Wednesday, June 26, 2013

အမုန်းပွား စကားလုံးသုံးမှု ပပျောက်ရေးဆွေးနွေးပွဲ သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးဆောင် ဆွေးနွေးမည်

Posted by drmyochit Wednesday, June 26, 2013, under | No comments


ရန်ကုန်၊ ဇွန် ၂၅

မြန်မာနိုင်ငံတွင် ဇွန်လ ၂၈ ရက်နေ့၌ ပထမဆုံးအကြိမ် ကျင်းပ မည့် အမုန်းတရား ကိုယ်စားပြု စကားလုံး သုံးနှုန်းမှု ပပျောက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် သမ္မတ ပြောရေး ဆိုခွင့် ရှိသူ ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးရဲထွဋ် က ဦးဆောင် ဆွေးနွေး မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးမှ တာဝန်ရှိသူ တစ်ဦး က ပြောကြား သည်။

အမေရိကန် သံရုံးက ဦးဆောင်၍ ချက်ထရီယံ ဟိုတယ်၌ ကျင်းပမည့် အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲတွင် ဦးရဲထွဋ်က အမုန်းတရား ကိုယ်စားပြု စကားလုံး သုံးနှုန်းမှုများကြောင့် မြန်မာ့ လူမှုအဖွဲ့အစည်း ရင်ဆိုင်ရမည့် စိန်ခေါ်မှုများ ဟူသော ခေါင်းစဉ်ဖြင့် ပြောကြားမည်ဖြစ်ကြောင်း သံရုံး ထုတ်ပြန်ချက်များအရ သိရသည်။

ယင်းအလုပ်ရုံ ဆွေးနွေးပွဲတွင် AP သတင်းဌာန၏ အထွေထွေကောင်စီ ဝင်ဟောင်းဖြစ်သည့် Mr.Richard Winfield ကလည်း ဒီမိုကရေစီနှင့် အမုန်း ကိုယ်စားပြု စကားလုံး အသုံးအနှုန်းများဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေး မည်ဖြစ်ကြောင်း၊ ထို့အပြင် ယင်းအခမ်းအနားသို့ ဘာသာရေး ခေါင်းဆောင် များဖြစ်သည့် အရှင်ဓမ္မပီယ၊ ဦးအေးလွင်၊ ဒေါက်တာ စောလှိုင်ဘွားနှင့် ဦးအောင်နိုင်တို့ တက်ရောက်မည်ဖြစ်ကြောင်း သံရုံး ထုတ်ပြန်ချက်အရ သိရသည်။

"ဘုန်းဘုန်းကိုတော့ အမေရိကန် သံရုံးကနေ အမုန်းတရား ကိုယ်စားပြု စကားလုံး အသုံးအနှုန်းများ ပပျောက်ရေး အခမ်းအနား တက်ရောက်ပေးဖို့ ဖိတ်ထားတယ်။ ဘာအတွက် ကျင်းပတယ်ဆိုတဲ့ အကြောင်းအရာ အသေးစိတ်တော့ မသိသေးပါဘူး" ဟု အခမ်းအနားသို့ တက်ရောက်မည့် ဆရာတော် အရှင်ဓမ္မပီယက မိန့်ကြားသည်။

သို့သော် အမေရိကန် သံရုံး ထုတ်ပြန်ချက်တွင် အဆိုပါ ဘာသာရေး ခေါင်းဆောင်များက ပြည်သူများနှင့် အမုန်းတရား ကိုယ်စားပြု အသုံးအနှုန်းများဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးပေးသွားကြ မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်