Thursday, May 29, 2014

အီရတ်နိုင်ငံတွင် အကြမ်းဖက်မှုကြောင့် လူ ၆၀ ခန့် သေဆုံး

Posted by drmyochit Thursday, May 29, 2014, under | No comments

အီရတ်နိုင်ငံတ၀န်းမှာ ကားဗုံးခွဲမှု၊ အသေခံ တိုက်ခိုက်မှု နဲ့ လုပ်ကြံသတ်ဖြတ်မှု စတဲ့ အကြမ်းဖက် မှုတွေကြောင့် မေလ ၂၈ ရက်နေ့ တနေ့တည်းမှာတင် အနည်းဆုံး လူအယောက် ၆၀ လောက် သေဆုံးပါတယ်။

မြို့တော် ဘဂ္ဂဒက်ရဲ့ ရှီးယိုက်ဂိုဏ်းဝင် မွတ်စလင်အများစုရှိရာ ဒေသနဲ့ မြောက်ပိုင်း မိုဆူးလ်မြို့တွေမှာ သွေးစွန်းခဲ့တာ ဖြစ်ပါတယ်။ ဒီဒေသတွေဟာ အစ္စလာမစ် အီရတ်ပြည်နယ် ISIL ကို ခွဲထွက်ချင်သူတွေ အယ်လ်ကေဒါတွေရဲ့ ခြေကုပ်နေရာ ဖြစ်ပါတယ်။

Iraqမြို့တော် ဘဂ္ဂဒက်က ရှီးယိုက်ဂိုဏ်းဝင် မွတ်စလင်တွေနေရာ အယ်လ်အာမင်ခရိုင်မှာ လူထူတဲ့ အဓိကလမ်းပေါ် လမ်းဘေးဈေးသည်တွေနားမှာ ကားဗုံးတလုံးပေါက်ကွဲမှု ကြောင့် အရပ်သား ၁၀ ယောက် သေပြီး ၂၉ ယောက် ဒဏ်ရာရတယ်လို့ ရဲက ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် ဆိုင်တွေ ပျက်စီးပြီး ရပ်ထားတဲ့ ကားတွေ မီးလောင်ကုန်ပါတယ်။

ဘဂ္ဂဒက်မြို့ ဆာဒါမြို့နယ်မှာလည်း တက်စီအငှားချတဲ့ မီနီဗင်တစီးက ပေါက်ကွဲမှုမဖြစ်ခင် နာရီပိုင်း အလိုမှာ ကားမောင်းသူက ကားကို စွန့်ပစ်ခဲ့ပါတယ်။

ဒီပေါက်ကွဲမှုကြောင့် လူ ၄ ယောက် သေဆုံးပြီး ၁၄ ယောက်ဒဏ်ရာရတယ်လို့ ရဲဘက်နဲ့ ဆေးဘက် သတင်းရင်းမြစ်က ပြောပါတယ်။

ဂျီဟတ်ခရိုင်တွင်း ကားဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၂ ယောက်သေဆုံးပြီး တခြား ၇ ယောက် ဒဏ်ရာရပါတယ်။ ဘဂ္ဂဒက်မြို့တလွှား တခြား တိုက်ခိုက်မှုတွေကြောင့် တခြားလူ ၂၂ ယောက်သေဆုံးပါတယ်။

ဘာသာရေးရပ်ကွက် ခါဒီမီယာက စစ်ဆေးရေးစခန်းမှာ အသေခံ ကားဗုံးခွဲမှုကြောင့် လူ ၁၁ ယောက် သေဆုံးတယ်လို့ ရဲနဲ့ ဆေးဘက် သတင်းရင်းမြစ်က ပြောပါတယ်။

By ဒီဗွီဘီ

ဇနီးဖြစ်သူ အသတ်ခံရချိန်တွင် ရဲက မတားဘဲ ရပ်ကြည့်နေခဲ့ကြောင်း ဆွေမျိုးများ၏ သတ်ဖြတ်ခြင်းခံရသူပါကစ္စတန်အမျိုးသမီး၏ ခင်ပွန်းထုတ်ဖော်

Posted by drmyochit Thursday, May 29, 2014, under | No comments

ကွယ်လွန်သူ အမျိုးသမီးအလောင်းနံဘေးရှိ မျက်မြင်သက်သေများကို ရဲက စစ်ဆေးမေးမြန်းနေစဉ် (ဓာတ်ပုံ- REUTERS)

လာဟိုး-ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ တရားရုံးအပြင်ဘက်တွင် မိဘဆွေမျိုးများ၏ ကျောက်တုံးဖြင့် ပစ်ပေါက်သတ်ဖြတ်ခြင်းကို ခံခဲ့ရသော အမျိုးသမီး၏ ခင်ပွန်းက ရဲတပ်ဖွဲ့ဝင်များသည် ၎င်း၏ဇနီးဖြစ်သူ အသတ်ခံနေရချိန်တွင် ရပ်ကြည့်နေခဲ့ကြပြီး မည်သို့မျှ တားမြစ်ခြင်းမရှိကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

ကိုယ်ဝန်သုံးလလွယ်ထားရသည့် သေဆုံးသူ အမျိုးသမီး ဖာဇနာပါဗန်အား သူမ၏ မိဘဆွေမျိုး ၂၀ ခန့်က ၎င်းတို့ သဘောမတူသော အမျိုးသားကို လက်ထပ်သဖြင့် မကျေနပ်၍ အင်္ဂါနေ့တွင် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ‘‘ကျွန်တော်တို့ အော်ဟစ်အကူအညီ တောင်းခဲ့ပါတယ်။ ဘယ်သူမှ နားမထောင်ခဲ့ကြပါဘူး’’ ဟု ကျန်ရစ်သူ ခင်ပွန်း မူဟမ်မက်အစ်ကဘယ်က ပြောသည်။

ကုလသမဂ္ဂလူ့အခွင့်အရေး အဖွဲ့အကြီးအကဲ နဗီပီလေကလည်း ထိုသတင်းကြောင့် အလွန်ပင် တုန်လှုပ်ချောက်ချားရကြောင်း ဆိုခဲ့ပြီး ပါကစ္စတန်အစိုးရအနေဖြင့် အမှုကိုလျင်မြန်စွာဖြင့် ပြင်းပြင်းထန်ထန် အရေးယူပေးရန် တိုက်တွန်းခဲ့သည်။

လက်ရှိတွင် ပါဗန်သေဆုံးပြီးနောက် သူမ၏ ဖခင်မှာ ဖမ်းဆီးခံထားပြီး ကျန်သူများမှာမူ လွတ်မြောက်နေဆဲဖြစ်သည်။ အစ်ကဘယ်ကလည်း ဇနီးဘက်မှ ဆွေမျိုးများသည် ၎င်း၏မိသားစုကို  သတ်ဖြတ် ရန်လည်း ခြိမ်းခြောက်ခဲ့ကြကြောင်း ဆိုသည်။ အစ်က ဘယ်နှင့် ပါဗန်တို့သည် မိဘဆွေမျိုးများဘက်က သဘောမတူဘဲ လက်ထပ်ခဲ့ခြင်းကြောင့် ပါဗန်အား အတင်းအကျပ် လက်ထပ်ပေါင်းသင်းရန် ကြိုးစားမှုဖြင့် အစ်က ဘယ်ကတရားစွဲထားသည်။ ၎င်းတို့ ဇနီးမောင်နှံသည် တရားရုံးသို့ အမှုရင်ဆိုင်ရန် ရောက်လာချိန်တွင်ယခုကဲ့သို့ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။ ပါဗန်ဘက်ကမူ ၎င်းတို့လင်မယားသည် နှစ်ဦးသဘောတူနှစ်သက်၍ လက်ထပ်ထားခြင်းသာ ဖြစ်ကြောင်း တရားရုံးတွင် ထွက်ဆိုထားသည်။ ထို့ကြောင့် ပါဗန်၏ ဆွေမျိုးများသည် သူမအား တရားရုံးပြင်ပရှိ ကြမ်းပြင်တစ်ခုသို့ တရွတ်တိုက်ဆွဲခေါ်သွားခဲ့ပြီး တစ်ကိုယ်လုံးကို ကျောက်တုံးများဖြင့် ဖိပြီးနောက် ဦးခေါင်းကို ဦးခေါင်းကို ရိုက်ခွဲကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

