ်ထုတ်ပေးခြင်းတို့ ဆောင်ရွက်ရပါမည်။

၁၃။ ထိုသို့ ဆောင်ရွက်ပါသော်လည်း ပြည့်တန်ဆာကို ဥပဒေဖြင့် ခွင့်ပြုခြင်း၏ အကျိုးရလာဒ်ကို သိသာထင်ရှားစွာ မတွေ့ရကြောင်း သူရို့ ၀န်ခံကြပါသည်။ ၁) ရလာဒ်ကို သုတေသနပြုမှု၊ စောင့်ကြည့် အဆင့်မြှင့်ပေးမှု နည်းပါးခြင်းLittle evaluative research ၊ ၂) ဥပဒေဘောင်ဖြင့် ချဉ်းကပ်နည်းများ အတိုးအလျော့ လုပ်ရန်လွယ်ခြင်းVariations in legal frameworks within approaches ၊ ၃) အစီရင်ခံစားများ၏ ရလာဒ်ကို တိုင်းတာတွက်ချက်ရန် ခဲယဉ်းခြင်းValidity of reports ၊ ၄) အငြင်းပွားဖွယ်ရလာဒ်များရှိခြင်း Conflicting results (ဘာသာရေးသမားတို့က သိပ်များနေပြီထင်မည်၊ လူ့အခွင့်အရေးသမားက လိုသေးသည်ထင်မည်) တို့ကြောင့် ဖြစ်ပါသည်။

၁၄။ အဆုံးသတ်ပြောရလျှင် ဖူကူယားမား၏ နိုင်ငံတည်ဆောက်ရေး စာအုပ်မှ အမှတ်ရမိသည်ကို ပြောပြလိုပါသည်။ ဒီမိုကရေစီဖေါ်ဆောင်ရာတွင် ယဉ်ကျေးမှုဖက်တာသည် ရွေ့ပြောင်းရ အလွန်ခက်ပါသည်။ ပြည့်တန်ဆာကိစ္စကို ယဉ်ကျေးမှုဖက်တာပေါ်တင်ကြည့်စေချင်ပါသည်။ (ယဉ်ကျေးမှုကို အကြောင်းပြ၍ ငြင်းခြင်း မဟုတ်ပါ၊ ပြည့်တန်ဆာကိစ္စကို ပြည်သူတို့၏ ယဉ်ကျေးမှုအပေါ်လက်ခံသော သို့မဟုတ် ငြင်းပယ်သော ဓလေ့အပေါ်တင်ကြည့်စေရန် ဆိုလိုပါသည်။ ပြည်သူတို့ အလွယ်တကူ ခေါင်းငြိမ့်မည်လော၊ ငြင်းပယ်မည်လော ဆိုသည်ကို စဉ်းစားရန် ဖြစ်ပါသည်) ထိုအလုပ်ကို မဆိုထားနှင့်၊ ဖာဟူသောစကားကိုပင် နှုတ်က မထွက်ရဲသူများရှိကြောင်း သိစေလိုပါသည်။

၁၅။ သူရို့ဆီမှာ၊ သူရို့ဆီမှာနှင့် လွယ်လင့်တကူ ဒီမိုကို ကရေစီပြသူများ စဉ်းစားစေချင်ပါသည်။ သူရို့ဆီမှာတိုင်း ပြည့်တန်ဆာဥပဒေကို လက်ခံကြသည်မဟုတ်ပါ။ တားမြစ်သောနိုင်ငံများစွာရှိပါသည်။ ကိုယ့်အခြေအနေကို မသုံးသပ်ပဲ လွယ်လင့်တကူ တင်သွင်းလို၍ မရပါ။ သူ့ရေမြေမှာပေါက်တိုင်း ကိုယ့်ရေမြေနှင့် အံမ၀င်ပါ။ (ယခုစာစုတွင် မြန်မာ့ယဉ်ကျေးမှုကို အကြောင်းပြ၍ မငြင်းခဲ့ပါ၊ ) ဆင်ခြင်တုံတရားကို သုံး၍ သုံးသပ်စေလိုပါသည်ခင်ဗျား။

၁၆။ ထို့ထက်ပို၍ ဆိုရန် မရှိပါ။

နောက်ဆက်တွဲ
-----------------

ဆရာဦးမောင်မောင်မြင့်မှ ဖုံးဆက်၍ ဆွေးနွေး အားပေးသဖြင့် ကျေးဇူးတင်ရပါသည်။ ဆရာပြောသော ဖြေရှင်းရန် နည်းလမ်းများကို (နားလည်သမျှ) တင်ပေးပါမည်။

(၁) ပြည့်တန်ဆာကိစ္စသည် ပပျောက်ရန် လုပ်မရပါ။ ပပျောက်ရန် လုပ်မရ၍ တရားဝင်လုပ်ရမည်ဟု မဆိုလိုပါ။ တိုးတိုးကြိတ်ကြိတ် ဖြေရှင်းခြင်းကိုသာ ကာယကံရှင်များက ပိုသဘောကျပါသည်။ တရားဝင်ဖာအဖြစ်ရပ်တည်ရန်သည် နောင်ရေးရှိပါသေးသည်။ အသက်ကြီးလာလျှင် မိသားစုနှင့် နေချင်ကြပါလိမ့်မည်။ မည်သူမှ ထာဝစဉ်ဖာလုပ်မရပါ။ ဖာမှတ်ပုံတင်ထားလျှင် အသက်ကြီးလျှင် ခေါင်းဖြစ်သွားပါမည်။ မှတ်ပုံမတင်လျှင် မသိလိုက် မသိဘာသာ စွန့်ခွာ၍ ရနိုင်ပါသည်။

(၂) ဆရာပြောပြသော ဥပမာလေး အလွန်ကောင်းပါသည်။ အမိန့်ရ အပေါင်ဆိုင်သည် အပေါင်ဆိုင် သတ်သတ်လုပ်ပါက မည်သူမှ မ၀င်လိုပါ။ (ဆိုင်ထဲဝင်လျှင် ပေါင်ရန်မှန်း လူတိုင်း သိပါသည်) အပေါင်ဆိုင်ကို စတိုးဆိုင်လေးနှင့် တွဲဖွင့်ပါမှ ပစ္စည်းလေး တစ်ခုခု ၀ယ်သလိုနှင့် ၀င်ပေါင်ပါသည်။ ကေတီဗီအဆိုတော်လုပ်ခြင်းသည် ထိုသို့ သဘောပါနေပါသည်။ ဖာများမှတ်ပုံတင်မည်မဟုတ်ပါ။ မတင်မည့်အတူတူ အခြားသော နည်းလမ်းများဖြင့် ဖာကိစ္စ ပပျောက်ရန် ကြိုးစားစေချင်ပါသည်။

(၃) ဖာထက် အရေးကြီးသည်မှာ ချုပ်ထားသော ခေါင်းများဖြစ်ပါသည်။ သူရို့က ဖာများကို ခေါင်းပုံဖြတ်ခြင်း၊ ဇိမ်ခန်းထောင်ခြင်း၊ ဖာဇာတ်သွင်းခြင်းများ လုပ်ပါသည်။ ဖာကိုဖမ်းသဖြင့် ပြဿနာ မပြေလည်ပါ။ အညှာက ခေါင်းများဖြစ်ပါသည်။ ဖာများကို ကယ်လိုလျှင် ခေါင်းကို အားပေးသော ဥပဒေပြုရေးထက် သူရို့ကို အရေးယူနိုင်ရန်သာ ကြိုးစားစေချင်ပါသည်။

FROM-TAKA MOE NYO
Photo Singapore feel

"MH370 ယာဉ်ပေါ်မှာ ပါသွားခဲ့တဲ့ စတန့်မင်းသား အတွက် ရုပ်ရှင် အဖွဲ့သားများ ဆုတောင်းလျက်ရှိ"

Posted by drmyochit Friday, March 21, 2014, under | No comments



Friday, March 21, 2014

ပျောက်ဆုံးလျက် ရှိတဲ့ MH370 လေယာဉ်ပေါ်မှာ ဂျက်လီရဲ့ တွဲဖက် သရုပ်ဆောင် စတန့်မင်းသား ဂျူကွန်း လိုက်ပါ စီးနင်း သွားခဲ့တယ်လို့ မကြာသေးခင် က သတင်း ထုတ်ပြန် ခဲ့ပါတယ်။

သူက ဂျက်လီနဲ့အတူ တွဲဖက် ပြီး “The Expendables” နဲ့ “Forbidden Kingdom” စတဲ့ ကမ္ဘာ ကျော် ဇာတ်ကားတွေ အပါအဝင် ရုပ်ရှင် ဇာတ်ကား အများအပြား မှာ ပါဝင် သရုပ်ဆောင်ခဲ့ ဖူးပါတယ်။ ဂျူကွန်းက မလေးရှား မှာရှိတဲ့ ပိုင်ဝုဒ် စတူဒီယိုနဲ့ အလုပ် တွဲဖက်လုပ်ကိုင် ပြီးနောက် MH370 လေယာဉ်ကို စီးပြီး ဘေဂျင်း ကိုပြန် လာခဲ့တာပါ။


ဘေဂျင်း ပြန်ရောက်ရင် Netflix မီဒီယာ ကုမ္ပဏီက ရိုက်ကူးမယ့် “Marco Polo” ဇာတ်လမ်းမှာ ပါဝင်ဖို့ ပြင်ဆင်ပြီးတဲ့ အပြင် ရက်သတ္တ ပတ် အနည်းငယ် အတွင်း ရိုက်ကူး ရေး စဖို့ စီစဉ်ထားတာပါ။

