Thursday, September 04, 2014

မိန်းကလေးတဦး မကောင်းဆိုးဝါး ဖမ်းစားမှုမှ ကာကွယ်ရန် လေလွင့်ခွေးနှင့် မင်္ဂလာဆောင်

Posted by drmyochit Thursday, September 04, 2014, under | No comments


မကာင်းဆိုးဝါဖမ်းစားခြင်းမှ ကာကွယ်ရန်အတွက် အိန္ဒိယနိုင်ငံ အရှေ့ပိုင်းရှိ ဂျာခန်းပြည်နယ်မှ မန်ဂလီမန်ဂါ အမည်ရှိ ၁၈နှစ်အရွယ် မိန်းကလေးသည် လေလွင့်ခွေးတကောင်နှင့် လက်ထပ်မင်္ဂလာပွဲ ပြုလုပ်ခဲ့သည်။
မန်ဂလီမန်ဂါသည် ပြဿဒါးကံ ပူးကပ်နေကြောင်း၊ အမျိုးသားတဦးနှင့် လက်ထပ်ပါက မိသားစုသာမက ရွာကိုပါ ကံဆိုးမိုးမှောင်ကျရောက်နိုင်ကြောင်း ၎င်းတို့ရွာမှ ဂုရု၏ စကားကို မိဘဖြစ်သူများက ယုံကြည်သဖြင့် အဆိုပါမင်္ဂလာပွဲအား အလျင်အမြန် ကျင်းပခဲ့ကြသည်။

သူမ၏ဖခင်က ကြောင်တောင်တောင်ဖြစ်နေသော ရှာရူးအမည်ရ ခွေးလေခွေးလွင့်အား မင်္ဂလာပွဲသို့ ကားဖြင့် တင်ဆောင်လာရာ တတ်ရောက်လာသော ဧည့်သည်များက ကြိုဆိုခဲ့ကြသည်။
“ဒီပွဲပြီးရင် မကောင်းဆိုဝါးဖမ်းစားခံထားရတာ ခွေးဆီကို ရောက်သွားမယ်လို့ ရွာလူကြီးတွေပြောလို့ ခွေးနဲ့ မင်္ဂလာဆောင်တာပါ၊ ပြီးရင် ကျမလက်ထပ်မဲ့ အမျိုးသားက အသက်ရှည်ရှည်နေရလိမ့်မယ်” လို့ မန်ဂလီ က ပြောသည်။

သူမ၏ ဖခင်က “မင်္ဂလာပွဲကို အမြန်းဆုံးစီစဉ်ဖို့ ရွာလူကြီးတွေက ပြောတယ်၊ မကောင်းဆိုးဝါး ဖမ်းစားမှုက လွတ်မြောက်ဖို့ ခွေနဲ့မင်္ဂလာဆောင်တာကလွဲလို့ အခြားနည်းလမ်း မရှိဘူး” ဟု ပြောသည်။

၎င်းရွာတွင် ယင်းသို့သောမင်္ဂလာပွဲများ ပြုလုပ်သည်မှာ ပထမဆုံးအကြိမ် မဟုတ်ဟု ဆိုသည်။
ရွာထုံးစံအရ ယခုမင်္ဂလာပွဲသည် မန်ဂလီ၏ ဘ၀အား မည်သို့မျှ ထိခိုက်မည်မဟုတ်သည့်အပြင် ခွေးနှင့် ကွာရှင်းပြတ်စဲခြင်းပြုစရာလည်း မလိုဘဲ လွတ်လပ်စွာ လက်ထပ်နိုင်မည်ဖြစ်သည်။
အယောက် ၇၀ ၀န်းကျင်ခန့်ရှိသော ဆွေမျိုးများနှင့် ရွာသားများက ရိုးရာဗုံများ တီးခတ် ကခုန်ခြင်းဖြင့် မင်္ဂလာပွဲအား ဆင်နွှဲခဲ့ကြသည်။

“တနေ့တော့ ကျမ အမျိုးသားတယောက်နဲ့ လက်ထပ်မှာပါ၊ ကိုယ့်ရဲ့ ဘ၀လက်တွဲဖော် မင်းသားလေးနဲ့ လက်ထပ်ဖို့ဆိုတာ မိန်းကလေးတိုင်ရဲ့ အိမ်မက်ပါ၊ အဲဒီတော့ ကျမလည်း ကျမဘ၀ရဲ့ မင်းသားလေးကို မျှော်နေပါတယ်” ဟု မန်ဂလီမန်ဂါ က ပြောလေသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ရှင်ကျန်းပြည်နယ်တွင် ဟန်လူမျိုးနှင့် အခြားတိုင်းရင်းသားများ လက်ထပ်လျှင် အစိုးရက ထောက်ပံ့မည်

Posted by drmyochit Thursday, September 04, 2014, under | No comments

ရှင်းကျန်းပြည်နယ်မှ မင်္ဂလာဆောင် တစ်ခု။

ပေကျင်း၊ စက်တင်ဘာ ၎

အစ္စလာမ်မစ် စစ်သွေးကြွများ၏ ထိုးနှက်မှုဒဏ် ခံနေရသော၊ အစ္စလာမ် ဘာသာဝင် အများစု နေထိုင်ရာ ရှင်ကျန်း ပြည်နယ်၏ မြို့တစ်မြို့တွင် စည်းလုံး ညီညွတ်မှု ရရန် လူများစု ဟန်လူမျိုးများနှင့် လူနည်းစု တိုင်းရင်းသား အုပ်စုများ အကြား ထိမ်းမြား လက်ထပ်ပါက ငွေကြေးအပြင် အခြားသော ထောက်ပံ့မှုများ ကိုပါ ပေးအပ်မည်ဟု စက်တင်ဘာ ၄ရက်က သည်တိုင်းမ်အော့ဖ် အိန္ဒိယ သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

ထိုသို့ လူမျိုးစု ကွဲချင်း လက်ထပ်ထိမ်းမြားခဲ့လျှင် နှစ်စဉ် ယွမ် ၁၀၀၀၀ (အမေရိကန် ဒေါ်လာ ၁၆၂၇) ကို ငါးနှစ် ဆက်တိုက် အထိ ထောက်ပံ့ ချီးမြှင့်သွား မည် ဖြစ်ကြောင်း ရှင့်ကျင်းရှိ ကမ်မိုစီရင်စု အစိုးရက ကြေညာထားသည်။ သို့သော်လည်း ယင်းအဆိုကို လက်မခံသူများကမူ အလုပ်ဖြစ်မည့် အရာမဟုတ်ဆို ကာ ငြင်းဆန် ကန့်ကွက်နေကြသည်။

“ဒီ မူဝါဒကို ဆက်လက် အကောင်ထည် ဖော်သွားမှာပါ”ဟု စီရင်စု အစိုးရရုံးမှ တာဝန်ရှိသူ တစ်ဦးက တရုတ်အစိုးရပိုင် ဂလိုဘယ်လ်တိုင်းမ် သတင်းစာသို့ ပြော သည်။

လူမျိုးမတူသောစုံတွဲ မိသားစုများကို ယခု မူဝါဒအရ အိမ်ရာ၊ ပညာရေး ထောက်ပံ့ကြေး၊ အလုပ်အကိုင်များနှင့် လူမှုဖူလုံရေး အထောက်အပံ့များ ကိုလည်း ပေးသွား မည် ဖြစ်သည်။ ထို့အပြင် လက်ထပ်ပြီး သုံးနှစ်ကြာမျှ အနည်းဆုံး အိမ်ထောင်သက် ရရှိခဲ့လျှင် အိမ်ရာနှင့် ကျန်းမာရေး စရိတ်ခံစားခွင့်များ ရရှိနိုင်မည် ဖြစ်သည်။

ယင်းအာမခံ ကြေးများ ရရှိပြီးနောက်တွင်လည်း စုံတွဲ ၉၀ ရာခိုင်နှုန်းတို့သည် ကျန်းမာရေးစရိတ်များကို ဒေသအစိုးရဆီမှ အကျိုးခံစားခွင့် ရနိုင်မည် ဖြစ်သည်။ ၎င်းတို့၏ သားသမီးဖြစ်သူများလည်း ယင်းစီရင်စုရှိကျောင်းများတွင် အထက်တန်းပညာအခမဲ့ တက်ရောက်သင်ကြားနိုင်မည်ဖြစ်သည်။ တက္ကသိုလ် တက်ရောက်နိုင် သူများကိုလည်း နှစ်စဉ် ပညာသင်ထောက်ပံ့ကြေး ယွမ် ၅၀၀၀ လည်း ထောက်ပံ့မည်ဖြစ်သည်။