7 Day

ဗီယက်နမ်တွင် အဓိကရုဏ်းအပြီး ဒေသခံ ၆ သောင်း အလုပ်လက်မဲ့ဖြစ်

Posted by drmyochit Thursday, May 29, 2014, under | No comments

ဗီယက်နမ်တွင် အဓိကရုဏ်း ဖြစ်ပွားခဲ့စဉ်က
ဗီယက်နမ်နိုင်ငံမှာ တရုတ်ဆန့်ကျင်ရေး အဓိက ရုဏ်းဖြစ်အပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရှိတဲ့ စက်ရုံအများ အပြား ဖျက်ဆီးခံရလို့ နိုင်ငံတောင်ပိုင်းက ဘင်ဒူအွန် ခရိုင်မှာ ဒေသခံ အလုပ်သမား အယောက် ၆ သောင်း လောက် အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတယ်။

ဗီယက်နမ်ရဲ့ ကုန်ထုတ်လုပ်မှု အချက်အချာ ဒေသဖြစ်တဲ့ ဒီခရိုင်ဟာ အဓိကရုဏ်းဒဏ်ကို အဆိုးဆုံး ခံခဲ့ရတာ ဖြစ်ပါတယ်။ တရုတ်ရင်းနှီးမြှုပ်နှံသူတွေ ပိုင်တဲ့ စက်ရုံ ၁၀၀ ကျော် ပျက်စီးခဲ့ပါတယ်။

အလုပ်လက်မဲ့ လုပ်သားအယောက် ၄ သောင်းလောက်ကတော့ အမတော်ကြေး ရမှာ ဖြစ်ပြီး အယောက် ၂ သောင်းကတော့ လျော်ကြေးငွေ ရမယ်လို့ အလုပ်သမားအေဂျင်စီက ပြောပါတယ်။

ဗီယက်နမ်တောင်ပိုင်းနဲ့ အလယ်ပိုင်းက အဓိကရုဏ်းအတွင်း တရုတ်ပြည်မကြီး၊ တိုင်ဝမ်နဲ့ ဟောင်ကောင်တို့က တရုတ်ကုမ္ပဏီတွေက ဒုက္ခအရောက်ဆုံး ဖြစ်ပါတယ်။

ဂျပန်၊ တောင်ကိုရီးယားနဲ့ စင်ကာပူကုမ္ပဏီတွေကတော့ ထိခိုက်ခဲ့ပြီး ပိတ်ဖို့ ဖိအားပေး ခံခဲ့ရပါတယ်။

ဒီအဓိကရုဏ်းကြောင့် ဗီယက်နမ်နိုင်ငံတွင်း နောက်ထပ် ရင်းနှီးမြှုပ်နှံဖို့ တွန့်ဆုတ်နေကြပြီး ရင်းနှီးမြှုပ်နှံပြီးသားတွေကို ပြန်ရုပ်သိမ်းတာတွေ လုပ်နေကြတယ်လို့ ရင်းနှီးမြှုပ်နှံသူတွေက ပြောပါတယ်။

By ဒီဗွီဘီ

မိန်းမလျာက ဒီဇိုင်းရေးသူ တစ်ယောက်ကို ကတ်ကြေးနှင့် ထိုးသတ်ခဲ့

Posted by drmyochit Thursday, May 29, 2014, under | No comments


မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၇၂-လမ်း၊ သိပ္ပံလမ်းအနီးတွင် မေ ၂၆ရက် မွန်းတည့် ၁၂နာရီကျော်က ဒီဇိုင်းရေးသူ လူငယ်တစ်ဦးကို ၀မ်းဗိုက်နှင့် ရင်အုံတွင် ထိုးသွင်းဒဏ်ရာများဖြင့်တွေ့ရှိရ၍ ဆေးရုံသို့သယ်ဆောင် စဉ် လမ်းခရီးတွင်သေဆုံးခဲ့ရာမှာ ပဏာမစစ်ချက်များအရ မိန်းမလျာတစ်ဦးက ကတ်ကြေးဖြင့် ထိုးသတ်ခဲ့ခြင်း ဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။

ဖြစ်စဉ်မှာ ဒေ၀ါကျော်သည် မသေဆုံးမီ ၎င်းထံသို့အမြန်လာရန် ဖုန်းဆက် သွယ်ပြောကြားသဖြင့် ၎င်း၏ဇနီးနှင့် အစ်ကိုဝမ်းကွဲတို့က အခင်းဖြစ်နေ ရာ သို့ ရောက်ရှိခဲ့ကြောင်း၊ သိပ္ပံလမ်းနှင့်ကိုက် ၅၀အကွာ၇၂လမ်းအရှေ့ဘက် လမ်းဘေးတွင် ဒေ၀ါကျော်မှာဝမ်းဗိုက်ထိုးသွင်းဒဏ်ရာတစ်ချက်၊ယာအုံထိုး သွင်း ဒဏ်ရာတစ်ချက်တို့ဖြင့် အပြင်း အထန်ဒဏ်ရာရရှိနေ၍၎င်းကို ဆေးရုံသို့ တင်ပို့ရာမှ လမ်းခရီးတွင်သေဆုံးခဲ့ရာ မေ ၂၇ရက်တွင် မနေနွယ်လင်း မှ (ပ) ၃၅၆/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂ အရ အမှုဖွင့်ထားကြောင်းသိရသည်။

အမှတ်(၁၁)နယ်မြေခံရဲတပ်ဖွဲ့သည် အခင်းဖြစ်ရာသို့ သွားရောက် စစ်ဆေးခဲ့ရာ အခင်းမဖြစ်မီ ဆက်သွယ်ပြောဆိုထားသည့် အသံဖိုင်ကို စစ်ဆေးခဲ့ရာမှ အဆိုပါ မိန်းမလျာသည် ဒေ၀ါကျော်အား မကျေမနပ်ဖြစ် သည့်အသံများနှင့် သေဆုံးသူ၏ဆိုင်ကယ်အားရိုက်ချိုးဖျက်ဆီးခဲ့ကြောင်းပြောဆိုခဲ့သည့် အသံများစစ်ဆေးတွေ့ရှိခဲ့ရသဖြင့်ချမ်းမြသာ စည် မြို့နယ်ဆ(၁၀)ရပ်ကွက်နေ မိန်းမလျာဖြစ်သူခင်မောင်တင့်(ခ) မလေးကွန်းအား ခေါ်ယူစစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါ အမှုတွင် သေဆုံးသူ ဒေ၀ါကျော်မှာ ၇၉-လမ်း၊ ၁၁လမ်းနှင့် ၁၂လမ်း ကြားနေထိုင်သူဖြစ်ပြီး၊ မသင်္ကာသူ ခင်မောင်တင့်(ခ)မလေးကွန်းမှာ မိတ်ကပ် လိမ်းခြယ်သူ မိန်းမလျာဖြစ်ကြောင်း၊ ဒေ၀ါကျော်နှင့်စကားများ ရန်ဖြစ်ရာမှ ကတ်ကြေးဖြင့် ထိုးသတ်ခဲ့သည်ဟု အကြမ်းဖျင်းဝန်ခံထွက်ဆို ခဲ့ကြောင်းနှင့် သက်သေခံပစ္စည်းများသိမ်းဆည်းရ မိရေးအတွက် ဆောင်ရွက်နေ သည် ဟုရဲမှတ်တမ်းများအရသိရသည်။

Mandalay News Agency

From...ThitHtooLwin

တောင်ကိုရီးယား သက်ကြီးရွယ်အို ဆေးရုံ မီးလောင်၊ ၂၁ ဦး သေဆုံး

Posted by drmyochit Thursday, May 29, 2014, under | No comments


ဆိုးလ်၊ မေ ၂၈

ယခုလပိုင်းအတွင်း မတော်တဆမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလျက် ရှိသော တောင်ကိုရီးယားနိုင်ငံ တွင် ဗုဒ္ဓဟူးနေ့ အစောပိုင်းက သက်ကြီးရွယ်အို ဆေးရုံတစ်ခု၌ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ၂၁ ဦး သေဆုံးကာ ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။

အဆိုပါ မီးလောင်မှုမှာ တောင်ကိုရီးယားနိုင်ငံ၏ မြို့တော် ဆိုးလ်မြို့၏ တောင်ဘက် မိုင် ၁၉၀ ခန့် အကွာတွင် တည်ရှိသော ဂျန်ဆောင်းကောင်တီရှိ သက်ကြီးရွယ်အို ဆေးရုံ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“မီးလောင်မှုကြောင့် ၂၁ ဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒဏ်ရာ ရရှိထားသူတွေထဲက တချို့က အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားမှာ ရှိပါတယ်” ဟူ ဂျန်ဆောင်းကောင်တီ မီးသတ်ဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။

