လွန်ခဲ့သည့် အပတ်က သူငယ်ချင်းများ နှင့်အတူ
ရခိုင်ပြည်နယ် မောင်တောမြို့သို့ ရောက်ရှိခဲ့သည်။ သူငယ်ချင်းများ စုပေါင်း၍
တိုင်းရင်းသား ဒုက္ခသည်များအား သွားရောက် လှူဒါန်းခဲ့ကြသည်။ ဌာနဆိုင်ရာ အာဏာပိုင်များ၊
ဒုက္ခသည် စခန်းတာဝန်ခံ များနှင့် တွေ့ဆုံ၍ ဒုက္ခသည်များအား ဆန်၊ ငါးပိ၊
ငါးခြောက်နှင့် ရန်ကုန် စက်ရုံထုတ် အ၀တ်အထည်၊ လူသုံးကုန်များနှင့် ငွေများ စုပေါင်း
လှူဒါန်းခဲ့ကြသည်။ ဒုက္ခသည်များနှင့် တွေ့ဆုံမေးမြန်းခဲ့ရာ နိုင်ငံတော် အစိုးရ၏
အစီအစဉ်ဖြင့် ရွာများတွင် နေအိမ်များ ဆောက်လုပ်ပေးပြီး ပြန်လည် နေရာ ချထားပေး လျက်ရှိ
သော်လည်း အချို့မှာ မပြန်လို ကြကြောင်း၊ ဘင်္ဂါလီရွာများ ကြားတွင် ရခိုင် တိုင်းရင်းသားရွာ
၁ ရွာ၊ ၂ ရွာခန့် စသည်ဖြင့် ကြားညှပ် တည်ရှိနေသဖြင့်
ယခုကဲ့သို့ ပဋိပက္ခ ဖြစ်ပွားပြီး နောက်ပိုင်း လုံခြုံမှု မရှိတော့ကြောင်း၊ သံသယ စိတ်ဖြင့်
မနေလို တော့ကြောင်း၊ `နွားကွဲ ရင်ကျားကိုက် လိမ့်မယ်´ဟု ရခိုင် တိုင်းရင်းသား တစ်ဦးမှ
ရခိုင်သံ ၀ဲဝဲဖြင့် ပြောကြားခဲ့သည် ကို အမှတ်ရ နေမိသည်။ ` သြော် သူတို့တွေရဲ့ အနာဂတ်
ရင်လေးစရာ ပါလား ´ ဟူ၍ ကိုယ်ချင်း စာစိတ် ဖြစ်ပေါ် မိခဲ့သည်။
ရခိုင်
ပြည်နယ်မှ ရန်ကုန်သို့ ပြန်လည် ရောက်ရှိပြီး ခေတ္တ အဆက်ပြတ် နေခဲ့သည့်
အွန်လိုင်းပေါ်သို့ ၀င်ရောက်ခဲ့ရာ အင်တာနက် စာမျက်နှာများ ပေါ်၌ ခုံရုံးအဖွဲ့နှင့်
လွှတ်တော် အဖွဲ့၏ အခြေအတင် ဆွေးနွေးသည့် အရေး ကိစ္စအား ကျယ်ကျယ် ပြန့်ပြန့် ဖော်ပြလျက်
ရှိသည်ကို တွေ့လာ ရသည်။ လွှတ်တော် များမှ ဖွဲ့စည်းသည့် ကော်မတီ၊ ကော်မရှင် အဖွဲ့များကို
ပြည်ထောင်စု အဆင့်အဖွဲ့ အစည်းဖြစ်သည်၊ မဖြစ်သည်နှင့် ပတ်သက်၍ အငြင်းပွားမှု အရှိန် မြင့်တက်
လျက်ရှိကြောင်း သိရသည်။ လွှတ်တော် အဖွဲ့များ အနေဖြင့် ပြည်ထောင်စု အဆင့် သတ်မှတ် လိုလျက်ရှိ
သော်လည်း ခုံရုံးအဖွဲ့ အနေဖြင့်မူ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ညီညွတ်မှု မရှိသဖြင့်