Mizzima

အိန္ဒိယတိုက်ငယ်ထဲ အယ်လ်ကိုင်းဒါး နယ်ချဲ့လာပြီ လို့ ဆို

Posted by drmyochit Thursday, September 04, 2014, under | No comments

ပုံအညွှန်း။ ။ အယ်လ်ကိုင်းဒါး ခေါင်းဆောင် အယ်လ်ဝါဇာဟရီ 

အိန္ဒိယတိုက်ငယ်ထဲ ၄င်းတို့အဖွဲ့နယ်ချဲ့လာပြီ လို့ အယ်လ်ကိုင်းဒါးအဖွဲ့ခေါင်းဆောင် အေမန်အယ်လ်ဇာ ၀ါဟရီ ကကြာသပတေးနေ့ လွှင့် ဗီဒီယိုကြေညာချက်တစ်ခုမှာ ပြောဆိုလိုက်ပါတယ်။ အယ်လ်ကိုင်းဒါးရဲ့ ဒေသတွင်းအဖွဲ့တစ်ဖွဲ့ ဟာ ရန်သူတွေကို ဂျီဟတ်စစ်ပွဲ ဆင်နွှဲသွားမယ်လို့လည်း ဆိုပါတယ်။

ဒီဒေသထဲမှာ အခြေချဖို့ နှစ်ပေါင်းများစွာပြင်ဆင်လာခဲ့တယ်လို့လည်း သူက အဆိုပါ အွန်လိုင်းဗီဒီယိုမှာ ပြောဆိုခဲ့ပါတယ်။

ယင်းထုတ်ပြန်ချက်ထဲမှာ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် နဲ့ နီပေါ တို့ကို ရည်ညွှန်း လေ့ရှိတဲ့ အိန္ဒိယတိုက်ငယ်လို့ ဖော်ပြထားပေမယ့် အယ်လ်ဇာဝါဟရီ ရဲ့ ပြောဆိုချက် တွေဟာ အိန္ဒိယနိုင်ငံကို တိုက်ရိုက်ရည်ညွှန်းတယ်လို့ အများက ရှုမြင်ကြပါတယ်။ အိန္ဒိယနိုင်ငံဟာ ဟိန္ဒူ ဘာသာဝင်တွေ အဓိကနေထိုင်ရာနိုင်ငံတစ်ခုဖြစ်သလို မွတ်စလင်တွေလည်း အများအပြားရှိတဲ့နိုင်ငံဖြစ်ပါတယ်။
အိန္ဒိယပြည်ထဲရေးဝန်ကြီး ရက်ဂ်ျနက်ဆင်းဟာ ကြာသပတေးမနက်က ထိပ်တန်း လုံခြုံရေးနဲ့ ထောက်လှမ်းရေးအရာရှိတွေနဲ့ တွေ့ဆုံပြီး ယင်းခြိမ်းခြောက်အန္တရာယ် အတွက် ဆွေးနွေးခဲ့ပါတယ်။
အိန္ဒိယအာဏာရပါတီ BJP မှ ပြောခွင့်ရသူတစ်ဦးကတော့ ` သည်ကြေညာချက် ဟာ အထူးစိုးရိမ်စရာတစ်ခုဖြစ်ပေမယ့် ဘာမှမပူပါနဲ့။ ကျနော်တို့မှာ အားကောင်းတဲ့ ဖယ်ဒရယ်အစိုးရ ရှိပါတယ် ´ လို့ ဆိုပါတယ်။

အကဲခတ်တချို့ကတော့ အယ်လ်ဇာဝါဟရီရဲ့ ကြေညာချက်ဟာ ဆီးရီးယားနဲ့ အီရတ်မှာ အခြေစိုက်တဲ့ အစ္စလာမ္မစ်စတိတ် စစ်သွေးကြွအဖွဲ့ ရဲ့ အရှိန်အ၀ါ လွှမ်းမိုးမှု ခံနေရတဲ့ အယ်လ်ကိုင်းဒါး အဖွဲ့ကို ပြန်လည်ဦးမော့လာစေဖို့ အားထုတ်မှုတစ်ခု ဖြစ်တယ်လို့ ရှုမြင်ကြပါတယ်။