“ဂျူကွန်းက “Marco Polo” ဇာတ်လမ်းမှာပါမယ့် မိသားစုဝင် တစ်ယောက် ပါ။ Harvey Weinstein နဲ့ Netflix ကုမ္ပဏီအား ကျွန်တော် တို့ တအားတုန်လှုပ် ဝမ်းနည်း ပါတယ်” လို့ Marco Polo ဇာတ်လမ်း ဇာတ်ညွှန်းရေး ဆရာ ဂျွန်ဖူစကိုက ဆိုပါတယ်။

ဂျူကွန်းရဲ့ ဇနီးသည်က လတ် တလောမှာ ကွာလာလမ်ပူ မြို့မှာ နေထိုင်လျက် ရှိပြီး ရှာဖွေ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ ရဲ့ အကြောင်းကြားစာ ကို မျှော်လင့် တကြီး စောင့်ဆိုင်းနေ ရှာပါတယ်။

MH370 ယာဉ်ပေါ်မှာပါ သွားခဲ့တဲ့ ခရီးသည်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ အတွက် ကြေကွဲ ဝမ်းနည်းရပါတယ်။ သူတို့ နဲ့ထပ်တူ ခံစားရပါတယ်” လို့ ဂျွန်ဖူစကိုက ထပ်လောင်း ပြောပါတယ်။

သိဂီင်္ဝင်း
Ref : Yahoo News Singapore
Popular Journal

Thursday, March 20, 2014

ရှန်ဟိုင်းတွင် ဇနီးမယားအဖြစ် ရောင်းစားခံရသူ မိခင်ထံ ဖုန်းဆက် အကူအညီတောင်း

Posted by drmyochit Thursday, March 20, 2014, under | No comments


ရန်ကုန်၊ မတ် ၁၉

ရှမ်းပြည်နယ်ရှိ စက်ရုံတစ်ရုံတွင် လစာကျပ်နှစ်သိန်းရသော အလုပ်သွင်း ပေးမည်ဟုဆိုကာ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့သို့ တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံခဲ့ရသူ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ရန်ကုန်မြို့တော်ရှိ မိခင်ထံ ဖုန်းဆက်ပြီး ၎င်းကို ပြန်ခေါ်ရန် မတ်လ ၁၆ ရက်နေ့က အကူအညီ တောင်းခံခဲ့ကြောင်း ရွှေပြည်သာ မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ရွှေပြည်သာမြို့နယ်၊ အမှတ် (၉) ရပ်ကွက်တွင်နေသူ အမျိုးသမီး၏ နေအိမ်သို့ လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က အမှတ် (၁၈) ရပ်ကွက်၊ ရာဇာဓိရာဇ်လမ်းတွင် နေသူ မစိုးစိုး ရောက်ရှိလာပြီး ရှမ်းပြည်နယ်ရှိ ဆေးဝါးဖြန့်ဖြူးရေး စက်ရုံတွင် လစာ ကျပ်နှစ်သိန်းရသော အလုပ် သွင်းပေးမည်ဟု ဆိုသောကြောင့် လိုက်ပါသွားခဲ့ကြောင်း၊ ယင်းနောက် မိသားစုဖြင့် အဆက်အသွယ် မရတော့ဘဲ မတ်လ ၁၆ ရက်နေ့က မိခင်ဖြစ်သူထံ တရုတ်မယားအဖြစ် ရောင်းစားခံရကြောင်း တယ်လီဖုန်းဖြင့် ဆက်သွယ်ပြီး အကူအညီ တောင်းခဲ့သည်ဟု ရွှေပြည်သာ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“ရှန်ဟိုင်းမြို့မှာ တရုတ်မယားအဖြစ် ရောင်းစားခဲ့လို့ အခုကလေး တစ်ယောက်ရနေပြီ ပြောတယ်။ သူ့အမေဆီ ဖုန်းဆက်ပြီး မြန်မာပြည် ပြန်ခေါ်ပေးဖို့ အကူအညီ တောင်းခဲ့တာ။ လတ်တလော တရုတ်နိုင်ငံက လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံ သတင်းပေးပို့ထားပြီး စုံစမ်းပေးဖို့ အကူအညီ တောင်းထားပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

လစာ သိန်းချီရသော အလုပ်သွင်းပေးမည်ဟုဆိုကာ ရောင်းစားခဲ့သူဟု တိုင်ကြားခံရသည့် မစိုးစိုးကို ရွှေပြည်သာ မြို့မရဲစခန်းမှ (ပ) ၁၇၄/၁၄၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် မတ်လ ၁၈ ရက်နေ့က အမှုဖွင့် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရှိရသည်။

The Voice

ပူပြင်းတဲ့နွေရာသီမှာ ရှောင်ရှားသင့်တဲ့ အစားအစာများ

Posted by drmyochit Thursday, March 20, 2014, under | No comments


ပူပြင်းခြောက်သွေ့တဲ့နွေရာသီကိုတော့ ရောက်လို့လာပါပြီ။ အားလုံးကအေးချမ်းတဲ့နေရာမှာနေ၊ အနားယူပြီး အစားအသောက်ကောင်းကောင်းကို သုံးဆောင်ချင်ကြမှာပါပဲ။ ဒါပေမယ့် Food Republic ရဲ့အဆိုအရ အချို့အစားအသောက်တွေဟာ အပူချိန်ကြောင့်ဖြစ်တဲ့ပြသနာတွေကို ပိုဆိုးစေနိုင်ပါတယ်။ ပူပြင်းတဲ့ရာသီဥတုမှာ ရှောင်ရှားဖို့နဲ့ သင့်ရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေနဲ့ချိန်ဆကြည့်ဖို့ သူတို့ရဲ့အဲဒီ့အစားအသောက်စာရင်းကို လေ့လာကြည့်ပါ။

၁။ အနံ့အရသာပြင်းတဲ့ အစားအသောက်များ

အနံ့အရာသာပြင်းတဲ့ အစားအသောက်တွေမှာတွေ့ရတဲ့ capsaicin ဓာတ်ကိုစားသုံးမှုဟာ ခဏတာခန္ဓာကိုယ်အပူချိန်လွန်ကဲမှုနဲ့ ဆက်စပ်နေပါတယ်။ ခန္ဓာကိုယ်ပြင်ပမှာအရမ်းပူနေတဲ့အချိန်မှာ ခန္ဓာကိုယ်အတွင်းကအပူချိန်ကို လျော့နေစေဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းသင့်ပါတယ်။ အခြားတစ်နည်းနဲ့ပြောရရင်တော့ ပူစပ်တဲ့အချည်ရည်တွေကို အလွန်အကျွံစားသုံးနေတာက ရပ်တန့်ဖို့ဖြစ်ပါတယ်။

၂။ ဆီးရွှင်စေတဲ့အစားအသောက်များ

အမြဲရေဓာတ်နဲ့ပြည့်ဝနေတာကို သင်လိုချင်မှာပါ။ ဒါကြောင့် သင့်ခန္ဓာကိုယ်ထဲကရေတွေကို ထုတ်ပစ်မယ့် အစားအသောက်တွေကို ရှောင်ဖို့ အကြံပြုပါရစေ။ အဲဒီ့အစားအသောက်တွေမှာတော့ သင့်ခန္ဓာကိုယ်ကို အလားတူသက်ရောက်မှုဖြစ်စေတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ဆိုဒါ၊ သရက်သီး၊ စမုန်နက်၊ အာတီချုပ် နဲ့ ကညွတ်ရွက်တွေပါဝင်ပါတယ်။

၃။ ပရိုတိန်းပါဝင်မှုများသော အစားအသောက်များ

ပရိုတိန်းကိုအစားခြေဖျက်တဲ့အခါ သင့်ခန္ဓာကိုယ်ဟာအလုပ်အများကြီးလုပ်ဖို့လိုအပ်ပြီး thermogenesis လို့အမည်ရတဲ့ဖြစ်စဉ်မှာ အပူကိုဖြစ်ပေါ်စေပါတယ်။ သစ်သီးဝလံတွေလိုမျိုး ကာဗွန်ဟိုက်ဒရိတ်နည်းနည်းသာပါတဲ့အပြင် thermogenesis ဖြစ်စဉ်မှာ စွမ်းအင်နည်းနည်းသာသုံးပြီး အပူထုတ်မှုနည်းတဲ့ အစားအစာတွေကိုစားပါ။ Food Republic ရဲ့အဆိုအရ ကာဗွန်ဟိုက်ဒရိတ်နဲ့ယှဉ်ရင် ပရိုတိန်းကိုချေဖျက်ဖို့အတွက် စွမ်းအင် ၅၀ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်းအထိပိုကုန်ပါတယ်။ ဒီတစ်ခုကရတဲ့သင်ခန်းစာကတော့ “အသားကို လျှော့စားပါ”။

Ref:thekitchn.com
trend myanmar

ပျောက်ဆုံးနေသော မလေးရှားလေယာဉ်အား တွေ့ခဲ့ကြောင်း သတင်းဖော်ပြမှုကို မော်ဒိုက်ရဲတပ်ဖွဲ့ စစ်ဆေး