မီးကို မိနစ် ၃၀ အတွင်း ငြှိမ်းသတ်နိုင်ခဲ့သော်လည်း ဒုတိယထပ်ရှိ သက်ကြီးရွယ်အို အများစုမှာ ရောဂါဖြင့် အိပ်ရာထဲ လဲနေသူများ ဖြစ်သဖြင့် အချိန်မီ ထွက်ပြေးနိုင်ခဲ့ခြင်း မရှိဟုလည်း အဆိုပါ အရာရှိက ပြောကြားသည်။

မီးလောင်မှု ဖြစ်ပွားသည့် အချိန်တွင် ဆေးရုံ၌ လေဖြတ်ထားသော ရောဂါသည်များနှင့် အယ်လ်ဇိုင်းမား ရောဂါသည်များ အပါအဝင် သက်ကြီးရွယ်အို ၇၀ ခန့် ရှိနေခဲ့ပြီး ထိုလူနာများကို စောင့်ရှောက်ရန်အတွက် သူနာပြု တစ်ယောက်သာ ရှိနေခဲ့ကာ အဆိုပါ သူနာပြုမှာလည်း မီးလောင်မှု အတွင်းတွင် သေဆုံးသွားခဲ့သည်။

မေလ ၂၆ ရက်နေ့ကလည်း တောင်ကိုရီးယားနိုင်ငံတွင် ဘက်စ်ကားဝင်း တစ်ခု၌ မီးလောင်မှု ဖြစ်ပွားပြီး ခုနစ်ဦး သေဆုံးခဲ့သေးသဖြင့် ယခု မီးလောင်မှုမှာ တောင်ကိုရီးယားနိုင်ငံတွင် အများပြည်သူဆိုင်ရာ နေရာ၌ နှစ်ရက်အတွင်း ဒုတိယ အကြိမ်မြောက် ဖြစ်ပွားသည့် မီးလောင်မှု ဖြစ်လာခဲ့သည်။

ထို့ပြင် တောင်ကိုရီးယားနိုင်ငံတွင် ဧပြီလအတွင်းက ကူးတို့သင်္ဘောတစ်စင်း နစ်မြုပ်ပြီး လူ ၃၀၀ ကျော် သေဆုံးခဲ့သလို ယခုလ အစောပိုင်းကလည်း မြေအောက် ရထားနှစ်စင်း တိုက်မိကာ လူပေါင်းများစွာ ဒဏ်ရာ ရရှိခဲ့သေးသဖြင့် တောင်ကိုရီးယားအစိုးရ၏ အများပြည်သူ ဘေးကင်းလုံခြုံရေး အစီအမံများအပေါ် ဝေဖန်မှုများ ပေါ်ပေါက်လျက် ရှိသည်။

တောင်ကိုရီးယားသမ္မတ ပက်ဂွမ်ဟေးသည် ကူးတို့သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သတ်ပြီး ပြီးခဲ့သော ရက်သတ္တတစ်ပတ် အတွင်းက တိုင်းပြည်ကို မိန့်ခွန်း ပြောကြားရာ၌ ကူးတို့သင်္ဘော နစ်မြုပ်မှုအတွက် အစိုးရအဖွဲ့တွင် တာဝန်ရှိကြောင်း ဝန်ခံခဲ့ပြီး အများပြည်သူ လုံးခြုံရေး အစီအမံများကို မြှင့်တင်သွားမည်ဟု ကတိပြု ပြောကြားခဲ့သည်။

ထို့ပြင် အများပြည်သူ အသက်ဆုံးရှုံးရသော မတော်တဆမှုများ ဖြစ်ပွားခဲ့ပါက ထိုမတော်တဆမှုအတွက် တာဝန်ရှိသူများကို စုံစမ်းဖော်ထုတ်ပြီး ကြီးလေးသော ပြစ်ဒဏ်များ ချမှတ်သွားမည်ဟုလည်း သမ္မတပက်ဂွမ်ဟီးက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် သက်ကြီးရွယ်အို ဆေးရုံ မီးလောင်ရသည့် အကြောင်းအရင်းကို စုံစမ်း စစ်ဆေးနေဆဲ ဖြစ်သည်။

The Voice Weekly

Wednesday, May 28, 2014

ကျောင်းသားများ ရည်းစားမထားရ အခြေခံကျောင်းများတွင် စည်းကမ်းချက်ထုတ်ပြန်

Posted by drmyochit Wednesday, May 28, 2014, under | No comments

၂၀၁၃-၂၀၁၄ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီး ပျော်ပျော်ရွှင်ရွှင်ထွက်လာကြသည့် အ.ထ.က(၁) ဒဂုံမှ စည်းကမ်းလိုက်နာကြသည့် ကျောင်းသားကျောင်းသူများကို တွေ့ရစဉ်။ ဓာတ်ပုံ-ရဲနောင်(ဖယ်ခုံ)

ရန်ကုန်၊ မေ ၂၇- ယခုနှစ်ကျောင်း ဖွင့်ရာသီတွင် တက်ရောက်ကြမည့် ကျောင်းသားများအနေဖြင့် ရည်း စားမထားရဆိုသည့် စည်းကမ်းသတ် မှတ်ချက်များအပါအဝင် အခြားသော စည်းကမ်းသစ်များကို အခြေခံကျောင်း များတွင် တင်းကျပ်စွာ ထုတ်ပြန် ထား ကြောင်းသိရသည်။
လက်ရှိကျောင်းအပ်ရန် ရောက် ရှိလာကြသည့်ကျောင်းသားများကို လည်း ဆံပင်ဆေးဆိုးလာပါ က ကျောင်းအပ်လက် ခံခြင်းကိုပြုလုပ် ပေးမည်မဟုတ်ကြောင်း အမှတ်(၃)အခြေခံပညာဦးစီးဌာနမှ သိရသည်။

အခြေခံပညာကျောင်းများအ နေဖြင့်ယခင်နှစ်က ကျောင်းသားများ ကိုဖုန်းကိုင်ဆောင် အသုံးပြုခွင့်မပေး ခဲ့သော် လည်း ကျောင်းသား အချို့ ကိုင် ဆောင်ခဲ့ကြသဖြင့် ယခုနှစ်တွင် ကျောင်းသားများအနေဖြင့် ကျောင်း သို့လက်ကိုင်ဖုန်းများ လုံးဝယူဆောင် လာခြင်းမပြုရန်၊ ရည်းစားမထားကြ ရန်၊ ကျောင်းသားတိုင်း ကျောင်း ခေါ်ကြိမ် ၇၅ရာခိုင်နှုန်း ပြည့်မီရန် လည်း စည်းကမ်းထုတ်ပြန်ထားကြောင်း ဗိုလ်တထောင်မြို့နယ်ရှိ အမှတ်(၅)၊ အခြေခံပညာအထက်တန်းကျောင်း မှ သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ဗဟန်း မြို့နယ် အမှတ်(၂)အခြေခံပညာအ ထက်တန်းကျောင်းမှ ဆရာမတစ် ဦးဖြစ်သူဒေါ်မျိုးသီရိ (အမည်လွှဲ) က ''ကျောင်းသား ဆံပင်ဆေးဆိုး လာရင် ကျောင်းအပ်လက်မခံပေး ဘူး။ ပြန်လွှတ်တယ်။ ကျောင်းစည်း ကမ်းထဲမှာ တစ်ခါတည်း ပါပြီးသား ဖြစ်တဲ့အတွက် တခြားကျောင်းတွေလဲ ဒီလိုပဲ''ဟု ပြောသည်။

အဆိုပါ စည်းကမ်းများအနက် တချို့စည်းကမ်းချက်များမှာ ယ မန်နှစ်များကတည်းက ထုတ်ပြန်ထား ခြင်းဖြစ်သော်လည်း လိုက်နာမှုအား နည်းကြသည့်အပြင် စည်းကမ်းဖောက် ဖျက်သည့် ကျောင်းသား များကို အ ပြစ်ပေးအရေးယူရာတွင်လည်း ထိ ရောက်မှုမရှိခဲ့ခြင်းကြောင့် ယခုစာ သင်နှစ်တွင်ထပ်မံ၍ တင်းကျပ်စွာ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

၂၀၁၃-၂၀၁၄ တက္ကသိုလ်  ဝင်စာမေးပွဲဖြေဆိုပြီး ပျော်ပျော်ရွှင်ရွှင်ထွက်လာကြသည့်   အ.ထ.က(၁) ဒဂုံမှ  စည်းကမ်းလိုက်နာကြသည့် ကျောင်းသား ကျောင်းသူများ ကို တွေ့ရစဉ်။ ဓာတ်ပုံ-ရဲနောင်(ဖယ်ခုံ)