ဘာသာပြန်... စုပြည့်စုံ
Ref: AP
Kumudra

● အယ်လ်ခိုင်းဒါး ဂျီဟက် စိုးရိမ်စရာ မရှိသေး ●

Posted by drmyochit Thursday, September 04, 2014, under | No comments


အိန္ဒိယတိုက်ငယ် အယ်လ်ခိုင်းဒါး ဖွဲ့စည်းပြီးတော့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယကို ပစ်မှတ်ထား ကြောင်း အယ်လ်ဇာဝါဟီရီက ကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံကို ဂျီဟက်စစ်ပွဲ ဆင်နွှဲဖို့ ပြောကြားသွားတာ တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်လို့ လတ်တလောမှာ စိုးရိမ်တကြီး ပူပန်စရာ မလိုသေးပါဘူး။
(၁) အကြမ်းဖက်တိုက်ခိုက်မှုဟာ ယနေ့ကမ္ဘာကြီးတစ်ခုလုံးရဲ့ ဘုံရန်သူအဖြစ် မြန်မာနိုင်ငံက ခံယူထားပါတယ်။ အလားတူပါပဲ အကြမ်းဘက်ဝါဒ ဆန့်ကျင်ရေးအတွက် နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ အခိုင်အမာ ကတိက၀တ် ပြုထားသလို လက်ရှိအချိန်မှာလည်း ပူးပေါင်းဆောင်ရွက်မှုတွေ ဆောင်ရွက်လျက် ရှိပါတယ်။
(၂) မြန်မာနိုင်ငံအနေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ ပစ်မှတ်ဖြစ်လာနိုင်တာကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ကြိုတင် သိရှိထားတဲ့အတွက် နိုင်ငံတော် လုံခြုံရေးအတွက် လိုအပ်တဲ့ ပြင်ဆင်ဆောင်ရွက်မှုတွေကို တပ်မတော်အပါအ၀င် လုံခြုံရေးအဖွဲ့အစည်းတွေ အားလုံး အလေးထားပြီး လုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း လုပ်ဆောင်လျက် ရှိပါတယ်။ အယ်ခိုင်းဒါးကွန်ရက် ပြန့်နှံ့စီးဆင်း လည်ပတ်မှုတွေကို လေ့လာပြီး ၀င်ရောက်လာ နိုင်တဲ့ လမ်းကြောင်းတွေကို ကြိုတင်သတ်မှတ် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
(၃) အကြမ်းဖက်တိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ National Security ကို ဆောင်ရွက်ရာမှာ နိုင်ငံတစ်နိုင်ငံတည်း သီးခြားဆောင်ရွက်လို့ မပြည့်စုံနိုင်ပါဘူး။ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ အိန္ဒိယတိုက်ငယ်သာမက ကမ္ဘာကြီးတစ်ခုလုံးက အကြမ်းဘက်တိုက်ဖျက်ရေး လှုပ်ရှားမှုတွေနဲ့ ပေါင်းစည်းဆောင်ရွက် သွားရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အကြမ်းဘက်အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ဖလှယ်နိုင်ဖို့၊ မျှဝေနိုင်ဖို့အတွက် Early Warning System တစ်ခုကို ထူထောင်ထားရှိရာမှာ မြန်မာနိုင်ငံဟာလည်း ပူးပေါင်းပါဝင်လျက် ရှိပါတယ်။
ဒါကြောင့် အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံတော်ကာကွယ်ရေးအတွက် အစိုးရ၊ တပ်မတော်နဲ့ လုံခြုံရေး အဖွဲ့အစည်းတွေဟာ အကောင်းဆုံးဖြစ်အောင် ကြိုတင် ပြင်ဆင် ဆောင်ရွက် နေပါကြောင်း၊ ဒီလိုအန္တရာယ်မျိုးက ကာကွယ်နိုင်အောင် တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အထူးအလေးထား ဆောင်ရွက်နေပါကြောင်း အလေးအနက် တင်ပြလိုပါတယ်။
● တိုက်တွန်းချက် ●
နောက် အရေးကြီးတာ တစ်ခု တင်ပြလိုပါတယ်။ အယ်လ်ဇာဝါဟီရီရဲ့ ဂျီဟတ်ကြေညာချက်နဲ့ ပတ်သက်လို့ ဖြစ်ပါတယ်။
ပထမအချက်က သူတို့ ခေါ်ဆောင်ရာနောက်ကို လိုက်ပါမယ့် အစွန်းရောက်တွေ ထွက်ပေါ် လာအောင် စည်းရုံးတာမျိုး ဖြစ်နိုင်ပါတယ်။ ဘာသာရေးနွယ်တဲ့ တင်းမာမှုတွေ ရှိနေဆဲ ဖြစ်တဲ့ ကျွန်တော်တို့နိုင်ငံက အစ္စလာမ်ဘာသာဝင်တွေကို အစွန်းရောက်စိတ်ဓါတ်တွေ ပေါက်ဖွားလာ အောင်၊ အစွန်းရောက်လမ်းကြောင်းပေါ်ကို လျှောက်လှမ်းလာအောင် စည်းရုံးတာမျိုး ဖြစ်လာနိုင်တာကိုလည်း ကျွန်တော်တို့ သတိထားဖို့ လိုပါတယ်။ ဒါကိုတော့ ဘာသာရေးခေါင်းဆောင် တွေ အလေးထားဖို့ လိုပါတယ်။
ဒုတိယအချက်က ဂျီဟက်ကြညာလိုက်ပြီးတော့ ကျွန်တော်တို့နိုင်ငံက လူ့အဖွဲ့အစည်း(၂)ရပ်အကြားမှာ ပဋိပက္ခတွေ မြင့်မားပြင်းထန်လာအောင် လှုံ့ဆော်တာမျိုး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး ဆက်နွယ်တဲ့ ပဋိပက္ခတွေကြားမှာ အခုလို ဂျီဟတ်ကြေညာလိုက်တာကြောင့် ကျွန်တော်တို့ ပြည်တွင်းမှာ မယုံမကြည်ဖြစ်တာတွေ၊ သံသယတွေ ကြီးမားလာတာတွေ ဖြစ်လာစေဖို့၊ ဒီကမှ တစ်ဆင့် အချင်းချင်း ပဋိပက္ခတွေ ပြန်လည်ဖြစ်ပွားလာပြီး လက်ရှိ ရရှိထားတဲ့ တည်ငြိမ်အေးချမ်းမှုတွေ ပျက်ပြားသွားဖို့ လှုံ့ဆော်တာလည်း ဖြစ်နိုင်တာကို ကျွန်တော်တို့ ပြည်သူတွေအားလုံး နားလည်သဘောပေါက်ဖို့ လိုပါတယ်။
ဒီအချိန်မှာ အရေးကြီးဆုံးကတော့ ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ ဒီစည်းရုံးလှုံ့ဆော်မှု တွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေကို အမြော်အမြင် ရှိရှိ ကြိုတင် မျှော်တွေးပြီး မိမိဘာသာဝင်တွေကို ထိန်းသိမ်းကြဖို့ ဖြစ်ပါတယ်။
ကျွန်တော်တို့ ပြည်သူတွေအနေနဲ့လည်း ဒီ(၂)ချက်ကို သိရှိထားပြီးတော့ အစိုးရ၊ ပြည်သူ၊ ဘာသာရေးခေါင်းဆောင်တွေ ပူးပေါင်းပြီးတော့ လက်ရှိ တည်ငြိမ်အေးချမ်းမှုကို မထိခိုက်အောင် ဆောင်ရွက်သွားကြဖို့ လိုပါတယ်။ ဒီသတင်းကြောင့် အချင်းချင်းအကြား သံသယတွေ ကြီးထွားလာပြီး ပဋိပက္ခတွေဆီ ပြန်လည်ဦးတည်မသွားအောင် သတိရှိကြဖို့ လိုပါတယ်။ သိပ်ပြီးလည်း စိုးရိမ်တကြီး ဖြစ်နေစရာ အကြောင်းမရှိပါဘူး။ စိုးရိမ်လွန်ကဲတာမျိုး မဖြစ်အောင်လည်း ပြောလိုပါတယ်။ ပြည်သူများအနေနဲ့ လုံခြုံရေးသတိနဲ့ ထူခြားတာတွေ တွေ့မြင်ရရင် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို သတင်းပေးကြဖို့ လိုပါတယ်။
သတိရှိကြဖို့ လိုအပ်သလို သံသယ မကြီးမားကြဖို့လည်း အထူးအရေးကြီးပါတယ်။ အထူးသဖြင့် မန္တလေးပဋိပက္ခမှာ ကျော်လွှားခဲ့တဲ့ Success Story အတိုင်း နှစ်ဘက်သော လူ့အဖွဲ့အစည်းက ပြည်သူတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အားလုံး အနေနဲ့ ဒီနောက်ပိုင်း ကာလမှာ သတိထားပြီး နားလည်မှု ရှိရှိ ပူးပေါင်းဆောင်ရွက်ကြဖို့ သိပ်ကို အရေးကြီးပါတယ်။ ဒီအချိန် ဒီကာလမှာ အမုန်းစကားတစ်ခွန်းကြောင့် ကြီးမားတဲ့ သွေးထွက်သံယိုမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ နှစ်ဘက်သော ဘာသာဝင်တွေအနေနဲ့ ကျွန်တော်တို့ ပြည်တွင်းမှာ နှစ်ပေါင်းများစွာ ငြိမ်းငြိမ်းချမ်းချမ်း ယှဉ်တွဲနေထိုင်လာခဲ့တဲ့ အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်ကြဖို့ လိုပါတယ်။
အမေရိကန်တပ်တွေ လိုက်လံရှာဖွေလို့ ထွက်ပြေး တိမ်းရှောင်နေရတဲ့ အယ်လ်ဇာဝါဟီရီရဲ့ စကားတစ်ခွန်းကြောင့် ကျွန်တော်တို့ ပြည်တွင်းမှာ ဘေးဒုက္ခ မဖြစ်စေဖို့ အရေးကြီးပါကြောင်း အလေးအနက် တိုက်တွန်းလိုက်ရပါတယ်။
Ref : Hmuu Zaw
Yangon Media Group

သူပုန်များနှင့် အပစ်အခတ် ရပ်စဲရန် ရုရှားနှင့် သဘောတူညီမှု ရရှိပြီဟု ယူကရိန်းကြေညာ

Posted by Unknown Thursday, September 04, 2014, under | No comments



နိုင်ငံအရှေ့ပိုင်း ဒေသများတွင် သူပုန်တပ်များနှင့် စစ်ဖြစ်နေရာမှ အမြဲတမ်း အပစ်အခတ် ရပ်စဲရေးအတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် သဘောတူညီမှု ရရှိခဲ့ပြီဟု ယူကရိန်းသမ္မတ ပက်ထရို ပိုရိုရှန်ကို၏ အစိုးရ အဖွဲ့က သတင်းထုတ်ပြန် ကြေညာခဲ့သည်။

ရုရှားလိုလားသည့် သူပုန်တပ်ဖွဲ့များက ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ လူဟန့်စ်ခ်နှင့် ဒိုးနက်စ်ခ် မြို့များတွင် ခွဲထွက်ရေး ကြေညာကာ ယူကရိန်းအစိုးရကို ဆန့်ကျင် တိုက်ခိုက်ခဲ့သည်။ အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်ပြီး ယူကရိန်းနှင့် ရုရှားတို့ကြား ဆက်ဆံရေး အေးခဲ တင်းမာခဲ့သော်လည်း ယခုအခါ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိလာခြင်း ဖြစ်သည်။

“နှစ်နိုင်ငံ အစိုးရတွေ ဆွေးနွေးညှိနှိုင်းပြီးတဲ့နောက် ဒိုးနက်စ်ခ်၊ လူဟန့်စ်ခ်နဲ့ ပတ်ဝန်းကျင် ဒေသတွေမှာ အမြဲတမ်း အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပါပြီ”ဟု ယူကရိန်း သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ သဘောတူညီချက်အတွက် ပူတင်နှင့် ပိုရိုရှန်ကိုတို့ တယ်လီဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့ခြင်းဟု ဆိုသည်။ “နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ အပြန်အလှန် နားလည်မှု တည်ဆောက်ပြီး ငြိမ်းချမ်းရေးဆီ ဦးတည်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်”ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။

ယူကရိန်း အရှေ့ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ကြောင့် နှစ်ဖက် တိုက်ခိုက်ရေးသမားများနှင့် အပြစ်မဲ့ပြည်သူ (၂၆၀၀)ကျော် သေဆုံးခဲ့သည်။ ယူကရိန်းနှင့် အမေရိကန် ဦးဆောင်သော မဟာမိတ်များက ရုရှားတပ်များသည် သူပုန်များဘက်မှ ကူညီ တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲထားကြသော်လည်း ပူတင်က မိမိတို့နှင့် ခွဲထွက်ရေး ပြောက်ကျားများကြား ဆက်နွယ်မှု မရှိဟု ငြင်းဆိုထားသည်။

_Ref: BBC

နာမည်ကျော်တို့၏ ဓာတ်ပုံများ ပေါက်ကြားမှုတွင် iCloud စနစ်တစ်ခုလုံး ကျိုးပေါက်ခြင်း မဟုတ်ဟု Apple ရှင်းလင်း

Posted by Unknown Thursday, September 04, 2014, under | No comments


အမေရိကန် နာမည်ကျော် အနုပညာရှင် အမျိုးသမီးများ၏ ဝတ်လစ်စားလစ် ဓာတ်ပုံများ ပေါက်ကြားမှုတွင် Hacker များက ၎င်းတို့ အလိုရှိသည့် Account များကိုသာ သီးခြားပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး iCloud စနစ်တစ်ခုလုံး လုံခြုံရေး ကျိုးပေါက်သွားခြင်း မဟုတ်ဟု Apple ကုမ္ပဏီက ဖြေရှင်းခဲ့သည်။

