တရားပွဲအတော်များများမှာ တရားပွဲပြီးလို့ မေးခွန်းတွေ မေးပါလို့ ဆိုလိုက်တဲ့အခါ မေးတတ်တဲ့ မေးခွန်း တစ်ခုက “တစ်ချို့ဗုဒ္ဓစာပေတွေကို ဖတ်ရတဲ့အခါ အမျိုးသမီးများနဲ့ ပတ်သက်ပြီး မကောင်းကြောင်း
ဟောထား တာတွေ၊ တန်းတူအခွင့် အရေးမရှိတာတွေကို သိရတော့ စိတ်ထဲမှာ ခံစားရတယ်၊ ဘာကြောင့် လဲ..“ ဆိုတဲ့ မေးခွန်းလေးတစ်ခုပါ။
ဟိုတစ်လောကလည်း ကလေးမလေးတွေက ”ဘယ်နေရာရောက်ရောက် အမျိုးသမီးတွေဟာ အမြဲနိမ့် ကျပြီး ခွဲခြားခံရတယ်၊ မြန်မာပြည်မှာဆို ပိုလို့တောင်ဆိုးသေးတယ်၊ ဘာသာရေးနဲ့ ပတ်သက်တဲ့ နေရာတွေ ဆိုရင် အမျိုးသမီးများ မသွားရ၊ မတက်ရဆိုတဲ့ နေရာတွေ အများကြီးရှိတယ် စသဖြင့် ပြောပြီး အဲဒါဟာ ဘာကြောင့် လဲ…”တဲ့။ မှန်ပါတယ်။ ဒီလိုပြဿနာမျိုးက နေရာတိုင်း၊ နိုင်ငံတိုင်းမှာ ကြုံတွေ့ရမယ့် ပြဿ နာပါ။ အမျိုးသမီးများ ဘက်ကကြည့်ရင် သူတို့ကို ခွဲခြားဆက်ဆံတယ်၊ နှိမ့်ချဆက်ဆံတယ်ဆိုတဲ့ အတွေးတွေ ၀င်မိကြမှာပါ။ ဒီလိုဝင်မိတာလည်း အပြစ်လို့ ပြောလို့မရပါဘူး။
တစ်ချို့ကလည်း ဒါဟာ ဘာသာတရားကြောင့် ဘာသာတရားမှာ ဟောကြားထားတဲ့ အမျိုးသမီးတွေနဲ့ ပတ်သက် တဲ့ အကြောင်းအရာတွေကြောင့် ဒီလို ခွဲခြားခံရတာလို့ တွေးကြပါတယ်။
အထူးသဖြင့် ဗုဒ္ဓစာပေတွေမှာ ဖော်ပြတဲ့ အမျိုးသမီးများ မကောင်းကြောင်း ဇာတ်တော်နိပါတ်တော် စတာတွေကြောင့် အမျိုးသမီးများအပေါ် မကောင်းမြင်တဲ့သဘော၊ အမျိုးသမီးများကို ယုတ်နိမ့်တဲ့သဘော
စသည်ဖြင့် မြင်နေကြတာ ဖြစ်ကြောင်း မခံမရပ်နိုင် ပြောဆိုလာကြပါတယ်။ လူလူချင်းအတူတူ ခွဲခြား ဆက်ဆံခံ ရတဲ့ အတွက် စိတ်ထဲမှာ မခံချိမခံသာ ဖြစ်မိတယ်လို့လည်း တစ်ချို့က ရင်ဖွင့်လာကြ ပါတယ်။
တကယ်တော့ ဒီလိုဖြစ်လာတာ ဗုဒ္ဓဘာသာနှင့် မသက်ဆိုင်ဘူးလို့ မြင်မိပါတယ်။ ယောက်ျား၊ မိန်းမဆိုတဲ့ သဘာဝနိယာမ သဘောက ခွဲခြားပေးခဲ့ခြင်းသာ ဖြစ်ပါတယ်။ အမျိုးသားများအဖြစ်၊ အမျိုးသမီးများ အဖြစ် ကွဲပြားလာစေတဲ့ ကိုယ်အင်္ဂါ အစိပ်အပိုင်းများကြောင့်ပဲ နေရာတကာမှာ ရင်ဘောင်တန်းလို့ မရတဲ့ အနေ အထားတွေ ဖြစ်နေတာပါ။ ဒီသဘာဝ နိယာမတွေကြောင့်ပဲ အမျိုးသမီးများမှာ အမျိုးသားများလို