Posted by drmyochit Thursday, March 20, 2014, under | No comments

မတ် ၁၇ ရက်တွင် သြစတြေးလျလေတပ်က ထုတ်ပြန်ခဲ့သော ဓာတ်ပုံ၌
ရေကြောင်းကင်းလှည့်လေယာဉ်ပေါ်၌ တွေ့ရသော လေယာဉ်မှူးတစ်ဦး
ခရီးသွားများ နှစ်သက်သော ကျွန်းစုနိုင်ငံ မော်ဒိုက်တွင် ဒေသခံများက ပျောက်ဆုံးမလေးရှားလေယာဉ်ကို တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်ဟု သတင်းထွက်ခဲ့မှုအား ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း မတ် ၁၈ ရက်နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ မတ် ၈ ရက်တွင် မော်ဒိုက်တောင်ပိုင်းရှိ ကူဒါဟူဗာဒိုကျွန်းပေါ် လေယာဉ်ကြီးတစ်စင်း အနိမ့်ပျံသန်းသွားသည်ကို ဒေသခံများက တွေ့ရှိခဲ့ကြောင်း Haveeru သတင်း ၀က်ဘ်ဆိုက်က ဖော်ပြမှုကို စုံစမ်းစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

အနီစင်းကျားများနှင့် လေယာဉ်ဖြူတစ်စင်းသည် မော်ဒိုက်တောင်ဘက်စွန်းသို့ ဦးတည်ပျံသန်းသွားသည်ကို တွေ့ရှိခဲ့ကြောင်း ကူဒါဟူဗာဒိုဒေသခံများ၏ ပြောကြားချက်ကို Haveeru က ဖော်ပြခဲ့သည်။ ကုန်းရေ နှစ်သွယ်သွား လေယာဉ်များကို မြင်ဖူးသော်လည်း ဂျက်လေယာဉ် တစ်စင်းက ယခုကဲ့သို့ အနိမ့်ပျံသွားမှုကို မတွေ့ဖူးကြောင်း မျက်မြင်တစ်ဦး၏ ပြောကြားမှုအား ယင်းဝက်ဘ်ဆိုက်က ကိုးကားခဲ့သည်။Haveeru ဂျာနယ်လစ် ဖာရာအာမက်က မျက်မြင်အမြောက်အမြားသည် ယင်းအတိုင်းပြောကြားခဲ့ကြောင်း ပြောကြားခဲ့သည်။ သို့သော် အဆိုပါသတင်းသည် မှန်ကန်မှုမရှိကြောင်း မော်ဒိုက်စစ်တပ်က မတ် ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။

မော်ဒိုက်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ ရေဒါများနှင့် လေဆိပ်များရှိ အရပ်ဘက်ဆိုင်ရာ ရေဒါများအား ပြန်လည်စစ်ဆေးခဲ့သော်လည်း အဆိုပါလေယာဉ်သည် နိုင်ငံပိုင်နက်အတွင်းသို့ ၀င်ရောက်ခဲ့သည့် အထောက်အထား မတွေ့ခဲ့ရကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

“နောက်ဆုံးရရှိထားတဲ့ အချက်အလက်တွေအရ MH370 ခရီးစဉ်လေယာဉ်ဟာ မော်ဒိုက်နိုင်ငံထဲကို ၀င်ခဲ့တဲ့ အထောက်အထား မတွေ့ရပါဘူး”ဟု စစ်တပ်၏ ကြေညာချက်တွင် ပါရှိသည်။

မော်ဒိုက်ရဲတပ်ဖွဲ့နှင့် အရပ်ဘက် လေကြောင်းအာဏာပိုင်များက အသေးစိတ်စုံစမ်းမှုများကို ဆက်လုပ်နေပြီး အစီရင်ခံစာတစ်စောင်ကို ထပ်မံထုတ်ပြန်သွားမည် ဖြစ်ကြောင်း အတည်ပြုထားသည်။

“ရေဒါအချက်အလက်တွေနဲ့ လေကြောင်းထိန်းသိမ်းရေးဌာနက မှတ်တမ်းတွေ အားလုံးကို ပြန်ပြီး စစ်ဆေးနေပါတယ်” ဟု အရပ်ဘက် လေကြောင်းအာဏာပိုင်အမှုဆောင်ချုပ် ဟူစိန်ဂျာလေးက ပြောကြားသည်။

ယခုအခါ မလေးရှားလေယာဉ်ကို နိုင်ငံ ၂၆ နိုင်ငံက ပူးတွဲရှာဖွေလျက်ရှိကြောင်း သိရသည်။

Ref:AFP
Eleven Media Group

''' ၈ နှစ်သားလေးနဲ့ အတူအိပ်ခဲ့တဲ့ အမျိုးသမီး ထောင် ၂ နှစ်ကျ''

Posted by drmyochit Thursday, March 20, 2014, under | No comments


Thursday, March 20, 2014

တလောက အသက် ၄၁ နှစ်အရွယ်တက္ကသိုလ် ဆရာမနဲ့ အသက် ၁၆နှစ်အရွယ် ဆယ်တန်းကျောင်းသား
ခိုးပြေးကြတဲ့ သတင်းထက် အခုကိစ္စကပိုစိတ်ဝင်စားစရာ ကောင်းမယ် ထင်ပါတယ်။

အခုကိစ္စက အသက် ၈ နှစ်သာ ရှိသေးတဲ့ ယောက်ျာလေးငယ် တဦးနဲ့ အသက် ၁၆ နှစ် မိန်းကလေးတို့ ကိစ္စပါ။

အခု အသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့ ကလေး တယောက်အမေ မစ္စ လော်ရင် မောရစ်ဟာ အသက် ၁၆ နှစ်
အောက် လူငယ်လေး တဦးနဲ့ လိင်ဆက်ဆံခဲ့တာကြောင့် စွဲချက် ၃ ခု နဲ့ ပြီးခဲ့လက တရားစွဲခံခဲ့ရပြီး ဗြိတိန်နိုင်ငံ Worcester တရားရုံးက ပြစ်မှု ထင်ရှားရှိ တာတွေ့လို့ ထောင်ဒဏ်ချမှတ်ခံလိုက်ရပါတယ်။

လော်ရင် မောရစ်ဟာ အသက် ၁၆ နှစ်အရွယ်တုန်းက အသက် ၈ နှစ်အရွယ် လူငယ်ကလေးနဲ့ အတူ အိပ်ပြီး ၂ နှစ်ကျော် ကာလအတွင်း အကြိမ် ၅၀ ကျော် လိင် ဆက်ဆံခဲ့တယ်လို့ The Mirror သတင်းတပုဒ် မှာ တွေ့ပါတယ်။

တရားရုံးကတော့သူ့ကို ထောင်ဒဏ်နဲ့ ကန့်သတ်ချက်တွေ ချမှတ်လိုက်ပါပြီ။ ဒါပေမယ့် သူက တရားရုံး မှာ ပြန်လျှောက်ထား ရာမှာတော့ သူ ၁၆ နှစ် သမီးတုန်းက အသက် ၈ နှစ်သားနဲ့ အတူအိပ်ပြီး လိင်ဆက် ဆံခဲ့တာကို မှားမှန်းသိလို့ သူ ဆက်မ လုပ်တော့ပဲ ရပ်ပစ်ခဲ့တယ်လို့ သူက တရားသူကြီးကို တင်ပြတယ်။

တရားသူကြီး Robert Juckes QC က ဒါဟာ ရှက်ဖွယ်လိလိဖြစ်တယ်လို့ သူ့ကို ပြောလိုက်ပြီး ပြစ်မှုမြောက် လို့ ထောင် ဒဏ် ၂ နှစ် ချမှတ်လိုက်တယ်။

ထောင်ဒဏ်အပြင် လော်ရင်း မောရစ်ကို အသက် ၁၆ နှစ်အောက် ယောက်ျားလေးတွေနဲ့ အဆက်အသွယ် မလုပ်ရဘူးဆိုတဲ့ ကန့်သတ်ချက်လည်း အမိန့်ချမှတ်ပါတယ်။

အသက် ၁၆ နှစ်အောက် ယောက်ျားလေး မိဘတွေရဲ့ ခွင့်ပြုချက် မရှိရင် ဆက်သွယ်ခွင့်တောင် မရှိပါဘူး တဲ့။

(ဧရာဝတီ) ဘလော့

အင်ဂျင်ပြဿနာ ထိန်ချန်ထားတဲ့ တိုယိုတာကားကုမ္ပဏီ ဒေါ်လာ သန်းထောင်ကျော် ပေးလျော်ရ

Posted by drmyochit Thursday, March 20, 2014, under | No comments


တိုယိုတာကားတွေမှာ ဘေးအန္တရာယ်ဆိုင်ရာ ပြဿနာတွေ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ရှိနေတာနဲ့ပတ်သက်ပြီး လူထု နားလည်မှု လွဲမှားအောင် လုပ်ခဲ့တယ်ဆိုတာကို ကမ္ဘာ့အကြီးဆုံး ကားကုမ္ပဏီဖြစ်တဲ့ ဂျပန်နိုင်ငံ တိုယိုတာ မော်တော် ကော်ပိုရေးရှင်းက ၀န်ခံလိုက်ပါတယ်။

တချိန်ထဲမှာပဲ ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ခုကို ကျေအေးဖို့အတွက် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၂  ဘီလီယံ အမေရိကန် ပြည်ထောင်စု ကို ပေးဆောင်ဖို့ သဘောတူလိုက်ပါတယ်။