အင်တာနက်ပေါ်တွင် အချက်အလက်များ သိုလှောင်သိမ်းဆည်းသည့် iCloud ဝန်ဆောင်မှုမှ ပေါက်ကြားမှု ဖြစ်ပွားပြီး အော်စကာဆုရှင် ဂျနီဖာလောရင့်စ် အပါအဝင် နာမည်ကျော် အနုပညာရှင် အချို့၏ လျှို့ဝှက်အပ်သော ဓာတ်ပုံများ ပျံ့နှံ့သွားခဲ့သည်။ ယင်းဖြစ်ရပ်ကြောင့် Apple ၏ iCloud ဝန်ဆောင်မှုအပေါ် မေးခွန်းထုတ်မှုများ ရှိလာပြီး Appleက ပြန်လည် စိစစ် စုံစမ်းခဲ့သည်။

စက်တင်ဘာ (၂)ရက်တွင် ကုမ္ပဏီက ရှင်းလင်းချက် ထုတ်ပြန်ခဲ့ရာ “နာရီပေါင်း (၄၀)ကြာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တဲ့နောက် တိတိကျကျ ရည်ရွယ်ရွေးချယ်ထားတဲ့ နာမည်ကြီး ပုဂ္ဂိုလ်တွေရဲ့ Account တွေကို ထိုးဖောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်မျိုးဟာ အင်တာနက်ပေါ်မှာ ကြုံတွေ့နေကျ ပြဿနာမျိုးပါ။ ဒါပေမဲ့ iCloud၊ Find my iPhone တို့ အပါအဝင် ဘယ်လိုစနစ်တွေမှာမှ ကျိုးပေါက်မှု မရှိပါဘူး။ ဒီလို ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့် ချိုးဖောက်မှုတွေအတွက် အပြစ်ရှိသူတွေကို ဖော်ထုတ်နိုင်ဖို့ သက်ဆိုင်ရာ တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းတွေနဲ့ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမှာပါ”ဟု ဖော်ပြ ပါရှိသည်။

ဆိုက်ဘာ ရာဇဝတ်သား Hacker များက အမေရိကန် နာမည်ကျော် အမျိုးသမီးများ၏ ပုဂ္ဂိုလ်ရေး ဓာတ်ပုံများကို ဖောက်ထွင်းခိုးယူပြီး Social Media များပေါ် ဖြန့်ဝေခဲ့သည့် ဖြစ်ရပ်သည့် ပြီးခဲ့သည့် သီတင်းပတ်အတွင်း အထူးတလည် သတင်းကြီးခဲ့သည်။ ယင်းဖြစ်ရပ်ကို FBI ထောက်လှမ်းရေး ဌာနကလည်း တာဝန်ယူ စုံစမ်းနေကြောင်း သိရှိရသည်။

_Ref: Channelnewsasia

ရဲစခန်းထဲမှာ လူသတ်မှုဖြစ်

Posted by Unknown Thursday, September 04, 2014, under | No comments



“ရဲတွေရှေ့မှာ မင်းမဲ့စရိုက်ဆန်ဆန် မလုပ်လောက်ဘူး ထင်ပြီး တာဝန်မှူးရှေ့မှာ ဖြေရှင်းခိုင်း လိုက်မိတာ၊ သမီးကို ဓားနဲ့ထိုးပြီးပြီးချင်း ဦးကိုပါ ထပ်ထိုးတာ” လို့ အသတ်ခံရသူရဲ့ ဖခင်ဖြစ်သူ ဦးဇော်ဝမ်းက ပြောဆိုတာပါ။
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့မ ရဲစခန်းမှာ တာဝန်ကျရဲအရာရှိက စစ်ဆေးနေစဉ်မှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှု ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ သုံးရက်လောက်က အိမ်ထောင်ကွဲနေတဲ့ ဇနီးမောင်နှံနှစ်ဦး တာဝန်မှူးရှေ့မှာ စစ်ဆေးခံနေစဉ် ခန်ပွန်းက ဇနီးဖြစ်သူကို သတ်ဖြတ်ခဲ့တယ်လို့ အဲဒီရဲတပ်ဖွဲ့ကနေ သိရပါတယ်။

လွန်ခဲ့တဲ့ ခြောက်လလောက် သူတို့ ဇနီးမောင်နှံဟာ စကားများကြတဲ့အတွက် ဇနီးဖြစ်သူက တောင်ငူမှာရှိတဲ့ မိဘအိမ်ကို ရောက်လာခဲ့တယ်။ ကျောင်းကိစ္စနဲ့ ညောင်လေးပင် တက္ကသိုလ်သို့ ရောက်ရှိလာစဉ်မှာ ခင်ပွန်းဖြစ်သူက စားသောက်ဆိုင်ကို အတင်းဆွဲခေါ်သွားတာလို့ ဦးဇော်ဝမ်းက ရှင်းပြပါတယ်။
“သမီးက ဖုန်းဆက်ပြောလို့ ဦးတို့က ကားနဲ့ ချက်ချင်း လိုက်သွားတာ၊ သမီးကို ကားနဲ့ပြန်ခေါ်လာတာကို သူ့အမျိုးသားက ကားနောက်က တွယ်ပြီး လိုက်လာတာကြောင့် ရန်ရှာနေမှာစိုးလို့ ညောင်လေးပင်ရဲစခန်းထဲ ကားမောင်းခဲ့တာ” လို့ သူက ဆိုပါတယ်။

ကာယကံရှင် နှစ်ဦးကို တာဝန်ကျ ဒုတိယ ရဲအုပ်က ဖြေရှင်းပေးနေစဉ်မှာပဲ ခင်ပွန်းဖြစ်သူက လွယ်အိတ်ထဲမှာ ဝှက်ပြီး ယူလာတဲ့ အရိုးအသွား ၈လက်မခန့် ရှိတဲ့ ခေါက်ဓားနဲ့ ထိုးလိုက်တာလို့ အဲဒီရဲတပ်ဖွဲ့စခန်းက ရဲအရာရှိတစ်ဦးက ပြောပါတယ်။ အမျိုးသမီးကို ညောင်လေးပင် မြို့နယ် ဆေးရုံကို ပို့ဆောင်ကုသခဲ့ပေမယ့် အသက်သေဆုံးသွားခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူကိုတော့ ညောင်လေးပင်မြို့မ ရဲတပ်ဖွဲ့စခန်းမှာ ပုဒ်မ ၃၂၀ နဲ့ အမှုဖွင့် စစ်ဆေးနေပါတယ်။

The Voice Weekly

သမ္မတဦးသိန်းစိန် ဂျာမနီဝန်ကြီးချုပ်မာကယ်လ်နှင့်တွေ့

Posted by Unknown Thursday, September 04, 2014, under | No comments



သမ္မတဦးသိန်းစိန်နှင့်ဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကယ်တို့ကိုတွေ့ရစဉ် (ဓာတ်ပုံ−အေအက်ဖ်ပီ)

ဂျာမနီနိုင်ငံ ဘာလင်မြို့သို့ ရောက်ရှိနေသော မြန်မာသမ္မတဦးသိန်းစိန်နှင့် ဂျာမန်ဝန်ကြီးချုပ်မာကယ်လ်တို့ တွေ့ဆုံရာတွင် မြန်မာ့နိုင်ငံရေးထက် နေတိုးတပ်ဖွဲ့အကြောင်းကိုသာ ဦးစားပေး ပြောကြားသွားကြောင်း သတင်းရ ရှိသည်။

မြန်မာနိုင်ငံကို စစ်ဗိုလ်ချုပ်များက နှစ်ပေါင်းများစွာ လွှမ်းမိုး ထားခဲ့ပြီး သမ္မတဦးသိန်းစိန်က နိုင်ငံပြုပြင်ပြောင်းလဲရေးလုပ်ငန်း များအတွက် ကြိုးပမ်းနေသူဖြစ် သော်လည်း လူ့အခွင့်အရေးသ မားများကမူ တိုးတက်မှုများသည် ရှားရှားပါးပါး ဖြစ်သည်ဟု ယူဆ နေကြကြောင်း ဂျာမန်သတင်း ဌာန Tagesschau က ရေးသား ထားသည်။

ဂျာမန်သတင်းဌာနများကမူ ဂျာမနီသို့လာရောက်သော သမ္မတ ဦးသိန်းစိန်သည် စကားပြော ကောင်းသူတစ်ဦး မဟုတ်သော် လည်း မြန်မာ့သမိုင်းအတွက် အ ရေးပါသူဖြစ်ကြောင်း၊ ပြဿနာ များစွာရှိနေသော မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းတွင် ဦး သိန်းစိန်က အနည်းငယ်ဖြေရှင်း ပေးနိုင်ကြောင်း ဆိုထားသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦး သိန်းစိန်နှင့်အဖွဲ့သည် ဂျာမနီ၊ ဆွစ်ဇာလန်နှင့် နယ်သာလန်နိုင်ငံ များသို့ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်ရန် စက်တင်ဘာ ၁ ရက်က ထွက်ခွာသွားခြင်းဖြစ်သည်။