လွတ်လပ် မှုမရှိတာ၊ အမျိုးသားများထက် ပိုတဲ့ခန္ဓာဝန် ဒုက္ခတွေ ရှိလာတာ ဖြစ်ပါတယ်။
သေချာတာကတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဒုက္ခတွေ ပိုများတယ်ဆိုတာ သေချာပါတယ်။ ထင်ရှားအောင် ပြရရင် ကိုယ်ဝန်ဆောင်ရတဲ့ ဒုက္ခ၊ လစဉ်ဓမ္မတာ ဆင်းရတဲ့ဒုက္ခ၊ သားသမီးမွေးဖွားရတဲ့ ဒုက္ခ စတာတွေဟာ အမျိုးသားများထက် ပိုတဲ့ အမျိုးသမီးများမှာသာ ရှိနေတဲ့ ဒုက္ခတွေပါ။ ဗုဒ္ဓဘာသာလာ ကမ္မနိယာမ သဘောတရားအရ ကြည့်ရင် အတိတ်ကပြုခဲ့တဲ့ ကမ္မသတ္တိ ကံစွမ်းတွေအရ ဒီလို ဒုက္ခပိုများတဲ့ လူသားအဖြစ် မွေးဖွားလာရခြင်း ဖြစ်ပါတယ်။ ဒုက္ခပိုများတာဟာ မကောင်းတဲ့ အကျိုးတွေ ပိုများလို့ပါ။
မကောင်းတဲ့ အကျိုးပိုများတာဟာ မကောင်းတဲ့ အကြောင်းတွေ ရှိခဲ့လို့ဖြစ်ပါတယ်။ အတိတ် အတိတ် ဘ၀တွေ က လုပ်ခဲ့တဲ့ မကောင်းတဲ့ ကံတွေ၊ စွဲလမ်းတပ်မက်တတ်တဲ့ တဏှာတွေ၊ မသိမှု အ၀ိဇ္ဇာတွေ ကြောင့် ရရှိ လာတဲ့ အကျိုးဆက်တွေလို့ ပြောနိုင်ပါတယ်။
အမရပူရ ဆရာတော်ကြီးကတော့ အမျိုးသမီး အဖြစ်မွေးဖွားလာရတာ အတိတ်ဘ၀ တစ်ခုခုက ကျူးလွန် ခဲ့တဲ့ ကာမေသုမိစ္ဆာစာရကံကြောင့်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါက အတိတ်ကို ပြောပြတာပါ။ ဒီသဘောအရ ကြည့်ရင် ယောက်ျားအဖြစ်၊ မိန်းမအဖြစ် မွေးဖွားမှုဟာ ကံအကျိုးပေး ကွာခြားမှုကြောင့် လို့လည်း ပြောလို့ ရပါတယ်။ တစ်ချို့လည်း အမျိုးသမီးဘ၀ကိုပဲ တပ်မက်တတ်တဲ့ တဏှာကြောင့်
အမျိုးသမီးအဖြစ် ပြန်မွေးနေကြတာတွေ ရှိပါတယ်။ ထားပါတော့။ ဒါက အမျိုးသမီးအဖြစ်ကို ရလာတတ်တဲ့ အကြောင်းလေးကို ပြောပြတာပါ။
ဒါပေမယ့် ဒီလို မိန်းမယောက်ျား အဖြစ်ကွဲပြားနေပေမယ့် တူညီတဲ့ တန်ဖိုးမဖြစ်နိုင်တဲ့ ကောင်းကျိုးကတော့ ရခဲတဲ့ လူ့ဘ၀ကို ရလာခြင်းဆိုတဲ့ အချက်ပါ။ ရခဲ့တဲ့ လူဆိုတဲ့ ဒုလ္လဘတရားမှာ အမျိုးသား၊
အမျိုး သမီးလို့ ခွဲခြားမှု မရှိပါဘူး။ ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင်လည်း အမျိုးသား၊ အမျိုးသမီး ခွဲခြားမှု မရှိသလို အမျိုးသမီးများကို နှိမ့်ချဆက်ဆံတဲ့သဘော၊ ခွဲခြားဆက်ဆံတဲ့ သဘော၊ ယုတ်ညံ့တဲ့ လူသား
