Friday, November 23, 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဂျွန်ကီးနှင့် တွေ့ဆုံဆွေးနွေး

Posted by drmyochit Friday, November 23, 2012, under | No comments


ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဂျွန်ကီးနှင့် ယနေ့ မွန်းတည့် (၁၂)နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် အစည်းအဝေး ခန်းမ၌ တွေ့ဆုံ ဆွေးနွေးသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော် သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးအုန်းမြင့်၊ ဒေါက်တာမြအေး၊ ဒေါက်တာဖေသက်ခင်၊ ဒေါက်တာ ကံဇော်နှင့် ဒေါက်တာကိုကိုဦး၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးရဲထွဋ်နှင့် ဒေါက်တာပွင့်ဆန်းတို့ တက်ရောက်ကြပြီး နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tony Lynch လည်း တက်ရောက်သည်။ တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံသို့ စိုက်ပျိုးရေး ကဏ္ဍအတွက် ငွေကြေးအကူအညီနှင့် ရခိုင်ပြည်နယ်အရေးတွင် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ခဲ့သည့်အတွက် နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ်နှင့် ပြည်သူများကို အထူးကျေးဇူး တင်ရှိပါကြောင်း။
မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ ပြောင်းလဲ ကျင့်သုံးလာခဲ့သည်မှာ (၁၈)လသာ ကြာမြင့် သေးပါကြောင်း၊ မိမိတို့ အစိုးရသက်တမ်းတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ဒီမိုကရေစီစနစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သည့် နိုင်ငံတည်ငြိမ်အေးချမ်းရန်နှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန် မိမိတို့ကြိုးစား ဆောင်ရွက်နေပါကြောင်း။
နိုင်ငံတည်ငြိမ်အေးချမ်းရန်အတွက် နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ဆောင်ရွက်ရာ၌ နိုင်ငံသားအားလုံး နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ပါဝင် ဆောင်ရွက်နိုင်အောင် ဖော်ဆောင်ပေးနေသကဲ့သို့ ပြစ်ဒဏ်ကျခံနေရသူများကိုလည်း (၆)ကြိမ်တိုင် လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးခဲ့ပြီး ဖြစ်ကြောင်း၊ ယခုအခါ ဒေါ်အောင်ဆန်း စုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် ပါတီအဖွဲ့အစည်း အသီးသီးသည် နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အားလုံးပူးပေါင်း ပါဝင် ဆောင်ရွက်နေပြီ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း။
ထို့အတူ ကမ္ဘာတွင် သက်တမ်း အရှည်ကြာဆုံး လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရန်အတွက် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ငန်းစဉ် များကိုလည်း ဆောင်ရွက်လျက်ရှိရာ ယခုအခါ လက်နက်ကိုင် အဖွဲ့(၁၁)ဖွဲ့အနက် (၁ဝ)ဖွဲ့ နှင့် ငြိမ်းချမ်းရေး တည်ဆောက်ပြီး ဖြစ်ပါကြောင်း၊ ထိုသို့ ငြိမ်းချမ်းရေး တည်ဆောက် ပြီးသည့် ယင်းဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်ရှိပါကြောင်း၊ ပညာရေး၊ ကျန်းမာရေးစသည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆွေတော်တို့မှ ကူညီမှုများ ပေးစေလိုပါကြောင်း။
ဒီမိုကရေစီစနစ် ရှင်သန်ဖွံ့ဖြိုးရေးအတွက် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန် အရေးကြီး ပါကြောင်း၊ မြန်မာနိုင်ငံတွင် အရင်းအနှီးနှင့် နည်းပညာနည်းပါးပြီး လူသား အရင်းအမြစ် ဖွံ့ဖြိုးရန်လည်း လေ့ကျင့်ပျိုးထောင်ရဦးမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို မိမိတို့ ဖိတ်ခေါ်နေပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ယနေ့အချိန်တွင် အရှေ့အနောက်မခွဲခြားဘဲ နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံ ဆောင်ရွက် နေသဖြင့် အနောက်နိုင်ငံ များကလည်း စီးပွားရေး ပိတ်ဆို့မှုများကို ဖြေလျှော့ပေးခဲ့ပြီ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် သဘာဝအရင်းအမြစ်နှင့် ထွက်ကုန်သီးနှံများ များစွာ ထွက်ရှိပြီး လုပ်သားအင်အားလည်း လုံလောက်စွာ ရရှိနိုင်ပါကြောင်း၊ ထို့အတူ ပတ်ဝန်းကျင်တွင်လည်း ဈေးကွက်ကြီးမားစွာ ရှိနေသဖြင့် နယူးဇီလန်နိုင်ငံမှ စီးပွားရေး ပညာရှင်များ လာရောက်လေ့လာ ကြည့်ရှုစေလိုပါကြောင်း၊ နည်းပညာ အသုံးပြုမှု နည်းပါးပြီး အလုပ်အကိုင် အခွင့်အလမ်းများစွာ ပေးနိုင်သည့် စက်ရုံ၊ အလုပ်ရုံများ ဦးစားပေး ဆောင်ရွက်စေလိုပါကြောင်း၊ Down Stream အနေဖြင့် ရာဘာ အခြေခံ စက်ရုံများ တည်ထောင်ရန် အခွင့်အလမ်းကောင်းများ ရှိနေပြီး ကျွန်းသစ်ကို တန်ဖိုးမြှင့် အချောထည်များ ထုတ်လုပ်၍ ပြည်ပတင်ပို့နိုင်မည့်  စက်ရုံအလုပ်ရုံများ တည်ထောင် ဆောင်ရွက်ပါက နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းမည် ဖြစ်ပါကြောင်း။
အလားတူ မြန်မာနိုင်ငံ၏ ရေမြေရာသီဥတု အခြေအနေအရ သီးနှံမျိုးစုံကို စိုက်ပျိုးနိုင်ပါ ကြောင်း၊ ပင်လယ်ငါးဖမ်းလုပ်ငန်း၊ ရေအားလျှပ်စစ် လုပ်ငန်းနှင့် ငါးမွေးမြူရေး လုပ်ငန်းများကိုလည်း များစွာ ဆောင်ရွက်နိုင်ပါကြောင်း၊ သတ္တုလုပ်ငန်းတွင် ကြေးနီနှင့် သံများ ထုတ်လုပ်နေပြီး မရှာဖွေ ရသေးသည့် သတ္တုသိုက်များလည်း များစွာ ကျန်ရှိနေသဖြင့် ရှာဖွေထုတ်လုပ်၍ စက်ရုံများ တည်ထောင် လုပ်ကိုင်ပါက များစွာ အကျိုးရှိမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် လှည့်လည် လေ့လာနိုင်သည့် ယဉ်ကျေးမှု အမွေအနှစ်များ၊ သဘာဝအလှအပများ များစွာတည်ရှိနေရာ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း လုပ်ကိုင်ရန်အတွက် အခွင့်အလမ်းများစွာ ရှိနေပါကြောင်း၊ နယူးဇီလန်နိုင်ငံသည် အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံ ဖြစ်သဖြင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ယခုကပင် စတင် ဆောင်ရွက်ရန် ဖိတ်ခေါ်လိုပါကြောင်း။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်တို့အတွက် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရန်၊ အရည်အသွေး ရှိသူများဖြစ်အောင် လေ့ကျင့်ပျိုးထောင် ပေးရန် အရေးကြီးပါကြောင်း၊ နယူးဇီလန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံအတွက် ပညာတော်သင်ဆုကို တိုးမြှင့်ခွင့်ပြုပေးရန် အစီအစဉ်ရှိကြောင်း သိရှိရသဖြင့် များစွာ ကျေးဇူးတင်ရှိပါကြောင်း၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရန် ဆောင်ရွက်ရာတွင် ပညာရေးကဏ္ဍတွင် သာမက ကျန်းမာရေး ကဏ္ဍတွင်လည်း များစွာလိုအပ်ပါကြောင်း၊ ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်း များတွင် လာရောက်ပူးပေါင်း ဆောင်ရွက်ပါက ဝမ်းမြောက်စွာကြိုဆိုမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ်က မြန်မာနိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့သည် ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်မှုနှုန်း မြန်ဆန်လျက်ရှိသည့် အာရှ ပစိဖိတ်ဒေသတွင်း၌ အတူတကွ တည်ရှိနေပါကြောင်း၊ ကမ္ဘာ့ အသိုင်းအဝိုင်းအတွင်း ပြန်လည် ထိတွေ့ ဆက်ဆံလာသည့် မြန်မာနိုင်ငံကို လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ မြန်မာပြည်သူများ၏ လူနေမှုဘဝ မြှင့်တင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းမှုများ ပိုမို ဖြစ်ထွန်းစေရန် ဆောင်ရွက်လျက်ရှိသည့် အဆွေတော်နှင့် အစိုးရအဖွဲ့၏ ကြိုးပမ်း အားထုတ်မှုများအား ထောက်ခံ အားပေးပါကြောင်း၊ အချိန်တိုအတွင်း အသိအမှတ်ပြုဖွယ် တိုးတက်မှုများကို ဆောင်ကြဉ်းပေးနိုင်ခဲ့သည့် သမ္မတကြီး၏ ဆောင်ရွက်ချက်များကိုလည်း အသိအမှတ် ပြုပါကြောင်း၊ သမ္မတကြီး၏ ဦးဆောင်မှုသည် ဤပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်တွင် အဓိက အရေးပါခဲ့ပြီး ယနေ့ မိမိတို့ အတူတကွ တွေ့ဆုံနိုင်ခဲ့သည် အထိ  ပြောင်းလဲမှု များကို ဖော်ဆောင်နိုင်ခဲ့ပါကြောင်း။