''အရင်နှစ်တွေတုန်းကတော့ စည်းကမ်းသာထုတ်ထားတာ ဖုန်းတွေ ကို မိဘကလဲ ပေးလိုက်တယ်။ ကျောင်းသားကလဲ ယူလာတယ်။ ကျောင်းကလဲ အားလုံးကိုလိုက်မစစ်နိုင်ဘူး။ ဒီနှစ် ကတော့ တစ်ကြိမ်ဆိုသတိပေးမယ်။ နှစ်ကြိမ်ဆို သိမ်းမယ်။ ပြီးရင်မိဘ ခေါ်ခံဝန်ကတိထိုးခိုင်းမယ်''ဟု အ ထက်ပါဆရာမက ဆက်လက်ပြော သည်။

လသာမြို့နယ် အမှတ်(၂)အ ခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက ဦးစီးဌာနမှ ထုတ်ပြန်ကြေညာ ထားသည့် ကျောင်း စည်းကမ်းများအတိုင်း လိုက်နာကြရန် ကျောင်း သားများ ကို သတိပေးထား ပြီးဖြစ်ကာ ယင်းကဲ့သို့ကျောင်း အပ်စဉ် ဆံပင်ဆေးဆိုးလာခြင်းကို အတန်း ကြီးကျောင်းသားများတွင် မတွေ့ရ သော်လည်ွးုတန်းမှ ကျောင်း သားအသစ်များ တွင်တွေ့ရ ၍ ဆေးပြန်ဆိုး ခိုင်းနေရသည်ဟု ပြောသည်။

ကျောင်းစည်းကမ်းချက်များ သည် ကျောင်းဝင်ခွင့်လျှောက်လွှာ နှင့်အတူပူးတွဲပါရှိပြီး ကျောင်းအပ် လက်ခံချိန်၌ ကျောင်း သားနှင့် ကျောင်း သားမိဘကို ဖတ်ရှုခိုင်းပြီး လိုက်နာ ရန်အသိပေးထား ပြီးဖြစ်ကြောင်း၊ အ ခြေခံပညာဦးစီးဌာန၏ ညွှန်ကြားချက် ဖြင့် ယင်းကဲ့သို့ထုတ်ပြန်ထားခြင်း ဖြစ်ကြောင်းသိရသည်။

ယင်းအပြင် ကျောင်းသား မိဘများအနေဖြင့်လည်း ကျောင်းကြို၊ ပို့ ချိန်များတွင် သရုပ်ပျက်အဝတ်အစား များမဝတ်ဆင်ကြရန် သတိပေးထား ကြောင်း အဆိုပါဦးစီးဌာနမှ ညွှန် ကြားရေးမှူး တစ်ဦးက ပြောသည်။

တချို့သော ကျောင်းသားမိခင် များသည် ကျောင်းလာပို့ချိန်၊ ကြိုချိန် များ၌ ကျောင်းသားကျောင်းသူများ အတုယူမှားစေနိုင်သော အမြင်မတင့် တယ်သည့် ဝတ်စားဆင်ယင်မှုမျိုး များအား တွေ့ရှိနေရ သည့် အတွက် ယင်းသို့သတိပေးထားခြင်းဖြစ် ကြောင်း သိရသည်။

''ကျောင်းကို ကျောင်းနဲ့တူ အောင်၊ ကျောင်းသားကိုကျောင်းသား နဲ့တူအောင် စည်းကမ်းတွေကိုတင်း ကျပ်စွာထုတ်ပြန် ထားပါ တယ်။ တချို့ ကျောင်းသားမိဘတွေဆိုရင် မတော် တရော်တွေ ဝတ်လာကြလို့ကျောင်း သားတွေတင်မကဘဲ ကျောင်းသား မိဘတွေ ကိုပါ သတိပေးနေရတယ်''ဟုအဆိုပါ ညွှန်ကြားရေးမှူးကပြော သည်။

သားသမီးများ ကို ကျောင်းပို့၊ေ ကျာင်းကြိုပြုလုပ်ကြသည့် မိဘများ နှင့်အုပ်ထိန်းသူများကို လည်း ကျောင်း နှင့်ဝန်းကျင်တွင် အမြင်မတင့်တယ် စေသော မြန်မာ့ရိုးရာဝတ်စားဆင် ယင်မှုနှင့် ကိုက်ညီမှုမရှိသော၊ ဘောင်း ဘီအတို၊အရှည်နှင့် စကတ်အတို များ ဝတ်ဆင်မှုများရှိနေ၍ သတိပေး၊ တားမြစ်မှုများ ပြုလုပ်နေကြရ ကြောင်းသိရသည်။

ချိုချိုသန်း

[--Democracy today Daily Newspaper--]
Yangon Media Group

မောင်တောနယ်စပ်တွင် တိုက်ပွဲထပ်မံဖြစ်ပွား


ရခိုင်ပြည်နယ် မောင်တောနယ်စပ်မှာ ဒီနေ့ မနက်ပိုင်းက တိုက်ပွဲတခုဖြစ်ပွားခဲ့ပြီး ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေး လက်နက်ကိုင်အဖွဲ့ (RSO) ကလို့ ယူဆရတဲ့ တပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့ကြောင်း မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးဌေးလွင်က DVB ကို အတည်ပြု ပြောပါတယ်။

မောင်တော-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင် ၅၂ အနီးမှာ ဒီနေ့မနက် ၉ နာရီလောက်က ပြောက်ကျား ၀တ်စုံဝတ်ထားတဲ့ RSO တပ်ဖွဲ့ဝင် ၂ ဦးနဲ့ ကင်းလှည့်နေတဲ့ ရခိုင်ပြည်နယ် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်စိတ်တစိတ်တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

“RSO လို့ပဲ ယူဆတာပေါ့နော်။ ယူနီဖောင်းနဲ့ တပ်ဖွဲ့ဝင် ၂ ယောက်က ခြံစည်းရိုးနား ကပ်လာတယ်။ ကပ်လာတော့ လှုပ်ရှားတပ်စိတ်တစိတ်နဲ့တွေ့တယ်။ တွေ့ပြီးမှ အပြန်အလှန် ပစ်ခတ်မှု ဖြစ်တယ်။ ကြာတော့ မကြာပါဘူး။ မိနစ်ပိုင်းအတွင်းပဲ ဖြစ်ပွားတယ်လို့ သိရပါတယ်။ ဟိုဘက် တယောက်သေတယ်လို့ သိရပါတယ်။”
ဒီတကြိမ်နဲ့ဆို မောင်တောနယ်စပ်မှာ တိုက်ပွဲဖြစ်ပွားတာ ၃ ကြိမ် ရှိသွားပြီလို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၇ ရက်ကလည်း ဒီ မိုင်တိုင် ၅၂ အနီးမှာပဲ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နယ်ခြားစောင့်ရဲ တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။

ဒီ့မတိုင်မီ မေလ ၁၃ ရက်မှာ နယ်စပ်မိုင်တိုင် ၃၉ အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး RSO တပ်ဖွဲ့ဝင် ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာ ရရှိခဲ့တာပါ။

ရခိုင်ပြည်နယ်စပ်မှာ အခုလို တိုက်ပွဲတွေ ဖြစ်ပွားလာတာနဲ့ ပတ်သက်ပြီး သမ္မတပြောခွင့်ရ ဦးရဲထွဋ်ကို မေလ ၂၂ ရက်က ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ရာမှာ နှစ်နိုင်ငံနယ်ခြား ကော်မတီချင်း အရင် ဆွေးနွေးမယ်။ မရရင် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ တိုက်ရိုက်ဆွေးနွေးမယ်လို့ ပြောကြားခဲ့ပါတယ်။

အခုအချိန်အထိတော့ နှစ်နိုင်ငံနယ်ခြားကော်မတီ စည်းဝေးပွဲသတင်း ထွက်ပေါ်လာတာ မတွေ့ရသေးပါဘူး။

By ရွှေအောင် (ဒီဗွီဘီ)

ထိုင်းငါးဖမ်းလှေကို စီးနင်းပြီး ရောင်းစားခံထားရတဲ့ မြန်မာတွေကို ကယ်တင်

လွတ်မြောက်လာတဲ့ မြန်မာအလုပ်သမားတွေကို ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အတူတွေ့ရစဉ် (ဓာတ်ပုံ – မင်းဦး / FED)

ကျော်ခ

ထိုင်းနိုင်ငံတောင်ပိုင်း ပတ္တရားခရိုင် စတ်တဟစ် (Satthip) ဒေသက ငါးဖမ်းလှေတွေပေါ်မှာ ရောင်းစားခံထားရတဲ့ မြန်မာ နိုင်ငံသား ၆ ဦးကို ထိုင်းနိုင်ငံ အထူး စုံစမ်းစစ်ဆေးရေး ဌာန (DSI)၊ စတ်တဟစ် ဒေသ အထူး မှူးခင်းနှိမ်နှင်းရေး ရဲတပ်ဖွဲ့နဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီပေးနေတဲ့ အဖွဲ့တို့ ပူးပေါင်းပြီး မနေ့က ကယ်တင်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