၎ နှစ်ကြာ အမှု ဖြေရှင်းလိုက်တာနဲ့ ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့က ၀ါရှင်တန်ဒီစီမြို့တော်မှာ ကြေညာချိန်အတွင်း ရှေ့နေချုပ် အဲရစ်က် ဟိုလ်ဒါ (Eric Holder) က ကုမ္ပဏီဟာ ရှက်ဖွယ်ရာ ပြုမူလုပ်ဆောင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

တိုယိုတာကုမ္ပဏီဟာ ကားတွေ ဘေးကင်းလုံခြုံဖို့ထက် ကုမ္ပဏီ သိက္ခာမကျဖို့ကို ပိုပြီး စိုးရိမ်ခဲ့တယ်လို့ မစ္စတာဟိုလ်ဒါက ပြောပါတယ်။ "သူတို့ကားကို ၀ယ်ယူသူတွေထက် သူတို့အမှတ်တံဆိပ်ကို ဦးစားပေး ကာကွယ်ခဲ့တယ်ဆိုတာ ကုမ္ပဏီ ကိုယ်တိုင်က ၀န်ခံခဲ့ပါတယ်။ ဒါဟာ အများပြည်သူရဲ့ ယုံကြည်မှုကို ရှင်းရှင်းလင်းလင်းနဲ့ သိက္ခာမဲ့စွာ မတရား ပြုကျင့်လိုက်ရာ မြောက်ပါတယ်။" လို့ ရှေ့နေချုပ် အဲရစ်က် ဟိုလ်ဒါက ပြောပါတယ်။

တိုယိုတာနဲ့ လက်က်စ်ဆပ်စ်ကားတွေရဲ့ ၂၀၀၉ ခုနှစ်နဲ့ ၂၀၁၀ ပြည့်နှစ် မော်ဒယ်လ်တချို့မှာ မရည်ရွယ်ဘဲ ကားအရှိန် တက်သွားတတ်တဲ့ ပြဿနာတွေ ရှိတာကို တိုယိုတာကုမ္ပဏီက ဖုံးကွယ်ဖို့ ကြိုးစား ခဲ့တယ်ဆိုတဲ့အပေါ် အဓိက စုံစမ်းစစ်ဆေးခဲ့တာပါ။ အဲဒီလို ချို့ယွင်းမှုကနေ ကားမောင်းသူတွေက ရုတ်တရက် အရှိန် အရမ်းတင်လိုက်တဲ့အခါ ကားကို မထိန်းနိုင်တော့တာကြောင့် လူသေဆုံးတဲ့အထိ ယာဉ်တိုက်မှုတွေ ဖြစ်ခဲ့ရပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

အကြော ပြတ်တာ ပျောက်အောင် ဘယ်လို လုပ်ရ ပါသလဲ

Posted by drmyochit Thursday, March 20, 2014, under | No comments


( ၁ ) Doctor ဝတဲ့သူ တွေမှာ အကြော  ပြတ် ကြပါတယ် အကြော ပြတ်တာ ပျောက်အောင် ဘယ်လို လုပ်ရ ပါသလဲ

( ၂ ) ဆရာ ရှင့် အကြော ပြတ် တဲ့ အကြောင်း လေး လည်း ရှင်းပြ ပေးပါဦး ဆရာ။ ကျွန်မ ရဲ့ ဒူးခေါင်း နဲ့ ပေါင်ခြံ တွေမှာ သိသိ သာသာ ကြီး အကြောပြတ် လာပါ တယ်။ အကြောပြတ် တာ ကုလို့ ရပါသလား။ သူများ ပြောတာ သံလွင် ဆီ လိမ်း ရတယ် ဆိုတာ အကြော မပြတ်ခင် လိမ်းရတာ မဟုတ်လား။ ပြတ်ပြီး သား အရာ ကြောင်းကြီး ကော လိမ်းဆေး ရှိပါ သလား ဆရာ။

“ဗိုက်အကြော ပြတ်တယ်” လို့ ပြောလေ့ ရှိတဲ့ ဟာက ရောဂါ တော့ မဟုတ် တတ် ဘူး။ ကျန်းမာရေး ပြဿနာ တော့ ဖြစ် တယ်။ ဗိုက်မှာ တင် မဟုတ် ပါ။ ရင်သား၊ တင်ပါး၊ ပေါင် စတဲ့ နေရာ တွေ မှာပါ ဖြစ်တတ် တယ်။ ဖြစ်တဲ့ နေရာ မှာ ပြိုင်နေ တဲ့ မျဉ်းကြောင်း တွေလို၊ ပါးလျ၊ ပြောင် ချော၊ အရောင် ဖျော့၊ ဖြစ်စ မှာ အနီရောင်၊ ကြာရင် ငွေရောင်၊ အမာရွတ် လိုလို အပိုတွေ ဖြစ်လာ တယ်။ အနား ရှိတဲ့ ပုံမှန် အရေပြား ထက် နဲနဲ နိမ့်ပြီး၊ ထိ - ကိုင်ကြည့် ရင် ခံစားမှု မတူ ဘူး။

ကိုယ်ဝန် ဆောင် ရလို့ ဖြစ်ရ တာက အများဆုံး ပါ။ ကိုယ်ဝန် ရင့်လာ ချိန် ၇၅% ကနေ ၉ဝ% မိခင် လောင်း တွေ မှာ ဖြစ် ပါတယ်။ ကိုယ်ဝန် မဟုတ် ဘဲ ရုတ်တရက် ဝလာ - ပိန်သွား တာက နေ လည်း ဖြစ်တတ် တယ်။ တခြား အကြောင်း ခံ ရောဂါ တွေ လည်း ရှိသေး တယ်။ ( ကော်တီဇုန်း ) လိမ်းဆေး ကြာကြာ သုံးလို့၊ ဆီးချို ရောဂါ၊ Cushing syndrome, Ehlers - Danlos syndrome, Lichen planus ရောဂါ တခုခု ရှိလို့ ဖြစ်တတ် တယ်။ လူပျို ဝင်၊ အပျို ဖြစ်ဆို တဲ့ အရွယ် ရောက်ချိန် မှာ ကိုယ်ခန္ဓာ အချိုး အစား ပြောင်းလာ လို့ လည်း ဖြစ်ရ ပါတယ်။ လူပျို ဖြစ်ပြီး နောက် ( မာစတာ ဘေးရှင်း ) လုပ်တတ် တဲ့ အရွယ် မို့ ဒူး နေရာ အကြောတွေ ပြတ်တာ ရင် ဒီ အလေ့ ကြောင့်လို့ ပြောင် ချင်ကြ တယ်။

Collagen ( ကိုလာဂျင် ) တွေ ပုံမှန် မဟုတ် ဖြစ်လာ လို့၊ အရေပြား ရဲ့ အလည် ထပ် Dermis မှာ သွား ဖြစ် ပါတယ်။ Glucocorticoid ဟော်မုန်း နဲ့ ဆိုင်သေး တယ်။ လူမဲ တွေ မှာ အဖြစ် နည်း တယ်။ မျိုးရိုး လိုက်တာ လည်း ရှိတယ်။ အမေ ဖြစ်ရင် သမီး တွေမှာ အဖြစ် များ လို့ မိန်းမ မယူ ခင် သူ့အမေ ကိုပါ လေ့လာ သင့် တယ်။ ဈေး အကြီးဆုံး မော်ဒယ် ၁ဝ ယောက် စာရင်း ဝင် သြစတြေးလျ က Miranda Kerr ကလေး ယူတော့ မယ် ဆိုတော့ သူ့ အဖွါးက ပြောတယ် "ခါးရ် မိသားစု မှာ ဗိုက်ကြော ပြတ် တဲ့ ရာဇဝင် မရှိဘူး" တဲ့။

ဘယ်လို ကုရမလဲ ဆိုတာ “ပြော ရမှာ တော့ ဝမ်းနည်း ပါတယ်။” ( ဒီ စကား အသုံး အနှုံး က I am sorry to tell you ကို တိုက်ရိုက် ဘာသာ ပြန် ပြော တာပါ။ နောက်ပေါ် အသုံး အနှုံး တခုပါ။ ဒီလို ပါဘဲ နုတ်ဆက် ရင် “မင်္ဂလာပါ” လို့ ပြောလာ နေ ကြတယ်။ မူလ ပဋိ သန္ဓာရ စကားက “နေကောင်း လား” “ထမင်း စားပြီး ပြီလား” မျိုး သာ ဖြစ်ပါ တယ်။ Good morning ကို ဘာသာ ပြန်ရာ ကနေ အခုတော့ ယဉ်ကျေး တဲ့ နုတ်ခွန်း ဆက် တခု လိုလို ဖြစ်လာ တယ်။ ကိုယ့် စကား ကိုယ် အား မရ တာလား။ ဗိုလ် ဆန်ချင် တာလား တော့ မသိ ဘူး။ )

ကြော်ညာ ပြီး ရောင်းတဲ့ ( ခရင်မ် ) တွေက လက်တွေ့ မှာ တကယ် ကောင်းတယ် လို့ အာမ မခံ နိုင်ပါ။ အကြော ပြတ်တာ ဖြစ် စေတဲ့ အခံ ရောဂါ ရှိရင် ကုသ ဘို့ လိုတယ်။ မဖြစ် အောင် ကာကွယ် ဘို့ လိုမယ်။ ဒါ့ကြောင့် ကိုယ် ခန္ဓာ အလေးချိန် ကို အပြောင်း အလဲ မမြန်အောင် သတိ ထား ရမယ်။ ကော်တီဇုံး ဆေးတွေ သိပ် လိုအပ် မှ သာ သုံးပါ။ ကိုယ်ဝန် ဆောင် နေတုံး မှာ လေ့ကျင့်ခန်း လုပ်ပါ။ ဆီးချို ရှိ - မရှိ စစ်ပါ၊ ကုပါ။ ဟော်မုန်း ပါ ဆေးတွေ ကို သတိ ထားပါ။