7Day Daily

အဝေမတည့်ရာမှ ပအို့ဝ် အဖွဲ့နှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း တိုက်ပွဲ ဖြစ်ပွား

Posted by Unknown Thursday, September 04, 2014, under | No comments



ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) နှင့် ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) တို့ အကြား ယနေ့ နံနက်ပိုင်း က တိုက်ပွဲ ဖြစ်ပွားကြောင်း သိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ကဒူကြီး ဒေသရှိ နောင်တော်ကျေးရွာ၌ PNLO အဖွဲ့မှ နေအိမ်များ တည် ဆောက်နေ မှုကို RCSS /SSA က ဟန့်တားရာမှ တိုက်ပွဲ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း PNLO ဥက္ကဌ ခွန်မြင့်ထွန်း က ဧရာဝတီ ကို ပြောပြသည်။

“ကျနော်တို့ ထိန်းချုပ်နယ်မြေမှာ အိမ်ဆောက်တာပါ၊ ဒါကို မဆောက်ဖို့ RCSS/SSA က တားတဲ့အတွက် တိုက်ပွဲဖြစ်တာပါ၊ အဲဒီ နယ်မြေမှာ ကျနော်တို့ အိမ်ဆောက်ဖို့အတွက် အစိုးရနဲ့ကျနော်တို့ အကြား သဘောတူညီမှု ရပြီးသားပါ”ဟု ၎င်းက ပြောဆိုသည်။

RCSS/SSA အဖွဲ့မှ တာဝန်ရှိသူ တဦးက PNLO အဖွဲ့မှ နေအိမ်တည်ဆောက်နေသည့် နယ်မြေသည် ၎င်းတို့နယ်မြေ ဖြစ်ကြောင်း၊ နေ အိမ်များ ဆောက်လုပ်ရန် စတင်ပြင်ဆင်စဉ်ကပင် ရပ်တန့်ရန် အကြိမ်ကြိမ်သတိပေးမှု လုပ်ဆောင်ခဲ့ကြောင်း၊ သို့သော် ရပ်တန့်ခြင်း မရှိ၍ တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဧရာဝတီ ကို ပြောသည်။

“ရှမ်းပြည်နယ်၊ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး အောင်သူက အိမ်ဆောက်မိန့်ပေးတယ်လို့ ကျနော်တို့သိရတယ်၊ အဲဒါကြောင့် အိမ် မဆောက်ဖို့ သတိပေးတာ နောက်မဆုတ်တဲ့အပြင် တပ်တွေပါ တိုးချလာတယ်၊ အဲဒါကြောင့် ကျနော်တို့က တိုက်ခိုက်ရတာပါ”ဟု RCSS/SSA အဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။

တိုက်ပွဲသည် နံနက် ၆ နာရီဝန်းကျင်တွင် စတင်ကာ ၁၁ နာရီ ၀န်းကျင်၌ ရပ်တန့်ခဲ့ကြောင်း၊ ထိခိုက် ဒဏ်ရာရမှုကိုမူ နှစ်ဘက်စလုံးမှ အတည်မပြုနိုင်သေးကြောင်း ပြောဆိုကြသည်။

နေအိမ် ဆောက်လုပ်မှုများအား ရပ်တန့်ရန်၊ ပအို့ဝ် တပ်များ ဆုတ်ခွာပေးရန်နှင့် ၎င်းတို့နယ်မြေ၌ လှုပ်ရှားခွင့်ပြုမည် မဟုတ်ကြောင်း RCSS/SSA ဥက္ကဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် က ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး အောင်သူနှင့် PNLO ဥက္ကဌ ခွန်မြင့်ထွန်း တို့ထံ သြဂုတ်လ ၂၄ ရက်နေ့ ရက်စွဲဖြင့် ပေးပို့သည့်စာ၌လည်း ဖော်ပြထားသည်။

PNLO အဖွဲ့ အနေဖြင့် အကူအညီ တစုံတရာ လိုအပ်ပါကလည်း ကူညီပေးသွားမည်ဖြစ်ကြောင်း ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်၏ ပေးပို့စာတွင် ပါရှိသည်။

PNLO နှင့် RCSS/SSA တို့အကြား တိုက်ပွဲ ဖြစ်ပွားခြင်းသည် ယခုအကြိမ်သည် ပထမဆုံး အကြိမ် ဖြစ်ကြောင်း သိရသည်။

စိတ်ဓာတ်က တန်ဖိုးမရှိတာလား၊ ဘွဲ့ဝတ်စုံက တန်ဖိုးမရှိတာလား

Posted by Unknown Thursday, September 04, 2014, under | 1 comment



မကြာသေးခင်က ဂျာနယ်တစ်စောင်ရဲ့ ကာတွန်းမှာ ဘွဲ့ဝတ်စုံ ဝတ်ထားတဲ့ ဓာတ်ပုံကို ကလေးတစ်ယောက် က ကြည့်ပြီး တော့ သူ့ဖခင်ကို “ဒါဆန္ဒပြဝတ်စုံလား ဟင်” လို့ မေးလိုက်တာကို တွေ့ပြီး အတော်လေး စိတ် မကောင်း ဖြစ်သွားမိပါတယ်။

လူငယ်တွေ ဘွဲ့ဝတ်စုံနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေချက်တွေကို သတိထား ဆင်ခြင်သင့်ပြီ ထင်ပါတယ်။ တက္ကသိုလ် ဆရာ၊ ဆရာမတွေလည်း ကိုယ့်တပည့်တွေ လုပ်ဆောင်နေမှုနဲ့ ပတ်သက်ပြီး သင့်မသင့် ပြောကြားကြစေချင်ပါတယ်။ ခုတစ်လော ကျောင်းသားတွေ ဆန္ဒပြနေကြတာ ဘွဲ့ဝတ်စုံဝတ်ပြီး ပဲပြုတ် တောင်း ခေါင်းရွက်၊ ရေစည်လှည်းတွန်း၊ ဆိုက်ကားနင်းပြတဲ့ Performance တွေ လုပ်နေတာတွေကို တွေ့ရပြီး စိတ်မချမ်းသာလွန်းတဲ့အတွက် ဒီစာကို ရေးမိပါ တယ်။


ဘွဲ့ဝတ်စုံဝတ်ပြီး အခမ်းအနား တက်တယ်ဆိုတာ ဘွဲ့ကို သို့မဟုတ် လက်မှတ်ကို လေးစားဂုဏ်ပြုပြီး အားလုံး ယူနီဖောင်း ဖြစ်အောင် ဝတ်ဆင်ကြရတာ ဖြစ်ပါတယ်။ ဘွဲ့ဝတ်စုံအောက်မှာ သိန်းချီ၊ သန်းချီပြီး ဝတ်စား ထားလည်း သတ်မှတ်ထားတဲ့ ဘွဲ့ဝတ်စုံအောက်မှာ တစ်သွေးတည်း တစ်သားတည်း ဖြစ်ကြောင်း ပြဆိုဖို့ ဆင်တူ ဝတ်ဆင်ထားကြတာလည်း ဖြစ်ပါတယ်။


ကျွန်တော်တို့ တက္ကသိုလ် တက်တုန်းက နောက်ဆုံးနှစ် ဘွဲ့ယူခါနီးတော့ အဆောင်မှူးကို ကျောင်းသား တွေထဲက တစ်ဦးက “ဆရာကြီး ကျွန်တော်တို့ ဆိုက်ကားစီးပြီး ဘွဲ့လာယူလို့ မရဘူးလား” လို့ ထမေးလိုက် ပါတယ်။ မြန်မာစာ ပါမောက္ခဖြစ်တဲ့ ဆရာကြီးက ပြုံးရွှင်စွာပဲ “ရတာပေါ့ တပည့်တို့ရာ၊ ဒါပေမဲ့ တစ်ခုစဉ်း စားဖို့ သင့်တာပေါ့။ ဘွဲ့ဝတ်စုံဆိုတာ လူတိုင်း ဝတ်နိုင်တာမှ မဟုတ်တာ။ နေရာတိုင်း ဝတ်ရတာမှ မဟုတ် တာ။ တပည့်တို့ကို ဘွဲ့ပေးတယ် ဆိုတာကလည်း တတ်တာ၊ မတတ်တာ ထက်၊ တပည့်တို့ကို အဆင့်အတန်း တစ်ခု အနေနဲ့ သတ်မှတ်ပေးလိုက်တာ။ တပည့်တို့ လေးနှစ်တာကာလ ဤတက္ကသိုလ်ကြီးတွင် သင်ယူ ခဲ့ကြကြောင်း ဂုဏ်ပြုတဲ့အနေနဲ့ ပေးတာ။ ပေးတဲ့ တက္ကသိုလ်ကဘွဲ့ကို လမ်းဘေးကလူ လာမယူနိုင်ဘူး။ တက္ကသိုလ်ဘွဲ့ကို လမ်းဘေးက အဝတ်အစားနဲ့ တက်ယူလို့ မရဘူး။ အဲဒါ ဂုဏ်တစ်ခု၊ အဆင့်တစ်ရပ် အနေနဲ့ သတ်မှတ်ထားတာ။ အဲဒါကို တပည့်တို့က ဘွဲ့ဝတ်စုံ ဝတ်လာပြီး ဆိုက်ကားနဲ့လာမယ် ဆိုရင်လည်း ဘွဲ့ဝတ်စုံနဲ့ ဂုဏ်အပေါ် တပည့်တို့က ဘယ်လိုသတ်မှတ်သလဲ ဆိုတဲ့ စိတ်နဲ့ အဆင့်အတန်းကို ပြန်ပြတာပဲ။ တန်ဖိုးဆိုတာ တစ်ခါတလေ “သိ” မှ “ရှိ” တာပါ” ဆိုတဲ့ စကားကို တစ်သက်လုံး မှတ်သားခဲ့ရတဲ့ ကျွန်တော် တို့ အဖို့ကတော့ ကိုယ့်ခေတ်ကိုယ့်အခါက လမ်းညွှန်သင်ပြနိုင်ခဲ့တဲ့ ဆရာတွေနဲ့ ကြုံတွေ့ခဲ့ရတာကိုပဲ ကျေးဇူး ကြီးလှပြီလို့ ယူဆနေမိပါတယ်။