 ယခုအခါ နှစ်နိုင်ငံ ဆက်ဆံရေးသည်လည်း တိုးတက်ကောင်းမွန်မည့် အလားအလာ ကောင်းများ ရှိပါကြောင်း၊ နယူးဇီလန်နိုင်ငံ အနေဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရေးတွင်  အခြေခံကျသည့် မြန်မာနိုင်ငံတွင် သံရုံးဖွင့်လှစ်ရေး ကိစ္စကို အချိန်တိုအတွင်း ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊  မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ချိန်တွင် အထောက်အပံ့ ဖြစ်စေမည့် အင်္ဂလိပ်ဘာသာ ဖွံ့ဖြိုး တိုးတက်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးတို့အတွက် အထောက်အကူ ပြုမည့် မွေးမြူရေးနှင့် နို့ထွက်ပစ္စည်း ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ အပါအဝင် ကဏ္ဍများစွာ၌ မြန်မာနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ယမန်နေ့က ရန်ကုန်မြို့တွင် မြန်မာနိုင်ငံ၌ လုပ်ငန်းများ ဆောင်ရွက်နေသည့် နယူးဇီလန် စီးပွားရေး လုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံခဲ့ပါကြောင်း၊ ထို့အတူ အခြား နယူးဇီလန် စီးပွားရေး လုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူ များသည်လည်း မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရန် စိတ်ပါဝင်စားလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ပညာရေး၊ နည်းပညာ ထောက်ပံ့ရေး၊ စွမ်းရည်မြှင့်တင်ရေး အပါအဝင် နယ်ပယ်များစွာတွင် ထိတွေ့ ဆက်ဆံလျက်ရှိသော သေးငယ်သော်လည်း တက်ကြွလှုပ်ရှားသည့် လူ့အဖွဲ့အစည်း မိမိတို့တွင် ရှိပါကြောင်း၊ ၎င်းတို့သည် ပညာရေး၊ နည်းပညာနှင့် စွမ်းရည် မြှင့်တင်ရေး စသည့် ဖွံ့ဖြိုးတိုးတက်ရန် အလားအလာရှိသည့် ကဏ္ဍအသီးသီးတွင် ရင်းနှီးမြှုပ်နှံရန် ဆောင်ရွက်လျက် ရှိပါကြောင်း။
အဆွေတော် သမ္မတကြီး၏ အားပေးမှုနှင့် အစိုးရအဖွဲ့၏ ကြိုးပမ်းဆောင်ရွက်မှုတို့ကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်နိုင်မည့် စစ်မှန်သည့် အလားအလာ ရှိသည်ကို  မိမိအနေဖြင့် ယုံကြည်ပါကြောင်း၊ ယင်းသို့ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်စေရေးအတွက် အဆွေတော်အား နယူးဇီလန်နိုင်ငံ၌ မကြာမီကာလအတွင်း ကြိုဆိုနိုင်ရန် မျှော်လင့် ပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက ပြန်လည်ပြောကြားရာတွင် မိမိတို့ အစိုးရအဖွဲ့အနေဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ယခုဆွေးနွေးပွဲတွင် နှစ်နိုင်ငံ အကျိုးတူ ကိစ္စရပ်များကို များစွာ ဆွေးနွေး နိုင်ခဲ့ပြီး ဆက်လက် အကောင်အထည်ဖော်နိုင်ရေး အတွက်လည်း ကြိုးစား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားပြီး တွေ့ဆုံဆွေးနွေးပွဲကို ရုပ်သိမ်း လိုက်သည်။
တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် နိုင်ငံတော်သမ္မတနှင့် နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ်တို့သည် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးခဲ့မှု အခြေအနေများကို ပြည်တွင်း၊ ပြည်ပမီဒီယာများအား ရှင်းလင်း ပြောကြားကြသည်။
 ထိုသို့ ပြောကြားရာတွင် နိုင်ငံတော်သမ္မတက အမေရိကန် ပြည်ထောင်စု၏ သမ္မတ တစ်ဦးအနေဖြင့် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်သည့် ခရီးစဉ် အဖြစ် အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမားသည် မကြာမီ ရက်ပိုင်းအတွင်းက လာရောက်ခဲ့ကြောင်း၊ ထို့အတူ မြန်မာနိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့၏ (၅၄) နှစ်ကြာ သံတမန် ဆက်ဆံမှု ကာလအတွင်း နယူးဇီလန်နိုင်ငံ၏ ဝန်ကြီးချုပ် တစ်ဦးအနေဖြင့် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခဲ့ပြီ ဖြစ်ရာ ယခု ရက်ပိုင်းကာလများသည် မြန်မာနိုင်ငံအတွက် ထူးခြားလေးနက်သည့် ကာလများ ဖြစ်ပါကြောင်း၊ မိမိအနေဖြင့်လည်း နယူးဇီလန်နိုင်ငံသို့ မကြာမီ ချစ်ကြည်ရေးခရီး သွားရောက်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်းဖြင့် ထည့်သွင်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတက ဧည့်သည်တော် ဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံသည်။
ဂုဏ်ပြု နေ့လယ်စာ သုံးဆောင်စဉ် ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာ ဦးစီးဌာနမှ အနုပညာရှင်များက မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အကများဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။

 Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်