အဖြစ် ထုတ်ဖော်ဟောကြားတဲ့ သဘောများ မရှိခဲ့ပါဘူး။အမျိုးသမီးများကိုလည်း လူသားများအဖြစ် လူ့တန်ဖိုး၊ လူ့သိက္ခာ၊ လူ့အသိဉာဏ်ရှိတဲ့ သူများအဖြစ် ချီးမြှောက်ပါတယ်။ တရားဟောတဲ့အခါမှာလည်း အမျိုးသားများဖြစ်လို့ ဟောတယ်။ အမျိုးသမီးများ ဖြစ်လို့ မဟောဘူး စတာတွေ မရှိပါဘူး။
အမျိုးသားများ သောတာပန် ဖြစ်နိုင်သလို အမျိုးသမီးများလည်း သောတာပန် ဖြစ်နိုင်ကြပါတယ်။ အမျိုးသားများ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်နိုင်သလို အမျိုးသမီးများလည်း ရဟန္တာ ဖြစ်နိုင်ပါတယ်။
အမျိုးသားများ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သလို အမျိုးသမီးများလည်း နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါတယ်။ နောက်ဆုံး အမျိုးသမီးများ သာသနာ့ဘောင်ဝင်လာရင် ပြဿနာ အမျိုးမျိုးရှိလာနိုင်တာ၊ အမျိုးသမီးရဟန်းမများရဲ့ သာသနာဟာ ကြာကြာမတည်နိုင်တာကို သိရှိပေမယ့် အမျိုးသမီးများကို
အခွင့်အရေး ပေးလိုတဲ့အတွက် ဘိက္ခုနီသံဃာ့ အဖွဲ့အစည်းကို ခွင့်ပြုပြီး ဘိက္ခုသံဃာ အဖွဲ့အစည်းအတိုင်း သာသနာတော်မှာ အသိအမှတ်ပြုပေးခဲ့ပါတယ်။ ဒါကြောင့် ဘုရားရှင်အနေနဲ့ တစ်နည်းအားဖြင့် ဗုဒ္ဓဘာသာအနေနဲ့ အမျိုးသမီးများအပေါ် နိမ့်ချခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ အခွင့်အရေး မပေးခြင်းများ
မရှိခဲ့ပါဘူး။
ဟိုဟိုဒီဒီ ပြောစရာမလိုဘဲ ဗုဒ္ဓဘာသာရဲ့ အဓိက အရေးကြီးဆုံးဖြစ်တဲ့ လွတ်မြောက်ရေးဆိုတဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုရတဲ့ နေရာမျိုးနဲ့ ချိန်ထိုးကြည့်ရင် သိနိုင်ပါတယ်။ အမျိုးသမီးများ ဖြစ်နေလို့ တရားမရဘူး ဆိုတာမရှိခဲ့ပါဘူး။ ဒီအချက်တစ်ချက်တည်းကို ကြည့်လိုက်ရင်ပဲ ဗုဒ္ဓဘာသာရဲ့ ဒီမိုကရေစီ ကျမှု၊ တန်းတူ အခွင့် အရေးရှိမှု၊ တစ်ပြေးညီတည်း ဆက်ဆံမှုကို သိနိုင်ပါတယ်။ သဘာဝက ပေးလိုက်တဲ့ ခန္ဓာကိုယ် ဖွဲ့စည်း မှု အနေအထားအရ အမျိုးသမီးများကို အားနည်းတဲ့ သူများအဖြစ်သာ သဘောထားပါတယ်။ ယုတ်ညံ့ တဲ့ သူများအဖြစ် မသတ်မှတ်ပါဘူး။ ဗုဒ္ဓကိုယ်တော်တိုင်လည်း အမျိုးသား အမျိုးသမီး ကွဲပြားတဲ့ အတွက် အရိယာသူတော်စင် မဖြစ်ရဘူးလို့ မသတ်မှတ်ပါဘူး။
အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ ပါရမီအဟုန်ရှိပြီး အကျင့်သိက္ခာပြည့်စုံစွာနဲ့ ကြိုးစားအားထုတ်ပါက တရားရနိုင်တယ်ဆိုတာ သက်သေပြခဲ့ပါတယ်။ အမျိုးသမီး ရဟန်းမများကိုလည်း အမျိုးသား ရဟန်းတော် များ နည်းတူ ဧတဒဂ် ရထူးများနဲ့ ချီးမြှင့်ပေးခဲ့ပါတယ်။ သို့သော် ဗုဒ္ဓဘာသာမှာ အဆင့်မြင့်မှု မမြင့်မှု ခွဲခြား မှုတော့ ရှိပါတယ်။ ဒါကလည်း ယောက်ျား မိန်းမဆိုတဲ့ သဘာဝနိယာမ ကွဲပြားမှု၊ ပညာ တတ်မှု မတတ်မှု စတာတွေကို လိုက်ပြီး ခွဲခြားတာ မဟုတ်ပါဘူး။
သူတို့ရဲ့ ကိုယ်ကျင့်သီလ မြင့်မှု၊ မမြင့်မှုကို ကြည့်ပြီး တစ်လင်တစ်မယားထဲမှာပဲ အမျိုးသမီးက အမျိုးသားထက် အကျင့်သိက္ခာမြင့်မြတ်ရင် အမျိုးသားထက်သာသူအဖြစ် ချီးကျူးတော်မူပါတယ်။
အမျိုးသားဖြစ်ပေမယ့် အကျင့်သိက္ခာ မကောင်းရင် ဘယ်မျက်နှာမှ မထောက်ဘဲ ကဲ့ရဲ့တော်မူပါတယ်။
ဘုရားရှင်ရဲ့ ကဲ့ရဲ့တော်မူတဲ့အခါ သုံးတဲ့စကားက “မောဃပုရိသ- မဂ်ဖိုလ်မပြီး အချည်းနှီးသော ယောက်ျား“ ဆိုတဲ့စကားပါ။ ပြီးတော့ တစ်အိမ်ထောင်တည်း ဖြစ်ပေမယ့် လင်ယောက်ျားက သီလ
လုံခြုံပြီး မယားက သီလမလုံခြုံရင် နတ်သားလင်နှင့် သေသူမယားတို့ ပေါင်းသင်းခြင်းနှင့် တူကြောင်း၊ မယားက သီလလုံခြုံပြီး ယောက်ျားက သီလမလုံခြုံရင် နတ်သမီးမယားနှင့် သေသူလင်တို့ ပေါင်းသင်းခြင်းနှင့် တူကြောင်း စသည်ဖြင့် မိန်းမယောက်ျား မခွဲခြားဘဲ အကျင့်သီလကိုသာ
အဓိကထားကာ အဆင့်အနိမ့်အမြင့် သတ်မှတ်ပေးပါတယ်။
ဒါတွေကို ကြည့်ရင် ဗုဒ္ဓဘာသာဟာ လူတန်းစား ခွဲခြားတတ်တဲ့၊ အမျိုးသမီးများကို နှိမ်ချတတ်တဲ့ ဘာသာ မဟုတ် ဘူး ဆိုတာ နားလည်သဘောပေါက် နိုင်ပါတယ်။ အချုပ်အားဖြင့် ပြောချင်တာက ကံ အကျိုးပေးကြောင့် ယောက်ျားအဖြစ်၊ မိန်းမအဖြစ် မွေးဖွားလာခဲ့ရပြီး ရရှိလာတဲ့ အခွင့် အရေး များဟာ လည်း အနည်း ငယ်ကွဲပြားနေတာ၊ ဒုက္ခတွေ ပိုနေတာ၊ နည်းနေတာ ရှိတတ်ပေမယ့်