ဘွဲ့က တန်ဖိုးမရှိဘူး။ အလကားဘွဲ့။ သုံးစားမရတဲ့ဘွဲ့လို့ အထပ်ထပ် အော်နေတာလည်း ကြားနေရပါတယ်။ ကျွန်တော် အထက်မှာ ပြောခဲ့သလို တန်ဖိုးဆိုတာ “သိ” မှ “ရှိ” တာဆိုတဲ့ စကားကိုပဲ ပြန်ညွှန်းပါရစေ။ ဘွဲ့ရခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ကျွန်တော်တစ်ခု သတိပေးချင်ပါတယ်။ ခင်ဗျားတို့ ဘယ်နည်းနဲ့ပဲ ဘွဲ့ရလာသည် ဖြစ်စေ သတ်မှတ်ထားတဲ့ အရည်အချင်းစစ် စာမေးပွဲကို မအောင်မြင်ဘဲနဲ့ အဲဒီဘွဲ့ကို မရပါဘူး။ သတ်မှတ်ထားတဲ့ အခကြေးငွေများ အကျေ ပေးဆောင်ရတယ်။ ကျောင်းခေါ်ကြိမ် မှန်အောင် တက်ခဲ့ကြရတယ်။ ဒါမှလည်း စာမေးပွဲ ဖြေဆိုခွင့်ကို ဦးစွာရတယ်။ စာမေးပွဲ ဖြေခွင့်ရ၊ စာမေးပွဲအောင်မှ ဘွဲ့ရလာတဲ့သူတွေချည်းပါပဲ။ ဘယ်သူမှ ဘွဲ့တစ်ခုကို အလကား မရပါဘူး။ ဘွဲ့ရပြီး အလုပ်ရတာ၊ မရတာ၊လုပ်တာ၊မလုပ်တာက တစ်ပိုင်းလို့ထင်ပါတယ်။ အဲဒါကလည်း ဘွဲ့ဝတ်စုံ နဲ့ မဆိုင်ပါဘူး။


ဘွဲ့ယူရင် သတ်မှတ်ချက်မှာ ဘွဲ့ယူအခမ်းအနားသို့ တက်ရောက်သူများသည် ပညာရှင်များပီပီ မိမိတို့ ပညာရပ်ဆိုင်ရာ ဘွဲ့ဝတ်စုံများကို၊ ဂုဏ်အဆင့်အတန်းနှင့် ကိုက်ညီစွာ ဝတ်ဆင်ရမည်ဆိုတာ နိုင်ငံတကာ စံပါ။ ကိုယ့်တစ်နိုင်ငံတည်းက တီထွင်ထားတာ မဟုတ်ပါဘူး။ ဘွဲ့ယူတဲ့ စနစ်ကလည်း မြန်မာ့နည်းမြန်မာ့ဟန် မဟုတ်ပါဘူး။ အနောက်တိုင်းစတိုင်၊ အလေ့အထတွေအတိုင်း ဘွဲ့ယူ၊ ဘွဲ့ပေးနေကြတာပါ။


လူတိုင်း သူ့နေရာနဲ့ သူ့အထာ ဆိုတာကို ဂရုစိုက်ကြရပါတယ်။ ဘာကြောင့်လဲဆိုတော့ လူ့ဘောင်အသိုင်း အဝိုင်း ထဲမှာ လူတစ်ယောက်အနေနဲ့ နေထိုင်ကြရတာ ဆိုတော့ လူလိုကျင့်၊ လူလိုကြံ၊ လူလိုနေကြဖို့ အရေးကြီး ပါတယ်။ ဘွဲ့ဝတ်စုံကြီး ဝတ်ပြီးတော့ အရက်မူးပြီး လမ်းဘေးမှာ လဲနေရင် အဲဒီဘွဲ့ဝတ်စုံ ဝတ်ထား တဲ့ လူ သိက္ခာကျတာထက် “ဘွဲ့” ဆိုတဲ့ ဂုဏ်ကို ညှိုးမှိန်အောင်လုပ်ပြီး လူတိုင်း အထင်သေး မလေးစား အောင် လုပ်ရာကျပါတယ်။


ဘွဲ့ဆိုတာကို အထင်မကြီးရင် အစကတည်းက တက်မယူကြနဲ့ပေါ့။ အဲဒီ ဘွဲ့ပေးတဲ့ တက္ကသိုလ်တွေကို ဝေးဝေး ရှောင် နေပေါ့။ ဘွဲ့ရမှ အလုပ်ခန့်မယ် ဆိုတာ သတ်မှတ်ချက်တစ်ခုပါ။ ဘယ်သူမှ တတ်တယ်၊ မတတ်ဘူး လို့ လည်း ဒီခေတ်မှာ စစ်ဆေးနေတာ မဟုတ်တော့ပါဘူး။ အလုပ်ခေါ်ရင် ဘွဲ့ရဖြစ်ရမယ် ဆိုတာ စံတစ်ခုပဲ။ ဘွဲ့ရရင် လာခဲ့၊ ဘွဲ့မရရင် မလာခဲ့နဲ့လို့ သတ်မှတ်ထားသလို ဖြစ်နေတဲ့အတွက် ဘွဲ့ဆိုတာ တန်ဖိုး မရှိဘူးလို့လည်း မပြောနိုင်ပါဘူး။


လူ့ဘောင်အသိုင်းအဝိုင်းက သူ့နေရာ၊ သူ့အဆင့်အတန်း ဆိုတာကို လက်ခံထားပါတယ်။ အသုဘ အခမ်းအနား ကို မင်္ဂလာဆောင် သွားသလို မလာကြဘူး။ မင်္ဂလာဆောင် အခမ်းအနားကိုလည်း စွပ်ကျယ် ချိုင်းပြတ်နဲ့ ပုဆိုးခါးတောင်း ကျိုက်ပြီး လာလေ့ မရှိပါဘူး။ သူ့နေရာနဲ့သူ ဝတ်စားကြတယ်ဆိုတာ လူ့ဘောင်ရဲ့ ယဉ်ကျေးမှုတစ်ရပ်လို့ ဆိုနိုင်ပါတယ်။ လူ့ဘောင်က သတ်မှတ်ထားတဲ့ စံလွှဲပြီး လုပ်ဆောင်ချက် တစ်ရပ်ဟာ တစ်ခါတလေ စော်ကားမော်ကား လုပ်သလို ဖြစ်တတ်ပါတယ်။ ဘွဲ့ဝတ်စုံကို စော်ကားတာဟာ ကိုယ့်အဆင့်အတန်းနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး စော်ကားနေသလိုမျိုး ဖြစ်သွားတတ်တယ် ဆိုတာလည်း သတိပြုစေချင်ပါတယ်။


ခေတ်သစ် Performance အနေနဲ့ ကြိုက်တဲ့ဝတ်စုံ ဝတ်ပြီး ဆန္ဒပြနိုင်ပါတယ်။ မကျေနပ်ရင် ဘာမှမဝတ်ဘဲနဲ့ လည်း ဆန္ဒပြ လို့ ရပါတယ်။ ဘွဲ့နဲ့ ရှာဖွေလုပ်ကိုင် စားသောက်နေကြတဲ့ ကိုယ့်ရဲ့မိဘ၊ ဆွေမျိုး၊ ညီအစ်ကို၊ မောင်နှမတွေကို စော်ကား သလိုမျိုး ဘွဲ့ဝတ်စုံကြီးတွေ ဝတ်ပြီး Performance လုပ်နေတာတွေကတော့ အမြင် မတော်လို့ ရပ်တန်းက ရပ်ကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။