ရောင်းစားခံထားရသူ ၆ ဦးအနက် ၃ ဦးမှာ အသက် ၁၈ နှစ် မပြည့်သေးကြောင်း၊ လိုက်လံကယ်တင်ချိန်မှာ ငါးဖမ်းလှေတွေဟာ ပင်လယ်ပြင်ထဲ ရောက်နေပြီဖြစ်တဲ့အတွက် ခက်ခက်ခဲခဲ ကယ်တင်ခဲ့ရတာ ဖြစ်တယ်လို့ ဖမ်းဆီးရာမှာ ထိုင်းအာဏာပိုင်တွေနဲ့ အတူ ပူးပေါင်းလိုက်ပါခဲ့တဲ့ ထိုင်းတောင်ပိုင်း ဖန်ငခရိုင် အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း (FED) မှ ကိုမင်းဦးက ပြောပါတယ်။

“ရောင်းစားခံထားရတဲ့ တယောက်က ပင်လယ်ထဲရောက်နေတဲ့ လှေပေါ်ကနေ ဖုန်းခိုးဆက်ပေးတယ်။ ခက်ခက်ခဲခဲ ရှာပြီးတော့မှ အဲဒီလှေကို ဝင်စီးပြီး လှေမောင်းကို ဖမ်းလိုက်တယ်။ အဲဒီလှေမှာ ရှိတဲ့ မြန်မာ ၃ ယောက်ကို ကယ်လာခဲ့ပြီး တခြားလှေမှာ ကျန်တဲ့ ၃ ယောက်ကို ရဲစခန်းကို လာပို့ပေးဖို့ လှေပိုင်ရှင်ကို ရဲက လှမ်းသတိပေးတော့ လှေပိုင်ရှင်က ၃ နာရီလောက် အကြာမှာ ရဲစခန်းရှေ့ကို လာပို့သွားတယ်” လို့ ကိုမင်းဦးက ဧရာဝတီကိုပြောပါတယ်။

မြန်မာ ၆ ဦးကို ငါးဖမ်းလှေမှာ ရောင်းစားလိုက်သူဟာ ဇော်လင်း (ခေါ်) မောင်နိုင် ဖြစ်ပြီး ဘန်ကောက်မှာ နေထိုင်တယ်လို့ လွတ်မြောက်လာသူတွေ ထံကတဆင့် သိရပါတယ်။ မူလက ထိုင်းမှာရှိတဲ့ အလုပ်သမား ၆ ဦးရဲ့ မိတ်ဆွေတွေထံကို တဦး ဘတ်ငွေ ၁၆၀၀၀ နဲ့ လာရွေးဖို့ အကြောင်းကြားခဲ့ပြီး အချိန်မီ လာမရွေးတဲ့အတွက် ငါးဖမ်းလှေတွေမှာ ရောင်းစားလိုက်တာလို့ ဆိုပါတယ်။

ရောင်းစားခံရတဲ့ ၆ ဦးအနက် ၂ ဦးမှာ တရားဝင် နိုင်ငံကူးလက်မှတ် ရှိထားသူတွေဖြစ်ပြီး အလုပ်ရှာနေချိန်မှာ ပွဲစားနဲ့နီးစပ်သူက တဆင့် လစာကောင်းတဲ့ စက္ကူစက်ရုံမှာ အလုပ်ရမှာဖြစ်ကြောင်း စရိတ်ကိုတော့ အလုပ်ရပြီးမှ ပြန်ပေးနိုင်ကြောင်း ပြောပြီး လှေဆိပ်မှာ ရောင်းစားလိုက်တာလို့ သိရပါတယ်။ နိုင်ငံကူးလက်မှတ်တွေကို သိမ်းဆည်းလိုက်သလို လှေဆိပ်အရောက်မှာလည်း သေနတ်နဲ့ ချိန်ပြီး အကြပ်ကိုင် ခြိမ်းခြောက်တယ်လို့လည်း ဆိုပါတယ်။

ပြန်လွတ်မြောက်လာတဲ့ အထဲက ကိုမြလွင်ဟာ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်သားဖြစ်ပြီး သူက “ခုလိုပြန်လွတ်လာတာ ကျနော် ဝမ်းသာလွန်းလို့ ဘာပြောရမှန်းတောင် မသိဘူးဗျာ။ ကျနော်တို့က ကမ်းမမြင် လမ်းမမြင် ပင်လယ်ကြီးထဲ ရောက်သွားတာ၊ ကိုယ့်ကိုယ်ကို သေပြီလို့တောင် မှတ်လိုက်တာဗျာ။ လာပြီး ကယ်တင်တဲ့သူတွေကိုလည်း ဘယ်လို ကျေးဇူးဆပ်ရမယ်တောင် မသိတော့ဘူး” လို့ ဧရာဝတီကို ပြောပါတယ်။

ငါးဖမ်းလှေကို ရောင်းစားတဲ့ ပွဲစားကိုတော့ ထိုင်းအာဏာပိုင်တွေက ဖမ်းမိဖို့ ကြိုးစားနေပြီး ပွဲစားရဲ့ နေထိုင်ရာ ဒေသနဲ့ ဓာတ်ပုံ မှတ်တမ်းတွေကိုလည်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကိုလည်း ပေးအပ်ထားကြောင်း ကိုမင်းဦးက ပြောပါတယ်။

“ထိုင်းရဲတွေက မေးတယ်၊ ကျနော်တို့ကို မင်းတို့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မင်းတို့အစိုးရနဲ့ ဘယ်လို ဆက်သွယ် ဆောင်ရွက်သလဲလို့ မေးတယ်။ ကျနော်တို့က ရောင်းစားခံထားရကြောင်းနဲ့ သွားကယ်ဖို့ လုပ်တဲ့ အချိန်တွေကလည်း သံရုံးကို တော်တော် ခက်ခက်ခဲခဲ ဆက်သွယ်တယ်၊ ကယ်ပြီး ပြန်လာတော့လည်း ထပ်ဆက်တယ် မရဘူး” လို့ ကိုမင်းဦးက ဆက်ပြောပါတယ်။

လွတ်မြောက်လာသူတွေကိုတော့ တရားစီရင်ဆဲကာလ ယာယီ ထိန်းသိမ်းရေးဌာနမှာ ခေတ္တထားရှိမှာဖြစ်ပြီး အမှုပြီးသွားရင်တော့ အလုပ်သမားတွေရဲ့ ဆန္ဒအပေါ်မူတည်ပြီး အကူအညီတွေ ပေးသွားမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောဆိုကြောင်း ကိုမင်းဦးက ပြန်ပြောပြပါတယ်။ ဒါ့အပြင် အသိမ်းခံထားရတဲ့ နိုင်ငံကူး လက်မှတ်တွေ ပြန်ရရေး မြန်မာသံရုံးနဲ့ ဆက်သွယ်ပေးသွားမယ်လို့ ဆိုပါတယ်။

မြန်မာအလုပ်သမား ၆ ဦးကို ရောင်းစားခဲ့တဲ့ လူပွဲစားကို ဖမ်းဆီး အရေးယူနိုင်ရေးနဲ့ လွတ်မြောက် လာသူတွေကို ကူညီနိုင်ရေးအတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို အကြောင်းကြားပေးသွားမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးသိန်းနိုင်က ဧရာဝတီကို ပြောပါတယ်။

“ပွဲစားကို တရားဥပဒေအရ ဖမ်းဆီးနိုင်ရေးနဲ့ တရားစွဲနိုင်ရေးအတွက် ကျနော်တို့ ဒီက သံရုံးကြီးကို အကြောင်း ကြားသွားမှာပါ။ ကျနော်တို့လည်း အစက ဒီသတင်းကြားတယ်၊ ရောင်းစားခံရတဲ့ သူတွေကို လှေမှာ ရိုက်နှက်တယ်လို့တောင် ကြားတယ်” လို့ ဦးသိန်းနိုင်က ပြောပါတယ်။

လွတ်မြောက်လာတဲ့ မြန်မာအလုပ်သမား ၆ ဦးကို ရောင်းစားခဲ့တဲ့ ပွဲစားကို ဖမ်းမိနိုင်ရေးနဲ့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး အတွက် မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး နှိမ်နှင်းရေး ရဲတပ်ဖွဲ့ ဒုတိယ သတင်းတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်ထွန်းနဲ့ ထိုင်းနိုင်ငံ လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေးအဖွဲ့ တာဝန်ရှိသူတွေ ဘန်ကောက်မြို့မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးနေကြတယ်လို့ သိရပါတယ်။

