ယုံကြည်မှုသည် ယုံကြည်ချက်နှင့် မတူပါ။ ယုံကြည်ချက်မှာ အကြောင်းအရာ တစ်ခု (သို့မဟုတ်) သဘောတရား တစ်ခုကို ယုံကြည်သည့်ဖြစ်စဉ် ဖြစ်သည်။ ယုံကြည်ချက်မှာ ခံယူချက်နှင့် ခပ်ဆင်ဆင် ဖြစ်သည်။ သဘောတရားနှင့် လုပ်ဆောင်ချက် တစ်ခုကို မိမိလက်ခံသည့်အတွက် ယင်းသဘောတရားသည် မိမိယုံကြည်ချက် ဖြစ်သွားလေသည်။
ယုံကြည်မှု (Trust)သည် လူ့အဖွဲ့အစည်း၌ အထူးလိုအပ်သော အရာတစ်ခု ဖြစ်သည်။ ဘာကြောင့် လိုအပ်သနည်းဆိုလျှင် နေ့စဉ်ထိတွေ့ ဆက်စပ်နေကြသည့် အတွေ့အကြုံမှ ပေါက်ဖွားသော စိတ်ဓာတ်ရင့်ကျက် ခိုင်မာမှုနှင့် နောက်ထပ်ဖြစ်လာနိုင်ခြေ အသစ်အသစ်များအကြား ချောက်ကမ်းပါးစောင်းတွင် "ယုံကြည်မှု" တည်ရှိနေသောကြောင့် ဖြစ်၏။
တော်ရုံတန်ရုံနှင့် လူတစ်ဦး (သို့မဟုတ်) အဖွဲ့အစည်း တစ်ရပ်က နောက်လူတစ်ဦး (သို့မဟုတ်) နောက်အဖွဲ့အစည်း တစ်ရပ်အား ယုံကြည်မှု ထားရှိရန် ဆိုသည်မှာ မလွယ်ကူပေ။ ယုံကြည်မှုကို တစ်ခဏတာအတွင်း တည်ဆောက်ရန် ဖြစ်နိုင်ခြေ အလွန်နည်းသည်။ နှစ်ရှည်လများ အမြဲမပြတ် ခိုင်ခိုင်မာမာ တည်ဆောက်လာမှ နှစ်ဦးကြား မလွဲမသွေ ယုံကြည်မှု ရှိလာနိုင်မည်။
စိတ္တဗေဒ နည်းဆိုင်ရာ ရှုထောင့်မှကြည့်လျှင် ယုံကြည်မှု ဆိုသည်မှာ ယုံကြည်သူက ယုံကြည်ခံရသူထံမှ မျှော်လင့်ထားသလို လုပ်ဆောင်လိမ့်မည်ဟု လက်ခံမျှော်ကိုးထားသော အရာတစ်ခု ဖြစ်၏။
ယုံကြည်မှု ကိစ္စသည် မိသားစု အ၀န်းအ၀ိုင်းမှစပြီး ရပ်ရွာတိုင်းနိုင်ငံရှိ လူ့အဖွဲ့အစည်းများသို့ ကျယ်ပြန့်စွာ ထိုးဖောက်ဝင်ရောက်လေ့ ရှိသည်။ စိတ်ပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာ ကြည့်မည်ဆိုလျှင် အခြေခံကျကျ ယုံကြည်မှု၏ တိုးတက်ဖွံ့ဖြိုးမှုသည် စိတ်ပိုင်းဆိုင်ရာ လူမှုရေး တိုးတက်မှု၏ ပထမ လှေကားထစ် ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ ယုံကြည်မှုပိုင်း အောင်မြင်လာပါက လုံခြုံမှု၊ လက်ခံမှု၊ အပေါင်းလက္ခဏာဆောင်သော အကောင်းမြင်ခြင်း စသည့်ခံစားမှုတို့ကို ဖြစ်ထွန်းလာစေသည်။ ယုံကြည်မှုပိုင်း ကျရှုံးခြင်း ဖြစ်ပါကလည်း မလုံခြုံမှုနှင့် သံသယဖြစ်မှုတို့ ဖြစ်တည်လာပေမည်။