အကြော ပြတ်တာ က အမာရွတ် သဘော နဲ့ တူတယ်။ အမာရွတ် ဆိုတာ မျိုး က ပျောက် သွားအောင် လုပ် လို့ မရ သလောက် ပါ။ အနာ - ဒဏ်ရာ ဖြစ်တုံး က အရေပြား ကို ဘယ်လောက် ထိ နက် သွားခဲ့ သလဲ အပေါ် မှာ မူတည် ပြီး အကြီး - အသေး၊ အပျောက် နှေး - မြန် ကွာ တယ်။ ဖြစ်တဲ့ နေရာ အရ လည်း မတူ ကြ သလို၊ လူ အပေါ်မှာ ပါ တည်သေး တယ်။ အသား အရေ ကောင်းသူ၊ အရွယ် ငယ်ငယ် မှာ အပေါ်ယံ ဖြစ်တဲ့ အမာရွတ် ဆိုရင် ကြာ လေလေ ပျောက် လေလေ။

စိတ်ဓါတ် မကျ ပါနဲ့အုံး။ သုတေသန တခု က Gotu kola, Vitamin E, Collagen hydrolysates တွေ က အကြောပြတ် တာ အတွက် အကျိုး ရှိတယ် လို့ ဆိုပါတယ်။ Gotu kola ဆိုတာ တခြား မဟုတ်ဘူး မြင်းခွါရွက် ပါ။ Collagen hydrolysates ဆိုတာ က လည်း Shampoos, Conditioners, Soaps, Face cares, Make - up လူသုံး ပစ္စည်း တွေ မှာ ပါတဲ့ ဓါတ်ပါဘဲ။ ဗီတာမင် E ကို စာ တပုဒ် ရေးထား ပါတယ်။

နောက် သုတေသန တခု က Vitamin E, Panthenol, Hyaluronic acid, Elastin နဲ့ Menthol တွေပါတဲ့ ( Verum ) Cream က ကောင်းတယ် လို့ ဆိုတယ်။ Cocoa butter ဆိုတာ ကလည်း ရေငွေ့ ပေးတာ မို့ ကောင်းတယ် ပြော တယ်။ သုတေ သန တော့ မရှိသေး ဘူး။

Dermatologic Surgery ဂျာနယ် က Radiofrequency combined with 585 - nm pulsed dye laser နဲ့ ၃၇ ယောက် ကို ကုတာ၊ ၃၃ ယောက် မှာ အလွန် ကောင်း တဲ့ ရလဒ် ရတယ် လို့ ဆိုပါ တယ်။ Tummy tuck ခေါ် တဲ့ ခွဲစိတ် ဖယ်ရှား မှု လည်း လုပ်ကြ တယ်။ Fractional laser resurfacing ( လေဆာ ) နည်းသစ် က လည်း ပိုကောင်း သတဲ့။

Dermatological Treatment ဂျာနယ် “Treatment of striae distensae with a TriPollar radiofrequency device: A pilot study" စာတမ်း မှာ အမျိုး သမီး ၁၇ ယောက် ကို ၆ ပါတ် ကုသ ပေး တာ ဆေးပါတ် ပြည့် ပြီး နောက် ၁ ပါတ် မှာ ၃၈့၂ % က ၂၅့၅ % နဲ့ ၁၁့၈ % က ၅၁့၇၅ % တိုးတက်မှု တွေ့ရ တယ်။ ၂၃ % က ကျေနပ် ကြပြီး၊ ၁၂ % ကတော့ ကျေနပ်မှု မရှိဘူး ဆို ပါတယ်။

“အကြော ပြတ်တာ ကျန်းမာရေး ပြဿနာ” လို့ ရေးခဲ့ ပါတယ်။ လူ ဆိုတာ မွေးတုံး ကထက် ဖြစ်နိုင် ရင် ပိုလှ ချင်၊ ပိုကောင်း ချင်၊ ပို ကျန်းမာ သန်စွမ်း ချင် ကြတယ်။ လျော့ သွား၊ ကျ သွား၊ ပြောင်း သွားရင် လည်း နဂို အနေ ပြန် ဖြစ်ချင် ကြတယ်။ ဒီ အထိ တော့ ( နော်မယ် ) ပါ။ မဖြစ် နိုင်ဘူး ဆိုတာ ကို ပါ ဖြစ်ချင် နေရင် တော့ ဝေဒနာ တိုးတာ ပါ။ ဒါ့ကြောင့် ကံနဲ့ စိတ် ဟာ အကြောင်း တရား တွေထဲ မှာ ပါနေ တာပေါ့။ အဲဒါ ကြောင့် လည်း စိတ် ကို ထားတတ် အောင် ပြုပြင် နည်းတွေ၊ ကံ တရား ကောင်း အောင် ကျင့်ကြံ စရာ တွေ ပေါ်ပေါက် လာခဲ့တယ်။

ကောင်းခြင်း ငါးဖြာ ထဲမှာ ဆံပင်၊ အသား၊ အရိုး၊ အရွယ် နဲ့ အတူ အရေ ၏ ကောင်းခြင်း လည်း ပါတယ်။ အမျိုး သမီး တွေ သာမက အမျိုးသား တွေ အတွက် လည်း ဗိုက်စူ၊ ဗိုက်ပူ တွေ မဖြစ်ချင် ကြတာမို့ “ဗိုက်ခေါက် ကျန်းမာရေး” က အတော် အရေး ပါလှ တယ်။ ဗိုက်ကြော ပြတ်တာ က အရေပြား မှာ ဖြစ်တာ ပါ။ အရေပြား အောက်မှာ အဆီ ပြင်၊ ကြွက်သား၊ နောက်ခံ အရွတ် ပြား၊ အတွင်းဆုံး ကြမှ ဗိုက်ကို ဖုံးနေ တဲ့ အလွှာ ဆိုပြီး ၅ ထပ် ရှိတယ်။ ဗိုက် မစူ ချင်ရင် ဗိုက် လှ ချင်ရင် အရေပြား လှ ရမယ်။ အဆီ မထူ ရဘူး။ ( ဗယ်လီ ) ခေါ်တဲ့ ဗိုက် ကြွက်သား သန် နေရမယ်။ တချို့ သိပ် မသိကြ တာက အရွတ်ပြား ရဲ့ အရေးပါ မှု ဘဲ။ ဗိုက် ကို ခွဲစိတ် ရရင် ဒီ အထပ် ကို ကျကျ နန ပြန်ချုပ် ပေးရတာ လက်ဝင် တဲ့ အလုပ် တခုပေါ့။

လူ တယောက် ကို ကြည့်တာ နဲ့ ဗီတာမင် ဘီ ၂ နည်း နေတာ ကို သိနိုင် တယ်။ ပါးစပ် ဘေး စွန်း တွေ မှာ အရောင် ဖျော့နေ၊ နီနေ။ အနာ ဖြစ်ချင် နေတာ မြင်ရ မယ်။ ဆက်သိ ဘို့က သူ့မှာ ဘီ ၂ နည်း နေရင် ဘီ ၁ လည်း နည်း နေနိုင် သလို၊ တခြား တခြား အာဟာရ တွေ ပါ နည်း နိုင်တယ် လို့ မှန်းတတ် ရတယ်။ ဒီ ဆင်ခြင်မှု သဘော အတိုင်း ဘဲ ဗိုက် ကြောပြတ်သူ တယောက် မှာ အရေ ပြား အောက်လွှာ တွေ လည်း တခုခု လို နေနိုင် တယ် လို့ သံသယ ဝင်ဘို့ ထိုက် တယ်။

ရေနဲ့ အာဟာရ ဓါတ် ပြည့်ဝ နေတဲ့ အရေပြား ဆိုရင် အကြော ပြတ်တာ ဟာ အဖြစ် နည်းတယ်။ ရေသောက် မနည်း စေနဲ့။ မျှတ တဲ့ အစား အစာ စားပါ။ အသား - ငါး၊ အသီး အရွက် - အသီး အနှံ၊ ပဲတွေ စုံအောင် စားရတာ မျိုး ပြောတာပါ။ လှုပ်ရှား ရုံးကန် နိုင်ဘို့ Energy အား ဖြစ်စေတဲ့ အစာ၊ ကြီးထွား ဘို့၊ ပျက်တာ တွေ ပြုပြင် ဘို့ Protein ( ပရိုတင်း )၊ နည်းနည်း စီ နဲ့ နေ့တိုင်း မပါ မဖြစ်တာ တွေ က ဆီ၊ ဗီတာမင် တွေ နဲ့ ဓါတ်ဆား တွေ ဖြစ်တယ်။ ဗီတာမင် A နဲ့ E ကို သောက်သင့် တယ်။ သူ နည်းနေ ရင် ပြော့ ဖတ်ဖတ် ဖြစ် နေတာမို့ ( ပိုတက် ဆီယံ ) ပါ ဖြည့်ပေး ဘို့ လိုတယ်။ အကြော ပြတ်ပြီး သူတွေ အတွက်ပါ ကောင်း ပါတယ်။