ပြည်ထောင်စု အဆင့်အဖွဲ့ အစည်းဟု မသတ်မှတ် သင့်ကြောင်း အဆိုပြု ခဲ့ရာမှ စတင်ခဲ့သည်။
ဤနေရာတွင်
မိမိအနေဖြင့် ဉာဏ်မီ သလောက် ဖော်ပြရလျှင် ပြည်ထောင်စု အဆင့် ဆိုသည်မှာ အနိမ့်ဆုံး ဒုတိယ၀န်ကြီး
အဆင့်မှ စတင် အကြုံးဝင်သည်။ သို့ဖြစ်၍ လွှတ်တော်မှ ဖွဲ့စည်း လိုက်သည့် ကော်မတီ ၀င်များ၊
ကော်မရှင် အဖွဲ့ဝင်များ၊ ရေးရာကော်မတီ ၀င်များသည် ဒုတိယ၀န်ကြီး အဆင့်နှင့်
တစ်တန်းတည်း ဖြစ်သွားမည်။ လွှတ်တော်မှ ဖွဲ့စည်းသည့် ကော်မတီ ၀င်များ အနည်းဆုံး ၄၀၀
ကျော် ၅၀၀ ခန့်ရှိရာ ၎င်းတို့အား ပြည်ထောင်စု အဆင့်အတန်း သတ်မှတ်ပါက ဒုတိယ၀န်ကြီး တစ်ဦးခံစား
ရပိုင်ခွင့်အတိုင်း ချီးမြှင့် ပေးရမည် ဖြစ်သည်။ ထိုအခါ တစ်ဦးလျှင် လစာမှာ
ကျပ်သိန်း၂၀၊ မော်တော်ယာဉ် ၃ စီး၊ တစ်စီးလျှင် ဆီဂါလံ ၆၀ နှုန်းဖြင့် ဆီဂါလံ ၁၈၀၊
နေထိုင်ရန် အိမ်ခန်း၊ အခမဲ့ ဆေးကုသခွင့်၊ လုံခြုံရေး အစောင့် အရှောက်များ
စသည်ဖြင့် အကျိုးခံစားခွင့် များပေးရတော့မည် ဖြစ်ရာ အင်အား ၅၀၀ ခန့်အတွက် နိုင်ငံတော်
အစိုးရမှ ကျပ်သိန်း ၁၃,၀၀၀(၁.၃ဘီလီယံ)ခန့် ထပ်မံ ပေးရမည် ဖြစ်ပြီး တစ်နှစ်အတွက်
ကျပ် ၁၅ ဘီလီယံခန့် ထောက်ပံ့ ပေးရမည် ဖြစ်သည်။ လက်ရှိ အခြေအနေတွင်ပင် လွှတ်တော်
ကိုယ်စားလှယ် တစ်ဦးလျှင် တစ်လ ၃ သိန်းနှုန်း လစဉ် ထောက်ပံ့ ပေးထားသည်။ လွှတ်တော်
တက်ရောက်ပါက နေစရိတ်/ စားစရိတ်အတွက် တစ်ရက်လျှင် ၁၀,၀၀၀ကျပ်နှုန်း နေ့စဉ် ထောက်ပံ့ ပေးထားပြီး
ခရီးစရိတ် အတွက်မူ ကုန်ကျ သလောက် တင်ပြ တောင်းခံခွင့် ရှိကြောင်း သိရသည်။ လက်ရှိ အနေအထား
အတိုင်း လွှတ်တော် ကိုယ်စားလှယ် ၆၀၀ ကျော်အတွက် တစ်လလျှင် ကျပ်သိန်း
၁,၈၀၀ကျော်ခန့်နှင့် တစ်နှစ်အတွက်
၂ဘီလီယံကျော် (ခရီးစရိတ်၊ စားစရိတ်မပါ)ကို နိုင်ငံတော်မှ ထောက်ပံ့ ပေးလျက် ရှိကြောင်း
သိရသည်။ (အခြား ကော်မတီ၊ ကော်မရှင် အဖွဲ့များ၏ လစာများကို ထည့်မတွက် ထားပါ။)
သို့ဖြစ်၍ ပြည်ထောင်စု အဆင့် သတ်မှတ်ပါက
နိုင်ငံတော် ဘဏ္ဍာမှ အနည်းဆုံးကျပ် သိန်း ၁၅ ဘီလီယံ ထပ်မံ ထောက်ပံ့ ပေးရမည့်
အခြေအနေတွင် ရှိသည်။ ဒီမိုကရေစီ နိုင်ငံတိုင်း သည် အစိုးရ၏ အခြေခံ အဆောက်အဦများ (Infrastructure)