(အငြိမ်းစားကျောင်းဆရာတစ်ဦး)
Photo-The Voice Weekly

Wednesday, September 03, 2014

ယမကာလုလင်၊ ယမကာလုံမေတို့အတွက် သတင်းဆိုး

Posted by Unknown Wednesday, September 03, 2014, under | No comments


တနင်္လာနေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် အတည်ပြုပြဌာန်းလိုက်သော ယစ်မျိုးခွန်ဥပဒေကြောင့် အရက်၊ ဘီယာတို့ ဈေးတက်ဖွယ် ရှိနေသည်။



နှစ်ဆန်းပိုင်းက ရန်ကုန်တွင် တွေ့ရသည့် မော်တော်ယာဉ် တစီးတွင် Carlsberg ဘီယာစက်ရုံအတွက် ပစ္စည်း တင်ထားသည် (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ) 
 
၁၉၁၇ ယစ်မျိုးခွန်ဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲထားသည့် ဥပဒေသစ်အရ အခွန် ကောက်ခံမှုမှာ ယမကာ အမျိုးအစားကိုလိုက်ပြီး ယခင်ကထက် ၂ ဆမှ ၄ ဆကျော်အထိ ကောက်ခံမည် ဖြစ်သည်။

ဝန်ကြီးချုပ် လက်မှတ်ထိုးပြီးပါက ဥပဒေသစ် စတင် အသက်ဝင်မည် ဖြစ်ကြောင်း၊ အခွန်နှုန်းထားသစ်ကို ယခုနှစ်ဘဏ္ဍာနှစ်မှာပင် စတင်ကောက်ခံသွားမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးတင်ဝင်းက ပြောသည်။

“ဒီဥပဒေက နိုင်ငံတကာနဲ့ယှဉ်ပြီး ရေးဆွဲထားတာပါ။
နိုင်ငံတကာမှာလည်း မူးယစ်ပစ္စည်းတွေကို ကောက်ခံတဲ့နှုန်းထားတွေက ကျန်တဲ့အရာတွေကို ကောက်ခံတာထက် ပိုများတယ်။
ဒီဥပဒေအရ ယစ်မျိုးခွန်တွေကို စနစ်တကျကောက်ခံသွားနိုင်ဖို့ ပြဋ္ဌာန်းတာပါ” ဟု ဝန်ကြီးက ပြောကြားသည်။

ဥပဒေသစ်ကြောင့် ထိချက်ပြင်းမည့်သူများမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ယမကာလုလင်၊ ယမကာ လုံမေတို့ ဖြစ်မည်ဟု ယူဆသူများလည်း ရှိနေသည်။

ဆိပ်ကမ်းမြို့နယ်မဲဆန္ဒရှင် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးအောင်ကလည်း “ဒီအခွန်ကိုလျှော့ပေးစေချင်တယ်” ဟု ပြောသည်။

“ဒီလိုအခွန်တွေ တိုးတာကို ထုတ်လုပ်ရောင်းချသူတွေက သူတို့အတွက် ကျန်အောင်ရောင်းမယ်။
ဒီမှာ အထိအနာဆုံးက သောက်သုံးတဲ့ အခြေခံလူတန်းစားတွေပဲ ဖြစ်မယ်” ဟု ဦးနေမျိုးအောင်က ဆိုသည်။

အခွန်နှုန်းထား လျှော့ချပေးရန် သူက တင်ပြသော်လည်း လွှတ်တော်က ငြင်းပယ်ခဲ့သည်။

Telenor ဆင်းကတ် ပြည်ပသို့ သယ်ဆောင်အသုံးပြုနိုင်

Posted by Unknown Wednesday, September 03, 2014, under | No comments


ဆင်းကတ်များ စတင်ရောင်းချိန်တွင် ပြည်ပသို့သယ်ဆောင်အသုံးပြုနိုင် မည့်ဝန်ဆောင်မှု ပါဝင်မည်ဖြစ် ပြီး ခေါ်ဆိုခနှုန်းထားများကိုပါ ကြေညာပေးသွားမည်ဟု Telenor မြန်မာမှ သိရသည်။ ”ဝန်ဆောင်မှုနှုန်းထားတွေနဲ့ ပတ်သက်ပြီး စက်တင်ဘာလမှာ ကြေညာပေးသွား မှာပါ။ လတ်တလော အခြေအနေ အရတော့ ဘယ်နိုင်ငံတွေ Roaming ရမလဲ။ ခေါ်ဆိုခ ဘယ်လောက် ဖြစ်မလဲဆိုတာ မပြောနိုင်သေး ပါဘူး” ဟု Telenor မြန်မာမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

စက်တင်ဘာလတွင် စတင်မည် ဖြစ်သော်လည်း ယင်းလနောက်ဆုံး အပတ်မှ သာဝန်ဆောင်မှုပေးနိုင် မည် ဖြစ်ကြောင်း တာဝါတိုင်တည်ဆောက်မှုအပိုင်း စိတ်တိုင်း မကျခြင်းကြောင့် ဖြစ်ကြောင်း၊ အမှုဆောင် အရာရှိချုပ် Mr. Petter Furberg က ပြောသည်။ ”အဆောက်အအုံ ပါမစ်ရရှိဖို့ အခက်အခဲတွေရှိနေ ပါတယ်။ ဒါ့ကြောင့် အချိန်နောက်ကျနေတာပါ” ဟု ၎င်းက ဆက်ပြောသည်။ ပြည် တွင်း ဖုန်းခေါ် ဆိုခ နှုန်းထားများကိုမူ မည်သည့်ကွန်ရက်ကိုမဆို ခေါ်ဆိုမည် ဆိုပါက ၂၅ ကျပ်နှုန်းထက် မပို သည့်နှုန်း သတ်မှတ်ထားကြောင်း 2G? 3G စနစ်ပါသည့် ဆင်းကတ်များ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း မည်သည့် ဟန်းဆက်မဆို Telenor ဆင်းကတ်များ အသုံးပြုနိုင် မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ဆင်းကတ် သန်းပေါင်းများစွာရောင်းချပေးမည်ဖြစ်ပြီး ဆိုင်တိုင်းတွင် ဆင်းကတ်ပြတ်လပ်ခြင်းမရှိစေ ရန် ရောင်း ချပေးမည်ဖြစ်ကြောင်း၊ ရောင်းချမည့် အစီအစဉ် များကို လည်း မိတ်ဆက်မည့်နေ့တွင် ထုတ်ဖော်ပြောကြား သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ မိုဘိုင်းဝန်ဆောင်မှုများ အပြင် ပြည် ပနိုင်ငံများသို့ ဖုန်းမှ တစ် ဆင့် ငွေလွှဲနိုင်မည့်ဝန်ဆောင်မှုများကိုလည်း လုပ်ဆောင် သွားရန်ရှိကြောင်း၊ ဖုန်းဟန်းဆက်များကိုလည်း သင့်တင့်သောနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် ဟန်းဆက် ကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားရန် ရှိကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် နော်ဝေအခြေစိုက်ဆက်သွယ်ရေး ကုမ္ပဏီ Telenor မြန်မာသည် ကနဦးအနေဖြင့် ဆင်းကတ် များကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ ကြီး သုံးမြို့ကို စတင်ရောင်းချသွားမည်ဖြစ်ပြီး ယင်းနောက် အခြားမြို့များကို ဆက်လက်ရောင်းချပေးမည်ဟု သတင်းများထုတ်ပြန်ထားသည်။

Popular Journal

MPT ငွေဖြည့်ကတ် သုံးစွဲသူများအတွက် အပိုထပ်တိုးငွေများ ထပ်မံဖြည့်သွင်းပေးမည်

Posted by Unknown Wednesday, September 03, 2014, under | No comments


စက်တင်ဘာလ ၄ ရက်မှ ၁၂ ရက်အတွင်း မိမိတို့ဖုန်းကို ကြိုတင်ငွေဖြည့်သွင်းပါက ထပ်တိုးအပိုငွေများ ထပ်မံဖြည့်သွင်းပေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ GSM၊ WCDMA မိုဘိုင်းဖုန်း အသုံးပြုသူများအတွက် ယင်းကာလအတွင်း ငွေကျပ် ၅,ဝဝဝ ဖြည့်သွင်းသုံးစွဲပါက ၂ဝ ရာခိုင်နှုန်း၊ ငွေကျပ် တစ်သောင်းနှင့်အထက် ဖြည့်သွင်းသုံးစွဲပါက ၃ဝ ရာခိုင်နှုန်းထပ်တိုး အပိုဖြည့်ငွေ ရရှိမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဆင်းမ်ကတ်များ ပိုမိုလွယ်ကူစွာ ဝယ်ယူရရှိနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ တန်ဖိုးနည်း ဆင်းမ်ကတ်များကို နိုင်ငံတစ်ဝန်း ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ လက်လီအရောင်းဆိုင်များတွင် စက်တင်ဘာလ ၁ ရက်မှစတင်၍ ၁,၅၀၀ ကျပ်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ရောင်းချပေးလျက်ရှိသည်။ ထို့ပြင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ဆင်းမ်ကတ်များကို လစဉ်လတိုင်း ဝယ်ယူရရှိနိုင်ရေးနှင့် နိုင်ငံအနှံ့ရှိ မြို့များနှင့် မြို့နယ်တိုင်းတွင် ရရှိနိုင်ရေး ဆက်လက် စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ယနေ့နံနက်ပျဉ်းမနားဈေးရှေ့နေအိမ်ဆိုင်ခန်းခြောက်ခန်းတနာရီကြာမီးလောင်ခဲ့ရာငွေကျပ်၁၂၅သိန်းခန့်ဆုံးရှုံး”