ဗိုက်ကြော ပြတ်တာ အတွက် ရေဓါတ်၊ အာဟာရ ဓါတ် နဲ့ စိတ်ဓါတ်၊ အလေး ထားပြီး သကာလ၊ မအိုသေး သမျှ အပျိုလေး လို လှနေ ကြပါစေ။

Dr. တင့်ဆွေ

ပျောက်ဆုံးလေယာဉ်ပါ တရုတ်ခရီးသည်တွေရဲ့ မိသားစုတွေဆန္ဒပြ

Posted by drmyochit Thursday, March 20, 2014, under | No comments

တရုတ်ခရီးသည်တွေရဲ့ မိသားစုတွေဆန္ဒပြ

ပျောက်နေတဲ့ မလေးရှား လေကြောင်းလိုင်းနဲ့ ပတ်သက်လို့ တိုးတက်မှု နှေးကွေးနေတဲ့အပေါ် စိတ်မရှည်နိုင် ဖြစ်နေကြ တဲ့ တရုတ်ခရီးသည်တွေရဲ့  မိသားစုတွေက နေ့စဉ် သတင်းစာရှင်းပွဲမှာ မလေးရှား တာဝန်ရှိသူတွေ ကို အော်ဟစ် ရန်တွေ့ခဲ့ကြပါတယ်။

ပူဆွေးနေကြတဲ့ မိသားစုတွေက သတင်းစာ ရှင်းလင်းပွဲလုပ်မယ့် အခန်းထဲကို အော်ဟစ် အတင်း ဝင်ရောက်လာခဲ့ကြတာပါ။ အမှန်ကို ပြောပါလို့ ရေးသားထားတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ထားကြတဲ့ မိသားစုတွေက မတ်လ ၈ ရက်နေ့ထဲက ပျောက်ဆုံးနေတဲ့ လေယာဉ် ဘာဖြစ်သွားသလဲဆိုတာ အမှန်ပြောပါလို့ အော်ဟစ် တောင်းဆိုခဲ့ကြပါတယ်။

အမျိုးသမီးတယောက်ကဆိုရင် မလေးရှားလေကြောင်းလိုင်း တာဝန်ရှိသူတယောက်ကို တိုက်ရိုက် ရန်တွေ့ခဲ့ပါတယ်။ ခရီးသည်ပေါင်း ၂၂၇ ယောက်ပါသွားတဲ့ မလေးရှား လေကြောင်းလိုင်း လေယာဉ်ပေါ်မှာ ၃ ပုံ ၂ ပုံက တရုတ်လူမျိုးတွေ ဖြစ်ကြပါတယ်။

မိသားစုအများစုက မလေးရှားအစိုးရဟာ ရှုတ်ထွေးစရာ တနေ့နဲ့တနေ့ မတူတဲ့သတင်းတွေကို ထုတ်ပြန်နေတယ်လို့ဆိုပြီး အမျက်ထွက်နေကြတာ ဖြစ်ပါတယ်။ တချို့ဆိုရင် အစာငတ်ခံ ဆန္ဒပြမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ အော်ဟစ်နေကြတဲ့ တရုတ်မိသားစုဝင်တွေကို မလေးရှားလုံခြုံရေးတွေက အခန်းထဲကနေ အတင်း ဆွဲထုတ်ခဲ့ပြီး၊ မဝင်နိုင်အောင် တားဆီး ပိတ်ဆို့ခဲ့ကြပါတယ်။

နိုင်ငံတကာနဲ့ ပြည်တွင်း သတင်းထောက် အများအပြား ရှိနေချိန်မှာ ဖြစ်တဲ့ ဒီဖြစ်ရပ်တခုလုံးကို သတင်းထောက်တွေက မှတ်တမ်း တင်ထားကြပါတယ်။ သတင်းစာရှင်းလင်းပွဲ စတင်တဲ့အခါမှာတော့ မလေးရှား ကာကွယ်ရေး ဝန်ကြီးလည်းဖြစ်၊ သယ်ယူပို့ဆောင်ရေး ဝန်ကြီးလည်းဖြစ်တဲ့ Hishammuddin Hussein က လေယာဉ်ပျံကို ရှာတွေ့နိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်လို့ ပြောကြားခဲ့ပါတယ်။

မိသားစုတွေဘက်က စိတ်ခံစားချက်တွေ ပြင်းထန်နေတာကို သူ့အနေနဲ့ နားလည်ပါတယ်လို့လည်း နိုင်ငံစုံပါတဲ့ ရှာဖွေရေးကို ဦးဆောင်လုပ်နေတဲ့ ဝန်ကြီး ဟူစိန်က ပြောပါတယ်။ ရှာဖွေရေးနဲ့ ပတ်သက်လို့ ပိုပြီး အသေးစိတ် ကျကျ ရှင်းပြနိုင်ဖို့ အဆင့်မြင့်ကိုယ်စားလှယ် နောက်တဖွဲ့ကို ဘေဂျင်းကို စေလွှတ် မယ်လို့လည်း သူက ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

Wednesday, March 19, 2014

ခရီးသည်တွေရဲ့ မိသားစုတွေ စောင့်မျှော်နေကြဆဲ

Posted by drmyochit Wednesday, March 19, 2014, under | No comments

လေယာဉ်ပေါ်ပါ ခရီးသည် မိသားစုတွေ
အိမ်အပြန် စောင့်နေတဲ့ သတင်းစကား
ပျောက်နေတဲ့ မလေးရှား လေယာဉ်ပေါ် လိုက်ပါသွားတဲ့ တရုတ် ခရီးသည်တွေရဲ့ ဆွေမျိုး မိသားစုတွေက သူတို့ အနေနဲ့ သတင်းအချက်အလက် နဲ့ ထောက်ပံ့မှု အပြည့်အဝ မရဘူး ဆိုပြီး အစာငတ်ခံ ဆန္ဒပြမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

မနေ့က အင်္ဂါနေ့တုန်းက ဘေဂျင်းမြို့မှာ လေကြောင်းလိုင်းက နေ့စဉ်လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီဖြစ်ရပ်ရဲ့ နောက်ကွယ်က အမှန်တရားကို ဖုံးထားတယ်လို့ ယုံကြည်နေကြောင်း သက်ဆိုင်ရာ မိသားစုဝင်တွေကပြောပါတယ်။

ဆွေမျိုးမိသားစုတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်လာနေပြီလို့ အမျိုးသမီး တယောက်က ပြောပါတယ်။

အဲဒီလေယာဉ်ပေါ် ပါသွားတဲ့ ခရီးသည်ရဲ့ သုံးပုံနှစ်ပုံဟာ တရုတ် လူမျိုးတွေ ဖြစ်ပါတယ်။

မလေးရှားဖက်ကတော့ သူတို့ အနေနဲ့ ရှာဖွေမှုတွေကို လေယာဉ်သွားနိုင်တဲ့ လမ်းကြောင်း နှစ်ခု တလျှောက် စတုရန်း ရေမိုင် နှစ်သန်းကျော် အတွင်း ရှာဖွေ နေတယ်လို့ ဆိုပါတယ်။

From: BBC

တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့်ကတ် မကျသဖြင့် စုံစမ်းရာမှ ယမန်နှစ်က အောင်မြင်ခဲ့ပြီးမှန်းသိရ

Posted by drmyochit Wednesday, March 19, 2014, under | No comments



ထက်ဖြိုးပိုင် ၊ ကျိုက်ထို၊ မတ် ၁၅-

၂ဝ၁၂-၁၃ ခုနှစ် တက္က သိုလ်ဝင်စာမေးပွဲအောင်မြင်သည်ကို လုံးဝမသိဘဲ ၂ဝ၁၃-၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေး ပွဲဖြေဆိုရန် ဝင်ခွင့်ကတ် ကျမလာ သဖြင့် စုံစမ်းရာမှ ယမန်နှစ်ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အောင်မြင် ခဲ့ကြောင်းသိရသည့် ကျောင်းသူတစ်ဦး၏ ဖြစ်ရပ် ကျိုက်ထိုမြို့၌ ဖြစ်ပွားခဲ့သည်။

''ဖြစ်ပုံက စံပယ်ထွန်းသမအသင်း ကဖွင့်တဲ့ ပညာဒါနကျောင်းကနေ အပြင် ဖြေ ၁၃ ယောက်ဖြေဖို့ ဖောင်တင်ကြပါတယ်။ ဒီလိုနဲ့ ဖောင်တွေတင်ထားပြီးတော့ မတ် ၁ဝ ရက် ကတ်ထုတ်မယ့်နေ့လဲရောက်ရော ကတ်က ၁၂ ယောက်စာပဲ ထုတ်လို့ရတယ်။ ကတ်မရတဲ့တစ်ယောက် နာမည်က မသန်း သန်းဌေးလို့ ခေါ်တယ်။ သူ့ကတ်လဲ ကျမလာ ရော ပညာရေးမှူးရုံးမှာ သွားမေးတယ်။ နောက်မှ ရန်ကုန်က သက်ဆိုင်ရာရုံးကို ဖုန်း ဆက်မေးကြည့်တော့ အဲဒီကျောင်းသူက မနှစ်က အောင်စာရင်းမှာ နာမည်ပါပြီးသား ဖြစ်နေတယ်။ ကျတယ်ထင်ပြီး ပြန်ဖြေဖို့ ဖောင်တင်ရင်းနဲ့ စာမေးပွဲကြီးဖြေခါနီးမှ သိ ရတာပါ''ဟု ဒေသခံ ရပ်မိရပ်ဖ ဦးမျိုးတင် ကပြောသည်။