Trend Myanmar

ပါကစ္စတန်မှာ တာလီဘန် အဖွဲ့ခွဲတစ်ခု ခွဲထွက်လာ

Posted by drmyochit Wednesday, May 28, 2014, under | No comments

တာလီဘန် ခေါင်းဆောင်
Hakimullah Mehsud ပြီးခဲ့တဲ့
နိုဝင်ဘာမှာ အသတ်ခံရပြီးနောက်
အုပ်စုတွင်း တိုက်ခိုက်မှုတွေ တိုးလာ
ပါကစ္စတန် နိုင်ငံမှာ တာလီဘန်တွေ ဖွဲ့ထားတဲ့ တပ်ပေါင်းစုထဲက အဖွဲ့ခွဲတစ်ခုဟာ တပ်ပေါင်းစုကနေ ခွဲထွက်လိုက်ပြီလို့ အဲဒီ အဖွဲ့ခွဲရဲ့ ခေါင်းဆောင်က ပြောပါတယ်။

TTP လို့ ခေါ်တဲ့ အဲဒီ တပ်ပေါင်းစုထဲကနေ မာဆွတ် Mehsud ဆိုတဲ့ အုပ်စုဟာ ပင်မ အဖွဲ့ကြီးကနေ ခွဲထွက်လိုက်ပြီလို့ မာဆွတ်အဖွဲ့ရဲ့ ပြောခွင့်ရသူ အဇမ်တားရစ် Azam Tariq က ကြေညာပါတယ်။

ပါကစ္စတန် အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး သဘောထား ကွဲလွဲမှုတွေကြောင့် ခုလို ခွဲထွက်တာ ဖြစ်တယ်လို့ လူမျိုးစုတွေ နေထိုင်ရာ တောင်ပိုင်း ဝါဇီရစ္စတန် ဒေသမှာ အဇမ်တားရစ် က သတင်းထောက်တွေကို ပြောခဲ့တာ ဖြစ်ပါတယ်။

သူတို့ အဖွဲ့က ဆွေးနွေးမှုတွေကို ထောက်ခံပြီး တာလီဘန် ခေါင်းဆောင်တွေကတော့ အစိုးရကို ဆန့်ကျင်တဲ့ တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်လိုတယ်လို့ သူက ပြောပါတယ်။

စစ်သွေးကြွ အဖွဲ့ဟာ ဓားပြတိုက်တာ၊ ပြန်ပေးဆွဲ ငွေတောင်းတာတွေ လုပ်တဲ့ ရာဇဝတ်ဂိုဏ်း တစ်ခု ဖြစ်လာနေပြီလို့လည်း အဇမ်တားရစ်က စွပ်စွဲပါတယ်။

BBC

အရုပ်ဟု တံဆိပ်ကပ်ထားပြီး နိုင်ငံဖြတ်သန်း ချောပို့ဖြင့် ပြန်ရောက်လာသော သေတ္တာအတွင်းမှ ဂျပန်အမျိုးသမီးတစ်ဦး၏ အလောင်း

Posted by drmyochit Wednesday, May 28, 2014, under | No comments


တိုကျို- ဂျပန်ရဲတပ်ဖွဲ့ စုံထောက်များသည် နိုင်ငံကိုဖြတ်သန်းပြီး ချောပို့စနစ်ဖြင့် ပြန်လည်ရောက်ရှိလာသော ဂျပန်အမျိုးသမီးတစ်ဦး၏ အလောင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

ရီကာအိုကာဒါ (၂၉) နှစ်၏ ရုပ်အလောင်းကို ‘‘အရုပ်’’ ဟု တံဆိပ်ကပ်ထားသည့် နှစ်မီတာအရှည်ရှိသော သော့ခတ်ထားသည့် သေတ္တာတစ်လုံးဖြင့် စာတိုက်မှပေးပို့လိုက်သည်ကို တိုကျိုအနောက်ဘက်ရှိ ၎င်းနေထိုင်ရာ ဟာချီအိုဂျီစီးတီးတွင် ရဲက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အိုကာဒါသည် ပြီးခဲ့သည့် မတ်လကပင် ပျောက်ဆုံးနေခဲ့ပြီး ၎င်း၏ အလောင်းထည့်ထားသော သေတ္တာအတွက် အမြန်ချောပို့ခငွေပေးချေမှုကို ၎င်း၏ ခရက်ဒစ်ကတ်ဖြင့်ပင် ပေးချေထားကြောင်း တွေ့ရသည်ဟု ဆိုသည်။

အိုကာဒါမပျောက်ဆုံးမီ အချိန်က သူ၏ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် နှစ်ပေါင်းများစွာ ကွဲကွာနေသည့် သူငယ်ချင်းတစ်ဦးနှင့် သွားတွေ့ရန်ရှိသည်ဟု ရေးသားထားခဲ့သည်ကို သိရသည်။

ရဲတပ်ဖွဲ့စုံစမ်းရေးသမားများသည် နေအိမ်သို့ ပြန်ရောက်လာသော ၎င်း၏ အလောင်းကို စစ်ဆေးရာတွင် ဓားဒဏ်ရာများစွာ တွေ့ရပြီး လက်များတွင်မူ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရာမှဖြစ်သော ဒဏ်ရာဒဏ်ချက်များ မတွေ့ရဟုဆိုသည်။

အိုဆာကာ ရဲတပ်ဖွဲ့ကလည်း အိုကာဒါ၏ ပတ်စ်ပို့ကို အသုံးပြုကာ တရုတ်အမျိုးသမီးတစ်ဦးနှင့်အတူ ရှန်ဟိုင်းသို့ ဦးတည်ထွက်ခွာသွားသော အမျိုးသမီးတစ်ဦးရှိခဲ့ကြောင်း သတင်းများက ဖော်ပြနေမှုကို အတည်ပြုရန် ငြင်းဆန်ထားသည်။

—Ref: BBC
7 Day Daily

လက်ဖြင့် လိင်ဖျော်ဖြေမှု လွန်ကဲ၍ ဘရာဇီးလ် ဆယ်ကျော်သက် သေဆုံးသွား

Posted by drmyochit Wednesday, May 28, 2014, under | No comments


ဘရာဇီးလ်နိုင်ငံမှ ဆယ်ကျော်သက် လူငယ် တစ်ဦးသည် လက်ဖြင့် လိင်စိတ်ဖြေဖျောက်မှု လွန်ကဲရာမှ အသက်ဆုံးရှုံးသွားကြောင်း သိရသည်။
၎င်းသည် ပြီးခဲ့သည့်လက တစ်ညအတွင်း လိင်စိတ်ဖြေမှု အကြိမ် ၄၀ မျှ ပြုလုပ်ခဲ့သည်ဟု ယူဆရကြောင်း ဆရာဝန်များက ခန့်မှန်းခဲ့သည်။ ရလဒ်အနေနှင့် နောက်တစ်နေ့ မနက်လင်းချိန်တွင် အသက် ၁၆ နှစ်အရွယ် လူငယ်၏ အလောင်းကို မိခင်ြ ဖစ်သူက အိပ်ခန်းထဲတွင် ရှာဖွေ တွေ့ရှိခဲ့သည်။

မိခင်က သူမသည် သားဖြစ်သူ၏ လွန်ကဲသော အခြေအနေကို သိရှိနေသဖြင့် လိင်စွဲလန်းမှု ကုထုံးတစ်ရပ် ခံယူနိုင်စေရန် စီစဉ်နေသော်လည်း နောက်ကျသွားပြီဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။ ထိုလူငယ်၏ အတန်းဖော်များက ၎င်းသည် လိင်စိတ်လှုံ့ဆော်မှု ပြင်းပြလွန်းပြီး အမျိုးသမီးများကို ပုံသဏ္ဍန်မရွေး၊ အရွယ်မရွေး တောင့်တနေတတ်ကြောင်း ပြောကြားခဲ့သည်။

၎င်းသည် မိမိလက်ဖြင့် လိင်စိတ်ဖြေနေခြင်းကို Webcamမှတဆင့် ကြည့်ရှုရန် အတန်းဖော်များကို ဖိတ်ခေါ်တတ်သေးကြောင်းလည်း သိရသည်။ ၎င်း၏ အခန်းထဲတွင် အပြာမဂ္ဂဇင်းစာအုပ် အများအပြားကို ရဲများက တွေ့ရှိခဲ့သည်။ ထို့အပြင် လိင်စိတ်လှုံ့ဆော်သော ရုပ်ပုံများနှင့် ညစ်ညမ်းဗီဒီယိုများကိုလည်း ကွန်ပျူတာအတွင်း တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။

