Tuesday, January 22, 2013

ပြည်တွင်းစစ်ကို စစ်ရေးနည်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ လက်ရှိထိုးစစ်ဆင်နေမှုများ ချက်ချင်းရပ်ဆိုင်းစေပြီး နိုင်ငံရေး နည်းလမ်းများဖြင့် ဆွေးနွေးမှုများကို အမြန်ဆုံးစတင် အကောင်အထည်ဖော်ရန် ကချင်ပြည်နယ် ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG) မှ အကြံပြု

Posted by drmyochit Tuesday, January 22, 2013, under | No comments

ပြည်တွင်းစစ်ကို စစ်ရေးနည်းဖြင့် ဖြေရှင်းခြင်း မပြုဘဲ လက်ရှိ ထိုးစစ်ဆင်နေမှုများ ချက်ချင်း ရပ်ဆိုင်း စေပြီး နိုင်ငံရေး နည်းလမ်းများဖြင့် ဆွေးနွေးမှုများကို အမြန်ဆုံး စတင် အကောင် အထည်ဖော်ရန် ကချင်ပြည် နယ် ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌများထံသို့ ဇန်န၀ါရီလ ၁၉ ရက်နေ့တွင် ပေးပို့သော အကြံပြု  တင်ပြစာ တွင် ဖော်ပြ ပါရှိသည်။ 

ဖားကန့်ဒေသများသို့ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့ နောက်ပိုင်းမှ ပြန်လည်စတင်၍ အစိုးရ စစ်တပ် များ အလုံးအရင်းဖြင့် အပြင်းအထန် လှုပ်ရှား ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ ပြည်သူလူထု အများ အပြား စစ်ဘေးဒုက္ခ ရောက်ကာ ကျီးလန့်စာစားပြီး အသက်ရှင်သန် နိုင်ရေးအတွက် တိမ်းရှောင်ပြေး လွှား နေကြရကြောင်း အကြံပြုစာတွင် ဖော်ပြထားသည်။ 

ကချင်ပြည်နယ်တွင် ယခု အခါ၌ နိုင်ငံတော် အစိုးရ တပ်မတော်မှ KIA တပ်စခန်းကြီးများ ရှိရာသို့ ကြည်းကြောင်း၊ လေကြောင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေသည့်အပြင် အမြောက်တပ် အခြေ စိုက် စခန်းများမှလည်း ၁၀၅-မမ၊ ၁၂၀-မမနှင့် သာမက အခြား လက်နက်ကြီးများဖြင့် နေ့စဉ် အဆက် မပြတ် ချိန်ရွယ်ပစ်ခတ် နေမှုများကြောင့် စစ်မြေပြင်နှင့် နီးကပ်သော ပြည်သူလူထု၏ နေအိမ် များ ပျက်စီးဆုံးရှုံးရခြင်း၊ သေကြေ ဒဏ်ရာရခြင်း စသည့် အနိဋ္ဌာရုံများ ဖြစ်ပွားလျက် ရှိကြောင်း၊ ဆင်နွဲနေသော စစ်ပွဲကြီးသည် ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်ဒေသများအား တိုင်းတစ်ပါးမှ ကျူးကျော် သိမ်းပိုက် ထားသည့်အတွက် တွန်းလှန်တိုက်ခိုက် နေရသည့် စစ်ပွဲအလား၊ မိမိတို့ တိုင်းရင်း သား ညီအစ်ကို အချင်းချင်း နေ့စဉ်ရက်ဆက် တိုက်ခိုက် သေကြေနေရသည့် အတွက် မည်သူတွေ ကြေကွဲ ၀မ်းနည်း ကြရမလဲ စသည့် အချက်များဖြင့် မေးခွန်းထုတ်စရာ ဖြစ်လာပါကြောင်း ကိုလည်း ထည့် သွင်း ဖော်ပြထားသည်။ 

ထို့ကြောင့် နှစ်ပေါင်း (၅၀) ကျော် တိုင်းရင်းသား အချင်းချင်း နိုင်ငံရေး ပဋိပက္ခ စစ်မက်ဖြစ်ပွားခြင်း များကြောင့် နေ့စဉ်ရက်ဆက် ကြုံတွေ့၊ မြင်တွေ့၊ ကြားသိနေရသည့် အနိဋ္ဌာရုံများကို ပြန်လည်သုံးသပ် သင်ခန်း စာယူပြီး တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံး၏ ဆန္ဒနှင့် ကိုက်ညီသော အကောင်းဆုံး နိုင်ငံရေး ခေတ်စနစ်သို့ အမြန်ဆုံး ပြုပြင်ပြောင်းလဲ သင့်ပြီဟု ရှုမြင်ပါကြောင်း ၄င်းတို့အဖွဲ့၏ လေ့လာ တွေ့ ရှိချက်ကိုလည်း ဖော်ပြထားသည်။ 