Posted by Unknown Wednesday, September 03, 2014, under | No comments




ပျဉ်းမနားဈေးရှေ့ကနေအိမ်ဆိုင်ခန်းခြောက်ခန်းယနေ့နံနက်နှစ်နာရီခန့်ကစတင်ပြီးတနာရီကြာမီးလောင်ခဲ့ရာငွေကျပ်၁၂၅သိန်းခန့်ဆုံးရှူံးခဲ့ပြီးစတင်လောင်ကျွမ်းခဲ့ရခြင်းအကြောင်းအရင်းကိုတော့စစ်ဆေးဆဲဖြစ်တယ်လို့ပျဉ်းမနားရဲတပ်ဖွဲ့မှသိရပါတယ်။

ပျဉ်းမနားမြို့နယ်၊မင်္ဂလာရပ်ကွက်၊ဗိုလ်လကျာင်္လမ်းထောင့်ရှိနေအိမ်ဈေးဆိုင်ခန်းတွေမှာနံနက်၂း၁၀မိနစ်ကစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီးမီးသတ်တပ်ဖွဲ့က၂း၅၀မှာမီးထိန်းနိ်ုင်ခဲ့ပြီး၃း၁၅မိနစ်မှာတော့မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ပါတယ်။
ပျဉ်းမနားမြို့မစခန်းမှရဲအုပ်စိုင်းကျော်လွင်က“ဘယ်ကစလောင်တယ်ဆိုတာကိုကျတော်တို့စစ်ဆေးဆဲဘဲရှိပါတသေးတယ်”လို့ပြောပါတယ်။

မီးစတင်လောင်ခဲ့ရာနေရာနဲ့အကြောင်းရင်းကိုသိရဖို့်ဆိုင်ခန်းပိုင်ရှင်တချို့ကိုလည်းရဲတပ်ဖွဲ့ကခေါ်ယူစစ်ဆေးနေတာကိုတွေ့ရပါတယ်။
ငွေပဒေသာအရုပ်ဆိုင်ပိုင်ရှင်ဒေါ်မြင့်စန်းက”မီးကိုသေချာစစ်ဆေးပြီးမှပြန်ခဲ့တာပါ။နေ့တိုင်းလည်းစစ်ပြီးမှပြန်နေပြပါ”လို့စစ်ဆေးခံဖို့ရဲစခန်းစောင်းနေစဉ်ပြောပါတယ်။

၁။ငွေပဒေသာအရုပ်ဆိုင်၊၂။ဦးသာရ+ဒေါ်စန်းရီရွှေဆိုင်၊၃။ပွင့်ဖြူအထည်ဆိုင် ၄။ဟွာဝေးဖုန်းဆိုင် ၅။ရွှေမြင်းပျံရွှေဆိုင်နဲ့ ၆။အိမ အအေးဆိုင်တို့မီးလောက်ကျွမ်းခဲ့ကြတယ် လို့ပျဉ်းမနားမီးသတ်တပ်ဖွဲ့ကသိရပါတယ်။

Author - မိုးမိုး
Kumudra

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆင်းမ်ကတ်များ ကျပ် ၁၅၀၀ ဖြင့် လွတ်လပ်စွာရောင်းချနေချိန်တွင် အူရီဒူး၏ ၀န်ဆောင်မှုများအပေါ် ဝေဖန်မှုများ ပိုမိုမြင့်တက်

Posted by Unknown Wednesday, September 03, 2014, under | No comments


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဆင်းမ်ကတ်များကို ကျပ် ၁၅ဝဝ ဖြင့် လွတ်လပ်စွာရောင်းချချိန်တွင် အူရီဒူး၏ ဆင်းမ်ကတ်များ ရောင်းအားကျဆင်းခဲ့ပြီး ၎င်းတို့၏ဝန်ဆောင်မှုအပေါ် ဝေဖန်မှုများလည်း မြင့်တက်လာကြောင်း သိရသည်။

အူရီဒူးက ဖုန်းပြောခနှုန်းထားကို ၎င်းတို့၏ ဖုန်းအချင်းချင်းခေါ်ဆိုပါက တစ်မိနစ်လျှင် ၂၅ ကျပ်နှင့် အခြားအော်ပရေတာဖုန်းများသို့ခေါ်ဆိုပါက တစ်မိနစ်လျှင် ၃၅ ကျပ်ဟု သတ်မှတ်ထားသောကြောင့် တစ်မိနစ်လျှင် ကျပ် ၅ဝ ထက် ပိုမိုသက်သာသည်ဟု ယူဆစရာဖြစ်သော်လည်း မိနစ်အပေါ် အခြေခံ၍ ဖြတ်တောက်နေသောကြောင့် လက်တွေ့တွင် ပိုမိုကုန်ကျမှုများရှိနေကြောင်း သိရသည်။

“အရင် MPT ဖုန်းနဲ့သုံးတုန်းကတောင် တစ်ရက်ကို ကျပ် ၁ဝဝဝ၊ ၂ဝဝဝ လောက်ပဲ ကုန်ကျတယ်။ အူရီဒူးဖုန်းနဲ့ သုံးကြည့်တော့ မှ တစ်ရက်ကို ကျပ် ၅ဝဝဝ၊ ၆ဝဝဝ လောက် ကုန်ကျနေတယ်။ သူက တစ်မိနစ်နဲ့ တစ်စက္ကန့်ဆိုလည်း နှစ်မိနစ်စာ ကျပ် ၇ဝ ဖြတ်သွားတယ်”ဟု အူရီဒူးဖုန်းကို စမ်းသပ်သုံးစွဲကြည့်သော လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးငြိမ်းချမ်း က ကြုံတွေ့ရပုံကို ပြောပြသည်။

ဖုန်းပြောမှုအများစုမှာ တစ်မိနစ်၊ နှစ်မိနစ်ဝန်းကျင်သာရှိကြပြီး အူရီဒူး၏ ကောက်ခံမှုပုံစံမှာ ပိုမိုသက်သာခြင်းမရှိဘဲ ပိုမိုကုန်ကျနေကြောင်း သုံးစွဲသူများက ဝေဖန်ခဲ့ကြသည်။

အူရီဒူးက ပုံမှန်အင်တာနက်အသုံးပြုခကို ဩဂုတ် ၃၁ ရက်မှစ၍ 1Mb လျှင် ၂၅ ကျပ်မှ ၁ဝ ကျပ်သို့ လျှော့ချကောက်ခံခဲ့သော်လည်း Package Plan နှုန်းထားများမှာမူ အပြောင်းအလဲမရှိကြောင်း သိရသည်။

သာမန်သုံးစွဲသူများပင် တစ်လတာသုံးစွဲမှုမှာ 1Gb,2Gb ဝန်းကျင်ရှိနေကြောင်း သိရသည်။ ထိုပမာဏဝန်းကျင်သုံးစွဲသူများမှာ တစ်လလျှင် ငွေဖြည့်ကတ်အတွက် ကျပ် ၁ဝဝဝဝ၊ ကျပ် ၁၅ဝဝဝ ဝန်းကျင်သာ သုံးစွဲသူများဖြစ်ရာ အူရီဒူး၏ အင်တာနက်သီးသန့်အတွက် ကျပ် ၁၂ဝဝဝ ဆိုသောနှုန်းထားမှာ များပြားသည့် ပမာဏတစ်ခုဖြစ်နေခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အူရီဒူးနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့က ဆင်းမ်ကတ်များကို အပြိုင်အဆိုင်ရောင်းချပေးလျက်ရှိပြီး မကြာမီတွင် တယ်လီနောကလည်း ရောင်းချတော့မည်ဖြစ်ရာ ဝန်ဆောင်မှုနှင့် ဈေးနှုန်းပိုင်းဆိုင်ရာ အဆင်ပြေသောအရာကိုသာ သုံးစွဲသူများ ရွေးချယ်လိမ့်မည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

Eleven Media Group

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်