ယုံကြည်မှုသည် ပုဂ္ဂလ ဓိဋ္ဌာန်ကျစွာ တိုးတက်ဖြစ်ပေါ် စေရေးကို ဖြစ်စေနိုင်သောကြောင့် အချင်းချင်း ဆက်ဆံရေးနှင့် ပတ်သက်လာလျှင် အရည်အသွေး ပိုမိုမြင့်မား ကြီးထွားလာစေသည်။ ထို့ပြင် ယုံကြည်စရာကောင်းသော သူတစ်ယောက်အား ပို၍လွယ်ကူစွာ အောင်အောင်မြင်မြင် တိုက်တွန်းဆွေးနွေး ပြောဆိုနိုင်သည်။ ပို၍သြဇာ သက်ရောက်နိုင်သည်။ သို့ရာတွင် အောင်မြင်စွာ တိုက်တွန်းပြောဆို နိုင်ရန်မှာ ဖြူစင်ရိုးသားခြင်း၊ တည်ကြည်ခြင်း၊ အစွမ်းအစရှိခြင်း၊ စေတနာ အရင်းခံ ရှိခြင်းတို့ လိုအပ်နေသေးသည်။
ကြီးမားနက်ရှိုင်းသော အခက်အခဲများအား ကျော်လွှားရင်ဆိုင် ဖြေရှင်းသည့် ကိစ္စတွင် ယုံကြည်မှု ကင်းမဲ့နေပါက ထိုကင်းမဲ့ခြင်း အကြောင်းရင်းနှင့် ပတ်သက်သော အရင်းအမြစ်နှင့် အထောက်အထားအား ရှာဖွေမရမချင်း အောင်မြင်မှု မရနိုင်ချေ။
မြန်မာနိုင်ငံသို့ မကြာသေးမီက အမေရိ ကန်သမ္မတဟောင်း ဘီလ်ကလင်တန်လာ ရောက်စဉ်က ပြောကြားသွားသည့်စကား - "ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်များတွင် စာချုပ်စာတမ်းများ အပေါ်၌ လက်မှတ်ရေးထိုးခြင်းထက် နှစ်ဖက်ယုံကြည်မှု တည်ဆောက်ရေးက ပိုအရေးကြီးသည်"
"မြန်မာနိုင်ငံ၌ တိုင်းရင်းသား လူမျိုးကွဲ အများအပြားရှိပြီး ယုံကြည်ကိုးကွယ်မှုလည်း မတူညီသဖြင့် ရေရှည်အတူတကွ သဟဇာတဖြစ်ဖြစ် နေထိုင်နိုင်ရန် နှစ်ဖက်အဖွဲ့အစည်းများကြား ယုံကြည်မှု တည်ဆောက်ရန် လိုအပ်နေပါသည်။ ဒီမိုကရေစီသို့ ကူးပြောင်းရာတွင် လူတစ်ဦး တစ်ယောက်သည် အမြဲတမ်း မှန်ကန်သည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်မည် မဟုတ်သည်ကိုလည်း နားလည်ရမည်ဖြစ်ကြောင်း"
"တကယ်လေးနက်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို သွားမယ်ဆိုရင် ယုံကြည်မှု မရှိဘဲ ဘာမှဆက်လုပ်လို့ မရဘူး"