နိုင်ငံတော် အစိုးရနှင့် KIO ဗဟို တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် ယုံကြည်မှု တည်ဆောက်ခြင်း အခန်း ကဏ္ဍသည် အင်မတန်မှ အရေးကြီးနေပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော် အစိုးရ အနေနှင့်လည်း ယုံကြည်နိုင် သည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ (ဥပမာ- UN၊ EU) စသည် အဖွဲ့အစည်း တစ်ခု ခုမှ ပုဂ္ဂိုလ်များ၏ ပါဝင်ကူညီမှုကို လက်ခံပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အကျိုးရှိရှိ အသုံးပြုပါက နှစ်ဦးနှစ်ဖက် အတွက် ဂုဏ်သိက္ခာလည်း ရှိမည် ဖြစ်သည့်အပြင်၊ နှစ်ဖက်အတွက် ထွက်ပေါက် လမ်းကြောင်း ဖြစ်ကြောင်း ရှုမြင်သုံးသပ်ချက်လည်း ပါဝင်သည်။ 

ထို့အပြင် ဆွေးနွေးသဘောတူ ကတိပြုချက်များကို လက်တွေ့ ဖော်ဆောင်ကာ ယုံကြည်မှု တည်ဆောက် ရမည် ဖြစ်သော်လည်း လက်တွေ့ မပြနိုင်၍ မယုံသင်္ကာ သံသယများဖြင့် ယုံကြည်မှု တည်ဆောက်နိုင်ခြင်း မရှိသည့် အခြေအနေ များဖြင့်သာ ကြုံတွေ့ နေရသည်ကို တွေ့ရပါကြောင်း၊ ဆွေးနွေး ပွဲများ အကြိမ်ကြိမ် ပြုလုပ်လာရာတွင် နှစ်ဦးနှစ်ဖက် သဘောတူ ထုတ်ပြန် ကြေညာ ချက်များကို နှစ်ကြိမ်နှစ်ခါ ထုတ်ပြန် ကြေညာခဲ့ပြီး ဖြစ်သော်လည်း လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိသည့်အတွက် ယုံကြည်မှု ပျက်ပြား သွားစေသည်ကို တွေ့ရကြောင်း အကြုံပြုစာတွင် ပါသည်။ 

လက်ရှိ ဖြစ်ပွားနေသော နိုင်ငံရေး ပဋိပက္ခ စစ်ပွဲသည် (၁၇) နှစ်တိုင် အပစ်အခတ် ရပ်ဆိုင်း၍ အချင်း ချင်း ယုံကြည်မှု တည်ဆောက်ခဲ့ပြီးသော KIO ကိုပင် ပြန်လည် တိုက်ခိုက်နေခြင်း ဖြစ်သောကြောင့် အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ မှာလည်း နယ်စပ်ဒေသများသို့ ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်သည်ဟု သုံးသပ်မှုများ ရှိနေကြောင်း၊ ထို့ကြောင့် အချိန်ကာလ အနည်း ငယ် အတွင်း၌ အပစ်အခတ် ရပ်ဆိုင်းထားရေး သဘောတူထားသော အခြားတိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်း များသည် အစိုးရနှင့် ယင်းတို့အကြား ယုံကြည်မှု ရရှိနိုင်ရန် ခက်ခဲနေကြောင်း တွေ့ရှိ ရသည်ဟု ဖော်ပြထားသည်။ 

နိုင်ငံတော် အစိုးရမှ ယခင် ထုတ်ပြန်ထားသော အဆင့် (၃) ဆင့်ပါ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လမ်းပြ မြေပုံသည် ယခုလက်ရှိ ဖြစ်ပျက်နေသော အခြေအနေများအရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လမ်းစဉ်အတွက် အဆင်မပြေ နိုင်ပါသဖြင့် ယင်းလမ်းပြမြေပုံအစား ပိုမိုအဆင်ပြေသော နည်းလမ်း များဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်သွားမည် ဆိုပါက ပိုပြီး အဆင်ပြေ ချောမွေ့စေမည် ဖြစ်ကြောင်း၊ ညှိနှိုင်း ၍ မရနိုင်တာ မရှိဘဲ၊ ဆွေးနွေး ညှိနှိုင်းနည်းသာ လိုအပ်ကြောင်းနှင့် အမှန်တကယ် ငြိမ်းချမ်းရေး ရယူ လိုသောဆန္ဒ၊ စစ်ရေးကို ရှောင်ရှားလိုသော ဆန္ဒများရှိလျှင် မလွဲဧကန် ငြိမ်းချမ်းရေး ရမည်ဟု ယုံကြည် ပါကြောင်း (PCG) အနေဖြင့် အကြံပြုထားသည်။ 

ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG) သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အခြေစိုက်သော အဖွဲ့အစည်းဖြစ်ပြီး စီးပွားရေး လုပ်ငန်းရှင်များဖြင့် ဖွဲ့စည်းထားကာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO ဗဟိုငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့တို့ တွေ့ဆုံ ခဲ့သော ဆွေးနွေးပွဲများ ဖြစ်မြောက်ရေး အတွက် စီစဉ် ဆောင်ရွက်ပေးနေသော အဖွဲ့ဖြစ်ပြီး လွတ်လပ် စွာ ရပ်တည်နေသော အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။

From: Eleven

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်