FWD Mail

ကလေးသူငယ် လိင်ကုန်ကူး ရဟန်းဝတ်ဂိုဏ်း ချင်းမိုင်မှာ ဖမ်းမိ

Posted by drmyochit Wednesday, May 28, 2014, under | No comments

ဖမ်းဆီး လူဝတ်လဲခံထားရတဲ့ ချင်းမိုင်နဲ့ လန်းပန်းနယ်က ကလေး လိင်ကုန်ကူး ဂိုဏ်း၊
ဓာတ်ပုံ- ချင်းမိုင် စီးတီးနယူးစ်

Wednesday, May 28, 2014

ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ စီးပွားရှာပြီး လူမှောင်ခို ကူးသန်း ရောင်းဝယ်မှုတွေလုပ်နေတဲ့ ထိုင်း နိုင်ငံ မြောက်ပိုင်း ချင်းမိုင်နဲ့ လန်းပန်းနယ်က ရဟန်းဝတ် ဂိုဏ်းတခုကို ထိုင်း အာဏာပိုင်တွေက ဖမ်းဆီးပြီး လူဝတ်လဲစေကာ တရားစွဲဆိုသွားမယ်လို့ ချင်းမိုင်စီးတီးနယူးစ် အွန်လိုင်း သတင်းတပုဒ် မှာ
ဖော်ပြထားပါတယ်။

ချင်းမိုင်နဲ့ လန်းပန်းနယ်က နာမည်ကြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတချို့က ရဟန်းဝတ် ၅ ပါးကို ကလေး သူငယ် လိင်မတရား စော်ကားခံရမှု၊ တရားမ၀င်လူမှောင်ခို ကူးမှုစတဲ့ ပုဒ်မတွေနဲ့ ဖမ်းဆီတာလို့ သိရပါတယ်။

ယမန်နေ့က အသက် ၁၄ နှစ်အရွယ် လူငယ်လေးတဦးဟာ လိင်မတား ပြုကျင့်ခံရတာကြောင့် ထွက်ပြေး လွတ်မြောက် လာပြီး ရဲက အခုလို ရဟန်းဝတ် ဂိုဏ်းကို ဖမ်းမိတာဖြစ်တယ်လို့ ဆိုပါတယ်။

သတင်းအဆိုအရ အဆိုပါ ကလေးငယ်နဲ့ အတူ အခြား လူငယ်တော်တော်များများဟာ လိင်မတော် မတရားပြုကျင့်ခံရ ဖို့ ရဟန်းဝတ် တော်တော်များများကြားမှာ ရောင်းချခံခဲ့ရတာလို့လည်း ဆိုပါတယ်။

အဲဒီလူငယ်လေးတွေကို အိမ်တအိမ်မှာထားပြီး လိင်မှုပြုကျင့်ခံရဖို့ တကြိမ်ကို ဘတ် ၃၀၀ ကနေ ၅၀၀ ထိ ပေးရပြီး ကိစ္စပြီးတာနဲ့ ထ၀ချိုင်း ဆိုသူ ရဟန်းဝတ် တပါးက ပိုက်ဆံ လိုက်ကောက်ယူတယ် လို့ ဖော်ပြထား ပါတယ်။

ဒါကြောင့် ရဲက ရဟန်းဝတ် ထ၀ချိုင်းဆိုသူ ရဟန်းဝတ်ကို ဖမ်းဆီးပြီး စစ်ဆေးဖော်ထုတ်ချက်အရ လိင်ကိစ္စ လုပ်ကိုင်နေ တဲ့ ဂိုဏ်း နဲ့ပတ်သက်ပြီး နောက်ထပ် ရဟန်းဝတ် ၄ ပါးကိုလည်းဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရဲ့အရာရှိကြီး က ပြော ထားပါတယ်။

အဲဒီထဲက ဘုန်းကြီးတပါးကိုတော့ ညစ်ညမ်း ဗွီဒီယိုခွေတွေ၊ လိင်ဆိုင်ရာ ပစ္စည်း ကိရိယာတွေ၊ ပါတီပွဲတွေ မှာ သုံးတဲ့ ဒစ္စကို မီးတွေနဲ့အတူဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ ရဲအရာရှိကြီး ဒမ်ရွန်ဆပ် ဂီထိရပွန်က အခု လို ကိစ္စကို သိလိုက်ရတဲ့အခါ တုန်လှုပ်ခြောက်ခြားမိကြောင်း ပြောဆိုထားပါတယ်။

ဧရာဝတီ

အာဂျင်တီးနားတွင် ကိုယ်ပိုင်လေယာဉ် ပျက်ကျ၊ ၅ ဦး သေဆုံး

Posted by drmyochit Wednesday, May 28, 2014, under | No comments

အာဂျင်တီးနားနိုင်ငံ ရီယိုဒီလာပလာတာမြို့မှာ လူ ၉ ဦးကို တင်လာတဲ့ ကိုယ်ပိုင်လေယာဉ် ၁ စီး မေ ၂၇ ရက်နေ့က ပျက်ကျခဲ့လို့ လူ ၅ ဦး သေဆုံးပါတယ်။

ဥရုဂွေးနိုင်ငံ ကာမယ်လိုမြို့ကို ပျံသန်းဖို့ အာဂျင်တီးနားနိုင်ငံ စန်ဖာနန်ဒိုမြို့ကနေ ပျံတက်နေတုန်း ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီလောက်က ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

Argintinaအာဂျင်တီးနား လုံခြုံရေးဝန်ကြီး ဆာဂီဘာနီကတော့ ပျက်ကျရတဲ့အကြောင်းရင်းကို စုံစမ်း စစ်ဆေးနေတုန်းပဲလို့ ပြောပါတယ်။

အာဏာပိုင်တွေကတော့ အင်ဂျင်ပျက်တာနဲ့ မြူတွေကြောင့် မြင်နိုင်စွမ်းကျဆင်းတာ ၂ ခု ပေါင်းတယ်လို့ သံသယ ရှိနေပါတယ်။

လေယာဉ်အမြီးဖြစ်ပုံကို ကြည့်ပြီး လေယာဉ်က ခေါင်းနဲ့ စိုက်ကျတာ ဖြစ်နိုင်ကြောင်း လုံခြုံရေးဝန်ကြီးက ပြောပါတယ်။

“လမ်းမှာ ဘာမှ မမြင်ရလောက် အောင် မြူထူတဲ့ နေရာ ၃ ခုလဲ ရှိသေးတယ်။ အင်ဂျင်ပျက်တာလည်း ရှိခဲ့တယ်။ ဒါပေမယ့် ဒါတွေ အားလုံးက ထင်မြင်ချက်တွေပဲ ဖြစ်နေသေးတယ်။ အတွေ့အကြုံအရ အင်ဂျင်ပျက်လို့ဆင်းဖို့ ကြိုးစားချိန်မှာ မြူထူတွေကြောင့် မြစ်ကို ကောင်းကောင်း မမြင်နိုင်တာ ဖြစ်နိုင်တယ်။”

ရှင်သန်ကျန်ရစ်သူ ၂ ယောက်ကတော့ အသေးစားဒဏ်ရာတွေနဲ့ စန်ဖာနန်ဒိုဆေးရုံကို ခေါ်ဆောင်သွားပြီး တခြား ၂ ယောက်ကတော့ ဒဏ်ရာပြင်းထန်လို့ ဥရုဂွေးနိုင်ငံ ကိုလိုနီယာ ဆေးရုံကို တင်ပို့ထားရပါတယ်။

လေယာဉ်ပိုင်ရှင်လည်းဖြစ်၊ ကိုစီယူကို အထည်ချုပ်လုပ်ငန်းရှင်လည်းဖြစ်သူ ဖေဒေရိကို ဘိုနိုမီကတော့ လေယာဉ်ဟာ အသစ်ဖြစ်ပြီး ထိပ်တန်းအဆင့် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဒီဗွီဘီ

ဂီတအလုပ်တွေအပြင် MRTV 4က ရိုက်မဲ့ Musical Drama ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ဦးမယ့် ၀ိုင်းလေး