သဘောတူညီချက် စာချုပ်စာတမ်း လက်မှတ်ရေးထိုးခြင်းသည် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုနည်း၍ ပြုလုပ်ရသော ကိစ္စသာ ဖြစ်၏။ ဥပမာအားဖြင့် စီးပွားရေး ကိစ္စ၌ အရောင်းအ၀ယ်၊ အပေးအယူ လုပ်ရာတွင် သဘောတူ စာချုပ်စာတမ်းများ ချုပ်ဆိုလေ့ ရှိကြသည်။ ကတိက၀တ် လက်မှတ်ရေးထိုးလေ့ ရှိကြသည်။ ယင်းသည်ပင် နှစ်ဖက်ကြား ယုံကြည်မှု အားနည်းခြင်း၊ သံသယစိတ် ကြီးမားခြင်းတို့ကို ဖော်ပြနေပေသည်။ မှန်ပါသည်။ လူ့ကျင့်ဝတ်နှင့်အညီ မကျင့်ကြံ၊ မနေထိုင်သူတွေ များနေသော လောက၌ စာချုပ်စာတမ်းနှင့် မထိန်းချုပ်လျှင် မရဟု ဆိုနိုင်ပါသည်။
ယုံကြည်မှုနှင့် ပတ်သက်၍ ပြောရလျှင် ဆယ်စုနှစ်များစွာ ကုန်လွန်ခဲ့ပြီး ဖြစ်သည်။ ယုံကြည်မှုမဏ္ဍိုင် ပြိုလဲကြေမွ ပျက်စီးခဲ့သည်မှာလည်း ကြာလှပြီ။ အပိုင်းအစများစွာ ကွဲထွက်သွားသော ယုံကြည်မှု မဏ္ဍိုင်ကို မည်သို့ပြန်လည် တည့်မတ်တည်ဆောက် ကြမည်နည်း။
စာရေးသူတို့ နိုင်ငံတွင်လည်း သမ္မတကြီး ဦးဆောင်၍ အပိုင်းအစများအား တစ်စစီကောက်၍ ယုံကြည်မှု မဏ္ဍိုင်ကို တည်ဆောက်ရန် ကြိုးပမ်းနေသည်ဟု ဆိုသည်။ ယုံကြည်မှု မဏ္ဍိုင်ကို မတည်ဆောက်မီ ပထမဦးဆုံး နိုင်ငံတော်၏ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေး မဏ္ဍိုင်တို့ကို သူ့နေရာနှင့်သူ၊ အထက်နှင့်အောက်၊ နေရာအထား မမှားစေရန် အလျင်ဦးဆုံး ပြုပြင်တည်ဆောက် ရဦးမည်။ မဏ္ဍိုင်များကတော့ မားမားမတ်မတ် ရှိနေ၏။ သို့သော် အထက်နှင့်အောက်၊ အောက်နှင့်အထက် အနေအထား လွဲချော်လျှင်လည်း မဖြစ်သေး။ အနေအထား လွဲချော်နေသေးသည်ဟု အများက ထင်မြင်ယူဆ ပါကလည်း ပြုသမျှ လုပ်ရပ်အပေါ် ယုံကြည်မှု ကင်းမဲ့သွားမည် ဖြစ်သည်။ ယုံကြည်မှုမဏ္ဍိုင် မတည်ဆောက်နိုင်သရွေ့ လူ့အဖွဲ့အစည်းသည်လည်း အောက်ကျနောက်ကျ အခြေအနေမှာပဲ ရှိနေဦးမည်သာ ဖြစ်သည်။ ယုံကြည်မှု မဏ္ဍိုင်အား တည်ဆောက်ရန် ကျန်မဏ္ဍိုင်ကြီးများအား တည့်မတ်၊ မှန်ကန်၊ သူ့နေရာနှင့်သူ ရှိနေစေရန် ဦးစွာကြိုးပမ်း ရဦးမည်။
ဤနေရာတွင် စာရေးသူတို့ နိုင်ငံ၌ အမြစ်တွယ်နေခဲ့သည့် အဂတိ လိုက်စားမှု ကိစ္စနှင့် ဆက်စပ်သော အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပြဋ္ဌာန်းပြီး အသက်ဝင်နေပြီဖြစ်ကြောင်း သိရပါသည်။ ယင်းဥပဒေ၌ လက်ရှိအစိုးရ လက်ထက်တွင် အဂတိတရား လိုက်စားမှုများ ရှိပါက နောင်လာမည့် အစိုးရသစ်က ဤဥပဒေဖြင့် အရေးယူနိုင်ကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေတွင် ပြဋ္ဌာန်းထားချက်များ ရှိနေပေသည်။