စစ်မှန် တဲ့ သဘောသဘာဝ အနေဖြင့်ကတော့ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ နိဗ္ဗာန် မရသေး သမျှတော့ ခန္ဓာကိုယ်ရလာတဲ့သူ မှန်သမျှဒုက္ခတွေကတော့ ရှိနေကြမှာ ဖြစ်တယ်ဆိုတာပါ။
အမျိုးသားဘ၀ဟာ ဘုရားဖြစ်နိုင်၊ စကြာဝတေးမင်းတွေ ဖြစ်နိုင်တဲ့အတွက် မြင့်မြတ်တယ်လို့ ဆိုနိုင်ပေမယ့် ဒုက္ခအပေါင်းမှ ငြိမ်းရာနိဗ္ဗာန်ကို ၀င်ကြတဲ့အခါမှာတော့ အမျိုးသမီးများလည်း အမျိုးသားများ တန်းတူရနိုင်၊
ရောက်နိုင် တယ်ဆိုတာ ငြင်းလို့မရတဲ့ အမှန်တရားဖြစ်ပါတယ်။ ကံအကျိုးပေးအရ အမျိုးသမီးများ အဖြစ် ဘ၀ကို ရရှိလာမှုနှင့်အတူ အမျိုးသမီးများ၏ ဒုက္ခများလည်း ခံစားလာရမှုတွေ ရှိနေကြတဲ့အတွက် အမျိုးသမီး များကို အားနည်းသူများအဖြစ် မြင်နိုင်ကြပေမယ့် ယုတ်နိမ့်တဲ့သူများ၊ အဆင့်နိမ့်တဲ့
သူများ ကတော့ မဟုတ်ကြဘူးဆိုတာပါ။ ဒါပေမယ့် အကျင့်သိက္ခာတွေ ပျက်ပြားနေမယ်၊ အကုသိုလ်တွေ များနေမယ် ဆိုရင်တော့ ဒီလိုသူမျိုးကိုနိမ့်ကျတဲ့သူများလို့ ပြောနိုင်ပါတယ်။
ဒီနိမ့်ကျမှုကတော့ အမျိုးသမီးဖြစ်ရလို့ မဟုတ်ပါဘူး။ အမျိုးသားပဲ ဖြစ်ဖြစ် အမျိုးသမီးပဲ ဖြစ်ဖြစ် ကိုယ်ကျင့် ပျက်ရင်တော့ အကုန်နိမ့်ကျသူတွေ ဖြစ်နေမှာပါ။ အဲလိုမျိုးသူတွေ ဆိုရင်တော့ ဘယ်နေရာသွားသွား ခွဲခြား ဆက်ဆံ ခံနေကြရမှာပါ။ ဒါကြောင့် ကံပေးမှုနဲ့ သဘာဝတရားအရ ရလာတဲ့ အမျိုးသမီးများဟာ အမျိုးသား များ တန်း တူ အရာရာ ရင်ဘောင်မတန်းနိုင်ကြပေမယ့် အကျင့်သီလကောင်းပြီး ကိလေသာကုန်ရာ လမ်းစဉ် ကို လိုက်နာကျင့်သုံးနေမယ်ဆိုရင် နိဗ္ဗာန်ဆိုတဲ့ အခွင့်အရေး တံခါးက အမြဲဖွင့် လစ် ထားနေမှာ ဖြစ်တဲ့အတွက် ဟိုတွေးဒီတွေး ကလေးအတွေးတွေ မတွေးကြဘဲ အမျိုးသမီးဖြစ်ပေမယ့် အမျိုး သား များထက်သာအောင်၊ အမျိုးသားများထက် အဆင့်မြင့်အောင် ကိုယ့်ရဲ့ သီလ၊သမာဓိ၊ပညာ သိက္ခာ တရားများ မြင့်မားအောင်သာ ကြိုးစားသင့်ပါတယ်။
- မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)
Credit to Young Buddhist Association