မသန်းသန်းဌေးမှာ ပြီးခဲ့သည့် ၂ဝ၁၂-၁၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျရှုံးခဲ့သဖြင့် ၂ဝ၁၃-၁၄ ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲကို ပြန်လည်ဖြေဆိုရာ အောင် မြင်ခဲ့သည်ကို အောင်စာရင်း သွားရောက် ကြည့်ရှုခဲ့ခြင်းမရှိသဖြင့် သိရှိခဲ့ခြင်း မရှိဘဲ ကျရှုံးသည်ထင်မှတ်ကာ ယခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲကို နောက်တစ်ဖန် ပြန်လည် ဖြေဆိုခြင်းဖြစ်ကြောင်း သိရသည်။

ကရင်တိုင်းရင်းသား ဖြစ်သူ အဖဦးဖားမီး၏သမီး မသန်းသန်းဌေးသည် ၂ဝ၁၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ညက-၉ဝ၆ ဖြင့် အထက(၂)ကျိုက်ထို စာစစ် ဌာနမှ ဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်စာ ရင်းထွက်သည့်အခါ ကိုယ်တိုင်သွားရောက် ကြည့်ရှုရန်ကြောက်သဖြင့် မိဘများနှင့် ဆွေ မျိုးများကို အောင် မအောင်သွားရောက်ကြည့် ရှုခိုင်းရာ သုံးကြိမ်တိတိ သွားရောက်ကြည့်ရှု သော်လည်း အောင်မြင်သည်ကို မတွေ့ရှိဟု ပြောကြကြောင်း မသန်းသန်းဌေးကဆိုသည်။

''အောင်စာရင်းကို သုံးခါတောင် သွားကြည့်ခိုင်းတာ။ မပါဘူးဆိုတော့ တော် တော် စိတ်မကောင်းဖြစ်မိတယ်။ ဒါနဲ့ နောက်နှစ် အောင်ရမယ်၊ ဂုဏ်ထူးထွက်ရ မယ်ဆိုပြီး ဆက်ကြိုးစားခဲ့တာ''ဟု မသန်း သန်းဌေးကဆက်ပြောသည်။

''သူ့မိဘတွေက ရိုးသားတဲ့ကရင် တိုင်းရင်းသား တောသူတောင်သားတွေ လဲဖြစ်တယ်။ အောင်စာရင်း မကြည့်ဖူး တာလဲ ပါမယ်။ သူ့နာမည်ကို ရှာမတွေ့ဘူး လို့ပြောကြတယ်။ မြန်မာစာအဖတ် အား နည်းတာလဲ ပါလိမ့်မယ်ထင်တယ်။ အောင် စာရင်းမှာ ညက-၉ဝ၆ အောင်နေတာ သူတို့ ရှာမတွေ့ကြဘူး''ဟု ဒေသခံအထက်တန်း ပြဆရာမတစ်ဦးက ပြောသည်။

********************
အတွဲ ၁၀ အမှတ် ၁၂
The Flower News Journal
********************

Yangon Media Group

အမည်မသိလေယာဉ်ဝင်မလာလို့ အာရှ အလယ်ပိုင်း နိုင်ငံတွေ ဆို

Posted by drmyochit Wednesday, March 19, 2014, under | No comments

ပျောက်နေတဲ့ လေယာဉ် ပျံသန်းသွားနိုင်ဖွယ်ရှိတဲ့
လမ်းကြောင်းနှစ်ခုပြ မြေပုံ
လူ ၂၃၉ယောက် တင်ဆောင်ပြီး အစအန ရှာမရ ဖြစ်နေတဲ့ မလေးရှား လေယာဉ် ပျောက်ဆုံးခဲ့တဲ့ မတ်လ ၉ရက်နေ့မှာ သူတို့ နိုင်ငံ လေကြောင်းပိုင်နက်ထဲကို အမည်မသိ လေယာဉ် တစင်းမှ ဝင်ရောက်လာတာ မရှိခဲ့ဘူးလို့ အာရှ အလယ်ပိုင်းက ကာဇက်စတန်နဲ့ ခါဂစ်စတန် နိုင်ငံတွေက ပြောပါတယ်။

ကွာလာလမ်ပါ ကနေ ဘေဂျင်းကို ပျံသန်းရင်း လမ်းကြောင်းပြောင်းသွားခဲ့ပြီးတဲ့နောက် ဒီပျောက်နေတဲ့ လေယာဉ် သွားနိုင်တဲ့ မြောက်ဖက်နဲ့ တောင်ဖက် လမ်းနှစ်ခု အနက် ဒီနိုင်ငံ နှစ်ခုဟာ မြောက်ပိုင်းက ပျံသန်းရေး လမ်းကြောင်းအဆုံးမှာ ရှိနေတာ ဖြစ်ပါတယ်။

အခုတော့ ဒီလေယာဉ်ပျောက်ကို နိုင်ငံပေါင်း ၂၅ နိုင်ငံပါဝင် ရှာဖွေ နေကြတာ ဖြစ်ပါတယ်။

ရှာဖွေရေးမှာ ပူးပေါင်းပါဝင်လုပ်ဆောင်ပေးနေတဲ့ အမေရိကန်က သူတို့ရဲ့ စစ်သင်္ဘောတွေထဲက တစင်းကို ပြန်ရုပ်သိမ်းလိုက်ပြီး လေယာဉ်တွေနဲ့ အစားထိုး ရှာဖွေ ကူညီပေးနေတယ်လို့ ပြောပါတယ်။

BBC

မလေးလေယာဉ် MH 196 ရန်ကုန်လေဆိပ်တွင် အရေးပေါ် ဆင်းသက်

Posted by drmyochit Wednesday, March 19, 2014, under | No comments

မေစစ်ပိုင်| March 19, 2014 |

မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်တစီး (ဓာတ်ပုံ – Malaysia Airlines / Facebook)

မလေးရှားလေကြောင်းလိုင်းပိုင် MH 196 ဘိုးအင်း ၇၇၇ လေယာဉ်သည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့သို့ ပျံသန်းစဉ် လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်တဦး ၏ အရေးပေါ် အခြေအနေကြောင့် ယမန်နေ့ည ၉ နာရီ ၄၅ မိနစ်က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သိရသည်။

လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် အသက် ၃၇ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား မစ္စတာ မိုမာမက် (Muhammad) သည် မြန်မာ့လေပိုင်နက်အရောက်တွင် သတိလစ်နေသည်ကို လေယာဉ်ဝန်ထမ်းများက တွေ့ရှိခဲ့သဖြင့် ရန်ကုန်လေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ခြင်း ဖြစ်သည်ဟု လေကြောင်းညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

“သတိမေ့နေတဲ့လူနာကို လေဆိပ်မှာရှိတဲ့ ဆရာဝန်အဖွဲ့နဲ့ သတိရအောင် အရင် ပြုစုခဲ့တယ်၊ ပြီးတော့ ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်ပြီး သံရုံးတာဝန်ရှိသူတွေနဲ့ တခါတည်း လွှဲပေးခဲ့တယ်” ဟု ၎င်းက ဆက်ပြောသည်။

ရန်ကုန်လေဆိပ်ရှိ ဆရာဝန်အဖွဲ့က သတိပြန်လည်အောင် ပြုစုခဲ့ပြီးနောက် ရန်ကုန်ဆေးရုံကြီးသို့ ည ၁၂ နာရီ ၃၀ မိနစ်တွင် ပို့ဆောင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် သံရုံးသို့ တဆင့် လွှဲပြောင်းပေးခဲ့သည်။

MH 196 ဘိုးအင်း ၇၇၇ လေယာဉ်သည် လူနာကို လေဆိပ်တွင် ချထားပေးခဲ့ပြီး ည ၁၀ နာရီ ၁၅ မိနစ်တွင် ပြန်လည်ထွက်ခွာသွားခဲ့သည်ဟု သိရသည်။

ခရီးသည် ၁၀၆ ဦး တင်ဆောင်လာသော အဆိုပါ လေယာဉ်သည် ကွာလာလမ်ပူမြို့မှ ည ၈ နာရီ ၅၀ မိနစ်ခန့်တွင် စတင်ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့သို့ ည ၁၀ နာရီ မိနစ် ၄၀ ခန့်တွင် ရောက်ရှိမည်ဖြစ်သည်။

မတ်လ ၈ ရက်နေ့က ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ်ဝန်ထမ်း ၁၂ ဦး သယ်ဆောင်လာသည့် ကွာလာလမ်ပူမြို့မှ တရုတ်နိုင်ငံ ဘေဂျင်းမြို့သို့ ပျံသန်းစဉ် ပျောက်ဆုံးသွားသော မလေးရှားလေကြောင်းပိုင် MH 370 လေယာဉ်မှာလည်း ပျောက်ဆုံးချိန် ၁၀ ရက်ကျော် ကြာမြင့်နေပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ ရှာမတွေ့သေးပေ။

ဧရာဝတီ

ပျောက်ဆုံးနေသော လေယာဉ်ကြီးကို လကမ္ဘာပေါ်တွင်တွေ့ရှိ"ဟူ၍ Sunday Sport မျက်နှာဖုံးတင်