အဆိုပါ ဥပဒေနှင့် စပ်လျဉ်း၍ တရားလွှတ်တော်ရှေ့နေ ဦးသန်းစိုး (ထွန်း) က အောက်ပါအတိုင်း သုံးသပ်ပြောကြားသည်။
"အဂတိတရား လိုက်စားမှု ဆိုတာက သက်သေသက္ကာယက၊ ဆိုလိုတာက ပေးတဲ့သူက တိုင်မှပဲ ပေါ်မှာလေ။ လာဘ်ပေးလာဘ်ယူဆိုတာ ပေးတဲ့သူက တိုင်မှပေါ်မှာပေါ့။ လူမသိအောင် တိတ်တိတ်ကလေး ကျိတ်ပြီးလုပ်တဲ့ ကိစ္စကိုး"
"ဒီဥပဒေ ပေါ်တာကြာပြီ။ ဒီဥပဒေနဲ့ အရေးယူတာ ဘယ်နှမှုကြားဖူးလဲ။ ဟိုတုန်းက ရှိခဲ့တဲ့ ဥပဒေကိုလည်း ဒီအစိုးရ မတိုင်ခင်က ဘယ်သူ့မှ အရေးမယူခဲ့တာ။ ဘာကြောင့် အရေးမယူလဲဆိုတော့ မယူရဲလို့။ အရေးယူလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည် ပြောဖူးတဲ့ စကားတစ်ခု ရှိတယ်။ ရန်ကုန်မြို့ကို အုတ်တံတိုင်းခတ်ပြီး ထောင်လုပ်လိုက်ရမှာ။ သူတို့ဝန်ထမ်းတွေ အကုန်လုံးမှာ အောက်ကအငယ်လေးတွေက မလောက်လို့ စားတာ။ အပေါ်က ကြီးတဲ့သူတွေက ချမ်းသာချင်လို့စားတာ၊ သူ့ထက်ကြီးတဲ့သူတွေကျတော့ ပိုချမ်းသာချင်လို့ စားတာ။ ဒါပဲ။ ဒီသဘောပဲ။
(Weekly Eleven News ၁၈-၁၁-၂၀၁၃ မှ ထုတ်နုတ်သည်)
"တရားလွှတ်တော် ရှေ့နေကြီး ပြောသကဲ့သို့ အရေးယူမှု ဘယ်နှမှု ကြားဖူးလို့လဲ ဆိုသည့်အတိုင်း ပြည်သူထဲက ပြည်သူတစ်ဦး အနေနှင့်လည်း မကြားဖူးပါ"
သို့ဖြစ်၍ နဂိုကတည်းက ပြည်သူများကြားတွင် ယုံကြည်မှုမဏ္ဍိုင် ချည့်နဲ့ယိုင်လဲ နေသည့်ကြားထဲ ပိုပြီးယုတ်လျော့ အားနည်းသွားအောင် ဆောင်ရွက်ခြင်းမှာ မဖြစ်သင့်ပေ။
ယုံကြည်မှု ကင်းမဲ့သော လောကသား ဘ၀မှ ပြည်သူအများစု ရုန်းထွက်လွတ်မြောက် လိုလှပါသည်။
နိုင်ငံတစ်နိုင်ငံ၏ အတိုင်းအတာ အနေဖြင့် မဆိုထားနှင့်။ စင်ကာပူနိုင်ငံရှိ တည်ထောင်နှစ်ရှည် ကြာလှပြီဖြစ်သော နာမည်ကြီး ရွှေဆိုင်တစ်ဆိုင်၏ ဆောင်ပုဒ်ကိုသာ ကြည့်ပါ။
"ဘ၀မှာ ယုံကြည်မှုထက် အဖိုးထိုက်တန်သော အရာသည် မရှိ"
"Nothing is more precious in life than TRUST"
(ဆောင်းပါးရှင် - တက္ကသိုလ် မိုးဝါ)