Posted by drmyochit Wednesday, May 28, 2014, under | No comments


အိပ်မက်ဆုံရာ အစီအစဉ်မှ စတင်ကာ ဂီတလောကထဲ ၀င်ရောက်လာပြီး လက်ရှိမှာ တစ်ကိုယ်တော်ခွေ အပြင် ဇာတ်လမ်းတွဲ တစ်ခုလဲရိုက်ဖို့ ရှိနေတာကြောင့် သူမရဲ့အနုပညာလှုပ်ရှားမှုတွေအကြောင်း မေးကြည့်တဲ့ အခါ “သုံးယောက်ခွေ မထွက်ခင်ကတည်းက ဒီအခွေကိုလုပ်နေတာ။ အခုနောက်ပိုင်းကျတော့ သီချင်းက ၈ပုဒ် တီးပြီးသွားပြီ။ ဒါပေမဲ့ အဲဒီ၈ပုဒ်ထဲက အားမရလို့ ၀ိုင်းလေးက အသစ်ပြန် တီးနေတာ ဆိုတော့ အခု သီချင်း အပုဒ်၂၀ကျော်ကတည်းက ၇ပုဒ်တော့ ပြီးသွားပြီ။ မှန်းထားတာကတော့ သြဂုတ် ၈လပိုင်း ၃ ရက်နေ့မှာ ထွက်ဖို့စဉ်းစားထားတာ။ ဒါပေမဲ့ မိုးတွင်းရယ်၊ ပရိသတ် အခိုင်အမာ မရသေး တာကြောင့်ရယ်။ ရက်နောက်ဆုတ်ပြီး စက်တင်ဘာ၊ အောက်တိုဘာလောက်တော့ မှန်းထားတယ်။ အခွေထဲမှာ က R&B dance လေးတွေပါမယ်။ popလေးတွေပါမယ်။ တေးရေးတွေက တော့ ဆရာမြင့် မိုးအောင်၊ ဆရာနောင်နောင်(ဆန်းဖလားဝါး)၊ ကိုပိ၊ စောဖြိုးဝေကျော်။ G3 က ကိုသားစိုးပါတယ်။ ၀ိုင်းလေး ကိုယ်တိုင်လဲပါ မယ်။ သီချင်းက တစ်ကိုယ်တော်ဆိုတော့ ကိုယ့်စိတ်ကြိုက်ပေါ့။ အသည်းကွဲ သီချင်းတွေ လဲပါမယ်။ အချစ်သီချင်းလေးတွေလဲ ပါမယ်။ ဘ၀အကြောင်းလေးတွေလဲပါမယ်။ နောက်ထူးခြားတာက ၀ိုင်းလေးရေး ထားတဲ့ အဖေ့မေတ္တာအကြောင်း ရေးထားတဲ့ သီချင်းပေါ့။ အများကတော့ အမေအတွက် ရေးတာများ တယ်။ ၀ိုင်းလေး ကိုယ်တိုင်ကတော့ အဖေ့မေတ္တာသီချင်းလေးကို ထည့်ထားတာပေါ့။”လို့ သူမက ပြောပါ တယ်။

 သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း သူမက “MRTV 4 ကနေ musical drama ရိုက်ဖို့အတွက် အိပ်မက်ဆုံရာက ၁၀ယောက်ပါမယ်ပေါ့။ ၀ိုင်းလေး ၊ ဟန်ထူးဈာန်၊ နန့်ချစ်၊ အောင်မြင့်မြတ်၊ ထင်တိုင်း၊ ယမုံဝေဦးခင်၊ ရတနာဝိုင်း၊ နန်းထက်ထက်သူ၊ ထွန်းပြည့်အောင်တို့ပေါ့။ ၀ိုင်းလေးလဲ သိပ်မမှတ်မိလို့။ ရိုက်မှာက music အကြောင်းပေါ့။ သူငယ်ချင်းတွေ တစ်နေရာစီက လာပြီးတော့ ဂီတ၀ါသနာပါတဲ့အခါမှာ ပြိုင်ပွဲသွားပြိုင်ကြတယ်။ အခက်အခဲတွေ တွေ့ရတယ်ပေါ့။ အဲလိုပုံစံလေးလောက်ပဲ သိထားတယ်။ အတိအကျတော့ မသိသေးဘူး။ ရှေ့လ စရိုက်မယ်လို့တော့ ပြောထားတယ်။ သေချာတာက ၀ိုင်းလေးက အဆိုတော်ဖြစ်ချင်တာပါ။ သရုပ်ဆောင်ကတော့ အနုပညာတစ်ခုအနေနဲ့ ကြိုးစားသင့်တယ်ထင်လို့ရိုက်ဖို့ လက်ခံဖြစ်တာပါ”တဲ့။

Trend Myanmar

တောင်ကိုရီးယားနိုင်ငံ ကျေးလက်ဆေးရုံတရုံတွင် မီးလောင်၊ ၂၁ ဦး သေဆုံး

Posted by drmyochit Wednesday, May 28, 2014, under | No comments


တောင်ကိုရီးယားနိုင်ငံ အနောက်တောင်ပိုင်း ဂျေးအိုလာဒေသ ကျေးလက်ဆေးရုံတရုံမှာ ဒီနေ့ မီးလောင်မှုဖြစ်ပွားခဲ့လို့ နာတာရှည် သက်ကြီးလူနာ ၂၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရပါတယ်။

ဒါဟာ နိုင်ငံတွင်း ကူးတို့ယာဉ် နစ်မြုပ်မှုကြောင့် လူ ၃၀၀ ကျော် သေဆုံးမှုအပြီး ဒုတိယမြောက် အကြီးစား မတော်တဆမှု ဖြစ်ပါတယ်။ မီးဟာ ညသန်းခေါင်က စတင် လောင်ကျွမ်းခဲ့တာလို့ ဒေသခံမီးသတ်ဌာနက ဆိုပါတယ်။

Koreaမီးကို အမြန်ငြိမ်းသတ်နိုင်ခဲ့ပေမယ့် သက်ကြီးလူနာတွေက လမ်းမလျှောက်နိုင်၊ လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်လို့ သေဆုံးမှု များခဲ့တာလို့ မီးသတ်အရာရှိတွေက ပြောပါတယ်။

မီးလောင်သေဆုံးသူ လူနာအားလုံးက ကုတင်ပေါ်မှာ လဲနေတဲ့ လူနာတွေ ဖြစ်ပြီး သူတို့ကို ဆေးရုံရဲ့ ကနဦးကယ်ဆယ်ရေး အားထုတ်မှုတွေ ရှိခဲ့ပေမယ့် လွတ်အောင် မလုပ်နိုင်ခဲ့ဘူးလို့ ဒမ်ယန်မီးသတ်ဌာန ခေါင်းဆောင် လီမင်ဟိုက ပြောပါတယ်။

သေဆုံးသူအားလုံးက မီးခိုးမွန်ပြီး သေဆုံးတာလို့ ဒေသခံ မီးသတ်ဌာန အရာရှိတဦး တယ်လီဖုန်းကနေ ပြောပါတယ်။

ဒီဆေးရုံဟာ ဦးနှောက်ထိခိုက် ဒဏ်ရာရမှု ဒါမှမဟုတ် လေဖြတ်မှုကြောင့် မသန်စွမ်းဖြစ်နေသူတွေ ကာလကြာရှည် ပြုစုကုသရမယ့် လူနာတွေကို ကုတဲ့ဆေးရုံလို့ ဒေသခံ မီဒီယာက အစီရင်ခံပါတယ်။

တောင်ကိုရီးယားဟာ ကမ္ဘာ့စတုတ္ထအကြီးဆုံး စီးပွားရေးနိုင်ငံ ဖြစ်ပြီး ကုန်ထုတ်လုပ်မှုမှာ ထိပ်တန်းနိုင်ငံ ဖြစ်ပေမယ့် ဘေးကင်းရေးစံချိန်တွေကို လိုက်နာမှုနဲ့ စည်းကမ်းထိန်းသိမ်းမှု လျော့ရဲတယ်လို့ ဝေဖန်တာတွေကို ရင်ဆိုင်နေရပါတယ်။

ပြီးခဲ့တဲ့ မေ ၂၆ ရက်နေ့ကလည်း ဈေးကြီးတခုမှာ မီးလောင်လို့ မီးခိုးတွေနဲ့ အဆိပ်သင့်မှိုင်းတွေ အမြန်ပျံ့လာတဲ့အတွက် လူ ၈ ဦး သေဆုံးခဲ့ပါသေးတယ်။

မီးနဲ့ မီးခိုးတွေ ပြန့်လာတာကို တားဖို့ ပုံစံထုတ်ထားတဲ့ပစ္စည်းတွေ တပ်ဆင်ထားပေမယ့် အဆောက်အဦအသစ်မှာ အဲဒီပစ္စည်းတွေက အလုပ်မလုပ်ခဲ့ပါဘူး။ မြေအောက်ရထား မတော်တဆမှု ၂ ခုမှာလည်း လူအယောက် ၂၀၀ နီးပါး ဒဏ်ရာရခဲ့ပါသေးတယ်။

DVB

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်