နေရာတွင် ပုဂ္ဂလိက/အများပိုင် အခြေခံ အဆေက်အဦ များနှင့် အစားထိုး ဆောင်ရွက် ကြသည်။
ဆိုရှယ်လစ်၊ ကွန်မြူနစ်စနစ် များတွင် ပုဂ္ဂလိက စနစ်မရှိသလောက် နည်းပါးပြီး အခြေခံ အဆောက်အဦ
တိုင်းကို အစိုးရမှ ဗဟို ဦးစီးစနစ်ဖြင့် ဆောင်ရွက် သော်လည်း ဒီမိုကရေစီ စနစ်တွင်မူ
အစိုးရ ဌာနများတွင် တတ်နိုင် သမျှ ၀န်ထမ်း အင်အားများကို လျှော့ချ၍ ပုဂ္ဂလိက လုပ်ငန်းများ
ဖြင့်သာ အစားထိုး ဆောင်ရွက် ကြသည်။ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက်
ကာကွယ်ရေး၊ ပြည်ထဲရေး၊ လူ့စွမ်းအား အရင်း အမြစ်များနှင့် သက်ဆိုင်သည့် ပညာရေး၊
ကျန်းမာရေး၊ လူမှုရေး၊ ကယ်ဆယ်ရေးနှင့် သက်ဆိုင်သည့် ၀န်ကြီး ဌာနများကိုသာ အဓိက အမာခံ
ထားရှိဖွဲ့စည်းပြီး ကျန်ဌာနများကိုမူ အများအားဖြင့် လိုအပ်သည့် ထိပ်ပိုင်း ခေါင်းဆောင်များနှင့်
ဦးစီးရုံးအဖွဲ့ လောက်သာ ထားရှိကာ ပုဂ္ဂလိက
လုပ်ငန်းများဖြင့် အစားထိုး ကြသည်သာ။ ပုဂ္ဂလိက လုပ်ငန်းများနှင့် ဈေးကွက်များကို
ယှဉ်ပြိုင် ထုတ်လုပ်ခွင့် ပေးထားပြီး အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာစေရန်
အတွက် ပုဂ္ဂလိက ကုမ္ပဏီများအား အထောက် အကူပေးရသည်။ နိုင်ငံသား တစ်ဦးချင်း ၀င်ငွေ မြင့်မား
စေရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက် စေရေးအတွက် နိုင်ငံတော် အစိုးရက မူဝါဒများ
ချမှတ်၍ ပုဂ္ဂလိကလုပ်ငန်းများကို အထောက်အကူ ပြုပေးရသည်။ နိုင်ငံတော် ဘဏ္ဍာငွေ အတွက်
နိုင်ငံသားများ၊ စီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီများက
မှန်မှန်ကန်ကန်အခွန်ထမ်းနိုင် စေရန်အတွက် မူဝါဒ စည်းမျဉ်းများ ချမှတ်၍ စနစ်တကျ စည်းကြပ်
ကြရသည်။ ယနေ့ အခြေအနေ သည် ဥရောပနိုင်ငံများ၌ ငွေကြေး အကျပ် အတည်းနှင့်
ရင်ဆိုင်နေရပြီး စီးပွားရေး ကျဆင်း နေသည့် ကာလဖြစ်သည်။ ဂရိ၊ စပိန်၊ အီတလီ စသော နိုင်ငံများသည်
စီးပွားရေး ကျဆင်းနေ သဖြင့် အစိုးရမှ ခြိုးခြံချွေတာ ရေးမူများချမှတ်၍ လစာစရိတ်နှင့်