Posted by drmyochit Wednesday, March 19, 2014, under | No comments



"ပျောက်ဆုံးနေသော လေယာဉ်ကြီးကို လကမ္ဘာပေါ်တွင်တွေ့ရှိ"ဟူသည့် သတင်းကို မတ် ၁၄ ရက်ထုတ် Sunday Sport သတင်းစာမျက်နှာဖုံးတွင် ဖေါ်ပြထားသည်။

လေယာဉ်ကြီးကျရောက်သဖြင့် လကမ္ဘာပေါ်ဝယ် အရာထင်နေသောဓာတ်ပုံကိုလည်းယင်းမျက်နှာဖုံးတွင်ပင်
ဖေါ်ပြထားပြန်သည်။

ဗြိတိန်နိုင်ငံထုတ် Sunday Sport သတင်းစာကို ၁၉၈၆ ခုနှစ်က စတင်ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး အညှီ အဟောက် သ တင်းများ၊ အတင်းအဖျင်းသတင်းများနှင့် မဖြစ်နိုင်သောသတင်းများကို ဖော်ပြသည့် သတင်းစာအဖြစ်နာမည်ကြီးသည်။

ယင်းသတင်းစာဝယ် လန်ဒန်မှ နှစ်ထပ်ဘတ်စ်ကားကြီးတစ်စီးကို အန္တာတိကတိုက်ရေခဲပြင်အောက် တွင်တွေ့ရှိ၊ ဒုတိယကမ္ဘာစစ်အတွင်းက ဗုံးကြဲလေယာဉ်ကြီးတစ်စီးကို လကမ္ဘာပေါ်တွင်တွေ့ရှိဟူသည့် သတင်းများကိုလည်းဖော်ပြခဲ့ဖူးသည်။

Popular

မလေးရှား လေယာဉ်ပျောက် တာလီဘန် ထိန်းချုပ်နေရာတွေမှာ ရှိနိုင်

Posted by drmyochit Wednesday, March 19, 2014, under | No comments



ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ် MH 370 ဟာ တာလီဘန်တွေ ထိမ်းချုပ်အခြေစိုက်ထားတဲ့ အာဖဂန်နစ်စတန်နဲ့ ပါကစ္စတန် အနောက်မြောက် နယ်စပ်တွေမှာ အခုချိန်မှာ ရှိနေနိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေ ကျယ်လောင်လာပါတယ်။

ကျွမ်းကျင်သူတွေကတော့ လေယာဉ်ဟာ လေယာဉ်ပြန်ပေးဆွဲခံရတာ၊ လေယာဉ် အနုကြမ်းစီးခံရ တယ်ဆိုတဲ့ အချက်အပေါ် သဘောတူ နေကြပြီးတာလီဘန်တွေ ထိန်းချုပ် ထားတဲ့ ဧရိယာတွေမှာ နောက်ပိုင်း တနေ့နေ့မှာ ထုတ်သုံး ဖို့ အတွက် သိမ်းထားတယ်လို့ Independent သတင်းစာက ရေးပြထားပါတယ်။

ဆိုလိုတာက တာလီဘန်တွေအနေနဲ့ တနေ့နေ့ တချိန်ချိန် သူတို့ အလိုရှိတဲ့ အခါမှာ ၉/၁၁ တုန်းက နယူးယောက်မြို့က အမွှာညီနောင် ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦကြီးကို လေယာဉ်ကို ဗုံးကြီး တလုံးလို အသုံးချ တိုက်ခိုက်မှုမျိုး လုပ်လာနိုင်မှာကို အဓိက စိုးရိမ်နေကြတာပါ။

လေယာဉ်ဟာ မလေးရှား ကျွန်းစွယ်ရဲ့ အနောက်မြောက်ဘက် ဒါမှ မဟုတ် အနောက်တောင်ဘက်ကို ပျံသန်းသွားတယ် လို့ ယုံကြည်နေရလို့ပါဘဲတဲ့။

လေယာဉ်ကို ရေဒါလွတ်အောင် ပေ ၅ ထောင် အောက် က စနစ်တကျ ရည်ရွယ်ချက်ရှိရှိ အဆက်အသွယ်ဖြတ်တောက်ပြီး နောက်ထပ် ၆နာရီကျော် ၇ နာရီလောက် ဆက်ပျံသန်းသွားခဲ့တဲ့ အထောက်အထားတွေလည်း ရှိနေတာက အထူးသံသယဖြစ်စရာတွေပါ။

အရင်တုန်းကလိုဖြစ်ခဲ့တယ်ဆိုရင်တော့ ဒါဟာ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ ကာဇစ္စတန်၊ ဥဘက်ကစ္စတန် ဒါမှမဟုတ် တာဂျစ်ကစ္စတန်တို့မှာ လေယာဉ်
ရှိနိုင်ပါတယ်လို့ ယုံကြည်နေကြတယ်လို့ The Mirror သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

ရဲစုံစမ်းစစ်မှုအစိတ်အပိုင်း တခုအနေနဲ့ အသက် ၅၃ နှစ်ရှိ လေယာဉ်မှူး Zaharie Ahmed Shah၊ အသက် ၂၇ နှစ်ရှိ တွဲဖက် လေယာဉ်မှူး Fariq Abdul Hamid တို့ရဲ့ နေအိမ်တွေကိုလည်း ရှာဖွေခဲ့ကြပြီး နောက်ကြောင်း ရာဇဝင်တွေကိုလည်း စုံစမ်းနေပါတယ်။

လေယာဉ်မှူးကြီး မစ္စတာ ရှား ရဲ့ အိမ်တွင်းမှာ လေယာဉ်စက်ခန်းပုံစံငယ်ကို တည်ဆောက်ထား တာတွေ့ရ တာကြောင့်လည်း သုံးသပ်ချက်ချစရာဖြစ်လာနေတာပါ။

ဒီအပြင် လေယာဉ်ပေါ်ပါ ခရီးသည်တွေထဲက လေယာဉ်အင်ဂျင်နီယာ တဦးလည်းပါဝင်နေပြီး သူနဲ့ ပတ်သက်ပြီလည်း စုံစမ်းမှုတွေ လုပ်နေပါတယ်။ သူကတော့ မလေးရှား အမျိုးသား အသက် ၂၉ နှစ်ရှိ ပုဂ္ဂလိက အငှားဂျက်လေယာဉ် ကုမ္ပဏီတခုမှာ အလုပ်လုပ်နေသူဖြစ် ပြီး မလေးအာဏာပိုင်တွေ ယူဆသလို လေကြောင်း ပျံသန်းမှုဆိုင်ရာ နည်းပညာအသိဗဟုသုတရှိသူဖြစ်တယ်လို့လည်း ယုံ ကြည်ခံရသူလည်းဖြစ်နေပါတယ်။

အထက်က ပြောခဲ့တဲ့ အချက်တွေကြောင့် ဝါရင့် အမေရိကန် အောက်လွှတ်တော်အမတ် တဦးကပြောတာ မှာတော့ အခု လေယာဉ် ပျောက်ဆုံးမှုဟာ တိုက်ဆိုင်မှု မဟုတ်ဘူးလို့ ပြောထားပါတယ်။

အမေရိကန် ပြည်ထောင်စု အမိမြေ လုံခြုံရေး ကော်မတီ ဥက္ကဋ္ဌဖြစ်သူ ကွန်ဂရက်လွှတ်တော်အမတ် Michael McCaul က မတ်လ ၈ ရက်နေ့က မလေးရှား လေယာဉ် MH370 ပျောက်ဆုံးသွားမှုဟာ ဒီလေယာဉ်ကို စနစ်တကျ ရည်ရွယ်ချက်ရှိရှိ ဆွဲသွားတာဖြစ်တယ်၊ ဒါဟာ နိုင်ငံတကာ ကိစ္စဖြစ်တယ် လို့ ပြောပါတယ်။

သူက အမေရိကန်အခြေစိုက် Fox News ကို ပြောတာမှာ လေယာဉ်က သတိပေးနေတဲ့ သင်္ကေတတွေ အများကြီးရှိတာ၊ ပျောက်ဆုံး လေယာဉ်ပေါ်က ခရီးသည်တွေထဲမှာ အီရန် နိုင်ငံသား၂ ဦးက ခိုးယူပတ့်စ်ပို့ အသုံးပြုပြီး လေယာဉ် ပြန်ပေး သမားတွေ လုပ်လေ့ရှိတဲ့အတိုင်း လေယာဉ်လက်မှတ်ကို အသွားတကြောင်း စာပဲ ငွေသားနဲ့ လက်ငင်း ဝယ်ယူခဲ့တာဖြစ်တယ်လို့ ပြောထားပါတယ်။

“ခင်ဗျားတို့လည်း ဒါကို အကာအကွယ် မပေးနိုင်သလို ကျနော်တို့မှာ ဒီကိစ္စ အကြမ်းဖက်သမားတွေနဲ့ ဆက်နွယ်တယ်ဆို တဲ့ အထောက်အထား တခုမှ မရှိပါဘူး” လို့ သူက ပြောပါတယ်။

သူက ဆက်ပြောတာက “အထောက်အထား အားလုံးက လေယာဉ်ခေါင်းခန်းကိုပဲ ဦးတည်နေတယ်လို့ ကျနော်ထင်တယ်၊ လေယာဉ်မှူးနဲ့ တွဲဖက် လေယာဉ်မှူးတွေဆီကိုပေါ့” လို့ ဆိုပါတယ်။

ဧရာဝတီblog

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်