ပင်စင်လစာ များလျှော့ချခြင်း၊ အစိုးရ အသုံးစရိတ် များလျှော့ချခြင်း တို့ပြုလုပ်၍
ငွေကြေး ကျပ်တည်းမှု ကို ကုစား နေကြသည့် ကာလဖြစ်သည်။
မိမိတို့
မြန်မာနိုင်ငံ တွင်လည်း အခြေခံ အဆောက်အဦ များတိုးတက် အောင်နှင့် ဆင်းရဲ မွဲတေမှု လျော့နည်း
စေရေး အတွက် များစွာ အချိန်ယူ ဆောင်ရွက်ရ ဦးမည် ဖြစ်သည်။ နိုင်ငံတကာ စာမျက်နှာရှိ
အဆင်းရဲဆုံးနှင့် ဖွံ့ဖြိုး တိုးတက်မှု အနည်းဆုံး နိုင်ငံစာရင်းမှ ပယ်ဖျက် နိုင်ရေး
ကြိုးစား ကြရဦးမည်။ နှစ်စဉ် ကြုံတွေ့ နေရသည့် သဘာဝ ဘေးအန္တရာယ် များနှင့် အခြား
အကြောင်း ကြောင်းကြောင့် ဖြစ်ပေါ် လာသည့် နိုင်ငံတွင်း ဒုက္ခသည် များအား ပြန်လည် ထူထောင်
ရေးသည်လည်း လူသားချင်း စာနာ ထောက်ထား မှုအရ အရေးကြီးသည့် လုပ်ငန်းတစ်ခု ဖြစ် သည်။
၎င်းတို့မှာ တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ပူးပေါင်း ဆောင်ရွက်ရမည့်
လုပ်ငန်းများဖြစ် သည်။ မဲဆန္ဒ နယ်အလိုက် ပြည်သူမှ ရွေးချယ်တင် မြှောက်ထားသည့်
မိမိကိုယ်ကို `ပြည်သူထဲက ပေါက်ဖွား လာသည့် ပြည်သူ့ အစေခံများ၊ ပြည်သူ့ အကျိုးအတွက်
ပဲဖြစ်စေ ရမယ်´ဟု ကြွေးကြော် ခဲ့ကြသည့်
လွှတ်တော် ကိုယ်စား လှယ် များအနေ ဖြင့်လည်း အမှန် တကယ် ပြည်သူများ ကိုသာ အကျိုး ပြုစေ
လိုသည်။ အငြင်းအခုံ ဖြစ်ပွားနေသည့် ကော်မတီ/ ကော်မရှင်ဝင်များအား ပြည်ထောင်စု အဆင့်
သတ်မှတ်ခြင်း/ မသတ်မှတ်ခြင်း ငြင်းခုံနေမည့် အစား ဆင်းရဲ ဒုက္ခရောက် နေသည့် ပြည်သူ့
အကျိုးကိုသာ ရှေးရှုဆောင် ရွက်သင့်သည်။ ၎င်းတို့ အား ထောက်ပံ့ ပေးရမည့် နိုင်ငံတော် ဘဏ္ဍာငွေမှ
နှစ်စဉ် ကျပ်သိန်း ၁၅ ဘီလီယံ(ဒေါ်လာ ၁၉ သန်း)ခန့်အား ချင်းပြည်နယ်၊ ကယားပြည်နယ်၊
ကချင်ပြည်နယ် ကဲ့သို့သော လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့် ဒေသများအား လမ်းဖောက် လုပ်ခြင်းနှင့်
ဒုက္ခသည်များ ထူထောင် ရေးကိစ္စများတွင် သာအသုံးပြု သွားပါက မိမိတို့ ပြည်သူများအတွက်
နိဗ္ဗာန်တမျှအကျိုး သက်ရောက် စေမည်ဖြစ်၍ ပြည်သူ အတွက်သာ ဖြစ်စေချင်သည်။
ပြည်သူတစ်ဦး